← Chapters

အခန်း (၃၀၃-၃၀၄)

Vol. 21 Ch. 303-304

အခန်း (၃၀၃-၃၀၄)

Vol. 21 Ch. 303-304

အခန်း (၃၀၃) - ခရမ်းရောင်အဆင့် ကုန်ကြမ်းများနှင့် တည်နေရာကူးပြောင်းစက်များ ဆက်လက်တပ်ဆင်ခြင်း

ရွှီရှင်း အတော်လေး စိတ်လှုပ်ရှားသွားမိ၏။

သစ်ပင်အိမ်အမြုတေသည် အခြေခံအရင်းအမြစ်များကိုသာ အဆင့်မြှင့်တင်ပေးနိုင်ခြင်းဖြစ်ကြောင်း သိထားရန် လိုအပ်ပေသည်။

သတ္တဝါတစ်ကောင်၏ ကိုယ်ခန္ဓာမှ ခွဲစိတ်ယူရသော ဤကဲ့သို့သော ကုန်ကြမ်းမျိုးကိုမူ အမြုတေဖြင့် အဆင့်မြှင့်၍ မရနိုင်ဘဲ၊ အသားလှီးဓားဖြင့်သာ တိုက်ရိုက်ခွဲကာရယူနိုင်ခြင်း ဖြစ်ပေသည်။

ခရမ်းရောင်အလင်းတန်းများ မှိတ်တုတ်မှိတ်တုတ် ထွက်ပေါ်နေသော အသားစားငါး အရေခွံတစ်ခုမှာ မြေပြင်ပေါ်တွင် ခွေလိပ်လျက် ရှိနေ၏။

၎င်းမှာ တစ်ခုတည်းသာ ဖြစ်သော်လည်း ရွှီရှင်းမှာမူ အလွန်ပင် ကျေနပ်အားရနေချေပြီ။ သူသည် ထိုငါးအရေခွံကို လှမ်းယူလိုက်၏။

[ဗီဇပြောင်း အသားစားငါးအရေခွံ (ခရမ်းရောင်အဆင့်): တိရစ္ဆာန်သားရေ အမျိုးအစားဖြစ်ပြီး၊ အလွန် ခိုင်ခံ့ကာ ရေစိုခံနိုင်စွမ်း ၁၀၀% ရှိသဖြင့် အလွန်အဆင့်မြင့်သော ကုန်ကြမ်းတစ်ခု ဖြစ်ပါသည်]

မာကျောလှသော အသားစားငါး အရေခွံသည် တိရစ္ဆာန်သားရေ အမျိုးအစားဖြစ်ကြောင်း ရွှီရှင်း သိထားသည်မှာ ကြာလှပြီ ဖြစ်သည်။

သူသည် အပြာရောင်အဆင့် ငါးအရေခွံ တစ်ဒါဇင်ကျော်ကိုလည်း ရရှိထားပြီးဖြစ်သည် မဟုတ်ပါလား။

ခရမ်းရောင်အဆင့် သားရေ ဟုတ်လား...။

သားရေကို အသုံးပြုရန် နည်းလမ်းနှစ်မျိုး ရှိပေသည်။

ပထမတစ်ခုမှာ သားရေချပ်ဝတ် ဖန်တီးရန်ဖြစ်ပြီး၊ ဒုတိယတစ်ခုမှာ ကျောပိုးအိတ် ဖန်တီးရန် ဖြစ်၏။

ရွှီရှင်းသည် ဤသားရေကို ခရမ်းရောင်အဆင့် ကျောပိုးအိတ်တစ်ခုအဖြစ် ဖန်တီးရန် ချက်ချင်း ဆုံးဖြတ်လိုက်တော့သည်။

သူ့အတွက် နောက်ထပ် ခရမ်းရောင်အဆင့် ချပ်ဝတ်တစ်စုံ ထပ်မလိုတော့ပေ။

အဘယ်ကြောင့်ဆိုသော် ခံနိုင်ရည်ပိုင်းတွင် အသားစားငါး အရေခွံနှင့် ဧရာမမြွေကြီး၏ အကြေးခွံကြား ရွေးချယ်စရာ မလိုလောက်အောင်ပင် အားလုံးမှာ ကောင်းမွန်လှသောကြောင့် ဖြစ်သည်။

သို့သော် ခရမ်းရောင်အဆင့် ကျောပိုးအိတ်မှာမူ ထိုသို့မဟုတ်ပေ။

လောလောဆယ်တွင် သူသည် အပြာရောင်အဆင့် ကျောပိုးအိတ် နှစ်လုံးကို အမြဲဆောင်ထားရပြီး၊ ရံဖန်ရံခါတွင် ငွေရောင်ဘုရင်ကိုပင် တစ်လုံး ဝိုင်းသယ်ခိုင်းရသည်အထိ နေရာမလောက်င ဖြစ်နေရသည်။

အထူးသဖြင့် လေးလံသော ပစ္စည်းများနှင့် ကြုံရသည့်အခါ အပြာရောင်အဆင့် ကျောပိုးအိတ်၏ ၁၀% အလေးချိန်လျှော့ချမှုမှာ သိပ်ပြီး အရာမထင်လှဘဲ မနိုင်မနင်း ဖြစ်နေရဆဲပင်။

သူ့အတွက် ပိုမိုအဆင့်မြင့်သော ကျောပိုးအိတ်တစ်ခု လိုအပ်လှပေသည်။

ရွှီရှင်း ချက်ချင်းပင် အလုပ်ရုံစင်သို့ သွားကာ ကျောပိုးအိတ်ဖန်တီးမှုကို နှိပ်လိုက်၏။

ခရမ်းရောင်အဆင့် ကျောပိုးအိတ်၏ အခြေခံအောင်မြင်မှုနှုန်းမှာ ၈၀% ဖြစ်ပြီး၊ အလုပ်ရုံခန်း မြှင့်တင်မှုနှင့် အပြာရောင်အဆင့် ထိုင်ခုံတို့၏ အကူအညီဖြင့် အောင်မြင်မှုနှုန်းမှာ ၁၀၀% သို့ အလွယ်တကူ ရောက်ရှိသွားခဲ့သည်။

ဖြူဖွေးသောအလင်းတန်း တစ်ချက် ဝင်းခနဲ ဖြစ်သွားပြီးနောက်၊ ခရမ်းရောင်အဆင့် ကျောပိုးအိတ်တစ်ခု သူ၏ လက်ထဲတွင် ပေါ်ထွက်လာတော့သည်။

[ထူးကဲလှသော ကျောပိုးအိတ် (ခရမ်းရောင်အဆင့်): အကွက် ၅၀ ပါဝင်သော ကျောပိုးအိတ်ဖြစ်ပြီး၊ အကွက်တစ်ကွက်စီတွင် ဆံ့ဝင်နိုင်သော ပမာဏမှာ ကုန်ကြမ်းအမျိုးအစားပေါ်တွင် မူတည်ပါသည်။ ပစ္စည်းများ၏ အလေးချိန်ကို မူလအလေးချိန်၏ ၂% အထိ လျှော့ချပေးနိုင်ပါသည်]

ဝါး... ၂% တဲ့လား။

ငါးဆယ်ပုံ တစ်ပုံပေါ့။

တစ်နည်းအားဖြင့် ပြောရလျှင် အသားစားငါး အကောင်ငါးဆယ်ကို သယ်ထားခြင်းသည် ငါးတစ်ကောင်တည်းကို သယ်ထားရသကဲ့သို့သာ လေးလံတော့မည် ဖြစ်ပေသည်။

အပြာရောင်အဆင့် ကျောပိုးအိတ်က ဆယ်ပုံတစ်ပုံအထိသာ လျှော့ချပေးနိုင်သော်လည်း၊ ယခု ခရမ်းရောင်အဆင့်သို့ ပြောင်းလဲလိုက်ချိန်တွင် သူ၏ သယ်ဆောင်နိုင်စွမ်းမှာ ငါးဆပို၍ တိုးတက်လာခဲ့ချေပြီ။

ဒါ့အပြင် အကွက်အရေအတွက်လည်း တိုးလာသဖြင့် နောက်ဆို အပြင်ထွက်လျှင် ကျောပိုးအိတ် အများကြီး ဆောင်သွားစရာ မလိုတော့ပေ။

တကယ့်ကို ကောင်းလှပေသည်။

ခရမ်းရောင်အဆင့် ကျောပိုးအိတ်... တကယ့်ကို ပြည့်စုံလှပါလား။

ရွှီရှင်းသည် သူ၏ မူလကျောပိုးအိတ်ထဲမှ မြှားသေနတ်၊ သံမဏိလှံရှည်နှင့် အခြားကုန်ကြမ်းများ အားလုံးကို ခရမ်းရောင်အဆင့် ကျောပိုးအိတ်အသစ်ထဲသို့ ချက်ချင်း ပြောင်းထည့်လိုက်ပြီး ကျောမှာ လွယ်လိုက်တော့သည်။

သူနှင့်အတူ အချိန်အတော်ကြာ ရှိခဲ့သော အပြာရောင်အဆင့် ကျောပိုးအိတ်ကိုမူ သစ်ပင်အိမ်ထဲတွင် ပစ္စည်းသိုလှောင်ရန်အတွက်သာ အသုံးပြုရန် ဆုံးဖြတ်လိုက်၏။

သူသည် အပြာရောင်အဆင့် ငါးအရေခွံ တစ်ဒါဇင်ကျော်ကိုလည်း သိမ်းဆည်းလိုက်ပြီး၊ အသားစားငါး နှစ်ကောင်၏ အသားကိုမူ နောက်ရက်များအတွက် အစားအစာအဖြစ် ထားရှိကာ ကျန်ရှိသမျှကို အအေးခန်းထဲသို့ ထည့်လိုက်သည်။

အပြင်မှာ အေးနေစေကာမူ သစ်ပင်အိမ်ထဲတွင်မူ မီးလင်းဖိုကို အမြဲ ထွန်းထားသည် မဟုတ်ပါလား။

ဤမီးလင်းဖိုတစ်ခုတည်းမှ ထွက်ပေါ်လာသော အပူရှိန်သည် သစ်ပင်အိမ်တစ်ခုလုံးကို လွှမ်းခြုံနိုင်ပြီး၊ အတွင်းပိုင်း အပူချိန်ကို ၂၅ ဒီဂရီဝန်းကျင်တွင် ထိန်းသိမ်းထားနိုင်ကာ အဝေးဆုံးနေရာများမှာပင် ၂၀ ဒီဂရီဝန်းကျင် ရှိနေပေသည်။

ထို့ကြောင့် အသားများကို မပုပ်သိုးစေရန် အအေးခန်းထဲတွင် ခဲထားဖို့ လိုအပ်နေဆဲ ဖြစ်ပေသည်။

ဤအလုပ်များ ပြီးစီးသွားသောအခါ ရွှီရှင်းသည် အဂ္ဂိရတ်ခန်းသို့ သွားလိုက်၏။

ယခု လက်ထဲ၌ ကုန်ကြမ်းများ ရှိနေပြီဖြစ်ရာ ကျန်ရှိနေသော တည်နေရာကူးပြောင်းစက် နှစ်ခုကို သူ ဖန်တီးချင်နေသည်။

ဒီညမှာတော့ သူသည် သစ်ပင်အိမ် လေးလုံးလုံးကို တစ်ခုနှင့်တစ်ခု ချိတ်ဆက်ပေးရမည် ဖြစ်၏။

လီဝမ်ရှီးက သူ့ကို ကုန်ကြမ်းများ ပိုမိုပေးအပ်ထားသဖြင့် အရင်းအမြစ်များမှာ ပေါများလှပေသည်။

သံတုံးများကို သံမှုန့်အဖြစ် ကျိုချက်ပြီး၊ ရွှေနက်တုံးများကိုလည်း ရွှေနက်မှုန့်များအဖြစ် ပြုလုပ်ကာ အဂ္ဂိရတ်ကုန်ကြမ်းများကို ဖန်တီးလိုက်သည်။

မကြာမီမှာပင် အထွေထွေ အဂ္ဂိရတ်ကုန်ကြမ်း ၂၅ စုံမှာ ပြီးစီးသွားခဲ့၏။

တည်နေရာကူးပြောင်းစက် နှစ်ခုအတွက် အစုံ ၂၀ သာ လိုအပ်သော်လည်း၊ ပိုနေခြင်းမှာ မဆိုးလှပေ။

သူ၏ လက်ရှိ အောင်မြင်မှုနှုန်းအရဆိုလျှင် သူသည် အဂ္ဂိရတ်ဆေးရည်များကိုပင် စတင် ထုတ်လုပ်နိုင်နေပြီ မဟုတ်ပါလား။

ရွှီရှင်းသည် တည်နေရာကူးပြောင်းစက် ဖန်တီးရန် ချက်ချင်း နှိပ်လိုက်၏။

ကျယ်လောင်သော အသံကြီး နှစ်ချက်နှင့်အတူ တည်နေရာကူးပြောင်းစက် နှစ်ခုမှာ အောင်မြင်စွာ ထွက်ပေါ်လာပြီး၊ လေးလံလှသော သတ္တုချပ်ဝိုင်းကြီး နှစ်ခုမှာ အဂ္ဂိရတ်ခန်းအတွင်း ထပ်လျက်သား ရှိနေတော့သည်။

အောင်မြင်မှုနှုန်းမှာ ၈၈% ရှိနေဆဲဖြစ်သလို၊ ကံကောင်းခြင်း အဆောင်၏ အာနိသင်ကြောင့် ကျရှုံးနိုင်ခြေမှာ အလွန်ပင် နည်းပါးလှပေသည်။

ရွှီရှင်းသည် ကျိချောင်းယန်နှင့် ချီရွှယ်ဖေးတို့ထံသို့ အရောင်းအဝယ် ကမ်းလှမ်းချက်များ ချက်ချင်း ပို့လိုက်ပြီး တည်နေရာကူးပြောင်းစက်များကို လွှဲပြောင်းပေးလိုက်ကာ၊ တစ်ချိန်တည်းမှာပင် စူးစမ်းရှာဖွေသူများ ချန်နယ်ကို ဖွင့်လိုက်၏။

ချင်ယွင်လုံနှင့် ဝမ်ကွေ့ရှင်းတို့မှာ သူတို့ပတ်ဝန်းကျင်က အရာအားလုံးနီးပါးကို ရှင်းလင်းပြီးသွားကြချေပြီ။

သူတို့အထဲတွင် ခွန်အားအကြီးမားဆုံးဖြစ်သော ဝမ်ကွေ့ရှင်း၏ အကူအညီဖြင့် သူတို့သည် လွယ်လွယ်ကူကူပင် ရှေ့တိုးနိုင်ခဲ့ကြပြီး၊ စုဆောင်းသင့်သည်များကို စုဆောင်းကာ သတ်သင့်သည်များကို သတ်ဖြတ်ခဲ့ကြသည်။

ယခုဆိုလျှင် သူတို့သည် လူသုံးဦးကို လက်အောက်သို့ သွင်းနိုင်ခဲ့ပြီး ကပ်ပါးသစ်ပင်အိမ် ငါးလုံးကိုလည်း သိမ်းပိုက်နိုင်ခဲ့ကြပြီ ဖြစ်သည်။

အသိတရားမရှိဘဲ လာရောက်နှောင့်ယှက်သူအချို့ကိုမူ ဝမ်ကွေ့ရှင်းက ကိုယ်တိုင်ပင် ရှင်းလင်းပေးခဲ့သည် မဟုတ်ပါလား။

တစ်ခုတည်းသော အားနည်းချက်မှာ သူတို့တွင် စီးနင်းစရာ သားရဲများ မရှိကြသဖြင့် အလုပ်လုပ်ရာတွင် အနည်းငယ် နှေးကွေးနေခြင်းပင်။

တစ်နေကုန် ပင်ပင်ပန်းပန်း လုပ်ကိုင်ခဲ့စေကာမူ လူသုံးဦးကိုသာ စည်းရုံးနိုင်ခဲ့ကြသေးသည်။

ဝမ်လေ့နှင့် ကျောက်ရှောင်ချွမ်းတို့မှာမူ သူတို့နှင့် မဆုံနိုင်ကြသေးဘဲ မိမိတို့ဘာသာ သီးသန့် လုပ်ကိုင်နေကြရဆဲ ဖြစ်သည်။

ရွှီရှင်းက ချက်ချင်းပင် ပြောလိုက်၏။

"ငါ လီဝမ်ရှီးနဲ့ တည်နေရာကူးပြောင်းစက်တွေကို ချိတ်ဆက်ပြီး နေရာကူးပြောင်းတာကိုပါ စမ်းသပ်ပြီးပြီ၊ အားလုံး အဆင်ပြေတယ်။ ဒီညမှာတော့ ကျိချောင်းယန်နဲ့ အစ်မရွှယ်ဖေးတို့ဆီကိုပါ ချိတ်ဆက်ပေးမယ်။ ဒါပေမဲ့ ကျန်တဲ့သူတွေကတော့ အချိန်နည်းနည်း ထပ်စောင့်ရဦးမယ်"

ကျိချောင်းယန် : "ငါ လက်ခံပြီးပြီ၊ နေရာလည်း ရွေးထားပြီးသား။ မင်း လာပြီး အသက်သွင်းပေးလို့ ရပြီ"

ချီရွှယ်ဖေး : "ဒီချပ်ဝိုင်းကြီးက တကယ်ပဲ တည်နေရာကူးပြောင်းစက်လား။ ငါ ထင်ထားတာနဲ့ အတော်လေး ကွဲပြားနေပါလား..."

ဝမ်လေ့ : "ဟင် တည်နေရာကူးပြောင်းစက်ကို အရောင်းအဝယ် လုပ်လို့ရတာလား။ ဒါဆို တော်တော် အဆင်ပြေတာပဲ"

ရွှီရှင်း : "ဒါကို ငါကိုယ်တိုင် လာပြီး အသက်သွင်းပေးမှ ရမှာ၊ မင်းတို့ဆီ ဒီအတိုင်း ပို့ပေးလိုက်ရုံနဲ့တော့ ဘာမှ သုံးလို့မရပါဘူး"

ဝမ်ကွေ့ရှင်း : "နင်ကိုယ်တိုင် လာမှ ရမှာလား... ဒါဆိုရင်တော့ ငါတို့တွေ ဒီနေရာကူးပြောင်းတာရဲ့ အကျိုးကျေးဇူးကို လောလောဆယ် ခံစားလို့မရသေးဘူးပေါ့။ တကယ်ကို ပင်ပန်းတာပဲ။ ငါတို့အိမ်နဲ့ ချင်ယွင်လုံရဲ့ အိမ်ကြားက အကွာအဝေးက အခုထိ ဝေးနေတုန်းပဲလေ"

ကျောက်ရှောင်ချွမ်း : "ငါ နင်ပြောတဲ့ ဟို တောင်ကုန်းတွေကို မြင်နေရပြီ ထင်တယ်"

ဝမ်ကွေ့ရှင်း : "နင် မြင်နေရပြီလား။ နင် အခု အဲဒီတောင်ကုန်းတွေရဲ့ ဘယ်ဘက်အရပ်မှာ ရောက်နေတာလဲ"

---

အခန်း ၃၀၃ ပြီး။

အခန်း (၃၀၄) - ခရမ်းရောင်အဆင့် ကုန်ကြမ်းများနှင့် တည်နေရာကူးပြောင်းစက်များ ဆက်လက်တပ်ဆင်ခြင်း ၂

ကျောက်ရှောင်ချွမ်း : "အနောက်ဘက် မဟုတ်လား"

ချင်ယွင်လုံ : "ငါ့ရဲ့ သစ်ပင်အိမ်က အဲဒီတောင်ကုန်းတွေရဲ့ အနောက်ဘက်တည့်တည့်မှာပဲလေ။အနားက သုံးထပ်သစ်ပင်အိမ်ကို မြင်ရလား"

ကျောက်ရှောင်ချွမ်း : "မလှမ်းမကမ်းမှာ သစ်ပင်အိမ်တစ်လုံးတော့ ရှိတယ်၊ ဒါပေမဲ့ အခုက အရမ်းမှောင်နေတော့ သေသေချာချာ မမြင်ရဘူး။ သုံးထပ်လားဆိုတာလည်း မသေချာ... ဟာ ဘုရားရေ... ဟိုဘက်က သစ်ပင်အိမ်က ရုတ်တရက် ပေါက်ကွဲသွားပြီ"

ချင်ယွင်လုံ : "အဲဒါ ငါ ပေါက်ကွဲ တွေကို ပစ်လိုက်တာဟ။ဟားဟား... ငါတို့တွေ တကယ်ကို နီးနီးလေး ဖြစ်နေတာပဲ"

ကျောက်ရှောင်ချွမ်း : "မင်းရောက်သွားပြီလား။ငါ အခုပဲ လာခဲ့မယ်၊ ဟားဟား... နောက်ဆုံးတော့ ငါတို့အဖွဲ့ကို ပြန်တွေ့ပြီဟေ့၊ အိုးယေး"

ဝမ်လေ့: " အားကျတယ် ဆိုတဲ့ စကားကို ပြောရလွန်းလို့ ငါ တော်တော်လေးကို မောနေပြီ..."

ကျောက်ရှောင်ချွမ်း : "စိတ်မပူပါနဲ့၊ မင်းလည်း ငါနဲ့ သိပ်မဝေးလောက်ပါဘူး။ မနက်ဖြန်ကျရင် ငါတို့ ဆုံကြမှာပါ"

ကြည့်ရသည်မှာ ထိုဘက်ရှိ လူများမှာ တစ်ဦးနှင့်တစ်ဦး၏ တည်နေရာကို အကြမ်းဖျင်း သိရှိသွားကြပြီဖြစ်ရာ၊ နောက်ပိုင်းတွင် သူ ထိုဘက်သို့သွားရန် ပိုမိုလွယ်ကူသွားပေလိမ့်မည်။

သို့သော်လည်း ထိုဘက်သို့ မည်သို့သွားရမည်ကိုမူ သူ မသိသေးပေ။

ကိန်းဂဏန်းများနှင့် အကွာအဝေးကို တွက်ချက်ကြည့်လျှင် တော်တော်လေးကို ဝေးကွာနေပုံရသည်။

ရွှီရှင်း : "ငါ အခုပဲ ထွက်လာပြီ။ အရင်ဆုံး ကျိချောင်းယန်ဆီ သွားမယ်၊ ပြီးမှ အစ်မရွှယ်ဖေးဆီ သွားမယ်။ ဒီညမှာတော့ ငါတို့အားလုံးကို ချိတ်ဆက်ပေးမယ့် တည်နေရာကူးပြောင်းစက်တွေကို အပြီးတပ်ဆင်ရမယ်"

ကျိချောင်းယန် : "ကောင်းပြီလေ"

ချီရွှယ်ဖေး : "နားလည်ပါပြီ"

ယခုအခါ ညအချိန်သို့ ရောက်ရှိနေပြီဖြစ်သော်လည်း ညနေ ခုနစ်နာရီပင် မရှိသေးသဖြင့် သိပ်တော့ မနောက်ကျသေးပေ။

ရွှီရှင်းသည် ငွေရောင်ဘုရင် နှင့် ဇွဲကောင်းလှသော ခဲခဲလေးတို့နှင့်အတူ ကျိချောင်းယန်၏ သစ်ပင်အိမ်ရှိရာသို့ ချက်ချင်း ဦးတည်ထွက်ခွာခဲ့တော့သည်။

ညဘက်တွင် ခြောက်သွေ့နေသော တောအုပ်ကြီးမှာ နေသာသောနေ့များထက်ပင် ပိုမို ခြောက်ခြားဖွယ် ကောင်းလှပေသည်။

ဤအေးစိမ့်သောညတွင် တောအုပ်တစ်ခုလုံး၌ ငှက်သံ၊ ပိုးကောင်သံဟူ၍ လုံးဝမရှိဘဲ တိတ်ဆိတ်ခြောက်ကပ်နေ၏။

လမ်းတစ်လျှောက်တွင် ငွေရောင်ဘုရင်က သစ်ရွက်ခြောက်များကို နင်းဖြတ်သွားသည့်အသံနှင့် နားစည်ကို တိုးဝှေ့သွားသော လေတိုးသံများကိုသာ သူ ကြားနေရသည်။

ရွှီရှင်းသည် စွမ်းအင်အမြုတေ အပိုင်းအစကို ထုတ်မယူခဲ့ပေ။

ညဘက်တွင် ထိုအရာကို သယ်ဆောင်သွားခြင်းမှာ လင်းထိန်နေသော ပစ်မှတ်တစ်ခုကဲ့သို့ ဖြစ်နေပေလိမ့်မည်။

တောအုပ်ထဲက သားရဲတွေ ပြန်မလာကြသေးသော်လည်း၊ မီးသီးတစ်လုံးလို လင်းနေခြင်းကတော့ သိပ်ပြီး အကြံကောင်းမဟုတ်ဟု သူ ခံစားရသည်။

တစ်စုံတစ်ခုက ဆွဲဆောင်ခံရပြီး သူ့ထံသို့ ရောက်လာနိုင်သည်မဟုတ်ပါလား။

သူရော ငွေရောင်ဘုရင်ပါ အလင်းရောင် သို့မဟုတ် အပူရှိန်ကို အထူးတလည် မလိုအပ်ကြသဖြင့် လောလောဆယ်တွင်တော့ ထုတ်မသုံးရန် ဆုံးဖြတ်လိုက်ခြင်း ဖြစ်ပေသည်။

"အီး..."

ရွှီရှင်း၏ ရင်ခွင်ထဲတွင် ငြိမ်နေသော ခဲခဲလေးသည် ကောင်းကင်ကို မော့ကြည့်ရင်း ရံဖန်ရံခါ အသံတိုးတိုးလေး ပြုနေရှာသည်။

သူမသည် လမ်းတစ်လျှောက်လုံး ကောင်းကင်ကိုသာ စိုက်ကြည့်နေခဲ့ခြင်း ဖြစ်၏။

ရွှီရှင်းလည်း ကောင်းကင်ကို မော့ကြည့်လိုက်မိသည်။

"ဟင်... လကွယ်ည ပြန်ရောက်လာပြီလား"

ဒီနေ့ညမှာတော့ ကောင်းကင်တွင် လမင်းကြီး မရှိပေ။

ရွှီရှင်း၏ မျက်မှောင်များ အနည်းငယ် တွန့်သွားရသည်။

လကွယ်ည...။

ပြီးခဲ့သည့် လကွယ်ည နှစ်ကြိမ်စလုံးမှာတော့ အေးအေးဆေးဆေး မရှိခဲ့ကြပေ။

ပထမဆုံး လကွယ်ညမှာ တောအုပ်စူးစမ်းရေး လုပ်ဆောင်ချက်ရှိခဲ့သည့် ညဖြစ်ပြီး၊ ထိုညတွင် ရွှေရောင်ရတနာသေတ္တာစောင့် မွန်းစတားဖြစ်သည့် ဧရာမလူသားစားပန်းကြီး မြေအောက်မှ ရုတ်တရက် ထွက်ပေါ်လာသည်နှင့် သူ ကြုံခဲ့ရသည်။

ဒုတိယ လကွယ်ညမှာတော့ အနီရောင်မြူခိုးများ တောင်ကုန်းအရင်းအမြစ်ဇုန် တစ်ခုလုံးကို လွှမ်းခြုံခဲ့သည့် နေ့ဖြစ်၏။

ထိုနေ့တွင် တောင်ကုန်းအရင်းအမြစ်ဇုန် ပတ်ဝန်းကျင်မှာ အန္တရာယ်ရှိသော နယ်မြေဖြစ်သွားခဲ့သလို၊ ပူဇော်ရာနေရာအောက်က လျှို့ဝှက်လမ်းကြောင်းကြီးလည်း ပွင့်သွားခဲ့သည် မဟုတ်ပါလား။

ရွှီရှင်းသည် တောင်ကုန်းအရင်းအမြစ်ဇုန်ရှိရာ အရပ်သို့ လှမ်းကြည့်လိုက်သည်။

ကံကောင်းသည်မှာ ယခုတစ်ကြိမ်တွင်တော့ ထူးခြားမှု တစ်စုံတစ်ရာ ရှိမနေပေ။

သတိထားတာ အကောင်းဆုံးပဲ။

"ခဲခဲလေး... ကောင်းကင်မှာ တစ်ခုခု ရှိလို့လား"

ခဲခဲလေး ကောင်းကင်ကို ငေးကြည့်နေဆဲဖြစ်သည်ကို မြင်သောအခါ ရွှီရှင်းက ညင်သာစွာ မေးလိုက်၏။

"အီး..."

ခဲခဲလေးက ခေါင်းလေးကို စောင်းပြပြီးနောက် ဘာမှမပြောဘဲ ရွှီရှင်း၏ ရင်ခွင်ထဲသို့ ပြန်လည် တိုးဝင်သွားတော့သည်။

ရွှီရှင်းက သူမ၏ ခေါင်းလုံးလုံးလေးကို ပုတ်ပေးပြီး ကျိချောင်းယန်၏ သစ်ပင်အိမ်ရှိရာသို့ ဆက်လက် ထွက်ခွာခဲ့သည်။

လမ်းတစ်လျှောက်တွင် လုဖေးအာ၏ သစ်ပင်အိမ်ဘေးမှ ဖြတ်သွားစဉ် သူ တစ်ချက် လှမ်းကြည့်လိုက်မိ၏။

သစ်ပင်အိမ်မှာ မူလအတိုင်းပင် ရှိနေဆဲဖြစ်ပြီး၊ သစ်ပင်တွင် တပ်ဆင်ထားသော မြှားပစ်စက် အမြောက်အမြားမှာ ကြယ်အလင်းအောက်တွင် အေးစိမ့်စိမ့်နှင့် မြင်ရသူကို အလိုလိုနေရင်း အဝေးက ရှောင်သွားချင်စိတ် ပေါက်အောင် ခြိမ်းခြောက်နေသကဲ့သို့ပင်။

ဤသစ်ပင်အိမ်မှာ အတော်လေး ဘေးကင်းလှပေသည်။

မြှားပစ်စက်များက တခြားသူတွေကို ဟန့်တားပေးနိုင်သည် မဟုတ်ပါလား။

မကြာမီမှာပင် ရွှီရှင်းသည် ကျိချောင်းယန်၏ သစ်ပင်အိမ်အနီးသို့ ရောက်ရှိလာခဲ့သည်။

ချုံပုတ်များကြားမှ ထွက်လိုက်သည်နှင့် ကျိချောင်းယန်၏ သစ်ပင်အိမ်ကြီးကို အပြည့်အဝ မြင်တွေ့လိုက်ရ၏။

သူ့အိမ်ကဲ့သို့ပင် ၎င်းမှာ ခရမ်းရောင်အဆင့် သစ်ပင်အိမ်ဖြစ်ပြီး ပတ်ဝန်းကျင် မီတာ ၁၀၀ ခန့်ကို ရှင်းလင်းထားချေပြီ။

အနောက်ဘက်သို့ ဆက်လက်ကြည့်လိုက်လျှင် တောင်ကုန်းငယ်များ တန်းစီနေသည်ကို မြင်တွေ့ရပေလိမ့်မည်။

ဤတောင်ကုန်းတန်းကြီးမှာ ပျမ်းမျှ မီတာ ၂၀ ခန့်သာ မြင့်သဖြင့် သူတို့၏ သစ်ပင်အိမ်များထက် နိမ့်သော်လည်း မီတာရာဂဏန်းအထိ ရှည်လျားလှသဖြင့် အထင်အရှား မြင်နေရခြင်း ဖြစ်ပေသည်။

ဒါဟာ သေချာပေါက် ဘီလူးကြီးရဲ့ လက်မောင်းတစ်ခု ဖြစ်ရမယ်။

အခုအချိန်မှာ သွားရောက်စူးစမ်းဖို့ကတော့ အန္တရာယ် များလွန်းလှသလို၊ ဆောင်းရာသီလည်း ရောက်တော့မည်ဖြစ်ရာ အဖွဲ့သားများ၏ စွမ်းဆောင်ရည်ကို မြှင့်တင်ပြီးမှသာ သွားရောက်တာက ပိုကောင်းပေလိမ့်မည်။

စွမ်းအင်အမြုတေတွင် အအေးဒဏ်ကို ဖယ်ရှားပေးနိုင်ခြင်းအပြင် အခြား မည်သည့် စွမ်းရည်များ ရှိဦးမည်ကိုမူ သူ မသေချာသေးပေ။

ခရမ်းရောင်အဆင့် ပင်မသစ်ပင်အိမ်အပြင်၊ အစိမ်းရောင်အဆင့် ကပ်ပါးသစ်ပင်အိမ် နှစ်လုံးလည်း ရှိနေပြီး တစ်လုံးမှာ မီတာဆယ်ဂဏန်းခန့်သာ ဝေးကွာပေသည်။

သူသည် ငွေရောင်ဘုရင်ကို စီးနင်းလျက် လေးထပ်သစ်ပင်အိမ်ကြီးဆီသို့ ချဉ်းကပ်ရန် ပြင်လိုက်စဉ်မှာပင်၊ ဘေးနားက ကပ်ပါးသစ်ပင်အိမ်ဆီမှ ကျိချောင်းယန်၏ အသံ ရုတ်တရက် ထွက်ပေါ်လာသည်။

"ဒီမှာ"

ရွှီရှင်း လှည့်ကြည့်လိုက်ရာ ကျိချောင်းယန်သည် သစ်ပင်အိမ်မြစ်များပေါ်မှ ဆင်းလာသည်ကို တွေ့လိုက်ရ၏။

"ဘာလို့ ကပ်ပါးသစ်ပင်အိမ်ထဲမှာ ရောက်နေတာလဲ"

ရွှီရှင်းမှာ ကျိချောင်းယန်ကြောင့် အနည်းငယ် လန့်သွားရပြီး၊ သူ အတော်လေး ပေါ့လျော့သွားခဲ့မိကြောင်း တိတ်တဆိတ် တွေးလိုက်မိသည်။

အကယ်၍ ရန်သူသာ ရုတ်တရက် တိုက်ခိုက်ခဲ့လျှင် သူ ဒုက္ခရောက်နိုင်သည်မဟုတ်ပါလား။

"ကပ်ပါးသစ်ပင်အိမ်ရဲ့ လုပ်ဆောင်ချက်တွေကို ငါ လေ့လာနေတာပါ"

ကျိချောင်းယန် မြေပြင်ပေါ်သို့ ဆင်းသက်လိုက်ပြီး တည်နေရာကူးပြောင်းစက်ကို ကပ်ပါးသစ်ပင်အိမ်ဘေးတွင် ချထားလိုက်ရင်း "ဒီနေရာက အတော်ပဲ။ နောင်ကျရင် ဒီကူးပြောင်းစက်နားမှာ စောင့်ကြပ်ဖို့အတွက် တစ်ယောက်ယောက်ကို တာဝန်ပေးထားလို့ ရတာပေါ့" ဟု ဆိုလိုက်သည်။

ဒါဟာ အတော်လေး ကောင်းမွန်တဲ့ အကြံဉာဏ်ပင်။

သူရော ကျိချောင်းယန်ပါ အပင်နှလုံးသား ရှိကြသော်လည်း၊ ၎င်းမှာ ရှင်ကျန်သူတွေကိုတော့ အလိုအလျောက် တိုက်ခိုက်မည်မဟုတ်ပေ။

အစောပိုင်းက လုဖေးအာမှာ သက်သေပင် မဟုတ်ပါလား။

လုဖေးအာမှာ နောက်ပိုင်းတွင် ဗီဇပြောင်းသတ္တဝါအဖြစ် ပြောင်းလဲသွားပြီး ရန်သူဖြစ်လာခဲ့သော်လည်း ရွှီရှင်း၏ ကပ်ပါးသစ်ပင်အိမ်မှာ မီတာ ၁၀၀ အစွန်းမှာ ရှိနေခဲ့သဖြင့် သူမသည် ပြတင်းပေါက်မှတစ်ဆင့် အပင်နှလုံးသား၏ အကာအကွယ်နယ်မြေပြင်ပသို့ တိုက်ရိုက်ခုန်ချသွားနိုင်ခဲ့ရာ မည်သည့်တိုက်ခိုက်မှုမှ ဖြစ်ပေါ်မလာခဲ့ခြင်း ဖြစ်ပေသည်။

---

အခန်း ၃၀၄ ပြီး။

All Chapters