← Chapters

အခန်း (၁-၂)

Vol. 1 Ch. 1-2

အခန်း (၁-၂)

Vol. 1 Ch. 1-2

အခန်း (၁) - နှစ်ပေါင်းသုံးထောင်ကြာပြီးနောက် မိမိကိုယ်ကိုယ် ချိတ်ထားရာမှ ယနေ့တွင် နတ်ဘုရားရင်းမြစ်အတွင်းမှ ပြန်လည်ထွက်ပေါ်လာခြင်း

သုံးထောင်သော တာအိုပြည်နယ်ကြီးများသည် အင်မတန် ကျယ်ပြောလှပြီး မရေမတွက်နိုင်သော သက်ရှိသတ္တဝါ ကုဋေကုဋာတို့ကို မွေးဖွားသန့်စင်ပေးနေ၏။

ဤခေတ်ကာလမှာ ပို၍ပင် ထူးခြားနေချေသည်။ အကြောင်းမှာ မဟာရွှေရောင်ခေတ်ကြီးသည် လျင်မြန်စွာ နီးကပ်လာနေပြီး မရေမတွက်နိုင်သော ပါရမီရှင်များနှင့် ထူးချွန်သူများမှာ မိမိတို့၏ တောက်ပမှုကို ပြသရန် အပြိုင်အဆိုင် ကြိုးပမ်းနေကြသောကြောင့်ပင်။

မေ့လျော့ခံထားခဲ့ရသော ရှေးဟောင်းခေတ်ကာလများတွင် မိမိကိုယ်ကိုယ် ချိတ်ပိတ်ထားခဲ့ကြပြီး ဤမျိုးဆက်တွင်မှ ပြန်လည်နိုးထလာရန် ရွေးချယ်ခဲ့ကြသည့် ရှေးဟောင်းလူထူးလူဆန်းများပင်လျှင် အနည်းငယ်လေး မဟုတ်ချေ။

ရှေးဟောင်းဂိုဏ်းကြီးများနှင့် လျို့ဝှက်မိသားစုကြီးများ၏ အထက်တွင် ကောင်းကင်နှင့် မြေကြီး၏ ထူးခြားသည့် နိမိတ်လက္ခဏာများမှာ နေ့စဉ်နှင့်အမျှ ပေါ်ပေါက်နေခဲ့သည်။ ထိုနိမိတ်တစ်ခုစီတိုင်းသည် ထူးကဲသော ပါရမီရှင်တစ်ဦး မွေးဖွားလာခြင်း သို့မဟုတ် ချိတ်ပိတ်ထားသည့် ရှေးဟောင်းလူထူးလူဆန်းတစ်ဦး နိုးထလာခြင်းကို ကိုယ်စားပြုနေပေသည်။

သူတို့အားလုံးသည် မကြာမီ ပွင့်လင်းလာတော့မည့် “ရွှေရောင်မဟာခေတ်ကြီး” အတွက် ရောက်ရှိလာကြခြင်းပင်။

ရွှေရောင်မဟာခေတ် မတိုင်မီ အကြိုည၌...

ဖူကွမ်းမြင့်မြတ်ပြည်နယ်သည် တာအိုပြည်နယ်သုံးထောင်ထဲတွင် အင်အားအကြီးဆုံး ပြည်နယ်ဆယ်ခုထဲမှ တစ်ခုဖြစ်ပြီး ရှေးဟောင်းဖုန်းဆိုး လင်းမိသားစု၏ အခြေစိုက်ရာ အရပ်လည်းဖြစ်သည်။

နတ်ဘုရားအလင်းတန်းများ တဖျတ်ဖျတ်လင်းလက်နေသော တားမြစ်နယ်မြေတစ်ခုအတွင်း၌ အဖိုးတန်ဆေးဖက်ဝင်အပင်များနှင့် နတ်ဘုရားသစ်ပင်များကို နေရာအနှံ့၌ တွေ့မြင်နိုင်ပေသည်။ တားမြစ်နယ်မြေ၏ အလယ်ဗဟို၊ လေထဲတွင် လွင့်မျောနေသော နတ်ဘုရားကျောက်တုံးတစ်ခု၏ အောက်တွင် အင်အားကြီးမားသော အရှိန်အဝါများ ပိုင်ဆိုင်ထားသည့် ရှေးဟောင်းပုဂ္ဂိုလ်ကြီး အချို့မှာ အသက်ရှူအောင့်ကာ တစ်စုံတစ်ခု စောင့်ဆိုင်းနေကြသည်။

“နတ်ဘုရားသားတော် ဘယ်တော့များ နိုးထလာမလဲ မသိဘူး။ ငါတို့ ရှေးဟောင်းဖုန်းဆိုး လင်းမိသားစုဟာ ဒီနေ့ကို စောင့်မျှော်နေခဲ့တာ အချိန်အတော်ကြာခဲ့ပြီ။”

ထာဝရမြစ်တစ်စင်းကဲ့သို့ ကျယ်ပြောလှသော အရှိန်အဝါရှိသည့် ပုဂ္ဂိုလ်တစ်ဦးက ပြောလိုက်သည်။

“အဲဒီတုန်းက နတ်ဘုရားသားတော်ဟာ မျိုးဆက်တစ်ခုလုံးရဲ့ ပါရမီရှင်တွေကို နင်းချေခဲ့ပြီး တာအိုပြည်နယ်သုံးထောင်လုံးမှာ ပြိုင်ဘက်ကင်းခဲ့တယ်။ သူက မဟာရွှေရောင်ခေတ်ကြီးဟာ နောက်နှစ်ပေါင်း သုံးထောင်မှာ ရောက်လာလိမ့်မယ်လို့ ပြောခဲ့ပြီး နတ်ဘုရားရင်းမြစ်ထဲမှာ ကိုယ်ါကိုယ်ကိုယ် တံဆိပ်ခတ်နှိပ်ခဲ့တယ်။ အခု မဟာခေတ်က တကယ်ကို ရောက်လာတော့မှာဆိုတော့ သူပြောခဲ့တဲ့ အကြိုညမှာ သူပြန်နိုးထလာမှာ အသေအချာပဲ။”

ပထမလူထက် မနိမ့်ကျသော အရှိန်အဝါရှိသည့် အခြားသော ရှေးဟောင်းပုဂ္ဂိုလ်တစ်ဦးကလည်း လက်ခုပ်တီးကာ ပြုံးလျက် ပြောလိုက်သည်။

ထိုနေရာရှိ အခြားသော အင်အားကြီးပုဂ္ဂိုလ်များကလည်း ထိုစကားကို ကြားသောအခါ သဘောတူညီစွာ ခေါင်းညိတ်လိုက်ကြသည်။

“မှန်တယ်။ နတ်ဘုရားသားတော်ရဲ့ အောင်မြင်မှုတွေဟာ ခေတ်အဆက်ဆက်မှာ မကြုံစဖူးပဲ။ သူဟာ သူ့ကတိအတိုင်း သေချာပေါက် ပြန်လာလိမ့်မယ်။ ဒီနေ့မှာ နတ်ဘုရားသားတော်ဟာ ဧကန်အမှန် နိုးထလာလိမ့်မယ်။”

သူတို့သည် လွန်ခဲ့သော ဆယ်နှစ်ခန့်ကမှ မဟာရွှေရောင်ခေတ်ကြီး နီးကပ်လာသည်ကို အာရုံခံနိုင်ခဲ့သော်လည်း နတ်ဘုရားသားတော်မှာမူ လွန်ခဲ့သော နှစ်ပေါင်းသုံးထောင်ကတည်းက ကြိုတင်ဟောကိန်းထုတ်နိုင်ခဲ့သည်။ ထိုကဲ့သို့သော စွမ်းဆောင်နိုင်ရည်မျိုးမှာ ကမ္ဘာတည်သရွေ့ မတွေ့ဖူးသည့်အရာပင်။

သူတို့၏ နတ်ဘုရားသားတော်သည် မွေးကတည်းက နှိုင်းယှဉ်မဲ့ နှစ်မွှာမျက်လုံးနှင့် ဖရိုဖရဲမိစ္ဆာနတ်ဘုရားခန္ဓာတို့ကို ပိုင်ဆိုင်ခဲ့သူဖြစ်သည်။ ထိုအချိန်က ကောင်းကင်နှင့် မြေကြီး၏ ထူးခြားဆန်းပြားသည့် နိမိတ်လက္ခဏာများသည် တာအိုပြည်နယ်သုံးထောင်ကို ဖုံးလွှမ်းသွားခဲ့ပြီး အချိန်အတော်ကြာသည်အထိ ပျောက်ကွယ်မသွားခဲ့ပေ။

သူသာ နိုးထလာပါက အခြားအင်အားစုများမှ ပါရမီရှင်များနှင့် ရှေးဟောင်းလူထူးလူဆန်းများဟု ခေါ်ဆိုကြသူများသည် ချက်ချင်းပင် သာမန်လူများအဖြစ်သို့ လျော့ကျသွားပေလိမ့်မည်။

နှစ်ပေါင်းသုံးထောင်ကြာ မိမိကိုယ်ကိုယ် တံဆိပ်ခတ်နှိပ်ထားခြင်းမှာ အခြားသော ရှေးဟောင်းလူထူးလူဆန်းများနှင့် နှိုင်းယှဉ်လျှင် ကြာမြင့်ချိန် မများလှသော်လည်း လူတစ်ယောက်၏ ထူးကဲသော ပါရမီကို တံဆိပ်ခတ်နှိပ်ထားသည့် ကြာချိန်တစ်ခုတည်းနှင့် တိုင်းတာ၍ မရနိုင်ပေ။

ရှေးဟောင်းဖုန်းဆိုး လင်းမိသားစု၏ နတ်ဘုရားသားတော်မှာ ဤခေတ်ကာလမှသာ မိမိကိုယ်ကိုယ် တံဆိပ်ခတ်နှိပ်ခဲ့ခြင်း ဖြစ်သော်လည်း ထိုထက်စောသော ခေတ်ကာလများမှ ရှေးဟောင်းလူထူးလူဆန်းများသည်ပင် သူ၏ရှေ့၌ ဆန်စေ့လေးများပမာ ဖြစ်နေပေလိမ့်မည်။

အင်အားကြီးပုဂ္ဂိုလ်များကြားတွင် ရွှေနက်ရောင်ဝတ်ရုံကို ဝတ်ဆင်ထားပြီး ဓားကဲ့သို့ ထက်မြက်သော မျက်နှာထားရှိသည့် အရပ်ရှည်ရှည် လူငယ်တစ်ဦးမှာ လက်နှစ်ဖက်ကို နောက်ပစ်ကာ တိတ်ဆိတ်စွာ ရပ်နေ၏။

သူသည် သူ၏ ချန်အာကို မတွေ့ရသည်မှာ နှစ်ပေါင်းသုံးထောင် ရှိခဲ့ပြီဖြစ်သည်။ စကားသံများ တဖြည်းဖြည်း တိတ်ဆိတ်သွားသည်နှင့်အမျှ တားမြစ်နယ်မြေအတွင်း၌ ငြိမ်သက်မှုများ ဖုံးလွှမ်းသွားခဲ့သည်။ အင်အားကြီးပုဂ္ဂိုလ် အားလုံးသည် ကောင်းကင်ယံရှိ နတ်ဘုရားကျောက်တုံးကို မျှော်လင့်ချက်အပြည့်ဖြင့် ကြည့်ရှုနေကြသည်။

သူတို့ ရှေးဟောင်းဖုန်းဆိုး လင်းမိသားစု၏ ပြိုင်ဘက်ကင်း နတ်ဘုရားသားတော်သည် ထိုအတွင်း၌ တံဆိပ်ခတ်နှိပ်ထားခြင်း ခံထားရပြီး ယခုအခါ နိုးထတော့မည် ဖြစ်သည်။

စူးစိုက်ကြည့်ရှုနေကြသော မျက်လုံးပေါင်း ထောင်သောင်းချီအောက်တွင် ရုတ်တရက် နတ်ဘုရားကျောက်တုံးမှာ တုန်ခါသွားပြီး အတိုင်းအဆမရှိသော အလင်းတန်းများ ဖြာထွက်လာကာ တောက်ပနေသော တားမြစ်နယ်မြေအတွင်း၌ပင် ထင်ထင်ရှားရှား မြင်တွေ့နေရသည်။

“ဝူး... ဝူး... ဝူး”

“ခရက်...ခရက်...”

ဟူသော အသံများနှင့်အတူ လုံးဝန်းနေသော နတ်ဘုရားကျောက်တုံးမှာ အက်ကွဲကြောင်းများစွာ ဖြစ်ပေါ်လာပြီး ပြိုကွဲတော့မည့်အလား ဖြစ်လာခဲ့လေသည်။

ယင်းကို မြင်သောအခါ တားမြစ်နယ်မြေအတွင်းရှိ ရှေးဟောင်းဖုန်းဆိုး လင်းမိသားစု ကျွမ်းကျင်သူများအားလုံး၏ မျက်နှာထက်တွင် စိတ်လှုပ်ရှားမှုအရိပ်အယောင်များ ချက်ချင်းပင် ဖြစ်ပေါ်လာတော့သည်။

သူတို့၏ နတ်ဘုရားသားတော် လင်းချန်သည် နတ်ဘုရားရင်းမြစ်ကို ဖောက်ထွက်ပြီး ဤအချိန်တွင် နိုးထလာတော့မည်ကို သူတို့ သိလိုက်ကြသည်။

“ဝူး... ဝူး... ဝူး...ခရက်... ဘုန်း...။”

နောက်ဆုံးတွင် ပြင်းထန်စွာ တုန်ခါပြီးနောက် နတ်ဘုရားကျောက်တုံးမှာ ရုတ်တရက် ပေါက်ကွဲထွက်သွား၏။ ကောင်းကင်ယံတစ်ခုလုံး၏ တောက်ပသော အလင်းတန်းများကြားတွင် ခရမ်းရောင်ဝတ်ရုံကို ဝတ်ဆင်ထားသော အရပ်ရှည်ရှည် လူငယ်တစ်ဦး၏ ပုံရိပ်တစ်ခု ပေါ်ထွက်လာတော့သည်။

တစ်ချိန်တည်းမှာပင် ရှေးဟောင်းဖုန်းဆိုး လင်းမိသားစု၏ ကောင်းကင်ယံတွင် ထာဝရအချိန်ကာလကို ထိုးဖောက်မြင်နိုင်သော နတ်ဘုရားမျက်လုံးများ ဆင်းသက်လာပြီး သက်ရှိအားလုံးကို ကျောခိုင်းထားသည့် ခန့်ညားထည်ဝါသော ပုဂ္ဂိုလ်တစ်ဦး ပေါ်ထွက်လာကာ ဖရိုဖရဲမိစ္ဆာနတ်ဘုရား၏ ပုံရိပ်ယောင်တစ်ခုအဖြစ် စုစည်းသွားခဲ့သည်။ အမျိုးမျိုးသော ထူးခြားသည့် နိမိတ်များမှာ တစ်ခုပြီးတစ်ခု ပေါ်ပေါက်လာပြီး ၎င်းတို့သည် တစ်စုံတစ်ယောက်၏ တည်ရှိနေခြင်းကို ဂုဏ်ပြုနေကြသကဲ့သို့ပင်။

ဤအချိန်တွင် ရှေးဟောင်းဖုန်းဆိုး လင်းမိသားစု တစ်ခုလုံး တုန်ခါသွားပြီး မိသားစုဝင်များအားလုံး စိတ်လှုပ်ရှားစွာဖြင့် ကြွေးကြော်လိုက်ကြသည်။

“နတ်ဘုရားရင်းမြစ်ကနေ ပြန်လည်ထွက်ပေါ်လာတဲ့ နတ်ဘုရားသားတော်ကို ကြိုဆိုပါတယ်။”

ထိုကဲ့သို့သော ပြိုင်ဘက်ကင်း နိမိတ်လက္ခဏာများသည် လွန်ခဲ့သော နှစ်ပေါင်းသုံးထောင်က ပြိုင်ဘက်ကင်းခဲ့သည့် နတ်ဘုရားသားတော်ကြောင့်သာ ဖြစ်ပေါ်လာနိုင်ခြင်း ဖြစ်သည်။ မိသားစုရှိ ရှေးဟောင်းခေတ်မှ လူထူးလူဆန်းများပင်လျှင် သူနှင့် နှိုင်းယှဉ်၍ မရနိုင်ပေ။

နိမိတ်များ ပေါ်ထွက်လာသည်နှင့်အမျှ ဖူကွမ်းမြင့်မြတ်ပြည်နယ်နှင့် တာအိုပြည်နယ်သုံးထောင်လုံးရှိ ရှေးဟောင်းဂိုဏ်းကြီးများနှင့် လျို့ဝှက်မိသားစုကြီးများမှ ရှေးဟောင်းကျွမ်းကျင်သူများ၏ အကြည့်များသည် ရှေးဟောင်းဖုန်းဆိုး လင်းမိသားစုဆီသို့ လှည့်လာကြပြီး သူတို့၏ မျက်နှာများမှာ အလွန်အမင်း သတိထားမှုများဖြင့် ပြည့်နှက်နေခဲ့သည်။

မဟာရွှေရောင်ခေတ်ကြီးမှာ နောက်တစ်နေ့တွင် ရောက်ရှိလာတော့မည်။ လွန်ခဲ့သော နှစ်ပေါင်းသုံးထောင်က မျိုးဆက်တစ်ခုလုံးကို နှိမ်နင်းခဲ့သည့် ထိုမိစ္ဆာကောင်လည်း နိုးထလာခဲ့ပြီလော။

တားမြစ်နယ်မြေ၏ ကောင်းကင်ယံ၌...

တောက်ပသော အလင်းတန်းများအကြားတွင် လင်းချန်သည် သူ၏မျက်လုံးများကို ဖြည်းညှင်းစွာ ဖွင့်လိုက်၏။ သူသည် လက်ကိုဆန့်ထုတ်လိုက်ပြီး နတ်ဘုရားရင်းမြစ်ကျောက်တုံးမှ ထွက်ပေါ်လာသော အလင်းစွမ်းအင်များကို ကစားရင်း ခန့်ညားသော မျက်နှာထက်၌ အပြုံးဖျော့ဖျော့လေး တစ်ခု ဖြစ်ပေါ်လာခဲ့သည်။

“နှစ်ပေါင်းသုံးထောင်က ဒီလောက်တောင် မြန်မြန်ကုန်သွားခဲ့ပြီလား။ မဟာရွှေရောင်ခေတ်ကြီး မနက်ဖြန် ရောက်တော့မယ်ပေါ့။”

လွန်ခဲ့သော နှစ်ပေါင်းသုံးထောင်ကျော်က သူသည် ကမ္ဘာမြေမှ ဤကမ္ဘာရှိ သားအိမ်တစ်ခုအတွင်းသို့ ကူးပြောင်းရောက်ရှိလာခဲ့ခြင်း ဖြစ်သည်။ သူ့တွင် မည်သည့် ရွှေလက်ချောင်းမှ မရှိခဲ့သလို ကူးပြောင်းလာသူများအတွက် မရှိမဖြစ်လိုအပ်သော စနစ်ဆိုသည်မှာလည်း လုံးဝ မရှိခဲ့ပေ။

ကံကောင်းထောက်မစွာဖြင့် သူသည် ထူးကဲသော ပါရမီဖြင့် မွေးဖွားလာခဲ့ပြီး ပြိုင်ဘက်ကင်းနှစ်မွှာမျက်ဝန်းနှင့် ဒဏ္ဍာရီထဲတွင်သာ တည်ရှိပြီး ခေတ်အဆက်ဆက် တွေ့ရခဲသော ဖရိုဖရဲမိစ္ဆာနတိဘုရားခန္ဓာတို့ကို ပိုင်ဆိုင်ခဲ့၏။

သူ၏ နောက်ခံမှာလည်း အလွန်ထူးခြားလှသည်။ သူသည် တာအိုပြည်နယ်သုံးထောင်၏ အင်အားအကြီးဆုံး ပြည်နယ်ဆယ်ခုထဲမှ တစ်ခုဖြစ်သော ဖူကွမ်းမြင့်မြတ်ပြည်နယ်၏ အင်အားအကြီးဆုံး အင်အားစုဖြစ်သည့် ရှေးဟောင်းဖုန်းဆိုး လင်းမိသားစု၏ မျိုးနွယ်စုခေါင်းဆောင် လင်းဟောက်ရန်၏ သားတစ်ယောက် ဖြစ်လာခဲ့သည်။

သူ၏မိခင် ယွမ်ချင်းရို သည်လည်း အခြားသော အင်အားကြီးပြည်နယ်တစ်ခုဖြစ်သည့် ယွမ်ထျန်း နတ်ဘုရားတိုက်ကြီး၏ အင်အားအကြီးဆုံး မိသားစုဖြစ်သော ယွမ်မိသားစု၏ ဂုဏ်ထူးဆောင် အကြီးအကဲဖြစ်ကာ သူမ၏ အဆင့်အတန်းမှာ အမြင့်မားဆုံးပင် ဖြစ်သည်။

ထိုကဲ့သို့သော ပါရမီနှင့် နောက်ခံကြောင့် သူ၏ ကျင့်ကြံခြင်းလမ်းစဉ်မှာ အလွန်ပင် ချောမွေ့ခဲ့၏။

သူသည် အသက်တစ်နှစ်တွင် စတင်ကျင့်ကြံခဲ့သည်။ အသက်သုံးနှစ်တွင် ဝိညာဉ်ပင်လယ်နယ်ပယ်သို့ တက်လှမ်းနိုင်ခဲ့ပြီး လေထဲတွင် လမ်းလျှောက်နိုင်ခဲ့သည်။ အသက်ငါးနှစ်တွင် ဖူကွမ်းမြင့်မြတ်ပြည်နယ်ရှိ မြင့်မြတ်နယ်မြေတစ်ခုမှ သူတော်စင်ကို အနိုင်ယူနိုင်ခဲ့ပြီး ကျော်ကြားမှုများ ရရှိခဲ့ကာ ရှေးဟောင်းဖုန်းဆိုး လင်းမိသားစု၏ နတ်ဘုရားသားတော် ဘွဲ့အမည်ကို အပ်နှင်းခြင်း ခံခဲ့ရသည်။

ကျင့်ကြံခြင်းနယ်ပယ်များကို ခန္ဓာကိုယ်ဆေးကြောခြင်း၊ သွေးကြောဖွင့်ခြင်း၊ ဝိညာဉ်ပင်လယ်၊ မူလအမြုတေ၊ နတ်ဘုရားရတနာ နယ်ပယ်ငါးခု၊ ကပ်ဘေးကိုးခု၊ ကောင်းကင်သို့ လှမ်းတက်ခြင်း၊ သူတော်စင်၊ မဟာသူတော်စင်၊ သူတော်စင်ဘုရင်၊ နတ်ဘုရားနယ်ပယ်၊ အတုအယောင်ဧကရာဇ် နှင့် မဟာဧကရာဇ်ဟူ၍ ပိုင်းခြားထားသည်။

သူသည် သူ၏ နောက်ပိုင်း ကျင့်ကြံခြင်းလမ်းစဉ်အား သူ့လမ်းကို ပိတ်ဆို့သူတိုင်းကို ချေမှုန်းရင်း ကုန်ဆုံးခဲ့ရသည်။ အသက် ၁၆ နှစ်တွင် လင်းချန်သည် ကပ်ဘေးကိုးခုနယ်ပယ်သို့ ရောက်ရှိနေပြီဖြစ်ကာ တာအိုပြည်နယ်သုံးထောင်အတွင်းရှိ မျိုးနွယ်စုပေါင်းစုံမှ ပါရမီရှင်အားလုံးကို ပြိုင်ဘက်တစ်ဦးပင် မရှိတော့သည်အထိ အနိုင်ယူခဲ့သည်။

သူ့မျိုးဆက်ရှိ ရွယ်တူများကြားတွင် ပြိုင်ဘက်ကင်းလွန်းသဖြင့် ငြီးငွေ့စပြုလာချိန်တွင်မှ အသက် ၁၆ နှစ်တိတိ နောက်ကျခဲ့သည့် ရွှေလက်ချောင်းဖြစ်သော စနစ်သည် နောက်ဆုံး၌ ရောက်ရှိလာခဲ့တော့လေသည်။

ပေါင်းစည်းပြီးနောက် စနစ်မှ ပေးပို့လာသော ပထမဆုံး သတင်းစကားမှာ နှစ်ပေါင်းသုံးထောင် ကြာပြီးနောက်တွင် တာအိုပြည်နယ်သုံးထောင်၏ မဟာရွှေရောင်ခေတ်ကြီး ရောက်ရှိလာလိမ့်မည် ဟူ၍ ဖြစ်သည်။

ထိုအချိန်တွင် တာအိုပြည်နယ်သုံးထောင်၌ များပြားလှသော အခွင့်အရေးများနှင့် ဖန်တီးမှုများ ပေါ်ထွက်လာမည်ဖြစ်ပြီး ကာလရှည်ကြာ ပိတ်ထားခဲ့သော ဧကရာဇ်လမ်းစဉ်မှာ ပြန်ပွင့်လာပေလိမ့်မည်။ ခေတ်အဆက်ဆက်မှ ပါရမီရှင်များသည် ထိုတစ်ခုတည်းသော မဟာဧကရာဇ်နေရာကို ယှဉ်ပြိုင်ရန်အတွက် စုဝေးလာကြပေလိမ့်မည်။

သူ့မျိုးဆက်ရှိ ပါရမီရှင်များကို နှိမ်နင်းပြီးသားဖြစ်သော လင်းချန်သည် အခြားခေတ်များမှ မိစ္ဆာကောင်များနှင့် မဟာဧကရာဇ်နေရာအတွက် ယှဉ်ပြိုင်နိုင်မည်ဟု ကြားသောအခါ အလွန်ပင် ဝမ်းမြောက်သွားခဲ့သည်။

ပိုမိုများပြားပြီး ပိုမိုအားကောင်းသော မိစ္ဆာကောင်များနှင့် ထိပ်တိုက်တွေ့နိုင်ခြင်းမှာ အမှန်တကယ်ပင် ကံကောင်းသည့်အရာ ဖြစ်သည်။

သူသည် တွန့်ဆုတ်နေခြင်းမရှိဘဲ ရှေးဟောင်းဖုန်းဆိုး လင်းမိသားစုသို့ ပြန်လာခဲ့ပြီး နတ်ဘုရားရင်းမြစ်ကို အသုံးပြုကာ မိမိကိုယ်ကိုယ် ချိတ်ပိတ်ခဲ့ပြီး မဟာရွှေရောင်ခေတ်ကြီး ရောက်ရှိလာမည့်အချိန်ကို စောင့်ဆိုင်းနေခဲ့သည်။

ယနေ့သည် သူစီစဉ်ထားသည့် နိုးထချိန်ဖြစ်သလို မဟာရွှေရောင်ခေတ်ကြီး မရောက်မီ အကြိုညလည်း ဖြစ်သည်။

ဤအချိန်တွင် လင်းချန်၏ စိတ်ထဲ၌ ကြည်လင်ပြတ်သားသော သတိပေးသံတစ်ခု မြည်ဟီးလာခဲ့သည်။

“နတ်ဘုရားရင်းမြစ်မှ အောင်မြင်စွာ နိုးထလာသည့်အတွက် အိမ်ရှင်ကို ဂုဏ်ပြုပါတယ်။ ပြိုင်ဘက်ကင်း လက်မှတ်ထိုးဝင်ခြင်းစနစ်က အိမ်ရှင်ကို စိတ်နှလုံးအကြွင်းမဲ့ အလုပ်အကျွေးပြုပါတော့မယ်။”

“အိမ်ရှင်၏ ကျင့်စဉ်သည် အိမ်ရှင်၏ ရုပ်ခန္ဓာကိုယ်နှင့် မကိုက်ညီသည်ကို စစ်ဆေးတွေ့ရှိရပါသည်။ ဟုန်မန်မြင့်မြတ်ကျင့်စဉ်: ဖရိုဖရဲ မိစ္ဆာနတ်ဘုရားကျမ်းကို အိမ်ရှင်အား ထုတ်ပေးလိုက်ပါပြီ။”

လင်းချန်သည် သူ့စိတ်ထဲရှိ အချက်အလက်များကို ခံစားရင်း မျက်ခုံးပင့်လိုက်မိသည်။

“ငါ့ရဲ့ ဖရိုဖရဲမိစ္ဆာနတ်ဘုရားခန္ဓာနဲ့ ကိုက်ညီတဲ့ ကျင့်စဉ်တစ်ခုလား။ ဖရိုဖရဲမိစ္ဆာနတ်ဘုရားကျမ်တဲ့လား။ မဆိုးဘူး..။”

ထိုသို့ပြောပြီးနောက် သူသည် ထိုနေရာ၌ပင် တင်ပျဉ်ခွေထိုင်လိုက်ပြီး စိတ်ကူးလိုက်ရုံဖြင့် သူ၏ ကျင့်စဉ်ကို ချက်ချင်း စတင်ပြောင်းလဲလိုက်သည်။

ယခင်က သူကျင့်ကြံခဲ့သည့်ကျင့်စဉ်မှာ ရှေးဟောင်းဖုန်းဆိုး လင်းမိသားစု၏ အင်အားအကောင်းဆုံး နတ်ဘုရားကျင့်စဉ်ဖြစ်သော “အထွတ်အထိပ်ကျင့်စဉ်” ဖြစ်သည်။ ၎င်းသည် အားကောင်းသော်လည်း ဖရိုဖရဲမိစ္ဆာနတိဘုရားကျမ်းမလောက်တော့ သူနှင့် ကိုက်ညီမှု မရှိပေ။

ဖရိုဖရဲမိစ္ဆာနတ်ဘုရားခန္ဓာမှာ အလွန်ရှားပါးလှပေသည်။ တာအိုပြည်နယ်သုံးထောင်တွင် ယခင်က ပေါ်ပေါက်ခဲ့ဖူးသော်လည်း အမှတ်အသားအချို့သာ ကျန်ရစ်ခဲ့ပြီး ယင်းအတွက် ကျင့်ကြံခြင်းနည်းစနစ်များ မရှိခဲ့ပေ။

သူ၏ခန္ဓာနှင့် ကိုက်ညီသော ဖရိုဖရဲမိစ္ဆာနတ်ဘုရားကျမ်းသို့ ပြောင်းလဲလိုက်ပြီးနောက် လင်းချန်သည် သူ၏ အခြေခံအုတ်မြစ်မှာ ပို၍ပင် အားကောင်းလာမည်ဖြစ်ပြီး အတိတ်ကထက် သာလွန်သွားမည်လိမ့်ဟု ယုံကြည်ပေသည်။

ဤနည်းဖြင့် သူသည် ၎င်းကျမ်းကို သူ၏ ချိတ်ပိတ်မှုမှ ပြန်လာခြင်းအတွက် ဂုဏ်ပြုလက်ဆောင်တစ်ခုအဖြစ် မှတ်ယူနိုင်ပေသည်။

“ဝူး... ဝူး... ဝူး”

ချက်ချင်းပင် ဖရိုဖရဲ နတ်ဘုရားအလင်းတန်းများသည် လင်းချန်၏ ခန္ဓာကိုယ်မှ ထွက်ပေါ်လာပြီး ကမ္ဘာကြီး၏ အစိတ်အပိုင်းတစ်ခုကို ဖုံးကွယ်သွားကာ အဆုံးမရှိသော ခန့်ညားမှုကို ထုတ်ဖော်ပြသလိုက်လေသည်။

နတ်ဘုရားရင်းမြစ်မှ ထွက်ပေါ်လာသော လျှို့ဝှက်ဆန်းပြားသည့် အလင်းတန်းများသည် ဆွဲငင်ခံလိုက်ရပြီး လင်းချန်၏ အရှိန်အဝါကို မြှင့်တင်ရန်အတွက် သူ၏ ခန္ဓာကိုယ်အတွင်းသို့ အဆက်မပြတ် စီးဝင်သွားကြ၏။

အောက်ဘက်တွင်...

လင်းချန်၏ နိုးထမှုကို ကြိုဆိုရန် အဆင်သင့်ဖြစ်နေသော ရှေးဟောင်းဖုန်းဆိုး လင်းမိသားစုမှ ကျွမ်းကျင်သူ အများအပြားမှာ ထိုမြင်ကွင်းကို မြင်သောအခါ အံ့အားသင့်သွားခဲ့ကြသည်။

နှင်းကဲ့သို့ ဖြူဖွေးသော မုတ်ဆိတ်မွေးများကို သပ်ရင်း ရှေးဟောင်းကျွမ်းကျင်သူတစ်ဦးက ရိုသေလေးစားစွာဖြင့် မော့ကြည့်လိုက်သည်။

“နတ်ဘုရားသားတော်က နတ်ဘုရားရင်းမြစ်ကနေ ထွက်လာပြီးတာနဲ့ ထိုးထွင်းသိမြင်မှုအသစ်တွေရရှိပြီး အဆင့်တက်တော့မှာလား။”

“ငါ့အမြင်အရတော့ ဒီမျိုးဆက်ရဲ့ တစ်ခုတည်းသော မဟာဧကရာဇ်နေရာက အခုကတည်းက ပိုင်ရှင်ရှိသွားပြီ။”

အခြားသော ရှေးဟောင်းဖုန်းဆိုး လင်းမိသားစု ကျွမ်းကျင်သူများကလည်း ထိုစကားကို ကြားသောအခါ သဘောတူညီစွာ ပြောဆိုလိုက်ကြသည်။

“ငါတို့ ရှေးဟောင်းဖုန်းဆိုး လင်းမိသားစုရဲ့ နတ်ဘုရားသားတော် လင်းချန်သာ ထွက်ပေါ်လာရင် တာအိုပြည်နယ်သုံထောင်ထဲက ကုဋေပေါင်းများစွာသော ပါရမီရှင်တွေဟာ သူနဲ့ယှဉ်ရင် အရောင်မှိန်သွားကြလိမ့်မယ်။”

အနက်ရွှေရောင် ဝတ်ရုံဝတ်ထားပြီး တစ်ချိန်လုံး တိတ်ဆိတ်နေသည့် အရပ်ရှည်ရှည် ပုဂ္ဂိုလ်မှာ ကောင်းကင်ယံရှိ လင်းချန်ကို ကြည့်ရင်း သူ၏ ထက်မြက်သော မျက်နှာပေါ်၌ နူးညံ့သောအပြုံးတစ်ခု ဖြစ်ပေါ်လာခဲ့သည်။

“ငါ့ရဲ့ ချန်အာက ဒီကမ္ဘာပေါ်က မျိုးနွယ်စုပေါင်းစုံရဲ့ ပါရမီရှင်တွေကို တစ်ဖန်ပြန်ပြီး နှိမ်နင်းဦးမှာပဲ။ လွန်ခဲ့တဲ့ နှစ်ပေါင်းသုံးထောင်ကလိုပေါ့။ သူ့ရဲ့ ပေါ်ထွန်းလာခြင်းဟာ... ပြိုင်ဘက်ကင်းခြင်းပဲ။”

အခန်း (၂) တားမြစ်နယ်မြေအတွင်း လက်မှတ်ထိုးဝင်ခြင်း၊ မွေးရာပါ ဧကရာဇ်လက်နက် ကောင်းကင်သတ်ဓား၊ ဧကရာဇ်လက်နက်က သခင်ကို အသိအမှတ်ပြုခြင်းကြောင့် ကမ္ဘာကြီးတစ်ခုလုံး တုန်လှုပ်သွားရခြင်း

တားမြစ်နယ်မြေအတွင်း၌ အဆုံးမဲ့ ကမ္ဘာဦးအလင်းတန်းများ ထွန်းလင်းတောက်ပနေခဲ့သည်။ ဤသည်မှာ လင်းချန်၏ စိတ်ဝိညာဉ်စွမ်းအားများ ဗတ္တိဇံခံယူခြင်းနှင့် အသွင်ကူးပြောင်းခြင်းကို ဖြတ်သန်းနေရသည့် ဖြစ်စဉ်တစ်ခုပင် ဖြစ်သည်။

ခဏအကြာတွင် ထိုအလင်းတန်းများ တဖြည်းဖြည်း ပြန်လည်ရုပ်သိမ်းသွားပြီး လင်းချန်၏ ကိုယ်ဟန်မှာ ပြန်လည်ပေါ်ထွက်လာခဲ့သည်။ ယခုအချိန်တွင် လင်းချန်၏ ပတ်ဝန်းကျင်ရှိ အရှိန်အဝါများမှာ ယခင်ကထက် ပိုမိုအားကောင်းလာပြီး ခန့်မှန်းရခက်သည့် အခြေအနေသို့ ရောက်ရှိနေပြီဖြစ်သည်။

လင်းချန် သူ၏မျက်လုံးများကို ဖြည်းညှင်းစွာ ဖွင့်လိုက်ရာ သူ၏ နှုတ်ခမ်းထောင့်၌ အပြုံးတစ်ခု ပေါ်လွင်လာခဲ့သည်။

“ငါ့ရဲ့ ကျင့်ကြံမှုကို နောက်ထပ် တစ်ဆင့်တိုးပြီး ကပ်ဘေးကိုးခုနယ်ပယ်ရဲ့ ပထမအဆင့်ကို ထိုးဖောက်ပြီး ဒုတိယမြောက်ကပ်ဘေးနယ်ပယ်ကို ရောက်သွားမယ်လို့ မထင်ထားမိဘူး။”

ကပ်ဘေးကိုးခုနယ်ပယ်တွင် အဆင့်တစ်ခုစီသည် ကပ်ဘေးတစ်ခုဖြစ်ပြီး ကပ်ဘေးတစ်ခုကို ကျော်ဖြတ်တိုင်း ကျင့်ကြံသူမှာ အသွင်ပြောင်းလဲမှုကို ခံစားရမည်ဖြစ်သည်။ သူသည် ယခုလေးတင် ပထမဆုံး စိတ်ဝိညာဉ်စွမ်းအား ကပ်ဘေးကို ကျော်ဖြတ်ခဲ့ခြင်းဖြစ်သည်။ လုံးဝဥဿုံ ကိုက်ညီသော ကျင့်စဉ်မှ ထွက်ပေါ်လာသည့် စိတ်ဝိညာဉ်စွမ်းအားဖြင့် ဤကပ်ဘေးကို ကျော်ဖြတ်ရသည်မှာ သူ၏အတွက် လုံးဝ မခက်ခဲပေ။

ယခုအခါ သူ၏ စိတ်ဝိညာဉ်စွမ်းအားမှာ ယခင်ကထက် ဆယ်ဆမက ပိုမိုပြင်းထန်လာပြီး တိုက်ခိုက်နိုင်စွမ်းမှာလည်း အဆမတန် မြင့်တက်လာခဲ့ပြီဖြစ်သည်။

လင်းချန်သည် မြေပြင်ပေါ်သို့ ခြေချလိုက်ပြီး ပတ်ဝန်းကျင်ကို ကြည့်ကာ လက်ယှက်၍ နှုတ်ဆက်လိုက်သည်။

“စီနီယာ အကြီးအကဲတို့...။ ဒီကို ကြွရောက်လာပေးတဲ့အတွက် လင်းချန်က အားလုံးကို ကျေးဇူးတင်ပါတယ်။”

ရှေးဟောင်းဖုန်းဆိုး လင်းမျိုးနွယ်စုမှ ပညာရှင်များစွာသည် လင်းချန်၏ စကားကို ကြားသောအခါ ကြင်နာစွာ ပြုံးပြလိုက်ကြသည်။

“နတ်ဘုရားသားတော်အနေနဲ့ ဒီလို ယဉ်ကျေးတဲ့စကားတွေ ပြောဖို့ မလိုပါဘူး။ ငါတို့ ဒီနေ့ကို စောင့်မျှော်နေခဲ့တာ ကြာပါပြီ။”

“အမှန်ပဲ၊ အမှန်ပဲ။ အခု နတ်ဘုရားသားတော် နိုးထလာပြီဆိုတော့ ငါတို့ ရှေးဟောင်းဖုန်းဆိုး လင်းမျိုးနွယ်စုရဲ့ ဘုန်းတန်ခိုး အာနုဘော်ကို ပြသရမယ့်အချိန် ရောက်ပြီ။”

“တကယ်ပဲ။ တခြား ရှေးဟောင်းမျိုးနွယ်စုတွေနဲ့ ဂိုဏ်းကြီးတွေက ရှေးဟောင်းလူထူးဆန်းတွေက လွန်ခဲ့တဲ့ နှစ်အနည်းငယ်အတွင်းမှာ နိုးထလကြပြီး တော်တော်လေး မောက်မာနေကြတယ်။ ငါတို့ လင်းမျိုးနွယ်စုမှာလည်း ပါရမီရှင်တွေ နိုးထလာခဲ့ပေမယ့် သူတို့ကို ခုခံရုံပဲ တတ်နိုင်ခဲ့ကြတယ်။”

“ဒါပေမဲ့ အခု နတ်ဘုရားသားတော် နိုးထလာခဲ့ပြီ။ မနက်ဖြန်မှာလည်း ရွှေရောင်ခေတ်ကြီး ရောက်လာတော့မယ်။ ဆိုတော့ ဒီအခြေအနေကို အဆုံးသတ်နိုင်ပြီ။”

လင်းချန်သည် လက်တစ်ဖက်ကို နောက်ပစ်ကာ တည်ငြိမ်စွာ ပြုံးလျက် ရှိနေ၏။

“ရွှေရောင်ခေတ်ကြီး... ကျုပ်လည်း စောင့်မျှော်နေမိတယ်။ အဲ့ဒီကောင်တွေ နှစ်သုံးထောင်ကြာအောင် စောင့်ခဲ့ရကျိုး နပ်အောင် ကျုပ်ကို စိတ်မပျက်စေဖို့ မျှော်လင့်တယ်။”

ထိုစကားကို ကြားသောအခါ လင်းမျိုးနွယ်စုဝင် ပညာရှင်အားလုံး၏ မျက်နှာ၌ စိတ်သက်သာရာရသည့် အရိပ်အယောင်များ ဖြစ်ပေါ်လာခဲ့သည်။ ဒုတိယ ကပ်ဘေးနယ်ပယ် ကျင့်ကြံမှုနှင့် လင်းချန်၏ အနှိုင်းမဲ့ အခြေခံအုတ်မြစ်ကြောင့် တာအိုပြည်နယ် သုံးထောင်အတွင်း မည်သည့်ပါရမီရှင်မျှ သူ့ကို ယှဉ်နိုင်မည်မဟုတ်ပေ။

ထိုစဉ် အနက်ရောင်နှင့် ရွှေရောင် ရောစပ်ထားသော ဝတ်ရုံကို ဝတ်ဆင်ထားသည့် အရပ်ရှည်ရှည် လူတစ်ဦး လင်းချန်အနီးသို့ ချဉ်းကပ်လာခဲ့ပြီး ညင်သာစွာ ပြောလိုက်သည်။

“ချန်အာ... ငါတို့ မတွေ့ရတာ နှစ်ပေါင်း သုံးထောင်ရှိပြီ။ သား အဖေ့ကို လွမ်းနေခဲ့ရဲ့လား။”

အသံမှာ တိုးညင်းသော်လည်း သူ၏ မျက်လုံးများထဲတွင် ကြည်နူးမှုနှင့် တမ်းတမှုများ ပြည့်နှက်နေခဲ့သည်။ ပတ်ဝန်းကျင်မှ ပညာရှင်များသည် ဖခင်နှင့် သားဖြစ်သူအတွက် နေရာဖယ်ပေးကာ ဆုတ်ခွာသွားကြတော့လေသည်။

ရင်းနှီးသော မျက်နှာကို မြင်လိုက်ရသောအခါ လင်းချန် ပြုံးလိုက်မိ၏။

“အဖေ...နှစ်ပေါင်းသုံးထောင်ကြာပြီးတာတောင် အဖေကတော့ အရင်အတိုင်း ခန့်ညားနေတုန်းပဲ။”

ဤသူမှာ အခြားသူမဟုတ်ပေ။ သူ၏ဖခင်၊ ရှေးဟောင်းဖုန်းဆိုး လင်းမျိုးနွယ်စု၏ မျိုးနွယ်စုခေါင်းဆောင် လင်းဟောက်ရန်ပင် ဖြစ်သည်။ သူသည် နတ်ဘုရားနယ်ပယ် တွင် ရှိနေသည့် အားကောင်းသော တည်ရှိမှုတစ်ခုဖြစ်သည်။ သူသည် တာအိုပြည်နယ် သုံးထောင်အတွင်း ကွာစီဧကရာဇ်အောက်တွင် နံပါတ်တစ်ဟု ကျော်ကြားသူလည်း ဖြစ်သည်။

လင်းဟောက်ရန်ကလည်း သားဖြစ်သူ၏ စကားကြောင့် ပြုံးလိုက်မိ၏။

“ချန်အာ သွားကြစို့။ ဒီနေ့က ငါတို့ လင်းမိသားစုရဲ့ ပါရမီရှင်တွေ ပထမစီကွမ်နေရာအတွက် ယှဉ်ပြိုင်ကြမယ့်နေ့ပဲ။”

“နတ်ဘုရားသားတော် တစ်ယောက်အနေနဲ့ လင်းမိသားစုရဲ့ လက်ရှိပါရမီရှင်တွေကို မင်း သွားကြည့်သင့်တယ်။ အနာဂတ်မှာ သူတို့တွေက သားရဲ့လက်အောက်မှာ အမှုထမ်းမယ့်သူတွေပဲ။”

ပထမစီကွမ်နေရာအတွက် ယှဉ်ပြိုင်ခြင်းလား။

ထိုစကားလုံးကို ကြားလိုက်ရသောအခါ လင်းချန်၏ မျက်လုံးထဲ၌ လွမ်းဆွတ်တမ်းတမှုများ ဖြစ်ပေါ်လာခဲ့သည်။ သူ မှတ်မိသလောက်ဆိုလျှင် လွန်ခဲ့သော နှစ်ပေါင်းများစွာက တာအိုပြည်နယ် သုံးထောင်အတွင်းရှိ ဂိုဏ်းအသီးသီးမှ စီကွမ်ဟု ခေါ်သော ပါရမီရှင်ပေါင်းများစွာကို သူ အနိုင်ယူခဲ့ဖူးသည်။

ပထမစီကွမ်ဆိုသည်မှာ အဖွဲ့အစည်းတစ်ခုအတွင်း အားအကောင်းဆုံး တပည့်များ၏ အဆင့်အတန်း ဖြစ်သည်။ သို့သော် ယနေ့သည် သူ၏ မိသားစုဝင်များ ယှဉ်ပြိုင်သည့်နေ့ဖြစ်သဖြင့် နတ်ဘုရားသားတော်တစ်ပါးအနေဖြင့် သူသွားရောက် ကြည့်ရှုသင့်ပေသည်။

ရုတ်တရက် လင်းချန်၏ စိတ်ထဲ၌ စနစ် ၏အသံ ထွက်ပေါ်လာခဲ့သည်။

“အိမ်ရှင်သည် ရှေးဟောင်းဖုန်းဆိုး လင်းမိသားစု၏ တားမြစ်နယ်မြေအတွင်း ရောက်ရှိနေကြောင်း ထောက်လှမ်းမိပါသည်။ သင် လက်မှတ်ထိုးဝင်နိုင်ပါပြီ။”

“အိမ်ရှင် ယခု လက်မှတ်ထိုး ဝင်လိုပါသလား။”

လင်းချန် အံ့သြသွားခဲ့သည်။ သူ၏ အနှိုင်းမဲ့ စနစ်အကြောင်း သူ မေ့လုနီးပါး ဖြစ်နေခဲ့၏။ သူသည် ယခင်ကတည်းက ပြိုင်ဘက်ကင်းခဲ့သူ ဖြစ်ခဲ့သော်လည်း စနစ်၏ လုပ်ဆောင်ချက်များကို စမ်းသပ်ကြည့်ရန်လည်း စိတ်ဝင်စားမိသည်။

“အင်း လက်မှတ်ထိုး ဝင်မယ်။”

လင်းချန်က စိတ်ထဲမှ အမိန့်ပေးလိုက်သည်။

“လက်မှတ်ထိုးဝင်ခြင်း အောင်မြင်ပါသည်။ ဂုဏ်ယူပါတယ် အိမ်ရှင်။ သင်သည် မွေးရာပါ ဧကရာဇ်လက်နက် - ကောင်းကင်သတ်ဓားကို ရရှိသွားပါပြီ။”

“အနာဂတ်တွင် အိမ်ရှင်အနေဖြင့် ထူးခြားသော နေရာများသို့ ရောက်ရှိပါက လက်မှတ်ထိုးဝင်ရန် အခွင့်အရေးကို ရရှိမည်ဖြစ်သည်။”

မွေးရာပါ ဧကရာဇ်လက်နက်လား။

လင်းချန် အနည်းငယ် အံ့အားသင့်သွား၏။ ဤစနစ်မှာ တကယ်ပင် မခေလှချေ။ ပထမဆုံးရရှိသော ဆုလာဘ်မှာပင် ဧကရာဇ်လက်နက် ဖြစ်နေသည်။ ဤသည်မှာ မဟာဧကရာဇ်များပင် အချိန်အကြာကြီး အားစိုက်ထုတ်၍ ဖန်တီးရသော လက်နက်မျိုး ဖြစ်သည်။ အထူးသဖြင့် မွေးရာပါ လက်နက်ဖြစ်၍ သာမန်ဧကရာဇ်လက်နက်များထက် ပိုမိုစွမ်းအားကြီးမားမည်ဖြစ်သည်။

လင်းချန် အတွေးထဲ နစ်နေသည်ကို မြင်သောအခါ လင်းဟောက်ရန်က စိုးရိမ်တကြီး မေးလိုက်သည်။

“ချန်အာ... တစ်ခုခုကို စဉ်းစားနေတာလား။”

လင်းချန် သတိပြန်ဝင်လာပြီး ပြုံးပြလိုက်၏။

“သား တစ်ခုခု ရောက်လာမှာကို စောင့်နေတာပါ။ အဲ့ဒါ ရောက်လာရင် သားတို့ သွားလို့ရပါပြီ။”

တစ်ခုခုလား။ အဲ့ဒါက ဘာဖြစ်မလဲ။

လင်းဟောက်ရန်သာမက ကျန်ပညာရှင်များမှာ နားမလည်နိုင် ဖြစ်သွားခဲ့ကြ၏။

ထိုစဉ် တားမြစ်နယ်မြေအတွင်း၌ စူးရှသော ဓားဟစ်သံတစ်ခု ပေါ်ထွက်လာခဲ့သည်။

“ဝှစ်...”

လေးပေခန့် ရှည်လျားပြီး အနက်ရောင်အလင်းတန်းများ ဖြာထွက်နေသည့် စစ်သုံးဓားတစ်လက်သည် လေထုကို ထိုးခွဲကာ လင်းချန်၏ ရှေ့မှောက်သို့ ရောက်ရှိလာ၏။ ဓားပေါ်မှ အနှိုင်းမဲ့ ဧကရာဇ်အရှိန်အဝါများကြောင့် တားမြစ်နယ်မြေတစ်ခုလုံး တုန်လှုပ်သွားခဲ့ရသည်။

ဧကရာဇ်လက်နက်...။

အနက်ရောင် စစ်သုံးဓားမကြီးပေါ်တွင် အနှိုင်းမဲ့ပြီး အစွမ်းထက်လှသော အရှိန်အဝါတစ်ခုသည် ဖုံးကွယ်ထားခြင်းမရှိဘဲ ပွင့်ထွက်လာခဲ့ပြီး သန့်ရှင်းစင်ကြယ်လှသော ဧကရာဇ်အရှိန်အဝါ လှိုင်းလုံးကြီးများက တားမြစ်နယ်မြေတစ်ခုလုံးကို လွှမ်းခြုံသွားခဲ့သည်။

ထိုအခိုက်အတန့်တွင် တားမြစ်နယ်မြေအတွင်းရှိ နတ်ဘုရားအလင်းတန်းများ အားလုံး မှေးမှိန်သွားပြီး တောက်ပသောအနက်ရောင် အလင်းတန်းများနှင့်အတူ ထွန်းလင်းနေသော ဤအနက်ရောင်စစ်သုံးဓားမကြီး တစ်လက်တည်းသာ ကျန်ရှိတော့သည်။

ကျွမ်းကျင်သူအားလုံးသည် ဤရုတ်တရက်ဖြစ်ပေါ်လာသော မြင်ကွင်းကြောင့် ဆွဲဆောင်ခြင်းခံလိုက်ရပြီး သူတို့၏မျက်လုံးများသည် အနက်ရောင်စစ်သုံးဓားမကြီးပေါ်သို့ တညီတညွတ်တည်း ကျရောက်သွားခဲ့ကြသည်။

အနက်ရောင်စစ်သုံးဓားမကြီးထံမှ ထွက်ပေါ်လာသော စင်ကြယ်သည့် ဧကရာဇ်အရှိန်အဝါကို ခံစားလိုက်ရချိန်တွင် ကျွမ်းကျင်သူအားလုံး တုန်လှုပ်သွားကြတော့လေသည်။

နတ်ဘုရားသားတော် ရှေ့တွင် ရုတ်တရက် ထွက်ပေါ်လာသော ဤအနက်ရောင်စစ်သုံးဓားကြီးသည် အမှန်တကယ်ပင် အစွမ်းထက်လှသော ဧကရာဇ်လက်နက်တစ်ခု ဖြစ်နေခဲ့လေသည်။ ကြည့်ရသလောက်ဆိုလျှင် ၎င်းသည် ပိုင်ရှင်မဲ့နေသည့် မွေးရာပါဧကရာဇ်လက်နက်တစ်ခုပင်။

နတ်ဘုရားသားတော်သည် နတ်ဘုရားအရင်းအမြစ်မှ နိုးထလာသည်နှင့် မွေးရာပါဧကရာဇ်လက်နက်တစ်ခုက သူ့အား သခင်အဖြစ် အသိအမှတ်ပြုရန် ကောင်းကင်ယံကို ဖြတ်သန်းပျံသန်းလာခဲ့ခြင်းလော။

အမှန်တကယ်ပင် ကြောက်မက်ဖွယ်ကောင်းလောက်အောင် ထူးခြားလှပေသည်။

အခြားကျွမ်းကျင်သူများနှင့်မတူဘဲ လင်းချန်၏ မျက်နှာတွင်မူ မည်သည့်တုန်လှုပ်မှုမျှမရှိဘဲ နက်ရှိုင်းသော စူးစမ်းလိုစိတ်သာ ရှိနေခဲ့သည်။

သူသည် ယခင်က ဧကရာဇ်လက်နက်တစ်ခုကို တစ်ခါမျှ မပိုင်ဆိုင်ခဲ့ဖူးချေ။

သူသည် လက်ကိုဆန့်ထုတ်ကာ အနက်ရောင်စစ်သုံးဓားမကြီး၏ ဓားရိုးပေါ်သို့ တင်လိုက်ပြီး စမ်းသပ်သည့်အနေဖြင့် မေးလိုက်သည်။

“မင်းက... ကောင်းကင်သတ်ဓားလား။”

“ဝုန်း... ဝုန်း... ဝုန်း။”

“ရွှစ်...”

လင်းချန်၏လက် ကောင်းကင်သတ်ဓား၏ ဓားရိုးကို ထိလိုက်သည်နှင့် ၎င်းသည် စိတ်လှုပ်ရှားနေသကဲ့သို့ ပြင်းထန်စွာ တုန်ခါလာ၏။

အတိုင်းအဆမဲ့သော ဓားစွမ်းအင်များ ပေါက်ကွဲထွက်လာပြီး တားမြစ်နယ်မြေအတွင်းရှိ ဟင်းလင်းပြင်ကို ပိုင်းဖြတ်ကာ အနက်ရောင် ဟင်းလင်းပြင်အက်ကွဲကြောင်းများကို ဖြစ်ပေါ်စေခဲ့သည်။

တစ်ချိန်တည်းမှာပင် လင်းချန်သည် သူနှင့် ကောင်းကင်သတ်ဓားကြားတွင် စိတ်ပိုင်းဆိုင်ရာ ဆက်နွယ်မှုတစ်ခု ဖြစ်ပေါ်လာသည်ကို ခံစားလိုက်ရသည်။

ကောင်းကင်သတ်ဓားသည် သူ့ကို သခင်အဖြစ် တက်ကြွစွာ အသိအမှတ်ပြုလိုက်ပြီဖြစ်သည်။

ထိုအခိုက်အတန့်တွင် တားမြစ်နယ်မြေ၏ အပြင်ဘက်ရှိ ရှေးဟောင်းဖုန်းဆိုး လင်းမိသားစု၏ ကောင်းကင်ယံ၌ ကောင်းကင်ဖြစ်စဉ်အမျိုးမျိုးသည် ပျောက်ကွယ်သွားကာစ ရှိသေးသော်လည်း အတိုင်းအဆမဲ့သော အနက်ရောင်စစ်သုံးဓားမကြီး၏ ပုံရိပ်ယောင်တစ်ခု ထပ်မံပေါ်ပေါက်လာခဲ့ပြန်သည်။

အနက်ရောင်စစ်သုံးဓားမကြီးသည် ထာဝရကာလများကို သတ်ဖြတ်ပြီး အချိန်မြစ်ကြီးကို ဖောက်ထွက်လာသည့်အလား ကောင်းကင်နှင့် မြေကြီးကြားတွင် တစ်ခုတည်းသော အရာအဖြစ် တည်ရှိနေခဲ့သည်။

ဤမြင်ကွင်းကို မြင်လိုက်ရသော လင်းမိသားစုမှ တပည့်များသည် သူတို့လုပ်လက်စများကို ရပ်တန့်လိုက်ကြပြီး အနက်ရောင်စစ်သုံးဓားမကြီး၏ ဖြစ်စဉ်ကို တုန်လှုပ်စွာ ကြည့်ရှုနေခဲ့ကြသည်။

ဤအနက်ရောင်စစ်သုံးဓားမကြီးထံမှ သူတို့သည် စင်ကြယ်လှသော ဓားလမ်းစဉ် အရှိန်အဝါနှင့်အတူ... ဧကရာဇ်အရှိန်အဝါ ကိုပါ ခံစားမိနေကြသည်။

ဒါက...ဧကရာဇ်လက်နက်တစ်ခုက သခင်ကို အသိအမှတ်ပြုတဲ့ ဖြစ်စဉ်ပဲ။

သို့သော် သူတို့၏ လင်းမိသားစုသည် ထိုကဲ့သို့သော ဧကရာဇ်လက်နက် အနက်ရောင်စစ်သုံးဓားမကြီး မည်သည့်အချိန်က ရရှိခဲ့သနည်း။

အရေးကြီးဆုံးမှာ ဤဧကရာဇ်လက်နက်သည် မည်သူ့ကို သခင်အဖြစ် အသိအမှတ်ပြုလိုက်ခြင်းနည်း။

၎င်းသည် သူတို့၏ အသစ်တဖန် နိုးထလာသော နတ်ဘုရားသားတော်လော။

လင်းမိသားစု၏ လက်ရှိပါရမီရှင်အချို့သည် ထိုသို့တွေးမိသွားကြကာ သူတို့၏မျက်လုံးထဲ၌ တုန်လှုပ်မှုများ ဖြတ်ပြေးသွားတော့သည်။

သူတို့၏ နတ်ဘုရားသားတော်သည် အမှန်တကယ်ပင် ကောင်းကင်ကို ဆန့်ကျင်နိုင်လောက်အောင် စွမ်းအားကြီးနေခြင်းလော။

လင်းမိသားစုအတွင်း၌သာမက တာအိုပြည်နယ်သုံးထောင် အတွင်းရှိ မရေမတွက်နိုင်သော ရှေးဟောင်းပုဂ္ဂိုလ်ကြီးများကလည်း ဤအရာကို သတိပြုမိသွားကြပြီး တိတ်ဆိတ်သွားခဲ့ကြသည်။

အမြဲတမ်း အေးအေးဆေးဆေးနေတတ်သော ရှေးဟောင်းဖုန်းဆိုး လင်းမိသားစုသည် ရွှေရောင်ခေတ်ကြီး ရောက်ခါနီးတွင် သူတို့၏ အစွယ်များကို ထုတ်ပြတော့မည်လော။

ဧကရာဇ်လက်နက်တစ်ခုက သခင်ကို တက်ကြွစွာ အသိအမှတ်ပြုခြင်းဆိုသည်မှာ တာအိုပြည်နယ်သုံးထောင်တွင် မဖြစ်ပေါ်ခဲ့သည်မှာ ကြာလှပြီဖြစ်သည်။

တားမြစ်နယ်မြေအတွင်း၌ လင်းချန်သည် အတွေးတစ်ခုဖြင့် ကောင်းကင်သတ်ဓားကို သူ၏ တန်ထျန်အတွင်းသို့ ထည့်သွင်းလိုက်သည်။

သူသည် သူ့ကို မော့ကြည့်လိုက်ပြီး တုန်လှုပ်နေသော လင်းမိသားစု ကျွမ်းကျင်သူများနှင့် လင်းဟောက်ရန် တို့ကို သွားပေါ်အောင် ပြုံးပြလိုက်၏။

“သွားကြစို့။ ကျုပ်တို့ လင်းမိသားစုရဲ့ ပါရမီရှင်တွေ ပထမစီကွမ်နေရာအတွက် ယှဉ်ပြိုင်နေတာကို သွားကြည့်ကြရအောင်။”

ထိုသို့ပြောပြီးနောက် သူသည် တားမြစ်နယ်မြေအပြင်ဘက်သို့ ပထမဆုံးခြေလှမ်းကို လှမ်းလိုက်ပြီး အံ့အားသင့်လွန်း၍ စကားမပြောနိုင်ဖြစ်နေသော လင်းမိသားစု ကျွမ်းကျင်သူများကို ချန်ထားရစ်ခဲ့သည်။

ကျွမ်းကျင်သူများသည် တစ်ယောက်ကိုတစ်ယောက် ကြည့်လိုက်ကြပြီး အားလုံး၏မျက်နှာ၌ ထိတ်လန့်ကြောက်ရွံ့သော အမူအရာများ ရှိနေခဲ့ကြသည်။

သူတို့၏ နတ်ဘုရားသားတော်သည် လွန်ခဲ့သော နှစ်ပေါင်းသုံးထောင်ကထက်ပင် ပိုမိုကြောက်မက်ဖွယ်ကောင်းလာခဲ့ပြီဖြစ်သည်။

All Chapters