← Chapters

အခန်း (၇-၈)

Vol. 1 Ch. 7-8

အခန်း (၇-၈)

Vol. 1 Ch. 7-8

အခန်း (၇) နတ်ဘုရားသားတော် နန်းတော်တွင် လက်မှတ်ထိုးဝင်ခြင်းနှင့် မူလဓားစွမ်းအင် လွှဲပြောင်းရယူခြင်း၊ ငါ မင်းကို အခွင့်အရေးတစ်ခု ပေးမယ်

ပထမစီကွမ် ယှဉ်ပြိုင်ကြီးပွဲ ပြီးဆုံးသွားပြီးနောက် လင်းဟောက်ရန်၊ ရှေးဘိုးဘေးများနှင့် လင်းချန်တို့သည် ခေတ္တမျှ နေထိုင်ပြီးနောက် တစ်ယောက်ပြီးတစ်ယောက် ထွက်ခွာသွားခဲ့ကြသည်။ လင်းချန်နှင့်အတူ အသစ်ခန့်အပ်ခြင်းခံထားရသော ပထမသူတော်စင် လင်းထင်ထောင်းလည်း လိုက်ပါသွားခဲ့သည်။ သူသည် နောက်လိုက်တစ်ဦးအနေဖြင့် မိမိသခင်၏ ဘေးနားတွင် အမြဲရှိနေရမည်ဖြစ်ပြီး ခွဲခွာသွား၍ မရပေ။

ရင်ပြင်ထက်ရှိ လင်းမိသားစုဝင်များသည်လည်း အစွမ်းထက် ကျင့်ကြံသူများ ထွက်ခွာသွားပြီးနောက် မိမိတို့နေရာများသို့ အသီးသီး ပြန်သွားကြတော့သည်။ ရွှေခေတ်ကြီး ရောက်ရှိလာခြင်းမှာ လူတိုင်းအတွက် ကြီးမားသော အခွင့်အလမ်းတစ်ခု ဖြစ်သည်။

၎င်း စတင်ရောက်ရှိလာသည်နှင့်အမျှ တာအိုပြည်နယ်သုံးထောင်လုံးကို ကျင့်ကြံခြင်းစိတ်ဝိဉာည်စွမ်းအင် ဒီရေလှိုင်းများ ဖုံးလွှမ်းသွားမည်ဖြစ်ပြီး ကောင်းကင်နှင့် မြေကြီး၏ ဝိညာဉ်ချီစွမ်းအင်များ၏ သိပ်သည်းဆမှာလည်း ရုတ်တရက် ထိုးတက်သွားမည် ဖြစ်သည်။ ထို့ပြင် နယ်မြေအနှံ့တွင် အခွင့်အလမ်းမျိုးစုံ ကျရောက်လာတော့မည်ဖြစ်ရာ ၎င်းတို့အတွက် ကြိုတင်ပြင်ဆင်မှုများ ပြုလုပ်ထားရန် လိုအပ်ပေသည်။

ဤရွှေခေတ်ကြီး၏ စိတ်ဝိဉာည်စွမ်းအင် ဒီရေလှိုင်းကို အသုံးချ၍ လက်ရှိ ကျင့်ကြံခြင်း အဟန့်အတားများကို ကျော်ဖြတ်ကာ ရှေ့သို့ ဆက်လက်တက်လှမ်းနိုင်လိမ့်မည်ဟု သူတို့ မျှော်လင့်နေကြသည်။

နတ်ဘုရားတားမြစ်ချက် တောင်ထိပ် ၊ နတ်ဘုရားသားတော် နန်းတော်....။

လင်းချန်သည် မိမိရှေ့ရှိ ရင်းနှီးလှသော ခံ့ညားသည့် အဆောက်အဦးကို မော့ကြည့်ရင်း သက်ပြင်းတစ်ချက်ကို လွမ်းမောစွာ ချလိုက်မိသည်။

“နှစ်ပေါင်း သုံးထောင် ကြာသွားခဲ့ပေမဲ့ ဒီနေရာကတော့ အရင်အတိုင်း ဘာမှမပြောင်းလဲသေးဘူး။”

ဤနေရာမှာ သူ၏ ယခင်နေအိမ်ဖြစ်သလို သူ အမြဲတမ်း ကျင့်ကြံလေ့ရှိသော နေရာလည်း ဖြစ်သည်။ သူ၏ အာရုံခံစားမှုအတွင်း နှစ်ပေါင်း သုံးထောင်ကြာ မိမိကိုယ်ကိုယ် ချိတ်ပိတ်ထားခဲ့ခြင်းမှာ ခဏတာမျှသာ ဖြစ်သော်လည်း အပြင်လောကတွင်မူ စစ်စစ်ပေါက်ပေါက် နှစ်ပေါင်း သုံးထောင် ကုန်ဆုံးသွားခဲ့ပြီ ဖြစ်သည်။ သူသည်လည်း ဤနေရာနှင့် နှစ်ပေါင်းသုံးထောင်ကြာ ဝေးကွာခဲ့ရ၏။

သူ၏ နောက်တွင် လင်းထင်ထောင်းသည် စူးစမ်းလိုသော အမူအရာဖြင့် ပတ်ဝန်းကျင်ကို လှည့်ပတ်ကြည့်ရှုနေခဲ့သည်။ ဤသည်မှာ သူတို့ လင်းမိသားစုက နတ်ဘုရားသားတော်အတွက် သီးသန့်တည်ဆောက်ပေးထားသော “နတ်ဘုရားသားတော် နန်းတော်” ဖြစ်သည်။ သူတို့ လင်းမိသားစု သမိုင်းတစ်လျှောက်တွင် နတ်ဘုရားသားတော်ဟူသော ဘွဲ့ထူးမျိုး တစ်ခါမျှ မရှိခဲ့ဖူးပေ။ လက်ရှိ နတ်ဘုရားသားတော် လင်းချန်မှာ သမိုင်းတွင် ပထမဆုံးသော နတ်ဘုရားသားတော် ဖြစ်သည်။

နတ်ဘုရားတားမြစ်ချက် တောင်ထိပ်မှာ ယခင်က ကွာစီဧကရာဇ်အဆင့်ဘိုးဘေးတစ်ဦး၏ သီးသန့်ကျင့်ကြံရာ နေရာဖြစ်သည်ဟု ဆိုကြသည်။ သို့သော် နတ်ဘုရားသားတော် မွေးဖွားလာပြီးနောက် ထိုဘိုးဘေးသည် မိမိ၏ နေရာကို မိမိသဘောဆန္ဒအလျောက် စွန့်လွှတ်ပေးခဲ့ပြီး နတ်ဘုရားသားတော် လင်းချန် နေထိုင်ရန်အတွက် ဤနန်းတော်ကို သီးသန့် တည်ဆောက်ပေးခဲ့ခြင်း ဖြစ်သည်။

ယခင်က ဤနေရာ၏ ထူးခြားဆန်းပြားမှုများကို ကြားသာကြားဖူးခဲ့သော်လည်း ယခု ကိုယ်တိုင်ရောက်ရှိလာချိန်၌ ကောလာဟလများအတိုင်းပင်။ ဤနေရာ၏ ဝိညာဉ်ချီစွမ်းအင် သိပ်သည်းဆမှာ မိသားစုအတွင်းရှိ အခြားနေရာများထက် ဆယ်ဆမက ပိုမိုများပြားနေခဲ့သည်။

ထို့ပြင် တောင်ထိပ်တစ်ခုလုံးတွင် အစွမ်းထက်လှသော တားမြစ်ချက်များနှင့် စွမ်းအင်စက်ကွင်းများဖြင့်ဖုံးလွှမ်းထား၏။ ၎င်း၏ ကာကွယ်ရေးစွမ်းအားမှာ အံ့ဩစရာ ကောင်းရုံတင်မကဘဲ သတ်ဖြတ်နိုင်စွမ်းကိုပါ ပိုင်ဆိုင်ထားလေသည်။ သာမန် နတ်ဘုရားနယ်ပယ်ကျွမ်းကျင်သူတစ်ဦးသာ လာရောက်တိုက်ခိုက်ပါက သေချာပေါက် အသက်ပျောက်သွားမည်ကို စိုးရိမ်ရပေမည်။

လင်းချန်သည် သူ၏အကြည့်ကို ပြန်လည်ရုပ်သိမ်းလိုက်ကာ ခေါင်းကို အသာခါယမ်းပြီး နန်းတော်အတွင်းသို့ ဖြည်းဖြည်းချင်း လမ်းလျှောက်ကာ ဝင်သွားလိုက်၏။

“လင်းထင်ထောင်း... ငါ့နောက်ကို လိုက်ခဲ့။ နန်းတော်ထဲမှာပဲ ရွှေခေတ်ကြီး ရောက်လာမယ့်အချိန်ကို စောင့်ကြတာပေါ့။”

“တစ်ချိန်တည်းမှာပဲ... မင်း ကပ်ဘေးကိုးခုနယ်ပယ်ကို တက်လှမ်းတဲ့အခါ ငါကိုယ်တိုင် မင်းအတွက် အကာအကွယ်ပေးသူအဖြစ် ဆောင်ရွက်ပေးမယ်။”

လင်းထင်ထောင်းမှာ ထိုစကားကို ကြားသည်နှင့် သတိပြန်ဝင်လာကာ အလျင်အမြန် လျှောက်လိုက်သွားသည်။

“ဟုတ်ကဲ့ပါ နတ်ဘုရားသားတော်။”

ကပ်ဘေးကိုးခုနယ်ပယ်...။

ရွှေခေတ်ကြီးရဲ့ စွမ်းအင်ဒီရေလှိုင်းများအောက်မှာ သူ တကယ်ပဲ အောင်မြင်အောင် တက်လှမ်းနိုင်ပါ့မလား။

သူ့တွင် မွေးရာပါတာအိုခန္ဓာ ရှိသောကြောင့် ကျင့်ကြံခြင်းတွင် အဟန့်အတား မရှိသော်လည်း သူ၏ ဝိညာဉ်ချီ သန့်စင်မှုမှာ ကပ်ဘေးကိုးခုနယ်ပယ်သို့ တက်လှမ်းရန် လိုအပ်ချက်နှင့် မပြည့်မီသေးပေ။ နတ်ဘုရားသားတော် ပြောသကဲ့သို့ပင် ရွှေခေတ်ကြီး၏ စွမ်းအားကို အသုံးချ၍ ထိုစံနှုန်းသို့ ရောက်ရှိနိုင်ရန် သူ မျှော်လင့်နေမိသည်။

နတ်ဘုရားသားတော် နန်းတော် အတွင်းပိုင်း....။

လင်းချန်နှင့် လင်းထင်ထောင်းတို့သည် တရားထိုင်ဖျာများပေါ်တွင် တင်ပျဉ်ခွေထိုင်ကာ ထွက်သက်ဝင်သက်ကို ထိန်းညှိရင်း မိမိတို့၏ အခြေအနေကို အမြဲမပြတ် ပြင်ဆင်နေကြသည်။ လင်းချန်ကိုယ်တိုင်လည်း ရွှေခေတ်ကြီး မည်သို့သော ပုံစံဖြင့် ဆင်းသက်လာမည်ကို အလွန်သိချင်နေမိ၏။

ထိုစဉ်မှာပင် လင်းချန်၏ စိတ်ထဲ၌ ရင်းနှီးကျွမ်းကျင်သောစနစ် ၏ အကြောင်းကြားသံ ထွက်ပေါ်လာခဲ့သည်။

[အိမ်ရှင်သည် လက်ရှိတွင် ရှေးဟောင်းဖုန်းဆိုး လင်းမိသားစု၏ နတ်ဘုရားတားမြစ်ချက် တောင်ထိပ်၊ နတ်ဘုရားသားတော် နန်းတော်သို့ ရောက်ရှိနေကြောင်း ထောက်လှမ်းမိပါသည်။ လက်မှတ်ထိုးဝင်နိုင်ပါပြီ။]

[အိမ်ရှင်... အခု လင်မှတ်ထိုးဝင်မည်လား။]

လင်းချန်၏ မျက်နှာတွင် စိတ်လှုပ်ရှားမှု အရိပ်အယောင် ထွက်ပေါ်လာခဲ့သည်။ စောစောက ရင်ပြင်တွင် ရှိနေစဉ်က ဤအသံ ပေါ်မလာခဲ့ပေ။ ထိုအချက်က ရင်ပြင်မှာ စနစ်က သတ်မှတ်ထားသော ထူးခြားသည့်နေရာ မဟုတ်ကြောင်း သက်သေပြနေခဲ့လေသည်။ ယခု မိမိ၏ နန်းတော်တွင် ပေါ်လာသည်မှာ အရေးပါမှုအပိုင်း၌ ဤနန်းတော်သည် ရင်ပြင်ထက်ပင် ပို၍ အခွင့်အာဏာရှိသည်ဟု ဆိုလိုခြင်း ဖြစ်နိုင်ပါမည်လော။

ဤသို့တွေးလိုက်မိသည်နှင့် လင်းချန် မသိစိတ်မှ ပြုံးလိုက်မိသည်။ သူ၏နေရာမှာ တကယ်ပင် နာမည်နှင့်လိုက်အောင် ထူးခြားလှပေသည်။ ဤနေရာမှာ သူ၏ ကျင့်ကြံမှု လိုအပ်ချက်များကို အပြည့်အဝ ဖြည့်ဆည်းပေးနိုင်သော နေရာကောင်းတစ်ခုပင် ဖြစ်သည်။

လင်းချန်သည် တွေဝေမနေဘဲ မျက်လုံးများကို မှိတ်ကာ စိတ်ထဲမှ ရွတ်ဆိုလိုက်သည်။

“လက်မှတ်ထိုးဝင်မယ်။”

ဤတစ်ကြိမ်တွင် မိမိ၏ နန်းတော်၌ လက်မှတ်ထိုးဝင်ခြင်းဖြင့် မည်သို့သော ရတနာမျိုး ရရှိမည်ကို သူ သိချင်နေမိသည်။ ပထမဆုံးအကြိမ် လက်မှတ်ထိုးဝင်ခဲ့စဉ်က ပိုင်ရှင်မဲ့ ဧကရာဇ်အဆင့် လက်နက်တစ်ခု ရရှိခဲ့ဖူးသည် မဟုတ်ပါလော။

[အိမ်ရှင်၏ ဆုံးဖြတ်ချက်ကို လက်ခံရရှိပါပြီ။ စနစ်သည် လက်ရှိတွင် လက်မှတ်ထိုးဝင်နေပါသည်။]

[လက်မှတ်ထိုးဝင်ခြင်း အောင်မြင်ပါသည်။ ဂုဏ်ယူပါသည် အိမ်ရှင်။ သင်သည် မူလဓားစွမ်းအင် လွှဲပြောင်းရယူခွင့် ကို ရရှိပါသည်။]

မူလဓားစွမ်းအင်လား။

လင်းချန် အနည်းငယ် အံ့ဩသွားခဲ့သည်။ အတိတ်ကာလက သူသည် လက်နက်များကို တစ်ခါမျှ အသုံးမပြုခဲ့ဘဲ သူ၏ လက်သီးချက်များဖြင့်သာ လောကကြီးကို နင်းချေကာ ခေတ်တစ်ခေတ်ကို စိုးမိုးခဲ့ခြင်း ဖြစ်သည်။ ယခု နိုးထလာချိန်တွင် စနစ်က သူ့ကို ဓားအမျိုးအစား ဧကရာဇ်အဆင့် လက်နက်တစ်ခု ပေးခဲ့သလို ယခုလည်း မူလဓားစွမ်းအင်ကို ပေးနေပြန်ပြီ။

သူ့ကို ဓားတာအိုဘက်ကို ပြောင်းလဲ ကျင့်ကြံစေချင်နေတာလား။

ထိုစဉ် စနစ်၏ အသံမှာ ထပ်မံထွက်ပေါ်လာခဲ့ပြန်သည်။

[အိမ်ရှင်...မူလဓားစွမ်းအင် လွှဲပြောင်းရယူခြင်းကို အခုပဲ အသုံးပြုမည်လား။]

လင်းချန်သည် ဘေးနားတွင် ကျင့်ကြံနေသော လင်းထင်ထောင်းကို ကြည့်ပြီး အနည်းငယ် စဉ်းစားလိုက်သည်။ လင်းထင်ထောင်းထံမှ ဓား အရှိန်အဝါ အနည်းငယ်ကို သူ အာရုံခံမိဖူးသည်။ သူသည်လည်း ဓားသိုင်းကျင့်ကြံသူ တစ်ဦး ဖြစ်ပုံရသည်။ အကယ်၍ မိမိ မူဓားစွမ်းအင်ကို လက်ခံရယူနေသည်ကို လင်းထင်ထောင်း ကြည့်ရှုခွင့်ရပါက သူ့အတွက် အကူအညီ ဖြစ်နိုင်ပေလိမ့်မည်။

ဤသို့တွေးလိုက်ပြီးနောက် လင်းချန်သည် နှုတ်ခမ်းကို အသာလှုပ်ကာ နူးညံ့စွာ ပြောလိုက်၏။

“လင်းထင်ထောင်း...ထတော့။”

ထိုစကားဆုံးသည်နှင့် လင်းထင်ထောင်းသည် ကြောင်အမ်းအမ်းဖြင့် မျက်လုံးများကို ဖွင့်လိုက်ပြီး ပတ်ဝန်းကျင်ကို ဝေ့ကြည့်လိုက်၏။

ရွှေခေတ်ကြီး ရောက်လာပြီလား။ ငါ ဘာလို့ ဘာမှ မခံစားရတာလဲ။ စိတ်ဝိဉာည်စွမ်းအင်ဒီရေလှိုင်းတွေရော ဘယ်မှာလဲ။

လင်းထင်ထောင်းသည် သံသယများဖြင့် မတ်တတ်ရပ်ကာ လင်းချန်ကို ရိုသေစွာ ဂါရဝပြုလိုက်သည်။

“နတ်ဘုရားသားတော်... ကျုပ်ကို တစ်ခုခု ညွှန်ကြားစရာ ရှိလို့လား။”

လင်းချန်က ခပ်ဖွဖွ ပြုံးလိုက်သည်။

“မင်းဆီမှာ ဓားအရှိန်အဝါ ရှိနေတာကို ငါ အာရုံခံမိတယ်။ မင်းက ဓားသိုင်းကျင့်ကြံသူ တစ်ဦး မဟုတ်လား။”

လင်းထင်ထောင်းမှာ ထိုစကားကြောင့် ဇဝေဇဝါ ဖြစ်နေသော်လည်း ခေါင်းညိတ်ပြလိုက်သည်။

“ဟုတ်ပါတယ် အရှင်။ ကျုပ်က ဓားသိုင်းကျင့်ကြံသူ တစ်ယောက်ပါ။ ဓားအနှစ်သာရကိုလည်း အမြင့်ဆုံးအဆင့်အထိ နားလည်ထားပြီးပါပြီ။ ဓားသိုင်းလျှို့ဝှက်ချက်ကို နားလည်ဖို့ ခြေတစ်လှမ်းပဲ လိုပါတော့တယ်။”

ထိုစကားကို ပြောလိုက်ချိန်တွင် လင်းထင်ထောင်း၏ မျက်နှာ၌ ဂုဏ်ယူမှု အရိပ်အယောင်များ ထွက်ပေါ်လာခဲ့သည်။ ဓားသိုင်းအနှစ်သာရကို အမြင့်ဆုံးအဆင့်အထိ နားလည်နိုင်ရန်မှာ ကပ်ဘေးကိုးခုနယ်ပယ် ကျွမ်းကျင်သူအများစုပင် မတတ်နိုင်သော အရာဖြစ်သည်။ သူသည် ထိုနယ်ပယ်သို့ မရောက်ခင်ကပင် ဤမျှအထိ တတ်မြောက်ထားခြင်းမှာ ထူးခြားသော ပါရမီပင် ဖြစ်သည်။

လင်းချန်က ကျေနပ်စွာ ခေါင်းညိတ်လိုက်သည်။

“ကောင်းပြီ။ ဒါဆိုရင် ဒီတစ်ခါ မင်း ဒီ အခွင့်အရေးကို အရယူပြီး ရှေ့တစ်လှမ်း ထပ်တိုးပြီး ဓားသိုင်းလျှို့ဝှက်ချက်ကို နားလည်နိုင်အောင် ကြိုးစားကြည့်လိုက်။”

ထိုသို့ပြောပြီးသည်နှင့် လင်းချန်သည် တွေဝေမနေတော့ဘဲ စိတ်ထဲမှ အမိန့်ပေးလိုက်၏။

“စနစ်... မူလဓားစွမ်းအင် လွှဲပြောင်းရယူခြင်းကို အသုံးပြုမယ်။”

[အိမ်ရှင်၏ တောင်းဆိုချက်ကို လက်ခံရရှိပါပြီ။ မူလဓားစွမ်းအင်ကို လွှဲပြောင်းပေးနေပါသည်။]

ချက်ချင်းပင် လင်းချန်သည် သန့်စင်ပြီး စွမ်းအားကြီးလှသော ဓားစွမ်းအင်များ မိမိကို လွှမ်းခြုံသွားသည်ဟု ခံစားလိုက်ရသည်။ သူ၏ စိတ်ထဲတွင် ဓားသိုင်းပညာနှင့် ပတ်သက်သော နားလည်မှုများမှာ ဘာမှမရှိရာမှ ရှိလာကာ တဖြည်းဖြည်းနှင့် နက်ရှိုင်းလာတော့သည်။

လင်းထင်ထောင်းမှာမူ အံ့ဩမှင်သက်နေ၏။

နတ်ဘုရားသားတော် ဘာကို ဆိုလိုတာလဲ။ ဒီအခွင့်အရေးကို သုံးပြီး ဓားသိုင်းလျှို့ဝှက်ချက်ကို နားလည်အောင် လုပ်ပါဆိုတာ ဘာကို ပြောတာလဲ။

သို့သော် သူ မေးခွန်းမမေးနိုင်ခင်မှာပင် လင်းချန်၏ ခန္ဓာကိုယ်မှ အလွန်သန့်စင်သော ဓားအရှိန်အဝါများ ထွက်ပေါ်လာသည်ကို သူ အာရုံခံမိလိုက်လေသည်။

ဒါ...မူလဓားစွမ်းအင်ပဲ။။နတ်ဘုရားနယ်ပယ်ကို တက်လှမ်းနိုင်ဖို့အတွက် မဖြစ်မနေ နားလည်ထားရမယ့် မူလစွမ်းအားပဲ။

နတ်ဘုရားသားတော်က ဘယ်လိုလုပ်ပြီး ဒီလောက်စွမ်းအားကြီးတဲ့ အရှိန်အဝါမျိုးကို ထုတ်ဖော်နိုင်တာလဲ။ နတ်ဘုရားသားတော်က မူလဓားစွမ်းအင်ကို နားလည်ထားပြီးသားများလား။

လင်းထင်ထောင်းတစ်ယောက် အလွန်အမင်း ထိတ်လန့်သွား၏။ နတ်ဘုရားသားတော် လင်းချန် စောစောက ပြောခဲ့သော အခွင့်အရေးဆိုသည်မှာ မိမိအား ဤမူလဓားစွမ်းအင်ကို ကြည့်ရှုလေ့လာခွင့် ပေးခြင်းဖြစ်ကြောင်း သူ နားလည်သွားခဲ့သည်။

အချိန်မဆွဲတော့ဘဲ လင်းထင်ထောင်းသည် စိတ်ကို စုစည်းကာ လင်းချန်၏ ခန္ဓာကိုယ်မှ ထွက်ပေါ်နေသော သန့်စင်လှသည့် မူလဓားစွမ်းအင်ကို စတင်အာရုံခံကာ လေ့လာလိုက်တော့သည်။ ဖြစ်နိုင်လျှင် သူသည် ဤရှားပါးလှသော အခွင့်အရေးကို အသုံးချကာ သူ၏ ဓားအနှစ်သာရကို ကျော်လွန်ပြီး ဓားသိုင်းလျှို့ဝှက်ချက်အဆင့်သို့ တက်လှမ်းနိုင်ရန် ကြိုးစားနေခြင်း ဖြစ်သည်။

နတ်ဘုရားသားတော် နန်းတော်အတွင်း၌ ခဏချင်းပင် တိတ်ဆိတ်သွားပြီး လင်းချန်၏ ခန္ဓာကိုယ်မှ ထွက်ပေါ်လာသော ဓားချီသံစဉ်များသာ တစ်ချက်တစ်ချက် ကြားနေရတော့သည်။

အခန်း (၈) ရွှေခေတ်ကြီး ဆင်းသက်လာခြင်း၊ ဓားတာအိုလျှို့ဝှက်ချက်ကို အမြင့်ဆုံးအဆင့်အထိ နားလည်သွားခြင်း၊ ကပ်ဘေးကိုးခုနယ်ပယ်သို့ အတူတကွ တက်လှမ်းခြင်း

လင်းချန်၏ အသိစိတ်မှာ ဓားများသာရှိသည့် ကမ္ဘာတစ်ခုထဲသို့ နစ်မြုပ်နေခဲ့သည်။ ထိုနေရာတွင် အရာအားလုံးမှာ ဓားများပင် ဖြစ်သည်။

မြက်ပင်တိုင်း၊ သစ်ပင်တိုင်းမှာ ဓားများဖြစ်ကြသလို တိုက်ခတ်နေသော လေပြေညင်းမှာလည်း ဓား၊ မြေပြင်မှာလည်း ဓား၊ ကောင်းကင်ယံကြီးမှာလည်း ဓားပင် ဖြစ်သည်။

အစပိုင်းတွင် လင်းချန်မှာ ဤကမ္ဘာကြီးက ဘာကြောင့် ဓားများဖြင့်သာ ဖွဲ့စည်းထားရသနည်းဟု ဇဝေဇဝါ ဖြစ်နေခဲ့သည်။ သို့သော် တဖြည်းဖြည်းနှင့် သူ နားလည်သွားခဲ့၏။

ဤကမ္ဘာကြီးက ဓားများဖြင့် ဖွဲ့စည်းထားခြင်း မဟုတ်ဘဲ သူ အလိုရှိလျှင် ကောင်းကင်နှင့် မြေကြီးကြားရှိ အရာခပ်သိမ်းမှာ ဓားများ ဖြစ်လာနိုင်ခြင်းပင်။ အဓိက အဆုံးအဖြတ်မှာ လောကကြီးပေါ်မှာ မရှိဘဲ မိမိကိုယ်တိုင်အပေါ်၌သာ ရှိနေခြင်း ဖြစ်သည်။

တာအိုပြည်နယ်သုံးထောင် တစ်ဝှမ်းတွင် မရေမတွက်နိုင်သော ရှေးဟောင်းအင်အားစုများနှင့် ကျွမ်းကျင်သူများစွာတို့သည် ကောင်းကင်၏ အရောင်အဆင်းကို တိတ်တဆိတ် စောင့်ကြည့်နေကြ၏။

နေမင်းကြီး လုံးဝကွယ်ပျောက်သွားပြီး လမင်းကြီး ဖြည်းဖြည်းချင်း ထွက်ပေါ်လာသည်ကို သူတို့ ကိုယ်တိုင် မြင်တွေ့နေကြရသည်။ လမင်းကြီး ပိုမိုမြင့်တက်လာလေလေ အင်အားစုအသီးသီးမှ ကျွမ်းကျင်သူများ၏ စိတ်မှာ ပိုမို တင်းမာလာလေလေ ဖြစ်သည်။

ရွှေခေတ်ကြီး ရောက်ရှိလာမည့်အချိန်မှာ နီးကပ်လာပြီ ဖြစ်သည်။

အတန်ကြာ၍ လမင်းကြီး ကောင်းကင်အလယ်တည့်တည့်သို့ ရောက်ရှိချိန်တွင် ရှေးဟောင်းအင်အားစုများမှ ကျွမ်းကျင်သူအားလုံး၏ အရှိန်အဝါများမှာ တခဏမျှ ပြင်းထန်စွာ လှုပ်ခတ်သွားတော့သည်။

ရွှေခေတ်ကြီး ဆင်းသက်လာချေပြီ။

ဝုန်း ဝုန်း ဝုန်း

တာအိုပည်နယ်သုံးထောင်၏ ထောင့်တစ်ခုချင်းစီတိုင်းတွင် ဤခဏ၌ စိတ်ဝိဉာည်စွမ်းအင် ဒီရေလှိုင်းများ အရှိန်အဟုန်ဖြင့် စီးဆင်းလာတော့သည်။

တစ်ခဏချင်းမှာပင် တာအိုပြည်နယ်သုံးထောင်လုံးရှိ ဝိညာဉ်ချီစွမ်းအင်သိပ်သည်းဆမှာ အရည်ကဲ့သို့ ပျစ်ခဲသွားပြီး ယခင်ကထက် အဆပေါင်းများစွာ တိုးပွားလာခဲ့တော့လေသည်။

သိပ်သည်းလှသော ကောင်းကင်နှင့် မြေကြီး၏ ဝိညာဉ်ချီစွမ်းအင်များ ဖုံးလွှမ်းသွားမှုကြောင့် မရေမတွက်နိုင်သော ကျင့်ကြံသူများ၏ အဟန့်အတားများမှာ တိုက်ရိုက် ချိုးဖျက်ခြင်းခံလိုက်ရပြီး နယ်ပယ်အသစ်များသို့ တက်လှမ်းနိုင်ခဲ့ကြသည်။

မရေမတွက်နိုင်သော ကျွမ်းကျင်သူများမှာ ကျင့်ကြံမှု အောင်မြင်ခြင်းအတွက် ဝမ်းသာအားရ အော်ဟစ်ကာ ဂုဏ်ပြုနေခဲ့ကြလေသည်။ ကျင့်ကြံခြင်း ပါရမီမရှိသော သာမန်လူသားများပင်လျှင် ဤစွမ်းအင်ဒီရေလှိုင်းလုံးကြီးများအောက်တွင် သူတို့၏ ရုပ်ခန္ဓာများ သန်မာလာကြကာ သာမန်ထက် ထူးကဲသွားကြသည်။ ဒဏ်ရာများ၊ ဖျားနာမှုများနှင့် ကပ်ရောဂါများမှာလည်း ကွယ်ပျောက်သွားကြပြီး ကိုယ်လက်အင်္ဂါ မစုံလင်သူများပင်လျှင် လက်ခြေများ ပြန်လည် ထွက်ပေါ်လာကြသည်။

ရွှေခေတ်ကြီးကို စောင့်ဆိုင်းနေကြသော ခေတ်ပြိုင်ပါရမီရှင်များနှင့် ရှေးဟောင်းလူထူးဆန်းများမှာလည်း ၎င်းဆင်းသက်လာသည်နှင့်အမျှ တိုက်ခိုက်လိုစိတ်များ ပြင်းထန်စွာ ပေါ်ထွက်လာခဲ့ကြလေသည်။ အပြင်းအထန် ယှဉ်ပြိုင်ရမည့် ခေတ်ကြီး စတင်ပြီဖြစ်ရာ သူတို့၏ တောက်ပမှုကို နောက်ဆုံးတွင် စတင်ပြသခွင့် ရတော့မည် ဖြစ်သည်။

မရေမတွက်နိုင်သော ပါရမီရှင်များမှာ ကျင့်ကြံမှု အဆင့်များကို ကျော်ဖြတ်ကာ ပိုမိုသန်မာလာကြသည်။

တာအိုပြည်နယ်သုံးထောင်၏ အသန်မာဆုံး နယ်မြေဆယ်ခုထဲမှ တစ်ခုဖြစ်သော ယွမ်ထျန်း နတ်ဘုရားတိုက်ကြီးရှိ ယွမ်မိသားစုတွင်...

ဝုန်း....။

“ငါ... ယွမ်ချန်းချိုး ဒီနေ့မှာ ကပ်ဘေးကိုးခုနယ်ပယ်ကို တက်လှမ်းလိုက်ပြီ။ ရွှေခေတ်ကြီးရဲ့ ပါရမီရှင်တွေ... ငါနဲ့ ယှဉ်ပြိုင်ရဲတဲ့သူ ရှိလား။”

ငယ်ရွယ်နုပျိုသော ထိပ်သီးပုဂ္ဂိုလ်တစ်ဦးနှင့် ဆင်တူသော ပုံရိပ်တစ်ခုမှာ ကောင်းကင်ယံထက်၌ ခန့်ညားစွာ ရပ်တည်နေခဲ့သည်။ အပေါ်မှ ကျဆင်းလာသော မိုးကြိုးအတိဒုက္ခကို ဂရုမစိုက်ဘဲ သူသည် ရဲရဲဝံ့ဝံ့ပင် ရယ်မောနေ၏။

ထို့အတူ အသန်မာဆုံး နယ်မြေဆယ်ခုထဲမှ တစ်ခုဖြစ်သော လျိုရှား ကောင်းကင်ပြည်နယ်ရှိ လျိုရှား သူတော်စင်နယ်မြေတွင်လည်း...

လူ့လောကသို့ ဆင်းသက်လာသော နတ်မိမယ်သဖွယ် လှပလွန်းသည့် ပုံရိပ်လေးတစ်ခုမှာ ဝေဟင်တွင် တိတ်ဆိတ်စွာ ရပ်နေခဲ့သည်။ သူမ၏ ဦးခေါင်းထက်တွင်လည်း ထိတ်လန့်ဖွယ် ကောင်းသော ခရမ်းရောင် မိုးကြိုးအတိဒုက္ခများ အဆက်မပြတ် ကျဆင်းနေ၏။ သို့သော် သာမန် ကပ်ဘေးကိုးခုနယ်ပယ် ကျွမ်းကျင်သူတစ်ဦးကို သတ်ဖြတ်နိုင်သော ထိုမိုးကြိုးများမှာ သူမ၏ အနားသို့ မရောက်မီမှာပင် အလိုအလျောက် ပျောက်ကွယ်သွားကြသည်။

လှပသော ထိုပုံရိပ်၏ အကြည့်မှာ ဖုကွမ်း မြင့်မြတ်ပြည်နယ်ဘက်သို့ ဦးတည်သွားပြီး အေးစက်သော အသံတစ်ခု ထွက်ပေါ်လာခဲ့သည်။

“ရှေးဟောင်းဖုန်းဆိုး လင်းမိသားစုရဲ့ ပြိုင်ဘက်ကင်း နတ်ဘုရားသားတော် လင်းချန်ဟာ ခေတ်အဆက်ဆက်မှာ မျိုးနွယ်စုအားလုံးရဲ့ အသန်မာဆုံး ပါရမီရှင်လို့ ကျွန်မ ကျော်ကြားဖူးတယ်။”

“ဒါပေမဲ့ အဲ့ဒီ ‘အသန်မာဆုံး’ ဆိုတာကို တိုက်ပွဲတစ်ခု ပြီးမှပဲ သိနိုင်လိမ့်မယ်။”

မျိုးနွယ်စု ထောင်ပေါင်းများစွာ စုဝေးရာ “မိစ္ဆာနတ်ဘုရားနယ်မြေတွင်လည်း...

နဂါးပျိုများ ကောင်းကင်သို့ ပျံတက်နေကြပြီး သွေးစစ်ချီလင်များက ဟိန်းဟောက်နေကြကာ အစစ်အမှန်ဖီးနစ်ငှက်များမှာလည်း သာယာသော အသံများဖြင့် တေးဆိုနေကြသည်။ သူတို့အားလုံးမှာ မိစ္ဆာမျိုးနွယ်၏ ထိပ်သီးပါရမီရှင်များ ဖြစ်ကြပြီး ယခု စွမ်းအင်ဒီရေလှိုင်း၏ ဗတ္တိဇံကို ခံယူပြီးနောက် အားလုံးမှာ ကပ်ဘေးကိုးခုနယ်ပယ်တက်လှမ်းသွားကြပြီ ဖြစ်သည်။

ထိုနယ်မြေများတင် မကဘဲ တာအိုပြည်နယ်သုံးထောင်လုံးရှိ ရှေးဟောင်းအင်အားစုများ၏ ကောင်းကင်ယံထက်တွင် ကောင်းကင်ရွေးချယ်ခံများနှင့် ထူးကဲသော ပါရမီရှင်များ၏ ပုံရိပ်များကို မြင်တွေ့နေရ၏။ သူတို့အားလုံးမှာ ကျင့်ကြံမှု အောင်မြင်သည်နှင့်အမျှ ဖူကွမ်း မြင့်မြတ်နယ်မြေရှိ ရှေးဟောင်းဖုန်းဆိုး လင်းမိသားစု ရှိရာဘက်သို့ အကြည့်များကို ပို့ထားခဲ့ကြသည်။

သူတို့၏ မျက်ဝန်းများတွင် ပမာမခန့်ပြုမှုများနှင့် တိုက်ခိုက်လိုစိတ်များ ပြည့်နှက်နေကြသည်။ လင်းမိသားစု၏ နတ်ဘုရားသားတော် လင်းချန်မှာ ခေတ်အဆက်ဆက်၌ အသန်မာဆုံးဟု အဆိုရှိသော်လည်း သူတို့ကတော့ အသိအမှတ် မပြုလိုကြပေ။

ယခု ရွှေခေတ်ကြီး ရောက်လာပြီဖြစ်ရာ သူတို့အားလုံးမှာ စွမ်းအင်ဗတ္တိဇံကို ခံယူပြီးပြီဖြစ်သလို ထိုနတ်ဘုရားသားတော်မှာလည်း နိုးထလာပြီ ဖြစ်ရပေမည်။ သူတို့သည် အမှန်တကယ် မည်သူက အသန်မာဆုံးလဲဆိုသည်ကို မကြာမီ ယှဉ်ပြိုင်ကြတော့မည် ဖြစ်သည်။

ရှေးဟောင်းဖုန်းဆိုး လင်းမိသားစု၊ နတ်ဘုရားတားမြစ်ချက် တောင်ထိပ်၊ နတ်ဘုရားသားတော် နန်းတော်....။

လင်းချန်၏ မျက်လုံးများ ဖြည်းဖြည်းချင်း ပွင့်လာပြီး သူ၏ သူငယ်အိမ်ထဲမှ ထိတ်လန့်ဖွယ်ကောင်းသော ဓားချီအလင်းတန်းများ ပျံထွက်လာခဲ့သည်။

ရွှပ်....

ခဏချင်းမှာပင် နန်းတော်အတွင်း၌ ဟင်းလင်းပြင် အက်ကွဲကြောင်းကြီး နှစ်ခု ဖြစ်ပေါ်လာပြီး ၎င်းမှာ အချိန်အတော်ကြာသည်အထိ ပြန်မစေ့နိုင်ခဲ့ချေ။ လွင့်ထွက်လာသော ဓားချီအလင်းတန်းလေး နှစ်ခုမှာပင် ဤမျှ စွမ်းအားကြီးနေပါက အားကုန်သုံး၍ တိုက်ခိုက်လျှင် မည်မျှအထိ ပြင်းထန်မည်နည်းဆိုသည်မှာ ခန့်မှန်းရ ခက်လှပေသည်။

လင်းချန်သည် မိမိ၏ လက်ဖဝါးကို ကြည့်ပြီး အံ့ဩဝမ်းသာစွာ ပြုံးလိုက်မိသည်။

“ဒီတစ်ခါမှာ ငါ့ရဲ့ ဓားသိုင်းနားလည်မှုက ဓားသိုင်းလျှို့ဝှက်ချက် အမြင့်ဆုံးအဆင့်အထိ တိုက်ရိုက်ရောက်သွားလိမ့်မယ်လို့ မထင်ထားခဲ့ဘူး။”

“ဒီလောက်အထိ တိုးတက်လာမယ်လို့ ငါ မျှော်လင့်မထားခဲ့ဘူး။”

အမှန်ပင်။ သူသည် ယခုအခါ ဓားအရှိန်အဝါ နှင့် အနှစ်သာရနယ်ပယ်များကို ကျော်ဖြတ်ကာ ဓားသိုင်းကျင့်ကြံခြင်း၏ တတိယနယ်ပယ်ဖြစ်သော “ဓားသိုင်းလျှို့ဝှက်ချက်အဆင့်သို့ တိုက်ရိုက်ရောက်ရှိသွားခြင်း ဖြစ်သည်။

ထို့ပြင် ၎င်းမှာ အစဦး နားလည်မှုမျှသာ မဟုတ်ဘဲ အမြင့်ဆုံးအဆင့်သို့ပင် ရောက်ရှိနေခြင်း ဖြစ်သည်။ ဤကဲ့သို့သော တိုးတက်မှုနှုန်းမှာ အလွန်ကြောက်စရာ ကောင်းလှပေသည်။

ဝုန်း

လင်းချန်သည် အတွေးတစ်ချက်ထုတ်ဖော်လိုက်သည်နှင့် သူ၏ လက်ဖဝါးတွင် သန့်စင်သော ဓားသိုင်းလျှို့ဝှက်ချက် အလင်းတန်းတစ်ခု ထွက်ပေါ်လာခဲ့သည်။ ထိုအလင်းတန်း ရှိနေသော နေရာ၌ ဟင်းလင်းပြင်မှာပင် မတည်ငြိမ်တော့ဘဲ ပျက်စီးသွားရ၏။ ဤစွမ်းအားကို အာရုံခံမိပြီးနောက် လင်းချန် အလွန်ကျေနပ်သွားခဲ့သည်။

သူ၏ ဓားသိုင်းနယ်ပယ်မှာ နောက်တစ်ဆင့် ထပ်တက်လျှင် နတ်ဘုရားနယ်ပယ်သို့ တက်လှမ်းရန် လိုအပ်ချက်ဖြစ်သော မူလဓားနယ်ပယ်သို့ ရောက်ရှိတော့မည် ဖြစ်သည်။ သူ၏ လက်ရှိ ဓားတာအိုနားလည်မှုမှာ နှစ်ပေါင်းသောင်းချီ၍ ဓားတာအိုကို လေ့ကျင့်နေခဲ့သော သူတော်စင်ဘုရင် နယ်ပယ် ကျွမ်းကျင်သူ အများအပြားထက်ပင် ပိုမိုနက်ရှိုင်းနေသည်ဟု ဆိုလျှင်ပင် မမှားနိုင်ပေ။

လင်းချန် မတ်တတ်ရပ်လိုက်ပြီး ပတ်ဝန်းကျင်ရှိ ဝိညာဉ်ချီစွမ်းအင်များ သိသိသာသာ သိပ်သည်းလာသည်ကို အာရုံခံမိကာ ကောင်းကင်ကို မော့ကြည့်လိုက်သည်။

“နောက်ဆုံးတော့ ရွှေခေတ်ကြီး ရောက်လာခဲ့ပြီပဲ။”

သူ၏အသံမှာ အလွန်ပင် တည်ငြိမ်လှသော်လည်း ၎င်းထဲတွင် စိတ်လှုပ်ရှားမှုနှင့် တိုက်ခိုက်လိုစိတ်များ ကိန်းအောင်းနေခဲ့သည်။ နှစ်ပေါင်း သုံးထောင်ကြာ စောင့်ဆိုင်းခဲ့ရသော ဤအခိုက်မှာ နောက်ဆုံးတော့ အမှန်တကယ် ရောက်ရှိလာခဲ့ချေပြီ။ သူ၏ ကျင့်ကြံမှုမှာလည်း အလိုအလျောက် လျင်မြန်စွာ တိုးတက်နေသည်ကို ခံစားလိုက်ရပြီး မကြာမီ ဒုတိယမြောက် ကပ်ဘေးကို ကျော်ဖြတ်ကာ နယ်ပယ်အသစ်သို့ တက်လှမ်းနိုင်တော့မည် ဖြစ်သည်။

ထိုအချိန်တွင် သူ့အနား၌ မျက်လုံးမှိတ် ထိုင်နေသော လင်းထင်ထောင်းသည် ရုတ်တရက် သူ၏မျက်လုံးများ ဖွင့်လိုက်၏။ ထို့အတူ သူ၏ ခန္ဓာကိုယ်အတွင်းမှ ကျယ်ပြောပြီး သန့်စင်သော အရှိန်အဝါများ ပေါက်ကွဲထွက်လာကာ နန်းတော်တစ်ခုလုံးကို လွှမ်းခြုံသွားတော့သည်။ ထိုအရှိန်အဝါထဲတွင် ဓားတာအို၏ ထက်ရှမှုကိုပါ ဝိုးတဝါး ခံစားနေရသည်။

ဒါက... ဓားသိုင်းလျှို့ဝှက်ချက်ရဲ့ ထက်ရှမှုပဲ။

မိမိခန္ဓာကိုယ်အတွင်းမှ စွမ်းအားများကို အာရုံခံမိပြီးနောက် လင်းထင်ထောင်း၏ မျက်နှာပေါ်၌ စိတ်လှုပ်ရှားမှုများ ဖြစ်ပေါ်လာတော့သည်။

သူ အောင်မြင်သွားချေပြီ။

ဤစွမ်းအင်ဒီရေလှိုင်းအောက်၌ သူသည် အမှန်တကယ် ကျင့်ကြံမှု အဆင့်တက်သွားပြီဖြစ်သည်။ သူသည် ယခုအခါ စစ်မှန်သော ကပ်ဘေးကိုးခုနယ်ပယ် ကျွမ်းကျင်သူတစ်ဦး ဖြစ်သွားခဲ့ချေပြီ။

၎င်းတင်မကဘဲ နတ်ဘုရားသားတော် လင်းချန်၏ အကူအညီကြောင့် သူ၏ ဓားတာအိုအနှစ်သာရမှာလည်း အဟုန်ပြင်းစွာ တိုးတက်သွားခဲ့၏။ သူ၏ ဓားတာအိုနယ်ပယ်မှာ ယခင်ကကဲ့သို့ အမြင့်ဆုံးအဆင့် ဓားတာအိုအနှစ်သာရ မဟုတ်တော့ဘဲ ဓားတာအိုလျှို့ဝှက်ချက် ၁၀ ရာခိုင်နှုန်းအထိ ရောက်ရှိသွားခြင်း ဖြစ်သည်။ ကောင်းချီးနှစ်ထပ် ရရှိလိုက်ခြင်းပင်။

လင်းချန်က ၎င်းကို မြင်သောအခါ ကျေနပ်စွာ ပြုံးလိုက်မိသည်။

“မင်း ကပ်ဘေးကိုးခုနယ်ပယ်ကို ရောက်သွားပြီဆိုတော့ အပြင် ထွက်ပြီး မင်းရဲ့ အတိဒုက္ခကို ရင်ဆိုင်လိုက်တော့။ ရွှေခေတ်ကြီး ရောက်လာပြီဖြစ်လို့ အခွင့်အရေးမျိုးစုံ ပေါ်လာတော့မယ်။ မင်း ကပ်ဘေးကိုးခုနယ်ပယ်ကို အမှန်တကယ် ရောက်ရှိသွားမှသာ ယှဉ်ပြိုင်နိုင်စွမ်း ရှိလိမ့်မယ်။”

ထိုစကားကို ကြားသောအခါ လင်းထင်ထောင်းသည် ချက်ချင်းပင် သတိပြန်ဝင်လာပြီး စိတ်လှုပ်ရှားမှုကို ထိန်းချုပ်ကာ လင်းချန်ကို ရိုသေစွာ ဂါရဝပြုလိုက်သည်။

“ဟုတ်ကဲ့ပါ နတ်ဘုရားသားတော်။”

စကားမဆုံးမီမှာပင် သူသည် ခြေတစ်လှမ်း လှမ်းလိုက်ကာ နန်းတော်အတွင်းမှ ပျောက်ကွယ်သွားတော့သည်။ ထိုအချိန်တွင် လင်းမိသားစုအတွင်းရှိ အခြားနေရာများမှ လင်းရှန်းဟဲနှင့် အခြား ရှေးဟောင်းလူထူးဆန်းများသည်လည်း ကျယ်ပြောလှသော အရှိန်အဝါများနှင့်အတူ ၎င်းတို့၏ နေအိမ်များမှ ထွက်လာကာ ကောင်းကင်သို့ ပျံတက်သွားကြသည်။ သူတို့အားလုံးသည်လည်း ကပ်ဘေးကိုးခုနယ်ပယ်သို့ ရောက်ရှိသွားကြပြီ ဖြစ်သည်။

ဝုန်း

အတိဒုက္ခတိမ်တိုက်များ တစ်ခုပြီးတစ်ခု ထွက်ပေါ်လာပြီး လင်းမိသားစုတစ်ခုလုံးကို ဖုံးလွှမ်းသွားတော့၏။ လင်းမိသားစုနယ်မြေမှာ ကောင်းကင်အတိဒုက္ခများ၏ တိုက်ပွဲကွင်းပြင်ကြီးသဖွယ် ဖြစ်သွားရတော့သည်။

လင်းချန်သည် လက်နှစ်ဖက်ကို နောက်ပစ်လျက် နန်းတော်အဝင်ဝသို့ လမ်းလျှောက်လာကာ ကောင်းကင်ယံကို ကြည့်ပြီး ရဲရဲဝံ့ဝံ့ ရယ်မောလိုက်သည်။

“မျိုးနွယ်စုအားလုံးရဲ့ ကောင်းကင်ရွေးချယ်ခံတွေ... ငါ့ရဲ့ နင်းချေမှုကို ခံယူဖို့ အသင့်ပြင်ထားကြရဲ့လား။”

ထိုစကားမဆုံးမီမှာပင် လင်းချန်၏ ခန္ဓာကိုယ်မှ အစွမ်းထက်လှသော အရှိန်အဝါတစ်ခု ပေါက်ကွဲထွက်ပေါ်လာ၏။

ကပ်ဘေးကိုးခုနယ်ပယ်၊ တတိယအဆင့်...။

ကပ်ဘေးကိုးခုနယ်ပယ်၏ ဒုတိယမြောက် ကပ်ဘေးဖြစ်သော ခန္ဓာကိုယ် ကပ်ဘေးကို သူ အောင်မြင်စွာ ကျော်ဖြတ်နိုင်ခဲ့ပြီ ဖြစ်သည်။

မှတ်ချက်: ကပ်ဘေးကိုးခုနယ်ပယ်တွင် အဆင့်များမှာ

၁။ ဝိညာဉ်စွမ်းအား ကပ်ဘေး

၂။ ခန္ဓာကိုယ် ကပ်ဘေး

၃။ အတွင်းအင်္ဂါငါးပါး ကပ်ဘေး

၄။ အူလမ်းကြောင်းခြောက်ပါး ကပ်ဘေး

၅။ အနံ့အာရုံ ကပ်ဘေး

၆။ အကြားအာရုံ ကပ်ဘေး

၇။ အမြင်အာရုံ ကပ်ဘေး

၈။ နတ်ဘုရားစိတ်ဝိညာဉ် ကပ်ဘေး

၉။ ကပ်ဘေးအားလုံးကို ပြန်လည် စုစည်း၍ ကောင်းကင်သို့ တက်လှမ်းသည့်အဆင့်

(ကပ်ဘေးတစ်ခုစီကို ကျော်ဖြတ်တိုင်း သက်ဆိုင်ရာ စွမ်းအားများမှာ ဆယ်ဆမက ပိုမိုသန်မာလာမည် ဖြစ်သည်။)

All Chapters