← Chapters

အခန်း (၅-၆)

Vol. 1 Ch. 5-6

အခန်း (၅-၆)

Vol. 1 Ch. 5-6

အခန်း ၅- မင်းတို့သုံးယောက် မဆိုးဘူး၊ လင်ထင်ထောင်း မင်း ငါ့ရဲ့နောက်လိုက်လုပ်ဖို့ ဆန္ဒရှိလား

အလင်းပေါက် အကာအကွယ်ဒိုင်းအတွင်းရှိ ကြီးမားလှသော တိုက်ပွဲကွင်းပြင်ကြီးမှာ နေရာအနှံ့ ပေါက်ပြဲနေပြီး ကြောက်မက်ဖွယ်ကောင်းသော အရှိန်အဝါများဖြင့် ပြည့်နှက်နေခဲ့သည်။

သို့သော် နေရာတစ်ခုတည်းမှာမူ အစမှအဆုံးတိုင် တည်ငြိမ်နေပြီး မည်သည့်ထိခိုက်ပျက်စီးမှုမျှ မရှိဘဲ ကျန်ရှိနေသည်မှာ ကွင်းပြင်နှင့် သီးခြားကမ္ဘာတစ်ခုသဖွယ်ပင် ဖြစ်နေ၏။

လင်းထင်ထောင်းသည် သူ၏မျက်လုံးများကို အသာမှိတ်ကာ ထိုနေရာတွင်ပင် ရပ်နေပြီး သူ၏ ခန္ဓာကိုယ်မှ မည်သည့်အရှိန်အဝါ လှုပ်ရှားမှုမျှ ထွက်ပေါ်နေခြင်းမရှိပေ။ သို့သော် အနီးနားသို့ ရောက်ရှိလာသော တိုက်ပွဲ၏ တုန်ခါမှုလှိုင်းများသည် သူ့ထံသို့ မချဉ်းကပ်နိုင်မီမှာပင် အလိုအလျောက် ပျောက်ကွယ်သွားရကာ သူ့ကို အနည်းငယ်မျှ မထိခိုက်စေနိုင်ကြပေ။

အပြင်ဘက်မှ အငြင်းပွားမှုများသည် သူနှင့်မသက်ဆိုင်သကဲ့သို့ သူသည် ရုန်းရင်းဆန်ခတ် တိုက်ပွဲကြီး ပြီးဆုံးသွားမည့်အချိန်ကိုသာ တည်ငြိမ်စွာ စောင့်ဆိုင်းနေခဲ့သည်။

အတန်ကြာသောအခါ လင်းထင်ထောင်းသည် မျက်လုံးများကို ဖြည်းညှင်းစွာ ဖွင့်လိုက်ပြီး အေးစက်စွာ ပြောလိုက်သည်။

“နောက်ဆုံးတော့ ပြီးသွားပြီပေါ့။”

ကွင်းပြင်တစ်ခုလုံးကို ဝေ့ကြည့်လိုက်ရာ ကျယ်ပြောလှသော ဟင်းလင်းပြင်ထဲတွင် သူမှလွဲ၍ အခြားလူ နှစ်ဦးသာ ကျန်ရှိတော့သည်ကို တွေ့လိုက်ရလေသည်။ ထိုသူနှစ်ဦးမှာ အမျိုးသားတစ်ဦးနှင့် အမျိုးသမီးတစ်ဦးဖြစ်ပြီး သူတို့၏ အရှိန်အဝါများမှာ ကစဉ့်ကလျား ဖြစ်နေကာ ဝတ်ရုံများမှာလည်း စုတ်ပြဲလျက် သွေးစွန်းရာများ ထင်ကျန်နေ၏။ သူတို့သည် အလွန်ခက်ခဲသော တိုက်ပွဲတစ်ခုကို ရင်ဆိုင်ခဲ့ရသည်မှာ ထင်ရှားလှပေသည်။

သို့သော် ယခုအချိန်တွင် ဒဏ်ရာရထားသော ထိုနှစ်ဦး၏ မျက်နှာထက်၌ တောက်ပသော အပြုံးများ ပြည့်နှက်နေခဲ့သည်။ သူတို့သည် အဆုံးတိုင် တိုက်ခိုက်နိုင်ခဲ့ကြပြီး ပထမမျိုးဆက်၏ ထိပ်သီးသုံးဦး ဖြစ်လာခဲ့ချေပြီ။

တစ်နည်းအားဖြင့် သူတို့သည် မိသားစု၏ သူတော်စင်နှင့် သူတော်စင်မ ဘွဲ့ထူးများကို ရရှိတော့မည် ဖြစ်သည်။

သူတော်စင်နှင့် သူတော်စင်မများသည် မြင့်မားသော အဆင့်အတန်းရှိပြီး ကျင့်ကြံခြင်း အရင်းအမြစ်များနှင့် မိသားစု၏ ထောက်ပံ့မှုများကို ပိုမိုရရှိနိုင်ကြသည်။ ရွှေခေတ်ကြီး ရောက်ရှိလာသည်နှင့်အမျှ သူတို့၏ အနာဂတ်မှာလည်း တောက်ပနေတော့မည် ဖြစ်သည်။ ရှေးဟောင်းလူထူးဆန်းများကို ရင်ဆိုင်ရလျှင်ပင် သူတို့တွင် အမီလိုက်နိုင်မည့် အခွင့်အရေး ရှိနေသေးသည်။

ထိုအချိန်တွင် လင်းကျင်း၏ ခံ့ညားနက်ရှိုင်းသော အသံမှာ ကွင်းပြင်ကြီးအတွင်း သင့်တော်စွာ ထွက်ပေါ်လာခဲ့သည်။

“မင်းတို့ သုံးယောက်ဟာ ဒီ ပထမစီကွမ်ပြိုင်ပွဲရဲ့ ထိပ်သီးသုံးဦးအနေနဲ့ သူတော်စင်နဲ့ သူတော်စင်မ ဘွဲ့ထူးတွေကို ချီးမြှင့်ခြင်း ခံရမယ်။”

ထိုအသံထွက်ပေါ်လာသည်နှင့် အလင်းပေါက် အကာအကွယ်ဒိုင်းမှာ စတင်ပျောက်ကွယ်သွားပြီး မိုင်ပေါင်းထောင်ချီ ကျယ်ဝန်းသော ကွင်းပြင်ကြီးမှာလည်း မူလအရွယ်အစားသို့ ပြန်လည်ရောက်ရှိသွားတော့သည်။ သူတော်စင်အပေါင်းတို့၏ ရင်ပြင် ဗဟိုဧရိယာ၌ လင်းထင်ထောင်းနှင့် ကျန်နှစ်ဦးမှာ အပြုံးကိုယ်စီဖြင့် ယှဉ်တွဲရပ်နေခဲ့ကြသည်။

လင်းထင်ထောင်းအတွက်ပင် သူတော်စင်ဘွဲ့ ရရှိခြင်းမှာ ပျော်ရွှင်စရာတစ်ခု ဖြစ်သည်။ သို့သော် သူတို့ အနည်းငယ် ဇဝေဇဝါ ဖြစ်နေမိသည်မှာ သူတော်စင်ပြိုင်ပွဲ ပြီးဆုံးသွားသော်လည်း ရင်ပြင်တစ်ခုလုံးမှ မည်သည့် ဂုဏ်ပြုသံမျှ ထွက်ပေါ်မလာခြင်းပင် ဖြစ်သည်။

ဂုဏ်ပြုသံများ မရှိရုံသာမက တစ်ရင်ပြင်လုံးမှာ သေလူကဲ့သို့ ငြိမ်သက်နေခဲ့သည်။ ပြိုင်ပွဲမှ ရှုံးနိမ့်သွားသော အခြားပါရမီရှင်များ၏ မျက်နှာများမှာလည်း ထူးဆန်းသော အမူအရာများ ဖြစ်နေကြလေသည်။

နောက်အခိုက်အတန့်တွင် သူတို့သုံးဦးစလုံး တစ်ခုခုကို အာရုံခံမိသကဲ့သို့ စင်မြင့်ထက်သို့ တစ်ပြိုင်နက်တည်း ကြည့်မိလိုက်ကြ၏။ ပုံမှန်ဆိုလျှင် မိသားစု အကြီးအကဲများ ဤမျှအထိ အများအပြား ရှိမနေသင့်ကြောင်း သူတို့ မှတ်မိလိုက်သည်။

မိသားစုခေါင်းဆောင် ရှိနေသလို၊ သာမန်နေ့များတွင် တွေ့ရခဲလှသော အကြီးအကဲများပါ ရောက်ရှိနေကြသည်။ ကြည့်ရသည်မှာ အကြီးအကဲအားလုံး ရောက်နေကြပုံရပြီး တစ်ယောက်မျှပင် ကျန်ရစ်ခြင်း မရှိပေ။

ထိုမြင်ကွင်းကို မြင်လိုက်ရသောအခါ သူတို့သုံးဦးစလုံး ထိတ်လန့်သွားကြ၏။ လင်းမိသားစု၏ အကြီးအကဲတိုင်းမှာ နတ်ဘုရားနယ်ပယ် ကျွမ်းကျင်သူများ ဖြစ်ကြပြီး ထိပ်သီးအဆင့်သို့ ရောက်နေသူများမှာလည်း မနည်းပေ။

အရေးကြီးဆုံးမှာ သူတို့သည် အလွန် ရှေးကျသူများဖြစ်ပြီး အတုအယောင်ဧကရာဇ်အဆင့် ဘိုးဘေးများ ပြီးလျှင် အဆင့်အတန်း အမြင့်ဆုံးသူများ ဖြစ်ကြ၏။ သူတို့ကဲ့သို့ ပါရမီရှင်များ၏ ပြိုင်ပွဲမှာ ထိုအကြီးအကဲအားလုံးကို နှိုးဆော်နိုင်လောက်သည့် အခြေအနေမျိုး မဟုတ်ပေ။

ထိုအချိန်တွင် လင်းထင်ထောင်းမှာ တစ်ခုခု မှားယွင်းနေသည်ကို သတိပြုမိသွားပြီး မျက်မှောင်ကြုတ်လိုက်မိသည်။ ချောမောခန့်ညားသော လူငယ်တစ်ဦးသည် မိသားစုခေါင်းဆောင်နှင့် အကြီးအကဲများ၏ အရှေ့တွင် ရပ်နေသည်ကို သူ တွေ့လိုက်ရသည်။

“ဘာလို့ မိသားစုခေါင်းဆောင်နဲ့ အကြီးအကဲတွေ အားလုံးက အဲ့ဒီလူငယ်ရဲ့ နောက်မှာ ရှိနေတာလဲ။”

“မိသားစုခေါင်းဆောင်တင် မဟုတ်ဘူး။ ဟို ရှေးဟောင်းလူထူးဆန်း ငါးယောက်တောင် သူ့အပေါ် အလွန် ရိုသေနေပုံရတယ်။”

“ဒီလူက... ဘယ်သူလဲ။”

သူ့အသံမှာ သံသယများဖြင့် ပြည့်နှက်နေခဲ့သည်။ သူ စကားဆုံးသည်နှင့် ဘေးရှိ ပါရမီရှင်နှစ်ဦး၏ မျက်နှာများ ရုတ်တရက် ပြောင်းလဲသွား၏။

သူတို့ သတိရသွားချေပြီ။

ဒီနေ့ဟာ သူတို့၏ ပြိုင်ပွဲနေ့တင် မဟုတ်ဘဲ နှစ်ပေါင်း သုံးထောင်ကြာ ချိတ်ပိတ်ထားခဲ့သည့် ပြိုင်ဘက်ကင်း နတ်ဘုရားသားတော နိုးထလာမည့် အချိန်ပင်ဖြစ်သည်။

အစောပိုင်းက ပြိုင်ပွဲပြီးဆုံးချိန်တွင် နတ်ဘုရားသားတော် နိုးထလာပြီ ဖြစ်ကြောင်း၊ ဧကရာဇ်အဆင့် လက်နက်တစ်ခုက သခင်အဖြစ် အသိအမှတ်ပြုခဲ့ပြီး ကောင်းကင်ဖြစ်စဉ်များ ပေါ်ပေါက်ခဲ့ကြောင်း သူတို့ အာရုံခံမိခဲ့ကြသည်။

ဖြစ်နိုင်တာက....

သူတို့နှစ်ဦး အချင်းချင်း ကြည့်မိလိုက်ကြပြီး တံတွေးကို ခက်ခက်ခဲခဲ မျိုချမိလိုက်ကြ၏။ မိသားစုခေါင်းဆောင်နှင့် အကြီးအကဲများကို သူ့နောက်တွင် ရပ်နေစေနိုင်ပြီး ရှေးဟောင်းလူထူးဆန်းများကိုပင် ရိုသေစေနိုင်သော လူငယ်...။

ဒီလူငယ်က ငါတို့ လင်းမိသားစုရဲ့ ပြိုင်ဘက်ကင်း နတ်ဘုရားသားတော်လား။ နတ်ဘုရားသားတော်က ငါတို့ရဲ့ သူတော်စင်ပြိုင်ပွဲကို ကိုယ်တိုင်လာကြည့်နေတာလား။

ထိုသို့တွေးလိုက်မိသည်နှင့် များသောအားဖြင့် တည်ငြိမ်လှသော ပါရမီရှင်နှစ်ဦးမှာ ရင်ခုန်သံများ မြန်လာကာ တုန်လှုပ်လာခဲ့ကြသည်။ သူတို့ ဤသို့ မဖြစ်ချင်သော်လည်း ထိုသူမှာ နတ်ဘုရားသားတော် ဖြစ်နေသည်လေ။

လင်းထင်ထောင်းသည်လည်း သူတို့၏ အမူအရာများကို သတိထားမိသွားပြီး ထိုအချက်ကို တွေးမိသွားကာ သူ၏ ခန္ဓာကိုယ်မှာ စိတ်လှုပ်ရှားမှုကြောင့် စတင်တုန်ယင်လာခဲ့သည်။

ထိုလူငယ်သည် တကယ်ပဲ ပြိုင်ဘက်ကင်း နတ်ဘုရားသားတော်လော။

သူ့ကို ကျင့်ကြံခြင်းတွင် အမြဲတမ်း ခွန်အားပေးခဲ့သည့် နတ်ဘုရားသားတော်... လင်းချန်။

ရင်ပြင်တစ်ခုလုံး သေလူကဲ့သို့ ငြိမ်သက်နေဆဲဖြစ်ပြီး လင်းမိသားစုဝင်အားလုံးမှာ စကားတစ်လုံးမျှ မပြောဘဲ ပြုံးနေခဲ့ကြ၏။ သူတော်စင်နှင့် သူတော်စင်မများကို ရွေးချယ်ပြီးပြီဖြစ်ရာ လင်းမိသားစု၏ ပါရမီရှင်များအားလုံး ယခုအချိန်တွင် စုဝေးမိသွားကြပြီဖြစ်သည်။ သူတော်စင်အသစ် သုံးဦးသည် နတ်ဘုရားသားတော်ကို မြင်လိုက်ရလျှင် မည်သို့သော အမူအရာမျိုး ဖြစ်သွားမည်ကို သူတို့ သိချင်နေကြသည်။

စင်မြင့်ထက်တွင်မူ...

လင်းဟောက်ရန်နှင့် အကြီးအကဲများအုပ်စုမှာ စကားတစ်ခွန်းမျှ မပြောဘဲ လင်းချန်ထံသို့သာ အကြည့်များကို ပို့ထားလိုက်ကြသည်။ အစောပိုင်းက လင်းချန်သည် လင်းထင်ထောင်းကို သူ၏ နောက်လိုက်အဖြစ် ခေါ်ယူရန် ဆန္ဒရှိကြောင်း ပြောခဲ့ဖူးသည်။ အခု ပြိုင်ပွဲပြီးပြီဖြစ်ရာ မေးမြန်းရမည့်အချိန် ရောက်လာခဲ့ချေပြီ။

လင်းချန်သည် လင်းထင်ထောင်းနှင့် ကျန်နှစ်ဦးကို ကြည့်ပြီး ကျေနပ်စွာ ခေါင်းညိတ်ကာ ခပ်ဖွဖွ ရယ်မောလိုက်သည်။

“မင်းတို့ သုံးယောက် မဆိုးဘူး။”

ထိုအသံမှာ နူးညံ့သော်လည်း ရင်ပြင်တစ်ခုလုံးတွင် ဟိန်းထွက်သွားကာ လင်းမိသားစုဝင် အားလုံး၏ နားထဲသို့ ရောက်ရှိသွားခဲ့သည်။ ရင်ပြင်ဗဟိုရှိ လင်းထင်ထောင်းနှင့် ကျန်နှစ်ဦးမှာ ထိုချီးကျူးသံကြောင့် ရုတ်တရက် အံ့အားသင့်သွားကြ၏။ အရင်က လူပေါင်းများစွာ သူတို့ကို ချီးကျူးခဲ့ဖူးသော်လည်း ယခုကဲ့သို့ တစ်ခါမျှ မခံစားခဲ့ရဖူးပေ။

အခြေအနေအားလုံးကို ခြုံငုံကြည့်လိုက်လျှင် ဤချောမောခန့်ညားသော လူငယ်မှာ နှစ်ပေါင်း သုံးထောင်ကြာ ချိတ်ပိတ်ထားခဲ့သော မိသားစု၏ ပြိုင်ဘက်ကင်း နတ်ဘုရားသားတော်ဖြစ်ကြောင်းကြောင်း သူတို့ သေချာသွားချေပြီ။ ဒဏ္ဍာရီထဲတွင်သာ တည်ရှိသော နတ်ဘုရားသားတော်က ယခု သူတို့ကို ကိုယ်တိုင် ချီးကျူးစကား ပြောနေခြင်းပင်။

ထိုသုံးဦး ဘာမှပြန်မပြောနိုင်သေးမီမှာပင် စင်မြင့်ထက်ရှိ လင်းချန်သည် ခြေတစ်လှမ်း လှမ်းလိုက်ရုံဖြင့် သူတို့၏ အနားသို့ ရောက်ရှိလာ၏။ ပို၍ တိတိကျကျ ပြောရလျှင် လင်းထင်ထောင်း၏ ရှေ့တည့်တည့်သို့ ရောက်လာခြင်း ဖြစ်သည်။

လင်းထင်ထောင်း၏ အလွန်အမင်း တုန်လှုပ်နေသော အမူအရာကို ကြည့်ရင်း လင်းချန်က နွေးထွေးစွာ ပြုံးပြလိုက်သည်။

“လင်းထင်ထောင်း...မင်း ငါ့ရဲ့နောက်လိုက်အဖြစ် ခံယူပြီး ငါနဲ့အတူ ကျင့်ကြံဖို့ ဆန္ဒရှိလား။”

ထိုစကား ထွက်ပေါ်လာသည်နှင့် တစ်ရင်ပြင်လုံး ရုတ်ရုတ်သဲသဲ ဖြစ်သွားတော့၏။ လင်းမိသားစုဝင် အားလုံးမှာ လင်းချန်နှင့် လင်းထင်ထောင်းကို အံ့အားသင့်စွာ ကြည့်နေမိကြသည်။

သူတို့ ဘာတွေ ကြားလိုက်ရတာလဲ။ နတ်ဘုရားသားတော်က သူတော်စင် လင်းထင်ထောင်းကို သူရြဲ နောက်လိုက်အဖြစ် အလိုရှိတယ်လြို ဆိုလိုက်တာလား။

အကယ်၍ အခြားသူသာ ဤစကားကို ပြောလျှင် ဆဲဆိုခြင်း ခံရမည်မှာ သေချာပေသည်။

ဒီလို မောက်မာတဲ့ စကားမျိုးကို ပြောဖို့ သူတို့က ဘာမို့လို့လဲ။

သို့သော် ယခု ပြောလိုက်သူမှာ နတ်ဘုရားသားတော် လင်းချန် ဖြစ်သည်။ သူတို့သည် မောက်မာသည်ဟု မထင်ရုံသာမက မယုံနိုင်စရာပင် ဖြစ်နေခဲ့ကြ၏။ နတ်ဘုရားသားတော်က သူတော်စင် လင်းထင်ထောင်းကို နောက်လိုက်အဖြစ် ခေါ်ယူရန် တကယ်ပဲ ဆန္ဒရှိနေသည်လော။

ဒဏ္ဍာရီများအရ တစ်ခါက ဂိုဏ်းကြီးတစ်ခုမှ ထာဝရပါရမီရှင်တစ်ဦးသည် နတ်ဘုရားသားတော်၏ နောက်သို့ လိုက်ပါလိုခဲ့၏။ သို့သော် နတ်ဘုရားသားတော် လင်းချန်က စကားတစ်ခွန်းသာ ပြောခဲ့ဖူးသည်။ ထိုစကားမှာ နှစ်ပေါင်း ထောင်ချီတိုင်အောင် လက်ဆင့်ကမ်းလာခဲ့၏။

“မင်းက ငါ့နောက်လိုက် ဖြစ်ချင်တယ်ဆိုရင်တောင်... မင်းမှာ အရည်အချင်း မရှိသေးဘူး။”

အံ့ဩစရာ အကောင်းဆုံးမှာ ထိုထာဝရပါရမီရှင်သည် စော်ကားခံရသည်ဟု မခံစားရဘဲ “မှန်ပါတယ်၊ ကျုပ်ရဲ့ ပါရမီက မဆိုးပေမဲ့ အရှင့်ရဲ့ နောက်လိုက် ဖြစ်ချင်တာက ကျုပ်ဘက်က စိတ်ကူးယဉ်လွန်းရာ ရောက်သွားပါတယ်။” ဟုသာ သက်ပြင်းချကာ ပြောဆိုခဲ့ခြင်းပင်။

ထိုစဉ်က ထိုပါရမီရှင်မှာ ကပ်ဘေးကိုးခုနယ်ပယ်သို့ ရောက်ရှိနေသူ ဖြစ်ပြီး နတ်ဘုရားသားတော် လင်းချန်နှင့် အဆင့်တူ ကျင့်ကြံသူ ဖြစ်သည်။ ကပ်ဘေးကိုးခုနယ်ပယ်မှ ထာဝရပါရမီရှင်ကိုပင် အရည်အချင်းမရှိဟု ဆိုကာ ငြင်းပယ်ခဲ့သော နတ်ဘုရားသားတော်သည် ယခုအခါ ကပ်ဘေးကိုးခုနယ်ပယ်နှင့် ခြေတစ်လှမ်းအလိုသာ ရှိသေးသော လင်းထင်ထောင်းကို နောက်လိုက်အဖြစ် ခေါ်ယူရန် ကိုယ်တိုင် ကမ်းလှမ်းနေခြင်းပင်။

လင်းထင်ထောင်းသည်လည်း သူ၏နားကိုပင် မယုံနိုင်ဖြစ်ကာ ဘေးရှိ ပါရမီရှင်နှစ်ဦးကို ကြောင်ကြည့်လိုက်၏။

“နတ်ဘုရားသားတော် ခုနက ပြောလိုက်တာကို မင်းတို့ သေချာ ကြားလိုက်လား။”

ပါရမီရှင်နှစ်ဦးမှာလည်း ကြောင်အမ်းအမ်းဖြင့် မသိစိတ်မှ ပြန်ဖြေလိုက်ကြသည်။

“နတ်ဘုရားသားတော်က စီနီယာ့ကို သူ့ရဲ့နောက်လိုက် လုပ်စေချင်တယ်လို့ ပြောလိုက်တယ်။”

နတ်ဘုရားသားတော်၏ နောက်လိုက်...။ ငါတို့ ဒီနေ့ အိပ်မက် မက်နေတာလား။ ဘယ်လိုဖြစ်ပြီး ဒီလို စိတ်ကူးယဉ်မှုတွေ ဖြစ်နေရတာလဲ။

သူတို့ စကားကို ကြားပြီးနောက် လင်းထင်ထောင်းသည် လင်းချန်ကို ကြည့်ကာ အထစ်ထစ်ဖြင့် ပြောလိုက်၏။

“နတ်... အရှင်သား နတ်ဘုရားသားတော် ကျုပ်က တကယ်ပဲ အဆင်ပြေပါ့မလား။ ကျုပ်က ကပ်ဘေးကိုးခုနယ်ပယ်ကိုတောင် မရောက်သေးတဲ့သူပါ...။”

သူသည် ယခင်က မည်သည့်အခါမျှ ဤမျှအထိ ယုံကြည်မှု မလျော့နည်းခဲ့ဖူးပေ။

ဒါ အိပ်မက် မဟုတ်ဘူးမလား။

အခုအချိန်တွင် တိုက်ပွဲကွင်းပြင်၌ လင်းထင်ထောင်း ပြသခဲ့သော အေးစက်တည်ငြိမ်မှုများ ဘယ်ရောက်ကုန်ပြီနည်း။ ဆရာ့ရှေ့တွင် ရောက်နေသော ကလေးငယ်တစ်ဦးကဲ့သို့ ရှက်ကြောက်ခြင်းနှင့် တုန်လှုပ်ခြင်းများသာ ရှိတော့သည်။

ထိုအခါ လင်းချန်က ခပ်ဖွဖွ ပြုံးလိုက်၏။

“ကျင့်ကြံမှုအဆင့်က အဓိက မဟုတ်ပါဘူး။ မင်းရဲ့ ရုပ်ခန္ဓာက ငါနဲ့ ဆင်တူသလို ငါနဲ့လည်း ကံပါလာတယ်လို့ ခံစားရတယ်။ အဲ့ဒါကြောင့် ငါ ဖိတ်ခေါ်လိုက်တာပဲ။”

“ကောင်းပြီ... ငါ့နောက်ကို လိုက်ပြီး ငါနဲ့အတူ ကျင့်ကြံဖို့ မင်းမှာ ဆန္ဒရှိရဲ့လား။”

ထိုစကားမှာ အနည်းငယ် မောက်မာသည်ဟု ထင်ရသော်လည်း မည်သူမျှ မသင့်တော်ဟု မခံစားမိကြပေ။ နတ်ဘုရားသားတော် လင်းချန်၏ နှုတ်မှ ထွက်ကျလာသည်ဖြစ်ရာ ဤသည်မှာ သဘာဝကျလှပေသည်။

ထပ်မံ အတည်ပြုချက် ရရှိပြီးနောက် လင်းထင်ထောင်းသည် အိပ်မက် မဟုတ်ကြောင်း သေချာသွားပြီ ဖြစ်သည်။ သူ၏ ခန္ဓာကိုယ်မှာ ပို၍ပင် တုန်ယင်လာခဲ့၏။ သူ ဘာမှ ဆက်မစဉ်းစားတော့ဘဲ ချက်ချင်းပင် ဒူးတစ်ဖက် ထောက်လိုက်ကာ စိတ်လှုပ်ရှား ရိုသေစွာဖြင့် ဂါရဝပြု၍ ပြောလိုက်တော့သည်။

“လင်းထင်ထောင်း... အရှင် နတ်ဘုရားသားတော်ရဲ့ နောက်လိုက်အဖြစ် ခံယူဖို့ အသင့်ပါပဲ။ အခုကစပြီး အရှင် ညွှန်ပြတဲ့နေရာဟာ ကျုပ် သွားရမယ့်နေရာပဲ။”

အခန်း ၆- ကမ္ဘာဦးလက်သီးကို ချီးမြှင့်ခြင်း၊ ရွှေခေတ်ကြီး နီးကပ်လာပြီ

သူ၏စကားသံအဆုံးတွင် “သူတော်စင်အပေါင်းတို့၏ ရင်ပြင်” တစ်ခုလုံး ဟိန်းထွက်သွားတော့၏။ ရှေးဟောင်းဖုန်းဆိုး လင်းမိသားစုဝင်အားလုံးသည် လင်းထင်ထောင်းကို အားကျမနာလိုသော မျက်လုံးများဖြင့် ကြည့်နေခဲ့ကြသည်။

အရှင် နတ်ဘုရားသားတော်၏ နောက်သို့လိုက်၍ ကျင့်ကြံခွင့်ရခြင်းမှာ... ဤကဲ့သို့သော ကောင်းကင်ဘုံကပေးသည့် အခွင့်အလမ်းထူးမျိုးသည် သူတို့ကို တကယ်ပင် မနာလိုဖြစ်စေခဲ့သည်။

သို့သော်လည်း သူတော်စင် လင်းထင်ထောင်းသည် လင်းမိသားစု၏ လက်ရှိမျိုးဆက်တွင် အသန်မာဆုံး ပါရမီရှင်ဖြစ်ပြီး ရှေးဟောင်းလူထူးဆန်းများနှင့်ပင် ရင်ဘောင်တန်းနိုင်သူဖြစ်သည်။ သူသည် နတ်ဘုရားသားတော်၏ ဘေးနားတွင် လိုက်ပါရန် သူတို့ထက် ပို၍ အရည်အချင်းရှိသည်မှာ အမှန်ပင်။

ထို့ပြင် နတ်ဘုရားသားတော်သည် ကပ်ဘေးကိုးခုနယ်ပယ်မှ ထာဝရပါရမီရှင်ကိုပင် လက်မခံခဲ့ဖူးပေ။ ယခု သူတော်စင် လင်းထင်ထောင်းကို နောက်လိုက်အဖြစ် ကိုယ်တိုင်ရွေးချယ်ခဲ့ခြင်းမှာ သူတို့မသိနိုင်သော အကြောင်းပြချက် တစ်ခုခုတော့ ရှိရပေမည်။

စိတ်ချင်းဆက်သွယ်ထားသကဲ့သို့ပင် လင်းမိသားစုဝင်အားလုံးသည် ပြုံးရွှင်သော မျက်နှာများဖြင့် လင်းထင်ထောင်းကို ဂုဏ်ပြုလိုက်ကြတော့လေသည်။

“သူတော်စင် လင်းထင်ထောင်းကို ဂုဏ်ပြုပါတယ်။”

“သူတော်စင် လင်းထင်ထောင်းကို ဂုဏ်ပြုပါတယ်။”

“ဂုဏ်ပြုပါတယ်...”

ထိုဂုဏ်ပြုသံများသည် ဝေဟင်ကိုပင် တုန်ဟိန်းသွားစေပြီး ရင်ပြင်ထက်၌ အချိန်အတော်ကြာအောင် ပဲ့တင်ထပ်နေတော့လေသည်။

ဂုဏ်ပြုသံများကို ကြားနေရသော လင်းထင်ထောင်းမှာမူ အိပ်မက်မက်နေသည့်အလား မျက်နှာဘေးအမူအရာ ဖြစ်နေ၏။ ယခင်က သူသည် နတ်ဘုရားသားတော်နှင့် တွေ့ဆုံမည့် ပုံရိပ်လွှာများစွာကို စိတ်ကူးယဉ်ခဲ့ဖူးသည်။ သို့သော် ပထမဆုံးတွေ့ဆုံချိန်မှာတင် နတ်ဘုရားသားတော်က သူ့ကို နောက်လိုက်အဖြစ် ရွေးချယ်လိမ့်မည်ဟု သူ တစ်ခါမျှ မတွေးခဲ့မိပေ။

နတ်ဘုရားသားတော် လင်းချန်၏ နောက်လိုက်ဖြစ်ရခြင်းနှင့် နှိုင်းယှဉ်လျှင် ယခုလေးတင် သူရရှိခဲ့သော ပထမစီကွမ် သူတော်စင်ဘွဲ့မှာ သူ၏စိတ်ထဲတွင် ဆွဲဆောင်မှု မရှိတော့သလိုပင်။

လင်းချန်သည် လေထုထဲမှတစ်ဆင့် အသာအယာ ထူမလိုက်သကဲ့သို့ အမူအရာဖြင့် လင်းထင်ထောင်းကို နွေးထွေးစွာ ပြုံးပြလိုက်သည်။

“ပြောရရင်... မင်းက အခုမှ မိသားစုရဲ့ သူတော်စင် ဖြစ်လာခဲ့တယ်။ ပြီးတော့ ငါ့ရဲ့ နောက်လိုက်လည်း ဖြစ်လာခဲ့ပြီ။”

“နတ်ဘုရားသားတော် တစ်ယောက်အနေနဲ့ သဘောကျအတိုင်း မင်းကို တွေ့ဆုံမှုလက်ဆောင်တစ်ခုတော့ ပေးရမယ်။”

“မင်းမှာ မွေးရာပါတာအိုခန္ဓာရှိတယ်လို့ ငါ့အဖေဆီက ကြားခဲ့တယ်။ တိုက်တိုက်ဆိုင်ဆိုင်ပဲ ငါကိုယ်တိုင် ဖန်တီးထားတဲ့ နတ်ဘုရားစွမ်းရည်တစ်ခုက မင်းနဲ့ ကိုက်ညီနေတယ်။ အဲ့ဒါကြောင့် အဲ့ဒါကို ငါ မင်းကို ချီးမြှင့်လိုက်မယ်။”

ထိုသို့ပြောရင်းနှင့် လင်းချန်သည် သူ၏လက်ညှိုးဖြင့် အသာအယာ တို့တိလိုက်ရာ ဖရိုဖရဲ အလင်းတန်းတစ်ခု လက်ခနဲ ပေါ်လာပြီး လင်းထင်ထောင်း၏ မျက်ခုံးအလယ်သို့ နစ်ဝင်သွားတော့သည်။

လင်းထင်ထောင်းသည် မမြင်နိုင်သော ကြီးမားသည့် စွမ်းအားတစ်ခုက သူ့ကို ပင့်မလိုက်သကဲ့သို့ ခံစားရပြီး သူ၏ခန္ဓာကိုယ်မှာ မသိစိတ်အရ ဖြောင့်မတ်သွားခဲ့သည်။ နတ်ဘုရားသားတော်၏ စွမ်းအားကို အံ့ဩနေရုံသာမက သူ၏စိတ်ထဲတွင် နက်ရှိုင်းပြီး ကျယ်ပြောလှသော သတင်းအချက်အလက်များ စီးဆင်းလာသည်ကိုလည်း ခံစားလိုက်ရသည်။

ဒါ... နတ်ဘုရားသားတော် ကိုယ်တိုင်ဖန်တီးထားတဲ့ နတ်ဘုရားစွမ်းရည်လား။

လင်းထင်ထောင်းသည် အချိန်မဆွဲရဲဘဲ မျက်လုံးများကို အမြန်မှိတ်ကာ စတင်အာရုံခံ၍ နားလည်အောင် ကြိုးစားလိုက်တော့သည်။

လင်းချန်သည် သူ၏လက်ကို ပြန်ရုပ်သိမ်းလိုက်ပြီး မျှော်လင့်ချက်အပြည့်ဖြင့် ကြည့်နေခဲ့သည်။ သူ အသက် (၁၃) နှစ်အရွယ် ကျင့်ကြံစဉ်က ရရှိခဲ့သော ထိုးထွင်းသိမြင်မှုများမှတစ်ဆင့် သူသည် သူ၏ ဖရိုဖရဲ မိစ္ဆာနတ်ဘုရားခန္ဓာနှင့် အကိုက်ညီဆုံးဖြစ်မည့် စွမ်းအားကြီး နတ်ဘုရားစွမ်းရည်တစ်ခုကို ဖန်တီးခဲ့၏။

ထိုစွမ်းရည်ကို သာမန်အဆင့်များဖြင့် တိုင်းတာ၍မရပေ။ အတိုချုပ်ပြောရလျှင် ၎င်းမှာ အလွန်စွမ်းအားကြီးမားပြီး သူ၏ အမှတ်အသားစွမ်းရည်များထဲမှ တစ်ခုဖြစ်သည်။

ထိုစွမ်းရည်၏ အမည်မှာ ကမ္ဘာဦးလက်သီးဖြစ်ပေသည်။

မိမိကိုယ်ကိုယ် လေဟာနယ်အဖြစ် အသုံးချကာ လက်သီးတစ်ချက် ပစ်လိုက်သည်နှင့် ကမ္ဘာဦးစွမ်းအား ကိုယ်တိုင် ဆင်းသက်လာသကဲ့သို့ ခံစားရမည်ဖြစ်သည်။ ဟန်ပြအပိုအလုပ်များ မပါဘဲ စစ်မှန်သော ခွန်အားသက်သက်ဖြင့် လောကနိယာမအားလုံးကို ချိုးဖျက်နိုင်သည့် စစ်မှန်သော တိုက်စစ်ပညာဖြစ်သည်။

လင်းထင်ထောင်းအနေဖြင့် ဤစွမ်းရည်နှင့် ပထမဆုံး ထိတွေ့ရချိန်တွင် မည်မျှအထိ နားလည်နိုင်မည်နည်း။ ကမ္ဘာဦးစွမ်းအားများ ပါဝင်သော လက်သီးတစ်ချက်ကို ပစ်လွှတ်နိုင်မည်လားဆိုသည်ကို သူ သိချင်နေမိသည်။

ရင်ပြင်တစ်ခုလုံးမှာ အပ်ကျသံပင် ကြားရလောက်အောင် တိတ်ဆိတ်ငြိမ်သက်နေ၏။ လင်းမိသားစုဝင် အားလုံး၏ မျက်နှာများတွင်မူ မနာလိုမှုများမှာ သိသာထင်ရှားနေခဲ့သည်။ သူတော်စင် လင်းထင်ထောင်းမှာ တကယ့်ကို ကံထူးသူပင်။ ပထမသူတော်စင်ဘွဲ့ ရပြီးပြီးချင်း နတ်ဘုရားသားတော်၏ နောက်လိုက်ဖြစ်ရုံတင်မက နတ်ဘုရားသားတော် ကိုယ်တိုင် သင်ကြားပေးသော စွမ်းရည်ကိုပါ ရရှိခဲ့သည်။

အကယ်၍ နတ်ဘုရားသားတော်က သူ၏ စွမ်းအားကြီး နတ်ဘုရားစွမ်းရည်များထဲမှ တစ်ခုကိုသာ လက်ဆင့်ကမ်းပေးလိုက်လျှင် လင်းထင်ထောင်းသည် ဤတစ်ကြိမ်တွင် ကောင်းကင်သို့ ပျံတက်သွားနိုင်မည်မှာ သေချာပေသည်။

ဆင်ခြင်နားလည်မှု စတင်လိုက်သည်နှင့် လင်းထင်ထောင်း၏ ခန္ဓာကိုယ်ပတ်လည်မှ နက်ရှိုင်းသော ချီစွမ်းအားလှိုင်းများ ထွက်ပေါ်လာခဲ့သည်။ သူ၏မျက်နှာမှာ ဇဝေဇဝါဖြစ်လိုက်၊ နားလည်သွားလိုက်ဖြင့် အမူအရာများ အဆက်မပြတ် ပြောင်းလဲနေခဲ့သည်။ အစပိုင်းတွင် ဇဝေဇဝါဖြစ်မှုက များနေသော်လည်း နောက်ပိုင်းတွင် နားလည်သဘောပေါက်သည့် အမူအရာများ လွှမ်းမိုးလာခဲ့သည်။

သူ၏ ခန္ဓာကိုယ်သည်ပင် အာရုံခံစားမှုနှင့်အတူ လှုပ်ရှားလာပြီး လက်သီးများကို တစ်ချက်ပြီးတစ်ချက် ပစ်လွှတ်နေခဲ့သည်။ ၎င်းသည် ပုံသဏ္ဍာန်မရှိသကဲ့သို့ ထင်ရသော်လည်း ၎င်းထဲတွင် မဟာတာအိုနိယာမများ တိတ်တဆိတ် ကိန်းအောင်းနေလေသည်။

လက်ဖက်ရည်တစ်ခွက် သောက်စာခန့် အချိန်ကြာပြီးနောက်...

ရင်ပြင်ထက်ရှိ လင်းမိသားစုဝင် အားလုံး၏ အကြည့်အောက်တွင် လင်းထင်ထောင်းသည် နက်ရှိုင်းသော နားလည်သည့် အမူအရာဖြင့် လက်သီးတစ်ချက်ကို အသာအယာ ရှေ့သို့ ထိုးလွှတ်လိုက်၏။

၎င်းမှာ အားမပါသော လက်သီးတစ်ချက်ကဲ့သို့ ထင်ရသော်လည်း...

ထိုလက်သီး လှုပ်ရှားလိုက်သည်နှင့် လေထုနှင့် တိမ်တိုက်များ အရောင်ပြောင်းသွားကာ ဟင်းလင်းပြင်ကြီး အက်ကွဲသွားတော့သည်။ ထိုခဏ၌ ကောင်းကင်နှင့် မြေကြီး၏ နိယာမများပင် နောက်ဆုတ်သွားသယောင် ရှိလေသည်။

“ဝုန်း...”

လက်သီးချက် ကျရောက်သွားသည်နှင့် ရင်ပြင်ထက်တွင် ကြီးမားလှသော ဟင်းလင်းပြင် တွင်းနက်ကြီးတစ်ခု ပေါ်ပေါက်လာပြီး ပတ်ဝန်းကျင်ရှိ အရာအားလုံးကို ဝါးမျိုသွားတော့သည်။ အကယ်၍ နတ်ဘုရားရတနာ နယ်ပယ်၏ ပဉ္စမအဆင့် ကျွမ်းကျင်သူတစ်ဦးသာ ဤလက်သီးကို ရင်ဆိုင်ရပါက သေချာပေါက် အသက်ပျောက်သွားနိုင်ပေသည်။

လင်းထင်ထောင်းသည် မျက်လုံးများကို ဖွင့်လိုက်ပြီး သူ၏လက်ဖဝါးကို မယုံနိုင်ဟန်ဖြင့် ကြည့်နေမိသည်။

စောစောက လက်သီးချက်ကို သူကိုယ်တိုင် ပစ်ထုတ်လိုက်တာလား။

သူသည် စိတ်ဝိဉာည်စွမ်းအင်အနည်းငယ်ကိုသာ သုံးခဲ့သော်လည်း ဤမျှ စွမ်းအားကြီးနေ၏။ အကယ်၍ သူသာ အားကုန်သုံးပြီး ထိုးလိုက်လျှင် မိုင်ပေါင်းသောင်းချီသော ဟင်းလင်းပြင်ကို တစ်ခဏချင်း ဖျက်ဆီးပစ်နိုင်မည် မဟုတ်ပါလော။

ကြောက်စရာကောင်းလိုက်တာ။ တကယ်ကို ကြောက်စရာကောင်းလွန်းတယ်။

နတ်ဘုရားသားတော် သင်ကြားပေးလိုက်သော ဤကမ္ဘာဦးလက်သီးကို သူသည် အပေါ်ယံမျှသာ နားလည်သေးသော်လည်း ဤမျှ ထိတ်လန့်ဖွယ်ကောင်းသော စွမ်းအားမျိုး ရှိနေပြီဖြစ်သည်။

ထိုအချိန်တွင် လင်းချန်၏ ချီးကျူးစကားသံ ထွက်ပေါ်လာခဲ့သည်။

“မဆိုးဘူး။ ပထမဆုံး အာရုံခံစားရုံနဲ့ စစ်မှန်တဲ့ အနှစ်သာရကို အရိပ်အယောင်လေး ရလိုက်တယ်။ မင်းရဲ့ ပါရမီနဲ့ နားလည်နိုင်စွမ်းက တကယ်ကို ကောင်းတာပဲ။”

“မနက်ဖြန် ရွှေခေတ်ကြီး ရောက်လာခဲ့ရင် မင်းအနေနဲ့ အခွင့်အရေးကို အရယူပြီး ကပ်ဘေးကိုးခုနယ်ပယ်ကို အမှန်တကယ် တက်လှမ်းနိုင်လိမ့်မယ်။ အဲ့ဒီအချိန်ကျရင် ဒီနတ်ဘုရားစွမ်းရည်ကို အခြေခံအားဖြင့် ကျွမ်းကျင်လာလိမ့်မယ်။”

ထိုစကားကြောင့် လင်းထင်ထောင်းသည် သတိပြန်ဝင်လာပြီး လင်းချန်ကို ရိုသေစွာ ဂါရဝပြုလိုက်သည်။

“ချီးမြှင့်ပေးတဲ့အတွက် အရှင် နတ်ဘုရားသားတော်ကို ကျေးဇူးအထူးတင်ပါတယ်။”

ကမ္ဘာဦး လက်သီး....။ ၎င်းမှာ နတ်ဘုရားသားတော်၏ အမှတ်အသားစွမ်းရည် တစ်ခုဖြစ်ကြောင်း သူ သိပေသည်။ သူ ယခင်က လေ့ကျင့်ခဲ့ဖူးသမျှ စွမ်းရည်အားလုံးထက် ဤစွမ်းရည်က ပို၍ စွမ်းအားကြီးသည်ဟု ခံစားရသည်။ ထို့ပြင် နတ်ဘုရားသားတော် ပြောခဲ့သလိုပင် ဤစွမ်းရည်သည် သူ၏ မွေးရာပါတာအိုခန္ဓာနှင့် အလွန်ကိုက်ညီနေပြီး လေ့ကျင့်ရာတွင်လည်း ထစ်ငေါ့မှု တစ်စုံတစ်ရာ မရှိပေ။

လင်းချန်က သူ၏လက်ကို ဝေ့ယမ်းကာ ပြောလိုက်သည်။

“မင်းက ငါ့ရဲ့နောက်လိုက် ဖြစ်လာပြီဆိုမှတော့ ကိုယ့်ကိုယ်ကိုယ် ကာကွယ်နိုင်တဲ့ အစွမ်းထက်တဲ့ နည်းလမ်းတွေ ရှိထားဖို့ လိုတယ်။ အနာဂတ်မှာ တစ်ယောက်ယောက်က မင်းကို လာစိန်ခေါ်ရင် ပြန်မတိုက်နိုင်တာမျိုး ငါ မဖြစ်စေချင်ဘူး။”

သူသည် ပြဿနာတက်ရခြင်းကို မနှစ်သက်သည်ဖြစ်ရာ များသောအားဖြင့် ပြဿနာ၏ အရင်းအမြစ်ကို တိုက်ရိုက် အမြစ်ဖြတ်ပစ်လေ့ရှိသည်။ ယခု လင်းထင်ထောင်းကို နောက်လိုက်အဖြစ် ခေါ်ယူခြင်းမှာ တစ်စိတ်တစ်ပိုင်းအားဖြင့် စမ်းသပ်မှုဖြစ်ပြီး တစ်စိတ်တစ်ပိုင်းမှာ မိသားစုအတွက် ဖြစ်သည်။ အကယ်၍ လင်းထင်ထောင်းက သူ့အတွက် ပြဿနာဖြစ်စေလျှင် သူ ပျော်နိုင်တော့မည် မဟုတ်ပေ။ ထို့ကြောင့် လင်းထင်ထောင်းအား ပြဿနာများကို ကိုယ်တိုင်ဖြေရှင်းနိုင်စွမ်း ရှိစေချင်သည်။ ထိုအခါမှသာ သူ့ထံသို့ ပြဿနာများ ရောက်လာတော့မည် မဟုတ်ပေ။

ထိုစကားကို ကြားသောအခါ လင်းထင်ထောင်း၏ မျက်လုံးများတွင် ပြတ်သားမှုများ ပြည့်နှက်သွားပြီး ကတိပေးလိုက်သည်။

“စိတ်ချပါ အရှင်။ ကျုပ် လင်းထင်ထောင်းက အရှင့်ရဲ့ ကျော်ကြားတဲ့ ဂုဏ်သတင်းကို ဘယ်တော့မှ အညိုးနွမ်းခံမှာ မဟုတ်ပါဘူး။ အရှင့်ကို စော်ကားတဲ့ ဘယ်သူ့ကိုမဆို ကျုပ် သတ်ပစ်မယ်။”

လင်းချန်က ကျေနပ်စွာ ခေါင်းညိတ်လိုက်သည်။

“ကောင်းပြီ။”

ထိုသို့ပြောရင်းနှင့် လင်းချန်သည် ညနေစောင်းနေပြီဖြစ်သော ကောင်းကင်ယံကို မော့ကြည့်လိုက်၏။ ထို့နောက် သူ၏မျက်လုံးများကို မှေးကျဥ်းလိုက်ကာ အသာအယာ ပြောလိုက်သည်။

“ဒီနေ့ ကုန်တော့မယ်။ ရွှေခေတ်ကြီး ရောက်လာတော့မယ်။”

ဤမျိုးဆက်၏ ထိပ်သီးပါရမီရှင်များ မည်သည့်အဆင့်အထိ ရှိမလဲဆိုသည်ကို သူ သိချင်နေပြီဖြစ်သည်။ သူတို့ကို သူ့ကို စိတ်မပျက်စေဖို့ သူ မျှော်လင့်သည်။

သူ၏အသံမှာ တည်ငြိမ်သော်လည်း ရောက်ရှိနေသူ အားလုံး၏ နားထဲသို့ ရောက်ရှိသွားခဲ့သည်။ ထိုစကားကို ကြားလိုက်ရသောအခါ လင်းမိသားစုဝင် အားလုံး၏ အမူအရာများ တည်ကြည် လေးနက်သွားကြတော့လေသည်။

ရွှေခေတ်ကြီး...။

ဤရွှေခေတ်ကြီး ရောက်လာလျှင် တာအိုပြည်နယ်သုံးထောက်တွင် မည်သို့သော အထူးအခွင့်အလမ်းများ ပေါ်ပေါက်လာမည်နည်း။

စင်မြင့်ထက်တွင် လင်းဟောက်ရန်သည် လက်နှစ်ဖက်ကို နောက်ပစ်လျက် ရပ်နေပြီး သူ၏ ခံ့ညားသော အသံဖြင့် ကြေညာလိုက်သည်။

“သူတော်စင်နဲ့ သူတော်စင်မ ပြိုင်ပွဲ ပြီးဆုံးသွားပပြီ။ ဒီနေ့ကစပြီး ငါတို့ ရှေးဟောင်းဖုန်းဆိုး လင်းမိသားစုမှာ သူတော်စင်နဲ့ သူတော်စင်မ ဘွဲ့ရရှိသူ သုံးဦး ရှိသွားပြီ။”

“ပထမသူတော်စင်... လင်းထင်ထောင်း။ ဒုတိယသူတော်စင်မ... လင်းယာချင်း။ တတိယသူတော်စင်... လင်းကျိုး။”

သူ၏စကားဆုံးသည်နှင့် ရင်ပြင်ထက်ရှိ လင်းမိသားစုဝင် အားလုံးက ဂုဏ်ပြုလိုက်ကြ၏။

“ပါရမီရှင် သုံးဦးစလုံး သူတော်စင်နဲ့ သူတော်စင်မ ဘွဲ့ရရှိတာတဲ့အတွက် ဂုဏ်ပြုပါတယ်။”

လင်းထင်ထောင်း၊ လင်းယာချင်းနှင့် လင်းကျိုးတို့၏ မျက်နှာတွင် ပျော်ရွှင်မှုများ ဖြစ်ပေါ်လာခဲ့သည်။ သူတို့သည် လင်းမိသားစု၏ အသန်မာဆုံး ပထမမျိုးဆက် သူတော်စင်နှင့် သူတော်စင်မများ ဖြစ်လာကြချေပြီ။

မနက်ဖြန်သည် သူတို့ ထွက်ခွာပြီး လင်းမိသားစု၏ ဂုဏ်သတင်းကို ပျံ့နှံ့စေရမည့် အချိန်ဖြစ်လိမ့်မည်။

ရွှေခေတ်ကြီး...။

All Chapters