← Chapters

အခန်း (၁၅-၁၆)

Vol. 2 Ch. 15-16

အခန်း (၁၅-၁၆)

Vol. 2 Ch. 15-16

အခန်း ၁၅ - လက်ဝါးတစ်ချက်ဖြင့် ကွာစီဧကရာဇ် တစ်ပါး ကျဆုံးခြင်း၊ ရှေးဟောင်းဖုန်းဆိုး လင်းမိသားစု၏ ကြီးကျယ်မြင့်မြတ်မှု၊ ပါရမီရှင်စာရင်း၏ ပထမအဆင့် လင်းချန်

ရှေးဟောင်းဖုန်းဆိုး လင်းမိသားစု၏ အနက်ရှိုင်းဆုံးနေရာဆီမှ ထွက်ပေါ်လာသော အရှိန်အဝါသည် ကောင်းကင်ဘုံ၏ အရှိန်အဝါကဲ့သို့ပင် ဖူကွမ်းမြင့်မြတ်ပြည်နယ်မှတစ်ဆင့် တာအိုပြည်နယ်သုံးထောင်လုံးသို့ လွှမ်းခြုံသွားပြီး ကုဋေပေါင်းများစွာသော သက်ရှိများကို တုန်လှုပ်ခြောက်ခြားသွားစေခဲ့သည်။

ထိုအခိုက်အတန့်တွင် တာအိုပြည်နယ်သုံးထောင်ရှိ အင်အားစုအသီးသီးမှ ကျွမ်းကျင်သူအများအပြားမှာ ထိုအရှိန်အဝါကို ခံစားလိုက်ကြရပြီး သူတို့၏မျက်နှာများမှာ အံ့သြတုန်လှုပ်မှုများဖြင့် ပြည့်နှက်သွားကြတော့သည်။

ပြည်နယ်ပေါင်း သုံးထောင်ကို လွှမ်းမိုးနိုင်သော ဖိအားမျိုးမှာ သာမန် ကွာစီဧကရာဇ် တစ်ဦး ပြုလုပ်နိုင်သည့်အရာ မဟုတ်ပေ။ အနည်းဆုံး ကွာစီဧကရာဇ်နှောင်းပိုင်း အဆင့်သို့ ရောက်ရှိနေသည့် တည်ရှိမှုမျိုးမှသာ ဤကဲ့သို့ ခဲခဲယဉ်းယဉ်း လုပ်ဆောင်နိုင်ခြင်း ဖြစ်သည်။

“ရှေးဟောင်းဖုန်းဆိုး လင်းမိသားစုရဲ့ ရှေးကျပြီး အစွမ်းထက်တဲ့ တည်ရှိမှုတစ်ခု... နိုးထလာပြီ။”

“လင်းမိသားစုရဲ့ ဧကရာဇ်လက်နက် သန္ဓေသားလောင်းကို လုဖို့ကြိုးစားတဲ့ အဲ့ဒီ ကွာစီဧကရာဇ်တော့ ဒုက္ခရောက်တော့မှာပဲ။”

တာအိုပြည်နယ်သုံးထောင်၏ ကောင်းကင်ယံထက်တွင် ကောင်းကင်တာအို ရွှေရောင်စာရင်းမှာ အတိုင်းအဆမရှိသော ရွှေရောင်အလင်းတန်းများ ဖြာထွက်နေသော်လည်း ခန့်ညားထည်ဝါသော ကောင်းကင်တာအို၏ အသံမှာမူ ကောင်းကင်၏အနက်ရှိုင်းဆုံးနေရာမှ ထပ်မံထွက်ပေါ်လာခြင်း မရှိသေးပေ။ ကောင်းကင်တာအိုသည်ပင် ဤပြက်လုံးကြီး ပြီးဆုံးသွားသည်အထိ စောင့်ဆိုင်းပြီးမှ ပါရမီရှင်စာရင်း၏ နောက်ဆုံးအဆင့်ကို ကြေညာမည့်ပုံပေါ်သည်။

လင်းမိသားစု၏ ကောင်းကင်ထက်တွင်...

နှင်းကဲ့သို့ ဖြူဖွေးသော ဆံပင်များရှိသော်လည်း အလွန်ပင် ငယ်ရွယ်သော မျက်နှာပိုင်ရှင် အမျိုးသားတစ်ဦး၏ ပုံရိပ်သည် ဟင်းလင်းပြင်၌ ရုတ်တရက် ပေါ်ထွက်လာခဲ့၏။ သူ ထွက်ပေါ်လာပုံမှာ ဟင်းလင်းပြင်၌ တုန်ခါမှုလည်းမရှိသလို အခြားသော အရှိန်အဝါများလည်း ထွက်ပေါ်မလာဘဲ ထိုနေရာတွင် အစကတည်းက ရှိနေခဲ့သယောင်ပင်။

ထိုဆံပင်ဖြူနှင့် အမျိုးသား၏ မျက်နှာမှာ နတ်ဘုရားတစ်ပါးကဲ့သို့ ခန့်ညားထည်ဝါပြီး လူဝတ်လဲထားသော နတ်တစ်ပါးကဲ့သို့ တင့်တယ်လှသဖြင့် လူတို့မှာ သူ့ကို စေ့စေ့ကြည့်ရန်ပင် ကြောက်ရွံ့နေကြသည်။ သို့သော် ယခုအခါတွင်မူ ထိုနတ်တစ်ပါးနှင့်တူသော အမျိုးသား၏ မျက်နှာ၌မူ ဒေါသများဖြင့် ပြည့်နှက်နေခဲ့လေသည်။

“မင်းတို့ရဲ့ မဟာဆင့်ကဲပြောင်းလဲခြင်း သူတော်စင်နယ်မြေက ငါတို့ လင်းမိသားစုရဲ့ ပစ္စည်းကို တကယ် ထိရဲတယ်လား။”

သတ်ဖြတ်လိုသော အငွေ့အသက်နှင့် ဒေါသများ ပြည့်နှက်နေသော ထိုအသံမှာ အစွမ်းထက်သော ခွန်အားများနှင့်အတူ တာအိုပြည်နယ်သုံးထောင်လုံးသို့ ဟိန်းထွက်သွားခဲ့သည်။ နတ်တစ်ပါးနှင့်တူသော ထိုအမျိုးသား၏ ခန္ဓာကိုယ်မှ ထာဝရရေခဲပြင်ကဲ့သို့ အေးစက်သော အရှိန်အဝါများမှာ ကောင်းကင်တစ်ခုလုံးကို မသိစိတ်ဖြင့် ဖုံးလွှမ်းသွားခဲ့သည်။

ထိုအသံကို ကြားလိုက်ရသည့်အခါ မည်သူက လုယူဝံ့သနည်းဟု တွေးတောနေကြသော ကျွမ်းကျင်သူများမှာ အမှန်တရားကို ချက်ချင်းပင် သိရှိသွားကြတော့၏။

မဟာဆင့်ကဲပြောင်းလဲခြင်း သူတော်စင်နယ်မြေ...။

၎င်းမှာ ကောင်းကင်ဘုံ၏ လျှို့ဝှက်ချက်များကို ဖုံးကွယ်နိုင်ပြီး ထူးခြားသော ကျင့်စဉ်တစ်ခုကို အသုံးပြုကာ လောက၏ လစ်ဟာမှုများကို အသုံးချနိုင်သည့် အစွမ်းထက်ပြီး လျှို့ဝှက်ဆန်းကြယ်သော အင်အားစုတစ်ခု ဖြစ်သည်။ အကယ်၍ သူတို့၏ ကွာစီဧကရာဇ်ကသာ လှုပ်ရှားခဲ့သည်ဆိုပါက ကောင်းကင်တာအို၏ ကာကွယ်မှုကို ဘာကြောင့် ကျော်ဖြတ်နိုင်ခဲ့သနည်းဆိုသည်မှာ နားလည်နိုင်စရာ ရှိပေသည်။ သူတို့သည် ထိုအချက်ကို အခြေခံ၍ပင် အင်အားကြီးမားလာခဲ့ကြခြင်းမဟုတ်ပါလော။

သို့သော်လည်း ဤ မဟာဆင့်ကဲပြောင်းလဲခြင်း သူတော်စင်နယ်မြေ၏ စုစုပေါင်းအင်အားမှာ ရှေးဟောင်းဖုန်းဆိုး လင်းမိသားစုနှင့်ယှဉ်လျှင် များစွာနိမ့်ကျလှပေသည်။ ထိုကွာစီဧကရာဇ်မှာ ဤကဲ့သို့သောအရာမျိုးကို မည်သို့ကြောင့် လုပ်ရဲရသနည်း။

အင်အားစုအသီးသီးမှ ကျွမ်းကျင်သူများမှာ ဇဝေဇဝါ ဖြစ်နေခဲ့ကြသည်။ သူတို့၏ သူတော်စင်နယ်မြေတွင် စောင့်ရှောက်မည့် ဧကရာဇ်လက်နက် မရှိသောကြောင့် ဤဧကရာဇ်လက်နက် သန္ဓေသားလောင်းကို ရယူကာ ထိုလစ်ဟာချက်ကို ဖြည့်ဆည်းရန် စွန့်စားခဲ့ကြခြင်းဖြစ်နိုင်သလော။

အမှန်တကယ်ပင် မဟာဆင့်ကဲပြောင်းလဲခြင်း သူတော်စင်နယ်မြေသည် အသစ်တက်လာသော အင်အားစုဖြစ်ပြီး သူတို့၏ ဘိုးဘေးများထဲတွင် မဟာဧကရာဇ်တစ်ပါးမှ မပေါ်ထွန်းခဲ့ဖူးချေ။ ထို့ကြောင့် သဘာဝကျကျပင် သူတို့ကို စောင့်ရှောက်မည့် ဧကရာဇ်လက်နက်လည်း မရှိပေ။ ဤအချက်မှာ မှန်ကန်သော အဖြေဖြစ်လိမ့်မည်ဟု ကျွမ်းကျင်သူများက ယူဆလိုက်ကြ၏။

ထိုဟိန်းဟောက်သံမှာ တာအိုပြည်နယ်သုံးထောင် အနှံ့ ပျံ့နှံ့သွားသော်လည်း မည်သည့်တုံ့ပြန်မှုမျှ မရရှိဘဲ လောကကြီးတစ်ခုလုံးမှာ တိတ်ဆိတ်သွားခဲ့သည်။

နတ်ဘုရားသားတော်နန်းဆောင်ရှေ့ရှိ ရင်ပြင်တွင်မူ...

လင်းချန်နှင့် အခြားသော ပါရမီရှင်များ၊ လင်းဟောက်ရန်နှင့် မိသားစုအကြီးအကဲများမှာ ကောင်းကင်ရှိ ဆံပင်ဖြူနှင့် အမျိုးသားကို မြင်လိုက်ရသည့်အခါ တုန်လှုပ်သွားကြ၏။

ဤသူကား သူတို့ လင်းမိသားစု၏ ကွာစီဧကရာဇ် ဘိုးဘေးကြီးပင် ဖြစ်သည်။ သူ၏ ပုံပန်းသဏ္ဌာန်အရ ကြည့်ရလျှင် သူသည် ကျင့်ကြံမှုအဆင့် ကွာစီဧကရာဇ် အထွတ်အထိပ်သို့ ရောက်ရှိနေသည့် ပဥ္စမမြောက် ဘိုးဘေးကြီး၊ လင်းမေရှန်းပင် ဖြစ်ရပေမည်။

မိသားစု၏ ကွာစီဧကရာဇ် ဘိုးဘေးများအားလုံး၏ ပုံတူများကို မိသားစုအတွင်း ကိုးကွယ်ပူဇော်ထားကြသဖြင့် အမှားအယွင်းမရှိနိုင်ပေ။ ယခုနိုးထလာသော ဘိုးဘေးမှာ ပဥ္စမမြောက် ဘိုးဘေးကြီးပင် ဖြစ်သည်။

လင်းချန် အပါအဝင် လူတိုင်းသည် မဆိုင်းမတွပင် ကောင်းကင်ရှိ ဆံပင်ဖြူနှင့် အမျိုးသား၏ ပုံရိပ်ကို အရိုအသေပေးလိုက်ကြ၏။

“ပဥ္စမမြောက် ဘိုးဘေးကြီး ပြန်လည်နိုးထလာခြင်းကို ကြိုဆိုပါတယ်။”

အနည်းဆုံး နှစ်ပေါင်းသိန်းချီ အသက်ရှင်နေထိုင်ခဲ့ပြီး သူတို့၏ ဘိုးဘေးလည်းဖြစ်သော ထိုကဲ့သို့သော ရှေးကျသည့် တည်ရှိမှုမျိုးမှာ ဤကဲ့သို့ အရိုအသေပေးခြင်းနှင့် ထိုက်တန်လှပေသည်။

လင်းရှန်ဟဲကဲ့သို့သော ပိုမိုရှေးကျသော ခေတ်ကာလများတွင် နေထိုင်ခဲ့ကြသည့် ရှေးဟောင်းလူထူးဆန်းများပင်လျှင် သူတို့၏ စိတ်ထဲ၌ အနည်းငယ်မျှပင် ခုခံလိုစိတ်မရှိကြပေ။ ကွာစီဧကရာဇ် အထွတ်အထိပ်ဆိုသော စကားလုံးမှာပင် သူတို့ကို ကြည်ဖြူစွာ အရိုအသေပေးရန် လုံလောက်လှပေသည်။

ဤသူကား သူတို့ လင်းမိသားစု၏... စစ်မှန်သော အခြေခံအုတ်မြစ် ကျွမ်းကျင်သူကြီးပင် ဖြစ်သည်။

နှုတ်ဆက်သံများမှာ လင်းမိသားစုအတွင်း ဟိန်းထွက်သွားပြီး အံ့သြတုန်လှုပ်နေကြသော လင်းမိသားစုဝင်များစွာကို သတိပြန်ဝင်လာစေခဲ့သည်။ နိုးထလာကြပြီးနောက် လင်းမိသားစုဝင်များ အားလုံးသည် စိတ်အားထက်သန် ရိုသေစွာဖြင့် ကောင်းကင်သို့ လက်ယှက်ကာ အရိုအသေ ပေးလိုက်ကြတော့သည်။

“ပဥ္စမမြောက် ဘိုးဘေးကြီး ပြန်လည်နိုးထလာခြင်းကို ကြိုဆိုပါတယ်။”

ကောင်းကင်ယံထက်တွင်...

ဟိန်းထွက်လာသော နှုတ်ဆက်သံများကြောင့် ဆံပင်ဖြူနှင့်အမျိုးသား လင်းမေရှန်းသည် သူ၏ပတ်ဝန်းကျင်ရှိ အေးစက်သော သတ်ဖြတ်လိုစိတ်များကို ချုပ်ထိန်းလိုက်၏။ သူသည် အောက်ဘက်သို့ ငုံ့ကြည့်ကာ သာယာသော အပြုံးတစ်ခုဖြင့် အသာအယာ ခေါင်းညိတ်ပြလိုက်သည်။

ထို့နောက် သူသည် ခေါင်းကို ပြန်မော့လိုက်ရာ သူ၏မျက်နှာအမူအရာမှာ တစ်ဖန်ပြန်၍ အေးစက်သွားပြီး ပြင်းထန်သော သတ်ဖြတ်လိုစိတ်များဖြင့် ပြည့်နှက်သွားပြန်သည်။

“မင်းတို့က ထွက်လာပြီး တာဝန်ယူဖို့ ဆန္ဒမရှိကြဘူးပေါ့။ ဒါဆိုရင်တော့ ရွှေရောင်မဟာခေတ်ကြီး ရောက်လာတဲ့ ပထမဆုံးနေ့မှာပဲ မင်းတို့ရဲ့ သွေးတွေနဲ့ ဒီခေတ်သစ်ကြီးကို ငါဆင်နွှဲပေးရတာပေါ့။”

ပြောပြောဆိုဆိုဖြင့် သူသည် လက်ဝါးကို မြှောက်ကာ လားရာတစ်ခုဆီသို့ လှမ်း၍ ဆန့်ထုတ်လိုက်တော့သည်။

“ဝုန်း”

သူ၏လက်ဝါး လှုပ်ရှားမှုနှင့်အတူ ခန့်ညားထည်ဝါသော စွမ်းအားလှိုင်းများ ပေါက်ကွဲထွက်ပေါ်လာပြီး တာအိုပြည်နယ်သုံးထောင်လုံး၏ ကောင်းကင်ယံထက်တွင် အလွန်ပင် ထင်ရှားပြတ်သားသော လက်ဗွေရာများ ပါဝင်သည့် လက်ဝါးကြီးတစ်ဖက် ဖြစ်တည်လာခဲ့သည်။ ထိုလက်ဝါးကြီး ဖြတ်သန်းသွားရာ နေရာတိုင်းတွင် ကောင်းကင်နှင့် မြေကြီး၏ နိယာမများမှာ ဆုတ်ခွာသွားရပြီး အရာခပ်သိမ်းမှာ ဟင်းလင်းပြင်အဖြစ်သို့ ပြောင်းလဲသွားခဲ့သည်။

ထိုမြင်ကွင်းကို ခံစားလိုက်ရသည့်အခါ တာအိုပြည်နယ်သုံးထောင်ရှိ ရှေးဟောင်းအင်အားစု အသီးသီးမှ ရေတွက်မရနိုင်သော ကျွမ်းကျင်သူများမှာ တံတွေးကို အနိုင်နိုင် မျိုချလိုက်ကြရ၏။

ဤနိုးထလာသော ရှေးဟောင်းဖုန်းဆိး လင်းမိသားစုမှ ကျွမ်းကျင်သူမှာ မည်သူဖြစ်သည်ကို သူတို့ သိရှိသွားကြပြီဖြစ်သည်။ သူကား ကွာစီဧကရာဇ် အထွတ်အထိပ်အဆင့်ရှိ အစွမ်းထက်သော တည်ရှိမှုဖြစ်သည့် လင်းမိသားစု၏ ပဥ္စမမြောက် ဘိုးဘေးကြီးပင် ဖြစ်သည်။

“လင်းမိသားစုရဲ့ ပဥ္စမမြောက် ဘိုးဘေးကြီးက အဲ့ဒီ အဝေးကနေ လှမ်းပြီး လှုပ်ရှားခဲ့တဲ့ မဟာဆင့်ကဲပြောင်းလဲခြင်း သူတော်စင်နယ်မြေက ကွာစီဧကရာဇ်ကို တကယ်ပဲ သတ်ပစ်တော့မှာလား။”

ဤသို့ ဖြစ်နိုင်ခြေအပေါ် သူတို့တွင် အနည်းငယ်မျှ သံသယမရှိကြချေ။ အစွမ်းထက်သော ကွာစီဧကရာဇ် အထွတ်အထိပ် ပုဂ္ဂိုလ်တစ်ဦးသည် သာမန် ကွာစီဧကရာဇ် တစ်ဦးကို သတ်ဖြတ်လိုပါက အဝေးတစ်နေရာမှပင် အလွယ်တကူ အသက်နှုတ်နိုင်သည် မဟုတ်ပါလော။

မဟာဆင့်ကဲပြောင်းလဲခြင်း သူတော်စင်နယ်မြေ အတွင်း၌မူ...

တပည့်များနှင့် ကျွမ်းကျင်သူများစွာသည် သူတို့၏ ဦးခေါင်းထက်ရှိ လက်ဝါးကြီးကို ကြည့်ကာ အလွန်အမင်း ထိတ်လန့်တုန်လှုပ်နေကြ၏။ ထိုလက်ဝါးကြီးမှ ထွက်ပေါ်လာသော အရှိန်အဝါသည် သူတို့အား သေခြင်းတရား၏ ခြိမ်းခြောက်မှုကို ခံစားရစေသည်။ အကယ်၍သာ ဤလက်ဝါးကြီး ကျဆင်းလာခဲ့လျှင် မဟာဆင့်ကဲပြောင်းလဲခြင်း သူတော်စင်နယ်မြေတစ်ခုလုံးသည် မည်သည့်မတော်တဆမှုမျှမရှိဘဲ တစစီ ပြာကျသွားကာ မည်သည့်အရာမျှ ကျန်ရစ်တော့မည် မဟုတ်ပေ။

“ဟင့်အင်း...ကျုပ် မသေချင်သေးဘူး။”

“ဘိုးဘေးကြီး...ဘိုးဘေးကြီး...။ ကျုပ်တို့ကို ကယ်ပါဦး။”

“ဘိုးဘေးကြီးကို တောင်းပန်ပါတယ်... ဘိုးဘေးကြီးပဲ အသေခံပေးလိုက်ပါ။ အကယ်၍ ဘိုးဘေးကြီးသာ မသေရင် ကျုပ်တို့ သူတော်စင်နယ်မြေ တစ်ခုလုံး ပျက်စီးသွားလိမ့်မယ်။”

“ဟုတ်တယ်။ ဘိုးဘေးကြီး... အသေခံပေးပါ...။”

“ဘိုးဘေးကြီး... အသေခံပေးပါ...။”

ရေတွက်မရနိုင်သော တပည့်များနှင့် ကျွမ်းကျင်သူများသည် အော်ဟစ်ငိုယိုကာ ခုနတင်က လှုပ်ရှားခဲ့သော ဘိုးဘေးကြီးကို အသေခံရန် တောင်းပန်နေကြ၏။ ဤနည်းလမ်းဖြင့်သာ သူတို့၏ သူတော်စင်နယ်မြေသည် လက်ဝါးတစ်ချက်ဖြင့် အမြစ်ပြတ်ချေမှုန်းခံရခြင်းမှ သီသီလေး လွတ်မြောက်နိုင်မည် ဖြစ်သည်။

သူတော်စင်နယ်မြေ၏ အနက်ရှိုင်းဆုံးနေရာ၌...

အဖိုးအို နှစ်ဦးသည် ဘေးချင်းယှဉ်ရပ်နေကြပြီး သူတို့ထဲမှ တစ်ဦးက ရုတ်တရက် သက်ပြင်းချလိုက်သည်။

“ငါတို့ ရှုံးနိမ့်သွားပုံရပဲ။ ငါတို့ရဲ့ မဟာဆင့်ကဲပြောင်းလဲခြင်း သူတော်စင်နယ်မြေမှာ ဧကရာဇ်လက်နက် မရှိတာ ကြာခဲ့ပြီ။ ဒီအိမ်မက်က ဘယ်တော့များမှ အကောင်အထည်ပေါ်လာနိုင်ပါ့မလဲ။”

“သူငယ်ချင်းဟောင်းကြီး... အခုကစပြီး သူတော်စင်နယ်မြေကို မင်းလက်ထဲပဲ အပ်ခဲ့တော့မယ်။ ငါတော့... သွားပြီ။”

ထိုအဖိုးအို၏ ခန္ဓာကိုယ်တစ်ခုလုံးတွင် ပုပ်စပ်နေသော အမည်းရောင် သေခြင်းအငွေ့အသက်များ ရစ်ပတ်နေခဲ့သည်။ ထိုသို့ပြောပြီးနောက် သူသည် တုံ့ဆိုင်းမနေဘဲ အပြင်သို့ လှမ်းထွက်လိုက်ကာ လက်ဝါးကြီး၏ အောက်တည့်တည့်သို့ ရောက်ရှိသွားခဲ့သည်။

“ကိုယ့်လုပ်ရပ်ရဲ့ အကျိုးဆက်ကို ကိုယ်တိုင်ပဲ ခံယူရမှာပေါ့။ ဧကရာဇ်လက်နက် သန္ဓေသားလောင်းကို ငါလုခဲ့တာဖြစ်တဲ့အတွက် ငါပဲ အသေခံမယ်။ ဒါဆိုရင် ဒီကံကြမ္မာကြွေးက ပြတ်စဲသွားပြီ။”

သူ၏စကားမဆုံးမီမှာပင် သူတော်စင်နယ်မြေ တစ်ခုလုံးနှင့် ထိုပြည်နယ်ရှိ သက်ရှိအားလုံး၏ အကြည့်အောက်တွင်...

သေခြင်းတရား အငွေ့အသက်များ ဖုံးလွှမ်းနေသော ထိုအဖိုးအိုသည် ရှေ့သို့ ခြေတစ်လှမ်းတက်ကာ လက်ဝါးကြီးနှင့် တိုက်ရိုက် တိုးတိုက်လိုက်တော့သည်။

“ဝုန်း”

ပေါက်ကွဲသံကြီး ထွက်ပေါ်လာပြီးနောက် အဖိုးအို၏ ပုံရိပ်မှာ အစအနမကျန် ပျောက်ကွယ်သွားခဲ့သလို လက်ဝါးကြီးမှာလည်း လေဟာနယ်အဖြစ်သို့ ပြောင်းလဲသွားခဲ့သည်။

သူတော်စင်နယ်မြေ၏ အနက်ရှိုင်းဆုံးနေရာ၌ ကျန်ရစ်ခဲ့သော အဖိုးအို၏ မျက်လုံးများတွင် ဝမ်းနည်းရိပ်များ ပေါ်လာသော်လည်း စကားတစ်ခွန်းမျှ မပြောခဲ့ပေ။ ရွှေရောင်မဟာခေတ်ကြီး ရောက်လာသည်မှာ မကြာသေးသော်လည်း သူတို့ သူတော်စင်နယ်မြေမှ ပါရမီရှင်တစ်ဦးမျှ စာရင်းဝင်ခြင်း မရှိသေးသလို ယခုအခါတွင်လည်း အစွမ်းထက်သော ကွာစီဧကရာဇ် တစ်ပါး ထပ်မံ ကျဆုံးသွားခဲ့ရပြန်ပြီ။

သူတို့၏ အနာဂတ်ခရီးက... ဘယ်မှာများလဲ...။

တာအိုပြည်နယ်သုံးထောင်လုံးရှိ ကျွမ်းကျင်သူများမှာ တိတ်ဆိတ်သွားကြ၏။

လက်ဝါးတစ်ချက်တည်းဖြင့်...အချိန်မည်မျှ အသက်ရှင်ခဲ့မှန်းမသိရသော အစွမ်းထက် ကွာစီဧကရာဇ် တစ်ပါး တိုက်ရိုက် ကျဆုံးသွားခဲ့ရချေပြီ။

ရွှေရောင်မဟာခေတ်ကြီး ရောက်လာသည်မှာ တစ်နာရီမျှသာ ရှိသေးသော်လည်း ကွာစီဧကရာဇ် တစ်ပါး ကျဆုံးသွားခဲ့ရချေပြီ။

ရှေးဟောင်းဖုန်းဆိုး လင်းမိသားစုကို သွားမစတာ အကောင်းဆုံးပဲ။ သူတို့က လက်စားချေရင် မိုးချုပ်အောင်တောင် မစောင့်ဘူး၊ ချက်ချင်း လက်စားချေတတ်တယ်။

ရင်ပြင်ပေါ်တွင်မူ...

လင်းချန်သည် ကောင်းကင်အထက်ရှိ လင်းမေရှန်းကို ကြည့်ကာ သူ၏မျက်လုံးထဲ၌ စိတ်လှုပ်ရှားမှုများ ဖြတ်ပြေးသွားတော့သည်။

ဤကဲ့သို့သော အစွမ်းထက်သည့် ခွန်အားမျိုးက သူရှာဖွေနေသည့် အမြင့်မြတ်ဆုံးသော စွမ်းအားပင် ဖြစ်သည်။

ရွှေရောင်မဟာခေတ်ကြီး၏ အကူအညီဖြင့် မကြာမီအချိန်အတွင်း သူသည်လည်း ဤမျှအထိ အစွမ်းထက်လာနိုင်မည် ဖြစ်သည်။ သူသည် ပို၍ပင် သန်မာလာနိုင်သေးသည်။

ကောင်းကင်ယံအထက်တွင်...

လင်းမေရှန်းသည် သူ၏လက်ဝါးကို ပြန်ရုပ်သိမ်းလိုက်ပြီး သတိပေးစကား အသာအယာ ဆိုလိုက်သည်။

“ငါတို့ ရှေးဟောင်းဖုန်းဆိုး လင်းမိသားစုကို စော်ကားရင် ဒီလိုအဆုံးသတ်မျိုးနဲ့ပဲ ရင်ဆိုင်ရလိမ့်မယ်။”

ထိုအသံသည် တာအိုပြည်နယ်သုံးထောင်လုံးသို့ ဟိန်းထွက်သွားသော်လည်း မည်သည့်ကျွမ်းကျင်သူမျှ ပြန်လည်တုံ့ပြန်ရန် မဝံ့ရဲကြချေ။

“ဝုန်း...”

ချုပ်နှောင်မှုများ ကင်းစင်သွားသော ဧကရာဇ်လက်နက် သန္ဓေသားလောင်းသည် အနည်းငယ် တုန်ခါသွားပြီးနောက် လင်းရှန်ဟဲ၏ ရှေ့မှောက်သို့ ဆင်းသက်လာခဲ့၏။ တစ်ခဏအတွင်းမှာပင် ရင်ပြင်တစ်ခုလုံးသည် နက်နဲဆန်းပြားပြီး နှိုင်းယှဉ်ဖွယ်မရှိသော ဧကရာဇ်အရှိန်အဝါ လှိုင်းတံပိုးများဖြင့် ဖုံးလွှမ်းသွားတော့သည်။

လင်းရှန်ဟဲသည် မိမိရှေ့ရှိ ဧကရာဇ်လက်နက် သန္ဓေသားလောင်းကို စိုက်ကြည့်ရင်း သူ၏နှုတ်ခမ်းများကို မသိစိတ်ဖြင့် တင်းတင်းစေ့ထားမိသည်။ ယခုကစပြီး ဤဧကရာဇ်လက်နက် သန္ဓေသားလောင်းမှာ သူ၏ပိုင်ဆိုင်မှုတစ်ခု ဖြစ်လာတော့မည်လော။

ထိုအချိန်တွင် လင်းမေရှန်းသည် ခြေတစ်လှမ်းလှမ်းလိုက်ပြီး လင်းရှန်ဟဲ၏အနားသို့ ရောက်ရှိလာကာ အသာအယာ ပြုံးပြလိုက်သည်။

“ဒါကို မင်းပိုင်ဆိုင်ကြောင်း ကြေညာလိုက်တော့။ ဒါက မင်းနဲ့ထိုက်တန်တဲ့ ဆုလာဘ်ပဲ။ ငါတို့ လင်းမိသားစုရဲ့ ပစ္စည်းကို ဘယ်သူမှ လုယူလို့မရစေရဘူး။”

လင်းရှန်ဟဲက ခေါင်းညိတ်ပြလိုက်ပြီး ဧကရာဇ်လက်နက် သန္ဓေသားလောင်းကို ထိတွေ့ရန် သူ၏လက်ဝါးကို ဆန့်ထုတ်လိုက်သည်။ နောက်အခိုက်တွင် နတ်ဘုရားဝိညာဉ်စွမ်းအားနှင့် သွေးများမှာ အလိုအလျောက် စီးထွက်လာပြီး ဧကရာဇ်လက်နက် သန္ဓေသားလောင်း၏ စုပ်ယူခြင်းကို ခံလိုက်ရ၏။

လင်းရှန်ဟဲ၏ အတွေးတစ်ချက်ဖြင့်ပင် ဧကရာဇ်လက်နက် သန္ဓေသားလောင်းမှာ အလင်းတန်းတစ်ခုအဖြစ် ပြောင်းလဲသွားပြီး သူ၏ မျက်ခုံးနှစ်ခုကြားရှိ ဟင်းလင်းပြင်အတွင်းသို့ ဝင်ရောက်ပျောက်ကွယ်သွားတော့သည်။

ဧကရာဇ်လက်နက် သန္ဓေသားလောင်းကို သိမ်းဆည်းပြီးနောက် လင်းရှန်ဟဲသည် ဆံပင်ဖြူနှင့် လင်းမေရှန်းကို လက်ယှက်ကာ အရိုအသေပေးလိုက်သည်။

“ဘိုးဘေးကြီးကို ကျေးဇူးတင်ပါတယ်။ အကယ်၍ ဘိုးဘေးကြီးသာ ဝင်ရောက်မဖြေရှင်းပေးခဲ့ရင် ကျုပ် ဒီဧကရာဇ်လက်နက် သန္ဓေသားလောင်းကို ရရှိနိုင်မှာမဟုတ်ပါဘူး။”

လင်းမေရှန်းက ပြုံးပြီး သူ၏လက်ကို ဝှေ့ယမ်းကာ ဂရုမစိုက်ဟန် ပြလိုက်သည်။

“ဒါက မင်းကို ကောင်းကင်တာအိုကပေးတဲ့ လက်ဆောင်ပဲ။ ဘယ်သူမှ ဒါကို အတင်းအဓမ္မ လုယူလို့မရဘူး။”

အနီးအနားတွင်ရှိသော လင်းချန်နှင့် အခြားသော ပါရမီရှင်များ၊ လင်းဟောက်ရန်နှင့် မျိုးနွယ်စုအကြီးအကဲများမှာလည်း အားလုံးပင် ပြုံးရွှင်လျက် ဂုဏ်ပြုစကားများ ဆိုလိုက်ကြသည်။ ဧကရာဇ်လက်နက် သန္ဓေသားလောင်းဆိုသည်မှာ အနာဂတ်တွင် ကောင်းမွန်စွာ ပြုစုပျိုးထောင်နိုင်သရွေ့ သေချာပေါက် အစွမ်းထက်သော အထောက်အကူတစ်ခု ဖြစ်လာပေလိမ့်မည်။

ခဏတာ တိတ်ဆိတ်သွားပြီးနောက် ကောင်းကင်အနက်ရှိုင်းဆုံးနေရာမှ အမြင့်မြတ်ဆုံးနှင့် ခန့်ညားထည်ဝါသော ကောင်းကင်တာအို၏ အသံမှာ တာအိုပြည်နယ်သုံးထောင်သို့ ထပ်မံဟိန်းထွက်လာခဲ့ပြန်သည်။

“နောက်ထပ်အနေနဲ့ ပါရမီရှင်အဆင့်သတ်မှတ်ချက်စာရင်းရဲ့ နောက်ဆုံးအဆင့်ကို ကြေညာပေးသွားမယ်။ အဲ့ဒီနောက်မှာတော့ ဒီစာရင်းကြေညာမှု အဆုံးသတ်သွားပြီ။”

ခန့်ညားထည်ဝါသော ကောင်းကင်တာအို၏ အသံကို ကြားလိုက်ရသည့်အခါ တာအိုပြည်နယ်သုံးထောင်ရှိ ကျွမ်းကျင်သူများသည် စောစောကခံစားနေရသည့် အံ့သြတုန်လှုပ်မှုများမှ သတိပြန်ဝင်လာကြပြီး ရွှေရောင်ပါရမီရှင်စာရင်းကို တစ်ဖန် ပြန်လည်စိုက်ကြည့်လိုက်ကြသည်။

သံသယဝင်စရာမရှိပါချေ။ ဤနောက်ဆုံးအဆင့်မှာ ရှေးဟောင်းဖုန်းဆိုး လင်းမိသားစု၏ နတ်ဘုရားသားတော် လင်းချန်ပင် ဖြစ်ပေလိမ့်မည်။ သူတို့ သိချင်နေကြသည်မှာ ပါရမီရှင်စာရင်း၏ အဆင့် (၁) နေရာအတွက် ကောင်းကင်တာအိုက ပေးသနားမည့် ဆုလာဘ်မှာ အဘယ်နည်းဆိုသည်ပင်။

“ပါရမီရှင်အဆင့်သတ်မှတ်ချက်စာရင်း ပထမအဆင့် - ဖူကွမ်းမြင့်မြတ်ပြည်နယ်၊ ရှေးဟောင်းဖုန်းဆိုး လင်းမိသားစု၊ လင်းချန်။”

ခန့်ညားထည်ဝါသော ကောင်းကင်တာအို၏ အသံ ကျဆင်းသွားပြီးနောက် ပါရမီရှင်စာရင်း၏ နောက်ဆုံးအဆင့်ကို ကြေညာလိုက်လေပြီ။ ရွှေရောင်ပါရမီရှင်စာရင်းပေါ်ရှိ နောက်ဆုံး လွတ်နေသော နေရာတွင် အမည်တစ်ခုဖြင့် ပြည့်နှက်သွားခဲ့သည်။

[ပါရမီရှင်အဆင့်သတ်မှတ်ချက်စာရင်း ပထမအဆင့် - ဖူကွမ်းမြင့်မြတ်ပြည်နယ်၊ ရှေးဟောင်းဖုန်းဆိုး လင်းမိသားစု၊ လင်းချန်]

ထိုအသံ ဆုံးသွားသည်နှင့်အမျှ ပြည်နယ်အသီးသီးရှိ ရှေးဟောင်းအင်အားစုများမှ ကျွမ်းကျင်သူများမှာ မျှော်လင့်ထားတဲ့အတိုင်းပါပဲဟူသော အမူအရာများ အသီးသီး ပေါ်ထွက်လာခဲ့ကြသည်။

ဤပါရမီရှင်စာရင်း၏ နံပါတ် (၁) နေရာမှာ အမှန်တကယ်ပင် ရှေးဟောင်းဖုန်းဆိုး လင်းမိသားစု၏ နတ်ဘုရားသားတော်သာ ရရှိသွားခဲ့ခြင်း ဖြစ်ပေသည်။

ထိုအခိုက်တွင်ပင် အမြင့်မြတ်ဆုံးနှင့် ခန့်ညားထည်ဝါသော ကောင်းကင်တာအို၏ အသံမှာ ထပ်မံဟိန်းထွက်လာခဲ့ပြန်သည်။

“လင်းချန်သည် နှိုင်းယှဉ်မဲ့ နှစ်မွှာမျက်ဝန်းနှင့် ကစဥ်ကလျား(ဖရိုဖရဲ) နတ်ဘုရား-မိစ္ဆာ ခန္ဓာနှစ်မျိုးလုံးကို ပိုင်ဆိုင်ထားသည်။ သူ၏ ပါရမီမှာ ခေတ်အဆက်ဆက်တွင် မကြုံတွေ့ဖူးခဲ့သော ပါရမီမျိုးဖြစ်ရာ ပါရမီရှင်စာရင်း၏ အဆင့် (၁) နေရာကို ရရှိခြင်းမှာ အလွန်ပင် ထိုက်တန်လှပေသည်။”

“သူ့အား ကောင်းကင်တာအိုမှ ဆုလက်ဆောင်အဖြစ် - မွေးရာပါ ဧကရာဇ်လက်နက် ချပ်ဝတ်တစ်စုံကို ချီးမြှင့်လိုက်သည်။”

မွေးရာပါ ဧကရာဇ်လက်နက် ချပ်ဝတ်...။

ထိုစကားလုံး ပေါ်ထွက်လာသည်နှင့်တစ်ပြိုင်နက် တာအိုပြည်နယ်သုံးထောင်လုံးရှိ ကျွမ်းကျင်သူအားလုံးမှာ လုံးဝဥဿုံ တိတ်ဆိတ်သွားကြတော့၏။

သူတို့အနေဖြင့် ကြိုတင်ခန့်မှန်းမှုအချို့ ရှိထားခဲ့ကြသော်လည်း အမှန်တကယ် ကြားလိုက်ရသည့်အခါတွင်မူ ဆွံ့အသွားကြဆဲပင်။ ပါရမီရှင်စာရင်း၏ အဆင့် (၁) အတွက် ဆုလာဘ်မှာ အမှန်တကယ်ပင် မွေးရာပါ ဧကရာဇ်လက်နက်တစ်ခု ဖြစ်နေသည် မဟုတ်ပါလော။ ၎င်းမှာ အလွန်တန်ဖိုးကြီးလှသော သံချပ်ကာဝတ်စုံတစ်စုံပင် ဖြစ်နေသေးလေသည်။

အခန်း ၁၆- ပါရမီရှင်အဆင့်သတ်မှတ်ချက်တွင် ပထမ၊ ဖရိုဖရဲစစ်ချပ်ဝတ်တန်ဆာ၊ သုံးရက်အတွင်း နတ်ဘုရားမျှော်စင်သည် ဖူကွမ်းမြင့်မြတ်နယ်မြေသို့ ဆင်းသက်လာလိမ့်မည်။

လူအပေါင်း၏ စောင့်ကြည့်နေမှုအောက်တွင် စစ်မှန်သော ဧကရာဇ်အရှိန်အဝါများ လွှမ်းခြုံထားသော ငွေရောင်ဖျော့ဖျော့ စစ်ချပ်ဝတ်တန်ဆာတစ်ခုသည် ကောင်းကင်၏အနက်ရှိုင်းဆုံးနေရာမှ ပျံသန်းထွက်ပေါ်လာခဲ့၏။

ထိုငွေရောင်ဖျော့ဖျော့ စစ်ချပ်ဝတ်တန်ဆာပေါ်တွင် ရှုပ်ထွေးလှသော ကမ္ပည်းစာလုံးများသည် မှိတ်တုတ်မှိတ်တုတ် ဖြစ်ပေါ်နေပြီး နက်နဲဆန်းကြယ်လှသော ဖရိုဖရဲစွမ်းအင် အမျှင်တန်းလေးများ ဝန်းရံနေသည့်နှယ် ရှိနေသည်။

ဧကရာဇ်အရှိန်အဝါသည် ကမ္ဘာလောကကြီးကို ဖိနှိပ်ထားရာ ကျွမ်းကျင်သူအားလုံးက ယင်းကို အာရုံခံမိပြီး မနာလိုစိတ်များ တောက်လောင်လာကြတော့လေသည်။ သို့သော်လည်း မဟာဆင့်ကဲပြောင်းလဲခြင်း သူတော်စင်နယ်မြေ၏ သင်ခန်းစာကြောင့် မည်သည့်အဖွဲ့အစည်း၏ ကျွမ်းကျင်သူမျှ ယခုတစ်ကြိမ်တွင် မဆင်မခြင် မလှုပ်ရှားရဲကြပေ။

ဤအခိုက်အတန့်တွင် ထိပ်တန်းအဖွဲ့အစည်းအသီးသီးမှ ဧကရာဇ်တစ်ပိုင်းအဆင့် (ကွာစီဧကရာဇ်) များ နိုးထလာကြပြီး အရာအားလုံးကို စောင့်ကြည့်နေကြသော်လည်း သူတို့သည် ဘာမှမလုပ်ဘဲ ကြည့်ရုံသာ ကြည့်နေနိုင်ကြသည်။

ရှေးဟောင်းဖုန်းဆိုး လင်းမိသားစုသည် ဧကရာဇ်တစ်ပိုင်းအဆင့် ကျွမ်းကျင်သူတစ်ဦးကို သတ်ဖြတ်ပြီးဖြစ်ရာ အကယ်၍ တစ်စုံတစ်ယောက်က ဤဧကရာဇ်အဆင့် လက်နက်ချပ်ဝတ်တန်ဆာကို လုယူရန် ကြိုးစားပါက နောက်ထပ် ဧကရာဇ်တစ်ပိုင်းအဆင့် ကျွမ်းကျင်သူများ ထပ်မံကျဆုံးသွားနိုင်ချေ ရှိနေသည်။

လင်းမေရှန်း၏ လက်စားချေမှုကို ခံနိုင်ရည်ရှိပြီး ယင်းကို လုယူနိုင်မည့်သူမှာ သူကဲ့သို့ပင် ဧကရာဇ်တစ်ပိုင်း အထွတ်အထိပ်အဆင့်တွင် ရှိနေသည့် အနှိုင်းမဲ့ပုဂ္ဂိုလ်များသာ ဖြစ်ပေလိမ့်မည်။

သို့သော် ဧကရာဇ်တစ်ပိုင်း အထွတ်အထိပ်အဆင့် ကျွမ်းကျင်သူများသည် အလွန်ပင် ရှားပါးလှသည်သာမက ရှေးဟောင်းဖုန်းဆိုး လင်းမိသားစုတွင် လင်းမေရှန်း တစ်ဦးတည်းသာ ဧကရာဇ်တစ်ပိုင်းအဆင့် ရှိသည်မဟုတ်ကြောင်း အဖွဲ့အစည်းအားလုံးမှ ကျွမ်းကျင်သူများ သိထားကြပေသည်။

လင်းမေရှန်းမှာ ပဉ္စမမြောက် ဘိုးဘေးမျှသာ ရှိသေး၏။ အကယ်၍ လင်းမိသားစုကို အလွန်အမင်း ရန်စမိ၍ ဆိတ်ကွယ်ရာအရပ်တွင် ကျင့်ကြံနေသော သူတို့၏ ဧကရာဇ်တစ်ပိုင်းအဆင့် အားလုံးကို နှိုးလိုက်မိပါက...။

တာအိုပြည်နယ် သုံးထောင်လုံးတွင် ထိုကဲ့သို့သော ပြင်းထန်သည့် ဒေါသကို ခံနိုင်ရည်ရှိသည့် အဖွဲ့အစည်းမှာ ငါးခုပင် မပြည့်နိုင်ပေ။

လင်းမိသားစု၏ ဒေါသမှ မနည်းရုန်းထွက်နိုင်ခဲ့လျှင်ပင် ထိုအဖွဲ့အစည်းမှာ အားနည်းသွားမည်ဖြစ်ပြီး အခြားအဖွဲ့အစည်းများ၏ အခွင့်ကောင်းယူခြင်းကို ခံရပေလိမ့်မည်။ ဤရွှေရောင်ခေတ်ဦးကာလတွင် အခွင့်အလမ်းများက နေရာတိုင်းတွင် ရှိနေရာ အစောပိုင်းထွက်ပေါ်လာသော ဧကရာဇ်လက်နက်တစ်ခုအတွက်နှင့် လင်းမိသားစုနှင့် ရန်ငြိုးဖွဲ့ရခြင်းမှာ မထိုက်တန်ပေ။

နတ်ဘုရားသားတော် နန်းတော်ရှေ့ရှိ ရင်ပြင်ပေါ်တွင်...။

လင်းချန်သည် ကောင်းကင်ပေါ်ရှိ ငွေမှိန်ရောင် စစ်ချပ်ဝတ်တန်ဆာကို ကြည့်ကာ ကျေနပ်သော အမူအရာတစ်ခု ဖြစ်ပေါ်လာခဲ့သည်။

ယခင်က သူသည် လင်မှတ်ထိုးဝင်ရာမှ တိုက်ခိုက်ရေးသုံး ဓားအမျိုးအစား ဧကရာဇ်လက်နက်ကို ရရှိခဲ့ပြီး နောက်ပိုင်းတွင် ဓားလမ်းစဉ်၏ မူလစွမ်းအားကို ရရှိခဲ့ရာ ဓား၏နက်နဲသိမ်မွေ့မှုကို အထွတ်အထိပ်အဆင့်အထိ နားလည်သဘောပေါက်သွားခဲ့ပြီးဖြစ်သည်။

ယခုတွင် ကောင်းကင်ဘုံက သူ့အား ဧကရာဇ်အဆင့်ရှိသော စစ်ချပ်ဝတ်တန်ဆာတစ်ခုကို လက်ဆောင်ပေးပြန်ရာ ယင်း၏ ဖရိုဖရဲဂုဏ်သတ္တိမှာ သူနှင့် အလွန်ပင် လိုက်ဖက်လှပေသည်။ ဤဧကရာဇ်လက်နက် နှစ်ခု၏ အကူအညီဖြင့် သူ၏ အဆုံးစွန်သော တိုက်ခိုက်ရေးစွမ်းအားမှာ သူကိုယ်တိုင်ပင် မှန်းဆ၍မရနိုင်အောင် ရှိနေပေလိမ့်မည်။

သူ့ဘေးရှိ လင်းဟောက်ရန်နှင့် အခြားကျွမ်းကျင်သူများ၊ လင်းမိသားစု၏ ပါရမီရှင်များမှာ လင်းချန်ထက်ပင် ပို၍ စိတ်လှုပ်ရှားနေကြ၏။ သူတို့၏ နတ်ဘုရားသားတော်သည် နိုးထလာသည်နှင့်တပြိုင်နက် အနက်ရောင်ဓား ဧကရာဇ်လက်နက်၏ အသိအမှတ်ပြုမှုကို ခံခဲ့ရသည်။

ယခု နောက်ထပ် ဧကရာဇ်လက်နက်တစ်ခု ထပ်မံပေါ်ပေါက်လာပြီး သူတို့၏ နတ်ဘုရားသားတော် လင်းချန်ကပင် ပိုင်ဆိုင်ခွင့်ရရှိခဲ့ပြန်သည်။ ဤကြီးမြတ်သော အထောက်အပံ့နှစ်ခုနှင့်ဆိုလျှင် နတ်ဘုရားသားတော်သည် အခြားအဖွဲ့အစည်းမှ ထိပ်တန်းပါရမီရှင်များကို လွယ်ကူစွာ နှိမ်နင်းနိုင်ပေလိမ့်မည်။

ထိုအချိန်တွင် လင်းမေရှန်းသည် လင်းချန်ဆီသို့ ဖြည်းညှင်းစွာ လျှောက်လာပြီး သူ့ကို အကဲခတ်ကာ ကျေနပ်အားရစွာ ပြုံးလိုက်သည်။

“ငါတို့ ရှေးဟောင်းဖုန်းဆိုး လင်းမိသားစုရဲ့ ပြိုင်ဘက်ကင်း နတ်ဘုရားသားတော်ဆိုတဲ့အတိုင်းပါပဲလား။ နတ်ဘုရားသားတော် ရာထူးကို အထူးကိစ္စရပ်အနေနဲ့ သတ်မှတ်ပေးခဲ့တာ မှန်ကန်တဲ့ ရွေးချယ်မှုပဲ။”

ထိုသို့ပြောပြီးနောက် လင်းချန် ဘာမှပြန်မပြောနိုင်ခင်မှာပင် လင်းမေရှန်းက စကားလမ်းကြောင်း ပြောင်းလိုက်သည်။

“ကောင်လေး... မင်း ဒီနတ်ဘုရားတားမြစ်ချက် တောင်ထိပ်မှာ နေရတာ သက်သောင့်သက်သာ ရှိရဲ့လား။ ငါ အရင်တုန်းက ဒီနေရာအတွက် တော်တော်လေး အားစိုက်ခဲ့ရတာ။”

လင်းချန်သည် လင်းမေရှန်း၏ စကားကို ကြားလိုက်ရသောအခါ အနည်းငယ် အံ့သြသွားခဲ့သည်ာ

“ဒါဆို ဒီ နတ်ဘုရားတားမြစ်ချက် တောင်ထိပ်က ပဉ္စမမြောက် ဘိုးဘေးရဲ့ နေအိမ်ဟောင်း ဖြစ်ခဲ့တာလား။”

သူသည် ပဉ္စမမြောက်ဘိုးဘေး လင်းမေရှန်းနှင့် တစ်ခါမျှ မဆုံဖူးခဲ့ပေ။ လင်းမေရှန်း တစ်လောကလုံးကို လွှမ်းမိုးခြယ်လှယ်နိုင်ခဲ့သည့် ထိုစဉ်အခါက သူသည် နဝမမြောက်ဘိုးဘေး ကိုသာ မြင်တွေ့ခဲ့ရသည်။

မိသားစု၏ အင်အားကြီးအခြေခံအုတ်မြစ်များက သူ့ကို တန်ဖိုးမထား၍ မဟုတ်ဘဲ ဘိုးဘေးအိုကြီးများအားလုံးသည် နည်းလမ်းသစ်များ ရှာဖွေရန်နှင့် လမ်းစသစ်ဖော်ဆောင်ရန်အတွက် ဆိတ်ကွယ်ရာအရပ်တွင် ကျင့်ကြံအားထုတ်နေကြသောကြောင့် ဖြစ်သည်။

သို့သော်လည်း ရွှေရောင်ခေတ်ကြီး ရောက်ရှိလာခြင်း၊ ကောင်းကင်နှင့် မြေကြီး၏ ဝိညာဉ်စွမ်းအင်များ ပေါများလာခြင်းတို့နှင့်အတူ အခွင့်အလမ်းများစွာ ပေါ်ပေါက်လာရာ ထိုဘိုးဘေးအိုကြီးများသည်လည်း နိုးထလာကြတော့မည်ဖြစ်သည်။ ပဉ္စမမြောက်ဘိုးဘေး လင်းမေရှန်းသည် သူတို့အထဲတွင် ပထမဆုံး နိုးထလာသူမျှသာ ရှိသေးသည်။

လင်းမေရှန်စက ကျေနပ်စွာ ပြုံးလိုက်၏။

“ဟုတ်တယ်။ အရင်တုန်းက ငါနတ်ဘုရားတားမြစ်ချက် တောင်ထိပ်ကို နဝမအဘိုးကြီးကို ပေးခဲ့ပြီး နတ်ဘုရားသားတော် နန်းတော်ကို တည်ဆောက်ဖို့ သူ့ကို ကူညီခိုင်းခဲ့တယ်။ မင်းလည်း ဒီနေရာကို တော်တော်လေး သဘောကျနေပုံပဲ။”

လင်းချန်သည် ရယ်မောလိုက်ပြီး ပြန်ပြောရန် ပြင်နေစဉ်မှာပင် အားကောင်းပြီး လေးလံလှသော ဧကရာဇ်အရှိန်အဝါတစ်ခု ရင်ပြင်ပေါ်သို့ ဆင်းသက်လာခဲ့သည်။ ထိုအရှိန်အဝါလှိုင်းများက အနားရှိ လူတိုင်း၏ အာရုံကို ဖမ်းစားလိုက်တော့သည်။

ကောင်းကင်၏အနက်ရှိုင်းဆုံးနေရာတွင် ရှိနေခဲ့သော ငွေမှိန်ရောင် စစ်ချပ်ဝတ်တန်ဆာသည် မည်သည့်အချိန်ကတည်းက ရောက်နေသည်မသိဘဲ နတ်ဘုရားတားမြစ်ချက် တောင်ထိပ်၏ လေထုထဲ၌ ပေါ်လာ၏။ ယင်းကို အာရုံခံမိသည်နှင့် လင်းချန်သည် ထိုစစ်ချပ်ဝတ်တန်ဆာကို အလိုအလျောက် စိုက်ကြည့်လိုက်မိသည်။

ခဏအကြာတွင်...

လင်းချန်သည် သူ၏လက်ကိုပြန်ရုပ်သိမ်းလိုက်ပြီး သူ့ရှေ့တွင် ဧကရာဇ်အရှိန်အဝါများ ဖြာထွက်နေသော စစ်ချပ်ဝတ်တန်ဆာကို ပြုံးလျက် ကြည့်လိုက်သည်။

“ဒီနာမည်က မင်းနဲ့ တော်တော်လိုက်ဖက်တာပဲ။ ဖရိုဖရဲစစ်ချပ်ဝတ်တန်ဆာ...မဆိုးဘူး။”

ဖရိုဖရဲစစ်ချပ်ဝတ်တန်ဆာသည် စစ်မှန်သော မွေးရာပါ ဧကရာဇ်လက်နက်တစ်ခု ဖြစ်ပေသည်။ လက်ရှိတွင် သူသည် ယင်း၏ စွမ်းအားအပြည့်ကို မထုတ်ဖော်နိုင်သေးသော်လည်း ထိုချပ်ဝတ်တန်ဆာကို ဝတ်ဆင်ထားသရွေ့ သူ၏ ခုခံကာကွယ်နိုင်စွမ်းမှာ အဆတစ်ရာနီးပါး မြင့်တက်သွားမည်ဟု သူခံစားနေရသည်။

“ကြောက်စရာကောင်းလောက်အောင် အစွမ်းထက်တာပဲ။”

ထိုအခိုက်အတန့်တွင် လင်းချန်၏ စိတ်ထဲ၌ ထိုစစ်ချပ်ဝတ်တန်ဆာကို ဖော်ပြရန် ဤစကားလုံးများသာ ထွက်ပေါ်လာခဲ့သည်။ လင်းချန်၏ စိတ်အတွေးတစ်ခုဖြင့် ငွေမှိန်ရောင် စစ်ချပ်ဝတ်တန်ဆာသည် အလင်းတန်းတစ်ခုအဖြစ် ပြောင်းလဲသွားပြီး လင်းချန်၏ မျက်ခုံးနှစ်ခုကြားရှိ စိတ်ဝိညာဉ်ပင်လယ်ထဲသို့ ဝင်ရောက်သွားတော့သည်။ အနာဂတ်တိုက်ပွဲများတွင် သူစိတ်ကူးလိုက်ရုံဖြင့် ထိုချပ်ဝတ်တန်ဆာကို ခေါ်ယူအသုံးပြုနိုင်တော့မည် ဖြစ်သည်။

ယင်းကို မြင်သောအခါ လင်းရှန်ဟဲ၊ လင်းဟွမ်ရှန်း၊ လင်းထင်ထောင်းနှင့် အခြား လင်းမိသားစု ပါရမီရှင်များ၏ အသံများ တစ်ပြိုင်နက်တည်း ထွက်ပေါ်လာခဲ့သည်။

“ဧကရာဇ်လက်နက် ရရှိတဲ့အတွက် နတ်ဘုရားသားတော်ကို ဂုဏ်ပြုပါတယ်။”

လင်းဟောက်ရန်နှင့် အခြားသော မိသားစုအကြီးအကဲများ၏ မျက်နှာတွင်လည်း ဖုံးကွယ်မရသော အပြုံးများ ဖြစ်ပေါ်လာခဲ့သည်။ နှစ်ရက်တာ ကာလတိုအတွင်းမှာပင် နတ်ဘုရားသားတော် လင်းချန်သည် သူ့ကို ကာကွယ်ရန် မွေးရာပါ ဧကရာဇ်လက်နက် နှစ်ခုကို ပိုင်ဆိုင်ခဲ့ပြီဖြစ်သည်။ ထို့ကြောင့် ရှေးဟောင်းဖုန်းဆိုး လင်းမိသားစု၏ အခြေခံအုတ်မြစ်မှာလည်း ဧကရာဇ်လက်နက် နှစ်ခုစာ ထပ်မံတောင့်တင်းလာခဲ့ပြန်သည်။

ထိုအချိန်တွင် လင်းမေရှန်းသည် တစ်စုံတစ်ခုကို အာရုံခံမိလိုက်ပုံရပြီး ကောင်းကင်ကို မော့ကြည့်ကာ လေးလံသော လေသံဖြင့် ပြောလိုက်သည်။

“ပါရမီရှင်အဆင့် သတ်မှတ်ချက်ကို ပြန်လည်သုံးသပ်တာ ပြီးဆုံးသွားပြီ။ ငါ့အထင်မမှားရင် ကောင်းကင်တာအိုက နောက်ထပ်လာမယ့် အခွင့်အလမ်းက ဘာလဲဆိုတာကို ကြေညာတော့မယ်။”

သူ့အသံထွက်လာသည်နှင့် လူတိုင်း၏ စိတ်များ ပြန်လည်စုစည်းသွားပြီး အမူအရာများမှာလည်း တည်ကြည်လေးနက်သွားကြသည်။ ရွှေရောင်ခေတ်ကြီးကို ကောင်းကင်တာအိုက ကြီးကြပ်နေခြင်းဖြစ်ရာ အခွင့်အလမ်းကြီးတစ်ခု ကျရောက်လာတိုင်း ကောင်းကင်တာအိုက ပါရမီရှင်များ ယှဉ်ပြိုင်နိုင်ရန် အချိန်နှင့် နေရာကို ကြေညာပေးလေ့ရှိသည်။

အမှန်တကယ်ပင် ပါရမီရှင်အဆင့် သတ်မှတ်ချက်ကို သုံးသပ်ခြင်း ပြီးဆုံးသွားပြီဖြစ်ပြီး ပါရမီအရှိဆုံးသူ အယောက်တစ်ရာမှာလည်း စာရင်းထဲတွင် ပေါ်လာခဲ့ပြီးဖြစ်သည်။ ကောင်းကင်တာအိုက နောက်ထပ်အခွင့်အလမ်းကို ကြေညာရန် အချိန်ကျရောက်လာပြီ ဖြစ်သည်။

ရှေးဟောင်းဖုန်းဆိုး လင်းမိသားစုတွင်သာမက တာအိုပြည်နယ်သုံးထောင်လုံးရှိ မရေတွက်နိုင်သော အဖွဲ့အစည်းများနှင့် မျိုးနွယ်စုများမှ ကျွမ်းကျင်သူများသည် ဧကရာဇ်လက်နက်ထံမှ သူတို့၏ အာရုံကို ပြန်လည်ရုပ်သိမ်းလိုက်ကြ၏။ သူတို့အားလုံးသည် ကောင်းကင်တာအို၏ နောက်ထပ်အခွင့်အလမ်း ကြေညာချက်ကို စိတ်လှုပ်ရှားစွာဖြင့် ငြိမ်သက်စွာ စောင့်ကြည့်နေကြတော့သည်။

ရွှေရောင်တောက်ပနေသော ပါရမီရှင်အဆင့်သတ်မှတ်ချက်စာရင်းသည် တာအိုပြည်နယ်သုံးထောင်၏ ကောင်းကင်ယံထက်တွင် ပျောက်ကွယ်သွားမည့် အရိပ်အယောင်မရှိဘဲ ဆန့်တန်းတည်ရှိနေဆဲပင်။

အတန်ကြာပြီးနောက် ကောင်းကင်၏ အနက်ရှိုင်းဆုံးနေရာမှ ကောင်းကင်တာအို၏ ခန့်ညားထည်ဝါလှသော အသံကြီးတစ်ခု ဟိန်းထွက်လာခဲ့သည်။

“ပါရမီရှင်အဆင့်သတ်မှတ်ချက်စာရင်းကို ပြန်လည်သုံးသပ်ခြင်း ပြီးဆုံးပြီဖြစ်ကြောင်း ငါ ကြေညာတယ်။ ဒီနေ့မှစပြီး ဒီစာရင်းက ကျုံ့သွားပြီး တာအိုပြည်နယ်သုံးထောင်မှာရှိတဲ့ သတ္တဝါအပေါင်းတို့ ကြည်ညိုပူဇော်နိုင်ဖို့ ကောင်းကင်အနက်ပိုင်းမှာ ဆက်လက်တည်ရှိနေလိမ့်မယ်။”

“ဆက်လက်ပြီး နောက်ထပ်ကျရောက်လာမယ့် အခွင့်အလမ်းရဲ့ တည်နေရာကို ငါ ထုတ်ဖော်တော့မယ်။”

“နောက်ထပ်အခွင့်အလမ်းဟာ ဒီနေ့ကစပြီး သုံးရက်အကြာမှာ ပါရမီရှင်အဆင့်သတ်မှတ်ချက်ရဲ့ ပထမနေရာမှာရှိတဲ့ ပါရမီရှင်ရဲ့ အဖွဲ့အစည်းတည်ရှိရာ ပြည်နယ်ကို ဆင်းသက်လာလိမ့်မယ်။”

“အဲ့ဒီအခွင့်အလမ်းက နတ်ဘုရားမျှော်စင်ကို စိန်ခေါ်ခြင်းပဲ။”

သုံးရက်အတွင်းတွင် ထိုအခွင့်အလမ်းသည် ပါရမီရှင်အဆင့် ပထမရရှိသူရှိရာ ပြည်နယ်သို့ ဆင်းသက်လာတော့မည်။

ယင်းကို ကြားလိုက်ရသည်နှင့် တာအိုပြည်နယ် သုံးထောင်တစ်ဝှမ်းရှိ ကျွမ်းကျင်သူများနှင့် ပါရမီရှင်များ၏ မျက်လုံးများမှာ ချက်ချင်းပင် နက်မှောင်တည်ကြည်သွားကြတော့လေသည်။

တစ်နည်းအားဖြင့်ဆိုသော် ထိုနတ်ဘုရားမျှော်စင်သည် သုံးရက်အတွင်း ဖူကွမ်းမြင့်မြတ်ပြည်နယ်၏ တစ်နေရာရာတွင် ပေါ်ထွက်လာတော့မည် မဟုတ်ပါလော။

ရင်ပြင်ပေါ်တွင်....။

ထိုကြေညာချက်ကို ကြားလိုက်ရသောအခါ လင်းချန်နှင့် အခြားပါရမီရှင်များ၊ လင်းဟောက်ရန်နှင့် အခြားကျွမ်းကျင်သူများအားလုံး တစ်ယောက်ကိုတစ်ယောက် ကြည့်လိုက်မိကြ၏။

နောက်ထပ်အခွင့်အလမ်းသည် သူတို့၏ ဖူကွမ်းမြင့်မ့တ်ပြည်နယ်တွင် ပေါ်လာပေတော့မည်။

သို့သော် ဤနတ်ဘုရားမျှော်စင်ဆိုသည်မှာ အတိအကျအားဖြင့် မည်သည့်အရာနည်း။

ရှေးဟောင်းမှတ်တမ်းများတွင်ပင် တစ်ခါမျှ ပေါ်ပေါက်ခဲ့ဖူးခြင်း မရှိသယောင်ပင်...။

All Chapters