← Chapters

အခန်း (၁၃၆-၁၃၈)

Vol. 10 Ch. 136-138

အခန်း (၁၃၆-၁၃၈)

Vol. 10 Ch. 136-138

အခန်း(၁၃၆)

သတင်းအချက်အလက်၏ နာမည်သည် စိတ်ခံစားချက်ခုနစ်မျိုးနှင့် လိုအင်ဆန္ဒခြောက်မျိုး၏ အနန္တသန့်စင်ခြင်းအစီအရင် ဖြစ်သည်။

အစီအရင်၏ လုပ်ဆောင်မှုက ပိုပြီးပင် ထူးခြားသေးသည်။ ယင်းကို တိုက်ခိုက်ခြင်းမှာ အဓိကအသုံးမပြုပေ။ ဆန့်ကျင်ဘက်အနေဖြင့် ယင်းက ဤလောက၏ စိတ်ခံစားချက်ခုနစ်မျိုးနှင့် လိုအင်ဆန္ဒခြောက်မျိုးကို အထူးတလည် စုဆောင်းပေးနိုင်သော အစီအရင် ဖြစ်သည်။ လိုအင်ဆန္ဒစွမ်းအားက အစီအရင်၏ နယ်နိမိတ်ထဲမှာရှိနေလျှင် ယင်းက အစီအရင်ထဲသို့ အလိုအလျောက် စုပ်ယူခံရလိမ့်မည်။

ယင်းက အထောက်အပံ့အစီအရင်ဖြစ်သည်မှာ တစ်ရာရာခိုင်နှုန်း သေချာသည်။

“ ရှေးဟောင်းစာလိပ်ထဲမှာ စိတ်ခံစားချက်ခုနစ်မျိုးနဲ့ လိုအင်ဆန္ဒခြောက်မျိုးအကြောင်း ပြောထားတယ်… ဒါ့အပြင် နတ်ဘုရားတေးသွားရဲ့ နာမည်က ဒုစရိုက်ခုနစ်ပါး… နတ်ဘုရားတေးသွားက စိတ်ခံစားချက်ခုနစ်မျိုး၊ လိုအင်ဆန္ဒခြောက်မျိုးနဲ့ သက်ဆိုင်နေတာဖြစ်မယ်… မဟုတ်မှ စိတ်ခံစားချက်ခုနစ်မျိုးနဲ့ လိုအင်ဆန္ဒခြောက်မျိုးရဲ့ အနန္တသန့်စင်ခြင်းအစီအရင်က ဂီတတူရိယာတွေ သန့်စင်ဖို့များလား ”

သီရှီထျန်သည် ထိုသို့မတွေးကြည့်ဘဲ မနေနိုင်ပေ။ ထိုသို့ဆိုလျှင် ယင်းက အံ့ဩစရာမဟုတ်တော့ပေ။ ထို့ကြောင့် အနန္တသန့်စင်ခြင်းအစီအရင်က အထောက်အပံ့အစီအရင် ဖြစ်နေခြင်းပင်။ ယင်းက လက်နက်သန့်စင်ရန်အတွက်သာ အသုံးဝင်သည်။

ဂီတတူရိယာတစ်ခုထဲမှာ အနန္တသန့်စင်ခြင်းအစီအရင်ကို ရေးထွင်းထားလျှင် တူရိယာသည် ဤလောက၏ စိတ်ခံစားချက်ခုနစ်မျိုးနှင့် လိုအင်ဆန္ဒခြောက်မျိုး၏ စွမ်းအားကို အစီအရင်မှတဆင့် အလိုအလျောက် စုပ်ယူနိုင်လိမ့်မည်။ ထို့ပြင် လိုအင်ဆန္ဒစွမ်းအားက ဂီတတူရိယာနှင့် ပေါင်းစပ်သွားသည့်အခါ တူရိယာက စွမ်းအားတိုးမြှင့်သွားလိမ့်မည်။ ယင်းက အံ့ဖွယ်ကောင်းပြီး မှော်ဆန်သော စွမ်းရည်များကိုလည်း ထုတ်လွှတ်ပေးနိုင်သည်။

ဥပမာ ဂီတတူရိယာတစ်ခုသည် လိုအင်ဆန္ဒစွမ်းအားကို အလုံအလောက် စုပ်ယူပြီးလျှင် လိုအင်ဆန္ဒအရှိန်အဝါကို သဘာဝအလျောက် ထုတ်လွှတ်ပေးနိုင်လိမ့်မည်။ ဂီတတူရိယာသည် ရန်သူ၏ ခန္ဓာကိုယ်ထဲမှာ လိုအင်ဆန္ဒအမျိုးမျိုး ထွက်ပေါ်လာရန် လှုံ့ဆော်နိုင်ပြီး သူတို့ကို ထာဝရ အသိစိတ်ကင်းမဲ့စေနိုင်သည်။

“ ကုချင်းတစ်ခုကို ငါသန့်စင်မယ်ဆိုရင်… အို… ဟုတ်တယ်… ”

သီရှီထျန်က တစ်ခဏကြာ စဉ်းစားလိုက်သည်။ ထိုစဉ် သူ့ခေါင်းထဲမှာ အတွေးတစ်ခု ထွက်ပေါ်လာလေရာ သူက မျက်လုံးဝင်းလက်သွားသည်။ သူက စိတ်လှုပ်ရှားစွာ ပြောသည်။

“ ငါ့ရဲ့ ကျောက်စိမ်းသန္ဓေသားလောင်းက ကုချင်းပြုလုပ်ဖို့ အသင့်တော်ဆုံး ပစ္စည်းမဟုတ်ဘူးလား… ကြိုးအတွက်တော့ နဂါးရဲ့ အကြောမျှင်ကို ငါအသုံးပြုနိုင်တယ် ”

ရုတ်တရက် ထွက်ပေါ်လာသော ထိုအတွေးက သူ့အား နှလုံးခုန်မြန်စေသည်။ သူက မျက်လုံးဝင်းလက်သွားပြီး ထိုအတွေး၏ ဖြစ်နိုင်ခြေကို စတင်သုံးသပ်လိုက်သည်။

ကျောက်စိမ်းသန္ဓေသားကို လျှို့ဝှက်ဆန်းကြယ်သော ကျောက်တုံးကြီးထံမှ သူရရှိခဲ့ခြင်း ဖြစ်သည်။ ယင်းက အထွတ်အမြတ်ရတနာဖြစ်ကြောင်း သူသိသည်။ ယင်းက သူ့အသက်ကို အကြိမ်ကြိမ် ကယ်တင်ပေးခဲ့သည်။ သို့သော် ကျောက်စိမ်းသန္ဓေသား၏ လျှို့ဝှက်ဆန်းကြယ်သော စွမ်းအားကို သူအသုံးမပြုနိုင်ပေ။ သူအသက်အန္တရာယ်ကြုံသည့်အခါမှသာ ယင်းက သူ့ဘာသာ ထွက်ပေါ်လာ၏။

သို့ဖြစ်၍ ကျောက်စိမ်းသန္ဓေသားက အထွတ်အမြတ်ရတနာတစ်ခုဖြစ်သော်လည်း သူက ယင်းကို ကြည့်ရုံသာ ကြည့်နိုင်သည်။ ထိုသို့ခံစားချက်ကို သူသဘောမကျပေ။

ထို့ပြင် ယင်းက ကျောက်စိမ်းသန္ဓေသား ဖြစ်သည်။ ကျောက်စိမ်းသန္ဓေသားသည် လက်နက်သန့်စင်ရာတွင် အသုံးပြုနိုင်သော အထွတ်အမြတ်ရတနာတစ်ခု ဖြစ်သည်။ ယင်းကို သိုလှောင်အိတ်ထဲမှာသာ အမြဲတမ်း သူမသိမ်းထားနိုင်ပေ။

ထို့ကြောင့် မကြာသေးခင်က သူသည် ကျောက်စိမ်းသန္ဓေသားကို အသုံးပြု၍ သူ့ကိုယ်ပိုင် သက်စောင့်ဓမ္မလက်နက်ကို ဖန်တီးသန့်စင်မည်ဟု တွေးခဲ့သည်။ ထိုအတွေးက အလွန်နက်ရှိုင်းသည်။ ထိုအတွေး ထွက်ပေါ်လာသည်နှင့် ယင်းကို သူမပယ်ဖျက်နိုင်တော့ပေ။ ယင်းက သူ၏ စိတ်ထဲမှာ မကြာခဏ ထွက်ပေါ်လာနေသည်။

သို့သော်လည်း ထိုအချိန်က သူသည် မည်သည့်ဓမ္မလက်နက်ကို သန့်စင်သင့်ကြောင်း မသေချာခဲ့ပေ။ ထို့ပြင် ဓမ္မလက်နက် သန့်စင်သည့်အခါ သူ့ဆီမှာ ကုန်ကြမ်းပစ္စည်းအလုံအလောက်မရှိမည်ကို သူစိုးရိမ်သည်။ ထို့ကြောင့် သူက ဓမ္မလက်နက်ကို အလျင်စလို မသန့်စင်ခဲ့ခြင်းပင်။

သို့သော်လည်း ယခု ဒုစရိုက်ခုနစ်ပါးနတ်ဘုရားတေးသွားနှင့် ကြိုးကိုးချောင်းကုချင်း၏ ရုပ်ပုံကို မြင်ပြီးနောက် သီရှီထျန်က နောက်ဆုံးမှာ စိတ်ဆုံးဖြတ်လိုက်သည်။ သူက အထွတ်အမြတ်ရတနာ ကျောက်စိမ်းသန္ဓေသားကို အသုံးပြု၍ ကြိုးကိုးချောင်းကုချင်းကို သူ၏ သက်စောင့်ဓမ္မလက်နက်အဖြစ် သန့်စင်ချင်သည်။ ကျောက်စိမ်းသန္ဓေသားကို ကုချင်း၏ ကိုယ်ထည်အဖြစ် အသုံးပြု၍ နဂါးအကြောမျှင်ကို ကုချင်းကြိုးများအဖြစ် အသုံးပြုမည်။ ကျောက်စိမ်းသန္ဓေသားဖြစ်စေ သို့မဟုတ် နဂါးအကြောမျှင်ဖြစ်စေ ယင်းတို့က ရှားပါးရတနာများ ဖြစ်ကြသည်။

ထိုရတနာနှစ်ခုကို အတူတကွ ပေါင်းစည်းလိုက်သည့်အခါ သူဖန်တီးမည့် သက်စောင့်ဓမ္မလက်နက်၏ အရည်အသွေးက သေချာပေါက် သာမန်မဖြစ်နိုင်ပေ။

သီရှီထျန်သည် ကြိုးကိုးချောင်းကုချင်းကို သူ၏ သက်စောင့်ဓမ္မလက်နက်အဖြစ် သန့်စင်ရန် စိတ်ဆုံးဖြတ်လိုက်လေရာ ‌နောက်ထပ် လက်နက်တစ်ခုကို သူသန့်စင်သင့်သည်။

မည်သို့ဖြစ်ပါစေ အကယ်၍ သူ့မှာ သတ္ထုပစ္စည်းအလုံအလောက်ရှိပြီး ယင်းကို ပျိုးထောင်ပေးရန် ယုံကြည်ချက်ရှိသည်ဆိုလျှင် ဓမ္မလက်နက်မည်မျှများများ သူဖန်တီးသန့်စင်ပါစေ ကိစ္စမရှိ‌ပေ။ တိုက်ခိုက်ရေးလက်နက်တစ်ခုနှင့် ဓမ္မလက်နက်တစ်ခု။ ထိုနှစ်ခု၏ ပေါင်းစပ်မှုက အကောင်းဆုံး ရွေးချယ်မှု ဖြစ်သည်။

ထားလိုက်ပါ… ။

သီရှီထျန်သည် ထိုအတွေးကို သူ့နှလုံးသား၏ အောက်ခြေမှာ ယာယီမြှုပ်နှံထားလိုက်သည်။ မည်သို့ဖြစ်ပါစေ သက်စောင့်ဓမ္မလက်နက်ကို သန့်စင်ခြင်းက လွယ်ကူသောကိစ္စ မဟုတ်ပေ။ သူ့မှာ ကုန်ကြမ်းပစ္စည်းများရှိသော်လည်း လက်နက်သန့်စင်ရန်အလို့ငှာ ကြိုတင်ပြင်ဆင်မှုများ လိုအပ်သေးပေသည်။

သူက အတွေးများကို ပြန်စုစည်းလိုက်ပြီး သူ့အရှေ့သို့ ကြည့်လိုက်သည်။ ရှေးဟောင်းစာလိပ်ထဲမှ ရုပ်ပုံနှင့် စာလုံးများက ပျောက်ကွယ်သွားသည်။ သို့သော် ယင်းကို ပျောက်ကွယ်သွားသည်ဟု မဆိုနိုင်ပေ။ ယင်းအစား ရုပ်ပုံနှင့် စာလုံးများက သူ၏ အသိစိတ်ထဲသို့ ဝင်ရောက်သွားခဲ့ခြင်း ဖြစ်သည်။ ဤအခိုက်အတန့်မှာ ရှေးဟောင်းစာလိပ်က အဝါရောင်ဗလာစာရွက် ဖြစ်သွားသည်။ သို့သော်လည်း စာလိပ်သည် သာမန်မဟုတ်ပေ။ ယင်းက လျှို့ဝှက်ဆန်းကြယ်သော အရှိန်အဝါကို ထုတ်လွှတ်နေဆဲပင်။

“ လေဓားသွားပညာရပ် ”

သီရှီထျန်က တိုးညင်းစွာ ပြောသည်။ ရုတ်တရက်ဆိုသလို ထက်ရှသော လေဓားသွားတစ်ခုက သူ၏ အရှေ့မှာ ထွက်ပေါ်လာသည်။ သူသည် မသေမျိုးကျင့်ကြံခြင်းလောက၏ အခြေခံမန္တန်များကို ယခင်က ဖတ်ရှုခဲ့ဖူးသည်။ ထို့ကြောင့် ယခု သူသည် ထိုအခြေခံမန္တန်များကို စတင်အသုံးပြုနိုင်နေပြီ ဖြစ်သည်။

သို့သော်လည်း အခြေခံမန္တန်များကို သူ၏ အသုံးပြုပုံက မသေမျိုးကျင့်ကြံသူများနှင့် ကွဲပြားခြားနားသည်။ အဘယ့်ကြောင့်ဆိုသော် သူက မိစ္ဆာတစ်ကောင် ဖြစ်သည်။ ထို့ကြောင့် သူအသုံးပြုလိုက်သော မန္တန်များထဲမှာ မိစ္ဆာအရှိန်အဝါနှင့် ရက်စက်ကြမ်းကြုတ်သော အငွေ့အသက် ကိန်းအောင်းနေသည်။

လေဓားသွားသည် ထက်ရှသော ဓားတစ်လက်နှင့် ဆင်တူသည်။ လေဓားသွားပေါ်တွင် မဟူရာမိစ္ဆာအရှိန်အဝါက ကိန်းအောင်းနေသည်။ ယင်းက ချောက်ချားဖွယ်ကောင်းသော ခံစားမှုကို ပေးသည်။ မသေမျိုးကျင့်ကြံသူများ၏ မွန်မြတ်သော မန္တန်များနှင့် နှိုင်းယှဉ်လျှင် ယင်းက မိစ္ဆာမန္တန်ဖြစ်ဟန် တူသည်။ သို့တိုင် ယင်း၏ စွမ်းအားက မလျော့ကျသွားဘဲ ပိုတိုးမြှင့်သွားသည်။

သူ၏ ထိန်းချုပ်မှုအောက်မှာ မဟူရာလေဓားသွားက စူးရှသော အနက်ရောင်အလင်းနှင့်အတူ အရှေ့သို့ ပျံသန်းသွားပြီး ရှေးဟောင်းစာလိပ်ကို ထိမှန်သွားသည်။

“ ဘန်း ”

လေဓားသွားက ရှေးဟောင်းစာလိပ်ပေါ်သို့ တိုက်ရိုက် ကျဆင်းသွားသည့်အခါ ကျယ်လောင်သော မြည်သံ ထွက်ပေါ်လာသည်။ သို့သော်လည်း ထူးဆန်းစွာပင် လေဓားသွားက ရှေးဟောင်းစာလိပ်ပေါ်သို့ ကျဆင်းသွားကြောင်း သေချာသော်လည်း ရှေးဟောင်းစာလိပ်က မည်သည့်ပျက်စီးမှုမှ မဖြစ်သွားပေ။ ယင်းကို ကြည့်ခြင်းအားဖြင့် ဤရှေးဟောင်းစာလိပ်ကို ဖန်တီးထားသော ပစ္စည်းက သာမန်မဟုတ်ကြောင်း ထင်ရှားပေသည်။

“ ဒုစရိုက်ခုနစ်ပါးနတ်ဘုရားတေးသွားလို အထွတ်အမြတ်ရတနာကို ဒီရှေးဟောင်းစာလိပ်ထဲမှာ မှတ်တမ်းတင်ထားတယ်ဆိုတော့ ဒီစာလိပ်က သာမန်ပစ္စည်း မဟုတ်နိုင်ဘူး… အဲ့ဒါက ရတနာတစ်ခုပဲ ”

စက်ကရာသည် တစ်ခဏကြာ တွေးတောပြီးနောက် စိတ်ကျေနပ်စွာ ခေါင်းညိတ်လိုက်သည်။ ထို့နောက် သူက ရှေးဟောင်းစာလိပ်ထံမှ အကြည့်ပြန်ရုပ်လိုက်ပြီး ရတနာသေတ္တာကို ကြည့်လိုက်သည်။

ရတနာသေတ္တာကို သူကြည့်လိုက်စဉ် သူ၏ မျက်နှာပေါ်မှာ မျှော်လင့်သော အမူအရာ ထွက်ပေါ်လာသည်။ ယခု ရတနာသေတ္တာပေါ်မှ ပဟေဠိက ယခင်ကထက် အများကြီး ပိုခက်ခဲသွားသော်လည်း အကယ်၍ ယင်းကို အောင်မြင်စွာ သူဖြေရှင်းနိုင်လျှင် နောက်ထပ် ရတနာတစ်ခုကို သူရရှိလိမ့်မည်။

“ ဒုစရိုက်ခုနစ်ပါးနတ်ဘုရားတေးသွားရဲ့ ကျန်ရှိတဲ့ လှုပ်ရှားမှုငါးမျိုးက ဒီရတနာသေတ္တာထဲမှာ ရှိနေတာလား ငါသိချင်မိတယ်… မဟုတ်ရင် အနာဂတ်မှာ ကျန်ရှိတဲ့ လှုပ်ရှားမှုငါးမျိုးကို ဘယ်နေရာမှာ ငါသွားရှာရမလဲ ”

သီရှီထျန်က စိတ်ထဲမှာ ခန့်မှန်းလိုက်သည်။ ရတနာသေတ္တာကို နောက်တစ်ကြိမ် သူဖွင့်လှစ်နိုင်သည့်အခါ ပြီးပြည့်စုံသော ဒုစရိုက်ခုနစ်ပါးနတ်ဘုရားတေးသွားကို သူရရှိနိုင်လိမ့်မည်ဟု မျှော်လင့်နေသည်။ ယင်းက အနာဂတ်မှာ သူ့ကို ဖော်မပြနိုင်သော အကျိုးအမြတ်များ ရရှိစေလိမ့်မည်။ ပြီးပြည့်စုံသော ဒုစရိုက်ခုနစ်ပါးနတ်ဘုရားတေးသွားကသာလျှင် ယင်း၏ အစစ်အမှန်စွမ်းအားကို ထုတ်လွှတ်နိုင်လိမ့်မည်။

“ စိတ်မကောင်းစရာပဲ… ”

စက်ကရာ၏ မျက်လုံးထဲမှာ နောင်တရသော အရိပ်အယောင် ထွက်ပေါ်လာသည်။ ပဟေဠိ၏ ခက်ခဲမှုက အလွန်မြင့်မားသည်။ ယင်းက လအနည်းငယ်ဖြင့် သူဖြေရှင်းနိုင်သောအရာ မဟုတ်ပေ။ သို့ဖြစ်၍ ယခုအချိန်မှာ သူက ပဟေဠိအကြောင်း ခဏမေ့ထားလိုက်သည်။ လောလောဆယ်၌ သူ့ဆီမှာ အရေးကြီးဆုံး ကိစ္စနှစ်ခုသာ ရှိသည်။

တစ်ခုက သူ၏ ပထမဆုံး သက်စောင့်ဓမ္မလက်နက်ကို သန့်စင်ရန် ဖြစ်သည်။ ဒုတိယတစ်ခုက ဤအတောအတွင်း သူ၏ မိစ္ဆာသန့်စင်ခြင်းမီးဖိုထဲမှ ကျင့်ကြံသူအလောင်းများကို သန့်စင်ကာ မိစ္ဆာချီကို အမြန်ဆုံး တိုးမြှင့်ရန် ဖြစ်သည်။ တခြားကိစ္စများကိုတော့ စက်ကရာက လောလောဆယ်တွင် ခဏဘေးချိတ်ထားလိမ့်မည်။

“ ရွှတ် ”

သူက ရှေးဟောင်းစာလိပ်နှင့် ထျန်းအင်ပါယာရတနာသေတ္တာကို သူ၏ သိုလှောင်အိတ်ထဲသို့ ပြန်ထည့်သိမ်းလိုက်သည်။

သူက သားရဲအမွှေးပေါ်မှာ လဲလျောင်းလိုက်ပြီး မျက်လုံးမှိတ်ကာ “ ကျားဟိန်းသံကျင့်စဉ် ”ကို စတင်လှည့်ပတ်လိုက်သည်။

မိစ္ဆာမျိုးနွယ်စု၏ ကျင့်ကြံခြင်းလမ်းစဉ်တွင် အခက်အခဲများဖြင့် ပြည့်နှက်နေသည်။ ယခု သူက မိစ္ဆာစံအိမ်ကို ဖွင့်လှစ်ပြီးသွားပြီ။ သို့သော်လည်း ယင်းက ပထမခြေလှမ်းသာ ရှိသေး၏။ နောက်ထပ် ခြေလှမ်းက မိစ္ဆာမရီဒျန်ကို ဖွဲ့စည်းရန် ဖြစ်သည်။

မိစ္ဆာမရီဒျန်သည် အဘယ်နည်း။

မိစ္ဆာစံအိမ်ကို ဖွင့်လှစ်ခြင်းသည် ခန္ဓာကိုယ်၏ အစိတ်အပိုင်းတစ်ခုပေါ်မှာ မိစ္ဆာချီကို သိုလှောင်နိုင်သော စံအိမ်ကို ဖွင့်လှစ်ရခြင်း ဖြစ်သည်။ တချို့က ဒျန်တျန်ပေါ်မှာ မိစ္ဆာစံအိမ်ကို ဖွင့်လှစ်ကြပြီး တချို့က ဦးခေါင်းနှင့် ခုနစ်လက်မအကွာမှာ ဖွင့်လှစ်ကြသည်။ မည်သို့ဖြစ်ပါစေ မိစ္ဆာစံအိမ်၏ တည်နေရာက သူတို့၏ ကိုယ်ပိုင်ရွေးချယ်မှုသာ ဖြစ်၏။

သို့သော် တချို့အခြေအနေများတွင် မိစ္ဆာစံအိမ်သည် ပင်မမရီဒျန်နှင့် မဆက်သွယ်နေပေ။ ထိုသို့အခြေအနေတွင် မိစ္ဆာချီ၏ လှည့်ပတ်မှု သို့မဟုတ် စီးဆင်းမှုက အဆင်ချောမွေ့လိမ့်မည် မဟုတ်ချေ။ အထူးသဖြင့် တိုက်ပွဲအတွင်းမှာ ယင်းက တစ်စုံတစ်ယောက်၏ စွမ်းအားကို ကန့်သတ်ထားနိုင်သည်။ သူတို့က စွမ်းအားအပြည့်အဝကို ထုတ်လွှတ်နိုင်ကြမည် မဟုတ်ချေ။

ထို့ပြင် အားနည်းသော မရီဒျန်များနှင့် သန်မာသော မရီဒျန်များဟူ၍ ရှိသည်။ တစ်စုံတစ်ယောက်၏ မရီဒျန်များက အလုံအလောက် မသန်မာလျှင် မိစ္ဆာချီ၏ တစ်ဟုန်ထိုး ပေါ်လျှိုးလာမှုက မရီဒျန်များကို ထိခိုက်ပျက်စီးစေနိုင်သည်။

ထို့ကြောင့် မိစ္ဆာကျင့်ကြံခြင်းတွင် ဒုတိယခြေလှမ်းက မိစ္ဆာမရီဒျန်ကို ဖွဲ့စည်းရန် ဖြစ်သည်။

မိစ္ဆာမရီဒျန်သည် မိစ္ဆာစံအိမ်နှင့် အနီးဆုံးနေရာမှာ တည်ရှိသည်။ ထို့ကြောင့် မိစ္ဆာမရီဒျန်က မိစ္ဆာစံအိမ်နှင့် တိုက်ရိုက် ဆက်သွယ်နေသည်။

မိစ္ဆာမရီဒျန်ကို ဖွဲ့စည်းရန် တစ်စုံတစ်ယောက်သည် သူ့ခန္ဓာကိုယ်ထဲမှ မူလမရီဒျန်များကို အရင်ဖျက်ဆီးပစ်ရမည်။ ထို့နောက် မိစ္ဆာမရီဒျန်အသစ်တစ်ခုကို ဖွဲ့စည်းကာ မိစ္ဆာစံအိမ်နှင့် တိုက်ရိုက် ဆက်သွယ်ရမည်။

ဥပမာ သီရှီထျန်၏ မိစ္ဆာစံအိမ်က သူ၏ နှလုံးထဲမှာ တည်ရှိသည်။ ထို့ကြောင့် သူက မူလမရီဒျန်များကို ဖျက်ဆီးပစ်ပြီး သူ့နှလုံးမှတဆင့် မိစ္ဆာမရီဒျန်အသစ်တစ်ခုကို ဖွဲ့စည်းရလိမ့်မည်။ ထို့နောက် မိစ္ဆာမရီဒျန်ကို မိစ္ဆာစံအိမ်နှင့် တိုက်ရိုက် ဆက်သွယ်စေမည်။ ထိုနည်းဖြင့်ဆိုလျှင် မိစ္ဆာစံအိမ်ထဲမှ မိစ္ဆာချီသည် မိစ္ဆာမရီဒျန်ကို ဖြတ်သန်း၍ သူ၏ ခန္ဓာကိုယ်ထဲမှာ လွယ်ကူချောမွေ့စွာ စီးဆင်းနိုင်လိမ့်မည်။ တစ်ချိန်တည်းမှာ ယင်းက သူ့ခန္ဓာကိုယ်၏ အသွေးအသားကို ပုံသွင်းထုဆစ်ပေးလိမ့်မည်။

မိစ္ဆာမျိုးနွယ်စုထဲမှာ ပြောစကားတစ်ခု ရှိသည်။ မိစ္ဆာသားရဲတစ်ကောင်ဆီမှာ မိစ္ဆာမရီဒျန် တစ်ခုထက်ပိုရှိလေ သူ၏ ကျင့်ကြံခြင်းနှင့် စွမ်းအားက ပိုပြီးမြင့်မားလေ ဖြစ်သည်။ တစ်စုံတစ်ယောက်သည် မိစ္ဆာမရီဒျန်ကို မဖွဲ့စည်းထားလျှင် စစ်မှန်သော မိစ္ဆာတစ်ကောင် ဖြစ်လာနိုင်လိမ့်မည် မဟုတ်ချေ။

ယင်းကို ကြည့်ခြင်းအားဖြင့် မိစ္ဆာမရီဒျန်က မိစ္ဆာမျိုးနွယ်စုအတွက် မည်မျှအရေးကြီးကြောင်း သိနိုင်ပေသည်။

သီရှီထျန်သည် သူ၏ စိတ်အာရုံကို မိစ္ဆာစံအိမ်ထဲမှာ နစ်မြှုပ်ထားလိုက်သည်။ သူက စွမ်းအားအကုန် အသုံးပြု၍ မိစ္ဆာစံအိမ်ထဲမှ မိစ္ဆာသန့်စင်ခြင်းမီးဖိုကို မြန်ဆန်စွာ လှည့်ပတ်လိုက်သည်။ မိစ္ဆာသန့်စင်ခြင်းမီးဖို တစ်ကြိမ်လှည့်ပတ်သွားတိုင်း ပမာဏများပြားသော မိစ္ဆာချီက စိမ့်ထွက်လာနေကြောင်း သူခံစားမိသည်။

ကျင့်ကြံသူအလောင်းများ၏ စွမ်းအင်အနှစ်သာရက အနက်ရောင်အရည်စက်များအဖြစ် အဆက်မပြတ် သန့်စင်ခံနေရသည်။ တစ်ဆက်တည်းမှာ ယင်းတို့က မိစ္ဆာသန့်စင်ခြင်းမီးဖိုထဲမှ မိစ္ဆာချီဖြင့် ပေါင်းစပ်သွားသည်။ အနက်ရောင်အရည်စက်များ တိုးပွားလာခြင်းက သူ၏ ကျင့်ကြံခြင်းစွမ်းအား တိုးပွားလာခြင်းပင် ဖြစ်၏။

မည်သို့မည်ပုံ မသိလိုက်ခင်မှာ သူ၏ စိတ်အာရုံက ကျင့်ကြံခြင်းလုပ်ငန်းစဉ်ထဲမှာ နစ်မြောသွားသည်။

… … …

အခန်း(၁၃၇)

“ ရှောင်ပိုင်… ဒီနေရာက နင့်ရဲ့ အိမ်လား… နင့်ရဲ့ အကိုကြီးက ဒီမှာရှိတယ်လို့ နင်မပြောခဲ့ဘူးလား… ကြည့်ရတာ ဒီနေရာမှာ ဘယ်သူမှမနေတာ အချိန်အတော်ကြာနေပြီ ထင်တယ် ”

ဤအခိုက်အတန့်မှာ ကျားရဲတောင်တန်းဒေသ၏ အရွယ်အစားကြီးမားသော လှိုဏ်ဂူတစ်ခုထဲတွင် အလင်းရောင်ထွန်းလင်းနေသည်။ အလင်းရောင်က မှိန်ဖျော့သော်လည်း ထိုအလင်းရောင်အောက်မှာ လှိုဏ်ဂူထဲမှ အရာအားလုံးကို ရှင်းလင်းစွာ မြင်နိုင်ပေသည်။ လှိုဏ်ဂူထဲတွင် မိန်းကလေးတစ်ယောက်က ဘေးပတ်ဝန်းကျင်ကို စူးစမ်းလိုစွာ လှည့်ပတ်ကြည့်နေသည်။ သူ၏ လက်မောင်းထဲတွင် ကျားဖြူလေးကို ပွေ့ပိုက်ထားသည်။ သူက ကလေးဆန်စွာ ‌မေးသည်။

“ အမဖေးဖေး… ငါမမှားဘူး… မေမေရယ်၊ ငါ့အကိုနှစ်ယောက်ရယ်၊ ငါရယ် ဒီနေရာမှာ အတူတူ နေထိုင်ခဲ့ကြတယ်… အတိတ်မှာ ရှောင်ပိုင် အရမ်းပျော်တာပဲ… အကိုတွေနဲ့ မေမေကို နေ့တိုင်း မြင်နိုင်တယ် ”

ကျားဖြူလေးသည် မျက်လုံးပြူးထားလျက် လှိုဏ်ဂူ၏ နေရာတိုင်းကို စစ်ဆေးကြည့်နေသည်။ သူ၏ မျက်လုံးထောင့်မှာ ဝမ်းနည်းစိတ်မကောင်းသော အရိပ်အယောင် ထွက်ပေါ်လာသည်။

လှိုဏ်ဂူ၏ တောင်နံရံပေါ်မှာ ချုံနွယ်ပိတ်ပေါင်းများဖြင့် ပြည့်နှက်နေသည်။ ရှင်းလင်းစွာပင် ဤနေရာမှာ မည်သူမှ မနေထိုင်သည်မှာ အချိန်အတော်ကြာသွားပြီ ဖြစ်၏။ ဤနေရာသည် အချိန်အတော်ကြာ စွန့်ပစ်ခံထားရပုံပေါ်သည်။

အကယ်၍ သီရှီထျန်သာ ဤနေရာမှာ ရှိနေလျှင် ထိုလှိုဏ်ဂူက အတိတ်၌ ကျားရဲတောင်တန်းဒေသထဲမှာ သူနေထိုင်ခဲ့သော နေရာဖြစ်ကြောင်း ချက်ချင်း မှတ်မိသွားလိမ့်မည်။

လှိုဏ်ဂူ၏ တည်နေရာသည် ချောင်ကျသည်။ သို့ဖြစ်၍ သူထွက်သွားပြီးနောက် မည်သည့်တိရိစ္ဆာန်မှ ဤနေရာမှာ မနေထိုင်ကြပေ။ ထို့ကြောင့် လှိုဏ်ဂူသည် အချိန်အတော်ကြာအောင် စွန့်ပစ်ခံထားရသည်။

“ အကိုကြီး တစ်ခုခုဖြစ်ခဲ့တာများလား… မဟုတ်မှ အကိုကြီးလည်းပဲ အဲ့ဒီလူဆိုးတွေ ဖမ်းဆီးတာ ခံလိုက်ရတာလား ”

ကျားဖြူလေးသည် ထိုသို့စဉ်းစားမိသောအခါ မိန်းကလေး၏ လက်မောင်းထဲ၌ ပြင်းထန်စွာ ရုန်းကန်လိုက်သည်။ သူက မိန်းကလေး၏ လက်မောင်းထဲမှ ခုန်ထွက်ချင်သည်။

ယင်းကို မြင်သောအခါ ဖေးဖေးက အံ့ဩထိတ်လန့်သွားသည်။ သူက ကျားဖြူလေးကို တင်းကျပ်စွာ ပွေ့ဖက်လိုက်ပြီး နှစ်သိမ့်လိုက်သည်။

“ ရှောင်ပိုင်… ဒေါသမထွက်နဲ့… နင့်ရဲ့ ဒဏ်ရာတွေက ပြန်မကောင်းသေးဘူး… နင် မြေကြီးပေါ် ဆင်းလို့ မဖြစ်ဘူး… ဘာမှမစိုးရိမ်ပါနဲ့… ငါအပြင်ထွက်ပြီး နင့်အကိုအကြောင်း တခြားတိရိစ္ဆာန်တွေကို သွားမေးကြည့်ပေးမယ် ဟုတ်ပြီလား ”

“ အမဖေးဖေး… မေမေနဲ့ ဒုတိယအကိုက အဲ့ဒီလူဆိုးတွေရဲ့ ဖမ်းဆီးတာ ခံလိုက်ရတယ်… အခု ရှောင်ပိုင်ဆီမှာ မိသားစုဝင်အနေနဲ့ အကိုကြီးတစ်ယောက်ပဲ ကျန်တော့တယ်… အမဖေးဖေး… အကိုကြီးကို ရှာဖွေဖို့ ရှောင်ပိုင်ကို ကူညီပေးရမယ်နော် ”

ကျားဖြူလေးသည် အသိဉာဏ်ရှိသည်။ သူ၏ မျက်လုံးထဲမှာ လူသားကဲ့သို့ စိတ်ခံစားချက်အလင်းရောင် ရှိသည်။ ရှောင်ပိုင်သည် သေးငယ်သော်လည်း ငါးနှစ်ခြောက်နှစ်အရွယ် လူသားကလေးငယ်တစ်ကောင်ကဲ့သို့ ဉာဏ်ထက်မြက်သည်။

မည်သို့ဖြစ်ပါစေ ကျားဖြူသည် ကျားမျိုးနွယ်စုထဲမှာ ရှားပါးမျိုးစိတ် ဖြစ်သည်။ သူတို့၏ မွေးရာပါဉာဏ်ရည်က တခြားကျားမျိုးစိတ်များထက် အများကြီး ပိုသာလွန်သည်။ သို့သော်လည်း သူတို့သည် မွေးကတည်းက ထိုမျှမြင့်မားသော အသိဉာဏ်ကို မပိုင်ဆိုင်နိုင်ကြချေ။

ဖြစ်နိုင်သည်မှာ ဤအတောအတွင်း၌ ကျားဖြူလေးက ထူးဆန်းသော အဖြစ်အပျက်ကို တွေ့ကြုံခဲ့ဟန် ရ၏။

“ ဘာမှစိတ်မပူပါနဲ့ ရှောင်ပိုင်… အခုပဲ ငါအပြင်သွားပြီး အနီးနားက တခြားတိရိစ္ဆာန်လေးတွေကို မေးကြည့်လိုက်မယ် ”

မိန်းကလေးသည် လှိုဏ်ဂူထဲမှာ ဆက်နေခြင်းက မည်သည့်အကျိုးမှ မရှိကြောင်း ခံစားမိသွားဟန် ရသည်။ ထို့ကြောင့် သူက လှိုဏ်ဂူထဲမှာ ဆက်မနေတော့ဘဲ ရှောင်ပိုင်နှင့်အတူ အပြင်သို့ ထွက်သွားသည်။ သူက လှိုဏ်ဂူ၏ ဘေးပတ်ဝန်းကျင်ကို စစ်ဆေးကြည့်လိုက်သည်။

မကြာမီ သူက လှိုဏ်ဂူအနီးနားမှ သစ်ပင်ကြီးတစ်ပင်ကို ရုတ်တရက် မြင်သွားသည်။ ယင်းကို မြင်သောအခါ သူက မျက်လုံးဝင်းလက်သွားသည်။ သူက ရင်းနှီးဖော်ရွေစွာ ပြုံးလိုက်ပြီး သစ်ပင်ဆီသို့ အမြန်လျှောက်သွားသည်။

သစ်ပင်ဆီသို့ ရောက်သွားသည့်အခါ သူက အရှေ့သို့ ခါးကိုင်းလိုက်ပြီး သစ်ပင်အောက်ခြေကို ကြည့်လိုက်သည်။

သစ်ပင်အောက်ခြေနားတွင် လက်သီးဆုပ်အရွယ်ခန့်ရှိသော အပေါက်တစ်ပေါက် ရှိသည်။ နူးညံ့သော မြက်ပင်တချို့က အပေါက်၏ ဘေးပတ်ပတ်လည်မှာ ရှင်သန်နေကြသည်။ မြက်ပင်သည် မရှည်လျားပေ။ သို့သော်လည်း မြက်ပင်များက သစ်ပင်၏ အပေါက်ကို အပြည့်အဝ ဖုံးကွယ်ထားသည်။ သို့ဖြစ်၍ တစ်စုံတစ်ယောက်သည် သေချာသတိထား၍ မကြည့်လျှင် သစ်ပင်အောက်ခြေမှာ ထိုမျှသေးငယ်သော အပေါက်တစ်ပေါက်ရှိနေကြောင်း မြင်နိုင်လိမ့်မည် မဟုတ်ချေ။

“ ဒေါက်… ဒေါက်… ဒေါက် ”

မိန်းကလေးသည် ကျားဖြူလေးကို လက်တစ်ဖက်ဖြင့် ပွေ့ထားလျက် အခြားလက်တစ်ဖက်ကို ဆန့်လိုက်သည်။ သူ့လက်က သစ်ပင်၏ အပေါက်ပေါ်သို့ ရောက်သွားသည့်အခါ သူက လက်သီးဆုပ်၍ အကြိမ်ရေအနည်းငယ် ခေါက်လိုက်သည်။ ချက်ချင်းဆိုသလိုပင် “ ဒေါက် ဒေါက် ”ဟူသော မြည်သံ ထွက်ပေါ်လာသည်။ ရှင်းလင်းစွာပင် သစ်ပင်၏ အောက်ပိုင်းက ဟောင်းလောင်းပေါက်ဖြစ်နေသည်။

“ အကိုရှဉ့်လေး… ဘာလို့ ခဏလေး အပြင်မထွက်လာတာလဲ… ဖေးဖေး ရှင့်ကို မေးစရာရှိတယ် ”

မိန်းကလေးသည် သစ်ခေါင်းပေါက်ကို လေးနက်စွာ ကြည့်၍ သားရဲဘာသာစကားဖြင့် နူးညံ့စွာ ပြောသည်။

“ ကျွီ ကျွီ ”

သူ့စကားသံ ထွက်ပေါ်လာပြီး သိပ်မကြာမီ ထူးဆန်းသော အသံနှစ်သံက သစ်ခေါင်းပေါက်ထဲမှ ထွက်ပေါ်လာသည်။ ထို့နောက် သေးငယ်သော ရှဉ့်တစ်ကောင်သည် သစ်ခေါင်းပေါက်ထဲမှ ခေါင်းထွက်လာပြီး အပြင်ကို စူးစမ်းလိုစွာ ကြည့်လိုက်သည်။ သူက ဘေးပတ်ဝန်းကျင်ကို စစ်ဆေးကြည့်နေစဉ် သတိထားသော အကြည့်က သူ့မျက်လုံးထဲမှာ ထွက်ပေါ်နေသည်။ အပြင်ဘက်မှ မိန်းကလေးကို မြင်သွားသောအခါ သူ၏ မျက်လုံးထဲမှာ ကြောက်လန့်မှုအရိပ်အယောင် ထွက်ပေါ်လာသည်။ သူက ဝှစ်ခနဲ အနောက်သို့ ခေါင်းလှည့်လိုက်ပြီး သစ်ခေါင်းပေါက်ထဲသို့ ပြန်ဆုတ်သွားသည်။

ယင်းကို မြင်သောအခါ မိန်းကလေးက မအံ့ဩသွားပေ။ သူက ကြည်လင်တောက်ပသော မျက်လုံးများဖြင့် သစ်ခေါင်းပေါက်ကို ဆက်လက် ကြည့်နေဆဲပင်။ သူ၏ ခန္ဓာကိုယ်ထံမှ ထုတ်လွှတ်နေသော တည်ရှိမှုအငွေ့အသက်က အတော်လေး ထူးဆန်းသည်။ ယင်းက သက်ရှိအားလုံးကို သူ့အနားသို့ အလိုအလျောက် ချဉ်းကပ်ချင်စိတ် ဖြစ်ပေါ်စေသည်။ သူတို့သည် မိန်းကလေးကို မြင်သည်နှင့် သူ့အနားသို့ သွားရောက်ချင်ကြသည်။ မိန်းကလေး၏ တည်ရှိမှုအငွေ့အသက်က သူတို့အား ငြိမ်းချမ်းမှုနှင့် နွေးထွေးမှုကို ပေးသည်။

ရှဉ့်လေးသည် သစ်ခေါင်းပေါက်ထဲသို့ ပြန်ဝင်သွားပြီးနောက် မည်သည့်အန္တရာယ်မှမရှိကြောင်း နားလည်သွားသည်။ တစ်ခဏကြာပြီးနောက် သူက နောက်တစ်ကြိမ် ခေါင်းထုတ်လိုက်ပြီး မိန်းကလေးကို စုန်ချည်ဆန်ချည် အကဲခတ်ကြည့်လိုက်သည်။

“ အကိုရှဉ့်… ငါ့မှာ နင့်ကို ဒုက္ခပေးချင်တဲ့ဆန္ဒ မရှိပါဘူး… ငါသိချင်တာက… ”

ယင်းကို မြင်သောအခါ မိန်းကလေးက ထိုအခွင့်အရေးကို ချက်ချင်း အသုံးချ၍ သူသိချင်သော မေးခွန်းကို မေးသည်။

“ ကျွီ… ကျွီ… ကျွီ… ”

မိန်းကလေးနှင့် ရှဉ့်သည် သားရဲဘာသာစကားဖြင့် အပြန်အလှန် စကားပြောကြသည်။ အကယ်၍ တခြားလူများသာ ထိုမြင်ကွင်းကို မြင်သွားမည်ဆိုလျှင် သူတို့က အံ့ဩသွားပြီး စိတ်ရှုပ်ထွေးသွားကြလိမ့်မည်။ မည်သို့ဖြစ်ပါစေ ထိုသို့မြင်ကွင်းက အလွန်ရှားပါးသည်မဟုတ်ပါလော။

မိန်းကလေးနှင့် ရှဉ့်ကြားမှ စကားပြောဆိုမှုက အချိန်တစ်ခဏ ကြာမြင့်သွားသည်။

ထို့နောက် မိန်းကလေးသည် အနီရောင်သစ်သီးတစ်လုံးကို ထုတ်၍ သစ်ခေါင်းပေါက်အရှေ့မှာ ချထားလိုက်သည်။ ယင်းကို မြင်သောအခါ ရှဉ့်လေးက မျက်လုံးဝင်းလက်သွားသည်။ သူက အနီရောင်သစ်သီးကို ချက်ချင်း ဖမ်းဆုပ်၍ သစ်ခေါင်းပေါက်ထဲသို့ သယ်ယူသွားသည်။ သူက သစ်ခေါင်းပေါက်ထဲသို့ ပြန်ဝင်သွားနေရင်း မိန်းကလေးကို ရင်းနှီးဖော်ရွေစွာ ကြည့်လိုက်သည်။

မိန်းကလေးသည် မတ်တတ်ပြန်ရပ်လိုက်သည်။

သူက ခေါင်းငုံ့လိုက်ပြီး သူ့လက်မောင်းထဲမှ ကျားဖြူလေးကို ကြည့်လိုက်သည်။

“ ရှောင်ပိုင်… အစောနက ရှဉ့်ကို ငါမေးခဲ့တယ်… နင့်ရဲ့ အကိုကြီးကို ဘယ်သူမှ မဖမ်းသွားဘူး… သူက လွန်ခဲ့တဲ့ လအနည်းငယ်လောက်က ဒီတောင်တန်းကနေ သူ့ဘာသာ ထွက်သွားခဲ့တယ်… ရှဉ့်လေး ပြောတာတော့ နင့်အကိုထွက်သွားတာက အရမ်းအံ့ဩဖို့ကောင်းတယ်တဲ့… သူက တောင်တန်းထဲက တိရိစ္ဆာန်အများကြီးကို သူနဲ့အတူ ခေါ်ဆောင်သွားခဲ့တယ်… အဲ့ဒီထဲမှာ မျောက်တွေ၊ ဝံပုလွေတွေနဲ့ မြွေတွေ ပါဝင်ကြတယ်… ဒီနေရာမှာ အရမ်းကြီးမားတဲ့ လှုပ်ရှားမှုတစ်ခု ဖြစ်ပေါ်ခဲ့တယ် ”

သီရှီထျန်သည် ကျားရဲတောင်တန်းဒေသ၏ မျိုးနွယ်စုလေးခုကို ဦးဆောင်၍ နေရာပြောင်းရွှေ့ခဲ့သည်။ သူ၏ လုပ်ဆောင်မှုက အလွန်ကြီးမားလေရာ တောအုပ်ထဲမှ တိရိစ္ဆာန်အများအပြားက ယင်းကို သတိထားမိခဲ့ကြသည်။ ထိုစဉ်က သူသည် မသေမျိုးကျင့်ကြံသူများကို ဖုံးကွယ်နိုင်ခဲ့သော်လည်း ကျားရဲတောင်တန်းဒေသထဲမှ တိရိစ္ဆာန်များကိုတော့ မဖုံးကွယ်နိုင်ခဲ့ပေ။ ထိုအကြောင်းက တောအုပ်ထဲမှ တိရိစ္ဆာန်များကြားထဲမှာ ပျံ့နှံ့သွားခဲ့သည်။ ကျားရဲတောင်တန်းဒေသထဲမှ ငှက်အားလုံးနှင့် တိရိစ္ဆာန်အားလုံးက ယင်းကို သိထားကြသည်။ အထူးသဖြင့် ရှဉ့်လေးက သီရှီထျန်၏ လှိုဏ်ဂူအနားမှာ တည်ရှိနေလေရာ သူက ထိုမြင်ကွင်းကို ကိုယ်တိုင်မြင်တွေ့ခဲ့သည်။

မိန်းကလေး၏ မေးမြန်းမှုကြောင့် ရှဉ့်လေးက အတိတ်မှ ထိုအဖြစ်အပျက်ကို ပြန်ပြောပြလိုက်သည်။

ရှဉ့်လေး၏ အသိဉာဏ်က အကန့်အသတ်ရှိသည်။ ထို့ကြောင့် အဖြစ်အပျက်ကို ပြန်လည်ဖော်ပြခြင်းက သူ့အတွက် အနည်းငယ် ခက်ခဲပေသည်။ သို့သော်လည်း မိန်းကလေးသည် ထိုသို့အခြေအနေမျိုးကို မကြာခဏ တွေ့ကြုံဖူးလေရာ ရှဉ့်လေးထံမှ စကားများကို နားထောင်ရုံဖြင့် ဖြစ်စဉ်တစ်ခုလုံးကို အကြမ်းဖျဉ်း နားလည်သဘောပေါက်သွားသည်။

“ အကိုကြီးက ထွက်သွားပြီလား… ဒါဆို သူက ဘယ်ကို ထွက်သွားတာလဲ ”

ကျားဖြူလေးက စိုးရိမ်တကြီး မေးသည်။

“ ရှဉ့်လေးပြောတာတော့ နင့်ရဲ့ အကိုကြီးက တောင်ပိုင်းဆီ ဦးတည်ထွက်သွားတယ်တဲ့ ”

မိန်းကလေးသည် ကျားဖြူလေး၏ ဦးခေါင်းကို သိမ်မွေ့ညင်သာစွာ ပွတ်သပ်ပေးလိုက်သည်။ သူက မျက်တောင်တဖျပ်ဖျပ်ခတ်ရင်း ပြောသည်။

“ ရှောင်ပိုင်… ဘာမှစိတ်မပူနဲ့… နင့်ရဲ့ အကိုကြီးကို ငါတို့လိုက်ရှာကြမယ်… သူက တောင်ပိုင်းဆီ ဦးတည်သွားတယ်ဆိုတော့ ငါတို့လည်း တောင်ပိုင်းဆီ သွားကြမယ်… လမ်းသွားနေရင်း တိရိစ္ဆာန်တချို့ကို နင့်အကိုကြီးအကြောင်း မေးမြန်းကြမယ် ”

“ အင်း… ကျေးဇူးပါပဲ အမဖေးဖေး ”

ကျားဖြူလေးသည် ခေါင်းညိတ်လိုက်ပြီး မိန်းကလေး၏ လက်မောင်းထဲမှာ ခေါင်းတိုးဝင်လိုက်သည်။ သူ့မျက်လုံးထဲမှာ ပျော်ရွှင်မှုအရိပ်အယောင် ရှိသည်။ နောက်ဆုံးမှာတော့ သူ့အကိုကြီး၏ သတင်းကို သူကြားသွား၏။

“ ကောင်းပြီ… အခုပဲ တောင်ပိုင်းဆီ သွားကြရအောင် ”

မိန်းကလေးသည် ဤနေရာမှာ အချိန်ကြာကြာ မနေပေ။ သူက ရှဉ့်လေးပြောသော ဦးတည်ရာဆီသို့ ချက်ချင်း ထွက်သွားသည်။ လမ်းတစ်လျှောက်မှာ သူက မကြာခဏ ရပ်တန့်ပြီး အရှေ့ဆက်မသွားမီ တိရိစ္ဆာန်တချို့ကို စုံစမ်းမေးမြန်းလိမ့်မည်။

… … …

“ ဟူး ”

မိစ္ဆာအသင်္ချေချိုင့်ဝှမ်းထဲမှ လှိုဏ်ဂူကြီးတစ်ခုထဲတွင် သန်စွမ်းကြံ့ခိုင်သော ကျားနက်တစ်ကောင်ကို အနက်ရောင်မိစ္ဆာမြူခိုးအလွှာတစ်ခုက ဖုံးလွှမ်းထားသည်။ သူက အသက်ရှူသွင်းရှူထုတ်ခြင်းကို စည်းချက်ညီစွာ ပြုလုပ်နေသည်။ လှိုဏ်ဂူ၏ မျက်နှာကြက်ပေါ်တွင် ဖြောင့်တန်းသော ဟောင်းလောင်းပေါက်တစ်ခု ရှိသည်။ မှန်ပေသည်။ ယင်းက ထျန်းအင်ပါယာရတနာသေတ္တာမှ ထုတ်လွှတ်လိုက်သော ခုနစ်ရောင်ခြယ်အလင်းတိုင်လုံးကြောင့် အပေါက်ဖြစ်သွားခဲ့ခြင်းပင်။

ဟောင်းလောင်းပေါက်သည် အပြင်ဘက်သို့ ဆန့်တန်းနေသည်။ ဤအခိုက်အတန့်မှာ ကောင်းကင်ယံမှ ငွေရောင်အလင်းစက်များက ဟောင်းလောင်းပေါက်ထဲသို့ မြန်ဆန်စွာ စီးဆင်းသွားပြီး လှိုဏ်ဂူထဲသို့ ဝင်ရောက်လာသည်။ တစ်ဆက်တည်းမှာ ယင်းတို့က ကျားနက်၏ ဧရာမခန္ဓာကိုယ်ပေါ်သို့ ကျဆင်းသွားသည်။

ချက်ချင်းဆိုသလိုပင် ကျားနက်၏ ခန္ဓာကိုယ်ပေါ်မှ မွေးညင်းပေါက်အားလုံးက ပွင့်သွားကြပြီး ငွေရောင်အလင်းစက်များကို စုပ်ယူလိုက်သည်။

ယင်းတို့က လစန္ဒာ၏ စွမ်းအင်အနှစ်သာရ ဖြစ်သည်။

ပမာဏများပြားသော မိုးမြေဝိညာဉ်စွမ်းအားက အရပ်မျက်နှာအသီးသီးထံမှ ပေါ်လျှိုးလာပြီး ကျားနက်၏ ခန္ဓာကိုယ်ပေါ်မှာ စုဝေးသွားသည်။ ကျားနက်၏ နဖူးပေါ်မှ ခရမ်းရောင်ဘုရင်စာလုံးက ခရမ်းရောင်အလင်း တောက်ပနေဆဲပင်။ ယင်းက တမူထူးခြားပြီး အံ့ဖွယ်ကောင်းသည်။ ခရမ်းရောင်ဘုရင်စာလုံးက အသက်ရှိနေသည့်အလား တအိအိလှုပ်ခတ်နေစဉ် လျှို့ဝှက်ဆန်းကြယ်သော အရှိန်အဝါက ပေါ်လျှိုးလာသည်။

ကျားနက်က အသက်ရှူသွင်းရှူထုတ်ပြုလုပ်နေစဉ် ကျယ်လောင်သော မြည်သံက ဆက်တိုက် ထွက်ပေါ်နေသည်။ သူ၏ ဘေးပတ်ပတ်လည်၌ မိစ္ဆာမြူခိုးက တအိအိလှုပ်ခါနေစဉ် သူ့အရှေ့မှ လေထုက တုန်ခါနေသည်။

အခန်း(၁၃၈)

ထိုမြင်ကွင်းသည် အချိန်ကာလတစ်ခုအထိ ကြာမြင့်သွားသည်။ ထို့နောက် မှိတ်ထားသော ကျားနက်၏ မျက်လုံးများက ရုတ်တရက် ဖွင့်သွားသည်။ သူ၏ မျက်လုံးထဲမှာ အန္တရာယ်များသော အလင်းရောင် ဖြတ်ပြေးသွားသည်။ သို့သော် ထိုအလင်းရောင်က ထွက်ပေါ်လာပြီး သိပ်မကြာမီ ပြန်ပျောက်ကွယ်သွားသည်။ သူ့ခန္ဓာကိုယ်ပေါ်မှ မွေးညင်းပေါက်အားလုံးက အလွန်အားကောင်းသော စုပ်အားကို ထုတ်လွှတ်လိုက်သည်။

နောက်အခိုက်အတန့်မှာ သူ၏ ဘေးပတ်ပတ်လည်၌ လွင့်မျောနေသော မိစ္ဆာမြူခိုးက ဝေလငါးရေစုပ်သကဲ့သို့ ချက်ချင်း စုပ်ယူခံလိုက်ရသည်။

“ ကောင်းကင်ဘုံအဆင့် မိစ္ဆာစံအိမ်ကို ဖွင့်လှစ်နိုင်ခဲ့တာ ဒီဘဝမှာ ငါ့ရဲ့ အကြီးမားဆုံး ကံကောင်းမှုပဲ… မိစ္ဆာသန့်စင်ခြင်းမီးဖိုကို အသုံးပြုပြီး ကျင့်ကြံသူအလောင်းတွေကို သန့်စင်တာက ငါ့ရဲ့ မိစ္ဆာချီကို မြန်မြန်ဆန်ဆန် တိုးပွားစေတယ်… အခု ငါ့ရဲ့ တစ်နေ့ကျင့်ကြံခြင်းက အရင်က လဝက်ကျင့်ကြံခြင်းနဲ့ နှိုင်းယှဉ်နိုင်တယ်… တကယ်လို့ ငါသာ အဲ့ဒီအလောင်းတွေကို အကုန်စုပ်ယူမယ်ဆိုရင် မကြာခင်မှာ အလယ်အလတ်အဆင့် မိစ္ဆာသားရဲတစ်ကောင်ဖြစ်လာပြီး ငါ့ရဲ့ ပထမဆုံး မိစ္ဆာမရီဒျန်ကို ဖွင့်လှစ်နိုင်လိမ့်မယ် ”

သီရှီထျန်က စိတ်ပျော်ရွှင်နေသော်လည်း သူ၏ မျက်လုံးများက ခါတိုင်းကဲ့သို့ တည်ငြိမ်နေ၏။ ယခင်က သူသည် ရာထောင်ချီသော ကျင့်ကြံသူအလောင်းများကို ဝါးမျိုပြီးနောက် မိစ္ဆာသန့်စင်ခြင်းမီးဖိုကို သူ့ဘာသာ လှည့်ပတ်စေပြီး မိစ္ဆာချီသန့်စင်ခြင်းကို အလိုအလျောက် လုပ်ဆောင်စေခဲ့သည်။ ဤတစ်ကြိမ်က ပထမဆုံးအကြိမ် မိစ္ဆာသန့်စင်ခြင်းမီးဖိုကို သူကိုယ်တိုင် အလေးအနက်ထား၍ ထိန်းချုပ်ကာ မိစ္ဆာချီသန့်စင်ခြင်းကို လုပ်ဆောင်ခဲ့ခြင်း ဖြစ်သည်။ ရလဒ်သည် သူမျှော်လင့်ထားသည်ထက် ပိုပြီးစိတ်ကျေနပ်ဖွယ်ကောင်းသည်။ ပမာဏများပြားသော စွမ်းအင်အနှစ်သာရနှင့် ဝိညာဉ်စွမ်းအားကြောင့် သူ၏ ခန္ဓာကိုယ်ထဲမှ မိစ္ဆာချီပမာဏက သိသိသာသာ တိုးပွားလာသည်။

သို့ဖြစ်၍ သူ၏ ကျင့်ကြံခြင်းက လေဟုန်စီးနေသကဲ့သို့ အလွန်မြန်ဆန်သွားသည်။ မိစ္ဆာသန့်စင်ခြင်းမီးဖိုထဲတွင် မူလက ဖင်ကပ်သာရှိသော မိစ္ဆာစွမ်းအင်အရည်က အလျှင်အမြန် တိုးပွားလာသည်။ ပြောင်းလဲမှုက အလွန်ကြီးမားသောကြောင့် ယင်းကို ရှင်းလင်းစွာ သူခံစားနိုင်သည်။

သို့သော်လည်း သူက ပျော်ရွှင်မှုထဲမှာ ကြာကြာ မနစ်မြောနေပေ။ နောက်အခိုက်အတန့်မှာ သူက ပြန်စိတ်တည်ငြိမ်သွားပြီး သူ၏ သိုလှောင်အိတ်ကို ဖွင့်လိုက်သည်။ ပုံသဏ္ဍာန်တူညီသော သိုလှောင်အိတ်တစ်ရာကျော်က အပြင်သို့ ထွက်လာကြသည်။ ထိုသိုလှောင်အိတ်များသည် သေဆုံးသွားသော ကျင့်ကြံသူများထံမှ ရရှိလာခဲ့ခြင်း ဖြစ်သည်။ ယင်းတို့ကို အပြင်သို့ ထုတ်ပြီးနောက် သူက သိုလှောင်အိတ်အားလုံးကို ဖွင့်လိုက်ကာ သိုလှောင်အိတ်များထဲမှ ပစ္စည်းအားလုံးကို မြေကြီးပေါ်သို့ သွန်ချလိုက်သည်။

တောင်ပိုင်းမြေရိုင်းဒေသထဲသို့ ဝင်ရောက်လာကြသော ကျင့်ကြံသူများသည် အဆင့်နိမ့်ကျင့်ကြံသူများသာ ဖြစ်ကြသည်။ ထို့ကြောင့် သူတို့၏ သိုလှောင်အိတ်များထဲမှာ တန်ဖိုးရှိသော ပစ္စည်းအများကြီး မရှိပေ။ ဝိညာဉ်ကျောက်တုံးတချို့၊ မှော်အဆောင်တချို့နှင့် အသုံးအဆောင်ပစ္စည်းတချို့သာ ရှိကြသည်။

ယင်းက သီရှီထျန် ကြိုမျှော်လင့်ထားပြီးသောအရာ ဖြစ်သည်။ ထို့ကြောင့် သူက စိတ်မပျက်သွားပေ။ သူက ထိုသိုလှောင်အိတ်များထဲမှ တန်ဖိုးကြီးရတနာများကို ရှာတွေ့မည်ဟု တစ်ခါမှ မတွေးခဲ့ပေ။ သူက ပစ္စည်းများကို အမျိုးအစားခွဲခြမ်းစိတ်ဖြာပြီး သိုလှောင်အိတ်များထဲသို့ ပြန်ထည့်သိမ်းလိုက်သည်။ မကြာမီ သူ၏ အရှေ့၌ တောင်ကုန်းငယ်တစ်ခုပမာ စုပုံနေသော ပစ္စည်းများက ရှင်းလင်းသွားသည်။

သို့သော်လည်း သူ၏ အရှေ့၌ ထွန်းလင်းတောက်ပနေသော ကျောက်တုံးများက ဆက်ပြီး စုပုံနေဆဲပင်။ သူက ထိုရောင်စုံကျောက်တုံးများကို ပြန်မသိမ်းဆည်းခဲ့ပေ။

မှန်ပေသည်။ ယင်းတို့အားလုံးက ဝိညာဉ်ကျောက်တုံးများ ဖြစ်ကြသည်။ မသေမျိုးကျင့်ကြံသူရာပေါင်းများစွာ၏ ဝိညာဉ်ကျောက်တုံးများက သူ၏ အရှေ့မှာ စုပုံနေကြသည်။

သေချာကြည့်မည်ဆိုလျှင် ဝိညာဉ်ကျောက်တုံးများ၏ အရေအတွက်က မများပေ။ စုစုပေါင်း တစ်ရာနှစ်ရာခန့်သာ ရှိ၏။ ယင်းတို့က ဒြပ်စင်အမျိုးမျိုးပါသော ဝိညာဉ်ကျောက်တုံးများ ဖြစ်ကြသည်။ ဒြပ်စင်အမျိုးအစားပေါ်မူတည်၍ ဝိညာဉ်ကျောက်တုံးများ၏ အရောင်က ကွဲပြားခြားနားသွားသည်။ ဥပမာ အနီရောင်ဝိညာဉ်ကျောက်တုံးက မီးဒြပ်စင်အထူးပြု ဝိညာဉ်ကျောက်တုံး ဖြစ်သည်။

“ သက်စောင့်ဓမ္မလက်နက်ကို သန့်စင်မယ်ဆိုရင် ဝိညာဉ်ကျောက်တုံးတွေကို အသုံးပြုပြီး သွေးသန့်စင်ခြင်းဝင်္ကပါကို ခင်းကျင်းရလိမ့်မယ်… ဒီတစ်ကြိမ် ငါသာ အဲ့ဒီကျင့်ကြံသူတွေကို မသတ်ဖြတ်ခဲ့ရင် ဒီလောက်များပြားတဲ့ ဝိညာဉ်ကျောက်တုံးတွေကို အလွယ်တကူ ငါစုဆောင်းနိုင်မှာမဟုတ်ဘူး ”

သီရှီထျန်သည် သူ့အရှေ့မှ ဝိညာဉ်ကျောက်တုံးအပုံကို ကြည့်နေရင်း သူ၏ ကျားလက်သည်းကို ဆန့်ထုတ်လိုက်သည်။ သူက အနီရောင်ဝိညာဉ်ကျောက်တုံးတစ်တုံးကို ဖမ်းဆုပ်လိုက်ပြီး သူ့အရှေ့မှာ ချထားလိုက်သည်။ ထို့နောက် သူက တခြားဝိညာဉ်ကျောက်တုံးများကို ဖမ်းဆုပ်လိုက်သည်။

ကျောက်တုံးတစ်တုံးကို ဖမ်းဆုပ်ပြီးသွားတိုင်း သူက ယင်းကို တမူထူးခြားသော နေရာဆီမှာ ချထားလိမ့်မည်။ အစတွင် ဝိညာဉ်ကျောက်တုံးများက ပရမ်းပတာတည်ရှိနေဟန် ရ၏။ သို့သော်လည်း နောက်ထပ် ဝိညာဉ်ကျောက်တုံးများကို ထည့်သွင်းလိုက်သည့်အခါ ပြီးပြည့်စုံသော ဝင်္ကပါတစ်ခုက သူ့အရှေ့မှာ ထွက်ပေါ်လာသည်။

အကယ်၍ တစ်စုံတစ်ယောက်က သေချာသတိထား၍ ကြည့်မည်ဆိုလျှင် ဝိညာဉ်ကျောက်တုံးများက ကြုံရာကျပန်းမဟုတ်ကြောင်း မြင်တွေ့ရလိမ့်မည်။ ဝိညာဉ်ကျောက်တုံးအားလုံးက အနီရောင်ဖြစ်သည်။ တစ်နည်းဆိုရသော် ယင်းတို့အားလုံးက မီးဒြပ်စင်ဝိညာဉ်ကျောက်တုံးများ ဖြစ်ကြသည်။ သူက တခြားဝိညာဉ်ကျောက်တုံးများကို တစ်ခုပင် မထိပေ။

သူက မြေကြီးပေါ်မှာ ဝင်္ကပါတစ်ခု ခင်းကျင်းလိုက်သည်။

မှန်ပေသည်။ သူခင်းကျင်းနေသော ဝင်္ကပါက သွေးသန့်စင်ခြင်းဝင်္ကပါ ဖြစ်သည်။

သက်စောင့်ဓမ္မလက်နက်ကို သန့်စင်ရန် သာမန်မီးတောက်များက အလုပ်မဖြစ်ပေ။ အစစ်အမှန် သိဒ္ဓိမီးတောက်သည်ပင် အကောင်းဆုံး အကျိုးသက်ရောက်မှုကို မထုတ်လုပ်ပေးနိုင်ပေ။ အဘယ့်ကြောင့်ဆိုသော် ယင်းက သာမန်ဓမ္မလက်နက် မဟုတ်ပေ။ သက်စောင့်ဓမ္မလက်နက် ဖြစ်သည်။ ထို့ကြောင့် လက်နက်သန့်စင်ခြင်းနည်းလမ်းက တမူထူးခြားရုံသာမက လက်နက်သန့်စင်ခြင်းတွင် အသုံးပြုသော မီးတောက်သည်လည်း ထူးခြားပေသည်။ ယင်းကို သက်စောင့်သွေးမီးတောက်ဟု ခေါ်သည်။

ထိုမီးတောက်သည် လူတိုင်း အသုံးပြုနိုင်သောအရာ မဟုတ်ပေ။ ယင်းကို ဝင်္ကပါဖြင့်သာ ဖန်တီးနိုင်ပေသည်။ သွေးသန့်စင်ခြင်းဝင်္ကပါကို ဖန်တီးရန်အလို့ငှာ တစ်စုံတစ်ယောက်သည် မီးဒြပ်စင်အထူးပြု ဝိညာဉ်ကျောက်တုံး(၈၁)တုံးကို အသုံးပြုရမည်။ ထို့ပြင် အသုံးပြုရမည့် ဝိညာဉ်ကျောက်တုံးများက အဆင့်မြင့် မီးဒြပ်စင်ဝိညာဉ်ကျောက်တုံးများသာ ဖြစ်ရမည်။ ယင်းတို့က အဆင့်မြင့် မီးဒြပ်စင်ဝိညာဉ်ကျောက်တုံးများ မဟုတ်လျှင် ဝင်္ကပါက သက်စောင့်သွေးမီးတောက်ကို ထုတ်လွှတ်ပေးနိုင်မည် မဟုတ်ချေ။

သီရှီထျန်သည် သက်စောင့်ဓမ္မလက်နက်တစ်ခု သန့်စင်ရန် စိတ်ဆုံးဖြတ်ပြီးကတည်းက နောက်ထပ် မစောင့်ဆိုင်းနိုင်တော့ပေ။ သူက ခန္ဓာကိုယ်နှင့် စိတ်ဝိညာဉ်ကို အထွတ်အထိပ် အခြေအနေသို့ ပြန်လည်မြှင့်တင်ပြီးနောက် သွေးသန့်စင်ခြင်းဝင်္ကပါကို ချက်ချင်း ခင်းကျင်းလိုက်သည်။

မှန်ပေသည်။ ယင်းက ပထမအဆင့်သာ ဖြစ်၏။ နောက်လာမည့် အဆင့်များက အလွန်အရေးကြီးသည်။ မည်သို့ဖြစ်ပါစေ သက်စောင့်ဓမ္မလက်နက်သန့်စင်ခြင်းက ရိုးရှင်းသောကိစ္စ မဟုတ်ပေ။

ကံကောင်းစွာဖြင့် ဝိညာဉ်ကျောက်တုံးအများစုက မီးဒြပ်စင်ဝိညာဉ်ကျောက်တုံးများ ဖြစ်သည်။ ယင်းက သွေးသန့်စင်ခြင်းဝင်္ကပါကို အချိန်ကြာမြင့်စွာ ထောက်ပံ့ပေးရန် လုံလောက်သည်။

ထိုအတွက် သုံးစွဲရမည့် ဝိညာဉ်ကျောက်တုံးအရေအတွက်က တစ်ထောင်ကျော်သည်။

ဝိညာဉ်ကျောက်တုံးများသည် အလွယ်တကူ ရရှိနိုင်သောအရာ မဟုတ်ပေ။ မသေမျိုးကျင့်ကြံခြင်းလောကတွင် ဝိညာဉ်ကျောက်တုံးများက တန်ဖိုးအကြီးမားဆုံး အထောက်အပံ့ပစ္စည်း ဖြစ်၏။ ရှေးခေတ်ကာလတွင် ဝိညာဉ်စွမ်းအားသည် ယခုကဲ့သို့ မဟုတ်ဘဲ အလွန်ပေါကြွယ်ဝသည်။ လူသားတစ်ယောက်သည် သူ၏ ပင်ကိုယ်ပါရမီက မည်မျှနိမ့်ကျပါစေ တစိုက်မတ်မတ် ကြိုးစားကျင့်ကြံလျှင် အောင်မြင်မှုများ ရရှိနိုင်သည်။ သို့သော် မျက်မှောက်ခေတ်တွင်မူ ဝိညာဉ်စွမ်းအားက အလွန်ရှားပါးသည်။ အရည်အသွေးကောင်းမွန်သော ဝိညာဉ်အမြစ်ရှိသူများသာလျှင် မြင့်မားသော အဆင့်ထိ ကျင့်ကြံနိုင်ကြသည်။ ပင်ကိုယ်ပါရမီနိမ့်ကျသော လူများသည်တော့ ထိုသို့မလုပ်ဆောင်နိုင်ကြချေ။

ရှေးခေတ်ကာလတွင် ကျင့်ကြံသူအများစုသည် ဝိညာဉ်ကျောက်တုံးများ အသုံးပြုရန် ရှုံ့ချကြသည်။ အဘယ့်ကြောင့်ဆိုသော် နေရာတိုင်းမှာ ဝိညာဉ်စွမ်းအားက အလွန်သိပ်သည်းစွာ တည်ရှိနေသောကြောင့်ပင်။ ဝိညာဉ်စွမ်းအား အသိပ်သည်းဆုံး နေရာများတွင် ကျင့်ကြံခြင်းသည် ဝိညာဉ်ကျောက်တုံးများ အသုံးပြု၍ ကျင့်ကြံခြင်းထက်ပင် အများကြီး ပိုမြန်ဆန်သည်။ ထိုအချိန်ကာလတွင် ဝိညာဉ်ကျောက်တုံးများက ကြီးကြီးမားမား အသုံးမဝင်ပေ။

သို့သော် မျက်မှောက်ခေတ်တွင် ဝိညာဉ်ကျောက်တုံးများက ကျင့်ကြံခြင်းလမ်းစဉ်မှာ မရှိမဖြစ်လိုအပ်သော အရေးကြီးပစ္စည်းတစ်ခု ဖြစ်လာသည်။ လောက၏ ဆင့်ကဲပြောင်းလဲမှုများကို မည်သူမှ ကြိုတင်မခန့်မှန်းနိုင်ပေ။ မျက်စိတစ်မှိတ်အတွင်းမှာ လောကက ပြောင်းလဲသွားသည်။

ဝိညာဉ်ကျောက်တုံးများက ကျင့်ကြံသူများအတွက် အဓိကအထောက်အပံ့ ဖြစ်လာသည်။ မည်သို့ဖြစ်ပါစေ ဝိညာဉ်ကျောက်တုံးများသည် သူတို့၏ ကျင့်ကြံခြင်းမှာ ကူညီပေးနိုင်ပြီး ကုန်ဆုံးသွားသော ဝိညာဉ်စွမ်းအားကို ပြန်လည်ဖြည့်တင်းပေးနိုင်သည်။

သို့သော် ဝိညာဉ်ကျောက်တုံးများသည် ကျင့်ကြံသူများအတွက် တန်ဖိုးကြီးမားသော ပစ္စည်းဖြစ်သည်။ မည်သို့ဖြစ်ပါစေ ဝိညာဉ်ကျောက်တုံးများကို တစ်ကြိမ်သာ အသုံးပြုနိုင်သည်။ ဝိညာဉ်စွမ်းအား ကုန်ခမ်းသွားလျှင် ယင်းက သာမန်ကျောက်တုံးဖြစ်သွားလိမ့်မည်။ ထို့ကြောင့် ဝိညာဉ်ကျောက်တုံးများ၏ တန်ဖိုးက အလွန်မြင့်မားသည်။

ဝိညာဉ်ကျောက်တုံးတစ်ထောင်ကို တစ်ကြိမ်တည်း ထုတ်ပြခြင်းသည် သာမန်ကျင့်ကြံသူတစ်ယောက် လုပ်ဆောင်နိုင်သောအရာ မဟုတ်ပေ။ အဆင့်မြင့်သော အစွမ်းထက်ကျင့်ကြံသူများသာလျှင် ထိုသို့လုပ်ဆောင်နိုင်ကြ၏။

ထို့ကြောင့် သက်စောင့်ဓမ္မလက်နက်သန့်စင်ခြင်းသည် လေလွင့်ကျင့်ကြံသူတစ်ယောက်အတွက် မဖြစ်နိုင်လုနီးပါး ခက်ခဲသောအရာ ဖြစ်သည်။ လူတိုင်းက ထိုသို့မလုပ်ဆောင်နိုင်ကြချေ။ သက်စောင့်ဓမ္မလက်နက်အား သန့်စင်သော နည်းလမ်းကို လူတိုင်းနီးပါးက သိထားကြသော်လည်း သက်စောင့်ဓမ္မလက်နက်ကို အမှန်တကယ် ပိုင်ဆိုင်ထားသူများက နဂါးဦးချိုနှင့် ဖီးနစ်ငှက်မွှေးကဲ့သို့ အလွန်ရှားပါးချေ၏။

အကယ်၍ စက်ကရာသာ ဤတစ်ကြိမ်တိုက်ပွဲမှာ ဝိညာဉ်ကျောက်တုံးများများ မရရှိခဲ့လျှင် သက်စောင့်ဓမ္မလက်နက် သန့်စင်ချင်သော သူ့အတွေးက ရေကြည်ထဲမှ လရိပ်ကဲ့သို့ ပုံရိပ်ယောင်တစ်ခုသာ ဖြစ်နေလိမ့်မည်။ ယင်းက မြင်နိုင်သော်လည်း မဖမ်းဆုပ်နိုင်ပေ။

“ ဟူး… ဝင်္ကပါခင်းကျင်းပြီးသွားပြီ… အခုက သွေးအဆီအနှစ်ချရမယ့် အချိန်ပဲ… ပြီးကျရင် ဝင်္ကပါကို အသက်သွင်းမယ် ”

သီရှီထျန်သည် သွေးသန့်စင်ခြင်းဝင်္ကပါကို ခင်းကျင်းပြီးနောက် ယင်းကို သေချာဂရုတစိုက် စစ်ဆေးကြည့်လိုက်သည်။ မည်သည့်အမှားမှမရှိကြောင်း သူအတည်ပြုပြီးနောက် အသက်ပြင်းပြင်းရှူသွင်းကာ သူ၏ ဘယ်ဘက်ကျားလက်ဖဝါးကို ဝင်္ကပါ၏ အလယ်မှာ ထားလိုက်သည်။ သူက တုံ့ဆိုင်းမနေဘဲ ညာဘက်ကျားလက်သည်းကို မြှောက်၍ ဘယ်ဘက်ကျားလက်ဖဝါးကို တိုက်ရိုက် လှီးဖြတ်လိုက်သည်။

“ ရွှီး ”

နက်ရှိုင်းသော ဒဏ်ရာတစ်ခုက သူ၏ ဘယ်ဘက်ကျားလက်ဖဝါးပေါ်မှာ ထွက်ပေါ်လာသည်။ နီညိုရောင် သွေးအဆီအနှစ်က ဒဏ်ရာမှ ချက်ချင်း စီးကျလာပြီး ဝင်္ကပါ၏ အလယ်ဗဟိုသို့ တတောက်တောက် ကျသွားသည်။ ဝင်္ကပါခင်းကျင်းထားသော ဧရိယာက အနီရောင်စွန်းထင်သွားသည်။ ထို့ပြင် သွေးအဆီအနှစ်သည် လက်သီးဆုပ်အရွယ်ခန့်ရှိသော အရည်ဘောလုံးအဖြစ် တိုက်ရိုက် သိပ်သည်းသွားသည်။

“ အရာအားလုံးကို သွေးသန့်စင်မယ်… မိစ္ဆာလက်နက် သန့်စင်ခြင်း… ဝင်္ကပါ အသက်ဝင်စေ ”

ဤအခိုက်အတန့်မှာ စက်ကရာက အော်ပြောလိုက်သည်။ တစ်ချိန်တည်းမှာ ပမာဏများပြားသော မိစ္ဆာချီကို ဝင်္ကပါထဲသို့ ချက်ချင်း သွန်းလောင်းလိုက်သည်။

“ ရွှတ် ”

သူ၏ ခန္ဓာကိုယ်ထဲမှ ပေါ်လျှိုးလာသော မိစ္ဆာချီက အလွန်သိပ်သည်းသည်။ သူက ထိုအတွက် ကြိုတင်ပြင်ဆင်ထားခြင်း ဖြစ်သည်။ ဝင်္ကပါထဲသို့ သူဝင်ရောက်သွားသည်နှင့်ချက်ချင်း ဝိညာဉ်ကျောက်တုံးများက ထွန်းလင်းတောက်ပသော အနီရောင်အလင်းကို ထုတ်လွှတ်နေကြောင်း သူမြင်သွားသည်။ ဝိညာဉ်ကျောက်တုံးတစ်တုံးစီက လျှို့ဝှက်ဆန်းကြယ်သော အရှိန်အဝါကို ထုတ်လွှတ်နေသည်။ ထို့နောက် ဝိညာဉ်ကျောက်တုံးများက တစ်တုံးပြီးတစ်တုံး ပျောက်ကွယ်သွားကြသည်။ ဝိညာဉ်ကျောက်တုံးများ ပျောက်ကွယ်သွားသည့်အခိုက် ဝင်္ကပါက မိုးမြေနှင့် တိုက်ရိုက် ချိတ်ဆက်သွားသည်။

“ ဘန်း ”

ဝင်္ကပါသည် စတင်အသက်ဝင်လာသည်။ မီးဒြပ်စင်ဝိညာဉ်ချီလှိုင်းများက အလွန်လျှို့ဝှက်ဆန်းကြယ်သည်။ တစ်ချိန်တည်းမှာ အနီရောင်ချီလှိုင်းများက ဝင်္ကပါ၏ အလယ်ဗဟိုမှ သွေးအဆီအနှစ်ဆီသို့ ဦးတည်သွားကြသည်။ သွေးအဆီအနှစ်သည် မငြင်းဆန်ပေ။ သူက အနားသို့ ရောက်လာသမျှ အနီရောင်ချီလှိုင်းအားလုံးကို အလျှင်အမြန် ဝါးမျိုလိုက်သည်။ မျက်စိတစ်မှိတ်အတွင်းမှာ မရေမတွက်နိုင်သော မီးဒြပ်စင်ဝိညာဉ်ချီလှိုင်းများက သွေးအဆီအနှစ်နှင့် ပေါင်းစပ်သွားကြသည်။ ထိုသို့အခြေအနေမျိုးတွင် သွေးအဆီအနှစ်က စတင်သန္ဓေပြောင်းလဲသွားသည်။

သွေးအဆီအနှစ်သည် အကြိမ်ရေအနည်းငယ် လူးလွန့်သွားသည်။ ထို့နောက် ထူးဆန်းသော စွမ်းအားက သွေးအဆီအနှစ်ထဲမှ ထွက်ပေါ်လာသည်။ “ ဝှစ် ”ဟူသော မြည်သံနှင့်အတူ ယင်းက ဝင်္ကပါ၏ အလယ်ဗဟိုတွင် နီညိုရောင်မီးတောက်တစ်ခုအဖြစ် ပြောင်းလဲသွားသည်။ နီညိုရောင်မီးတောက် ထွက်ပေါ်လာသည့်အခိုက် ဝင်္ကပါထဲမှ မိုးမြေဝိညာဉ်စွမ်းအားက အိမ်ကို ရှာတွေ့သွားသည့်အလား မီးတောက်ဆီသို့ စိတ်လှုပ်ရှားစွာ ဦးတည်သွားသည်။

“ သက်စောင့်သွေးမီးတောက် ”

ယင်းကို မြင်သောအခါ သီရှီထျန်က မျက်လုံးဝင်းလက်သွားသည်။ ဤသက်စောင့်သွေးမီးတောက်က သွေးသန့်စင်ခြင်းဝင်္ကပါနှင့် သူ့သွေးအဆီအနှစ်၏ ပေါင်းစပ်မှုမှ ထွက်ပေါ်လာခြင်းဖြစ်ကြောင်း သူသိလိုက်သည်။ သက်စောင့်ဓမ္မလက်နက် သန့်စင်ခြင်းတွင် မည်သို့ကြောင့် သွေးသန့်စင်ခြင်းဝင်္ကပါကို လိုအပ်ရကြောင်း နောက်ဆုံးမှာ သူနားလည်သွားသည်။ ယင်းက သက်စောင့်သွေးမီးတောက်ကို ဖန်တီးရန်အတွက် ဖြစ်သည်။

လက်နက်သန့်စင်နေစဉ်အတွင်း သက်စောင့်သွေးမီးတောက်ထဲမှာ ကိန်းအောင်းနေသော သွေးဆီအနှစ်သာရက ဓမ္မလက်နက်ထဲသို့ ပြီးပြည့်စုံစွာ ပေါင်းစပ်သွားလိမ့်မည်။ ဓမ္မလက်နက် ပြီးမြောက်သွားသည့်အခါ သွေးအဆီအနှစ်နှင့် ဓမ္မလက်နက်ကို ခွဲခြားနိုင်တော့မည် မဟုတ်ချေ။ ယင်းတို့က တစ်သားတည်း ပေါင်းစပ်သွားလိမ့်မည်။ ယင်းက သူ့ခန္ဓာကိုယ်၏ တစ်စိတ်တစ်ပိုင်း ဖြစ်လာလိမ့်မည်။ ထို့နောက် သူက စိတ်ဝိညာဉ်၏ အမျှင်တန်းတစ်ခုကို ခွဲထုတ်၍ ဓမ္မလက်နက်ထဲမှာ တံဆိပ်ရိုက်ခတ်မည်။ သို့မှသာ သက်စောင့်ဓမ္မလက်နက်တစ်ခု ပြီးပြည့်စုံစွာ ဖြစ်ပေါ်လာလိမ့်မည်။

အခန်း(၁၃၉)

သက်စောင့်ဓမ္မလက်နက်တစ်ခု သန့်စင်ပြီးသည့်အခါ ယင်းကို သခင်ကိုယ်တိုင်မှလွဲလျှင် မည်သူမှ အသုံးပြုနိုင်လိမ့်မည် မဟုတ်ချေ။ ယင်းက တမူထူးခြားသော ဓမ္မလက်နက် ဖြစ်သည်။ သခင်အသက်ရှိနေသေးသရွေ့ ဓမ္မလက်နက်က တည်ရှိနေလိမ့်မည်။ အကယ်၍ သခင်သေဆုံးသွားလျှင် ဓမ္မလက်နက်သည်လည်း ကျဆုံးသွားလိမ့်မည်။ ယင်းက သက်စောင့်ဓမ္မလက်နက်၏ အံ့ဖွယ်ကောင်းသော အချက်တစ်ချက် ဖြစ်သည်။

“ ရွှီး ”

သွေးသန့်စင်ခြင်းဝင်္ကပါက အသက်ဝင်လာသည်။ ဤသို့အခြေအနေမှာ တုံ့ဆိုင်းနေရန် မလိုအပ်ပေ။ သူက ကျောက်စိမ်းသန္ဓေသားကို သူ၏ အရှေ့မှာ ချလိုက်သည်။ သူက ကျောက်စိမ်းသန္ဓေသားကို နောက်တစ်ကြိမ် ကြည့်လိုက်သည်။ ကျောက်စိမ်းသန္ဓေသားသည် ခုနစ်ပေရှည်လျားသည်။ ရှေးလူကြီးများ ပြောကြသည်မှာ လူတစ်ယောက်က ခုနစ်ပေရှည်လျားသည်။ တစ်နည်းဆိုရလျှင် ဤကျောက်စိမ်းသန္ဓေသားက လူတစ်ယောက်ခန့် ရှည်လျားသည်။

ကျောက်စိမ်းသန္ဓေသား၏ အသွင်သဏ္ဍာန်က အမှန်တကယ် အံ့ဖွယ်ကောင်းသည်။ ထို့ပြင် ကျောက်စိမ်းသန္ဓေသားက သလင်းကျောက်ပမာ တလက်လက် တောက်ပသည်။ ကျောက်စိမ်းသန္ဓေသား၏ မျက်နှာပြင်ပေါ်မှာ အလင်းတန်းတစ်ခုက ရေစီးဆင်းနေသကဲ့သို့ ရံဖန်ရံခါ ရွေ့လျားနေသည်။ တစ်စုံတစ်ယောက်သည် အကြည့်တစ်ချက်ဖြင့်ပင် ကျောက်စိမ်းသန္ဓေသားထံမှ စိတ်သက်တောင့်သက်သာရှိမှုကို ခံစားရလိမ့်မည်။

“ ကျောက်စိမ်းသန္ဓေသားက ထူးခြားပေမဲ့ အဲ့ဒါကို ငါအသုံးမပြုနိုင်တာ စိတ်မကောင်းစရာပဲ… ကျောက်စိမ်းသန္ဓေသားကို ဒီအတိုင်း သိမ်းထားတာက ငါ့အတွက် အများကြီး အသုံးမဝင်ဘူး… ဒီနေ့ ငါက ကျောက်စိမ်းသန္ဓေသားကို အသုံးပြုပြီး ကြိုးကိုးချောင်းကုချင်းကို ဖန်တီးသန့်စင်မယ်… ကျောက်စိမ်းသန္ဓေသားရဲ့ အံ့ဖွယ်ထူးခြားမှုအရ ငါဖန်တီးလိုက်တဲ့ ကုချင်းက အံ့ဖွယ်ထူးခြားတဲ့ ဓမ္မလက်နက်တစ်ခု ဖြစ်လာမယ်လို့ ငါမျှော်လင့်တယ် ”

“ ဒီလောကမှာ ငါခရီးထွက်တဲ့အခါ မင်းငါ့ကို အဖော်ပြုပေးပါ… စိတ်လှုပ်ရှားစရာကောင်းတဲ့ တိုက်ပွဲတွေကို ငါတို့အတူတူ တွေ့ကြုံခံစားကြမယ်… အထွတ်အထိပ်ဆီ ငါနဲ့အတူတူ လိုက်ခဲ့ပါ… အတူတူ သွားကြမယ် ”

သီရှီထျန်သည် ကျောက်စိမ်းသန္ဓေသားကို တည်ကြည်လေးနက်စွာ ကြည့်လိုက်သည်။ သူက လေးနက်သော အသံဖြင့် စကားပြောသည်။

ကျောက်စိမ်းသန္ဓေသားကို သူစတွေ့သည့်အချိန်မှစ၍ သူနှင့် ကျောက်စိမ်းသန္ဓေသားကြားမှာ လျှို့ဝှက်ဆန်းကြယ်သော ဆက်သွယ်မှုတစ်ခုရှိနေကြောင်း သူခံစားမိခဲ့သည်။ ဤသည်မှာ ကျောက်စိမ်းသန္ဓေသားဆီမှာလည်း စိတ်ဝိညာဉ် ရှိနေသည့်အလားပင်။

“ ဝီး ”

စက်ကရာသည် ကျောက်စိမ်းသန္ဓေသားဆီမှာ စိတ်ဝိညာဉ်ရှိနေကြောင်း အခိုင်အမာ ယုံကြည်ထားသည်။ သို့သော်လည်း ၎င်း၏ စိတ်ဝိညာဉ်က အလွန်သန်စွမ်းမည်ဟု သူမမျှော်လင့်ထားပေ။ သူ့စကား ဆုံးသွားသည်နှင့် ကျောက်စိမ်းသန္ဓေသားက အလွန်သိပ်သည်းသော ကျောက်စိမ်းအလင်းကို ထုတ်လွှတ်လိုက်သည်။ ကျောက်စိမ်းအလင်းသည် အလွန်သိမ်မွေ့သည်။ ယင်းက သူ၏ ခန္ဓာကိုယ်ပေါ်မှာ ထွန်းလင်းသွားသည့်အခါ အေးစက်စက်ခံစားမှု ဖြစ်ပေါ်လာသည်။

ကျောက်စိမ်းအလင်းအောက်မှာ ကျောက်စိမ်းသန္ဓေသားက လျှို့ဝှက်ဆန်းကြယ်စွာ လေထဲသို့ ပျံတတ်သွားသည်။ “ ရွှတ် ”ဟူသော လေခွင်းသံနှင့်အတူ ကျောက်စိမ်းသန္ဓေသားက သွေးသန့်စင်ခြင်းဝင်္ကပါထဲသို့ ပျံသန်းသွားပြီး သက်စောင့်သွေးမီးတောက်၏ အပေါ်မှာ လွင့်မျောသွားသည်။

ကျောက်စိမ်းသန္ဓေသားသည် သက်စောင့်သွေးမီးတောက်ကို သူ့အပေါ် လောင်ကျွမ်းစေရန် ခွင့်ပြုလိုက်သည်။

“ အဲ့ဒါက တကယ် ရတနာပဲ ”

သီရှီထျန်က ဝမ်းသာပျော်ရွှင်သွားသည်။ သူက ဝင်္ကပါထဲသို့ အမြန်စိတ်နှစ်လိုက်ပြီး သက်စောင့်သွေးမီးတောက်ဖြင့် ကျောက်စိမ်းသန္ဓေသားကို သန့်စင်လိုက်သည်။

မှန်ပေသည်။ ကျောက်စိမ်းသန္ဓေသားသည် မိုးမြေကြားမှာ သဘာဝအလျောက် ဖွဲ့စည်းသွားသော ရတနာဖြစ်သည်။ ယင်းက မိုးမြေ၏ အဆီအနှစ်များမှ ဖွဲ့စည်းသွားခြင်း ဖြစ်သည်။ သို့ဖြစ်၍ ကျောက်စိမ်းသန္ဓေသားထဲမှာ အညစ်အကြေးများ မရှိပေ။ သက်စောင့်သွေးမီးတောက်သည် ကျောက်စိမ်းသန္ဓေသား၏ အညစ်အကြေးများကို သန့်စင်ပေးရန် မလိုပေ။

သို့သော်လည်း သက်စောင့်သွေးမီးတောက်က ကျောက်စိမ်းသန္ဓေသားကို လောင်ကျွမ်းပေးနေစဉ် သွေးအဆီအနှစ်က ကျောက်စိမ်းသန္ဓေသားနှင့် စတင်ပေါင်းစည်းသွားသည်။ ထိုပေါင်းစည်းမှုကို သာမန်မျက်စိဖြင့်ပင် မြင်နိုင်ပေသည်။

မူလက တလက်လက် တောက်ပနေသော ကျောက်စိမ်းသန္ဓေသားပေါ်တွင် အနီရောင်သွေးကြောမျှင်များ ထွက်ပေါ်လာကြသည်။ ယင်းတို့က လူသားခန္ဓာကိုယ်ထဲမှ မရီဒျန်များနှင့် ဆင်တူကြသည်။ ယင်းတို့က ကျောက်စိမ်းသန္ဓေသား၏ မျက်နှာပြင်တစ်လျှောက်သို့ ဆက်လက် ပျံ့နှံ့သွားသည်။ ယင်းက အလွန်အံ့ဖွယ်ကောင်းသည်။ ဤသည်မှာ ကျောက်စိမ်းသန္ဓေသားက အမှန်တကယ် အသက်ရှိလာသည့်အလားပင်။

သက်စောင့်သွေးမီးတောက်က ဆက်လက် လောင်ကျွမ်းပေးနေစဉ် အနီရောင်သွေးကြောမျှင်များက ကျောက်စိမ်းသန္ဓေသား၏ မျက်နှာပြင်ပေါ်မှာ ဆက်ပြီး ပျံ့နှံ့သွားသည်။

ယင်းက သူ၏ သွေးအဆီအနှစ်နှင့် ကျောက်စိမ်းသန္ဓေသားတို့ အပြည့်အဝ ပေါင်းစပ်သွားမှုကြောင့် ဖြစ်ပေါ်လာသော ရလဒ်ဖြစ်ကြောင်း စက်ကရာ သိလိုက်သည်။ သွေးကြောမျှင်များ တိုးပွားလာနေစဉ် သူနှင့် ကျောက်စိမ်းသန္ဓေသားကြားမှ ဆက်သွယ်မှုက ပိုပြီးအားကောင်းလာကြောင်း သူခံစားမိသွားသည်။ ဤသည်မှာ ကျောက်စိမ်းသန္ဓေသားက သူ့ဘဝ၏ တစ်စိတ်တစ်ပိုင်း ဖြစ်လာသည့်အလားပင်။

မည်သို့ဖြစ်ပါစေ သက်စောင့်ဓမ္မလက်နက် သန့်စင်ခြင်းသည် ကလေးကစားနည်းမဟုတ်ပေ။ ယင်းကို အချိန်တိုလေးအတွင်း မဆောင်ရွက်နိုင်ပေ။ သွေးအဆီအနှစ်ကို အသုံးပြု၍ ဓမ္မလက်နက်ကို အာဟာရဖြည့်ပေးရန် အချိန်အကြာကြီး လိုအပ်သည်။

သီရှီထျန်သည် ဝင်္ကပါနှင့် ကျောက်စိမ်းသန္ဓေသား၏ အပြောင်းအလဲများကို မျက်တောင်မခတ်တမ်း စိုက်ကြည့်နေသည်။ သွေးသန့်စင်ခြင်းဝင်္ကပါထဲမှ သက်စောင့်သွေးမီးတောက်က မှေးမှိန်လာနေကြောင်း သူမြင်သောအခါ နောက်တစ်ကြိမ် ဒဏ်ရာဖွင့်လှစ်လိုက်ပြီး သွေးအဆီအနှစ်ကို ထုတ်ပေးလိုက်သည်။

သွေးအဆီအနှစ်၏ အားဖြည့်ပေးမှုကြောင့် သက်စောင့်သွေးမီးတောက်က ပြန်လည်သက်ဝင်လှုပ်ရှားလာသည်။

အချိန်သည် တရွေ့ရွေ့ ကုန်ဆုံးသွားသည်။

မျက်စိတစ်မှိတ်အတွင်းမှာ ခြောက်နာရီ ကုန်ဆုံးသွားသည်။

ထိုအခိုက်အတန့်မှာ သီရှီထျန်က တစ်စုံတစ်ခုကို ရှာတွေ့သွားသည်။ သက်စောင့်သွေးမီးတောက်၏ အပေါ်တွင် ကျောက်စိမ်းသန္ဓေသားက စတင်ပြောင်းလဲသွားနေသည်။ သွေးကြောမျှင်များ တိုးပွားလာနေစဉ် ကျောက်စိမ်းသန္ဓေသား၏ အရွယ်အစားက ဖြည်းဖြည်းချင်း ကျုံ့သွားသည်။ ထိုသို့ကျုံ့သွားနေစဉ် ထောင့်မှန်စတုဂံပုံသဏ္ဍာန်ရှိသော ကျောက်စိမ်းသန္ဓေသားက ချောမွေ့လာသည်။

နောက်အခိုက်အတန့်မှာ ကျောက်စိမ်းသန္ဓေသားက ရှေးဟောင်းစာလိပ်ထဲမှာ သူမြင်ခဲ့သော ရှေးဟောင်းကုချင်း၏ ကိုယ်ထည်နှင့် အရွယ်အစားတူညီသွားသည်။

“ ကောင်းပြီ… ကုချင်းကို ငါဖန်တီးသန့်စင်မယ်ဆိုမှတော့ ရှေးဟောင်းစာလိပ်ထဲက ကုချင်းပုံစံအတိုင်း ငါဖန်တီးသန့်စင်မယ်… ကျောက်စိမ်းသန္ဓေသားရဲ့ အံ့ဖွယ်ထူးခြားမှုကြောင့် ငါ့ရဲ့ ကုချင်းက ဒီလောကရဲ့ ဘယ်ကုချင်းထက်မှ နိမ့်ကျမှာ မဟုတ်ဘူး ”

သီရှီထျန်သည် စိတ်ဆုံးဖြတ်ပြီးသည်နှင့် သူ၏ သိုလှောင်အိတ်ထဲမှ ကြိုးရှည်တစ်ချောင်းကို ထုတ်လိုက်သည်။ ကြိုးသည် တလက်လက် တောက်ပနေသည်။

ကြိုးရှည်၏ အစွန်းတစ်ဖက်မှာ နဂါးဦးခေါင်းရှိပြီး အခြားအစွန်းတစ်ဖက်မှာ နဂါးအမြှီးရှိသည်။ ကြိုး၏ ကိုယ်ထည်တစ်လျှောက်မှာ သေးငယ်သော နဂါးအကြေးခွံများ ရှိသည်။ ကြိုးပေါ်မှာ ထူးဆန်းသော စွမ်းအားက ကိန်းအောင်းနေသည်။ ယင်းက နဂါးအကြောမျှင် ဖြစ်သည်။ အကယ်၍ ကျိုးယွမ်ဖေးသာ ဤနေရာမှာ ရှိနေမည်ဆိုလျှင် သူက ချက်ချင်း ထခုန်မိလိမ့်မည်။ ယင်းက သူ၏ နဂါးဖမ်းကြိုးမှလွဲ၍ တခြားမဟုတ်ပေ။

ယင်းကို သီရှီထျန်က သူ့လက်ထဲမှ လုယက်သွားခဲ့သည်။

ယခု သူက ထိုနဂါးဖမ်းကြိုးကို ကုချင်းကြိုးများအဖြစ် သန့်စင်ပစ်တော့မည်။

နဂါးဖမ်းကြိုးကို ကြည့်နေရင်း သီရှီထျန်က သက်ပြင်းချလိုက်သည်။

“ နဂါးအကြောမျှင်က ကုချင်းကြိုးလုပ်ဖို့ အသင့်တော်ဆုံးပစ္စည်း မဟုတ်ဘူး… တကယ်လို့ ငါ့ဆီမှာ နှစ်တစ်သောင်း ကောင်းကင်ပိုးမျှင်ရှိမယ်ဆိုရင် အဲ့ဒါက ကုချင်းကြိုးအတွက် အသင့်တော်ဆုံး ဖြစ်လိမ့်မယ်… စိတ်မကောင်းစရာပဲ အခုလောလောဆယ် နဂါးအကြောမျှင်ပဲ ငါအသုံးပြုနိုင်တယ် ”

ကုချင်းကြိုးက ပိုပြီးပါးလွှာလေ ပိုပြီးကောင်းလေ ဖြစ်သည်။ အကယ်၍ နဂါးအကြောမျှင်ကို ကုချင်းကြိုးအဖြစ် ပြုလုပ်မည်ဆိုလျှင် ယင်းကို နောက်တစ်ကြိမ် သန့်စင်ရလိမ့်မည်။ ယေဘုယျအားဖြင့်ဆိုရသော် နဂါးအကြောမျှင်သည် ကုချင်းကြိုးပြုလုပ်ရန် သင့်တော်သည်။ သို့သော်လည်း ပြိုင်ဘက်ကင်းရတနာကို သူဖန်တီးချင်လျှင် နဂါးအကြောမျှင်က ကုချင်းအတွက် ပြစ်ချက်ဖြစ်လာလိမ့်မည်။

ကုချင်းကြိုးကို ပိုးမျှင်ဖြင့်သာ ဖန်တီးသင့်သည်။ ထို့ပြင် ပိုးမျှင်၏ သက်တမ်းက ပိုပြီးမြင့်မားလေ အရည်အသွေးပိုကောင်းမွန်လေ ဖြစ်သည်။ အနည်းဆုံး ယင်းက နှစ်တစ်ထောင်သက်တမ်း ရှိသင့်သည်။ သို့သော်လည်း ကံမကောင်းစွာပင် နှစ်တစ်ထောင်သက်တမ်းရှိသော ပိုးမျှင်ကို ခရမ်းရွှေပိုးကောင်ကသာ ထွေးထုတ်ပေးနိုင်သည်။ ခရမ်းရွှေပိုးကောင်ကို ဤကုန်းမြေပေါ်မှာ မမြင်တွေ့ရသည်မှာ နှစ်ပေါင်းများစွာကြာသွားပြီ ဖြစ်၏။ ၎င်းကို ရှာဖွေရန် မလွယ်ကူပေ။

ပိုးမျှင်ထက် အရည်အသွေးနိမ့်ကျသော ပင့်ကူမျှင်လည်း ရှိသေးသည်။ နှစ်တစ်သောင်းသက်တမ်းရှိသော ပင့်ကူမိစ္ဆာမှ ထုတ်လုပ်ပေးသော ခုနစ်ရောင်ခြယ်ပင့်ကူမျှင်သည် ခရမ်းရွှေပိုးမျှင်ပြီးလျှင် ဒုတိယအကောင်းဆုံး ဖြစ်သည်။

နဂါးအကြောမျှင်ကို ရှာမရလျှင် ကျား၏ အကြောမျှင်ကို အသုံးပြုနိုင်ပေသည်။

ယခု သီရှီထျန်၏ လက်ထဲမှာ နဂါးအကြောမျှင်သာ ရှိသည်။ သူက ပြီးပြည့်စုံသော ရတနာကို ဖန်တီးချင်လျှင်ပင် ထိုပစ္စည်းများကို မည်သည့်နေရာမှာ သွားရှာဖွေနိုင်မည်နည်း။ ကံကောင်းစွာဖြင့် ကုချင်းကြိုးများကို အလွယ်တကူ ဖယ်ရှားနိုင်သည်။ အနာဂတ်မှာ သူက ပိုကောင်းမွန်သော ပစ္စည်းများကို ရှာတွေ့လျှင် ယင်းကို နဂါးအကြောမျှင်နေရာမှာ အစားထိုးလိမ့်မည်။

“ အနာဂတ်ကျရင် ကျောက်စိမ်းသန္ဓေသားနဲ့ လိုက်ဖက်တဲ့ ကြိုးတွေကို ငါရှာဖွေရမယ်… အခုလောလောဆယ်တော့ နဂါးအကြောမျှင်နဲ့ပဲ ငါဖန်တီးမယ် ”

စက်ကရာ၏ မျက်လုံးထဲမှ အလင်းရောင်က အကြိမ်ရေအနည်းငယ် မှိတ်တုတ်မှိတ်တုတ် လင်းလက်သွားသည်။ သူက စိတ်ထဲ၌ တိတ်တဆိတ် ဆုံးဖြတ်ချက်ချလိုက်သည်။

သူက ရှေးဟောင်းကုချင်းကို ကျောက်စိမ်းသန္ဓေသားဖြင့် ဖန်တီးပြီး ကုချင်းကြိုးများကို နဂါးအကြောမျှင်ဖြင့် ဖန်တီးမည်ဆိုလျှင် ထိုနှစ်ခုက ပြီးပြည့်စုံစွာ လိုက်ဖက်နေလိမ့်မည် မဟုတ်ချေ။ ကုချင်းကောင်းကောင်းတစ်ခုဆီမှာ ကောင်းမွန်သော ကြိုးများ ရှိသင့်ပေသည်။ ထို့ကြောင့် သူက အနာဂတ်မှာ ကုချင်းကြိုးများအတွက် ဒဏ္ဍာရီလာပစ္စည်းများကို ရှာဖွေမည်ဟု တိတ်တဆိတ် ဆုံးဖြတ်ချက်ချလိုက်သည်။

“ သွေးမီးတောက်တွေ စုဝေးမယ်… နဂါးဖမ်းကြိုးကို လောင်မြိုက်စေ ”

သူက တုံ့ဆိုင်းမနေဘဲ နဂါးဖမ်းကြိုးကို သွေးသန့်စင်ခြင်းဝင်္ကပါထဲသို့ ပစ်လွှတ်လိုက်သည်။ နဂါးဖမ်းကြိုးသည် သက်စောင့်သွေးမီးတောက်၏ အပေါ်မှာ ထွက်ပေါ်လာသည်။ မည်သို့ဖြစ်ပါစေ နဂါးဖမ်းကြိုးက ဓမ္မရတနာတစ်ခုဖြစ်သည်။ ယင်းကို ဖန်တီးသန့်စင်ထားသော ပစ္စည်းက ရှားပါးသော နဂါးအကြောမျှင် ဖြစ်သည်။ ယင်းက ရေနဂါးတစ်ကောင်ထံမှဆိုလျှင်ပင် နဂါးအကြောမျှင်ဖြစ်နေဆဲပင်။

သက်စောင့်သွေးမီးတောက်၏ လောင်ကျွမ်းမှုကြောင့် နဂါးဖမ်းကြိုးပေါ်မှ အလင်းရောင်က မှိတ်တုတ်မှိတ်တုတ် လင်းလက်သွားသည်။ ယင်းက သက်စောင့်သွေးမီးတောက်ကြောင့် ချက်ချင်း အရည်မပျော်သွားပေ။

ယင်းက သီရှီထျန် မမျှော်လင့်ထားသောအရာ မဟုတ်ပေ။ ကျောက်စိမ်းသန္ဓေသား၏ ပြောင်းလဲမှုက အလွန်မြန်ဆန်ရခြင်းမှာ သူနှင့် ကျောက်စိမ်းသန္ဓေသားကြားမှာ ထူးဆန်းသော ဆက်သွယ်မှုတစ်ခု ရှိနေသောကြောင့်ပင်။ ထို့ပြင် ကျောက်စိမ်းသန္ဓေသားဆီမှာ စိတ်ဝိညာဉ်ရှိသည်။ ထို့ကြောင့် ကျောက်စိမ်းသန္ဓေသားကို သန့်စင်သည့် လုပ်ငန်းစဉ်က မခက်ခဲပေ။

နဂါးဖမ်းကြိုးသည်တော့ ထိုသို့မဟုတ်ပေ။ ယင်းကို နည်းနည်းချင်းစီ သန့်စင်ပေးရလိမ့်မည်။ အချိန်က တရွေ့ရွေ့ ကုန်လွန်သွားနေစဉ် သက်စောင့်သွေးမီးတောက်ထဲမှ သွေးအဆီအနှစ်က နဂါးဖမ်းကြိုးထဲသို့ ဖြည်းဖြည်းချင်း စိမ့်ဝင်သွားသည်။

ထိုအခြေအနေကို မြင်သောအခါ သီရှီထျန်၏ မျက်လုံးက ကန်ရေပြင်ပမာ တည်ငြိမ်သွားသည်။ သူက စိတ်ထဲမှာ တွေးတောလိုက်သည်။ လက်နက်သန့်စင်ခြင်းစာအုပ်ထဲမှာ ဖော်ပြထားသည်မှာ သက်စောင့်ဓမ္မလက်နက်ကို သန့်စင်ရန် အချိန်အကြာကြီး လိုအပ်လိမ့်မည်။ အကယ်၍ ပစ္စည်းအလုံအလောက်ရှိလျှင် ယင်းက ဆယ်ရက်မှ လဝက်အထိ ကြာမြင့်နိုင်သည်။ သို့မဟုတ် တစ်နှစ်ခန့်ပင် ကြာမြင့်နိုင်သည်။ ကံကောင်းစွာဖြင့် ကုချင်းကိုယ်ထည်ကို ဖန်တီးမည့် ကျောက်စိမ်းသန္ဓေသားကို သန့်စင်ရာတွင် အချိန်မကြာမြင့်ခဲ့ပေ။ နဂါးအကြောမျှင်က မည်မျှကြံ့ခိုင်ပါစေ ယင်းကို သန့်စင်ရန် အချိန်အများကြီး မကြာမြင့်နိုင်ပေ။

အတိတ်မှာ သူသည် လက်နက်သန့်စင်ခြင်းစာအုပ်ကို အကြိမ်ရေများစွာ ဖတ်ရှုခဲ့သည်။ သူက လက်နက်သန့်စင်ခြင်း၏ အဓိကအချက်တချို့ကို နားလည်သွားပြီ ဖြစ်သည်။ ယခု သူက လက်နက်သန့်စင်ရန် အလျင်မလိုပေ။

သူက သွေးသန့်စင်ခြင်းဝင်္ကပါကို အာရုံတစ်ဝက်စိုက်ထားစဉ် အခြားအာရုံတစ်ဝက်ကို သူ့ခန္ဓာကိုယ်ထဲမှ မိစ္ဆာသန့်စင်ခြင်းမီးဖိုအား လှည့်ပတ်ရန် အသုံးပြုလိုက်သည်။ မိစ္ဆာသန့်စင်ခြင်းမီးဖိုက အဆက်မပြတ် မြန်ဆန်စွာ လှည့်ပတ်နေစဉ် သူ့ခန္ဓာကိုယ်ထဲ၌ မိစ္ဆာချီပမာဏက သိသာထင်ရှားစွာ တိုးပွားလာသည်။

သွေးသန့်စင်ခြင်းဝင်္ကပါအတွက်တော့ အချိန်တစ်ခဏကြာသွားတိုင်း သူ၏ သွေးအဆီအနှစ်ကို ထပ်မံ ထည့်သွင်းပေးရန်သာ လိုအပ်သည်။ သူက တခြားဘာမှလုပ်စရာ မလိုပေ။

ထိုအတောအတွင်း အချိန်က ဖြည်းညင်းစွာ ကုန်ဆုံးသွားသည်။

မျက်စိတစ်မှိတ်အတွင်းမှာ နေ့မှ ညသို့ ကူးပြောင်းခြင်းက ကိုးကြိမ်တိုင်အောင် ဖြစ်ပေါ်လာသည်။

ယနေ့တွင် ထိန်ထိန်လင်းစွာ တောက်ပနေသော နေလုံးသည် အရှေ့အရပ်မှ မြှောက်တတ်လာသည်။ ချက်ချင်းဆိုသလိုပင် အလွန်အားကောင်းသော ခရမ်းရောင်ချီသည် အရှေ့အရပ်၏ ကောင်းကင်ပေါ်မှ ဖြာဆင်းကျလာသည်။ ရောင်စုံအလင်းတန်းများက တောင်တန်းဒေသပေါ်သို့ ဆင်းသက်လာကြသည်။ ယင်းတို့ထံမှ တမူထူးခြားသော ဆွဲဆောင်မှုက သက်ရှိများကို စိတ်သက်သာရာရစေပြီး ပျော်ရွှင်စေသည်။

… … …

အခန်း(၁၄၀)

“ အမဖေး… ငါ့အကို ဘယ်သွားတယ်လို့ နင်ထင်လဲ… ငါတို့တွေ လမ်းလျှောက်နေတာ ခရီးအတော်ပေါက်နေပြီ… မဟုတ်မှ ငါတို့သွားနေတာ လမ်းအမှားလား ”

“ ရှောင်ပိုင်… ငါတို့ လမ်းမမှားဘူး… ဒီခရီးတစ်လျှောက်မှာ အရှေ့ဆက်မသွားခင် တိရိစ္ဆာန်တချို့ကို ငါမေးမြန်းခဲ့တယ်… နင့်အကို ထွက်သွားတုန်းက သူနဲ့အတူ တိရိစ္ဆာန်အများကြီးကို ခေါ်ဆောင်သွားခဲ့တယ်… တိရိစ္ဆာန်အများကြီးက သူတို့အုပ်စုကို မြင်တွေ့ခဲ့ကြတယ်… ငါတို့တွေ တောင်ပိုင်းဆီ ဆက်သွားမယ်ဆိုရင် နင့်အကိုကို သေချာပေါက် ရှာတွေ့လိမ့်မယ် ”

“ အကိုကြီးကို ငါအရမ်းပဲ တွေ့ချင်နေပြီ ”

ကြီးမားသော တောင်တစ်လုံး၏ အောက်ခြေတွင် သနားစဖွယ်ကောင်းသော ပုံရိပ်တစ်ခုက အရှေ့သို့ တစ်လှမ်းချင်း တစ်လှမ်းချင်း လျှောက်သွားနေသည်။ နေရောင်၏ အကူအညီဖြင့် ကြည့်လျှင် ထိုပုံရိပ်က မိန်းကလေးတစ်ယောက်ဖြစ်ကြောင်း မြင်ရလိမ့်မည်။

မိန်းကလေးသည် ရိုးရှင်းသော ဝတ်စုံကို ဝတ်ဆင်ထားသည်။ သူ၏ အဝတ်အစားပေါ်တွင် စုတ်ပြဲရာများ ရှိသည်။ ရှင်းလင်းစွာပင် ယင်းတို့က တောအုပ်ထဲမှာ သူဖြတ်သန်းသွားနေစဉ် ကျန်ရစ်ခဲ့သော အမှတ်အသားများ ဖြစ်သည်။

သူ၏ ခြေဖဝါးပေါ်မှ ဖိနပ်များသည်လည်း ပေါက်ပြဲနေသည်။ ယင်းတို့ကို ဆက်ပြီး ဝတ်ရန် မသင့်တော်တော့ပေ။ ဖိနပ်ထဲမှ သူ၏ ဖြူဖွေးသော ခြေချောင်းများကိုပင် မြင်တွေ့နိုင်သည်။ မိန်းကလေးသည် ပြိုင်စံရှားအလှပိုင်ရှင် မဟုတ်ပေ။ သူ့မှာ သာမန်ရုပ်ရည်သာ ရှိ၏။ သို့သော် သူ့မှာ ဆွဲဆောင်မှုရှိသော ခြေထောက်များရှိသည်။ သူ၏ ခြေထောက်များက ကျောက်စိမ်းသဖွယ် ဖြူဖွေးပြီး ရှည်လျားသည်။ ဤသည်မှာ ယင်းက ကောင်းကင်ဘုံမှ သူ့အပေါ် ချီးမြှင့်ထားသော ဆုလာဘ်တစ်ခု ဖြစ်သည့်အလားပင်။

ထိုမိန်းကလေး၏ နာမည်သည် ဖေးဖေး ဖြစ်သည်။ သူ၏ လက်မောင်းထဲမှာ ကျားဖြူလေးကို ပွေ့ထားသည်။

သီရှီထျန်က ကျားရဲတောင်တန်းဒေသထဲမှ ထွက်သွားကြောင်း သူတို့သိရှိပြီးနောက် တောင်ပိုင်းဒေသဆီသို့ ဦးတည်ထွက်လာခဲ့ကြသည်။ လမ်းတစ်လျှောက်တွင် သူတို့က ရံဖန်ရံခါ ရပ်တန့်ပြီး တိရိစ္ဆာန်တချို့ကို မေးမြန်းလိမ့်မည်။ နောက်ဆုံးမှာ သူတို့က ဤနေရာဆီသို့ ရောက်လာခဲ့ကြသည်။

အကယ်၍ သီရှီထျန်သာ ဤနေရာမှာ ရှိမည်ဆိုလျှင် သူတို့၏ အရှေ့မှ တောင်က ကင်းခြေများတောင်ဖြစ်ကြောင်း ချက်ချင်း မှတ်မိသွားလိမ့်မည်။ အတိတ်မှာ သီရှီထျန်သည် ကြက်သွေးရောင်ကင်းခြေများဘုရင်နှင့် ကြမ်းတမ်းသော တိုက်ပွဲကို ဆင်နွှဲခဲ့သည်။ ယခု ကင်းခြေများတောင်ပေါ်မှာ ကင်းခြေများများ နောက်ထပ် မရှိတော့သောကြောင့် တိရိစ္ဆာန်အများအပြားက ပြန်ပြောင်းရွှေ့လာကြပြီး နေထိုင်ကြသည်။ သစ်ပင်ကြီးများက စိမ်းလန်းစိုပြည်နေပြီး ပန်းပင်အမျိုးမျိုးက ပြန်ရှင်သန်လာကြသည်။ သို့ဖြစ်၍ တောင်ကြီးသည် ယခင်ကထက် အများကြီး ပိုသက်ဝင်လှုပ်ရှားနေသည်။

တစ်ခဏကြာ လမ်းလျှောက်ပြီးနောက် သူ၏ လက်မောင်းထဲမှာ လဲလျောင်းနေသော ကျားဖြူလေးက ဘေးဘီကို ကြည့်နေရင်း ရုတ်တရက် မျက်လုံးဝင်းလက်သွားသည်။ သူက ကျားလက်သည်းကို ဆန့်ထုတ်လိုက်ပြီး မိန်းကလေး၏ အဝတ်အစားကို ဆုပ်ကိုင်လိုက်သည်။ သူက ပြောသည်။

“ အမဖေးဖေး… အဲ့ဒီကို အမြန်ကြည့်ပါ… အရှေ့မှာ တစ်ခုခုရှိနေတယ် ”

ယင်းကို မိန်းကလေးကြားသောအခါ သူက ကျားဖြူလေးညွှန်ပြသော ဦးတည်ရာဆီသို့ အမြန်ကြည့်လိုက်သည်။ သူ၏ အရှေ့မှာ ထင်းရှူးပင်ကြီးတစ်ပင်ရှိသည်။ မိန်းကလေး၏ အကြည့်က ထင်းရှူးပင်အောက်သို့ ကျရောက်သွားသည်။ ထိုနေရာတွင် နှင်းကဲ့သို့ ဖြူဖွေးဆွတ်သော ပုံရိပ်တစ်ခုက လဲလျောင်းနေသည်။ အဖြူရောင်အမွှေးများက လေထဲမှာ တအိအိလှုပ်ခတ်နေသည်။ ၎င်းက တိရိစ္ဆာန်တစ်ကောင်ဖြစ်ပုံပေါ်သည်။

“ ငါတို့ အဲ့ဒီကို တစ်ချက်သွားကြည့်ရအောင် ”

မိန်းကလေးသည် တုံ့ဆိုင်းမနေဘဲ အရှေ့သို့ မြန်ဆန်စွာ ပြေးသွားသည်။ မကြာမီ သူက ထင်းရှူးပင်နားသို့ ရောက်သွားသည်။ သူက အနီးကပ် သေချာကြည့်လိုက်သည့်အခါ အံ့ဩသွားသည်။

“ အဲ့ဒါ မြေခွေးတစ်ကောင်ပဲ ”

အမှန်တကယ်ပင် သူတို့၏ အရှေ့၌ နှင်းကဲ့သို့ ဖြူဖွေးဆွတ်သော မြေခွေးတစ်ကောင်က မြေကြီးပေါ်မှာ လှုပ်ရှားမှုကင်းမဲ့စွာ လဲလျောင်းနေသည်။ သူက မည်သည့်အသံမှ မထုတ်ဖော်ပေ။

မြေခွေးဖြူသည် အလွန်လှပသည်။

အကြည့်တစ်ချက်ဖြင့်ပင် လူများသည် ထိုမြေခွေးအပေါ် ချစ်ခင်နှစ်သက်စိတ် ဖြစ်ပေါ်လာလိမ့်မည်။ သူတို့သည် မြေခွေးလေးကို ရင်ခွင်ထဲမှာ ထည့်၍ ပွေ့ဖက်ထားချင်စိတ် ဖြစ်ပေါ်လာလိမ့်မည်။ ထူးခြားချက်တစ်ခုမှာ မြေခွေးလေး၏ အမြှီးဖြစ်သည်။ သူ့မှာ အမြှီးနှစ်ချောင်းရှိသည်။ ထို့ပြင် ထူးဆန်းသော အမွှေးရနံ့တစ်မျိုးက မြေခွေးလေး၏ ခန္ဓာကိုယ်ထဲမှ ထွက်ပေါ်နေသည်။ ထိုအမွှေးရနံ့က စိတ်ကို ရွှင်လန်းစေပြီး သက်တောင့်သက်သာရှိစေသည်။

၎င်းက သာမန်မြေခွေးများနှင့် ကွဲပြားခြားနားသည်။

“ သနားစရာပဲ… သူဒဏ်ရာရထားတယ် ”

ယင်းကို မိန်းကလေးမြင်သောအခါ သူက အမြန်ဆောင့်ကြောင့်ထိုင်လိုက်ပြီး မြေခွေးလေး၏ ခန္ဓာကိုယ်ကို ဂရုတစိုက် စစ်ဆေးကြည့်လိုက်သည်။ မြေခွေးလေးက မသေဘဲ သတိမေ့မြောနေကြောင်း သူသိသွားသည့်အခါ စိတ်သက်သာရာရသွားသည်။ ကြည့်ရသည်မှာ မြေခွေးလေးက ဒဏ်ရာအပြင်းအထန် ရရှိထားပုံပေါ်သည်။ သို့သော်လည်း မြေခွေးလေး၏ ခန္ဓာကိုယ်ကို သူစစ်ဆေးခဲ့စဉ်က မည်သည့်ဒဏ်ရာမှ ရှာမတွေ့ခဲ့ပေ။ ယင်းက အလွန်ထူးဆန်းသည်။

သို့သော်လည်း မြေခွေးလေးကို မြင်သွားသည့်အခိုက် စိတ်မကောင်းဖြစ်သော အရိပ်အယောင်က သူ၏ မျက်လုံးထဲမှာ ထွက်ပေါ်လာသည်။ သူက မြေခွေးလေးကို သူ့လက်ထဲမှာ ဂရုတစိုက် သယ်ထားရင်း ကျားဖြူလေးကို ပြောသည်။

“ ရှောင်ပိုင်… မြေခွေးလေးက ဒဏ်ရာရထားတယ်… ငါတို့ သူ့ကို ဒီမှာ ထားခဲ့မယ်ဆိုရင် သားရိုင်းတစ်ကောင်က သူ့ကို ခေါ်ဆောင်သွားလိမ့်မယ်… သူ့ကို ငါတို့နဲ့အတူ ခေါ်သွားရအောင်… သူသတိပြန်ရလာတဲ့အခါ သူသွားချင်တဲ့နေရာ သွားပါစေ… နင်ဘယ်လိုထင်လဲ ”

“ အင်း… ကောင်းတယ် ”

ကျားဖြူလေးက ခေါင်းညိတ်လိုက်သည်။ အကြောင်းအရင်းတချို့ကြောင့် ကျားဖြူလေးသည် ထိုမြေခွေးကို မြင်သွားသည့်အခိုက် ရင်းနှီးကျွမ်းဝင်သော ခံစားချက်မျိုး ရရှိသွားသည်။ သူသည်လည်း မြေခွေးလေးကို ဤနေရာမှာ မထားခဲ့ချင်ပေ။

“ ဒါဆို ငါတို့တွေ ခရီးဆက်ကြရအောင် ”

မိန်းကလေးသည် ကျားဖြူလေးကို လက်တစ်ဖက်မှာ ပွေ့ထားလျက် မြေခွေးကို အခြားလက်တစ်ဖက်မှာ ပွေ့လိုက်သည်။ ထို့နောက် သူက နံနက်ခင်း နေရောင်ခြည်အောက်မှာ အရှေ့သို့ ခရီးဆက်သွားသည်။

… … …

ထိုအခိုက်အတန့်တွင် မိစ္ဆာအသင်္ချေချိုင့်ဝှမ်းထဲမှ သီရှီထျန်သည် သူ့အရှေ့မှ မြင်ကွင်းကို စိုးရိမ်တကြီး ကြည့်နေသည်။

“ ဒင်… ဒန်… ဒင်… ဒန် ”

ကြွပ်ဆပ်သော မြည်သံများ တရပ်စပ် ထွက်ပေါ်လာသည်။ သူ၏ အရှေ့မှ သက်စောင့်သွေးမီးတောက်၏ အပေါ်၌ ပြစ်ချက်ကင်းမဲ့သော ကျောက်စိမ်းကုချင်းတစ်ခု ရှိသည်။

ထိုကုချင်း၏ အသွင်သဏ္ဍာန်သည် ရှေးဟောင်းစာလိပ်ထဲမှ ကုချင်းရုပ်ပုံကားချပ်နှင့် တစ်ထပ်တည်း တူညီသည်။ ယင်းတို့၏ အရွယ်အစားက အတူတူဖြစ်ပြီး နှစ်ခုစလုံးက ကြိုးကိုးချောင်းကုချင်း ဖြစ်သည်။ ရှေးဟောင်းစာလိပ်ထဲမှ ကုချင်းကို ဝူတုန်သစ်သားဖြင့် ဖန်တီးထားစဉ် သူ့အရှေ့မှ ကုချင်းကို ကျောက်စိမ်းသန္ဓေသားဖြင့် ဖန်တီးထားသည်။

ကုချင်း၏ ကိုယ်ထည်ပေါ်မှ ကြိုးတစ်ချောင်းစီ၏ ဘေးတွင် ဝိုင်းစက်သော အချိုင့်တစ်ခု ရှိသည်။ ကြည့်ရသည်မှာ ထိုအချိုင့်ပေါ်တွင် ပစ္စည်းတစ်စုံတစ်ရာကို ထည့်သွင်းနိုင်ဟန် ရသည်။

ဤကျောက်စိမ်းကုချင်း၏ ကိုယ်ထည်ပေါ်တွင် လျှို့ဝှက်ဆန်းကြယ်သော မျဉ်းကြောင်းများရှိသည်။ ယင်းတို့က ရုတ်တရက်ဆန်စွာ ထွက်ပေါ်လာခြင်း မဟုတ်ပေ။ ယင်းတို့က ကျောက်စိမ်းကုချင်းနှင့် တစ်သားတည်း ပေါင်းစည်းနေဟန် ရသည်။ ယင်းက လျှို့ဝှက်ဆန်းကြယ်သော ဆွဲဆောင်မှုကို ပေးသည်။

တလက်လက် တောက်ပသော ကြိုးကိုးချောင်းက ကျောက်စိမ်းကုချင်းနှင့် လိုက်ဖက်ညီစွာ ပေါင်းစည်းနေသည်။ သို့သော်လည်း ကျောက်စိမ်းကုချင်းထံမှ ထုတ်လွှတ်နေသော အရှိန်အဝါသည် မိစ္ဆာဆန်၏။ ဤသည်မှာ လျှို့ဝှက်ဆန်းကြယ်သော စွမ်းအားက ကုချင်းထဲသို့ အဆက်မပြတ် တိုးဝင်သွားနေသည့်အလားပင်။

“ ဟား ဟား… ငါ့ရဲ့ ပထမဆုံး သက်စောင့်ဓမ္မလက်နက်ကို နောက်ဆုံးမှာ သန့်စင်နိုင်သွားပြီ… အန္တိမကောင်းကင်ဘုံကိုးခုမူလပြန်အစီအရင်၊ စိတ်ခံစားချက်ခုနစ်မျိုးနဲ့ လိုအင်ဆန္ဒခြောက်မျိုးရဲ့ အနန္တသန့်စင်ခြင်းအစီအရင်… အဲ့ဒီအစီအရင်နှစ်ခုနဲ့ဆိုရင် ငါ့ရဲ့ ဒီသက်စောင့်ဓမ္မလက်နက်က မိုးမြေကြားက လိုအင်ဆန္ဒစွမ်းအားကို အမြဲတစေ စုပ်ယူနိုင်လိမ့်မယ်… ကောင်းတယ်… အရမ်းကောင်းတယ် ”

သီရှီထျန်က တစ်ချက်တွေးလိုက်လေရာ ကျောက်စိမ်းကုချင်းက သွေးသန့်စင်ခြင်းဝင်္ကပါထဲမှ ပျံသန်းထွက်လာပြီး သူ၏ အရှေ့မှာ ကျဆင်းသွားသည်။ သလင်းကျောက်ပမာ ကြည်လင်တောက်ပသော ကျောက်စိမ်းကုချင်းကို ကြည့်နေစဉ် သီရှီထျန်က ဖော်မပြနိုင်အောင် ဝမ်းသာပျော်ရွှင်သွားသည်။

ကိုးရက်ကြာပြီးနောက် နဂါးအကြောမျှင်သည် နောက်ဆုံးမှာတော့ သက်စောင့်သွေးမီးတောက်၏ အဆက်မပြတ် သန့်စင်မှုအောက်မှာ သလင်းကျောက်အရည်အဖြစ် ပြောင်းလဲသွားသည်။

ထို့နောက် သူက သလင်းကျောက်အရည်ကို သေးငယ်သော ကြိုးမျှင်များအဖြစ် ခွဲထုတ်၍ ကျောက်စိမ်းကုချင်းနှင့် ပေါင်းစည်းလိုက်သည်။ ကြိုးမျှင်ကိုးချောင်းသည် ကျောက်စိမ်းကုချင်းပေါ်သို့ အသီးသီး ကျဆင်းသွားကြသည်။ ထိုသို့ဖြင့် ကုချင်းတစ်ခုက အခြေခံအားဖြင့် ပြီးမြောက်သွားသည်။ ထို့နောက် သူက ကျောက်စိမ်းကုချင်းပေါ်မှာ အစီအရင်များ ရေးထွင်းလိုက်သည်။

ပထမဆုံးအနေနှင့် သူက အန္တိမကောင်းကင်ဘုံကိုးခုမူလပြန်အစီအရင်ကို ရေးထွင်းလိုက်သည်။ ထို့နောက် သူက အံ့ဖွယ်ထူးခြားသော စိတ်ခံစားချက်ခုနစ်မျိုးနှင့် လိုအင်ဆန္ဒခြောက်မျိုး၏ အနန္တသန့်စင်ခြင်းအစီအရင်ကို ရေးထွင်းလိုက်သည်။

ထိုနှစ်ခုတွင် အန္တိမကောင်းကင်ဘုံကိုးခုမူလပြန်အစီအရင်၏ စွမ်းရည်က တခြားဓမ္မလက်နက်များ၊ ဓမ္မရတနာများ၏ အနှစ်သာရကို စုပ်ယူရန် ဖြစ်သည်။

တခြားဓမ္မလက်နက်များ၏ အနှစ်သာရကို အဆက်မပြတ် စုပ်ယူမှသာလျှင် သက်စောင့်ဓမ္မလက်နက်၏ စွမ်းအားက တိုးမြှင့်သွားပြီး ယင်း၏ အဆင့်အတန်းက နောက်တစ်ဆင့်သို့ မြင့်တတ်သွားလိမ့်မည်။ ယင်းက သက်စောင့်ဓမ္မလက်နက်များအတွက် မရှိမဖြစ်လိုအပ်သော အစီအရင်ဖြစ်သည်။

စိတ်ခံစားချက်ခုနစ်မျိုးနှင့် လိုအင်ဆန္ဒခြောက်မျိုး၏ အနန္တသန့်စင်ခြင်းအစီအရင်က မိုးမြေကြားမှ လိုအင်ဆန္ဒစွမ်းအားကို စုပ်ယူနိုင်သည်။ ယင်းကို ကုချင်းနှင့် ပေါင်းစပ်လိုက်သည့်အခါ ဓမ္မလက်နက်၏ စွမ်းအားက တိုးမြှင့်သွားလိမ့်မည်။ လိုအင်ဆန္ဒစွမ်းအားကို ပိုပြီးစုပ်ယူလေ ဓမ္မလက်နက်၏ အဆင့်အတန်းက ပိုပြီးမြင့်မားလေ ဖြစ်သည်။ တစ်ချိန်တည်းမှာ ယင်း၏ စွမ်းအားက တိုးမြှင့်သွားလိမ့်မည်။

အစီအရင်နှစ်ခု၏ ပေါင်းစပ်မှုက ပြစ်ချက်မဲ့စွာ ပြီးပြည့်စုံသည်ဟု ဆိုနိုင်သည်။

စိတ်ခံစားချက်ခုနစ်မျိုးနှင့် လိုအင်ဆန္ဒခြောက်မျိုး၏ အနန္တသန့်စင်ခြင်းအစီအရင်ကို ရေးဆွဲထားသောကြောင့် ကျောက်စိမ်းကုချင်းဆီမှာ မိစ္ဆာအငွေ့အသက် ရှိနေခြင်း ဖြစ်သည်။ ထို့ပြင် လိုအင်ဆန္ဒစွမ်းအားကို ပိုပြီးစုပ်ယူလေ မိစ္ဆာအရှိန်အဝါက ပိုပြီးအားကောင်းလေ ဖြစ်သည်။ သို့ဖြစ်၍ အနာဂတ်မှာ ယင်းက အစွမ်းထက်သော မိစ္ဆာလက်နက် ဖြစ်လာလိမ့်မည်။

သူ့အရှေ့မှ ကျောက်စိမ်းကုချင်းကို ကြည့်နေစဉ် သီရှီထျန်က စိတ်လှုပ်ရှားမှုကို ခံစားမိသွားသည်။ ယင်းက သူ၏ ပထမဆုံး သက်စောင့်မိစ္ဆာလက်နက် ဖြစ်သည်။ ယင်းကို ဖန်တီးရန်အလို့ငှာ သူပိုင်ဆိုင်ထားသမျှ တန်ဖိုးကြီးပစ္စည်းအားလုံးကို အသုံးပြုခဲ့ရသည်။

သို့ဖြစ်၍ လက်နက်သန့်စင်မှု ပြီးဆုံးသွားသည့်အခါ ယင်းက အထွတ်အထိပ်အဆင့် ဓမ္မလက်နက်တစ်ခု ဖြစ်လာလိမ့်မည်။ ယင်း၏ စွမ်းအားသည် ဓမ္မရတနာတစ်ခုထက် နည်းနည်းမှ မလျော့နိုင်ပေ။

သက်စောင့်မိစ္ဆာလက်နက်သည် သူ့သခင်နှင့် အလွန်နီးစပ်သည်။ အနာဂတ်မှာ သီရှီထျန်က အမြူတေဓာတ်လုံးကို ဖွဲ့စည်းပြီး စစ်မှန်သော မိစ္ဆာတစ်ကောင် ဖြစ်လာသည့်အခါ ဤကျောက်စိမ်းကုချင်းသည်လည်း အဆင့်မြင့်တတ်သွားပြီး ဓမ္မရတနာတစ်ခု ဖြစ်လာလိမ့်မည်။

ကုချင်းသည် သိမ်မွေ့နူးညံ့သော ဂီတတူရိယာတစ်ခု ဖြစ်သည်။ သို့သော်လည်း ဤကျောက်စိမ်းကုချင်းဆီမှာ မိစ္ဆာအရှိန်အဝါ ကိန်းအောင်းနေသည့်အပြင် ယင်းက တခြားကုချင်းများနှင့် လုံးဝ ကွဲပြားခြားနားသည်။

ထိုမိစ္ဆာအရှိန်အဝါကြောင့်ပင် သီရှီထျန်က ယင်းကို ပိုပြီးနှစ်သက်သဘောကျသွားသည်။ ကျောက်စိမ်းကုချင်းကို ပထမအကြိမ် သူမြင်လိုက်သည့်အချိန် ယင်းကို သူမခွဲခွာနိုင်တော့ပေ။ ထို့ပြင် ကျောက်စိမ်းကုချင်းနှင့် သူ့ကြားမှာ လျှို့ဝှက်ဆန်းကြယ်သော သွေးဆက်သွယ်မှု ရှိသည်။ ဤသည်မှာ ယင်းက သူ့ဘဝတစ်စိတ်တစ်ပိုင်း ဖြစ်သည့်အလားပင်။

“ အနာဂတ်မှာ မင်းက အစွမ်းတိုးမြှင့်ဖို့ ဒီလောကရဲ့ စိတ်ခံစားချက်ခုနစ်မျိုးနဲ့ လိုအင်ဆန္ဒခြောက်မျိုးကို စုပ်ယူဖို့ ကံပါလာတယ်… ဒီတော့ အခုကစပြီး မင်းရဲ့ နာမည်က… ဒုစရိုက်ခုနစ်ပါး ”

အခန်း(၁၄၁)

“ ဝုန်း… ဂျိန်း ”

ထိုစဉ် တောင်ပိုင်းမြေရိုင်းဒေသထဲမှာ ကြီးမားသော အပြောင်းအလဲတစ်ခု ဖြစ်ပေါ်လာသည်။ အလွန်တရာ ကျယ်လောင်သော မြည်သံများက တောင်ပိုင်းမြေရိုင်းဒေသတစ်ခုလုံးသို့ ပဲ့တင်ထပ်သွားသည်။ တစ်ချိန်တည်းမှာ ကြီးမားသော ဖိအားက ကောင်းကင်ပေါ်မှ ဆင်းသက်လာသည်။

ယင်းက ကောင်းကင်ဘုံအင်အားမှလွဲ၍ တခြားမဟုတ်ပေ။

ကျယ်လောင်သော မိုးခြိမ်းသံများ ဆက်တိုက် ပဲ့တင်ထပ်နေစဉ် အနက်ရောင် တိမ်တိုက်များက တောင်ပိုင်းမြေရိုင်းဒေသ၏ မြောက်ဘက် ကောင်းကင်ယံမှာ ရုတ်တရက် စုဝေးသွားကြသည်။ တိမ်မည်းအစုအဝေးထဲတွင် လျှပ်စီးကြောင်းများက တကျစ်ကျစ် မြည်သံနှင့်အတူ ရွေ့လျားကူးခတ်နေကြသည်။ ရုတ်တရက်ကြည့်လျှင် ယင်းတို့က ငွေရောင်မြွေများနှင့် ဆင်တူသည်။

ကြီးမားသော ဖိအားက ထိုတိမ်မည်းအစုအဝေးထံမှ ဆင်းသက်လာခြင်း ဖြစ်သည်။ ယင်းက အလွန်ပြင်းထန်လေရာ တောင်ပိုင်းမြေရိုင်းဒေသထဲမှ သက်ရှိအားလုံးက ဖိနှိပ်မှုကို ခံစားလိုက်ကြရသည်။ ကြောက်ရွံ့မှုက သက်ရှိများ၏ နှလုံးသားထဲမှာ ထွက်ပေါ်လာသည်။

သူတို့က ချက်ချင်း ခေါင်းမော့လိုက်ကြပြီး မိုးကြိုးတိမ်တိုက်ကို ကြောက်ရွံ့တုန်လှုပ်စွာ ကြည့်လိုက်ကြသည်။

“ ကျူးအာ… နင့်ရဲ့ အမမဒူဆာက မိစ္ဆာကပ်ဘေးဒုက္ခကို ကျော်လွှားတော့မယ် ”

ပန်းမျိုးတစ်ရာချိုင့်ဝှမ်းထဲမှ မိန်းမပျိုလေးသည် မြောက်ဘက် ကောင်းကင်ယံမှာ စုဝေးနေသော တိမ်တိုက်ကို ကြည့်နေရင်း ပြောသည်။ သူ၏ မျက်လုံးထဲမှာ ဝမ်းသာပျော်ရွှင်သော အကြည့် ထွက်ပေါ်လာသည်။

မြောက်ဘက် ကောင်းကင်ယံမှာ ထွက်ပေါ်လာသော မိုးကြိုးတိမ်တိုက်သည် မိစ္ဆာသားရဲများ ကပ်ဘေးဒုက္ခကျော်လွှားသည့်အခါမှသာ ထွက်ပေါ်လာသော ကပ်ဘေးဒုက္ခမိုးတိမ် ဖြစ်သည်။ မိစ္ဆာမျိုးနွယ်စုတွင် ထိုတိမ်တိုက်ကို မိစ္ဆာကပ်ဘေးဒုက္ခမိုးတိမ်ဟု ခေါ်ကြသည်။ ထိုကပ်ဘေးဒုက္ခကို ကျော်လွှားနိုင်မှသာ မိစ္ဆာသားရဲများက လူသားအသွင်သို့ ပြောင်းလဲနိုင်ကြလိမ့်မည်။

လက်ရှိ တောင်ပိုင်းမြေရိုင်းဒေသထဲတွင် မိစ္ဆာကပ်ဘေးဒုက္ခကို ကျော်လွှားရန် အရည်အချင်းပြည့်မီသူက တစ်ယောက်တည်းရှိသည်။ မှန်ပေသည်။ ထိုသူက ဘုရင်မမဒူဆာ ဖြစ်သည်။

မကြာသေးခင်က တိုက်ပွဲမှာ သူထွက်ပေါ်လာခြင်းက သာမန်ကာလျှံကာ လှုပ်ရှားမှုမျှသာ ဖြစ်သည်။ အစက သူသည် မိစ္ဆာကပ်ဘေးဒုက္ခကို ကျော်လွှားရန် အသင့်ပြင်ဆင်ထားပြီးပြီ ဖြစ်၏။ တောင်ပိုင်းမြေရိုင်းဒေသတစ်ခုလုံးနှင့် သက်ဆိုင်နေသောကြောင့် မဟုတ်လျှင် သူက ထိုတိုက်ပွဲမှာ ပါဝင်လိမ့်မည် မဟုတ်ချေ။ ထိုတိုက်ပွဲကြောင့် သူက မိစ္ဆာကပ်ဘေးဒုက္ခကို ဖြတ်ကျော်ရန် အချိန်အနောက်ဆုတ်လိုက်ရသည်။

ဘုရင်မမဒူဆာက တောင်ပိုင်းမြေရိုင်းဒေသ၏ မြောက်ပိုင်းမှာ နေထိုင်သည်။ ယခု မိစ္ဆာကပ်ဘေးဒုက္ခမိုးတိမ်က မြောက်ပိုင်းမှာ ထွက်ပေါ်လာလေရာ ဘုရင်မမဒူဆာမှလွဲ၍ တခြားမည်သူမှ မဖြစ်နိုင်ပေ။

ထို့ကြောင့် ပန်းမျိုးတစ်ရာချိုင့်ဝှမ်းထဲမှ မိန်းမပျိုလေးသည် ဖြစ်စဉ်ကို အကြည့်တစ်ချက်ဖြင့် အကြမ်းဖျဉ်း ခန့်မှန်းနိုင်သွားသည်။

“ တကယ်လား… အဲ့ဒါဆို အရမ်းကောင်းတာပဲ… အမမဒူဆာ မိစ္ဆာကပ်ဘေးဒုက္ခကို ကျော်လွှားနိုင်တဲ့အခါ ငါတို့ရဲ့ တောင်ပိုင်းမြေရိုင်းဒေသထဲမှာ မိစ္ဆာအမြူတေဓာတ်လုံးဖွဲ့စည်းပြီးတဲ့ ပညာရှင်နှစ်ယောက် ရှိသွားလိမ့်မယ် ”

ယင်းကို ကျူးအာကြားသောအခါ သူက ချက်ချင်း မျက်လုံးဝင်းလက်သွားသည်။ သူက စိတ်လှုပ်ရှားစွာ ပြောသည်။

“ အချိန်ကျလာလို့ အပျက်အစီးနယ်မြေဆီ နောက်တစ်ကြိမ် ငါတို့သွားတဲ့အခါ ပိုပြီးယုံကြည်မှုရှိလာလိမ့်မယ် ”

သူစကားပြောလိုက်သည့်အခါ တောက်ပသော အနီရောင်အလင်းက သူ့မျက်လုံးထဲမှာ ထွက်ပေါ်လာသည်။

“ အပျက်အစီးနယ်မြေက နှစ်ပေါင်းတစ်ရာပြည့်မှ တစ်ကြိမ်ပဲ ပွင့်ပြီး လျှို့ဝှက်ဆန်းကြယ်တယ်… အဲ့ဒါက မိစ္ဆာအမြူတေဓာတ်လုံးဖွဲ့စည်းပြီးတဲ့ ပညာရှင်တစ်ယောက် နှစ်ယောက်တည်းနဲ့ စူးစမ်းရှာဖွေနိုင်တဲ့နေရာ မဟုတ်ဘူး… အများဆုံး ငါတို့က အစွန်းအဖျားပိုင်းမှာပဲ ရှာဖွေနိုင်လိမ့်မယ် ”

ယင်းကို မိန်းမပျိုလေးကြားသောအခါ သူက မည်သည့်ပျော်ရွှင်မှုမှ မဖော်ပြပေ။ သူက မထူးမခြားနား အမူအရာဖြင့် ကျူးအာကို ကြည့်လိုက်ပြီး ပြောသည်။

“ ကျူးအာ… မဒူဆာရဲ့ ခွန်အားနဲ့ ဒီနှစ်တွေမှာ သူစုဆောင်းထားတဲ့ အင်အားကြောင့် မိစ္ဆာကပ်ဘေးဒုက္ခကို ဖြတ်ကျော်ဖို့က သူ့အတွက် ဘာအခက်အခဲမှ မရှိနိုင်ဘူး… ဒါပေမဲ့ ကပ်ဘေးဒုက္ခကို ကျော်လွှားပြီးရင် သူ့ရဲ့ အသက်ဓာတ်က ပြင်းထန်စွာ ထိခိုက်ဒဏ်ရာရသွားလိမ့်မယ်… ဝိုင်သိုလှောင်ခန်းကို သွားပါ… ပန်းမျိုးတစ်ရာအမတဝိုင်တစ်ပုလင်းကို သူ့ဆီ ယူသွားပေးလိုက်ပါ… အဲ့ဒါက သူ့ရဲ့ အသက်ဓာတ်ကို အမြန်ဆုံး ပြန်အားပြည့်စေလိမ့်မယ် ”

“ ဟုတ်ကဲ့ပါ… အမ ”

ဇာမဏီငှက်က ပြန်ပြောလိုက်ပြီး သူ၏ အတောင်ပံကို အကြိမ်ရေအနည်းငယ် တဖျပ်ဖျပ်ခတ်လိုက်သည်။ သူ၏ ခန္ဓာကိုယ်က ချွန်ထက်သော မြားတစ်စင်းနှယ် အရှေ့သို့ ပျံသန်းထွက်သွားသည်။

မကြာမီ သူက ပါးစပ်ထဲ၌ ကျောက်စိမ်းပုလင်းတစ်လုံးကို ကိုက်၍ မြောက်ပိုင်းဆီသို့ ဦးတည်ပျံသန်းသွားသည်။

“ ဂျိန်း… ဂျလိန်း ”

ကောင်းကင်ယံတွင် မိုးခြိမ်းသံက ပိုပြီးကျယ်လောင်လာသည်။

ဤအခိုက်အတန့်မှာ တောင်ပိုင်းမြေရိုင်းဒေသထဲမှ မိစ္ဆာသားရဲအားလုံးက ခေါင်းမော့လိုက်ကြပြီး မြောက်ပိုင်းမှ မိုးကြိုးတိမ်တိုက်ကို ကြည့်လိုက်ကြသည်။ အလင်းရောင်အမျိုးမျိုးက သူတို့၏ မျက်လုံးထဲမှာ ထွက်ပေါ်လာသည်။ သူတို့အားလုံး၏ မျက်နှာပေါ်မှာ စိတ်ရှုပ်ထွေးသော အမူအရာ ရှိသည်။

အချိန်ကြာမြင့်စွာ တံခါးပိတ်ကျင့်ကြံနေသော သီရှီထျန်သည်ပင် ပြန်နိုးလာသည်။ မူလက မှိတ်ထားသော သူ၏ မျက်လုံးများက ရုတ်တရက် ပြန်ဖွင့်သွားသည်။ သူက သူ့အရှေ့မှ ဒုစရိုက်ခုနစ်ပါးနတ်ဆိုးကုချင်းကို တစ်ချက်ကြည့်လိုက်သည်။ သူက တုံ့ဆိုင်းမနေဘဲ အနောက်ခြေထောက်နှစ်ချောင်းကို လှုပ်ရှားလိုက်ပြီး လှိုဏ်ဂူထဲမှ ပြေးထွက်လာသည်။ အပြင်သို့ ရောက်သွားသည့်အခါ သူက ခေါင်းမော့လိုက်ပြီး မိုးကြိုးတိမ်တိုက်ကို ကြည့်လိုက်သည်။

“ အဲ့ဒါ ကပ်ဘေးဒုက္ခမိုးတိမ်ပဲ… တောင်ပိုင်းမြေရိုင်းဒေသထဲမှာ ဘယ်သူက ကပ်ဘေးဒုက္ခကျော်လွှားနေတာလဲ ”

ကပ်ဘေးဒုက္ခမိုးတိမ်ကို သီရှီထျန်မြင်သွားသည့်အခိုက် သူက စိတ်ထဲမှာ ခန့်မှန်းမှုတစ်ခု ပြုလုပ်လိုက်သည်။ ယင်းက ကပ်ဘေးဒုက္ခမိုးတိမ်ကို ပထမဆုံးအကြိမ် သူမြင်ဖူးခြင်း မဟုတ်ပေ။ ကျားရဲတောင်တန်းဒေသထဲမှာ ကပ်ဘေးဒုက္မမိုးတိမ်ကို သူမြင်ခဲ့ဖူးသည်။ ထိုစဉ်က ကပ်ဘေးဒုက္ခမိုးတိမ်သည် လျှို့ဝှက်ဆန်းကြယ်သော ကျောက်တုံးကြီးကို ဖျက်ဆီးပစ်ရန် အရောင်စုံလင်သော မိုးကြိုးသွားများကို ပစ်ချခဲ့သည်။

ထိုနှစ်ခုကို နှိုင်းယှဉ်သော် အတိတ်မှာ သူမြင်တွေ့ခဲ့သော ကပ်ဘေးဒုက္ခမိုးတိမ်က ယခုထက် အဆပေါင်းများစွာ ပိုကြောက်စရာကောင်းသည်။

သို့သော်လည်း အဓိကအနှစ်သာရက အတူတူပင် ဖြစ်သည်။ ယင်းက ကပ်ဘေးဒုက္မမိုးတိမ်ဖြစ်ကြောင်း အကြည့်တစ်ချက်ဖြင့်ပင် သူပြောနိုင်သည်။ ကပ်ဘေးဒုက္မမိုးတိမ်သည် တစ်စုံတစ်ယောက် ကပ်ဘေးဒုက္ခကျော်လွှားနေမှသာ ထွက်ပေါ်လာ၏။

တစ်နည်းဆိုရသော် တောင်ပိုင်းမြေရိုင်းဒေသထဲမှာ တစ်စုံတစ်ယောက်က ကပ်ဘေးဒုက္ခကို ကျော်လွှားနေသည်။

ကပ်ဘေးဒုက္ခမိုးတိမ်ကို ကြည့်နေရင်း သီရှီထျန်က ရုတ်တရက် မျက်မှောင်ကြုတ်လိုက်သည်။ သွေးမျိုးဆက်အမွေအနှစ်ထဲမှာ ကပ်ဘေးဒုက္ခနှင့်ပတ်သက်သော သတင်းအချက်အလက်များ ရှိသည်။ မိစ္ဆာမျိုးနွယ်စု၏ ကပ်ဘေးဒုက္ခမိုးတိမ်က အနက်ရောင်ဖြစ်သည်။ မိစ္ဆာမျိုးနွယ်စုက ယင်းကို အသွင်သဏ္ဍာန်ပြောင်းလဲခြင်း မိစ္ဆာကပ်ဘေးဒုက္ခဟု ခေါ်သည်။

ထိုသို့မိစ္ဆာကပ်ဘေးဒုက္ခ ထွက်ပေါ်လာခြင်းသည် မိစ္ဆာသားရဲတစ်ကောင် ကပ်ဘေးဒုက္ခကျော်လွှားနေခြင်း ဖြစ်သည်။ ယင်းက အမြူတေဓာတ်လုံးကို ဖွဲ့စည်းရသော လုပ်ငန်းစဉ်လည်း ဟုတ်သည်။

“ မိစ္ဆာသားရဲတစ်ကောင်က အသွင်သဏ္ဍာန်ပြောင်းလဲခြင်း မိစ္ဆာကပ်ဘေးဒုက္ခကို ဖြတ်ကျော်နေတာ ဖြစ်မယ်… အဲ့ဒါကို ငါသေချာကြည့်ရမယ်… ဒါမှ အနာဂတ်ကျရင် အသွင်သဏ္ဍာန်ပြောင်းလဲခြင်း မိစ္ဆာကပ်ဘေးဒုက္ခကို ငါဖြတ်ကျော်တဲ့အခါ ပြင်ဆင်စရာရှိတာတွေကို ကြိုပြင်ဆင်နိုင်မှာ ”

သီရှီထျန်၏ မျက်လုံးထဲမှာ စူးရှသောအလင်း ထွက်ပေါ်လာသည်။ သူက ချိုင့်ဝှမ်းထဲမှာ မတ်တတ်ရပ်နေရင်း ကပ်ဘေးဒုက္ခမိုးတိမ် စုဝေးနေသော အရပ်သို့ ကြည့်လိုက်သည်။ ဤနေရာက ကပ်ဘေးဒုက္ခမိုးတိမ်နှင့် အတန်ငယ်‌ ဝေးကွာသော်လည်း အကယ်၍ သူက ဂရုတစိုက် ကြည့်မည်ဆိုလျှင် ကပ်ဘေးဒုက္ခမိုးတိမ်နားမှ အခြေအနေကို ရှင်းလင်းစွာ မြင်နိုင်လိမ့်မည်။

ဤအခိုက်အတန့်မှာ တောင်တန်းဒေသထဲမှ မိစ္ဆာသားရဲအားလုံးက သူ့နည်းတူ အတွေးရသွားကြသည်။

တောင်ပိုင်းမြေရိုင်းဒေသထဲမှာ မိစ္ဆာသားရဲတစ်ကောင်က အသွင်သဏ္ဍာန်ပြောင်းလဲခြင်း မိစ္ဆာကပ်ဘေးဒုက္ခကို ဖြတ်ကျော်နေစဉ် သေမျိုးလောက၏ လင်းနန်မြို့တော်ထဲမှ လီမိသားစုစံအိမ်ထဲတွင် လီဝမ်နှင့် စတုတ္ထအကြီးအကဲသည် လီမိသားစုခေါင်းဆောင် လီကျီ၏ အရှေ့မှာ မတ်တတ်ရပ်နေကြသည်။ သူတို့၏ မျက်နှာက ဖြူဖျော့နေပြီး သူတို့က စိုးရိမ်ကြောင့်ကြနေကြသည်။

“ ဟွန့်… မင်းတို့ရဲ့ ဒဏ်ရာတွေ ပြန်သက်သာသွားပြီလား ”

လီကျီသည် သူ့အရှေ့မှာ ရပ်နေသော နှစ်ယောက်ကို ကြည့်လိုက်ပြီး နှာခေါင်းရှုံ့လိုက်သည်။

လီဝမ်သည် တစ်ခဏကြာ တွန့်ဆုတ်နေပြီးလျှင် ပြောသည်။

“ အကိုကြီး… ဒီတစ်ကြိမ် လီမိသားစုက တောင်ပိုင်းမြေရိုင်းဒေသထဲမှာ ကြီးမားတဲ့ ဆုံးရှုံးမှုကို တွေ့ကြုံခဲ့တယ်… ငါ့ကိုယ်ငါ အပြစ်ဆင်ခြင်ဖို့ ရေခဲလေလှိုဏ်ဂူဆီ ငါသွားပါရစေ ”

“ ဟွန့်… မင်းအမှားလုပ်ခဲ့တယ်ဆိုတာ သိသေးတယ်ပေါ့ ”

လီကျီက လေးနက်သော လေသံဖြင့် ကြိမ်းမောင်းလိုက်သည်။ ထို့နောက် သူ၏ တင်းမာခက်ထန်သော မျက်နှာက အနည်းငယ် ပြေလျော့သွားသည်။ သူက ပြောသည်။

“ မင်းတို့ ရေခဲလေလှိုဏ်ဂူဆီ သွားရမယ်… ပြစ်ဒဏ်အတိအကျကိုတော့ ဘိုးဘေးပြန်ရောက်လာမှပဲ ငါတို့ပြောကြမယ်… ဒါပေမဲ့ ဒီတစ်ကြိမ် ဘာတွေဖြစ်ခဲ့တယ်ဆိုတာ မင်းတို့ ငါ့ကို တစ်ခုမကျန် အတိအကျ ပြောပြရမယ် ”

ရေခဲလေလှိုဏ်ဂူသည် လီမိသားစု၏ အပြစ်ဆင်ခြင်သော လျှို့ဝှက်နယ်မြေဖြစ်သည်။ လှိုဏ်ဂူထဲဝယ် အရိုးခိုက်ခိုက်တုန်စေမည် အအေးဓာတ်က တစ်နှစ်ပတ်လုံး ရှိသည်။ ကျင့်ကြံသူများသည်ပင် ရေခဲလေကို အပြည့်အဝ မခုခံနိုင်ကြပေ။

ရေခဲလေလှိုဏ်ဂူထဲသို့ ဝင်ရောက်ခြင်းက သာမန်လူတစ်ယောက် ရေခဲနှင့် နှင်းကမ္ဘာထဲသို့ ဝင်ရောက်ခြင်းနှင့် တူညီသည်။ သူတို့က ဝိညာဉ်စွမ်းအားကို အဆက်မပြတ် လှည့်ပတ်၍ ရေခဲလေကို ခုခံကြရလိမ့်မည်။ သို့မဟုတ်လျှင် သူတို့က အသက်သေဆုံးသည်ထက် ပိုပြီးဆိုးဝါးသော နာကျင်မှုဒဏ်ကို ခံစားကြရလိမ့်မည်။

ရေခဲလေလှိုဏ်ဂူထဲသို့ ဝင်ရောက်သူများသည် အပြစ်ပြုလုပ်မိသူများ ဖြစ်ကြသည်။ သူတို့က အချိန်ကာလတစ်ခုအထိ ရေခဲလေလှိုဏ်ဂူထဲမှာ အပြစ်ဆင်ခြင်ကြရမည်။

ရေခဲလေလှိုဏ်ဂူထဲသို့ သူတို့သွားရမည်ဟု ကြားသောအခါ စတုတ္ထအကြီးအကဲက မျက်နှာပျက်ယွင်းသွားသည်။

“ ဘာပြောတယ်… ဘိုးဘေးက တောင်အနောက်ဘက်မှာ တံခါးပိတ်ကျင့်ကြံနေတာ မဟုတ်ဘူးလား… ဘာလို့ ရုတ်တရက် အပြင်ထွက်သွားတာလဲ… ဒီအတောအတွင်း တစ်ခုခု ဖြစ်ခဲ့တာလား ”

လီဝမ်သည် ရေခဲလေလှိုဏ်ဂူထဲသို့ သူတို့သွားရမည်ဟု ကြားသောအခါ မအံ့ဩသွားပေ။ ယင်းအစား ဘိုးဘေးက အပြင်ထွက်သွားကြောင်း သူကြားသောအခါ အံ့ဩမှုက သူ၏ မျက်နှာပေါ်မှာ ထွက်ပေါ်လာသည်။

သူသိထားသည်မှာ ဘိုးဘေးက တောင်အနောက်ဘက်မှာ အမြဲတမ်း တံခါးပိတ်ကျင့်ကြံနေပြီး ပိုပြီးမြင့်မားသော အဆင့်သို့ ချိုးဖြတ်ရန် ပြင်ဆင်နေသည်။

ဘိုးဘေး အပြင်ထွက်လာသော အကြိမ်က လက်ချိုးရေနိုင်သည်။ ထို့ပြင် အပြင်သို့ သူထွက်လာသည့်အချိန်တိုင်းက မိသားစု၏ တိုးတတ်မှု သို့မဟုတ် ကျရှုံးမှုနှင့် ဆက်စပ်နေသည်။ ဤတစ်ကြိမ်တွင် ဘိုးဘေးက ရုတ်တရက် အပြင်ထွက်လာလေရာ ယင်းက မိသားစု၏ အပြောင်းအလဲတစ်စုံတစ်ရာနှင့် ဆက်စပ်နေမည်လော သူသိချင်မိသည်။

ယင်းကို လီကျီကြားသောအခါ ဒေါသအရိပ်အယောင်က သူ၏ မျက်နှာပေါ်မှာ ထပ်မံ ထွက်ပေါ်လာသည်။ သူက ပြောသည်။

“ ဟွန့်… အဲ့ဒါ မင်းတို့တွေ သောက်သုံးမကျလို့ပေါ့… ဒီတစ်ကြိမ် မင်းတို့က ဝိညာဉ်သံလိုက်အိမ်မြှောင်ကို ပြန်မယူလာနိုင်တဲ့အပြင် လီမိသားစုရဲ့ လက်ရွေးစင်တပည့်အများကြီးကို ဆုံးရှုံးစေခဲ့တယ် ”

သူက တစ်ခဏ ရပ်ပြီးလျှင် ဆက်ပြောသည်။

“ ကောင်းကင်မိစ္ဆာလျှို့ဝှက်နယ်မြေက နှစ်အနည်းငယ်ကြာပြီးရင် ဖွင့်လှစ်တော့မယ်… ဝိညာဉ်သံလိုက်အိမ်မြှောင်ရဲ့ လမ်းညွှန်မှုမရှိရင် ငါတို့လီမိသားစု အကျိုးအမြတ်တစ်စုံတစ်ရာ ရရှိဖို့ ခက်ခဲလိမ့်မယ်… ဒါ့အပြင် ဒီကိစ္စက ဘိုးဘေး ဝိညာဉ်သန္ဓေတည်နယ်ပယ်ကို အဆင့်ချိုးဖြတ်နိုင်ဖို့အတွက် အဓိကသော့ချက်ပဲ… ဒီကိစ္စကို ငါတို့လျစ်လျူရှုလို့ မဖြစ်ဘူး… ဝိညာဉ်သံလိုက်အိမ်မြှောင်က လီမိသားစုရဲ့ ဘိုးဘေးရတနာ… အဲ့ဒါကို ငါတို့လက်လျော့လို့ မဖြစ်ဘူး… မင်းတို့ ကျရှုံးသွားပြီလို့ သတင်းကြားတာနဲ့ ဘိုးဘေးက တောင်ပိုင်းမြေရိုင်းဒေသဆီ ချက်ချင်း ထွက်ခွာသွားပြီ ”

“ ကောင်းတယ် ”

စတုတ္ထအကြီးအကဲက ဝမ်းသာပျော်ရွှင်သော အမူအရာကို ထုတ်ဖော်လိုက်ပြီး ပြောသည်။

“ ဘိုးဘေးကိုယ်တိုင် လှုပ်ရှားမယ်ဆိုရင် ဝိညာဉ်သံလိုက်အိမ်မြှောင်ကို အလွယ်တကူ ပြန်ယူနိုင်လိမ့်မယ် ”

လီကျီက တောင်ပိုင်းအရပ်သို့ လှမ်းကြည့်လိုက်ပြီး ပြောသည်။

“ ဘိုးဘေးထွက်သွားတာ ကြာပြီဆိုတော့ အခုချိန်လောက်ဆို သူ တောင်ပိုင်းမြေရိုင်းဒေသဆီ ရောက်သွားလောက်ပြီ ”

… … …

“ ဂျိန်း… ဂျလိန်း… ”

အချိန်ကြာသွားသည်နှင့်အမျှ အနက်ရောင် ကပ်ဘေးဒုက္ခမိုးတိမ်က ပိုပိုပြီး သိပ်သည်းလာသည်။ ကပ်ဘေးဒုက္ခမိုးတိမ်မှ ထုတ်လွှတ်နေသော ကောင်းကင်ဘုံအင်အားက ပိုပြီးအားကောင်းလာနေသည်။ အနီးနားဝန်းကျင်မှ သက်ရှိများသည် အသက်ပင် မရှူဝံ့ကြတော့ချေ။

အခန်း(၁၄၂)

ကပ်ဘေးဒုက္ခမိုးတိမ်၏ အောက်တွင် မတ်စောက်သော တောင်တစ်လုံး ရှိသည်။ တောင်ထွတ်ပေါ်တွင် အေးစက်ပြီး ကြော့ရှင်းတင့်တယ်သော အမျိုးသမီးတစ်ယောက်က မောက်မာထောင်လွှားစွာ မတ်တတ်ရပ်နေသည်။ သူက ရောင်စုံဝတ်စုံကို ဝတ်ဆင်ထားပြီး သူ၏ ဦးခေါင်းထက်တွင် ချောက်ချားဖွယ်ကောင်းသော အဆိပ်မြွေများက ဂနာမငြိမ် ရွေ့လျားနေကြသည်။

ရံဖန်ရံခါ ထိုမြွေများက “ တရှဲရှဲ ”မြည်သံကို ထုတ်လွှတ်ကြလိမ့်မည်။ ယင်းက ဘေးပတ်ဝန်းကျင်မှ သက်ရှိများကို ကျောရိုးတစ်လျှောက် ချမ်းစိမ့်စေသည်။

သူ၏ မျက်နှာပေါ်မှ မောက်မာထောင်လွှားသော အမူအရာအရ သူက ခေါင်းပေါ်မှ အနက်ရောင် ကပ်ဘေးဒုက္ခမိုးတိမ်ကို လုံးဝ မကြောက်ကြောင်း ထင်ရှား၏။ မျှော်လင့်သော အရိပ်အယောင်က သူ၏ မျက်လုံးထဲမှာ ထွက်ပေါ်လာသည်။

“ ငါ့ရဲ့ ကြိုးစားအားထုတ်မှုအားလုံးက ဒီနေ့အတွက်ပဲ… ဒီနေ့ မိစ္ဆာကပ်ဘေးဒုက္ခကို သေချာပေါက် ငါဖြတ်ကျော်နိုင်ရမယ် ”

မဒူဆာက မိုးကြိုးတိမ်တိုက်ကို စိုက်ကြည့်လိုက်လေရာ အေးစက်မှုက သူ၏ မျက်လုံးထဲမှာ ပြည့်နှက်သွားသည်။ အံ့ဖွယ်ကောင်းသော အလင်းက သူ၏ မျက်လုံးထဲမှ ထွက်ပေါ်လာသည်။ သူ၏ ခန္ဓာကိုယ်သည် မည်သူမှ မမျှော်လင့်ထားသော အရာကို လုပ်ဆောင်လိုက်သည်။ သူက လေထဲသို့ ခုန်လိုက်သည်။ ရောင်စုံအလင်းက သူ၏ ခန္ဓာကိုယ်ပေါ်မှာ ထွက်ပေါ်လာသည်။ သူက မယိမ်းယိုင်သော စိတ်ဓာတ်ပြတ်သားမှုနှင့်အတူ ကပ်ဘေးဒုက္ခမိုးတိမ်ဆီသို့ တန်းမတ်စွာ ပျံသန်းသွားသည်။

မှန်ပေ၏။ သူက လုံးဝ တုံ့ဆိုင်းမနေဘဲ ကပ်ဘေးဒုက္ခမိုးတိမ်ဆီသို့ ဦးတည်သွားသည်။

မျက်စိတစ်မှိတ်အတွင်းမှာ သူ၏ ခန္ဓာကိုယ်က ကပ်ဘေးဒုက္ခမိုးတိမ်၏ အရှေ့သို့ ရောက်ရှိသွားသည်။ သူက ဝှစ်ခနဲ ခန္ဓာကိုယ်ကို တစ်ချက်လှုပ်ရှားလိုက်ပြီး ကပ်ဘေးဒုက္ခမိုးတိမ်ထဲသို့ ချက်ချင်း ဝင်ရောက်သွားသည်။ ကပ်ဘေးဒုက္ခမိုးတိမ်သည် အကြိမ်ရေအနည်းငယ် ပြင်းထန်စွာ လှုပ်ခါပြီးလျှင် မဒူဆာကို တစ်လုပ်တည်း ဝါးမျိုလိုက်သည်။ သူ၏ ခန္ဓာကိုယ်ကို မဆိုထားနှင့် မည်သည့်အရိပ်အယောင်ကိုမှ အပြင်ဘက်မှာ မမြင်တွေ့ရတော့ပေ။ အနက်ရောင် ကပ်ဘေးဒုက္ခမိုးတိမ်သည်သာ လေထဲ၌ ဆက်လက် လွင့်မျောနေသည်။

မိုးတိမ်၏ မျက်နှာပြင်ပေါ်တွင် လျှပ်စီးကြောင်းများက အကြမ်းပတမ်း ရွေ့လျားကူးခတ်နေကြသည်။ အစောပိုင်းနှင့် နှိုင်းယှဉ်လျှင် ယင်းတို့က အများကြီး ပိုအားကောင်းလာကြသည်။ မိုးတိမ်၏ ဘေးပတ်ဝန်းကျင်တွင် ကောင်းကင်က ငွေရောင်သို့ ပြောင်းလဲသွားသည်။ ကောင်းကင်ဘုံအင်အားသည် ကောင်းကင်ယံမှ တိတ်တဆိတ် ဆင်းသက်လာနေပြီး တောင်ပိုင်းမြေရိုင်းဒေသတစ်ခုလုံးကို ဖုံးအုပ်သွားသည်။

“ ဘာဖြစ်သွားတာလဲ… မိစ္ဆာကပ်ဘေးဒုက္ခကို ကျော်လွှားဖို့ ကပ်ဘေးဒုက္ခမိုးတိမ်ထဲ ဝင်ရောက်ရတာလား… ကပ်ဘေးဒုက္ခမိုးတိမ်ရဲ့ ကြောက်မက်ဖွယ်စွမ်းအားက သူ့ကို ဖျက်ဆီးပစ်မှာ မကြောက်ဘူးလား ”

ယင်းကို စက်ကရာ မြင်သောအခါ သူ့နှလုံးက တင်းကျပ်သွားသည်။ ထို့နောက် သံသယက သူ့စိတ်ထဲမှာ ထွက်ပေါ်လာသည်။ အသွင်သဏ္ဍာန်ပြောင်းလဲခြင်း မိစ္ဆာကပ်ဘေးဒုက္ခအကြောင်းကို သွေးမျိုးဆက်အမွေအနှစ်ထံမှတဆင့် အကြမ်းဖျဉ်း သူသိထားသော်လည်း ယင်းက လျှို့ဝှက်ဆန်းကြယ်သော ကျောက်တုံးကြီး၏ ကပ်ဘေးဒုက္ခနှင့် အတူတူဖြစ်မည်ဟု သူတွေးထင်ခဲ့သည်။ အတိတ်တွင် ကပ်ဘေးဒုက္ခမိုးတိမ်က ကျောက်တုံးကြီးပေါ်သို့ မိုးကြိုးသွားများကို တရစပ် ပစ်ချခဲ့သည်။ မိုးကြိုးသွားများကို အဆုံးထိ သူတောင့်ခံနိုင်လျှင် အောင်မြင်လိမ့်မည်။ သို့သော်လည်း ယခု မဒူဆာ၏ လုပ်ဆောင်မှုက မိစ္ဆာကပ်ဘေးဒုက္ခအပေါ် သူ၏ နားလည်ထားမှုကို ပြောင်းလဲပစ်လိုက်သည်။

ထို့ကြောင့် သီရှီထျန်က စိတ်ရှုပ်ထွေးသွားသည်။

တောင်ပိုင်းမြေရိုင်းဒေသနှင့် မနီးမဝေးသော ကောင်းကင်ယံတွင် သက်လတ်ပိုင်းအမျိုးသားတစ်ဦးက အဖြူရောင်လှေပေါ်မှာ မတ်တတ်ရပ်နေသည်။ သူ၏ မျက်လုံးထဲမှာ ဘဝ၏ အနိမ့်အမြင့်အတတ်အကျ သဘောတရားက မထင်မရှား ထွက်ပေါ်နေဟန် ရသည်။ သူက မနှေးလွန်းမမြန်လွန်းသော အလျင်ဖြင့် တောင်ပိုင်းမြေရိုင်းဒေသဆီသို့ ဦးတည်သွားနေသည်။

လှေ၏ အသွင်သဏ္ဍာန်သည် လွင့်မျောနေသော တိမ်တိုက်နှင့် ဆင်တူသည်။ တအိအိလှုပ်ခတ်နေသော လှိုင်းဂယက်များက လှေ၏ ဘေးပတ်ဝန်းကျင်မှာ ထွက်ပေါ်နေသည်။ ရံဖန်ရံခါ လှေက အဖြူရောင်အလင်းကို ထုတ်လွှတ်ပေးသည်။ ရုတ်တရက် ကြည့်လျှင် ယင်းကို လှေအစား အဖြူရောင်တိမ်တိုက်ဟုသာ မြင်ကြလိမ့်မည်။ လှေသည် သာမန်မဟုတ်ကြောင်း ထင်ရှားပေသည်။

လှေက အရှေ့သို့ ရွေ့လျားသွားနေစဉ် အံ့ဩသော အမူအရာက သက်လတ်ပိုင်းအမျိုးသား၏ မျက်နှာပေါ်မှာ ထွက်ပေါ်လာသည်။ သူက တောင်ပိုင်းမြေရိုင်းဒေသ၏ ဦးတည်ရာသို့ ကြည့်နေစဉ် သူ့ခြေဖဝါးအောက်မှ လှေက ရုတ်တရက် ရပ်တန့်သွားသည်။

“ ဒီအရှိန်အဝါ… မိစ္ဆာသားရဲတစ်ကောင်ကောင်က မိစ္ဆာကပ်ဘေးဒုက္ခကို ကျော်လွှားနေတာလား ”

သက်လတ်ပိုင်းအမျိုးသားသည် ကောင်းကင်ဘုံအင်အားကို ရုတ်တရက် ခံစားမိသွားသောအခါ တီးတိုးရေရွတ်လိုက်သည်။ ယင်းက မိုးမြေထံမှ ထုတ်လွှတ်နေသော ခြိမ်းခြောက်မှုအရှိန်အဝါ ဖြစ်သည်။ ထိုအရှိန်အဝါထဲမှာ ကပ်ဘေးဒုက္ခ၏ အငွေ့အသက်လည်း ပါဝင်နေသည်။ ထို့ကြောင့် သူက အခြေအနေကို အကြမ်းဖျဉ်း ခန့်မှန်းနိုင်သွားသည်။

သက်လတ်ပိုင်းအမျိုးသားက တစ်ခဏ တွေးတောလိုက်သည်။ ထို့နောက် သူ၏ နှုတ်ခမ်းထောင့်မှာ အပြုံးတစ်ခု ထွက်ပေါ်လာသည်။ သူက ကျယ်လောင်စွာ အော်ရယ်လိုက်သည်။

“ ကောင်းတယ်… ကောင်းတယ်… ကောင်းကင်ဘုံက ငါ့ကို ကူညီပေးနေတာပဲ… မိစ္ဆာသားရဲတစ်ကောင် မိစ္ဆာကပ်ဘေးဒုက္ခကို ကျော်လွှားပြီးရင် သူ့ရဲ့ အသက်ဓာတ်က ပြင်းပြင်းထန်ထန် ဒဏ်ရာရနေလိမ့်မယ်… ကြည့်ရတာ ဒီခရီးစဉ်မှာ ငါကံကောင်းတော့မယ် ”

သူက အကြိမ်ရေအနည်းငယ် ရယ်မောပြီးလျှင် သူ၏ အတွေးတစ်ချက်ဖြင့် သူ့ခြေဖဝါးအောက်မှ လှေကို အရှိန်မြှင့်တင်လိုက်သည်။ ချက်ချင်းဆိုသလိုပင် လှေသည် လျှပ်စီးကဲ့သို့ အလျင်ဖြင့် တောင်ပိုင်းမြေရိုင်းဒေသဆီသို့ ပျံသန်းသွားသည်။

ထိုသက်လတ်ပိုင်းအမျိုးသားသည် လီမိသားစု၏ ဘိုးဘေးမှလွဲ၍ တခြားမဟုတ်ပေ။ သူ၏ အသွင်သဏ္ဍာန်က သက်လတ်ပိုင်းအမျိုးသားဟု ထင်ရသော်လည်း အမှန်မှာ သူက နှစ်ပေါင်းရာချီ အသက်ရှင်သန်နေသော ပုဂ္ဂိုလ်ဖြစ်သည်။ သို့သော်လည်း သူက ငယ်ရွယ်သော သူ၏ အသွင်သဏ္ဍာန်ကို ဆက်ပြီး ထိန်းသိမ်းထား၏။ သို့မဟုတ်လျှင် သူ၏ နှစ်ပေါင်းရာချီသော သက်တမ်းအရ သူ၏ အသွင်သဏ္ဍာန်က အဖိုးကြီးဖြစ်နေလိမ့်မည်။

သူ၏ နာမည်က လီချန်းလန် ဖြစ်သည်။

သူ၏ ကျင့်ကြံခြင်းက အမြူတေဖွဲ့စည်းခြင်းနယ်ပယ်၏ အဆင့်မြင့်အဆင့်မှာ ဖြစ်သည်။ သို့သော်လည်း သူ၏ ဝိညာဉ်အမြစ်က အရည်အသွေးမကောင်းမွန်ပေ။ ယင်းက အလယ်အလတ်အဆင့် ဝိညာဉ်အမြစ်သာ ဖြစ်သည်။ သို့ဖြစ်၍ အမြူတေဖွဲ့စည်းခြင်းနယ်ပယ်သို့ ရောက်ရန်ပင် သူ့အတွက် အလွန်ခက်ခဲပေသည်။ အကယ်၍ သူက အမြူတေဖွဲ့စည်းခြင်းနယ်ပယ်မှ အဆင့်ချိုးဖြတ်ပြီး ဝိညာဉ်သန္ဓေတည်နယ်ပယ်သို့ တတ်လှမ်းချင်လျှင် ကံကြမ္မာပေါ်မှာသာ မှီခိုရလိမ့်မည်။

အကယ်၍ သူက နောက်ထပ် အဆင့်မချိုးဖြတ်နိုင်ဘဲ အမြူတေဖွဲ့စည်းခြင်းနယ်ပယ်မှာသာ ဆက်ရှိနေမည်ဆိုလျှင် နောင်နှစ်ပေါင်းတစ်ရာ ကြာသည့်အခါ သူ၏ ဘဝသက်တမ်းက ကုန်ဆုံးသွားလိမ့်မည်။ ထိုအချိန်ကျလျှင် သူ၏ ကျင့်ကြံခြင်းက မည်မျှအားကောင်းပါစေ သူ့ခန္ဓာကိုယ်က ပြာမှုန်ဖြစ်သွားလိမ့်မည်။

အစတွင် သူသည် တံခါးပိတ်ကျင့်ကြံခြင်းမှ ထွက်လာရန် ဆန္ဒမရှိပေ။ ဝိညာဉ်သံလိုက်အိမ်မြှောင်ကြောင့် မဟုတ်လျှင် သူက ထိုကိစ္စကို ဂရုစိုက်လိမ့်မည် မဟုတ်ချေ။

သုံးနှစ်။ နောက်သုံးနှစ်ကြာလျှင် ဖွင့်လှစ်မည့် ကောင်းကင်မိစ္ဆာလျှို့ဝှက်နယ်မြေက သူ့ကို အဆင့်ချိုးဖြတ်နိုင်စေမည့် တစ်ခုတည်းသော အခွင့်အရေးဖြစ်ကြောင်း သူသိသည်။

အကယ်၍ သူသာ ထိုအခွင့်အရေးကို မဖမ်းဆုပ်နိုင်လျှင် မည်သည့်အခါမှ ဝိညာဉ်သန္ဓေတည်နယ်ပယ်သို့ တတ်လှမ်းနိုင်တော့မည် မဟုတ်ချေ။ ထိုအတွက် ဝိညာဉ်သံလိုက်အိမ်မြှောင်က အလွန်အရေးကြီးသည်။ ထို့ကြောင့် သူက ဤကိစ္စကို မသိချင်ယောင် မဆောင်နိုင်ပေ။ လီဝမ်နှင့် တခြားလူများက တောင်ပိုင်းမြေရိုင်းဒေသထဲမှ ပြန်ထွက်ပြေးလာခဲ့ရကြောင်း သူကြားသောအခါ တောင်အနောက်ဘက်၌ တည်ငြိမ်စွာ တံခါးပိတ်မကျင့်ကြံနိုင်တော့ပေ။ ထို့ကြောင့် နောက်ဆုံးမှာ သူက တောင်ပိုင်းမြေရိုင်းဒေသဆီသို့ ကိုယ်တိုင် ထွက်လာခဲ့သည်။

တောင်ပိုင်းမြေရိုင်းဒေသထဲမှာ ဖြစ်ပျက်ခဲ့သော ကိစ္စများကို အကြမ်းဖျဉ်း သူနားလည်ထားသည်။ တောင်ပိုင်းမြေရိုင်းဒေသထဲမှာ ကိုယ်ပိုင်နယ်မြေဖြင့် အုပ်ချုပ်နေကြသော မိစ္ဆာသားရဲဘုရင်များက မဟာမိတ်ဖွဲ့လိုက်ကြသည်။ ယင်းက သူ့ကို အမှန်တကယ် အံ့ဩစေသည်။

မည်သို့ဖြစ်ပါစေ သူတို့က သာမန်မိစ္ဆာသားရဲများ မဟုတ်ကြချေ။ သူတို့က မိစ္ဆာသားရဲဘုရင်များ ဖြစ်ကြသည်။ သူတို့တစ်ကောင်စီက သာမန်မိစ္ဆာသားရဲများထက် အများကြီး ပိုသန်မာကြပြီး အစွမ်းထက်သော မွေးရာပါသဘာဝစွမ်းရည်ကို ပိုင်ဆိုင်ထားကြသည်။ အမြူတေဖွဲ့စည်းခြင်းနယ်ပယ် ကျင့်ကြံသူများသည်ပင် သူတို့ကို ထိပ်တိုက် မရင်ဆိုင်ဝံ့ကြချေ။

တစ်စုံတစ်ယောက်မှာ ဝိညာဉ်သန္ဓေတည်နယ်ပယ် ကျင့်ကြံခြင်းစွမ်းအားမရှိလျှင် သူက မိစ္ဆာသားရဲဘုရင်အများအပြား၏ ဝိုင်းရံတိုက်ခိုက်မှုအောက်မှ အသက်ရှင်လျက် လွတ်မြောက်နိုင်လိမ့်မည် မဟုတ်ချေ။

နှစ်ပေါင်းရာချီ အသက်ရှင်သန်ခဲ့သော လီချန်းလန်သည်ပင် ထိုသို့လုပ်ဆောင်နိုင်သည်ဟု မပြောဝံ့ပေ။

“ ဟား ဟား… ဒီတစ်ကြိမ် ကောင်းကင်ဘုံက ငါ့ကို ကူညီပေးနေတာပဲ… အဲ့ဒီမိစ္ဆာသားရဲ မိစ္ဆာကပ်ဘေးဒုက္ခကို ကျော်လွှားပြီးတဲ့အထိ ငါစောင့်မယ်… ပြီးသွားရင် အဲ့ဒီမိစ္ဆာသားရဲကို သတ်ပြီး သူ့ရဲ့ အမြူတေဓာတ်လုံးကို ငါထုတ်ယူမယ်… အမြူတေဓာတ်လုံးနဲ့ဆိုရင် ဆေးသူတော်ချိုင့်ဝှမ်းက သူတော်စင်ကျိယန်ကို အစစ်အမှန်ယွမ်ဆေးလုံးတွေ သန့်စင်ခိုင်းနိုင်မယ်… ဘယ်သူသိနိုင်မှာလဲ… အဲ့ဒီဆေးလုံးကို ငါအသုံးပြုတဲ့အခါ ဝိညာဉ်သန္ဓေတည်နယ်ပယ်ဆီ တတ်လှမ်းသွားနိုင်လောက်တယ် ”

လီချန်းလန်သည် အစောနကကဲ့သို့ တည်တည်ငြိမ်ငြိမ် ရှိမနေတော့ပေ။ သူက အဖြူရောင်လှေကို မောင်းနှင်ပြီး တောင်ပိုင်းမြေရိုင်းဒေသဆီသို့ မြန်ဆန်စွာ ပျံသန်းသွားသည်။ သူ့ခြေဖဝါးအောက်မှ လှေသည် သာမန်ပစ္စည်းမဟုတ်ပေ။ ယင်းက ပျံသန်းခြင်းဓမ္မရတနာတစ်ခု ဖြစ်သည်။ ယင်းကို မိုးကြိုးငှက်တစ်ကောင်၏ အရိုးများဖြင့် ဖန်တီးသန့်စင်ခဲ့ခြင်း ဖြစ်သည်။ သို့ဖြစ်၍ လှေ၏ အရည်အသွေးက အလွန်အဆင့်မြင့်သည်။

ဤလှေ၏ အမြန်နှုန်းသည် ကျင့်ကြံခြင်းအဆင့်တူညီသော ပုဂ္ဂိုလ်တစ်ယောက်၏ ဓားပျံစီးနင်းခြင်းထက် နှစ်ဆပိုမြန်သည်။

ယင်းက လီချန်းလန် ဂုဏ်ယူရသော ဓမ္မရတနာတစ်ခု ဖြစ်သည်။ ယင်းကို မျောလွင့်တိမ်လှေဟု ခေါ်သည်။

သူက အမြန်ဆုံးအလျင်ကို အသုံးပြုလိုက်လေရာ သိပ်မကြာမီ တောင်ပိုင်းမြေရိုင်းဒေသက သူ့အရှေ့မှာ ထွက်ပေါ်လာသည်။ တောင်တန်းဒေသတစ်ခုလုံးကို မြူခိုးထုက အပေါ်မှ ဖုံးလွှမ်းထားသောကြောင့် သူက ကောင်းကင်ပေါ်မှာ မပျံသန်းပေ။ ယင်းအစား သူက တောင်တန်းဒေသထဲသို့ တန်းတန်းမတ်မတ် ဝင်ရောက်သွားသည်။ သူက မြေပြင်နှင့် သုံးပေအကွာမှာ ပျံသန်းနေသည်။

သူ၏ အလျင်က အလွန်မြန်ဆန်လေရာ တောင်တန်းဒေသထဲမှ သက်ရှိများက သူ့ကို ဝေဝေဝါးဝါးသာ မြင်နိုင်ကြသည်။ ဤသည်မှာ လေကြမ်းက သူတို့၏ အရှေ့မှာ တိုက်ခတ်သွားသည့်အလားပင်။

မျက်စိတစ်မှိတ်အတွင်းမှာ သူက ကပ်ဘေးဒုက္ခမိုးတိမ်နားမှာ ထွက်ပေါ်လာသည်။ သူက ခေါင်းမော့လိုက်ပြီး ကောင်းကင်ပေါ်မှ အနက်ရောင် ကပ်ဘေးဒုက္ခမိုးတိမ်ကို ကြည့်လိုက်သည်။ ထို့နောက် လေးနက်သော အဓိပ္ပာယ်ရှိသည့် အပြုံးက သူ၏ နှုတ်ခမ်းထောင့်မှာ ထွက်ပေါ်လာသည်။ သူ၏ ခြေဖဝါးအောက်တွင် လွင့်မျောတိမ်လှေက ရုတ်တရက် ပျောက်ကွယ်သွားသည်။ သူက အရှိန်အဝါကို ချုပ်တည်းလိုက်ပြီး ချောင်ကျသော တစ်နေရာမှာ ပုန်းအောင်းလိုက်သည်။

“ ဂျိန်း… ဂျလိန်း ”

ကပ်ဘေးဒုက္ခမိုးတိမ်ထဲတွင် ကျယ်လောင်သော မိုးခြိမ်းသံများက ဆက်တိုက် ထွက်ပေါ်နေသည်။ ကောင်းကင်ဘုံအင်အားက အရပ်မျက်နှာအသီးသီးဆီသို့ ဒီရေလှိုင်းသဖွယ် ပျံ့နှံ့သွားသည်။ အနက်ရောင် ကပ်ဘေးဒုက္ခမိုးတိမ်၏ ဖုံးလွှမ်းမှုကြောင့် ကပ်ဘေးဒုက္ခမိုးတိမ်ထဲမှာ မည်သို့ဖြစ်ပျက်နေကြောင်း အပြင်လူများက မသိနိုင်ကြချေ။

သူတို့မြင်နိုင်သည်မှာ လျှပ်စီးကြောင်းများက ကပ်ဘေးဒုက္ခမိုးတိမ်ထဲမှာ ရံဖန်ရံခါ လင်းလက်သွားသည်။ ထို့ပြင် အချိန်ကြာလာသည်နှင့်အမျှ လျှပ်စီးကြောင်းများ ထွက်ပေါ်လာသော ကြာချိန်က တိုတောင်းသွားသည်။ နောက်အခိုက်အတန့်မှာ လျှပ်စီးကြောင်းများက အရပ်မျက်နှာအသီးသီးသို့ ပြန့်ကျဲသွားကြသည်။ ထို့ကြောင့် ကပ်ဘေးဒုက္ခမိုးတိမ်၏ ဘေးပတ်ဝန်းကျင်က အဖြူရောင်လင်းထိန်သွားသည်။

“ ရှဲ ရှဲ ”

မဒူဆာဝင်ရောက်သွားပြီး ဆယ့်ငါးမိနစ်ကြာပြီးနောက် ကပ်ဘေးဒုက္ခမိုးတိမ်က အလွန်အံ့ဖွယ်ကောင်းသော အလျင်ဖြင့် ပြင်းထန်စွာ တုန်ယင်သွားသည်။ ကပ်ဘေးဒုက္ခမိုးတိမ်က ပြင်းထန်စွာ တုန်ယင်နေစဉ် ယင်း၏ အရွယ်အစားက မြန်ဆန်စွာ ကျုံ့သွားသည်။

ထိုသို့တုန်ခါမှုက ဘေးပတ်ဝန်းကျင်မှ လေဟာနယ်ကို ပရမ်းပတာ ပုံပျက်တွန့်လိမ်စေသည်။ အနီးနားဝန်းကျင်မှ သက်ရှိများသည် ပြင်းထန်သော ဖိအားကို ခံစားလိုက်ကြရသည်။ သူတို့က မြေကြီးပေါ်မှာ ဒူးထောက်လိုက်ကြပြီး ပါးစပ်အပြည့် သွေးအန်လိုက်ကြရသည်။

ထိုစဉ် အေးစက်မှု ကိန်းအောင်းနေသော အသံက တောင်ပိုင်းမြေရိုင်းဒေသ၏ ကောင်းကင်ယံမှာ ရုတ်တရက် ပဲ့တင်ထပ်သွားသည်။

“ မြွေတစ်သောင်း အတူတကွ ကခုန်ကြစေ… လျှပ်စီးကို ဝါးမျိုပြီး အမြူတေဓာတ်လုံးကို ဖွဲ့စည်းမယ်… မိစ္ဆာအဖြစ်ကို ပြောင်းလဲမယ် ”

“ ရှဲ ရှဲ… ရှူး ရှူး ”

ရုတ်တရက် မရေမတွက်နိုင်သော ထူးထူးဆန်းဆန်း မြည်သံများက တစ်ပြိုင်နက် ထွက်ပေါ်လာကြသည်။ ယင်းက အလွန်ကြောက်စရာကောင်းသည်။

အခန်း(၁၄၃)

“ ဘန်း… ဘန်း… ဘန်း… ”

အနက်ရောင် ကပ်ဘေးဒုက္ခမိုးတိမ်ထဲတွင် ဧရာမမြွေခေါင်းတစ်ခုက ရုတ်တရက် ထွက်ပေါ်လာသည်။ ထို့ပြင် နောက်ထပ် ဧရာမမြွေခေါင်းများက ကပ်ဘေးဒုက္ခမိုးတိမ်၏ နေရာအသီးသီးမှ စုပြုံထွက်ပေါ်လာကြသည်။ ထိုဧရာမမြွေများသည် ထွက်ပေါ်လာသည်နှင့် ရပ်တန့်မနေကြပေ။ ယင်းအစား ၎င်းတို့က အကြမ်းပတမ်း လှုပ်ရှားနေကြပြီး ကျယ်လောင်စွာ ပါးစပ်ဟလိုက်ကြသည်။ ထို့နောက် ၎င်းတို့က ၎င်းတို့၏ ဘေးပတ်ပတ်လည်မှ ကပ်ဘေးဒုက္ခမိုးတိမ်ကို ကိုက်ဝါးမျိုလိုက်ကြသည်။

မျက်စိတစ်မှိတ်အတွင်းမှာ ကပ်ဘေးဒုက္ခမိုးတိမ်က ဧရာမမြွေများ၏ ဝါးမျိုခံလိုက်ကြရသည်။ ကပ်ဘေးဒုက္ခမိုးတိမ် ပျောက်ကွယ်သွားသည့်အခါ အေးစက်ပြီး ကြော့ရှင်းတင့်တယ်သော အမျိုးသမီးတစ်ယောက်က အစောနက ကပ်ဘေးဒုက္ခမိုးတိမ်ရှိနေခဲ့သော နေရာမှာ မတ်တတ်ရပ်နေသည်။ သူ၏ ဦးခေါင်းထက်မှ အဆိပ်မြွေများက ဧရာမမြွေများအဖြစ် ပြောင်းလဲသွားကြပြီး သူ၏ ဘေးပတ်ပတ်လည်မှာ အရူးအမူး ကခုန်ရွေ့လျားနေကြသည်။ မြွေခန္ဓာကိုယ် ရွေ့လျားသွားသည့်အခါတိုင်း လေဟာနယ်ထဲ၌ ကျယ်လောင်သော ပေါက်ကွဲသံတစ်သံ ထွက်ပေါ်လာသည်။

ကြော့ရှင်းတင့်တယ်သော အမျိုးသမီးကို ဗဟိုပြုထားစဉ် ကြမ်းတမ်းသော လေလှိုင်းတစ်ခုက အရပ်မျက်နှာအသီးသီးဆီသို့ ပျံ့လွင့်သွားသည်။

“ ဘန်း… ဘန်း… ဘန်း ”

တောင်အောက်ခြေတွင် ကြမ်းတမ်းသော လေလှိုင်းထွက်ပေါ်လာသည့်အခါ သစ်ပင်ကြီးများက နှစ်ပိုင်းကျိုးပြတ်သွားကြပြီး ကျောက်ဆောင်ကျောက်တုံးများက ပေါက်ကွဲသွားကြသည်။ အစွမ်းထက်သော အရှိန်အဝါက မဒူဆာ၏ ခန္ဓာကိုယ်ထဲမှ တလိပ်လိပ် ပေါ်လျှိုးလာသည်။ ဤသည်မှာ တောင်ကြီးတစ်တောင်က ကောင်းကင်ပေါ်မှ ပြုတ်ကျလာသည့်အလားပင်။ ကြီးမားသော ဖိအားက တောင်ပိုင်းမြေရိုင်းဒေသတစ်ခုလုံးသို့ ဒီရေလှိုင်းသဖွယ် ပျံ့နှံ့သွားသည်။

မျက်စိတစ်မှိတ်အတွင်းမှာ တောင်ပိုင်းမြေရိုင်းဒေသထဲမှ သက်ရှိအများအပြားက မဒူဆာရှိနေသော ဦးတည်ရာထံသို့ ဒူးထောက်လိုက်ကြရသည်။ ဤသည်မှာ သူတို့က တောင်ပိုင်းမြေရိုင်းဒေသထဲမှာ အစစ်အမှန် မိစ္ဆာတစ်ကောင် ပေါ်ထွန်းလာသည့်အတွက် အရိုအသေပေးနေကြသည့်အလားပင်။ ယင်းက ဖီးနစ်ကို ငှက်တစ်သောင်းက အရိုအသေပေးနေခြင်းနှင့် ဆင်တူသည်။

ထိုမြင်ကွင်းက အလွန်အံ့ဖွယ်ကောင်းသည်။

“ အမြူတေဓာတ်လုံးကို ဖွဲ့စည်းမယ်… မြွေတွေကို ဆံပင်နဲ့ ချည်နှောင်မယ်… ငါက စစ်မှန်တဲ့ မိစ္ဆာတစ်ကောင်ဖြစ်လာမယ် ”

မဒူဆာက ပါးစပ်ဟလိုက်ပြီး စကားတစ်လုံးပြီးတစ်လုံးကို တည်ကြည်လေးနက်သော အမူအရာဖြင့် ပြောသည်။

သူ၏ စကားသံ ပျံ့လွင့်သွားသည်နှင့်ချက်ချင်း ရောင်စုံအလင်းလွှာတစ်ခုက သူ၏ ခန္ဓာကိုယ်ထဲမှ ပေါက်ကွဲထွက်လာသည်။ ရောင်စုံအလင်းသည် ထွက်ပေါ်လာသည်နှင့်တစ်ပြိုင်နက် သူ၏ ခန္ဓာကိုယ်အပြင်ဘက် သုံးမီတာအကွာအဝေးထိ ပျံ့နှံ့သွားသည်။ ထို့နောက် ရောင်စုံအလင်းက အရူးအမူး ကျုံ့သွားသည်။ တဖန် ရောင်စုံအလင်းက ပြန်ပျံ့နှံ့သွားသည်။ ထိုသို့ကျုံ့သွားလိုက် ပျံ့နှံ့သွားလိုက် ဖြစ်နေစဉ် အလွန်အားကောင်းသော မိစ္ဆာအရှိန်အဝါက သူ၏ ခန္ဓာကိုယ်ထဲမှ တလိပ်လိပ် ပေါ်လျှိုးလာသည်။ သူ၏ ဦးခေါင်းပေါ်မှာ အနက်ရောင်တိမ်တိုက်တစ်ခု ဖွဲ့စည်းသွားသည်။ မိစ္ဆာတိမ်တိုက်သည် ပွက်ပွက်ဆူနေသော ရေနွေးပမာ အရူးအမူး လှုပ်ခတ်နေသည်။

တစ်ချိန်တည်းမှာ သူ၏ ဦးခေါင်းပေါ်မှ မြွေဆံပင်များက စတင်ပြောင်းလဲသွားကြသည်။ ဧရာမမြွေများသည် ရုတ်တရက် ပြန်ကျုံ့သွားကြသည်။ ဤတစ်ကြိမ်တွင် ဧရာမမြွေများက သေးငယ်သော မြွေများအဖြစ် ပြန်မပြောင်းလဲသွားတော့ပေ။ ယင်းအစား သူ၏ ဦးခေါင်းထက်တွင် မြွေများက အနက်ရောင်ဆံပင်ရှည်များအဖြစ် ပြောင်းလဲသွားကြသည်။ မြွေလက္ခဏာများက လုံးဝ ပျောက်ကွယ်သွားကြသည်။ ဆံပင်ရှည်များက သူ၏ ပခုံးထက်သို့ ကျဆင်းသွားသည်။ လေတိုးဝှေ့သွားသည့်အခါတိုင်း သူ၏ ဆံပင်ရှည်များက ဘယ်ညာယိမ်းနွဲ့သွားသည်။ ဤသည်မှာ ယင်းတို့က စည်းချက်ကျစွာ လှုပ်ရှားနေသည့်အလားပင်။

မြွေဆံပင်များ ပျောက်ကွယ်သွားသော်လည်း သူ၏ ခန္ဓာကိုယ်မှ ထုတ်လွှတ်နေသော အေးစက်စက် အရှိန်အဝါက ပိုပြီးအားကောင်းလာသည်။

“ ဝီး ဝီး ”

အလင်းတန်းနှစ်ခုက မဒူဆာ၏ မျက်လုံးထဲမှ ပျံသန်းထွက်သွားသည်။ ထို့နောက် သူက တောင်ထိပ်ပေါ်သို့ ပြန်ဆင်းသက်လိုက်သည်။ သူ၏ မျက်လုံးထဲမှာ စိတ်သက်သာရာရသော အကြည့် ထွက်ပေါ်လာသည်။

နှစ်ရာပေါင်းများစွာ အလုပ်ကြိုးစားပြီးနောက် နောက်ဆုံးမှာတော့ ယနေ့တွင် သူက အမြူတေဓာတ်လုံးကို ဖွဲ့စည်းနိုင်သွားသည်။ သူက စစ်မှန်သော မိစ္ဆာတစ်ကောင်ဖြစ်လာသည်။

တောင်ထွတ်ပေါ်သို့ ဆင်းသက်သွားစဉ် မဒူဆာ၏ မျက်နှာက ဖြူဖျော့နေသည်။ အားနည်းသော အရှိန်အဝါက သူ၏ ခန္ဓာကိုယ်ထဲမှ ထွက်ပေါ်လာသည်။ တစ်ချိန်တည်းမှာ ပင်ပန်းနွမ်းလျသော အငွေ့အသက်က သူ၏ ခန္ဓာကိုယ်ထဲမှ အားကောင်းစွာ ထွက်ပေါ်နေသည်။ ယင်းကို ဖုံးကွယ်ထားရန် မဖြစ်နိုင်ပေ။

အသွင်သဏ္ဍာန်ပြောင်းလဲခြင်း မိစ္ဆာကပ်ဘေးဒုက္ခတွင် သူက စွမ်းအင်အများကြီးကို အသုံးပြုခဲ့သည်။ သူက အမြူတေဓာတ်လုံးကို အောင်မြင်စွာ ဖွဲ့စည်းနိုင်ခဲ့သော်လည်း သူ၏ အသက်ဓာတ်က ပြင်းထန်စွာ ထိခိုက်ဒဏ်ရာရသွားသည်။ ယခုအချိန်က သူ၏ အားအနည်းဆုံးအချိန် ဖြစ်နေမည်မှာ စိုးရိမ်ရသည်။

“ ဘန်း ”

မဒူဆာ၏ ခန္ဓာကိုယ်က အားနည်းသော အရှိန်အဝါနှင့် ပင်ပန်းနွမ်းနယ်သော အငွေ့အသက်ကို ထုတ်လွှတ်လိုက်သည်နှင့်ချက်ချင်း သူ့မျက်နှာက ရုတ်တရက် ပြောင်းလဲသွားသည်။ သူက အရုပ်ဆိုးသွားသည်။ အဘယ့်ကြောင့်ဆိုသော် သူ၏ ကျောနောက်၌ ပေါက်ကွဲသံကို ကြားလိုက်ရသောကြောင့်ပင်။

“ မကောင်းတော့ဘူး ”

သို့သော်လည်း တိုက်ခိုက်မှုက လွန်စွာ ရုတ်တရက်ဆန်ပြီး မြန်ဆန်သည်။ ယင်းကို သူရှောင်တိမ်းချင်သော်လည်း သူ၏ ခန္ဓာကိုယ်က ယခုအချိန်မှာ အလွန်အားနည်းနေလေရာ သူ့အတွက် ရှောင်တိမ်းရန် မဖြစ်နိုင်ပေ။ ချက်ချင်းဆိုသလိုပင် ကြီးမားသော ရိုက်ခတ်မှုက သူ၏ နောက်ကျောကို ထိမှန်သွားသည်။

သူ၏ သေးငယ်သော ခန္ဓာကိုယ်က တုန်ယင်သွားပြီး သူက ပါးစပ်အပြည့် သွေးအန်လိုက်ရသည်။ သူက အပြင်းအထန် ဒဏ်ရာရသွားသည်။

သို့သော်လည်း မဒူဆာမှာ မည်သူနည်း။ သူက ထိုမျှကြီးမားသော ရိုက်ချက်ဖြင့် ထိမှန်သွားသော်လည်း သူ့ခန္ဓာကိုယ်က အရှေ့သို့ ဆက်ပြီး ရွေ့လျားသွားသည်။ သူက မြွေတစ်ကောင်နှယ် မြန်ဆန်စွာ ရွေ့လျားလိုက်သည်။ တစ်ဆက်တည်းမှာ သူက ဦးခေါင်းကို လှုပ်ခါလိုက်သည်။ သူ၏ လှပသော အနက်ရောင်ဆံပင်များက အရူးအမူး ရှည်လျားသွားကြသည်။ မျက်စိတစ်မှိတ်အတွင်းမှာ ဆံခြည်မျှင်တစ်မျှင်စီက ဧရာမအဆိပ်မြွေတစ်ကောင်အဖြစ် အသွင်ပြောင်းလဲသွားကြသည်။ မြွေများက သူ့ကို တင်းကျပ်စွာ ရစ်ပတ်လိုက်ကြသည်။ သူ၏ ဘေးပတ်ပတ်လည်တွင် မြွေများက အရူးအမူး ရွေ့လျားကခုန်နေကြသည်။

“ ဘန်း ”

အနောက်သို့ သူလှည့်ကြည့်လိုက်သည့်အခိုက် ထူထဲသော ရွှေရောင်အလင်းက ကျယ်လောင်သော မြည်သံနှင့်အတူ ထွက်ပေါ်လာကြောင်း မဒူဆာ မြင်သွားသည်။ ယင်းထံမှ ထုတ်လွှတ်နေသော အရှိန်အဝါက အလွန်သန်စွမ်းသည်။ ကြီးမားသော ဖိအားက သူ၏ ခန္ဓာကိုယ်ပေါ်သို့ ထပ်မံ ကျဆင်းလာသည်။ ဘေးပတ်ဝန်းကျင်မှ လေဟာနယ်က ပြင်းထန်စွာ တုန်ခါသွားစဉ် ကျယ်လောင်သော မြည်သံက တရစပ် ထွက်ပေါ်လာသည်။ ပြင်းထန်သော လေလှိုင်းများက အရပ်မျက်နှာအသီးသီးသို့ ပျံ့လွင့်သွားစဉ် အနီးနားဝန်းကျင်မှ ကျောက်တုံးများက အပိုင်းပိုင်းအစစ ပြိုကွဲသွားကြသည်။

" ရှဲ ရှဲ… ရှူး ရှူး… "

“ ဘန်း ”

ရွှေရောင်အလင်းနှင့် အဆိပ်မြွေများသည် အပြန်အလှန် အရူးအမူး တိုက်ခိုက်နေကြသည်။ သူတို့၏ တိုက်ပွဲကို မဖုံးကွယ်နိုင်ပေ။ ကျယ်လောင်သော ပေါက်ကွဲသံများနှင့် မြည်သံများက တောအုပ်ထဲမှာ အဆက်မပြတ် ထွက်ပေါ်လာသည်။ ရုတ်တရက် ရွှေရောင်အလင်းက ပိုပြီးအားကောင်းလာပြီး အောက်ဘက်သို့ အကြမ်းပတမ်း ဖိချလိုက်သည်။ ဤသည်မှာ မရေမတွက်နိုင်သော မိုးကြိုးသွားများက တည်ငြိမ်နေသော ရေကန်ပေါ်သို့ တစ်ပြိုင်နက် ကျဆင်းသွားကြသည့်အလားပင်။

ဖော်မပြနိုင်သော ပေါက်ကွဲမှုကြီးက ထွက်ပေါ်လာပြီး ကမ္ဘာမြေကို တုန်ခါသွားစေသည်။

ကြောက်မက်ဖွယ်ကောင်းသော ထိုစွမ်းအားအောက်မှာ အဆိပ်မြွေတချို့က အသက်ရှူချိန်အနည်းငယ်ကြာပြီးနောက် တစ်စစီ အက်ကွဲသွားကြသည်။

စွမ်းအားနှစ်ခု၏ အပြန်အလှန် တွန်းကန်မှုကြောင့် တောင်ထွတ်က ပြင်းထန်စွာ တုန်ယင်သွားပြီး အောက်သို့ ပြိုကျသွားသည်။

“ ဝုန်း ”

တောင်ကြီးသည် ထိုမျှကြီးမားသော အင်အားကို ခံနိုင်ရည်မရှိသောကြောင့် နည်းနည်းချင်းစီ အက်ကွဲသွားသည်။ နောက်အခိုက်အတန့်မှာ ကျောက်တုံးအပိုင်းအစများက တောင်ပေါ်မှ တလိပ်လိပ် ကျဆင်းလာကြသည်။

အဆိပ်မြွေများ၏ တားဆီးခံထားရသော ရွှေရောင်အလင်းသည် မြွေများ၏ အဆက်မပြတ် ထိုးနှက်မှုကြောင့် အလင်းရောင်လွင့်ပြယ်သွားသည်။ ဤအခိုက်အတန့်မှာ ထိုရွှေရောင်အလင်းက မည်သည့်အရာဖြစ်ကြောင်း ရှင်းလင်းစွာ မြင်နိုင်သွားသည်။ ယင်းက အမှန်မှာ ရွှေရောင်အုတ်ခဲတစ်လုံး ဖြစ်သည်။

“ ဂါး ”

ကျယ်လောင်သော ကြုံးဝါးအော်သံက တောင်ပိုင်းမြေရိုင်းဒေသထဲမှာ ကျယ်လောင်စွာ ပဲ့တင်ထပ်သွားသည်။ မြေကြီးက ပြင်းထန်စွာ တုန်ယင်သွားစဉ် စစ်ပွဲဗုံသံကဲ့သို့ ကျယ်လောင်သော မြည်သံက တရပ်စပ် ထွက်ပေါ်လာသည်။

“ ဘယ်ကောင်က တောင်ပိုင်းမြေရိုင်းဒေသထဲက ငါတို့မိစ္ဆာမျိုးနွယ်စုကို ခိုးကြောင်ခိုးဝှက် လာတိုက်ခိုက်ရဲတာလဲ… ငါကင်းကောင် မင်းကို အပိုင်းပိုင်းအစစ ဆုတ်ဖြဲပစ်မယ် ”

အဝေးတစ်နေရာတွင် အရွယ်အစားကြီးမားသော အနက်ရောင်မျောက်ဝံတစ်ကောင်က မြေကြီးပေါ်မှာ အရူးအမူး ပြေးလွှားနေသည်။ ၎င်းက ပြေးလွှားနေရင်း ရင်ဘက်ကို ဒေါသတကြီး တဒုန်းဒုန်း ထုရိုက်နေသည်။ ရှင်းလင်းစွာပင် စစ်ပွဲဗုံသံများက ၎င်းထံမှ ထွက်ပေါ်လာနေခြင်း ဖြစ်သည်။

မျောက်ဝံ၏ ခန္ဓာကိုယ်က အရွယ်အစား အလွန်ကြီးမားသည်။ ဤသည်မှာ ဧရာမဘီလူးတစ်ကောင်က မြေကြီးပေါ်မှာ ပြေးလွှားနေသည့်အလားပင်။ သူ့အရှေ့မှ သစ်ပင်များကြီးဖြစ်စေ သို့မဟုတ် ကျောက်တုံးကြီးများဖြစ်စေ ယင်းတို့အားလုံးက မျက်စိတစ်မှိတ်အတွင်းမှာ အပိုင်းပိုင်းအစစ ပြိုကွဲပျက်စီးသွားကြသည်။

မှန်ပေသည်။ ၎င်းက တောင်ပိုင်းမြေရိုင်းဒေသ၏ အနောက်ဘက်အရပ်ကို အုပ်စိုးသော အနက်ရောင်မျောက်ဝံဘုရင်မှလွဲ၍ တခြားမဟုတ်ပေ။

မဒူဆာ၏ ကပ်ဘေးဒုက္ခကျော်လွှားမှုသည် အစကတည်းက တောင်ပိုင်းမြေရိုင်းဒေသတစ်ခုလုံး၏ စိတ်အာရုံကို ဆွဲဆောင်သွားခဲ့သည်။ မိစ္ဆာသားရဲများကိုမဆိုထားနှင့် မိစ္ဆာသားရဲဘုရင်များသည်ပင် ကပ်ဘေးဒုက္ခဖြစ်စဉ်ကို စောင့်ကြည့်နေကြသည်။ တစ်နည်းဆိုရလျှင် မဒူဆာ ကပ်ဘေးဒုက္ခကျော်လွှားနေသည်ကို အစကတည်းက သူတို့မြင်ခဲ့ကြသည်။ အသွင်သဏ္ဍာန်ပြောင်းလဲခြင်း မိစ္ဆာကပ်ဘေးဒုက္ခကျော်လွှားမှုကို စောင့်ကြည့်ခြင်းက အနာဂတ်မှာ သူတို့၏ ကပ်ဘေးဒုက္ခအတွက်လည်း အထောက်အကူပေးနိုင်၏။

မည်သူမှ ထိုသို့အခွင့်အရေးကို လက်လွှတ်ခံမည် မဟုတ်ချေ။

ထို့ကြောင့် တောင်ပိုင်းမြေရိုင်းဒေသထဲမှ သက်ရှိတစ်ဝက်ခန့်က ယခုအချိန်မှာ မဒူဆာကို အာရုံစိုက်နေကြသည်။

သို့ဖြစ်၍ အရှက်မရှိသော ခိုးကြောင်ခိုးဝှက် တိုက်ခိုက်မှုက မိစ္ဆာသားရဲဘုရင်အားလုံး၏ မျက်လုံးထဲမှာ ထွက်ပေါ်လာသည်။ အနက်ရောင်မျောက်ဝံဘုရင်သည် မိစ္ဆာသားရဲဘုရင်များထဲတွင် ဒေါသထွက်အလွယ်ဆုံး ဖြစ်သည်။ ထို့ကြောင့် သူက ချက်ချင်း ဒေါသထွက်သွားသည်။ သူ၏ မျက်လုံးထဲမှာ ရူးသွပ်မှု၊ ရက်စက်ကြမ်းကြုတ်မှုဖြင့် ပြည့်နှက်သွားသည်။ သူက နှစ်ခါစဉ်းစားမနေဘဲ မြောက်ပိုင်းအရပ်ဆီသို့ ချက်ချင်း ပြေးသွားသည်။ သူ၏ အလျင်သည် မနှေးပေ။ သူက သူ့အရှေ့မှာ ပိတ်ဆို့နေသော အတားအဆီးအားလုံးကို ခန္ဓာကိုယ်ဖြင့် ဝင်ဆောင့်၍ ချေမွဖျက်ဆီးလိုက်သည်။

“ ယုတ်ညံ့တဲ့ လူသား… မင်းကများ ငါတို့ရဲ့ တောင်ပိုင်းမြေရိုင်းဒေသက မိစ္ဆာမျိုးနွယ်စုကို တိုက်ခိုက်ရဲတယ်လား… ဒီနေ့ ဒီနေရာကနေ မင်းအသက်ရှင်ရက် ပြန်ထွက်သွားနိုင်ဖို့ မစဉ်းစားနဲ့တော့… မင်းက ဒီသေမင်းရဲ့ ပစ်မှတ်ထားခံလိုက်ရပြီ ”

အေးစက်စက် အော်သံက မြောက်ပိုင်းဒေသမှ ပဲ့တင်ထပ်လာသည်။ အသံသည် အရိုးခိုက်ခိုက်တုန်အောင် အေးစက်နေသည်။ အနက်ရောင်မရဏကျီးကန်းဘုရင်၏ ဦးဆောင်မှုအောက်မှာ မရဏကျီးကန်းအုပ်စုသည် အရိုးဖြူစွန့်ပစ်ကုန်းမြေထဲမှ အစုလိုက်အပြုံလိုက် ပျံသန်းထွက်လာကြသည်။ သူတို့က လောကကို အေးခဲသွားစေမည့် ကြောက်မက်ဖွယ်ကောင်းသော သေခြင်းအရှိန်အဝါကို ထုတ်လွှတ်လိုက်ကြသည်။

မရဏကျီးကန်းဘုရင်၏ အကြည့်က အေးစက်နေသည်။ သူက အမြဲတမ်း စိတ်ခံစားချက်ကင်းမဲ့နေသော်လည်း ယခု သူ၏ မျက်လုံးထဲမှာ စူးရှသော အလင်းရောင်က စုဝေးသွားနေကြောင်း မည်သူမဆို ရှင်းလင်းစွာ မြင်နိုင်ပေသည်။ ဤသည်မှာ သူက သေမိန့်ကျခံထားရသော အပြစ်သားတစ်ယောက်ကို ကြည့်နေသည့်အလားပင်။ သူက လောကကို အေးတိအေးစက် စိုက်ကြည့်နေသော သေမင်းတမန်တော် ဖြစ်သည်။

“ ဝေါင်း ”

ခြင်္သေ့ဟိန်းသံသည် အရှေ့အရပ်မှ ပဲ့တင်ထပ်လာသည်။ ခြင်္သေဟိန်းသံထဲမှာ အကန့်အသတ်မဲ့သောဒေါသ ကိန်းအောင်းနေသည်။ ယင်းက ခေါင်းသုံးလုံးရွှေခြင်္သေ့ဘုရင်၏ ဟိန်းသံ ဖြစ်သည်။ ရွှေခြင်္သေ့ဘုရင်သည် တောအုပ်ထဲမှာ လေပွေကြမ်းပမာ ဖြတ်သန်းသွားနေသည်။ သူ၏ ခန္ဓာကိုယ်ပေါ်မှ ရွှေရောင်အမွှေးများက တဖျပ်ဖျပ်လှုပ်ခတ်နေစဉ် သူ၏ ခန္ဓာကိုယ်က ရွှေရောင်မီးတောက်ဘောလုံးအဖြစ် ပြောင်းလဲသွားဟန် ရသည်။ သူက အလွန်မြန်ဆန်သော အလျင်ဖြင့် အရှေ့သို့ ခုန်လွှားလိုက်သည်။

သူ၏ ဦးခေါင်းသုံးခုစလုံးက အကြီးအကျယ် ဒေါသထွက်နေကြသည်။

အမြူတေဓာတ်လုံးကို ဖွဲ့စည်းပြီးသော အစစ်အမှန် မိစ္ဆာတစ်ကောင်၏ တည်ရှိမှုက တောင်ပိုင်းမြေရိုင်းဒေသအတွက် မည်မျှအရေးကြီးသနည်း။ ယင်းကို မိစ္ဆာသားရဲဘုရင်အားလုံးက ကောင်းကောင်း သိနားလည်ထားကြသည်။ ယင်းက တောင်ပိုင်းမြေရိုင်းဒေသ၏ အလုံးစုံအင်အားကို အဆပေါင်းများစွာ တိုးမြှင့်သွားစေလိမ့်မည်။ တစ်နည်းဆိုရလျှင် တောင်ပိုင်းမြေရိုင်းဒေသက မိစ္ဆာမျိုးနွယ်စု၏ ထိန်းချုပ်မှုအောက်မှာ အချိန်ကြာမြင့်စွာ ဆက်ပြီး တည်ရှိနိုင်လိမ့်မည်။ တောင်ပိုင်းမြေရိုင်းဒေသက မိစ္ဆာမျိုးနွယ်စုအတွက် နိဗ္ဗာန်ဘုံ ဖြစ်လာလိမ့်မည်။

မည်သို့ဖြစ်ပါစေ အစစ်အမှန် မိစ္ဆာတစ်ကောင် တိုးပွားလာလျှင် သူတို့က ပိုမိုများပြားသော မသေမျိုးကျင့်ကြံသူများကို ဆန့်ကျင်နိုင်သွားလိမ့်မည်။

ဤအခိုက်အတန့်မှာ လူသားကျင့်ကြံသူတစ်ယောက်က မဒူဆာကို လုပ်ကြံသတ်ဖြတ်ရန် ကြိုးစားနေသည်။ သို့ဖြစ်လေရာ တောင်ပိုင်းမြေရိုင်းဒေသထဲမှ မိစ္ဆာသားရဲဘုရင်များက မည်သို့ကြောင့် ဒေါသမထွက်ဘဲ နေမည်နည်း။

“ ကျီး ”

တောင်ပိုင်းအရပ်တွင် နားဝင်စူးရှသော ကြိုးကြာအော်သံက ကောင်းကင်ပေါ်ထိ ပျံတတ်သွားသည်။ နှင်းကဲ့သို့ ဖြူဖွေးဆွတ်သော သရဖူနီကြိုးကြာတစ်ကောင်သည် တောင်ပိုင်းမြေရိုင်းဒေသ၏ ကောင်းကင်ယံမှာ လျှပ်စီးတန်းပမာ ပျံသန်းသွားနေသည်။ သူက သရဖူနီကြိုးကြာဘုရင်ဖြစ်သည်။ သူက တိုက်ပွဲဖြစ်ပွားရာ နေရာဆီသို့ အလွန်မြန်ဆန်စွာ ပျံသန်းသွားနေသည်။

အခန်း(၁၄၄)

“ ဟွန့်… မသေမျိုးကျင့်ကြံသူလား… သူ့ကြည့်ရတာ အရင်က ငါတွေ့ဖူးတဲ့ အခြေတည်နယ်ပယ် ကျင့်ကြံသူတွေထက် အများကြီး ပိုသန်မာတယ်… သူက အစွမ်းထက်တဲ့ အမြူတေဖွဲ့စည်းခြင်းနယ်ပယ် ကျင့်ကြံသူဖြစ်ရမယ်… မသေမျိုးကျင့်ကြံခြင်းလမ်းစဉ်မှာ အဆင့်တတ်ဖို့ နည်းလမ်းများစွာရှိတယ်… ဒါပေမဲ့ မင်းက မိစ္ဆာမျိုးနွယ်စုကိုမှ ပစ်မှတ်ထားခဲ့တယ်… ဒီတစ်ကြိမ် အမြူတေဖွဲ့စည်းခြင်းနယ်ပယ် ကျင့်ကြံသူတစ်ယောက်က ဘယ်လောက်သန်မာလဲ ငါစမ်းကြည့်မယ် ”

သီရှီထျန်၏ ကျားမျက်လုံးထဲမှာ အလွန်နက်ရှိုင်းသော အေးစက်မှု ထွက်ပေါ်လာသည်။ သူက ဆက်ပြောသည်။

“ အတော်ပဲ… ဒုစရိုက်ခုနစ်ပါးနတ်ဆိုးကုချင်းကို စောစောကမှ ငါသန့်စင်ပြီးသွားတာ… ဂီတနဲ့ သံစဉ်အကြောင်း ငါဘာမှနားမလည်ပေမဲ့ ဒုစရိုက်ခုနစ်ပါးနတ်ဆိုးကုချင်းရဲ့ အစွမ်းကို ထုတ်လွှတ်ဖို့ ငါ့မှာ နည်းလမ်းရှိတယ်… ငါ့ရဲ့ သက်စောင့်မိစ္ဆာလက်နက် မွေးဖွားလာမှုကို မင်းရဲ့ ဝိညာဉ်နဲ့ ယဇ်ပူဇော်မယ်… ဒါက ဒုစရိုက်ခုနစ်ပါးရဲ့ စွမ်းအားကို စမ်းသပ်ကြည့်ဖို့ အခွင့်အရေးကောင်းပဲ ”

သီရှီထျန်က မည်သို့ကြောင့် ဤသို့တိုက်ပွဲကို လက်လွှတ်ခံမည်နည်း။ သူက အနောက်လှည့်လိုက်ပြီး လှိုဏ်ဂူထဲသို့ ပြန်ဝင်သွားသည်။ သူ၏ အတွေးတစ်ချက်ကြောင့် ဒုစရိုက်ခုနစ်ပါးနတ်ဆိုးကုချင်းက ကျောက်စိမ်းအလင်းတန်းအဖြစ် ပြောင်းလဲသွားပြီး သူ၏ ခန္ဓာကိုယ်ထဲသို့ ဝင်ရောက်သွားသည်။ ဒုစရိုက်ခုနစ်ပါးက မိစ္ဆာစံအိမ်ထဲသို့ ဝင်ရောက်သွားပြီး မိစ္ဆာသန့်စင်ခြင်းမီးဖို၏ အပေါ်မှာ လွင့်မျောနေသည်။ ကုချင်း၏ ကိုယ်ထည်က မိစ္ဆာဆန်သော အဖြူရောင်ကျောက်စိမ်းအလင်းကို ထုတ်လွှတ်နေသည်။

သက်စောင့်မိစ္ဆာလက်နက်များကို ခန္ဓာကိုယ်ထဲမှာ သိမ်းဆည်းထားနိုင်သည်။

ဒုစရိုက်ခုနစ်ပါးနတ်ဆိုးကုချင်းကို သိမ်းဆည်းပြီးနောက် သီရှီထျန်၏ ပုံရိပ်က အရှေ့သို့ ရွေ့လျားသွား၏။ သူက လေထဲသို့ ခုန်လွှားလိုက်လေရာ ကြွင်းကျန်ပုံရိပ်များက သူ့အနောက်မှာ ကျန်နေခဲ့ကြသည်။ သူက အမြန်ဆုံးသော အလျင်ကို အသုံးပြု၍ တောင်ထွတ်ဆီသို့ အရူးအမူး ပြေးသွားသည်။ လျှပ်စီးပမာ မြန်ဆန်သော အလျင်ကြောင့် သစ်ပင်ကြီးများက သူ့အနောက်မှာ တစ်ပင်ပြီးတစ်ပင် ကျန်နေခဲ့ကြသည်။

ဤအခိုက်အတန့်မှာ တောင်ပိုင်းမြေရိုင်းဒေသထဲမှ မိစ္ဆာသားရဲဘုရင်အားလုံးက ဒေါသထွက်သွားကြသည်။ သူတို့အားလုံးက တောင်ထွတ်၏ တည်နေရာဆီသို့ အရူးအမူး ပြေးသွားနေကြသည်။ သူတို့၏ ရွေ့လျားမှုကြောင့် မိစ္ဆာအရှိန်အဝါငါးခုက အချက်ပြမီးခိုးငွေ့ပမာ ကောင်းကင်ပေါ်သို့ ပျံတတ်သွားကြသည်။ ထိုအရှိန်အဝါက တောင်ပိုင်းမြေရိုင်းဒေသတစ်ခုလုံးသို့ ဒီရေလှိုင်းသဖွယ် ပျံ့နှံ့သွားသည်။

တောင်ပိုင်းမြေရိုင်းဒေသ၏ ကောင်းကင်ယံတွင် လေနှင့် တိမ်တိုက်များက ပရမ်းပတာဖြစ်သွားသည်။ မိုးကောင်းကင်၏ အရောင်သည်ပင် ပြောင်းလဲသွားသည်။ အလွန်သိပ်သည်းသော မိစ္ဆာအရှိန်အဝါက တစ်ဟုန်ထိုး ပေါ်လျှိုးလာပြီး ကောင်းကင်တစ်ခွင်လုံးကို ဖုံးလွှမ်းသွားသည်။

ရာထောင်ချီသော သားရဲတိရိစ္ဆာန်များနှင့် ကျေးငှက်များက တစ်ပြိုင်နက် အော်မြည်လိုက်ကြသည်။

တောင်တန်းဒေသတစ်ခုလုံး ဖရိုဖရဲ ဖြစ်သွားသည်။

ထိုစဉ် တောင်ထွတ်ပေါ်မှ မြင်ကွင်းသည်လည်း ပြောင်းလဲသွားသည်။

မဒူဆာ၏ အသက်ဓာတ်သည် ကပ်ဘေးဒုက္ခမိုးတိမ်ကြောင့် ပြင်းထန်စွာ ထိခိုက်ဒဏ်ရာရထားသည်။ ထို့ပြင် သူက ရုတ်တရက် အလစ်တိုက်ခိုက်ခံလိုက်ရပြီး ဒဏ်ရာရရှိသွားသည်။ သို့သော်လည်း သူက နှစ်ပေါင်းရာချီ အသက်ရှင်သန်ခဲ့သော မိစ္ဆာတစ်ကောင်ဖြစ်လေရာ တိုက်ပွဲအတွေ့အကြုံများပြားသည်။ သူက ကောင်းကင်ပေါ်မှ ရွှေရောင်အလင်းကို တားဆီးလိုက်ပြီး ရန်သူ၏ တိုက်ခိုက်မှုကို ယာယီနှေးကွေးစေသည်။ ထို့နောက် သူက အနောက်လှည့်၍ သူ့အား ခိုးကြောင်ခိုးဝှက် တိုက်ခိုက်ခဲ့သော ရန်သူကို ကြည့်လိုက်သည်။

မဒူဆာသည် သူနှင့် မနီးမဝေးမှာ ရပ်နေသော သက်လတ်ပိုင်းအမျိုးသားကို မြင်သွားသောအခါ သူ၏ အကြည့်က ရေခဲတမျှ အေးစက်သွားသည်။ ထိုလူက လက်ထဲမှာ ရွှေရောင်အုတ်ခဲတစ်လုံးကို ဆုပ်ကိုင်ထားသည်။ ရွှေရောင်အုတ်ခဲပေါ်တွင် လျှို့ဝှက်ဆန်းကြယ်သော မှော်သင်္ကေတများ ရှိသည်။ ယင်းတို့က အသက်ရှိနေသည့်အလား ရွှေရောင်အလင်းကို အဆက်မပြတ် ထုတ်လွှတ်ပေးနေသည်။ သူ၏ မျက်လုံးထဲမှာ လောဘနှင့် ရက်စက်ကြမ်းကြုတ်မှုဖြင့် ပြည့်နှက်နေသည်။

ထိုသက်လတ်ပိုင်းအမျိုးသားသည် အနီးနားမှာ ပုန်းအောင်းနေသော လီချန်းလန်မှလွဲ၍ တခြားလူမဟုတ်ပေ။

သူ့အရှေ့မှ မဒူဆာကို ကြည့်နေရင်း လီချန်းလန်က စိတ်ထဲမှာ ချောက်ချားသွားသည်။

“ အဲ့ဒါ အစစ်အမှန် မိစ္ဆာတစ်ကောင်လား… အမြူတေဓာတ်လုံးဖွဲ့စည်းထားတဲ့ မိစ္ဆာတစ်ကောင်က အရမ်းကြောက်စရာကောင်းတာပဲ… သူ့ရဲ့ အားအနည်းဆုံး အချိန်မှာတောင် ငါ့ရဲ့ အလစ်တိုက်ခိုက်မှုက သူ့ကို တစ်ချက်တည်းနဲ့ မသတ်ပစ်နိုင်ခဲ့ဘူး… သူက ဒဏ်ရာအပြင်းအထန် ရထားတာတောင် ငါ့ရဲ့ ဆန္ဒပြည့်စေအုတ်ခဲရဲ့ တိုက်ခိုက်မှုကို ခုခံကာကွယ်နိုင်သေးတယ်… မဖြစ်ဘူး… ဒီတစ်ကြိမ် ငါသူ့ကို သတ်ပစ်ရမယ်… မဟုတ်ရင် အနာဂတ်မှာ ငါဒုက္ခအကြီးကြီး ရောက်လိမ့်မယ် ”

တစ်ချိန်တည်းမှာ သူက တောင်ပိုင်းမြေရိုင်းဒေသ၏ အရပ်မျက်နှာအသီးသီးထံမှ ထွက်ပေါ်လာနေသော ဟိန်းသံများနှင့် အော်သံများကို ကြားလိုက်ရသည်။ တခြားမိစ္ဆာသားရဲဘုရင်များက ဤနေရာဆီသို့ အမြန်ပြေးလာနေကြကြောင်း သူသိလိုက်သည်။ သို့သော်လည်း သူက ကိုယ့်ကိုယ်ကိုယ် ယုံကြည်မှုရှိဆဲပင်။ သူက ထိုမိစ္ဆာသားရဲဘုရင်များကို အနိုင်မတိုက်ခိုက်နိုင်လျှင်ပင် လွင့်မျောတိမ်လှေ၏ အကူအညီဖြင့်ဆိုလျှင် ဤနေရာမှ သူထွက်သွားရန် မခက်ခဲပေ။

“ သူ့ကို အမြန်ဆုံး သတ်ပစ်ရမယ် ”

လီချန်းလန်၏ မျက်လုံးထဲမှာ စိတ်ဓာတ်ပြတ်သားမှု ထွက်ပေါ်လာသည်။ သူက စိတ်ဆုံးဖြတ်လိုက်သည်။

“ မသေမျိုးကျင့်ကြံသူတွေက တကယ်အရှက်မဲ့ပြီး စက်ဆုပ်ရွံရှာဖို့ကောင်းတယ် ”

မဒူဆာက အေးစက်စက် လေသံဖြင့် ပြောသည်။

ယင်းကို လီချန်းလန်ကြားသောအခါ သူက ရှက်ရွံ့မှုကို လုံးဝ မခံစားရပေ။ ယင်းအစား သူက တည်ကြည်ဖြောင့်မတ်စွာ ပြောသည်။

“ မိစ္ဆာတွေက ဒီလောကမှာ လုံးဝ မတည်ရှိသင့်ဘူး… ဒီနေ့ ကောင်းကင်ဘုံကိုယ်စား နင့်ကို ငါသုတ်သင်ရှင်းလင်းပစ်မယ်… အရှက်မရှိတော့ရော ဘာဖြစ်လဲ… ငါတို့လူသားမျိုးနွယ်က ဒီလောကကို အုပ်ချုပ်နေတာ… နင်တို့ မိစ္ဆာတွေက တွင်းထဲမှာ အမြဲပုန်းအောင်းနေကြရတဲ့ ကြွက်တွေပါပဲ… မိစ္ဆာမ ဒီနေ့ နင့်အသက်ကို ငါယူမယ်… ဆန္ဒပြည့်စေအုတ်ခဲ… အရွယ်အစား ကြီးမားလာပြီး အဲ့ဒီမိစ္ဆာမကို သတ်ပစ်ပါ ”

လီချန်းလန်သည် အသက်ငယ်ရွယ်သော ကျင့်ကြံသူမဟုတ်ပေ။ သူက အမြူတေဖွဲ့စည်းခြင်းနယ်ပယ်အထိ ကျင့်ကြံနိုင်ခဲ့ပြီး သူ့မှာ အတွေ့အကြုံများစွာ ရှိသည်။ ဤသို့ကိစ္စသေးသေးလေးကို မည်သို့ကြောင့် သူရှက်ရမည်နည်း။ သူက ရာစုနှစ်များစွာ အသက်ရှင်သန်ခဲ့သူ ဖြစ်သည်။ သူက နှာခေါင်းရှုံ့လိုက်ပြီး မဒူဆာကို ဒဏ်ရာပြန်ကုသရန် နောက်ထပ် အချိန်မပေးတော့ပေ။ သူက လက်ထဲမှ ဆန္ဒပြည့်စေအုတ်ခဲကို အပေါ်သို့ ပစ်လွှတ်လိုက်သည်။ သူ၏ ဆန္ဒပြုမှုကြောင့် အုတ်ခဲက ရွှေရောင်ထွန်းလင်းတောက်ပလာသည်။

ရွှေရောင်အလင်းက ကောင်းကင်တစ်ခွင်လုံး ဖုံးလွှမ်းသွားသည်။ ရွှေရောင်အလင်းထဲတွင် အုတ်ခဲက သာမန်မျက်စိဖြင့် မြင်နိုင်သော အလျင်နှင့်အတူ မြန်ဆန်စွာ အရွယ်ကြီးမားသွားသည်။ မျက်စိတစ်မှိတ်အတွင်းမှာ ရွှေရောင်အုတ်ခဲက တောင်ငယ်တစ်လုံးကဲ့သို့ ကြီးမားသွားသည်။ တစ်ချိန်တည်းမှာ ကြီးမားလေးလံသော ဖိအားက တောင်ငယ်ထံမှ ပေါ်ထွက်လာသည်။

ယင်းက လေဟာနယ်ကို တုန်ခါသွားစေသည်။

ဆန္ဒပြည့်စေအုတ်ခဲမှ ထုတ်လွှတ်နေသော အရှိန်အဝါကြောင့် ဘေးပတ်ဝန်းကျင်မှ အနက်ရောင်မိစ္ဆာချီက ပရမ်းပတာ လှုပ်ခတ်သွားသည်။ တောအုပ်ထဲမှ သားရဲတိရိစ္ဆာန်များသည် အပြင်းအထန် တုန်ယင်သွားကြသည်။ ဆန္ဒပြည့်စေအုတ်ခဲအောက်မှ လေသည်ပင် ဒြပ်ထည်ရှိလာဟန် ရ၏။

“ ဘန်း… ဘန်း… ဘန်း ”

ဆန္ဒပြည့်စေအုတ်ခဲသည် အကန့်အသတ်မဲ့ စွမ်းအားနှင့် ကြီးမားလေးလံသော ဖိအားကို သယ်ဆောင်လျက် မဒူဆာပေါ်သို့ ရက်စက်ကြမ်းတမ်းစွာ ဖိချလိုက်သည်။

“ ဟွန့်… မိစ္ဆာသားရဲနယ်ပယ်မှာ ငါရှိနေတုန်းကတောင် အမြူတေဖွဲ့စည်းခြင်းနယ်ပယ် ကျင့်ကြံသူတွေကို ငါမကြောက်ခဲ့ဘူး… အခု ငါက အမြူတေဓာတ်လုံးကို ဖွဲ့စည်းသွားပြီး အစစ်အမှန် မိစ္ဆာတစ်ကောင် ဖြစ်လာပြီ… ငါ့ရဲ့ အသက်ဓာတ်က ကပ်ဘေးဒုက္ခကြောင့် ထိခိုက်ဒဏ်ရာရထားတယ်ဆိုရင်တောင် နင်တစ်ယောက်တည်းက ငါ့ကို သတ်ဖို့ မလုံလောက်သေးဘူး… မြစ်တွေနဲ့ ပင်လယ်တွေ ပြောင်းပြန်လှန်စေ ”

မဒူဆာ၏ မျက်နှာက ဖြူဖျော့နေသည်။ သို့သော်လည်း သူ၏ ခန္ဓာကိုယ်ပေါ်မှ အရှိန်အဝါသည် နည်းနည်းလေးမှ အားနည်းနေပုံမပေါ်ချေ။ ရုတ်တရက် ထူထဲသော ရောင်စုံအလင်းလွှာတစ်ခုက သူ့ခန္ဓာကိုယ်ထဲမှ ပေါ်လျှိုးလာသည်။ ပမာဏများပြားသော မိစ္ဆာချီက အပြင်သို့ ဒလဟော တိုးထွက်လာသည်။ ရောင်စုံအလင်းလွှာထဲတွင် သူ၏ ခန္ဓာကိုယ်အောက်ပိုင်းက လျှို့ဝှက်ဆန်းကြယ်စွာ ပြောင်းလဲသွားသည်။ ရောင်စုံအလင်းအောက်မှာ သူ၏ ခြေထောက်နှစ်ချောင်းက ရှည်လျားသော ရောင်စုံမြွေအမြှီးအဖြစ် ပြောင်းလဲသွားသည်။

လျှပ်တစ်ပြက်အတွင်းမှာ မဒူဆာက လူခေါင်းနှင့် မြွေခန္ဓာကိုယ်ရှိသော ထူးထူးဆန်းဆန်း သက်ရှိတစ်ကောင်အဖြစ် အသွင်ပြောင်းလဲသွားသည်။

မြွေအမြှီး ထွက်ပေါ်လာသည်နှင့်တစ်ပြိုင်နက် မဒူဆာ၏ ခန္ဓာကိုယ်က မြန်ဆန်စွာ အရွယ်ကြီးမားသွားသည်။ မိစ္ဆာချီသည် သူ၏ ခန္ဓာကိုယ်ထဲမှ ဒလဟော စိမ့်ထွက်လာပြီး အနက်ရောင်မီးခိုးငွေ့အဖြစ် သိပ်သည်းသွားကာ တောင်ငယ်တစ်လုံးပမာ အရွယ်အစားကြီးမားနေသော ဆန္ဒပြည့်စေအုတ်ခဲကို ဝင်ဆောင့်သွားသည်။ တစ်ချိန်တည်းမှာ သူ၏ ခန္ဓာကိုယ်က အရွယ်အစားကြီးမားလာပြီး သေးသွယ်လာသည်။ မကြာမီ သူက ပေငါးဆယ်မြင့်မားသွားသည်။ သူ၏ ခန္ဓာကိုယ်အောက်ပိုင်းကို ရောင်စုံမြွေအကြေးခွံများက ပြွတ်သိပ်စွာ ဖုံးလွှမ်းထားသည်။

အလွန်အားကောင်းသော အရှိန်အဝါက သူ၏ ခန္ဓာကိုယ်ထဲမှ ပေါ်လျှိုးလာသည်။

သို့တိုင် သူ၏ လှုပ်ရှားမှုများက ရပ်တန့်မနေပေ။ သူ၏ မြွေအမြှီးထဲမှာ အကန့်အသတ်မဲ့စွမ်းအားဖြင့် ပြည့်နှက်နေသည်။ ပမာဏများပြားသော မိစ္ဆာချီက မြွေအမြှီးထဲသို့ ဝင်ရောက်သွားသည့်အခါ သူ့အမြှီးက ရောင်စုံထွန်းလင်းလာသည်။ နောက်အခိုက်အတန့်မှာ ဧရာမမြွေအမြှီးက လေကို ဖြတ်သန်းသွားပြီး သူ့အပေါ်မှ ဆန္ဒပြည့်စေအုတ်ခဲကို ကြမ်းတမ်းစွာ ရိုက်ချလိုက်သည်။

ထိုလှုပ်ရှားမှုသည် မဒူဆာပြောခဲ့သည့်အတိုင်း မြစ်များနှင့် ပင်လယ်များကို အမှန်တကယ် မှောက်လှန်ပစ်နိုင်စွမ်းရှိသည်။ ရောင်စုံမြွေအမြှီးက အပေါ်သို့ မြှောက်တတ်သွားသည်နှင့် ဘေးပတ်ဝန်းကျင်တွင် ကြမ်းတမ်းသော အားလှိုင်းဂယက်များ ပေါ်လျှိုးလာကြသည်။ ကြီးမားကျယ်ပြောသော အရှိန်အဝါက မိုးမြေ၏ နေရာတိုင်းမှာ ပြည့်နှက်သွားသည်။

“ ဘန်း… ဘန်း ”

ဆန္ဒပြည့်စေအုတ်ခဲသည် လီချန်းလန်၏ သက်စောင့်ဓမ္မရတနာ ဖြစ်သည်။ ဤတစ်ကြိမ်တွင် လီချန်းလန်သည် အစွမ်းကုန်သုံး၍ ဆန္ဒပြုစေအုတ်ခဲ၏ စွမ်းအားကို အပြည့်အဝ လှုံ့ဆော်လိုက်သည်။ တောင်ငယ်တစ်လုံးပမာ အရွယ်အစားကြီးမားသော အုတ်ခဲက အောက်သို့ ကျဆင်းလာသည့်အခါ အရာအားလုံး ဖုန်မှုန့်ဖြစ်သွားလိမ့်မည်။ မိစ္ဆာမျိုးနွယ်စု၏ မိစ္ဆာသားရဲတစ်ကောင်သည်ပင် ယင်း၏ စွမ်းအားကို ခုခံနိုင်လိမ့်မည် မဟုတ်ချေ။

မဒူဆာသည် သူ၏ မိစ္ဆာချီကို ထုတ်လွှတ်လိုက်သည်။ သူ၏ မိစ္ဆာချီသည် ရက်စက်ကြမ်းကြုတ်သော အရှိန်အဝါနှင့်အတူ ကောင်းကင်ပေါ်သို့ ပျံတတ်သွားပြီး ဆန္ဒပြည့်စေအုတ်ခဲကို တစ်ချက်တည်း မှောက်လှန်ပစ်ရန် ကြိုးစားလိုက်သည်။

စွမ်းအားနှစ်ခု ထိပ်တိုက် တွေ့ဆုံသွားကြသည်။ ချက်ချင်းဆိုသလိုပင် ကျယ်လောင်သော ပေါက်ကွဲသံများက လေထဲမှာ ပြည့်နှက်သွားသည်။ ကြောက်မက်ဖွယ်ကောင်းသော ချီအားလှိုင်းဂယက်များက တောင်ထိပ်ပေါ်မှ ပေါ်ထွက်လာကြပြီး အရပ်ရှစ်မျက်နှာဆီသို့ ပြန့်ကျဲသွားကြသည်။ ယင်းက ဘေးပတ်ဝန်းကျင်မှ လေထုကို ဖရိုဖရဲ ဖြစ်စေသည်။ ထိုမြင်ကွင်းသည် ဖော်မပြနိုင်အောင် အံ့ဖွယ်ကောင်းပြီး ကြောက်စရာကောင်း၏။

“ ဝေါ့ ”

တစ်ခဏကြာ လက်ရည်ညီနေပြီးလျှင် မဒူဆာ၏ မျက်နှာက ရုတ်တရက် ပြောင်းလဲသွားပြီး သူ၏ အသားအရေက ဖြူဖျော့သွားသည်။ သူက တိုးညင်းစွာ ညည်းညူလိုက်ရပြီး ပါးစပ်အပြည့် သွေးတစ်ပွက် အန်လိုက်ရသည်။

“ ဘန်း ဘန်း ဘန်း ”

ပေါက်ကွဲသံများကြားတွင် မဒူဆာ၏ ခန္ဓာကိုယ်က ပြင်းထန်စွာ တုန်ယင်သွားသည်။ သူက ရောင်စုံမြွေအမြှီးကို အမြန်ပြန်ရုပ်သိမ်းလိုက်သည်။ သူ၏ မြွေအမြှီးပေါ်မှ ငါးရောင်ခြယ်မြွေအကြေးခွံများက ပျောက်ကွယ်သွားကြပြီး သွေးယိုစီးနေသော ဒဏ်ရာများ ထွက်ပေါ်လာသည်။

လီချန်းလန်၏ ခန္ဓာကိုယ်သည်လည်း ပြင်းထန်စွာ တုန်ယင်သွားသည်။ ရွှေရောင်အလင်းတန်းက သူ့လက်ထဲသို့ ပြန်ရောက်လာသည့်အခါ သူက အော်ပြောလိုက်သည်။

“ မဒူဆာ… နင်သေလိုက်တော့ ”

“ အရှက်မဲ့တဲ့ ကျင့်ကြံသူ… မဒူဆာကို သတ်ချင်ရင် ငါကင်းကောင်ကို မင်းအရင်ကျော်ဖြတ်ရမယ်… ငါမင်းကို လက်ဝါးတစ်ချက်တည်းနဲ့ ရိုက်သတ်ပစ်မယ် ”

“ ဘန်း ဘန်း ဘန်း ”

ကြီးမားလေးလံသော ခြေလှမ်းသံများက မိုးထစ်ချုန်းသံပမာ ပဲ့တင်ထပ်လာသည်။ ယင်းက တောင်ထွတ်တစ်ခုလုံးကို အပြင်းအထန် တုန်ယင်သွားစေသည်။ ဒေါသတကြီး အော်သံက အဝေးမှ ထွက်ပေါ်လာပြီး လီချန်းလန်နှင့် မဒူဆာကြားမှ တိုက်ပွဲကို တိုက်ရိုက် ဝင်နှောင့်ယှက်လိုက်သည်။ တောင်ကြီးတစ်တောင်ပမာ အရွယ်အစားကြီးမားသော ဧရာမမျောက်ဝံလက်က ကျယ်လောင်သော မြည်သံနှင့်အတူ အောက်သို့ ကျဆင်းလာသည်။ မျောက်ဝံလက်သည် လျှပ်စီးပမာ မြန်ဆန်ပြီး ယင်း၏ အရှိန်အဝါက ကြေးချွတ်သန့်စင်ဘုံပမာ ရက်စက်ကြမ်းကြုတ်သည်။

လီချန်းလန်သည် မျောက်ဝံလက်ဖြင့် ချက်ချင်း ဖုံးလွှမ်းခံလိုက်ရသည်။ မျောက်ဝံလက်ဖဝါးအောက်မှ လေဟာနယ်က ဤအခိုက်အတန့်မှာ ဒြပ်ထည်ဖွဲ့စည်းသွားဟန် ရသည်။ ကြောက်မက်ဖွယ်ကောင်းသော အရှိန်အဝါ၏ ဖိနှိပ်မှုက အလွန်ကြီးမားလေရာ အသက်ရှူရခက်ခဲစေသည်။ လီချန်းလန်သည် အံ့ဩထိတ်လန့်သွားသည်။

အနက်ရောင်မျောက်ဝံဘုရင်၏ ရက်စက်ကြမ်းကြုတ်သော မျက်နှာက တောင်ထွတ်၏ အရှေ့မှာ ထွက်ပေါ်လာသည်။ သူ၏ မျက်လုံးကြီးများက လီချန်းလန်ကို စိန်းစိန်းဝါးဝါး စိုက်ကြည့်နေသည်။ ဒေါသက သူ့မျက်လုံးထဲမှာ မီးဟုန်းဟုန်းတောက်နေဟန် ရ၏။ သွေးဆာလောင်မှုနှင့် ရက်စက်ကြမ်းကြုတ်မှုက သူ့မျက်လုံးထဲမှာ ထင်ရှားစွာ ထွက်ပေါ်နေသည်။

သူက မုန်းစရာကောင်းသော ထိုကျင့်ကြံသူကို သူ၏ လက်ဝါးရိုက်ချက်ဖြင့် အသားပြားပြုလုပ်ချင်သည်။

“ ဗုန်း ဗုန်း ဗုန်း ”

တောင်ထွတ်သည် အလွန်မတ်စောက်သည်။ သို့သော်လည်း ယင်းက အနက်ရောင်မျောက်ဝံဘုရင်၏ ကြောက်မက်ဖွယ်ကောင်းသော ခွန်အားကို မတောင့်ခံနိုင်ဟန် ရသည်။ ကျောက်တုံးကျောက်ခဲများက တောင်ထွတ်ပေါ်မှ လိမ့်ကျသွားကြစဉ် ကျယ်လောင်သော မြည်သံများ ဆက်တိုက် ထွက်ပေါ်လာသည်။

တောင်ထွတ်က ပြင်းထန်စွာ တုန်ယင်နေလေရာ ယင်းက အနက်ရောင်မျောက်ဝံဘုရင်၏ ကြောက်မက်ဖွယ်ကောင်းသော အရှိန်အဝါအောက်မှာ အချိန်မရွေး ပြိုကျပျက်စီးသွားနိုင်ဟန် ရသည်။

အနက်ရောင်မျောက်ဝံဘုရင် ရောက်လာချေ၏။

အခန်း(၁၄၅)

“ ဟွန့်… မီးနဂါးကခုန်ခြင်း ”

လီချန်းလန်သည် သာမန်ကျင့်ကြံသူတစ်ယောက် မဟုတ်ပေ။ သူက နှစ်ပေါင်းရာချီအသက်ရှင်သန်ခဲ့သော အမြူတေဖွဲ့စည်းခြင်းနယ်ပယ် ကျင့်ကြံသူတစ်ယောက်ဖြစ်လေရာ မည်သို့ကြောင့် သူ့ဆီမှာ အစွမ်းထက်ရတနာများမရှိဘဲ နေမည်နည်း။

အနက်ရောင်မျောက်ဝံဘုရင်၏ မျောက်ဝံလက်က တောင်ကြီးတစ်တောင်နှယ် သူ့အပေါ်သို့ ဖိကျလာနေကြောင်း လီချန်းလန် မြင်သွားသည်။ ယင်း၏ ကြီးကျယ်မြင့်မြတ်သော အရှိန်အဝါအရ မည်သူမှ ထိုဧရာမလက်ကို မခုခံနိုင်ဟန် ရ၏။ ယင်းက အလွန်ကြောက်စရာကောင်းသည်။ သို့သော်လည်း လီချန်းလန်က မကြောက်ပေ။ သူက နှလုံးနာကျင်သော အမူအရာဖြင့် သူ၏ သိုလှောင်အိတ်ထဲမှ အနီရောင်မှော်အဆောင်တစ်ခုကို ထုတ်ယူလိုက်သည်။

ထိုမှော်အဆောင်ပေါ်မှာ လျှို့ဝှက်ဆန်းကြယ်သော မှော်သင်္ကေတအမျိုးမျိုးကို ရေးဆွဲထားသည်။ သာမန်လူများက ယင်းတို့ကို နားလည်နိုင်ကြမည် မဟုတ်ချေ။

သူက ဝိညာဉ်စွမ်းအားကို မှော်အဆောင်ထဲသို့ မြန်ဆန်စွာ ထည့်သွင်းလိုက်သည်။ ချက်ချင်းဆိုသလိုပင် မှော်အဆောင်က ပျောက်ကွယ်သွားသည်။ တစ်ချိန်တည်းမှာ ကြောက်မက်ဖွယ်ကောင်းသော ချီစွမ်းအားက မှော်အဆောင်ပျောက်ကွယ်သွားသော နေရာမှ ထွက်ပေါ်လာသည်။

“ ထန်… ထန်… ထန်… ”

ပေငါးဆယ် သို့မဟုတ် ပေခြောက်ဆယ်ခန့် ရှည်လျားသော မီးနဂါးသုံးကောင်က သူ့အနောက်မှ လေထဲမှာ ရုတ်တရက် ထွက်ပေါ်လာကြသည်။ ၎င်းတို့ကို မီးတောက်မီးလျှံများက အပြည့်ဖုံးလွှမ်းထားသည်။ ၎င်းတို့က မီးတောက်မီးလျှံများမှ ဖွဲ့စည်းသွားသော နဂါးများ ဖြစ်ကြသည်။

မီးနဂါးသုံးကောင် ထွက်ပေါ်လာသည်နှင့်ချက်ချင်း အားကောင်းသော ဖိအားက ၎င်းတို့ထံမှ ပေါက်ကွဲထွက်လာသည်။ ဖိအားက အလွန်ကြီးမားလေရာ ၎င်းတို့၏ ဘေးပတ်ဝန်းကျင်မှ လေဟာနယ်က ပရမ်းပတာ တွန့်လိမ်သွားသည်။ သို့သော်လည်း ကံမကောင်းစွာပင် ၎င်းတို့က မီးနဂါးမျှသာ ဖြစ်၏။ အစစ်အမှန်နဂါးများ မဟုတ်ကြချေ။ ၎င်းတို့ဆီမှာ နဂါးမျိုးနွယ်စုသာလျှင် ပိုင်ဆိုင်သော အံ့ဖွယ်နဂါးအရှိန်အဝါ မရှိပေ။

၎င်းတို့က အစွမ်းထက် မှော်အဆောင်တစ်ခု၏ ဒြပ်ထည်ဖွဲ့စည်းမှုထက် မပိုပေ။

သို့တိုင် ထိုမီးနဂါးများမှ ထုတ်လွှတ်နေသော အရှိန်အဝါက အမြူတေဖွဲ့စည်းခြင်းနယ်ပယ် ကျင့်ကြံသူများကို မျက်နှာပျက်သွားစေရန် လုံလောက်သည်။ မီးနဂါးများသည် ဒေါသတကြီး မျက်လုံးဖွင့်လိုက်ကြပြီး ၎င်းတို့၏ ဦးခေါင်းပေါ်သို့ ကျဆင်းလာနေသော မျောက်ဝံလက်ကို စိုက်ကြည့်လိုက်ကြသည်။ နောက်အခိုက်အတန့်မှာ ၎င်းတို့က မျောက်ဝံလက်ထံသို့ တန်းမတ်စွာ ပျံသန်းသွားကြသည်။ ၎င်းတို့၏ ရွေ့လျားမှုက မိုးမြေကို ပရမ်းပတာ တုန်ခါစေသည်။

“ ဘန်း… ဘန်း… ဘန်း ”

အနက်ရောင်မျောက်ဝံဘုရင်သည် အစောနက ရိုက်ချက်ထဲမှာ သူ့ခန္ဓာကိုယ်ထဲမှ ခွန်အားအားလုံးနီးပါးကို ထည့်သွင်းခဲ့သည်။ အဘယ့်ကြောင့်ဆိုသော် သူက လီချန်းလန်ကို တစ်ချက်တည်းဖြင့် ငရဲပြည်သို့ ပို့ဆောင်ချင်သည်။

သူ၏ လက်ဝါးရိုက်ချက်သည် အမြူတေဖွဲ့စည်းခြင်းနယ်ပယ် ကျင့်ကြံသူတစ်ယောက်ကို အသက်အန္တရာယ်ဖြစ်စေနိုင်ရန် လုံလောက်သည်။ သို့သော် မီးနဂါးကခုန်ခြင်းသည် အစွမ်းထက်သော မန္တန်တစ်ခုဖြစ်သည်။ မီးနဂါးတစ်ကောင်စီသည် အမြူတေဖွဲ့စည်းခြင်းနယ်ပယ် ကျင့်ကြံသူတစ်ယောက်၏ ကြောက်မက်ဖွယ်စွမ်းအားကို သယ်ဆောင်ထားသည်။

နောက်အခိုက်အတန့်မှာ မီးနဂါးသုံးကောင်က ဧရာမမျောက်ဝံလက်နှင့် ထိပ်တိုက် တွေ့ဆုံသွားသည်။

ချက်ချင်းဆိုသလိုပင် ကျယ်လောင်သော ပေါက်ကွဲသံများ တရစပ် ထွက်ပေါ်လာသည်။ အနက်ရောင်မျောက်ဝံဘုရင်၏ လက်က အနောက်သို့ လွင့်စင်သွားစဉ် မီးနဂါးသုံးကောင်သည်လည်း မျောက်ဝံလက်ထဲ၌ ကိန်းအောင်းနေသော ခွန်အားကြောင့် ရပ်တန့်သွားကြသည်။

၎င်းတို့၏ ခန္ဓာကိုယ်ပေါ်မှ မီးတောက်မီးလျှံများက ငြိမ်းသတ်သွားကြပြီး ၎င်းတို့၏ နဂါးခန္ဓာကိုယ်က ပြိုကွဲပျက်စီးသွားသည်။ မီးနဂါးများက အောက်သို့ ပြုတ်ကျသွားကြသည့်အခါ ၎င်းတို့၏ အမြှီးက တောင်ထွတ်ကို ရိုက်ခတ်သွားသည်။ ချက်ချင်းဆိုသလိုပင် တောင်ထွတ်က မီးနဂါးများထံမှ ထုတ်လွှတ်နေသော မီးတောက်များကြောင့် အရည်ပျော်သွားသည်။

“ ဘန်း ဘန်း ဘန်း ”

အနက်ရောင်မျောက်ဝံဘုရင်သည် သူ၏ လက်ကို ပြန်ရုပ်သိမ်းလိုက်သည်။ သူ၏ လက်ဖဝါးပေါ်တွင် အနက်ရောင်အမွှေးအမျှင်များက မီးလောင်ကျွမ်းသွားကြသည်။ ရှင်းလင်းစွာပင် အစောနက ထိပ်တိုက် တွေ့ဆုံမှုတွင် သူက အနည်းငယ် အရေးနိမ့်ခဲ့သည်။

“ မဒူဆာ… ဘာမှမကြောက်နဲ့… ငါကင်းကောင် ဒီမှာရှိနေရင် အဲ့ဒီကျင့်ကြံသူ မင်းကို ဘာမှမလုပ်နိုင်စေရဘူး ”

အနက်ရောင်မျောက်ဝံဘုရင်သည် မဒူဆာကို ကြည့်လိုက်ပြီး ပြုံးပြလိုက်သည်။ ထို့နောက် သူက လီချန်းလန်ကို စိန်းစိန်းဝါးဝါး စိုက်ကြည့်လိုက်သည်။ အလွန်အားကောင်းသော အရှိန်အဝါက သူ့ခန္ဓာကိုယ်ထဲမှ ထွက်ပေါ်လာသည်။

“ အဲ့ဒီကျင့်ကြံသူကို ဒီကနေ အသက်ရှင်ရက် ထွက်မသွားစေနဲ့ ”

မဒူဆာသည် အနက်ရောင်မျောက်ဝံဘုရင် ရောက်လာသည်ကို မြင်သောအခါ သူ့ကို ခေါင်းညိတ်ပြလိုက်သည်။ သို့သော်လည်း လီချန်းလန်ကို စိုက်ကြည့်လိုက်သည့်အခါ သူ၏ မျက်လုံးက အေးစက်သွားသည်။

သူသည်လည်း လီချန်းလန်ကို သေလောက်အောင် မုန်းတီးသည်။ တစ်ဖက်လူသည် သူ့ကို သတ်ဖြတ်ရန် သူအားအနည်းဆုံးအချိန်ကို ရွေးချယ်တိုက်ခိုက်ခဲ့သည်။ ထိုလူ၏ အလစ်တိုက်ခိုက်မှုက သူ့ကို ဒဏ်ရာပြင်းထန်စွာ ရရှိစေသည်။ သူ၏ သန်စွမ်းသော ကျင့်ကြံခြင်းအခြေခံအုတ်မြစ်ကြောင့် မဟုတ်လျှင် သူက နေရာမှာတင် အသက်ဆုံးရှုံးသွားနိုင်သည်။

ထို့ပြင် သူက တစ်ဖက်လူ၏ နောက်ထပ် တိုက်ခိုက်မှုကို ခုခံတားဆီးရန် မြစ်များနှင့် ပင်လယ်များ မှောက်လှန်ခြင်းဟူသော အစွမ်းထက် တိုက်ခိုက်မှုကိုလည်း အတင်းအကျပ် ထုတ်ဖော်ခဲ့ရသည်။ ယင်းက သူ၏ ကျင့်ကြံခြင်းအခြေခံအုတ်မြစ်ကို စတင်ယိမ်းယိုင်စေသည်။

အစောနက သူသည် လီချန်းလန်ကို တိုက်ခိုက်ရန် သူ့ကိုယ်ပိုင်မာန်မာနအပေါ် မှီခိုအားထားခဲ့ရသည်။ အဘယ့်ကြောင့်ဆိုသော် တောင်ပိုင်းမြေရိုင်းဒေသထဲမှ တခြားမိစ္ဆာသားရဲဘုရင်များနှင့် ထိုပုဂ္ဂိုလ်က ဤကျင့်ကြံသူ၏ လက်ထဲမှာ သူကျရှုံးသွားသည်ကို ရပ်ကြည့်နေမည်မဟုတ်ကြောင်း သူသိထားသောကြောင့်ပင်။

အနက်ရောင်မျောက်ဝံဘုရင် ရောက်လာသည့်အခါမှသာ သူက အမှန်တကယ် စိတ်အေးသွားသည်။ ယခု အားအင်ချည့်နဲ့မှုက သူ၏ ခန္ဓာကိုယ်ကို စတင်တိုက်စားလာသည်။ သူက ခေါင်းမူးဝေလာပြီး သတိမေ့မြောတော့မည့် လက္ခဏာများ ဖော်ပြလာသည်။

“ ယုတ်ညံ့တဲ့ ကျင့်ကြံသူ… မင်းက ငါ့ရဲ့ တောင်ပိုင်းမြေရိုင်းဒေသထဲမှာ သတ်ဖြတ်ဖို့ ကြိုးစားရဲတယ်လား… တောင်ပိုင်းမြေရိုင်းဒေသထဲက မိစ္ဆာမျိုးနွယ်စုက သက်သက်လွတ်စားတယ်လို့ မင်းထင်နေတာလား… မင်းသေချာနားထောင်စမ်း… ငါက နေ့တိုင်း အသားစားတယ်… ဒီနေ့ မင်းလွတ်သွားခဲ့ရင် ဒီဘုရင်က တစ်သက်လုံး သက်သက်လွတ်စားမယ်လို့ ကျိန်ဆိုတယ် ”

ထိုစဉ် ရွှေရောင်အလင်းတန်းသည် မြန်ဆန်သော အလျင်နှင့်အတူ တောင်ထွတ်ပေါ်သို့ ဆင်းသက်လာသည်။ သူ့အနောက်မှ လေထဲတွင် ရွှေရောင်ပုံရိပ်များ ကြွင်းကျန်နေခဲ့သည်။ သူက မြေပြင်ပေါ်သို့ ဆင်းသက်ပြီးသည်နှင့်ချက်ချင်း လီချန်းလန်၏ အရှေ့ဘက်ကို ပိတ်ဆို့လိုက်သည်။ ထိုရွှေရောင်ပုံရိပ်သည် ခေါင်းသုံးလုံးရွှေခြင်္သေ့ဘုရင်မှလွဲ၍ တခြားမဟုတ်ပေ။

ဤအခိုက်အတန့်မှာ သူ၏ ဦးခေါင်းသုံးလုံးက သွေးဆာသော အရှိန်အဝါကို ထုတ်လွှတ်လိုက်သည်။ သူ၏ ဘယ်ဘက်နှင့် ညာဘက်မှ ဦးခေါင်းနှစ်လုံးသည်တော့ မျက်လုံးမှိတ်ထားကြဆဲပင်။ အလယ်မှ ဦးခေါင်းသည်သာ ရက်စက်ကြမ်းကြုတ်သော ရှေးဟောင်းအရှိန်အဝါကို ထုတ်လွှတ်နေသည်။ သူက လီချန်းလန်ကို အေးစက်စက် စိုက်ကြည့်နေသည်။

“ မကောင်းတော့ဘူး… တောင်ပိုင်းမြေရိုင်းဒေသရဲ့ မိစ္ဆာသားရဲဘုရင်တွေ ရောက်လာကြပြီ… မဒူဆာရဲ့ စွမ်းအားက ငါမျှော်လင့်ထားတာထက် ကျော်လွန်နေတယ်… ဒီနေ့ သူ့ရဲ့ အမြူတေဓာတ်လုံးကို ထုတ်ယူဖို့ မဖြစ်နိုင်တော့မှာ ငါစိုးရိမ်တယ်… အရေးကြီးဆုံးက အသက်ရှင်ဖို့ပဲ… ဒီကနေ မြန်မြန် ထွက်သွားရမယ်… မဟုတ်ရင် တောင်ပိုင်းမြေရိုင်းဒေသက ငါ့ရဲ့ သင်္ချိုင်းမြေ ဖြစ်လာလိမ့်မယ် ”

လီချန်းလန်သည် လက်ရှိအခြေအနေကို ကောင်းမွန်စွာ မြင်နိုင်သည်။ ထို့ပြင် အစွမ်းထက်သော မိစ္ဆာအရှိန်အဝါများက တခြားဦးတည်ရာများထံမှ မြန်ဆန်စွာ ချဉ်းကပ်လာနေကြကြောင်း သူအာရုံခံနိုင်သည်။

ဤတစ်ကြိမ်တွင် သူက တောင်ပိုင်းမြေရိုင်းဒေသတစ်ခုလုံးကို သတိအနေအထားဝင်ရောက်စေပြီး မိစ္ဆာသားရဲဘုရင်အားလုံးကို ဒေါသထွက်စေခဲ့ကြောင်း သိလိုက်သည်။ ဤနေရာမှာ သူဆက်နေလျှင် ထွက်သွားရန် နောက်ထပ် အခွင့်အရေးမရှိတော့မှာ သူစိုးရိမ်သည်။

မည်သို့ဖြစ်ပါစေ လီချန်းလန်သည် မြေခွေးအိုကြီး ဖြစ်သည်။ အခြေအနေမဟန်တော့ကြောင်း သူမြင်သောအခါ ဆုံးဖြတ်ချက်ချလိုက်သည်။ သူ၏ အတွေးတစ်ချက်ကြောင့် သူ့လက်ထဲမှာ အလင်းရောင် ဝင်းလက်သွားသည်။

နောက်အခိုက်အတန့်မှာ အဖြူရောင်လှေတစ်စင်းက သူ၏ ဦးခေါင်းပေါ်မှာ ထွက်ပေါ်လာသည်။ သူက အပေါ်သို့ ခုန်လိုက်ပြီး လှေပေါ်မှာ ခြေချလိုက်သည်။ ထိုလှေသည် လွင့်မျောတိမ်လှေ ဖြစ်သည်။ လွင့်မျောတိမ်လှေသည် အဖြူရောင်အလင်းကို ထုတ်လွှတ်လိုက်သည်။ လှေသည် မြန်ဆန်စွာ ရွေ့လျားသွားပြီး တောင်ပိုင်းအရပ်ဆီသို့ ဦးတည်သွားသည်။

“ ထွက်ပြေးချင်တယ်လား… ဒီဘုရင်အရှေ့မှာ ရပ်လိုက်စမ်း… မိစ္ဆာမြူနှင်းဓားသွား… သွားစမ်း ”

လီချန်းလန်က တောင်ပိုင်းအရပ်သို့ ထွက်ပြေးသွားတော့မည့်အချိန် မောက်မာထောင်လွှားပြီး လွှမ်းမိုးဗိုလ်ကျသော အော်သံက မိုးမြေကြားမှာ ထွက်ပေါ်လာသည်။ အနက်ရောင်လခြမ်းကွေးဓားတစ်လက်သည် အနက်ရောင်အလင်းတန်းနှင့်အတူ လေကို ဖြတ်သန်းသွားကာ လျှပ်စီးတန်းပမာ အလျင်ဖြင့် မြန်ဆန်စွာ ရွေ့လျားနေသော လွင့်မျောတိမ်လှေပေါ်သို့ အကြမ်းပတမ်း ခုတ်ချလိုက်သည်။

မိစ္ဆာမြူနှင်းဓားသွားသည် ပြိုင်ဘက်ကင်း ထက်ရှမှုနှင့်အတူ လီချန်းလန်ပေါ်သို့ ကျဆင်းသွားသည်။

လီချန်းလန်က နှလုံးခုန်မြန်သွားသည်။

“ ဆန္ဒပြည့်စေအုတ်ခဲ… အစွမ်းကုန်သုံးပြီး ခုခံပါ… ငါ့ကို ကာကွယ်ပေးပါ ”

အော်သံနှင့်အတူ သူ့လက်ထဲမှ ဆန္ဒပြည့်စေအုတ်ခဲက အပေါ်သို့ ပျံသန်းသွားသည်။ ယင်းက လှေ၏ အရှေ့မှာ ထွက်ပေါ်လာပြီး ရွှေရောင်အလင်းကို ထုတ်လွှတ်ပေးလိုက်သည်။ လျှပ်တစ်ပြက်အတွင်းမှာ အုတ်ခဲက ကြီးမားသွားပြီး လှေကို ဒိုင်းကာတစ်ခုပမာ ကာကွယ်ပေးလိုက်သည်။

“ ထန် ထန် ထန် ”

မိစ္ဆာမြူနှင်းဓားသွားသည် ရက်စက်ကြမ်းကြုတ်သော အရှိန်အဝါကို သယ်ဆောင်လျက် ဆန္ဒပြည့်စေအုတ်ခဲကို ခုတ်ပိုင်းလိုက်သည်။ ရက်စက်ကြမ်းကြုတ်သော ဓားချီသည် အံ့ဖွယ်အရှိန်အဟုန်နှင့်အတူ ရွှေရောင်အုတ်ခဲကို အလယ်မှ ခုတ်ပိုင်းလိုက်သည်။

သို့သော်လည်း ဆန္ဒပြည့်စေအုတ်ခဲသည် လီချန်းလန်၏ သက်စောင့်ဓမ္မရတနာ ဖြစ်သည်။ ယင်းက သက်စောင့်ဓမ္မလက်နက်များထက် ပိုပြီးအစွမ်းထက်သည်။ သီရှီထျန်၏ လက်ရှိ မိစ္ဆာမြူနှင်းဓားသွားသည် အုတ်ခဲကို ပိုင်းဖြတ်ရန် အလုံအလောက် မသန်မာသေးပေ။

သို့သော်လည်း မိစ္ဆာမြူနှင်းဓားသွားထဲမှာ ကိန်းအောင်းနေသော အစွမ်းထက်မိစ္ဆာချီက အကြမ်းပတမ်း ပေါက်ကွဲထွက်လာပြီး လီချန်းလန်ကို တားဆီးလိုက်သည်။ သို့ဖြစ်၍ အဝေးသို့ ပျံသန်းသွားတော့မည့် လွင့်မျောတိမ်လှေက လေထဲမှာ ရပ်တန့်သွားသည်။

“ ဘန်း ဘန်း ဘန်း ”

ကျယ်လောင်သော ခြေလှမ်းသံများနှင့်အတူ ပေငါးဆယ်မြင့်မားသော ကျားနက်တစ်ကောင်က တောင်ပိုင်းအရပ်တွင် ရုတ်တရက် ထွက်ပေါ်လာပြီး လီချန်းလန်၏ လမ်းကြောင်းကို တားဆီးပိတ်ဆို့လိုက်သည်။ သူ၏ ခန္ဓာကိုယ်မှ အထွတ်အမြတ် သားရဲဘုရင်အရှိန်အဝါကို ထုတ်လွှတ်နေသည်။ ယင်းက ဒီရေသဖွယ် လီချန်းလန်၏ အပေါ်သို့ ဖိကျလာသည်။

သူ၏ ဦးခေါင်းထက်တွင် မဟူရာမိစ္ဆာချီက မီးခိုးငွေ့ပမာ တလူလူ လွင့်မျောနေသည်။ ထိုကျားနက်သည် ဤနေရာဆီသို့ အပြေးအလွှား ရောက်လာသော သီရှီထျန်မှလွဲ၍ တခြားမဟုတ်ပေ။ သူက အရေးကြီးအခိုက်အတန့်မှာ လီချန်းလန်၏ ထွက်ပြေးမှုကို တားဆီးလိုက်သည်။

“ မင်း ဒီကို ရောက်လာမှတော့ ဒီမှာပဲ နေပါ ”

စူးရှသော အော်သံက ကောင်းကင်ယံမှာ ပဲ့တင်ထပ်သွားသည်။ အရွယ်အစားကြီးမားသော သရဖူနီကြိုးကြာတစ်ကောင်က အတောင်ပံဖြန့်ကား၍ လေထဲမှာ ဝဲပျံနေသည်။ သူ၏ ဘေးပတ်ဝန်းကျင်တွင် အနက်ရောင်မရဏကျီးကန်းအုပ်စုက ကောင်းကင်ကို ဖုံးအုပ်လိုက်သည်။ ကျီးကန်းအုပ်စု၏ အလယ်တွင် မရဏကျီးကန်းဘုရင်က မြေပြင်ပေါ်သို့ အေးစက်စက် စိုက်ကြည့်နေသည်။

သရဖူနီကြိုးကြာဘုရင်နှင့် မရဏကျီးကန်းဘုရင်သည်လည်း တစ်ပြိုင်နက် ရောက်လာကြပြီး မိုးကောင်းကင်ကို ချိတ်ပိတ်လိုက်ကြသည်။

ဤအခိုက်အတန့်မှာ လီချန်းလန်သည် ကောင်းကင်ယံတွင်ဖြစ်စေ မြေပြင်ပေါ်တွင်ဖြစ်စေ လမ်းကြောင်းပိတ်ဆို့ခံလိုက်ရသည်။ ဤသည်မှာ ကြီးမားသော ပိုက်ကွန်တစ်ခုက သူ့အပေါ်ကို ဖုံးအုပ်ထားသည့်အလားပင်။ သီရှီထျန်နှင့် တခြားမိစ္ဆာသားရဲဘုရင်များသည် သူတို့၏ အစွမ်းထက်အရှိန်အဝါကို ထုတ်လွှတ်၍ လီချန်းလန်ကို ဖိနှိပ်လိုက်ကြသည်။

“ မကောင်းတော့ဘူး… ဒီတစ်ကြိမ် ငါတကယ် အန္တရာယ်ကြုံပြီ ”

မိစ္ဆာသားရဲဘုရင်များက လေးဖက်လေးလံ ပိတ်ဆို့ထားကြောင်း သူမြင်သောအခါ လွင့်မျောတိမ်လှေပေါ်မှာ ရပ်နေသော လီချန်းလန်က စိတ်ထဲ၌ ခါးသီးမှုကို ခံစားမိသွားသည်။ အကယ်၍ ဤနေရာမှ သူလွတ်မြောက်ချင်လျှင် ပြင်းထန်သော တိုက်ပွဲတစ်ခုကို သေချာပေါက် သူရင်ဆိုင်ရလိမ့်မည်။

“ ဟား ဟား ဟား… ”

လီချန်းလန်သည် ဘေးပတ်ဝန်းကျင်မှ မိစ္ဆာသားရဲဘုရင်များကို ကြည့်လိုက်ပြီး သူတို့ထံမှ ကြီးမြတ်သော အရှိန်အဝါကို ခံစားလိုက်သည်။ သူက မိုးကောင်းကင်ကို ရုတ်တရက် မော့ကြည့်လိုက်ပြီး ကျယ်လောင်စွာ ရယ်လိုက်သည်။ သူက အချိန်တစ်ခဏကြာ ရယ်ပြီးလျှင် မိစ္ဆာသားရဲဘုရင်များကို အထင်သေးရှုံ့ချစွာ ကြည့်လိုက်သည်။

“ တောင်ပိုင်းမြေရိုင်းဒေသက မိစ္ဆာသားရဲဘုရင်တွေက ငါ့ကို စုပေါင်းတိုက်ခိုက်ချင်တာလား… မင်းတို့မမေ့ကြနဲ့ဦး… ဒီလောကကို လက်ရှိအုပ်စိုးနေတာ ငါတို့လူသားတွေဆိုတာ… မင်းတို့မိစ္ဆာမျိုးနွယ်စုရဲ့ ဂုဏ်ကျက်သရေက အတိတ်မှာ ပြီးဆုံးသွားပြီ… တကယ်လို့ ငါသေသွားရင် မင်းတို့ရဲ့ တောင်ပိုင်းမြေရိုင်းဒေသက အနာဂတ်မှာ ကပ်ဘေးကြီးနဲ့ သေချာပေါက် ရင်ဆိုင်ရလိမ့်မယ် ”

သူ၏ စကားထဲမှာ ခြိမ်းခြောက်သော အဓိပ္ပာယ် ပါဝင်နေပြီး သူ၏ လေသံထဲမှာ သတိပေးသော အရိပ်အမြွက် ရှိသည်။ သူက မိစ္ဆာမျိုးနွယ်စု၏ လက်ရှိအခြေအနေကို အသုံးပြု၍ ခြိမ်းခြောက်လိုက်သည်။ သူ၏ အပေါ်ယံမျက်နှာက တည်ငြိမ်နေသော်လည်း သူ့နှလုံးသားထဲမှာ မည်သည်ကို စဉ်းစားနေကြောင်း မည်သူမှ မသိနိုင်ပေ။

“ ဟွန့်… တောင်ပိုင်းမြေရိုင်းဒေသ ကပ်ဘေးကြုံရမယ် မကြုံရဘူးက မင်းဆုံးဖြတ်ပေးနိုင်တာမို့လို့လား… မင်းဘာပဲပြောပြော ဒီနေ့ တောင်ပိုင်းမြေရိုင်းဒေသကနေ မင်း အသက်ရှင်ရက် မလွတ်မြောက်နိုင်စေရဘူး… ငါတို့မိစ္ဆာသားရဲတွေက မသေမျိုးကျင့်ကြံသူတွေရဲ့ အနိုင်ကျင့်တာကို ခေါင်းငုံ့ခံနေမယ့် ငကြောက်တွေမဟုတ်ဘူး… မင်းဘယ်လောက်ပဲ လျာစောင်းထက်ပါစေ ငါတို့ရဲ့ စိတ်ဓာတ်ပြတ်သားမှုကို မယိမ်းယိုင်စေနိုင်ဘူး… ဒီနေ့ မင်းသေချာပေါက် အသတ်ခံရမယ် ”

ယင်းကို သီရှီထျန်ကြားသောအခါ သူက အထင်သေးရှုံ့ချစွာ ပြောသည်။ ယခင်ဘဝတွင် သူက လူသားတစ်ယောက်ဖြစ်ခဲ့လေရာ လူသားများ၏ စိတ်နေသဘောထားအကြောင်း ကောင်းကောင်း သူနားလည်သည်။

ယင်းက ယခင်ဘဝတွင် သူကြုံခဲ့ဖူးသော ဒုတိယမျိုးဆက်မှ သူဌေးသားသမီးများနှင့် ဆင်တူသည်။ သူတို့သည် အခက်အခဲ တစ်စုံတစ်ရာနှင့် ရင်ဆိုင်ရသည့်အခါ သူတို့မိဘများနှင့် မိသားစု၏ ဩဇာအာဏာကို ငှားယူသုံးကြလိမ့်မည်။ သူက အတိတ်မှာ ထိုသို့အခြေအနေကို ကြိမ်ဖန်များစွာ ကြုံခဲ့ဖူးသည်။ သို့ဖြစ်လေရာ စကားတစ်ခွန်းဖြင့် သူ၏ ဆုံးဖြတ်ချက်ကို ပြောင်းလဲပစ်ရန်သည် မဖြစ်နိုင်ပေ။

“ ဟုတ်တယ်… ဒီတစ်ကြိမ် ငါကင်းကောင်က မင်းကို သေတဲ့အထိ ရိုက်နှက်ပစ်မယ် ”

အနက်ရောင်မျောက်ဝံဘုရင်၏ အော်သံက မိုးခြိမ်းသံပမာ ကျယ်လောင်စွာ ထွက်ပေါ်လာသည်။ သူက လီချန်းလန်အပေါ် သူ၏ သတ်ဖြတ်ချင်စိတ်ကို လုံးဝ ဖုံးကွယ်မထားပေ။

အခန်း(၁၄၆)

“ တောင်ပိုင်းမြေရိုင်းဒေသရဲ့ မိစ္ဆာသားရဲဘုရင်တွေက နာမည်ကျော်ကြားတဲ့ မိစ္ဆာသူရဲကောင်းတွေလို့ ငါကြားဖူးတယ်… ကြည့်ရတာ အဲ့ဒါက ကောလဟာလသက်သက်ပဲ ဖြစ်မယ် ”

လီချန်းလန်က စိတ်ထဲမှာ ကိုယ့်ကိုယ်ကိုယ် ခါးသီးစွာ ရယ်လိုက်ပြီး ပြောသည်။ သို့သော်လည်း ယင်းကို သူ၏ မျက်နှာပေါ်မှာ မဖော်ပြပေ။ ခြိမ်းခြောက်မှုအရှိန်အဝါကို ထုတ်လွှတ်နေကြသော သူ၏ ဘေးပတ်ပတ်လည်မှ မိစ္ဆာသားရဲဘုရင်များကို ကြည့်လိုက်သည့်အခါ သူက မျက်လုံးဝင်းလက်သွားသည်။

အကြည့်တစ်ချက်ဖြင့်ပင် ထိုမိစ္ဆာသားရဲဘုရင်များက သူ့ကို မည်မျှဒေါသထွက်နေကြကြောင်း မြင်နိုင်ပေသည်။

မည်သို့ဖြစ်ပါစေ ယင်းက ပေါ်တင်ရန်စခြင်း ဖြစ်သည်။

တောင်ပိုင်းမြေရိုင်းဒေသထဲ၌ ကပ်ဘေးဒုက္ခကျော်လွှားပြီးသော မိစ္ဆာမျိုးနွယ်ဝင်တစ်ကောင်ကို တိုက်ခိုက်ခြင်းသည် သာမန်ကိစ္စ မဟုတ်ပေ။ ယင်းက တောင်ပိုင်းမြေရိုင်းဒေသမှ မိစ္ဆာမျိုးနွယ်စုကို ပါးရိုက်လိုက်ခြင်းပင် ဖြစ်သည်။ သို့ဖြစ်၍ တောင်ပိုင်းမြေရိုင်းဒေသထဲမှ မိစ္ဆာသားရဲဘုရင်များ ထိုမျှအကြီးအကျယ် ဒေါသထွက်နေခြင်းက ထူးဆန်းသောအရာ မဟုတ်ပေ။

ထိုသို့ရန်စခြင်းကို ရန်သူ၏ သွေးဖြင့် ဆေးကြောမှသာ ဖြေသိမ့်နိုင်လိမ့်မည်။

လီချန်းလန်သည် သူလုပ်ဆောင်ခဲ့သောအရာကို ရှင်းလင်းစွာ သိသည်။ အစက သူမျှော်လင့်ထားသည်မှာ မဒူဆာသည် ကပ်ဘေးဒုက္ခကျော်လွှားပြီးနောက် အလွန်အားနည်းနေလိမ့်မည်။ ထိုအချိန်မှာ သူက အလစ်လုပ်ကြံပြီး သူ့ကို တစ်ချက်တည်း သတ်ပစ်မည်။ သို့သော်လည်း တစ်ဖက်လူက သူ၏ တိုက်ခိုက်မှုကို ခုခံကာကွယ်နိုင်ခဲ့မည်ဟု မည်သူက မျှော်လင့်ထားမည်နည်း။ ထိုမျှသာ မဟုတ်ပေ။ တစ်ဖက်လူက သူနှင့် အချိန်တစ်ခဏကြာအောင် တိုက်ခိုက်နိုင်ခဲ့သည်။ ယင်းက တခြားမိစ္ဆာသားရဲဘုရင်များ ရောက်ရှိလာစေရန် အချိန်ဆွဲထားပေးသကဲ့သို့ ဖြစ်သွား၏။

ခြေတစ်လှမ်းမှားသည့်အခါ နောက်ထပ် ခြေလှမ်းများက လွဲမှားသွားသည်။

အခြေအနေက မျက်စိတစ်မှိတ်အတွင်းမှာ ပြောင်းပြန်ဖြစ်သွားသည်။ လက်ရှိအခြေအနေအရ ဤနေရာမှ သူထွက်သွားရန် မလွယ်ကူတော့ပေ။ သူက ဤနေရာမှ ထွက်သွားနိုင်မည့် အကောင်းဆုံး အခွင့်အရေးကို ဆုံးရှုံးသွားသည်။

“ ဟွန့်… အရှက်မဲ့တဲ့ ကျင့်ကြံသူ… မင်း မဟုတ်တာတွေ လျှောက်ပြောမနေနဲ့ ”

အနက်ရောင်မျောက်ဝံဘုရင်က ဒေါသတကြီး အော်ပြောလိုက်သည်။ သူ၏ အော်သံက မိုးခြိမ်းသံပမာ ကျယ်လောင်စွာ ပဲ့တင်ထပ်သွားသည်။

“ ငါပြောတာ မှားလို့လား… မင်းတို့အားလုံးက မိစ္ဆာသားရဲဘုရင်တွေ ဖြစ်ကြတယ်… တကယ်လို့ မင်းတို့တစ်ယောက်စီက မိစ္ဆာမျိုးနွယ်စုရဲ့ သူရဲကောင်းတွေဆိုရင် ဘာဖြစ်လို့ ငါ့လို ကျင့်ကြံသူတစ်ယောက်ကို အုပ်စုဖွဲ့ပြီး အနိုင်ကျင့်ရတာလဲ… ဒီသတင်းသာ အပြင်ကို ပျံ့နှံ့သွားရင် မင်းတို့ရဲ့ ဂုဏ်သိက္ခာက မြောင်းထဲ ရောက်ကုန်မှာ ငါစိုးရိမ်တယ် ”

အနက်ရောင်မျောက်ဝံဘုရင်၏ တုံ့ပြန်မှုကို ကြားသောအခါ လီချန်းလန်က စိတ်ထဲမှာ ဝမ်းသာသွားသည်။

‘ ငါက မင်းတို့ပြန်မပြောမှာကို စိုးရိမ်နေတာ… အခုလို တုံ့ပြန်လာရင် ဒီအခြေအနေကို ပြောင်းလဲပစ်ဖို့ ငါ့မှာ နည်းလမ်းရှိတယ်… မိစ္ဆာသားရဲတွေက ဉာဏ်ကောင်းပေမဲ့ ငါ့လို နှစ်ပေါင်းများစွာ အသက်ရှင်သန်ခဲ့တဲ့ မြေခွေးအိုကြီးကို ယှဉ်နိုင်မယ်တဲ့လား ’

စကားပြောလိုက်သည့်အခါ လီချန်းလန်၏ အမူအရာက ပြောင်းလဲသွားသည်။ သူ့စကား၏ နောက်ကွယ်မှ အဓိပ္ပာယ်ကို မည်သူမဆို အကြမ်းဖျဉ်း ခန့်မှန်းနိုင်ပေသည်။

မိစ္ဆာသားရဲဘုရင်များက အုပ်စုဖွဲ့၍ သူ့ကို တိုက်ခိုက်နေကြလေရာ မိစ္ဆာမျိုးနွယ်စု၏ သူရဲကောင်းများဟု ခေါ်ဆိုရန် မထိုက်တန်ပေ။ တစ်နည်းဆိုရလျှင် သူက စကားကျွမ်းကျင်မှုကို အသုံးပြု၍ မိစ္ဆာသားရဲဘုရင်များ၏ အုပ်စုဖွဲ့မှုကို သူတို့ဘာသာ ဖျက်သိမ်းစေချင်သည်။ ထိုနည်းဖြင့်ဆိုလျှင် သူက ဤနေရာမှ ထွက်ပြေးရန် အခွင့်အရေးတစ်ခု ရှာဖွေနိုင်လိမ့်မည်။

“ မင်း ဘာစကားပြောတယ် ”

စိတ်တိုလွယ်သော အနက်ရောင်မျောက်ဝံဘုရင်က ယင်းကို ကြားသောအခါ ချက်ချင်း ဒေါသူပုန်ထသွားသည်။ သူက အရှေ့သို့ ခုန်လိုက်ပြီး ဒေါသတကြီး အော်ပြောသည်။

“ ငါကင်းကောင်က မင်းကို ကြောက်တယ်လို့များ ထင်နေလား… ဒီနေ့ ဘယ်သူ့အကူအညီမှ ငါမယူဘူး… ငါမင်းကို လက်တစ်ဖက်တည်းနဲ့ ရိုက်သတ်ပစ်မယ် ”

သူက စကားပြောနေရင်း သူ၏ တုတ်ခိုင်သန်မာသော လက်မောင်းများကို ဝှေ့ယမ်းလိုက်သည်။ ကြည့်ရသည်မှာ သူက အရှေ့သို့ ပြေးထွက်သွားပြီး လီချန်းလန်ကို တစ်ယောက်တည်း တိုက်ခိုက်တော့မည့်ဟန် ရ၏။

“ ကင်းကောင်… အဲ့မြေခွေးအိုကြီးရဲ့ လှည့်ကွက်ထဲ မဝင်သွားနဲ့… သူက ငါတို့ကို ရန်စပြီး သူ့အတွက် လွတ်မြောက်နိုင်မယ့် အခွင့်အရေးတစ်ခုကို ဖန်တီးချင်နေတာ ”

စက်ကရာသည် လီချန်းလန်၏ အကြံအစည်ကို ထွင်းဖောက်မြင်နိုင်သောကြောင့် သူ့ကို အေးစက်စက် စိုက်ကြည့်လိုက်သည်။ သူက တစ်ဖက်လူ၏ လှည့်ကွက်ကို ရှင်းလင်းစွာ သိထားသည်။ အကြည့်တစ်ချက်ဖြင့်ပင် အနက်ရောင်မျောက်ဝံဘုရင်က သူတို့ထဲမှာ စိတ်တိုလွယ်သူဖြစ်ပြီး ထိန်းချုပ်ရလွယ်ကူကြောင်း မြင်နိုင်ပေသည်။ ထို့ကြောင့် သူတို့ထဲမှာ အနက်ရောင်မျောက်ဝံဘုရင်က ရန်သူ၏ လှည့်ကွက်ထဲသို့ ကျရောက်သွားရန် အလွယ်ကူဆုံး ဖြစ်သည်။

ထို့ကြောင့် စက်ကရာက အနက်ရောင်မျောက်ဝံဘုရင်ကို အမြန်သတိပေးလိုက်သည်။

ယင်းကို ကြားသောအခါ အရှေ့သို့ ပြေးသွားတော့မည့် အနက်ရောင်မျောက်ဝံဘုရင်က ယာယီရပ်တန့်သွားသည်။ သို့သော်လည်း သူ့မျက်လုံးထဲမှ ဒေါသမီးက ပိုပြီးတောက်လောင်လာသည်။

ယင်းကို လီချန်းလန် မြင်သောအခါ သူက နှလုံးခုန်မြန်သွားသည်။ ဤမိစ္ဆာသားရဲအုပ်စုက ရင်ဆိုင်ရန် မလွယ်ကူကြောင်း နောက်ဆုံးမှာ သူသိသွားသည်။ သူက သီရှီထျန်ကို လှည့်ကြည့်လိုက်သည်။ ဧရာမကျားနက်ကို မြင်သွားသောအခါ သူက မျက်လုံးအရောင်တောက်သွားသည်။

ထိုကျားနက်က လီမိသားစု၏ ဘိုးဘေးရတနာဖြစ်သော ဝိညာဉ်သံလိုက်အိမ်မြှောင်ကို ရရှိထား‌သည့် မိစ္ဆာကျားဖြစ်ကြောင်း ချက်ချင်း သူသိလိုက်သည်။

“ ဒီကျားက တကယ် သာမန်မဟုတ်ဘူး ”

လီချန်းလန်က စိတ်ထဲမှာ တိတ်တဆိတ် ရေရွတ်လိုက်သည်။

သီရှီထျန်က နှာခေါင်းရှုံ့လိုက်ပြီး ပြောသည်။

“ အားလုံးပဲ… ဒီမသေမျိုးကျင့်ကြံသူက ငါတို့ရဲ့ တောင်ပိုင်းမြေရိုင်းဒေသထဲ ကျူးကျော်ဝင်ရောက်လာပြီး မဒူဆာကို အရှက်မရှိ ခိုးကြောင်ခိုးဝှက် တိုက်ခိုက်ခဲ့တယ်… ဒါက သူက ငါတို့ရဲ့ တောင်ပိုင်းမြေရိုင်းဒေသကို မျက်စိထဲမထည့်ဘူးဆိုတာ ထင်ရှားတယ်… သူ့ကို ဒီနေ့ ငါတို့လွှတ်ပေးလိုက်ရင် ငါတို့ရဲ့ တောင်ပိုင်းမြေရိုင်းဒေသက သေလောက်အောင် အရှက်ရလိမ့်မယ်… ဒီလိုလူမျိုးရဲ့ အရှေ့မှာ တရားမျှတမှုအကြောင်း ပြောနေစရာမလိုဘူး… အားလုံးပဲ သူ့ကို သတ်ပစ်ပြီး ငါတို့မိစ္ဆာမျိုးနွယ်စုက အားနည်းပေမဲ့ အနိုင်ကျင့်သမျှ ငြိမ်ခံနေမယ့် ငကြောက်တွေမဟုတ်ဘူးဆိုတာ လောကကို အသိပေးရမယ် ”

သီရှီထျန်သည် မိစ္ဆာအဖြစ် မွေးဖွားလာကတည်းက မသေမျိုးကျင့်ကြံသူများနှင့် ငြိမ်းချမ်းစွာ အတူတကွ ယှဉ်တွဲနေထိုင်ရန် လက်လျော့လိုက်သည်။ အနည်းငယ် အလျော့ပေးရုံဖြင့် မိစ္ဆာမျိုးနွယ်စု၏ အခြေအနေက ပိုပြီးကောင်းမွန်လာလိမ့်မည် မဟုတ်ချေ။ သူတို့က ပိုပြီးအလျော့ပေးလေ သူတို့၏ အခြေအနေက ပိုပြီးခက်ခဲလာလေ ဖြစ်သည်။

သီရှီထျန်၏ အမြင်စွမ်းရည်အရ ထိုအခြေအနေကို မည်သို့ကြောင့် သူမမြင်ဘဲ နေမည်နည်း။ တောင်ပိုင်းမြေရိုင်းဒေသထဲမှာ သူနေထိုင်နေစဉ်အတောအတွင်း ထိုခံစားမှုကို တွေ့ကြုံခဲ့သည်။ အနောက်ဆုတ်ခြင်းသည် ပြီးပြည့်စုံသော ဖြေရှင်းနည်း မဟုတ်ပေ။

သူ၏ အမြင်မှာ မသေမျိုးကျင့်ကြံသူများကို ခြိမ်းခြောက်ရန် သူတို့၏ အင်အားကိုလည်း ထုတ်ဖော်ပြသင့်သည်။

သူက မသေမျိုးကျင့်ကြံခြင်းလောကကို ဤသို့ကြေညာချင်သည်။

‘ မင်းငါ့ကို သတ်ဖို့ ရည်ရွယ်ထားရင် ငါကလည်း မင်းကို ပြန်သတ်နိုင်တယ် ’

သူတို့၏ မိစ္ဆာမျိုးနွယ်စုက လောလောဆယ် အားနည်းနေသော်လည်း မသေမျိုးကျင့်ကြံသူများကို သတိပေးရန် သူတို့၏ အင်အားတချို့ကို ထုတ်ဖော်ပြခြင်းက သင့်တော်ပေသည်။

“ အကိုသီပြောတာ မှန်တယ်… ဒီလို လူယုတ်မာကို ဘာမှထပ်ပြောနေစရာမလိုဘူး… အားလုံးပဲ အတူတူ တိုက်ကြရအောင် ”

ခေါင်းသုံးလုံးရွှေခြင်္သေ့ဘုရင်က သီရှီထျန်၏ စကားကို ချက်ချင်း ထောက်ခံလိုက်သည်။

“ ငါတို့ သူ့ကို ဒီကနေ အသက်ရှင်ရက် ပြန်မလွှတ်နိုင်ဘူး ”

မရဏကျီးကန်းဘုရင်ကို သေခြင်းအရှိန်အဝါက ဖုံးလွှမ်းထားသည်။ သူ၏ အက်ရှရှ စကားသံထဲမှာ သေခြင်းစိတ်ဆန္ဒ ကိန်းအောင်းနေသည်။

“ ကျီး ”

သရဖူနီကြိုးကြာဘုရင်သည် မဒူဆာကို ကြည့်လိုက်သည်။ မဒူဆာ၏ မျက်နှာက ဖြူဖျော့နေပြီး သူ၏ နှုတ်ခမ်းထောင့်မှာ သွေးစီးကြောင်းတစ်ခုရှိနေကြောင်း မြင်လိုက်ရသောအခါ သူက လည်ပင်းကို ဆန့်လိုက်ပြီး စူးရှသော အော်မြည်သံကို ထုတ်ဖော်လိုက်သည်။ သူက မည်သည့်စကားမှ မပြောပေ။ သို့သော်လည်း အဖြူရောင်မိစ္ဆာအလင်းက သူ၏ အတောင်ပံနှစ်ဖက်ထံမှ ရုတ်တရက် ထွက်ပေါ်လာသည်။

“ ထန် ထန် ထန် ”

သတ္ထုမြည်သံများ တရစပ် ထွက်ပေါ်လာသည်။ ယင်းက ဓားအိမ်ထဲမှ ဓားဆွဲထုတ်လိုက်သော မြည်သံနှင့် ဆင်တူသည်။

သူ၏ အတောင်ပံများပေါ်မှ ငှက်မွှေးများက ချွန်ထက်သော မြားများသဖွယ် ပျံသန်းထွက်လာကြသည်။ ငှက်မွှေးများ၏ မျက်နှာပြင်ပေါ်တွင် သတ္ထုအလင်းရောင်က ထွက်ပေါ်နေသည်။ အေးစက်စက်အလင်းက မှိတ်တုတ်မှိတ်တုတ် လင်းလက်သွားသည့်အခါ နားဝင်စူးရှသော လေခွင်းသံများ ထွက်ပေါ်လာသည်။

မျက်စိတစ်မှိတ်အတွင်းမှာ ရာပေါင်းများစွာသော အဖြူရောင်ငှက်မွှေးများက လီချန်းလန်၏ ခန္ဓာကိုယ်ဆီသို့ ဦးတည်သွားကြသည်။ ငှက်မွှေးတစ်ချောင်းစီက ဓားထိပ်ဖျားကဲ့သို့ ချွန်ထက်သည်။ ယင်းတို့က အလွန်ချွန်ထက်ရုံမျှသာမဟုတ်ဘဲ အားကောင်းသော မိစ္ဆာစွမ်းအားကလည်း ငှက်မွှေးများထဲမှာ ကိန်းအောင်းနေသည်။ ယင်းတို့ထဲမှ မည်သည့်ငှက်မွှေးမဆို စိန်ကို အလွယ်တကူ ထိုးဖောက်ပစ်နိုင်သည်။

ယင်းတို့က ထက်ရှသော ဓားရှည်တစ်သောင်းပမာ လေကို တစ်ပြိုင်နက် ဖြတ်သန်းသွားကြသည်။

သတ်ဖြတ်ခြင်းစိတ်ဆန္ဒက ထပ်မံ ပေါ်လျှိုးလာသည်။

သရဖူနီကြိုးကြာဘုရင်က စတင်တိုက်ခိုက်လိုက်ကြောင်း လီချန်းလန် မြင်သောအခါ သူက စိတ်ထဲမှာ ခါးသက်သက် ပြုံးလိုက်သည်။ ဤတစ်ကြိမ်တွင် သူအနောက်ပြန်မလှည့်နိုင်တော့ကြောင်း သိလိုက်သည်။ သူက သတ်ဖြတ်ခြင်းအရှိန်အဝါ၏ ပစ်မှတ်ထားခြင်းခံလိုက်ရသည်။ သူလွတ်မြောက်နိုင်မည့် အခွင့်အရေးက ပိုပြီးနည်းပါးသွားသည်။ သို့သော်လည်း သူက ထိုအတွက်ကြောင့် စိတ်မပျက်သွားပေ။ မည်သို့ဖြစ်ပါစေ သူက နှစ်ပေါင်းရာချီအသက်ရှင်သန်ခဲ့သော မြေခွေးအိုကြီး မဟုတ်ပါလော။ သူက မည်သို့ကြောင့် အလွယ်တကူ လက်လျော့ရမည်နည်း။ အသက်ရှင်ရန် အခွင့်အရေးသေးသေးလေး ရှိလျှင်ပင် သူက လက်လျှော့လိမ့်မည် မဟုတ်ချေ။

“ ငါ လီချန်းလန်က နှစ်ပေါင်းရာချီ အသက်ရှင်သန်ခဲ့တယ်… ဒီနေ့ ငါက တောင်ပိုင်းမြေရိုင်းဒေသထဲမှာ ကျဆုံးသွားလိမ့်မယ်လို့ ငါမယုံဘူး… ငါ့ရဲ့ ဆန္ဒပြည့်စေအုတ်ခဲကို ကြည့်လိုက်… တားဆီးစမ်း… တားဆီးစမ်း ”

လီချန်းလန်၏ မျက်နှာပေါ်မှာ စိတ်ဓာတ်ပြတ်သားမှု ထွက်ပေါ်လာသည်။ ဆန္ဒပြည့်စေအုတ်ခဲက သူ၏ လက်ထဲမှ ထပ်မံ ပျံသန်းထွက်သွားသည်။

“ ဘန်း ဘန်း ဘန်း ”

အုတ်ခဲသည် မရေမတွက်နိုင်သော ရွှေရောင်အလင်းတန်းများကို ထုတ်လွှတ်လိုက်သည်။ ရွှေရောင်အလင်းအောက်မှာ ဆန္ဒပြည့်စေအုတ်ခဲက ရုတ်တရက် အဆမတန် ကြီးမားကျယ်ပြောသွားသည်။ မျက်စိတစ်မှိတ်အတွင်းမှာ အုတ်ခဲက တောင်ကြီးတစ်တောင်နှယ် ကြီးမားသွားပြီး သူ၏ ဦးခေါင်းပေါ်မှာ ကာကွယ်ပေးလိုက်သည်။

မရေမတွက်နိုင်သော မှော်သင်္ကေတများက ဆန္ဒပြည့်စေအုတ်ခဲ၏ မျက်နှာပြင်ပေါ်မှာ အရူးအမူး ထွက်ပေါ်လာကြသည်။ ဓမ္မရတနာတစ်ခု၏ စွမ်းအားက ဤအခိုက်အတန့်မှာ အပြည့်အဝ ထွက်ပေါ်လာသည်။

ဓားရှည်များနှင့်ဆင်တူသော ငှက်မွှေးများက ဆန္ဒပြည့်စေအုတ်ခဲ၏ ခုခံတားဆီးခြင်းခံလိုက်ရသည်။ ယင်းတို့က ဆန္ဒပြည့်စေအုတ်ခဲပေါ်သို့ ကျဆင်းသွားသည့်အခါ သတ္ထုမြည်သံများ ထွက်ပေါ်လာသည်။ ဤသည်မှာ ဓားများက သတ္ထုနံရံပေါ်ကို ထိမှန်သွားသည့်အလားပင်။ မည်သို့ဖြစ်ပါစေ ဆန္ဒပြည့်စေအုတ်ခဲက ဓမ္မရတနာတစ်ခု မဟုတ်ပါလော။ ရွှေရောင်အလင်းက တအိအိလှုပ်ခတ်သွားသော်လည်း အုတ်ခဲက မည်သည့်ထိခိုက်ပျက်စီးမှုမှ မဖြစ်သွားပေ။

“ ဘယ်လောက်ကြီးလိုက်တဲ့ အုတ်ခဲလဲ… အဲ့ဒါကို ငါ့ရဲ့ လက်ဝါးတစ်ချက်နဲ့ ဖျက်ဆီးပစ်မယ် ”

ဆန္ဒပြည့်စေအုတ်ခဲက တောင်ကြီးတစ်တောင်နှယ် အရွယ်အစားကြီးမားသွားကြောင်း အနက်ရောင်မျောက်ဝံဘုရင် မြင်သောအခါ သူက လျှာထုတ်လိုက်ပြီး နှုတ်ခမ်းသပ်လိုက်သည်။ သူ၏ မျက်လုံးထဲ၌ သွေးဆာလောင်မှု ထွက်ပေါ်လာပြီး သူ၏ ခန္ဓာကိုယ်ပေါ်မှာ တိုက်ပွဲစိတ်ဝိညာဉ်ဖြင့် ပြည့်နှက်သွားသည်။

“ ဗုန်း ”

သူက အရှေ့သို့ ကြမ်းတမ်းစွာ ခြေတစ်လှမ်း လှမ်းလိုက်သည်။ ကြောက်မက်ဖွယ်ကောင်းသော အင်အားက တောင်ထွတ်ပေါ်သို့ ကျဆင်းလာသည်။ ယင်းက တောင်ကို ပြင်းထန်စွာ တုန်ယင်သွားစေသည်။ အနက်ရောင်မျောက်ဝံဘုရင်၏ လက်သည်းက ရုတ်တရက် ကြီးမားကျယ်ပြောသွားသည်။ မိစ္ဆာချီ၏ သွန်းလောင်းမှုကြောင့် မျောက်ဝံလက်သည်းက တောင်ကြီးတစ်တောင်နှယ် ကြီးမားသွားသည်။

ရိုင်းစိုင်းကြမ်းကြုတ်ပြီး လွှမ်းမိုးဗိုလ်ကျသော အရှိန်အဝါက မိုးမြေကို ဖုံးလွှမ်းသွားသည်။ မိုးမြေကို ဖောက်ထွင်းနိုင်သော အရှိန်အဝါက ထပ်မံ ထွက်ပေါ်လာသည်။ အနက်ရောင်မျောက်ဝံဘုရင်က သူ၏ ဧရာမလက်သည်းကို အောက်သို့ ရိုက်ချလိုက်လေရာ လေက ဒြပ်ထည်ရှိသွားဟန် ရ၏။

မျောက်ဝံလက်သည်း ကျဆင်းလာသည့်အခါ ဘေးပတ်ဝန်းကျင်မှ လေဟာနယ်က ပြိုကွဲသွားသည်။ ရိုင်းစိုင်းကြမ်းကြုတ်သော အင်အားက အနက်ရောင်မျောက်ဝံဘုရင်၏ လက်သည်းထံမှ အရူးအမူး ပေါ်လျှိုးလာသည်။

“ ဗုန်း ”

အနက်ရောင်မျောက်ဝံဘုရင်၏ လက်သည်းက အရွယ်အစားကြီးမားလေရာ ယင်းကို တိမ်းရှောင်ရန် မဖြစ်နိုင်ပေ။ ယင်းက ဆန္ဒပြည့်စေအုတ်ခဲပေါ်သို့ ကြမ်းတမ်းစွာ ရိုက်ချသွားသည်။

အခန်း(၁၄၇)

“ ဗုန်း ”

ထိုတွေ့ဆုံမှုက မိုးနှင့်မြေ အပြန်အလှန် တွေ့ဆုံသွားကြသည့်အလားပင်။ ဆန္ဒပြည့်စေအုတ်ခဲက ထွန်းလင်းတောက်ပသော ရွှေရောင်အလင်းတန်း ရာထောင်ချီကို ထုတ်လွှတ်လိုက်သည်။ မရေမတွက်နိုင်သော မှော်သင်္ကေတများက ဆန္ဒပြည့်စေအုတ်ခဲထံမှ အရူးအမူး ထွက်ပေါ်လာကြပြီး အနက်ရောင်မျောက်ဝံဘုရင်၏ လက်သည်းရိုက်ချက်ကို ခုခံတားဆီးလိုက်သည်။

သို့သော်လည်း မျောက်ဝံဘုရင်၏ လက်သည်းထဲမှာ ကိန်းအောင်းနေသော ကြောက်မက်ဖွယ်ခွန်အားကြောင့် အရေအတွက်များပြားသော မှော်သင်္ကေတများက အက်ကွဲသွားကြသည်။ နောက်အခိုက်အတန့်မှာ အနက်ရောင်မျောက်ဝံဘုရင်၏ လက်သည်းက ဆန္ဒပြည့်စေအုတ်ခဲ၏ မျက်နှာပြင်ပေါ်သို့ ကြမ်းတမ်းစွာ ကျဆင်းသွားသည်။ ချက်ချင်းဆိုသလိုပင် အနက်ရောင်မျောက်ဝံဘုရင်၏ ခြေဖဝါးအောက်မှ တောင်ထွတ်က အပြင်းအထန် တုန်ခါသွားသည်။

တောင်ထိပ်ပေါ်မှစတင်၍ မရေမတွက်နိုင်သော အက်ကွဲကြောင်းများက တောင်အောက်ခြေအထိ ပျံ့နှံ့သွားကြသည်။ ဧရာမကျောက်တုံးကြီးများက ကျယ်လောင်သော မြည်သံနှင့်အတူ ပေါက်ကွဲသွားကြပြီး သေးငယ်သော ကျောက်တုံးအပိုင်းအစများက အရပ်မျက်နှာအသီးသီးဆီသို့ လွင့်စင်သွားကြသည်။

“ ဆန္ဒပြည့်စေအုတ်ခဲ… လှည့်စမ်း… လှည့်စမ်း ”

လီချန်းလန်သည် အနက်ရောင်မျောက်ဝံဘုရင်၏ လက်သည်းထံမှ ထုတ်လွှတ်နေသော ကြောက်မက်ဖွယ်ခွန်အားကို ခံစားမိသွားသည်။ ရုတ်တရက်ဆိုသလို သူ၏ ခန္ဓာကိုယ်ပေါ်မှာ အစိမ်းရောင်စစ်ချပ်ဝတ်တစ်ထည် ထွက်ပေါ်လာသည်။ ယင်းကို စစ်ချပ်ဝတ်ဟု ခေါ်မည့်အစား နွယ်ချပ်ဝတ်ဟု ခေါ်ခြင်းက ပိုပြီးသင့်တော်လိမ့်မည်။ အဘယ့်ကြောင့်ဆိုသော် စစ်ချပ်ဝတ်တစ်ခုလုံးကို ထူးဆန်းသော အစိမ်းရောင်နွယ်ပင်များဖြင့် ရက်လုပ်ထားသောကြောင့်ပင်။ ထို့ကြောင့် စစ်ချပ်ဝတ်က အစိမ်းရောင်အလင်းကို ထုတ်လွှတ်နေသည်။

ထိုစစ်ချပ်ဝတ်ကို ဝတ်ဆင်လိုက်သည့်အခါ ရဲစွမ်းသတ္တိရှိသော အရှိန်အဝါက သူ၏ ခန္ဓာကိုယ်ပေါ်မှာ ထွက်ပေါ်လာသည်။ သူ၏ လက်ဖြင့်လည်း ချိပ်တံဆိပ်သင်္ကေတတစ်ခုကို ဖွဲ့စည်းလိုက်သည်။

ချိပ်တံဆိပ်သင်္ကေတက ဆန္ဒပြည့်စေအုတ်ခဲထဲသို့ ဝင်ရောက်သွားသည်။

ရုတ်တရက်ဆိုသလို ဆန္ဒပြည့်စေအုတ်ခဲထံမှ ထုတ်လွှတ်နေသော မှော်သင်္ကေတများက ပိုပြီးများပြားလာသည်။ ထို့ပြင် ဆန္ဒပြည့်စေအုတ်ခဲက မြန်ဆန်စွာ လှည့်ပတ်သွားသည်။ ဆန္ဒပြည့်စေအုတ်ခဲ၏ လှည့်ပတ်မှုကြောင့် အနက်ရောင်မျောက်ဝံဘုရင်၏ လက်သည်းထံမှ ကြောက်မက်ဖွယ်ခွန်အားက လွင့်ပြယ်သွားသည်။ ယင်းက သူ့အပေါ်သို့ ကျရောက်လာမည့်အစား ဘေးပတ်ဝန်းကျင်မှ တောင်ထွတ်များပေါ်သို့ ကျဆင်းသွားသည်။ ယင်းက တောင်ထွတ်၏ ပြိုကျပျက်စီးမှုအလျင်ကို ပိုမိုမြန်ဆန်စေသည်။

“ ချလွင် ချလွင် ချလွင် ”

သတ္ထုမြည်သံများနှင့်အတူ သီရှီထျန်၏ အေးစက်စက်အသံက ထွက်ပေါ်လာသည်။

“ မိစ္ဆာမြူနှင်းဓားသွားတွေ… အဲ့ဒီစစ်ချပ်ဝတ်ကို ပိုင်းဖြတ်လိုက်ကြစမ်း ”

သီရှီထျန်၏ ဘေးပတ်ပတ်လည်တွင် မိစ္ဆာမြူနှင်းဓားသွားဆယ်ခုကျော်က နိမ့်ချည်မြင့်ချည် ရွေ့လျားကခုန်နေကြသည်။ သူ၏ စကားဆုံးသွားသည်နှင့် မဟူရာလခြမ်းကွေးဓားများက လီချန်းလန်ဆီသို့ အရပ်မျက်နှာအသီးသီးထံမှ ပျံသန်းထွက်သွားကြသည်။ ယင်းတို့၏ အလျင်က အလွန်မြန်ဆန်သည်။

လျှပ်တစ်ပြက်အတွင်းမှာ မိစ္ဆာမြူနှင်းဓားသွားများက လီချန်းလန်၏ အရှေ့သို့ ရောက်ရှိသွားကြသည်။

သီရှီထျန်၏ နှလုံးသားထဲမှာ သတ်ဖြတ်ခြင်းစိတ်ဆန္ဒဖြင့် ပြည့်နှက်နေသည်။ သူသည် တိုက်ခိုက်လိုက်သည်နှင့် လုံးဝ သနားညှာတာမနေပေ။

တိုက်ပွဲက ပြင်းထန်နေစဉ် အခြားတစ်ဖက်မှာတော့ မဒူဆာက မျက်နှာဖြူဖျော့နေလျက် မတ်တတ်ရပ်နေသည်။ သူ၏ ခန္ဓာကိုယ်ပေါ်မှာ ကြီးမားသော ဒဏ်ရာဒဏ်ချက်များဖြင့် ပြည့်နှက်နေသည်။ စက်ဆုပ်ရွံရှာဖွယ်ကောင်းသော ထိုကျင့်ကြံသူကို သူကိုယ်တိုင် သတ်ဖြတ်ချင်လျှင်ပင် သူ့မှာ ထိုသို့လုပ်နိုင်သော ခွန်အားမရှိပေ။ သို့ဖြစ်၍ သူက ဘေးမှာ ရပ်နေပြီး လီချန်းလန်နှင့် တခြားမိစ္ဆာသားရဲဘုရင်များ၏ တိုက်ပွဲကို အေးစက်စက် စောင့်ကြည့်နေသည်။

“ အမမဒူဆာ… ငါ့အမက နင့်ကို ပန်းမျိုးတစ်ရာအမတဝိုင် ပေးခိုင်းလိုက်တယ် ”

မဒူဆာသည် သူ့နှလုံးသားထဲ၌ စိတ်ကသိကအောက်ဖြစ်မှုကို ခံစားမိနေသည်။ ထိုစဉ် ကြည်လင်သော အသံက အဝေးမှ ပျံ့လွင့်လာသည်။ သူက ခေါင်းလှည့်ကြည့်လိုက်လေရာ သေးငယ်သော ဇာမဏီငှက်တစ်ကောင်က အတောင်ပံတဖျပ်ဖျပ်ခတ်၍ သူ၏ တည်နေရာဆီသို့ မြန်ဆန်စွာ ပျံသန်းလာနေကြောင်း မြင်သွားသည်။ ထို့ပြင် သူ၏ ပါးစပ်ထဲမှာ သေးငယ်သော ပုလင်းတစ်လုံးကို ကိုက်ချီထားသည်။ ပုလင်းသည် မကြီးမားပေ။ ယင်းက အလွန်သေးငယ်ပြီး တမူထူးခြားသည်။

ထိုဇာမဏီငှက်သည် ပန်းမျိုးတစ်ရာအမတဝိုင်ကို မဒူဆာအား ပေးရန် ပန်းမျိုးတစ်ရာချိုင့်ဝှမ်းထဲမှ ထွက်လာသော ကျူးအာမှလွဲ၍ တခြားမဟုတ်ပေ။ လမ်းခရီးတွင် ဇာမဏီငှက်သည် လီချန်းလန်၏ ခိုးကြောင်ခိုးဝှက် တိုက်ခိုက်မှုကို မြင်တွေ့သွားသည်။ မဒူဆာ ဒဏ်ရာအပြင်းအထန်ရရှိသွားကြောင်း မြင်သောအခါ ဇာမဏီငှက်က သူ၏ အလျင်ကို အမြင့်ဆုံးသို့ မြှင့်တင်လိုက်သည်။ သူက ကောင်းကင်ယံတွင် အနီရောင်အလင်းတန်းတစ်ခုပမာ ဖြတ်သန်းသွားပြီး တောင်ထွတ်ဆီသို့ အပြေးအလွှား ဦးတည်သွားသည်။ နောက်ဆုံးမှာတော့ သူက တောင်ထွတ်ဆီသို့ ရောက်လာသည်။

“ ကျူးအာ… နင့်အမက နင့်ကို လွှတ်လိုက်တာလား… ပန်းမျိုးတစ်ရာအမတဝိုင်ကို နင်သယ်ဆောင်လာတယ် ”

မဒူဆာ၏ ခန္ဓာကိုယ်က ရုတ်တရက် တုန်ယင်သွားသည်။ ဖော်မပြနိုင်သော စိတ်လှုပ်ရှားမှုက သူ၏ မျက်လုံးထဲမှာ ထွက်ပေါ်လာသည်။ ယင်းက ပန်းမျိုးတစ်ရာအမတဝိုင် ဖြစ်သည်။

တခြားလူများက ပန်းမျိုးတစ်ရာအမတဝိုင်အကြောင်း မသိလျှင်ပင် ယင်းက မည်မျှတန်ဖိုးကြီးမားကြောင်း ကောင်းကောင်း သူသိသည်။ ယင်းက အမျိုးအစားမတူညီသော ပန်းပွင့်တစ်ရာ၏ အဆီအနှစ်ကို ပွင့်ချပ်များပေါ်မှာ တင်နေသော နံနက်ခင်းနှင်းစက်များဖြင့် ရောစပ်ကာ လျှို့ဝှက်နည်းလမ်းများဖြင့် ဖန်တီးထားသော အမတဝိုင်ဖြစ်သည်။ ယင်းက သာမန်ဝိုင်မဟုတ်ပေ။

အမတဝိုင်ထဲမှာ ပန်းမျိုးတစ်ရာ၏ အဆီအနှစ်က ပမာဏများပြားစွာ ပါဝင်နေသည်။ ယင်းကို သန့်စင်မည်ဆိုလျှင် အမြူတေဓာတ်လုံး ဖွဲ့စည်းပြီးသော အစစ်အမှန် မိစ္ဆာများသည်ပင် တူညီသော အကျိုးသက်ရောက်မှုကို ခံစားကြရလိမ့်မည်။ ယင်းက တစ်စုံတစ်ယောက်၏ ကျင့်ကြံခြင်းကို အထောက်အကူပေးနိုင်သည်။ ယင်းက အထွတ်အမြတ်ရတနာတစ်ခု ဖြစ်သည်။ တောင်ပိုင်းမြေရိုင်းဒေသတစ်ခုလုံးတွင် ပန်းမျိုးတစ်ရာချိုင့်ဝှမ်းသာလျှင် ထိုသို့အမတဝိုင်ကို ပိုင်ဆိုင်ထားသည်။ ထို့ပြင် ယင်းက အလွန်ရှားပါးသည်။

ပုံမှန်အားဖြင့် အပြင်လူများသည် ယင်းကို မြည်းစမ်းကြည့်ရန် အလွန်ခက်ခဲသည်။ သို့သော်လည်း သူတို့သည် ပန်းမျိုးတစ်ရာအမတဝိုင်ကို တစ်ကြိမ်မြည်းစမ်းပြီးလျှင် တစ်သက်မေ့နိုင်တော့မည် မဟုတ်ချေ။ ယင်း၏ အရသာက အမှန်တကယ် အံ့ဖွယ်ထူးခြားသည်။

အမတဝိုင်ကို ပန်းမျိုးတစ်ရာ၏ အဆီအနှစ်ဖြင့် ချက်လုပ်ထားခြင်းဖြစ်လေရာ ဝိုင်ထဲမှာ ပန်းမျိုးတစ်ရာ၏ အာနိသင်က ကိန်းအောင်းနေသည်။ သို့ဖြစ်၍ တစ်စုံတစ်ယောက်သည် အမတဝိုင်ကို သောက်သုံးလျှင် အမျိုးအစားမတူညီသော ပန်းပွင့်တစ်ရာကို တစ်ချိန်တည်းမှာ အရသာခံနိုင်လိမ့်မည်။

အံ့ဖွယ်အကောင်းဆုံးမှာ ယင်းက တစ်စုံတစ်ယောက်၏ အသက်ဓာတ်ကို အမြန်ဆုံး ပြန်လည်အားဖြည့်ပေးနိုင်သည်။

အတိုချုပ်ဆိုရသော် ပန်းမျိုးတစ်ရာအမတဝိုင်က စိတ်ကူးမယဉ်နိုင်အောင် အလွန်တန်ဖိုးကြီးမားသည်။

သူမြင်လိုက်သော ထိုပုလင်းထဲမှာ ပန်းမျိုးတစ်ရာအမတဝိုင်ပါကြောင်း သိလိုက်သောအခါ မဒူဆာက အလွန်စိတ်လှုပ်ရှားသွားသည်။ ထိုပုလင်းထဲမှ အမတဝိုင်ကို သူသောက်သုံးလျှင် ပန်းမျိုးတစ်ရာ၏ အဆီအနှစ်က ကုန်ဆုံးသွားသော သူ၏ အသက်ဓာတ်ကို မြန်နိုင်သမျှမြန်မြန် ပြန်အားဖြည့်ပေးလိမ့်မည်။

အစောနက သူရရှိထားသော ဒဏ်ရာများက အလွယ်တကူ မပျောက်ကင်းသွားလျှင်ပင် အနည်းဆုံး သူ၏ စွမ်းအားအများစုကို ပြန်ရရှိသွားလိမ့်မည်။

“ အင်း… အမက နင် ကပ်ဘေးဒုက္ခကျော်လွှားနေတာကို သိတယ်… ကပ်ဘေးဒုက္ခကျော်လွှားပြီးရင် နင့်ရဲ့ အသက်ဓာတ် ထိခိုက်ဒဏ်ရာရသွားမှာကို ကြိုသိတာကြောင့် အမက ငါ့ကို ပန်းမျိုးတစ်ရာအမတဝိုင် လာပို့ခိုင်းလိုက်တာ… အမမဒူဆာ အဲ့ဒါကို မြန်မြန် သောက်လိုက်ပါ ”

ဇာမဏီငှက်သည် မဒူဆာ၏ အရှေ့သို့ ပျံသန်းသွားရင်း ကျောက်စိမ်းပုလင်းကို သူ့ဆီသို့ ကမ်းပေးလိုက်သည်။ ထို့နောက် သူက မိစ္ဆာသားရဲဘုရင်များ၏ ဝိုင်းရံခံထားရသော လီချန်းလန်ကို လှည့်ကြည့်လိုက်ပြီး ဒေါသတကြီး ပြောသည်။

“ နင်တို့ကျင့်ကြံသူတွေက အရမ်းရွံမုန်းစရာကောင်းတယ်… နင်က အမမဒူဆာ ကပ်ဘေးဒုက္ခကျော်လွှားနေတာကို အခွင့်ကောင်းယူပြီး အလစ်တိုက်ခိုက်ရဲတယ်… နင့်ကို ငါတို့အလွတ်မပေးဘူး ”

မဒူဆာက ကျောက်စိမ်းပုလင်းကို လှမ်းယူလိုက်သည်။ သူ၏ မျက်လုံးက ပိုပြီးအေးစက်လာသည်။ သူက ကျောက်စိမ်းပုလင်းကို ဖွင့်လိုက်လေရာ ပြင်းထန်သော ဝိုင်ရနံ့က ပုလင်းထဲမှ ချက်ချင်း ပျံ့လွင့်လာသည်။ ယင်းက အလွန်မွှေးကြိုင်သည်။ သို့သော်လည်း သူက တုံ့ဆိုင်းမနေဘဲ အမတဝိုင်ကို သူ့ပါးစပ်ထဲသို့ လောင်းထည့်လိုက်သည်။ ထို့နောက် သူက လီချန်းလန်ကို မုန်းတီးစွာ စိုက်ကြည့်လိုက်သည်။

“ ထန်… ထန်… ထန်… ”

စက်ကရာ၏ မိစ္ဆာမြူနှင်းဓားသွားများက လီချန်းလန်၏ ခန္ဓာကိုယ်ကို ထိမှန်သွားကြသည်။ သို့သော်လည်း လီချန်းလန်က ယင်းတို့ကို ရှောင်တိမ်းရန် ဆန္ဒမရှိပေ။ မိစ္ဆာမြူနှင်းဓားသွားများကို သူ၏ စစ်ချပ်ဝတ်ပေါ်သို့ ကျရောက်လာရန် ခွင့်ပြုလိုက်သည်။

အစိမ်းရောင်နွယ်ချပ်ဝတ်သည် ထူးဆန်းသော အစိမ်းရောင်အလင်းကို ထုတ်လွှတ်လိုက်သည်။ မိစ္ဆာမြူနှင်းဓားသွားများက စစ်ချပ်ဝတ်ကို ထိမှန်သွားသည့်အခါ ထူးဆန်းသော စွမ်းအားက စစ်ချပ်ဝတ်ထဲမှ ပေါ်လျှိုးထွက်လာသည်။ နောက်အခိုက်အတန့်မှာ လီချန်းလန်၏ ခန္ဓာကိုယ်ပေါ်သို့ ကျဆင်းသွားတော့မည့် မိစ္ဆာမြူနှင်းဓားသွားများက ရုတ်တရက် ဘေးသို့ လွဲချော်သွားကြသည်။ ထို့ကြောင့် မိစ္ဆာမြူနှင်းဓားသွားများထဲမှာ ကိန်းအောင်းနေသော စွမ်းအားသည် ငါးဆယ် သို့မဟုတ် ခြောက်ဆယ်ရာခိုင်နှုန်းခန့် လျော့ကျသွားသည်။ ကျန်ရှိသော စွမ်းအားက နွယ်စစ်ချပ်ဝတ်အပေါ် မည်သည့်ထိခိုက်ပျက်စီးမှုမှ မဖြစ်စေပေ။

“ ငါ့ကို သတ်ဖို့ မစဉ်းစားနဲ့… ပေါက်ကွဲစမ်း… ပေါက်ကွဲစမ်း… ”

လီချန်းလန်သည် ဤတစ်ကြိမ် ရူးသွပ်သွားသည်။ သူက မိစ္ဆာသားရဲဘုရင်အများအပြား၏ ဝိုင်းရံခံထားရပြီး လွတ်လမ်းမရှိတော့ကြောင်း သိလိုက်သည်။ တိုက်ခိုက်မှုအမျိုးမျိုးက သူ့အပေါ်သို့ တစ်ခုပြီးတစ်ခု ကျရောက်လာနေသည်။

သို့သော်လည်း သူက မသေမျိုးကျင့်ကြံခြင်းလောကတွင် နှစ်ပေါင်းရာချီအသက်ရှင်ခဲ့သော ပုဂ္ဂိုလ်ဖြစ်သည်။ သူက သာမညောင်ည ကျင့်ကြံသူမဟုတ်ပေ။ သူ၏ ခန္ဓာကိုယ်ပေါ်မှ နွယ်ချပ်ဝတ်သည် သာမန်စစ်ချပ်ဝတ် မဟုတ်ပေ။ ယင်းက နှစ်တစ်ထောင်သက်တမ်းရှိသော ဝိညာဉ်နွယ်ပင်များကို ရှားပါးရတနာများဖြင့် ပေါင်းစပ်ကာ ဖန်တီးသန့်စင်ထားသော ဓမ္မရတနာဖြစ်သည်။ ယင်းဆီမှာ သာလွန်ထူးခြားသော ခုခံကာကွယ်မှုရှိသည့်အပြင် ယင်းက သူ့အပေါ် ကျရောက်လာမည့် တိုက်ခိုက်မှုများကို လမ်းကြောင်းပြောင်းပေးနိုင်စွမ်းရှိသည်။

ဖိနှိပ်မှုက အရပ်မျက်နှာပေါင်းစုံမှ ထွက်ပေါ်လာနေကြောင်း သူခံစားမိသွားသည်။ ရက်စက်ကြမ်းကြုတ်သော အမူအရာက သူ၏ မျက်နှာပေါ်မှာ ထွက်ပေါ်လာသည်။ သူက သီရှီထျန်ကို စိန်းစိန်းဝါးဝါး ကြည့်လိုက်သည်။ သူက စိတ်ထဲမှာ အော်ဟစ်လိုက်သည်။

“ တိုက်ရမယ်… ဒီအတိုင်း ငါခုခံနေလို့ မဖြစ်ဘူး… မဟုတ်ရင် ဓမ္မရတနာရဲ့ အစွမ်းအာနိသင်မရှိတော့တဲ့အခါ အဲ့ဒီမိစ္ဆာသားရဲတွေရဲ့ လက်ချက်နဲ့ သေချာပေါက် ငါသေဆုံးသွားလိမ့်မယ်… ငါ အစွမ်းကုန်သုံးပြီး ဒီကနေ လွတ်မြောက်ဖို့ အခွင့်အရေးတစ်ခု ဖန်တီးရမယ်… မဟုတ်ရင် တောင်ပိုင်းမြေရိုင်းဒေသက ငါ့ရဲ့ သုသာန်မြေ ဖြစ်လာလိမ့်မယ် ”

ထိုသို့စဉ်းစားမိသောအခါ သူ့အကြည့်က စက်ကရာပေါ်သို့ ချက်ချင်း ကျရောက်သွားသည်။ သူက စက်ကရာကို သူ၏ ပစ်မှတ်အဖြစ် ရွေးချယ်လိုက်သည်။ ဤအခိုက်အတန့်မှာ သူ၏ အကြည့်က စူးရှလာသည်။ သူက အကြည့်တစ်ချက်ဖြင့်ပင် ထိုမိစ္ဆာသားရဲဘုရင်များထဲမှာ တောင်ပိုင်းအရပ်မှ မိစ္ဆာကျားနက်က အားအနည်းဆုံးဖြစ်ကြောင်း သိသွားသည်။ ထို့ပြင် အရေးကြီးဆုံးမှာ လီမိသားစု၏ ဘိုးဘေးရတနာဖြစ်သော ဝိညာဉ်သံလိုက်အိမ်မြှောင်က ထိုမိစ္ဆာကျား၏ လက်ထဲမှာ ရှိသည်။

“ အဲ့ဒီမိစ္ဆာကျားကို သတ်ပြီး ဝိညာဉ်သံလိုက်အိမ်မြှောင်ကို ပြန်ယူမယ်… ပြီးကျရင် ဒီကနေ ထွက်သွားမယ် ”

စက္ကန့်ပိုင်းလေးအတွင်းမှာ သူက ဆုံးဖြတ်ချက်ချလိုက်သည်။

သူက သိုလှောင်အိတ်ကို တစ်ချက်ပုတ်လိုက်သည်။ ချက်ချင်းဆိုသလိုပင် မှော်အဆောင်သုံးခုက သူ၏ လက်ထဲမှာ ထွက်ပေါ်လာသည်။ ထိုမှော်အဆောင်သုံးခုသည် အစောနက အနက်ရောင်မျောက်ဝံဘုရင်၏ လက်ဝါးကို ခုခံတားဆီးရန် သူအသုံးပြုခဲ့သော မီးနဂါးကခုန်ခြင်းမှော်အဆောင်နှင့် တူညီသည်။ ယင်းတို့ထံမှ ထုတ်လွှတ်နေသော အရှိန်အဝါက မီးနဂါးမှော်အဆောင်ကဲ့သို့ လျှို့ဝှက်ဆန်းကြယ်ပြီး အလွန်အားကောင်းသည်။ ရှင်းလင်းစွာပင် ယင်းတို့က မီးနဂါးမှော်အဆောင်နှင့် အဆင့်တူညီကြသည်။

သူအော်လိုက်သည့်အခါ မှော်အဆောင်သုံးခုက တစ်ပြိုင်နက် ပေါက်ကွဲသွားကြသည်။

ကြောက်မက်ဖွယ်ကောင်းသော အရှိန်အဝါအားလှိုင်းများက မိုးမြေကြားထဲမှာ ပြည့်နှက်သွားသည်။

မရေမတွက်နိုင်သော လေဓားသွားများက ကောင်းကင်ယံမှာ ပြည့်နှက်သွားသည်။ လေဓားသွားတစ်ခုစီသည် ပုစဉ်းရင်ကွဲ၏ အတောင်ပံကဲ့သို့ ပါးလွှာပြီး ဖော်မပြနိုင်အောင် ထက်ရှသည်။ ယင်းတို့က အေးစက်စက်အလင်းနှင့်အတူ မှိတ်တုတ်မှိတ်တုတ် လင်းလက်နေကြသည်။ ယင်းတို့၏ တိုက်ခိုက်စွမ်းရည်က ဖော်မပြနိုင်အောင် ကြောက်စရာကောင်းသည်။ ထို့ပြင် ယင်းတို့က အရေအတွက် အလွန်များပြားသည်။ အနည်းဆုံး ယင်းတို့က အရေအတွက်ထောင်ချီသည်။

ထိုမျှသာ မဟုတ်ပေ။

ရေခဲမုန်တိုင်းတစ်ခုသည် လေထဲမှာ ရုတ်တရက် ထွက်ပေါ်လာပြီး ဝဲကတော့တစ်ခုနှယ် အရူးအမူး လှည့်ပတ်သွားသည်။ မရေမတွက်နိုင်သော ရေခဲဓားသွားများက ဝဲကတော့ထဲမှ ထွက်ပေါ်လာကြသည်။ ယင်းတို့က တစ်စုံတစ်ယောက်ကို ဇကာပေါက်ဖြစ်အောင် ထိုးဖောက်ပစ်နိုင်ဟန် ရ၏။ အေးစိမ့်သော လေကြောင့် မြေကြီးသည်ပင် ရေခဲအလွှာချပ်အဖြစ် ပြောင်းလဲသွားသည်။

ကြောက်မက်ဖွယ်ကောင်းသော တိုက်ခိုက်မှုနှစ်ခုက သီရှီထျန်ကို ချိန်ရွယ်လိုက်ကြသည်။

အခန်း(၁၄၈)

ပိုပြီးကြောက်စရာကောင်းသည့်အရာမှာ သီရှီထျန်၏ ခြေဖဝါးအောက်မှ ကျောက်တုံးက လျှို့ဝှက်ဆန်းကြယ်စွာ ပျော့ပျောင်းသွားသည်။ မျက်စိတစ်မှိတ်အတွင်းမှာ သူ၏ ဘေးပတ်ဝန်းကျင်က ကြောက်မက်ဖွယ်ကောင်းသော ရွှံ့ဗွက်အိုင်အဖြစ် ပြောင်းလဲသွားသည်။

ထိုမှော်အဆောင်သုံးခုသည် မသေမျိုးကျင့်ကြံခြင်းလောကတွင် အလွန်ရှားပါးသော ရတနာများ ဖြစ်ကြသည်။ ယင်းတို့ကို “ ဓားသွားတစ်ထောင် ”၊ “ ရေခဲမုန်တိုင်း ”နဲ့ “ မြေကျွံခြင်း ”ဟု ခေါ်ကြသည်။ ယင်းတို့ထဲမှ မည်သည့်မှော်အဆောင်မဆို အမြူတေဖွဲ့စည်းခြင်းနယ်ပယ် ကျင့်ကြံသူတစ်ယောက်ကို အသက်အန္တရာယ်ပေးနိုင်သည်။

ယခု လီချန်းလန်က မှော်အဆောင်သုံးခုစလုံးကို အသုံးပြုလိုက်ပြီး သီရှီထျန်ကို တစ်ပြိုင်နက် တိုက်ခိုက်လိုက်သည်။

မျက်စိတစ်မှိတ်အတွင်းမှာ သီရှီထျန်သည် အလွန်အန္တရာယ်များသော အခြေအနေသို့ ကျရောက်သွားသည်။ ယင်းက မိစ္ဆာအဖြစ် သူမွေးဖွားလာပြီးနောက် ပထမဆုံးအကြိမ် တွေ့ကြုံလိုက်ရသော အသက်အန္တရာယ်ကပ်ဘေး ဖြစ်သည်။

မှော်အဆောင်များထဲမှာ မန္တန်များ ပါဝင်သည်။ မန္တန်များသည် မိုးမြေစွမ်းအားနှင့် ဆက်သွယ်နိုင်စွမ်းရှိသည်။ ဤအခိုက်အတန့်မှာ မန္တန်များ၏ အံ့ဖွယ်စွမ်းအားက သူ့အပေါ်သို့ ကျဆင်းလာသည်။ ထိုမြင်ကွင်းက အလွန်ကြောက်စရာကောင်း၏။

“ သေစမ်း… ငါ့အတွက် ချိုးဖြတ်လိုက်စမ်း ”

အနက်ရောင်မျောက်ဝံဘုရင်နှင့် တခြားမိစ္ဆာသားရဲဘုရင်များသည် လီချန်းလန်က သီရှီထျန်ကို အစွမ်းကုန်သုံး၍ တိုက်ခိုက်လိုက်ကြောင်း မြင်သောအခါ သူတို့က ဒေါသအကြီးအကျယ် ထွက်သွားကြသည်။

အနက်ရောင်မျောက်ဝံဘုရင်၏ မျက်လုံးထဲမှာ ဒေါသမီးတောက် ပေါ်လျှိုးလာသည်။ သူ၏ ဧရာမခန္ဓာကိုယ်က အရှေ့သို့ မြန်ဆန်စွာ လျှောက်သွားသည်။ သူက လက်သီးဆုပ်၍ ဆန္ဒပြည့်စေအုတ်ခဲကို အကြမ်းပတမ်း ထိုးချလိုက်သည်။ သူက မည်သည်ကိုမှ ဂရုမစိုက်နေတော့ပေ။

သူ၏ လက်သီးတစ်ချက်စီက မိုးမြေကို ဖျက်ဆီးပစ်ချင်နေဟန် ရ၏။ ကြီးကျယ်မြင့်မြတ်သော အရှိန်အဝါက အကန့်အသတ်မဲ့သော ဒေါသကို သယ်ဆောင်ထားသည်။ သူ၏ လက်သီးချက်များက ရွှေရောင်အုတ်ခဲပေါ်သို့ ကျဆင်းသွားသည့်အခါ ရွှေရောင်အုတ်ခဲက ပြင်းထန်စွာ တုန်ယင်သွားသည်။

“ ဝေါင်း ”

ရွှေခြင်္သေ့ဘုရင်သည် ကမ္ဘာမြေ တုန်ဟီးသွားစေမည့် ဟိန်းသံကို ထုတ်လွှတ်လိုက်သည်။ ထိုဟိန်းသံက အလွန်အားကောင်းလေရာ မြေကြီးက ပြင်းထန်စွာ တုန်ယင်သွားသည်။ အလွန်အားကောင်းသော အသံလှိုင်းက ကြောက်မက်ဖွယ်ကောင်းသော လေပွေလှိုင်းတစ်ခုအဖြစ် ပြောင်းလဲသွားကာ လီချန်းလန်ဆီသို့ ဦးတည်သွားသည်။

“ သေစမ်း ”

မရဏကျီးကန်းဘုရင်၏ သေခြင်းအရှိန်အဝါက အထွတ်အထိပ်သို့ ရောက်ရှိသွားသည်။ သူ၏ မျက်လုံးထဲမှာ အေးစက်မှုမှလွဲ၍ တခြားမည်သည့်စိတ်ခံစားချက်မှ မရှိတော့ပေ။ လီချန်းလန်ကို စိုက်ကြည့်လိုက်သည့်အခါ အနက်ရောင်အလင်းက သူ့မျက်လုံးထဲမှာ ဖြတ်ပြေးသွားသည်။

“ အား ”

သေမင်းနတ်ဘုရားအကြည့်သည် ခုခံကာကွယ်ရန် ခက်ခဲသော အစွမ်းထက်စွမ်းရည် ဖြစ်သည်။ ယင်းကို အသုံးပြုလိုက်သည့်အခါ ခန္ဓာကိုယ်ထဲမှ စိတ်ဝိညာဉ်က တိုက်ရိုက် တိုက်ခိုက်ခံရလိမ့်မည်။ တစ်စုံတစ်ယောက်သည် သေချာသတိမထားလျှင် ဒဏ်ရာအပြင်းအထန်ရရှိသွားနိုင်သည်။ လီချန်းလန်က မိစ္ဆာသားရဲဘုရင်အများကြီးနှင့် ရင်ဆိုင်နေရလေရာ ရုတ်တရက် ထွက်ပေါ်လာသော သေမင်းနတ်ဘုရားအကြည့်ကို မည်သို့သတိထားနိုင်မည်နည်း။

စိတ်ကူးမယဉ်နိုင်သော နာကျင်မှုက သူ့ခန္ဓာကိုယ်ထဲမှ ထွက်ပေါ်လာသည်။ အမှန်မှာ ယင်းက သူ၏ စိတ်ဝိညာဉ်ထဲမှ ထွက်ပေါ်လာခြင်း ဖြစ်သည်။ ဤသည်မှာ သူ၏ စိတ်ဝိညာဉ်က ပြိုကွဲသွားတော့မည့်အလားပင်။

ထူးဆန်းသော စွမ်းအားက သူ၏ စိတ်ဝိညာဉ်ကို တင်းကျပ်စွာ ရစ်ပတ်ချည်နှောင်လိုက်ပြီး ယင်းကို သူ၏ ခန္ဓာကိုယ်ထဲမှ ဆွဲထုတ်ရန် ကြိုးစားနေသည်။ ထိုအဖြစ်အပျက်က သူ့ကို ထိတ်လန့်ချောက်ချားစေသည်။ ဤသည်မှာ သူ့နှလုံးက အပြင်သို့ ခုန်ပေါက်ထွက်လာတော့မည့်အလားပင်။

သူက လက်ဝှေ့ယမ်းလိုက်သည်။ ထူးဆန်းသော မှော်အဆောင်တစ်ခုက သူ၏ လက်ဖဝါးပေါ်မှာ ထွက်ပေါ်လာသည်။ ဤတစ်ကြိမ်တွင် ထိုမှော်အဆောင်က တခြားလူများကို မတိုက်ခိုက်ပေ။ ယင်းအစား သူက မှော်အဆောင်ကို သူ၏ ရင်ဘက်ပေါ်မှာ တိုက်ရိုက် ကပ်လိုက်သည်။

နောက်အခိုက်အတန့်မှာ မှော်အဆောင်ထဲမှ ထူးဆန်းသော စွမ်းအားက သူ၏ ခန္ဓာကိုယ်ထဲသို့ ဝင်ရောက်သွားပြီး သူ၏ စိတ်ဝိညာဉ်ကို မြန်ဆန်စွာ တည်ငြိမ်စေသည်။ ယင်းက အံ့ဖွယ်ကောင်းသည်။ သူ၏ ခန္ဓာကိုယ်ထဲမှ ဆွဲထုတ်ခံရတော့မည့် စိတ်ဝိညာဉ်က မှော်အဆောင်စွမ်းအားကြောင့် ချက်ချင်း တည်ငြိမ်သွားသည်။ သို့သော်လည်း သူ၏ စိတ်ဝိညာဉ်ကို ရစ်ပတ်ထားသော စွမ်းအားက မပျောက်ကွယ်သွားသေးပေ။

ထိုအရာအားလုံးကို ဖော်ပြရန် အချိန်အတော်ကြာသော်လည်း အမှန်မှာ ယင်းတို့အားလုံးက မျက်စိတစ်မှိတ်အတွင်း ဖြစ်ပျက်သွားခဲ့ခြင်း ဖြစ်သည်။

ထိုအခိုက်အတန့်မှာ အပြောင်းအလဲတစ်ခုက သီရှီထျန်၏ ဘက်မှာ ထွက်ပေါ်လာသည်။

ကြောက်မက်ဖွယ်ကောင်းသော တိုက်ခိုက်မှုများက စူးရှသော လေခွင်းသံနှင့်အတူ သူ့ဆီသို့ ပျံသန်းလာနေကြောင်း သီရှီထျန်မြင်သောအခါ သူ၏ ကျားမျက်လုံးက ရုတ်တရက် မှေးကျဉ်းသွားသည်။ သူ၏ ကျားခန္ဓာကိုယ်က လှုပ်ခါသွားသည့်အခါ သားရဲဘုရင်အရှိန်အဝါက အရူးအမူး ပေါ်လျှိုးလာသည်။

“ မင်းက ငါ့ကို သတ်ပြီး ထွက်သွားချင်တယ်လား… ဟွန့်… မင်း ပစ်မှတ်အရွေးမှားသွားပြီ… ဒုစရိုက်ခုနစ်ပါးနတ်ဆိုးကုချင်း ထွက်ပေါ်လာစမ်း ”

သူ၏ အတွေးတစ်ချက်ကြောင့် မိစ္ဆာစံအိမ်ထဲမှာ လွင့်မျောနေသော ဒုစရိုက်ခုနစ်ပါးနတ်ဆိုးကုချင်းက သူ့အရှေ့မှာ ရုတ်တရက် ထွက်ပေါ်လာပြီး အဖြူရောင်အလင်းကို ထုတ်လွှတ်လိုက်သည်။ ကျောက်စိမ်းကုချင်းသည် ပြီးပြည့်စုံသော အနုပညာလက်ရာတစ်ခုပမာ တလက်လက် တောက်ပနေသည်။ ထို့ပြင် ယင်းက လျှို့ဝှက်ဆန်းကြယ်မှုနှင့် မိစ္ဆာအငွေ့အသက်ကိုလည်း ထုတ်လွှတ်နေသည်။

ကုချင်းပေါ်မှ ကြိုးကိုးချောင်းက ကျောက်စိမ်းအလင်းကို ထုတ်လွှတ်နေသည်။ ကုချင်း၏ မျက်နှာပြင်ပေါ်တွင် ရှုပ်ထွေးနက်နဲသော မှော်သင်္ကေတများရှိသည်။

“ ဒီရွှံ့ဗွက်အိုင်လေးက ငါ့ကို ချုပ်နှောင်နိုင်မယ်တဲ့လား ”

သီရှီထျန်၏ မိစ္ဆာချီက အကြမ်းပတမ်း ပေါက်ကွဲထွက်လာသည်။ သူ၏ ကျားခန္ဓာကိုယ်က လှုပ်ခါသွားစဉ် ကြောက်မက်ဖွယ်ကောင်းသော အင်အားက သူ၏ မွေးညင်းပေါက်အားလုံးထံမှ စိမ့်ထွက်လာသည်။

သူ၏ ဘေးပတ်ဝန်းကျင်မှ ရွှံ့ဗွက်အိုင်က ပေါက်ကွဲသွားပြီး ရွှံ့များက အရပ်မျက်နှာအသီးသီးဆီသို့ လွင့်စင်သွားသည်။ သူ၏ ခြေဖဝါးအောက်မှ တောင်ထွတ်က တစ်လက်မချင်းစီ အက်ကွဲသွားသည်။ မူလကတည်းက အက်ကွဲနေသော တောင်ထွတ်သည် ထိုမျှကြီးမားသော အင်အား၏ ဖိနှိပ်မှုကြောင့် ဝုန်းခနဲ မြည်သံနှင့်အတူ တိုက်ရိုက် ပြိုကျသွားသည်။

စက်ကရာသည် လေဟုန်စီးမန္တန်ကို အသုံးပြုလိုက်သည်။ လေဟုန်စီးမန္တန်ကို မိစ္ဆာချီဖြင့် အသုံးပြုလိုက်သည့်အခါ အနက်ရောင်မိစ္ဆာလေက သူ၏ အနီးနားမှာ ထွက်ပေါ်လာသည်။ ရုတ်တရက် သူက လေပေါ်သို့ မြှောက်တတ်သွားပြီး လွင့်မျောသွားသည်။

“ ဒီနေ့ ငါက မင်းကို သတ်ပြီး ငါ့ရဲ့ ပထမဆုံး သက်စောင့်မိစ္ဆာလက်နက်ကို ယဇ်ပူဇော်မယ်… ဒုစရိုက်ခုနစ်ပါးနတ်ဆိုးကုချင်း… ချိုးဖြတ်လိုက်စမ်း ”

သီရှီထျန်သည် ကုချင်းကို မည်သို့တီးခတ်ရမည်ဖြစ်ကြောင်း မသိပေ။ သို့သော်လည်း ယင်းက သူ့အား ကုချင်းအသုံးပြုခြင်းကို မတားဆီးနိုင်ပေ။ ကျောက်စိမ်းကုချင်းက သူ၏ အရှေ့မှာ လွင့်မျောနေသည်။ သူက ကျားလက်သည်းကို အသုံးပြု၍ လွှမ်းမိုးဗိုလ်ကျသော ဟန်အမူအရာဖြင့် ကြိုးကိုးချောင်းစလုံးကို တီးခတ်လိုက်သည်။ ယင်းက ကြိုးကိုးချောင်းကို တစ်ပြိုင်နက် တီးခတ်လိုက်ခြင်းသာ ဖြစ်၏။ ယင်းက ကုချင်း၏ သိမ်မွေ့ညင်သာမှုကို မဖော်ပြပေးနိုင်သော်လည်း လွှမ်းမိုးဗိုလ်ကျမှုကို ဖော်ပြပေး၏။

ဤသည်မှာ သူက ကုချင်းကြိုးများကို ဒေါသတကြီး ဆွဲလိုက်သည့်အလားပင်။

“ ဒင် တုန်… ဒင် တုန်… ”

အကယ်၍ ယင်းက သာမန်ကုချင်းဆိုလျှင် ယင်းမှာ ကြိုးဆယ်ချောင်းရှိနေလျှင်ပင် စက်ကရာ အသုံးပြုနိုင်လိမ့်မည် မဟုတ်ချေ။ ကြိုးများက ချက်ချင်း ပြတ်တောက်သွားလိမ့်မည်။ ကံကောင်းစွာဖြင့် ဒုစရိုက်ခုနစ်ပါးနတ်ဆိုးကုချင်းသည် သာမန်ကုချင်းမဟုတ်ပေ။ ယင်း၏ ကိုယ်ထည်ကို ကျောက်စိမ်းသန္ဓေသားဖြင့် ဖန်တီးသန့်စင်ထားပြီး ကြိုးများကို ရေနဂါးတစ်ကောင်၏ အရွတ်မျှင်ဖြင့် ဖန်တီးသန့်စင်ထားသည်။

သို့ဖြစ်၍ ကုချင်းသည် သူ၏ အားမာန်ပြင်းထန်သော တီးခတ်မှုကို ခံနိုင်ရည်ရှိသည်။

ကျားလက်သည်းက ကြိုးများကို ဆွဲလိုက်သည့်အခါ ကြိုးများက တုန်ခါသွားသည်။ ရုတ်တရက်ဆိုသလို ကြွပ်ဆပ်သော အသံတစ်သံ ပဲ့တင်ထပ်သွားသည်။

သီရှီထျန်၏ အားမာန်ပြင်းထန်သော လှုပ်ရှားမှုကြောင့်ဖြစ်နိုင်၏။ ကုချင်းအသံက မသာယာသော်လည်း ယင်းထဲမှာ လွှမ်းမိုးဗိုလ်ကျသော အရှိန်အဝါရှိသည်။ ယင်းက အလွန်စူးရှသည်။ ကုချင်းအသံ ပျံ့လွင့်သွားသည့်အခိုက် ဤဧရိယာတစ်ဝိုက်၌ တိုက်ခိုက်နေသော မြည်သံအားလုံး ဖိနှိပ်ခံလိုက်ရသည်။ ကြွပ်ဆပ်သော ကုချင်းအသံက သက်ရှိအားလုံး၏ နားထဲသို့ အတင်းအဓမ္မ ဝင်ရောက်သွားသည်။

“ အဲ့ဒါ ဘာလဲ ”

ကုချင်းအသံက ဘေးပတ်ဝန်းကျင်မှ မိစ္ဆာသားရဲဘုရင်အားလုံး၏ စိတ်အာရုံကို ချက်ချင်း ဆွဲဆောင်သွားသည်။ သူတို့သည် တိုက်ခိုက်နေရင်း ကုချင်းအသံ ထွက်ပေါ်လာသော အရပ်ဆီသို့ လှည့်ကြည့်လိုက်ကြသည်။

ယင်းကို သူတို့မြင်လိုက်ရသည့်အခိုက် မေးရိုးများ အောက်ပြုတ်ကျသွားသည်။ တချို့က မျက်လုံးပြူးသွားကြသည်။

သူတို့မြင်လိုက်ရသည်မှာ ကျားနက်တစ်ကောင်က အနက်ရောင်လေပြေပေါ်မှာ ရပ်နေသည်။ သူ့အရှေ့မှာ အဖြူရောင် ထွန်းလင်းတောက်ပသော ကုချင်းတစ်လက်က လွင့်မျောနေသည်။

ကျားနက်၏ လက်သည်းများက ကုချင်းကြိုးများကို လွှမ်းမိုးဗိုလ်ကျသော အရှိန်အဟုန်ဖြင့် အကြမ်းပတမ်း တီးခတ်နေသည်။ ထိုမြင်ကွင်းသည် ပုံမှန်မြင်တွေ့နေကျဖြစ်သည့် ကုချင်းကို သာယာငြိမ့်ညောင်းစွာ တီးခတ်သော မြင်ကွင်းနှင့် လုံးဝ ကွဲပြားခြားနားသည်။

ယင်းအစား စိတ်ဝိညာဉ်လှုပ်ခတ်စေမည့် ရက်စက်ကြမ်းကြုတ်မှုက ဘေးပတ်ဝန်းကျင်တစ်လျှောက် ပျံ့လွင့်နေသည်။

“ အဲ့ဒါ ဘယ်လိုလုပ်ဖြစ်နိုင်မှာလဲ… မိစ္ဆာသားရဲတစ်ကောင်က ဘယ်လိုလုပ် သက်စောင့်ဓမ္မလက်နက်တစ်ခုကို ပိုင်ဆိုင်ထားတာလဲ… ပြီးတော့ အဲ့ဒါက အထွတ်အထိပ်အဆင့်မှာ… သူက လက်နက်သန့်စင်ဖို့ ရတနာတွေကို ဘယ်လို စုဆောင်းနိုင်ခဲ့တာလဲ ”

လီချန်းလန်သည် မအံ့ဩဘဲ မနေနိုင်ပေ။ ဒုစရိုက်ခုနစ်ပါးနတ်ဆိုးကုချင်းကို သူမြင်လိုက်သည့်အခိုက် ယင်းက သက်စောင့်ဓမ္မလက်နက်တစ်ခုဖြစ်ကြောင်း ရှင်းလင်းစွာ သူအာရုံခံမိသွားသည်။ အဘယ့်ကြောင့်ဆိုသော် ထိုကျောက်စိမ်းကုချင်းက သက်စောင့်ဓမ္မလက်နက်များသာလျှင် ပိုင်ဆိုင်နိုင်သော အံ့ဖွယ်အရှိန်အဝါကို ပိုင်ဆိုင်ထားသောကြောင့်ပင်။

အကယ်၍ ကျင့်ကြံသူတစ်ယောက်က သက်စောင့်ဓမ္မလက်နက်တစ်ခုကို ပိုင်ဆိုင်ထားလျှင် သူအံ့ဩလိမ့်မည် မဟုတ်ချေ။ သို့သော်လည်း ယခုတော့ မိစ္ဆာသားရဲတစ်ကောင်က သက်စောင့်ဓမ္မလက်နက်တစ်ခုကို ပိုင်ဆိုင်ထားသည်။ ထို့ပြင် ယင်းက အထွတ်အထိပ်အဆင့်မှာ ဖြစ်သည်။ ယေဘုယျအားဖြင့် ယင်းက သက်စောင့်ဓမ္မရတနာတစ်ခုနှင့်ပင် နှိုင်းယှဉ်နိုင်သည်။

သို့သော်လည်း သူ့ကို အမှန်တကယ် ထိတ်လန့်စေမည့်အရာက ယခုမှ စတင်လိမ့်မည်။

စက်ကရာသည် ကုချင်းကြိုးများကို ဆွဲလိုက်ပြီးနောက် ရုတ်တရက် ဖြေလျော့လိုက်သည်။ ထိုအခါ ကျောက်စိမ်းအလင်းက ကုချင်းကြိုးများထံမှ ဝေဝေဝါးဝါး ထွက်ပေါ်လာသည်။ လေးကြိုးကဲ့သို့ လပြည့်ဝန်းသဏ္ဍာန် ဆွဲခံလိုက်ရသော ကုချင်းကြိုးကိုးချောင်းက ချက်ချင်း ပြန်ဆုတ်သွားကြသည်။

“ ဝီး… ဝီး… ဝီး… ”

ထူးဆန်းသော စွမ်းအားက ကုချင်းကြိုးများထံမှ ပေါ်လျှိုးလာသည်။ ကုချင်းအသံနှင့်အတူ လခြမ်းကွေးအသံဓားကိုးလက်က လေထဲမှာ လျှို့ဝှက်ဆန်းကြယ်စွာ ထွက်ပေါ်လာကြသည်။ ယင်းတို့က ကျောက်စိမ်းပမာ ထွန်းလင်းတောက်ပကြသည်။ သို့သော်လည်း ကျောက်စိမ်းအလင်းထဲမှာ ပုံမှန်မဟုတ်သော အံ့ဖွယ်အရှိန်အဝါတစ်ခု ရှိသည်။

ထိုအရှိန်အဝါသည် စိတ်ခံစားချက်ခုနစ်မျိုးနှင့် လိုအင်ဆန္ဒခြောက်မျိုးမှ ဆင်းသက်လာသော လိုအင်ဆန္ဒစွမ်းအား ဖြစ်သည်။ လိုအင်ဆန္ဒစွမ်းအားက အသံဓားများနှင့် အတူတကွ ပေါင်းစပ်နေလေရာ အမှန်တကယ် အံ့ဖွယ်ကောင်းသည်။

အသံဓားများသည် ထွက်ပေါ်လာသည်နှင့်ချက်ချင်း သူ့ဆီသို့ ဦးတည်လာနေသော လေဓားသွားများနှင့် ရေခဲမုန်တိုင်းနှင့် ထိပ်တိုက် တွေ့ဆုံသွားသည်။ ဒုစရိုက်ခုနစ်ပါးနတ်ဆိုးကုချင်းမှ ထုတ်လွှတ်လိုက်သော အသံဓားများသည် ကျားဟိန်းသံမှ ထုတ်လွှတ်လိုက်သော အသံဓားများထက် အများကြီး ပိုထက်ရှပြီး ပိုကြောက်စရာကောင်းသည်။

အသံဓား ဖြတ်သန်းသွားသည့်နေရာတိုင်း သေးငယ်သော အက်ကွဲရာများက လေဟာနယ်ထဲမှာ ထွက်ပေါ်လာကြောင်း မည်သူမဆို ရှင်းလင်းစွာ မြင်နိုင်ပေသည်။

မှန်ပေသည်။ အသံဓားများသည် လေဟာနယ်ကိုပင် တိတ်တဆိတ် ပိုင်းဖြတ်နိုင်ကြသည်။ ယင်းက မည်မျှကြောက်စရာကောင်းလိုက်သနည်း။

အသံဓားတစ်လက်စီက ဓမ္မရတနာတစ်ခုနှင့်ညီမျှသော စွမ်းအားကို ပိုင်ဆိုင်ထားသည်ဟု ပြောလျှင် ချဲ့ကားလွန်းရာမကျပေ။

အခန်း(၁၄၉)

အသံဓားများသည် သာမန်မျက်စိဖြင့် မမြင်နိုင်သော အလျင်နှင့်အတူ လေကို ဖြတ်သန်းသွားကြပြီး အစွမ်းထက်မန္တန်နှစ်ခုကို ပိုင်းဖြတ်လိုက်ကြသည်။ ချက်ချင်းဆိုသလိုပင် အံ့ဖွယ်ကောင်းသော မြင်ကွင်းတစ်ခု ထွက်ပေါ်လာသည်။

ပထမဆုံးအနေနှင့် ရေခဲမုန်တိုင်းသည် အသံဓားလေးလက်၏ ပိုင်းဖြတ်ခံလိုက်ရသည်။ ရေခဲမုန်တိုင်းသည် ထောပတ်တုံးသဖွယ် အလွယ်တကူ ပိုင်းဖြတ်ခံလိုက်ရသည်။ ကြီးမားသော အက်ကွဲကြောင်းများက ရေခဲမုန်တိုင်းပေါ်မှာ ထွက်ပေါ်လာကြသည်။

အသံဓားများက ရေခဲမုန်တိုင်းကို ထိခိုက်ပျက်စီးစေရန် လုပ်ဆောင်နိုင်သော်လည်း ယင်းတို့က အရေအတွက် အလွန်နည်းပါးသည်။ ယင်းတို့က ရေခဲမုန်တိုင်းကို လုံးဝ ပျက်စီးသွားစေရန် မပိုင်းဖြတ်နိုင်ကြချေ။

သူ့ထံသို့ တဝီဝီ ပျံသန်းလာနေကြသော လေဓားသွားများအတွက်တော့ ယင်းတို့က သူ့အရှေ့၌ ကျန်ရှိသော အသံဓားငါးလက်ဖြင့် တွေ့ဆုံသွားကြသည်။ အသံဓားများနှင့် တွေ့ဆုံသွားသည်နှင့်ချက်ချင်း ယင်းတို့က နှစ်ပိုင်းဖြတ်တောက်ခံလိုက်ကြရပြီး လေထဲမှာ လွင့်ပြယ်သွားကြသည်။

“ ဒင်… တုန် ”

ယင်းကို သီရှီထျန်မြင်သောအခါ သူက အသံဓားများ၏ တိုက်ခိုက်မှုအပေါ် အလွန်စိတ်ကျေနပ်သွားသည်။ သို့သော်လည်း သူက ကုချင်းတီးခတ်ခြင်းကို မရပ်တန့်ခဲ့ပေ။ သူ၏ ကျားလက်သည်းများက ကုချင်းကြိုးများပေါ်သို့ ထပ်မံ ကျဆင်းသွားသည်။ သူက ကျားလက်သည်းနှစ်ခုကို အရှေ့သို့ ဝှေ့ယမ်းလိုက်သည်။ ကုချင်းကြိုးများက အတူတကွ တုန်ခါသွားကြပြီး အသံကိုးသံက ထပ်ဆင့် ပေါင်းစပ်သွားကြသည်။

ထိုအခါ အစောနကထက် ပိုကြွပ်ဆပ်ပြီး ပိုလွှမ်းမိုးဗိုလ်ကျသော ကုချင်းသံက ထွက်ပေါ်လာသည်။

ကုချင်းသံက ပဲ့တင်ထပ်သွားသည်။ ဤတစ်ကြိမ်တွင် မည်သည့်အသံဓားမှ မထွက်ပေါ်လာပေ။ ယင်းအစား ကုချင်းအသံ ပျံ့လွင့်သွားသည်နှင့်ချက်ချင်း စက်ကရာကို ဗဟိုပြုထားသော ဘေးပတ်ပတ်လည်မှ လေဟာနယ်က စတင်ပုံပျက်တွန့်လိမ်သွားသည်။

လေဟာနယ်ပုံပျက်တွန့်လိမ်ခြင်းက သေးငယ်သော ဧရိယာထဲမှာ ဖြစ်ပေါ်လာခြင်း မဟုတ်ပေ။ ယင်းက အရပ်မျက်နှာပေါင်းစုံသို့ မြန်ဆန်စွာ ပျံ့နှံ့သွားသည်။ မိုးမြေကြားတွင် ဝိညာဉ်စွမ်းအားက စတင်တုန်ခါသွားသည်။

ယင်းက အချင်းမီတာတစ်ရာအထိ ကျယ်ပြောသည်။ အချင်းမီတာတစ်ရာအတွင်းမှ လေဟာနယ်က သာမန်မျက်စိဖြင့် မြင်နိုင်သည်အထိ ပုံပျက်တွန့်လိမ်သွားသည်။

လေဓားသွားများနှင့် ရေခဲမုန်တိုင်းသည် လေဟာနယ်ပုံပျက်တွန့်လိမ်နေသော ဧရိယာထဲသို့ ဝင်ရောက်သွားသည်နှင့်တစ်ပြိုင်နက် ယင်းတို့၏ ရက်စက်ကြမ်းကြုတ်သော တိုက်ခိုက်မှုများက ရုတ်တရက် ရပ်တန့်သွားသည်။ ယင်းတို့၏ အလျင်သည်လည်း သိသိသာသာ နှေးကွေးသွားသည်။ ထို့ပြင် ဖရိုဖရဲဖြစ်နေသော လေဟာနယ်ထဲမှာ မန္တန်နှစ်ခု၏ စွမ်းအားက စတင်လွင့်ပြယ်သွားသည်။

ဤသည်မှာ လှေငယ်လေးတစ်စင်းက အလွန်ကျယ်ပြောသော သမုဒ္ဒရာထဲမှာ မုန်တိုင်းမိနေသည့်အလားပင်။ အရှေ့သို့ ဆက်သွားသည့်အခါတိုင်း ယင်း၏ စွမ်းအားများက ကုန်ခမ်းသွားသည်။ သို့ဖြစ်၍ လေဓားသွားများနှင့် ရေခဲမုန်တိုင်းသည် သီရှီထျန်၏ ခန္ဓာကိုယ်ကိုပင် မထိနိုင်ကြချေ။

မကြာမီ ယင်းတို့က ပျောက်ကွယ်သွားကြသည်။

မန္တန်များက မည်မျှအစွမ်းထက်ပါစေ ယင်းတို့က ဖရိုဖရဲလေဟာနယ်ထဲမှာ အလွယ်တကူ လွင့်ပြယ်သွားကြသည်။

“ အဲ့ဒါက… ”

ယင်းကို တခြားမိစ္ဆာသားရဲဘုရင်များ မြင်သောအခါ သူတို့က ပါးစပ်အဟောင်းသား ဖြစ်သွားကြသည်။ လှပသော ကုချင်းက ထိုမျှအားကောင်းသော စွမ်းအားကို အမှန်တကယ် ပိုင်ဆိုင်ထားသည်လော။

“ ဘာလို့ အဲ့ဒီကျားနက်ဆီမှာ မသေမျိုးကျင့်ကြံသူတွေရဲ့ ဓမ္မလက်နက်နဲ့ဆင်တူတဲ့ ကုချင်းတစ်ခုရှိနေတာလဲ… ပြီးတော့ အဲ့ဒါက အရမ်းအစွမ်းထက်တယ် ”

ယင်းကို မဒူဆာမြင်သောအခါ သူက မျက်လုံးဝင်းလက်သွားသည်။ သူ၏ စိတ်ထဲမှာ အကြံအစည်တစ်ခု ထွက်ပေါ်လာသည်။ သီရှီထျန်ကို နောက်တစ်ကြိမ် ကြည့်လိုက်သည့်အခါ သူ၏ မျက်လုံးထဲမှာ ပုံမှန်မဟုတ်သော ဆွဲဆောင်မှု ထွက်ပေါ်လာသည်။

“ မုန်းစရာကောင်းတဲ့ ကျင့်ကြံသူ… ဒီနေ့ ငါနင့်ကို ကျောက်ရုပ်အဖြစ် မပြောင်းပစ်ရင် ငါ့ရင်ထဲက ဒေါသကို ဘယ်လိုဖြေဖျောက်နိုင်မှာလဲ ”

မဒူဆာသည် လီချန်းလန်ကို လှည့်ကြည့်လိုက်သည်။ ရုတ်တရက် သူ၏ မျက်လုံးထဲ၌ ရောင်စုံအလင်း ထွက်ပေါ်လာသည်။ ချက်ချင်းဆိုသလိုပင် ထူးဆန်းသော စွမ်းအားက လီချန်းလန်ဆီသို့ တန်းမတ်စွာ ပျံသန်းသွားသည်။

မဒူဆာမျက်လုံး… ။

ဤအခိုက်အတန့်မှာ မဒူဆာမျက်လုံးက ယင်း၏ ကြောက်မက်ဖွယ်ကောင်းသော စွမ်းရည်ကို နောက်တစ်ကြိမ် ထုတ်ဖော်လိုက်သည်။ သူ့အကြည့်နောက်တွင် လျှို့ဝှက်ဆန်းကြယ်သော စွမ်းအားက လီချန်းလန်ပေါ်သို့ ကျရောက်သွားသည်။ ထိုတိုက်ခိုက်မှုက လွန်စွာ ရုတ်တရက်ဆန်သည်။ အနက်ရောင်မျောက်ဝံဘုရင်၊ တခြားမိစ္ဆာသားရဲဘုရင်များနှင့် တိုက်ခိုက်နေသော လီချန်းလန်၏ ခန္ဓာကိုယ်ပေါ်တွင် ထွန်းလင်းတောက်ပသော အစိမ်းရောင်အလင်း ရုတ်တရက် ထွက်ပေါ်လာသည်။ ထိုအစိမ်းရောင်အလင်းသည် သူ၏ စစ်ချပ်ဝတ်ထံမှ ထွက်ပေါ်လာခြင်း ဖြစ်၏။

“ အို မကောင်းတော့ဘူး… အဲ့ဒါက မဒူဆာမျက်လုံး ”

လီချန်းလန်သည် သူ့ခန္ဓာကိုယ်၏ ပြောင်းလဲမှုကို ခံစားမိသွားသည်။ သူလှည့်ကြည့်လိုက်သည့်အခါ မဒူဆာက သူ့ကို အေးစက်စက် စိုက်ကြည့်နေကြောင်း မြင်သွားသည်။ ချမ်းစိမ့်မှုက သူ၏ ကျောရိုးတစ်လျှောက် ပျံ့နှံ့သွားသည်။ အကန့်အသတ်မဲ့သော ကြောက်ရွံ့မှုက သူ၏ နှလုံးသားထဲမှာ ထွက်ပေါ်လာသည်။ မဒူဆာမျက်လုံးသည် အလွန်ကြောက်စရာကောင်းသော စွမ်းရည်ဖြစ်သည်။ မဒူဆာမျက်လုံးဖြင့် အကြည့်ခံလိုက်ရသော မည်သည့်အရာမဆို ကျောက်ရုပ်အဖြစ် ပြောင်းသွားလိမ့်မည်။

ကံမကောင်းစွာပင် ယင်းကို သူသတိပြုမိသွားသည့်အချိန်က အလွန်နောက်ကျသွား၏။ အနက်ရောင်မျောက်ဝံဘုရင်၏ လက်သီးချက်၊ သရဖူနီကြိုးကြာဘုရင်၏ ဓားသွားသဏ္ဍာန် ငှက်မွှေးများနှင့် မရဏကျီးကန်းဘုရင်၏ သေမင်းနတ်ဘုရားအကြည့်က သူ့အပေါ်သို့ တစ်ပြိုင်နက် ကျ‌ရောက်လာကြသည်။

“ ခရက် ”

နွယ်ချပ်ဝတ်သည် အမှန်တကယ် ရတနာတစ်ခု ဖြစ်သည်။ ယင်းက အစိမ်းရောင်အလင်းကို ထုတ်လွှတ်လိုက်ပြီး မဒူဆာမျက်လုံး၏ ကျောက်ရုပ်ပြောင်းခြင်းစွမ်းရည်ကို ခုခံတားဆီးပေးလိုက်သည်။ သို့သော်လည်း နွယ်ချပ်ဝတ်က သူ၏ ခန္ဓာကိုယ်အပေါ်ပိုင်းကိုသာ ကာကွယ်ပေးနိုင်၏။ နွယ်ချပ်ဝတ်မရှိသော သူ၏ ခြေထောက်များသည်တော့ သာမန်မျက်စိဖြင့် မြင်နိုင်သော အလျင်နှင့်အတူ ကျောက်ရုပ်ဖြစ်သွားသည်။ ကျောက်ရုပ်အဖြစ် ပြောင်းလဲခြင်းက အလွန်မြန်ဆန်သည်။

“ ငါမသေရဘူး… ဝိညာဉ်သန္ဓေတည်နယ်ပယ်ကို ငါချိုးဖြတ်ရဦးမယ်… ဒီနေရာမှာ ငါသေလို့မဖြစ်ဘူး… ဆန္ဒပြည့်စေအုတ်ခဲ… ပေါက်ကွဲစမ်း ”

အခြေအနေသည် ချက်ချင်း ပြောင်းပြန်ဖြစ်သွားသည်။ ဤနေရာမှ မိစ္ဆာသားရဲတစ်ကောင်စီသည် ကိုယ်ပိုင်နယ်မြေကို အုပ်ချုပ်နေကြသော ဘုရင်များ ဖြစ်ကြသည်။ သူတို့၏ တိုက်ခိုက်မှုအားလုံးက လီချန်းလန်ပေါ်သို့ တစ်ပြိုင်နက်တည်း ကျရောက်သွားကြသည်။

လီချန်းလန်က အမြူတေဖွဲ့စည်းခြင်းနယ်ပယ် အဆင့်မြင့်အဆင့် ကျင့်ကြံသူဖြစ်သော်လည်း အလွန်အားကောင်းသော သေခြင်းအငွေ့အသက်ကို သူခံစားမိသွားသည်။ သူက ပြင်းထန်စွာ နှလုံးတုန်သွားသည်။ သူက ကျယ်လောင်စွာ အော်ဟစ်လိုက်လေရာ သူ့မျက်လုံးထဲမှာ ရူးသွပ်မှုဖြင့် ပြည့်နှက်သွားသည်။

သူ၏ ဦးခေါင်းထက်မှ ဆန္ဒပြည့်စေအုတ်ခဲက မရေမတွက်နိုင်သော မှော်သင်္ကေတများကို ထုတ်လွှတ်လိုက်သည်။ နောက်အခိုက်အတန့်မှာ မျက်စိကျိန်းစပ်လုနီးပါး ထွန်းလင်းတောက်ပသော ရွှေရောင်အလင်းက အုတ်ခဲထံမှ ပေါ်လျှိုးလာသည်။ ကြောက်မက်ဖွယ်ကောင်းသော အရှိန်အဝါက အုတ်ခဲပေါ်မှာ ထွက်ပေါ်လာသည်။ ထိုအရှိန်အဝါက ဘေးပတ်ပတ်လည်မှ အရာအားလုံးကို ဖိနှိပ်လိုက်သည်။ လေဟာနယ်တစ်ခုလုံးက တင်းကျပ်သွားသည်။ ဤသည်မှာ မရေမတွက်နိုင်သော တောင်များက ဤဧရိယာပေါ်သို့ တစ်ပြိုင်နက် ကျဆင်းလာသည့်အလားပင်။

“ ဗုန်း ”

ရွှေရောင်အုတ်ခဲက ပေါက်ကွဲသွားသည်။ ဆန္ဒပြည့်စေအုတ်ခဲသည် ဓမ္မရတနာတစ်ခု ဖြစ်သည်။ ထို့ပြင် ယင်းက လီချန်းလန်၏ သက်စောင့်ဓမ္မရတနာ ဖြစ်သည်။ အတိတ်မှာ သူက ထိုရွှေရောင်အုတ်ခဲကို ဖန်တီးသန့်စင်ရန်အလို့ငှာ ရှားပါးရတနာအများအပြားကို အသုံးပြုခဲ့သည်။ ထို့ပြင် ယင်းက သူနှင့်အတူ နှစ်ပေါင်းရာချီကြာအောင် ပျိုးထောင်ပေးခြင်းခံခဲ့ရသည်။ သို့ဖြစ်၍ ထိုဓမ္မရတနာက အလွန်အစွမ်းထက်သည်။

သို့မဟုတ်လျှင် ယင်းက အနက်ရောင်မျောက်ဝံဘုရင်၏ ကြောက်မက်ဖွယ်ကောင်းသော တိုက်ခိုက်မှုကို မည်သို့ခုခံနိုင်မည်နည်း။

ယခု ထိုဓမ္မရတနာက ကိုယ့်ကိုယ်ကိုယ် ဖောက်ခွဲလိုက်သည်။ ဤသည်မှာ မိုးကြိုးရာထောင်ချီက တစ်ပြိုင်နက် ပေါက်ကွဲသွားသည့်အလားပင်။ ဓမ္မရတနာ၏ ပေါက်ကွဲမှုစွမ်းအားသည် ဝိညာဉ်သန္ဓေတည်နယ်ပယ် ကျင့်ကြံသူတစ်ယောက်၏ အစွမ်းထက်တိုက်ခိုက်မှုတစ်ခုနှင့် နှိုင်းယှဉ်နိုင်သည်။

“ ဝုန်း ”

ထိုအဖျက်စွမ်းအားက ကမ္ဘာတုန်ဟီးစေသည်အထိ အလွန်ကြောက်စရာကောင်းသည်။ တောင်ထွတ်က ချက်ချင်း ပြိုကျပျက်စီးသွားသည်။ တိမ်တိုက်နှင့် ထိစပ်လုနီးပါး မြင့်မားသော တောင်က လုံးဝ ပျောက်ကွယ်သွားသည်။

လီချန်းလန်ကို တိုက်ခိုက်ရန် ဟန်ပြင်နေသော အနက်ရောင်မျောက်ဝံဘုရင်သည်လည်း ထိုစွမ်းအားဖြင့် ရိုက်ခတ်ခံလိုက်ရသည်။ သူက အဝေးသို့ လွင့်စင်သွားသည်။

အနက်ရောင်မျောက်ဝံဘုရင်သည် မီတာတစ်ရာအကွာမှ တောင်ကုန်းတစ်ခုပေါ်သို့ ကြမ်းတမ်းစွာ ပြုတ်ကျသွားသည်။ တောင်ကုန်းသည် ကြီးမားသော သက်ရောက်မှုကြောင့် ချက်ချင်း အက်ကွဲသွားပြီး ပြိုကျသွားသည်။

ယင်းက လွန်စွာ ရက်စက်ကြမ်းကြုတ်သည်။

သူက သက်စောင့်ဓမ္မရတနာကိုပင် ဖောက်ခွဲပစ်ခဲ့သည်။ ထိုသို့စိတ်ဓာတ်ပြတ်သားမှုက အလွန်ကြောက်စရာကောင်း၏။ ရူးမိုက်သူများသာလျှင် ထိုသို့လုပ်ဆောင်နိုင်ကြသည်။ တစ်ခုသိထားရမည်မှာ သက်စောင့်ဓမ္မလက်နက်က သခင်၏ ခန္ဓာကိုယ်နှင့် တိုက်ရိုက် ချိတ်ဆက်နေသည်။ တစ်စုံတစ်ယောက်က သက်စောင့်ဓမ္မလက်နက်ကို ဖောက်ခွဲလိုက်လျှင် သူ၏ ခန္ဓာကိုယ်သည်လည်း ပြင်းထန်စွာ ဒဏ်ရာရရှိသွားလိမ့်မည်။

သို့သော်လည်း သူ့အသက်နှင့် နှိုင်းယှဉ်လျှင် သက်စောင့်ဓမ္မရတနာတစ်ခုက ဘာမှအရေးမကြီးပေ။ လီချန်းလန်က နှစ်ပေါင်းများစွာ အသက်ရှင်သန်ခဲ့သော မြေခွေအိုကြီးဖြစ်လေရာ အဓိကနှင့် သာမညကို ကောင်းမွန်စွာ ခွဲခြားနိုင်သည်။ ဆန္ဒပြည့်စေအုတ်ခဲ ပေါက်ကွဲသွားသည့်အခါ သူ၏ ခန္ဓာကိုယ်က ပြင်းထန်စွာ တုန်ယင်သွားသည်။ သူ၏ မျက်နှာက နီမြန်းသွားသည်။ သို့သော်လည်း သူ၏ မျက်လုံးထဲမှာ မျှော်လင့်ချက်အလင်းရောင်ဖြင့် ပြည့်နှက်နေသည်။

ရုတ်တရက် သူ၏ ခြေဖဝါးအောက်တွင် အလင်းရောင် ဝင်းလက်သွားပြီး လွင့်မျောတိမ်လှေ ထွက်ပေါ်လာသည်။ လှေသည် အဖြူရောင်အလင်းကို ထုတ်လွှတ်လိုက်သည်။ လှေသည် ပြင်းထန်စွာ တုန်ယင်သွားပြီး ဖရိုဖရဲဖြစ်နေသည့် အခြေအနေကို အခွင့်ကောင်းယူကာ ဤနေရာမှ ထွက်သွားရန် ကြိုးစားလိုက်သည်။

“ ငါပြောပြီးပြီပေါ့… ဒီကနေ မင်းထွက်သွားချင်ရင် ငါ့ရဲ့ ဆန္ဒကို အရင်မေးရမယ်လို့… သေလိုက်စမ်း ”

လီချန်းလန်၏ နှလုံးသားထဲမှာ ဝမ်းသာမှုဖြင့် ပြည့်နှက်နေစဉ် အေးစက်စက်အသံက သူ့နားထဲသို့ ဝင်ရောက်လာသည်။ ထိုအသံ၏ အနောက်တွင် ကြွပ်ဆပ်သော ကုချင်းအသံက ကောင်းကင်ယံ၌ ပဲ့တင်ထပ်သွားသည်။

“ မကောင်းတော့ဘူး ”

“ ဒင်… တုန်… ”

ကုချင်းအသံကို ကြားလိုက်သည့်အခိုက် အစောနက ထွက်ပေါ်လာခဲ့သော အသံဓားများ၏ ကြောက်မက်ဖွယ်ကောင်းပုံကို သူပြန်အမှတ်ရသွားသည်။ သူ၏ ပျော်ရွှင်မှုက ချက်ချင်း ပျောက်ကွယ်သွားသည်။ သူဘာမှမတုံ့ပြန်နိုင်မီ စူးရှသော နာကျင်မှုက သူ၏ လည်ပင်းမှ ရုတ်တရက် ထွက်ပေါ်လာသည်။ သူ၏ မျက်လုံးထဲမှ အလင်းရောင်က ရုတ်တရက် မှိန်ဖျော့သွားသည်။ ဆန္ဒမရှိမှုက သူ့မျက်လုံးထဲမှာ ထွက်ပေါ်လာသည်။

မကြာမီ စူးရှသော သတ္ထုမြည်သံနှင့်အတူ ဦးခေါင်းတစ်လုံးက လေထဲသို့ မြှောက်တတ်သွားသည်။ သွေးသည် ဦးခေါင်းမဲ့နေသော လည်ပင်းထံမှ ရေပန်းသဖွယ် ပန်းထွက်လာသည်။

အဝေးတွင် စက်ကရာသည် ဦးခေါင်းမဲ့နေသော ခန္ဓာကိုယ်ကို အေးစက်စက် စိုက်ကြည့်နေသည်။ သူ၏ ကျားလက်သည်းများကို ကုချင်းပေါ်မှာ တင်ထားသည်။ သူ၏ ခန္ဓာကိုယ်ပေါ်တွင် ဆိုးဝါးပြင်းထန်သော ဒဏ်ရာများရှိသည်။

သွေးသည် ထိုဒဏ်ရာများမှ တတောက်တောက် စီးကျနေသည်။

သေပြီ… ။

လီချန်းလန် သေသွားပြီ… ။

သူက သီရှီထျန်၏ ဒုစရိုက်ခုနစ်ပါးနတ်ဆိုးကုချင်းကြောင့် သေဆုံးသွားသည်။

“ ဟူး… နောက်ဆုံးတော့ သူသေသွားပြီ… ဒီအဖိုးကြီးက အရမ်းအစွမ်းထက်ပြီး ရက်စက်ကြမ်းကြုတ်တယ်… ဒါတောင် သူက အမြူတေဖွဲ့စည်းခြင်းနယ်ပယ်မှာပဲ ရှိသေးတယ်… ဝိညာဉ်သန္ဓေတည်နယ်ပယ် ကျင့်ကြံသူဆိုရင် ဘယ်လောက်တောင်မှ သန်စွမ်းလိုက်မလဲ ”

သီရှီထျန်က လီချန်းလန်၏ အလောင်းကို ကြည့်လိုက်သည်။ ထိန်းချုပ်မည့်လူ မရှိတော့သည့်အခါ လွင့်မျောတိမ်လှေက လှေငယ်တစ်စင်းအဖြစ် ကျုံ့သွားပြီး မြေကြီးပေါ်သို့ ပြုတ်ကျသွားသည်။

လှေပေါ်မှ ဦးခေါင်းမဲ့အလောင်းသည်လည်း မြေကြီးပေါ်သို့ ကြမ်းတမ်းစွာ ပြုတ်ကျသွားသည်။

ယင်းကို မြင်သောအခါ သီရှီထျန်က စိတ်သက်သာရာရမှုကို ခံစားမိသွားသည်။ မြေကြီးပေါ်သို့ သူဆင်းသက်လိုက်သည့်အခါ ပြင်းထန်သော နာကျင်မှုက သူ၏ ခန္ဓာကိုယ်အနှံ့မှ ထွက်ပေါ်လာသည်။

ဤတစ်ကြိမ်သည် အမှန်တကယ် အန္တရာယ်များသည်။

လီချန်းလန်က သူ၏ သက်စောင့်ဓမ္မရတနာကို ရုတ်တရက် ဖောက်ခွဲပစ်ပြီး မိစ္ဆာသားရဲဘုရင်အားလုံးကို တစ်ပြိုင်နက်တည်း တိုက်ခိုက်လာလိမ့်မည်ဟု မည်သူမှ မမျှော်လင့်ထားကြချေ။ ထိုလှုပ်ရှားမှုက လွန်စွာ ရုတ်တရက်ဆန်သည်။ အနက်ရောင်မျောက်ဝံဘုရင်နှင့် တခြားမိစ္ဆာသားရဲဘုရင်များသည် ပေါက်ကွဲမှုအားဖြင့် ရိုက်ခတ်ခံလိုက်ကြရသည်။ သူတို့အားလုံးက ဒဏ်ရာပြင်းထန်စွာ ရရှိသွားကြသည်။

လီချန်းလန်၏ အကြံအစည်သည် မိစ္ဆာသားရဲဘုရင်များ ဒဏ်ရာရသွားသည့်အခိုက် ထိုအခြေအနေကို အခွင့်ကောင်းယူ၍ ထွက်ပြေးရန် ဖြစ်သည်။ မည်သို့ဖြစ်ပါစေ သူ့မှာ လွင့်မျောတိမ်လှေ ရှိသည်။ လွင့်မျောတိမ်လှေ၏ အလျင်အရ မိစ္ဆာသားရဲဘုရင်များသည် သူ့အနောက်သို့ လိုက်ဖမ်းနိုင်ကြမည် မဟုတ်ချေ။

ကံမကောင်းစွာပင် သူက သီရှီထျန်နှင့် တွေ့ဆုံသွားသည်။ လီချန်းလန်၏ မျက်နှာပေါ်မှ ရက်စက်ကြမ်းကြုတ်သော အမူအရာကို သီရှီထျန် မြင်သွားသည့်အခိုက် ဆိုးဝါးသော ခံစားချက်ကို သူရရှိသွားသည်။

ထို့ကြောင့် သူက အမြန်ဆုံး အလျင်ဖြင့် ချက်ချင်း အနောက်ဆုတ်သွားခဲ့သည်။ သို့တိုင် သူ၏ ရှာတွေ့မှုက ခြေတစ်လှမ်းနောက်ကျသွားဆဲပင်။ သူက ပေါက်ကွဲမှုကို အပြည့်အဝ မတိမ်းရှောင်နိုင်ခဲ့ပေ။ ထို့ကြောင့် ဆန္ဒပြည့်စေအုတ်ခဲ၏ ပေါက်ကွဲမှုမှ ထွက်ပေါ်လာသော အဖျက်စွမ်းအားက သူ၏ ခန္ဓာကိုယ်ပေါ်တွင် ဒဏ်ရာဒဏ်ချက်များ ဖြစ်ပေါ်စေသည်။ ကံကောင်းသွားသည်မှာ သူက ဒုစရိုက်ခုနစ်ပါးနတ်ဆိုးကုချင်းကို အသုံးပြု၍ သူ့ကိုယ်သူ ခုခံကာကွယ်လိုက်သည်။ သို့မဟုတ်လျှင် သူ၏ ဒဏ်ရာများက ထိုထက် ပိုပြီးဆိုးဝါးသွားနိုင်၏။

ထို့ကြောင့်ပင် သူက အင်အားတချို့ ထိန်းသိမ်းနိုင်ခဲ့သည်။ လီချန်းလန် ထွက်ပြေးလွတ်မြောက်တော့မည်ကို မြင်သောအခါ သူက အသံဓားကို ထုတ်လွှတ်၍ သူ့ကို ချက်ချင်း သတ်ပစ်လိုက်သည်။

ပုံမှန်အခြေအနေမှာဆိုလျှင် သူက လီချန်းလန်ကို ထိုမျှလွယ်ကူစွာ သတ်ပစ်နိုင်လိမ့်မည် မဟုတ်ချေ။ သူက သက်စောင့်ဓမ္မရတနာကို ကိုယ့်ဘာသာ ဖောက်ခွဲပစ်ခဲ့လေရာ ဒဏ်ရာအပြင်းအထန် ရရှိထားသည်။ ထို့ကြောင့် သူက အသံဓားကို မခုခံနိုင်ခဲ့ပေ။ တစ်နည်းဆိုရလျှင် လီချန်းလန်က သူ့ကိုယ်ပိုင်အတတ်ဖြင့် သေဆုံးသွားခြင်း ဖြစ်သည်။

အခန်း(၁၅၀)

“ ဒင်… တုန်… ဒင်… တုန် ”

ဒုစရိုက်ခုနစ်ပါးနတ်ဆိုးကုချင်းက မြေကြီးပေါ်သို့ ကျဆင်းသွားသည်။ ကုချင်းပေါ်မှ ကြိုးကိုးချောင်းက သူ့ဘာသာ တုန်ခါသွားကြသည်။ ကုချင်းအသံ ထွက်ပေါ်လာသည်နှင့်ချက်ချင်း အစောနက ဆန္ဒပြည့်စေအုတ်ခဲ ပေါက်ကွဲသွားခဲ့သော နေရာ၌ ထူးဆန်းသော သတ္ထုချီက ရုတ်တရက် ပေါ်လျှိုးလာသည်။ ရွှေရောင်သတ္ထုချီသည် အရပ်မျက်နှာအသီးသီးထံမှ ထွက်ပေါ်လာပြီး လေထဲမှာ စုဝေးသွားသည်။ စက္ကန့်အနည်းငယ်ကြာပြီးနောက် လေထဲမှာ ရွှေရောင်မြူခိုးဘောလုံးတစ်လုံး ထွက်ပေါ်လာသည်။

ရွှေရောင်မြူခိုးဘောလုံးသည် ထွက်ပေါ်လာသည်နှင့်ချက်ချင်း ကုချင်းအသံနောက်သို့ အမြန်လိုက်သွားသည်။ ဤသည်မှာ ပျံလွှားတစ်ကောင်က အသိုက်ဆီသို့ ပြန်သွားနေသည့်အလားပင်။ ရွှေရောင်မြူခိုးဘောလုံးသည် မြေကြီးပေါ်မှ ဒုစရိုက်ခုနစ်ပါးနတ်ဆိုးကုချင်းထံသို့ မြန်ဆန်စွာ ရွေ့လျားသွားသည်။

ထိုအခိုက်အတန့်မှာ ကျောက်စိမ်းကုချင်းက ဝေလငါးတစ်ကောင်ကဲ့သို့ ရွှေရောင်မြူခိုးဘောလုံးကို ချက်ချင်း ဝါးမျိုလိုက်သည်။

ကျောက်စိမ်းကုချင်းသည် ထူထဲသော ကျောက်စိမ်းအလင်းလွှာကို ရုတ်တရက် ထုတ်လွှတ်လိုက်သည်။ ကျောက်စိမ်းအလင်းထဲမှာ မိစ္ဆာအရှိန်အဝါတစ်စွန်းတစ်စ ကိန်းအောင်းနေသည်။ ဤအခိုက်အတန့်မှာ ဒုစရိုက်ခုနစ်ပါးနတ်ဆိုးကုချင်းက ကြီးမားသော အကျိုးအမြတ်ကို ရရှိသွားဟန် ရ၏။

“ အဲ့ဒါက… မဟုတ်မှလွဲရော ဆန္ဒပြည့်စေအုတ်ခဲရဲ့ စွမ်းအင်အနှစ်သာရလား ”

သီရှီထျန်က တဒင်္ဂ အံ့ဩသွားသည်။ သို့သော်လည်း ယင်းက ကျောက်စိမ်းကုချင်းပေါ်မှာ သူရေးထွင်းခဲ့သော အန္တိမကောင်းကင်ဘုံကိုးခုမူလပြန်အစီအရင်ကြောင့် ဖြစ်ကြောင်း ချက်ချင်း သူနားလည်သွားသည်။

လက်နက်သန့်စင်ခြင်းစာအုပ်ထဲတွင် ဖော်ပြထားသည်မှာ ထိုအစီအရင်က တစ်စုံတစ်ယောက်၏ ကိုယ်ပိုင်သက်စောင့်ဓမ္မလက်နက်ကို အစွမ်းမြှင့်တင်ပေးရန်အလို့ငှာ တခြားဓမ္မလက်နက်များ၏ စွမ်းအင်အနှစ်သာရကို စုပ်ယူနိုင်စေလိမ့်မည်။ စွမ်းအင်အနှစ်သာရကို ပိုပြီးစုပ်ယူလေ သက်စောင့်ဓမ္မလက်နက်၏ စွမ်းအားက ပိုပြီးတိုးမြှင့်လာလေ ဖြစ်၏။

သက်စောင့်ဓမ္မလက်နက်တစ်ခုအတွက် တခြားဓမ္မလက်နက်များ၏ စွမ်းအင်အနှစ်သာရက ကောင်းမွန်သော အာဟာရဓာတ် ဖြစ်သည်။

“ အကိုသီ… မင်းက အရမ်းတော်တာပဲ… မင်းကြောင့်မဟုတ်ရင် မုန်းစရာကောင်းတဲ့ အဲ့ဒီကျင့်ကြံသူက ဒီကနေ ထွက်ပြေးလွတ်မြောက်သွားလိမ့်မယ် ”

အနက်ရောင်မျောက်ဝံဘုရင်သည် မြေကြီးပေါ်မှာ ပြန်မတ်တတ်ရပ်လိုက်သည်။ သူ၏ ဧရာမခန္ဓာကိုယ်ပေါ်မှာ မရေမတွက်နိုင်သော ဒဏ်ရာဒဏ်ချက်များရှိနေကြောင်း မည်သူမဆို မြင်နိုင်ပေသည်။ သွေးသည် သူ၏ ရင်ဘက်ပေါ်မှ စီးကျနေသည်။ မြေကြီးပေါ်မှာ သူမတ်တတ်ရပ်နေစဉ် သူ၏ ခန္ဓာကိုယ်က အနည်းငယ် တုန်ရီနေသည်။

ရှင်းလင်းစွာပင် ဓမ္မရတနာတစ်ခု၏ ပေါက်ကွဲမှုကြောင့် မိစ္ဆာသားရဲဘုရင်အားလုံးသည် ဤတစ်ကြိမ်တွင် အနည်းနှင့်အများ ဒဏ်ရာရရှိသွားကြသည်။

အနက်ရောင်မျောက်ဝံဘုရင်သည် မတ်တတ်ပြန်ထလိုက်သည့်အခါ ဦးခေါင်းပြတ်နေသော လီချန်းလန်၏ အလောင်းကို မြင်တွေ့သွားသည်။ ထို့ကြောင့် သူက အံ့ဩသွားပြီး သီရှီထျန်ကို ချီးကျူးလိုက်သည်။

“ စောစောက ရွှေရောင်အုတ်ခဲရဲ့ ပေါက်ကွဲမှုက တကယ်ကြောက်စရာကောင်းတယ် ”

သရဖူနီကြိုးကြာဘုရင်သည်လည်း ငှက်မွှေးအများကြီးကို ဆုံးရှုံးသွားသည်။ ရှင်းလင်းစွာပင် သူသည်လည်း ဓမ္မလက်နက်၏ ပေါက်ကွဲမှုကြောင့် ဒဏ်ရာရရှိသွားသည်။

မဒူဆာ၏ ခန္ဓာကိုယ်ပေါ်မှာ ငါးရောင်ခြယ်အလင်းက ထွန်းလင်းတောက်ပနေသည်။ မကြာမီ သူ၏ ခန္ဓာကိုယ်အောက်ပိုင်းမှ မြွေအစိတ်အပိုင်းက ပျောက်ကွယ်သွားသည်။ သူ၏ ဦးခေါင်းပေါ်မှ မြွေဆံပင်သည်လည်း အနက်ရောင်ဆံခြည်မျှင်အဖြစ် ပြန်ပြောင်းလဲသွားသည်။ သို့သော်လည်း သူ၏ မျက်နှာက ဖြူဖျော့နေသည်။

ဤတစ်ကြိမ်တွင် သူ့အား အကူအညီလာပေးကြသော သီရှီထျန်နှင့် တခြားမိစ္ဆာသားရဲဘုရင်များကို ကြည့်လိုက်သည့်အခါ ဖော်ပြရခက်ခဲသော အလင်းက သူ၏ အေးစက်စက် မျက်လုံးထဲမှာ လင်းလက်သွားသည်။ သူက အနီရောင်နှုတ်ခမ်းကို ဖွင့်ဟလိုက်ပြီး နူးညံ့စွာ ပြောသည်။

“ အားလုံးပဲ… ဒီတစ်ကြိမ်မှာ ကျွန်မ မဒူဆာက ကပ်ဘေးဒုက္ခကျော်လွှားပြီးတဲ့နောက် ရွံမုန်းစရာကောင်းတဲ့ ကျင့်ကြံသူတစ်ယောက်ရဲ့ အလစ်လုပ်ကြံသတ်ဖြတ်တာနဲ့ တွေ့ကြုံခဲ့ပါတယ်… ကျွန်မ အန္တရာယ်ကျရောက်နေတဲ့အချိန် အခုလို လာရောက်ကူညီပေးတဲ့အတွက် ရှင်တို့အားလုံးကို ကျွန်မ ကျေးဇူးတင်ပါတယ်… ဒီကျေးဇူးတရားကို ကျွန်မရဲ့ နှလုံးသားထဲမှာ မှတ်သားထားပါမယ် ”

သူ၏ စကားများက တည်ငြိမ်ပြီး သူ၏ လေသံက ပြတ်သားလေရာ ဂုဏ်သိက္ခာကြီးမားသော ခံစားမှုကို ပေးသည်။ မဒူဆာ၏ အကျင့်စရိုက်သည် အေးတိအေးစက်နိုင်သည်။ ယင်းက သူ၏ မျိုးနွယ်စိတ်ကြောင့် ဖြစ်နိုင်၏။ သို့သော်လည်း သူက သူပြောခဲ့သော စကားများကို အမြဲတမ်း တန်ဖိုးထားသည်။

သူက ကျေးဇူးတရားကို နှလုံးသားထဲမှာ မှတ်သားထားမည်ဟု ပြောလေရာ ထိုအတိုင်း အမှန်တကယ် လုပ်ဆောင်လိမ့်မည်။ သူ့စကားကို သံသယရှိရန် မလိုပေ။

“ မဒူဆာ… မင်း အဲ့လိုလုပ်စရာ မလိုပါဘူး ”

သီရှီထျန်က တစ်ချက်တွေးလိုက်သည်။ ထိုအခါ ကျောက်စိမ်းကုချင်းက အဖြူရောင်အလင်းတန်းအဖြစ် ပြောင်းလဲသွားပြီး သူ၏ ခန္ဓာကိုယ်ထဲသို့ မြန်ဆန်စွာ ဝင်ရောက်သွားသည်။ သူက ထရပ်လိုက်ပြီး လေးနက်စွာ ပြောသည်။

" ဒီတစ်ကြိမ်မှာ အဲ့ဒီကျင့်ကြံသူက မင်း ကပ်ဘေးဒုက္ခကျော်လွှားနေတာကို အခွင့်ကောင်းယူပြီး မင်းကို လုပ်ကြံသတ်ဖြတ်ဖို့ ကြိုးစားခဲ့တယ်… အဲ့ဒါက ငါတို့ရဲ့ တောင်ပိုင်းမြေရိုင်းဒေသတစ်ခုလုံးကို ရန်ပြုလိုက်တာပဲ… တကယ်လို့ သူ့ကို ငါတို့မသတ်ရင် ဒီနေရာမှာ ဘယ်မျက်နှာနဲ့ ငါတို့ဆက်နေနိုင်မှာလဲ… ဒီတစ်ကြိမ် ငါတို့ရောက်လာတာက မင်းကို ကူညီပေးဖို့နဲ့ တောင်ပိုင်းမြေရိုင်းဒေသရဲ့ ဂုဏ်သိက္ခာကို ကာကွယ်ပေးဖို့ပဲ ”

ယခုအချိန်တွင် သူက ယဉ်ကျေးသော စကားတချို့ကို ပြောရလိမ့်မည်။ အထူးသဖြင့် ဤသို့အခြေအနေမျိုးမှာ ဖြစ်သည်။

“ ဟား ဟား… အကိုသီရဲ့ စကားက ငါ့နှလုံးသားကို တကယ်ထိစေတယ် ”

အနက်ရောင်မျောက်ဝံဘုရင်က ရယ်မောလိုက်သည်။ ထို့နောက် သူက ခေါင်းကုတ်လိုက်ပြီး ပြောသည်။

“ မဒူဆာ… အခု မင်းအပါအဝင်ဆိုရင် ငါတို့ရဲ့ တောင်ပိုင်းမြေရိုင်းဒေသထဲမှာ စစ်မှန်တဲ့ မိစ္ဆာနှစ်ကောင်ရှိသွားပြီ… အဲ့ဒါက ငါတို့ရဲ့ စုပေါင်းအင်အားကို ကြီးကြီးမားမား တိုးမြှင့်ပေးလိုက်တာပဲ… အဲ့ဒီကျင့်ကြံသူတွေ အောင်မြင်ကြီးပွားဖို့ ဘယ်လိုလုပ် ငါတို့ခွင့်ပြုနိုင်မှာလဲ… မင်းနဲ့ဆိုရင် နောက်တစ်ကြိမ် ဖွင့်မယ့် အပျက်အစီးနယ်မြေမှာ ငါတို့တွေ ပိုပြီးအခွင့်အရေးများလိမ့်မယ် ”

ရှင်းလင်းစွာပင် သူက တောင်ပိုင်းမြေရိုင်းဒေသထဲမှာ မိစ္ဆာတစ်ကောင် တိုးပွားလာသည့်အတွက် အလွန်စိတ်လှုပ်ရှားနေသည်။

မိစ္ဆာသားရဲများသည် မိစ္ဆာမျိုးနွယ်စုထဲတွင် အဆင့်အနိမ့်ဆုံး ဖြစ်သည်။ ကပ်ဘေးဒုက္ခကို ကျော်လွှားပြီး မိစ္ဆာအမြူတေဓာတ်လုံးကို ဖွဲ့စည်းပြီးသူများသာလျှင် စစ်မှန်သော မိစ္ဆာမျိုးနွယ်ဝင်များဟု သတ်မှတ်ခံကြရလိမ့်မည်။ ယခု ဤနေရာတွင် မဒူဆာတစ်ယောက်တည်းကိုသာ စစ်မှန်သော မိစ္ဆာတစ်ကောင်ဟု သတ်မှတ်နိုင်ပေသည်။

မရဏကျီးကန်းဘုရင်သည် မဒူဆာကို ကြည့်လိုက်သည်။ သူက အတောင်ပံတဖျပ်ဖျပ်ခတ်၍ မရဏကျီးကန်းအုပ်စုနှင့်အတူ ပြန်ထွက်သွားသည်။

“ အမမဒူဆာ… ဒဏ်ရာကုသဖို့ ငါပြန်သွားတော့မယ်… ဒီကိစ္စနဲ့ပတ်သက်ပြီး နင်ဘာမှ စိတ်ထဲထားမနေနဲ့… ငါတို့ရဲ့ တောင်ပိုင်းမြေရိုင်းဒေသဟာ အဲ့ဒီကျင့်ကြံသူတွေ လာအနိုင်ကျင့်လို့ရတဲ့အထိ နိမ့်ကျသွားလို့ မဖြစ်ဘူး… တောင်ပိုင်းမြေရိုင်းဒေသရဲ့ ဂုဏ်သိက္ခာကို ကာကွယ်ဖို့ဆိုရင် အသေအကြေ ငါတို့တိုက်ခိုက်ကြရမယ် ”

သရဖူနီကြိုးကြာဘုရင်သည်လည်း သိမ်မွေ့သော လေသံဖြင့် ပြောသည်။ သူက စကားဆုံးသည်နှင့် အတောင်ပံတဖျပ်ဖျပ်ခတ်၍ ကောင်းကင်ပေါ်သို့ ပျံသန်းသွားသည်။ သူက တောင်ပိုင်းအရပ်ဆီသို့ ပြန်သွားသည်။

“ အပျက်အစီးနယ်မြေ ဖွင့်တဲ့အခါ ပြန်တွေ့ကြမယ် ”

ရွှေခြင်္သေ့ဘုရင်သည်လည်း ခေါင်းညိတ်လိုက်ပြီး အနောက်လှည့်၍ ထွက်သွားသည်။

အနက်ရောင်မျောက်ဝံဘုရင်သည်လည်း နှုတ်ဆက်စကားကို ဆိုပြီးနောက် ထွက်သွားသည်။ ဤအခိုက်အတန့်မှာ တိုက်ပွဲမြေပြင်တွင် မဒူဆာ၊ သီရှီထျန်နှင့် ဇာမဏီငှက်သာ ကျန်ရှိကြတော့သည်။ အစောနက သက်ဝင်လှုပ်ရှားနေခဲ့သော နေရာက အနည်းငယ် ငြိမ်သက်သွားသည်။

မဒူဆာက သီရှီထျန်ကို ကြည့်လိုက်သည်။ ထူးဆန်းသော အလင်းက သူ၏ မျက်လုံးထဲမှာ ဖြတ်ပြေးသွားသည်။ အချိန်တစ်ခဏကြာ တိတ်ဆိတ်နေပြီးလျှင် သူက ပြောသည်။

“ သီရှီထျန်… ငါနင့်ကို ကိစ္စတစ်ခု မေးမြန်းချင်တယ်… အဲ့ဒါကို နင်ဆန္ဒရှိမှ ပြောနိုင်တယ်… နင်မပြောချင်ရင် ငါအတင်းဖိအားမပေးဘူး ”

အစောနက သူသည် ဤတစ်ကြိမ်တွင် တောင်ပိုင်းမြေရိုင်းဒေသထဲမှ မိစ္ဆာသားရဲဘုရင်အားလုံးအပေါ် ကျေးဇူးကြွေးတင်သွားပြီဟု ပြောခဲ့သည်။ သို့ဖြစ်၍ သူက ပြီးသွားသော ကိစ္စများကို နောက်ထပ် မပြောတော့ပေ။ ယင်းအစား သူက တခြားကိစ္စတစ်ခုကို ပြောသည်။ ရှင်းလင်းစွာပင် သူမေးမြန်းချင်သော အကြောင်းအရာက သီရှီထျန်နှင့် ပတ်သက်နေသည်။

‘ ငါ့ကို မေးချင်တယ်လား… မဟုတ်မှ ဒုစရိုက်ခုနစ်ပါးနတ်ဆိုးကုချင်းကိုလား ’

သီရှီထျန်က သူ့ဦးနှောက်ကို အမြန်အလုပ်လုပ်ခိုင်းလိုက်သည်။ မျက်စိတစ်မှိတ်အတွင်းမှာ အတွေးတစ်ခုက သူ၏ အသိစိတ်ထဲမှာ ထွက်ပေါ်လာသည်။ ယင်းကို အစောကြီးကတည်းက သူသတိထားမိခဲ့သည်။ ဒုစရိုက်ခုနစ်ပါးနတ်ဆိုးကုချင်းကို သူထုတ်ဖော်လိုက်သည့်အချိန်တွင် မကြာခဏဆိုသလို မဒူဆာ၏ ရွှန်းလဲ့တောက်ပသော အကြည့်က သူ၏ ကုချင်းပေါ်သို့ ကျရောက်လာကြောင်း သူသတိထားမိခဲ့သည်။ ရှင်းလင်းစွာပင် ကျောက်စိမ်းကုချင်းက မဒူဆာ၏ စိတ်အာရုံကို ဖမ်းစားသွားသည်။ မှန်ပေသည်။ သူက ဒုစရိုက်ခုနစ်ပါးနတ်ဆိုးကုချင်းကို လက်လွှတ်ခံမည် မဟုတ်ချေ။

“ မေးပါ ”

သီရှီထျန်၏ ကျားမျက်လုံးက အရောင်တောက်ပသွားသည်။ သူက မဒူဆာ၏ မျက်လုံးကို တိုက်ရိုက် ကြည့်လိုက်ပြီး ပြောသည်။

“ စောစောက ကုချင်းက… ”

မဒူဆာမေးချင်သော ကိစ္စက သူမမျှော်လင့်ထားသောအရာ မဟုတ်ပေ။ ယင်းက အမှန်တကယ်ပင် ကျောက်စိမ်းကုချင်းအကြောင်း ဖြစ်သည်။

သို့သော်လည်း မဒူဆာသည် ကျောက်စိမ်းကုချင်းကို မလိုချင်ပေ။ သူက အချိန်တစ်ခဏကြာ တုံ့ဆိုင်းနေပြီးလျှင် မေးသည်။

“ အဲ့ဒီကျောက်စိမ်းကုချင်းက နင်သန့်စင်ထားတဲ့ သက်စောင့်မိစ္ဆာလက်နက်မဟုတ်လား ”

ယင်းက အမေးစကားဖြစ်သော်လည်း သူ၏ လေသံထဲမှာ သေချာမှုဖြင့် ပြည့်နှက်နေသည်။ ရှင်းလင်းစွာပင် ယင်းက အဓိကခေါင်းစဉ်ဆီသို့ ခေါ်ဆောင်ချင်သော သူ၏ လှည့်ကွက်သေးသေးလေးသာ ဖြစ်သည်။

“ ငါသိပြီ ”

ယင်းကို သီရှီထျန်ကြားသောအခါ တစ်ဖက်လူ၏ ရည်ရွယ်ချက်ကို ချက်ချင်း သူခန့်မှန်းနိုင်သွားသည်။

သူ၏ ကျားမျက်လုံးထဲမှာ အလင်းရောင် ပေါ်လျှိုးလာသည်။ သူက ပြောသည်။

“ မင်းဘာမေးချင်တာလဲဆိုတာ ငါသိပြီ… ဒါပေမဲ့ ငါ့မှာလည်း မင်းကို မေးစရာကိစ္စတစ်ခု ရှိတယ်… ငါ့အမြင်မှာ ဒီနေရာက စကားပြောဖို့ မသင့်တော်ဘူး… ”

သူက စကားပြောနေရင်း ခေါင်းလှည့်လိုက်ပြီး ဘေးဘီကို ကြည့်လိုက်သည်။ ဤနေရာတွင် သစ်ပင်များက အပိုင်းပိုင်း ကျိုးပဲ့နေပြီး ကျောက်တုံးအပိုင်းအစများက နေရာတိုင်းမှာ ပြန့်ကျဲနေသည်။ ဤနေရာက အမှန်တကယ် ပရမ်းပတာဖြစ်နေသည်။

ယင်းက မိစ္ဆာမျိုးနွယ်စုအကြောင်း ကောင်းမွန်စွာ နားလည်နိုင်မည့် အခွင့်အရေးတစ်ခု ဖြစ်သည်။

သူက နှလုံးသားထဲမှာ တိတ်တဆိတ် တွေးတောလိုက်ပြီး ဆက်ပြောသည်။

“ တကယ်လို့ မင်းဆန္ဒရှိတယ်ဆိုရင်… မင်းရဲ့ ဒဏ်ရာတွေ ပြန်သက်သာသွားတဲ့အခါ ဘာလို့ ငါ့ရဲ့ မိစ္ဆာအသင်္ချေချိုင့်ဝှမ်းဆီ မလာတာလဲ… အဲ့ဒီတော့မှ ငါတို့ ဆက်ပြောကြမယ် ”

ယင်းကို မဒူဆာကြားသောအခါ ထူးဆန်းသော အလင်းက သူ၏ မျက်လုံးထဲမှာ ဖြတ်ပြေးသွားသည်။ သူက အဓိပ္ပာယ်ရှိသော အကြည့်ဖြင့် သီရှီထျန်ကို ကြည့်လိုက်ပြီး ပြောသည်။

“ နင်က တခြားလူတွေနဲ့ တကယ် ကွာခြားတယ်… ကောင်းပြီ… မိစ္ဆာအသင်္ချေချိုင့်ဝှမ်းဆီ ငါလာခဲ့မယ် ”

ထိုသို့ပြောပြီးနောက် သူက အနောက်လှည့်၍ ထွက်သွားသည်။ ဇာမဏီငှက်သည် မဒူဆာကို အနည်းငယ် စိတ်ပူနေသေးဟန် ရ၏။ သူက အတောင်ပံတဖျပ်ဖျပ်ခတ်၍ မဒူဆာ၏ အနောက်သို့ လိုက်သွားသည်။

ယင်းက မိစ္ဆာမျိုးနွယ်စု၏ အလုပ်လုပ်ဆောင်ပုံဖြစ်ဟန် တူသည်။ သူတို့တစ်ကောင်စီက ထိုအတိုင်း လွတ်လွတ်လပ်လပ် ထွက်ခွာသွားကြသည်။

မျက်စိတစ်မှိတ်အတွင်းမှာ ဤတိုက်ပွဲနယ်မြေ၌ သီရှီထျန်တစ်ယောက်တည်း ကျန်ရှိတော့သည်။ သို့သော်လည်း သူက ချက်ချင်း မထွက်သွားပေ။ ယင်းအစား သူက မြေကြီးပေါ်မှ လီချန်းလန်၏ အလောင်းကို ကြည့်လိုက်သည်။ ဝမ်းသာပျော်ရွှင်မှုက သူ၏ မျက်လုံးထဲမှာ ထွက်ပေါ်လာသည်။ သူက တစ်ယောက်တည်း တီးတိုးရေရွတ်လိုက်သည်။

“ အားလုံး ထွက်သွားကြတာ ကောင်းတယ်… အခု ဒီအလောင်းကို ဘယ်သူမှ ငါနဲ့ ပြိုင်မလုနိုင်တော့ဘူး… ပြီးတော့ သူ့ရဲ့ ဓမ္မလက်နက်တွေ… အဲ့ဒါတွေအားလုံးက ရတနာတွေ ”

သူ၏ မျက်လုံးထဲမှာ ထွန်းလင်းတောက်ပသော အလင်း ထွက်ပေါ်လာသည်။ ယခု သူက စိတ်လှုပ်ရှားသွားသည်။

… ... …

“ မြေခွေးလေး… နင်ဘာလို့ ဘာစကားမှ မပြောတာလဲ ”

“ နင့်ရဲ့ ဒဏ်ရာတွေ မသက်သာသေးဘူးလား… ငါ့ကို ပြောပြပါ… ဖေးဖေး တောင်ပေါ်တတ်ပြီး နင့်အတွက် ဆေးပင်တွေ သွားရှာပေးမယ် ဟုတ်ပြီလား ”

“ မြေခွေးလေး… နင့်ရဲ့ ခန္ဓာကိုယ်အနံ့က အရမ်းမွှေးတာပဲ… အဲ့ဒါကို ငါသဘောကျတယ် ”

ထိုအခိုက်အတန့်မှာ တောင်ပိုင်းမြေရိုင်းဒေသဆီသို့ ဦးတည်နေသော လမ်းပေါ်တွင် မိန်းကလေးတစ်ယောက်သည် သူ၏ လက်မောင်းထဲမှ အဖြူရောင်မြေခွေးတစ်ကောင်ကို စူးစမ်းလိုသော အမူအရာဖြင့် ကြည့်နေသည်။ သူက မကြာခဏဆိုသလို မေးခွန်းတစ်ခုပြီးတစ်ခု မေးနေသည်။

ထိုမိန်းကလေးသည် ဖေးဖေးဖြစ်သည်။ သူက ကျားဖြူလေးနှင့်အတူ တောင်ပိုင်းမြေရိုင်းဒေသဆီသို့ ဦးတည်သွားနေသည်။ လမ်းခရီးတွင် သူက ဒဏ်ရာရပြီး သတိမေ့နေသော မြေခွေးတစ်ကောင်ကို မြင်တွေ့သွားသည်။

ထိုမြေခွေးသည် အလွန်ထူးဆန်းသည်။ သူ့မှာ အဖြူရောင်အမြှီးနှစ်ချောင်း ရှိသည်။ သူ၏ ခန္ဓာကိုယ်မှလည်း မွှေးကြိုင်သော ရနံ့တစ်မျိုးကို ထုတ်လွှတ်နေသည်။

သူက မြေခွေး၏ ခန္ဓာကိုယ်ကို စစ်ဆေးကြည့်ခဲ့သည်။ သို့သော်လည်း ထိုမြေခွေးက မည်သည့်ဒဏ်ရာရရှိထားကြောင်း သူမသိပေ။ ထူးဆန်းသည်မှာ မြေခွေးသည် သတိမေ့မြောနေပြီး တစ်ရက်ကြာပြီးနောက် ပြန်သတိရလာသည်။ သို့သော်လည်း မြေခွေးသည် မျက်လုံးသာ ဖွင့်လိုက်၏။ သူက မည်သည့်စကားမှ မပြောပေ။

All Chapters