အခန်း (၁၇-၁၈)
Vol. 2 Ch. 17-18
အခန်း (၁၇) - မကြုံစဖူး အခွင့်အလမ်း၊ တစ်ဗိုလ်တည်း လွှမ်းမိုးထားသည့် လင်းဟောက်ရန်၊ ဖူကွမ်းမြင့်မြတ်ပြည်နယ်ပေါ်သို့ မုန်တိုင်းတိမ်တိုက်များ အုံ့မှိုင်းလာခြင်း
“နတ်ဘုရား မျှော်စင်... ဒါဟာက ဒီရွှေခေတ်ကြီးမှာမှ ထူးထူးခြားခြား ပေါ်ပေါက်လာတဲ့ အခွင့်အရေးတစ်ခု ဖြစ်ပုံရတယ်။”
“ငါတို့ ဘိုးဘေးတွေ နေထိုင်ခဲ့တဲ့ ရှေးဟောင်းကာလ ရွှေခေတ်တုန်းကတောင် ဒီလိုမျိုး အခွင့်အရေး ပေါ်ပေါက်ခဲ့ဖူးတယ်ဆိုတဲ့ မှတ်တမ်း မရှိခဲ့ဘူး။”
လင်းမေရှန်းက ခေတ္တမျှ စဉ်းစားတွေးတောပြီးနောက် တိုးညှင်းသော အသံဖြင့် ပြောလိုက်သည်။ သူ၏ မှတ်ဉာဏ်များကို ပြန်လည်ရှာဖွေကြည့်သော်လည်း နတ်ဘုရားမျှော်စင်နှင့် ပတ်သက်သည့် မည်သည့်အချက်အလက်မျှ ရှာမတွေ့ခဲ့ပေ။ ထိုစကားကို ကြားသောအခါ အားလုံးကလည်း သဘောတူသည့်ဟန်ဖြင့် ခေါင်းညိတ်လိုက်ကြသည်။
အမှန်စင်စစ် သူတို့အားလုံးသည်လည်း ထိုသို့ပင် ထင်မြင်မိကြပေသည်။ ရှေးယခင်ကတည်းက လက်ဆင့်ကမ်းလာခဲ့သည့် ရှေးဟောင်းကျမ်းစာများတွင် ရှေးဟောင်းကာလ ရွှေခေတ်အတွင်း ပေါ်ပေါက်ခဲ့သော အခွင့်အရေး အမျိုးမျိုးကို ဖော်ပြထားသည့် မှတ်တမ်းအချို့ ရှိခဲ့၏။ ဝိညာဉ်စွမ်းအင် ဒီရေလှိုင်းများ မရောက်ရှိလာမီကပင် သူတို့သည် ထိုရှေးဟောင်းကျမ်းစာများကို အထူးတလည် လေ့လာဆည်းပူးခဲ့ပြီး ရွှေခေတ်နှင့် ပတ်သက်သော အချက်အလက်အားလုံးကို အလွတ်မှတ်သားထားခဲ့ကြလေသည်။
ဥပမာအားဖြင့် ယခုလေးတင် ရလဒ်ထွက်ပေါ်ပြီးစီးသွားသည့် ပါရမီရှင် အဆင့်သတ်မှတ်ချက်စာရင်းကဲ့သို့သော စာရင်းမျိုးသည် ရှေးဦးကာလ ရွှေခေတ်တုန်းကလည်း ပေါ်ပေါက်ခဲ့ဖူးသည်။ သို့သော် ဤနတ်ဘုရားမျှော်စင်နှင့် ပတ်သက်၍မူ အမည်တူရုံသာမက ဆင်တူသည့် အခွင့်အရေးမျိုးပင် ဖော်ပြထားခြင်း မရှိခဲ့ပေ။
လင်းချန်သည် ကောင်းကင်ယံရှိ ပါရမီရှင်အဆင့်သတ်မှတ်ချက်စာရင်း တဖြည်းဖြည်း သေးငယ်သွားပြီး နောက်ဆုံးတွင် ကောင်းကင်အလယ်ဗဟို၌ ရွှေရောင်အလင်းတန်းအဖြစ် တောက်ပနေသည်ကို ကြည့်ကာ အတွေးနက်နေ၏။
ပုံမှန်ဇာတ်လမ်းသွားများအရဆိုလျှင် နတ်ဘုရားမျှော်စင်ကို စိန်ခေါ်ခြင်း၏ အခွင့်အရေးမှာ အထပ်တစ်ခုချင်းစီ သို့မဟုတ် အထပ်အများအပြားကို ကျော်ဖြတ်နိုင်ပါက ဆုလာဘ်တစ်ခု ရရှိနိုင်ခြင်းမျိုး ဖြစ်သင့်သည်။
တစ်နည်းအားဖြင့် ပြောရလျှင် ဤဆုလာဘ်သည် ပါရမီရှင်စာရင်း ထွက်ပေါ်လာစဉ်က ရရှိခဲ့သည့် ကောင်းကင်ဘုံ၏ လက်ဆောင်နှင့် ဆင်တူပေလိမ့်မည်။
ကွာခြားချက်မှာ ပါရမီရှင်စာရင်းမှ ရရှိသော လက်ဆောင်များသည် အစကတည်းကပင် ထူးကဲသော ရတနာများဖြစ်ပြီး သာမန်ပစ္စည်းများ ရောနှောပါဝင်ခြင်း မရှိပေ။ နတ်ဘုရားများမျှော်စင်အတွက်မူ ကနဦးအထပ်များကို ကျော်ဖြတ်ရာတွင် ရရှိမည့် ဆုလာဘ်များသည် ပိုမိုရိုးရှင်းပြီး အတွေ့ရများကာ ထိုမျှလောက် အဖိုးမတန်နိုင်ပေ။
ပိုမိုစဉ်းစားမိလေလေ၊ နတ်ဘုရားမျှော်စင်ကို စိန်ခေါ်ခြင်းသည် ထိုပုံစံအတိုင်း ဖြစ်နိုင်ခြေများကြောင်း လင်းချန် ခံစားလာရလေဖြစ်သည်။ လင်းချန်၏ မျက်လုံးများထဲ၌ စိတ်လှုပ်ရှားမှု အရိပ်အယောင်များ ဖြတ်ပြေးသွားခဲ့သည်။
အကယ်၍ အမှန်တကယ်သာ ထိုသို့ဖြစ်ခဲ့လျှင် သူသည် နတ်ဘုရားမျှော်စင် ဆင်းသက်လာမှုကို အခွင့်ကောင်းယူ၍ ရတနာများစွာကို ရယူနိုင်ပေလိမ့်မည်။ သူတို့၏ ရှေးဟောင်းကန္တာရ လင်းမိသားစုတွင် ကောင်းကင်နှင့် မြေကြီး၏ ရတနာများ သို့မဟုတ် မှော်ရတနာများ မရှားပါးသော်လည်း ပစ္စည်းကောင်းများ အလွန်အကျွံရှိနေသည်ကို မည်သူက ငြင်းပယ်မည်နည်း။
[မှတ်ချက်: ဤအပိုင်းမှစ၍ ရှေးဟောင်းကန္တာရ လင်းမိသားစုဟု ပြောင်းလဲသုံးနှုန်းသွားပါမည်။]
ထို့အပြင် ဤသည်မှာ ရွှေခေတ်ကြီး၏ အခွင့်အရေးတစ်ခု ဖြစ်သည်။ နတ်ဘုရားမျှော်စင်ကို စိန်ခေါ်ရာမှ ရရှိသော ဆုလာဘ်များစွာမှာ လက်ရှိ တာအိုပြည်နယ်သုံးထောင်တွင် မရှိသေးသည့် ရတနာများ ဖြစ်နိုင်ပေသည်။
အရေးကြီးဆုံးအချက်မှာ ဤနတ်ဘုရားမျှော်စင်သည် သူ၏ အနှိုင်းမဲ့ လက်မှတ်ထိုးဝင်ခြင်းစနစ်အတွက် အခွင့်အလမ်းသစ်များကို ပွင့်လန်းစေပြီး လက်မှတ်ထိုးဝင်ခြင်း အသစ်များ ပြုလုပ်ခွင့် ရရှိစေနိုင်ခြင်းပင် ဖြစ်သည်။
ထိုသို့တွေးတောရင်း လင်းချန်သည် ကောင်းကင်ယံမှ အကြည့် လွှဲလိုက်ပြီး နတ်ဘုရားတားမြစ်ချက် တောင်ထိပ် အောက်ခြေရှိ လင်းမိသားစုကို ကြည့်လိုက်သည်။ လက်မှတ်ထိုးဝင်ခွင့် အခွင့်အရေးများနှင့် ပတ်သက်၍ ပြောရလျှင် သူတို့၏ လင်းမိသားစုအတွင်း၌ပင် သူ လက်မှတ်ထိုးဝင်နိုင်သည့် ထူးခြားဆန်းပြားသော နေရာများ ရှိနေသေးသည်။ နတ်ဘုရားမျှော်စင် မဆင်းသက်မီ ကြားကာလအတွင်း ထိုနေရာများသို့ သွားရောက် စမ်းသပ်ကြည့်နိုင်ပေသည်။
ထိုအချိန်တွင် လင်းမေရှန်း၏ မျက်နှာအမူအရာသည် တည်ကြည်လေးနက်သွားပြီး လက်နှစ်ဖက်ကို နောက်ပစ်ကာ တောင်ထိပ်၏အစွန်းသို့ လျှောက်သွားလိုက်သည်။ ထို့နောက် သူ၏ သြဇာညောင်းပြီး နက်ရှိုင်းသောအသံသည် လင်းမိသားစု တစ်ခုလုံးသို့ ပဲ့တင်ထပ်သွားတော့လေသည်။
“ငါ့ရဲ့ လင်းမိသားစု တပည့်အပေါင်းတို့... လာမယ့် သုံးရက်အတွင်းမှာ ဖူကွမ်းမြင့်မြတ်ပြည်နယ်ရဲ့ လှုပ်ရှားမှုတွေကို အမြဲမပြတ် စောင့်ကြည့်ကြရမယ်။ နတ်ဘုရားမျှော်စင် ဆင်းသက်မယ့်နေရာကို သိရှိတာနဲ့ မိသားစုကို ချက်ချင်း အကြောင်းကြားရမယ်။”
“နောက်ပြီး ဒီကာလအတွင်းမှာ ဘယ်သူမဆို အကြောင်းမဲ့ ပြဿနာရှာလာခဲ့ရင် စကားအများကြီး ပြောမနေနဲ့။ တစ်ဖက်လူရဲ့ နောက်ခံ ဒါမှမဟုတ် ဇာစ်မြစ်ကို ထည့်မတွက်ဘဲ တိုက်ရိုက်သာ နှိမ်နင်းပစ်လိုက်။”
“ငါတို့ရဲ့ ရှေးဟောင်းကန္တာရ လင်းမိသားစုဟာ ဘယ်အင်အားစု၊ ဘယ်မျိုးနွယ်စုကိုမှ အရင်စပြီး ရန်မစဘူး။ ဒါပေမဲ့ ငါတို့ကို လာရောက်စိန်ခေါ်တဲ့ ဘယ်အင်အားစု၊ ဘယ်မျိုးနွယ်စုကိုမှလည်း ငါတို့ မကြောက်ဘူး။”
ထိုအသံသည် ရှေးဟောင်းကန္တာရ လင်းမိသားစု၏ အတွင်းအပြင် တစ်ခုလုံး၌ ပဲ့တင်ထပ်သွား၏။ လင်းမိသားစုဝင်အားလုံးသည် တည်ကြည်လေးနက်သော မျက်နှာအမူအရာများကိုယ်စီဖြင့် ရှိနေခဲ့ကြသည်။
နောက်အခိုက်တွင် လင်းမိသားစု၏ ထောင့်အရပ်ရပ်မှ စနစ်တကျရှိပြီး ရိုသေကိုင်းရှိုင်းသော အသံများ ထွက်ပေါ်လာတော့သည်။
“ကျုပ်တို့ ပဉ္စမမြောက် ဘိုးဘေးရဲ့ အမိန့်တော်ကို နာခံပါ့မယ်။”
နတ်ဘုရားမျှော်စင်၏ ကိစ္စရပ်သည် လင်းမိသားစု တစ်ခုလုံးနှင့် သက်ဆိုင်နေသဖြင့် အနည်းငယ်မျှပင် ပေါ့ဆ၍မရပေ။ ဤကဲ့သို့ အရေးကြီးသော အချိန်မျိုးတွင် လင်းမိသားစုဝင်တိုင်းသည် မိမိတို့၏ အင်အားကို ထည့်ဝင်ကြရမည်ဖြစ်သည်။
အသံများ တိတ်ဆိတ်သွားသည်နှင့်တစ်ပြိုင်နက် အကြီးအကဲများစွာ၏ ကွပ်ကဲမှုအောက်တွင် လင်းမိသားစုတစ်ခုလုံးသည် တညီတညွတ်တည်း လှုပ်ရှားကြတော့၏။ လင်းမိသားစုမှ ရေတွက်၍မကုန်နိုင်သော ကျွမ်းကျင်သူများသည် သူတို့၏ လုပ်ငန်းဆောင်တာများကို ဘေးဖယ်ထားကာ ဖူကွမ်းမြင့်မြတ်ပြည်နယ်၏ နေရာအနှံ့အပြားသို့ တစ်ညတွင်းချင်း အပြေးအလွှား သွားရောက်ကြသည်။
ဖူကွမ်းမြင့်မြတ်ပြည်နယ်၏ လက်မတစ်ခုစီတိုင်းတွင် သူတို့ လင်းမိသားစု၏ လက်အောက်ခံ အင်အားစုများ ရှိနေသော်လည်း ဤကဲ့သို့ အရေးကြီးပြီး ထူးခြားသော ကိစ္စရပ်မျိုးတွင်မူ လင်းမိသားစုဝင်ကိုယ်တိုင် ကိုယ်တိုင်ကိုယ်ကျ ကြီးကြပ်ကွပ်ကဲရန် လိုအပ်နေဆဲပင်။
အရေးအကြီးဆုံးအချက်မှာ နတ်ဘုရားမျှော်စင်၏ လှုပ်ရှားမှုများကို စောင့်ကြည့်ရုံသာမက ဖူကွမ်းမြင့်မြတ်ပြည်နယ်၏ တည်ငြိမ်အေးချမ်းမှုကိုလည်း ထိန်းသိမ်းရန် လိုအပ်ခြင်းဖြစ်သည်။ ရှေ့လျှောက်ကာလများတွင် ပြင်ပမှ ကျွမ်းကျင်သူများနှင့် ပါရမီရှင်အမြောက်အမြား ဖူကွမ်းမြင့်မ့တ်ပြည်နယ်အတွင်းသို့ မလွဲမသွေ ရောက်ရှိလာကြပေလိမ့်မည်။ မျိုးနွယ်စုံ၊ အလွှာစုံ ရောက်ရှိလာသည်နှင့်အမျှ ပြဿနာများကလည်း သဘာဝအတိုင်း တိုးပွားလာပေလိမ့်မည်။
ဖူကွမ်းမြင့်မြတ်ပြည်နယ်တွင် အင်အားအကြီးဆုံး အဖွဲ့အစည်းဖြစ်သည့်အလျောက် သူတို့၏ လင်းမိသားစုသည် ဤကဲ့သို့ အရေးကြုံချိန်တွင် ဖူကွမ်းမြင့်မြတ်ပြည်နယ်၏ ငြိမ်းချမ်းရေးကို စောင့်ရှောက်ရန် တာဝန်နှင့် ဝတ္တရား ရှိပေသည်။
နတ်ဘုရားတားမြစ်ချက် တောင်ထိပ်ပေါ်ရှိ ရင်ပြင်တွင်...
လင်းဟောက်ရန်သည် လင်းမေရှန်း၏ ဘေးသို့ လျှောက်လာကာ စိတ်လှုပ်ရှားစွာဖြင့် သက်ပြင်းချလိုက်သည်။
“ရွှေခေတ်ကြီး ဆိုက်ရောက်လာတာနဲ့အမျှ တာအိုပြည်နယ်သုံးထောင် တစ်ခုလုံးပေါ်မှာ မုန်တိုင်းတိမ်တိုက်တွေ အုံ့မှိုင်းလာခဲ့ပြီ။”
ဤတစ်ကြိမ်၌ နတ်ဘုရားမျှော်စင်က ဖူကွမ်းမြင့်မြတ်ပြည်နယ်ပေါ်သို့ ဆင်းသက်လာမည်ဖြစ်ရာ မည်ကဲ့သို့ပြဿနာများ ပေါ်လာဦးမလဲဆိုသည်ကို မည်သူမှ မသိနိုင်ချေ။
လင်းမေရှန်းသည် လက်နှစ်ဖက်ကို နောက်ပစ်ကာ ရပ်နေရင်း ထိုစကားကို ကြားသောအခါ အသာအယာ ပြုံးလိုက်သည်။
“အဲ့ဒီကောင်တွေ အများကြီး မလှုပ်ရှားနိုင်ပါဘူး။ ဒါနဲ့... မင်းရဲ့ ကျင့်စဉ်အဆင့်ကလည်း အချိန်မရွေး အဆင့်တက်ဖို့ အဆင်သင့်ဖြစ်နေပြီ မဟုတ်လား။”
လင်းဟောက်ရန်၏ ပတ်ပတ်လည်တွင် ဝေ့ဝဲနေသော အားနည်းသည့် ဧကရာဇ်အရှိန်အဝါကို သူ ခံစားမိနေ၏။ ၎င်းမှာ လင်းဟောက်ရန်၏ ကျင့်စဉ်သည် ဧကရာဇ်တစ်ပိုင်းအဆင့်သို့ တက်လှမ်းရန် လက်တစ်ကမ်းအလိုသို့ ရောက်ရှိနေသည့် လက္ခဏာပင်။
လင်းဟောက်ရန်က သူ၏စိတ်ကို ပြန်လည်စုစည်းကာ ပြုံး၍ ခေါင်းညိတ်ပြလိုက်သည်။
“အဆင့်တက်ဖို့က ဖြစ်နိုင်ပါတယ်။ ဒါပေမဲ့ ရိုးရိုးရှင်းရှင်း အဆင့်တက်ရုံတင်ဆိုရင်တော့ အဓိပ္ပာယ် သိပ်မရှိဘူး။”
“ကျုပ်က ပြီးပြည့်စုံတဲ့ မူလဇစ်မြစ်အချို့ကို ထပ်ပြီး အပိုင်သိမ်းချင်သေးတယ်။ အဲ့ဒါမှ အဆင့်တက်ပြီး ကိုယ်ပိုင် နိယာမကို ပေါင်းစပ်ဖန်တီးတဲ့အခါ ကျင့်စဉ်ကို ပိုပြီး မြင့်မားတဲ့နေရာအထိ တွန်းတင်နိုင်လိမ့်မယ်။”
“အကယ်၍ ကျုပ်က ဧကရာဇ်တစ်ပိုင်းအဆင့်ကို တက်လှမ်းပြီးမှ ပထမအဆင့်၊ ဒုတိယအဆင့်လောက်မှာပဲ ရပ်တန့်နေမယ်ဆိုရင် အဆင့်မတက်တာကမှ ပိုကောင်းဦးမယ်။”
သူ့စကားဆုံးသွားသောအခါ နောက်ကွယ်ရှိ မိသားစုအကြီးအကဲများစွာက ချီးကျူးအားကျသည့် မျက်နှာအမူအရာများကို မပြသဘဲ မနေနိုင်ခဲ့ကြပေ။ သူတို့သည် လင်းဟောက်ရန်ထက် အသက်ကြီးကြသော်လည်း အင်အားနှင့် တာအိုကို လိုက်စားမှုအပိုင်းတွင်မူ များစွာ နိမ့်ပါးကြပေသည်။
လင်းဟောက်ရန် ပြောသွားသည့် စကားမျိုးကို သူတို့ ဘယ်တော့မှ ပြောနိုင်မည်မဟုတ်။ သူတို့အတွက်မူ ဧကရာဇ်တစ်ပိုင်းအဆင့်သို့ တက်လှမ်းနိုင်ခြင်းသည်ပင်လျှင် အလွန်ထူးကဲသော ကိစ္စဖြစ်သည်။ အဆင့်တက်ပြီးသည်နှင့် တစ်ပြိုင်နက် ထိုအဆင့်အတွင်း၌ပင် တန်ခိုးကြီးမားသူတစ်ဦး ချက်ချင်းဖြစ်လာရန် ရည်မှန်းချက်မျိုးမှာ သူတို့အတွက် ဝေးလွန်းလှသည်။
လင်းမေရှန်းကလည်း ထိုစကားကို ကြားသောအခါ ကျေနပ်သည့်အမူအရာများ ပြသလိုက်သည်။
“မင်း ငယ်ရွယ်စဉ်အခါကသာ ဒီခေတ်ကြီးမှာ မွေးဖွားခဲ့မယ်ဆိုရင် အဲ့ဒီကောင်လေး လင်းချန် အတွက် ခက်ခဲတဲ့ ပြိုင်ဘက်တစ်ယောက် ပိုတိုးလာမှာ အသေအချာပဲ။”
ထိုစကားကို ကြားသောအခါ လင်းရှန်းဟဲနှင့် အခြားပါရမီရှင်များအပြင် မိသားစုအကြီးအကဲများအားလုံးကပါ လုံးဝထောက်ခံသည့်အနေဖြင့် ခေါင်းညိတ်လိုက်ကြလေတော့သည်။
အမှန်စင်စစ် ထိုစဉ်က မိသားစုခေါင်းဆောင်သည်လည်း ပြိုင်ဘက်ကင်းသော ပါရမီရှင်တစ်ဦး ဖြစ်ခဲ့သည်။ သူသည် ဖျက်စီး၍မရနိုင်သော နတ်ဘုရားခန္ဓာနှင့် သံသရာခြောက်ပါး မျက်လုံးတို့ကို ပိုင်ဆိုင်ထားပြီး ခေတ်တစ်ခုလုံးရှိ ပါရမီရှင်များကို နင်းချေကာ သောင်းနှင့်ချီသော ရွယ်တူများကို ဦးညွှတ်စေခဲ့သူ ဖြစ်သည်။
အကယ်၍ လူငယ်ဘဝ လင်းဟောက်ရန်သာ ယနေ့ ရွှေခေတ်ကြီးတွင် မွေးဖွားခဲ့မည်ဆိုပါက ပါရမီရှင်အဆင့်သတ်မှတ်ချက်စာရင်း၏ ဒုတိယနေရာမှာ အခြားတစ်ဦးဦးကသာ နေရာယူရပေလိမ့်မည်။
ထိုချီးမွမ်းစကားကို ကြားသော်လည်း လင်းဟောက်ရန်က မတုန်မလှုပ် ပြုံးနေရုံသာ ပြုလိုက်သည်။
“ချန်အာ ရှိနေတာနဲ့တင် ကျုပ်အတွက် လုံလောက်နေပါပြီ။ ကျန်တဲ့ကိစ္စတွေကိုတော့ ချန်အာ့ကိုပဲ ကိုင်တွယ်ခိုင်းလိုက်တော့မယ်။”
“ကျုပ်လုပ်ရမှာက သူ အပြည့်အဝ ကြီးပြင်းမလာခင်အထိ သူ့ကို ကောင်းကောင်း ကာကွယ်ပေးဖို့ပဲ။”
“ဘယ်သူမဆို လူငယ်ကို အနိုင်ကျင့်ချင်တာပဲဖြစ်ဖြစ်၊ ငါ့ရဲ့ ချန်အာ့ကို ရန်ပြုတာပဲဖြစ်ဖြစ် လုပ်လာရင်... ဧကရာဇ်တစ်ပိုင်းအဆင့်ဖြစ်နေရင်တောင် ငါ သတ်ပစ်ဖို့ ဝန်မလေးဘူး။”
သူ၏အသံမှာ တည်ငြိမ်နေသော်လည်း ပြိုင်ဘက်ကင်းသော လွှမ်းမိုးမှုနှင့် သတ်ဖြတ်လိုသော အရှိန်အဝါတို့ဖြင့် ပြည့်နှက်နေခဲ့သည်။ သူ၏စကားအဆုံးတွင် ရောက်ရှိနေသူအားလုံး၏ မျက်နှာတွင် အလိုအလျောက် အပြုံးရိပ်များ ထင်ဟပ်သွားကြ၏။
အမှန်ပင်... အကယ်၍ တစ်စုံတစ်ယောက်ကသာ သူတို့၏ ရှေးဟောင်းကန္တာရ လင်းမိသားစုကို စော်ကားရဲလျှင် မိသားစု၏ ပြင်းထန်လှသော လက်တုံ့ပြန်မှုများကို မလွဲမသွေ ခံစားရပေလိမ့်မည်။
နတ်ဘုရားမျှော်စင် ဖူကွမ်းမြင့်မြတ်ပြည်နယ်ပေါ်သို့ ဆင်းသက်လာခြင်းမှာ သူတို့အတွက် ပြဿနာတစ်ခု ဖြစ်နိုင်သော်လည်း တစ်ဖက်တွင်လည်း ၎င်းမှာ လက်ဦးမှု ရယူနိုင်မည့် အခွင့်အရေးတစ်ခုလည်း ဖြစ်ပေသည်။
ပါရမီရှင်မျိုးဆက်သစ်များနှင့် မိသားစုအကြီးအကဲများသည် နတ်ဘုရားတားမြစ်ချက် တောင်ထိပ်တွင် ခေတ္တမျှ နေထိုင်ခဲ့ကြပြီးနောက် အသီးသီး ပြန်လည်ထွက်ခွာသွားကြသည်။ လင်းဟောက်ရန်နှင့် လင်းမေရှန်းတို့သည်လည်း လင်းချန်ကို မှာတမ်းများစွာ ခြွေပြီးနောက် တောင်ထိပ်မှ အတူတကွ ဆင်းသွားကြတော့သည်။
နောက်ဆုံးတွင် နတ်ဘုရားတားမြစ်ချက် တောင်ထိပ်ပေါ်၌ လင်းချန်နှင့် လင်းထင်ထောင်းတို့နှစ်ဦးသာ ကျန်ရစ်တော့လေသည်။ လင်းထင်ထောင်းသည် ကပ်ဘေးကိုးခုနယ်ပယ် သို့ အသစ်စက်စက် အဆင့်တက်ထားသူဖြစ်၍ သူ၏ကျင့်စဉ်ကို တည်ငြိမ်အောင်လုပ်ရန် လိုအပ်နေပေသည်။ ထို့ကြောင့် လင်းချန်က သူ့ကို အနှောင့်အယှက်မပေးတော့ပေ။
လင်းချန်သည် နတ်ဘုရားသားတော် နန်းတော်သို့ ပြန်လာပြီးနောက် အသက်ရှူနှုန်းကို ထိန်းညှိကာ မိုးလင်းလာမည့်အချိန်ကို ငြိမ်သက်စွာ စောင့်ဆိုင်းနေလိုက်သည်။ မိုးလင်းသည်နှင့်တစ်ပြိုင်နက် လင်းမိသားစုအတွင်းရှိ ထူးခြားဆန်းပြားသော နေရာများသို့ သွားရောက်ကာ လက်မှတ်ထိုးဝင်ရန် အခွင့်အရေးများ ရနိုင်မလားဆိုသည်ကို စမ်းသပ်ကြည့်မည် ဖြစ်သည်။
ညမှောင်ရီပျိုးစအချိန်တွင် တာအိုပြည်နယ်သုံးထောင်ရှိ အမျိုးမျိုးသော ရှေးဟောင်းအဖွဲ့အစည်းများနှင့် အင်အားကြီး မိသားစုများ စတင်လှုပ်ရှားလာခဲ့ကြလေသည်။ ရေတွက်၍ မကုန်နိုင်သော ပါရမီရှင်များနှင့် ကျွမ်းကျင်သူများသည် မိမိတို့၏ နယ်မြေအသီးသီးမှ ထွက်ခွာလာကြပြီး ဦးတည်ချက်တစ်ခုတည်းဆီသို့ အပြင်းနှင်လာကြတော့သည်။
သူတို့အားလုံး ဦးတည်နေသည့် ပန်းတိုင်မှာ တစ်ခုတည်းပင်။
ဖူကွမ်းမြင့်မြတ်ပြည်နယ်...။
နောက်ဆုံးတွင် လပြည့်ဝန်းကြီးမှာ တဖြည်းဖြည်း ကွယ်ပျောက်သွားပြီး အရှေ့ဘက်မှ နေဝန်းနီနီကြီး ထွက်ပေါ်လာတော့သည်။ ပြောင်းလဲခြင်းမရှိဘဲ ကျန်ရစ်နေသည်မှာ ကောင်းကင်အလယ်ဗဟို၌ ရွှေရောင်အလင်းတန်းများ ဖြာထွက်နေဆဲဖြစ်သော ပါရမီရှင် အဆင့်သတ်မှတ်ချက်စာရင်းပင် ဖြစ်သည်။ ထိုစာရင်းပေါ်ရှိ ထူးကဲသော ပါရမီရှင်တစ်ဦးချင်းစီ၏ အမည်နာမများကို တာအိုပြည်နယ်သုံးထောင်ရှိ သက်ရှိသတ္တဝါအပေါင်းတို့ အမြဲမပြတ် ငေးမောကြည့်ရှုကာ အားကျနေကြရ၏။
ရှေးဟောင်းကန္တာရ လင်းမိသားစု၏ နတ်ဘုရားတားမြစ်ချက် တောင်ထိပ်ရှိ နတ်ဘုရားသားတော် နန်းတော်အတွင်း၌...
တရားထိုင်သည့် ဖျာအထက်တွင် လင်းချန်သည် မျက်လုံးများကို ဖြည်းညှင်းစွာ ဖွင့်လိုက်ပြီး အသာအယာ ပြုံးလိုက်သည်။
“ကဲ... အခု သွားပြီး စမ်းကြည့်ရမယ့်အချိန်ပဲ။”
အခန်း (၁၈) - မသေမျိုးရတနာမျှော်စင်၌ လက်မှတ်ထိုးဝင်ခြင်းနှင့် တံခါးရှစ်ပေါက် နိယာမ
လင်းချန်သည် မတ်တပ်ရပ်လိုက်ပြီး အနီးနားတွင် သူ၏ကျင့်စဉ်ကို တည်ငြိမ်အောင် ပြုလုပ်နေသည့် လင်းထင်ထောင်းကို တစ်ချက်ကြည့်လိုက်၏။ သူ့ကို အနှောင့်အယှက်မပေးတော့ဘဲ ရှေ့သို့တစ်လှမ်းလှမ်းလိုက်ရာ ဟင်းလင်းပြင်ကို တိုက်ရိုက်ဆုတ်ဖြဲ၍ နတ်ဘုရားတားမြစ်ချက် တောင်ထိပ်မှ ထွက်ခွာသွားခဲ့သည်။
သူသည် နတ်ဘုရားတားမြစ်ချက် တောင်ထိပ်တွင် လက်မှတ်ထိုးဝင်ပြီးသားဖြစ်၍ ယခုအခါ မိသားစု၏ ကောင်းကင်နှင့်မြေကြီး၏ ရတနာများ၊ မှော်ရတနာစုဆောင်းမှုများ သိုလှောင်ထားရာ မသေမျိုးရတနာမျှော်စင်တွင် ကံစမ်းကြည့်ရန် စီစဉ်လိုက်ခြင်းဖြစ်သည်။
တာအိုပြည်နယ်သုံးထောင်တွင် တိုက်ခိုက်ရေးစွမ်းအားမှာ ကပ်ဘေးကိုးခုနယ်ပယ်သို့ ရောက်ရှိရုံဖြင့် ဟင်းလင်းပြင်ကို ဆုတ်ဖြဲကာ လေဟာနယ်အတွင်း ခရီးသွားလာနိုင်ပြီဖြစ်သည်။ လင်းချန်၏ လက်ရှိကျင့်စဉ်နှင့် တိုက်ခိုက်ရေးစွမ်းရည်မှာ ထိုသတ်မှတ်ချက်ကို အဝေးကြီး ကျော်လွန်နေပြီ ဖြစ်သည်။
သို့သော် ယခုတစ်ကြိမ် ဟင်းလင်းပြင်ကို ဆုတ်ဖြဲလိုက်ချိန်တွင် လင်းချန်သည် ရွှေခေတ်ကြီးဆိုက်ရောက်လာပြီးကတည်းက ဟင်းလင်းပြင်ကို ဆုတ်ဖြဲရန်အတွက် လိုအပ်သော ဝိညာဉ်စွမ်းအင်ပမာဏမှာ အနည်းငယ် မြင့်တက်လာကြောင်း သိသိသာသာ ခံစားလိုက်ရသည်။ ပမာဏမှာ အပြောပလောက်ရုံသာ ဖြစ်သော်လည်း ၎င်းက သူ့ကို တွေးတောစရာ ဖြစ်စေခဲ့သည်။
ရွှေခေတ်ကြီး၏ ဆိုက်ရောက်လာမှုသည် တာအိုပြည်နယ်သုံးထောင်တစ်ခုလုံးကို အမှန်တကယ် အသွင်ပြောင်းလဲစေကာ အသစ်တစ်ဖန် ပြန်လည်စတင်စေခဲ့ပြီဖြစ်သည်။ ဟင်းလင်းပြင်၏ တည်ငြိမ်မှုသည်ပင် အချိန်နှင့်အမျှ ပိုမိုခိုင်မာလာနေခဲ့သည်။ အချိန်အတန်ကြာသွားလျှင် သာမန် ကပ်ဘေးကိုးခုနယ်ပယ် ကျွမ်းကျင်သူများသည် ဟင်းလင်းပြင်ကို ဆုတ်ဖြဲကာ ခရီးသွားမနိုင်တော့မည်ကို စိုးရိမ်ရပေသည်။
ကျယ်ပြောလှသော ရင်ပြင်ထက်တွင် တိမ်တိုက်များကို ဖောက်ထွက်နေသည့် ခန့်ညားထည်ဝါသော အနက်ရောင်မျှော်စင်ကြီးတစ်ခု တည်ရှိနေ၏။ ၎င်း၏ အမြင့်အတိအကျကို မည်သူမျှမသိနိုင်ပေ။ ရှေးဟောင်းကန္တာရ လင်းမိသားစုဝင်များ ဖြတ်သန်းသွားတိုင်း ထိုအနက်ရောင်မျှော်စင်ကြီးကို မသိစိတ်ဖြင့် လှမ်းကြည့်မိကြစမြဲပင်။
သူတို့၏ မျက်ဝန်းများထဲတွင်လည်း တောင့်တမှုများဖြင့် ပြည့်နှက်နေ၏။ ပုံမှန်အားဖြင့် အဆိုပါမျှော်စင်အတွင်းသို့ ဝင်ရောက်ကာ ရတနာများ ရွေးချယ်လိုပါက မိသားစုအတွက် အကျိုးဆောင်မှုများကို အချိန်အတော်ကြာ စုဆောင်းရခြင်း သို့မဟုတ် ထူးခြားသော ကောင်းမှုကုသိုလ်များ ပြုလုပ်ရခြင်းတို့ လိုအပ်သည်။ သာမန်အားဖြင့် ထိုအနက်ရောင်မျှော်စင်သည် အဝေးကနေသာ ငေးကြည့်ရမည့်အရာဖြစ်ပြီး အလွယ်တကူ ချဉ်းကပ်၍ မရနိုင်ပေ။
တိမ်တိုက်များကို ထိုးဖောက်ထားသော ဤအနက်ရောင်မျှော်စင်ကြီးမှာ အခြားမဟုတ်ပေ။ လင်းမိသားစု၏ အလွန်အရေးကြီးသော နေရာဖြစ်သည့် ရှားပါးရတနာများ သိုလှောင်ရာ မသေမျိုးရတနာမျှော်စင်ပင် ဖြစ်သည်။
ထိုအချိန်တွင် ဟင်းလင်းပြင်၏ အစိတ်အပိုင်းတစ်ခုမှာ တွန့်လိမ်သွားပြီးနောက် အရပ်ရှည်ရှည်နှင့် လူငယ်တစ်ဦး ထွက်ပေါ်လာခဲ့သည်။ လင်းချန်သည် ငြိမ်သက်စွာ ရပ်နေရင်း အဆုံးကိုပင် မမြင်နိုင်သော အနက်ရောင်မျှော်စင်ကြီးကို မော့ကြည့်ကာ မျက်လုံးများကို မှေးစဥ်းလိုက်သည်။
“မသေမျိုးရတနာမျှော်စင်က လွန်ခဲ့တဲ့ အနှစ်သုံးထောင်ကအတိုင်း ဘာမှမပြောင်းလဲသေးဘူးပဲ။”
“ဒီနေရာက စနစ်ကို လက်မှတ်ထိုးဝင်ဖို့ အခွင့်အရေးတစ်ခု ပွင့်လာအောင် လုပ်ပေးနိုင်မလားဆိုတာ သိချင်မိတယ်။”
သူ ပထမဆုံး နိုးထလာစဉ်က စနစ်အပေါ်တွင် မျှော်လင့်ချက် သိပ်မထားခဲ့ပေ။ သူသည် တန်ခိုးကြီးမားသော ရှေးဟောင်းမိသားစု၏ နတ်ဘုရားသားတော်တစ်ဦး ဖြစ်နေပြီဖြစ်ရာ သူ့မှာ ဘာများ လိုအပ်ဦးမည်နည်း။ သို့သော် နှစ်ကြိမ်တိုင်တိုင် လက်မှတ်ထိုးဝင်ပြီးနောက်တွင်မူ ၎င်းသည် မည်မျှ အံ့အားသင့်စရာကောင်းကြောင်း သူ သဘောပေါက်သွားခဲ့သည်။
ပထမအကြိမ် လက်မှတ်ထိုးဝင်ခြင်းက သူ့ကို မွေးရာပါ ဧကရာဇ်လက်နက်တစ်ခု ပေးခဲ့ပြီး ဒုတိယအကြိမ်မှာမူ စစ်မှန်သော မူလစွမ်းအင်ကောင်းချီးကို ပေးအပ်ခဲ့သည်။ ထိုအဆင့်ရှိ မူလစွမ်းအင်မျိုးကို ရရှိရန်မှာ ဧကရာဇ်တစ်ပိုင်းအဆင့်ကျွမ်းကျင်သူတစ်ဦးက သူ၏ ကျင့်စဉ်အားလုံးကို လောင်းကြေးထပ်မှသာ ရနိုင်မည့်အရာမျိုး ဖြစ်သည်။
လင်းချန်သည် အသက်ပြင်းပြင်း တစ်ချက်ရှိုက်ကာ တုံ့ဆိုင်းမနေဘဲ မသေမျိုးရတနာမျှော်စင်၏ အဝင်ဝသို့ ဖြည်းညှင်းစွာ လျှောက်သွားလိုက်၏။ စိတ်အာရုံဖြင့် သူ၏လက်စွပ်အတွင်းမှ အနှစ်သုံးထောင်တိုင်တိုင် အပြင်သို့မထုတ်ခဲ့ရသော ရွှေရောင်နတ်ဘုရားသားတော်တိုကင်ကို ဆင့်ခေါ်လိုက်တော့သည်။
ဝုန်း
နတ်ဘုရားသားတော်တိုကင် သူ၏လက်ဖဝါးပေါ်၌ ထွက်ပေါ်လာသည်နှင့်တစ်ပြိုင်နက် မသေမျိုးရတနာမျှော်စင်၏ အနက်ရောင်တံခါးကြီးများမှာ တုန်ခါသွားတော့သည်။ နောက်တစ်ခဏတွင် ဟိန်းဟောက်သံကြီးများနှင့်အတူ မြင့်မားလှသော အနက်ရောင်တံခါးကြီးများမှာ ဖြည်းညှင်းစွာ ပွင့်ဟလာလေတော့သည်။
တံခါးကြီးများ၏ နောက်ကွယ်တွင်မူ အလင်းရောင် အစအနမျှမရှိဘဲ မည်းမှောင်နေပြီး ဘာကိုမျှ မမြင်နိုင်ပေ။
လင်းချန်သည်မး ဤအခြေအနေကို အံ့သြခြင်းမရှိချေ။ လွန်ခဲ့သော အနှစ်သုံးထောင်က သူသည် ဤနေရာသို့ မကြာခဏ လာရောက်လေ့ရှိသဖြင့် အခြေအနေအရပ်ရပ်ကို ကောင်းကောင်းသိနားလည်ထားပြီး ဖြစ်သည်။ သူသည် နတ်ဘုရားသားတော်တိုကင်ကို ပြန်သိမ်းလိုက်ပြီးနောက် ရှေ့သို့တစ်လှမ်းလှမ်းကာ အနက်ရောင်တံခါးကြီးများအတွင်းသို့ ဝင်ရောက်သွားတော့သည်။
ဒုန်း
လင်းချန်၏ပုံရိပ် တံခါးအတွင်းမှ ပျောက်ကွယ်သွားသည်နှင့်တစ်ပြိုင်နက် မြင့်မားလှသော အနက်ရောင်တံခါးကြီးများသည် အင်အားပြင်းထန်ပြီး လေးလံသော အသံကြီးနှင့်အတူ ပြန်ပိတ်သွားတော့သည်။
မသေမျိုးရတနာမျှော်စင်အတွင်း၌...
အမျိုးမျိုးသော ကောင်းကင်နှင့်မြေကြီး၏ ရတနာများကို လမ်းဘေးရှိ ပေါင်းပင်များကဲ့သို့ပင် စည်းကမ်းမရှိ စိုက်ပျိုးထားကြသည်။ ပြင်ပလောကတွင် ရှာဖွေရန်ခက်ခဲလှသော ရတနာများစွာမှာ ဤနေရာတွင်မူ စင်ပေါ်တွင် နေရာပေးခံရရန်ပင် မထိုက်တန်ကြပေ။
အဖိုးတန်လှသော အဆင့်မြင့် ဝိညာဉ်ကျောက်တုံးများကိုမူ လမ်းခင်းကျောက်များအဖြစ်သာ အသုံးပြုထားပြီး ခြေလှမ်းတိုင်းတွင် မည်မျှနင်းမိနေမည်ကိုပင် မသိနိုင်တော့ပေ။ သူတော်စင်နယ်ပယ်အထက်ရှိ ကျွမ်းကျင်သူများကိုပင် လောဘတက်စေနိုင်သည့် ရတနာများသာလျှင် စနစ်တကျ စီစဉ်ထားသော စင်များပေါ်တွင် ပေါ်ထွက်ခွင့်ရကြသည်။
မသေမျိုးရတနာမျှော်စင်သည် အပြင်ဘက်မှကြည့်လျှင် မြင့်မားသော မျှော်စင်တစ်ခုအဖြစ် မြင်ရသော်လည်း အတွင်းပိုင်းမှာမူ အဆုံးအစမရှိသော သိုလှောင်ကမ္ဘာတစ်ခုကြီး ဖြစ်၏။ ကောင်းကင်ယံတွင် နေ၊ လ နှင့် ကြယ်များရှိသလို နေ့နှင့်ညလည်း ရှိသည်။ သို့သော် အနီးကပ်ကြည့်ရှုပါက ထိုနေ၊ လ နှင့် ကြယ်များသည် အမှန်စင်စစ် အလင်းရောင်များ ထုတ်လွှတ်နေသော အစွမ်းထက် မှော်ရတနာများသာ ဖြစ်ကြောင်း တွေ့ရပေလိမ့်မည်။ ၎င်းတို့မှာ အလွန်တောက်ပလွန်းလှသဖြင့် ကောင်းကင်တန်ဆာများကဲ့သို့ ထင်ရခြင်းဖြစ်သည်။
အမျိုးမျိုးသော ကောင်းကင်နှင့်မြေကြီး၏ ရတနာများ ဝန်းရံနေသည့်ကြားမှ လင်းချန်သည် ပတ်ဝန်းကျင်ကို ဝေ့ကြည့်ကာ လွမ်းဆွတ်တမ်းတနေသော အပြုံးတစ်ခုကို ပြသလိုက်၏။
“ဒီနေရာက တကယ့်ကို လွမ်းမောစရာပဲ။”
အတိတ်ကာလက သူ၏ကျင့်စဉ်တိုးတက်မှုနှုန်းမှာ မြန်ဆန်လှသော်လည်း အရင်းအမြစ်များကို အလွန်အကျွံ အသုံးပြုခဲ့ရသဖြင့် သူသည် ဤနေရာသို့ အမြဲတမ်းလာရောက်ရသူ ဖြစ်ခဲ့သည်။ အနှစ်သုံးထောင်ကြာပြီးနောက်မှာတောင် ဤနေရာ၏ ပုံစံမှာ မပြောင်းလဲသေးဘဲ ရှိနေခဲ့ပြီး အရာဝတ္ထုအချို့သာ ပြောင်းလဲသွားလိမ့်မည်ဟု သူ မထင်မှတ်ထားခဲ့ပေ။
လင်းချန် အတိတ်ကို ပြန်လည်အောက်မေ့နေစဉ်မှာပင် သူ၏စိတ်ထဲ၌ ကြည်လင်ပြတ်သားသော အသံတစ်ခု ထွက်ပေါ်လာခဲ့သည်။
“အိမ်ရှင်သည် ရှေးဟောင်းကန္တာရ လင်းမိသားစု၏ မသေမျိုးရတနာမျှော်စင်အတွင်း ရောက်ရှိနေကြောင်း စစ်ဆေးတွေ့ရှိရပါသည်။ လက်မှတ်ထိုးဝင်နိုင်ပါပြီ။”
“အိမ်ရှင် ယခု လက်မှတ်ထိုးဝင်လိုပါသလား။”
စိတ်ထဲမှ ကြည်လင်ပြတ်သားသော စနစ်၏ အကြောင်းကြားသံကို ကြားလိုက်ရသောအခါ လင်းချန်သည် ချက်ချင်းပင် အသိပြန်ဝင်လာပြီး သူ၏မျက်နှာထက်မှ အပြုံးမှာ ပိုမိုနက်ရှိုင်းသွားခဲ့သည်။
“မသေမျိုးရတနာမျှော်စင်မှာ လက်မှတ်ထိုးဝင်လို့ရတာလား။ ဒါဆိုရင်တော့ စနစ်က သတ်မှတ်ထားတဲ့ စံနှုန်းတွေကို ငါ အတော်အတန် နားလည်သွားပြီ။”
လင်းချန်သည် စိတ်ကို တည်ငြိမ်အောင်ထားပြီး ဆုံးဖြတ်လိုက်သည်။
“စနစ်... လက်မှတ်ထိုးဝင်မယ်။”
သူသည် ဤမသေမျိုးရတနာမျှော်စင်သို့ လာခဲ့ခြင်းမှာလည်း လက်မှတ်ထိုးဝင်နိုင်မလားဆိုသည်ကို သိလို၍ပင် ဖြစ်သည်။ ယခုအခါ သေချာသွားပြီဖြစ်ရာ သူ တုံ့ဆိုင်းနေစရာ မလိုတော့ပေ။
သူ့အတွေး ဆုံးသည်နှင့်တစ်ပြိုင်နက် စနစ်၏ ကြည်လင်ပြတ်သားသောအသံမှာ ထပ်မံထွက်ပေါ်လာခဲ့ပြန်သည်။
“အိမ်ရှင်၏ တောင်းဆိုချက်ကို လက်ခံရရှိပါသည်။ မသေမျိုးရတနာမျှော်စင်၌ လက်မှတ်ထိုးဝင်နေပါသည်...။”
“လက်မှတ်ထိုးဝင်ခြင်း အောင်မြင်ပါသည်။ ဂုဏ်ယူပါတယ် အိမ်ရှင်...။ သင်သည် လျှို့ဝှက်နည်းစနစ်ဖြစ်သော တံခါးရှစ်ပေါက် နိယာမကို ရရှိသွားပါပြီ။”
လင်းချန်က မျက်ခုံးတစ်ချက် ပင့်လိုက်မိ၏။
“တံခါးရှစ်ပေါက် နိယာမလား။ ဒါက တာအိုဘာသာရဲ့ ဂိတ်တံခါးရှစ်ခုနဲ့ ဘယ်လိုပတ်သက်မှု ရှိမလဲဆိုတာ သိချင်မိတယ်။”
သူ၏ မူလကမ္ဘာရှိ တာအိုကျင့်စဉ်များတွင်လည်း တံခါးရှစ်ပေါက်ဆိုသည့် အယူအဆ ရှိခဲ့သည်ကို သူ သတိရလိုက်သည်။
လင်းချန် အများကြီး စဉ်းစားချိန်မရလိုက်မီမှာပင် စနစ်၏အသံ ပျောက်ကွယ်သွားသည်နှင့်တစ်ပြိုင်နက် ကျယ်ပြောလှပြီး လျှို့ဝှက်ဆန်းကြယ်သော အချက်အလက်လှိုင်းများသည် သူ၏စိတ်ထဲ၌ ဟင်းလင်းပြင်မှတစ်ဆင့် ပေါ်ထွက်လာ၏။ ထိုအချက်အလက်များကို ခံစားလိုက်ရသောအခါ လင်းချန်သည် သု၏စိတ်ကိုစုစည်းပြီး မျက်လုံးများကို မှိတ်လိုက်ကာ ၎င်းတို့ကို လက်ခံရယူရင်း ဆင်ခြင်သုံးသပ်လိုက်တော့သည်။
သူသည် ဤတံခါးရှစ်ပေါက် နိယာမနှင့် သူသိထားသော အရာတို့၏ ပတ်သက်မှုကို အမှန်တကယ်ပင် သိချင်နေခဲ့ခြင်း ဖြစ်သည်။ အချက်အလက်များကို လက်ခံရယူရင်း လင်းချန်၏ မျက်နှာထက်တွင် အံ့သြမှုနှင့် သဘောပေါက်နားလည်သွားသည့် အမူအရာများ တဖြည်းဖြည်း ပေါ်ထွက်လာခဲ့သည်။
အချက်အလက်များအရ ဤတံခါးရှစ်ပေါက် နိယာမသည် သူသိထားသော အရာနှင့် အမှန်တကယ်ပင် ဆက်စပ်နေကြောင်း အတည်ပြုနိုင်ခဲ့၏။ ထိုဆက်စပ်မှုမှာ အပေါ်ယံမျှသာမဟုတ်ဘဲ ၎င်း၏ တံခါးရှစ်ပေါက်မှာ သူသိထားသည့်အတိုင်း တစ်ထေရာတည်း တူညီနေခဲ့ခြင်းဖြစ်သည်။
“ကြယ်ပြာဂြိုလ်ရဲ့ ယဉ်ကျေးမှုက တကယ့်ကို မရိုးရှင်းဘူးပဲ။”
ဖွင့်ဟခြင်းတံခါး၊ အနားယူခြင်းတံခါး၊ သက်ရှိတံခါး၊ နာကျင်ခြင်းတံခါး၊ ကန့်သတ်ချက်တံခါး၊ ရှုမြင်ခြင်းတံခါး၊ သေခြင်းတံခါးနှင့် တုန်လှုပ်ခြင်းတံခါး...။
ဤတံခါးရှစ်ပေါက်လျှို့ဝှက်နည်းစနစ်တွင် တံခါးတစ်ခုချင်းစီကို ဖွင့်လိုက်တိုင်း အင်အားမှာ နှစ်ဆစီ တိုးပွားလာမည်ဖြစ်သည်။ တံခါးရှစ်ပေါက်စလုံးကို ဖွင့်လိုက်ပါက အင်အားမှာ အဆပေါင်း ၁၂၈ ဆ အထိ အပြည့်အဝ တိုးတက်သွားမည် ဖြစ်သည်။ ၎င်းမှာ ရုပ်ပိုင်းဆိုင်ရာ တိုးတက်မှုတစ်ခုတည်း မဟုတ်ဘဲ တိုက်ခိုက်ရေးစွမ်းရည် တစ်ခုလုံးကို ဘက်ပေါင်းစုံမှ မြှင့်တင်ပေးခြင်း ဖြစ်သည်။
ကြောက်မက်ဖွယ်ကောင်းလိုက်လေခြင်း။ အလွန်အမင်း ကြောက်မက်ဖွယ်ကောင်းလှပေသည်။
ထို့အပြင် ဤနည်းစနစ်တွင် ဒွန်ကျားနတ်ဘုရားစွမ်းအင်လည်း ပါဝင်ပြီး ၎င်းသည် မိမိ၏အသက်အမှတ်အသားကို တစ်နေရာရာတွင် ချန်ထားနိုင်စေ၏။ ပြင်ပလောကတွင် အန္တရာယ်နှင့် ကြုံတွေ့ရပါက ထိုအမှတ်အသားနှင့် ဆက်သွယ်ရုံဖြင့် အမှတ်အသားရှိရာသို့ ချက်ချင်းပင် ကူးပြောင်းသွားနိုင်မည်ဖြစ်သည်။ ထိုသို့ ပြုလုပ်ရာတွင် တိုက်ပွဲအလယ်၌ ရောက်ရှိနေလျှင်ပင် အနှောင့်အယှက်ဖြစ်လိမ့်မည် မဟုတ်ပေ။
သို့သော် ချက်ချင်းတည်နေရာကူးပြောင်းနိုင်သည့် အကွာအဝေးမှာ ဒွန်ကျားနတ်ဘုရားစွမ်းအင်ကို နားလည်သဘောပေါက်မှုအပေါ်တွင် မူတည်ပေသည်။ နားလည်မှု ပိုမိုနက်ရှိုင်းလေလေ ပိုမိုဝေးကွာသော နေရာသို့ ရွှေ့ပြောင်းနိုင်လေလေ ဖြစ်သည်။
အတန်ကြာပြီးနောက်...
လင်းချန်သည် သူ၏စိတ်ထဲရှိ အချက်အလက်အားလုံးကို ခြေဖျက်ပြီးနောက် မျက်လုံးများကို ဖြည်းညှင်းစွာ ဖွင့်လိုက်၏။ သူ၏မျက်ဝန်းများထဲတွင် တံခါးရှစ်ပေါက် နိယာမကို ဆင်ခြင်သုံးသပ်ပြီးနောက် ဖြစ်ပေါ်လာသည့် အံ့သြချီးကျူးမှု အရိပ်အယောင်များ ကျန်ရှိနေဆဲပင်။
တံခါးရှစ်ပေါက် နိယာမသည် တိုက်ခိုက်ရေးစွမ်းရည်ကို မြှင့်တင်ပေးနိုင်သလို အသက်ဘေးမှ လွတ်မြောက်နိုင်စွမ်းကိုလည်း တိုးမြှင့်ပေးသည့် ထိပ်တန်း လျှို့ဝှက်နည်းစနစ်တစ်ခု ဖြစ်သည်။ ၎င်းကို စနစ်၏ လက်မှတ်ထိုးဝင်ရာမှတစ်ဆင့် ရရှိခဲ့ခြင်းဖြစ်သဖြင့် သူသည် ပထမဆုံးတံခါးဖြစ်သော ဖွင့်ဟခြင်းတံခါးကို အလိုအလျောက် ပွင့်ပြီးသား ဖြစ်နေသည်။
ဒွန်ကျားနတ်ဘုရားစွမ်းရည်မှာလည်း ထိုနည်းတူပင် ဖြစ်သည်။ သူသည် အခြေခံအဆင့်ကို နားလည်ပြီးသားဖြစ်၍ အခြေခံမှစတင်ကာ အချိန်ကုန်ခံ လေ့လာနေစရာမလိုဘဲ စိတ်တိုင်းကျ အသုံးပြုနိုင်ပြီဖြစ်သည်။ ဒွန်ကျားစွမ်းရည်ဖြင့် ချက်ချင်းကူးပြောင်းနိုင်သည့် အကွာအဝေးမှာ မိုင်ပေါင်း တစ်သောင်းခန့် ရှိမည်ဟု လင်းချန် ခန့်မှန်းမိလိုက်သည်။ အနာဂတ်တွင် ထိုစွမ်းရည်အပေါ် နားလည်မှု ပိုမိုနက်ရှိုင်းလာသည်နှင့်အမျှ အကွာအဝေးမှာလည်း တိုးလာမည်ဖြစ်သည်။
လင်းချန်သည် အသက်ပြင်းပြင်းတစ်ချက်ရှူသွင်းကာ သူ၏ အံ့သြမှုများကို ထိန်းချုပ်လိုက်၏။ အံ့သြစရာလည်း မဟုတ်ပေ။ တိုက်ခိုက်ရေးစွမ်းရည် ၁၂၈ ဆအထိ တိုးပွားနိုင်ခြင်းမှာ သူ့ကို အမှန်တကယ် တုန်လှုပ်စေခဲ့သည်။ အကယ်၍ သူ၏ တိုက်ခိုက်ရေးစွမ်းရည်ကို ၁၂၈ ဆအထိ မြှင့်တင်နိုင်မည်ဆိုပါက မဟာသူတော်စင်နယ်ပယ်းသို့မဟုတ် သူတော်စင်ဘုရင်နယ်ပယ်မှ ပုဂ္ဂိုလ်များကိုပင် သူ ယှဉ်ပြိုင်နိုင်ပေလိမ့်မည်။
ပွင့်နေပြီးသားဖြစ်သော ဖွင့်ဟခြင်းတံခါးကို ခံစားရင်း လင်းချန်၏ မျက်နှာထက်၌ မျှော်လင့်ချက်များ ဖြစ်ပေါ်လာခဲ့သည်။
“တံခါးတစ်ခုဖွင့်ရုံနဲ့ ငါ့ရဲ့အင်အားက ဘယ်အဆင့်ထိ တက်သွားမလဲဆိုတာ ကြည့်ရသေးတာပေါ့။”
ထိုသို့ပြောပြီးနောက် လင်းချန်၏ စိတ်အာရုံသည် လှုပ်ရှားသွားပြီး ခန္ဓာကိုယ်အတွင်းရှိ ဖရိုဖရဲ ဝိညာဉ်စွမ်းအင်တို့ဖြင့် ဖွင့်ဟခြင်းတံခါးကို ဆက်သွယ်လိုက်၏။ ပထမတံခါးကို ဖွင့်လိုက်ခြင်းက သူ၏ လက်ရှိတိုက်ခိုက်ရေးစွမ်းရည်ကို နှစ်ဆ (သို့မဟုတ်) တစ်ဆ တိုးပွားစေမည်ဖြစ်သည်။
နောက်တစ်ခဏတွင် ကပ်ဘေးကိုးခုနယ်ပယ်ထက် များစွာသာလွန်သော အားကောင်းသည့် အရှိန်အဝါတစ်ခုသည် မသေမျိုးရတနာမျှော်စင်၏ သိုလှောင်ကမ္ဘာအတွင်း၌ ပေါက်ကွဲထွက်ပေါ်လာတော့သည်။ ကပ်ဘေးကိုးခုနယ်ပယ် ကျွမ်းကျင်သူများသာမက ကောင်းကင်သို့တက်လှမ်းခြင်းနယ်ပယ်မှ အစွမ်းထက် ကျွမ်းကျင်သူတစ်ဦးပင်လျှင် ဤကြောက်မက်ဖွယ်ကောင်းသော အရှိန်အဝါကို ရင်ဆိုင်ရပါက ထိတ်လန့်တုန်လှုပ်သွားပေလိမ့်မည်။