အခန်း (၉၂၇-၉၂၈)
Vol. 93 Ch. 927-928
ကမ္ဘာပျက်ကြီး၏နဂါးဧကရာဇ်။ အပိုင်း (၉၂၇ + ၉၂၈)
မူရင်းစာရေးဆရာ - Silent Cake And Pastries
ဘာသာပြန် - Author Chang’e 🌕
True Immortal Team
ကုန်းကုန်းဧကရာဇ်၏ ဒုတိယအတွဲ။
နာရီဝက်ခန့် အကြာတွင် ထိုက်ခန်အင်ပါယာ၏ စစ်သေနာပတိ ကိုးဦး ၊ ဘုရင်ခံ ငါးဦးနှင့် ရာနှင့်ချီသော ဗိုလ်ချုပ်များအားလုံး ဗဟိုခန်းမဆောင်ကြီးထဲ၌ စုဝေးရောက်ရှိလာကြ၏။
တုပိုင် လှေကားထစ်များအတိုင်း တစ်ထစ်ချင်း လျှောက်တက်သွားကာ မီတာသုံးဆယ်ခန့် မြင့်မားသော အမှောင်ထုပလ္လင်၏ အရှေ့၌ ရပ်လိုက်သည်။
ဤနန်းတော်ကြီး ၊ ဤဧကရာဇ်ပလ္လင်နှင့် ပြိုင်ဘက်ကင်းသော ဂုဏ်ကျက်သရေများအားလုံးမှာ ဧကရာဇ်ထိုက်ခန် လီရှောင်ချန်၏ စိတ်ကူးယဉ်မှုများမှ ပေါက်ဖွားလာခြင်းသာ ဖြစ်၏။
ခမ်းနားထည်ဝါပြီး ကြီးစိုးလွှမ်းမိုးနိုင်စွမ်း ရှိသော်ငြား တစ်ချိန်တည်းမှာပင် အစစ်အမှန်မဟုတ်သော အငွေ့အသက်များဖြင့်လည်း ပြည့်နှက်နေသည်။
တုပိုင်က အမှောင်ထုပလ္လင်ထက်၌ ဖြည်းညင်းစွာ ထိုင်ချလိုက်ရင်း ကြေညာလိုက်၏။ “ဧကရာဇ်ထိုက်ခန် သေဆုံးသွားပြီ။ ကံကြမ္မာမိစ္ဆာသခင် ကျောက်ယန်ဖိန်ရဲ့ သတ်ဖြတ်ခြင်းကို ခံလိုက်ရတာပဲ။ အခုကစပြီး ငါက ထိုက်ခန်အင်ပါယာရဲ့ ဧကရာဇ်အသစ် ၊ လူသားအင်ပါယာရဲ့ တစ်ပါးတည်းသော ဧကရာဇ်ဖြစ်လာပြီ”
“စစ်ပွဲက မကြာခင် ရောက်လာတော့မယ်။ မိစ္ဆာသခင်ရဲ့ တပ်မကြီး သန်းလေးဆယ်က လူသားအင်ပါယာကို မျိုးတုံးသတ်ဖြတ်ဖို့ မကြာခင် မြို့တော်ဆီ ရောက်လာတော့မယ်”
“ဒါပေမဲ့ စိတ်ချပါ။ ငါတို့ ဒီစစ်ပွဲကို နိုင်ကိုနိုင်ရမယ်။ ရာခိုင်နှုန်းပြည့် အနိုင်ရမှာပဲ”
“ကဲ... အခု မင်းတို့ ဧကရာဇ်အသစ်ကို ဦးညွှတ်ခစားကြတော့”
တုပိုင်၏ စကားကို ကြားလိုက်ရပြီးနောက် ထိုက်ခန်အင်ပါယာ၏ ဗဟိုခန်းမဆောင်ကြီးထဲရှိ လူတိုင်းမှာ ခေတ္တမျှ တိတ်ဆိတ်သွားကြတော့၏။
သူတို့၏ နားကိုသူတို့ပင် မယုံနိုင်အောင် ဖြစ်နေကြရသည်။
ဧကရာဇ်ထိုက်ခန် သေသွားပြီလော။ မည်သို့ ဖြစ်နိုင်မည်နည်း။ ဤမျှအင်အားကြီးမားပြီး ပြိုင်ဘက်ကင်းလုနီးပါးဖြစ်နေသော ဧကရာဇ်ထိုက်ခန် မည်သို့လုပ်၍ သေနိုင်မည်နည်း။
ဤသူများအား ရေတွင်းထဲက ဖားသူငယ်များကဲ့သို့ အမြင်ကျဉ်းမြောင်းသည်ဟု အပြစ်တင်၍ မရနိုင်ချေ။ အဘယ်ကြောင့်ဆိုသော် သူတို့သည် ဧကရာဇ်ထိုက်ခန်ထက် ပိုမိုစွမ်းအားကြီးမားသောသူကို တစ်ခါမျှ မမြင်ဖူးခဲ့သောကြောင့်ပင် ဖြစ်၏။
ဧကရာဇ်ထိုက်ခန်သည် ဤအင်ပါယာကို အကြွင်းမဲ့အင်အားဖြင့် တည်ထောင်ခဲ့ခြင်းဖြစ်ပြီး အကြွင်းမဲ့အာဏာကိုလည်း အကြွင်းမဲ့အင်အားဖြင့်ပင် တည်ဆောက်ခဲ့ခြင်း ဖြစ်သည်။
ဧကရာဇ်ထိုက်ခန်အား သံသယဝင်သူတိုင်း သေဆုံးခဲ့ရသည်ဟု ဆိုနိုင်၏။ ဧကရာဇ်ထိုက်ခန်မှာ သူတို့၏ ကောင်းကင်ကြီးပင် ဖြစ်ပြီး ယခုအခါတွင် တုပိုင် ထိုကောင်းကင်ကြီး ပြိုကျသွားပြီဖြစ်ကြောင်း သူတို့ကို ပြောနေခြင်းပင် ဖြစ်သည်။
ထိပ်ဆုံးမှ ပထမစစ်သေနာပတိက ရှေ့သို့ထွက်ကာ စောဒကတက်လိုက်တော့၏။ “အိမ်ရှေ့စံမင်းသား... အရှင်မင်းမြတ်က ဘယ်တော့မှ မရှုံးနိမ့်ပါဘူး”
ထို့နောက် ကျန်ရှိနေသေးသော စစ်သေနာပတိ ရှစ်ဦးစလုံးက ရှေ့ထွက်လာကြကာ ပြိုင်တူ ဟစ်ကြွေးလိုက်ကြတော့၏။ “အိမ်ရှေ့စံမင်းသား... အရှင်မင်းမြတ်က ဘယ်တော့မှ မရှုံးနိမ့်ပါဘူး”
“အရှင်မင်းမြတ် သေသွားပြီလို့ ပြောနေတာ ၊ မင်းသားမှာ ဘာရည်ရွယ်ချက် ရှိနေလို့လဲ”
“အရှင်မင်းမြတ် ထိုက်ခန်ကို ကျိန်ဆဲရဲတဲ့သူက ငါတို့ရဲ့ သေမင်းတမန် ရန်သူပဲ။ ဘယ်သူပဲဖြစ်ဖြစ် ၊ အိမ်ရှေ့စံမင်းသားဖြစ်နေရင်တောင် ချွင်းချက်မရှိဘူး”
ဤလူများက မယုံကြည်ကြသည့်အပြင် ဤသည်မှာ ဧရာမ ပူးပေါင်းကြံစည်မှုကြီးတစ်ခုဟု ထင်မှတ်ကာ အတွင်းစိတ်၌ အလွန်အမင်း ဒေါသထွက်နေကြသည်။
သို့သော် ထိုအချိန်၌ပင် အပြင်ဘက် ကောင်းကင်ယံမှာ ရုတ်တရက် လင်းထိန်သွားကာ ထိုအလင်းရောင်မှာ အလွန်တရာ ဆန်းကြယ်နေ၏။
ထို့နောက် ချက်ချင်းဆိုသလိုပင် ထိုက်ခန်အင်ပါယာ မြို့တော်၏ ကောင်းကင်ယံကြီးတစ်ခုလုံးသည် ဧရာမ မျက်နှာပြင်ကြီးတစ်ခုအဖြစ်သို့ ပြောင်းလဲသွားတော့၏။
ထိုဧရာမ ကောင်းကင်ယံမျက်နှာပြင်ကြီးထက်၌ မျက်နှာတစ်ခု ထွက်ပေါ်လာသည်။
အလွန် ချောမောခန့်ညားသော်ငြား အနည်းငယ် ထူးဆန်းနေသော မျက်နှာတစ်ခုဖြစ်ကာ ရွှေရောင်မျက်မှန်တစ်လက်ကိုလည်း တပ်ဆင်ထား၏။
“ထိုက်ခန်အင်ပါယာ မြို့တော်က နိုင်ငံသားတွေ... မင်္ဂလာပါ။ ငါ့နာမည် ကျောက်ယန်ဖိန်ပါ”
သူ၏အသံမှာ မြို့တော်တစ်ခုလုံး ပဲ့တင်ထပ်သွားတော့၏။
ဤမြင်ကွင်းက ထိုက်ခန်အင်ပါယာ မြို့တော်ရှိ လူတိုင်းကို တုန်လှုပ်သွားစေရုံသာမက တုပိုင်ကိုပါ အံ့အားသင့်သွားရစေသည်။
ကောင်းကင်ယံကို မျက်နှာပြင်တစ်ခုအဖြစ် အသုံးပြုကာ လူတစ်ကိုယ်လုံးကို ထင်ဟပ်ပေါ်လွင်စေခြင်းမှာ မည်သို့ပြုလုပ်လိုက်သည်ကို သူ စိတ်ကူးပင် မယဉ်နိုင်အောင် ဖြစ်နေရ၏။ ကျောက်ယန်ဖိန်မှာ မိုင်ထောင်ချီ ကွာဝေးသောနေရာ၌ ရှိနေခြင်းဖြစ်သည်။
“မင်းတို့ကို ဝမ်းနည်းစရာ သတင်းတစ်ခု ပြောပြရမယ်။ မဟာကယ်တင်ရှင် ၊ လူသားအင်ပါယာရဲ့ တစ်ပါးတည်းသော ဧကရာဇ် ၊ ထူးချွန်တဲ့ သိုင်းပညာရှင် ၊ မဟာဧကရာဇ်ထိုက်ခန် လီရှောင်ချန်က မနေ့ည ၁၀ နာရီ ၁၅ မိနစ် ၊ သူ့အသက် ၃၉ နှစ်အရွယ်မှာ တရားဝင် ကွယ်လွန်သွားခဲ့ပါပြီ”
ထိုစကားကို ကြားလိုက်ရသောအခါ မြို့တော်တစ်ခုလုံးရှိ လူတိုင်းမှာ တုန်လှုပ်သွားကြပြီး မယုံကြည်နိုင်အောင် ဖြစ်သွားကြရတော့၏။
ဧကရာဇ်ထိုက်ခန် သေသွားပြီလော။ ပြိုင်ဘက်ကင်း ဧကရာဇ်ထိုက်ခန် ၊ လူသားမျိုးနွယ်၏ ကယ်တင်ရှင် ၊ ဧကရာဇ်ထိုက်ခန် သေသွားပြီလော။
ဧကရာဇ်ထိုက်ခန်မှာ စစ်သေနာပတိ ကိုးဦးနှင့် အရာရှိများ၏ စိတ်ထဲတွင်သာမက မရေမတွက်နိုင်သော လူများ၏ နှလုံးသားထဲတွင်ပါ ပြိုင်ဘက်ကင်းနေခြင်း ဖြစ်သည်။
ကျောက်ယန်ဖိန်က တည်ငြိမ်လေးနက်သော လေသံဖြင့် ဆက်ပြော၏။ “ကံကြမ္မာမိစ္ဆာသခင် ကျောက်ယန်ဖိန်က အိပ်မက်ဆိုးအင်ပါယာ မင်းသား ၊ ရုပ်သေးမျိုးနွယ်စု စစ်သေနာပတိ ၊ လေလွင့်မဟာမိတ်အဖွဲ့ စစ်သေနာပတိချုပ်တို့ကို ဦးဆောင်ပြီး ဧကရာဇ်ထိုက်ခန် လီရှောင်ချန်အတွက် ခမ်းနားကြီးကျယ်တဲ့ အောက်မေ့ဖွယ်အခမ်းအနားနဲ့ ဈာပနကို ကျင်းပပေးခဲ့ပါတယ်”
ထို့နောက် ကောင်းကင်ယံ မျက်နှာပြင်ကြီး ပြောင်းလဲသွားတော့၏။
ဧကရာဇ်ထိုက်ခန် လီရှောင်ချန်မှာ မြေပြင်ပေါ်တွင် ဒူးထောက်ကာ တုန်ရီနေ၏။ သူသည် ပြင်းပြင်းထန်ထန် ရိုက်နှက်ခံနေရသော်လည်း ပြန်လည်ခုခံရန် မဝံ့ရဲဘဲ မြေပြင်ပေါ်၌သာ ခွေခွေလေးသာ ငြိမ်နေ၏။
“ဘန်းးး ဘန်းးး ဘန်းးး”
ကျောက်ယန်ဖိန်က ဧကရာဇ်ထိုက်ခန်အား ထိုင်ခုံဖြင့် ရိုက်နှက်နေသော အသံမှာ အလွန်တရာ ပီပြင်လွန်းပြီး တုန်လှုပ်ဖွယ်ကောင်းလှကာ လူများကို အတွင်းစိတ်အထိ တုန်လှုပ်သွားစေရ၏။
လူတိုင်းက ဤမြင်ကွင်းကို တိတ်ဆိတ်စွာ ကြည့်နေကြပြီး ကျောချမ်းအေးစက်နေကြရ၏။
ဤမျှ အင်အားကြီးမားသော ဧကရာဇ်ထိုက်ခန်မှာ ခွေးသေတစ်ကောင်ကဲ့သို့ ရိုက်သတ်ခံနေရပြီး ပြန်လည်ခုခံရန်ပင် မဝံ့ရဲဘူးလော။
ဤသည်မှာ... ဤသည်မှာ သူတို့၏ ရဲရင့်သော ဧကရာဇ် ဟုတ်ပါသေးရဲ့လော။
ဤသည်မှာ ပြိုင်ဘက်ကင်းပြီး မည်သည့်အရာကိုမျှ မကြောက်ရွံ့သော ဧကရာဇ်ထိုက်ခန် ဟုတ်ပါသေးရဲ့လော။
မျက်နှာပြင်ပေါ်တွင် ဧကရာဇ်ထိုက်ခန် ရိုက်သတ်ခံရတော့မည့်ဆဲဆဲတွင် နောက်ဆုံး၌ တုပိုင် ရှေ့ထွက်ကာ တားဆီးလိုက်တော့၏။
ထို့နောက် မြို့တော်တစ်ခုလုံးရှိ လူတိုင်းက တုပိုင်သည် ဧကရာဇ်ထိုက်ခန်၏ ဦးထုပ်ပေါ်ရှိ ဆူးချွန်ကို ချိုးယူကာ သူ၏ ရင်ဘတ်ထဲသို့ အကြမ်းပတမ်း ထိုးစိုက်လိုက်သည်ကို မြင်တွေ့လိုက်ကြရ၏။
တုပိုင်က ဧကရာဇ်ထိုက်ခန်အား သတ်လိုက်သောအခါ လူတိုင်း၏ ခန္ဓာကိုယ်များ ရုတ်တရက် တုန်တက်သွားမိကြသည်။
နန်းတော်၏ ဗဟိုခန်းမဆောင်ထဲရှိ စစ်သေနာပတိ ကိုးဦးနှင့် ရာနှင့်ချီသော အရာရှိများမှာလည်း တုန်လှုပ်သွားကြရ၏။ သို့သော် မည်သူကမျှ တုပိုင်ကို ဧကရာဇ်အား လုပ်ကြံသူဟု မထင်မှတ်ကြချေ။
တုပိုင်က ဧကရာဇ်ထိုက်ခန် လီရှောင်ချန်အား နောက်ဆုံးအနေဖြင့် ဂုဏ်သိက္ခာရှိစွာ သေဆုံးခွင့် ပေးလိုက်ခြင်းဖြစ်ကြောင်း လူတိုင်း နားလည်ကြရ၏။
ကောင်းကင်ယံရှိ မြင်ကွင်းက ဆက်လက် ပြသနေဆဲ ဖြစ်သည်။ ကံကြမ္မာမိစ္ဆာသခင် ကျောက်ယန်ဖိန်က လေးလံသော လေသံဖြင့် ဆို၏။ “ဧကရာဇ်ထိုက်ခန် လီရှောင်ချန်ရဲ့ ဘဝက ကြီးကျယ်ခမ်းနားတဲ့ ဘဝတစ်ခု ၊ ပေးဆပ်ခြင်းတွေနဲ့ ပြည့်နှက်နေတဲ့ ဘဝတစ်ခုပါ...”
ထိုအချိန်တွင် ပုံရိပ်ထဲ၌ ခွေးသုံးကောင် ပြေးဝင်လာကာ ဧကရာဇ်ထိုက်ခန် လီရှောင်ချန်၏ အလောင်းကို ဆွဲဖြဲပြီး သူတို့၏ ဗိုက်ထဲသို့ မျိုချပစ်လိုက်ကြသည်။ ထိုမြင်ကွင်းကြောင့် လူတိုင်းမှာ ကြက်သီးမွေးညင်းများပင် ထသွားကြရ၏။
ခမ်းနားထည်ဝါလှသော ဧကရာဇ်ထိုက်ခန်မှာ နောက်ဆုံးတွင် တစ်စစီဖြစ်ကာ သေဆုံးခဲ့ရပြီး ခွေးစာအဖြစ်ပင် အကျွေးခံလိုက်ရသည်။ ထို့နောက် ကောင်းကင်ယံရှိ ပုံရိပ်မှာ ထပ်မံ ပြောင်းလဲသွားပြန်တော့၏။
“ခွပ်”
ပုံရိပ်ထဲတွင် ကံကြမ္မာမိစ္ဆာသခင် ကျောက်ယန်ဖိန်က သံချေးတက်နေသော ဓားမတစ်လက်ကို ကိုင်ဆောင်ကာ ကမ္ဘာ့နံပါတ်တစ် အင်အားအကြီးဆုံးဖြစ်သည့် မဟာအိပ်မက်ဆိုးကို ခေါင်းဖြတ်နေခြင်း ဖြစ်၏။
ဤအရာမှာ လွန်ခဲ့သော နှစ်အနည်းငယ်က ဖြစ်ပျက်ခဲ့ခြင်းဖြစ်ကြောင်း ထင်ရှားသည်။ ဓားမမှာ တုံးလွန်းလှ၏။ ကံကြမ္မာမိစ္ဆာသခင် ကျောက်ယန်ဖိန်သည် မဟာအိပ်မက်ဆိုး၏ ဦးခေါင်းကို ဖြတ်ချနိုင်ရန် ဆယ်ချက်ကျော်ခန့်ပင် ခုတ်လိုက်ရသည်။
ဧကရာဇ်ထိုက်ခန် ၊ အိပ်မက်ဆိုးအင်ပါယာ မင်းသား ၊ ရုပ်သေးမျိုးနွယ်စု စစ်သေနာပတိ ၊ လေလွင့်မဟာမိတ်အဖွဲ့ စစ်သေနာပတိချုပ်နှင့် အခြားသူများအားလုံးသည်လည်း ထိုမြင်ကွင်းကို ကြည့်ကာ တုန်ရီနေကြရ၏။
ကျောက်ယန်ဖိန်က ဒေါသတကြီးဖြင့် အော်ဟစ်လိုက်တော့၏။ “စုတ်ပြတ်နေတဲ့ ဓားပဲ။ နောက်တစ်လက် လဲစမ်း”
ထို့နောက် တစ်စုံတစ်ယောက်က သူ့အား ဓားအသစ်တစ်လက် ၊ ဟင်းရွက်ဖတ်များနှင့် အသားစများ ကပ်နေသော ဧရာမ မီးဖိုချောင်သုံးဓားကြီးတစ်လက်ကို ကမ်းပေးလိုက်သည်။
ကျောက်ယန်ဖိန်သည် ထိုမီးဖိုချောင်သုံးဓားကြီးကို ကိုင်ကာ ဧကရာဇ်ထိုက်ခန်ရှေ့သို့ ရောက်လာ၏။ စကားတစ်ခွန်းမျှ မပြောဘဲ သူ၏ လည်ပင်းကို ခုတ်ချလိုက်၏။
ဧကရာဇ်ထိုက်ခန် လီရှောင်ချန်မှာ ချက်ချင်းပင် ဒူးထောက်ကျသွားကာ မြေပြင်ကို ခေါင်းဖြင့် တရိုက်ရိုက်ဆောင့်ကာ အော်ဟစ်တောင်းပန်လာသည်။ “ကျွန်တော့်ကို မသတ်ပါနဲ့ ၊ ကျွန်တော့်ကို မသတ်ပါနဲ့ ၊ ခိုင်းတာအကုန်လုပ်ပါ့မယ် ၊ ကျွန်တော့်မှာ မိန်းမနဲ့ ကလေးတွေ ရှိပါသေးတယ်...”
ထို့နောက် သူသည် ကံကြမ္မာမိစ္ဆာသခင် ကျောက်ယန်ဖိန်၏ ခြေထောက်ကို ဖက်ထားလိုက်သည်။
ကျောက်ယန်ဖိန်က လှောင်ပြောင်လိုက်၏။ “မင်းကို မသတ်ရဘူးလား။ ဒါဆို ငါ့အတွက် ခွေးလုပ်ပေးနိုင်လား”
ဧကရာဇ်ထိုက်ခန် လီရှောင်ချန်က ငိုယိုရင်း ကတိပေးသည်။ “လုပ်ပေးပါ့မယ် ၊ သခင်ကြီးအတွက် ခွေးလုပ်ပေးပါ့မယ်”
ကျောက်ယန်ဖိန်က ခိုင်းစေလိုက်၏။ “နှစ်ခါလောက် ဟောင်ပြစမ်း...”
“ဝုတ်... ဝုတ်...” တန်ခိုးဩဇာကြီးမားပြီး လွှမ်းမိုးနိုင်စွမ်းရှိသော ဧကရာဇ်ထိုက်ခန်မှာ ပုံရိပ်ထဲတွင် ခွေးဟောင်သံကို အတုခိုးနေရသည်။
ကျောက်ယန်ဖိန်က ညွှန်ကြားလိုက်၏။ “လီရှောင်ချန်... မဟာအိပ်မက်ဆိုးကလည်း မင်းရဲ့ ဆရာပဲလေ။ တစ်နေ့တာ ဆရာဖြစ်ခဲ့ရင် တစ်သက်တာ ဖခင်လိုပဲတဲ့။ အခု သူ သေသွားပြီဆိုတော့ မင်း သူ့ကို ကောင်းကောင်း လိုက်ပို့ပေးရမယ်လေ။ မဟာအိပ်မက်ဆိုးက မသေခင်က ဂုဏ်သိက္ခာရှိတဲ့လူဆိုတော့ မင်း သူ့အလောင်းပေါ်ကို သေးပန်းချလိုက်”
ထိုက်ခန်အင်ပါယာ မြို့တော်ရှိ လူတိုင်းမှာ သူတို့၏ မျက်လုံးများကို အုပ်ထားလိုက်မိကြပြီး မရေမတွက်နိုင်သော လူများမှာ ရှိုက်ကြီးတငင် ငိုကြွေးနေကြရ၏။
ရုပ်တုကြီး ကျိုးပဲ့ပျက်စီးသွားရသည်။ သူတို့၏ စိတ်နှလုံးထဲရှိ နတ်ဘုရားမှာ ဖျက်ဆီးခံလိုက်ရတော့၏။
ကံကြမ္မာမိစ္ဆာသခင် ကျောက်ယန်ဖိန်က လီရှောင်ချန်၏ ခေါင်းကို ပုတ်ရင်း ဆို၏။ “လိမ္မာတဲ့ ခွေးလေး ၊ လိမ္မာတဲ့ ခွေးလေး... မင်း ဆက်ပြီး ဧကရာဇ်ထိုက်ခန် လုပ်လို့ရပါတယ်။ ပြီးတော့ ငါတို့ မိစ္ဆာတွေ လတ်ဆတ်တဲ့ အသားစားရအောင်လို့ နှစ်စဉ် လူတစ်သန်းကို ဆက်သရမယ်။ အခုမှ မွေးလာတဲ့ မိစ္ဆာလေးတွေက ငါတို့ရဲ့ အနာဂတ်တွေပဲ။ မင်း ဗိုက်ဝမှ မင်းရဲ့ လူသားတွေကို ပိုကောင်းအောင် ကျွန်ပြုနိုင်မှာ မဟုတ်လား”
ဧကရာဇ်ထိုက်ခန် လီရှောင်ချန်က ခေါင်းညိတ်ပြန်ဖြေ၏။ “ဟုတ်ကဲ့ပါ ၊ ဟုတ်ကဲ့ပါ...”
ထို့နောက် ပုံရိပ်ထဲတွင် ပို၍ ကြောက်မက်ဖွယ်ကောင်းသော မြင်ကွင်းတစ်ခု ထွက်ပေါ်လာသည်။
မရေမတွက်နိုင်သော လူသားများမှာ သားသတ်ရုံရှိ ဝက်များ ၊ သိုးများကဲ့သို့ လေထဲတွင် တွဲလောင်းချိတ်ဆွဲထားသော လတ်ဆတ်သည့် အသားတုံးများအဖြစ် ပြောင်းလဲသွားကာ နေရာတစ်နေရာတည်းဆီသို့ ပျံသန်းသွားကြတော့၏။
လွန်ခဲ့သော ငါးနှစ်က ထိုက်ခန်အင်ပါယာမှ လူတစ်သန်း ပျောက်ဆုံးသွားခဲ့သည်ကို လူတိုင်း သတိရသွားမိကြသည်။
နယ်မြေသစ်တစ်ခုကို သိမ်းပိုက်နိုင်ခဲ့သဖြင့် လူတစ်သန်းကို ပြောင်းရွှေ့ပေးရမည်ဟူသည်မှာ ဧကရာဇ်ထိုက်ခန်၏ အမိန့်တော်ပင် ဖြစ်၏။ သို့သော် ထိုလူတစ်သန်း ပြောင်းရွှေ့သွားသော နယ်မြေသစ်မှာ မကြာမီမှာပင် မသေမျိုးများ၏ ရူးသွပ်သော တိုက်ခိုက်မှုများကို ခံခဲ့ရ၏။
အမှန်တရားကား... ဤလူတစ်သန်းမှာ ဧကရာဇ်ထိုက်ခန်က ကံကြမ္မာမိစ္ဆာသခင်ထံသို့ ဆက်သလိုက်သော လတ်ဆတ်သည့် အသားများသာ ဖြစ်နေရ၏။
ကမ္ဘာကြီး ဇောက်ထိုးမိုးမျှော် ဖြစ်သွားတော့သည်။
မဟာဧကရာဇ်ထိုက်ခန် လီရှောင်ချန်မှာ ကယ်တင်ရှင်တစ်ဦး ၊ ခေတ်တစ်ခေတ်၏ ဧကရာဇ်တစ်ပါး ဘဝမှ ဝက်သားလောက်ပင် တန်ဖိုးမရှိသော လူပြက်တစ်ဦးအဖြစ်သို့ ပြောင်းလဲသွားတော့၏။
သို့သော် ဤသည်မှာ ကောင်းသောအရာ မဟုတ်ချေ။
အဘယ်ကြောင့်ဆိုသော် လီရှောင်ချန်မှာ မရေမတွက်နိုင်သော လူများ၏ ယုံကြည်ကိုးကွယ်ရာရွှေတိုင်ကြီး ဖြစ်လေပြီး ယခုအခါ ထိုရွှေတိုင်ကြီးက အစတုံး ပျက်စီးသွားခဲ့ရသောကြောင့်ပင်။
ကမ္ဘာပျက်ကြီး၏နဂါးဧကရာဇ်။ အပိုင်း (၉၂၇ + ၉၂၈) ပြီး။
မူရင်းစာရေးဆရာ - Silent Cake And Pastries
ဘာသာပြန် - Author Chang’e 🌕
True Immortal Team
ကုန်းကုန်းဧကရာဇ်၏ ဒုတိယအတွဲ။