အခန်း (၃၁၁-၃၁၂)
Vol. 21 Ch. 311-312
အခန်း (၃၁၁) - စွဲမက်ဖွယ် သွေးမြူခိုးများ
ရွှီရှင်းသည် လုဖေးအာကို သစ်သားအိမ်လေးရှိရာဆီသို့ ခေါ်ဆောင်လာခဲ့၏။
ထိုအချိန်မှာပင် ငွေရောင်ဘုရင်သည် အိမ်ထဲမှ ပြန်လည်ထွက်ခွာလာချေပြီ။
၎င်းသည် လိမ္မာပါးနပ်စွာပင် ဝံပုလွေခြေဖဝါးများကို အသုံးပြု၍ သစ်သားတံခါးကို ပြန်ပိတ်လိုက်ရာ၊ အနီရောင်မြူခိုးများ ဆက်လက်ပျံ့လွင့်မလာအောင် တားဆီးလိုက်ပြီး သူတို့နှစ်ဦးထံသို့ လျှောက်လာခဲ့သည်။
"ဝါး ငွေရောင်ဘုရင်က ကြည့်ရတာ တကယ့်ကို ခန့်ညားတာပဲ"
လုဖေးအာ၏ မျက်လုံးများမှာ ဝင်းခနဲ ဖြစ်သွားတော့၏။
တစ်ချိန်တည်းမှာပင် ငွေရောင်ဘုရင်၏ ကိုယ်ပေါ်တွင် အစီအရီဖုံးလွှမ်းနေသော သွေးရောင်အစင်းကြောင်းများသည် တောက်ပလိုက်၊ မှိန်သွားလိုက်နှင့် ဖြစ်နေချေပြီ။
၎င်းကို ကြည့်ရသည်မှာ ခန့်ညားလှသော်လည်း အနည်းငယ် မတည်မငြိမ်ဖြစ်နေသည့် ပုံစံမျိုးပင်။
"အဆင်ပြေရဲ့လား ငွေရောင်ဘုရင်။ ဘာ မအီမသာ ဖြစ်နေလဲ"
ရွှီရှင်း အနားသို့တိုးကာ မေးလိုက်၏။
"ဝူးးးး"
ငွေရောင်ဘုရင်သည် အင်အားအပြည့်နှင့် တစ်ချက်ဟောင်လိုက်ကာ ဘာပြဿနာမှ မရှိကြောင်း ပြသနေခြင်းပင်။
၎င်းသည် ချက်ချင်း ထွက်သွားခြင်းမရှိဘဲ သစ်သားအိမ်တံခါးဘေးတွင်ပင် ဝပ်ချလိုက်ကာ၊ မျက်လုံးများကို မှိတ်လျက် ရရှိထားသော ခွန်အားသစ်များကို အစာချေဖျက်နေသည့်အလား ငြိမ်သက်သွားတော့သည်။
တံခါးကြားမှ စိမ့်ထွက်လာသော အနီရောင်မြူခိုးများသည် အိမ်အဝင်ဝတွင် ဝန်းရံနေရာ၊ လုဖေးအာသည် ရှေ့သို့ ခြေလှမ်းတိုးကာ အသက်ပြင်းပြင်းတစ်ချက် ရှူသွင်းလိုက်ပြီးနောက် သာယာကြည်နူးနေသော မျက်နှာပေးဖြင့် "ဒီအနံ့က... တကယ့်ကို ကောင်းတာပဲ" ဟု ရေရွတ်လိုက်၏။
တကယ်ပဲ အနံ့ကောင်းလို့လား။
ရွှီရှင်းသည် နှာခေါင်းကို အုပ်လျက် သူမကို ကြည့်ကာ မျက်လုံးထောင့်များပင် တွန့်သွားရသည်။
ဗီဇပြောင်းသတ္တဝါအဖြစ် ပြောင်းလဲသွားရင် အနံ့ခံအာရုံကပါ သာမန်လူနဲ့ ဒီလောက်အထိ ကွာခြားသွားတာလား။
ဒါကို မွှေးတယ်လို့ ခေါ်တာလား။
ငွေရောင်ဘုရင်က တံခါးကို ပိတ်တာ နည်းနည်းနောက်ကျသွားသဖြင့် အနီရောင်မြူခိုး အတော်များများ အပြင်သို့ ပျံ့လွင့်လာခဲ့ချေပြီ။
ယခုအခါ အဝင်ဝတွင် မြူခိုးများ ထူထပ်နေပြီး အလွန်ပင် စူးရှလှသော အနံ့ဆိုးကြီးက ထွက်ပေါ်နေခြင်း ဖြစ်၏။
အကယ်၍ ရွှီရှင်းသာ နှာခေါင်းကို အမြန်မအုပ်ထားမိပါက သူ သေချာပေါက် ပျို့အန်မိပေလိမ့်မည်။
ဒါဟာ အနံ့ဆိုးကြီးပင်။
"ရှင်က ဘာကြည့်နေတာလဲ"
ရွှီရှင်းက နှာခေါင်းအုပ်လျက် ထူးဆန်းသလို ကြည့်နေသည်ကို မြင်သောအခါ လုဖေးအာက မကျေမနပ်ဖြစ်သွားဟန်ဖြင့် "ရှင်က ကျွန်မကို သတ်ဖို့ ကြိုးစားခဲ့လို့ ကျွန်မ ဒီလို ဖြစ်သွားရတာလေ" ဟု ရန်တွေ့လိုက်သည်။
ရွှီရှင်းကတော့ သူမနှင့် အချေအတင် ငြင်းခုံလိုစိတ် မရှိပေ။
သူသည် ထူထပ်လှသော မြူခိုးများနှင့် ဝေးရာသို့ အနောက်သို့ ခြေလှမ်းအနည်းငယ် ဆုတ်လိုက်ပြီးမှသာ အသက်ဝဝ ရှူလိုက်တော့သည်။
လုဖေးအာကမူ နောက်ထပ် အသက်ပြင်းပြင်း တစ်ချက် ထပ်ရှူလိုက်ပြန်ကာ၊ သူမ၏ မျက်နှာမှာ တစ်ဖန် ကြည်နူးသွားပြန်၏။
"ဒီအနံ့က တကယ့်ကို စိတ်ကျေနပ်ဖို့ ကောင်းတာပဲ"
ငွေရောင်ဘုရင်ရော၊ မီမီပါ အနီရောင်မြူခိုးတွေကို ဘာကြောင့် ဒီလောက် ကြိုက်နေကြသလဲဆိုတာ နားလည်သွားလေပြီ။
သူမ ဤကဲ့သို့ ဖြစ်နေသည်ကို မြင်ရသည်မှာ မြူခိုးတွေကို ရှူသွင်းနေခြင်းထက် မူးရဏ်ဆေး တွေကို သုံးစွဲနေသကဲ့သို့ ဖြစ်နေသဖြင့် သူမ စွဲလမ်းသွားမှာကို ရွှီရှင်း တကယ်ပဲ စိုးရိမ်မိသွား၏။
မျှော်လင့်ထားသလိုမျိုးတော့ မဖြစ်ပါစေနဲ့။
"ကဲ... အထဲဝင်ပြီး စမ်းကြည့်လိုက်ဦး။ ပြီးရင် နင့်ရဲ့ ခံစားချက်ကို ငါ့ကို ပြန်ပြောပြဖို့ မမေ့နဲ့ဦးနော်"
"ဟုတ်ကဲ့ပါ သခင်ကြီးရယ်"
လုဖေးအာသည် ဝင်ခွင့်ရသွားသည်နှင့် နောက်သို့ပင် လှည့်မကြည့်တော့ဘဲ တံခါးကို အသာဟကာ အတွင်းသို့ လျှောခနဲ ဝင်သွားပြီးနောက်၊ မြူခိုးတွေ အပြင်ကို အများကြီး မထွက်လာအောင် တံခါးကို အမြန် ပြန်ပိတ်လိုက်တော့သည်။
ထို့နောက်တွင်မူ အထဲမှ အလွန်ပင် သက်သောင့်သက်သာရှိလှသော ညည်းတွားသံတစ်ခုကို ရွှီရှင်း ကြားလိုက်ရ၏။
"ဒုက္ခပဲဟ"
ရွှီရှင်း စိတ်ပျက်လက်ပျက် ဖြစ်သွားရ၏။
"အဓိပ္ပာယ်မရှိတဲ့ အသံတွေ လျှောက်မအော်စမ်းနဲ့"
"ဒါပေမဲ့... ဒါက တကယ်ကို နေလို့ကောင်းတာပဲ..."
လုဖေးအာသည် အနီရောင်မြူခိုးတွေကို အားရပါးရ ရှူသွင်းလိုက်ရာ သူမ၏ ကိုယ်လေး တုန်ယင်သွားပြီး လေသံမှာပင် တုန်ရီနေတော့သည်။
"တကယ်ပါပဲ... ဒါက မူးယစ်ဆေးဝါး ရှူနေရသလိုပဲ။ ဟာ... ကြည့်ရတာ... ကျွန်မ ဂယောင်ဂတမ်းတွေ မြင်နေရပြီ ထင်တယ်"
အနီရောင်မြူခိုးတွေက ဂယောင်ဂတမ်းတွေတောင် မြင်စေတာလား။
ဒီအရာက တကယ့်ကို အမှုန့်ဖြူတွေနဲ့ ဆင်တူနေတာပဲ။
ရွှီရှင်း ခေါင်းခါယမ်းလိုက်မိသည်။
သူမကို တစ်ကြိမ်တော့ စမ်းသပ်ခွင့် ပေးလိုက်မည်။
အကယ်၍ သူမ တကယ်ပဲ စွဲလမ်းသွားမည်ဆိုပါက၊ နောက်ကျလျှင် သူမ ဝင်ရောက်မှုကို ကန့်သတ်ရပေလိမ့်မည်။
အဘယ်ကြောင့်ဆိုသော် ခွန်အားတိုးတက်လာသည်ဆိုဦးတော့၊ စွဲလမ်းမှုဖြစ်လာခြင်းကိုတော့ လက်မခံနိုင်ပေ။
အထူးသဖြင့် အနီရောင်မြူခိုးတွေဟာ သွေးရောင်မျိုးနွယ်စု ရဲ့ အရာတွေ မဟုတ်ပါလား။
ရန်သူ့ရဲ့ အရာတွေအပေါ် စွဲလမ်းသွားခြင်းက သစ္စာဖောက်မှုဆီကို ဦးတည်သွားနိုင်သည် မဟုတ်ပါလား။
သူ အထဲက လုဖေးအာကို လှမ်းပြောလိုက်၏။
"အခြေအနေ သိပ်မဟန်ရင် ပြန်ထွက်ခဲ့နော်၊ ဇွတ်အတင်းကြီးတော့ မလုပ်နဲ့"
"မဖြစ်ပါဘူး... ကျွန်မ အဆင်ပြေပါတယ်။ ဒီအနီရောင်မြူခိုးတွေက..."
လုဖေးအာ၏ တုန်ရီနေသော အသံမှာ တဖြည်းဖြည်း တည်ငြိမ်လာသော်လည်း၊ သူမ စကားမဆုံးမီမှာပင် အသံမှာ ရုတ်တရက် ရပ်တန့်သွားခဲ့ချေပြီ။
ဘာဖြစ်သွားတာလဲ။
ရွှီရှင်းသည် ဘေးဘက်က ပြတင်းပေါက်ကနေ အတွင်းသို့ ချက်ချင်း လှမ်းကြည့်လိုက်၏။
လုဖေးအာသည် မြူခိုးများကြားတွင် မတ်တတ်ရပ်လျက် အတွေးတစ်ခုထဲ နစ်မျောနေပုံရပေသည်။
"တကယ်ပဲ အဆင်ပြေရဲ့လား"
ရွှီရှင်း မျက်လုံးမှေးကာ တိုးတိုးလေး ရေရွတ်လိုက်မိ၏။
ထိုစဉ် လုဖေးအာက သူ့ဘက်သို့ ရုတ်တရက် လှည့်ကြည့်လာခဲ့သည်။
ရွှီရှင်း၏ မျက်စိသူငယ်အိမ်များ ကျုံ့ဝင်သွားရ၏။
သူမ အရင်က သောင်းကျန်းစဉ်က ပေါ်လာခဲ့သော လက်ချောင်းသဏ္ဌာန် သွေးရောင်အစင်းကြောင်း နှစ်ကြောင်းသည် သူမ၏ မျက်နှာပေါ်တွင် ပြန်လည် ထင်ရှားလာချေပြီ။
၎င်းမှာ သွေးစက်နှစ်စက် စီးကျနေသကဲ့သို့ပင်။
သူမ၏ အသားအရေမှာ အနည်းငယ် နီမြန်းနေပြီး၊ မျက်ဝန်းများမှာလည်း သွေးရောင်လွှမ်းလျက် အကြည့်များမှာ ဝေဝါးနေပေသည်။
သူမသည် ရွှီရှင်းကို ကြည့်နေသလိုလို သို့မဟုတ် သူ့အနောက်က တစ်စုံတစ်ခုကို ကြည့်နေသလိုလိုပင်။
သူမ၏ ညှပ်ရိုးနားတွင် အရင်က မှိန်ဖျော့နေသော အနီရောင်အစင်းကြောင်းမှာလည်း ရုတ်တရက် တောက်ပသော အနီရောင်အဖြစ် ပြောင်းလဲသွားခဲ့ချေပြီ။
သူမသည် သွေးရောင်လွှမ်းနေသော သူမ၏ နှုတ်ခမ်းများကို လျှာဖြင့်သပ်ကာ အပြုံးတစ်ခု ဖော်ပြလိုက်ရင်း "စိတ်မပူပါနဲ့၊ ကျွန်မ အဆင်ပြေပါတယ်" ဟု ပြောလိုက်၏။
သစ်သားနံရံနှင့် ပြတင်းပေါက်များကြောင့် အသံမှာ တိုးသော်လည်း၊ သူမ၏ နှုတ်ခမ်းလှုပ်ရှားမှုကို ကြည့်ကာ ရွှီရှင်း သူမပြောသည်ကို နားလည်လိုက်ခြင်း ဖြစ်သည်။
ရွှီရှင်း သတိကြီးစွာ ထားလိုက်မိ၏။
သူမ၏ လက်ရှိ အခြေအနေမှာ အနည်းငယ် အန္တရာယ်ရှိသည်ဟု သူ ခံစားရသည်။
ခုနက တိုးတိုးလေးပဲ ရေရွတ်ခဲ့တာလေ၊ နံရံခြားနေတာတောင် အထဲက လုဖေးအာက ကြားနိုင်တာလား။
သူကိုယ်တိုင်တောင် ပြန်မကြားနိုင်လောက်တဲ့ အသံပဲလေ။
သူမ၏ အကြားအာရုံမှာ သူ အရင်က ခံစားခဲ့ရတဲ့ မြှင့်တင်မှု အာနိသင်နဲ့ ဆင်တူနေတာပင်။
မြူခိုးတွေကြားမှာ ဗီဇပြောင်းလဲသွားတဲ့သူတွေဟာ တကယ်ပဲ စွမ်းအားတွေ မြင့်တက်လာတာပေါ့၊ ဒါပေမဲ့ ဒီနည်းလမ်းနဲ့လား..။
ရွှီရှင်း၏ လက်သည် ကျောပိုးအိတ်ရှိရာသို့ ရောက်ရှိနေပြီဖြစ်ပြီး၊ အကယ်၍ လုဖေးအာသာ ရုတ်တရက် တိုက်ခိုက်လာပါက တုံ့ပြန်ရန် အဆင်သင့် ပြင်ထားလိုက်တော့သည်။
သို့သော်လည်း လုဖေးအာသည် ရွှီရှင်းကို ဆက်လက်ကြည့်မနေတော့ဘဲ နံရံဘက်သို့ လျှောက်သွားကာ ဖြည်းညှင်းစွာ ထိုင်ချလိုက်ပြီး၊ နံရံကို မှီလျက် မျက်လုံးများကို မှိတ်ကာ လုံးဝ ငြိမ်သက်သွားတော့၏။
သူမ၏ ရင်ဘတ် လှုပ်ရှားနေမှုနှင့် မြူခိုးအချို့ ရှူသွင်းနေမှုသာ မရှိပါက၊ သူမ တစ်ခုခု ဖြစ်သွားပြီဟု ရွှီရှင်း ထင်မိပေလိမ့်မည်။
---
အခန်း ၃၁၁ ပြီး။
အခန်း (၃၁၂) - စွဲမက်ဖွယ် သွေးမြူခိုးများ (၂)
ရွှီရှင်း သက်ပြင်းတစ်ချက်ကို အသာချလိုက်မိသည်။
တော်သေးသည်မှာ သူမ ထပ်မံ၍ သောင်းကျန်းခြင်း မရှိခဲ့ပေ။
မူလက သူသည် အာဖုကိုလည်း ဤသွေးမြူချွေးထုတ်ခန်းထဲသို့ လာရောက်စမ်းသပ်စေချင်သော်လည်း၊ ယခု လုဖေးအာ၏ အခြေအနေမှာ အနည်းငယ် အန္တရာယ်ရှိနေပုံရသဖြင့် အာဖုကို သူမနှင့် တစ်ခန်းတည်း မထားတော့ရန် ဆုံးဖြတ်လိုက်၏။
အကယ်၍ သူမသာ ရုတ်တရက် စိတ်လွတ်သွားပြီး အရင်တစ်ခါကလို သောင်းကျန်းခဲ့မည်ဆိုပါက၊ အဆင့်နိမ့် ဗီဇပြောင်းသတ္တဝါလေးဖြစ်သော အာဖုမှာ ဤကဲ့သို့ ကျဉ်းမြောင်းသော နေရာမျိုးတွင် ခုခံနိုင်စွမ်းရှိမည် မဟုတ်ပါချေ။
သစ်သားအိမ်လေးအတွင်းရှိ သွေးမြူပန်း သုံးပွင့်မှာ လှုပ်ရှားလာကြပြီး အနီရောင်မြူခိုးများကို ထပ်မံ ထုတ်လွှတ်လိုက်ရာ၊ အိမ်လေးအတွင်းရှိ လေထုမှာ ပိုမိုထူထပ်လာပြီး လုဖေးအာ၏ မျက်နှာကိုပင် သေသေချာချာ မမြင်ရတော့သည့် အဆင့်သို့ ရောက်ရှိသွားတော့သည်။
ရွှီရှင်းသည် စက္ကန့်အနည်းငယ်ကြာအောင် ဆက်လက်စောင့်ကြည့်နေခဲ့၏။
လုဖေးအာမှာ မည်သည့်လှုပ်ရှားမှုမျှ မရှိဘဲ ငြိမ်သက်နေဆဲဖြစ်သလို၊ အိမ်တံခါးဝတွင် ဝပ်နေသော ငွေရောင်ဘုရင်မှာမူ မတ်တတ်ရပ်လာခဲ့သည်။
သို့သော် ၎င်းမှာ အိမ်ထဲသို့ ပြန်ဝင်ရန် ရည်ရွယ်ချက်မရှိဘဲ ရွှီရှင်း၏ ဘေးသို့သာ လျှောက်လာခဲ့၏။
"ထားလိုက်ပါတော့လေ၊ သူမကို လောလောဆယ် ဒီအတိုင်းပဲ ထားလိုက်ကြစို့။ ငါတို့ အပေါ်တက်ရအောင် ငွေရောင်ဘုရင်"
ရွှီရှင်းသည် အနီရောင်မြူခိုးများ ဖုံးလွှမ်းနေသော လုဖေးအာကို နောက်ဆုံးတစ်ချက် လှမ်းကြည့်လိုက်ပြီးနောက် သစ်ပင်အိမ်ရှိရာသို့ ဦးတည်လိုက်တော့သည်။
"ဝူးးးး"
ငွေရောင်ဘုရင်မှာ အင်အားများ ပြန်လည်ပြည့်ဖြိုးပြီး လန်းဆန်းနေသည်မှလွဲ၍ အခြားထူးခြားသော လက္ခဏာများ မတွေ့ရတော့ပေ။
၎င်း၏ ကိုယ်ပေါ်က သွေးရောင်အစင်းကြောင်းများမှာလည်း မှိတ်တုတ်မှိတ်တုတ် မဖြစ်တော့ပေ။
ငွေရောင်ဘုရင်၏ အခြေအနေကို ကြည့်ခြင်းအားဖြင့် လုဖေးအာတွင်လည်း ကြီးကြီးမားမား ပြဿနာရှိမည် မဟုတ်ဟု သူ တွေးလိုက်မိသည်။
တစ်ကြိမ် ဝင်ရောက်ရုံနှင့် ငွေရောင်ဘုရင်မှာ သိသိသာသာ ပြောင်းလဲသွားခြင်း မရှိသေးပေ။
သို့မဟုတ်လျှင်လည်း ထိုပြောင်းလဲမှုမှာ အလွန်သေးငယ်လွန်းသဖြင့် ရွှီရှင်း သတိမပြုမိခြင်းလည်း ဖြစ်နိုင်၏။
နောင်ကျလျှင် ငွေရောင်ဘုရင်၊ မီမီနှင့် အခြားသူများကို ဤသွေးမြူထဲတွင် အကြိမ်အနည်းငယ် ထပ်မံ နေခိုင်းကြည့်ပါက ရလဒ်များကို သိရှိနိုင်ပေလိမ့်မည်။
ခဲခဲလေးကတော့ သူ၏ ရင်ခွင်ထဲတွင် အိပ်မောကျနေဆဲဖြစ်ပြီး ရံဖန်ရံခါတွင် အိပ်မက်ထဲမှ အသံလေးများ ပြုနေရှာသည်။
ဤကောင်မလေး လုံးဝနိုးမလာသေးခြင်းမှာ ရွှီရှင်းအတွက်တော့ အနည်းငယ် ထူးဆန်းနေပေသည်။
ဒီတစ်ခါ သူမ ဒီလောက်အထိ အိပ်ပုတ်ကြီးနေလိမ့်မည်ဟု သူ မမျှော်လင့်ထားခဲ့ချေ။
အရင်က သူမသည် အိပ်ရသည်ကို ကြိုက်သော်လည်း အာရုံခံစားမှု အလွန်စူးရှလှသဖြင့် အိပ်မောကျခြင်းမျိုး မရှိခဲ့ဖူးပေ။
အနည်းငယ် လှုပ်ရှားမှုရှိရုံနှင့်ပင် အနည်းဆုံးတော့ မျက်လုံးလေးဖွင့်ကြည့်လေ့ရှိသလို၊ အန္တရာယ်ရှိပါကလည်း ရွှီရှင်းအား သတိပေးရန် ချက်ချင်း နိုးလာတတ်သည် မဟုတ်ပါလား။
လုဖေးအာ၏ အော်ဟစ်သံများဖြစ်စေ၊ ခုနက သစ်သားအိမ်ထဲမှာ ပြည့်နှက်နေတဲ့ ပြင်းရှလှတဲ့ အနီရောင်မြူခိုးနံ့တွေဖြစ်စေ ခဲခဲလေးကို နိုးအောင် မလုပ်နိုင်ခဲ့ကြပေ။
နေခင်းဘက်က ဂူထဲမှာ ပြေးလွှားနေရလို့ ပင်ပန်းသွားတာများလား။
ဖြစ်နိုင်တာက...
သူမအနေနဲ့ ကိုယ့်ရဲ့ သစ်ပင်အိမ်နား၊ အပင်နှလုံးသားရဲ့ အကာအကွယ်နယ်မြေထဲ ရောက်နေလို့ တကယ့်ကို ဘေးကင်းတယ်လို့ ခံစားရပြီး အေးအေးဆေးဆေး အိပ်မောကျနေတာလည်း ဖြစ်နိုင်ပေသည်။
ရွှီရှင်းသည် ငွေရောင်ဘုရင်နှင့် ခဲခဲလေးကို သစ်ပင်အိမ်၏ တတိယထပ်သို့ ခေါ်ဆောင်လာခဲ့ပြီး၊ ခဲခဲလေးကို ကုတင်ပေါ်တွင် အသာအယာ ချထားပေးလိုက်၏။
"အီး..."
ခဲခဲလေးသည် တစ်ဖက်သို့ လှည့်ကာ ဆက်အိပ်နေပြီး သူမ၏ အမြီးကြီးမှာ ကုတင်စောင်းတွင် တွဲလောင်းကျနေသော်လည်း နိုးမလာသေးချေ။
ရွှီရှင်းသည် ခဲခဲလေး၏ ခေါင်းလုံးလုံးလေးကို ပုတ်ပေးပြီးနောက် သစ်ပင်အိမ်အောက်သို့ ပြန်ဆင်းလာခဲ့သည်။
သူသည် ညောင်ပင်မျိုးစေ့ကို စိုက်ပျိုးကာ မြေဩဇာသုံး၍ အရှိန်မြှင့် ကြီးထွားစေရန် ရည်ရွယ်ထားခြင်း ဖြစ်သည်။
ပြီးခဲ့သည့်အကြိမ်က ရွှီရှင်း၏ အမှတ် အားလုံး ကုန်သွားခဲ့သော်လည်း၊ မကြာသေးမီက သူသည် အမှတ်အချို့ကို ထပ်မံ စုဆောင်းမိထားရာ ယခုဆိုလျှင် ၁၀၀၀ ကျော်ခန့် ရှိနေချေပြီ။
အမှတ်အရောင်းဆိုင်တွင် ၃၀% လျှော့စျေး ရရှိထားသလို အမှတ်ရှာရသည့် နည်းလမ်းများကိုလည်း သိထားသဖြင့်၊ မြေဩဇာဝယ်ယူရန်မှာ သူ့အတွက် ဖိအားတစ်စုံတစ်ရာ မရှိလှပေ။
"သစ်ပင်အိမ် ပတ်ဝန်းကျင်မှာ စိုက်ရမယ်ဆိုတော့... ဘယ်လောက်အထိ နီးနီးကပ်ကပ် စိုက်ရမှာပါလိမ့်"
ရွှီရှင်းသည် သူ၏ မေးစေ့ကို ပွတ်သပ်ရင်း စဉ်းစားနေမိသည်။
ဂူထဲတွင် မြင်တွေ့ခဲ့ရသော ညောင်ပင်နှစ်ပင်မှာ အရွယ်အစားနှင့် အမြင့်မှာ အပြာရောင်အဆင့် သစ်ပင်အိမ်များနှင့် ဆင်တူလှပေသည်။
သို့သော် အပြင်ပန်းကြည့်ရုံမျှနှင့်တော့ အပြာရောင်အဆင့် သစ်ပင်အိမ်များကဲ့သို့ပင် ထင်မှတ်ရပေသည်။
ရွှီရှင်း ခေတ္တမျှ စဉ်းစားပြီးနောက် သစ်ပင်အိမ်နှင့် ကပ်လျက်တွင် စိုက်ပျိုးရန် ဆုံးဖြတ်လိုက်၏။
ဘာပဲဖြစ်ဖြစ် သူနှင့် ကျိချောင်းယန်တို့ ခန့်မှန်းထားသည်မှာ ဤညောင်ပင်များသည် သစ်ပင်အိမ်၏ အတွင်းပိုင်း ဟင်းလင်းပြင်ကို ချဲ့ထွင်ပေးနိုင်ခြင်း သို့မဟုတ် အပင်ထိပ်ဖျား၏ နယ်မြေကို ကျယ်ပြန့်စေခြင်းမျိုး ဖြစ်နိုင်သည်ဟု ယူဆထားကြသည်။
နီးနီးကပ်ကပ် စိုက်ပျိုးထားပါက ၎င်းတို့၏ အပင်ထိပ်ဖျားချင်း ချိတ်ဆက်သွားနိုင်မည်ဖြစ်ရာ သူတို့၏ ခန့်မှန်းချက် မှန်မမှန်ကို အတည်ပြုနိုင်ပေလိမ့်မည်။
အကယ်၍ သူတို့ ခန့်မှန်းချက် မှားခဲ့လျှင်ပင် ပြဿနာ မရှိပါပေ။
အဘယ်ကြောင့်ဆိုသော် သူ၏ လက်ရှိ ပေါက်ပြား မှာ မျိုးစေ့ကို နဂိုအတိုင်း ပြန်လည်ရရှိအောင် တူးဖော်နိုင်စွမ်း ရှိသလို၊ အပင်လိုက် ပြောင်းရွှေ့စိုက်ပျိုးခြင်း ကိုပင် ပြုလုပ်နိုင်သောကြောင့် ဖြစ်သည်။
သူ၏ ခရမ်းရောင်အဆင့် ကျောပိုးအိတ်သည် အလေးချိန်ကို ငါးဆယ်ပုံတစ်ပုံအထိ လျှော့ချပေးနိုင်သဖြင့်၊ ယခုဆိုလျှင် ညောင်ပင်တစ်ပင်လုံးကိုပင် ပြောင်းရွှေ့သယ်ဆောင်နိုင်စွမ်း ရှိနေပြီဖြစ်၏။
ထို့အပြင် ကျိချောင်းယန်သည် သူ၏အပင်ကို သစ်ပင်အိမ်မှ မီတာ လေးဆယ်၊ ငါးဆယ်ခန့်အကွာတွင် စိုက်ပျိုးထားခဲ့သဖြင့်၊ ရွှီရှင်းအနေဖြင့် နေရာကွဲပြားအောင် စိုက်ခြင်းက ပို၍ကောင်းမွန်ပေလိမ့်မည်။
နှစ်ယောက်စလုံး တစ်နေရာတည်းတွင် စိုက်နေပါက မည်သည့်နေရာက အကောင်းဆုံးဖြစ်သည်ကို နှိုင်းယှဉ်နိုင်မည် မဟုတ်ပါချေ။
ရွှီရှင်းသည် အမှတ်အရောင်းဆိုင်မှ တစ်ထုတ်လျှင် အမှတ် ၅၀၀ ပေးရသော အပြာရောင်အဆင့် မြေဩဇာ နှစ်ထုတ်ကို အမှတ် ၇၀၀ ပေး၍ ရက်ရက်ရောရော ဝယ်ယူလိုက်၏။
မြေဩဇာ တစ်ထုတ်ကို မြေကွက်အား အပြာရောင်အဆင့်မြေဖြစ်အောင် ပြုလုပ်ရန် အသုံးပြုကာ ညောင်ပင်မျိုးစေ့ကို စိုက်ပျိုးလိုက်ပြီး၊ အခြားတစ်ထုတ်ကိုမူ အခုမှ ထွက်လာသော ညောင်ပင်ပျိုးပင်လေးပေါ်သို့ ဖြူးလိုက်တော့သည်။
[ညောင်ပင်ပျိုးပင် (အပြာရောင်အဆင့်): အလွန် နုနယ်လှသော ညောင်ပင်ပျိုးပင်လေး ဖြစ်ပြီး သေဆုံးလွယ်လှသည်။ ၎င်းကို မနင်းမိစေရန် သတိထားပါ။ အပြာရောင်အဆင့် မြေဩဇာ၏ အရှိန်မြှင့်တင်မှုကြောင့် ကြီးထွားရန် ကျန်ရှိချိန်: ၉ နာရီ၊ ၅၉ မိနစ်၊ ၄၆ စက္ကန့်]
ကောင်းပြီ... ဒါဆိုရင်တော့ သေချာသွားပြီ။
ဆယ်နာရီကြာလျှင် အပြည့်အဝ ကြီးထွားလာတော့မည်။
မနက်ကျလျှင် ဤညောင်ပင်မှာ ကြီးထွားလာမည်ဖြစ်ရာ၊ ၎င်း၏ တကယ့်လုပ်ဆောင်ချက်များကို သိရှိနိုင်တော့မည် ဖြစ်သည်။
အခုအချိန်မှာ နုနယ်နေသေးသော်လည်း ပြဿနာမရှိပါပေ။
ပတ်ဝန်းကျင်တွင် သားရဲများ မရှိသလို၊ ရှိခဲ့လျှင်ပင် အပင်နှလုံးသားက အသေအချာ ကာကွယ်ပေးထားမည် မဟုတ်ပါလား။
အပိုဆောင်း ကာကွယ်ရေး နည်းလမ်းများ မလိုအပ်လှပေ။
ရွှီရှင်းသည် သစ်ပင်အိမ်အောက်သို့ ရောက်ရှိလာပြီး၊ သင်းခွေချပ် ၏ တွင်းနားသို့ ဖြတ်သွားရင်း အထဲကို လှမ်းကြည့်လိုက်မိသည်။
သင်းခွေချပ်အမေကြီး သည် တွင်းထဲတွင် ဝပ်နေပြီး၊ သူမ၏ ဘေးတွင် သားပေါက်လေး နှစ်ကောင်မှာ ပျော်ရွှင်စွာ ဆော့ကစားနေကြ၏။
လက်ရှိ အပူချိန်မှာ အနည်းငယ် နိမ့်နေသော်လည်း သူတို့ကိုတော့ ထိခိုက်ခြင်း မရှိပါပေ။
သူတို့အားလုံးမှာ ပတ်ဝန်းကျင်ကို လိုက်လျောညီထွေရှိစွာ နေထိုင်နိုင်သော ဗီဇပြောင်းသတ္တဝါများ မဟုတ်ပါလား။
သို့သော် နှင်းတွေကျလာသည့်အခါတွင်မူ သူတို့ တောင့်ခံနိုင်မလားဆိုသည်ကိုတော့ မသိနိုင်သေးပေ။
ကမ္ဘာမြေပေါ်တွင်မူ သင်းခွေချပ်များသည် ဆောင်းရာသီ၌ ဆောင်းခို လေ့ ရှိကြသည်။
ဤကောင်လေးတွေကော ထိုသို့လုပ်ကြမလားဆိုသည်ကို စောင့်ကြည့်ရပေလိမ့်မည်။
"ကြင်ယာတော်... အနီရောင်မြူခိုးတွေရှိတဲ့ အခန်းထဲကို အချိန်မရွေး သွားလို့ရတယ်နော်။ အဲဒီက မြူတွေက မင်းရဲ့ ခွန်အားတွေကို မြှင့်တင်ပေးနိုင်တယ်"
ရွှီရှင်းက ကြင်ယာတော်ကို လှမ်းပြောလိုက်သည်။
ကြင်ယာတော်က သိရှိကြောင်း အချက်ပြသည့်အနေဖြင့် သာယာသောအသံလေး ပြုလိုက်၏။
သားပေါက်လေးများမှာမူ ရွှီရှင်း၏ အသံကို ကြားရသောအခါ ခေါင်းလေးများကို လှည့်ကြည့်လာကြပြီး၊ သူ၏အနားသို့ သွားကာ ပွတ်သပ်နေကြတော့သည်။
သူတို့သည် တိုးတိုးလေး အော်ဟစ်ကာ မျက်လုံးလေးများ ဝိုင်းစက်နေပြီး ရွှီရှင်းအပေါ် အလွန်ပင် ခင်တွယ်နေကြပုံရပေသည်။
ရွှီရှင်းသည် ဤသားပေါက်လေး နှစ်ကောင်၏ ကြီးထွားနှုန်းကို ကြည့်ပြီး အံ့သြသွားရ၏။
ဒီနှစ်ကောင်က အခုဆို ခဲခဲလေးထက်တောင် ပိုကြီးနေပြီပဲ။
အနည်းငယ်မျှသာ ပိုကြီးခြင်းဖြစ်သော်လည်း၊ တကယ်ကို လျင်မြန်စွာ ကြီးထွားလာကြခြင်း ဖြစ်၏။
ရက်အနည်းငယ်သာ ရှိသေးသည် မဟုတ်ပါလား။
တစ်ဖက်တွင်မူ ခဲခဲလေးသည် သူနှင့် အကြာကြီး ရှိနေခဲ့သော်လည်း လုံးဝ ကြီးထွားလာခြင်း မရှိပေ။
အခုဆို ခဲခဲလေးသည် အဖွဲ့ထဲတွင် အသေးဆုံး သတ္တဝါလေး ပြန်ဖြစ်သွားခဲ့ချေပြီ။
သင်းခွေချပ် သားပေါက်လေးများနှင့် အနည်းငယ် ဆော့ကစားပေးပြီးနောက် သူတို့ တွင်းထဲသို့ ပြန်ဝင်သွားသည်ကို ကြည့်ကာ ရွှီရှင်းသည် သစ်ပင်မြစ်တစ်ခုကို ဆုပ်ကိုင်လျက် သစ်ပင်အိမ်ထဲသို့ ပြန်ဝင်လာခဲ့တော့သည်။
တတိယထပ်သို့ တိုက်ရိုက်သွားကာ ဆိုဖာပေါ်တွင် ကိုယ်ကို ပစ်ချလိုက်ပြီး သက်ပြင်းရှည်ကြီး တစ်ချက် မှုတ်ထုတ်လိုက်မိ၏။
ထောင့်တစ်နေရာတွင် ဝပ်နေသော မီမီက သူ့ကို တစ်ချက် လှမ်းကြည့်လိုက်သည်။
"မနက်ဖြန်ကျရင် ငါ မင်းကို အပြင်ကို ခေါ်သွားပေးမယ်"
ရွှီရှင်းက ပျင်းရိနေဟန်ရှိသော မီမီကို ကြည့်ကာ ပြုံးလျက် ပြောလိုက်၏။
ဒီနေ့ကတော့ တကယ်ကို ပင်ပန်းလှပေသည်။
တစ်နေကုန် အလုပ်ရှုပ်နေခဲ့ရသည် မဟုတ်ပါလား။
သို့သော်လည်း ဒီနေ့ရရှိခဲ့သော အကျိုးကျေးဇူးများမှာ တကယ့်ကို ကြီးမားလှပေသည်။
အအေးဒဏ်နှင့် သွေးရောင်ဗီဇပြောင်းသတ္တဝါများကို နှိမ်နင်းနိုင်သော စွမ်းအင်အမြုတေ အပိုင်းအစကို ရရှိခဲ့သလို၊ သူတို့ လေးဦး၏ သစ်ပင်အိမ်များကိုလည်း အပြန်အလှန် ချိတ်ဆက်နိုင်ခဲ့ပြီ ဖြစ်သည်။
ဒါဟာ တကယ့် အဖွဲ့အစည်းတစ်ခု၏ အစပျိုးပုံသဏ္ဌာန်ပင် ဖြစ်ပေသည်။
ဟိုဘက်က ကျန်ရှိနေတဲ့ လူ ၅ ယောက်မှာရော ဘယ်လို စွမ်းရည်တွေ ရှိနေမလဲဆိုတာ သူ မသိသေးပေ။
ချင်ယွင်လုံနဲ့ သူ့ညီရဲ့ စွမ်းရည်တွေကတော့ သေချာပေါက် ရေနဲ့ ပတ်သက်နေပေလိမ့်မည်။
မီတာ ၁၀၀ အနက်အထိ ရေငုပ်နိုင်ခြင်းမှာ ထိုကဲ့သို့ စွမ်းရည်မျိုးမရှိဘဲ မဖြစ်နိုင်ပါပေ။
ဝမ်ကွေ့ရှင်းကတော့ ပိုပြီး လျှို့ဝှက်ဆန်းပြားလှသည်။
စူးစမ်းရှာဖွေစဉ်က ချင်ယွင်လုံ၏ ညီဖြစ်သူ ပြောပြချက်အရ၊ သူမသည် ရှင်ကျန်သူတစ်ဦးကို ကန်ကျောက်၍ သတ်ဖြတ်နိုင်သည်အထိ ခွန်အားကြီးမားသော်လည်း၊ သူမ၏ တကယ့်စွမ်းရည်က ဘာလဲဆိုသည်ကို မည်သူမျှ မသိကြပေ။
မေးမြန်းသည့်အခါတွင်လည်း သူမက လူဆုံမှပြောမည်ဟုသာ ရှက်ကိုးရှက်ကန်းနှင့် ဖြေခဲ့သည် မဟုတ်ပါလား။
ဝမ်လေ့နှင့် ကျောက်ရှောင်ချွမ်းတို့အကြောင်းကိုမူ သူ ပို၍ပင် မသိသေးပေ။
သို့သော် အဖွဲ့ထဲတွင် စွမ်းရည်များအကြောင်း ဆွေးနွေးသည့်အခါ သူတို့၏ ပေါ့ပေါ့ပါးပါး တုံ့ပြန်ပုံများကို ကြည့်ခြင်းအားဖြင့် သူတို့နှစ်ဦးစလုံးတွင်လည်း ထူးခြားသော စွမ်းရည်ကိုယ်စီ ရှိကြမည်မှာ သေချာလှပေသည်။
အားလုံး ဆုံတွေ့ကြတဲ့အခါ အသေအချာ ဆွေးနွေးရမည်။
လူကိုယ်တိုင် ဆုံတွေ့ဖို့က မသေချာသေးသော်လည်း၊ အလုပ်များကို စနစ်တကျ ခွဲဝေနိုင်ရန်အတွက် တစ်ဦးချင်းစီ၏ စွမ်းရည်များကို သိထားဖို့က လိုအပ်လှသည် မဟုတ်ပါလား။
---
အခန်း ၃၁၂ပြီး။