မိုးကောင်းကင်မှသွေးမိုးများ
Vol. 10 Ch. 985
ဆန်းလျန်က ထိုအမှန်တရားကို သိရှိလိုက်ပြီး တစ်စုံတစ်ခုပြုလုပ်ရန် ဆုံးဖြတ်လိုက်လေသည်။
တစ်ခဏချင်းမှာပင် ဆန်းလျန်၏ အသက်ရှူသံနှင့် ခန္ဓာကိုယ်တစ်ခုလုံးသည် လောကတစ်ခုလုံးမှ ရုတ်တရက် ပျောက်ကွယ်သွားလေတော့သည်။
သဲလွန်စမကျန် ခြေရာခံ၍မရဘဲ လုံး၀ ပျောက်ကွယ်သွားခြင်း ဖြစ်လေသည်။
ဆန်းလျန် ထိုသို့ ရုတ်တရက် ပျောက်ကွယ်သွားခြင်းက ဘုရင်ရှစ်ပါးနန်းတော်တွင်ရှိနေသည့် ရွှမ်တုတောက်ကျွင်းကို အံ့သြတုန်လှုပ်သွားစေသည်။
ရွှမ်တုတောက်ကျွင်းမှ မဟုတ်ပေ။
ချင်းဆွေထျန်းကောင်းကင်ဘုံမှ လီချင်းဆွေ ၊ ဝိညာဉ်မြစ်ကိုသန့်စင်နေဆဲဖြစ်သည့် တိကျန်ဗောဓိသကျ နှင့် ရဲ့လျိုယွင် ၊ ဇာမဏီနတ်ဘုရားနန်းတော်မှ ခုံရွှမ်းတို့အားလုံး အံ့သြတုန်လှုပ်သွားကြခြင်း ဖြစ်လေသည်။
လောကအလယ်တွင်လျှောက်သွားနေသည့် ကျွမ်ကျိုးလူပြန်ဝင်စားသော ကျောက်ဖုန်းသည်လည်း နက်ရှိုင်းသည့်အတွေးတစ်စဖြင့် ကောင်းကင်ထက်သို့ မော့ကြည့်လိုက်မိလေသည်။
ထိုသူများအားလုံး အဘယ့်ကြောင့် အံ့သြတုန်လှုပ်သွားကြပါသနည်း။
အကြောင်းမှာ… ဆန်းလျန် ပျောက်ကွယ်သွားပြီး မည်သည့်နေရာသို့ရောက်ရှိသွားသည်ကို မည်သူမှ မသိသည့်အတွက်ကြောင့် ဖြစ်လေသည်။
ဆန်းလျန်သည် အစကတည်းကပင် သူ မည်သည့်နေရာသို့ ရောက်ရှိနေသည်ကို သက်ရှိများအားလုံးထံမှ ဖုံးကွယ်ထားနိုင်စွမ်းရှိသူ ဖြစ်လေသည်။
သို့သော်… ဟွင့်ယွမ်ဝူကျီအဆင့် နတ်ဘုရားများနှင့် တန်ခိုးစွမ်းအထွတ်ထိပ်အဆင့်ရှိသည့် တာ့လော်အဆင့်နတ်ဘုရားများကိုတော့ ဖုံးကွယ်ထားနိုင်ခြင်း မရှိပေ။
ထိုသို့ တန်ခိုးစွမ်းအားအထွတ်ထိပ်အဆင့်ရှိသည့် နတ်ဘုရားများက ဆန်းလျန် မည်သည့်နေရာတွင် ရှိသည်ကို မသိကြသည့်တိုင် ဆန်းလျန် စကြာဝဠာတစ်နေရာတွင် ရှိနေသည်ကိုတော့ အာရုံခံစားမိကြစမြဲ ဖြစ်လေသည်။
သို့သော်… ယခုတစ်ကြိမ် ဆန်းလျန်ပျောက်ကွယ်သွားခြင်းက အရိပ်တစ်စ ၊ သဲလွန်စတစ်ခုပင် မကျန်အောင် လုံး၀ ပျောက်ကွယ်သွားခြင်း ဖြစ်လေသည်။
သူပျောက်ကွယ်သွားပုံမှာ တာအိုဆရာသခင်ကြီးတစ်ပါး သံသရာကိုကျော်လွန်သွားသည့် ပျောက်ကွယ်ခြင်းမျိုးဖြင့်ပင် ဆင်တူလွန်းလှသည်။
သို့သော်… ဆန်းလျန် သံသရာကို ကျော်လွန်သွားသည်ဟုတော့ မည်သူမှ မထင်မှတ်ခဲ့ကြပေ။ ထို့အတူ… ဆန်းလျန် မည်သည့်နေရာသို့ ရောက်ရှိသွားသည်ကိုလည်း သူတို့ သိရှိအောင် သဲလွန်စရှာဖွေနိုင်ခြင်း မရှိကြပေ။
အဆုံးမရှိစီးဆင်းနေသည့် အချိန်ရေစီးကြောင်းသည် မရေမတွက်နိုင်သည့် သမိုင်းကြောင်းနှင့် ဒဏ္ဍာရီများကို ဝါးမြိုသယ်ဆောင်သွားလေသည်။
သူရဲကောင်းများ ၊ နတ်ဘုရားများ ၊ ထူးခြားထင်ရှားသည့် မျိုးနွယ်များနှင့် အကြောင်းအရာအားလုံးသည် အချိန်ရေစီးကြောင်းထဲတွင် ပျောက်ကွယ်သွားကြစမြဲပင် ဖြစ်လေသည်။
စွမ်းအားကြီးမားလှပါသည်ဆိုသည့် ပထမမိုးနတ်မင်းကဲ့သို့ ပုဂ္ဂိုလ်မျိုးသည်ပင် အချိန်ရေစီးကြောင်းထဲတွင် ပျောက်ကွယ်ခဲ့ရသည်ပဲ မဟုတ်ပါလား။
ယခုတော့… နတ်ဘုရား (၃)ပါး၏ အငွေ့အသက်များသည် အချိန်ရေစီးကြောင်းရှိရာသို့ ရောက်ရှိလာပြီး လွန်ခဲ့သည့် နှစ်ပေါင်းတစ်သောင်းကျော်ကာလသို့ ရောက်ရှိလာလေသည်။
အချိန်ရေစီးကြောင်းတွင် လွန်ခဲ့သည့် နှစ်ပေါင်းတစ်သောင်းကျော်က အချိန်အပိုင်းအခြားတစ်ခုကို ဖြတ်တောက်ထားလေရာ အထစ်အငေါ့ဆက်ကြောင်းတစ်ခု ဖြစ်ပေါ်နေလေသည်။
ဖြတ်တောက်ထားသည့် အချိန်ကာလမတိုင်မီနှင့် ဖြတ်တောက်ထားသည့် အချိန်ကာလ နောက်ပိုင်းတွင် မှားယွင်းသည့်သမိုင်းကြောင်းတစ်ခု တည်ရှိနေခဲ့သည်။
သို့သော် ထူးဆန်းသည့် နတ်ဘုရား(၃)ပါး၏ အငွေ့အသက်များသည် ပူလောင်ပြင်းပြသည့် နေမင်းများအလား ဖြတ်တောက်ပြီး ပြန်ဆက်ထားသည့် အချိန်ဆက်ကြောင်းကို အရည်ဖျော်ပစ်လိုက်လေသည်။
ထိုနတ်ဘုရား (၃)ပါးမှာ ဆန်းလျန်၏ ကိုယ်ခွဲများဖြစ်သည့် ထိုက်ရှီ ၊ ထိုက်ချူးနှင့် ထိုက်စုတို့ ဖြစ်လေသည်။
သိပ်မဝေးသည့်တစ်နေရာတွင်တော့ သံသရာကို ကျော်လွန်သွားကြပြီဖြစ်သည့် တာအိုဆရာသခင်ကြီး (၈)ပါး၏ ကိုယ်ခွဲများနှင့် ဆန်းလျန် အပြင်းအထန် တိုက်ခိုက်လျှက် ရှိလေသည်။
တိုက်ပွဲတွင် ဆန်းလျန်၏ဝိညာဉ်သည် အချိန်တိုင်းဖျက်စီးခံနေရပြီး အချိန်တိုင်း ပြန်လည်မွေးဖွားနေခဲ့လေသည်။
ဆန်းလျန်သည် မရှိမှုတရားနှင့် ဟန်ချက်ညီနေသောကြောင့်သာ ဖျက်စီးခံရတိုင်း အသစ်ပြန်လည်ဖြစ်တည်နိုင်နေခြင်း ဖြစ်သည်။
ဆန်းလျန်သည် ဗလာနယ်တစ်ခုအလားဖြစ်ပြီး မရှိမှုတရားအလား ဖြစ်လေသည်။
"မရှိမှု" ဆိုသည်က အဆက်မပြတ်ပြန်လည်မွေးဖွားနိုင်စွမ်းရှိပြီး လုံးဝအမြစ်ပြတ် သတ်ဖြတ်ဖျက်စီးပစ်ရန် မဖြစ်နိုင်ပေ။
ထို့ပြင် ဆန်းလျန်၏ ဘေးတွင်လည်း ထူးဆန်းသည့် နတ်ဘုရား (၂)ပါး၏ အငွေ့အသက်များ ရှိနေသေးသည်။ ထို နတ်ဘုရား (၂)ပါးမှာ ဆန်းလျန်၏ ကိုယ်ခွဲများဖြစ်သည့် ထိုက်ယိနှင့် ထိုက်ကျိ ဖြစ်လေသည်။
ထိုက်ယိနှင့်ထိုက်ကျိကလည်း တာအိုဆရာသခင်ကြီး (၈)ပါး၏ တန်ခိုးစွမ်းအားများကို ဖျက်စီးပစ်နေကြလေသည်။
ထို့ကြောင့် ဆန်းလျန် အနေဖြင့် အနည်းငယ် သက်သာရာရနေပြီး ဖျက်စီးခံရပြီးသည့်နောက် ပြန်လည်ဖြစ်တည်လာရန် အချိန်ယူနိုင်နေခြင်းလည်း ဖြစ်သည်။
ရုတ်တရက်… ထိုက်ယိနှင့် ထိုက်ကျိ ကိုယ်ခွဲများက စတင် တုန်ခါလာလေသည်။
တစ်ချိန်တည်းမှာပင်… အချိန်ရေစီးကြောင်း၏ ဆက်ကြောင်းနေရာတွင် ရှိနေကြသည့် ထိုက်ချူး ၊ ထိုက်ရှီနှင့် ထိုက်စုတို့မှာလည်း စတင် တုန်ခါလာကြလေသည်။
ထို့နောက် မတူညီသည့် တန်ခိုးစွမ်းအားများဖြစ်သည့် ထိုက်ကျိ ၊ ထိုက်ယိ ၊ ထိုက်ချူး ၊ ထိုက်စုနှင့် ထိုက်ရှီ ကိုယ်ခွဲများ အတူတကွ ရောနှောပေါင်းစပ်သွားကြလေသည်။
ထိုအခါ ထူးဆန်းသည့် တိမ်တိုက်တစ်ခု ထွက်ပေါ်လာပြီး ကြယ်စင်ရောင်များ လင်းလက်တောက်ပလာလေသည်။
ဤသည်မှာ စကြာဝဠာကြီးဖွံ့ဖြိုးတိုးတက်မှု အဆင့် (၅)ဆင့်ဖြစ်သည့် ထိုက်ယိ ၊ ထိုက်ချူး ၊ ထိုက်ရှီ ၊ ထိုက်စုနှင့် ထိုက်ကျိ တို့ပေါင်းစပ်သွားခြင်း ဖြစ်လေသည်။
ရှန်းထျန်းဝူထိုက်တန်ခိုးစွမ်းအားများ တဖြည်းဖြည်း ပေါက်ကွဲထွက်လာပြီး အချိန်ရေစီးကြောင်းအထက်ရှိ တာအိုဆရာသခင်ကြီး (၈)ပါး၏ တန်ခိုးစွမ်းအားများသည်ပင် ကွဲပျက်သွားရသည်။
ဆန်းလျန်ကတစ်ချက်ပြုံးလိုက်ပြီး…
"ထိုက်ယိကိုယ်ခွဲရဲ့ တန်ခိုးစွမ်းအားက ဆီလျော်မှုရှိတယ် ၊ ထိုက်ကျိကိုယ်ခွဲရဲ့ တန်ခိုးစွမ်းအားက ထိန်းညှိလုပ်ဆောင်တယ်…"
ထို့နောက် ဆန်းလျန်က သူ၏လက်ကို အထက်သို့ ခပ်မြင့်မြင့်မြှောက်လိုက်လေရာ ရှန်းထျန်းဝူထိုက် ကိုယ်ခွဲ (၅)ခု ပေါင်းစုံသွားသည့် တန်ခိုးစွမ်းအားတိမ်တိုက်သည် ဆန်းလျန်၏ လက်ပေါ်သို့ ရောက်ရှိလာသည်။
ဆန်းလျန်သည် စကြာဝဠာကြီးတစ်ခုလုံးကို သယ်ဆောင်ထားသည့်အလား ဖြစ်လေသည်။
အမြင့်မားဆုံးနှင့် အကြီးမြတ်ဆုံးဖြစ်သည့် ရှန်းထျန်းဝူထိုက် တန်ခိုးစွမ်းအားများက အချိန်ရေစီးကြောင်းအပေါ်တွင် သက်ရောက်မှု ရှိလေသည်။
ဆန်းလျန်သည် အချိန်ရေစီးကြောင်းအတွင်းသို့ ဖြည်းဖြည်းချင်းနစ်မြုပ်သွားပြီး အချိန်ရေစီးကြောင်းသည် ထိတ်လန့်တုန်လှုပ်ဖွယ်ရာ လှိုင်းများပြင်းထန်လာခဲ့လေသည်။
ထို့နောက်… လွမ်းဆွတ်ဖွယ်ရာ ညတာရှည်လျားသည့်ကာလများကဲ့သို့ အချိန်ရေစီးကြောင်းတစ်ခုလုံး အမှောင်ထုထဲသို့ ကျရောက်သွားလေသည်။
တာအိုဆရာသခင်ကြီး (၈)ပါး၏ ပုံရိပ်များက ခံစားချက်ကင်းမဲ့လျှက်ရှိလေသည်။ ထိုပုံရိပ်များအားလုံးသည် မှောင်မိုက်နေသည့်အချိန်တွင် အချိန်ရေစီးကြောင်းအတွင်းသို့ ဝင်ရောက်နစ်မြုပ်သွားကြလေတော့သည်။
အချိန်ရေစီးကြောင်းတွင် ဂယက်တစ်ချက်ရိုက်ခတ်သွားပြီး တာအိုဆရာသခင်ကြီးများ၏ ပုံရိပ်များမှာ ပြန်လည် ထွက်ပေါ်လာခြင်း မရှိတော့ပေ။
ထို့နောက်… ကျယ်လောင်သည့် မြည်တမ်းသံကြီးတစ်သံ ထွက်ပေါ်လာပြီး အချိန်ရေစီးကြောင်းကို ဆေးကြောလိုက်သည့်အလား ရှည်လျားသည့် အချိန်ရေစီးကြောင်းကို ဖုံးလွှမ်းထားသည့် အမှောင်ထုကြီးက တဖြည်းဖြည်းလွင့်ပြယ်သွားလေသည်။
ထို့နောက်တွင်တော့… တာအိုဆရာသခင်ကြီး၏ ပုံရိပ်များသည်လည်း လုံး၀ ပျောက်ကွယ်သွားလေတော့သည်။
ဆန်းလျန်ရင်ဆိုင်ရမည့် အစစ်ဆေးခံရခြင်းအန္တရယ်ဆိုးကြီး အဆုံးသတ်တော့မည် ဖြစ်လေသည်။ သို့သော်… ယခုတော့ အဆုံးသတ်မဟုတ်သေးပေ။
ဆန်းလျန်ပျောက်ကွယ်သွားသည့်အတွက် ရွှမ်တုတောက်ကျွင်းနှင့် အခြားသူများ အံ့အားသင့်နေကြစဉ်မှာပင် လောကတစ်ခုလုံးတွင် သွေးမိုးများ ရွာသွန်းလာလေတော့သည်။
သွေးမိုးများက ကောင်းကင်ထက်မှ မြေပြင်ဆီသို့ စီးဆင်းသွားပြီး ပျောက်ကွယ်သွားကြလေသည်။
ထိုသို့ ထူးဆန်းသည့်မြင်ကွင်းသည် ဆယ့်ငါးမိနစ်ခန့် ကြာမြင့်ခဲ့လေသည်။
နတ်ဆိုးနယ်မြေမှ နတ်ဆိုးဘုရင်မ 'ချိ' က သူမ၏ ဖြူစင်သည့်လက်ဖဝါးကို သွေးမိုးများကျဆင်းလာရာသို့ ဆန့်ထုတ်လိုက်သည်။
သွေးမိုးများသည် သူမ၏ လက်ဖဝါးထက်သို့ ကျဆင်းလာပြီး သဲလွန်စမကျန်အောင် အငွေ့ပျံပျောက်ကွယ် သွားကြလေသည်။
ထိုအချိန်… အဝေးဆီမှလား ၊ အနီးဆီမှလား မသေချာသော သက်ပြင်းချသံသဲ့သဲ့ကို ကြားလိုက်ရလေသည်။
"ဒါတွေက မိုးကောင်းကင်ကရွာသွန်းတဲ့သွေးမိုးတွေပဲ … ချိ…"
ထိုစကားကိုပြောလိုက်သူမှာ ပီလျဲ့ ဖြစ်လေသည်။
သူက နတ်ဆိုးဘုရင်မ၏ နန်းတော်ထောင့်တစ်နေရာတွင် ဒူးများကို လက်နှစ်ဖက်ပိုက်ရင်း တစ်ယောက်တည်း ငြိမ်သက်စွာ ထိုင်နေခဲ့လေသည်။
……………..
ကောင်းကင်ကြီးက ကြည်လင်လာပြီး မြက်ပင်များက စိမ်းလန်းနေကြသည်။ ငှက်လေးများကလည်း တီတီတာတာ အော်ဟစ်ရင်း ဟိုဟိုဒီဒီ ပျံသန်းနေကြသည်။
ဆန်းလျန်သည် နူးညံ့ပြီးလတ်ဆတ်နေသည့် မြေပြင်ထက်တွင် ခြေလှမ်းတစ်လှမ်းချင်းလှမ်းလာပြီး ပြည့်ဝသည့် အသက်ဓာတ်စွမ်းအားများကို ခံစားလိုက်ရလေသည်။
ဤနေရာသည် သူနှင့် အလွန်ရင်းနှီး ကျွမ်းဝင်လျှက် ရှိလေသည်။
သူ့ရှေ့တွင် တောင်ထွတ်တစ်ခုကို တွေ့မြင်နေရပြီး ထိုတောင်မှာ ထိုက်ယီတောင် ဖြစ်လေသည်။ ထိုက်ယီတောင်သည် ချင်းရွှမ်တောင်၏ ထောင်ထွတ် (၅)ခုတွင် အမြင့်ဆုံးသော ထောင်ထွတ်တစ်ခု ဖြစ်သည်။
ထိုအချိန်… တောင်ပေါ်မှာ တာအိုဆရာ လူငယ်လေးတစ်ယောက် ဆင်းလာသည်ကို ဆန်းလျန် တွေ့မြင်လိုက်ရသည်။
ထိုလူငယ်လေး၏ ပုံပန်းသဏ္ဍန်က သာမန်ပင်ဖြစ်သော်လည်း မျက်ဝန်းအစုံကတော့ ဓားသွားအလား တောက်ပလျှက် ရှိလေသည်။
ထိုမျက်လုံးများက တာအိုဆရာလူငယ်ကို ထူးခြားစေသည့်အချက် ဖြစ်လေသည်။
ထိုလူငယ်လေးထံမှ ဓားတန်ခိုးစွမ်းအားများထွက်ပေါ်နေသည်ကို ဆန်းလျန် ခံစားနေရပြီး ဓားတန်ခိုးစွမ်းအားများသည် လူငယ်လေး၏ သွေးကြောဆုံချက်များအားလုံးသို့ ပျံ့နှံ့လျှက် ရှိလေသည်။
"လူငယ်လေး ယွမ်ချင်း ၊ တာအိုဆရာသခင်ကြီးရဲ့ အမိန့်အရ အခုရောက်လာတဲ့ ဧည့်သည်တော်ကို တောင်ပေါ်ကို ဖိတ်ခေါ်ခဲ့ပါ…"
တာအိုဆရာသခင်ထိုက်ယီ၏ ဖိတ်ခေါ်စကားကြောင့် ယွမ်ချင်း ဆန်းလျန်ကို လာရောက်ကြိုဆိုရခြင်း ဖြစ်လေသည်။
ယွမ်ချင်းက ဆန်းလျန်ကို ဂါရဝပြုခြင်းလည်းမရှိသလို စကားပြောဆိုခြင်းလည်း မရှိပေ။ သူက ဆန်းလျန်ကို တိတ်တဆိတ် လေ့လာနေလေသည်။
ယွမ်ချင်း ထိုက်ယီတောင်ထိပ်သို့ရောက်ရှိသည်မှာ (၃)နှစ်ခန့် ရှိပြီ ဖြစ်လေသည်။ တာအိုဆရာသခင်ထိုက်ယီကို ယွမ်ချင်းက အလွန်ယုံကြည်လေးစားသူ ဖြစ်လေသည်။
(၃)နှစ်တာကာလအတွင်း တာအိုဆရာသခင်ထိုက်ယီသည် ကျင့်ကြံခြင်းလမ်းအဆုံးသို့ ရောက်ရှိနေပြီ ဖြစ်ပြီး ဗုဒ္ဓကဲ့သို့ သံသရာကိုကျော်လွန်သူတစ်ယောက်ဖြစ်ကြောင်း ယွမ်ချင်း ကောင်းကောင်းသိခဲ့သည်။
ထို့ပြင်… (၃)နှစ်ဆိုသော အချိန်ကာလအတွင်းတွင် တာအိုဆရာသခင်ထိုက်ယီကိုယ်တိုင် တောင်ပေါ်သို့ ဖိတ်ခေါ်သည့် နတ်ဘုရားဆို၍ တစ်ယောက်မှ မရှိခဲ့ပေ။
အချို့ တာအိုဆရာများကတော့ တာအိုဆရာသခင်ထိုက်ယီသည် မာနကြီးရုံသာမက အခြားသော တာအိုဆရာများကိုလည်း လေးစားမှုမရှိဟု ဝေဖန်ပြစ်တင်ကြသည်။
ထို့ကြောင့် တာအိုဆရာသခင်ထိုက်ယီကိုတိုင် ဖိတ်ခေါ်ကြိုဆိုလိုက်သည့် သူ့ရှေ့မှ နတ်ဘုရားကို ယွမ်ချင်း အလွန်စိတ်ဝင်စားနေခဲ့လေသည်။
ယွမ်ချင်းစကားမပြောခင်မှာပင် ဆန်းလျန်က ရှေ့သို့ ခြေတစ်လှမ်းတိုးလိုက်ပြီး…
"တောင်ပေါ်ကို သွားကြမယ်လေ…"
ဟု အေးဆေးသည့်လေသံဖြင့် ပြောလိုက်လေသည်။
ဆန်းလျန်၏ စကားကိုကြားရပြီးသည့်နောက် ယွမ်ချင်း၏အတွေးများ ရုတ်တရက် ရပ်တန့်သွားလေသည်။
သူ သတိလက်လွတ်ဖြင့် ဆန်းလျန်ကို တောင်ပေါ်သို့ လမ်းပြခေါ်ဆောင်သွားလေသည်။ နောက်ဆုံးတော့ ကျယ်ပြန့်သည့် ကျောက်လွင်ပြင်ကြီးတစ်ခုရှိရာနေရာသို့ သူတို့ ရောက်ရှိလာကြလေသည်။
ကျောက်လွင်ပြင်ကြီးထက်တွင် တာအိုကျင့်ကြံသူများစွာ နှစ်ယောက်တစ်အုပ်စု ၊ သုံးယောက်တစ်အုပ်စုဖြင့် ထိုင်နေကြပြီး ရယ်မောစကားပြောလျှက် ရှိကြလေသည်။
ထိုက်ယီတောင်ထိပ်သည် အလွန်တရာ မြင့်မားသည့် တောင်ထိပ်တစ်ခုဖြစ်လေရာ တာအိုကျောင်းတော်ပတ်ပတ်လည်တွင် တိမ်များက ပျံသန်းနေကြပြီး မြူခိုးငွေ့များလည်း လွင့်မျောလျှက် ရှိလေသည်။
အလွန်မှ လွတ်လပ်ပေါ့ပါးမှုကို ခံစားရစေသည်။
ယွမ်ချင်းက ဆန်းလျန်ကို ကြိုဆိုခေါ်ဆောင်လာသော်လည် အခြားသူများက ဆန်းလျန်ကို အာရုံစိုက်ခြင်း မရှိကြပေ။
တာအိုဆရာသခင်ထိုက်ယီတရားဟောပြောသည်ကို လာရောက်နားထောင်သည့် နတ်ဘုရားတစ်ပါးဟုပင် ထင်မှတ်ကာ သူတို့က ဧည့်သည်လာသည်ကို အရေးမလုပ်ကြခြင်း ဖြစ်လေသည်။
သိပ်မကြာမီ နောက်ထပ် ကျင့်ကြံသူအချို့လည်း ထပ်မံရောက်ရှိလာကြသည်။
ထိုအချိန်မှာပင်… ယွမ်ချင်း သတိပြန်ဝင်လာလေသည်။ သူ ရုတ်တရက် သတိလက်လွတ်ဖြစ်သွားသည့်အကြောင်းကို စဉ်းစားလိုက်မိသည်။
သို့သော်… သူက ထိုအကြောင်းကို သေသေချာချာ မစဉ်းစားနိုင်သေးဘဲ ဆန်းလျန်ကို စကားပြောလိုက်သည်။
"တာအိုဆရာသခင်ကြီး တရားဟောပြောဦးမှာဖြစ်လို့ ပြီးဖို့ အချိန်နည်းနည်း ကြာလိမ့်မယ် ၊ ဒီမှာပဲ ခဏလောက်စောင့်ပေးပါ…"
ဆန်းလျန်က ခေါင်းညိတ်လိုက်ပြီး နေရာတစ်နေရာရှာကာ ထိုင်လိုက်လေသည်။
ဆန်းလျန် ထိုင်လိုက်သည့်နေရာကိုကြည့်ပြီး ယွမ်ချင်း ဘာပြောရမှန်းမသိ ဖြစ်သွားလေသည်။
အကြောင်းမှာ ဆန်းလျန်ထိုင်လိုက်သည့်နေရာသည် တာအိုဆရာသခင်ကြီး အပတ်စဉ်တရားဟောပြောသည့်နေရာနှင့် အတော်အတန်နီးကပ်ပြီး မျက်နှာချင်းဆိုင်တည့်တည့်တွင် ရှိသောကြောင့် ဖြစ်သည်။
တာအိုဆရာသခင်ကြီး၏ မျက်လုံးထဲတွင် လေးစားခြင်းကိုလည်းမတွေ့မြင်ရသလို အထင်သေးခြင်းကိုလည်း မတွေ့မြင်ရပေ။
သို့သော် သေသေချာချာထိုင်ပြီးကြည့်မည်ဆိုပါက တာအိုဆရာသခင်ကြီး စတင်တရားဟောသည့်အချိန်တွင် တာအိုစွမ်းအားများက နေရာအနှံ့သို့ ပျံ့နှံ့သွားသည်ကို ခံစားရမည် ဖြစ်လေသည်။
ထိုမျှ နက်ရှိုင်းသည့် တန်ခိုးစွမ်းအားများကို တာ့လော်အဆင့် နတ်ဘုရားများသည်ပင် ခံနိုင်ရည်မရှိကြပေ။
တာအိုဆရာသခင်ထိုက်ယီ တရားဟောပြောသည်ကို ကျန့်ယွမ်ကျီနတ်မင်းကြီး တစ်ကြိမ်လာရောက် နားထောင်စဉ်က ဆန်းလျန်ထိုင်သည့်နေရာထက် အတော်ဝေးသည့်နေရာတွင်ပင် ထိုင်ခဲ့လေသည်။
ယွမ်ချင်းက ဆန်းလျန်ကို သတိပေးလျှင်ကောင်းမည်လားဟု စဉ်းစားလိုက်မိသည်။
သို့သော်… ယွမ်ချင်းစကားမပြောမီမှာပင် လူတစ်ယောက်က…
"အသစ်ရောက်လာတဲ့မိတ်ဆွေ… ကျုပ်တို့နဲ့ အတူလာထိုင်ပါလား…"
ဆန်းလျန်က ထိုသူပြောသည့်စကားကို မကြားဟန်ဖြင့် မျက်လုံးကို မှိတ်ထားလိုက်ပြီး မည်သည့်စကားမှ ပြန်လည်ပြောဆိုခြင်း မရှိပေ။
စကားပြောလိုက်သည့်သူ မည်သူဖြစ်သည်ကို ယွမ်ချင်း ကောင်းကောင်း မှတ်မိလိုက်သည်။
ထိုသူမှာ တောင်ပေါ်သို့ လွန်ခဲ့သည့်တစ်လခန့်က ရောက်လာသည့် ကျင့်ကြံသူတစ်ယောက် ဖြစ်လေသည်။
ထိုသူထံမှ သတ်ဖြတ်လိုသည့်အငွေ့အသက်များထွက်ပေါ်လျှက်ရှိပြီး တာအိုတရားလာရောက်နားထောင်ကြသူများထဲတွင် မြင်သာထင်သာရှိသူတစ်ယောက် ဖြစ်သည်။
သို့သော်… ထိုသူ တောင်ပေါ်သို့ ရောက်လာကတည်းက ပြဿနာတစ်ခုတစ်လေပင် ရှာခြင်းမရှိဘဲ အခြားသူများကိုလည်း ယဉ်ယဉ်ကျေးကျေးဆက်ဆံလေ့ ရှိလေသည်။
***