အခန်း (၃၀၁-၃၀၂)
Vol. 21 Ch. 301-302
အခန်း (၃၀၁) - အဆင့်မြင့် အသားလှီးဓားအသစ်
"လီယာကျွင်းကော ဘယ်မှာလဲ။ သူမကို သေချာ နေရာချပေးပြီးပြီလား"
ရွှီရှင်းက အပြည့်အဝ ကြီးထွားနေပြီဖြစ်သော ကပ်ပါးသစ်ပင်အိမ်ကို လှမ်းကြည့်ရင်း မေးလိုက်သည်။
"အင်း..."
လီဝမ်ရှီးက ခေါင်းညိတ်ပြ၏။
"သူမ အခု သစ်ပင်အိမ်ထဲက သူမရဲ့ အခန်းကို ရှင်းလင်းရေး လုပ်နေတယ်လေ။ ဒါနဲ့ နေဦး..."
လီဝမ်ရှီးသည် သူမ၏ ကျောပိုးအိတ်ထဲမှ လီယာကျွင်း၏ သစ်ပင်အိမ်အမြုတေကို ထုတ်ယူလိုက်ပြီး "ဒါ ရှင့်အတွက်။ ယာကျွင်းလည်း သဘောတူပြီးသားပါ။ အထူးသဖြင့် ဒီနေ့ တစ်နေကုန် ကျွန်မတို့ကို ဦးဆောင်လမ်းပြပေးခဲ့တာ ရှင်ပဲ မဟုတ်လား" ဟု ဆိုကာ ကမ်းပေးလိုက်သည်။
"ငါ့အတွက် ဟုတ်လား။ ဒါ နင်တို့အတွက် မလိုဘူးလား"
ရွှီရှင်း အနည်းငယ် အံ့သြသွားမိ၏။
"ကျွန်မရဲ့ အရည်ကျိုဖိုက ခရမ်းရောင်အဆင့် ကုန်ကြမ်းတွေကိုလည်း ကိုင်တွယ်နိုင်တာပဲလေ။ ပြီးတော့ ရှင် ပြန်ရောက်လာရင် ခရမ်းရောင်အဆင့် အသားလှီးဓား တစ်လက် လုပ်ချင်တယ်လို့ ပြောခဲ့တယ် မဟုတ်လား"
လီဝမ်ရှီးသည် အမြုတေကို ရွှီရှင်း၏ လက်ထဲသို့ အတင်းထည့်ပေးလိုက်ပြီးနောက် သူ့ကို မော့ကြည့်ကာ ပြုံးပြလိုက်သည်။
"ဒါဆို ဒါကိုပဲ သုံးလိုက်လေ၊ တစ်လက်လုပ်ဖို့အတွက် အတော်ပဲပေါ့။ ဪ... ပြီးရင်တော့ ကျွန်မကို ပြန်ပေးဦးနော်၊ အားပြန်သွင်းဖို့ လိုသေးလို့"
မှန်ပေသည်။ ခရမ်းရောင်အဆင့် အသားလှီးဓားကို ဖန်တီးရန်အတွက် သစ်ပင်အိမ်အမြုတေ တစ်ခုမှာ မရှိမဖြစ် လိုအပ်လှပေသည်။
လောလောဆယ်တွင် အသားလှီးဓားများကို သတ္တုဖြင့် ပြုလုပ်၍မရဘဲ ကျောက်တုံးဖြင့်သာ ပြုလုပ်နိုင်သေးရာ၊ ခရမ်းရောင်အဆင့် ဓားတစ်လက် ရရှိရန်အတွက် ခရမ်းရောင်အဆင့် ကျောက်တုံးတစ်တုံး လိုအပ်မည် ဖြစ်သည်။
သို့သော် လီဝမ်ရှီးသည် အရည်ကျိုဖိုကို အသုံးပြု၍ သာမန်ကျောက်တုံးကို ခရမ်းရောင်အဆင့်ဖြစ်အောင် မွမ်းမံနိုင်စွမ်း မရှိသေးပေ။
"ကောင်းပြီလေ၊ ဒါဆို ငါ ဒီမှာပဲ လုပ်လိုက်တော့မယ်"
ရွှီရှင်းသည် သူ၏ ကျောပိုးအိတ်ထဲမှ အပြာရောင်အဆင့် ကျောက်တုံးတစ်တုံးကို ချက်ချင်း ထုတ်ယူလိုက်၏။
၎င်းမှာ ဂူထဲက ကန်အောက်ခြေမှ သူ ရရှိခဲ့သော ကျောက်တုံးများထဲမှ တစ်ခု ဖြစ်သည်။
[အဆင့်နိမ့် သစ်ပင်အိမ်အမြုတေကို အသုံးပြု၍ ကျောက်တုံး (အပြာရောင်အဆင့်) ကို ကျောက်တုံး (ခရမ်းရောင်အဆင့်) အဖြစ် အဆင့်မြှင့်တင်မလား]
ရွှီရှင်းက ချက်ချင်းပင် "လုပ်မည်" ကို ရွေးချယ်လိုက်တော့သည်။
အမြုတေမှ ထွက်ပေါ်လာသော အလင်းတန်းများသည် သူ၏ လက်ထဲက အပြာရောင်ကျောက်တုံးကို လွှမ်းခြုံသွားချေပြီ။
ထို့နောက် အပြာရောင်မှာ တဖြည်းဖြည်း မှိန်ဖျော့သွားပြီး ခရမ်းရောင်မှာ တဖြည်းဖြည်း ပေါ်ထွက်လာခဲ့သည်။
တစ်ချိန်တည်းမှာပင် သူ၏ လက်ထဲက သစ်ပင်အိမ်အမြုတေမှာလည်း တောက်ပမှုများ ကွယ်ပျောက်သွားပြီး မှိန်ဖျော့သွားခဲ့၏။
"ပြီးပြီလား"
လီဝမ်ရှီး မျက်တောင်တဖျပ်ဖျပ် ခတ်ရင်း ကြည့်နေသော်လည်း ဘာမှ သေသေချာချာ မမြင်လိုက်ရပေ။
သူမ၏ အမြင်တွင်မူ ရွှီရှင်း၏ လက်ထဲက ကျောက်တုံးမှာ အနည်းငယ် ပိုလင်းလာသည်မှလွဲ၍ သိသာသော အပြောင်းအလဲ မရှိသကဲ့သို့ပင်။
"အင်း... အခုတော့ ခရမ်းရောင်အဆင့် ကျောက်တုံး ဖြစ်သွားပြီ"
ရွှီရှင်းက ကျောက်တုံးကို သိမ်းလိုက်ပြီး အရောင်မှိန်သွားသော အမြုတေကို လီဝမ်ရှီးထံ ပြန်ပေးလိုက်သည်။
လီဝမ်ရှီးသည် အမြုတေကို အသေအချာ စစ်ဆေးပြီးနောက် ပြန်သိမ်းလိုက်၏။
"နောက်ပြီး ဒါလည်း ရှိသေးတယ်"
လီဝမ်ရှီးသည် လေးလံလှသော အစိမ်းရောင်အဆင့် ကျောပိုးအိတ်တစ်ခုကို ရွှီရှင်းထံ ကမ်းပေးလိုက်ပြန်သည်။
"ဒီထဲက ကုန်ကြမ်းတွေဆိုရင် တည်နေရာကူးပြောင်းစက် နှစ်စုံစာအတွက် လုံလောက်တယ်။ အခုပဲ ကျွန်မ ပြင်ဆင်ထားတာ၊ ကျိချောင်းယန်နဲ့ မမရွှယ်ဖေးတို့အတွက် တစ်ယောက် တစ်စုံစီပေါ့"
ရွှီရှင်း ကျောပိုးအိတ်ကို ဖွင့်ကြည့်လိုက်ရာ စူးရှလှသော အပြာရောင် အလင်းတန်းများက သူ့ကို ဆီးကြိုနေတော့သည်။
အပြာရောင်အဆင့် အရင်းအမြစ် ဒါဇင်ပေါင်းများစွာကို သူမက သူ့ထံသို့ တိုက်ရိုက် ပေးအပ်လိုက်ခြင်းပင်။
သူမသည် တကယ့်ကို သူဌေးမလေး တစ်ဦးပါပေ။
ကုန်ကြမ်းကိစ္စအတွက် သူ ဘာမှ စိုးရိမ်စရာ မလိုတော့သည် မဟုတ်ပါလား။
"ဒီလောက်တောင် များတာလား..."
ရွှီရှင်း ဘာပြောရမှန်းပင် မသိတော့ပေ။
"ဟီးဟီး... ရှင့်ရဲ့ တောင်ကုန်းအရင်းအမြစ်ဇုန်နားက သတ္တုတွင်းတွေမှာ ကျွန်မ ထပ်ပြီး အများကြီး စုဆောင်းထားတာလေ"
လီဝမ်ရှီးက ပြုံးလျက် ဆိုသည်။
"ကျွန်မ အရင်ကတည်းက ပြောထားသားပဲ၊ ရှင့်ဆီမှာ ကုန်ကြမ်းတွေ အမြဲတမ်း လုံလောက်နေစေရမယ်လို့"
ဒီလို သူဌေးမလေးတစ်ယောက်ရဲ့ ထောက်ပံ့မှုကို ရနေရတာ တကယ့်ကို ခံစားချက်ကောင်းလှပေသည်။
"ကဲ... အရာအားလုံး အဆင်သင့်ဖြစ်ပြီဆိုတော့၊ ကျွန်မ ဒီနေရာကူးပြောင်းတာကို တစ်ချက်လောက် စမ်းကြည့်ချင်တယ်၊ ဒါပေမဲ့..."
လီဝမ်ရှီး၏ အကြည့်မှာ ရွှီရှင်းနောက်က ပုံမှန်အတိုင်း ပြန်ဖြစ်သွားသော တည်နေရာကူးပြောင်းစက်ဆီသို့ ရောက်သွား၏။
ထို့နောက် ရွှီရှင်းကို လှမ်းကြည့်ကာ "ဒီလို နေရာကူးပြောင်းတာမှာ ဘေးထွက်ဆိုးကျိုးတွေ ရှိလားဟင်" ဟု မေးလိုက်သည်။
ရွှီရှင်းက နေရာကူးပြောင်းစက် အသုံးပြုပုံနှင့် ၎င်း၏ ဘေးထွက်ဆိုးကျိုးများအကြောင်းကို လီဝမ်ရှီးအား ရှင်းပြလိုက်၏။
လီဝမ်ရှီးသည် သေသေချာချာ နားထောင်နေပြီး ရံဖန်ရံခါ ခေါင်းညိတ်ပြနေသည်။
သို့သော် ဘေးထွက်ဆိုးကျိုးအကြောင်း ကြားလိုက်ရသောအခါ သူမ၏ မျက်လုံးများမှာ ရုတ်တရက် ဝင်းခနဲ ဖြစ်သွားတော့၏။
"အမြင့်ကနေ ကြိုးချည်ပြီး ခုန်ချခြင်း တဲ့လား။ ဝါး... ကျွန်မ တစ်ခါမှ မစမ်းဖူးဘူး၊ အခု စမ်းကြည့်ချင်လိုက်တာ"
သူမသည် စိတ်အားထက်သန်နေပုံရပြီး စက်နားသို့ ခြေလှမ်းအနည်းငယ် တိုးကာ ရွှီရှင်း၏ သစ်ပင်အိမ် ဟု စာသားပေါ်နေသော သံမဏိတိုင်ကို အသေအချာ စစ်ဆေးနေတော့သည်။
"အရင်က အဲဒီလို ခုန်တဲ့နေရာတွေကို ရောက်ဖူးပေမဲ့၊ ပါးပါးနဲ့ မားမားက ကျွန်မကို လုံးဝ ပေးမခုန်ခဲ့ဘူးလေ..."
မိဘများအကြောင်း ပြောလိုက်မိသည့်အခါ သူမ၏ လေသံမှာ အနည်းငယ် တိုးသွားခဲ့သည်။
မူလကမ္ဘာက အကြောင်းအရာများကို သတိရသွားကာ သူမ အနည်းငယ်တော့ လွမ်းဆွတ်သွားမိ၏။
သူမ၏ မိသားစုဝင်များ ယခု ဘယ်လိုနေထိုင်နေကြသနည်းဟူသော အတွေးက ဝင်ရောက်လာခြင်း ဖြစ်သည်။
သို့သော် သူမသည် ချက်ချင်းပင် စိတ်ကို ပြန်လည်ထိန်းချုပ်လိုက်ပြီး ပြန်လည်စိတ်လှုပ်ရှားလာပြန်သည်။
"အခုတော့ အမြင့်ကနေ ကြိုးချည်ပြီး ခုန်ချတာ ကို စမ်းကြည့်လို့ ရပြီပေါ့"
ရွှီရှင်း : "..."
ဒုက္ခပါပဲ... သူမ ကြောက်သွားလိမ့်မယ်လို့ ငါ ထင်ထားခဲ့တာ၊ အခုတော့ ပိုတောင် စိတ်လှုပ်ရှားသွားပါလား။
လီဝမ်ရှီးသည် လက်တစ်ဖက်တွင် နေရာကူးပြောင်းလက်ပတ်ကို ကိုင်ထားပြီး အခြားလက်တစ်ဖက်ဖြင့် သံမဏိတိုင်ကို ထိရန် ပြင်လိုက်စဉ်မှာပင်၊ ခေတ္တမျှ တုံ့ဆိုင်းသွားကာ ရွှီရှင်းဘက်သို့ လှည့်မေးလိုက်၏။
"ကျွန်မ ဒါကို ထိလိုက်လို့ ရပြီလား"
ကြည့်ရသည်မှာ သူမ အနည်းငယ်တော့ ကြောက်နေဆဲ ဖြစ်ပုံရပေသည်။
"ရပါတယ်၊ လက်ပတ်ကိုတော့ မြဲမြဲကိုင်ထားနော်"
ရွှီရှင်းက သတိပေးလိုက်၏။
"အင်း..."
လီဝမ်ရှီးသည် သံမဏိတိုင်ကို ချက်ချင်း ထိလိုက်ရာ ခရမ်းနက်ရောင် စွမ်းအင်များ စတင် စုစည်းလာတော့သည်။
"လာပြီ... အား..."
ခရမ်းနက်ရောင် စွမ်းအင်များသည် စက်၏ ရှေ့တည့်တည့်တွင် ဝဲဂယက်ကြီးတစ်ခုအဖြစ် ချက်ချင်း ပေါ်ထွက်လာပြီး၊ လီဝမ်ရှီး၏ အော်ဟစ်သံ မဆုံးမီမှာပင် သူမသည် ဝါးမြိုခြင်း ခံလိုက်ရကာ မျက်စိတစ်မှိတ်အတွင်းမှာတင် ပျောက်ကွယ်သွားတော့သည်။
အရင်က ရွှီရှင်းသည် အနောက်သို့ ခြေလှမ်းအနည်းငယ် ဆုတ်လေ့ရှိသော်လည်း၊ ယခုတစ်ကြိမ်တွင် လီဝမ်ရှီးမှာ ထိုသို့မလုပ်ခဲ့သဖြင့် တိုက်ရိုက် ဆွဲယူခံလိုက်ရခြင်း ဖြစ်ပေသည်။
ရွှီရှင်း ခေါင်းခါယမ်းလိုက်မိ၏။
ဟိုဘက်မှာတော့ အပင်နှလုံးသား ရှိနေသလို၊ အပြင်မှာလည်း အာဖုနဲ့ သူမတို့ရှိနေသဖြင့် ဘေးကင်းရေးအတွက်တော့ ဘာမှ စိုးရိမ်စရာ မရှိပါပေ။
"အီး"
ခဲခဲလေးသည် ထိုအချိန်တွင် အနားသို့ ပြေးလာပြီး ရွှီရှင်းဘေးမှာ ရပ်လျက် ဝဲဂယက်ကြီးကို နားမလည်နိုင်သလို ကြည့်နေရှာသည်။
မလှမ်းမကမ်းတွင် အနားယူနေသော ငွေရောင်ဘုရင်သည်လည်း အနားယူလို့ ဝသွားပြီဖြစ်ရာ သူတို့အနားသို့ လျှောက်လာခဲ့၏။
ရွှီရှင်း သူတို့ကို ကြည့်ရင်း မေးခွန်းတစ်ခုကို စဉ်းစားမိသွားသည်။
ခဲခဲလေးနဲ့ ငွေရောင်ဘုရင်တို့အတွက်လည်း နေရာကူးပြောင်းလက်ပတ် လိုအပ်မှာလား..။
"ဒါကတော့..."
ရွှီရှင်း ခဲခဲလေးကို ကြည့်ကာ ထူးဆန်းသော မျက်နှာထား ဖြစ်သွားရသည်။
ငွေရောင်ဘုရင်အတွက်ကတော့ လည်ပတ်တစ်ခုအနေနဲ့ လုပ်ပေးလို့ ရသော်လည်း၊ ခဲခဲလေးကျတော့...။
နေရာကူးပြောင်းလက်ပတ်မှာ သူမ၏ ခေါင်းထက်ပင် ပို၍ ရှည်လျားနေသည်မဟုတ်ပါလား။
သူမ ဘယ်လိုလုပ် သယ်နိုင်ပါ့မလဲ။
ဘာပဲဖြစ်ဖြစ် သူတို့နှစ်ယောက်လုံးအတွက် လိုအပ်မည်ဖြစ်ရာ ရွှီရှင်းသည် နေရာကူးပြောင်းလက်ပတ် နှစ်ခုကို ချက်ချင်း ဖန်တီးလိုက်သည်။
ထို့နောက် လီဝမ်ရှီး၏ သစ်ပင်အိမ်ဘေးက ချောင်းငယ်နားသို့ သွားကာ ကျူပင်အချို့ကို ခူးယူလျက် ကြိုးတစ်ချောင်းအဖြစ် ကျစ်လိုက်ပြီး၊ လက်ပတ်ကို ငွေရောင်ဘုရင်၏ လည်ပတ်တွင် ဆွဲပေးလိုက်တော့၏။
အခန်း ၃၀၁ ပြီး။
အပိုင်း (၃၀၂) - အဆင့်မြင့် အသားလှီးဓားအသစ် (၂)
"ကြည့်ရတာ ခွေးလည်ပတ်မှာ ချိတ်ထားတဲ့ လိပ်စာကတ်ပြားလေးနဲ့ တူနေသလိုပဲ..."
ငွေရောင်ဘုရင်၏ လည်ပတ်တွင် ဆွဲထားသော ၎င်း၏အမည်ပါသည့် လက်ပတ်ပြားလေးကို ကြည့်ပြီး ရွှီရှင်း မအောင့်နိုင်ဘဲ အော်ဟစ်ရယ်မောလိုက်မိသည်။
"ဝူးးး"
ငွေရောင်ဘုရင်ကတော့ ဘာမှနားမလည်စွာ ကြည့်နေရှာ၏။
"အီးးး"
ခဲခဲလေးက ရွှီရှင်း၏ ပုခုံးပေါ်သို့ ခုန်တက်လိုက်ပြီး သူမ၏ လက်သည်းလေးများဖြင့် သူ၏ပါးကို တို့ကာ၊ သူမအတွက်လည်း တစ်ခုပေးရန် ပူဆာနေတော့သည်။
ရွှီရှင်းက သူမကို ချီလိုက်ပြီး နေရာကူးပြောင်းလက်ပတ်ကို သူမ၏ လက်ထဲသို့ ထည့်ပေးလိုက်၏။
ခဲခဲလေးသည် သူမ၏ လက်ပတ်ကို မြှောက်ကြည့်ကာ ခေတ္တမျှ စဉ်းစားနေပြီးနောက်၊ လည်ပတ်နေဆဲဖြစ်သော နေရာကူးပြောင်းရေး တံခါးကို လှမ်းကြည့်ကာ လက်ပတ်ကို ရင်ခွင်ထဲတွင် တင်းတင်းကြပ်ကြပ် ပွေ့ပိုက်လိုက်တော့သည်။
"အီးးး"
"ကဲ... အိမ်ပြန်ကြစို့"
ရွှီရှင်းသည် ခဲခဲလေးကို ချီလျက် ငွေရောင်ဘုရင်နှင့်အတူ နေရာကူးပြောင်းရေး တံခါးအတွင်းသို့ လှမ်းဝင်လိုက်သည်။
ကမ္ဘာကြီးမှာ ပတ်ချာလည် လည်သွားပြီး လျင်မြန်စွာ ကျဆင်းသွားသည့် ခံစားချက်ကြီး...။
"အီးးး"
ခဲခဲလေးမှာ ကိုယ်လေးကို လုံးထွေးထားရှာသည်။
"အာဝူးးး"
ငွေရောင်ဘုရင်သည်လည်း ထိတ်လန့်တကြား အော်ဟစ်လိုက်မိ၏။
နှစ်စက္ကန့်အတွင်းမှာပင် ရွှီရှင်း၏ ခြေထောက်များသည် မြေပြင်ပေါ်သို့ ရောက်ရှိသွားခဲ့ပြီ ဖြစ်သည်။
နေရာကူးပြောင်းမှုကို အကြိမ်ကြိမ် ကြုံတွေ့ခဲ့ရသဖြင့် ယခုအခါ သူသည် အတော်လေး အသားကျနေချေပြီ။
ခေါင်းထဲတွင် အနည်းငယ် မူးနောက်နေသေးသော်လည်း မတ်တတ်ရပ်နိုင်ရန်အတွက်မူ ပြဿနာ မရှိတော့ပေ။
အနည်းဆုံးတော့ အပြင်လူတစ်ယောက်အနေဖြင့် သူ မအီမသာ ဖြစ်နေသည်ကို သတိပြုမိနိုင်လိမ့်မည် မဟုတ်ပါချေ။
ငွေရောင်ဘုရင်နှင့် ခဲခဲလေးတို့မှာလည်း ဆားတွင်းဂူထဲတွင် နေရာကူးပြောင်းမှု အတွေ့အကြုံ ရှိခဲ့ကြဖူးသည်။
သို့သော်လည်း ငွေရောင်ဘုရင်မှာမူ အနည်းငယ် ယိုင်တိုင်တိုင် ဖြစ်နေဆဲဖြစ်ရာ ဝံပုလွေခေါင်းကြီးကို ခါယမ်းလျက် မြေပြင်ပေါ်တွင် ဝပ်၍ အနားယူနေတော့သည်။
ခဲခဲလေးကမူ ရွှီရှင်း၏ ရင်ခွင်ထဲမှ ခေါင်းပြူထွက်လာပြီး "အီးးး" ဟု အသံပြုကာ အောက်သို့ ခုန်ဆင်းလျက် ပတ်ဝန်းကျင်ကို ဝေ့ကြည့်နေ၏။ ၎င်းမှာ "ဒါပဲလား အခုပဲ ပြန်ရောက်ပြီလား" ဟု မေးနေသည့်အလား။
ကြည့်ရသည်မှာ ပြီးခဲ့သည့်အကြိမ် ဂူထဲ၌လည်း သူမတွင် ဘာပြဿနာမှ မရှိခဲ့ပေ။
ရွှီရှင်း အခြေအနေ မကောင်းဖြစ်နေစဉ်ကပင် သူမက သူ့ဘေးသို့ ပြေးလာပြီး စစ်ဆေးပေးခဲ့သည် မဟုတ်ပါလား။
ဤကောင်မလေးမှာ တဖြည်းဖြည်းနှင့် ပိုမို လျှို့ဝှက်ဆန်းပြားလာချေပြီ။
ရွှီရှင်းသည် ခဲခဲလေး သူ့ရင်ခွင်ထဲ ချန်ထားခဲ့သော လက်ပတ်ကို ကျောပိုးအိတ်ထဲ ထည့်လိုက်ပြီး လီဝမ်ရှီးကို လိုက်ရှာလိုက်သည်။
ထိုစဉ်မှာပင် လီဝမ်ရှီးသည် တည်နေရာကူးပြောင်းစက်၏ အခြားတစ်ဖက်တွင် လုဖေးအာ၏ ကူတွဲမှုကို ခံယူကာ မတ်တတ်ရပ်နေသည်ကို သူ သတိပြုမိလိုက်၏။
သူမ၏ မျက်နှာမှာ အနည်းငယ် ဖြူဖျော့နေပေသည်။
ရွှီရှင်း အမြန် ရှေ့တိုးသွားပြီး သူမကို ကူတွဲလိုက်ရင်း "ဘယ်လိုနေလဲ။ အဆင်မပြေဘူးလား" ဟု စိုးရိမ်တကြီး မေးလိုက်သည်။
"ဟိုလေ... ခေါင်းတွေ အရမ်းမူးနေတယ်၊ အန်ချင်သလိုလည်း ဖြစ်နေတယ်၊ ခြေထောက်တွေလည်း အားမရှိတော့ဘူး..."
လီဝမ်ရှီး စကားပြောနေစဉ်မှာပင် သူမ၏ ခြေထောက်များ ယိုင်သွားခဲ့ရာ၊ အချိန်ကိုက်ပင် လုဖေးအာက သူမကို လွှတ်ပေးလိုက်ပြီး အသာအယာ တွန်းလိုက်သဖြင့် သူမသည် ရွှီရှင်း၏ ရင်ခွင်ထဲသို့ တန်းပြီး ရောက်သွားတော့သည်။
လုဖေးအာက ရွှီရှင်းကိုကြည့်ကာ မျက်ခုံးတစ်ဖက်ကို ပင့်ပြလိုက်၏။
ဒီမိန်းမကတော့...
လီဝမ်ရှီး၏ လက်ရှိ အခြေအနေမှာ ရွှီရှင်း ပထမဆုံးအကြိမ် ဆားတွင်းဂူထဲတွင် နေရာကူးပြောင်းခဲ့စဉ်ကနှင့် ဆင်တူလှပေသည်။
ထိုစဉ်က သူသည် မတ်တတ်ပင် မရပ်နိုင်ဘဲ အကြာကြီး အနားယူခဲ့ရသလို၊ နံရံကို အားပြုပြီးမှသာ မတ်မတ်ရပ်နိုင်ခဲ့သည် မဟုတ်ပါလား။
"အီးးး... ဒါက အမြင့်ကနေခုန်ချသလို ခံစားချက်လား... တကယ်ကို အဆင်မပြေလိုက်တာ..."
လီဝမ်ရှီးက မျက်နှာလေး ဖြူဖျော့လျက် ညည်းတွားနေရှာသည်။
"ဟို... အဲ့တာကတော့ ခေါင်းမမူးပါဘူး၊ အောက်ကို ပြုတ်ကျသွားတဲ့ ခံစားချက်ကပဲ တူတာပါ။ စိတ်မပူပါနဲ့၊ နေရာကူးပြောင်းတိုင်း ဒီလောက်အထိ အဆင်မပြေ ဖြစ်မှာမဟုတ်ပါဘူး။ ငါဆိုရင်လည်း အကြိမ်အနည်းငယ် ကူးပြောင်းပြီးတော့ အခုဆို အတော်လေး အသားကျနေပြီလေ။ နောက်ထပ် နှစ်ခါ၊ သုံးခါလောက်ဆိုရင် နင်လည်း အဆင်ပြေသွားမှာပါ"
ရွှီရှင်းက လီဝမ်ရှီး၏ ကျောပြင်ကို အသာအယာ ပုတ်ကာ အားပေးလိုက်၏။
"...ဒါဆိုရင်တော့ တော်သေးတာပေါ့"
လီဝမ်ရှီး အတန်ကြာ အနားယူပြီးနောက် ကိုယ်ကို မတ်လိုက်ပြီး သက်ပြင်းရှည်ကြီး တစ်ချက် မှုတ်ထုတ်လိုက်သည်။
"အိုး... အဲဒီ ပြုတ်ကျသွားတဲ့ ခံစားချက်က တကယ်တော့ စိတ်လှုပ်ရှားဖို့ ကောင်းသားပဲ၊ ဒါပေမဲ့ ခေါင်းမူးတာကတော့ လွန်လွန်းတယ်။ ကျွန်မ ရိုလာကိုစတာစီးတုန်းကတောင် တစ်ခါမှ ခေါင်းမမူးခဲ့ဖူးဘူး"
"ဘယ်လိုလဲ၊ နည်းနည်းလောက် နားချင်လား။ ကျွန်မဆီမှာ သွားနားလို့ ရပါတယ်နော်"
လုဖေးအာ ရှေ့တိုးလာပြီး စိုးရိမ်တကြီး မေးလိုက်ရှာသည်။
"ဟုတ်တယ်၊ ဟုတ်တယ်"
လီဝမ်ရှီးက ချက်ချင်းပင် ခေါင်းညိတ်လိုက်၏။
"အခုချက်ချင်းတော့ ထပ်ပြီး နေရာမကူးပြောင်းချင်သေးဘူး၊ ဘယ်လိုမှ တောင့်ခံနိုင်မှာ မဟုတ်ဘူး။ ကျွန်မ ဖေးအာဆီမှာ သွားနားရင်း သူမရဲ့ ကပ်ပါးသစ်ပင်အိမ်ကို လေ့လာလိုက်ဦးမယ်၊ ပြီးတော့ ယာကျွင်းရဲ့ အစီအစဉ်တွေအတွက်လည်း ကူညီပေးရဦးမယ်လေ။ ရှင့်မှာလည်း လုပ်စရာတွေ အများကြီး ရှိနေမှာဆိုတော့ ကျွန်မတို့ကြောင့် အနှောင့်အယှက် မဖြစ်စေချင်တော့ဘူး"
"ကောင်းပါပြီလေ၊ ဒါဆိုရင်လည်း နားနားနေနေ လုပ်ပါဦး။ ဒါပေမဲ့ ဒီညတော့ ဒီမှာ မအိပ်ပါနဲ့ဦး"
ရွှီရှင်းက သတိပေးလိုက်သည်။
"အင်း... ဟုတ်ကဲ့ပါ"
လီဝမ်ရှီးက သူမ၏ နားထင်ကို နှိပ်နယ်နေပြီး မျက်နှာမှာ အနည်းငယ် ပြန်လည် ကြည်လင်လာချေပြီ။
ရွှီရှင်းက လုဖေးအာကို မျက်လုံးမှေးကြည့်လိုက်ပြီး သူ၏ ဘယ်ဘက်လက်ကို အနည်းငယ် မြှောက်ပြလိုက်ကာ၊ ငွေရောင်ဘုရင်နှင့် ခဲခဲလေးကို ဦးဆောင်လျက် သစ်ပင်အိမ်သို့ ပြန်လာခဲ့တော့သည်။
ဒီလူကြီးက ငါ့ကို ထပ်ပြီး ခြိမ်းခြောက်ပြန်ပြီ။
လုဖေးအာ တိတ်တဆိတ် သွားကြိတ်လိုက်မိ၏။
နေနှင့်လိုက်ပါဦး... လီဝမ်ရှီးကို ငါ့ဘက်ပါအောင် ဆွဲဆောင်နိုင်သွားရင်၊ နင် ငါ့ကို ဘာလုပ်ဝံ့ဦးမလဲဆိုတာကိုပေါ့။
...
သစ်ပင်အိမ်သို့ ပြန်ရောက်သောအခါ ငွေရောင်ဘုရင်နှင့် ခဲခဲလေးတို့သည် တတိယထပ်သို့ သွားရောက် အနားယူကြပြီး၊ သူကမူ အလုပ်ရုံခန်း ဆီသို့ ဦးတည်လိုက်သည်။
သူသည် ခရမ်းရောင်အဆင့် အသားလှီးဓားကို ဖန်တီးရန် လိုအပ်သလို၊ ဂူထဲမှ ရရှိခဲ့သော အသားစားငါးများကိုလည်း စတင် ခွဲရပေဦးမည်။
လက်နက်နှင့် ချပ်ဝတ်ဖန်တီးသည့် စင်သို့သွားကာ ဖန်တီးရန် ခလုတ်ကို သူ နှိပ်လိုက်၏။
[ခရမ်းရောင်အဆင့် အသားလှီးဓား ဖန်တီးမှု အောင်မြင်မှုနှုန်းမှာ ၉၀% (၈၀% + ၁၀%) ဖြစ်ပါသည်၊ ဖန်တီးမည်လား]
ခရမ်းရောင်အဆင့် အသားလှီးဓား၏ အခြေခံ အောင်မြင်မှုနှုန်းမှာ ၈၀% ဖြစ်ပေသည်။
သူသည် အလုပ်ရုံခန်းအတွက် ၁၀၀% မြှင့်တင်မှု အမှတ်များ ပေးထားခဲ့သဖြင့် အောင်မြင်မှုနှုန်း ၁၀% ထပ်မံ တိုးလာခြင်း ဖြစ်၏။
မြွေကြေးခွံချပ်ဝတ် အစုံကို ဖန်တီးစဉ်ကလည်း အစိတ်အပိုင်း တစ်ခုချင်းစီမှာ ၈၀% အောင်မြင်မှုနှုန်း ရှိခဲ့သည်။
ကြည့်ရသည်မှာ ခရမ်းရောင်အဆင့် လက်နက်နှင့် ချပ်ဝတ်များ၏ ဖန်တီးမှု အောင်မြင်မှုနှုန်းမှာ အားလုံး ၈၀% ဖြစ်ပုံရပေသည်။
ဒါဆိုရင် အလုပ်ရုံခန်းကတော့ သူ၏ အဂ္ဂိရတ်ခန်းထက်စာလျှင် စိတ်ကျေနပ်မှု ပေးနိုင်စွမ်း ပိုရှိလှပေသည်။
အပြာရောင်အဆင့် အဂ္ဂိရတ်ပစ္စည်းတွေရဲ့ အောင်မြင်မှုနှုန်းက ၅၀% ထိတောင် နိမ့်ကျနေခဲ့သလို၊ အပြာရောင်အဆင့် ထိုင်ခုံကို သုံးရင်တောင် ဖန်တီးမှုနှုန်း မတက်လာတာက တကယ်ကို ရယ်စရာ ကောင်းလှသည် မဟုတ်ပါလား။
ရွှီရှင်းသည် အပြာရောင်အဆင့် ထိုင်ခုံကို ဆွဲယူကာ ထိုင်လိုက်ရာ၊ အောင်မြင်မှုနှုန်းမှာ ချက်ချင်းပင် ၁၀% ထပ်မံ တက်လာခဲ့ပြီး စိတ်ချရသော ၁၀၀% သို့ ရောက်ရှိသွားတော့သည်။
ရွှီရှင်း ကျေနပ်စွာ ခေါင်းညိတ်လိုက်ပြီး ချက်ချင်းပင် ဖန်တီးလိုက်၏။
ခရမ်းရောင်အဆင့် ကျောက် အသားလှီးဓား တစ်လက် သူ၏ လက်ထဲတွင် ပေါ်ထွက်လာချေပြီ။
အပြာရောင်အဆင့် ဓားနှင့် နှိုင်းယှဉ်လျှင် ဤခရမ်းရောင်အဆင့် ဓားမှာ ကျောက်သားကိရိယာများ၏ ကြမ်းတမ်းသော ခံစားချက်မျိုး လုံးဝမရှိတော့ဘဲ၊ အလွန်ပင် ချောမွတ်ကာ ပါးလွှာစူးရှလှသဖြင့် ကမ္ဘာမြေပေါ်က ကြွေထည်ဓား များကိုပင် သတိရသွားစေသည်။
အချိန်မဖြုန်းတော့ဘဲ ရွှီရှင်းသည် သစ်ပင်အိမ်သို့ ပြန်ရောက်ကတည်းက ချထားခဲ့သော အသားစားငါး အလောင်းများကို ယူဆောင်လာကာ အလုပ်စတင်လိုက်တော့သည်။
ခရမ်းရောင်အဆင့် အသားလှီးဓား၏ ခံစားချက်မှာ အပြာရောင်အဆင့်ထက်ပင် ပိုမို ချောမွတ်လှပေသည်။
သူသည် အသားစားငါး တစ်ကောင်ကို အလွယ်တကူပင် အစိတ်အပိုင်းများအဖြစ် ခွဲထုတ်လိုက်၏။
ကံမကောင်းစွာဖြင့် ဤငါးမှာ အပြာရောင်အဆင့် အရေခွံ တစ်ခုသာ ထွက်ပေါ်လာပြီး ကျန်ရှိသမျှမှာ အစိမ်းရောင်အဆင့် ကုန်ကြမ်းများသာ ဖြစ်နေသည်။
ရွှီရှင်း မျက်မှောင်ကြုတ်လိုက်မိသော်လည်း ချက်ချင်းပင် နားလည်သွားခဲ့၏။
သူ အရင်က ခန့်မှန်းခဲ့ဖူးသကဲ့သို့ပင် သားရဲတစ်ကောင်မှာ ပိုမိုအစွမ်းထက်ပြီး အဆင့်မြင့်လေ၊ အဆင့်မြင့်ကုန်ကြမ်းများ ရရှိနိုင်ခြေ ပိုများလေ ဖြစ်ပေလိမ့်မည်။
ဤအသားစားငါး မှာ အဆင့်နိမ့် ဗီဇပြောင်းသတ္တဝါမျှသာ ဖြစ်သဖြင့်၊ ၎င်းမှာ အလွန်အားနည်းလွန်းလှရာ ခရမ်းရောင်အဆင့် ကုန်ကြမ်းများ ရရှိနိုင်ခြေမှာ အလွန်ပင် နည်းပါးလှပေသည်။
၎င်းနှင့် နှိုင်းယှဉ်လျှင် အလယ်အလတ်အဆင့် ဗီဇပြောင်းသားရဲများမှသာ ခရမ်းရောင်အဆင့် ကုန်ကြမ်းများ ရရှိနိုင်ခြေ ပိုများပေလိမ့်မည်။
အရင်က သူသည် အပြာရောင်အဆင့် အသားလှီးဓားကို သုံး၍ အလယ်အလတ်အဆင့် ဗီဇပြောင်းသားရဲများကို ခွဲခဲ့စဉ်က အပြာရောင်အဆင့် အရင်းအမြစ်များသာ ရရှိခဲ့သည်။
၎င်းမှာ အပြာရောင်အဆင့်ဓားသည် အမြင့်ဆုံး အပြာရောင်အဆင့်အထိသာ ထုတ်ပေးနိုင်သောကြောင့် ဖြစ်၏။
အခု ခရမ်းရောင်အဆင့်ဓားကို သုံးမည်ဆိုပါက ခရမ်းရောင်အဆင့် ကုန်ကြမ်းများ ရရှိနိုင်ခြေမှာ အလွန် မြင့်မားနေပေလိမ့်မည်။
ရွှီရှင်း ခေါင်းကို ခါယမ်းကာ ထိုအတွေးများကို ခေတ္တ ဘေးဖယ်ထားလိုက်သည်။
လောလောဆယ်တွင် တောအုပ်အတွင်းသို့ သာမန်သားရဲများပင် ပြန်မလာကြသေးသဖြင့် ထိုအကြောင်းများကို တွေးနေလည်း အပိုသာ ဖြစ်ပေလိမ့်မည်။
ဤအသားစားငါး အလောင်းများထဲမှ ခရမ်းရောင်အဆင့် ကုန်ကြမ်းအချို့ ရရှိနိုင်ပါစေဟုသာ သူ မျှော်လင့်နေမိတော့သည်။
ရွှီရှင်းသည် ဒုတိယတစ်ကောင်ကို စတင် ခွဲစိတ်လိုက်၏။
ခရမ်းရောင်အဆင့် ကုန်ကြမ်း မထွက်ပေါ်လာပေ။
တတိယတစ်ကောင်...
မထွက်လာပြန်ပေ။
...
၁၃ ကောင်မြောက်အထိပင် သာမန်ကုန်ကြမ်းများသာ ထွက်ပေါ်နေဆဲ ဖြစ်သည်။
"ငါကတော့..."
ရွှီရှင်း စကားပင် မဆိုနိုင်တော့ပေ။
ဒီအောင်မြင်မှုနှုန်းက... အတော်လေးကို နိမ့်လွန်းလှပါလား။
အဆင့်နိမ့် ဗီဇပြောင်းသတ္တဝါဆိုပေမဲ့၊ ဒီအသားစားငါးတွေရဲ့ ခွန်အားက ၈၀ ရမှတ်အထိ ရှိနေတာဆိုတော့ အလယ်အလတ်အဆင့် သားရဲတွေနဲ့တောင် နီးစပ်နေတာလေ။
ဒါကို ခရမ်းရောင်အဆင့်ဓားနဲ့ ခွဲတာတောင် အပြာရောင်အဆင့်ဓားနဲ့ ခွဲသလိုပဲ ရလဒ်ထွက်နေတာလား။
ခရမ်းရောင်အဆင့် ကုန်ကြမ်း တစ်ခုတောင် မထွက်ဘူးလား။
ရွှီရှင်း မြေပြင်ပေါ်က ကျန်ရှိနေတဲ့ အသားစားငါး အလောင်း သုံးလောင်းကို လှမ်းကြည့်လိုက်သည်။
မူလက သူ့တွင် ၁၆ လောင်း ရှိခဲ့သော်လည်း ယခုအခါ သုံးလောင်းသာ ကျန်တော့ခြင်း ဖြစ်၏။
"မင်းတို့ သုံးကောင်ထဲက တစ်ကောင်လောက်စီကတော့ ငါ့ကို ပေးစမ်းပါဦး..."
ရွှီရှင်းသည် ၁၄ ကောင်မြောက်ကို ချက်ချင်း စတင် ခွဲလိုက်ပြန်သည်။
သာမန်ကုန်ကြမ်းများသာ ဖြစ်သည်။
ရွှီရှင်း အသက်ကို ဝဝရှူလိုက်ပြီး ၁၅ ကောင်မြောက်ကို ဆက်လုပ်၏။
သာမန်ကုန်ကြမ်းများသာ ထွက်လာပြန်သည်။
"တောက်... သွားပြီ"
သူသည် အသားလှီးဓားကို လွှင့်ပစ်ချင်စိတ်ပင် ပေါက်သွားပြီး သူ၏ လက်ထဲက ဓားကို သံသယရှိစွာ ကြည့်လိုက်မိသည်။
ဒါက ခရမ်းရောင်အဆင့် အစစ်ပဲ မဟုတ်လား။
ဒီအရာက ခရမ်းရောင်အဆင့် ကုန်ကြမ်းတွေကို ထုတ်ပေးနိုင်စွမ်း မရှိဘူးလား။
ငါ့မှာ ကံကောင်းခြင်းတွေ ရှိနေတာတောင် ၁၅ ကြိမ်လုံးလုံး တစ်ခါမှ မထွက်ဘူးလား။
ထားလိုက်ပါတော့လေ၊ ဖြစ်ချင်ရာဖြစ်။
ရွှီရှင်းသည် နောက်ဆုံးတစ်ကောင်ကို ဂရုမစိုက်တော့ဘဲ ခွဲလိုက်ရာ...
ရုတ်တရက် ခရမ်းရောင် အလင်းတန်းတစ်ခု ဝင်းခနဲ ဖြစ်သွားတော့၏။
"ထွက်လာပြီဟေ့"
ရွှီရှင်း၏ မျက်လုံးများ ရုတ်တရက် တောက်ပသွားခဲ့၏။
နောက်ဆုံးတစ်ကောင်မှာတော့ သူ့ကို တစ်ခုခု ပေးလိုက်ပြီ မဟုတ်ပါလား။
အခန်း ၃၀၂ ပြီး။