အခန်း (၃၉-၄၀)
Vol. 4 Ch. 39-40
အပိုင်း ၃၉
သူမ ဘယ်လိုများ ဒီအချစ်ဇာတ်လမ်းထဲ ရောက်သွားခဲ့ပါလိမ့်။ ကျန်းမန်မန် စဉ်းစားကြည့်လိုက်ရာ ဤအရာအားလုံးက အံ့သြစရာ နိမိတ်တစ်ခုလိုပင်။
"အင်း... သူက ငါ့ကို မြင်မြင်ချင်းပဲ ချစ်မိသွားတာလား၊ ငါ့ရဲ့အလှမှာ နစ်မျောသွားတာလား။ ဒါမှမဟုတ် အသက်ကယ်ခဲ့တဲ့ ကျေးဇူးကို ကိုယ်တိုင်ပေးဆပ်ရမယ် ဆိုတဲ့ အယူအဆမျိုး ရှိနေခဲ့တာလည်း ဖြစ်နိုင်တာပဲ။ ဘယ်သူသိမှာလဲ။ ဘာပဲဖြစ်ဖြစ် ဒီလိုပုံစံနဲ့ပဲ ဖြစ်သွားတာပေါ့။"
ထန်ရှောင်မင်ကတော့ ရပ်ကွက်ထဲမှ အဒေါ်ကြီးများကဲ့ ပြုံးစိစိလုပ်ရင်း ပြောလိုက်သည်။
"ငါတို့ အဖွဲ့အစည်းမှာ တွေ့ခဲ့ကြတုန်းကတည်းက ခံစားမိပြီးသား၊ နင်တို့နှစ်ယောက်ကြားမှာ တစ်ခုခုတော့ ရှိနေတယ်ဆိုတာ။ တကယ်ဖြစ်လာလိမ့်မယ်လို့ မထင်ထားခဲ့ဘူး။ ဝါး... ငါ့ရဲ့ အလိုလိုသိစိတ်ကတော့ တကယ်ကို မှန်နေတာပဲ! ငါ တစ်ခုခုကို ထူးဆန်းတယ်လို့ ခံစားမိနေရင် အဲ့ဒါက တကယ်ကို တစ်ခုခု ဖြစ်နေတာပဲ!"
ကျန်းမန်မန် ပြောစရာ စကားလုံးတောင် မရှိတော့ပေ။ ထန်ရှောင်မင်၏ ဆဋ္ဌမအာရုံကတော့ တကယ့်ကို အံ့မခန်းပင်။
"ဟုတ်ပါပြီ၊ ဟုတ်ပါပြီ။ နင်က တကယ်တော်ပါတယ်။ နေ့လယ်စာ ဘာစားမလဲ။ ငါပဲ ချက်လိုက်မယ်။ အခုတော့ အဲ့ဒီ အဒေါ်ကြီးတွေ ငါ့ကို တခြားလူတွေနဲ့ အတင်းပေးစားဖို့ ကြိုးစားနေတာတွေကို စိတ်ပူစရာ မလိုတော့ဘူးပေါ့။ လောကကြီးက အေးချမ်းသွားသလိုပဲ။"
ထန်ရှောင်မင် ရယ်မောလိုက်သည်။"အေးပါ၊ ဒါပေမဲ့ ရွာထဲက ကောင်လေးတွေ ဘယ်နှစ်ယောက်များ ရင်ကွဲသွားမလဲ မသိဘူးနော်။"
"အို... ရင်ကွဲရအောင် သူတို့မှာ နှလုံးသားတောင် ရှိလို့လား။ ကွဲစရာ ဘာမှမရှိပါဘူး။ ညစာကို ကြက်ဥထမင်းကြော် ကြော်စားကြမယ်လေ!"
ထန်ရှောင်မင်၏ မျက်လုံးများ ချက်ချင်း တောက်ပသွား၏။"ဝါး! ဝက်သားခြောက်တွေ ထပ်လုပ်ထားသေးလား။ ဒီနေ့ပဲ ငါ ကြက်ဥအချို့ လဲယူလာခဲ့သေးတယ်၊ အဲ့ဒါတွေ သုံးကြတာပေါ့!"
ကျန်းမန်မန်က စကားပြောရင်း ဝက်သားများကို စတင်တုံးလိုက်ပြီး ထန်ရှောင်မင်ကတော့ အလိုအလျောက် မီးဖိုကို မီးသွားမွှေးတော့သည်။
"အင်း၊ နည်းနည်းတော့ လုပ်ထားတယ်။ ထမင်းကြော်ထဲ ထည့်ဖို့တော့ လောက်ပါတယ်။"
ကျန်းမန်မန်က အစားအသောက် သိပ်မစားသော်လည်း အရသာရှိသည့်အစားအသောက်များ ချက်ရခြင်းကို ဝါသနာပါသူဖြစ်သည်။ သူမကိုယ်တိုင် နည်းနည်းသာ စားပြီး အစားအသောက်များ အကုန်လုံးကို ထန်ရှောင်မင်ထံ ပုံပေးလိုက်ရသည်ကို သဘောကျ၏။ ယခုဆိုလျှင် ဝန်ထုတ်ဝန်ပိုးကို အတူမျှဝေပေးမည့် ကျိုးယဲ့လည်း ရှိနေပြီဖြစ်သည်။ သူတို့ စားနေကြသည်ကို ကြည့်နေရရုံနှင့် သူမကိုယ်တိုင် စားနေရသလို ခံစားရစေသည်။
"မန်မန်၊ နည်းနည်းလောက် များများစားပါဦး! အင်အားမရှိရင် အလုပ်လုပ်နိုင်မှာ မဟုတ်ဘူး! တကယ်တော့ နင် ဝိတ်ချစရာ မလိုပါဘူး။ ဒီမှာ အလုပ်လုပ်ရတာက ရက်အနည်းငယ်လောက်ဆိုရင်တင် ဝိတ်က အလိုလို ကျသွားမှာ။"
ကျန်းမန်မန်ကတော့ ထိုစကားကို တစ်လုံးမှ မယုံကြည်ပေ။ ထန်ရှောင်မင်တစ်ယောက် တစ်နေ့ကို ထမင်း ခြောက်ခါလောက် စားနေသည့်အတွက် ဘယ်လောက်ပဲ အလုပ်ပင်ပန်းပါစေ ဒီလောက် စားနေလျှင်တော့ ဝိတ်ကျရန် မလွယ်ကူသည်မှာ အသေအချာပင်။
သူမ ဘာမှ ပြန်မငြင်းတော့ဘဲ သူမ၏ အခန်းဖော် ဝိတ်တက်လာချိန်တွင် သူမကတော့ ပိန်ပိန်ပါးပါးလေး ဖြစ်နေမည့်အဖြစ်ကိုသာ တိတ်တိတ်လေး စောင့်ကြည့်နေလိုက်တော့မည်။ ဟဲဟဲ။
ထန်ရှောင်မင်က သူမကို စူးစမ်းစွာ ကြည့်လိုက်၏။ "နင် ငါ့ကို အဲ့ဒီလိုမျိုး ကြည့်မနေနဲ့။ နင့် အကြည့်က ကြောက်စရာကြီး။"
ကျန်းမန်မန်က သူမကို ထပ်စားရန် တိတ်တိတ်လေး တိုက်တွန်းလိုက်ပြန်၏။
"ရပါတယ်၊ တကယ်ပါ။ နင်ပဲ အများကြီး စားလိုက်နော်။"
ထန်ရှောင်မင်က ကျန်းမန်မန်၏ ပန်းကန်ထဲမှ ထမင်းကြော် တစ်ဝက်လောက်ကို သံသယစိတ်နှင့် ကြည့်ရင်း မေးလိုက်မိသည်။
"နင် တကယ်ပဲ အဲ့ဒီလောက်လေးပဲ စားတော့မလို့လား။"
ကျန်းမန်မန်သည် သူမ၏ ခါးရှိ အသားပိုလေးများကို လက်ညှိုးထိုးပြလိုက်သည်။
ထန်ရှောင်မင်က ခြံစည်းရိုးဘက်သို့ တစ်ချက်ကြည့်ပြီးနောက် သူမကို ပြန်ကြည့်ကာ ပြောလိုက်၏။
"နင်က ဘာကို စိတ်ပူနေတာလဲ။ ဒါရိုက်တာကျိုးက နင်လို ပုံစံမျိုးကို ကြိုက်တာလည်း ဖြစ်နိုင်တာပဲ။ မဟုတ်ရင် သူနဲ့ တွဲဖို့ ကြိုးစားတဲ့ တခြားမိန်းကလေးတွေကို သူ ဘာလို့ ငြင်းပယ်နေပါ့မလဲ။ အဲ့ဒီ မိန်းကလေးတွေက ပိန်လွန်းတယ်လို့ သူ ထင်နေတာလည်း ဖြစ်မှာပေါ့။"
ထိုအကျိုးအကြောင်းပြချက်မှာ ငြင်းဆန်ရန် ခက်ခဲလှပေသည်။
"ဟုတ်ပါပြီ၊ ဟုတ်ပါပြီ၊ နင်ပဲ အေးအေးဆေးဆေး စားပါတော့!"
သူမသည် ကျိုးယဲ့ ထမင်းစားနေသည့် ခြံစည်းရိုးဘက်သို့ အလိုအလျောက် လှမ်းကြည့်မိသွားသည်။ သူမ ကြည့်နေသည်ကို သိရှိသွားသည့်အလား ကျိုးယဲ့ကလည်း လှမ်းကြည့်လာ၏။
ထိုစူးရှသော အကြည့်များကြောင့် ကျန်းမန်မန် ချက်ချင်းပင် အကြည့်လွှဲလိုက်ပြီး သူမ၏ ထမင်းပန်းကန်ထဲသို့သာ ခေါင်းငုံ့ထားလိုက်တော့သည်။
ကျိုးယဲ့ကတော့ ပြုံးလျက်သာ ဆက်စားနေခဲ့၏။
နေ့လယ်ခင်း အနားယူပြီးနောက် ကျန်းမန်မန် အပြင်ထွက်ရန် ပြင်ဆင်နေစဉ်တွင် ကျိုးယဲ့က သူ၏နေအိမ်ထဲမှ ထွက်လာခဲ့သည်။
"ဟေး၊ ရဲဘော်ကျန်း! တိုက်ဆိုင်လိုက်တာ။ အတူတူသွားကြရအောင်!"
ကျန်းမန်မန် သူ့ကို မော့ကြည့်လိုက်မိသည်။ သူက သူမကို ငုံ့ကြည့်ကာ ပြုံးပြနေသဖြင့် သူမ၏ မျက်နှာလေး နီမြန်းသွားရ၏။
အမှန်တကယ်တမ်းတွင် သူမသည် အရင်ဘဝတုန်းက အသက်သုံးဆယ်နီးပါး ရှိခဲ့သူဖြစ်ပါလျက် အခုအချိန်တွင် ဘာလို့ ဒီလိုမျိုး ရှက်ကိုးရှက်ကန်း ဖြစ်နေရသည်လဲ။ သူမကိုယ်တိုင်ကလည်း ပြန်ပြီး မြူဆွယ်ရမည် မဟုတ်လား။
အင်း... မျက်စိတစ်ဖက် မှိတ်ပြပြီး ဘယ်လိုမျိုး စွဲဆောင်ရမည်လဲ။ အွန်လိုင်းမှာ အရေးပေါ် သွားမေးကြည့်မှရမည်။
သူမသည် သူ့ကို ပြန်ပြီး မြူဆွယ်ပြချင်သော်လည်း ဆွဲဆောင်မှုရှိရှိ မျက်စိမှိတ်ပြသည့်နည်းကို လုံးဝ မေ့နေခဲ့သည်။ အဲ့ဒါက... မျက်တောင်ခတ်လိုက်ရုံပဲလား။
ကြည့်ရတာ တစ်မျိုးကြီး ဖြစ်နေသလိုပဲ။
သို့သော်လည်း သူမသည် ခေါင်းလေးစောင်းလျက် ဘေးချင်းယှဉ် လမ်းလျှောက်နေရင်း သူ့ကို မျက်စိတစ်ဖက် မှိတ်ပြလိုက်သည်။
ထို့နောက်တွင်မူ သူမ၏ စိတ်ထဲ၌ ထိတ်လန့်သွားတော့၏။ ဒါက ဘယ်လိုမျက်စိမှိတ်ပြတဲ့ ပုံစံမျိုးလဲ။
၎င်းသည် ပုံစံမကျဘဲ ကယောက်ကယက် ဖြစ်သွားခဲ့သည့် မျက်စိမှိတ်ပြမှုလေးတစ်ခုသာ ဖြစ်ပေသည်။
ကျိုးယဲ့က ခေတ္တရပ်တန့်သွား၏။ ထိုမျက်စိမှိတ်ပြခြင်းကို ဘာကို ဆိုလိုသည်လဲ။ သူမက လက်ချင်းတွဲချင်တယ်လို့ အရိပ်အယောင် ပြနေတာလား။
အင်း... ဘာလို့ မတွဲရမှာလဲ။ သူက လက်လှမ်းပြီး သူမ၏ လက်ကို အုပ်ကိုင်ရန် ကြိုးစားလိုက်သည်။
ကျန်းမန်မန်ကတော့ ထိတ်လန့်တကြားဖြင့် နောက်သို့ ဆုတ်သွားပြီး ပြောလိုက်၏။
"ရှင် ရူးနေတာလား။ စည်းကမ်းထိန်းသိမ်းရေးအဖွဲ့က မြင်သွားရင် ဘယ်လိုလုပ်မလဲ။ ခပ်ခွာခွာပဲ နေကြရအောင်၊ အဲ့ဒါမှ ပိုပြီး စိတ်ချရမယ်။"
ကျိုးယဲ့ - "..."
"မင်းပဲ ခုနက လက်ချင်းတွဲချင်တယ်လို့ အရိပ်အယောင် ပြခဲ့တာ မဟုတ်ဘူးလား။"
"ကျွန်မ ဘယ်တုန်းက အဲ့ဒီလို ပြောခဲ့လို့လဲ။"
"ခုနလေးတင်လေ! မင်း ငါ့ကို မျက်စိမှိတ်ပြတုန်းကပေါ့!"
ကျန်းမန်မန် မောဟိုက်သွားရတော့သည်။ ဒါက သာမန်မျက်တောင်ခတ်ပြခြင်း မဟုတ်ဘဲ ဆွဲဆောင်မှုရှိရှိ မျက်စိမှိတ်ပြခြင်းပါဟု သူမက ဘယ်လိုများ ပြန်ပြောပြရမည်လဲ။
"ရှင် အမြင်မှားသွားတာ ဖြစ်မှာပါ!"
ကျိုးယဲ့တစ်ယောက် ဆွံ့အသွားရသော်လည်း သူ မြင်လိုက်သည်မှာ မမှားနိုင်ကြောင်းတော့ သေချာနေသည်။ ဤသို့ဆိုလျှင် ရဲဘော်ကျန်းက တကယ်တမ်း ဘာကို ဆိုလိုချင်နေသည်လဲ။
"အစ်ကိုကျိုး၊ အစ်ကို အခု ရည်စားရသွားပြီလို့ ကြားတယ်... အဲ့ဒါကလည်း သူမနဲ့မှ ဖြစ်ရတယ်လို့။ ကျွန်မ အိမ်ထောင်ကျသွားပြီဆိုပေမဲ့ အစ်ကိုကတော့ အဲ့ဒီ ဝတုတ်မနဲ့ မတွဲသင့်ပါဘူး။ သူက အရမ်းဝတာပဲ၊ လှလည်းမလှဘူး!"
ကျန်းမန်မန်သည် ချဉ်းကပ်လာသော ချိုင်ဟွားကို ကြည့်ပြီး အတော်လေး စိတ်ကုန်သွားရသည်။ ဒီမိန်းကလေးကတော့ လုံးဝအရိပ်လို ကပ်နေတော့သည်။
ကျိုးယဲ့သည်လည်း ဤမိန်းမ၏ ဦးနှောက်ထဲ၌ ဘာတွေတွေးနေလဲဆိုသည်ကို နားမလည်နိုင်အောင် ဖြစ်ရသည်။
"မင်း စိတ်ဖောက်ပြန်နေတာလား။ ငါက ရဲဘော်ကျန်းရဲ့ အခုလက်ရှိ ပုံစံကိုပဲ သဘောကျတာ၊ မင်းနဲ့ ဘာဆိုင်လို့လဲ။ သူမက ဝတာမဟုတ်ဘူး၊ ကျန်းမာသန်စွမ်းတာ။ သူမက ငါ့ရဲ့နှလုံးသားထဲကို အရှိန်အဟုန်နဲ့ ဝင်တိုက်သွားတာပဲ။ ဒါတွေက မင်းနဲ့ ဘာမှမပတ်သက်ဘူး။ မင်းမှာ အိမ်ထောင်ရှိနေပြီ၊ နားလည်မှုလွဲစေမယ့် စကားမျိုးတွေ ဆက်ပြောနေဦးမယ်ဆိုရင်တော့ မင်းကို အကျင့်စာရိတ္တ ပျက်ပြားမှုနဲ့ တိုင်ပစ်မှာ။ ငါ့ကို အတင်းတွန်းအားမပေးနဲ့!"
ချိုင်ဟွားတစ်ယောက် ပြင်းထန်သည့် ရိုက်ခတ်မှုတစ်ခုကို ခံလိုက်ရသည့်အလား ဖြစ်သွားရသည်။
"အစ်ကိုကျိုး... အစ်ကိုက ညီမကို အကျင့်စာရိတ္တ ပျက်ပြားမှုနဲ့ ဘယ်လိုများ တိုင်ရက်ရတာလဲ။ ညီမအပေါ် ဘယ်လိုလုပ် ဒီလို ဆက်ဆံနိုင်ရတာလဲ။"
ဘာကြောင့်မှန်းမသိ၊ ဘေးမှကြည့်နေသည့် ကျန်းမန်မန် ရုတ်တရက် ရယ်ချင်စိတ် ပေါက်လာရသည်။
ချိုင်ဟွား၏ နောက်နားလေးမှာတင် သူမရဲ့ အမျိုးသားကလည်း လိုက်လာခဲ့ပြီ ဖြစ်သည်။ ကျန်းမန်မန် ဝန်ခံရမည်မှာ—ချိုင်ဟွားသည် တကယ့်ကို ထူးဆန်းသော ကံကောင်းမှုမျိုး ရှိသူဖြစ်သည်။ ၎င်းမှာ မိမိနှစ်သက်သော အနုပညာရှင်ကို အားပေးနေသည့် ဝါသနာရှင်တစ်ဦးကဲ့သို့ပင်၊ သူမ၏ အမျိုးသားကိုယ်တိုင်ကလည်း သူမကို ထောက်ခံပေးရုံသာမက လိုက်လံကူညီပေးနေသေးသည်။
စွင်းတာ့ကျူးက အမောတကော ရောက်လာပြီး ဝင်ပြောလိုက်၏။
"ရဲဘော်ကျိုး၊ ချိုင်ဟွားက ခင်ဗျားကို စိတ်ပူလို့ပါ။ တကယ်တော့ ခင်ဗျားနဲ့ ရဲဘော်ကျန်းက တကယ့်ကို လိုက်ဖက်တဲ့ စုံတွဲပါပဲ။"
ကျောက်ချိုင်ဟွား ချက်ချင်း ပေါက်ကွဲသွားတော့၏။"စွင်းတာ့ကျူး! ရှင် မျက်စိကန်းနေတာလား။ သူတို့က ဘယ်မှာ လိုက်ဖက်လို့လဲ။"
ကျိုးယဲ့က စွင်းတာ့ကျူးကို ဖော်ရွေစွာပြုံးပြလိုက်ပြီး ပြောလိုက်သည်။
"ရဲဘော်စွင်း၊ အဲ့ဒီစကားကမှ ကျွန်တော် ကြားချင်တဲ့ စကားမျိုးပါ။ မင်းမိန်းမကို မြန်မြန်အိမ်ပြန်ခေါ်သွားပါတော့။ သူ့ကို လျှောက်သွားပြီး ပြဿနာရှာခွင့် မပေးပါနဲ့။ မဟုတ်ရင်တော့ ကျွန်တော်ကိုယ်တိုင် သူ့ကို လက်ပါမိတော့မယ်—အဲ့ဒါဆိုရင် ရဲဘော်အချင်းချင်းကြား ငြိမ်းချမ်းရေး ပျက်ပြားကုန်လိမ့်မယ်။"
ကျန်းမန်မန် စိတ်ထဲမှ ရေရွတ်လိုက်မိသည်။ 'ဝါး...သူတို့ရဲ့ ငြိမ်းချမ်းရေးဆိုတဲ့ အဓိပ္ပာယ်က တကယ့်ကို ထူးခြားတာပဲ...'
စွင်းတာ့ကျူးက ခေါင်းငြိမ့်ပြကာ ကျိုးယဲ့ကို စိတ်ချပါဟူ၍ အမူအရာ ပြလိုက်သည်။ ထို့နောက် ကျောက်ချိုင်ဟွားကို အတင်းဆွဲခေါ်သွားတော့၏။
"မိန်းမ၊ အိမ်ပြန်ကြရအောင်။ ဒါရိုက်တာကျိုးရဲ့ ကိစ္စတွေမှာ ဝင်မရှုပ်ပါနဲ့တော့။ သူက ရဲဘော်ကျန်းကို တကယ်သဘောကျလို့ တွဲနေတာပဲဟာ၊ မဟုတ်ရင် ဘာလို့ တွဲပါ့မလဲ။"
ထိုစကားက ကျောက်ချိုင်ဟွားကို ပို၍ စိတ်ဆိုးစေသည်။ "အဲ့ဒီ ဝတုတ်မမှာ ကျွန်မမှာမရှိတဲ့ ဘာတွေများရှိနေလို့လဲ။ သူက ကျွန်မထက် ဘာတွေများ ပိုသာနေလို့လဲ။ သူက ကျွန်မလောက်တောင် အလုပ်ကြိုးစားနိုင်မှာ မဟုတ်ပါဘူး! ပြီးတော့ ကျွန်မမှာ တင်ပါး အကြီးကြီး ရှိတယ်—ကျွန်မကမှ ကလေးတွေ အများကြီး မွေးပေးနိုင်တာ! သူမက မြို့ပြက ပညာတတ်လူငယ် ဖြစ်နေတော့ရော ဘာထူးမှာမို့လို့လဲ။"
ကျန်းမန်မန် ဆက်ပြီး အောင့်အီးမထားနိုင်တော့ဘဲ ရယ်ချလိုက်မိသည်။ "နင် ပြောတာ မှန်ပါတယ်—နင့်မှာ တင်ပါးအကြီးကြီး ရှိတော့ ကလေးတွေ အများကြီး မွေးနိုင်မှာပေါ့။ တစ်ခါတည်းနဲ့ ဆယ်ယောက်လောက် မွေးနိုင်ပါစေ၊ သုံးနှစ်မှာ နှစ်ယောက်နှုန်းနဲ့ သားမြေးမြစ်တွေ အပြည့်ဖြစ်ပါစေလို့ ဆုတောင်းပေးလိုက်ပါတယ်။ ဒါပေမဲ့—"
သူမက ကျိုးယဲ့၏ လက်ကို ဆွဲယူကာ ကျောက်ချိုင်ဟွား၏ ရှေ့တွင် မြှောက်ပြလိုက်သည်။
"သေချာ ကြည့်ထားလိုက်။ အခု ကျိုးယဲ့နဲ့ တွဲနေတာက ငါပဲ။ ပြီးတော့ သူကိုယ်တိုင်ကလည်း ပြောပြီးပြီ—သူက နင့်ကို ဘယ်တုန်းကမှ မကြိုက်ခဲ့ဘူး။ နင်သာ ဒီလိုမျိုး ဆက်ပြီး ကပ်တွယ်နေမယ်ဆိုရင်တော့ ဒါက ရိုင်းရာကျလိမ့်မယ်။ နောက်ပြီး ငါတို့ကို လာမနှောင့်ယှက်ပါနဲ့တော့၊ မဟုတ်ရင် ငါ အိမ်ပြန်ပြီး တိုင်စာ ရေးပစ်မယ်။ ငါက မြို့ပြက ပညာတတ်လူငယ် တစ်ယောက်ဆိုပေမဲ့ ဆဲဆိုဖို့လည်း ဝန်မလေးဘူးနော်။ နင်က အိမ်ထောင်ရှိနေပြီးသားကို သူများရည်းစားကို မြူဆွယ်ဖို့ ကြိုးစားနေသေးတာလား။ နင်က မြူဆွယ်ချင်တာလား၊ ဒါမှမဟုတ် အရှက်မရှိတာလား။"
ကျေးလက်စက်ရုံဒါရိုက်တာနဲ့ လက်ထပ်ပြီးနောက် အလိုလိုက်ခံနေရပြီ
အပိုင်း ၄၀
မူလခန္ဓာကိုယ်ပိုင်ရှင်၏ မှတ်ဉာဏ်ထဲ၌ ထိုဆဲဆိုကြိမ်းမောင်းသံများသည် နက်ရှိုင်းစွာ စွဲထင်နေခဲ့သည်။
ထို့ကြောင့် ယခုကဲ့သို့ ပြန်လည်ထုတ်ပြောနိုင်ရန် သူမအတွက် အားစိုက်ထုတ်နေစရာပင် မလိုတော့ပေ။
သူမ စတင်ဆဲဆိုလိုက်သည်နှင့် တစ်ပြိုင်နက် ကျောက်ချိုင်ဟွား ဆွံ့အသွားရုံသာမက သူမဘေးရှိ ကျိုးယဲ့ပင်လျှင် အံ့အားသင့်ကာ စိုက်ကြည့်နေမိတော့သည်။
ကျန်းမန်မန် စိတ်ထဲမှ ရေရွတ်လိုက်၏။ 'သွားပါပြီ... စကားလေးတစ်ခွန်း မှားလိုက်တာနဲ့ ငါ့ရဲ့ပုံရိပ် ပျက်စီးသွားပြီ။'
သူမ ချောင်းတစ်ချက်ဟန့်ပြီး ပြောလိုက်သည်။ "အဟင်း... ဒါကြောင့် ကျိုးယဲ့ကို ဆက်ပြီး လာနှောင့်ယှက်နေဦးမယ်ဆိုရင်တော့ ငါ ထပ်ပြီး ဆဲရမှာပဲ။"
ကျိုးယဲ့လည်း ရယ်ချင်စိတ်ကို အောင့်အီးထားရသဖြင့် ပါးစပ်များ တွန့်လိမ်ကာ ပုခုံးများပါ တုန်ခါနေတော့သည်။
"ဟားဟားဟား... ကောင်းတယ်! ကဲ... လာပါ၊ ဝက်စာမြက် သွားရိတ်ကြစို့!"
သူတို့ အတော်ကြာ လှမ်းလာပြီးနောက် နောက်ပြန်လှည့်ကြည့်လိုက်သောအခါ ကျောက်ချိုင်ဟွားတစ်ယောက် သူမ၏ အမျိုးသားရင်ခွင်ထဲ၌ ရှိုက်ကြီးတငင် ငိုကြွေးနေသည်ကို မြင်လိုက်ရသည်။
ကျန်းမန်မန် ကျိုးယဲ့၏လက်ကို အမြန်လွှတ်လိုက်ပြီး တစ်ခုခု ရှင်းပြရမလားဟု တွေးတောနေမိ၏။ ထိုစဉ် ကျိုးယဲ့က ရယ်မောလျက် ပြောလိုက်သည်။
"မင်းရဲ့ ဆဲဆိုပုံက တကယ့်ကို အားရစရာပဲ။ ဒါပေမဲ့ နောက်ခါကျရင်တော့ မဆဲပါနဲ့။ ဆဲစရာမလိုဘဲ လူတွေကို ဘယ်လို အနိုင်ယူရမလဲဆိုတာ ကိုယ် သင်ပေးမယ်။"
ကျန်းမန်မန်တစ်ယောက် ဆွံ့အသွားရပြန်သည်။ ဆဲစရာမလိုဘဲ အနိုင်ယူနည်းတဲ့လား။
"ဒါဆို အဲဒါက ဘယ်လိုမျိုးလဲဆိုတာ ပြောပြပါဦး။"
သူမ တကယ်ကို သိချင်မိသည်။ ဒီခေတ်က လူတွေက ဆဲစရာမလိုဘဲ တခြားလူကို ဘယ်လိုများ အနိုင်ယူကြပါလိမ့်။
ကျိုးယဲ့က သူမကို ရယ်စရာကောင်းသော အကြည့်ဖြင့် ကြည့်လိုက်ပြီး ဆက်ပြောလိုက်သည်။
"ဥပမာ ပြောရရင်... 'ငါ့ကို ဒီလိုတွေ လာမပြောနဲ့၊ ငါက လူစကားပဲ နားလည်တာ!' လို့ ပြောလို့ရတာပေါ့။"
"ဖူးးး! အဲဒါက တကယ်ကို ကောင်းတာပဲ။ ဟားဟားဟား။ ဒါနဲ့ ကျွန်မရဲ့ ခြင်းတောင်းအဟောင်းက တကယ်ပဲ ပျောက်သွားပြီလား။ အဲ့ဒါကြောင့် ရှင်က အသစ်တစ်လုံး ဝယ်ပေးထားတာလား။"
သူမ ခြင်းတောင်းအဟောင်းလေးကို ယခုအချိန်ထိ နှမြောနေသေးသည်ကို မြင်သောအခါ ကျိုးယဲ့က ရယ်မောလိုက်သည်။
"ကိုယ့်ပစ္စည်းက မင်းပစ္စည်းပဲလေ။ အင်း၊ နောက်ဆိုရင် ကိုယ့်ရဲ့ အလုပ်ရမှတ်တွေ အကုန်လုံးကလည်း မင်းအပိုင်ပဲ ဖြစ်လိမ့်မယ်။ ပိုက်ဆံတွေကလည်း မင်းအပိုင်ပဲ—မင်းက ကိုယ့်အတွက် ထမင်းချက်ပေးနေမယ်ဆိုရင် ကိုယ်ကတော့ အဆင်ပြေပါတယ်။"
ပိုက်ဆံတွေကို အခုကတည်းက လွှဲပေးတော့မလို့လား။ တကယ်ကို မြန်လွန်းလှသည်။
ဒီလူငယ်လေးက ရည်စားဖြစ်သည်မှာ တစ်ရက်တောင် မပြည့်သေးသည့်တိုင် သူ ရှာထားသမျှ လုပ်အားခနှင့် ရမှတ်များကို အပ်နှင်းရန် ဝန်မလေးနေပေ။ သူမ၏ ယခင်ဘဝမှာဆိုလျှင်တောင် ဒါက တကယ့်ကို အံ့သြစရာ ကိစ္စရပ်တစ်ခု ဖြစ်လိမ့်မည်။
သူမ သဘောကျမိသည်။ ဒီလိုမျိုး အမျိုးသားလား။ မဆိုးပါဘူး။
"ရတာပေါ့! ကျွန်မ အကုန်သုံးပစ်မှာကိုရော မကြောက်ဘူးလား။"
ကျိုးယဲ့ တွေးမိသည်မှာ သူမ၏ လက်ရာက ဒီလောက်ကောင်းနေသည့်အတွက် သူ့ပိုက်ဆံများ အနှေးနှင့်အမြန် ကုန်သွားမည်ဖြစ်၍ ယခုကတည်းက ပေးထားလိုက်သည်က ပိုကောင်းလိမ့်မည် ဟူ၍ပင်။
"သုံးလေ။ မင်းပိုင်တာဆိုမှတော့ သုံးဖို့အတွက်ပဲပေါ့။ ကိုယ့်အတွက် စုထားပေးဖို့ မတောင်းဆိုပါဘူး။ မင်းရှာတဲ့ အလုပ်ရမှတ်တွေကိုတော့ မင်းဘာသာ သိမ်းထားပါ။ ကိုယ့်ဟာကိုပဲ အရင်သုံးကြတာပေါ့။"
"ရှင်က တော်တော်လေး စကားတတ်တာပဲ! အရင်ကရော မိန်းကလေးတွေကို ဒီလိုမျိုး လိုက်ခဲ့ဖူးလား။"
ကျိုးယဲ့ စကားပင် မဆိုနိုင်တော့ဘဲ ခေါင်းခါပြလိုက်၏။"ကိုယ်က အမြဲတမ်း စစ်တပ်ထဲမှာပဲ နေခဲ့တာ။ မိန်းကလေးတွေကို သိပ်မမြင်ဖူးဘူး—စစ်သည်ဇနီးတွေကိုပဲ တွေ့ဖူးတာ။ မင်းက ကိုယ် ပထမဆုံး တွဲဖူးတဲ့ မိန်းကလေးပဲ။"
ထိုစကားကြောင့် ကျန်းမန်မန်သည် ဤစကားဝိုင်းကို အဆုံးသတ်ရမည့်အချိန် ရောက်ပြီဟု ခံစားလိုက်ရသည်။ ဆက်ပြီး ပြောနေ၍ မဖြစ်တော့ပေ။
ထပ်ပြီး ဆက်ပြောနေမည်ဆိုပါက မူလခန္ဓာကိုယ်ပိုင်ရှင်၏ အတိတ်အကြောင်းများကိုပါ တူးဖော်မိတော့မည် ဖြစ်သည်။ ထိုအတိတ်များကတော့ တူးဖော်၍ ကောင်းသည့် အရာများ မဟုတ်ပေ။
စကားမစပ် အဓိကဇာတ်ဆောင် ဟောက်ဖန်းဖန်းကရော အနောက်မြောက်ပိုင်းဒေသ ရောက်သွားခဲ့ပြီလား။
ထားလိုက်ပါတော့၊ ဒါတွေက သူမနှင့် မဆိုင်တော့သည့် ကိစ္စများသာဖြစ်သည်။ မူလပိုင်ရှင်၏ ကျောက်စိမ်းဆွဲသီးကို ပြန်ရလိုက်ခြင်းနှင့်တင် ဒီလောကထဲ ရောက်လာရကျိုး နပ်နေပြီဖြစ်သည်။
သူတို့နှစ်ယောက်စလုံး ဝက်မွေးမြူရေးခြံဘက်ကို ထွက်လာခဲ့ကြ၏။ ဒီရက်ပိုင်း ဝက်ခြံထဲတွင် တော်တော်လေး စည်ကားနေသည်။
ရွာသားများကလည်း မကြာခဏဆိုသလို လာကြည့်တတ်ကြပြီး ဝက်အကောင်ရေ အများကြီး ရှိနေသည်ကို မြင်ရတော့ ရှေ့နှစ်တွင် စားဝတ်နေရေး ပြေလည်တော့မည့် အိမ်မက်များကို မမက်ဘဲ မနေနိုင်ကြပေ။
ကျန်းမန်မန်နှင့် ကျိုးယဲ့တို့ အတူတူ ရောက်လာကြသည်ကို မြင်သောအခါ ရွာသားများက ပြုံးရွှင်စွာ နှုတ်ဆက်ကြလေသည်။
"ရဲဘော်ကျန်း ဝက်စာမြက် သွားရိတ်ပြန်ပြီလား! အလိုလေး...မင်းနဲ့ စက်ရုံမှူးကျိုးတို့ တွဲနေကြတယ်ဆိုတာ တကယ်ပဲလား။"
ထိုအဒေါ်ကြီး၏ မေးခွန်းကို ကြားသောအခါ ကျန်းမန်မန် ပြုံးလျက် ပြန်ဖြေလိုက်၏။
"ဟုတ်ပါတယ် အဒေါ်။ ကျွန်မနဲ့ စက်ရုံမှူးကျိုးတို့ တွဲနေကြတာ မှန်ပါတယ်။"
"တကယ်ကြီးလား။ ... ဒါကတော့ တကယ်ပါပဲ!"
ထိုအဒေါ်ကြီးသည် မယုံကြည်နိုင်ဖြစ်နေသော်လည်း တခြားပြောစရာစကားလုံး ရှာမတွေ့တော့ပေ။ နောက်ဆုံးတွင်မူ ဝက်များကိုသာ ကြည့်ရှုနေရင်း ဝက်ခြံထဲမှ ထွက်ခွာသွားတော့၏။
သူမ၏ မျက်နှာအမူအရာသည် တစ်သက်လုံး ခွဲခွာရတော့မည့်သူတစ်ယောက်ကို ကြည့်နေသည့်အလား လွမ်းမောစဖွယ် ကောင်းလှပေသည်။
ထိုစဉ် ကျိုးယဲ့က ပြောလိုက်၏။ "အဒေါ် မပူပါနဲ့။ နောက်လကျရင် ဒီဝက်တွေကို အဒေါ်တို့ရဲ့ ထမင်းဝိုင်းပေါ်မှာ ပြန်တွေ့ရမှာပါ။"
အဒေါ်ကြီးလည်း သက်ပြင်းချရင်း ရယ်မောလိုက်သည်။ "အေးပါ၊ မင်းပြောတာ မှန်ပါတယ်။ နောက်လ စပါးရိတ်သိမ်းချိန်ကျရင် ဝက်တစ်ကောင်သတ်ပြီး အားလုံးကို ဝေပေးမယ်လို့ အဖွဲ့ခေါင်းဆောင်က ပြောထားတယ်။"
ထိုသို့ ပြောပြီးနောက် သူမသည် ကျန်းမန်မန်နှင့် ကျိုးယဲ့ကို အဓိပ္ပာယ်ပါပါ ကြည့်လိုက်ကာ ပြောလိုက်သည်။
"မင်းတို့နှစ်ယောက်က တောင်ပေါ်ကို ဝက်စာမြက် အတူတူ သွားရိတ်ကြမလို့လား။"
ကျန်းမန်မန်က သူမ၏ ခြင်းတောင်းကို ဆွဲကာ အပြင်သို့ စတင်ထွက်ခွာလာခဲ့သည်။ ကျိုးယဲ့သည်လည်း သူ၏ ခြင်းတောင်းကို သယ်ဆောင်လာရင်း အဒေါ်ကြီး၏ စကားကို ရယ်မောလျက် ပြန်ပြောလိုက်၏။
"အခု ဝက်ခြံထဲမှာ ဝက်တွေ အများကြီး ရှိနေတာဆိုတော့ ကျွန်တော်တို့ မြက်နည်းနည်းလောက်ပဲ ရိတ်နေလို့ မလောက်ဘူးလေ။ အဒေါ်လည်း အားရင်လည်း လာကူပေးလို့ ရပါတယ်နော်။"
ကျိုးယဲ့၏ ဖိတ်ခေါ်မှုကြောင့် အဒေါ်ကြီး၏ ပါးစပ်လေး တွန့်သွားရ၏။"ငါ့မှာ လုပ်စရာတွေ ရှိသေးတယ်။ မင်းတို့နှစ်ယောက်ကြားမှာ အနှောင့်အယှက် မလုပ်ချင်ပါဘူး။"
ကျိုးယဲ့နှင့် ကျန်းမန်မန်တို့ တစ်ဦးကိုတစ်ဦး ကြည့်ကာ တဟားဟား ရယ်မောလိုက်မိကြသည်။
"အစ်ကိုယဲ့! အစ်ကိုယဲ့! အသားထုတ်လုပ်ရေး စက်ရုံက လူတွေ ဝက်သားလာယူနေပြီ!"
ထိုစဉ် ကောမာဇီတစ်ယောက် အော်ဟစ်ကာ ပြေးဝင်လာခဲ့ပြီး သူ၏နောက်တွင်လည်း အသားထုတ်လုပ်ရေး စက်ရုံမှ လူအချို့ လိုက်ပါလာကြသည်။
ကျန်းမန်မန်နှင့် ကျိုးယဲ့တို့ တစ်ဦးကိုတစ်ဦး ကြည့်လိုက်ကြ၏။ ဒါက သူမနှင့် မသက်ဆိုင်သော ကိစ္စဖြစ်သဖြင့် ကျန်းမန်မန်လည်း တောင်ပေါ်သို့သာ ဦးတည် ထွက်ခွာလာခဲ့သည်။ သူမ ထွက်သွားရန်ပြင်လိုက်စဉ် ကျိုးယဲ့က တစ်ယောက်တည်း သတိထားသွားရန် လှမ်း၍ မှာလိုက်သေးသည်။
လူအများ စောင့်ကြည့်နေကြသဖြင့် ကျန်းမန်မန်လည်း အော်ဟစ်ကာ ပြန်ဖြေပေးလိုက်ပြီးနောက် ခြင်းတောင်းလေးကိုဆွဲ၍ ပြေးထွက်လာခဲ့တော့သည်။
သူမ အဝေးသို့ ရောက်သွားမှသာ နောက်ကွယ်မှ အသံများ တဖြည်းဖြည်း တိုးဝင် ပျောက်ကွယ်သွားတော့၏။ ကျန်းမန်မန်လည်း ဘာကိုမှ ဂရုမစိုက်တော့ဘဲ ဝက်စာမြက် ရိတ်ရန်သာ အာရုံစိုက်လိုက်လေသည်။ လူမှုရေးအရ ဘယ်လိုပဲ အနေခက်စရာများ ရှိနေပါစေ၊ သူမကတော့ အရာအားလုံးကို ကြံ့ကြံ့ခံနိုင်သူ ဖြစ်သည်။
တောဝက် အကောင်ရေအများကြီး ရှိနေသဖြင့် ဝက်စာမြက်များ မလောက်တော့ပေ။ သူမအနေဖြင့် ယခုဆိုလျှင် တစ်နေ့ကို ၁၀ ကျင်း ခန့် ပို၍ ရိတ်သိမ်းရမည် ဖြစ်သည်။
မြက်ရိတ်ခြင်း အလုပ်ကို အပြီးသတ်ပြီးနောက် ယခင်က တောကြက်ဥများ တွေ့ရှိခဲ့သည့် နေရာသို့ သူမ ဦးတည်သွားလိုက်သည်။ ထိုနေရာတွင် တောကြက်သိုက် တစ်ခု ရှိနေသည် မဟုတ်လား။
ယခုတစ်ခေါက် သူမ ပြန်သွားကြည့်လိုက်သည့်အခါ အသိုက်ထဲတွင် ကြက်ဥ ခြောက်လုံးတောင် ထပ်တွေ့ရပြန်သည်။ လန့်ဖျပ်သွားသော တောကြက်တစ်ကောင်သည် သူမ၏ဘေးမှ တောင်ပံခတ်ကာ ပျံထွက်သွားတော့သည်။
ကျန်းမန်မန်လည်း လက်သွက်ခြေသွက်ဖြင့် သူမ၏ ဓားကို ဝှေ့ယမ်းပစ်ပေါက်လိုက်ရာ ထိုတောကြက်သည် နေရာမှာတင် ပွဲချင်းပြီး သေဆုံးသွားတော့သည်။
သူမတွင် ဟင်းခတ်အမွှေးအကြိုင်များ စုံစုံလင်လင် မရှိသေးသည်ကို တွေးမိပြီး သက်ပြင်းချလိုက်မိသော်လည်း ရှိသမျှနှင့်သာ ချက်ပြုတ်စားသောက်တော့မည်ဟု သူမ ဆုံးဖြတ်လိုက်၏။
တကယ်တော့ သူမက ကြက်ရင်ပုံသားကိုသာ အဓိက စားချင်နေခြင်းဖြစ်သည်။
သူမသည် ကြက်ဥများနှင့် တောကြက်ကို သူမ၏ ကိုယ်ပိုင် နေရာလွတ်ထဲသို့ ထည့်သွင်းသိမ်းဆည်းလိုက်ပြီးနောက် ခြင်းတောင်းကို ဆွဲကာ တောင်ပေါ်သို့ ဆက်တက်သွားခဲ့သည်။
ဝမ်ကျားရှင်းသည် ထောင်ချောက်များကို စောင့်ကြည့်နေစဉ် တောဝက်နှစ်ကောင် ထပ်ဖမ်းမိနေသည်ကို တွေ့ရှိခဲ့ရသည်။
သို့သော် ထိုတောဝက်နှစ်ကောင်သည် အတော်လေး ကြမ်းတမ်းစွာ ရုန်းကန်နေသဖြင့် ထောင်ချောက်အများစုကို ဖျက်ဆီးပစ်နိုင်ခဲ့သည်။
၎င်းမှာ တောဝက်များ၏ အပြစ်ချည်းသပ်သပ်တော့ မဟုတ်ပေ။ ယခင်တစ်ခေါက် တောဝက်အုပ်လိုက်မိခဲ့စဉ်ကတည်းက ထောင်ချောက်မှာ အနည်းငယ် ယိုင်နဲ့နေခဲ့ပြီ ဖြစ်သည်။
ယခုအခါတွင်မူ ထိုတောဝက်နှစ်ကောင်က အတင်းတိုးဝှေ့လိုက်သဖြင့် ပိုက်ကွန်တစ်ခုမှာ ပေါက်ပြဲသွားရတော့သည်။
ထောင်ချောက်ထဲတွင် တောကြက်အချို့လည်း ရောက်ရှိနေသဖြင့် အခြေအနေမှာ တကယ့်ကို ကသောင်းကနင်း ဖြစ်နေသည်။
ပြောင်းဖူးများကို စားသုံးပြီးနောက် ထိုတောကြက်များသည် မပျံသန်းနိုင်ကြတော့ဘဲ ဟိုပြေးဒီပြေးဖြင့် ကယောက်ကယက်အနေအထား ဖြစ်နေလေသည်။
ဝမ်ကျားရှင်းတစ်ယောက် ထိုတောဝက်များနှင့် တောကြက်များကို မည်သို့ထုတ်ယူရမည်ကို စဉ်းစားနေစဉ်မှာပင် ကျန်းမန်မန် ရောက်ရှိလာခဲ့သည်။
"အချိန်ကိုက် ရောက်လာတာပဲ ရဲဘော်ကျန်း။ ဒီဝက်စာမြက် ခြင်းတောင်းနှစ်လုံးကို ခဏလောက် စောင့်ကြည့်ပေးထားလို့ ရမလား။ ကျွန်တော် အထဲဝင်ပြီး တောဝက်နှစ်ကောင်နဲ့ တောကြက်လေးကောင်ကို ထုတ်လိုက်ဦးမယ်။"
ကျန်းမန်မန် ခေါင်းညိတ်ပြလိုက်သည်။ သူမအနေဖြင့် ကူညီပေးနိုင်သော်လည်း ဤလူငယ်လေး တက်ကြွနေသည်ကို မြင်လိုက်ရသဖြင့် အလုပ်ကြမ်းများကိုတော့ လူငယ်များသာ လုပ်ပါစေဟု တွေးလိုက်မိသည်။
သူမကတော့ အိမ်ပြန်ရောက်မှသာ Pamela Reif ၏ လေ့ကျင့်ခန်းများကို လုပ်လိုက်တော့မည်။
"ဝါး... ဒါက မင်းတို့ရွာက တောဝက်ဖမ်းဖို့ ဆင်ထားတဲ့ ထောင်ချောက်ဆိုတာလား။ သိပ်ပြီးတော့လည်း အထင်ကြီးစရာ မရှိပါဘူး။ တောဝက်တွေက ဒီလိုထောင်ချောက်မျိုးမှာ တကယ်ပဲ အမိခံကြတာလား။ သူတို့တွေ တော်တော်တုံးအနေတာပဲ ဖြစ်ရမယ်!"
ထိုစဉ် လူငယ်နှစ်ဦး တောင်ပေါ်သို့ တက်လာကြ၏။ သူတို့၏ စကားသံအရဆိုလျှင် ထောင်ချောက်ဆင်ထားသည့်ပုံစံကို လာရောက် စူးစမ်းကြည့်ရှုကြခြင်း ဖြစ်လိမ့်မည်။
တောဝက်များကို အပြင်သို့ ထုတ်ယူရန် ကြိုးစားနေသည့် ဝမ်ကျားရှင်းသည် ထိုလူများကို မြင်သောအခါ စိတ်အနှောင့်အယှက် ဖြစ်သွားသည့် ပုံစံဖြင့် ပြောလိုက်သည်။
"ဝမ်ထျဲလု၊ မင်းတို့ ဒီကို ဘာလာလုပ်ကြတာလဲ။"
ဝမ်ထျဲလုဟု ခေါ်သူက နှာခေါင်းရှုံ့လျက် ပြောလိုက်၏။ "ငါတို့ လာချင်လွန်းလို့လာနေတယ်လို့ ထင်နေတာလား။ မင်းတို့ရဲ့ အဖွဲ့ခေါင်းဆောင်က အမြဲတမ်း လာကြွားနေလို့ပေါ့။ ဒါကြောင့် ငါတို့ရဲ့အဖွဲ့ခေါင်းဆောင်က မင်းတို့ တောဝက်တွေကို ဘယ်လိုဖမ်းကြလဲဆိုတာ လာကြည့်ပြီး သင်ယူခိုင်းလိုက်တာ။"