← Chapters

အခန်း (၃၁၃-၃၁၅)

Vol. 21 Ch. 313-315

အခန်း (၃၁၃-၃၁၅)

Vol. 21 Ch. 313-315

အခန်း (၃၁၃) - အဂ္ဂိရတ်ဆေးရည်နှင့် ရေနွေးများများသောက်ခြင်း

ဘာပဲဖြစ်ဖြစ် ဟိုဘက်က လူငါးယောက်လုံးနဲ့ ဆုံမှပဲ အသေးစိတ် ထပ်ပြီး ဆွေးနွေးကြတာပေါ့။

လက်ရှိ အခြေအနေအရဆိုရင်တော့ ဝမ်လေ့ တစ်ယောက်တည်းသာ အဖွဲ့နဲ့ မဆုံနိုင်သေးဘဲ ကျန်နေခဲ့တာ ဖြစ်၏။

ရွှီရှင်း အချိန်ကို တစ်ချက်ကြည့်လိုက်တော့ ညကိုးနာရီ ရှိနေချေပြီ။

အိပ်ဖို့အတွက်တော့ စောလွန်းနေသေးတာကြောင့် သူဟာ အဂ္ဂိရတ်ခန်း ဆီသို့ သွားကာ သူ၏ ကြီးကျယ်လှသော အဂ္ဂိရတ်လုပ်ငန်းစဉ်ကြီးကို ဆက်လက်လုပ်ဆောင်ရန် ပြင်ဆင်လိုက်တော့သည်။

လောလောဆယ်တွင် ကျန်ရှိသော လူငါးဦးထံသို့ သွားရောက်ရန် နည်းလမ်းမရှိသေးသလို၊ လူကိုယ်တိုင် မသွားဘဲနှင့်လည်း တည်နေရာကူးပြောင်းစက်တွေကို အသက်သွင်း၍ မရနိုင်ပါပေ။

ထို့ကြောင့် တည်နေရာကူးပြောင်းစက် ဖန်တီးခြင်းလုပ်ငန်းကိုတော့ ခေတ္တ ရပ်နားထားနိုင်ပြီ ဖြစ်သည်။

သူ၏ အဂ္ဂိရတ်ခန်းသည် မြှင့်တင်မှုအမှတ် ၃၈၀% အထိ သုံးစွဲထားပြီးဖြစ်ရာ အောင်မြင်မှုနှုန်းမှာ အလွန်မြင့်မားနေချေပြီ။

ဒီအတိုင်းကြီး အသုံးမချဘဲ ပစ်ထားရန်မှာ နှမြောစရာကောင်းလှသဖြင့်၊ သူသည် ရှင်ကျန်သူများ၏ တစ်ကိုယ်ရည်စွမ်းဆောင်ရည်ကို မြှင့်တင်ပေးနိုင်မည့် အဂ္ဂိရတ်ဆေးရည်များကို စတင်ဖန်တီးရန် စီစဉ်လိုက်၏။

လက်ရှိတွင် သူ့ထံ၌ အထွေထွေ အဂ္ဂိရတ်ကုန်ကြမ်း ငါးစုံ ကျန်ရှိနေသေးရာ ဆေးရည်အချို့ကို ဖန်တီး၍ ယင်းတို့၏ အာနိသင်ကို စမ်းသပ်ကြည့်ရန် လုံလောက်လှပေသည်။

လောလောဆယ်တွင် သူသည် အပြာရောင်အဆင့် ဆေးရည်များကိုသာ ဖန်တီးနိုင်ပါသေးသည်။

အရင်က ဖော်ပြခဲ့ဖူးသကဲ့သို့ပင် အပြာရောင်အဆင့် သစ်သီးများကို အသုံးပြု၍ ရှင်ကျန်သူများ၏ စွမ်းရည်ကို အမြဲတမ်း မြှင့်တင်ပေးနိုင်မည့် ဆေးရည်များအဖြစ် ကျိုချက်နိုင်ခြင်း ဖြစ်၏။

သို့သော်လည်း သူသည် အရင်က ခွန်အားမြှင့်ဆေးရည် ကို သုံးစွဲခဲ့ဖူးသဖြင့် ယင်း၏ တိုးတက်မှုကို သိရှိထားသည်။

အပြာရောင်အဆင့် ပန်းသီးကို စားသုံးပြီးနောက် ခေတ္တတိုးလာသော ခွန်အားနှင့် နှိုင်းယှဉ်လျှင် ဆေးရည်၏ မြှင့်တင်မှုမှာ ပိုမိုနည်းပါးလှပေသည်။

သို့သော် အားသာချက်မှာ ၎င်းသည် အမြဲတမ်းအတွက် ဖြစ်သွားပြီး ကိုယ်ပိုင်စွမ်းရည်အဖြစ် စုဆောင်းသွားနိုင်ခြင်းပင်။

လောလောဆယ်တွင် အဂ္ဂိရတ်စင်ပေါ်ရှိ ပေါင်းစပ်စာရင်း၌ ဆေးရည်လေးမျိုးကိုသာ ဖန်တီးနိုင်သေးသည်ကို တွေ့ရ၏။

[ခွန်အားမြှင့်ဆေးရည် (အပြာရောင်အဆင့်):ခွန်အားကို အနည်းငယ်နှင့် အမြဲတမ်း တိုးမြင့်ပေးနိုင်သော ဆေးရည်ဖြစ်သည်။ (ကုန်ကြမ်း - အပြာရောင်အဆင့် ပန်းသီး ၁၀ လုံး၊ အပြာရောင်အဆင့် အထွေထွေအဂ္ဂိရတ်ကုန်ကြမ်း ၁ စုံ) ]

[စိတ်စွမ်းအားမြှင့်ဆေးရည် (အပြာရောင်အဆင့်): စိတ်စွမ်းအား ကို အမြဲတမ်း အနည်းငယ် မြှင့်တင်ပေးနိုင်သော ဆေးရည်ဖြစ်သည်။ (ကုန်ကြမ်း - အပြာရောင်အဆင့် လိမ္မော်သီး ၁၀ လုံး၊ အပြာရောင်အဆင့် အထွေထွေအဂ္ဂိရတ်ကုန်ကြမ်း ၁ စုံ)]

[ခံနိုင်ရည်မြှင့်ဆေးရည် (အပြာရောင်အဆင့်): ပင်ပန်းနွမ်းနယ်မှုမှ ပြန်လည်နာလန်ထူနှုန်းကို အမြဲတမ်း အနည်းငယ် မြှင့်တင်ပေးနိုင်သော ဆေးရည်ဖြစ်သည်။ (ကုန်ကြမ်း - အပြာရောင်အဆင့် အက်ပရီကော့သီး ၁၀ လုံး၊ အပြာရောင်အဆင့် အထွေထွေအဂ္ဂိရတ်ကုန်ကြမ်း ၁ စုံ)]

[အမြင်အာရုံမြှင့်ဆေးရည် (အပြာရောင်အဆင့်): အမြင်အာရုံကို အမြဲတမ်း အနည်းငယ် မြှင့်တင်ပေးနိုင်သော ဆေးရည်ဖြစ်သည်။ (ကုန်ကြမ်း - အပြာရောင်အဆင့် အနီရောင်ဘယ်ရီသီးအကြီး ၁၀ လုံး၊ အပြာရောင်အဆင့် အထွေထွေအဂ္ဂိရတ်ကုန်ကြမ်း ၁ စုံ)]

ပထမဆုံး ဆေးရည်သုံးမျိုးကိုတော့ ပြီးခဲ့သည့်အကြိမ်ကတည်းက ရွှီရှင်း သတိပြုမိခဲ့သော်လည်း၊ စတုတ္ထမြောက်ဆေးရည်ကတော့ သူ့ကို အံ့သြသွားစေခဲ့သည်။

"အမြင်အာရုံကို မြှင့်တင်ပေးတာ ဟုတ်လား"

ရွှီရှင်း၏ မျက်လုံးများ ဝင်းခနဲ ဖြစ်သွားတော့၏။

ပြီးခဲ့သည့်အကြိမ်က သူသည် ဆေးရည်ဖော်ပြချက်ကို အပေါ်ယံမျှသာ ဖတ်ကြည့်ခဲ့ခြင်းဖြစ်ရာ ညဘက်အမြင်အာရုံကို အနည်းငယ် မြှင့်တင်ပေးသော ဆေးရည်ဟုသာ ထင်မှတ်ခဲ့ခြင်း ဖြစ်သည်။

အမြင်အာရုံကို မြှင့်တင်ပေးခြင်း...

အမှန်တော့ အပြာရောင်အဆင့် အနီရောင်ဘယ်ရီသီးများသည် ၎င်းတို့ဘာသာ အမြင်အာရုံကို မြှင့်တင်ပေးနိုင်ခြင်း မရှိပါပေ။

၎င်းတို့ကို စားသုံးခြင်းသည် ညဘက်တွင် နေ့ခင်းဘက်ကဲ့သို့ ကြည်လင်စွာ မြင်ရစေသော်လည်း၊ မူလကတည်းက ဝေဝါးနေသောအရာများကိုတော့ ကြည်လင်အောင် လုပ်ပေးနိုင်ခြင်း မရှိပေ။

ဥပမာအားဖြင့် အမြင်အာရုံဝေဝါးသော လူတစ်ယောက်သည် ညဘက်အမြင်အာရုံ ရရှိစေကာမူ မြင်ရသည့်အရာများမှာ ဝေဝါးနေဦးမည်သာ ဖြစ်သည်။

သို့သော် အမြင်အာရုံ မြှင့်တင်ပေးခြင်းမှာတော့ ထိုသို့မဟုတ်ပုံရပေသည်။

ဤအမြင်အာရုံမြှင့်တင်မှုသည် သူ အရင်က ခံစားခဲ့ရသော ကျပန်းစွမ်းရည်မြှင့်တင်မှုကဲ့သို့ပင် အနီးက အသေးစိတ်အချက်အလက်များနှင့် အဝေးက အခြေအနေများကိုပါ ပိုမို ကြည်လင်ပြတ်သားစွာ မြင်ရစေလောက်၏။

ရွှီရှင်းသည် ချီရွှယ်ဖေးကို ပြေးမြင်မိလိုက်သည်။

သူမသည် မျက်စိမှုန်သူ ဖြစ်ပြီး အရင်ကလည်း သူမ၏ မျက်စိဝေဝါးမှုကို မည်သို့ ကုသရမည်နည်းဟု ဆွေးနွေးခဲ့ကြဖူးသည်။

ဖြေရှင်းနည်းမှာ သူ၏ လက်ထဲသို့ ရောက်ရှိလာလိမ့်မည်ဟု မမျှော်လင့်ထားခဲ့ပါချေ။

ဒါဟာ တကယ့်ကို ကောင်းတဲ့ အရာပဲ။

သူသည် အခြားဆေးရည်များကို ဆက်လက်ကြည့်ရှုလိုက်၏။

အင်း... ခွန်အားမြှင့်ဆေးရည်ကတော့ လောလောဆယ် မလိုသေးပါဘူး။

အရင်က တစ်ပုလင်း သောက်ဖူးသော်လည်း မြှင့်တင်မှုက သိသာထင်ရှားခြင်း မရှိလှပေ။

ဒါ့အပြင် သူ၏ လက်ရှိခွန်အားမှာလည်း လုံလောက်နေပြီ ဖြစ်သည်။

လှံရှည်နှင့် ပေါက်ကွဲ မြှားများရှိနေသဖြင့် အင်အားပိုင်းမှာ အဆင်ပြေနေသလို၊ အလွန်အမင်း သန်မာနေဖို့လည်း မလိုအပ်လှပေ။

ဒီနေ့ဆိုလျှင် သူသည် ခွန်အားများ သိသိသာသာ တိုးတက်လာခဲ့သော်လည်း၊ မာဟုန်ယွီ၏ လက်ကို ချိုးပစ်နိုင်ခဲ့သည်မှလွဲ၍ အခြားထူးခြားသော အသုံးဝင်မှုမျိုး မတွေ့ရသေးသဖြင့်၊ ခွန်အားမြှင့်ဆေးရည်ကိုတော့ ခေတ္တ ဆိုင်းငံ့ထားလိုက်၏။

ကျန်ရှိသော ဆေးရည်သုံးမျိုးဖြစ်သည့် စိတ်စွမ်းအား၊ ခံနိုင်ရည်နှင့် အမြင်အာရုံ ဆေးရည်များကိုတော့ တစ်မျိုးစီ ဖန်တီး၍ အာနိသင်ကို စမ်းသပ်ကြည့်ရမည်။

ကျောပိုးအိတ်ထဲတွင် အပြာရောင်အဆင့် လိမ္မော်သီး၊ အက်ပရီကော့သီးနှင့် အနီရောင်ဘယ်ရီသီးများမှာ ပေါများလှသဖြင့် ဆေးရည်ဖန်တီးရန် လုံလောက်လှပေသည်။

ရွှီရှင်းသည် အဂ္ဂိရတ်စင်ကို ချက်ချင်း အသုံးပြုကာ ရှိသမျှ ကုန်ကြမ်းများဖြင့် ဆေးရည်သုံးမျိုးစလုံးကို တစ်ပြိုင်နက်တည်း ဖန်တီးလိုက်တော့သည်။

အဂ္ဂိရတ်စင်ပေါ်ရှိ အရောင်အမျိုးမျိုးရှိသော ဖျော်ရည် သုံးမျိုးကို ကြည့်ရင်း၊ လေထဲတွင် ပျံ့လွင့်နေသော လတ်ဆတ်လှသည့် သစ်သီးနံ့များကို ရှူရှိုက်မိသည့်အခါ ရွှီရှင်းမှာ မသိစိတ်မှ တံတွေးပင် မျိုချမိသွား၏။

ဘာပဲဖြစ်ဖြစ် ဒါဟာ သစ်သီးဆယ်လုံးစာကို အနှစ်ထုတ်ထားတဲ့ ဖျော်ရည် မဟုတ်ပါလား။

သူသည် အမြင်အာရုံမြှင့်ဆေးရည်ကို ကောက်ယူကာ တစ်ကျိုက်တည်းနှင့် ကုန်အောင် သောက်လိုက်တော့သည်။

ပြင်းရှလှသော ဘယ်ရီသီးအရသာမှာ သူ၏ ပါးစပ်အတွင်း ပေါက်ကွဲသွားသကဲ့သို့ ခံစားရပြီးနောက်၊ သတ္တုသံချေးနံ့ကဲ့သို့ အရသာဖျော့ဖျော့ တစ်မျိုးလည်း ပါဝင်နေပေသည်။

အရင်က သူသောက်ခဲ့ဖူးသော ခွန်အားမြှင့်ဆေးရည်မှာလည်း ဤကဲ့သို့ ထူးဆန်းသော အရသာရှိခဲ့ဖူး၏။

သတ္တုဆိပ်သင့်မှာကိုတော့ နည်းနည်း စိုးရိမ်မိသား။

အေးစိမ့်စိမ့် ခံစားချက်တစ်ခုသည် သူ၏ လည်ချောင်းတစ်လျှောက်မှ ဝမ်းဗိုက်အတွင်းသို့ စီးဆင်းသွားပြီးနောက်၊ တစ်ကိုယ်လုံးသို့ ပျံ့နှံ့သွားကာ နောက်ဆုံးတွင် ရွှီရှင်း၏ မျက်လုံးများဆီ၌ အဆုံးသတ်သွားခဲ့ချေပြီ။

လန်းဆန်းလှသော ထိုအေးမြမှုကြောင့် အနည်းငယ် ပင်ပန်းနေသော သူ၏ မျက်လုံးများမှာ ချက်ချင်းပင် ကြည်လင်သွားခဲ့သလို၊ သူ၏ အမြင်အာရုံမှာလည်း ပိုမို စူးရှလာခဲ့ပုံရသည်။

ရွှီရှင်းသည် မျက်စိမှုန်သူ မဟုတ်သဖြင့် အိမ်အတွင်းရှိ အရာဝတ္ထုများကို ကြည်လင်စွာ မြင်နေရပြီးသား ဖြစ်သည်။

သို့သော်လည်း ဤဆေးရည်သည် ကမ္ဘာကြီးကို ပိုမိုပြတ်သားသွားစေသလို ခံစားရစေသည်။

ထိုခံစားချက်မှာ အလွန်အမင်း သိသာလှသည်တော့ မဟုတ်သော်လည်း သတိပြုမိနိုင်စွမ်း ရှိပေသည်။

သူသည် အပြင်ဘက်ကို ကြည့်ရန် ပြတင်းပေါက်နားသို့ လျှောက်သွားလိုက်၏။

ယခုအခါ ညအချိန်ဖြစ်ပြီး ကြယ်ရောင်များ လင်းလက်နေသဖြင့် အပြင်ဘက်မှာ အလွန်အမင်း မှောင်မည်းနေခြင်းတော့ မဟုတ်ပေ။

သို့သော် နေ့ခင်းဘက်နှင့် နှိုင်းယှဉ်လျှင်တော့ အလင်းရောင် နည်းပါးနေဆဲ ဖြစ်သည်။

သူသည် အနီရောင်ဘယ်ရီသီးများကို မစားထားသဖြင့် ညဘက်အမြင်အာရုံကို အပြည့်အဝ မရရှိထားသော်လည်း၊ ယခုအခါ ဘာမှမစားထားသည့် အခြေအနေထက်စာလျှင် တောအုပ်ကြီးကို ပိုမိုကြည်လင်စွာ မြင်တွေ့နိုင်နေပြီဖြစ်ကြောင်း သူ ခံစားလိုက်ရသည်။

"...ငါ့ရဲ့ ပုံမှန်အခြေအနေမှာတင် ညဘက်အမြင်အာရုံက အနည်းငယ် မြင့်တက်လာတာလား"

ရွှီရှင်း သူ၏ မေးစေ့ကို ပွတ်သပ်လိုက်မိသည်။

အာနိသင်တွေက ထပ်ပေါင်းသွားနိုင်တာပဲ။

အကယ်၍သာ အမြင်အာရုံမြှင့်ဆေးရည်တွေကို ထပ်ပြီး သောက်သုံးမည်ဆိုပါက၊ ညအချိန်ကို နေ့ခင်းဘက်လို မြင်ရတဲ့ ညဘက်အမြင်အာရုံကို တကယ့် ကိုယ်ပိုင်စွမ်းရည်အဖြစ် ရရှိသွားနိုင်ချေ ရှိပေသည်။

"ကောင်းလိုက်တာ... ဒီညအမြင်အာရုံကို ကိုယ်ပိုင်စွမ်းရည်တစ်ခု ဖြစ်သွားအောင် လုပ်လို့ရပြီပေါ့"

ရွှီရှင်း ခေါင်းညိတ်လိုက်၏။

အခန်း ၃၁၃ ပြီး။

အခန်း (၃၁၄) - အဂ္ဂိရတ်ဆေးရည်နှင့် ရေနွေးများများသောက်ခြင်း (၂)

ဆေးသောက်မှ ရတာထက်စာရင် အမြဲတမ်း ကိုယ်ပိုင်ဖြစ်သွားမယ့် စွမ်းရည်က ပိုပြီး စိတ်ချရ၏။

အခုချိန် သူ့ဆီမှာ စားလို့မကုန်နိုင်အောင် များပြားလှတဲ့ အနီရောင်ဘယ်ရီသီးတွေ ရှိနေတာတောင်မှပေါ့။

သူဟာ စိတ်စွမ်းအားမြှင့်ဆေးရည် နဲ့ ခံနိုင်ရည်မြှင့်ဆေးရည် တို့ကို ထပ်မံသောက်သုံးလိုက်ပြန်၏။

အေးစိမ့်စိမ့် ခံစားချက်တစ်ခုက သူ့ရဲ့ ဦးနှောက်နဲ့ ခန္ဓာကိုယ်အတွင်းမှာ လှည့်ပတ်သွားတော့သည်။

ဆေးရည်သုံးမျိုးကို ဆက်တိုက်သောက်သုံးခဲ့တာကြောင့် ရွှီရှင်းဟာ သူ့ရဲ့အတွင်းပိုင်းကနေ အေးမြမှုတွေ ထွက်ပေါ်လာတာကို ခံစားလိုက်ရ၏။

ထိုအအေးဓာတ်ဟာ တစ်ကိုယ်လုံးကို တဖြည်းဖြည်း လွှမ်းခြုံသွားခဲ့ရာ ရွှီရှင်းမှာ တုန်တုန်ယင်ယင်နဲ့ အေးစိမ့်လှတဲ့ သက်ပြင်းတစ်ချက်ကို မှုတ်ထုတ်လိုက်ရတော့၏။

"...ဘာဖြစ်တာလဲ။ ဒီဆေးရည်တွေကို ဆက်တိုက်သောက်လို့ မရဘူးလား"

အခန်းတွင်း အပူချိန်က ၂၀ ဒီဂရီကျော် ရှိနေသလို သူဟာ ခရမ်းရောင်အဆင့် မြွေကြေးခွံချပ်ဝတ်ကို ဝတ်ထားတာဖြစ်လို့ ပုံမှန်ဆိုရင် ချမ်းစရာ အကြောင်းမရှိပေ။

ဒါဟာ သေချာပေါက် ဆေးရည်ရဲ့ ဘေးထွက်ဆိုးကျိုးပဲ ဖြစ်ရမယ်။

ပျံ့နှံ့နေတဲ့ အအေးဓာတ်ကြောင့်ပဲလား ဒါမှမဟုတ် စိတ်စွမ်းအားဆေးရည်ရဲ့ အာနိသင်ကြောင့်ပဲလားတော့မသိပေ၊ သူ့ရဲ့ ဦးနှောက်က အလွန်ကြည်လင်နေသော်လည်း ခန္ဓာကိုယ်ကတော့ ပုံမှန်မဟုတ်ဘဲ အေးစိမ့်ကာ မအီမသာ ဖြစ်နေရ၏။

ကြည်လင်လွန်းနေတဲ့ စိတ်ကြောင့် အဲဒီအအေးဒဏ်ကို ပိုပြီး သိသိသာသာ ခံစားနေရခြင်းပင်။

"ဟူးးး..."

ရွှီရှင်း မှုတ်ထုတ်လိုက်တဲ့ လေတွေတောင် အေးစိမ့်နေသလို သူ ခံစားလိုက်ရ၏။

ဒီအဂ္ဂိရတ်ဆေးရည်တွေကို ဆက်တိုက် သုံးစွဲလို့ မရပါလား။

စိတ်စွမ်းအားနဲ့ ခံနိုင်ရည် အပြောင်းအလဲတွေကို ဂရုမစိုက်နိုင်တော့ဘဲ ရွှီရှင်းဟာ ကိုယ်ကို အပူပေးဖို့ မီးလင်းဖိုဆီ အမြန်ပြေးသွားလိုက်သည်။

ငွေရောင်ဘုရင်နဲ့ မီမီတို့ဟာ မီးလင်းဖိုရှေ့မှာ ဝပ်နေကြတာဖြစ်လို့ ရွှီရှင်းဟာ သားရဲနှစ်ကောင်ကြားထဲကို အတင်းတိုးဝင်လိုက်ပြီး မီးလျှံတွေရဲ့ အပူရှိန်နဲ့ သားရဲနှစ်ကောင်ရဲ့ ကိုယ်ငွေ့ကို ယူဖို့ ကြိုးစားလိုက်၏။

"ဝူးးး"

"...မြောင်"

ရွှီရှင်း တိုးဝင်လာပြီးနောက်မှာတော့ ငွေရောင်ဘုရင်ရော မီမီပါ ပထမ ငြိမ်နေကြသော်လည်း ခဏအကြာမှာတော့ သူ့ဆီကနေ ရုတ်တရက် ခုန်ထွက်သွားကြတော့၏။

သူတို့နှစ်ယောက်စလုံးဟာ ရွှီရှင်းရဲ့ ကိုယ်ပေါ်ကနေ ဆက်တိုက်ထွက်ပေါ်နေတဲ့ အအေးဓာတ်ကို ခံစားလိုက်ရတာကြောင့် မအီမသာဖြစ်ပြီး ချက်ချင်းပဲ အဝေးကို ရှောင်သွားကြခြင်း ဖြစ်သည်။

ရွှီရှင်းဟာ မီးလင်းဖိုနားကို ပိုပြီး တိုးကပ်လိုက်ပေမဲ့ ခန္ဓာကိုယ်အတွင်းပိုင်းက အအေးဓာတ်ကတော့ လျော့ပါးမသွားချေ။

ပူပြင်းတဲ့ နေ့တစ်နေ့မှာ တံခါးပိတ်ထားတဲ့ ရေခဲသေတ္တာကြီးတစ်ခုလို ခံစားနေရ၏။

အပြင်မှာ ဘယ်လောက်ပဲ ပူနေပါစေ၊ အတွင်းပိုင်းကတော့ အေးစိမ့်နေတုန်းသလိုပင်။

ငါ အမှားလုပ်မိပြီ။

ဆေးရည်ရဲ့ ဖော်ပြချက်မှာ ဆက်တိုက်သောက်လို့ မရဘူးလို့ မပြောထားဘူးလေ...။

ဒါဟာ သူ့ရဲ့ ကိုယ်ပိုင် ပြဿနာလည်း ဖြစ်နိုင်၏။

သူ့ရဲ့ ခန္ဓာကိုယ်ဖွဲ့စည်းပုံဟာ ဆေးရည်သုံးပုလင်း ဆက်တိုက်သောက်တဲ့ဒဏ်ကို တောင့်မခံနိုင်သေးတာ ဖြစ်ရမည်။

ရွှီရှင်းဟာ အေးစိမ့်တဲ့ သက်ပြင်းတွေကို မှုတ်ထုတ်နေပြီး အအေးဒဏ်ကြောင့် ကိုယ်က အနည်းငယ် တုန်ယင်နေရကာ သူ့ရဲ့ ပေါ့လျော့မှုကို နောင်တရမိနေသည်။

ကံကောင်းတာက အဲဒီအအေးဓာတ်ဟာ ပိုပြီး ပြင်းထန်မလာသလို အကြာကြီးလည်း မခံချေ။

၁၅ မိနစ်လောက် ကြာပြီးနောက်မှာတော့ အရိုးထဲထိ စိမ့်နေတဲ့ အအေးဒဏ်ဟာ လှိုင်းလုံးကြီးတွေ ဆုတ်ခွာသွားသလိုမျိုး ရုတ်တရက် ပျောက်ကွယ်သွားခဲ့၏။

သူ့ရဲ့ ခန္ဓာကိုယ်အတွင်းကို မီးလင်းဖိုရဲ့ အပူရှိန်တွေ ချက်ချင်း စိမ့်ဝင်သွားခဲ့ရာ ရွှီရှင်းမှာ တစ်ကိုယ်လုံး သက်သောင့်သက်သာ ဖြစ်သွားရတော့၏။

"ဟူးးး..." သူ သက်ပြင်းချလိုက်ပြီး မတ်တတ်ရပ်လိုက်၏။

နောက်ဆုံးတော့ ပြီးသွားချေပြီ။

နောက်ကျရင်တော့ ဆေးရည်တွေကို ဆက်တိုက် မသောက်တော့ပါဘူး။

ဒါပေမဲ့လည်း...

အကျိုးဆက်ကတော့ သိပ်ပြီး မပြင်းထန်လှချေ။

နောက်တစ်ခါကျရင် ဒုတိယတစ်ပုလင်း မသောက်ခင်မှာ ဘယ်လောက်အထိ အချိန်ခြားရမလဲဆိုတာကို သူ စမ်းသပ်ကြည့်ရဦးပေမည်။

လုဖေးအာကို စမ်းသပ်ခံအဖြစ် ထားရင်ရော မကောင်းဘူးလား။

ထားလိုက်ပါတော့လေ၊ သူမကလည်း အခုဆို ကိုယ့်လူ ဖြစ်နေပြီပဲ။

ပြီးတော့ သူမက ဗီဇပြောင်းသတ္တဝါ ဖြစ်နေတာကြောင့် သာမန်ရှင်ကျန်သူတွေနဲ့ တော်တော်လေး ကွဲပြားလိမ့်မယ်။

သူမကို သုံးပြီး ဆေးရည်စမ်းသပ်တာက လက်တွေ့မှာ သိပ်ပြီး အဓိပ္ပာယ်မရှိနိုင်ပေ။

တုံ့ပြန်မှုတွေက တော်တော်လေး ကွဲပြားနိုင်လို့ပင်။

ဒါပေမဲ့ သူမကို ဗီဇပြောင်းသတ္တဝါတွေနဲ့ ပတ်သက်တဲ့ စမ်းသပ်မှုတွေမှာတော့ သုံးလို့ရ၏။

သူမက စကားပြောနိုင်သလို သူမရဲ့ ခံစားချက်တွေကိုလည်း တိတိကျကျ ဖော်ပြနိုင်တာကြောင့် စမ်းသပ်ခံရဲ့ အခြေအနေကို ပိုပြီး နားလည်စေနိုင်မှာ ဖြစ်သည်။

ရွှီရှင်းဟာ သူ့ရဲ့ အတွေးတွေက လူယုတ်မာတစ်ယောက်ရဲ့ အတွေးတွေ ဖြစ်နေသလို ရုတ်တရက် ခံစားလိုက်ရ၏။

ဘာပဲဖြစ်ဖြစ် နောက်ကျမှ လိုအပ်လာရင် ဆက်ပြီး စဉ်းစားကြတာပေါ့။

ရွှီရှင်း မတ်တတ်ရပ်လိုက်ပြီး စိတ်စွမ်းအားနဲ့ ခံနိုင်ရည် အပြောင်းအလဲတွေကို အာရုံခံကြည့်ပေမဲ့ သိသိသာသာ ထူးခြားတာမျိုးတော့ မခံစားသေးပေ။

ဆယ်မိနစ်ကျော်ကြာအောင် အအေးဒဏ်ကို အောင့်ခံထားရတာကြောင့် လက်ရှိမှာ စိတ်စွမ်းအားရော ခံနိုင်ရည်ပါ အရင်ကထက်တောင် ပိုပြီး အခြေအနေ ဆိုးနေသလို ခံစားရ၏။

စိတ်ရော လူပါ နည်းနည်း ပင်ပန်းနေသလိုပင်။

ဒါပေမဲ့ ဒီဆေးရည်နှစ်မျိုးဟာ စိတ်စွမ်းအားနဲ့ ခံနိုင်ရည်ရဲ့ အမြင့်ဆုံး အကန့်အသတ် ကို မြှင့်တင်ပေးဖို့ ဖြစ်၏။

အဲဒီအကန့်အသတ်တွေက ဝေဝါးလွန်းတာကြောင့် သူ ချက်ချင်း မသိသာတာလည်း ဖြစ်နိုင်၏။

ထားလိုက်ပါတော့လေ။

သူ့ရဲ့ ပေါ့လျော့မှုကြောင့် ဒီဆေးရည်နှစ်မျိုးရဲ့ အာနိသင်တွေ မဆုံးရှုံးသွားပါစေနဲ့လို့ပဲ ဆုတောင်းရပေမည်။

ရွှီရှင်းဟာ အဂ္ဂိရတ်ခန်းကို ပြန်သွားပြီး အမြင်အာရုံမြှင့်ဆေးရည် တစ်ပုလင်းကို ဖန်တီးကာ ချီရွှယ်ဖေးနဲ့ အရောင်းအဝယ် စတင်လိုက်၏။

ချီရွှယ်ဖေးဟာ တစ်ခုခုကို စမ်းသပ်နေဆဲ ဖြစ်တာကြောင့် သူမဟာ အတန်ကြာမှ အရောင်းအဝယ်ကို သဘောတူလိုက်ပြီး သူ့ဆီ အသံမက်ဆေ့ချ် ပို့လာခဲ့၏။

"ဒါ နင်ပြောတဲ့ အဂ္ဂိရတ်ဆေးရည်လား။ အမြင်အာရုံမြှင့်ဆေးရည်... ဒါက ငါ့ရဲ့ မျက်စိမှုန်တာကို ကုပေးနိုင်မှာလား"

ချီရွှယ်ဖေးရဲ့ အသံမှာ အံ့သြမှုတွေ ပါဝင်နေပြီး ရွှီရှင်းဆီမှာ ဒီလိုဆေးမျိုး ရှိလိမ့်မယ်လို့ သူမ မမျှော်လင့်ထားခဲ့ချေ။

ဒီကမ္ဘာမှာ မျက်စိမှုန်တာကြောင့် သူမ အတော်လေး ဒုက္ခရောက်ခဲ့ရ၏။

မာဟုန်ယွီရဲ့ ကိစ္စမှာတင်မက အရင်က တောအုပ်ထဲ အမဲလိုက်တာတွေ၊ ဂူထဲ စူးစမ်းတာတွေမှာလည်း မျက်စိမှုန်တာက သူမအတွက် တကယ့်ကို အနှောင့်အယှက် ဖြစ်စေခဲ့သည်။

ဘာပဲဖြစ်ဖြစ် အရာရာကို အနားကပ်ကြည့်မှ မြင်ရတာကြောင့် စူးစမ်းရေးနဲ့ အမဲလိုက်ရေးမှာ တော်တော်လေး အားနည်းသွားစေ၏။

အကယ်၍သာ ဒါကို ကုလို့ရမယ်ဆိုရင် တကယ့်ကို ကောင်းမွန်လှပေမည်။

"ရနိုင်မှာပါ အစ်မရွှယ်ဖေး၊ အခုပဲ သောက်ကြည့်လိုက်ပါ။ စိတ်မပူပါနဲ့၊ ကျွန်တော် ကိုယ်တိုင်လည်း သောက်ပြီးပြီ။ ဆက်တိုက်သာ မသောက်ရင် ဘာဘေးထွက်ဆိုးကျိုးမှ မရှိပါဘူး" လို့ ရွှီရှင်းက ပြန်ဖြေလိုက်၏။

"ကောင်းပြီလေ"

ရွှီရှင်းဟာ တစ်ဖက်ကနေ ဆေးရည်ကို တစ်ကျိုက်တည်း သောက်လိုက်တဲ့ အသံကို ကြားလိုက်ရပြီး၊ ခဏအကြာမှာတော့ မအီမသာ ညည်းတွားသံတစ်ခု ထွက်ပေါ်လာ၏။

သူ မျက်မှောင်ကြုတ်လိုက်ကာ မေးလိုက်၏။

"ဘာဖြစ်လို့လဲ၊ အဆင်မပြေလို့လား"

"ဟိုလေ..."

ချီရွှယ်ဖေးရဲ့ အသံက တကယ်ပဲ မအီမသာ ဖြစ်နေပုံရပေမယ့် အံ့သြမှုတွေလည်း ဖြစ်နေပုံရ၏။

"ငါ့ရဲ့ အမြင်အာရုံက တကယ်ပဲ အများကြီး ကြည်လင်သွားပြီ။ အဝေးက အရာတွေကို နောက်ဆုံးတော့ သေသေချာချာ မြင်နိုင်ပြီ"

ရွှီရှင်း မျက်ခုံးပင့်လိုက်မိ၏။

"ဒါဆို မျက်စိမှုန်တာ ပျောက်သွားပြီပေါ့"

"အင်း... လုံးဝကြီးတော့ မဟုတ်သေးဘူး"

ချီရွှယ်ဖေး အသက်ကို ခပ်ပြင်းပြင်း ရှူလိုက်၏။

"ကမ္ဘာမြေပေါ်မှာ မျက်မှန်တပ်ထားတဲ့ အခြေအနေ ဒါမှမဟုတ် ပုံမှန်အမြင်အာရုံနဲ့ နှိုင်းယှဉ်ရင်တော့ နည်းနည်း လိုသေးတာပေါ့။ ဒါပေမဲ့ တကယ်ကို အများကြီး ပိုကောင်းလာတာပါ။ အရင်က ငါ့မျက်စိက ပါဝါ ၄၀၀ ဝန်းကျင် ရှိတာလေ၊ အခုဆိုရင်... ၁၀၀ ဝန်းကျင်လောက်ပဲ ကျန်တော့မယ် ထင်တယ်"

"ဒါဆိုရင်တော့ တော်တော်လေး ကောင်းတာပေါ့"

ရွှီရှင်း ပြုံးလိုက်မိသည်။

ဆေးရည်ရဲ့ အာနိသင်က တော်တော်လေး ပြင်းထန်ပုံရ၏။

သူ သောက်တုန်းကတော့ သူ့မျက်စိက ကောင်းပြီးသားမို့ သိပ်ပြီး မသိသာခဲ့ပေမယ့် ချီရွှယ်ဖေးကျတော့ မျက်စိမှုန်နေတာဖြစ်လို့ ဝေဝါးနေတဲ့နေရာကနေ ကြည်လင်သွားတဲ့ အပြောင်းအလဲက တကယ့်ကို ကြီးမားလှပေသည်။

"ဒါပေမဲ့..."

ချီရွှယ်ဖေးရဲ့ အသက်ရှူသံတွေက ပြင်းလာပြီး အသံတွေကလည်း တုန်ရီလာ၏။

"ဘာဖြစ်လို့လဲ"

ရွှီရှင်း ထူးခြားမှုကို သတိထားမိပြီး ချက်ချင်း မေးလိုက်၏။

"ငါ အခု... အရမ်းချမ်းလာပြီ။ ဒီဆေးက တကယ်ပဲ ဘေးထွက်ဆိုးကျိုး ရှိတာပဲ" လို့ သူမက တုန်တုန်ယင်ယင်နဲ့ သက်ပြင်းချရင်း ပြောရှာ၏။

ချမ်းတာလား။

ဆေးရည် တစ်ပုလင်းတည်းနဲ့ သူမ ချမ်းလာတာလား။

ရွှီရှင်းဟာ တစ်ဖက်ကနေ တံခါးဖွင့်သံနဲ့ ခြေသံတွေကို ကြားလိုက်ရပြီးနောက် ထင်းတွေ လောင်ကျွမ်းနေတဲ့ အသံကို ကြားလိုက်ရပြန်သည်။

ချီရွှယ်ဖေးလည်း မီးလင်းဖိုနားကို သွားပြီး အပူခံနေတာ ဖြစ်ရမည်။

"မီးလှုံရုံနဲ့တော့ မသက်သာဘူး၊ ဒါက အတွင်းပိုင်းက အအေးဒဏ်လေ"

ရွှီရှင်းက ချီရွှယ်ဖေးကို ရှင်းပြလိုက်၏။

"ကျွန်တော် ဆေးသုံးပုလင်း ဆက်တိုက်သောက်တုန်းက ဒီလို ခံစားခဲ့ရတာ။ ကြည့်ရတာ တစ်ယောက်နဲ့ တစ်ယောက် တုံ့ပြန်မှုချင်း မတူဘူး ထင်တယ်။ ကျွန်တော်ကတော့ ပထမတစ်ပုလင်းတည်းနဲ့ ဘာမှမဖြစ်ဘူးလို့ ထင်ထားတာ"

"...ဒါဆို ငါ့ရဲ့ ခံနိုင်ရည်က ပိုပြီး အားနည်းတာပေါ့နော်"

ချီရွှယ်ဖေးရဲ့ အသံမှာ နောင်တရသလို ခံစားချက်မျိုး ပါနေ၏။

"ဒါ ငါ့ရဲ့ ကျန်းမာရေး အခြေအနေကြောင့် ဖြစ်ရမယ်။ ဒါနဲ့ နင့်ဆီမှာ ဒီဘေးထွက်ဆိုးကျိုးက ဘယ်လောက်ကြာကြာ ခံခဲ့လဲ"

"၁၅ မိနစ်လောက်ပါပဲ"

"ဒါဆိုရင်တော့ တော်သေးတာပေါ့"

ချီရွှယ်ဖေး သက်ပြင်းချလိုက်ပြီးနောက် ပြောလိုက်၏။

"ဆေးရည်အတွက် ကျေးဇူးတင်ပါတယ် ရွှီရှင်းရယ်။ နင် လုပ်စရာရှိတာတွေ ဆက်လုပ်ပါဦး၊ ငါ ပြန်ကောင်းလာရင် ငါ့ရဲ့ ရောဂါလက္ခဏာတွေနဲ့ ဘယ်လောက်ကြာကြာ ခံခဲ့လဲဆိုတာကို ပြန်ပြောပြမယ်လေ"

ဆရာဝန်မပီပီ သူမဟာ ရွှီရှင်းရဲ့ ဆေးရည် ဘေးထွက်ဆိုးကျိုးတွေကို ရှာဖွေဖို့အတွက် သူမကိုယ်သူမ စမ်းသပ်ခံအဖြစ် တိုက်ရိုက် သတ်မှတ်လိုက်ခြင်းပင်။

"ကောင်းပါပြီ၊ ကိုယ့်ကိုယ်ကိုယ် ဂရုစိုက်ပါဦး။ ဟိုလေ... ရေနွေးများများသောက်ရင်ရော သက်သာမလား မသိဘူး"

"အင်း... ငါ စမ်းကြည့်လိုက်မယ်လေ"

အခန်း ၃၁၄ ပြီး။

အခန်း ၃၁၅ - အနီရောင်မြူခိုးများကြားမှ ပုံရိပ်ယောင်များ

အသံဖိုင်ကို ပိတ်လိုက်ပြီးနောက် ရွှီရှင်းသည် သစ်ပင်အိမ် ပြတင်းပေါက်မှတစ်ဆင့် အပြင်ဘက်သို့ လှမ်းကြည့်လိုက်၏။

သွေးမြူချွေးထုတ်ခန်း သစ်သားအိမ်တံခါးမှာ တင်းတင်းကြပ်ကြပ် ပိတ်ထားဆဲဖြစ်ပြီး လုဖေးအာမှာလည်း အပြင်သို့ ထွက်လာမည့်ပုံ မပေါ်သေးပေ။

အတွင်းမှာ တစ်ခုခုများ ဖြစ်နေပြီလား။

ရွှီရှင်းသည် သစ်ပင်အိမ်ပေါ်မှ ချက်ချင်း ဆင်းလိုက်ပြီး သစ်သားအိမ်လေးဘေးသို့ အမြန်လျှောက်သွားကာ ပြတင်းပေါက်မှတစ်ဆင့် အတွင်းသို့ အကဲခတ်လိုက်သည်။

လုဖေးအာသည် သစ်သားနံရံကို မှီလျက် မြေပြင်ပေါ်တွင် ထိုင်နေဆဲပင်။

သူမ၏ မျက်နှာပေါ်ရှိ သွေးရောင်အစင်းကြောင်းများမှာ တောက်ပသော အနီရောင်အဖြစ် ပြောင်းလဲသွားခဲ့ပြီး ငွေရောင်ဘုရင်၏ အစင်းကြောင်းများကဲ့သို့ မှိတ်တုတ်မှိတ်တုတ် ဖြစ်မနေတော့ဘဲ၊ အခုလေးတင် သွေးအသစ်များဖြင့် ရေးဆွဲထားသည့်အလား တည်ငြိမ်စွာ ထင်ရှားနေပေသည်။

သူမ၏ မျက်လုံးများကို တင်းတင်းပိတ်ထားပြီး မျက်တောင်လေးများမှာ အနည်းငယ် လှုပ်ခတ်နေသလို၊ မျက်မှောင်များကိုလည်း ကြုတ်ထားရာ အိပ်မက်ဆိုးကို မက်နေသည့်အလားပင်။

အသက်ရှူလိုက်တိုင်း ပတ်ဝန်းကျင်က အနီရောင်မြူခိုးများကို အကြိမ်ကြိမ် ရှူသွင်းနေပြီး သူမ၏ ကိုယ်လေးမှာလည်း အနည်းငယ် တုန်ယင်နေရရှာသည်။

သူမသည် ပထမဆုံး ဝင်သွားစဉ်ကကဲ့သို့ သက်သောင့်သက်သာရှိပုံ မပေါ်တော့ဘဲ ယခုအခါတွင်မူ အတော်လေး အဆင်မပြေဖြစ်နေသည့် ပုံစံမျိုး ပေါက်နေ၏။

ဒါ့အပြင် သူမ အထဲမှာ နေတာ အချိန်အတော်လေး ကြာနေပြီ မဟုတ်ပါလား။

အလယ်အလတ်အဆင့် ဗီဇပြောင်းသတ္တဝါဖြစ်သော ငွေရောင်ဘုရင်ထက်ပင် ပိုကြာနေချေပြီ။

လုဖေးအာမှာမူ သူနှင့် စာချုပ်ချုပ်ထားရသူဖြစ်သဖြင့် အမြင့်ဆုံးရှိလှမှ အဆင့်နိမ့် မျှသာ ရှိဦးမည် ဖြစ်သည်။

ရွှီရှင်းသည် မှန်ပြတင်းပေါက်ကို ချက်ချင်းပင် ပုတ်လိုက်ပြီး အထဲသို့ လှမ်းအော်လိုက်၏။

"ဟေး... ထတော့ အထဲမှာ အိပ်မနေနဲ့၊ အမြန်ထွက်ခဲ့တော့"

မှန်ပုတ်သံနှင့် ရွှီရှင်း၏ သတိပေးသံကို ကြားလိုက်ရသောအခါမှ လုဖေးအာ တုံ့ပြန်မှု ရှိလာ၏။

သူမ၏ မျက်ခွံများ လှုပ်ခတ်သွားပြီးနောက် ရုတ်တရက် ပွင့်လာကာ ရွှီရှင်းကို စိုက်ကြည့်လိုက်၏။

ထိုတောက်ပလွန်းလှသော သွေးရောင်မျက်ဝန်းများမှာ အမှောင်ထဲတွင် လင်းလက်နေသည့်အလား ရှိနေပြီး၊ ရွှီရှင်းအား အလိုလိုနေရင်း တင်းမာမှုကို ခံစားရစေတော့သည်။

ဤခံစားချက်မှာ ဧရာမမြွေကြီး ၏ မျက်လုံးများကို စိုက်ကြည့်နေရသကဲ့သို့ပင်။

သူသည် ကျောပိုးအိတ်ရှိရာသို့ လက်ကို ပို့ထားလိုက်ပြီး၊ သူမသာ တစ်ခုခုလုပ်လာပါက လှံရှည်ကို ချက်ချင်းဆွဲထုတ်ရန် အသင့်ပြင်ကာ သတိအပြည့် ထားလိုက်၏။

သို့သော် လုဖေးအာမှာ သောင်းကျန်းခြင်း သို့မဟုတ် ထူးဆန်းသောအပြုအမူများ ပြုလုပ်ခြင်း မရှိဘဲ၊ အခုမှ အိပ်ရာနိုးလာသူတစ်ယောက်ကဲ့သို့ သူမ၏ မျက်နှာပေးမှာ ဝေဝါးသွားကာ အနည်းငယ် ထိတ်လန့်သွားပုံရပေသည်။

"ကျွန်မ... အဟွတ်၊ အဟွတ် အခုချက်ချင်း ထွက်လာခဲ့ပါ့မယ် အဟွတ်..."

သူမသည် ရွှီရှင်းကို ဆန့်ကျင်ဝံ့သူမဟုတ်သဖြင့် အပြင်သို့ ထွက်ရန် ပြင်လိုက်သော်လည်း၊ ပါးစပ်ဟလိုက်သည်နှင့် ထူထပ်လှသော အနီရောင်မြူခိုးများက သူမကို သီးသွားစေခဲ့ရာ အစောပိုင်းက တည်ငြိမ်မှုများ လုံးဝ ပျောက်ကွယ်သွားခဲ့ရ၏။

"ဝုန်း"

တံခါးကို တွန်းဖွင့်လိုက်ပြီး လုဖေးအာ ပြေးထွက်လာခဲ့ရာ ထူထပ်လှသော အနီရောင်မြူခိုးများကလည်း ပွင့်ဟသွားသော တံခါးမှတစ်ဆင့် သူမနောက်သို့ လိုက်ပါ စီးထွက်လာတော့သည်။

ရွှီရှင်း နှာခေါင်းကို အုပ်ကာ အနောက်သို့ ဆုတ်လိုက်ပြီး"တံခါးပိတ်လိုက်စမ်း" ဟု အော်လိုက်၏။

"ဪ... အင်း... အဟွတ်... ဟုတ်ကဲ့"

ချောင်းဆိုးလွန်း၍ မျက်နှာလေး နီမြန်းနေသော လုဖေးအာသည် သစ်သားတံခါးကို အမြန်ပင် ပြန်ပိတ်လိုက်ရရှာသည်။

"ဒုန်း"

မြူခိုးတွေ ထပ်မထွက်လာအောင် တံခါးကို အားဖြင့် ပိတ်လိုက်တော့သည်။

အတန်ကြာအောင် တဟွတ်ဟွတ်နှင့် ချောင်းဆိုးပြီးနောက်မှ လုဖေးအာ အခြေအနေ ပြန်မှန်သွားခဲ့၏။

"ဘာဖြစ်တာလဲ။ အနီရောင်မြူခိုးတွေက ဘယ်လိုဖြစ်ပြီး နင့်ကို သီးသွားရတာလဲ။ နင်က ဒီမြူတွေကို ကြိုက်တာ မဟုတ်ဘူးလား"

ရွှီရှင်း မျက်မှောင်ကြုတ်ကာ မေးလိုက်သည်။

သူမသည် အထဲတွင် အချိန်အကြာကြီး နေခဲ့သဖြင့် သူမ၏ ခန္ဓာကိုယ်ထဲတွင် အနီရောင်မြူခိုးနံ့များ စွဲကျန်နေခဲ့ပုံရပြီး၊ အပြင်သို့ ထွက်လာသည့်တိုင် ထိုအနံ့မှာ သူမဆီမှ လွင့်ပျံနေဆဲပင်။

သို့သော်လည်း ထိုအနံ့မှာ အပုပ်နံ့မျိုးမဟုတ်ဘဲ မြူခိုးများ ကျဲပါးနေချိန်တွင် ရလေ့ရှိသော သင်းပျံ့ပျံ့ရနံ့မျိုး ဖြစ်ပေသည်။

မည်သို့ပင်ဖြစ်စေ ထိုရနံ့သည် ရွှီရှင်းအတွက်တော့ စိတ်ထဲတွင် အရိပ်မည်းတစ်ခုလို ဖြစ်နေသဖြင့် သူ မနှစ်သက်ပါပေ။

"...ကျွန်မလည်း မသိတော့ဘူး။ ရှင် အော်နှိုးလိုက်လို့ နိုးလာတဲ့အချိန် ပါးစပ်ဟလိုက်တာနဲ့ အနီရောင်မြူခိုးတွေက သီးသွားတာပဲ။ အခုဆိုရင် ကျွန်မ ဗိုက်က တော်တော်လေး ပြည့်နေသလိုပဲ၊ ဘယ်လောက်အရသာရှိတဲ့ အစားအစာကိုမှ စားချင်စိတ် မရှိတော့သလို ခံစားနေရတယ်"

လုဖေးအာသည် တစ်စုံတစ်ရာကို ကြောက်လန့်ခဲ့ရသည့်အလား သူမ၏ လေသံမှာ ဝေဝါးနေပြီး မသေချာမရေရာမှုများ ရှိနေပေသည်။

"အော်နှိုးလိုက်လို့ နိုးလာတယ် ဟုတ်လား"

ရွှီရှင်း သူမ၏ စကားထဲက အချက်အလက်ကို ဖမ်းမိသွားပြီး မေးလိုက်၏။

"နင် ခုနက အထဲမှာ အိပ်ပျော်သွားတာလား"

"...အင်း။"

လုဖေးအာ၏ အကြည့်များမှာ ဘေးသို့ ရောက်သွားခဲ့သည်။

ရွှီရှင်းသည် သူမ၏ သွေးရောင်မျက်ဝန်းများကို စိုက်ကြည့်ကာ "အမှန်အတိုင်းပြောစမ်း" ဟု ဆိုလိုက်၏။

လုဖေးအာ သွားကြိတ်လိုက်မိသည်။

သူမအနေဖြင့် လိမ်ညာခြင်းအပေါ် ဤကဲ့သို့ ကလေးဆန်သော တုံ့ပြန်မှုမျိုး မရှိသင့်သော်လည်း စာချုပ်၏ စွမ်းအားက သူမအား ရွှီရှင်းကို လိမ်ပြောခြင်းမှ ပြင်းထန်စွာ တားဆီးနေခြင်း ဖြစ်ပေသည်။

သို့သော် သူမ ကြုံတွေ့ခဲ့ရသည်များကိုလည်း အခြားသူအား မပြောပြချင်သဖြင့်၊ ဤတိုက်ပွဲကြားတွင် သူမ၏ အားနည်းချက်မှာ ပေါ်လွင်သွားခဲ့ရ၏။

ထိုကိစ္စမှာ အလွန်ပင် ထူးဆန်းလွန်းသဖြင့် သူမအနေဖြင့် မည်သို့ ရှင်းပြရမည်ကိုပင် မသိပါပေ။

သို့သော် ရွှီရှင်းက အမှန်အတိုင်းပြောရန် ခိုင်းစေခဲ့ပြီဖြစ်ရာ သူမတွင် ပြောပြရန်မှတစ်ပါး အခြားရွေးချယ်စရာ မရှိတော့ပေ။

"...ဒီအနီရောင်မြူခိုးတွေက ပုံရိပ်ယောင်တွေ မြင်စေနိုင်တယ်"

လုဖေးအာ အသက်ကို ဝဝရှူကာ အမှန်တရားကို ဖွင့်ဟလိုက်ရ၏။

"ကျွန်မ ခုနက စိတ်ကူးယဉ် အာရုံတွေထဲမှာ နစ်မျောနေခဲ့တာ။ ဒါတွေက အတုအယောင်တွေဆိုတာ သိနေပေမဲ့လည်း၊ အဲဒီထဲကနေ ပြန်မထွက်လာချင်ဘူး ဖြစ်နေခဲ့တယ်"

"ပုံရိပ်ယောင်တွေ ဟုတ်လား"

ရွှီရှင်း၏ ရင်ခုန်သံ မြန်သွားခဲ့သည်။

ဒါဟာ တကယ်ပဲ ဂယောင်ဂတမ်းတွေ မြင်စေတာလား။

သူသည် သစ်သားအိမ်လေးကို တစ်ချက် လှမ်းကြည့်လိုက်ပြီး ဆက်မေးလိုက်၏။

"နင် ဘာတွေကို မြင်ခဲ့တာလဲ"

လုဖေးအာ၏ မျက်နှာမှာ ဝန်လေးနေပုံရပြီး တိုးတိုးလေး ပြန်မေးရှာသည်။

"မပြောလို့ မရဘူးလားဟင်။ ဒါက ကျွန်မရဲ့ ကိုယ်ပိုင်ကိစ္စမို့လို့ မပြောချင်ဘူး"

"ဒါဆိုရင်တော့ ငါက ပိုတောင် သိချင်သွားပြီ"

အနီရောင်မြူခိုးများနှင့် ပတ်သက်သမျှ အားလုံးကို ရွှီရှင်း သိချင်နေသဖြင့်သူသည် သူမ၏ တောင်းဆိုချက်ကို သွေးအေးစွာပင် ငြင်းပယ်လိုက်တော့သည်။

"...လူယုတ်မာကြီး"

လုဖေးအာ ဒေါသတကြီး ရေရွတ်လိုက်၏။

သို့သော် သူမအနေဖြင့် ငြင်းပယ်၍မရသဖြင့် သူမ မြင်ခဲ့ရသော ပုံရိပ်ယောင် များအကြောင်းကို ရွှီရှင်းအား စတင် ပြောပြရတော့သည်။

၎င်းမှာ ထူးထူးဆန်းဆန်းကြီးတော့ မဟုတ်ပါပေ။

လုဖေးအာသည် သူမ၏ မိသားစုဝင်များကို မြင်ခဲ့ရခြင်း ဖြစ်ပြီး၊ သူတို့၏ သာမန်နေ့စဉ်ဘဝနှင့် သူမ ရင်းနှီးခဲ့သော အခန်းလေးကို မြင်ခဲ့ရခြင်း ဖြစ်သည်။

"ဒါက ဘာများ ကိုယ်ပိုင်ကိစ္စဖြစ်နေလို့လဲ"

ရွှီရှင်း စကားပင် မဆိုနိုင်တော့ပေ။

ဒါဟာ နေ့ခင်းဘက် စဉ်းစားနေတဲ့အရာတွေကို အိပ်မက်မက်တာမျိုးပဲ မဟုတ်လား။

အမှန်တော့ လုဖေးအာသည် သူမ၏ မိသားစုအကြောင်းကို အခြားသူများနှင့် ပြောဆိုရသည်မှာ မနှစ်သက်ခြင်း ဖြစ်သော်လည်း၊ ပြောပြီးသွားပြီဖြစ်ရာ သူမအတွက်တော့ ဘာမှ မထူးတော့ပါပေ။

"မဟုတ်ဘူး... အဲဒါက မတူဘူး"

သူမ မျက်မှောင်အနည်းငယ် ကြုတ်လိုက်၏။

ရွှီရှင်း၏ အကြည့်အောက်တွင် သူမ မျက်နှာပေါ်က သွေးရောင်အစင်းကြောင်း နှစ်ကြောင်းမှာ တဖြည်းဖြည်း မှိန်ဖျော့သွားခဲ့ချေပြီ။

"ကျွန်မ မြင်ခဲ့ရတာက စိတ်ကူးယဉ် ပုံရိပ်ယောင် တွေနဲ့ တူနေပေမဲ့လည်း၊ တစ်ဖက်မှာတော့ တစ်ခုခု မတူသလို ခံစားရတယ်"

အခန်း ၃၁၅ ပြီး။

All Chapters