သနားစရာသတ္တဝါ
Vol. 10 Ch. 987
ယွမ်ချင်းက ဆန်းလျန်ပြောသည့်စကားအဓိပ္ပါယ်ကို သေသေချာချာ စဉ်းစားကြည့်နေလေသည်။
ထိုသူက ဤနေရာမှမဟုတ်လျှင် မည်သည့်နေရာက ရောက်လာရပါသနည်း။ ထိုသူပြောသည့်စကာက ဤလောကကို ရည်ညွှန်းသည်လား ၊ အခြားတစ်နေရာကို ရည်ညွှန်းသည်လား မသေချာပေ။
ယွမ်ချင်း အပြင်းအထန်စဉ်းစားနေစဉ်မှာပင် သူ၏စိတ်အာရုံအတွင်းသို့ အေးစက်သည့်တန်ခိုးစွမ်းအားတစ်ခု ဝင်ရောက်လာပြီး ဆက်လက်စဉ်းစားခြင်းမပြုနိုင်ရန် တားဆီးထားလိုက်လေသည်။
စိုစွတ်သည့်အငွေ့အသက်များမှ ပြောင်းလဲသွားသည့်နှင်းရည်စက်များသည် အလေးချိန်အတော်လေးစီးပြီး တာအိုကျင့်ကြံသူများ၏ ဆံပင်များထက်တွင် တွဲလဲခိုလျှက် ရှိကြလေသည်။
အသက်ဓာတ်စွမ်းအားများ သိပ်သည်းစွာပါဝင်သည့် နှင်းစက်များသည် သန့်စင်ခြင်းလည်း မရှိလေရာ မှုံမှိုင်းပြီး အလေးချိန်ကလည်း လေးလံလှသည်။
တာအိုကျင့်ကြံသူများသည် ထိုနှင်းစက်များကို သူတို့၏ တန်ခိုးစွမ်းအားများဖြင့် ဖယ်ရှားပစ်နိုင်ခြင်းငှာ မတတ်နိုင်ကြပေ။
အချို့တန်ခိုးစွမ်းအားနည်းပါးသည့် တာအိုကျင့်ကြံသူများဆိုလျှင် ချက်ချင်းပင် နှင်းရည်စက်များဒဏ်ကိုမခံနိုင်ဘဲ သတိလစ်မိန်းမောကုန်ကြလေသည်။
သို့သော်… တန်ခိုးစွမ်းအားနက်ရှိုင်းပြီး စိတ်စွမ်းအားကောင်းသည့် တာအိုကျင့်ကြံသူများကတော့ တောင့်ခံနိုင်စွမ်း ရှိကြသည်။
ဟွမ်ချွမ်ကျီ၏ ခန္ဓာကိုယ်တွင် သွေးများချင်းချင်းနီရဲနေပြီး နှင်းရည်စက်များ၏ ဖိအားကို တောင့်ခံနေလေသည်။ ဟွမ်ချွမ်ကျီက အခြားသူများထက်ပိုမိုပြီး စိတ်စွမ်းအားကောင်းမွန်သူဖြစ်ရာ သတိလစ်လဲကျသွားခြင်း မရှိသေးပေ။
သို့သော်… တောင့်ခံထားရုံကလွဲပြီး အခြားလှုပ်ရှားမှု မပြုနိုင်ခဲ့ပေ။
ထိုအရာများအားလုံးသည် ဆန်းလျန်အပေါ်တွင် သက်ရောက်မှုမရှိပေ။ ဆန်းလျန်က မျက်လုံးကိုဖွင့်လိုက်ပြီး အေးအေးဆေးဆေးပင် အရှေ့ဆီသို့ တစ်ချက်မျှော်ကြည့်လိုက်လေသည်။
သူ့နားထဲတွင် သိမ်မွေ့သည့်ဂီတသံအလား သာယာသည့်အသံတစ်သံကို ကြားလိုက်ရပြီး လောကရှိ သိသာစွာလှပသောအသံများစွာသည် ထိုအသံကို ယှဉ်နိုင်ကြလိမ့်မည် မထင်ပေ။
ထိုအသံက အံ့သြစရာကောင်းသည့် တာအိုလှုပ်ရှားမှုတစ်ခု ဖြစ်ပြီး လူသားများအား မသိလိုက်မသိဘာသာဖြင့် တာအိုနှင့်ပေါင်းစည်းသွားစေသည်။
လူသားများကို တာအိုကာရံညီနေသည့် သမုဒ္ဒရာထဲတွင် ကူးခတ်နေစေပြီး စိတ်ကျေနပ်စေသည့် သဘာဝတရားကို ခံစားရစေသည်။
ဆန်းလျန်ရှေ့မှ ဗလာနယ်သည် တဖြည်းဖြည်းဝေးကွာသွားအောင် ဆွဲဆန့်လိုက်သည့်အလား ခံစားလိုက်ရပြီး ကျယ်ပြန့်လွန်းသည့် စကြာဝဠာကြီးသည်လည်း နောက်ခံပုံရိပ်အဖြစ် ထင်ဟပ်လာလေသည်။
ကောင်းကင်ဘုံအရှင် တာအိုဆရာသခင်ကြီးသည် ကြယ်စင်များစုံလင်သည့် ကောင်းကင်ထက်တွင် မတ်တတ်ရပ်လျှက် ရှိပြီး နက်ရှိုင်းသည့်မျက်ဝန်းများက ခံစားချက်ကင်းမဲ့စွာဖြင့် ဆန်းလျန်ကို စိုက်ကြည့်နေခဲ့လေသည်။
ထိုက်ယီတောင်ထိပ်မှ သစ်ပင်များ ၊ ပန်းများနှင့် သစ်ရွက်များ တဖြည်းဖြည်းတုန်ခါလာကြပြီး ပင်ကိုယ်သိစိတ်အတွင်းမှ အံ့သြမိန်းမောမှုကို ခံစားရစေသည်။
နှစ်ပေါင်းများစွာ ကြာခဲ့ပြီးသည့်နောက် ယခုတော့ ဆန်းလျန် တာအိုဆရာသခင်ထိုက်ယီကို တွေ့ဆုံခဲ့ရပြီ ဖြစ်လေသည်။
စန့်ချင်တာအိုဆရာသခင်သည် နှစ်ပေါင်းအသင်္ချေမှ တစ်ကြိမ်ရရှိနိုင်သည့် ကြီးမားသည့်အောင်မြင်မှုကို ရရှိခဲ့သည်။ ထိုသို့သော အောင်မြင်မှုမျိုးကိုရရှိခဲ့သူဆို၍ လောကတွင် စန့်ချင်တာအိုဆရာသခင် တစ်ယောက်သာ ရှိသည်။
သို့သော်… မယုံကြည်နိုင်လောက်သော ၊ စိတ်ကူးဖြင့်ပင် မှန်းဆမရနိုင်သော ၊ ခန့်မှန်း၍မရနိုင်သော အံ့သြစရာများအားလုံးကို တာအိုဆရာသခင်ထိုက်ယီထံတွင် တွေ့မြင်ရလေသည်။ ထိုအံ့သြစရာများအားလုံး ပေါင်းစပ်လျှင်တောင်မှ တာအိုဆရာသခင်ထိုက်ယီကို ဖော်ကျူးရန်မှာ မစွမ်းသာပေ။
ဆန်းလျန် တာအိုဆရာသခင်ထိုက်ယီကို တွေ့မြင်ရသည့်အခါ ယခင်ကတွေ့မြင်ခဲ့သမျှ ဆန်းပြားအံ့သြစရာကောင်းလှပသည်ဆိုသည့် အရာအားလုံးသည် ဘာမှမဟုတ်တော့သည်ကို ခံစားသိရှိလိုက်ရသည်။
နောက်ဆုံးတော့ ဆန်းလျန်က စတင်စကားပြောလိုက်လေသည်။
တာအိုဆရာသခင်ကြီးတစ်ပါး၏ အောင်မြင်မှုကို လေးစားသောအားဖြင့် ဆန်းလျန်က စတင်စကားပြောလိုက်ခြင်းဖြစ်ပြီး ကြောက်ရွံ့ခြင်းတော့ မဖြစ်မိပေ။
"တာအိုဆရာသခင်ထိုက်ယီကို တွေ့မယ်လို့တောင် ကျုပ် မျှော်လင့်မထားခဲ့မိဘူး…"
ဆန်းလျန်၏ အသံကို ပတ်ဝန်းကျင်မှ တာအိုကျင့်ကြံသူများအားလုံး ကြားလိုက်ကြရသည်။
ဆန်းလျန်၏ လေသံက တာအိုကျင့်ကြံသူများထင်ထားသည်ထက် တည်ငြိမ်အေးဆေးလျှက်ရှိလေသည်။
ထို့ပြင် တာအိုဆရာသခင်ကြီးသည် ဤနေရာတွင် အကြိမ်ပေါင်းများစွာ တရားစကားဟောပြောခဲ့သည်ဖြစ်ရာ ဆန်းလျန်က "တာအိုဆရာသခင်ထိုက်ယီကို တွေ့မယ်လို့တောင် ကျုပ် မျှော်လင့်မထားခဲ့မိဘူး…" ဟု ပြောလိုက်သည့်စကားကို သူတို့အားလုံး နားလည်နိုင်ခြင်း မရှိကြပေ။
ဤစကားအရဆိုလျှင် ဆန်းလျန်ရောက်လာရသည့် မူလရည်ရွယ်ချက်မှာ တာအိုဆရာသခင်ထိုက်ယီကို တွေ့ဆုံရန်ဖြစ်ပြီး တာအိုဆရာသခင်ကြီး ဟောကြားသည့် တရားဓမ္မများကို သိချင်သည့်အတွက် ရောက်လာခြင်း မဟုတ်သည်မှာ ထင်ရှားနေသည်။
ဗုဒ္ဓသည် လောကီသတ္တဝါများအလယ်တွင် အသွင်အမျိုးမျိုးယူပြီး အတူတူရှိနေသည်ဟုဆိုသော်လည်း တကယ်တမ်း အစစ်အမှန်ဗုဒ္ဓကိုတွေ့ချင်သည်ဆိုလျှင် အနောက်ဘက်ကောင်းကင်ဘုံမှ လင်စန်းတောင်သို့ ရောက်အောင်သွားမှသာ တွေ့ရှိနိုင်မည် ဖြစ်သည်။
ယခုလည်း ထိုသို့ပင်ဖြစ်
"ဆန်းလျန်…"
မြင့်မြတ်ပြီးနက်ရှိုင်းသည့် ကောင်းကင်ဘုံအရှင်က ဆန်းလျန်၏ နာမည်ကို ခေါ်လိုက်လေသည်။
ခေါ်သံထွက်ပေါ်လာသည်နှင့် ကျင့်ကြံသူများမှာ တောင်ပေါ်တွင်ကျဆင်းနေသည့် နှင်းစက်များကို သတိရလိုက်မိကြသည်။
အေးစက်ပြီး တစ်ယောက်တည်းသီးသန့်ဖြစ်တည်ခြင်းကို အသံမှတစ်ဆင့် ခံစားနိုင်သည်။
သို့သော် တာအိုဆရာသခင်ကြီး၏ နှုတ်ဖျားမှထွက်လာသည့် ရိုးရှင်းသည့် စကားလုံး (၂)လုံးသည် သံကြိုးများအဖြစ် ပြောင်းလဲသွားပြီး ဆန်းလျန်၏ လက်များကို ချည်နှောင်ထားလိုက်လေသည်။
ထို သံကြိုးများသည် မည်သူမှမမြင်နိုင်ပေ။ ဆန်းလျန်ကိုယ်တိုင်သည်ပင် တွေ့မြင်နိုင်ခြင်း မရှိပေ။
သို့သော်… ထို သံကြိုးများသည် အမှန်တကယ်တည်ရှိပြီး ဆန်းလျန်ကို ရွေ့လျားနိုင်ခြင်းမရှိအောင် ချုပ်နှောင်ထားလိုက်လေသည်။
တာအိုဆရာသခင်ထိုက်ယီသည် ဆန်းလျန်ကို တွေ့တွေ့ချင်းမှာပင် အတော်လေး ကောင်းကောင်းမွန်မွန် ဆက်ဆံခဲ့ပါပေ၏။
တာအိုဆရာသခင်ကြီးသည် ဆန်းလျန်ကို တွေ့တွေ့ချင်းမှာပင် လက်နက်ချစေခဲ့ပြီ မဟုတ်ပါလား။
ဆန်းလျန်ကတော့ တာအိုဆရာသခင်ကြီးတစ်ပါး၏ တန်ခိုးစွမ်းအားနှင့် ရင်ဆိုင်လိုက်ရသည့်တိုင် အလွန်အမင်း တည်ငြိမ်အေးဆေးလျှက် ရှိလေသည်။
အရာအရာကို တတ်စွမ်းနိုင်သည့် တာအိုဆရာသခင်ကြီးတစ်ပါးက ထိုသံကြိုးများဖြင့် သူ့ကို ချည်နှောင်လိုက်ပြီး ပညာပြခြင်းမရှိလျှင်ပင် ဆန်းလျန်က အံ့အားသင့်နေဦးမည် ဖြစ်သည်။
ထိုအချိန် ဆန်းလျန်လက်ပေါ်သို့ ဓားအလင်းတန်းတစ်ခု ထိုးကျလာလေသည်။
ထိုအလင်းတန်းမှာ တာအိုဆရာသခင်ထိုက်ယီထံမှ ထွက်ပေါ်နေသည့် ဓားဝိညာဉ်အလင်းတန်းဖြစ်ပြီး တောက်ပလင်းလက်လျှက် ရှိလေသည်။
ဓားဝိညာဉ်က ဆန်းလျန်၏ လက်များရှိရာသို့ ကျရောက်လာပြီး ချွင်ကနဲ အသံတစ်သံထွက်ပေါ်လာကာ သံကြိုးများကို ဖြတ်တောက်ပစ်လိုက်လေသည်။
ထိုအခါ မြေပြင်ထက်သို့ ကျရောက်သွားသည့် သံကြိုးများကို အားလုံး မြင်လိုက်ကြရသည်။
ဆန်းလျန်က သူ့လက်များကို အသာပွတ်သပ်လိုက်ပြီး သူ၏ ကြွက်သားနှင့်အရိုးများကို အသာဖြေလျှော့လိုက်သည်။
ထို့နောက် သူ၏ လက်ဖဝါးများထက်တွင် စည်းတံဆိပ်တစ်ခု ထွက်ပေါ်လာပြီး ထိုစည်းတံဆိပ်သည် အလွန်အမင်း ပြီးပြည့်စုံလှသည်။ မြူမှုံတစ်စပင် အပြစ်ဆိုစရာမရှိပေ။
ထိုစည်းတစ်ဆိပ်မှာ တထာဂတဿစည်းတံဆိပ်ဖြစ်လေ၏။
ဆန်းလျန်ဖန်ဆင်းလိုက်သည့် တထာဂတဿစည်းတံဆိပ်မှာ ဗုဒ္ဓကိုယ်တိုင်ဖန်ဆင်းသည့် တထာဂတဿစည်းတံဆိပ်ထက် တန်ခိုးစွမ်းအားလျော့နည်းခြင်း မရှိပေ။
စည်းတံဆိပ်သည် ရွှေဖြူရောင်သမ်းနေပြီး ဂဏန်းအရေအတွက်ကဲ့သို့သော စာလုံးများက ပတ်ဝန်းကျင်လေထုထဲတွင် လွင့်မျောစီးဆင်းနေလေသည်။ စည်းတံဆိပ်အတွင်းတွင် မရေမတွက်နိုင်သည့် လောကများသည် ဖြစ်တည်လိုက် ၊ ပျက်စီးလိုက် ဖြစ်ပေါ်နေသည်။
ထို့နောက် တထာဂတဿစည်းတံဆိပ်သည် တာအိုဆရာသခင်ထိုက်ယီထံသို့ သတ်ဖြတ်ပစ်တော့မည့်အရှိန်ဖြင့် လေထုကိုဖြတ်ကျော်ပြီး ဝင်ရောက်သွားလေတော့သည်။
ထိုမြင်ကွင်းကို တွေ့လိုက်ရသည်နှင့် ယွမ်ချင်းနှင့်အခြားသူများ အံ့သြမှင်တက်ကာ ကြက်သေသေကုန်ကြလေသည်။
ဤလောကတွင် တာအိုဆရာသခင်ထိုက်ယီကို တိုက်ခိုက်ရဲသူရှိမည်ဟု မည်သူမှ ထင်မထားမိကြပေ။
ထို့ပြင် ဆန်းလျန်က ဗုဒ္ဓဘာသာတန်ခိုးစွမ်းအားကို အသုံးပြုပြီး တာအိုဆရာသခင်ထိုက်ယီကို တိုက်ခိုက်လိမ့်မည်ဟု သူတို့ပို၍ပင် တွေးထင်ထားခြင်း မရှိကြပေ။
သူတို့အားလုံးက ဆန်းလျန်ကို တာအိုကျင့်ကြံသူတစ်ယောက်ဟု ထင်မှတ်ခဲ့ကြသည်။ ဆန်းလျန်၏ တည်ကြည်သည့်ဟန်ပန်နှင့် ဝတ်ပုံစားပုံကလည်း ဗုဒ္ဓဘာသာကျင့်ကြံသူတစ်ယောက်နှင့် တူညီခြင်း မရှိပေ။
ဆန်းလျန်၏ တထာဂတဿစည်းတံဆိပ်ကို တာအိုဆရာသခင်ထိုက်ယီက ကြည့်နေလေသည်။
ထို့နောက်… တာအိုဆရာသခင်ထိုက်ယီက လက်နှစ်ချောင်းကို လေထဲသို့ ထိုးညွှန်လိုက်လေရာ နူးညံ့သည့် ကြာပန်းတစ်ပွင့်ပျံသန်းထွက်ပေါ်လာပြီး စည်းတံဆိပ်ကို တားဆီးထားလိုက်လေသည်။
တထာဂတဿ စည်းတံဆိပ်ပတ်ပတ်လည်တွင် လှည့်ပတ်နေသည့် မရေမတွက်နိုင်သည့် သင်္ကေတများသည် ကြာပန်း၏ပတ်ပတ်လည်တွင် လှည့်ပတ်နေကြပြီး နောက်ဆုံး ကြာပန်းက ထိုသင်္ကေတများအားလုံးကို စုပ်ယူလိုက်လေသည်။
ကြာပန်းသည် အာဟာရဓာတ်များစွာကို စုပ်ယူလိုက်ရသည့်အလား ချက်ချင်းပင် အဆက်မပြတ် ကြီးထွားလာလေတော့သည်။
ထို့နောက် ကြာပန်းသည် ကြယ်စင်များနှင့် ပြည့်နက်နေသည့် စကြာဝဠာအတွင်းသို့ အရှိန်အဟုန်ဖြင့်လွင့်မျောသွားပြီး တစ်ပတ်ပြန်လည်လာကာ ဆန်းလျန်ရှိရာသို့ ဝင်ရောက်လာလေသည်။
ဆန်းလျန် သက်ပြင်းတစ်ချက် တိုးတိတ်စွာ ချလိုက်မိသည်။ တာအိုဆရာသခင်ကြီးတစ်ပါး၏ တန်ခိုးစွမ်းအားကို ခုခံနိုင်သူ လောကတွင် မည်သူရှိပါမည်နည်း။
ဆန်းလျန်၏ ဦးခေါင်းထက်တွင် ကြည်လင်သည့်တိမ်တိုက်တစ်ခုဖြစ်တည်လာပြီး ရှန်းထျန်းဝူထိုက်တန်ခိုးစွမ်းအား (၅)ခု ထွက်ပေါ်လာလေသည်။
ထို့နောက် ကြည်လင်သည့်တိမ်တိုက်သည် ရောင်စဉ်ငါးမျိုး ပုတီးလိုက်ကာများအဖြစ် ပြောင်းလဲသွားလေသည်။ ဤသည်မှာ ဆန်းလျန်၏ အပြည့်စုံဆုံး ရှန်းထျန်းဝူထိုက် တန်ခိုးစွမ်းအားပင် ဖြစ်လေသည်။
ဆန်းလျန်ရင်ဆိုင်နေရသူသည် ရွှမ်တုတောက်ကျွင်း သို့မဟုတ် ရွှမ်တုတောက်ကျွင်းကဲ့သို့ အဆင့်ရှိသည့် နတ်ဘုရားတစ်ပါးသာဆိုလျှင် သူ၏ ရှန်းထျန်းဝူထိုက်တန်ခိုးစွမ်းအားများကြောင့် အတော်လေး အခက်တွေ့ကာ ဒုက္ခရောက်သွားမည် ဖြစ်သည်။
သို့သော်… တာအိုဆရာသခင်ထိုက်ယီကိုတော့ မည်သည့်သက်ရောက်မှုမှ မရှိလှပေ။
ဆန်းလျန်က လက်ဖျောက်တစ်ချက်တီးလိုက်လေရာ အသင်္ချေသော ရောင်စဉ် (၅)မျိုး အလင်းတန်းများ ထွက်ပေါ်လာပြီး ရောင်စဉ် (၅)မျိုး ပုတီးစေ့လိုက်ကာထက်တွင် အုပ်ဆိုင်းဖုံးလွှမ်းသွားလေသည်။
ထို့နောက် ကြီးမားသည့် တန်ခိုးစွမ်းအားပေါက်ကွဲသံကြီးတစ်သံ ထွက်ပေါ်လာပြီး ကောင်းကင်ထက်မှကြာပန်းသည် ရှန်းထျန်းဝူထိုက်တန်ခိုးစွမ်းအားများနှင့် ရိုက်ခတ်မိသွားလေသည်။
ကြာပန်းမှ ကြာရွက်များအားလုံး ကြွေကျသွားပြီး ရိုးတံသာလျှင် ကျန်ရှိတော့သည်။
တာအိုဆရာသခင်ထိုက်ယီက စိတ်အနှောက်အယှက်ဖြစ်သွားခြင်း မရှိပေ။ သူ၏ လက်ချောင်းထိပ်များသည် ဗျပ်စောင်းတီးခတ်သည့်အလား အနည်းငယ် လှုပ်ခါသွားသည်။
ထိုအခါ ကြာပန်းရိုးတံက ဆန်းလျန်၏ မျက်ခုံး (၂)ခုကြားသို့ ထိုးစိုက်ရန် အရှိန်ဖြင့် ဝင်ရောက်လာလေသည်။
ဆန်းလျန်ထံဝင်ရောက်လာသည့် ကြာပန်းရိုးတံက တဖြည်းဖြည်းသေးငယ်သွားပြီး လေထဲတွင် သေးငယ်သည့် အပ်ချေင်းအသွင်ပြောင်းလဲသွားလေသည်။
ဆန်းလျန်သာ သေသေချာချာ အာရုံစိုက်ထားခြင်းမရှိလျှင် ထိုအပ်ချောင်းသည် သူ၏ ဝိညာဉ်ကိုထိုးစိုက်မိပြီး တာအိုနှလုံးသားတစ်ခုလုံး ပျက်စီးသွားနိုင်လေသည်။
ဆန်းလျန်က အင်္ကျီလက်တစ်ဖက်ကို ဝှေ့ရမ်းလိုက်လေရာ သူ၏ခန္ဓာကိုယ်တစ်ခုလုံးက ပုံရိပ်ယောင်အလား ပြောင်းလဲသွားလေသည်။
ထို့နောက်… သူ၏ ခန္ဓာကိုယ်မှာ ရောင်စုံအလင်းတန်းများ ပေါက်ကွဲထွက်လာပြီး ကြာပန်းရိုးတံက ဆန်းလျန်ကို ထိုးစိုက်မိသွားသော်လည်း မည်သည့် သက်ရောက်မှုမှ ဆန်းလျန် မခံစားရတော့ပေ။
ဆန်းလျန်သည် ပုံမှန်အတိုင်း အေးဆေးတည်ငြိမ်လျှက် ရှိလေသည်။
ထို့နောက် ဆန်းလျန်၏ ခန္ဓာကိုယ်သည် အလေးချိန်မရှိသည့်အ ရိပ်တစ်ခုအလား တာအိုဆရာသခင်ထိုက်ယီထံသို့ ပျံသန်းထွက်ခွာသွားလေတော့သည်။
ထိုခဏမှာပင် တာအိုဆရာသခင်ထိုက်ယီက ရယ်မောလိုက်ပြီး…
"ကောင်းလိုက်တဲ့ ထိုက်ရွှီးနည်းဗျူဟာ တန်ခိုးစွမ်းအား…"
သူ၏ စကားသံထဲတွင် ချီးကျူးဂုဏ်ပြုသည့်အသံ အပြည့်အဝပါဝင်နေလေသည်။
တာအိုဆရာသခင်ထိုက်ယီ ရယ်မောသည်ကို တွေ့လိုက်ရသည့်အခါ ဆန်းလျန်က အံ့သြခြင်း အလျဉ်းမရှိပေ။
တာအိုဆရာသခင်ကြီးများဆိုသည်က သံသရာကိုကျော်လွန်သွားကြသည်ဆိုသော်လည်း စိတ်ခံစားချက် အနည်းနှင့်အများ ရှိကြသေးရာ ရယ်မောကြသည်မှာ သဘာဝပင် ဖြစ်သည်။
တာအိုဆရာသခင်ထိုက်ယီက နှုတ်မှထုတ်ဖော်ချီးကျူးလိုက်သော်လည်း အင်္ကျီလက်ကို တစ်ချက် ဝှေ့ရမ်းလိုက်လေသည်။
သူ၏ အင်္ကျီလက်အတွင်းမှာ အဖြူရောင်တိမ်တိုက်များ ထွက်ပေါ်လာလေသည်။ ထိုတိမ်တိုက်များသည် အစစ်အမှန်နှင့် မရှိမှုကြားတွင် လွင့်မျောနေပြီး စုစည်းနေရာမှ ကွဲပြားသွားလိုက် ၊ ကွဲပြားသွားရာမှ ပြန်လည်စုစည်းလိုက်နှင့် စိတ်ကို ထင်ယောင်ထင်မှာ ဖြစ်စေလေသည်။
ထိုအဖြူရောင်တိမ်တိုက်များသည် ဆန်းလျန်ဆီသို့ အလွန်မြင့်မားသည့်မြန်နှုန်းဖြင့် ဝင်ရောက်လာလေရာ ဝှစ်ခနဲ အသံတစ်သံမျှသာ ကြားလိုက်ရသည်။
တိမ်တိုက်သည် ဆန်းလျန်၏ ခန္ဓာကိုယ်ကို ဖြတ်သန်းသွားလေသည်။
မမျှော်လင့်စွာပင် ဆန်းလျန်၏ ခန္ဓာကိုယ်တွင် အဖြူရောင်မီးတောက်များ စတင်လောင်ကျွမ်းလာလေတော့သည်။
ဆန်းလျန်က အဖြူရောင်မီးတောက်ကို ငြိမ်းသတ်နိုင်ရန် တန်ခိုးစွမ်းအားမှန်သမျှကို အသုံးပြုလိက်သည်။
နက်ရှိုင်းသည့်တန်ခိုးစွမ်းအားပြည့်ဝသော ရေစင် ၊ နတ်ပန်းဝတ်ရည် ၊ နတ်ရေစင် အစရှိသမျှသော အရည်များကိုလည်း သူ့ခန္ဓာကိုယ်ပေါ်သို့ လောင်းချလိုက်သည်။
သို့သော်… အဖြူရောင်မီးတောက်က ငြိမ်းသွားခြင်းမရှိဘဲ ပို၍ပင် ပြင်းပြင်းထန်ထန် တောက်လောင်လာလေသည်။
ဆန်းလျန်၏တန်ခိုးစွမ်းအားများက စကြာဝဠာနှင့် ချိတ်ဆက်ထားသည်ဖြစ်လေရာ မိုးမြေစွမ်းအားများက သူ့ခန္ဓာကိုယ်တွင် လိုအပ်သည့်စွမ်းအားများကို အစဉ်အမြဲဖြည့်ဆည်းပေးလျှက် ရှိသည်။
ထို့ကြောင့် အဖြူရောင်မီးတောက်သည် သူ့ခန္ဓာကိုယ်ကို လောင်ကျွမ်းနေသည့်တိုင် ဆန်းလျန်ကို အကြီးအကျယ်ပျက်စီးစေခြင်း ၊ ဒဏ်ရာရစေခြင်းကို မဖြစ်ပေါ်စေခဲ့ပေ။
သို့သော်… အဖြူရောင်မီးတောက်ကို မငြှိမ်းသတ်နိုင်ပါက ဆန်းလျန်အနေဖြင့် မိုင်ပေါင်းထောင်ချီမကသည့် နေရာတစ်ခုသို့ လွင့်ထွက်သွားပြီး နှစ်ပေါင်းများစွာ ပိတ်မိနေပေလိမ့်မည်။
တာအိုဆရာသခင်ထိုက်ယီ ပြုလုပ်လိုက်သည့် လှည့်ကွက်ကို ဆန်းလျန် သိရှိလိုက်သော်လည်း လောလောဆယ်တွင် သူ့မှာ သနားစရာကောင်းသည့် သတ္တဝါလေးအလား မည်သို့မှ မတတ်နိုင်ဖြစ်နေရလေတော့သည်။
***