← Chapters

ကျုပ်ကဒီနေရာကမဟုတ်ဘူး

Vol. 10 Ch. 986

ကျုပ်ကဒီနေရာကမဟုတ်ဘူး

Vol. 10 Ch. 986

ထိုသူစကားပြောလှမ်းပြောသည်ကို ဆန်းလျန်က မသိချင်ယောင်ဆောင်လိုက်သည့်အတွက် ထိုသူ၏မျက်နှာ မဲမှောင်သွားလေတော့သည်။

တစ်ချိန်တည်းမှာပင် ထိုသူထံမှ သွေးရနံ့များထွက်ပေါ်လာပြီး ပတ်ပတ်လည်တွင်ထိုင်နေကြသည့် တာအိုဆရာများမှာ သွေးရနံ့များကို ချက်ချင်းခံစားလိုက်မိကြသည်။

အမှန်တကယ် သွေးများထွက်လာခြင်း မဟုတ်ပေ။ ထိုသူက တန်ခိုးစွမ်းအားဖြင့် ပတ်ဝန်းကျင်တစ်ခုလုံးကို ထင်ယောင်ထင်မှားဖြစ်စေရန် ပြုလုပ်လိုက်ခြင်း ဖြစ်လေသည်။

လူအများက တအံ့တသြဖြင့် ရေရွတ်လိုက်ကြသည်။

ထိုသူ၏ ကျင့်ကြံခြင်းအဆင့်မြင့်မားသည်ကို သိရှိကြသော်လည်း ထိုမျှ တန်ခိုးစွမ်းအားမြင့်မားလိမ့်မည်ဟု ထင်မထားခဲ့ကြသောကြောင့် ဖြစ်သည်။

ထိုသူ ဒေါသထွက်သွားပြီကို ယွမ်ချင်း ရိပ်စားမိလိုက်သည်။

ဆန်းလျန် မည်မျှ တန်ခိုးစွမ်းအားမြင့်မားသည်ကို ယွမ်ချင်း မသိရှိပေ။ သို့သော်… ဆန်းလျန်မှာ တာအိုဆရာသခင်ကြီးကိုယ်တိုင်ဖိတ်ခေါ်ထားသည့် ဧည့်သည်တော်ဖြစ်လေရာ ထိုသူနှင့်ဆန်းလျန် အချေအတင် ပြဿနာဖြစ်မည်ကို ယွမ်ချင်း မလိုလားပေ။

ထို့ကြောင့် ယွမ်ချင်းက ထိုသူ၏ရှေ့သို့သွားလိုက်ပြီး…

"တာအိုရောင်းရင်း ဟွမ်ချွမ်ကျီ…"

ဟု ခေါ်လိုက်လေသည်။

ထိုသူသည် တောင်ပေါ်သို့တက်လာကတည်းက သူ၏နာမည်ရင်းကို ထုတ်ဖော်ပြောဆိုခဲ့ခြင်း မရှိပေ။ သို့သော်… သူ ကျင့်ကြံခဲ့သည့် လမ်းစဉ်က ဟွမ်ချွမ်နတ်ဆိုးဂိုဏ်းမှ လမ်းစဉ်ဖြစ်လေသည်။

ထို့ကြောင့် အခြားသူများက သူ့ကို ဟွမ်ချွမ်ကျီဟု ခေါ်ဆိုကြပြီး သူကလည်း ထိုသို့ ခေါ်ဆိုသည်ကို ငြင်းဆန်ခြင်း မရှိခဲ့ပေ။

ဟွမ်ချွမ်ကျီက…

"ကျုပ် စိတ်ဆိုးဒေါသထွက်တာ မဟုတ်ပါဘူး ၊ သူထိုင်တဲ့နေရာက တာအိုဆရာသခင်ကြီးနဲ့ နီးကပ်နေတော့ တန်ခိုးစွမ်းအားဒဏ်မခံနိုင်ဘဲ တစ်ခုခုဖြစ်သွားမှာ စိုးရိမ်လို့ပါ…"

ယွမ်ချင်းက ခေါင်းတစ်ချက်ညိတ်လိုက်ပြီး…

"တာအိုရောင်းရင်း တောင်ပေါ်ရောက်တာ (၁)လကျော်ပြီ မဟုတ်လား ၊ အခြားသူတွေနဲ့လည်း တစ်ခါမှ ပြဿနာ မတက်ခဲ့ဖူးဘူး ၊ စောစောက ဖြစ်ရပ်ကိုလည်း ကျုပ် အကုန်မြင်ပါတယ် ၊ ခင်ဗျားဆီက သွေးရနံ့တွေထွက်ပေါ်လာတော့ ကျုပ်လည်း စိတ်ပူသွားတာပေါ့ ၊ ဒါကြောင့် စကားလာပြောရတာပါ ၊ တာအိုရောင်းရင်းက အခြားသူတွေနဲ့ မတူဘူးလေ ၊ ပြီးတော့ ဒီမိတ်ဆွေအသစ်က တာအိုဆရာသခင်ကြီးကိုယ်တိုင် ဖိတ်ခေါ်ထားတဲ့သူပါ ၊ အဲဒီတော့ သူအဲဒီမှာထိုင်တယ်ဆိုလည်း အဆင်ပြေပါတယ်…"

ယွမ်ချင်းက စိတ်စွမ်းအားဖြင့်စကားပြောခြင်းမဟုတ်ဘဲ ဒီအတိုင်းအသံထုတ်လွှတ်စကားပြောလိုက်ခြင်း ဖြစ်သည့်အတွက် သူပြောသည့်စကားကို ပတ်ဝန်းကျင်မှ လူများအားလုံး သေသေချာချာ ကြားလိုက်ကြရသည်။

ထိုက်ယီတောင်ထိပ်သို့ ရောက်ရှိလာကြသူ အားလုံးမှာ တာအိုတရားကိုလာရောက်နားထောင်ကြသူများဖြစ်ကြပြီး အနည်းနှင့်အများ သိုင်းပညာလည်း တတ်မြောက်သူများ ဖြစ်ကြသည်။

ထို့ကြောင့် ပျော်ရွှင်စွာနေတတ်ကြပြီး စိတ်ဆိုးဒေါသထွက်လျှက်လည်း လက်ပါ တတ်ကြသူများ ဖြစ်လေသည်။

ယခုတော့ ယွမ်ချင်း၏စကားကြောင့် သူတို့အားလုံး ဆန်းလျန်ကို အာရုံစိုက်မိလိုက်ကြသည်။

တာအိုဆရာသခင်ထိုက်ယီကိုယ်တိုင် တောင်ပေါ်သို့ ဖိတ်ခေါ်သည့် ဧည့်သည်တော်ဆိုသည်မှာ ထူးခြားဖြစ်ရပ်တစ်ခုဖြစ်ကြောင်း သူတို့အားလုံး သိရှိလိုက်ကြလေသည်။

ဤသည်ကိုကြည့်ခြင်းအားဖြင့် ဆန်းလျန်သည် သာမန်နတ်ဘုရားတစ်ပါး မဟုတ်သည်မှာ သိသာလွန်းလှသည်။

သို့သော်… လောကတွင် ထိုသို့ မှတ်ကျောက်တင်လောက်သည့် နတ်ဘုရားတစ်ပါးရှိနေသည်ကို သမိုင်းတစ်လျှောက် သူတို့ အဘယ့်ကြောင့် မသိရှိခဲ့ကြပါသနည်း။

ယွမ်ချင်း၏ စကားကို ကြားပြီးသည့်နောက် ဆန်းလျန် ထိုနေရာတွင်ထိုင်သည်ကို သူတို့ အထွန့်မတက်ရဲကြတော့ပေ။

ထိုနတ်ဘုရားသည် ရွှေလား ကျောက်တုံးလားဆိုသည်ကို တာအိုဆရာသခင်ထိုက်ယီ တန်ခိုးထုတ်ဖော်သည့်အခါ သူတို့အားလုံး သိရှိမြင်တွေ့ရမည်ပဲ ဖြစ်လေသည်။

ဟွမ်ချွမ်ကျီက ချက်ချင်းပင် သူထုတ်လွှတ်ထားသည့် သွေးရနံ့များကို ပြန်လည်ရုတ်သိမ်းလိုက်သည်။

"အခုလိုပြောပြလို့ ကျေးဇူးတင်ပါတယ်…"

ထို့နောက် သူက မျက်လုံးများကိုမှိတ်လိုက်ပြီး ဆန်းလျန်ကို အရေးမလုပ်တော့ဘဲ တာအိုဆရာသခင်ကြီး တရားဟောပြောမည့်အချိန်ကိုသာ စောင့်မျှော်နေလေတော့သည်။

ဟွမ်ချွမ်ကျီ ယခုကဲ့သို့ နောက်ဆုတ်သွားခြင်းကို မည်သူမှ လှောင်ပြောင်ရှုံ့ချခြင်း မပြုလုပ်ကြပေ။ သူတို့သည်လည်း ဟွမ်ချွမ်ကျီနေရာတွင်ဆိုလျှင် ထိုသို့ ပြုလုပ်ကြမည်ပဲ ဖြစ်လေသည်။

ကျင့်ကြံသူလောကတွင် မိမိထက် တန်ခိုးစွမ်းအားမြင့်မားသူကို ရင်ဆိုင်ရသည့်အခါ နာမည်နှင့်သိက္ခာထက် အမှန်တရားကပိုမိုအရေးကြီးသည် မဟုတ်ပါလား။

ဆန်းလျန်ကတော့ ထိုသူများပြောဆိုတွေးတောနေကြသည့်ကိစ္စများနှင့်ပတ်သက်ပြီး လုံး၀ အရေးစိုက်ခြင်း မရှိပေ။

အချိန်ရေစီးကြောင်းတစ်လျှောက်တွင် ဆန်းလျန်နှင့် ရင်ဆိုင်နိုင်သည့်သူ သိပ်မရှိလှပေ။

အတိတ်တွင်ပတ်သက်ခဲ့ခြင်းမရှိလျှင် ဆန်းလျန် သမိုင်းကြောင်းထဲမှ အတိတ်တစ်ချိန်သို့ အချိန်ခရီးထွက်လာသည့်တိုင် တာအိုဆရာသခင် ထိုက်ယီကို တွေ့ခွင့်ရမည် မဟုတ်ပေ။

သူရောက်ရှိလာသည်မှာ အတိတ်တစ်ချိန် တာအိုဆရာသခင်ကြီး (၈)ပါး ပျောက်ကွယ်ရန် အစပြုနေသည့်အချိန်သို့ ရောက်ရှိလာခဲ့ခြင်း ဖြစ်လေသည်။

လောကတွင် တာအိုဆရာသခင်ကြီးတစ်ပါး အစစ်အမှန် မြင်တွေ့ရန်မှာ ရုတ်တရက် လေထဲမှ ဘွားကနဲ ထွက်ပေါ်လာခြင်းမျိုးတော့ မဖြစ်နိုင်ပေ။

ဆန်းလျန်ကို ဖယ်ထုတ်ပစ်ချင်လျှင် တာအိုဆရာသခင်ကြီး (၈)ပါး၏ တည်ရှိမှုကို ပြန်လည် ပြုပြင်ကြရမည်ဖြစ်ပြီး အတိတ်၊ ပစ္စုပ္ပန်နှင့်အနာဂတ်တို့၏ ညီညွတ်မှုကို ထိန်းညှိရမည် ဖြစ်သည်။

သို့သော်… ဆန်းလျန၏လုပ်ရပ်က ပိုမိုအံ့သြစရာကောာင်းလေသည်။ သူက တာအိုဆရာသခင်ကြီးများ များရေးသားသည့်သမိုင်းကိုပြောင်းလဲလိုခြင်း ဖြစ်သည်။

ချင်းရွှမ်နတ်တံခါးသည် လောကတွင် တည်ရှိနေဆဲ ဖြစ်ပေလိမ့်မည်။ သို့သော်… တာအိုဆရာသခင်ထိုက်ယီနှင့်တော့ ပတ်သက်မှုရှိတော့မည် မဟုတ်ပေ။

ရှေးခေတ်အချိန်အခါကတည်းကပင် တာအိုဆရာသခင်ကြီးတစ်ပါးမဟုတ်ဘဲ တာအိုဆရာသခင်ကြီးတစ်ပါးကို စိန်ခေါ်ရဲသူ တစ်ယောက်မှ မရှိခဲ့ဖူးပေ။

တာအိုဆရာသခင်ကြီးများကို စိန်ခေါ်လျှင် နိုင်ချေမရှိဘဲ ရှုံးနိမ့်မည်သာဖြစ်သည်ဟူ၍ မှတ်ယူထားကြသည်။

သို့သော်… တာအိုဆရာသခင်ကြီးများကို ဆန့်ကျင်ခြင်းက ဆန်းလျန်အတွက် ပထမဆုံးအကြိမ်မဟုတ်သလို ပထမဆုံးအကြိမ် အတွေ့အကြုံလည်း မဟုတ်ပေ။

ဆန်းလျန်က သတ္တိကြောင်သူမဟုတ်သည့်အတွက် ယခုအချိန်ထိ ခြေလှမ်းလှမ်းလာနိုင်ခဲ့ခြင်း ဖြစ်သည်။

ဆန်းလျန်က တာအိုဆရာသခင်ကြီးတစ်ပါးကို စိန်ခေါ်လျှင် နိုင်ချေမည်မျှရှိမည်ကိုလည်း တွက်ချက်မထားခဲ့ပေ။ အကြောင်းမှာ… အလုပ်တစ်ခုကိုလုပ်မည်ဆိုလျှင် အနိုင်နှင့်အရှုံး (၂)ခုသာရှိပြီး မနိုင်လျှင် သေချာပေါက် ရှုံးရမည်ကို သိရှိထားသောကြောင့် ဖြစ်လေသည်။

မည်မျှ အချိန်ကြာကြာစောင့်ဆိုင်းနေရသည်မသိပေ။ လေထုက တဖြည်းဖြည်းအေးစက်စွတ်စိုလာလေသည်။ တောင်တစ်ခွင်လုံး အေးစိမ့်သည့်အငွေ့အသက်များ သိသိသာသာ ဖုံးလွှမ်းလာလေ၏။

သို့သော်… တောင်ပေါ်သို့ ရောက်ရှိနေသည့် ကျင့်ကြံသူများမှာ အပူဒဏ် ၊ အအေးဒဏ်များကို ခံနိုင်ရည်ရှိကြသူများ ဖြစ်လေသည်။

ထို့ကြောင့် … သူတို့အတွက် မည်မျှအေးသည့်ရာသီဥတုဖြစ်ပါစေ မည်သို့မှ မခံစားကြရပေ။

သို့သော်… အသက်ဓာတ်စွမ်းအားများ ပြောင်းလဲသွားသည်ကိုတော့ ကျင့်ကြံသူများအားလုံး သတိထားလိုက်မိကြလေသည်။

လေထဲတွင်ရှိနေသည့် စိုထိုင်းဆသည် ပြင်းထန်သည့်အသက်ဓာတ်စွမ်းအားအဖြစ် သိပ်သည်းသွားပြီး ဝိညာဉ်စွမ်းအား နှင်းစက်လေးများအဖြစ် ဖြစ်တည်လာလေသည်။

ပုံမှန်အားဖြင့်ဆိုလျှင် တာအိုဆရာသခင်ထိုင်ယီ တရားဟောပြောလျှင် အသက်ဓာတ်စွမ်းအားများ သိပ်သည်းသွားတတ်ပြီး လက်ရှိထက် အဆထောင်ပေါင်းများစွာ နှင်းရည်များ ပျံ့နှံ့သွားတတ်လေသည်။

သို့သော်… ယခင်အချိန်က ဖြစ်တည်လာသည့်နှင်းစက်များထံမှ အသက်ဓာတ်စွမ်းအားများကို စုပ်ယူနိုင်၍ ရလေသည်။ ယခုနှင်းစက်များအတွင်းမှ အသက်ဓာတ်စွမ်းအားများက စုပ်ယူ၍မရဘဲ အေးခဲသိပ်သည်းလျှက် ရှိသည်။

ထို့ကြောင့် ကျင့်ကြံသူများ၏ စိတ်ထဲတွင် သံသယများဝင်လာကြလေသည်။ သို့သော်… ထိတ်လန့်တုန်လှုပ်ခြင်းတော့ မဖြစ်မိကြသေးပေ။

အမှန်တော့ လောကတွင် ထိုက်ယီတောင်ထွတ်သို့ ရောက်လာနိုင်သူက ခပ်ရှားရှားဖြစ်လေသည်။ ထို့အတူ ထိုက်ယီတောင်ထွတ်ထက် ပြီးပြည့်စုံသည့်နေရာ လောကတွင် ရှိမည်မဟုတ်ပေ။

အကြောင်းမှာ တာအိုဆရာသခင်ထိုက်ယီ ဤနေရာတွင် တရားဟောပြောသောကြောင့် ဖြစ်လေ၏။

သို့သော်… ရုတ်တရက်ဖြစ်ပေါ်သွားသည့် ပြောင်းလဲမှုကြောင့် အားလုံး၏ စိတ်ထဲတွင် သိချင်စိတ်များ တဖွားဖွား ဖြစ်ပေါ်လာကြသည်။

ယွမ်ချင်းကလည်း အပြောင်းအလဲများဖြစ်ပေါ်လာသည်ကို သတိထားလိုက်မိပြီး ဆန်းလျန်ကို တစ်ချက်လှမ်းကြည့်လိုက်လေသည်။

ဆန်းလျန်ကတော့ မည်သည့်ထူးခြားချက်ကိုမှ အရေးမစိုက်သည့်အလား ပုံမှန်ပင် ထိုင်လျှက် ရှိလေ၏။

ထို့နောက် ယွမ်ချင်းက ခေါင်းကိုလှည့်ပြီး ဟွမ်ချွမ်ကျီကို လှမ်းကြည့်လိုက်သည်။ ဟွမ်ချွမ်ကျီ၏ မျက်လုံးများထဲတွင် သံသယအရိပ်အမြွက်များဖြင့် ပြည့်နေပြီး သူ၏အကြည့်က ဆန်းလျန်ထံတွင် စူးစိုက်ကျရောက်နေလေသည်။

ယွမ်ချင်းမှာ အတော်လေးထူးဆန်းသွားပြီး ဆန်းလျန်ကို နောက်တစ်ကြိမ် ထပ်မံကြည့်ရှုလိုက်သည်။

ဟွမ်ချွမ်ကျီ အံ့အားသင့်မည်ဆိုလျှင်လည်း အံ့အားသင့်လောက်ပေသည်။

အကြောင်းမှာ နှင်းစက်များသည် ဆန်းလျန်ခန္ဓာကိုယ်ပေါ်သို့ ကျရောက်ခြင်းမရှိသလို ဆန်းလျန်ကိုလည်း စွတ်စိုစေခြင်း မရှိသောကြောင့် ဖြစ်လေသည်။

ပထမတော့ ယွမ်ချင်း သတိမထားခဲ့မိပေ။

ဟွမ်ချွမ်ကျီ၏ အကြည့်များကို တွေ့မြင်လိုက်ရမှ ဆန်းလျန်ကို သတိထားလိုက်မိခြင်း ဖြစ်သည်။

ယွမ်ချင်းမှာ သိချင်စိတ်ကို ထိန်းချုပ်မထားနိုင်တာ့ဘဲ ရိုင်းစိုင်းသည့် အပြုအမူတစ်ခုကို ပြုလုပ်လိုက်မိလေတော့သည်။

ကျင့်ကြံသူများကြားတွင် ကြီးမားသည့် တန်ခိုးစွမ်းအားကွာဟချက်မရှိလျှင် နတ်ဘုရားစိတ်အာရုံကိုအသုံးပြုပြီး အခြားကျင့်ကြံသူများကို စမ်းသပ်ကြည့်နိုင်သည်။

သို့သော်… ယွမ်ချင်းက သူ၏ နတ်ဘုရားစိတ်အာရုံကို အသုံးပြုပြီး ကြည့်ရှုလိုက်သည့်တိုင် ဆန်းလျန်၏ တန်ခိုးစွမ်းအား နက်ရှိုင်းမှုကို လုံး၀ သိမြင်အောင်ကြည့်နိုင်ခဲ့ခြင်း မရှိပေ။

ယွမ်ချင်းက လက်မလျှော့သေးဘဲ ဆန်းလျန်၏ စိတ်ကို ထပ်မံကြည့်ရှုပြီး ဆန်းလျန်၏ ခန္ဓာကိုယ်တွင် ဖြစ်ပျက်နေသည့် အခြေအနေကို လေ့လာလိုက်ပြန်သည်။

ယွမ်ချင်းက ရပ်တန့်ခြင်းမရှိဘဲ နတ်ဘုရားစိတ်အာရုံများကို အဆက်မပြတ်ထုတ်လွှတ်နေလေသည်။

ယွမ်ချင်း၏ စိတ်ဝိညာဉ်က အခြားသူများထက် များစွာပိုမိုပြီး သန်မာလေသည်။ ထို့ပြင် သူက မယုံကြည်နိုင်စရာကောင်းသည့် ပါရမီရှင်တစ်ယောက်လည်း ဖြစ်သည်။

သူ ကျင့်စဉ်လမ်းသို့ ဝင်ရောက်ခဲ့ပြီးသည့်နောက် သူ၏ ဝိညာဉ်စွမ်းအားကောင်းမွန်မှုအပေါ်တွင်မူတည်ကာ ကျင့်ကြံခြင်းသည်လည်း လွယ်ကူချောမွေ့ခဲ့ခြင်း ဖြစ်သည်။

ထို့ပြင် ယွမ်ချင်းက သူ၏တန်ခိုးစွမ်းအားကို ကိုယ်တိုင်နားလည်သူတစ်ယောက်ဖြစ်သလို သူ၏ နတ်ဘုရားစိတ်အာရုံကို အသုံးပြုပြီး အခြားနတ်ဘုရားများကို စမ်းသပ်ခြင်း တော်ရုံဖြင့် ပြုလုပ်လေ့ မရှိပေ။

သို့သော်… ယခုတော့ သိချင်စိတ်ကို ထိန်းမရသည့်အတွက် နတ်ဘုရားစိတ်အာရုံများကို ထုတ်ဖော်ကာ ဆန်းလျန်ကို စမ်းသပ်လိုက်ခြင်း ဖြစ်လေသည်။

သို့ရာတွင်… ယွမ်ချင်းက အတိုင်းအဆကို သိရှိသူဖြစ်လေရာ နတ်ဘုရားစိတ်အာရုံကို ဝိညာဉ်စွမ်းအားဖြင့် ပေါင်းစပ်လိုက်ပြီး ဆန်းလျန်ရှိရာသို့ ဖြည်းဖြည်းချင်း ချဉ်းကပ်လာလေသည်။

သူ၏ နတ်ဘုရားစိတ်အာရုံဆန်းလျန်အနားသို့ ရောက်သည်အထိ အတားအဆီးတစ်ခုတလေပင် မတွေ့ရလေရာ သူက ဆန်းလျန် အင်္ကျီအဝတ်ထောင့်သို့ အသာထိကြည့်လိုက်လေသည်။

သိလိုက်ရသည့်အဖြေကြောင့် ယွမ်ချင်း အံ့သြခြင်းမက အံ့သြသွားပြီး မယုံကြည်နိုင် ဖြစ်သွားရသည်။

ထို့နောက် ယွမ်ချင်းက ဆန်းလျန်၏ ဝိညာဉ်တစ်ခုလုံးကို အပြန်ပြန်အလှန်လှန်ကြည့်ရှုပြီးနောက် နောက်ဆုံး သုံးသပ်ချက်ကို အတည်ပြုလိုက်သည်။

ဆန်းလျန်သည် သူထိုင်နေသည့်နေရာတွင် လုံး၀ တည်ရှိခြင်း မရှိပေ။ "မရှိမှုတရား" အလား ခံစားလိုက်ရလေသည်။

သို့သော်… တာအိုဆရာသခင်ထိုက်ယီ တရားဟောကြားမည့်နေရာနှင့်မနီးမဝေးတွင် ထိုင်နေသည့် ဆန်းလျန်ကိုတော့ သူ့မျက်ဝန်းများနှင့် သေသေချာချာ မြင်တွေ့နေရလေသည်။

သို့ရာတွင်… ဆန်းလျန်၏ ဝိညာဉ် ၊ အသက်ရှူသံ အစရှိသည့် တည်ရှိမှုတရားကို သူလုံးဝ  ရှာဖွေတွေ့ရှိခဲ့ခြင်း မရှိပေ။

လောကတွင် အသက်ရှူသံကို ထိန်းချုပ်ထားနိုင်သည့် တန်ခိုးစွမ်းအားမြင့်မားသူများ များစွာရှိကြသည်ကို ယွမ်ချင်းသိရှိထားသည်။

သို့သော်… နတ်ဘုရားစိတ်အာရုံထုတ်လွှတ်ပြီး စမ်းသပ်ကြည့်လျှင်တော့ တည်ရှိမှုတစ်ခုကို သေချာပေါက် အာရုံခံနိုင်မည် ဖြစ်လေသည်။

ယခု သူ၏ နတ်ဘုရားစိတ်အာရုံဖြင့် စမ်းသပ်ကြည့်လိုက်ခြင်းအတွက် ရလဒ်က ထိုပုဂ္ဂိုလ်၏ တုံ့ပြန်မှုက လုံး၀ တည်ရှိခြင်းမရှိဆိုသည့် တုံ့ပြန်မှုမျိုး ဖြစ်လေသည်။

သူ၏ နတ်ဘုရားစိတ်အာရုံလုံး၀ အမှားမရှိသည်ကို ယွမ်ချင်း အသိဆုံးဖြစ်သည်။

သူ့ရှေ့မှ ပုဂ္ဂိုလ်သည် ဤလောကတွင် အမှန်တကယ် တည်ရှိသူတစ်ယောက် မဟုတ်ပေ။ သူ့မျက်ဝန်းများဖြင့် မြင်တွေ့နေရသည့်တိုင် ထိုသူသည် အစစ်အမှန်မဟုတ်ပေ။

"ကျုပ်က ဒီလောကမှာ မတည်ရှိတာ မဟုတ်ပါဘူး ၊ ဒီနေရာက မဟုတ်လို့ပါ…"

ယွမ်ချင်း၏ စိတ်အာရုံထဲတွင် နွေဦးလေပြေအလား သာယာနာပျော်ဖွယ်ကောင်းလှသည့် အသံတစ်သံကို ကြားလိုက်ရလေသည်။

ဆန်းလျန်က သူ့ကိုကြည့်နေပြီး အပြုံးပါးပါးလေးတစ်ချက် ပြုံးလိုက်သည်ကို တွေ့မြင်လိုက်ရသည်။

တစ်ချိန်တည်းမှာပင် ဆန်းလျန် စိတ်ထဲမှ သက်ပြင်းတစ်ချက်ချလိုက်မိလေသည်။

နောင်တစ်ချိန်တွင်… ဆရာဘိုးဘိုးယွမ်ချင်းဟူ၍ ဆန်းလျန်တို့၏ ဘိုးဘေးဆရာသခင်ဖြစ်လာမည့် ယွမ်ချင်း ၊ ယွမ်တုဓားမှ လူသားအဖြစ်ပြန်လည်ဝင်စားထားသည့် ယွမ်ချင်းဆိုသူသည် နောင်နှစ်ပေါင်း အသင်္ချေမက ကြာမြင့်သည့်အချိန်တွင် ပျက်စီးခြင်းသို့ ရောက်ရမည်ကို သူကိုယ်တိုင် မသိပါတကားဟု ဆန်းလျန် တွေးလိုက်မိသောကြောင့် သက်ပြင်းချလိုက်မိခြင်း ဖြစ်လေတော့၏။

***

All Chapters