အပြင်သူပါရာဂွန်
Vol. 95 Ch. 1316
စတုတ္ထတောင်ပင်လယ်သည် ဤစစ်ပွဲအတွက် ဟိုးအရင်ကတည်းက ပြင်ဆင်နေခဲ့ခြင်းဖြစ်၏။ သူတို့က အမြဲတစေ အသင့်ဖြစ်နေသော အနေအထားတွင် ရှိသည်ဟု ဆိုလျှင်ပင် ချဲ့ကားရာမရောက်ပေ။ အပြင်သူများ ပေါ်လာသည်နှင့်တစ်ပြိုင်နက် စတုတ္ထတောင်ပင်လယ်၏ ကြယ်တာရာကောင်းကင်သည် တဝုန်းဝုန်း တုန်ခါလာ၏။ မြေအောက်ကမ္ဘာမှ ယမမင်းနန်းတော်များကဲ့သို့ မရေမတွက်နိုင်သော အဆောက်အဦးများ ပေါ်လာသည်။ ထို့အပြင် တပွက်ပွက်ဆူနေသော မရဏသင်္ချိုင်းမြစ်ဝါမြစ်သည်လည်း လိမ့်ဖြာဆင်းလျက် ပေါ်လာသည်။
အပြင်သူများမှာ တိုက်ခိုက်ခြင်းပင် မပြုနိုင်ခင် သေကြေပျက်စီးကုန်ကြသဖြင့် မချိတင်ကဲအော်ဟစ်သံများ ဗလောင်ဆူညံသွားလေ၏။ သူတို့မှာ စတုတ္ထတောင်ပင်လယ်သို့ ခြေတစ်လှမ်းပင် မချနိုင်ခဲ့ပေ။
စတုတ္ထတောင်ပင်လယ်မှ မရေမတွက်နိုင်သော ကျင့်ကြံသူများက ညာသံပေးကြွေးကြော်ရင်း ထွက်လာကြသည်။ “သေကြစမ်း”
သို့သော် အားလုံးအထဲ အထူးဆန်းမှာ စတုတ္ထတောင်ပင်လယ်မဟုတ်.... နဝမတောင်ပင်လယ်ပင်။
အပြင်သူများ ထိုနေရာသို့ ရောက်လာလျှင်ချင်း အမည်မသိနေရာတစ်နေရာမှ အလင်းတန်းတစ်တန်းက တောင်ပင်လယ်တစ်ခုလုံးကို လွှမ်းခြုံရန် ဖြာထွက်လာသည်။ အလင်းတန်းသည် ကျင့်ကြံသူများ၏အပေါ်မှ ဖြာရုံသာဖြာသွားသော်လည်း အပြင်သူများအတွက်မူ အပိုင်းပိုင်းပြတ်ခြင်း ဖြစ်ကုန်ကြ၏။
တောင်ပင်လယ်လောကနှင့် ကောင်းကင်ဘုံ ၃၃ ဘုံ၏ စစ်ပွဲကား အမှန်တကယ် စတင်ခဲ့လေပြီ။
တစ်ချိန်တည်းမှာပင် တောင်ပင်လယ်လောက၏ စိတ်ဆန္ဒက အပြင်သူများကို ဖိနှိပ်ချေမှုန်းရင်း တစ်လောကလုံးကို လွှမ်းခြုံစပြုလာသည်။ ထိုအခိုက်အတန့်တွင် အပြင်သူများမှာ သူတို့၏အပြင်အားကိုယ်၊ သူတို့၏ကျင့်ကြံခြင်းအခြေခံ၊ သူတို့နှင့် ပတ်သက်သမျှအရာအားလုံး ဖိနှိပ်ခံလိုက်ရသဖြင့် ဟိန်းဟောက်ကြုံးဝါးလိုက်ကြသည်။ ချက်ချင်းဆိုသလို သူတို့၏အတိုက်အခိုက်စွမ်းရည်သည် ခြောက်ဆယ်ရာခိုင်နှုန်းသို့ ကျဆင်းသွား၏။
ယင်းက တောင်ပင်လယ်လောကနှင့်ပတ်သက်၍ ကြောက်စရာကောင်းသည့် အချက်တစ်ချက် ဖြစ်သည်။ တောင်ပင်လယ်လောကသည် အင်မော်တယ်လောကအဖြစ် နလန်ပြန်ထူဖို့ နေရာလေးတစ်နေရာသာ မဟုတ်ပေ။ ၎င်းမှာ စစ်ပွဲအတောအတွင်း ဖန်ဆင်းခံခဲ့ရခြင်းမဟုတ်ပါလော။ ထို့ကြောင့် ၎င်း၏အရာရာတိုင်းသည် ... စစ်ပွဲတွင် အသုံးဝင်အောင် ဖန်တီးခံထားရ၏။
“တောင်ပင်လယ်လောက” ကောင်းကင်ဘုံ (၁) မှ လာနေသော ဒေါသတကြီးကြိမ်းဝါးသံကြီးကို ကြားလိုက်ရစဉ် ... ခြေတစ်လှမ်းလှမ်းတိုင်း တောင်ပင်လယ်လောကကို တုန်ရီသွားစေသော ပိန်ချုံးချုံးအရိပ်တစ်ခု ပေါ်လာသည်။
ပါရာဂွန်တစ်ဦး၏အရှိန်အဝါက သူ၏ခန္ဓာကိုယ်မှ အရပ်လေးမျက်နှာသို့ ဖြာထွက်နေသည်။
ကြည့်ရသရွေ့ တောင်ပင်လယ်လောက၏စိတ်ဆန္ဒထံမှ ဖိအားသည် ဤပုဂ္ဂိုလ်အပေါ် သက်ရောက်မှုမရှိသယောင်ပင်။ စစချင်း ပေါ်လာတုန်းက သူ့ခန္ဓာကိုယ်က ပိန်ချုံးနေခဲ့သော်လည်း တစတစ ကြီးထွားလာ၏။ မျက်တစ်မှိတ်အတွင်း သူကား မီတာ သုံးရာမြင့်မားသွားလေပြီ။ ထို့နောက် မီတာ သုံးထောင်။ မကြာမီ ... မီတာသုံးသောင်းတိတိ မြင့်မားလာ၏။
လူးလွန့်နေသော အမြီးတစ်ချောင်း၊ အကြေးခွံများ ဖုံးနေသော ခန္ဓာကိုယ်ဖြင့် သူသည် သားရဲအရိုင်းကြီးတစ်ကောင်နှင့် တူ၏။ ချိုတစ်ချိုကလည်း ဆန်းဆန်းပြားပြားစွမ်းအင်ကို ထုတ်လွှတ်လျက် သူ့ခေါင်းမှ ထိုးထွက်နေသေးသည်။
ထိုမျှသာမက အနက်ရောင်မီးတောက်များက သူ့ကို ရစ်သိုင်းတောက်လောင်နေပြီး သူ့မျက်လုံးများသည် နီရဲတောက်နေ၏။ သူ ကြည့်လိုက်သော နေရာတိုင်းတွင် ကြယ်တာရာကောင်းကင်မှာ တွန့်လိမ်ပုံပျက်သွားရလေသည်။ အကြည့်လေးတစ်ချက်တည်းနှင့် သူသည် သက်ရှိသတ္တဝါအားလုံးကို အကဲခတ်ပြီးသွား၏။ တောင်ပင်လယ်လောကတွင် သူ အမှန်တကယ် ကြောက်လန့်သည့် ဖြစ်တည်မှုမှလွဲ၍ ... သူ့အကြည့်က လူနှစ်ယောက်အပေါ်၌သာ တခဏ ရစ်ဝဲသွားသည်။
တစ်ယောက်က စတုတ္ထတောင်ပင်လယ်တွင် ရှိပြီး၊ တစ်ယောက်ကတော့ အဋ္ဌမတောင်ပင်လယ်တွင် ရှိနေသည်။
ခိတိဂဗ္ဗ နှင့် မန်ဟို။
သူ ခိတိဂဗ္ဗကို အလေးထားသည့် အကြောင်းရင်းမှာ .... ခိတိဂဗ္ဗ၏တန်ခိုး စတုတ္ထတောင်ပင်လယ်အတွင်း၌ အရှိန်အဝါကြီးမားစွာ ဖြာထွက်ကွန့်မြူးနေသည့်အတွက်ကြောင့်ပင်။ ခိတိဂဗ္ဗသည် ပါရာဂွန်အဆင့်နားကပ်နေပြီဖြစ်၍ အမြင့်ဆုံးအထပ်ကောင်းကင်ဘုံကိုတောင် ကိုင်လှုပ်နိုင်၏။
သူ မန်ဟို့ကို အလေးထားသည့် အကြောင်းရင်းကတော့ ... မန်ဟို သခင်အဖြူကို သတ်ခဲ့ခြင်းကြောင့်ပင်။ သခင်အဖြူက ... ကောင်းကင်ဘုံ (၁) မှ အပြင်သူတစ်ယောက်၊ ဤသားရဲ၏ ဘက်တော်သားများထဲမှ တစ်ယောက် မဟုတ်ပါလော။
“မလောက်လေးစား တောင်ပင်လယ်လောကကများ” မီတာသုံးသောင်းအမြင့် ဧရာမသတ္တဝါကြီးက ပြောသည်။ “ကောင်းကင်ဘုံ (၁) ရဲ့ တပ်ဖွဲ့တွေနဲ့တင် မင်းတို့အားလုံးကို သုတ်သင်ပစ်ဖို့ လုံလောက်တယ်
“အချိန်ကျလာခဲ့ပြီ ငါ့ရဲ့ စစ်သူကြီးအပေါင်းတို့၊ အင်ပါယာသခင်တို့၊ နတ်ဆိုးတို့ ... သွေးယဇ်ပူဇော်ဖို့ အချိန်ကျပြီ
“တောင်ပင်လယ်လောကသား အင်မော်တယ်တွေရဲ့ သွေးနဲ့ ကောင်းကင်ဘုံတွေကို ယဇ်ပူဇော်ကြလာ့။ သူတို့ရဲ့ဝိညာဉ်တွေကို ဆက်သကြလော့။ ဒီနေရာမှာရှိတဲ့ အသက်ဟူသမျှကို သုတ်သင်ပြီး ... ပြာချပစ်ကြလော့” သူ့အသံသည် တောင်ပင်လယ်လောကတစ်ခွင် ပဲ့တင်ထပ်သွား၏။
သူ့စကားကို တုံ့ပြန်သည့်အနေဖြင့် သူ့အနောက်ရှိ ကောင်းကင်ဘုံ (၁) မှ အပြင်သူများသည် အသတ်အဖြတ်စိတ်ဆန္ဒများကို ထုတ်လွှတ်လျက် တဖွဲဖွဲ ထွက်လာကြပြီး တောင်ပင်လယ်လောကထဲ လူစုခွဲထွက်သွားကြသည်။
ကျင့်ကြံခြင်းအခြေခံ သို့မဟုတ် သတ်ဖြတ်နိုင်စွမ်းအရ ဤအပြင်သူဒုတိယအသုတ်သည် ပထမအသုတ်ထက် များစွာသာလွန်၏။ သူတို့ကား သိသိသာသာပင် အစွမ်းထက်ဆုံး ၊ အထူးချွန်ဆုံး စစ်သည်တော်များဖြစ်ကြသည်။
တိုက်ပွဲက ပို၍ပင်ပြင်းထန်လာသဖြင့် အရပ်လေးမျက်နှာတစ်ခွင် ဟိန်းထွက်ရိုက်ညောင်းနေသော ပေါက်ကွဲသံများက တောင်ပင်လယ်များကို တုန်ရီနေစေတော့သည်။
ထိုမျှသာမက တဖြေးဖြေး ထွက်လာနေသော အပြင်သူသုံးယောက်၏အရိပ်များ ရှိသည်။ သူတို့က ယောက်ျားလား၊ မိန်းမလား မသဲကွဲသော်လည်း တစ်ကိုယ်လုံး အကြေးခွံများ ဖုံးနေသည်။ သူတို့၏မျက်လုံးများသည် မီးဝင်းဝင်းတောက်နေသည့်အလား လင်းလက်နေ၏။ သုံးယောက်အနက် ခေါင်းဆောင်ဖြစ်သူသည် မီတာသုံးထောင်တိတိ မြင့်မားသည်သာမက ပါရာဂွန်နှင့်ယှဉ်လျှင် ဒုတိယသာ လိုက်သော ကြောက်မက်ဖွယ်အခိုးအငွေ့များနှင့်အတူ မီးတောက်မီးလျှံများဖြင့် ဝန်းရံထားရသည်။
သူကား ... ပါရာဂွန်တစ်ပိုင်းအဆင့် အင်ပါယာသခင်ပင်။
ပါရာဂွန်တစ်ပိုင်း၏အနောက်ရှိ အပြင်သူနှစ်ယောက်တွင်လည်း လင်းလက်နေသော မျက်လုံးနီနီကြီးများနှင့် သွေးအေးသော အပြုံးများ ရှိကြသည်။ သူတို့၏ကျင့်ကြံခြင်းအခြေခံများကလည်း ကောင်းကင်နှင့်မြေကြီးကို တုန်ခါနေစေသည်။ သိသိသာသာပင် သူတို့၏စွမ်းအားက အနှစ်သာရ ၆ ခုအဆင့် ဖြစ်၏။
တစ်ယောက်က ချပ်ဝတ်တန်ဆာကို ဝတ်ဆင်ထားပြီး လက်တစ်ဖက်ပေါ်ရှိ ချပ်ဝတ်မှာ ပျက်စီးနေသည်။ ဤအပြင်သူသည် သခင်အဖြူကို ခေါ်ဖို့ ကြိုးစားခဲ့သော အပြင်သူပင် ဖြစ်၏။ သူက ပေါ်လာလျှင်ချင်း အဋ္ဌမတောင်ပင်လယ်ရှိ မန်ဟို့ကို သတ်ဖြတ်တော့မလို စိုက်ကြည့်နေသည်။
ဤနှစ်ယောက်သည် ပါရာဂွန်မဟုတ်သလို၊ အင်ပါယာသခင်လည်း မဟုတ်ပေ။ သို့သော် အနှစ်သာရ ၆ ခု ဖြင့် သူတို့သည် အင်အားအရာ၌ ထိပ်တန်းတွင် ရပ်တည်ပြီး နှစ်ယောက်ထဲမှ မည်သူမဆိုသည် စစ်မြေပြင်တိုင်းကို မီးလောင်တိုက်သွင်းပစ်နိုင်၏။
ကောင်းကင်ဘုံ ၃၃ ဘုံ၏ ကောင်းကင်ဘုံ (၁) သည် တောင်ပင်လယ်လောကကို ချိတ်ပိတ်ထားသည့် ပထမဆုံးမြေထုဖြစ်သည်။ နှစ်ပေါင်းသိန်းသောင်းတိုင်သည်အထိ ၎င်းက တောင်ပင်လယ်လောကမှ ကျင့်ကြံသူများ ထွက်မပြေးနိုင်အောင် ဟန့်တားခဲ့သော ပထမအတားအဆီးအဖြစ် တာဝန်ထမ်းဆောင်ခဲ့သည့်အတွက် ... ယခုလို အစွမ်းထက်ဖြစ်တည်မှုများ တည်ရှိသည်မှာ အံ့ဩစရာမရှိပေ။
တောင်ကိုးလုံးနှင့် ပင်လယ်ကိုးစင်းရှိ ကျင့်ကြံသူသိန်းသန်းပေါင်းများစွာမှာ စိတ်နှလုံးတုန်လှုပ်သွားကြတော့သည်။ လူတိုင်းသည် ကြယ်တာရာကောင်းကင်သို့ မော့ကြည့်လိုက်သည့်အခါ ကောင်းကင်ဘုံ (၁) ထဲရှိ ပါရာဂွန်ကို မြင်လိုက်ကြရ၏။
တောင်ပင်လယ်လောကတစ်ဝန်း ဖြာထွက်လျက်ရှိသော သူ၏အရှိန်အဝါသည် ဖော်ပြမတတ်နိုင်သော အတိုင်းအတာအထိ ကြောက်စရာကောင်းပေသည်။
သူ့အတွေးလေးတစ်ချက်တည်းနှင့် သူကြည့်လိုက်သော မည်သည့်သတ္တဝါမဆို၏ အသက်ကို နုတ်ယူပစ်နိုင်သည့်အလား သူ့တန်ခိုးက ကောင်းကင်နှင့်မြေကြီးကို တုန်လှုပ်စေနိုင်၏။
“ပါရာဂွန်...”
“အဲ့ဒါ .. ပါရာဂွန်စွမ်းအားပဲ”
“ကောင်းကင်ဘုံ ၃၃ ဘုံ ... သူတို့မှာ ပါရာဂွန်ဘယ်နှယောက်တောင် ရှိတာလဲ...”
တောင်ပင်လယ်သခင်များပင်လျှင် တုန်လှုပ်နေကြသည်။ တောင်ပင်လယ်များမှ စွမ်းအားက အားဖြည့်ပေးနေသည့်တိုင် လူတိုင်းမှာ တိုက်ခိုက်လိုစိတ်ကုန်ခမ်းတော့မတတ် အံ့အားသင့်ကုန်ကြသည်။
မီတာသုံးသောင်းအမြင့် အပြင်သူပါရာဂွန်က ရုတ်တရက် သူ့ညာလက်ကို ဆန့်ကာ တောင်ပင်လယ်လောကထံ ဝှေ့ယမ်းလိုက်သည်။ ချက်ချင်းပင် ကြယ်တာရာကောင်းကင်မှာ တဂျုန်းဂျုန်းမြည်လာပြီး ကြေမွလာသည်။
ပါရာဂွန်စွမ်းအားလှိုင်းက စတုတ္ထနှင့် အဋ္ဌမတောင်ပင်လယ်ကို ဦးတည်လျက် လိမ့်ထွက်သွားလေသည်။
အံ့အားသင့်ဖွယ်ကောင်းစွာနှင့် သူသည် အကြီးမားဆုံးအန္တရာယ်နှစ်ခုကို သုတ်သင်ဖို့ သူ၏နတ်ဘုရားအာရုံကို ပထမဆုံး ဖြန့်ကျက်ခဲ့လေပြီ။
“မင်းတို့ကို သုတ်သင်ခဲ့တဲ့သူက အောဂူဆိုတာ မှတ်ထား။ အဲဒီနာမည်က နှစ်သိန်းပေါင်း ဘယ်လောက်ပဲကြာကြာ မပြောင်းဘဲရှိခဲ့တဲ့ ငါ့ရဲ့ နာမည်အမှန်ပဲ” အပြင်သူပါရာဂွန်၏လက်ကြီး ကျဆင်းလာစဉ် ကောင်းကင်နှင့်မြေကြီးသည် ပြင်းပြင်းထန်ထန် တုန်ခါနေ၏။
တောင်ပင်လယ်လောကတစ်ခုလုံး တုန်ရီလာ၍ ၎င်း၏ကျင့်ကြံသူများသည် ကြယ်တာရာကောင်းကင်မှ ကျဆင်းလာနေသော အံ့မခန်းလိလိဖိအား၊ တောင်ပင်လယ်များ၏စွမ်းအားကို အလွယ်တကူဖယ်ရှားပစ်နိုင်သော ဖိအားကို ခံစားလိုက်ကြရ၏။ ထိုဖိအားက မန်ဟို့ထံ တန်းတန်းမတ်မတ် ပြေးဝင်သွားလေသည်။
ထိုဖိအားအတွင်း၌ ပါရှိသည်မှာ မန်ဟို့ခန္ဓာနှင့်ဝိညာဉ်ကို ဖျက်စီးဖို့ မန်ဟို့အား အစိတ်စိတ်အမြွှာမြွှာ စုတ်ဖြဲပစ်ချင်နေသော သုတ်သင်ခြင်းစိတ်ဆန္ဒ ဖြစ်သည်။
အန္တရာယ်အချက်ပေးခေါင်းလောင်းသံများ မြည်လာသဖြင့် မန်ဟို့သူငယ်များ ကျုံ့သွားသည်။ ထိုအချက်ပေးသံက သူ့ကျင့်ကြံခြင်းအခြေခံကို တဝုန်းဝုန်း အုံကြွလာစေ၍ ဤပါရာဂွန်၏ တိုက်ကွက်ကိုသာ မတားဆီးနိုင်လျှင် .... မုချအသတ်ခံရမည်ဖြစ်ကြောင်း သူ သိလိုက်သည်။
ကံကောင်းထောက်မစွာနှင့် ပါရာဂွန်အောဂူ၏ စွမ်းအားက မန်ဟို့တစ်ယောက်တည်းအပေါ်၌သာ စုဆုံမနေ။ ၎င်းသည် နှစ်ခြမ်းကွဲသွား၏။ တစ်ခြမ်းက မန်ဟို့ကို ဖျက်စီးဖို့ လာနေသည်၊ တစ်ခြမ်းက ... စတုတ္ထတောင်ပင်လယ်၊ မရေမတွက်နိုင်သော ယမမင်းနန်းတော်များ၏ အတွင်းထဲရှိ တစ်နေရာ၊ မီတာသုံးထောင်အမြင့် ရုပ်တုကြီး တင်ပျဉ်ခွေထိုင်နေသည့် မြေအောက်လောကထဲရှိ အမှောင်ထုထဲသို့ တဟုန်ထိုးသွားနေသည်။
ရုပ်တုကြီးကား ... စတုတ္ထတောင်ပင်လယ်သခင် ခိတိဂဗ္ဗမှတစ်ပါး အခြားမဟုတ်ပေ။
သူသည် တောင်ပင်လယ်သခင်များအနက် အစွမ်းထက်ဆုံးဖြစ်သလို... တောင်ပင်လယ်လောကတွင် ပါရာဂွန်အဆင့်အောက် အစွမ်းထက်ဆုံးလည်း ဖြစ်၏။
မရေမတွက်နိုင်သော ဝိညာဉ်များက ရုပ်တုကြီးကို လှည့်ပတ်ပျံသန်းနေသည်။ စတုတ္ထတောင်ပင်လယ်က တောင်ပင်လယ်လောကတစ်ခုလုံး၏ မြေအောက်ကမ္ဘာကို စိုးမိုးထားသည်မဟုတ်ပါလော။ ထို့အတွက် စတုတ္ထတောင်ပင်လယ်သခင်သည် တောင်ပင်လယ်လောက၏ မြေအောက်ကမ္ဘာသခင်လည်း ဖြစ်သည်။
ပါရာဂွန်အောဂူထံမှ ဖိအား ချဉ်းကပ်လာသည့်အချိန်မှာပင် အမြဲပိတ်နေခဲ့သော ရုပ်တုကြီး၏မျက်လုံးများက ဖျတ်ခနဲ ပွင့်လာသည်။ ၎င်းက ညာလက်ကို ဖြည်းညင်းစွာ မြှောက်၍ လက်ချောင်းဖြင့် တောက်လိုက်သဖြင့် တဂျွတ်ဂျွတ်မြည်သံများ ကြားလာရပြီး အကွဲကြောင်းများသည် ရုပ်တုကြီး၏မျက်နှာပြင်တစ်လျှောက် ဖြာထွက်သွား၏။
ဝုန်းးးးးးးးးးး
ခိတိဂဗ္ဗ၏ ခန္ဓာကိုယ်မှာ တစ်လွှာပြီးတစ်လွှာ တဝုန်းဝုန်း ပြိုကျနေသည်။ ၎င်း ကြေမွ၍ လွင့်ပျယ်နေစဉ် ပါရာဂွန်အောဂူထံမှ ဖိအားသည် ဆက်မသွားနိုင်တော့ဘဲ တုံ့ခနဲ ရပ်သွားသည်။
ရုပ်တုကြီး ပျောက်ကွယ်သွားပြီး ခိတိဂဗ္ဗ၏ ပုံစံအမှန် ပေါ်လာသည်။ သူသည် အဝါရောင်ဝတ်ရုံရှည်ကို ဝတ်ဆင်ထားသည့် အရပ်မြင့်မြင့်၊ ရှေးကျကျ လူအိုကြီးတစ်ယောက်ဖြစ်၏။ သူ ထိုနေရာတွင် ရပ်နေစဉ် ကြောက်မက်ဖွယ်တန်ခိုးများက ကွန့်မြူးနေပြီး သူသည် ညာလက်ကို မြှောက်ကာ မုဒြာလက်ကွက်တစ်ကွက် ဖော်လိုက်၏။ ချက်ချင်းပင် စတုတ္ထတောင်ပင်လယ်မှာ တုန်ရီစပြုလာပြီး ကြယ်တာရာကောင်းကင်ထက်ရှိ မြစ်ဝါမြစ်နှင့် ယမမင်းနန်းတော်များထံမှ ကျမ်းစာရွတ်ဖတ်သံများ ထွက်လာသည်။ တစ်ဆက်တည်းဆိုသလို စေတိယစွမ်းအားသည် ခိတိဂဗ္ဗ၏အပေါ်၌ စတင်စုဝေးလာ၏။
အပြင်သူအောဂူ၏ဖိအားမှာ ခိတိဂဗ္ဗ၏လက်ချောင်းမှ တောက်လိုက်မှုကြောင့် ဝုန်းခနဲ ပြိုကွဲသွားသည်။ ခိတိဂဗ္ဗ၏မျက်နှာလည်း အတန်ငယ်ဖျော့တော့သွားသည့်တိုင် လျင်မြန်စွာ ပြန်လည်သက်သာလာသည်။ ထို့နောက် သူက ဆန်းကြယ်စွာ တောက်ပနေသော မျက်လုံးများဖြင့် ခေါင်းမော့၍ ညာလက်ကို လေပေါ်မြှောက်လိုက်သည်။
“ငြိမ်ခံပြီး ပြန်မတိုက်ခိုက်တာက” သူက အေးစက်စက် ပြောသည်။ “ခိတိဂဗ္ဗရဲ့ တာအို မဟုတ်ဘူး” သူ့အသံသည် ထူးဆန်းသော အသံနေအသံထားဖြင့် ဟိန်းထွက်သွားပြီး စကားလုံးများ ပဲ့တင်ထပ်နေစဉ် သူသည် သူ့လက်ကို အပေါ်တွန်းလိုက်၏။ ချက်ချင်းပင် ယမမင်းနန်းတော်များနှင့် မြစ်ဝါမြစ်သည် အဆုံးမဲ့စေတိယစွမ်းအားနှင့် တဝုန်းဝုန်း ထစ်ချုန်းလျက် ပါရာဂွန်အောဂူကို ဖမ်းဆုပ်တော့မည့်အလား ကြယ်တာရာကောင်းကင်အပေါ် ထိုးတက်သွားသော ဧရာမလက်ကြီးတစ်ဖက် ဖြစ်သွားသည်။
အောဂူတွင် အစွမ်းထက်သော ကျင့်ကြံခြင်းအခြေခံရှိသည်ဖြစ်စေ၊ ပါရာဂွန်ဖြစ်စေ အရေးမကြီး။ အောဂူသည် ခိတိဂဗ္ဗကို တိုက်ခိုက်ခဲ့လေရာ ခိတိဂဗ္ဗက ပြန်မတိုက်ခိုက်ဘဲ နေမည်လော။ သူကား ဓားကို ထုတ်ဖို့ အချိန်ကျပြီဖြစ်ကြောင်း သူ၏တိုက်ကွက်ဖို့ သက်သေပြလေပြီ။
“ဟမ်” ပါရာဂွန်အောဂူက မျက်လုံးအပြူးသားနှင့် စတုတ္ထတောင်ကို ငုံ့ကြည့်သည်။ “သူက တာအိုဥသျှောင်အဆင့်ဆိုပေမယ့် ... စေတိယမီးတောက်ကနေတစ်ဆင့် အင်ပါယာသခင်တန်ခိုးကို ထုတ်လွှတ်နိုင်တယ်တဲ့လား”
ပါရာဂွန်အောဂူ အံ့အားသင့်နေသည့်အချိန်တွင် အဋ္ဌမတောင်ပင်လယ်၌ ပါရာဂွန်ဖိအားသည် မန်ဟို့အပေါ် ထိုးဆင်းနေဆဲဖြစ်၏။ မန်ဟိုက မျက်လုံးများ တလက်လက်တောက်ပနေလျက် လက်နှစ်ဖက်လုံးကို လေပေါ်မြှောက်ရင်း ပါရာဂွန်တံတားကို ဆင့်ခေါ်သည်။ သူ့နတ်ဘုရားအာရုံသည်လည်း ပါရာဂွန်အဆင့်၏ ရှစ်ဆယ်ရာခိုင်နှုန်းစွမ်းအားဖြင့် ပေါ်ထွက်လာသည်။ မိုးနှင့်မြေကို တုန်ဟည်းနေစေသော စွမ်းအားက ပါရာဂွန်ဖိအားကို ဝင်တိုက်လိုက်လေပြီ။
ဖိအားနှင့်စွမ်းအား ဝင်တိုက်သွားသောအခါ မိုးခြိမ်းသံကဲ့သို့ အသံအကျယ်ကြီး ရိုက်ညောင်းသွားသည်။ ပါရာဂွန်တံတား၏ အလင်းရောင်ကြောင့် ကြယ်တာရာကောင်းကင်မှာ တုန်ရီလာပြီး မှောင်ပင်မှောင်မိုက်သွားရသည်။ တစ်ချိန်တည်းမှာပင် ကြောက်မက်ဖွယ်အရှိန်အဝါများနှင့် မရေမတွက်နိုင်သောအရိပ်များ တံတားကို ဖြတ်လျှောက်နေသည်ကို မြင်ရနိုင်သည်။
ပါရာဂွန်အောဂူမှာ လုံးလုံးလျားလျား မှင်သက်သွားတော့သည်။
သူသည် တောင်ပင်လယ်လောကကို လျှော့တွက်မိခဲ့ချေပြီ။ အစက ထိုအန္တရာယ်နှစ်ခုလုံးကို တစ်ပြိုင်တည်း သုတ်သင်နိုင်လိမ့်မည်ဟု သူ ထင်ခဲ့သော်လည်း ယခုတော့ ဒုတိယတစ်ယောက်က ကျန်တစ်ယောက်ထက် ပို၍အစွမ်းထက်နေသည်ကို တွေ့လိုက်ရသည်။