← Chapters

အခန်း (၁၄၅-၁၄၇)

Vol. 10 Ch. 145-147

အခန်း (၁၄၅-၁၄၇)

Vol. 10 Ch. 145-147

အခန်း(၁၄၅)

“ ဟွန့်… မီးနဂါးကခုန်ခြင်း ”

လီချန်းလန်သည် သာမန်ကျင့်ကြံသူတစ်ယောက် မဟုတ်ပေ။ သူက နှစ်ပေါင်းရာချီအသက်ရှင်သန်ခဲ့သော အမြူတေဖွဲ့စည်းခြင်းနယ်ပယ် ကျင့်ကြံသူတစ်ယောက်ဖြစ်လေရာ မည်သို့ကြောင့် သူ့ဆီမှာ အစွမ်းထက်ရတနာများမရှိဘဲ နေမည်နည်း။

အနက်ရောင်မျောက်ဝံဘုရင်၏ မျောက်ဝံလက်က တောင်ကြီးတစ်တောင်နှယ် သူ့အပေါ်သို့ ဖိကျလာနေကြောင်း လီချန်းလန် မြင်သွားသည်။ ယင်း၏ ကြီးကျယ်မြင့်မြတ်သော အရှိန်အဝါအရ မည်သူမှ ထိုဧရာမလက်ကို မခုခံနိုင်ဟန် ရ၏။ ယင်းက အလွန်ကြောက်စရာကောင်းသည်။ သို့သော်လည်း လီချန်းလန်က မကြောက်ပေ။ သူက နှလုံးနာကျင်သော အမူအရာဖြင့် သူ၏ သိုလှောင်အိတ်ထဲမှ အနီရောင်မှော်အဆောင်တစ်ခုကို ထုတ်ယူလိုက်သည်။

ထိုမှော်အဆောင်ပေါ်မှာ လျှို့ဝှက်ဆန်းကြယ်သော မှော်သင်္ကေတအမျိုးမျိုးကို ရေးဆွဲထားသည်။ သာမန်လူများက ယင်းတို့ကို နားလည်နိုင်ကြမည် မဟုတ်ချေ။

သူက ဝိညာဉ်စွမ်းအားကို မှော်အဆောင်ထဲသို့ မြန်ဆန်စွာ ထည့်သွင်းလိုက်သည်။ ချက်ချင်းဆိုသလိုပင် မှော်အဆောင်က ပျောက်ကွယ်သွားသည်။ တစ်ချိန်တည်းမှာ ကြောက်မက်ဖွယ်ကောင်းသော ချီစွမ်းအားက မှော်အဆောင်ပျောက်ကွယ်သွားသော နေရာမှ ထွက်ပေါ်လာသည်။

“ ထန်… ထန်… ထန်… ”

ပေငါးဆယ် သို့မဟုတ် ပေခြောက်ဆယ်ခန့် ရှည်လျားသော မီးနဂါးသုံးကောင်က သူ့အနောက်မှ လေထဲမှာ ရုတ်တရက် ထွက်ပေါ်လာကြသည်။ ၎င်းတို့ကို မီးတောက်မီးလျှံများက အပြည့်ဖုံးလွှမ်းထားသည်။ ၎င်းတို့က မီးတောက်မီးလျှံများမှ ဖွဲ့စည်းသွားသော နဂါးများ ဖြစ်ကြသည်။

မီးနဂါးသုံးကောင် ထွက်ပေါ်လာသည်နှင့်ချက်ချင်း အားကောင်းသော ဖိအားက ၎င်းတို့ထံမှ ပေါက်ကွဲထွက်လာသည်။ ဖိအားက အလွန်ကြီးမားလေရာ ၎င်းတို့၏ ဘေးပတ်ဝန်းကျင်မှ လေဟာနယ်က ပရမ်းပတာ တွန့်လိမ်သွားသည်။ သို့သော်လည်း ကံမကောင်းစွာပင် ၎င်းတို့က မီးနဂါးမျှသာ ဖြစ်၏။ အစစ်အမှန်နဂါးများ မဟုတ်ကြချေ။ ၎င်းတို့ဆီမှာ နဂါးမျိုးနွယ်စုသာလျှင် ပိုင်ဆိုင်သော အံ့ဖွယ်နဂါးအရှိန်အဝါ မရှိပေ။

၎င်းတို့က အစွမ်းထက် မှော်အဆောင်တစ်ခု၏ ဒြပ်ထည်ဖွဲ့စည်းမှုထက် မပိုပေ။

သို့တိုင် ထိုမီးနဂါးများမှ ထုတ်လွှတ်နေသော အရှိန်အဝါက အမြူတေဖွဲ့စည်းခြင်းနယ်ပယ် ကျင့်ကြံသူများကို မျက်နှာပျက်သွားစေရန် လုံလောက်သည်။ မီးနဂါးများသည် ဒေါသတကြီး မျက်လုံးဖွင့်လိုက်ကြပြီး ၎င်းတို့၏ ဦးခေါင်းပေါ်သို့ ကျဆင်းလာနေသော မျောက်ဝံလက်ကို စိုက်ကြည့်လိုက်ကြသည်။ နောက်အခိုက်အတန့်မှာ ၎င်းတို့က မျောက်ဝံလက်ထံသို့ တန်းမတ်စွာ ပျံသန်းသွားကြသည်။ ၎င်းတို့၏ ရွေ့လျားမှုက မိုးမြေကို ပရမ်းပတာ တုန်ခါစေသည်။

“ ဘန်း… ဘန်း… ဘန်း ”

အနက်ရောင်မျောက်ဝံဘုရင်သည် အစောနက ရိုက်ချက်ထဲမှာ သူ့ခန္ဓာကိုယ်ထဲမှ ခွန်အားအားလုံးနီးပါးကို ထည့်သွင်းခဲ့သည်။ အဘယ့်ကြောင့်ဆိုသော် သူက လီချန်းလန်ကို တစ်ချက်တည်းဖြင့် ငရဲပြည်သို့ ပို့ဆောင်ချင်သည်။

သူ၏ လက်ဝါးရိုက်ချက်သည် အမြူတေဖွဲ့စည်းခြင်းနယ်ပယ် ကျင့်ကြံသူတစ်ယောက်ကို အသက်အန္တရာယ်ဖြစ်စေနိုင်ရန် လုံလောက်သည်။ သို့သော် မီးနဂါးကခုန်ခြင်းသည် အစွမ်းထက်သော မန္တန်တစ်ခုဖြစ်သည်။ မီးနဂါးတစ်ကောင်စီသည် အမြူတေဖွဲ့စည်းခြင်းနယ်ပယ် ကျင့်ကြံသူတစ်ယောက်၏ ကြောက်မက်ဖွယ်စွမ်းအားကို သယ်ဆောင်ထားသည်။

နောက်အခိုက်အတန့်မှာ မီးနဂါးသုံးကောင်က ဧရာမမျောက်ဝံလက်နှင့် ထိပ်တိုက် တွေ့ဆုံသွားသည်။

ချက်ချင်းဆိုသလိုပင် ကျယ်လောင်သော ပေါက်ကွဲသံများ တရစပ် ထွက်ပေါ်လာသည်။ အနက်ရောင်မျောက်ဝံဘုရင်၏ လက်က အနောက်သို့ လွင့်စင်သွားစဉ် မီးနဂါးသုံးကောင်သည်လည်း မျောက်ဝံလက်ထဲ၌ ကိန်းအောင်းနေသော ခွန်အားကြောင့် ရပ်တန့်သွားကြသည်။

၎င်းတို့၏ ခန္ဓာကိုယ်ပေါ်မှ မီးတောက်မီးလျှံများက ငြိမ်းသတ်သွားကြပြီး ၎င်းတို့၏ နဂါးခန္ဓာကိုယ်က ပြိုကွဲပျက်စီးသွားသည်။ မီးနဂါးများက အောက်သို့ ပြုတ်ကျသွားကြသည့်အခါ ၎င်းတို့၏ အမြှီးက တောင်ထွတ်ကို ရိုက်ခတ်သွားသည်။ ချက်ချင်းဆိုသလိုပင် တောင်ထွတ်က မီးနဂါးများထံမှ ထုတ်လွှတ်နေသော မီးတောက်များကြောင့် အရည်ပျော်သွားသည်။

“ ဘန်း ဘန်း ဘန်း ”

အနက်ရောင်မျောက်ဝံဘုရင်သည် သူ၏ လက်ကို ပြန်ရုပ်သိမ်းလိုက်သည်။ သူ၏ လက်ဖဝါးပေါ်တွင် အနက်ရောင်အမွှေးအမျှင်များက မီးလောင်ကျွမ်းသွားကြသည်။ ရှင်းလင်းစွာပင် အစောနက ထိပ်တိုက် တွေ့ဆုံမှုတွင် သူက အနည်းငယ် အရေးနိမ့်ခဲ့သည်။

“ မဒူဆာ… ဘာမှမကြောက်နဲ့… ငါကင်းကောင် ဒီမှာရှိနေရင် အဲ့ဒီကျင့်ကြံသူ မင်းကို ဘာမှမလုပ်နိုင်စေရဘူး ”

အနက်ရောင်မျောက်ဝံဘုရင်သည် မဒူဆာကို ကြည့်လိုက်ပြီး ပြုံးပြလိုက်သည်။ ထို့နောက် သူက လီချန်းလန်ကို စိန်းစိန်းဝါးဝါး စိုက်ကြည့်လိုက်သည်။ အလွန်အားကောင်းသော အရှိန်အဝါက သူ့ခန္ဓာကိုယ်ထဲမှ ထွက်ပေါ်လာသည်။

“ အဲ့ဒီကျင့်ကြံသူကို ဒီကနေ အသက်ရှင်ရက် ထွက်မသွားစေနဲ့ ”

မဒူဆာသည် အနက်ရောင်မျောက်ဝံဘုရင် ရောက်လာသည်ကို မြင်သောအခါ သူ့ကို ခေါင်းညိတ်ပြလိုက်သည်။ သို့သော်လည်း လီချန်းလန်ကို စိုက်ကြည့်လိုက်သည့်အခါ သူ၏ မျက်လုံးက အေးစက်သွားသည်။

သူသည်လည်း လီချန်းလန်ကို သေလောက်အောင် မုန်းတီးသည်။ တစ်ဖက်လူသည် သူ့ကို သတ်ဖြတ်ရန် သူအားအနည်းဆုံးအချိန်ကို ရွေးချယ်တိုက်ခိုက်ခဲ့သည်။ ထိုလူ၏ အလစ်တိုက်ခိုက်မှုက သူ့ကို ဒဏ်ရာပြင်းထန်စွာ ရရှိစေသည်။ သူ၏ သန်စွမ်းသော ကျင့်ကြံခြင်းအခြေခံအုတ်မြစ်ကြောင့် မဟုတ်လျှင် သူက နေရာမှာတင် အသက်ဆုံးရှုံးသွားနိုင်သည်။

ထို့ပြင် သူက တစ်ဖက်လူ၏ နောက်ထပ် တိုက်ခိုက်မှုကို ခုခံတားဆီးရန် မြစ်များနှင့် ပင်လယ်များ မှောက်လှန်ခြင်းဟူသော အစွမ်းထက် တိုက်ခိုက်မှုကိုလည်း အတင်းအကျပ် ထုတ်ဖော်ခဲ့ရသည်။ ယင်းက သူ၏ ကျင့်ကြံခြင်းအခြေခံအုတ်မြစ်ကို စတင်ယိမ်းယိုင်စေသည်။

အစောနက သူသည် လီချန်းလန်ကို တိုက်ခိုက်ရန် သူ့ကိုယ်ပိုင်မာန်မာနအပေါ် မှီခိုအားထားခဲ့ရသည်။ အဘယ့်ကြောင့်ဆိုသော် တောင်ပိုင်းမြေရိုင်းဒေသထဲမှ တခြားမိစ္ဆာသားရဲဘုရင်များနှင့် ထိုပုဂ္ဂိုလ်က ဤကျင့်ကြံသူ၏ လက်ထဲမှာ သူကျရှုံးသွားသည်ကို ရပ်ကြည့်နေမည်မဟုတ်ကြောင်း သူသိထားသောကြောင့်ပင်။

အနက်ရောင်မျောက်ဝံဘုရင် ရောက်လာသည့်အခါမှသာ သူက အမှန်တကယ် စိတ်အေးသွားသည်။ ယခု အားအင်ချည့်နဲ့မှုက သူ၏ ခန္ဓာကိုယ်ကို စတင်တိုက်စားလာသည်။ သူက ခေါင်းမူးဝေလာပြီး သတိမေ့မြောတော့မည့် လက္ခဏာများ ဖော်ပြလာသည်။

“ ယုတ်ညံ့တဲ့ ကျင့်ကြံသူ… မင်းက ငါ့ရဲ့ တောင်ပိုင်းမြေရိုင်းဒေသထဲမှာ သတ်ဖြတ်ဖို့ ကြိုးစားရဲတယ်လား… တောင်ပိုင်းမြေရိုင်းဒေသထဲက မိစ္ဆာမျိုးနွယ်စုက သက်သက်လွတ်စားတယ်လို့ မင်းထင်နေတာလား… မင်းသေချာနားထောင်စမ်း… ငါက နေ့တိုင်း အသားစားတယ်… ဒီနေ့ မင်းလွတ်သွားခဲ့ရင် ဒီဘုရင်က တစ်သက်လုံး သက်သက်လွတ်စားမယ်လို့ ကျိန်ဆိုတယ် ”

ထိုစဉ် ရွှေရောင်အလင်းတန်းသည် မြန်ဆန်သော အလျင်နှင့်အတူ တောင်ထွတ်ပေါ်သို့ ဆင်းသက်လာသည်။ သူ့အနောက်မှ လေထဲတွင် ရွှေရောင်ပုံရိပ်များ ကြွင်းကျန်နေခဲ့သည်။ သူက မြေပြင်ပေါ်သို့ ဆင်းသက်ပြီးသည်နှင့်ချက်ချင်း လီချန်းလန်၏ အရှေ့ဘက်ကို ပိတ်ဆို့လိုက်သည်။ ထိုရွှေရောင်ပုံရိပ်သည် ခေါင်းသုံးလုံးရွှေခြင်္သေ့ဘုရင်မှလွဲ၍ တခြားမဟုတ်ပေ။

ဤအခိုက်အတန့်မှာ သူ၏ ဦးခေါင်းသုံးလုံးက သွေးဆာသော အရှိန်အဝါကို ထုတ်လွှတ်လိုက်သည်။ သူ၏ ဘယ်ဘက်နှင့် ညာဘက်မှ ဦးခေါင်းနှစ်လုံးသည်တော့ မျက်လုံးမှိတ်ထားကြဆဲပင်။ အလယ်မှ ဦးခေါင်းသည်သာ ရက်စက်ကြမ်းကြုတ်သော ရှေးဟောင်းအရှိန်အဝါကို ထုတ်လွှတ်နေသည်။ သူက လီချန်းလန်ကို အေးစက်စက် စိုက်ကြည့်နေသည်။

“ မကောင်းတော့ဘူး… တောင်ပိုင်းမြေရိုင်းဒေသရဲ့ မိစ္ဆာသားရဲဘုရင်တွေ ရောက်လာကြပြီ… မဒူဆာရဲ့ စွမ်းအားက ငါမျှော်လင့်ထားတာထက် ကျော်လွန်နေတယ်… ဒီနေ့ သူ့ရဲ့ အမြူတေဓာတ်လုံးကို ထုတ်ယူဖို့ မဖြစ်နိုင်တော့မှာ ငါစိုးရိမ်တယ်… အရေးကြီးဆုံးက အသက်ရှင်ဖို့ပဲ… ဒီကနေ မြန်မြန် ထွက်သွားရမယ်… မဟုတ်ရင် တောင်ပိုင်းမြေရိုင်းဒေသက ငါ့ရဲ့ သင်္ချိုင်းမြေ ဖြစ်လာလိမ့်မယ် ”

လီချန်းလန်သည် လက်ရှိအခြေအနေကို ကောင်းမွန်စွာ မြင်နိုင်သည်။ ထို့ပြင် အစွမ်းထက်သော မိစ္ဆာအရှိန်အဝါများက တခြားဦးတည်ရာများထံမှ မြန်ဆန်စွာ ချဉ်းကပ်လာနေကြကြောင်း သူအာရုံခံနိုင်သည်။

ဤတစ်ကြိမ်တွင် သူက တောင်ပိုင်းမြေရိုင်းဒေသတစ်ခုလုံးကို သတိအနေအထားဝင်ရောက်စေပြီး မိစ္ဆာသားရဲဘုရင်အားလုံးကို ဒေါသထွက်စေခဲ့ကြောင်း သိလိုက်သည်။ ဤနေရာမှာ သူဆက်နေလျှင် ထွက်သွားရန် နောက်ထပ် အခွင့်အရေးမရှိတော့မှာ သူစိုးရိမ်သည်။

မည်သို့ဖြစ်ပါစေ လီချန်းလန်သည် မြေခွေးအိုကြီး ဖြစ်သည်။ အခြေအနေမဟန်တော့ကြောင်း သူမြင်သောအခါ ဆုံးဖြတ်ချက်ချလိုက်သည်။ သူ၏ အတွေးတစ်ချက်ကြောင့် သူ့လက်ထဲမှာ အလင်းရောင် ဝင်းလက်သွားသည်။

နောက်အခိုက်အတန့်မှာ အဖြူရောင်လှေတစ်စင်းက သူ၏ ဦးခေါင်းပေါ်မှာ ထွက်ပေါ်လာသည်။ သူက အပေါ်သို့ ခုန်လိုက်ပြီး လှေပေါ်မှာ ခြေချလိုက်သည်။ ထိုလှေသည် လွင့်မျောတိမ်လှေ ဖြစ်သည်။ လွင့်မျောတိမ်လှေသည် အဖြူရောင်အလင်းကို ထုတ်လွှတ်လိုက်သည်။ လှေသည် မြန်ဆန်စွာ ရွေ့လျားသွားပြီး တောင်ပိုင်းအရပ်ဆီသို့ ဦးတည်သွားသည်။

“ ထွက်ပြေးချင်တယ်လား… ဒီဘုရင်အရှေ့မှာ ရပ်လိုက်စမ်း… မိစ္ဆာမြူနှင်းဓားသွား… သွားစမ်း ”

လီချန်းလန်က တောင်ပိုင်းအရပ်သို့ ထွက်ပြေးသွားတော့မည့်အချိန် မောက်မာထောင်လွှားပြီး လွှမ်းမိုးဗိုလ်ကျသော အော်သံက မိုးမြေကြားမှာ ထွက်ပေါ်လာသည်။ အနက်ရောင်လခြမ်းကွေးဓားတစ်လက်သည် အနက်ရောင်အလင်းတန်းနှင့်အတူ လေကို ဖြတ်သန်းသွားကာ လျှပ်စီးတန်းပမာ အလျင်ဖြင့် မြန်ဆန်စွာ ရွေ့လျားနေသော လွင့်မျောတိမ်လှေပေါ်သို့ အကြမ်းပတမ်း ခုတ်ချလိုက်သည်။

မိစ္ဆာမြူနှင်းဓားသွားသည် ပြိုင်ဘက်ကင်း ထက်ရှမှုနှင့်အတူ လီချန်းလန်ပေါ်သို့ ကျဆင်းသွားသည်။

လီချန်းလန်က နှလုံးခုန်မြန်သွားသည်။

“ ဆန္ဒပြည့်စေအုတ်ခဲ… အစွမ်းကုန်သုံးပြီး ခုခံပါ… ငါ့ကို ကာကွယ်ပေးပါ ”

အော်သံနှင့်အတူ သူ့လက်ထဲမှ ဆန္ဒပြည့်စေအုတ်ခဲက အပေါ်သို့ ပျံသန်းသွားသည်။ ယင်းက လှေ၏ အရှေ့မှာ ထွက်ပေါ်လာပြီး ရွှေရောင်အလင်းကို ထုတ်လွှတ်ပေးလိုက်သည်။ လျှပ်တစ်ပြက်အတွင်းမှာ အုတ်ခဲက ကြီးမားသွားပြီး လှေကို ဒိုင်းကာတစ်ခုပမာ ကာကွယ်ပေးလိုက်သည်။

“ ထန် ထန် ထန် ”

မိစ္ဆာမြူနှင်းဓားသွားသည် ရက်စက်ကြမ်းကြုတ်သော အရှိန်အဝါကို သယ်ဆောင်လျက် ဆန္ဒပြည့်စေအုတ်ခဲကို ခုတ်ပိုင်းလိုက်သည်။ ရက်စက်ကြမ်းကြုတ်သော ဓားချီသည် အံ့ဖွယ်အရှိန်အဟုန်နှင့်အတူ ရွှေရောင်အုတ်ခဲကို အလယ်မှ ခုတ်ပိုင်းလိုက်သည်။

သို့သော်လည်း ဆန္ဒပြည့်စေအုတ်ခဲသည် လီချန်းလန်၏ သက်စောင့်ဓမ္မရတနာ ဖြစ်သည်။ ယင်းက သက်စောင့်ဓမ္မလက်နက်များထက် ပိုပြီးအစွမ်းထက်သည်။ သီရှီထျန်၏ လက်ရှိ မိစ္ဆာမြူနှင်းဓားသွားသည် အုတ်ခဲကို ပိုင်းဖြတ်ရန် အလုံအလောက် မသန်မာသေးပေ။

သို့သော်လည်း မိစ္ဆာမြူနှင်းဓားသွားထဲမှာ ကိန်းအောင်းနေသော အစွမ်းထက်မိစ္ဆာချီက အကြမ်းပတမ်း ပေါက်ကွဲထွက်လာပြီး လီချန်းလန်ကို တားဆီးလိုက်သည်။ သို့ဖြစ်၍ အဝေးသို့ ပျံသန်းသွားတော့မည့် လွင့်မျောတိမ်လှေက လေထဲမှာ ရပ်တန့်သွားသည်။

“ ဘန်း ဘန်း ဘန်း ”

ကျယ်လောင်သော ခြေလှမ်းသံများနှင့်အတူ ပေငါးဆယ်မြင့်မားသော ကျားနက်တစ်ကောင်က တောင်ပိုင်းအရပ်တွင် ရုတ်တရက် ထွက်ပေါ်လာပြီး လီချန်းလန်၏ လမ်းကြောင်းကို တားဆီးပိတ်ဆို့လိုက်သည်။ သူ၏ ခန္ဓာကိုယ်မှ အထွတ်အမြတ် သားရဲဘုရင်အရှိန်အဝါကို ထုတ်လွှတ်နေသည်။ ယင်းက ဒီရေသဖွယ် လီချန်းလန်၏ အပေါ်သို့ ဖိကျလာသည်။

သူ၏ ဦးခေါင်းထက်တွင် မဟူရာမိစ္ဆာချီက မီးခိုးငွေ့ပမာ တလူလူ လွင့်မျောနေသည်။ ထိုကျားနက်သည် ဤနေရာဆီသို့ အပြေးအလွှား ရောက်လာသော သီရှီထျန်မှလွဲ၍ တခြားမဟုတ်ပေ။ သူက အရေးကြီးအခိုက်အတန့်မှာ လီချန်းလန်၏ ထွက်ပြေးမှုကို တားဆီးလိုက်သည်။

“ မင်း ဒီကို ရောက်လာမှတော့ ဒီမှာပဲ နေပါ ”

စူးရှသော အော်သံက ကောင်းကင်ယံမှာ ပဲ့တင်ထပ်သွားသည်။ အရွယ်အစားကြီးမားသော သရဖူနီကြိုးကြာတစ်ကောင်က အတောင်ပံဖြန့်ကား၍ လေထဲမှာ ဝဲပျံနေသည်။ သူ၏ ဘေးပတ်ဝန်းကျင်တွင် အနက်ရောင်မရဏကျီးကန်းအုပ်စုက ကောင်းကင်ကို ဖုံးအုပ်လိုက်သည်။ ကျီးကန်းအုပ်စု၏ အလယ်တွင် မရဏကျီးကန်းဘုရင်က မြေပြင်ပေါ်သို့ အေးစက်စက် စိုက်ကြည့်နေသည်။

သရဖူနီကြိုးကြာဘုရင်နှင့် မရဏကျီးကန်းဘုရင်သည်လည်း တစ်ပြိုင်နက် ရောက်လာကြပြီး မိုးကောင်းကင်ကို ချိတ်ပိတ်လိုက်ကြသည်။

ဤအခိုက်အတန့်မှာ လီချန်းလန်သည် ကောင်းကင်ယံတွင်ဖြစ်စေ မြေပြင်ပေါ်တွင်ဖြစ်စေ လမ်းကြောင်းပိတ်ဆို့ခံလိုက်ရသည်။ ဤသည်မှာ ကြီးမားသော ပိုက်ကွန်တစ်ခုက သူ့အပေါ်ကို ဖုံးအုပ်ထားသည့်အလားပင်။ သီရှီထျန်နှင့် တခြားမိစ္ဆာသားရဲဘုရင်များသည် သူတို့၏ အစွမ်းထက်အရှိန်အဝါကို ထုတ်လွှတ်၍ လီချန်းလန်ကို ဖိနှိပ်လိုက်ကြသည်။

“ မကောင်းတော့ဘူး… ဒီတစ်ကြိမ် ငါတကယ် အန္တရာယ်ကြုံပြီ ”

မိစ္ဆာသားရဲဘုရင်များက လေးဖက်လေးလံ ပိတ်ဆို့ထားကြောင်း သူမြင်သောအခါ လွင့်မျောတိမ်လှေပေါ်မှာ ရပ်နေသော လီချန်းလန်က စိတ်ထဲ၌ ခါးသီးမှုကို ခံစားမိသွားသည်။ အကယ်၍ ဤနေရာမှ သူလွတ်မြောက်ချင်လျှင် ပြင်းထန်သော တိုက်ပွဲတစ်ခုကို သေချာပေါက် သူရင်ဆိုင်ရလိမ့်မည်။

“ ဟား ဟား ဟား… ”

လီချန်းလန်သည် ဘေးပတ်ဝန်းကျင်မှ မိစ္ဆာသားရဲဘုရင်များကို ကြည့်လိုက်ပြီး သူတို့ထံမှ ကြီးမြတ်သော အရှိန်အဝါကို ခံစားလိုက်သည်။ သူက မိုးကောင်းကင်ကို ရုတ်တရက် မော့ကြည့်လိုက်ပြီး ကျယ်လောင်စွာ ရယ်လိုက်သည်။ သူက အချိန်တစ်ခဏကြာ ရယ်ပြီးလျှင် မိစ္ဆာသားရဲဘုရင်များကို အထင်သေးရှုံ့ချစွာ ကြည့်လိုက်သည်။

“ တောင်ပိုင်းမြေရိုင်းဒေသက မိစ္ဆာသားရဲဘုရင်တွေက ငါ့ကို စုပေါင်းတိုက်ခိုက်ချင်တာလား… မင်းတို့မမေ့ကြနဲ့ဦး… ဒီလောကကို လက်ရှိအုပ်စိုးနေတာ ငါတို့လူသားတွေဆိုတာ… မင်းတို့မိစ္ဆာမျိုးနွယ်စုရဲ့ ဂုဏ်ကျက်သရေက အတိတ်မှာ ပြီးဆုံးသွားပြီ… တကယ်လို့ ငါသေသွားရင် မင်းတို့ရဲ့ တောင်ပိုင်းမြေရိုင်းဒေသက အနာဂတ်မှာ ကပ်ဘေးကြီးနဲ့ သေချာပေါက် ရင်ဆိုင်ရလိမ့်မယ် ”

သူ၏ စကားထဲမှာ ခြိမ်းခြောက်သော အဓိပ္ပာယ် ပါဝင်နေပြီး သူ၏ လေသံထဲမှာ သတိပေးသော အရိပ်အမြွက် ရှိသည်။ သူက မိစ္ဆာမျိုးနွယ်စု၏ လက်ရှိအခြေအနေကို အသုံးပြု၍ ခြိမ်းခြောက်လိုက်သည်။ သူ၏ အပေါ်ယံမျက်နှာက တည်ငြိမ်နေသော်လည်း သူ့နှလုံးသားထဲမှာ မည်သည်ကို စဉ်းစားနေကြောင်း မည်သူမှ မသိနိုင်ပေ။

“ ဟွန့်… တောင်ပိုင်းမြေရိုင်းဒေသ ကပ်ဘေးကြုံရမယ် မကြုံရဘူးက မင်းဆုံးဖြတ်ပေးနိုင်တာမို့လို့လား… မင်းဘာပဲပြောပြော ဒီနေ့ တောင်ပိုင်းမြေရိုင်းဒေသကနေ မင်း အသက်ရှင်ရက် မလွတ်မြောက်နိုင်စေရဘူး… ငါတို့မိစ္ဆာသားရဲတွေက မသေမျိုးကျင့်ကြံသူတွေရဲ့ အနိုင်ကျင့်တာကို ခေါင်းငုံ့ခံနေမယ့် ငကြောက်တွေမဟုတ်ဘူး… မင်းဘယ်လောက်ပဲ လျာစောင်းထက်ပါစေ ငါတို့ရဲ့ စိတ်ဓာတ်ပြတ်သားမှုကို မယိမ်းယိုင်စေနိုင်ဘူး… ဒီနေ့ မင်းသေချာပေါက် အသတ်ခံရမယ် ”

ယင်းကို သီရှီထျန်ကြားသောအခါ သူက အထင်သေးရှုံ့ချစွာ ပြောသည်။ ယခင်ဘဝတွင် သူက လူသားတစ်ယောက်ဖြစ်ခဲ့လေရာ လူသားများ၏ စိတ်နေသဘောထားအကြောင်း ကောင်းကောင်း သူနားလည်သည်။

ယင်းက ယခင်ဘဝတွင် သူကြုံခဲ့ဖူးသော ဒုတိယမျိုးဆက်မှ သူဌေးသားသမီးများနှင့် ဆင်တူသည်။ သူတို့သည် အခက်အခဲ တစ်စုံတစ်ရာနှင့် ရင်ဆိုင်ရသည့်အခါ သူတို့မိဘများနှင့် မိသားစု၏ ဩဇာအာဏာကို ငှားယူသုံးကြလိမ့်မည်။ သူက အတိတ်မှာ ထိုသို့အခြေအနေကို ကြိမ်ဖန်များစွာ ကြုံခဲ့ဖူးသည်။ သို့ဖြစ်လေရာ စကားတစ်ခွန်းဖြင့် သူ၏ ဆုံးဖြတ်ချက်ကို ပြောင်းလဲပစ်ရန်သည် မဖြစ်နိုင်ပေ။

“ ဟုတ်တယ်… ဒီတစ်ကြိမ် ငါကင်းကောင်က မင်းကို သေတဲ့အထိ ရိုက်နှက်ပစ်မယ် ”

အနက်ရောင်မျောက်ဝံဘုရင်၏ အော်သံက မိုးခြိမ်းသံပမာ ကျယ်လောင်စွာ ထွက်ပေါ်လာသည်။ သူက လီချန်းလန်အပေါ် သူ၏ သတ်ဖြတ်ချင်စိတ်ကို လုံးဝ ဖုံးကွယ်မထားပေ။

အခန်း(၁၄၆)

“ တောင်ပိုင်းမြေရိုင်းဒေသရဲ့ မိစ္ဆာသားရဲဘုရင်တွေက နာမည်ကျော်ကြားတဲ့ မိစ္ဆာသူရဲကောင်းတွေလို့ ငါကြားဖူးတယ်… ကြည့်ရတာ အဲ့ဒါက ကောလဟာလသက်သက်ပဲ ဖြစ်မယ် ”

လီချန်းလန်က စိတ်ထဲမှာ ကိုယ့်ကိုယ်ကိုယ် ခါးသီးစွာ ရယ်လိုက်ပြီး ပြောသည်။ သို့သော်လည်း ယင်းကို သူ၏ မျက်နှာပေါ်မှာ မဖော်ပြပေ။ ခြိမ်းခြောက်မှုအရှိန်အဝါကို ထုတ်လွှတ်နေကြသော သူ၏ ဘေးပတ်ပတ်လည်မှ မိစ္ဆာသားရဲဘုရင်များကို ကြည့်လိုက်သည့်အခါ သူက မျက်လုံးဝင်းလက်သွားသည်။

အကြည့်တစ်ချက်ဖြင့်ပင် ထိုမိစ္ဆာသားရဲဘုရင်များက သူ့ကို မည်မျှဒေါသထွက်နေကြကြောင်း မြင်နိုင်ပေသည်။

မည်သို့ဖြစ်ပါစေ ယင်းက ပေါ်တင်ရန်စခြင်း ဖြစ်သည်။

တောင်ပိုင်းမြေရိုင်းဒေသထဲ၌ ကပ်ဘေးဒုက္ခကျော်လွှားပြီးသော မိစ္ဆာမျိုးနွယ်ဝင်တစ်ကောင်ကို တိုက်ခိုက်ခြင်းသည် သာမန်ကိစ္စ မဟုတ်ပေ။ ယင်းက တောင်ပိုင်းမြေရိုင်းဒေသမှ မိစ္ဆာမျိုးနွယ်စုကို ပါးရိုက်လိုက်ခြင်းပင် ဖြစ်သည်။ သို့ဖြစ်၍ တောင်ပိုင်းမြေရိုင်းဒေသထဲမှ မိစ္ဆာသားရဲဘုရင်များ ထိုမျှအကြီးအကျယ် ဒေါသထွက်နေခြင်းက ထူးဆန်းသောအရာ မဟုတ်ပေ။

ထိုသို့ရန်စခြင်းကို ရန်သူ၏ သွေးဖြင့် ဆေးကြောမှသာ ဖြေသိမ့်နိုင်လိမ့်မည်။

လီချန်းလန်သည် သူလုပ်ဆောင်ခဲ့သောအရာကို ရှင်းလင်းစွာ သိသည်။ အစက သူမျှော်လင့်ထားသည်မှာ မဒူဆာသည် ကပ်ဘေးဒုက္ခကျော်လွှားပြီးနောက် အလွန်အားနည်းနေလိမ့်မည်။ ထိုအချိန်မှာ သူက အလစ်လုပ်ကြံပြီး သူ့ကို တစ်ချက်တည်း သတ်ပစ်မည်။ သို့သော်လည်း တစ်ဖက်လူက သူ၏ တိုက်ခိုက်မှုကို ခုခံကာကွယ်နိုင်ခဲ့မည်ဟု မည်သူက မျှော်လင့်ထားမည်နည်း။ ထိုမျှသာ မဟုတ်ပေ။ တစ်ဖက်လူက သူနှင့် အချိန်တစ်ခဏကြာအောင် တိုက်ခိုက်နိုင်ခဲ့သည်။ ယင်းက တခြားမိစ္ဆာသားရဲဘုရင်များ ရောက်ရှိလာစေရန် အချိန်ဆွဲထားပေးသကဲ့သို့ ဖြစ်သွား၏။

ခြေတစ်လှမ်းမှားသည့်အခါ နောက်ထပ် ခြေလှမ်းများက လွဲမှားသွားသည်။

အခြေအနေက မျက်စိတစ်မှိတ်အတွင်းမှာ ပြောင်းပြန်ဖြစ်သွားသည်။ လက်ရှိအခြေအနေအရ ဤနေရာမှ သူထွက်သွားရန် မလွယ်ကူတော့ပေ။ သူက ဤနေရာမှ ထွက်သွားနိုင်မည့် အကောင်းဆုံး အခွင့်အရေးကို ဆုံးရှုံးသွားသည်။

“ ဟွန့်… အရှက်မဲ့တဲ့ ကျင့်ကြံသူ… မင်း မဟုတ်တာတွေ လျှောက်ပြောမနေနဲ့ ”

အနက်ရောင်မျောက်ဝံဘုရင်က ဒေါသတကြီး အော်ပြောလိုက်သည်။ သူ၏ အော်သံက မိုးခြိမ်းသံပမာ ကျယ်လောင်စွာ ပဲ့တင်ထပ်သွားသည်။

“ ငါပြောတာ မှားလို့လား… မင်းတို့အားလုံးက မိစ္ဆာသားရဲဘုရင်တွေ ဖြစ်ကြတယ်… တကယ်လို့ မင်းတို့တစ်ယောက်စီက မိစ္ဆာမျိုးနွယ်စုရဲ့ သူရဲကောင်းတွေဆိုရင် ဘာဖြစ်လို့ ငါ့လို ကျင့်ကြံသူတစ်ယောက်ကို အုပ်စုဖွဲ့ပြီး အနိုင်ကျင့်ရတာလဲ… ဒီသတင်းသာ အပြင်ကို ပျံ့နှံ့သွားရင် မင်းတို့ရဲ့ ဂုဏ်သိက္ခာက မြောင်းထဲ ရောက်ကုန်မှာ ငါစိုးရိမ်တယ် ”

အနက်ရောင်မျောက်ဝံဘုရင်၏ တုံ့ပြန်မှုကို ကြားသောအခါ လီချန်းလန်က စိတ်ထဲမှာ ဝမ်းသာသွားသည်။

‘ ငါက မင်းတို့ပြန်မပြောမှာကို စိုးရိမ်နေတာ… အခုလို တုံ့ပြန်လာရင် ဒီအခြေအနေကို ပြောင်းလဲပစ်ဖို့ ငါ့မှာ နည်းလမ်းရှိတယ်… မိစ္ဆာသားရဲတွေက ဉာဏ်ကောင်းပေမဲ့ ငါ့လို နှစ်ပေါင်းများစွာ အသက်ရှင်သန်ခဲ့တဲ့ မြေခွေးအိုကြီးကို ယှဉ်နိုင်မယ်တဲ့လား ’

စကားပြောလိုက်သည့်အခါ လီချန်းလန်၏ အမူအရာက ပြောင်းလဲသွားသည်။ သူ့စကား၏ နောက်ကွယ်မှ အဓိပ္ပာယ်ကို မည်သူမဆို အကြမ်းဖျဉ်း ခန့်မှန်းနိုင်ပေသည်။

မိစ္ဆာသားရဲဘုရင်များက အုပ်စုဖွဲ့၍ သူ့ကို တိုက်ခိုက်နေကြလေရာ မိစ္ဆာမျိုးနွယ်စု၏ သူရဲကောင်းများဟု ခေါ်ဆိုရန် မထိုက်တန်ပေ။ တစ်နည်းဆိုရလျှင် သူက စကားကျွမ်းကျင်မှုကို အသုံးပြု၍ မိစ္ဆာသားရဲဘုရင်များ၏ အုပ်စုဖွဲ့မှုကို သူတို့ဘာသာ ဖျက်သိမ်းစေချင်သည်။ ထိုနည်းဖြင့်ဆိုလျှင် သူက ဤနေရာမှ ထွက်ပြေးရန် အခွင့်အရေးတစ်ခု ရှာဖွေနိုင်လိမ့်မည်။

“ မင်း ဘာစကားပြောတယ် ”

စိတ်တိုလွယ်သော အနက်ရောင်မျောက်ဝံဘုရင်က ယင်းကို ကြားသောအခါ ချက်ချင်း ဒေါသူပုန်ထသွားသည်။ သူက အရှေ့သို့ ခုန်လိုက်ပြီး ဒေါသတကြီး အော်ပြောသည်။

“ ငါကင်းကောင်က မင်းကို ကြောက်တယ်လို့များ ထင်နေလား… ဒီနေ့ ဘယ်သူ့အကူအညီမှ ငါမယူဘူး… ငါမင်းကို လက်တစ်ဖက်တည်းနဲ့ ရိုက်သတ်ပစ်မယ် ”

သူက စကားပြောနေရင်း သူ၏ တုတ်ခိုင်သန်မာသော လက်မောင်းများကို ဝှေ့ယမ်းလိုက်သည်။ ကြည့်ရသည်မှာ သူက အရှေ့သို့ ပြေးထွက်သွားပြီး လီချန်းလန်ကို တစ်ယောက်တည်း တိုက်ခိုက်တော့မည့်ဟန် ရ၏။

“ ကင်းကောင်… အဲ့မြေခွေးအိုကြီးရဲ့ လှည့်ကွက်ထဲ မဝင်သွားနဲ့… သူက ငါတို့ကို ရန်စပြီး သူ့အတွက် လွတ်မြောက်နိုင်မယ့် အခွင့်အရေးတစ်ခုကို ဖန်တီးချင်နေတာ ”

စက်ကရာသည် လီချန်းလန်၏ အကြံအစည်ကို ထွင်းဖောက်မြင်နိုင်သောကြောင့် သူ့ကို အေးစက်စက် စိုက်ကြည့်လိုက်သည်။ သူက တစ်ဖက်လူ၏ လှည့်ကွက်ကို ရှင်းလင်းစွာ သိထားသည်။ အကြည့်တစ်ချက်ဖြင့်ပင် အနက်ရောင်မျောက်ဝံဘုရင်က သူတို့ထဲမှာ စိတ်တိုလွယ်သူဖြစ်ပြီး ထိန်းချုပ်ရလွယ်ကူကြောင်း မြင်နိုင်ပေသည်။ ထို့ကြောင့် သူတို့ထဲမှာ အနက်ရောင်မျောက်ဝံဘုရင်က ရန်သူ၏ လှည့်ကွက်ထဲသို့ ကျရောက်သွားရန် အလွယ်ကူဆုံး ဖြစ်သည်။

ထို့ကြောင့် စက်ကရာက အနက်ရောင်မျောက်ဝံဘုရင်ကို အမြန်သတိပေးလိုက်သည်။

ယင်းကို ကြားသောအခါ အရှေ့သို့ ပြေးသွားတော့မည့် အနက်ရောင်မျောက်ဝံဘုရင်က ယာယီရပ်တန့်သွားသည်။ သို့သော်လည်း သူ့မျက်လုံးထဲမှ ဒေါသမီးက ပိုပြီးတောက်လောင်လာသည်။

ယင်းကို လီချန်းလန် မြင်သောအခါ သူက နှလုံးခုန်မြန်သွားသည်။ ဤမိစ္ဆာသားရဲအုပ်စုက ရင်ဆိုင်ရန် မလွယ်ကူကြောင်း နောက်ဆုံးမှာ သူသိသွားသည်။ သူက သီရှီထျန်ကို လှည့်ကြည့်လိုက်သည်။ ဧရာမကျားနက်ကို မြင်သွားသောအခါ သူက မျက်လုံးအရောင်တောက်သွားသည်။

ထိုကျားနက်က လီမိသားစု၏ ဘိုးဘေးရတနာဖြစ်သော ဝိညာဉ်သံလိုက်အိမ်မြှောင်ကို ရရှိထား‌သည့် မိစ္ဆာကျားဖြစ်ကြောင်း ချက်ချင်း သူသိလိုက်သည်။

“ ဒီကျားက တကယ် သာမန်မဟုတ်ဘူး ”

လီချန်းလန်က စိတ်ထဲမှာ တိတ်တဆိတ် ရေရွတ်လိုက်သည်။

သီရှီထျန်က နှာခေါင်းရှုံ့လိုက်ပြီး ပြောသည်။

“ အားလုံးပဲ… ဒီမသေမျိုးကျင့်ကြံသူက ငါတို့ရဲ့ တောင်ပိုင်းမြေရိုင်းဒေသထဲ ကျူးကျော်ဝင်ရောက်လာပြီး မဒူဆာကို အရှက်မရှိ ခိုးကြောင်ခိုးဝှက် တိုက်ခိုက်ခဲ့တယ်… ဒါက သူက ငါတို့ရဲ့ တောင်ပိုင်းမြေရိုင်းဒေသကို မျက်စိထဲမထည့်ဘူးဆိုတာ ထင်ရှားတယ်… သူ့ကို ဒီနေ့ ငါတို့လွှတ်ပေးလိုက်ရင် ငါတို့ရဲ့ တောင်ပိုင်းမြေရိုင်းဒေသက သေလောက်အောင် အရှက်ရလိမ့်မယ်… ဒီလိုလူမျိုးရဲ့ အရှေ့မှာ တရားမျှတမှုအကြောင်း ပြောနေစရာမလိုဘူး… အားလုံးပဲ သူ့ကို သတ်ပစ်ပြီး ငါတို့မိစ္ဆာမျိုးနွယ်စုက အားနည်းပေမဲ့ အနိုင်ကျင့်သမျှ ငြိမ်ခံနေမယ့် ငကြောက်တွေမဟုတ်ဘူးဆိုတာ လောကကို အသိပေးရမယ် ”

သီရှီထျန်သည် မိစ္ဆာအဖြစ် မွေးဖွားလာကတည်းက မသေမျိုးကျင့်ကြံသူများနှင့် ငြိမ်းချမ်းစွာ အတူတကွ ယှဉ်တွဲနေထိုင်ရန် လက်လျော့လိုက်သည်။ အနည်းငယ် အလျော့ပေးရုံဖြင့် မိစ္ဆာမျိုးနွယ်စု၏ အခြေအနေက ပိုပြီးကောင်းမွန်လာလိမ့်မည် မဟုတ်ချေ။ သူတို့က ပိုပြီးအလျော့ပေးလေ သူတို့၏ အခြေအနေက ပိုပြီးခက်ခဲလာလေ ဖြစ်သည်။

သီရှီထျန်၏ အမြင်စွမ်းရည်အရ ထိုအခြေအနေကို မည်သို့ကြောင့် သူမမြင်ဘဲ နေမည်နည်း။ တောင်ပိုင်းမြေရိုင်းဒေသထဲမှာ သူနေထိုင်နေစဉ်အတောအတွင်း ထိုခံစားမှုကို တွေ့ကြုံခဲ့သည်။ အနောက်ဆုတ်ခြင်းသည် ပြီးပြည့်စုံသော ဖြေရှင်းနည်း မဟုတ်ပေ။

သူ၏ အမြင်မှာ မသေမျိုးကျင့်ကြံသူများကို ခြိမ်းခြောက်ရန် သူတို့၏ အင်အားကိုလည်း ထုတ်ဖော်ပြသင့်သည်။

သူက မသေမျိုးကျင့်ကြံခြင်းလောကကို ဤသို့ကြေညာချင်သည်။

‘ မင်းငါ့ကို သတ်ဖို့ ရည်ရွယ်ထားရင် ငါကလည်း မင်းကို ပြန်သတ်နိုင်တယ် ’

သူတို့၏ မိစ္ဆာမျိုးနွယ်စုက လောလောဆယ် အားနည်းနေသော်လည်း မသေမျိုးကျင့်ကြံသူများကို သတိပေးရန် သူတို့၏ အင်အားတချို့ကို ထုတ်ဖော်ပြခြင်းက သင့်တော်ပေသည်။

“ အကိုသီပြောတာ မှန်တယ်… ဒီလို လူယုတ်မာကို ဘာမှထပ်ပြောနေစရာမလိုဘူး… အားလုံးပဲ အတူတူ တိုက်ကြရအောင် ”

ခေါင်းသုံးလုံးရွှေခြင်္သေ့ဘုရင်က သီရှီထျန်၏ စကားကို ချက်ချင်း ထောက်ခံလိုက်သည်။

“ ငါတို့ သူ့ကို ဒီကနေ အသက်ရှင်ရက် ပြန်မလွှတ်နိုင်ဘူး ”

မရဏကျီးကန်းဘုရင်ကို သေခြင်းအရှိန်အဝါက ဖုံးလွှမ်းထားသည်။ သူ၏ အက်ရှရှ စကားသံထဲမှာ သေခြင်းစိတ်ဆန္ဒ ကိန်းအောင်းနေသည်။

“ ကျီး ”

သရဖူနီကြိုးကြာဘုရင်သည် မဒူဆာကို ကြည့်လိုက်သည်။ မဒူဆာ၏ မျက်နှာက ဖြူဖျော့နေပြီး သူ၏ နှုတ်ခမ်းထောင့်မှာ သွေးစီးကြောင်းတစ်ခုရှိနေကြောင်း မြင်လိုက်ရသောအခါ သူက လည်ပင်းကို ဆန့်လိုက်ပြီး စူးရှသော အော်မြည်သံကို ထုတ်ဖော်လိုက်သည်။ သူက မည်သည့်စကားမှ မပြောပေ။ သို့သော်လည်း အဖြူရောင်မိစ္ဆာအလင်းက သူ၏ အတောင်ပံနှစ်ဖက်ထံမှ ရုတ်တရက် ထွက်ပေါ်လာသည်။

“ ထန် ထန် ထန် ”

သတ္ထုမြည်သံများ တရစပ် ထွက်ပေါ်လာသည်။ ယင်းက ဓားအိမ်ထဲမှ ဓားဆွဲထုတ်လိုက်သော မြည်သံနှင့် ဆင်တူသည်။

သူ၏ အတောင်ပံများပေါ်မှ ငှက်မွှေးများက ချွန်ထက်သော မြားများသဖွယ် ပျံသန်းထွက်လာကြသည်။ ငှက်မွှေးများ၏ မျက်နှာပြင်ပေါ်တွင် သတ္ထုအလင်းရောင်က ထွက်ပေါ်နေသည်။ အေးစက်စက်အလင်းက မှိတ်တုတ်မှိတ်တုတ် လင်းလက်သွားသည့်အခါ နားဝင်စူးရှသော လေခွင်းသံများ ထွက်ပေါ်လာသည်။

မျက်စိတစ်မှိတ်အတွင်းမှာ ရာပေါင်းများစွာသော အဖြူရောင်ငှက်မွှေးများက လီချန်းလန်၏ ခန္ဓာကိုယ်ဆီသို့ ဦးတည်သွားကြသည်။ ငှက်မွှေးတစ်ချောင်းစီက ဓားထိပ်ဖျားကဲ့သို့ ချွန်ထက်သည်။ ယင်းတို့က အလွန်ချွန်ထက်ရုံမျှသာမဟုတ်ဘဲ အားကောင်းသော မိစ္ဆာစွမ်းအားကလည်း ငှက်မွှေးများထဲမှာ ကိန်းအောင်းနေသည်။ ယင်းတို့ထဲမှ မည်သည့်ငှက်မွှေးမဆို စိန်ကို အလွယ်တကူ ထိုးဖောက်ပစ်နိုင်သည်။

ယင်းတို့က ထက်ရှသော ဓားရှည်တစ်သောင်းပမာ လေကို တစ်ပြိုင်နက် ဖြတ်သန်းသွားကြသည်။

သတ်ဖြတ်ခြင်းစိတ်ဆန္ဒက ထပ်မံ ပေါ်လျှိုးလာသည်။

သရဖူနီကြိုးကြာဘုရင်က စတင်တိုက်ခိုက်လိုက်ကြောင်း လီချန်းလန် မြင်သောအခါ သူက စိတ်ထဲမှာ ခါးသက်သက် ပြုံးလိုက်သည်။ ဤတစ်ကြိမ်တွင် သူအနောက်ပြန်မလှည့်နိုင်တော့ကြောင်း သိလိုက်သည်။ သူက သတ်ဖြတ်ခြင်းအရှိန်အဝါ၏ ပစ်မှတ်ထားခြင်းခံလိုက်ရသည်။ သူလွတ်မြောက်နိုင်မည့် အခွင့်အရေးက ပိုပြီးနည်းပါးသွားသည်။ သို့သော်လည်း သူက ထိုအတွက်ကြောင့် စိတ်မပျက်သွားပေ။ မည်သို့ဖြစ်ပါစေ သူက နှစ်ပေါင်းရာချီအသက်ရှင်သန်ခဲ့သော မြေခွေးအိုကြီး မဟုတ်ပါလော။ သူက မည်သို့ကြောင့် အလွယ်တကူ လက်လျော့ရမည်နည်း။ အသက်ရှင်ရန် အခွင့်အရေးသေးသေးလေး ရှိလျှင်ပင် သူက လက်လျှော့လိမ့်မည် မဟုတ်ချေ။

“ ငါ လီချန်းလန်က နှစ်ပေါင်းရာချီ အသက်ရှင်သန်ခဲ့တယ်… ဒီနေ့ ငါက တောင်ပိုင်းမြေရိုင်းဒေသထဲမှာ ကျဆုံးသွားလိမ့်မယ်လို့ ငါမယုံဘူး… ငါ့ရဲ့ ဆန္ဒပြည့်စေအုတ်ခဲကို ကြည့်လိုက်… တားဆီးစမ်း… တားဆီးစမ်း ”

လီချန်းလန်၏ မျက်နှာပေါ်မှာ စိတ်ဓာတ်ပြတ်သားမှု ထွက်ပေါ်လာသည်။ ဆန္ဒပြည့်စေအုတ်ခဲက သူ၏ လက်ထဲမှ ထပ်မံ ပျံသန်းထွက်သွားသည်။

“ ဘန်း ဘန်း ဘန်း ”

အုတ်ခဲသည် မရေမတွက်နိုင်သော ရွှေရောင်အလင်းတန်းများကို ထုတ်လွှတ်လိုက်သည်။ ရွှေရောင်အလင်းအောက်မှာ ဆန္ဒပြည့်စေအုတ်ခဲက ရုတ်တရက် အဆမတန် ကြီးမားကျယ်ပြောသွားသည်။ မျက်စိတစ်မှိတ်အတွင်းမှာ အုတ်ခဲက တောင်ကြီးတစ်တောင်နှယ် ကြီးမားသွားပြီး သူ၏ ဦးခေါင်းပေါ်မှာ ကာကွယ်ပေးလိုက်သည်။

မရေမတွက်နိုင်သော မှော်သင်္ကေတများက ဆန္ဒပြည့်စေအုတ်ခဲ၏ မျက်နှာပြင်ပေါ်မှာ အရူးအမူး ထွက်ပေါ်လာကြသည်။ ဓမ္မရတနာတစ်ခု၏ စွမ်းအားက ဤအခိုက်အတန့်မှာ အပြည့်အဝ ထွက်ပေါ်လာသည်။

ဓားရှည်များနှင့်ဆင်တူသော ငှက်မွှေးများက ဆန္ဒပြည့်စေအုတ်ခဲ၏ ခုခံတားဆီးခြင်းခံလိုက်ရသည်။ ယင်းတို့က ဆန္ဒပြည့်စေအုတ်ခဲပေါ်သို့ ကျဆင်းသွားသည့်အခါ သတ္ထုမြည်သံများ ထွက်ပေါ်လာသည်။ ဤသည်မှာ ဓားများက သတ္ထုနံရံပေါ်ကို ထိမှန်သွားသည့်အလားပင်။ မည်သို့ဖြစ်ပါစေ ဆန္ဒပြည့်စေအုတ်ခဲက ဓမ္မရတနာတစ်ခု မဟုတ်ပါလော။ ရွှေရောင်အလင်းက တအိအိလှုပ်ခတ်သွားသော်လည်း အုတ်ခဲက မည်သည့်ထိခိုက်ပျက်စီးမှုမှ မဖြစ်သွားပေ။

“ ဘယ်လောက်ကြီးလိုက်တဲ့ အုတ်ခဲလဲ… အဲ့ဒါကို ငါ့ရဲ့ လက်ဝါးတစ်ချက်နဲ့ ဖျက်ဆီးပစ်မယ် ”

ဆန္ဒပြည့်စေအုတ်ခဲက တောင်ကြီးတစ်တောင်နှယ် အရွယ်အစားကြီးမားသွားကြောင်း အနက်ရောင်မျောက်ဝံဘုရင် မြင်သောအခါ သူက လျှာထုတ်လိုက်ပြီး နှုတ်ခမ်းသပ်လိုက်သည်။ သူ၏ မျက်လုံးထဲ၌ သွေးဆာလောင်မှု ထွက်ပေါ်လာပြီး သူ၏ ခန္ဓာကိုယ်ပေါ်မှာ တိုက်ပွဲစိတ်ဝိညာဉ်ဖြင့် ပြည့်နှက်သွားသည်။

“ ဗုန်း ”

သူက အရှေ့သို့ ကြမ်းတမ်းစွာ ခြေတစ်လှမ်း လှမ်းလိုက်သည်။ ကြောက်မက်ဖွယ်ကောင်းသော အင်အားက တောင်ထွတ်ပေါ်သို့ ကျဆင်းလာသည်။ ယင်းက တောင်ကို ပြင်းထန်စွာ တုန်ယင်သွားစေသည်။ အနက်ရောင်မျောက်ဝံဘုရင်၏ လက်သည်းက ရုတ်တရက် ကြီးမားကျယ်ပြောသွားသည်။ မိစ္ဆာချီ၏ သွန်းလောင်းမှုကြောင့် မျောက်ဝံလက်သည်းက တောင်ကြီးတစ်တောင်နှယ် ကြီးမားသွားသည်။

ရိုင်းစိုင်းကြမ်းကြုတ်ပြီး လွှမ်းမိုးဗိုလ်ကျသော အရှိန်အဝါက မိုးမြေကို ဖုံးလွှမ်းသွားသည်။ မိုးမြေကို ဖောက်ထွင်းနိုင်သော အရှိန်အဝါက ထပ်မံ ထွက်ပေါ်လာသည်။ အနက်ရောင်မျောက်ဝံဘုရင်က သူ၏ ဧရာမလက်သည်းကို အောက်သို့ ရိုက်ချလိုက်လေရာ လေက ဒြပ်ထည်ရှိသွားဟန် ရ၏။

မျောက်ဝံလက်သည်း ကျဆင်းလာသည့်အခါ ဘေးပတ်ဝန်းကျင်မှ လေဟာနယ်က ပြိုကွဲသွားသည်။ ရိုင်းစိုင်းကြမ်းကြုတ်သော အင်အားက အနက်ရောင်မျောက်ဝံဘုရင်၏ လက်သည်းထံမှ အရူးအမူး ပေါ်လျှိုးလာသည်။

“ ဗုန်း ”

အနက်ရောင်မျောက်ဝံဘုရင်၏ လက်သည်းက အရွယ်အစားကြီးမားလေရာ ယင်းကို တိမ်းရှောင်ရန် မဖြစ်နိုင်ပေ။ ယင်းက ဆန္ဒပြည့်စေအုတ်ခဲပေါ်သို့ ကြမ်းတမ်းစွာ ရိုက်ချသွားသည်။

အခန်း(၁၄၇)

“ ဗုန်း ”

ထိုတွေ့ဆုံမှုက မိုးနှင့်မြေ အပြန်အလှန် တွေ့ဆုံသွားကြသည့်အလားပင်။ ဆန္ဒပြည့်စေအုတ်ခဲက ထွန်းလင်းတောက်ပသော ရွှေရောင်အလင်းတန်း ရာထောင်ချီကို ထုတ်လွှတ်လိုက်သည်။ မရေမတွက်နိုင်သော မှော်သင်္ကေတများက ဆန္ဒပြည့်စေအုတ်ခဲထံမှ အရူးအမူး ထွက်ပေါ်လာကြပြီး အနက်ရောင်မျောက်ဝံဘုရင်၏ လက်သည်းရိုက်ချက်ကို ခုခံတားဆီးလိုက်သည်။

သို့သော်လည်း မျောက်ဝံဘုရင်၏ လက်သည်းထဲမှာ ကိန်းအောင်းနေသော ကြောက်မက်ဖွယ်ခွန်အားကြောင့် အရေအတွက်များပြားသော မှော်သင်္ကေတများက အက်ကွဲသွားကြသည်။ နောက်အခိုက်အတန့်မှာ အနက်ရောင်မျောက်ဝံဘုရင်၏ လက်သည်းက ဆန္ဒပြည့်စေအုတ်ခဲ၏ မျက်နှာပြင်ပေါ်သို့ ကြမ်းတမ်းစွာ ကျဆင်းသွားသည်။ ချက်ချင်းဆိုသလိုပင် အနက်ရောင်မျောက်ဝံဘုရင်၏ ခြေဖဝါးအောက်မှ တောင်ထွတ်က အပြင်းအထန် တုန်ခါသွားသည်။

တောင်ထိပ်ပေါ်မှစတင်၍ မရေမတွက်နိုင်သော အက်ကွဲကြောင်းများက တောင်အောက်ခြေအထိ ပျံ့နှံ့သွားကြသည်။ ဧရာမကျောက်တုံးကြီးများက ကျယ်လောင်သော မြည်သံနှင့်အတူ ပေါက်ကွဲသွားကြပြီး သေးငယ်သော ကျောက်တုံးအပိုင်းအစများက အရပ်မျက်နှာအသီးသီးဆီသို့ လွင့်စင်သွားကြသည်။

“ ဆန္ဒပြည့်စေအုတ်ခဲ… လှည့်စမ်း… လှည့်စမ်း ”

လီချန်းလန်သည် အနက်ရောင်မျောက်ဝံဘုရင်၏ လက်သည်းထံမှ ထုတ်လွှတ်နေသော ကြောက်မက်ဖွယ်ခွန်အားကို ခံစားမိသွားသည်။ ရုတ်တရက်ဆိုသလို သူ၏ ခန္ဓာကိုယ်ပေါ်မှာ အစိမ်းရောင်စစ်ချပ်ဝတ်တစ်ထည် ထွက်ပေါ်လာသည်။ ယင်းကို စစ်ချပ်ဝတ်ဟု ခေါ်မည့်အစား နွယ်ချပ်ဝတ်ဟု ခေါ်ခြင်းက ပိုပြီးသင့်တော်လိမ့်မည်။ အဘယ့်ကြောင့်ဆိုသော် စစ်ချပ်ဝတ်တစ်ခုလုံးကို ထူးဆန်းသော အစိမ်းရောင်နွယ်ပင်များဖြင့် ရက်လုပ်ထားသောကြောင့်ပင်။ ထို့ကြောင့် စစ်ချပ်ဝတ်က အစိမ်းရောင်အလင်းကို ထုတ်လွှတ်နေသည်။

ထိုစစ်ချပ်ဝတ်ကို ဝတ်ဆင်လိုက်သည့်အခါ ရဲစွမ်းသတ္တိရှိသော အရှိန်အဝါက သူ၏ ခန္ဓာကိုယ်ပေါ်မှာ ထွက်ပေါ်လာသည်။ သူ၏ လက်ဖြင့်လည်း ချိပ်တံဆိပ်သင်္ကေတတစ်ခုကို ဖွဲ့စည်းလိုက်သည်။

ချိပ်တံဆိပ်သင်္ကေတက ဆန္ဒပြည့်စေအုတ်ခဲထဲသို့ ဝင်ရောက်သွားသည်။

ရုတ်တရက်ဆိုသလို ဆန္ဒပြည့်စေအုတ်ခဲထံမှ ထုတ်လွှတ်နေသော မှော်သင်္ကေတများက ပိုပြီးများပြားလာသည်။ ထို့ပြင် ဆန္ဒပြည့်စေအုတ်ခဲက မြန်ဆန်စွာ လှည့်ပတ်သွားသည်။ ဆန္ဒပြည့်စေအုတ်ခဲ၏ လှည့်ပတ်မှုကြောင့် အနက်ရောင်မျောက်ဝံဘုရင်၏ လက်သည်းထံမှ ကြောက်မက်ဖွယ်ခွန်အားက လွင့်ပြယ်သွားသည်။ ယင်းက သူ့အပေါ်သို့ ကျရောက်လာမည့်အစား ဘေးပတ်ဝန်းကျင်မှ တောင်ထွတ်များပေါ်သို့ ကျဆင်းသွားသည်။ ယင်းက တောင်ထွတ်၏ ပြိုကျပျက်စီးမှုအလျင်ကို ပိုမိုမြန်ဆန်စေသည်။

“ ချလွင် ချလွင် ချလွင် ”

သတ္ထုမြည်သံများနှင့်အတူ သီရှီထျန်၏ အေးစက်စက်အသံက ထွက်ပေါ်လာသည်။

“ မိစ္ဆာမြူနှင်းဓားသွားတွေ… အဲ့ဒီစစ်ချပ်ဝတ်ကို ပိုင်းဖြတ်လိုက်ကြစမ်း ”

သီရှီထျန်၏ ဘေးပတ်ပတ်လည်တွင် မိစ္ဆာမြူနှင်းဓားသွားဆယ်ခုကျော်က နိမ့်ချည်မြင့်ချည် ရွေ့လျားကခုန်နေကြသည်။ သူ၏ စကားဆုံးသွားသည်နှင့် မဟူရာလခြမ်းကွေးဓားများက လီချန်းလန်ဆီသို့ အရပ်မျက်နှာအသီးသီးထံမှ ပျံသန်းထွက်သွားကြသည်။ ယင်းတို့၏ အလျင်က အလွန်မြန်ဆန်သည်။

လျှပ်တစ်ပြက်အတွင်းမှာ မိစ္ဆာမြူနှင်းဓားသွားများက လီချန်းလန်၏ အရှေ့သို့ ရောက်ရှိသွားကြသည်။

သီရှီထျန်၏ နှလုံးသားထဲမှာ သတ်ဖြတ်ခြင်းစိတ်ဆန္ဒဖြင့် ပြည့်နှက်နေသည်။ သူသည် တိုက်ခိုက်လိုက်သည်နှင့် လုံးဝ သနားညှာတာမနေပေ။

တိုက်ပွဲက ပြင်းထန်နေစဉ် အခြားတစ်ဖက်မှာတော့ မဒူဆာက မျက်နှာဖြူဖျော့နေလျက် မတ်တတ်ရပ်နေသည်။ သူ၏ ခန္ဓာကိုယ်ပေါ်မှာ ကြီးမားသော ဒဏ်ရာဒဏ်ချက်များဖြင့် ပြည့်နှက်နေသည်။ စက်ဆုပ်ရွံရှာဖွယ်ကောင်းသော ထိုကျင့်ကြံသူကို သူကိုယ်တိုင် သတ်ဖြတ်ချင်လျှင်ပင် သူ့မှာ ထိုသို့လုပ်နိုင်သော ခွန်အားမရှိပေ။ သို့ဖြစ်၍ သူက ဘေးမှာ ရပ်နေပြီး လီချန်းလန်နှင့် တခြားမိစ္ဆာသားရဲဘုရင်များ၏ တိုက်ပွဲကို အေးစက်စက် စောင့်ကြည့်နေသည်။

“ အမမဒူဆာ… ငါ့အမက နင့်ကို ပန်းမျိုးတစ်ရာအမတဝိုင် ပေးခိုင်းလိုက်တယ် ”

မဒူဆာသည် သူ့နှလုံးသားထဲ၌ စိတ်ကသိကအောက်ဖြစ်မှုကို ခံစားမိနေသည်။ ထိုစဉ် ကြည်လင်သော အသံက အဝေးမှ ပျံ့လွင့်လာသည်။ သူက ခေါင်းလှည့်ကြည့်လိုက်လေရာ သေးငယ်သော ဇာမဏီငှက်တစ်ကောင်က အတောင်ပံတဖျပ်ဖျပ်ခတ်၍ သူ၏ တည်နေရာဆီသို့ မြန်ဆန်စွာ ပျံသန်းလာနေကြောင်း မြင်သွားသည်။ ထို့ပြင် သူ၏ ပါးစပ်ထဲမှာ သေးငယ်သော ပုလင်းတစ်လုံးကို ကိုက်ချီထားသည်။ ပုလင်းသည် မကြီးမားပေ။ ယင်းက အလွန်သေးငယ်ပြီး တမူထူးခြားသည်။

ထိုဇာမဏီငှက်သည် ပန်းမျိုးတစ်ရာအမတဝိုင်ကို မဒူဆာအား ပေးရန် ပန်းမျိုးတစ်ရာချိုင့်ဝှမ်းထဲမှ ထွက်လာသော ကျူးအာမှလွဲ၍ တခြားမဟုတ်ပေ။ လမ်းခရီးတွင် ဇာမဏီငှက်သည် လီချန်းလန်၏ ခိုးကြောင်ခိုးဝှက် တိုက်ခိုက်မှုကို မြင်တွေ့သွားသည်။ မဒူဆာ ဒဏ်ရာအပြင်းအထန်ရရှိသွားကြောင်း မြင်သောအခါ ဇာမဏီငှက်က သူ၏ အလျင်ကို အမြင့်ဆုံးသို့ မြှင့်တင်လိုက်သည်။ သူက ကောင်းကင်ယံတွင် အနီရောင်အလင်းတန်းတစ်ခုပမာ ဖြတ်သန်းသွားပြီး တောင်ထွတ်ဆီသို့ အပြေးအလွှား ဦးတည်သွားသည်။ နောက်ဆုံးမှာတော့ သူက တောင်ထွတ်ဆီသို့ ရောက်လာသည်။

“ ကျူးအာ… နင့်အမက နင့်ကို လွှတ်လိုက်တာလား… ပန်းမျိုးတစ်ရာအမတဝိုင်ကို နင်သယ်ဆောင်လာတယ် ”

မဒူဆာ၏ ခန္ဓာကိုယ်က ရုတ်တရက် တုန်ယင်သွားသည်။ ဖော်မပြနိုင်သော စိတ်လှုပ်ရှားမှုက သူ၏ မျက်လုံးထဲမှာ ထွက်ပေါ်လာသည်။ ယင်းက ပန်းမျိုးတစ်ရာအမတဝိုင် ဖြစ်သည်။

တခြားလူများက ပန်းမျိုးတစ်ရာအမတဝိုင်အကြောင်း မသိလျှင်ပင် ယင်းက မည်မျှတန်ဖိုးကြီးမားကြောင်း ကောင်းကောင်း သူသိသည်။ ယင်းက အမျိုးအစားမတူညီသော ပန်းပွင့်တစ်ရာ၏ အဆီအနှစ်ကို ပွင့်ချပ်များပေါ်မှာ တင်နေသော နံနက်ခင်းနှင်းစက်များဖြင့် ရောစပ်ကာ လျှို့ဝှက်နည်းလမ်းများဖြင့် ဖန်တီးထားသော အမတဝိုင်ဖြစ်သည်။ ယင်းက သာမန်ဝိုင်မဟုတ်ပေ။

အမတဝိုင်ထဲမှာ ပန်းမျိုးတစ်ရာ၏ အဆီအနှစ်က ပမာဏများပြားစွာ ပါဝင်နေသည်။ ယင်းကို သန့်စင်မည်ဆိုလျှင် အမြူတေဓာတ်လုံး ဖွဲ့စည်းပြီးသော အစစ်အမှန် မိစ္ဆာများသည်ပင် တူညီသော အကျိုးသက်ရောက်မှုကို ခံစားကြရလိမ့်မည်။ ယင်းက တစ်စုံတစ်ယောက်၏ ကျင့်ကြံခြင်းကို အထောက်အကူပေးနိုင်သည်။ ယင်းက အထွတ်အမြတ်ရတနာတစ်ခု ဖြစ်သည်။ တောင်ပိုင်းမြေရိုင်းဒေသတစ်ခုလုံးတွင် ပန်းမျိုးတစ်ရာချိုင့်ဝှမ်းသာလျှင် ထိုသို့အမတဝိုင်ကို ပိုင်ဆိုင်ထားသည်။ ထို့ပြင် ယင်းက အလွန်ရှားပါးသည်။

ပုံမှန်အားဖြင့် အပြင်လူများသည် ယင်းကို မြည်းစမ်းကြည့်ရန် အလွန်ခက်ခဲသည်။ သို့သော်လည်း သူတို့သည် ပန်းမျိုးတစ်ရာအမတဝိုင်ကို တစ်ကြိမ်မြည်းစမ်းပြီးလျှင် တစ်သက်မေ့နိုင်တော့မည် မဟုတ်ချေ။ ယင်း၏ အရသာက အမှန်တကယ် အံ့ဖွယ်ထူးခြားသည်။

အမတဝိုင်ကို ပန်းမျိုးတစ်ရာ၏ အဆီအနှစ်ဖြင့် ချက်လုပ်ထားခြင်းဖြစ်လေရာ ဝိုင်ထဲမှာ ပန်းမျိုးတစ်ရာ၏ အာနိသင်က ကိန်းအောင်းနေသည်။ သို့ဖြစ်၍ တစ်စုံတစ်ယောက်သည် အမတဝိုင်ကို သောက်သုံးလျှင် အမျိုးအစားမတူညီသော ပန်းပွင့်တစ်ရာကို တစ်ချိန်တည်းမှာ အရသာခံနိုင်လိမ့်မည်။

အံ့ဖွယ်အကောင်းဆုံးမှာ ယင်းက တစ်စုံတစ်ယောက်၏ အသက်ဓာတ်ကို အမြန်ဆုံး ပြန်လည်အားဖြည့်ပေးနိုင်သည်။

အတိုချုပ်ဆိုရသော် ပန်းမျိုးတစ်ရာအမတဝိုင်က စိတ်ကူးမယဉ်နိုင်အောင် အလွန်တန်ဖိုးကြီးမားသည်။

သူမြင်လိုက်သော ထိုပုလင်းထဲမှာ ပန်းမျိုးတစ်ရာအမတဝိုင်ပါကြောင်း သိလိုက်သောအခါ မဒူဆာက အလွန်စိတ်လှုပ်ရှားသွားသည်။ ထိုပုလင်းထဲမှ အမတဝိုင်ကို သူသောက်သုံးလျှင် ပန်းမျိုးတစ်ရာ၏ အဆီအနှစ်က ကုန်ဆုံးသွားသော သူ၏ အသက်ဓာတ်ကို မြန်နိုင်သမျှမြန်မြန် ပြန်အားဖြည့်ပေးလိမ့်မည်။

အစောနက သူရရှိထားသော ဒဏ်ရာများက အလွယ်တကူ မပျောက်ကင်းသွားလျှင်ပင် အနည်းဆုံး သူ၏ စွမ်းအားအများစုကို ပြန်ရရှိသွားလိမ့်မည်။

“ အင်း… အမက နင် ကပ်ဘေးဒုက္ခကျော်လွှားနေတာကို သိတယ်… ကပ်ဘေးဒုက္ခကျော်လွှားပြီးရင် နင့်ရဲ့ အသက်ဓာတ် ထိခိုက်ဒဏ်ရာရသွားမှာကို ကြိုသိတာကြောင့် အမက ငါ့ကို ပန်းမျိုးတစ်ရာအမတဝိုင် လာပို့ခိုင်းလိုက်တာ… အမမဒူဆာ အဲ့ဒါကို မြန်မြန် သောက်လိုက်ပါ ”

ဇာမဏီငှက်သည် မဒူဆာ၏ အရှေ့သို့ ပျံသန်းသွားရင်း ကျောက်စိမ်းပုလင်းကို သူ့ဆီသို့ ကမ်းပေးလိုက်သည်။ ထို့နောက် သူက မိစ္ဆာသားရဲဘုရင်များ၏ ဝိုင်းရံခံထားရသော လီချန်းလန်ကို လှည့်ကြည့်လိုက်ပြီး ဒေါသတကြီး ပြောသည်။

“ နင်တို့ကျင့်ကြံသူတွေက အရမ်းရွံမုန်းစရာကောင်းတယ်… နင်က အမမဒူဆာ ကပ်ဘေးဒုက္ခကျော်လွှားနေတာကို အခွင့်ကောင်းယူပြီး အလစ်တိုက်ခိုက်ရဲတယ်… နင့်ကို ငါတို့အလွတ်မပေးဘူး ”

မဒူဆာက ကျောက်စိမ်းပုလင်းကို လှမ်းယူလိုက်သည်။ သူ၏ မျက်လုံးက ပိုပြီးအေးစက်လာသည်။ သူက ကျောက်စိမ်းပုလင်းကို ဖွင့်လိုက်လေရာ ပြင်းထန်သော ဝိုင်ရနံ့က ပုလင်းထဲမှ ချက်ချင်း ပျံ့လွင့်လာသည်။ ယင်းက အလွန်မွှေးကြိုင်သည်။ သို့သော်လည်း သူက တုံ့ဆိုင်းမနေဘဲ အမတဝိုင်ကို သူ့ပါးစပ်ထဲသို့ လောင်းထည့်လိုက်သည်။ ထို့နောက် သူက လီချန်းလန်ကို မုန်းတီးစွာ စိုက်ကြည့်လိုက်သည်။

“ ထန်… ထန်… ထန်… ”

စက်ကရာ၏ မိစ္ဆာမြူနှင်းဓားသွားများက လီချန်းလန်၏ ခန္ဓာကိုယ်ကို ထိမှန်သွားကြသည်။ သို့သော်လည်း လီချန်းလန်က ယင်းတို့ကို ရှောင်တိမ်းရန် ဆန္ဒမရှိပေ။ မိစ္ဆာမြူနှင်းဓားသွားများကို သူ၏ စစ်ချပ်ဝတ်ပေါ်သို့ ကျရောက်လာရန် ခွင့်ပြုလိုက်သည်။

အစိမ်းရောင်နွယ်ချပ်ဝတ်သည် ထူးဆန်းသော အစိမ်းရောင်အလင်းကို ထုတ်လွှတ်လိုက်သည်။ မိစ္ဆာမြူနှင်းဓားသွားများက စစ်ချပ်ဝတ်ကို ထိမှန်သွားသည့်အခါ ထူးဆန်းသော စွမ်းအားက စစ်ချပ်ဝတ်ထဲမှ ပေါ်လျှိုးထွက်လာသည်။ နောက်အခိုက်အတန့်မှာ လီချန်းလန်၏ ခန္ဓာကိုယ်ပေါ်သို့ ကျဆင်းသွားတော့မည့် မိစ္ဆာမြူနှင်းဓားသွားများက ရုတ်တရက် ဘေးသို့ လွဲချော်သွားကြသည်။ ထို့ကြောင့် မိစ္ဆာမြူနှင်းဓားသွားများထဲမှာ ကိန်းအောင်းနေသော စွမ်းအားသည် ငါးဆယ် သို့မဟုတ် ခြောက်ဆယ်ရာခိုင်နှုန်းခန့် လျော့ကျသွားသည်။ ကျန်ရှိသော စွမ်းအားက နွယ်စစ်ချပ်ဝတ်အပေါ် မည်သည့်ထိခိုက်ပျက်စီးမှုမှ မဖြစ်စေပေ။

“ ငါ့ကို သတ်ဖို့ မစဉ်းစားနဲ့… ပေါက်ကွဲစမ်း… ပေါက်ကွဲစမ်း… ”

လီချန်းလန်သည် ဤတစ်ကြိမ် ရူးသွပ်သွားသည်။ သူက မိစ္ဆာသားရဲဘုရင်အများအပြား၏ ဝိုင်းရံခံထားရပြီး လွတ်လမ်းမရှိတော့ကြောင်း သိလိုက်သည်။ တိုက်ခိုက်မှုအမျိုးမျိုးက သူ့အပေါ်သို့ တစ်ခုပြီးတစ်ခု ကျရောက်လာနေသည်။

သို့သော်လည်း သူက မသေမျိုးကျင့်ကြံခြင်းလောကတွင် နှစ်ပေါင်းရာချီအသက်ရှင်ခဲ့သော ပုဂ္ဂိုလ်ဖြစ်သည်။ သူက သာမညောင်ည ကျင့်ကြံသူမဟုတ်ပေ။ သူ၏ ခန္ဓာကိုယ်ပေါ်မှ နွယ်ချပ်ဝတ်သည် သာမန်စစ်ချပ်ဝတ် မဟုတ်ပေ။ ယင်းက နှစ်တစ်ထောင်သက်တမ်းရှိသော ဝိညာဉ်နွယ်ပင်များကို ရှားပါးရတနာများဖြင့် ပေါင်းစပ်ကာ ဖန်တီးသန့်စင်ထားသော ဓမ္မရတနာဖြစ်သည်။ ယင်းဆီမှာ သာလွန်ထူးခြားသော ခုခံကာကွယ်မှုရှိသည့်အပြင် ယင်းက သူ့အပေါ် ကျရောက်လာမည့် တိုက်ခိုက်မှုများကို လမ်းကြောင်းပြောင်းပေးနိုင်စွမ်းရှိသည်။

ဖိနှိပ်မှုက အရပ်မျက်နှာပေါင်းစုံမှ ထွက်ပေါ်လာနေကြောင်း သူခံစားမိသွားသည်။ ရက်စက်ကြမ်းကြုတ်သော အမူအရာက သူ၏ မျက်နှာပေါ်မှာ ထွက်ပေါ်လာသည်။ သူက သီရှီထျန်ကို စိန်းစိန်းဝါးဝါး ကြည့်လိုက်သည်။ သူက စိတ်ထဲမှာ အော်ဟစ်လိုက်သည်။

“ တိုက်ရမယ်… ဒီအတိုင်း ငါခုခံနေလို့ မဖြစ်ဘူး… မဟုတ်ရင် ဓမ္မရတနာရဲ့ အစွမ်းအာနိသင်မရှိတော့တဲ့အခါ အဲ့ဒီမိစ္ဆာသားရဲတွေရဲ့ လက်ချက်နဲ့ သေချာပေါက် ငါသေဆုံးသွားလိမ့်မယ်… ငါ အစွမ်းကုန်သုံးပြီး ဒီကနေ လွတ်မြောက်ဖို့ အခွင့်အရေးတစ်ခု ဖန်တီးရမယ်… မဟုတ်ရင် တောင်ပိုင်းမြေရိုင်းဒေသက ငါ့ရဲ့ သုသာန်မြေ ဖြစ်လာလိမ့်မယ် ”

ထိုသို့စဉ်းစားမိသောအခါ သူ့အကြည့်က စက်ကရာပေါ်သို့ ချက်ချင်း ကျရောက်သွားသည်။ သူက စက်ကရာကို သူ၏ ပစ်မှတ်အဖြစ် ရွေးချယ်လိုက်သည်။ ဤအခိုက်အတန့်မှာ သူ၏ အကြည့်က စူးရှလာသည်။ သူက အကြည့်တစ်ချက်ဖြင့်ပင် ထိုမိစ္ဆာသားရဲဘုရင်များထဲမှာ တောင်ပိုင်းအရပ်မှ မိစ္ဆာကျားနက်က အားအနည်းဆုံးဖြစ်ကြောင်း သိသွားသည်။ ထို့ပြင် အရေးကြီးဆုံးမှာ လီမိသားစု၏ ဘိုးဘေးရတနာဖြစ်သော ဝိညာဉ်သံလိုက်အိမ်မြှောင်က ထိုမိစ္ဆာကျား၏ လက်ထဲမှာ ရှိသည်။

“ အဲ့ဒီမိစ္ဆာကျားကို သတ်ပြီး ဝိညာဉ်သံလိုက်အိမ်မြှောင်ကို ပြန်ယူမယ်… ပြီးကျရင် ဒီကနေ ထွက်သွားမယ် ”

စက္ကန့်ပိုင်းလေးအတွင်းမှာ သူက ဆုံးဖြတ်ချက်ချလိုက်သည်။

သူက သိုလှောင်အိတ်ကို တစ်ချက်ပုတ်လိုက်သည်။ ချက်ချင်းဆိုသလိုပင် မှော်အဆောင်သုံးခုက သူ၏ လက်ထဲမှာ ထွက်ပေါ်လာသည်။ ထိုမှော်အဆောင်သုံးခုသည် အစောနက အနက်ရောင်မျောက်ဝံဘုရင်၏ လက်ဝါးကို ခုခံတားဆီးရန် သူအသုံးပြုခဲ့သော မီးနဂါးကခုန်ခြင်းမှော်အဆောင်နှင့် တူညီသည်။ ယင်းတို့ထံမှ ထုတ်လွှတ်နေသော အရှိန်အဝါက မီးနဂါးမှော်အဆောင်ကဲ့သို့ လျှို့ဝှက်ဆန်းကြယ်ပြီး အလွန်အားကောင်းသည်။ ရှင်းလင်းစွာပင် ယင်းတို့က မီးနဂါးမှော်အဆောင်နှင့် အဆင့်တူညီကြသည်။

သူအော်လိုက်သည့်အခါ မှော်အဆောင်သုံးခုက တစ်ပြိုင်နက် ပေါက်ကွဲသွားကြသည်။

ကြောက်မက်ဖွယ်ကောင်းသော အရှိန်အဝါအားလှိုင်းများက မိုးမြေကြားထဲမှာ ပြည့်နှက်သွားသည်။

မရေမတွက်နိုင်သော လေဓားသွားများက ကောင်းကင်ယံမှာ ပြည့်နှက်သွားသည်။ လေဓားသွားတစ်ခုစီသည် ပုစဉ်းရင်ကွဲ၏ အတောင်ပံကဲ့သို့ ပါးလွှာပြီး ဖော်မပြနိုင်အောင် ထက်ရှသည်။ ယင်းတို့က အေးစက်စက်အလင်းနှင့်အတူ မှိတ်တုတ်မှိတ်တုတ် လင်းလက်နေကြသည်။ ယင်းတို့၏ တိုက်ခိုက်စွမ်းရည်က ဖော်မပြနိုင်အောင် ကြောက်စရာကောင်းသည်။ ထို့ပြင် ယင်းတို့က အရေအတွက် အလွန်များပြားသည်။ အနည်းဆုံး ယင်းတို့က အရေအတွက်ထောင်ချီသည်။

ထိုမျှသာ မဟုတ်ပေ။

ရေခဲမုန်တိုင်းတစ်ခုသည် လေထဲမှာ ရုတ်တရက် ထွက်ပေါ်လာပြီး ဝဲကတော့တစ်ခုနှယ် အရူးအမူး လှည့်ပတ်သွားသည်။ မရေမတွက်နိုင်သော ရေခဲဓားသွားများက ဝဲကတော့ထဲမှ ထွက်ပေါ်လာကြသည်။ ယင်းတို့က တစ်စုံတစ်ယောက်ကို ဇကာပေါက်ဖြစ်အောင် ထိုးဖောက်ပစ်နိုင်ဟန် ရ၏။ အေးစိမ့်သော လေကြောင့် မြေကြီးသည်ပင် ရေခဲအလွှာချပ်အဖြစ် ပြောင်းလဲသွားသည်။

ကြောက်မက်ဖွယ်ကောင်းသော တိုက်ခိုက်မှုနှစ်ခုက သီရှီထျန်ကို ချိန်ရွယ်လိုက်ကြသည်။

All Chapters