အခန်း (၃၀၉-၃၁၀)
Vol. 21 Ch. 309-310
အခန်း (၃၀၉) - တည်နေရာကူးပြောင်းစက် တပ်ဆင်ခြင်းနှင့် လုဖေးအာနှင့် ဆွေးနွေးခြင်း ၂
"အတိအကျပဲ"
ရွှီရှင်းက ပုခုံးတွန့်ပြလိုက်ရင်း "ရိုးရိုးရှင်းရှင်းပေးထားတာက မှတ်ရတာ ပိုလွယ်တာပေါ့။ အစ်မ မကြိုက်ရင်တော့ အစ်မဘာသာ ပြန်ပြင်လို့ ရပါတယ်"
အပြာရောင်အဆင့် လက်ပတ်ကိုင်ဆောင်ထားသူတွေက ရွှီရှင်းနဲ့မတူတာတစ်ခုမှာ တည်နေရာကူးပြောင်းစက်သစ်တွေကို အသက်မသွင်းနိုင်တာပဲ ရှိ၏။
ကျန်တဲ့ လုပ်ဆောင်ချက်တွေဖြစ်တဲ့ တည်နေရာအမည် ပြောင်းလဲတာမျိုးကိုတော့ သူတို့ဘာသာ လုပ်ဆောင်နိုင်စွမ်း ရှိကြ၏။
"ဒီအတိုင်းပဲ ထားလိုက်ပါတော့မယ်"
ချီရွှယ်ဖေးက ဘာမှ ထပ်မပြင်တော့ဘဲ လီဝမ်ရှီး၊ ကျိချောင်းယန်နဲ့ ရွှီရှင်းတို့ရဲ့ တည်နေရာတွေကို တစ်ခုပြီးတစ်ခု အစီအရီ ချိတ်ဆက်လိုက်တော့သည်။
ခရမ်းနက်ရောင် ဝဲဂယက်ဟာ တည်နေရာကူးပြောင်းစက်ရှေ့မှာ ဖြည်းညှင်းစွာ လည်ပတ်နေပြီး ရွှီရှင်းရဲ့ သစ်ပင်အိမ်ဘေးက စက်ဆီကို တိုက်ရိုက် ချိတ်ဆက်သွားခဲ့၏။
"ကောင်းပါပြီ... ကျွန်တော် ဒီတံခါးကနေပဲ တန်းပြန်လိုက်တော့မယ်"
ရွှီရှင်းက ချီရွှယ်ဖေးကို ခေါင်းညိတ်ပြလိုက်ရင်း "အစ်မရွှယ်ဖေးလည်း လုပ်စရာရှိတာတွေ သွားလုပ်ပါဦး။ အခုတော့ နေရာကူးပြောင်းစက်တွေ ရှိနေပြီဆိုတော့ ကျွန်တော်တို့တွေဟာ အိမ်နီးနားချင်းတွေ ဖြစ်သွားကြပြီပေါ့။ ဪ... ဒါနဲ့ သူမနာမည်က ဘယ်သူလဲ"
ရွှီရှင်းက ဘေးနားက ကပ်ပါးသစ်ပင်အိမ်ကို ညွှန်ပြလိုက်၏။
"သူမအတွက်လည်း လက်ပတ်တစ်ခု လုပ်ပေးထားမလို့"
"သူမ နာမည်က..."
ချီရွှယ်ဖေးက ထိုအမျိုးသမီးရဲ့ အမည်ကို ပြောပြလိုက်၏။
ရွှီရှင်းက လက်ပတ်ကို ဖန်တီးပြီး ချီရွှယ်ဖေးထံ ကမ်းပေးလိုက်ရင်း "ဒါကို အစ်မပဲ အရင်သိမ်းထားပေးပါ။ ဘယ်အချိန်မှာ ပေးဖို့ သင့်တော်မလဲဆိုတာ အစ်မပဲ ဆုံးဖြတ်လိုက်ပေါ့"
"ကောင်းပါပြီ၊ လမ်းမှာ သတိထားဦးနော်"
ရွှီရှင်းဟာ အိပ်ပျော်နေဆဲဖြစ်တဲ့ ခဲခဲလေးကို ချီကာ ငွေရောင်ဘုရင်နဲ့အတူ ခရမ်းနက်ရောင် ဝဲဂယက်အတွင်းသို့ တစ်ဖန် ပြန်လည်ဝင်ရောက်လိုက်သည်။
ဒီနေ့မှာတော့ ဒါဟာ ငါးကြိမ်မြောက် နေရာကူးပြောင်းခြင်း ဖြစ်တာကြောင့် သူဟာ မူးဝေနောက်ကျိပြီး အောက်ကို အရှိန်နဲ့ ပြုတ်ကျတဲ့ ခံစားချက်ကြီးကို အတော်လေး အသားကျနေပြီ ဖြစ်သည်။
ခြေထောက်တွေ မြေပြင်ပေါ် ထိလိုက်တဲ့အချိန်မှာ သူဟာ မူးဝေတာမျိုး၊ မအီမသာ ဖြစ်တာမျိုး လုံးဝနီးပါး မရှိတော့ပေ။
မဆိုးလှပေ။
"ဟေး... ဟေး... ဟေး... ရှင် တကယ်ပဲ ဘာတွေ လုပ်နေတာလဲ"
သူ မြေပြင်ပေါ် ခြေချလိုက်ရုံရှိသေး၊ လုဖေးအာရဲ့ မကျေမနပ် အော်ဟစ်သံကို ကြားလိုက်ရ၏။
သူ အသံလာရာဘက်ကို လှည့်ကြည့်လိုက်တော့ လုဖေးအာဟာ ကပ်ပါးသစ်ပင်အိမ် ပြတင်းပေါက်ကနေ ခေါင်းပြူထွက်ပြီး သူ့ကို လှမ်းကြည့်နေတာကို တွေ့လိုက်ရ၏။
"ဘာတွေ ဖြစ်နေတာလဲ။ ဒီနေရာကူးပြောင်းစက်က ပွင့်လိုက် ပိတ်လိုက်နဲ့ အခုဆို ဒါ သုံးကြိမ်မြောက် ရှိနေပြီ။ ရှင်ကလည်း အခုမှ ပြန်ရောက်လာတာလား။ ဒီတံခါးပွင့်တဲ့ အသံကလည်း တကယ့်ကို ထူးဆန်းလွန်းတယ်"
သုံးကြိမ်တောင်လား။
ဪ...။
ရွှီရှင်း ခဏမျှ စဉ်းစားလိုက်ရာ သဘောပေါက်သွား၏။
ပထမတစ်ကြိမ်က ကျိချောင်းယန်က လမ်းကြောင်းဖောက်တာ၊ ဒုတိယတစ်ကြိမ်က သူ ခဲခဲလေးကို အသက်သွင်းခိုင်းတာ၊ အခု တတိယတစ်ကြိမ်ကတော့ ချီရွှယ်ဖေးက လမ်းကြောင်းဖွင့်လိုက်တာ ဖြစ်တာကြောင့် ဒီဘက်မှာ ထွက်ပေါက်တွေ အစီအရီ ပွင့်ခဲ့တာ ဖြစ်ရပေမည်။
ဒါပေမဲ့ အခုတစ်ကြိမ်မှပဲ သူ တကယ် ပြန်ရောက်လာတာ ဖြစ်၏။
"အသံက အရမ်းကျယ်ပြီး သိသာနေလို့လား"
ရွှီရှင်းက မေးလိုက်၏။
"ကျယ်တယ်လို့တော့ မဟုတ်ပါဘူး၊ ဒါပေမဲ့..."
လုဖေးအာကလည်း သူမရဲ့ ခေါင်းကို နှိပ်နယ်ရင်း "ဒါက တကယ့်ကို ထူးဆန်းတာပဲ။ အဲဒီအသံကို ကြားရတာက ခေါင်းကို နည်းနည်း မူးသွားစေသလိုပဲ။ ဘာပဲဖြစ်ဖြစ် အဲဒီအသံက နားထဲမှာ တော်တော်လေး မအီမသာ ဖြစ်စေပြီး လူကို လန့်သွားစေတာတော့ အမှန်ပဲ"
"ဒါဆိုရင်တော့ ကောင်းတာပေါ့"
အသံက ရှင်းရှင်းလင်းလင်း ရှိနေတာက ပိုကောင်း၏။
အမှန်တော့ သူက လုဖေးအာကို ဒီစက်အား ခေတ္တ စောင့်ကြည့်ခိုင်းထားချင်တာပင်။
ငွေရောင်ဘုရင်ကတော့ သူ့လောက် အသားမကျသေးပုံရပြီး မြေပြင်ပေါ်မှာ ဝပ်လျက် ဝံပုလွေခေါင်းကြီးကို ခါယမ်းကာ မူးဝေမှုကို ဖျောက်ဖျက်ဖို့ ကြိုးစားနေရှာသည်။
ရွှီရှင်းဟာ သူ အပြီးသတ်ထားတဲ့ သွေးမြူပန်း ချွေးထုတ်ခန်း ကို သတိရသွား၏။
"ငွေရောင်ဘုရင်... ငါ့နောက်ကို လိုက်ခဲ့၊ မင်းအတွက် ကောင်းကောင်း အနားယူလို့ရမယ့် နေရာကို ခေါ်သွားပေးမယ်"
"...ဝူးးး"
ငွေရောင်ဘုရင်က ဇဝေဇဝါ ဖြစ်သွားသော်လည်း ယိုင်တိုင်တိုင်နဲ့ပဲ ထရပ်ပြီး လိုက်လာခဲ့၏။
ရွှီရှင်းဟာ သစ်ပင်အိမ်ဘေးက သစ်သားအိမ်လေးဆီ ရောက်တဲ့အခါ အိမ်တံခါး အဟကွက်တွေကြားကနေ အနီရောင်မြူခိုးတွေ စိမ့်ထွက်နေတာကို သတိထားမိလိုက်၏။
ပိတ်ထားတဲ့ မှန်ပြတင်းပေါက်ကနေတစ်ဆင့် အတွင်းကို လှမ်းကြည့်လိုက်တော့ အနီရောင်မြူခိုးတွေက အလွန်ထူထပ်နေတာကြောင့် ဘာမှမမြင်ရတော့ဘဲ မှန်တစ်ချပ်လုံးမှာလည်း မြူတွေ ဖုံးလွှမ်းနေသည်။
တံခါးကို အသာအယာ ဟလိုက်သည်နှင့် ထူထဲလှတဲ့ အနီရောင်မြူခိုးတွေက သစ်သားအိမ်ထဲကနေ လှိမ့်ထွက်လာ၏။
ဒါဟာ သွေးမြူပန်း ကနေ တစ်နေကုန် ထုတ်လွှတ်ထားတဲ့ မြူခိုးတွေပင်။
မီတာ နှစ်ဆယ်ကျော် အကျယ်နဲ့ သုံး၊ လေးမီတာလောက် မြင့်တဲ့ ဒီသစ်သားအိမ်လေးက သိပ်မကြီးတာကြောင့် အတွင်းမှာ အနီရောင်မြူခိုးတွေနဲ့ ပြည့်နှက်နေတာ ဖြစ်၏။
"အူးးး..."
ရွှီရှင်းဟာ ပြင်းရှလှတဲ့ အနံ့ကြောင့် ချက်ချင်းပဲ ပျို့အန်ချင်သလို ဖြစ်သွားပြီး ငွေရောင်ဘုရင်ဘက်ကို ခေါင်းလှည့်ကာ "ငွေရောင်ဘုရင်... မြန်မြန် အထဲဝင်တော့၊ ဒါ မင်းရဲ့ ချွေးထုတ်ခန်းပဲ"
"ဝူးးး"
ရွှီရှင်း တံခါးဖွင့်လိုက်ကတည်းက ငွေရောင်ဘုရင်ဟာ မအောင့်ထားနိုင်တော့ချေ။
သူ အမိန့်ပေးလိုက်တာနဲ့ တစ်ပြိုင်နက် အနီရောင်မြူခိုးတွေ ပြည့်နေတဲ့ အခန်းထဲကို ဝုန်းခနဲ ပြေးဝင်သွားတော့၏။
မြူခိုးတွေ ထပ်ပြီး အပြင်မထွက်လာအောင် ရွှီရှင်းက တံခါးကို အမြန် ပြန်ပိတ်လိုက်၏။
အပြင်ကို ရောက်လာပြီးသား မြူခိုးတွေကတော့ လေထဲမှာ တဖြည်းဖြည်း ပျောက်ကွယ်သွားခဲ့၏။
သူ ပြတင်းပေါက်ကနေ အတွင်းကို ထပ်ကြည့်လိုက်ရာ မြူခိုးတွေက အစောပိုင်းကလောက် မထူတော့ဘဲ ငွေရောင်ဘုရင် ဟိုလျှောက် ဒီလျှောက် လုပ်နေတာကို မြင်တွေ့လိုက်ရသည်။
ဝံပုလွေကိုယ်ပေါ်က သွေးရောင်အစင်းကြောင်းတွေက လင်းလက်နေပြီး၊ ၎င်းရဲ့ ပုံစံဟာ နေရာကူးပြောင်းပြီးပြီးချင်း အခြေအနေထက် အများကြီး ပိုကောင်းလာသလို၊ အရင်က အချိန်နှင့် နှိုင်းယှဉ်လျှင် ပိုပြီး လန်းဆန်းနေပုံရ၏။
"မင်း အဆင်ပြေပြီလို့ ခံစားရရင် ကိုယ့်ဘာသာ အပြင်ထွက်ခဲ့နော်၊ တံခါးပိတ်ဖို့လည်း မမေ့နဲ့ဦး"
ရွှီရှင်းက အထဲက ငွေရောင်ဘုရင်ကို လှမ်းပြောလိုက်၏။
"ဝူးးး"
ငွေရောင်ဘုရင်က ချက်ချင်းပဲ ပြန်ထူးလိုက်၏။
"အီး..."
ခဲခဲလေးကတော့ လုံးဝ နိုးမလာသေးပေ။
ရွှီရှင်းရဲ့ ရင်ခွင်ထဲမှာ တစ်ဖက်ကို လှည့်ပြီး သူမရဲ့ နှုတ်ခမ်းလေးကို နှစ်ချက်လောက် သပ်ကာ ဆက်လက် အိပ်မောကျနေရှာ၏။
လုဖေးအာဟာ ပြတင်းပေါက်ကနေ ထိုသစ်သားအိမ်လေးကို စောင့်ကြည့်နေခဲ့၏။
ဘာကြောင့်ရယ်မသိ၊ အိမ်ထဲက ထွက်လာတဲ့ အနီရောင်မြူခိုးတွေကို မြင်ရတာက သူမအတွက် အရသာရှိတဲ့ အစားအစာကို မြင်ရသလိုမျိုး ခံစားရစေပြီး အလိုလိုနေရင်း သွားရည်ကျကာ အနားကို တိုးသွားချင်စိတ် ပေါက်နေမိသည်။
ရွှီရှင်းဟာ လုဖေးအာရဲ့ ကပ်ပါးသစ်ပင်အိမ်ဆီ လျှောက်သွားပြီး သစ်ပင်မြစ်တွေကို ထိန်းချုပ်ကာ အထဲကို တိုက်ရိုက် ဝင်ရောက်လိုက်၏။
"ရှင်... ရှင်... ရှင်..."
သစ်သားအိမ်လေးကို ငေးကြည့်နေတဲ့ လုဖေးအာဟာ ရွှီရှင်း ရုတ်တရက် ရောက်လာတာကြောင့် လန့်သွားပြီး အနောက်ကို နှစ်လှမ်းလောက် ဆုတ်လိုက်၏။
"ဘာလုပ်တာလဲ။ မိန်းကလေးတစ်ယောက်ရဲ့ အခန်းထဲကို ဘယ်လိုဖြစ်ပြီး ဒီအတိုင်း ဝုန်းခနဲ ဝင်လာရတာလဲ။ရှင်... သတိထားနေနော်၊ ရှင် ညဘက်ကြီး ခိုးဝင်လာတယ်ဆိုပြီး ဝမ်ရှီးကို သွားတိုင်လိုက်မှာ"
သူမ တကယ်ပဲ အနည်းငယ် ကြောက်သွားခြင်းပင်။
မှောင်နေပြီဖြစ်သလို ဒီလူကြီးက သူမရဲ့ သစ်ပင်အိမ်ထဲကို ရုတ်တရက် ဝင်လာတာဆိုတော့ တစ်ခုခု လုပ်ဖို့ ကြံစည်နေတာလားလို့ တွေးမိတာပင်။
ရွှီရှင်းကတော့ သူမကို မျက်လုံးတစ်ချက် စောင်းကြည့်လိုက်ပြီး အခန်းအပြင်အဆင်ကို ဝေ့ကြည့်လိုက်၏။
"...နင် ဒီနေရာကို တော်တော်လေး သေသေသပ်သပ် ပြင်ထားတာပဲ၊ ကုန်ကြမ်းတွေ ဘယ်က ရတာလဲ"
ဆိုဖာ၊ ထမင်းစားစားပွဲနှင့် ကုလားထိုင်တွေကအစ အစုံအလင် ရှိနေသလို၊ သူမ ကိုယ်တိုင်တောင် မီးလင်းဖို တစ်ခု လုပ်ထားသေး၏။
"ဟွန်း... ဝမ်ရှီးဆီက ရတာပေါ့။ ရှင်က ကျွန်မအပေါ် မကောင်းဘူး၊ ဒီလိုအေးတဲ့ ရာသီမှာ မီးလင်းဖိုတောင် မပေးဘဲ အေးခဲသေအောင် ထားတယ်လို့ သူမကို သွားတိုင်လိုက်တာလေ။ အဲဒါကြောင့် ဝမ်ရှီးက အကုန်လုပ်ပေးသွားတာ။ အမှန်အတိုင်း ပြောရရင် သူမက ရှင့်ထက် အစစအရာရာ သာတယ်၊ ရှင်ကတော့..."
---
အခန်း ၃၀၉ ပြီး။
အခန်း (၃၁၀) - တည်နေရာကူးပြောင်းစက် တပ်ဆင်ခြင်းနှင့် လုဖေးအာနှင့် ဆွေးနွေးခြင်း ၃
လုဖေးအာ စကားပြော၍ပင် မဆုံးသေးမီ ရွှီရှင်းက သူ၏ ဘယ်ဘက်လက်ကို မြှောက်ပြလိုက်သည်ကို မြင်သည်နှင့် ချက်ချင်းပင် ပါးစပ်ပိတ်သွားတော့၏။
လီဝမ်ရှီး၏ လက်ထဲတွင် အရင်းအမြစ်များစွာ ရှိနေပေသည်။
အပင်နှလုံးသား အပိုင်းအစများနှင့် လဲလှယ်ထားသော ထိုအစိမ်းရောင်အဆင့် ကုန်ကြမ်းများသည် သူမ၏ သစ်ပင်အိမ်ထဲ၌ ရှိနေဆဲဖြစ်ရာ၊ လုဖေးအာအနေဖြင့် ရိုးရှင်းသော ပရိဘောဂအချို့ကို ဖန်တီးရန်မှာ အလွန်လွယ်ကူလှပေသည်။
"ကဲ... ထိုင်ဦး၊ မနက်ဖြန် နင်ဘာလုပ်ရမလဲဆိုတာ ငါ ပြောပြမယ်"
ရွှီရှင်းက အားမနာတမ်းပင် သူမ၏ ဆိုဖာပေါ်တွင် ဝင်ထိုင်လိုက်ရင်း ပြောလိုက်၏။
"...ဒါ ကျွန်မရဲ့ သစ်ပင်အိမ်လေ"
လုဖေးအာ ဒေါသတကြီးနှင့် ခြေဆောင့်လိုက်သော်လည်း၊ သူမ၏ မျက်လုံးများကို တစ်ချက်ဝေ့ကာ အကြံရသွားပုံဖြင့် ရွှီရှင်း၏ အနောက်သို့ သွား၍ ပုခုံးများကို နှိပ်ပေးရင်း ပြုံးလျက် "သခင်... အပြင်က သစ်သားအိမ်လေးအကြောင်း... ဟိုလေ၊ အဲဒီ အစုတ်အပြတ် လက်ပတ်ကြီးနဲ့ ကျွန်မကို ထပ်ပြီး မခြိမ်းခြောက်ပါနဲ့တော့လားဟင်"
ရွှီရှင်း၏ ဘယ်ဘက်လက်က သူမဆီသို့ တန်းတန်းမတ်မတ် ရောက်လာသည်ကို မြင်သောအခါ လုဖေးအာမှာ ထိတ်လန့်တကြား ရှောင်လိုက်ရပြီးမှ စိတ်ပျက်လက်ပျက်နှင့် ပြောရှာတော့သည်။
"ကုလားထိုင်ကို ယူပြီး ငါ့ရှေ့မှာ လာထိုင်စမ်း"
ရွှီရှင်းက အနားက ကုလားထိုင်ကို ညွှန်ပြလိုက်၏။
သူ့ကို သတ်ရန် ကြိုးစည်ခဲ့ဖူးသော ဤမိန်းမအပေါ် သူ အားနာနေစရာ မလိုပါပေ။
စာချုပ်ချုပ်ထားသည်ဆိုဦးတော့..။
ဤလက်ပတ်ကတော့ တကယ့်ကို အသုံးဝင်လှပေသည်။
"ကျွန်မ... ဟင်း"
လုဖေးအာ သွားကြိတ်ကာ အောင့်အည်းသည်းခံလျက် ကုလားထိုင်ကို ဆွဲ၍ သူ့ရှေ့တွင် ဝင်ထိုင်လိုက်ရသည်။
"ပြောပါဦး၊ ဘာလုပ်ခိုင်းချင်လို့လဲ"
ဘာမှတတ်နိုင်ပါပေ။
စာချုပ်ချုပ်ထားရသူပီပီ ယခုအခါ သူမ၏ စိတ်ထဲတွင် ရွှီရှင်းကို ဆန့်ကျင်လိုစိတ်မှာ အစအနပင် မရှိတော့ပေ။
ရွှီရှင်းကို ကူညီပေးနိုင်မည်ဟု တွေးမိသည်နှင့် သူမကိုယ်သူမပင် ကျေနပ်နေမိပြီး၊ အလုပ်တစ်ခုကို အောင်မြင်အောင် လုပ်ဆောင်နိုင်ခြင်းက သူမကို ဂုဏ်ယူစေလိမ့်မည်ဟု ခံစားနေရခြင်း ဖြစ်သည်။
လောလောဆယ်တော့ ဤအတိုင်းပဲ ထားလိုက်တော့မည်။
လက်ရှိ အခြေအနေအရဆိုလျှင် ဤလူကြီးနောက်ကို လိုက်ခြင်းကသာ ဤကမ္ဘာတွင် ရှင်သန်ရန် အကြီးမားဆုံး မျှော်လင့်ချက်ဖြစ်ပေသည်။
ဘာပဲဖြစ်ဖြစ် သူက ဤနယ်မြေတွင် အစွမ်းအထက်ဆုံး မဟုတ်ပါလား။
လုဖေးအာ အညံ့ခံရန် ဆုံးဖြတ်လိုက်ချေပြီ။
သူမ တွေးကြည့်လိုက်တော့ ဒါဟာ ဆိုးလှသည်တော့ မဟုတ်ပေ။
ကျေးကျွန်ဖြစ်ရသည်မှာ ကိစ္စမရှိ၊ ဤလူကြီးက သူမကို တစ်စုံတစ်ရာ ထိခိုက်အောင် လုပ်မည့်ပုံလည်း မပေါ်ပေ။
သူမ၏ လက်ရှိ ရည်မှန်းချက်မှာ လီဝမ်ရှီးနှင့် ဆက်ဆံရေးကောင်းအောင် တည်ဆောက်ကာ၊ အနာဂတ် သခင်မလေး၏ အရင်းနှီးဆုံး သူငယ်ချင်း ဖြစ်လာရန်ပင် ဖြစ်သည်။
ထိုသို့ဆိုလျှင် ဤလူကြီးသည် သူမကို အလွယ်တကူ ခြိမ်းခြောက်ဝံ့တော့မည် မဟုတ်ပေ။
ရွှီရှင်းက ဆိုဖာကို မှီလိုက်ပြီး သူ၏ ပေါင်ပေါ်တွင် အိပ်ပျော်နေသော ခဲခဲလေးကို ပွတ်သပ်ပေးရင်း၊ မာဟုန်ဝေ၏ အခြေအနေနှင့် သူ၏ အစီအစဉ်များကို လုဖေးအာအား ပြောပြလိုက်၏။
လုဖေးအာမှာ နားထောင်ရင်းနှင့် သူမ၏ မျက်နှာပေးမှာ ထူးဆန်းလာကာ၊ နောက်ဆုံးတွင်မူ တဟားဟားနှင့် အော်ဟစ်ရယ်မောလိုက်တော့သည်။
"ဟားဟားဟား... ဘယ်သူက ထင်မှာလဲ၊ ရှင်ကလည်း လူတွေကို လိမ်ဖို့အတွက် ဒီနည်းလမ်းကိုပဲ သုံးတာကိုး။ ပြီးတော့... ပြီးတော့ ရှင်က ရှင့်ကိုယ်ရှင် ကျွန်မရဲ့ လူလို့ ပြောလိုက်တယ် ဟုတ်လား၊ ဟားဟားဟားဟား..."
လုဖေးအာမှာ အောင့်ထား၍မရတော့ဘဲ ကိုယ်ကိုကိုင်ကာ ရယ်နေတော့သည်။
ရွှီရှင်းကတော့ လုဖေးအာ၏ အမူအရာကို သိပ်ဂရုမစိုက်ပါပေ။
သူက သူမအား သတိပေးလိုက်၏။
"ငါ ပြောမယ်၊ ဒီမာဟုန်ဝေက ငါတို့အဖွဲ့အစည်းအတွက် အရမ်းအရေးကြီးတယ်။ ဒီတာဝန်ကို နင့်ကို ပေးတာကလည်း နင့်အတွက် စမ်းသပ်မှုတစ်ခုပဲ။ တစ်ခုခု ကလိန်ကကျစ်လုပ်ဖို့ ကြိုးစားမယ်ဆိုရင်တော့၊ နောက်ကျရင် နင်က အဲဒီလက်ပတ်ထဲမှာပဲ နေသွားရလိမ့်မယ်"
"ဟားဟား... စိတ်ချပါ၊ စိတ်ချပါ၊ ဟားဟား..."
လုဖေးအာမှာ ဆက်တိုက် ရယ်မောနေဆဲပင်။
မနက်ဖြန်ကျလျှင် သူမသည် ရွှီရှင်း၏ အစ်မကြီးအဖြစ် ဟန်ဆောင်ရမည်ဖြစ်ရာ၊ မာဟုန်ဝေ၏ ရှေ့တွင် ရွှီရှင်းကို ဆုံးမ ခွင့်ရဦးမည်ဟု တွေးမိကာ သူမ မရယ်ဘဲ မနေနိုင်တော့ခြင်း ဖြစ်သည်။
ရွှီရှင်း၏ မျက်နှာပေးက တဖြည်းဖြည်း တည်ကြည်လာသည်ကို မြင်သောအခါမှ သူမသည် ကိုယ်လေး တသိမ့်သိမ့်တုန်အောင် ရယ်နေဆဲဖြစ်သော်လည်း ပါးစပ်ကို အမြန်ပိတ်လိုက်ရရှာသည်။
နောက်ဆုံးတွင် ရယ်သံများ စဲသွားခဲ့ချေပြီ။
သူမသည် ခေါင်းမော့ကာ သူမ၏ ရင်ဘတ်ကို ပုတ်လျက် ဂုဏ်ယူဝင့်ကြွားစွာဖြင့် ပြောလိုက်၏။
"စိတ်အေးအေးထားပါ၊ ကျွန်မရဲ့ သရုပ်ဆောင်စွမ်းရည်ကို ရှင်မယုံဘူးလား။ အဲဒီတုန်းက ရှင်သာ ကျွန်မ ပြောတာတွေကို ခိုးမကြားခဲ့ရင် ကျွန်မ ဖုံးကွယ်မထားနိုင်ခဲ့တာ မဟုတ်ရင်၊ ရှင့်လိုလူတောင် အမှားအမှန် ခွဲခြားနိုင်မှာ မဟုတ်ဘူး။တကယ့် အစ်မကြီး တစ်ယောက်ရဲ့ သရုပ်ဆောင်ချက်ကို စောင့်ကြည့်နေလိုက်ပါ"
သူမ ပြောသည်မှာ အမှန်ပင် ဖြစ်ပေသည်။
သူမသာ တမင်တကာ ပြဿနာမရှာခဲ့ပါက၊ သူမ၏ သရုပ်ဆောင်စွမ်းရည်ကို ရွှီရှင်း စိတ်ချနိုင်ပေသည်။
"ကောင်းပြီလေ၊ ဒါဆိုရင် ပြင်ဆင်ထားဦး၊ မနက်ဖြန် ငါ နင့်ကို မာဟုန်ဝေရဲ့ သစ်ပင်အိမ်ဆီ ခေါ်သွားမယ်"
ရွှီရှင်းက မတ်တတ်ရပ်ကာ ထွက်ခွာရန် ပြင်လိုက်၏။
"ဟေး... နေဦး"
လုဖေးအာက သူ့ကို ရုတ်တရက် ဆွဲတားလိုက်ပြန်သည်။
"ဘာဖြစ်ပြန်ပြီလဲ"
"ဟိုလေ... အပြင်က သစ်သားအိမ်လေးထဲမှာ ဘာရှိတာလဲဟင်"
လုဖေးအာက သစ်သားအိမ်လေးရှိရာဘက်ကို လှမ်းကြည့်လိုက်ရာ၊ သူမ၏ မျက်ဝန်းထဲတွင် တောင့်တနေသည့် အရိပ်အယောင်များမှာ အထင်အရှားပင်။
ရွှီရှင်း မျက်ခုံးတစ်ဖက်ကို ပင့်လိုက်မိ၏။
ဪ... ဟုတ်သားပဲ၊ ဒီမိန်းမက အခုဆိုရင် ဗီဇပြောင်းလူသား တစ်ယောက် ဖြစ်နေပြီလေ။
အနီရောင်မြူခိုးတွေက သူမရဲ့ စွမ်းအားတွေကို မြှင့်တင်ပေးနိုင်မှာပေါ့။
"ငါ့နောက်ကို လိုက်ခဲ့"
ရွှီရှင်းက လုဖေးအာကို သစ်ပင်အိမ်အပြင်ဘက်သို့ ခေါ်ထုတ်လာခဲ့တော့၏။
အခန်း ၃၁၀ ပြီး။