← Chapters

ပါရာဂွန်တစ်ဦး၏ အသတ်အဖြတ်စိတ်ဆန္ဒ

Vol. 95 Ch. 1317

ပါရာဂွန်တစ်ဦး၏ အသတ်အဖြတ်စိတ်ဆန္ဒ

Vol. 95 Ch. 1317

ပါရာဂွန်တံတား ဘွားခနဲ ပေါ်လာမှုက အပြင်သူပါရာဂွန်‌အောဂူကို လုံးလုံးလျားလျား မှင်သက်သွားစေသည်။ ၎င်းကို သူ သိ၏။ မဟာကပ်ဘေးကြီး ဆိုက်ရောက်လာခဲ့တုန်းက သူသည် ပါရာဂွန်အဆင့် မဟုတ်ခဲ့၍ သိပ်အရာမရောက်ခဲ့ပေ။ သို့သော် အစွမ်းထက်ဆုံးကိုးတံဆိပ်နှင့် သူ၏တောင်ပင်လယ်လောကမှ တိုက်ကွက်ကြောင့် ထိုကပ်ဘေး ချေမှုန်းခံခဲ့ရစဉ်က ဤတံတားကို သူ မြင်ခဲ့ဖူးသည်။

ထိုကြောက်စရာစစ်ပွဲကို တွေးမိရုံလေးနှင့် သူ့မှာ တုန်ရီလာမိသည်။ ကိုးတံဆိပ်သည် ဟိုးယခင်ကတည်းက ခန္ဓာရော၊ ဝိညာဉ်ပါ ချုပ်ငြိမ်းသွားခဲ့ပြီဖြစ်သော်လည်း အောဂူခမျာ သူ့အကြောင်း တွေးမိလျှင် ကြောက်ဒူးတုန်ရသေးလေသည်။

ထိုနေ့ရက်များတုန်းက သူ နားမလည်ခဲ့သော်လည်း နောက်ပိုင်းတွင် .... ပါရာဂွန်ကိုးတံဆိပ်သာ ‌ပါရာဂွန်အင်မော်တယ်လောကကို စွန့်ခွာသွားလိုခဲ့ပါက မည်သူမှ သူ ထွက်မသွားအောင် တားနိုင်ခဲ့မည်မဟုတ်ကြောင်း သူ သဘောပေါက်ခဲ့သည်။

အမှန်တွင် ထိုစစ်ပွဲတွင် ဆင်နွှဲခဲ့သော အပြင်အင်အားစုကြီးနှစ်ခုအနေဖြင့် သူတို့၏ဘိုးဘေးဝိညာဉ်များကို မထုတ်လွှတ်ခဲ့လျှင် ကိုးတံဆိပ်ကို ကိုင်တွယ်နိုင်ခဲ့မည်မဟုတ်ပေ။ သို့သော် ထိုသို့ထုတ်လွှတ်ဖို့ ပေးရမည့် အဖိုးအခကလည်း ထိုအပြင်အင်အားစုနှစ်စုပင်လျှင် ကြိတ်မနိုင်ခဲမရဖြစ်ရလောက်အောင် မြင့်မားလွန်းသည်။

ပါရာဂွန်တံတားနှင့် ၎င်းအပေါ်ရှိ အရိပ်များကို ကြည့်နေစဉ် အောဂူ၏ခံစားချက်များ ရှုပ်ထွေးလာသည်။ ထိုအရိပ်များသည် ထိတ်လန့်ဖွယ်ကောင်းသော်လည်း သူ့အတွက် ပို၍ပင်အံအားသင့်စရာကောင်းသည်မှာ မန်ဟို့နတ်ဘုရားအာရုံ၏ စွမ်းအားပင်။

သို့သော် မန်ဟို့နတ်ဘုရားအာရုံက သူ့နတ်ဘုရားအာရုံနှင့် ရှစ်ဆယ်ရာခိုင်နှုန်းညီမျှသည့်အချက်ကပင် သူ့စိတ်ကို ချာချာလည်မသွားစေပေ။

သူ့စိတ်ကို ချာချာလည်သွားစေသည်က ... သူ့ကို တုန်ရီသွားစေသည်က ... သူ့မျက်လုံးများ ပြူးကျယ်သွားစေသည်က ... မန်ဟို့နတ်ဘုရားအာရုံအတွင်း၌ တစ်စုံတစ်ခုကို သူ ခံစားခဲ့ရ၍ပင်.... ရင်းနှီးနေသောအငွေ့အသက်များ။

ထိုအငွေ့အသက်များက သူ့နှလုံးသားကို တဒိန်းဒိန်းခုန်၍ သူ့စိတ်ကို မူးချာလည်သွားစေသည်။

“ကိုးတံဆိပ်.... အဲဒီအခိုးအငွေ့က ကိုးတံဆိပ်ရဲ့ အခိုးအငွေ့တွေပဲ။ ဒီလူက ... ကိုးတံဆိပ်ရဲ့ ဆက်ခံသူပေါ့” အောဂူသည် နွေခေါင်ခေါင် မိုးကြိုးပစ်ချခံလိုက်ရသကဲ့သို့ ခံစားလိုက်ရသည်။ သူက လက်ဝှေ့ယမ်းရင်း ခိတိဂဗ္ဗဆင့်ခေါ်ခဲ့သော ဧရာမလက်ကြီးကို ဖယ်ရှားလိုက်သည်။ ထို့နောက် သူ၏သတ်ဖြတ်လိုနေသည့် မျက်ဝန်းများသည် အဋ္ဌမတောင်ပင်လယ်အပေါ် ကျရောက်သွား၏။

ပါရာဂွန်ကိုးတံဆိပ် နောက်တစ်ယောက် ပေါ်ထွန်းလာမည်ကို ... သူ ဘယ်နည်းနှင့်မျှ ခွင့်မပြုနိုင်ပေ။

ထိုကဲ့သို့ အနှစ်သာရ ၉ ခု ပါရာဂွန်များသည် သူ့လို အနှစ်သာရ ၇ ဆင့် ပါရာဂွန်များနှင့် အဆမတန် ကွာခြားသည်။ ပါရာဂွန်များ ဖြစ်သော်လည်း ... သူတို့အကြားရှိ ကွာဟမှုမှာ ... အနှစ်သာရ ၄ ခု တာအိုဥသျှောင်များနှင့် အနှစ်သာရ ၆ ခု တာအိုဥသျှောင်များအကြားရှိ ကွာဟမှုထက်ပို၍ ကြီးမားသည်။

“ဒီကောင်လေး သေမှဖြစ်မယ်။ ငါ သူ့ကို မသတ်ရင် သူက ဒုတိယကိုးတံဆိပ်ဖြစ်လာလိမ့်မယ်။ ကောင်းကင်ဘုံ ၃၃ ဘုံလုံးကို သုတ်သင်ပစ်လိမ့်မယ်” အပြင်သူပါရာဂွန်အောဂူက အဋ္ဌမတောင်ပင်လယ်ထံ လှမ်းဖမ်းဆုပ်လိုက်ဟန် လုပ်လိုက်သည်။ သူ့ကျင့်ကြံခြင်းအခြေခံစွမ်းအားသည် ပါရာဂွန်အင်အားအပြည့်ဖြင့် လှုပ်ရှားလာ၏။

အဋ္ဌမတောင်ပင်လယ်မှာ တဒုန်းဒုန်း တုန်ရီလာပြီး ထိုနေရာရှိ ကျင့်ကြံသူများမှာ သူတို့အပေါ်သို့ ဧရာမဖိအားကြီးသက်ရောက်လာသည်ကို ခံစားလိုက်ရသဖြင့် သူတို့၏မျက်စိ၊ နား၊ နှာခေါင်းနှင့် ပါးစပ်များမှ သွေးများစီးကျလာတော့သည်။

ဤအပြင်သူပါရာဂွန်ကား မန်ဟို့ကို သုတ်သင်ဖို့ သူ့လူများ၏အသက်ကို စတေးပစ်ရန်ပင် ဆန္ဒရှိနေပုံပေါ်သည်။ သူက အဋ္ဌမတောင်ပင်လယ်၏ ကြယ်တာရာကောင်းကင်နှင့် ၎င်းအတွင်းရှိ သက်ရှိသတ္တဝါအားလုံးကို ဖိသတ်ဖို့ ကြိုးစားနေသည်။

သို့သော် ဤအခိုက်အတန့်တွင် နဝမတောင်ပင်လယ်ထဲမှ အဖြူရောင်အလင်းတန်းတစ်တန်း ထွက်လာသည်။ ၎င်းသည် အဖြူရောင်ရေတံခွန်လေးသဖွယ် ကြယ်တာရာကောင်းကင်ကို ခွင်း၍ မီတာသုံး‌သောင်းအမြင့် အပြင်သူထံ ထိုးတက်သွား၏။ ၎င်း အပြင်သူပါရာဂွန်၏ လက်အနား ရောက်သောအခါ ထိုလက်ကို တွန်းထုတ်လိုက်သည်။

“ငါ နင့်ကို စောင့်နေခဲ့တာ ကြာပြီ” အသံက မိန်းမတစ်ယောက်၏အသံဖြစ်ပြီး ရေခဲတမျှ အေးစက်နေသည်။ သူမကား .... ပါရာဂွန်ပင်လယ်အိပ်မက်မှတစ်ပါး အခြားမဟုတ်ပေ။

အပြင်သူပါရာဂွန်အောဂူ၏ မျက်လုံးများ မီးဝင်းဝင်းတောက်လာသည်။ “ပင်လယ်အိပ်မက် မင်းက လျှို့ဝှက်မှော်အစွမ်းတစ်ခုကြောင့် ဒီနှစ်တွေအထိ အသက်ရှင်နေခဲ့ပေမယ့် မင်းရဲ့အနှစ်သာရတွေကတော့ ပျက်စီးနေပြီ။ မင်းရဲ့ကျင့်ကြံခြင်းအခြေခံက ဟိုတုန်းကနဲ့ ဘာမှမဆိုင်တော့ဘူး။ မင်း အခု တိုက်ခိုက်ရင် မြန်မြန်သေလိမ့်မယ်။ မင်းသာ ဝင်မရှုပ်ရင် ငါ မင်းကို အလွှတ်ပေးထားဦးမလို့ပဲ။ တောင်ပင်လယ်လောကရဲ့ ပျက်သုဉ်းမှုက မင်းနဲ့ ဘာမှမဆိုင်ဘူးမဟုတ်လား။ ဒါတောင် မင်းက ငါ့ကို တိုက်ခိုက်ရဲသေးတယ်ဟုတ်စ”

ပါရာဂွန်ပင်လယ်အိပ်မက်က တစ်လှမ်းချင်း လမ်းလျှောက်လာရင်း အဝေးတွင် ပေါ်လာသည်။ သူမ၏အသံသည် အေးစက်စွာ ထွက်လာ၏။ “ငါ တာအိုကို ရရှိခဲ့တုန်းက နင်ဟာ ပုရွက်ဆိတ်လေးတစ်ကောင်ထက် မပိုခဲ့ဘူး

“နောက်တော့ ငါ တာအိုဥသျှောင်ဖြစ်တဲ့အခါ နင် သေလုမြောပါးဖြစ်နေတာကို တွေ့ခဲ့တယ်။ နင်က ငါ့ရှေ့မှာ ဒူးထောက်ပြီး ဘဝပြန်ဝင်စားသံသရာထဲ အသွင်းမခံရအောင် တားပေးပါလို့ ငါ့ကို တောင်းဆိုခဲ့တယ်

“ငါ ပါရာဂွန်ဖြစ်လာတော့ နင်ဟာ နတ်ဧကရာဇ်ပန်းကို ရအောင် နင့်မျိုးနွယ်စုကို ဦးဆောင်ဖို့ ဝန်မလေးခဲ့ဘူး။ ဘာကြောင့်လဲ.. ငါ့ကို မျက်နှာချိုသွေးရင် နင် တာအိုသခင်အဆင့်တက်ဖို့ လိုအပ်တဲ့ မှော်အစွမ်းကို ငါပေးလိမ့်မယ်ကို နင်မျှော်လင့်ထားလို့ပဲ

“အခုတော့ ဖွတ်မြွေမျိုး နင်က ငါ့ ရှေ့မှောက်မှာ ရာရာစစ အစွယ်ဖြဲပြရဲတယ်လား”

ပင်လယ်အိပ်မက်၏ အေးစက်စက်စကားလုံးများကြောင့် အောဂူ၏မျက်နှာ ရိပ်ခနဲ ဖြစ်သွားသည်။ သူမနှုတ်မှ ထွက်လာသည့် စကားတစ်ခွန်းတိုင်းက သူ၏အတိတ်ဆိုးများကို တူးဖော်နေရာ သူ့မျက်ဝန်းထဲရှိ အသတ်အဖြတ်စိတ်ဆန္ဒကို ပို၍သာ အားကောင်းလာစေတော့သည်။

“တိုက်ခိုက်ချင်သပဆိုလည်း” ‌အောဂူက ပြောသည်။ “မင်းဆန္ဒကို ဖြည့်ပေးရတာပေါ့” ပင်လယ်အိပ်မက်ကြောင့် မန်ဟို့ကို သတ်မရတော့မှန်း အောဂူ သိသည်။ ထိုမျှသာမက ပင်လယ်အိမ်မက်ကို အထင်သေးစကားဆိုခဲ့သော်လည်း သူသည် သူမကို ကြောက်သေး၏။

သူ ကလေးသာသာ ရှိသေးစဉ် ပါရာဂွန်ပင်လယ်အိပ်မက်က ပါရာဂွန်အင်မော်တယ်လောက၏ ပါရာဂွန်တစ်ဦးဖြစ်ခဲ့သည် မဟုတ်ပါလော။ သူမသည် မယုံနိုင်လောက်အောင် အခြေခိုင်မာပြီး သူ မယှဉ်နိုင်သော အစွမ်းထက်မှော်စွမ်းရည်များကို ထုတ်လွှတ်နိုင်၏။

အပြင်သူပါရာဂွန်‌အောဂူ တိုက်ခိုက်လိုက်သဖြင့် ဝုန်းခနဲအသံကြီးကို ကြားလိုက်ရသည်။ သူနှင့်ပါရာဂွန်အိပ်မက်ကား တောင်ပင်လယ်လောက၏ ဟိုးအပေါ်က ကြယ်တာရာကောင်းကင်ထဲတွင် စတိုက်နေကြလေပြီ။

သူတို့၏တိုက်ပွဲက တစ်ကမ္ဘာလုံးကို တုန်ခါနေစေပြီး မိုးကောင်းကင်တွင် အရောင်အဝါများ ပြိုးပြိုးပြက်ပြက် လက်၍ ကြယ်တာရာကောင်းကင်ကို မှေးမှိန်လာစေသည်။

ထိုအခိုက်အတန့်တွင် အပြင်သူအင်ပါယာသခင်၏မျက်လုံးများက မန်ဟို့ထံမှ စတုတ္ထတောင်ကို လှမ်းကြည့်သည်။ သူသည် အေးစက်စက် နှာမှုတ်ရင်း ထိုတောင်ဆီ ထွက်သွားသော အလင်းတန်းတစ်တန်းအသွင် ပြောင်းသွား၏။

သူ့ပစ်မှတ်က အင်ပါယာသခင်အစွမ်းကို ကိုင်စွဲနိုင်သော ခိတိဂဗ္ဗပင်။

သူ အနားရောက်လာသည့်အခါ ခိတိဂဗ္ဗက မော့ကြည့်လိုက်ပြီး အဆုံးမဲ့စေတိယစွမ်းအားက အပြင်သူအင်ပါယာသခင်ထံ ပြေးဝင်၍ ထိုလူ့ကို ချက်ချင်း လွှမ်းခြုံလိုက်သော ဝဲကြီးတစ်ဝဲအသွင် ပြောင်းသွားသည်။

ကြောက်ခမန်းလိလိ ပေါက်ကွဲသံများနှင့်အတူ သူတို့၏တိုက်ပွဲလည်း စတင်တိုက်ခိုက်လေပြီ။

ကျန်အပြင်သူတာအိုဥသျှောင်နှစ်ယောက်၏ မျက်လုံးများလည်း ရက်စက်ကြမ်းကြုတ်စွာ တောက်ပလာကြသည်။

သူတို့ထဲမှ ရွှေရောင်ချပ်ဝတ်နှင့်တစ်ယောက်က တစ်လုံးချင်း ပြောသည်။ “အဋ္ဌမတောင်ပင်လယ်က ကောင်လေးက ငါ့အပိုင်ပဲ”

ကျန်တစ်ယောက်က တဟားဟား ရယ်ပြီးနောက် မျက်လုံးများကို ပိတ်လိုက်သည့်အချိန် သူ့ခန္ဓာကိုယ်သည် တွန့်လိမ်ရှုံ့တွရင်း အရပ်ငါးမျက်နှာသို့ ဖြာထွက်သွားသော အစိမ်းရောင်အငွေ့တန်းငါးတန်း ဖြစ်လာ၏။

ထိုအငွေ့တန်းများ၏ ဦးတည်ရာကား ပထမ၊ ဒုတိယ၊ တတိယ၊ အဋ္ဌမနှင့် နဝမတောင်တို့ ဖြစ်သည်။

အံ့အားသင့်ဖွယ်ကောင်းစွာနှင့် သူကား တောင်ပင်လယ်သခင်ငါးဦးကို တစ်ပြိုင်တည်းတိုက်ခိုက်ဖို့ သူ့အစွမ်းကို အသုံးပြုနေလေသည်။

အစွမ်းထက်မှော်သိုင်းကွက်များ ဖြစ်တည်လာသဖြင့် ထိုတောင်များမှ တဂျိန်းဂျိန်းမြည်သံများ ပဲ့တင်ထပ်လာသည်။

ရွှေရောင်ချပ်ဝတ်နှင့် အပြင်သူတာအိုဥသျှောင်သည် စောစောက မန်ဟိုနှင့် ထိပ်တိုက်တွေ့ခဲ့ဖူးသော တစ်ယောက်ဖြစ်၏။ သူက နှုတ်ခမ်းပါးနားသပ်ပြီး အဋ္ဌမတောင်ပင်လယ်အတွင်းရှိ မန်ဟို့တည်နေရာကို စိုက်ကြည့်လိုက်သည်။ မည်သည့်အတွက်ကြောင့် သူ၏ပါရာဂွန်ခေါင်းဆောင်က မန်ဟို့ကို သေစေချင်နေမှန်း သူ မသိသော်လည်း ဂရုမစိုက်ပေ။ သူ၏ကျင့်ကြံအဆင့်က တာအိုဥသျှောင်အဆင့်ဖြစ်ပေရာ အနှစ်သာရ ၅ ခုအဆင့်ကို သတ်ခြင်းက သူ့အတွက် သိပ်ခက်ခဲမည်မဟုတ်ပေ။

သူ ဂရုအစိုက်ဆုံးက ကောင်းကင်ဘုံ (၁) အတွက် သူရဲကောင်းဆန်စွာ တာဝန်ထမ်းဆောင်ပေးခဲ့သော သူ၏မျိုးနွယ်ဝင် သခင်အဖြူကို မန်ဟို သတ်ခဲ့ခြင်းပင်။ သခင်အဖြူ၏ ထမ်းဆောင်ပေးခဲ့မှုအားလုံးကြောင့် မျိုးနွယ်စုသည် သူပြန်လာသည်နှင့် သူ့သွေးဆက်ကို လှုံ့ဆော်ကာ သူ့ကို တာအိုဥသျှောင်အဆင့် အမှန်တက်စေဖို့ စီစဉ်ထားခဲ့ပြီးလေပြီ။ သူတို့က သူ့ကို မျိုးနွယ်အကြီးအကဲတစ်ဦးအဖြစ် ခန့်အပ်ရန်ပင် ပြင်ဆင်ထားခဲ့၏။

သို့သော် ထိုအရာများ မဖြစ်ပျက်ခင် သူ့မှာ ရွှေရောင်ချပ်ဝတ်ကျင့်ကြံသူ၏ ရှေ့မှောက်မှာတင် အသတ်ခံခဲ့ရသည်။

ဤအပြင်သူမှာ မန်ဟို့ကို သတ်နိုင်ဖို့ကလွဲပြီး ဘာကိုမှဆန္ဒမရှိပေ။ ထိုဆန္ဒသည် ပို၍ကြီးထွားအားကောင်းလာခဲ့၏။ သူ့အနေဖြင့် သတိထားရမည့် တစ်ခုတည်းသောအရာမှာ မန်ဟို၏ကြောက်မက်ဖွယ် နတ်ဘုရားအာရုံသာ ဖြစ်သော်လည်း ဤတစ်ကြိမ်တွင် ထို့အတွက် ပြင်ဆင်ထားပြီးလေပြီ။

သူက ကောက်ကျစ်စွာ ပြုံးလျက် လျှောက်လာပြီးနောက် ကြယ်တာရာကောင်းကင်ကို နှစ်ခြမ်းခြမ်း၍ တဟုန်းဟုန်းတောက်နေသော အသတ်အဖြတ်စိတ်ဆန္ဒတို့ဖြင့် အဋ္ဌမတောင်ပင်လယ်ထံ ဆင်းလာသည်။

“ဆိုတော့ ဘယ်လိုသေချင်လဲ ကောင်လေး။ ငါ မင်းကို ဆုံးဖြတ်ခွင့်ပေးပါ့မယ်”

အေးစက်စက်ရယ်သံကြီး ပဲ့တင်ထပ်နေစဉ် အပြင်သူတာအိုဥသျှောင်က အရှိန်တင်သည်။ အဝေးမှ ကြည့်ပါက သူသည် ကြယ်တာရာကောင်းကင်ကို ခွင်းလျက် မန်ဟို့ထံ ပြေးဝင်သွားနေသော ရွှေရောင်ကြယ်တံခွန်ကြီးနှင့် တူ၏။

မန်ဟို့မျက်လုံးများက တစ်မျိုးတစ်မည် လင်းလက်သွားသည်။ သူ၏နှလုံးသွေးတို့ကား ဆူပွက်နေခဲ့လေပြီ။ သူ ရှေ့တစ်လှမ်းလှမ်းလိုက်သည့်အခါ သူ့ကျင့်ကြံခြင်းအခြေခံစွမ်းအား ပေါ်ထွက်လာသည်။ တစ်လှမ်း၊ နှစ်လှမ်း၊ သုံးလှမ်း ... မျက်စိတစ်မှိတ်အတွင်း အပြင်သူတာအိုဥသျှောင်က သူ့အပေါ် ရောက်လာသော်လည်း ထိုအချိန်တွင် သူကား ခုနစ်လှမ်းလှမ်းခဲ့ပြီးလေပြီ။

ထိုခုနစ်လှမ်းမြောက် ကျသွားသောအခါ သူ့စွမ်းအားသည် ကြောက်ခမန်းလိလိ ဆထက်တိုး မြင့်တက်လာ၏။ တစ်ချိန်တည်းမှာပင် သူ၏နတ်ဘုရားအာရုံက တဟုန်ထိုး ဖြာထွက်သွားပြီး ပါရာဂွန်တံတားလည်း ကျဆင်းလာသည်။ ထို့နောက် မိစ္ဆာလက်နက်အဖော်မဲ့သင်္ချိုင်းသည် သူ့ညာလက်ထဲ၌ ဖျတ်ခနဲ ပေါ်လာ၏။

မန်ဟို့အပြင်အားကိုယ်ခွန်အားက သူ့ကျင့်ကြံခြင်းအခြေခံနှင့် မှော်သိုင်းကွက်များမှ စွမ်းအားတို့နှင့်အတူ လှံထဲ၌ စုဝေးသွားသည်။ တဝုန်းဝုန်းမြည်နေသော ထိုစွမ်းအားက ကြယ်တာရာကောင်းကင်ကို အေးခဲသွားစေပုံပေါ်ပြီး အသတ်အဖြတ်စိတ်ဆန္ဒသည်လည်း ပစ်မှတ်ကို ချိန်ရွယ်နေသည်။

“မဆိုးဘူး....” အပြင်သူတာအိုဥသျှောင်က မျက်လုံးများကျဉ်းမြောင်းလျက် ပြောသည်။ ရုတ်တရက် သူသည် ပါးစပ်၍ ဟိန်းကာ အသံလှိုင်းများကို ထုတ်လွှတ်လိုက်၏။ အံ့အားသင့်ဖွယ်ကောင်းစွာနှင့် အပြင်သူတာအိုဥသျှောင်၏အနောက်၌ ဧရာမအရိပ်ကြီးတစ်ခု ပေါ်လာသည်။ အနှစ်သာရ ၆ ခု စွမ်းအားလည်း လေမုန်တိုင်းတစ်လုံးကို ဖန်တီးရင်း ပေါ်ထွက်လာသည်။ တစ်ချိန်တည်းမှာပင် သူ့လက်ထဲ၌ ရုပ်တုတစ်ခု ပေါ်လာသည်။

ရုပ်တုသည် အိမ်မြှောင်လို၊ ဖွတ်လိုပုံစံ ရှိပြီး ပေါ်လာသည်နှင့်တစ်ပြိုင်နက် မန်ဟို့နတ်ဘုရားအာရုံကို စတင်ဖိနှိပ်နေသော ထူးထူးဆန်းဆန်းအရှိန်အဝါ‌ ထွက်လာသည်။

သူ၏နတ်ဘုရားအာရုံအတွက် ပါရာဂွန်အဆင့်၏ ရှစ်ဆယ်ရာခိုင်နှုန်းစွမ်းအားမှ ထက်ဝက်သို့ ကျဆင်းသွားရန် တခဏသာ ကြာလိုက်လေသည်။

ထို့နောက် လေမုန်တိုင်းတစ်လုံးက မန်ဟို့လှံ၏စွမ်းအားကို စတင်တိုက်ခိုက်သည်။

ဝေါ...........

အသံလှိုင်းကြီးများက ကြယ်တာရာကောင်းကင်ကို စုတ်ဖြဲနေသည်။ ဝိညာဉ်မီးအိမ်ငါးလုံးကို ငြှိမ်းပြီးနောက် အနှစ်သာရ ၆ ခု အဆင့်မှ ဆံချည်တစ်မျှင်သာ ကွာဝေးတော့သည့် အံမခန်းလိလိစွမ်းအားကို မန်ဟိုက ထုတ်ဖော်သည်။ သို့သော် အနှစ်သာရ ၆ ခုအဆင့် ကျင့်ကြံသူအစစ်တစ်ယောက်ကို ရင်ဆိုင်ရသည့်အခါ ၎င်းက မလုံလောက်သည်သာ။

သူ့နတ်ဘုရားအာရုံ ဖိနှိပ်ခံနေရစဉ် သူ့ရင်ထဲရှိ အန္တရာယ်အချက်ပေးခေါင်းလောင်းသံသည် ပိုမိုကျယ်လောင်လာ၏။

ပါရာဂွန်တံတား ပြိုကျသွားပြီး မိစ္ဆာလက်နက်အဖော်မဲ့သင်္ချိုင်းမှာ နောက်ပြန်ကန်ထွက်သွားသည်။ တန်ပြန်ရိုက်ခတ်မှုက သူ့ကျင့်ကြံခြင်းအခြေခံကို ထိမှန်သွားသဖြင့် မန်ဟို့ပါးစပ်မှ သွေးများ ဖွားခနဲ ပန်းထွက်သွားသည်။ သူ့အပြင်အားကိုယ်မှာလည်း ရက်ရက်စက်စက် အပိုင်းဖြတ်ခံလိုက်ရ၍ အသားစများ၊ သွေးများ ပြန့်ကြဲသွားသည်။

အပြင်သူတာအိုဥသျှောင်ကို လှည့်ပတ်နေသော အနှစ်သာရမုန်တိုင်းမှာ အတန်ငယ် အားနည်းသွား၏။ သူ့အနေဖြင့် မန်ဟို့တိုက်ကွက်ကို ဖိနှိပ်နိုင်ခဲ့သော်လည်း ထိုသို့လုပ်ဖို့ အစွမ်းကုန်ထုတ်ခဲ့ရလေသည်။ အထူးသဖြင့် ထူးဆန်းသော မိစ္ဆာလက်နက်က သူ့ကို မျက်မှောင်ကြုတ်သွားစေသည်။

သူက ရှေ့တစ်လှမ်းလှမ်းကာ စုတ်ပြတ်သပ်နေသော မန်ဟို့အရှေ့တွင် ဖျတ်ခနဲ ပေါ်လာသည်။ သူသည် ရက်စက်သော မျက်ဝန်းများဖြင့် မန်ဟို့ကို ကြည့်ပြီး မသတ်ဘဲ သူ့ပါးစပ်ကြီးကို ဟ၍ မန်ဟို့ခေါင်းအား လှမ်းဟပ်လိုက်၏။

“မင်းကို စားပြီး မင်း စွမ်းအားကို ဝါးမြိုမယ်” ရွှေရောင်ချပ်ဝတ်အပြင်သူ၏မျက်လုံးများက ကြောက်စရာကောင်းစွာ တောက်ပနေသည်။ သို့သော် ပါးစပ်ကြီး မန်ဟို့ကို ကိုက်တော့မည့်အချိန်တွင် မန်ဟို့မျက်လုံးများက လင်းလက်သွားသည်။ သူ့ဒဏ်ရာများမှာ ပြင်းထန်ခဲ့သော်လည်း ထာဝရအလွှာနှင့် မြစိမ်းဧကရာဇ်၏ဂါထာက မသေနိုင်၊ မသတ်နိုင်သောအစွမ်းသဖွယ် ဖြစ်လာသည်။ သူသည် ချက်ချင်းဆိုသလို အကောင်းပကတိ သက်သာသွား၏။

ထို့နောက် သူက လက်သီးဆုပ်၍ အပြင်သူတာအိုဥသျှောင်ကို စတင်ထိုးတော့သည်။

အသက်နုတ်လက်သီး

နတ်ဆိုးလက်သီး

နတ်ဘုရားသုတ်သင်ခြင်းလက်သီး

အုန်းးးးးးးး

ထိုလက်သီးချက်သုံးချက်က မန်ဟို့တွင် လျင်မြန်စွာ ကုစားပေးနိုင်သော လျှို့ဝှက်အတတ်တစ်ခု ရှိလိမ့်မည်ဟု မထင်ထားခဲ့သည့် အပြင်သူတာအိုဥသျှောင်ကို ဝင်တိုက်သွားသည်။ သူ၏မျက်လုံးများ ဝိုင်းစက်သွားသော်လည်း မန်ဟို့လက်သီးချက်များကို ရှောင်ဖို့ နောက်ကျသွားခဲ့လေပြီ။

သူ့မှာ သွေးအန်လျက် ဒလိမ့်ခေါက်ခွေး လွင့်ထွက်သွားသည်။ သူသည် ဒေါကြီးမောကြီးဖြင့် ပြန်တိုက်ခိုက်ဖို့ ပြင်သော်လည်း ကံဆိုးစွာနှင့် မန်ဟို၏တိုက်ခိုက်ပုံတိုက်ခိုက်နည်းနှင့် မရင်းနှီးပေ။

မန်ဟိုကား လက်ဦးမှုကို ရယူနိုင်သည်နှင့် ... ဘယ်တော့မှ အလွှတ်ပေးမည့် လူစားမျိုးမဟုတ်ပါလော။

All Chapters