အခန်း (၁၉-၂၀)
Vol. 2 Ch. 19-20
အခန်း (၁၉) - ယောင်ကွမ်းသူတော်စင်နယ်မြေက ပါရမီရှင်များကို စိန်ခေါ်ခြင်း၊ အဆိပ်စားမိတဲ့ သက်ရှည်ကြယ်စုအလား၊ အသက်ရှင်ရတာ ငြီးငွေ့နေပြီပဲ
ပတ်ဝန်းကျင်ရှိ ဟင်းလင်းပြင် လက်မစီတိုင်းနှင့် မြေပြင်နေရာတိုင်းကို အားကောင်းလှသော ကျင့်စဉ်ဖိအားများက လွှမ်းမိုးထား၏။ ဤကျင့်စဉ်အရှိန်အဝါမှာ အလွန်ပင် ထူးဆန်းလှပေသည်။ ၎င်းသည် ကပ်ဘေးကိုးခုနယ်ပယ်’၏ တတိယအဆင့်တွင်သာ ရှိနေသည်မှာ သိသာသော်လည်း ၎င်း၏ စွမ်းပကားမှာ ထိုအတိုင်းအတာကို များစွာ ကျော်လွန်နေ၏။
၎င်းမှာ အလွန်ပင် ဆန့်ကျင်ဘက်ဖြစ်နေသော်လည်း အလွန်ပင် ကျိုးကြောင်းဆီလျော်လှပေသည်။ ကံကောင်းထောက်မစွာဖြင့် မသေမျိုးရတနာမျှော်စင်၏ သိုလှောင်ကမ္ဘာအတွင်း၌ အခြားသူတစ်ဦးတစ်ယောက်မျှ ရှိမနေပေ။ သို့မဟုတ်ပါက လင်းချန် ယခုထုတ်ဖော်လိုက်သည့် အားကောင်းသော အရှိန်အဝါကြောင့် သူတို့သည် အတိုင်းအထက်အလွန် တုန်လှုပ်ခြောက်ခြားသွားကြမည်မှာ သေချာပေသည်။
ကပ်ဘေးကိုးခုနယ်ပယ် တတိယအဆင့်မျှသာရှိသော ကျင့်ကြံဆင့်ဖြင့် ဤမျှ အားကောင်းသော အရှိန်အဝါကို စိတ်တိုင်းကျ ထုတ်ဖော်နိုင်ခြင်းဖြစ်ပေသည်။ အကယ်၍ သူသာ တိုက်ပွဲအတွင်း အစွမ်းကုန် ထုတ်ဖော်လိုက်မည်ဆိုပါက မည်မျှအထိ ကြောက်မက်ဖွယ်ကောင်းမည်ကို စိတ်ကူးကြည့်ရန်ပင် ခက်ခဲလှပေသည်။
ခန္ဓာကိုယ်အတွင်းမှ အားကောင်းသော ခွန်အားများ တိုးလျှံလာမှုကို ခံစားရင်း လင်းချန်၏ နှုတ်ခမ်းအစုံမှာ မသိစိတ်ဖြင့် ကွေးညွှတ်သွားခဲ့သည်။ ယခင်ကထက် သူ၏အင်အားမှာ အသွင်ကူးပြောင်းမှုတစ်ခု ဖြစ်ပေါ်သွားခဲ့ပြီဟု သူ ခံစားလိုက်ရသည်။
“အခုဆိုရင် ဘယ်လို နတ်ဘုရားစွမ်းအင် နည်းဗျူဟာမျိုးကိုမှ မသုံးဘဲ ငါ့ရဲ့ ဝိညာဉ်စွမ်းအင် သိပ်သည်းမှုနဲ့ ရုပ်ခန္ဓာအင်အား တစ်ခုတည်းနဲ့တင် ကပ်ဘေးကိုးခုနယ်ပယ်က ကျွမ်းကျင်သူအားလုံးကို အပြတ်အသတ် ခြေမှုန်းနိုင်ပြီ။”
“နတ်ဘုရားနယ်ပယ်က ကျွမ်းကျင်သူတစ်ယောက်က သူ့ရဲ့ကျင့်ကြံဆင့်ကို ကပ်ဘေးကိုးခုနယ်ပယ်အထိ လျှော့ချပြီး ရင်ဆိုင်ရင်တောင် ငါ အလွယ်တကူ ချေမှုန်းပစ်နိုင်တယ်။”
သူ၏ အင်အားမှာ ကပ်ဘေးကိုးခုနယ်ပယ်ကို လုံးဝကျော်လွန်သွားပြီး ကောင်းကင်သို့တက်လှမ်းခြင်းနယ်ပယ် အဆင့်သို့ ရောက်ရှိသွားခဲ့ပြီ ဖြစ်သည်။ သူ စိတ်တိုင်းကျ ထုတ်ဖော်နိုင်သော စွမ်းအားသည်ပင် ကပ်ဘေးကိုးခုနယ်ပယ်ရှိ လူအားလုံးကို လွှမ်းမိုးနိုင်စွမ်း ရှိသည်။ အကယ်၍ နတ်ဘုရားစွမ်းရည်အချို့ကိုသာ အသုံးပြုမည်ဆိုပါက ကောင်းကင်သို့တက်လှမ်းခြင်းနယ်ပယ်နှောင်းပိုင်းအဆင့်အောက်ရှိ မည်သူ့ကိုမဆို အနိုင်ယူနိုင်မည်ဟု သူ ယုံကြည်ချက် အပြည့်ရှိပေသည်။
ထို့အပြင် သူသာ အစွမ်းကုန် တိုက်ခိုက်မည်ဆိုပါက ဓားနိယာမ၏ ပြည့်စုံခြင်းအဆင့်ကို ထုတ်ဖော်ပြီး မွေးရာပါ ဧကရာဇ်လက်နက် နှစ်ခုဖြင့် တိုက်ပွဲဝင်လျှင်မူ ရလဒ်မှာ တစ်မျိုးတစ်ဖုံ ပြောင်းလဲသွားပေလိမ့်မည်။
ကောင်းကင်သို့တက်လှမ်းခြင်းနယ်ပယ်အတွင်း၌ ပြိုင်ဘက်ကင်းခြင်း...။
လုံးဝဥဿုံ ပြိုင်ဘက်ကင်းခြင်းပင်။
သူသည် ပြီးပြည့်စုံခြင်းအဆင့် ဓားနိယာမနှင့် ဧကရာဇ်လက်နက်နှစ်ခုကို အသုံးပြုလိုက်ပါက မည်သည့် ကောင်းကင်သို့တက်လှမ်းခြင်းနယ်ပယ် ကျွမ်းကျင်သူမျှ သူ့ကို တားဆီးနိုင်မည်မဟုတ်ပေ။ ထိုအချိန်တွင် သူတော်စင်နယ်ပယ်မှ ကျွမ်းကျင်သူများကသာ သူ၏ ပြိုင်ဘက် ဖြစ်လာနိုင်ပေလိမ့်မည်။
ဤမျှ အစွမ်းထက်သော ခွန်အားများကြောင့် လင်းချန်၏ စိတ်နှလုံးထဲတွင် မကြာမီ ဆင်းသက်လာတော့မည့် နတ်ဘုရားမျှော်စင်အတွက် အကြွင်းမဲ့ ယုံကြည်မှုများဖြင့် ပြည့်နှက်သွား၏။ ယခုအခါတွင်မူ သူသည် အခြားသော ပါရမီရှင်များကို ပြိုင်ဘက်အဖြစ် မရှုမြင်တော့ပေ။ သူ၏ လက်ရှိအင်အားဖြင့် အခြားပါရမီရှင်များမှာ သူ့ကို ခြိမ်းခြောက်နိုင်ရန် ခက်ခဲလှပေသည်။
လွန်ခဲ့သော အနှစ်သုံးထောင်ကလည်း ထိုသို့ပင်ဖြစ်ခဲ့ပြီး အနှစ်သုံးထောင်အးကြာပြီးနောက် နိုးထလာချိန်တွင်လည်း ထိုသို့ပင် ရှိနေဆဲဖြစ်သည်။ အလွန်အမင်း ပြိုင်ဘက်ကင်းနေခြင်းမှာလည်း တစ်မျိုးတော့ အထီးကျန်ဆန်လှ၏။
ယခု သူလုပ်ဆောင်ရန် လိုအပ်သည်မှာ မိမိကိုယ်ကိုယ် ကျော်ဖြတ်ရန်ပင်။ မနေ့ကထက် ပိုမိုအစွမ်းထက်လာသရွေ့ ၎င်းမှာ အကြီးမားဆုံးသော တိုးတက်မှုပင် ဖြစ်ပေလိမ့်မည်။
ဟူး...
ညစ်ညမ်းသော လေများကို အပြင်သို့ ပြင်းပြင်းထန်ထန် မှုတ်ထုတ်လိုက်ရင်း လင်းချန်သည် သူ၏ ပတ်ဝန်းကျင်မှ ကျင့်စဉ်အရှိန်အဝါကို ရုပ်သိမ်းလိုက်ပြီး ဖွင့်ဟခြင်းတံခါးနှင့် ဆက်သွယ်ထားသော ဝိညာဉ်စွမ်းအင်များကိုလည်း လုံးဝ ပြန်လည်ရယူလိုက်သည်။
ယခုတစ်ကြိမ် လက်မှတ်ထိုးဝင်ခြင်းမှ ရရှိသော ဆုလာဘ်များကို သူ အလွန်ကျေနပ်မိပေသည်။ တံခါးရှစ်ပေါက် နိယာမကဲ့သို့သော အံ့ဖွယ်လျှို့ဝှက်နည်းစနစ်မျိုးမှာ သူတို့၏ ရှေးဟောင်းလင်းမိသားစုတွင်ပင် မရှိပေ။
ရှေးဟောင်းလင်းမိသားစုတွင် တိုက်ခိုက်ရေးစွမ်းရည်ကို ခေတ္တမြှင့်တင်ပေးနိုင်သည့် အလားတူ နည်းစနစ်များ ရှိသော်လည်း ထိုနည်းစနစ်များအားလုံးမှာ ဘေးထွက်ဆိုးကျိုးများ ရှိကြသည်။ တံခါးရှစ်ပေါက် နိယာမကဲ့သို့ မိမိအလိုရှိတိုင်း အဖွင့်အပိတ် ပြုလုပ်နိုင်သည့် နည်းစနစ်မျိုးကို ရှာဖွေရန်မှာမူ မဖြစ်နိုင်ပေ။
တံခါးရှစ်ပေါက် နိယာမဖြင့် ခန္ဓာကိုယ်အတွင်း၌ ဝိညာဉ်စွမ်းအင် ရှိနေသရွေ့ ဖွင့်ထားသော တံခါးများနှင့် ဆက်သွယ်ကာ တိုက်ခိုက်ရေးစွမ်းရည်ကို မြှင့်တင်နိုင်၏။ အရေးကြီးဆုံးအချက်မှာ ၎င်းတွင် မည်သည့် ဘေးထွက်ဆိုးကျိုးမျှ လုံးဝမရှိခြင်းပင် ဖြစ်သည်။
ဤအချက်တစ်ချက်တည်းနှင့်ပင် တံခါးရှစ်ပေါက် နိယာမသည် မည်မျှအထိ ထူးခြားဆန်းကြယ်သည်ကို သက်သေပြရန် လုံလောက်နေပြီဖြစ်သည်။
လင်းချန်သည် အတွေးများကို စုစည်းလိုက်ပြီး ပတ်ဝန်းကျင်ရှိ ကောင်းကင်နှင့်မြေကြီး၏ ရတနာများနှင့် မှော်ရတနာ စုဆောင်းမှုများကို တစ်ချက်ကြည့်လိုက်၏။ ဤနေရာသို့ လာရခြင်း ရည်ရွယ်ချက် အောင်မြင်သွားပြီဖြစ်၍ ဆက်လက် နှောင့်နှေးနေစရာ မလိုတော့ပေ။ သူသည် နောက်ဆုံးအကြိမ်အဖြစ် ဝေ့ကြည့်လိုက်ပြီးနောက် မတွန့်ဆုတ်တော့ဘဲ လှည့်ထွက်ခဲ့လိုက်သည်။
သူ၏ သိုလှောင်လက်စွပ်အတွင်းရှိ ဟင်းလင်းပြင်မှာ မိုင်ပေါင်းတစ်သောင်းခန့် ကျယ်ဝန်းပြီး ကျင့်ကြံခြင်းဆိုင်ရာ အရင်းအမြစ်များမှာလည်း တောင်ပုံရာပုံ ပြည့်နှက်နေ၏။ ၎င်းမှာ မသေမျိုးရတနာမျှော်စင်သို့ ကျင့်ကြံခြင်း အရင်းအမြစ်များ လာရောက်ထုတ်ယူရသည်ကို သူ ငြီးငွေ့လာသောကြောင့် ကြိုတင်ပြင်ဆင်ထားခြင်း ဖြစ်သည်။ ထို့ကြောင့် ပြင်ပလောကတွင် ရှာဖွေတွေ့ရှိရန် ခက်ခဲလှသော ဤကျင့်ကြံခြင်း အရင်းအမြစ်များသည် သူ့အတွက်မူ လုံးဝ ရှားပါးပစ္စည်းများ မဟုတ်ပေ။
ယခုတစ်ကြိမ်တွင် လက်မှတ်ထိုးဝင်ရန် အခွင့်အရေး ရနိုင်မလားဆိုသည်ကို စမ်းသပ်လိုစိတ်သာ မရှိခဲ့လျှင် သူသည် ဤနေရာသို့ အထူးတလည် တစ်ခေါက်ပြန်လာလိမ့်မည် မဟုတ်ချေ။
လင်းချန် ထွက်ခွာသွားသည်နှင့်တစ်ပြိုင်နက် မသေမျိုးရတနာမျှော်စင်၏ သိုလှောင်ကမ္ဘာကြီးမှာ ယခင်ကဲ့သို့ပင် ပြန်လည်တိတ်ဆိတ်သွားတော့သည်။ အထက်ရှိ နေ၊ လ နှင့် ကြယ်များသည်လည်း စစ်မှန်သော ကမ္ဘာတစ်ခုအလား ဆက်လက်တောက်ပနေဆဲပင်။
မသေမျိုးရတနာမျှော်စင်မှ ထွက်လာပြီးနောက် လင်းချန်သည် ရှေးဟောင်းလင်းမိသားစုအတွက် အတော်အတန် အရေးပါသော အခြားနေရာအချို့သို့လည်း သွားရောက်ခဲ့သေး၏။ သို့သော် ထိုနေရာများသို့ ရောက်သည့်အခါ ဘာလှုပ်ရှားမှုမျှ မရှိခဲ့သလို စနစ်၏ အကြောင်းကြားသံလည်း ထွက်ပေါ်မလာခဲ့ပေ။ ဆိုလိုသည်မှာ ထိုနေရာများသည် သူတို့မိသားစုအတွက် အရေးပါသော်လည်း စနစ်က အံ့ဖွယ်နယ်မြေအဖြစ် အသိအမှတ်မပြုခြင်းပင် ဖြစ်သည်။
တဖြည်းဖြည်းနှင့် လင်းချန်သည် လက်မှတ်ထိုးဝင်ရန် အခွင့်အရေးများအတွက် စနစ်က သတ်မှတ်ထားသော စံနှုန်းများကို ပိုမိုရှင်းလင်းစွာ နားလည်လာခဲ့သည်။
မွန်းတည့်ချိန်တွင်...
လင်းချန်သည် နောက်ထပ်နေရာတစ်ခုသို့ သွားရန် ပြင်ဆင်နေစဉ်မှာပင် လင်းဟောက်ရန်ထံမှ သတင်းစကားတစ်ခု ရောက်ရှိလာခဲ့သည်။
သတင်းစကားထဲတွင် ရှေးဟောင်းဂိုဏ်းကြီးတစ်ခုမှ ရှေးဟောင်းလူထူးဆန်းများနှင့် ခေတ်ပြိုင်ပါရမီရှင်များ အတူတကွ ဖူကွမ်းမြင့်မြတ်ပြည်နယ်အတွင်းသို့ ဝင်ရောက်လာကြောင်း ဖော်ပြထား၏။ ထို့အပြင် သူတို့သည် ရှေးဟောင်းလင်းမိသားစု၏ နယ်မြေအတွင်း၌ စင်မြင့်တစ်ခုကို တည်ဆောက်ကာ အရပ်မျက်နှာအသီးသီးမှ ပါရမီရှင်များနှင့် ထိပ်တန်းပါရမီရှင်များကို စိန်ခေါ်တိုက်ခိုက်နေကြသည်။
ထိုစင်မြင့်ကို ဖွင့်လှစ်ထားသည်မှာ တစ်နာရီခန့်ရှိပြီဖြစ်ပြီး ဖူကွမ်းမြင့်မြတ်ပြည်နယ်မှ ဒေသခံပါရမီရှင် ရာနှင့်ချီ၍ ရှုံးနိမ့်ခဲ့ရ၏။ ထိုအထဲတွင် နယ်မြေစောင့်ရှောက်ရန် ထွက်ခွာသွားကြသော လင်းမိသားစု၏ မျိုးဆက်သစ် ပါရမီရှင်အချို့ပင် ပါဝင်နေသေးသည်။ ဤလုပ်ရပ်မှာ ဖူကွမ်းမြင့်မြတ်ပြည်နယ်နှင့် ရှေးဟောင်းလင်းမိသားစု၏ ဂုဏ်သိက္ခာကို များစွာထိခိုက်စေသည်မှာ မြေကြီးလက်ခတ်မလွဲပေ။
ထို့ကြောင့် လင်းဟောက်ရန်သည် လင်းချန်အား လင်းမိသားစု၏ ပါရမီရှင်များကို ဦးဆောင်ကာ ထိုအခြေအနေကို ဖြေရှင်းစေလိုခြင်းဖြစ်သည်။ ထို့အပြင် နောင်တွင် အခြားနယ်မြေများမှ ရောက်ရှိလာမည့် ပါရမီရှင်များနှင့် လူထူးဆန်းများကို ဟန့်တားနိုင်ရန်အတွက် ပြင်ပတွင် ဆက်လက်တပ်စွဲထားစေလို၏။ နတ်ဘုရားမျှော်စင် ဆင်းသက်လာသည့်အခါတွင်လည်း ကြိုတင်ပြင်ဆင်မှုများ ပြုလုပ်နိုင်ရန် ထိုနေရာသို့ ပိုမိုမြန်ဆန်စွာ သွားရောက်နိုင်မည်ဖြစ်သည်။
သတင်းစကား၏ အဆုံးတွင် လင်းဟောက်ရန်က လင်းချန်၏ မိခင်ဖြစ်သူ ယွမ်ချင်းရိုသည် မိသားစုသို့ ပြန်လည်ရောက်ရှိနေပြီဖြစ်၍ ညီလာခံခန်းမသို့ လာရောက်တွေ့ဆုံစကားပြောရန်လည်း အသိပေးထားသည်။
ဟင်းလင်းပြင်အတွင်း၌...
လင်းချန်သည် ဆက်သွယ်ရေးတိုကင်ကို ပြန်သိမ်းလိုက်ပြီး စိတ်ဝင်တစားရှိသော မျက်နှာအမူအရာတစ်ခု ဖြစ်ပေါ်လာခဲ့သည်။
“ယောင်ကွမ်းဝိညာဉ်ပြည်နယ်က ယောင်ကွမ်းသူတော်စင်နယ်မြေရဲ့ ရှေးဟောင်းလူထူးဆန်းတွေနဲ့ ခေတ်ပြိုင်ပါရမီရှင်တွေလား။”
“ငါမှတ်မိသလောက်ဆိုရင် သူတို့ရဲ့ ရှေးဟောင်းလူထူးဆန်းတစ်ယောက်က ပါရမီရှင်အဆင့်သတ်မှတ်ချက်စာရင်းမှာ အဆင့် (၁၈) ရထားတာပဲ။ အဲ့ဒါက တကယ့်ကို မဆိုးလှဘူး။”
“ဖူကွမ်းမြင့်မြတ်ပြည်နယ်က ပါရမီရှင်တွေ သူတို့ကို ဘာမှမတတ်နိုင်တာ၊ ငါ့ရဲ့ လင်းမိသားစုက ပါရမီရှင်တွေတောင် ရှုံးနိမ့်သွားရတာ မဆန်းတော့ဘူး။”
“ဒါက ငါတို့ဘက်က အားနည်းလို့မဟုတ်ဘဲ ရန်သူက အမှန်တကယ်ပဲ အင်အားရှိနေလို့ပဲ။”
ထိုသို့ပြောပြီးနောက် လင်းချန်သည် တုံ့ဆိုင်းမနေဘဲ ချက်ချင်းပင် လှည့်ထွက်ကာ ညီလာခံခန်းမဆီသို့ ဦးတည်လိုက်တော့သည်။ ဤကဲ့သို့သော ကိစ္စရပ်များတွင် ရှေးဟောင်းလင်းမိသားစု၏ ဝါရင့်မျိုးဆက်သစ် ကျွမ်းကျင်သူများ ရှေ့ထွက်ရန် မသင့်တော်ပေ။ ၎င်းတို့၏ လူငယ်မျိုးဆက်များက ကိုယ်တိုင်ဖြေရှင်းနိုင်မှသာ မိသားစု၏ ဂုဏ်သိက္ခာကို ပြန်လည်အဖက်ဆယ်နိုင်မည်ဖြစ်သည်။
မူလက သူသည် ဤရက်အနည်းငယ်အတွင်း တိတ်တဆိတ် လက်မှတ်ထိုးဝင်ရန်သာ စီစဉ်ထားခဲ့ခြင်းဖြစ်၏။ ဤ ယောင်ကွမ်းသူတော်စင်နယ်မြေက ခေါင်းပြူထွက်ပြီး အစွမ်းပြချင်နေမှတော့ သူတို့ကို ရိုက်ချပစ်လိုက်သည့်အတွက် သူ့ကို အပြစ်တင်၍ မရတော့ပေ။
ညီလာခံခန်းမအတွင်း၌...
လင်းဟောက်ရန်သည် ပဓာနနေရာတွင် ထိုင်နေပြီး သူ၏ဘေးတစ်ဖက် အနောက်တွင်မူ သီးခြားထိုင်ခုံတစ်ခု ချထား၏။ ထိုထိုင်ခုံပေါ်တွင် အနှိုင်းမဲ့ ကျော့ရှင်းလှပသော အမျိုးသမီးတစ်ဦး ထိုင်နေသည်။ နေရာအသီးသီးတွင် ထိုင်နေကြသော လင်းမိသားစု၏ အခြားအကြီးအကဲများအားလုံးသည် ထိုအမျိုးသမီးကို ကြည့်လိုက်သည့်အခါ သူတို့၏မျက်နှာတွင် ယဉ်ကျေးပျူငှာသည့် အရိပ်အယောင်များ ရှိနေကြလေသည်။
လင်းထင်ထောင်းနှင့် အခြားသော လင်းမိသားစု၏ ခေတ်ပြိုင်ပါရမီရှင်များအဖို့မူ ထိုအမျိုးသမီးကို လှမ်းကြည့်လိုက်သည့်အခါ သူတို့၏အကြည့်များတွင် ရိုသေလေးစားမှုများ ပါဝင်နေခဲ့သည်။ ဤအမျိုးသမီးမှာ အခြားမဟုတ်ပေ။ သူတို့မိသားစုခေါင်းဆောင်၏ ဇနီးဖြစ်သူနှင့် ယွမ်ထျန်းနတ်ဘုရားတိုက်ကြီးရှိ ရှေးဟောင်းယွမ်မိသားစု၏ မဟာအကြီးအကဲ ယွန်းချင်းရိုပင် ဖြစ်သည်။
သူတို့ ရှေးဟောင်းလင်းမိသားစု၏ ပြိုင်ဘက်ကင်း နတ်ဘုရားသားတော် လင်းချန်၏ မိခင်ပင် ဖြစ်၏။
ယွမ်ချင်းရိုသည် ညီလာခံခန်းမအဝင်ဝကို လှမ်းကြည့်လိုက်သော်လည်း မည်သူမျှရှိမနေသေးသဖြင့် သူမဘေးရှိ လင်းဟောက်ရန်ကို စိတ်မရှည်သလို မေးလိုက်၏။
“ဟောက်ရန်... ချန်အာက တကယ် လာနေပြီလား။ ဘာလို့ အခုထိ အရိပ်အယောင်တောင် မတွေ့ရသေးတာလဲ။”
ထိုစကားကို ကြားသောအခါ လင်းဟောက်ရန်၏ မျက်နှာအမူအရာမှာ အတော်လေး အားကိုးရာမဲ့သွားပုံရသည်။
“ချင်းရို... ဒီမေးခွန်းကို ထပ်မမေးပါနဲ့တော့လား။ အခုမှ ခဏလေးပဲ ရှိသေးတာကို မင်းက ဆယ်ကြိမ်ထက်မက မေးပြီးပြီ။ ချန်အာ လာနေပါပြီကွာ။ မကြာခင် ဒီကို ရောက်တော့မှာပါ။”
ထိုစကားထွက်လာသည်နှင့်တစ်ပြိုင်နက် ညီလာခံခန်းမအတွင်းရှိ အကြီးအကဲများနှင့် ပါရမီရှင်များအားလုံး၏ မျက်နှာတွင် မသိမသာ အပြုံးရိပ်များ ပေါ်လာခဲ့ကြ၏။ သူတို့၏ မိသားစုခေါင်းဆောင်ကို ဤမျှအထိ အားကိုးရာမဲ့စေပြီး တစ်ဖက်ကလည်း အလျှော့ပေးရသူမှာ မိသားစုခေါင်းဆောင်၏ ဇနီး ယွမ်ချင်းရို တစ်ဦးတည်းသာ ရှိပေလိမ့်မည်။ အကယ်၍ ယခုနေရာတွင် အခြားအင်အားစုတစ်ခုမှ ဧကရာဇ်တစ်ပိုင်းအဆင့်သာဆိုပါက မိသားစုခေါင်းဆောင် လင်းဟောက်ရန်အနေဖြင့် ဤကဲ့သို့ စိတ်ရှည်သည်းခံနေမည် မဟုတ်သည်မှာ သေချာပေသည်။
ယွမ်ချင်းရိုက လင်းဟောက်ရန်ကို မျက်စောင်းတစ်ချက်ထိုးကာ အသာအယာ နှာမှုတ်လိုက်၏။
“ဟွန့် ကျွန်မ ချန်အာကို မတွေ့ရတာ အနှစ်သုံးထောင် ရှိပြီလေ။ နည်းနည်းလောက် စိတ်ပူလို့ မရဘူးလား။”
“ဘာလဲ... ရှင်က ကျွန်မကို စိတ်ပျက်နေတာလား။ ဒါဆိုရင် ကျွန်မ ပြန်လိုက်ရမလား။”
ထိုစကားကို ကြားလိုက်ရသည့်အခါ လင်းဟောက်ရန်၏ မျက်နှာမှာ ပျက်ယွင်းသွားတော့သည်။
သူ ဘယ်လိုပြန်ပြောရမည်နည်း။ ၎င်းမှာ ဖြေရခက်လှသည့် သေတွင်းထဲက မေးခွန်းမျိုးပင်။
ထိုစဉ်မှာပင် ညီလာခံခန်းမအတွင်း၌ သာယာသော ရယ်မောသံတစ်ခု ပဲ့တင်ထပ်သွား၏။
“အမေ...သားတို့ မဆုံဖြစ်တာ အနှစ်သုံးထောင် ရှိပြီနော်။ ဘယ်လိုဖြစ်လို့ ဆုံဆုံချင်း အဖေ့ကို အနိုင်ကျင့်နေတာကို တွေ့နေရတာလဲ။”
ထိုစကားသံဆုံးသွားသည်နှင့် ခန်းမအတွင်းရှိ လူအားလုံး၏ မျက်နှာအမူအရာများမှာ ပြောင်းလဲသွားကြ၏။ ဤသည်မှာ... နတ်ဘုရားသားတော် ရောက်ရှိလာခြင်းပင်။
ထိုအသံကို ကြားလိုက်ရသောအခါမှသာ လင်းဟောက်ရန်တစ်ယောက် သက်ပြင်းအရှည်ကြီး တစ်ချက်ချလိုက်နိုင်တော့သည်။ သူ လွတ်မြောက်သွားပြီဖြစ်သည်။ သူ၏ ကယ်တင်ရှင် ရောက်ရှိလာခဲ့ချေပြီ။
ညီလာခံခန်းမအဝင်ဝတွင် ခရမ်းရောင်ဝတ်စုံကို ဝတ်ဆင်ထားသော အရပ်ရှည်ရှည် လူငယ်တစ်ဦးသည် အပြုံးတစ်ခုနှင့် ရပ်နေ၏။ ထိုခရမ်းရောင်ဝတ်စုံနှင့် လူငယ်ကို မြင်လိုက်ရသည်နှင့် ယွမ်ချင်းရို၏ မျက်လုံးများ ချက်ချင်းပင် တောက်ပသွားတော့သည်။ သူမသည် ဘာမျှမစဉ်းစားတော့ဘဲ ထိုင်နေရာမှ ထကာ ရှေ့သို့ အပြေးအလွှား လျှောက်သွားလိုက်၏။
“ချန်အာ... အမေ သားကို အရမ်းလွမ်းနေတာ။”
လင်းချန်၏ အနားသို့ ရောက်သည်နှင့် သူ ဘာမှပြန်မလုပ်နိုင်မီမှာပင် သူမသည် သူ့ကို တိုက်ရိုက်ပွေ့ချီကာ အမြင့်သို့ မြှောက်လိုက်တော့လေသည်။
အမှန်ပင်...။ လင်းချန်ထက် ခေါင်းတစ်ဝက်ခန့် ပုသော ယွမ်ချင်းရိုသည် သူ့ကို ကလေးတစ်ယောက်ကဲ့သို့ တိုက်ရိုက်ပွေ့ချီကာ အပေါ်သို့ မြှောက်ထားခြင်း ဖြစ်၏။
ယွမ်ချင်းရို၏ ပွေ့ချီခြင်းကို ခံလိုက်ရသောအခါ လင်းချန်၏ အပြုံးမှာ တောင့်ခဲသွားတော့သည်။ သူ အပြေးအလွှား လာခဲ့မိသဖြင့် ဤအပိုင်းကို မေ့သွားခဲ့ခြင်းပင်။
သွားပြီ... သူ၏ နတ်ဘုရားသားတော်ဟူသည့် ပုံရိပ်မှာ ပြိုလဲသွားချေပြီ။
အခန်း (၂၀) - ဖူကွမ်းမြင့်မြတ်ပြည်နယ်လား... ဒီလောက်ပါပဲလား၊ ဒီတစ်ကြိမ်တော့ နတ်ဘုရားမျှော်စင်ထဲကို မင်းတို့ ဝင်စရာမလိုတော့ဘူး
ညီလာခံခန်းမအတွင်းရှိ လေထုမှာ အတော်လေး ထူးဆန်းနေ၏။
ဝါရင့်အကြီးအကဲများစွာမှာ ဤမြင်ကွင်းကို မြင်တွေ့ရသည်မှာ ကြာပြီဖြစ်၍ ကျင့်သားရနေကြသော်လည်း အလွန်အကျွံ စိုက်ကြည့်ရန်မူ မဝံ့ရဲကြချေ။ ကြည့်လည်းကြည့်ချင်၊ ကြည့်ရန်လည်း မဝံ့မရဲဖြစ်နေကြသည့် သူတို့၏ မျက်နှာများမှာ အတော်လေး အားနာစရာ ကောင်းနေခဲ့သည်။
အတိတ်ကာလတုန်းကလည်း နတ်ဘုရားသားတော်နှင့် မိသားစုခေါင်းဆောင်ကတော်တို့၏ ဆက်ဆံရေးမှာ ဤသို့ပင် ဖြစ်ခဲ့သည်။ လင်းချန် ကလေးဘဝတုန်းက ပိုမိုဝေးလံမြင့်မားသော နေရာများကို မြင်တွေ့နိုင်ရန် အမြင့်သို့ မြှောက်ပေးသည်ကို နှစ်သက်ခဲ့ခြင်းကြောင့် မိခင်ဖြစ်သူ ယွမ်ချင်းရိုကလည်း သားဖြစ်သူအလိုကျ အလိုလိုက်ခဲ့ခြင်း ဖြစ်သည်။
ရလဒ်အနေဖြင့် လင်းချန် အရွယ်ရောက်လာသည့်တိုင်အောင် သူမက သူ့ကို အမြင့်သို့ မြှောက်နေဆဲပင်။ ကံကောင်းထောက်မစွာဖြင့် လူစည်ကားသော နေရာမျိုးတွင်မူ သူမသည် အခြေအနေကို ကြည့်ရှုကာ နတ်ဘုရားသားတော် လင်းချန်၏ သိက္ခာအတွက် အနည်းငယ် ဆင်ခြင်ပေးတတ်သည်။ သို့မဟုတ်ပါက ဤကဲ့သို့သော ဆက်ဆံရေးမျိုးမှာ အနှစ်သုံးထောင်ပတ်လုံး တစ်လောကလုံးသို့ ပျံ့နှံ့သွားလောက်ပြီဖြစ်သည်။
ဤမြင်ကွင်းကို မမြင်ရသည်မှာ အနှစ်သုံးထောင် ရှိပြီဖြစ်၍ သူတို့ အမှန်တကယ်ပင် လွမ်းဆွတ်သတိရသလို ခံစားနေကြရလေသည်။
သူတို့နှင့်မတူသည်မှာ လင်းထင်ထောင်း၊ လင်းယာချင်း ကဲ့သို့သော ခေတ်ပြိုင်ပါရမီရှင်များနှင့် လွန်ခဲ့သော နှစ်အနည်းငယ်ကမှ နိုးထလာခဲ့သည့် လင်းရှန်းဟဲ၊ လင်းဟွမ်ရှန်း တို့ကဲ့သို့သော ရှေးဟောင်းလူထူးဆန်းများပင် ဖြစ်သည်။ သူတို့အားလုံးမှာ အလွန်တုန်လှုပ်နေကြ၏။
ဘုရားရေ... သူတို့ မမြင်သင့်မတွေ့သင့်တဲ့အရာကို မြင်လိုက်မိတာလား။ နတ်ဘုရားသားတော်က နောက်ကျရင် သူတို့ကို နှုတ်ပိတ်ပစ်တာမျိုး မလုပ်လောက်ဘူး မဟုတ်လား။
သို့သော် သေချာကြည့်မည်ဆိုလျှင် နတ်ဘုရားသားတော်၏ ယခုပုံစံမှာ အတော်လေး ချစ်စရာကောင်းနေ၏။ ၎င်းမှာ သူတို့တစ်ခါမှ စိတ်ကူးမယဉ်ဖူးသည့် လင်းချန်၏ အခြားတစ်ဖက်ခြမ်းရှိ ပုံရိပ်ပင်။ ပါရမီရှင်များသည် တစ်ဦးကိုတစ်ဦး အကြည့်ချင်းဖလှယ်လိုက်ကြပြီး သူတို့၏ မျက်နှာအမူအရာများမှာ ထူးဆန်းသွားကြသည်။
ယခုတစ်ကြိမ်မှာတော့ သူတို့သည် နတ်ဘုရားသားတော် လင်းချန်၏ လူမသိသေးသော လျှို့ဝှက်ချက်တစ်ခုကို သိလိုက်ရပြီဟု ဆိုရပေမည်။
လင်းဟောက်ရန်ကတော့ ထိုမြင်ကွင်းကို မမြင်သလိုပင် ဟန်ဆောင်ကာ ထိုင်ခုံတွင် မတ်မတ်ထိုင်လျက် ရှေ့သို့သာ တည့်တည့်စိုက်ကြည့်နေ၏။
ချန်အာ... တောင်းပန်ပါတယ်ကွာ။ အဖေ့ဘက်ကို အာရုံမရောက်အောင် မင်းပဲ အနစ်နာခံပြီး အာရုံလွှဲထားပေးပါဦး။
အကြည့်ပေါင်းများစွာကို ခံစားမိသောကြောင့် လင်းချန်သည် ယမ်ချင်းရို၏ လက်မောင်းကို အမြန်ပုတ်ကာ ခါးခါးသီးသီး ပြုံးလိုက်မိသည်။
“အမေ...သားကို နည်းနည်းလောက်တော့ မျက်နှာသာ ပေးပါဦး။ သားက အသက် ၁၆ နှစ် ရှိနေပြီလေ။”
“ကိုယ့်ကိုယ်ကိုယ် ချိတ်ပိတ်ထားတဲ့ အနှစ်သုံးထောင်ကိုပါ ထည့်တွက်ရင် သားက အသက် သုံးထောင်နဲ့ တစ်ဆယ့်ခြောက်နှစ် ရှိနေပြီ။ ဒီလိုမျိုး လုပ်တာကို တော်ကြရအောင် ဟုတ်ပြီလား။”
သူက ရုန်းထွက်ချင်စိတ်မရှိ၍ မဟုတ်ဘဲ အမှန်တကယ် ရုန်းမထွက်နိုင်ခြင်း ဖြစ်သည်။ သူ၏မိခင် ယွမ်ချင်းရိုမှာ စစ်မှန်သော နတ်ဘုရားနယ်ပယ် အထွတ်အထိပ်အဆင့် ကျွမ်းကျင်သူတစ်ဦးဖြစ်ပြီး တာအိုပြည်နယ်သုံးထောင်လုံး၏ ထိပ်တန်းအင်အားကြီး ပုဂ္ဂိုလ်များထဲတွင် ပါဝင်ပေသည်။ ကပ်ဘေးကိုးခုနယ်ပယ်မျှသာ ရှိသော သူကဲ့သို့ လူငယ်လေးတစ်ဦးမှာမူ သူမရှေ့တွင် တုန်လှုပ်နေရုံသာ တတ်နိုင်ပေသည်။
ယွမ်ချင်းရိုသည် သူမ၏နှုတ်ခမ်းကို စူထော်လိုက်ပြီး လင်းချန်ကို မကျေမနပ်ဖြင့် ပြန်ချပေးလိုက်၏။
“သား ငယ်ငယ်တုန်းကတော့ ဒီလိုကစားရတာကို အင်မတန် ကြိုက်ခဲ့တာပါ။ အခု အရွယ်ရောက်လာတော့ စကားနားမထောင်တော့ဘူး။ ကောင်းပြီ... ကောင်းပြီ... ပြန်ချပေးလိုက်မယ် ဟုတ်ပြီလား။”
ခြေထောက်နှစ်ဖက် မြေပြင်ပေါ် ပြန်ရောက်သွားသည်နှင့် လင်းချန် ချက်ချင်းပင် စိတ်သက်သာရာ ရသွားခဲ့သည်။ နဖူးပေါ်မှ ချွေးအေးများကို သုတ်လိုက်ရင်း လင်းချန်က အတင်းအကျပ် ပြုံးပြလိုက်၏။
“အမေ... နောက်တစ်ခါကျရင် သားကို ဒီလို မမြှောက်ပါနဲ့တော့။ သား ကြောက်လို့ပါ။”
ယွမ်ချင်းရိုသည် နှုတ်ခမ်းကို ထပ်မံစူချိတ်လိုက်ပြီး ဘာမှမပြောတော့ဘဲ သူမ၏ ထိုင်ခုံသို့ တိုက်ရိုက်ပြန်သွားတော့သည်။
မမြှောက်စေချင်ရင်လည်း ပြီးတာပဲလေ။ ဘာလို့ အဲဒီလောက်အထိ အလေးအနက် ပြောနေရတာလဲ။ သားက အရွယ်ရောက်လာတော့ သူ့အမေကို စိတ်ပျက်လာပြီပေါ့။
ထိုသို့မြင်သောအခါ လင်းချန်မှာ သက်ပြင်းချကာ မတတ်သာဘဲ ပြုံးလိုက်ရုံသာ ရှိတော့သည်။ ယခုဆိုလျှင် လင်းထင်ထောင်းတို့ ရှေ့တွင် သူ၏ သိက္ခာကို ထိန်းသိမ်းရန် ခက်ခဲသွားမည်ကို သူ စိုးရိမ်နေမိချေပြီ။
ထိုအချိန်တွင် လင်းဟောက်ရန်၏ အသံသည် ညီလာခံခန်းမအတွင်း၌ ထွက်ပေါ်လာခဲ့သည်။
“ကဲ... အခု အလုပ်ကိစ္စတွေအကြောင်း ပြောကြရအောင်။ ယောင်ကွမ်းသူတော်စင်နယ်မြေက အဲ့ဒီလူတွေ ဖန်တီးထားတဲ့ ပြဿနာကို နောက်ဆွဲနေလို့ မဖြစ်တော့ဘူး။”
အလုပ်ကိစ္စအကြောင်း ကြားလိုက်ရသောအခါ လင်းချန်၏ မျက်နှာအမူအရာမှာ တည်ကြည်လေးနက်သွားပြီး လင်းဟောက်ရန်၏ ဘေးရှိ ဘယ်ဘက် ပဓာနနေရာတွင် ဝင်ထိုင်လိုက်လေတော့သည်။
ပတ်ဝန်းကျင်ကို ဝေ့ကြည့်လိုက်ရင်း လင်းချန်သည် နှစ်ခါပြန်စဉ်းစားမနေတော့ဘဲ တိုက်ရိုက်ပင် ပြုံးလိုက်၏။
“အဖေ... အကြီးအကဲတို့ ကျုပ်တို့ ဘယ်လိုတုံ့ပြန်မလဲဆိုတာ ဆွေးနွေးနေစရာ မလိုပါဘူး။ အဲ့ဒီလောက်အထိ အလုပ်ရှုပ်ခံနေစရာမလိုဘူး။ ကျုပ် လင်းထင်ထောင်းတို့နဲ့အတူ အခုပဲ တိုက်ရိုက်ထွက်သွားလိုက်မယ်။”
“ယောင်ကွမ်းသူတော်စင်နယ်မြေက ကိုယ့်ဖာသာကိုယ် ခေါင်းပြူထွက်လာမှတော့ ကျုပ်တို့ဘက်က ရိုက်နှက်ဖို့ ပစ်မှတ်လိုက်ရှာနေရတဲ့ အလုပ်သက်သာသွားတာပေါ့။”
“ရှေ့လျှောက်ကာလတွေမှာ နတ်ဘုရားမျှော်စင် မဆင်းသက်လာသေးသရွေ့ အင်အားစုအသီးသီးက ပါရမီရှင်တွေက ပိုပြီးတော့ ဂယောက်ဂယက် ဖြစ်လာကြလိမ့်မယ်။”
“အဲဒီအချိန်ကျရင် သူတို့က တခြားပြဿနာတွေလည်း မလွဲမသွေ ရှာကြဦးမှာပဲ။ ဒါကြောင့် ဒီအခွင့်အရေးကို အသုံးချပြီး သူတို့ကို ကြိုတင်သတိပေးလိုက်လို့ ရတယ်။”
“ကျုပ်တို့ ရှေးဟောင်းလင်းမိသားစုရဲ့ နယ်မြေဖြစ်တဲ့ ဖူကွမ်းမြင့်မြတ်ပြည်နယ်မှာ ပြဿနာရှာရင် ဘယ်လိုအကျိုးဆက်မျိုး ကြုံရမလဲဆိုတာ သူတို့ကို သိအောင်လုပ်ပြလိုက်ရအောင်။”
သူ၏စကားအဆုံးတွင် ရှေးဟောင်းလင်းမိသားစု၏ အကြီးအကဲများစွာက သဘောတူသည့်အနေဖြင့် ခေါင်းညိတ်လိုက်ကြသည်။ အမှန်စင်စစ် ဤကိစ္စမျိုးမှာ လက်တွေ့အင်အားဖြင့် နှိမ်နင်းရန် လိုအပ်ပြီး ပါးစပ်ဖြင့် ပြောနေရုံနှင့်မူ ထိရောက်သည့်ရလဒ် ထွက်လာမည်မဟုတ်ပေ။
မဟာအကြီးအကဲ လင်းကျင်းက အနည်းငယ် စဉ်းစားပြီးနောက် ထောက်ခံလိုက်သည်။
“နတ်ဘုရားသားတော်ရဲ့ အဆိုပြုချက်ကို ငါ သဘောတူတယ်။ ယောင်ကွမ်းသူတော်စင်နယ်မြေကို စံနမူနာပြပြီး တခြားအင်အားစုတွေနဲ့ မျိုးနွယ်စုတွေက ပါရမီရှင်တွေ ပြဿနာမရှာခင်မှာ နှစ်ခါပြန်စဉ်းစားမိအောင် လုပ်ရမယ်။”
မဟာအကြီးအကဲက ရပ်တည်ချက်ပြလိုက်သည်နှင့် အခြားအကြီးအကဲများကလည်း တုံ့ဆိုင်းမနေဘဲ တညီတညွတ်တည်း ပြောလိုက်ကြသည်။
“နတ်ဘုရားသားတော် ပြောသမျှကို ကျုပ်တို့လည်း အပြည့်အဝ ထောက်ခံပါတယ်။”
လင်းဟောက်ရန်က ခေါင်းညိတ်လိုက်ပြီး သူ၏အကြည့်မှာ လင်းရှန်းဟဲ၊ လင်းထင်ထောင်းနှင့် အခြားသော လင်းမိသားစု၏ ပါရမီရှင်များဆီသို့ ရောက်ရှိသွားကာ မေးမြန်းလိုက်သည်။
“မင်းတို့ရဲ့ ကျင့်ကြံခြင်းအဆင့်တွေရော တည်ငြိမ်သွားကြပြီလား။ ငါတို့ရဲ့ ရှေးဟောင်းလင်းမိသားစုအတွက် တိုက်ပွဲဝင်ဖို့ အဆင်သင့်ပဲလား။”
ထိုစကားကို ကြားသောအခါ ပါရမီရှင်များအားလုံး ပြုံးလိုက်ကြ၏။
“မိသားစုခေါင်းဆောင်... စိတ်ချပါ။ ကျုပ်တို့ရဲ့ ကျင့်ကြံဆင့်တွေအားလုံး တည်ငြိမ်နေပါပြီ။ အချိန်မရွေး တိုက်ပွဲဝင်ဖို့ အဆင်သင့်ပါပဲ။”
အားလုံး သဘောတူညီမှု ရသွားသည်ကို မြင်သောအခါ လင်းဟောက်ရန်က မတ်တပ်ရပ်၍ လက်တစ်ဖက်ကို ဝှေ့ယမ်းလိုက်၏။
“ဒါဆိုရင်တော့ ဒီကိစ္စကို နတ်ဘုရားသားတော် ပြောတဲ့အတိုင်းပဲ ကိုင်တွယ်ကြတာပေါ့။”
“ယောင်ကွမ်းသူတော်စင်နယ်မြေက အဲ့ဒီမဖိတ်ခေါ်ဘဲ ရောက်လာတဲ့အုပ်စုကို ငါ့ရဲ့ ရှေးဟောင်းလင်းမိသားစု နယ်မြေပေါ်မှာဆိုရင် သူတို့ဟာ လူလိမ္မာလေးတွေလို နေထိုင်ရမယ်ဆိုတာ သိအောင်လုပ်ပြလိုက်ကြ။”
ထိုသို့မြင်သောအခါ လင်းချန်သည် စိတ်ကို စုစည်းကာ မတ်တပ်ရပ်လိုက်ပြီး လေးနက်သောအသံဖြင့် ပြောလိုက်သည်။
“ပါရမီရှင်တို့... ငါနဲ့အတူ ဖူကွမ်းမြို့ကို လိုက်ခဲ့ကြ။ ယောင်ကွမ်းသူတော်စင်နယ်မြေက သူငယ်ချင်းတွေကို အကြာကြီး စောင့်ခိုင်းထားလို့ မကောင်းဘူးလေ။”
ပြောပြောဆိုဆိုဖြင့် သူသည် သူ၏ဘေးရှိ ဟင်းလင်းပြင်ကို တိုက်ရိုက်ဆုတ်ဖြဲလိုက်ရာ အနက်ရောင် ဟင်းလင်းပြင်အက်ကြောင်းတစ်ခု ဖြစ်ပေါ်လာခဲ့သည်။
ဖူကွမ်းမြို့သည် သူတို့၏ ဖူကွမ်းမြင်ဘမြတ်ပြည်နယ်တွင် ဒုတိယအကြီးဆုံးမြို့ဖြစ်ပြီး ရှေးဟောင်းလင်းမိသားစု၏ လက်အောက်ခံမြို့တစ်မြို့လည်း ဖြစ်သည်။ ၎င်းမှာ ရှေးဟောင်းလင်းမိသားစု တည်ရှိရာ ကန္တာရကောင်းကင်မြို့နှင့် မိုင်ပေါင်း ထောင်ဂဏန်းမျှသာ ဝေးကွာသဖြင့် သိပ်မဝေးလှပေ။ သူ၏ အရှိန်ဖြင့်ဆိုလျှင် ထိုနေရာသို့ ရောက်ရန် အချိန်အများကြီး မလိုပေ။
ယောင်ကွမ်းသူတော်စင်နယ်မြေမှ ထိုရှေးဟောင်းလူထူးဆန်းများနှင့် ပါရမီရှင်များသည် ပါရမီရှင်အားလုံးကို စိန်ခေါ်တိုက်ခိုက်ရန် ထိုနေရာ၌ စိန်ခေါ်ပွဲစင်မြင့်ကို တည်ဆောက်ထားခြင်း ဖြစ်သည်။
သူ၏အသံထွက်လာသည်နှင့် လင်းထင်ထောင်း၊ လင်းရှန်ဟဲ၊ လင်းဟွမ်ရှန်းနှင့် အခြားပါရမီရှင်များအားလုံး မတ်တပ်ရပ်ကာ လင်းချန်၏ဘေးတွင် နေရာယူလိုက်ကြ၏။
“ကျုပ်တို့ နတ်ဘုရားသားတော်ရဲ့ ခြေရာအတိုင်း ထပ်ကြပ်မကွာ လိုက်ပါပါ့မယ်။”
လင်းချန်၏ အကြည့်မှာ ထိုင်ခုံပေါ်တွင် ထိုင်နေသော ယွမ်ချင်းရို ထံသို့ ရောက်ရှိသွားပြီး အားနာသည့်အပြုံးဖြင့် ပြောလိုက်သည်။
“အမေ... အခုက အရေးကြီးတဲ့ အလုပ်ကိစ္စရှိနေလို့ ဒါကို ဖြေရှင်းပြီး ပြန်လာမှ အမေနဲ့ ကောင်းကောင်း အဖော်ပြုပေးပြောပါ့မယ်။”
ထိုစကားကို ကြားသောအခါ ယွမ်ချင်းရိုသည် ထိုင်ခုံတွင် ကျော့ရှင်းစွာ ထိုင်နေရင်း အသာအယာ ပြုံးပြလိုက်၏။
“ရှေးဟောင်းလင်းမိသားစုရဲ့ နတ်ဘုရားသားတော်တစ်ဦးအနေနဲ့ ဒါဟာ သားရဲ့ တာဝန်ပဲ။ အမေ ဘာမှပြောစရာမရှိပါဘူး။”
“ဒီတစ်ခေါက် ဖူကွမ်းမြို့ကို သွားတာဟာ နတ်ဘုရားအရင်းအမြစ်ကနေ နိုးထလာပြီးနောက် သားရဲ့ ပထမဆုံးတိုက်ပွဲပဲ။ ဒီတိုက်ပွဲကို လှလှပပ အနိုင်ယူခဲ့ရမယ်နော်။”
“အခြားအင်အားစုအားလုံးက ပါရမီရှင်တွေကို သိအောင်လုပ်ပြလိုက်...။ သား လင်းချန်ဟာ ပါရမီရှင်စာရင်းမှာ တကယ့် အဆင့် (၁) ဆိုတာကိုပေါ့။”
“တကယ်လို့ သားသာ ဒါကို ကောင်းကောင်းမကိုင်တွယ်နိုင်ရင် ပြန်ရောက်လာတဲ့အခါ အမေနဲ့တွေ့မယ်သာမှတ်။”
သူမ၏စကားအဆုံးတွင် လင်းချန်က မျှော်လင့်ထားသည့်အတိုင်း သွားအဖွေးသားပေါ်အောင် ပြုံးပြလိုက်၏။
“အမေ... စိတ်ချပါ။ ကျုပ်တို့ ရှေးဟောင်းလင်းမိသားစုရဲ့ ဂုဏ်သိက္ခာကို ဘယ်သူမှ လာပြီး မစော်ကားစေရဘူး။”
ထိုသို့ပြောပြီးနောက် လင်းချန်သည် လင်းရှန်ဟဲနှင့် အခြားပါရမီရှင်များကို အချက်ပြကာ ဟင်းလင်းပြင်အက်ကြောင်းအတွင်းသို့ ပထမဆုံး စတင်ဝင်ရောက်သွားတော့သည်။ ၎င်းကိုမြင်လျှင် လင်းရှန်ဟဲ၊ လင်းထင်ထောင်းနှင့် အခြားပါရမီရှင်များကလည်း လင်းဟောက်ရန်နှင့် အခြားကျွမ်းကျင်သူများကို လက်ယှက် နှုတ်ဆက်ကြပြီးနောက် ထပ်ကြပ်မကွာ လိုက်ပါသွားကြရာ ဟင်းလင်းပြင်အက်ကြောင်းအတွင်းမှ ပျောက်ကွယ်သွားကြတော့သည်။
ဟင်းလင်းပြင်အက်ကြောင်း ပြန်ပိတ်သွားသည်ကို ကြည့်ရင်း လင်းဟောက်ရန်က အသာအယာ ရယ်မောလိုက်၏။
“အနှစ်သုံးထောင်လုံး ကိုယ့်ကိုယ်ကိုယ် ချိတ်ပိတ်ထားခဲ့ပြီးမှ... ချန်အာက သူ့ရဲ့ လွှမ်းမိုးချုပ်ကိုင်မှု လမ်းစဉ်ကို တစ်ကျော့ပြန် စတင်တော့မှာပဲ။”
“ဒါလည်း ကောင်းတာပါပဲ။ ငါတို့ရဲ့ ရှေးဟောင်းလင်းမိသားစု တိတ်ဆိတ်နေခဲ့တာ တော်တော်ကြာခဲ့ပြီ။ အခုတော့ ငါတို့အစွမ်းကို ပြသရမယ့်အချိန် ရောက်ပြီ။”
ပြောပြောဆိုဆိုဖြင့် လင်းဟောက်ရန်သည် ညီလာခံခန်းမအတွင်းရှိ အကြီးအကဲများကို ဝေ့ကြည့်လိုက်၏။
“အကြီးအကဲတို့အားလုံးလည်း ထွက်ခွာကြတော့။ တကယ်လို့ တခြားတိုက်ကြီးတွေက အင်အားစုတွေထဲက လူ ဒါမှမဟုတ် မိစ္ဆာတစ်ကောင်ကောင်က အကြီးအကဲအဆင့်အတန်းနဲ့ လူငယ်တွေကို လာပြီး အနိုင်ကျင့်ဖို့ ကြိုးစားရင်... တိုက်ရိုက်သာ သတ်ပစ်လိုက်။”
“အကြီးအကဲတို့နောက်ကနေ မိသားစုမဟာအကြီးအကဲတွေလည်း ဖူကွမ်းမြို့ကို လိုက်လာကြလိမ့်မယ်။ တခြား ဘာကိုမှ စိတ်ပူနေစရာ မလိုဘူး။”
“ခင်ဗျားတို့ မနိုင်ရင် မဟာအကြီးအကဲတွေက ဝင်တိုက်ပေးလိမ့်မယ်။ မဟာအကြီးအကဲတွေ မနိုင်ရင် ကျုပ်တိုက်မယ်။ ကျုပ်တောင်မှ မနိုင်သေးဘူးဆိုရင်... တိုက်ပွဲဝင်ဖို့ အဆင်သင့်ရှိနေတဲ့ ကျုပ်တို့ရဲ့ ရှေးဟောင်းဘိုးဘေးတွေ ရှိနေသေးတယ်။”
ထိုစကားကို ကြားသောအခါ အကြီးအကဲများ၏ မျက်နှာအမူအရာမှာ တည်ကြည်လေးနက်သွားကြသည်။
“ဟုတ်ကဲ့ပါ...မိသားစုစုခေါင်းဆောင်။”
စကားပင် မဆုံးသေးမီမှာပင် သူတို့တစ်ဦးချင်းစီသည် ဟင်းလင်းပြင်ကို ဆုတ်ဖြဲကာ ညီလာခံခန်းမအတွင်းမှ အသီးသီး ထွက်ခွာသွားကြတော့သည်။
မိသားစုခေါင်းဆောင်သည် လွန်ခဲ့သော အနှစ်သုံးထောင်ကကဲ့သို့ အေးအေးဆေးဆေး နေထိုင်ရန် အစီအစဉ်မရှိတော့သည်မှာ ထင်ရှားလှပေသည်။ ဒါကလည်း ကောင်းပါသည်။ သူတို့၏ အရိုးအိုကြီးများမှာ အမှန်တကယ်ပင် အနည်းငယ် သံချေးတက်နေပြီဖြစ်၍... သံချေးချွတ်ရန် လိုအပ်နေပြီ ဖြစ်သည်။
လူတိုင်း ထွက်ခွာသွားပြီးနောက် ယွမ်ချင်းရိုသည် တစ်စုံတစ်ခုကို ခံစားမိသွားပုံရပြီး မတ်တပ်ရပ်လိုက်ကာ လင်းဟောက်ရန်နှင့်အတူ ဟင်းလင်းပြင်၏ ဗလာနယ်မြေတစ်ခုဆီသို့ အသာအယာ လက်ယှက်လိုက်သည်။
“ပဉ္စမမြောက် ဘိုးဘေးကို ဂါရဝပြုပါတယ်။”
ထိုအသံမဆုံးမီမှာပင် ဆံပင်ဖြူနှင့် လူငယ်တစ်ဦးအသွင်ရှိသော လင်းမေရှန်းသည် ဖြည်းညှင်းစွာ ပေါ်ထွက်လာ၏။ လက်တစ်ဖက်ကို နောက်ပစ်ထားရင်း လင်းမေရှန်းက အသာအယာ ပြုံးပြလိုက်သည်။
“လင်းဟောက်ရန်... မင်း ကောင်းကောင်းလုပ်ခဲ့တယ်။ ဒီကိစ္စမှာ ငါတို့ရဲ့ ရှေးဟောင်းလင်းမိသားစုဟာ ပြတ်သားရမယ်။”
“လုပ်စရာရှိတာကိုသာ ဆက်လုပ်ကြ။ ဧကရာဇ်တစ်ပိုင်းအဆင့်တွေ ဖူကွမ်းမြင့်မြတ်ပြည်နယ်ထဲကို အများကြီး ရောက်လာရင်တောင် သူတို့ ရမ်းကားရဲမှာ မဟုတ်ဘူး။ တကယ်လို့ ရမ်းကားလာရင်လည်း နောက်ထပ် ဘယ်တော့မှ မရမ်းကားနိုင်အောင် ငါလုပ်ပေးမယ်။”
“ဒါ့အပြင် မိသားစုထဲက တခြား အဘိုးကြီးတွေလည်း ကျင့်ကြံရာကနေ ထွက်လာဖို့ အဆင်သင့် ဖြစ်နေကြပြီ။”
အခြားသော ရှေးဟောင်းဘိုးဘေးများလည်း ထွက်လာကြတော့မည်။
ထိုသတင်းကို ကြားလိုက်ရသည့်အခါ ယွမ်ချင်းရိုနှင့် လင်းဟောက်ရန်တို့ နှစ်ဦးစလုံး ဝမ်းမြောက်ဝမ်းသာ ဖြစ်သွားကြ၏။ သို့ဆိုလျှင် ယခုတစ်ကြိမ်တွင် သူတို့အနေဖြင့် ဘာကိုမျှ ထောက်ထားညှာတာနေစရာမလိုဘဲ အားရပါးရ လုပ်ဆောင်နိုင်ပြီဖြစ်သည်။
“ဟုတ်ကဲ့ပါ... ပဉ္စမမြောက် ဘိုးဘေး။”
ဖူကွမ်းမြို့....။
၎င်းမှာ ရှေးဟောင်းလင်းမိသားစု အခြေစိုက်ရာ ကန္တာရကောင်းကင်မြို့ပြီးလျှင် ဖူကွမ်းမြင့်မြတ်ပြည်နယ်တွင် အကြီးဆုံးမြို့ ဖြစ်သည်။ ဖူကွမ်းမြို့သည် အစဉ်သဖြင့် ကျွမ်းကျင်သူများစွာ စုဝေးရာနေရာဖြစ်သလို ရေတွက်၍မကုန်နိုင်သော ပါရမီရှင်များ နာမည်ကျော်ကြားရန် ကြိုးပမ်းကြသည့် နေရာလည်း ဖြစ်သည်။
ယနေ့တွင်မူ ဖူကွမ်းမြို့၏ ဗဟိုချက်မ၌ ကြီးကျယ်သော ကိစ္စရပ်တစ်ခု ဖြစ်ပွားနေခဲ့သည်။
အင်အားအကြီးဆုံး ပြည်နယ်ဆယ်ခုထဲမှ တစ်ခုဖြစ်သော အိမ်နီးချင်း ယောင်ကွမ်းဝိညာဉ်ပြည်နယ်၏ အစွမ်းထက်ဆုံးအင်အားစုဖြစ်သည့် ယောင်ကွမ်းသူတော်စင်နယ်မြေမှ ထိပ်တန်းပါရမီရှင်များသည် နယ်မြေအရပ်ရပ်မှ ပါရမီရှင်များကို စိန်ခေါ်တိုက်ခိုက်ရန် ဤနေရာ၌ စိန်ခေါ်ပွဲစင်မြင့်တစ်ခုကို တည်ဆောက်ထား၏။
စိန်ခေါ်ပွဲမှာ တစ်နာရီကျော်ကြာမြင့်ခဲ့ပြီဖြစ်သော်လည်း ယောင်ကွမ်းသူတော်စင်နယ်မြေမှ ပါရမီရှင်တစ်ဦးတစ်ယောက်မျှ ရှုံးနိမ့်ခြင်း မရှိသေးပေ။
ဆန့်ကျင်ဘက်အနေဖြင့် ရှေ့ထွက်လာကြသည့် ဖူကွမ်းမြင့်မြတ်ပြည်နယ်မှ ပါရမီရှင်များနှင့် အခြားနယ်မြေများမှ ရောက်ရှိလာကြသော ပါရမီရှင် ရာပေါင်းများစွာမှာမူ ရှုံးနိမ့်မှုနှင့် ရင်ဆိုင်ခဲ့ရပြီးဖြစ်သည်။
ခေတ္တခဏအတွင်းမှာပင် ယောင်ကွမ်းသူတော်စင်နယ်မြေ၏ ကျော်ကြားမှုသည် ဖူကွမ်းမြို့အတွင်း၌ ဟုန်ဟုန်တောက်သွားပြီး ဖူကွမ်းမြင့်မြတ်ပြည်နယ် တစ်ခုလုံးသို့ပင် ပျံ့နှံ့သွားခဲ့သည်။
မြို့လယ်ခေါင်၌ ထူထပ်သော ဟင်းလင်းပြင်အရှိန်အဝါများ ဖုံးလွှမ်းနေသည့် စိန်ခေါ်ပွဲစင်မြင့်တစ်ခုသည် ခန့်ညားထည်ဝါစွာ တည်ရှိနေ၏။ စင်မြင့်ထက်တွင်မူ ထောင်လွှားမောက်မာသော မျက်နှာအမူအရာနှင့် လူငယ်တစ်ဦးသည် လက်နှစ်ဖက်ကို နောက်ပစ်ကာ ပတ်ဝန်းကျင်ကို ဝေ့ကြည့်ရင်း မထီမဲ့မြင် ပြောဆိုလိုက်သည်။
“ဘယ်သူ ငါ့ကိုလာတိုက်ရဲသေးလဲ။”
သူ၏စကားလုံးများမှာ အလွန်ပင် ရမ်းကားလှသော်လည်း မည်သူမျှ ပြန်လည်တုံ့ပြန်ခြင်း မရှိပေ။
စင်မြင့်အောက်တွင်မူ ဖူကွမ်းမြင့်မြတ်ပြည်နယ်မှ ပါရမီရှင်များစွာ၏ မျက်နှာများမှာမူ ဒေါသရိပ်များဖြင့် ပြည့်နှက်နေခဲ့သည်။ သူတို့အနက် အများစုမှာ ဒဏ်ရာကိုယ်စီရထားကြပြီး လက်သီးများကို တင်းတင်းဆုပ်ထားကြသော်လည်း အားကိုးရာမဲ့နေပုံရသည်။
စင်မြင့်အထက်ရှိ ထိုလူငယ်မှာ အလွန်ပင် မောက်မာထောင်လွှားသော်လည်း ထိုသို့ဖြစ်ရန် အမှန်တကယ်ပင် အင်အားရှိပေသည်။ သူသည် ယောင်ကွမ်းသူတော်စင်နယ်မြေ၏ နတ်ဘုရားသူတော်စင်လေးဦးအနက် တတိယမြောက် အဆင့်ရှိသူဖြစ်ပြီး ပါရမီရှင်အဆင့်သတ်မှတ်ချက်စာရင်းတွင် အဆင့် (၈၃) ချိတ်ထားသည့် စစ်မှန်သော ပါရမီရှင်တစ်ဦး ဖြစ်သည်။
အောက်တွင်ရှိနေသူများမှာမူ ပါရမီရှင်စာရင်းထဲသို့ပင် မဝင်နိုင်ကြသေးသူများ ဖြစ်ကြ၏။ သူတို့၏ ပါရမီမှာလည်း နိမ့်ပါးသလို ကျင့်ကြံဆင့်မှာလည်း ပို၍ပင် နိမ့်ပါးလှသည်။ ယခုအခါတွင်မူ တိတ်တဆိတ် ဒေါသထွက်နေရုံမှတစ်ပါး ဘာမျှမတတ်နိုင်ကြပေ။ အခြားတိုက်ကြီးများမှ အပြေးအလွှား ရောက်ရှိလာကြသည့် အချို့သော ပါရမီရှင်များပင်လျှင် ယခုအချိန်တွင် ခါးသီးသော အပြုံးများဖြင့်သာ ကြည့်နေနိုင်ကြတော့သည်။
ယောင်ကွမ်းသူတော်စင်နယ်မြေမှ ဤလူများကိုမူ ရှေးဟောင်းကန္တာရ လင်းမိသားစု၏ ပါရမီရှင်စာရင်းဝင် ပုဂ္ဂိုလ်များမှလွဲ၍ အခြားသူများ ကိုင်တွယ်နိုင်လိမ့်မည် မဟုတ်ပေ။
မည်သူမျှ တုံ့ပြန်ခြင်းမရှိသည်ကို မြင်သောအခါ ထိုလူငယ်၏ အမူအရာမှာ ပို၍ပင် ထောင်လွှားလာခဲ့သည်။
“ဒါက ဖူကွမ်းမြင့်မြတ်ပြည်နယ်လား။ ငါတို့ရဲ့ ယောင်ကွမ်းဝိညာဉ်ပြည်နယ်နဲ့အတူ အင်အားအကြီးဆုံး နယ်မြေဆယ်ခုစာရင်းထဲမှာ ပါဝင်နေတဲ့ နေရာလား။”
“ဘာလို့ ငါ့စိတ်ထဲမှာ ဒီနေရာက အနှစ်မရှိဘဲ အပေါ်ယံသက်သက်ပဲလို့ ခံစားနေရတာလဲ။ ငါ့ကို ယှဉ်တိုက်နိုင်တဲ့သူ တကယ်ပဲ တစ်ယောက်မှ မရှိတော့ဘူးလား။”
အခြားသော ရှင်းလင်းထားသည့် နေရာတစ်ခုတွင် ရှိနေကြသော ယောင်ကွမ်းသူတော်စင်နယ်မြေမှ ပါရမီရှင် တစ်ဒါဇင်ကျော်မှာမူ ထိုစကားကို ကြားရသည့်အခါ မပြုံးဘဲ မနေနိုင်ကြတော့ပေ။ စိန်ခေါ်ပွဲစင်မြင့်ကို စတင်တည်ဆောက်စဉ်က သူတို့သည် အရှက်ရမည်ကို စိုးရိမ်ပြီး အတော်လေး ထိတ်လန့်ခဲ့ကြသော်လည်း ယခုမူ...။
သူတို့၏ ဝမ်းမြောက်မှုများကို ဖုံးကွယ်မထားနိုင်တော့သည့် အချိန်မှာပင် ဖူကွမ်းမြို့၏ ဗဟိုဧရိယာတစ်ခုလုံးတွင် အေးစက်တည်ငြိမ်သော အသံတစ်သံ ပဲ့တင်ထပ်သွားတော့လေသည်။
“အို...ဒီစကားက မင်းတို့ ယောင်ကွမ်းသူတော်စင်နယ်မြေ တစ်ခုလုံးကို ကိုယ်စားပြုတာလား။ ဒါမှမဟုတ် မင်းရဲ့ ကိုယ်ပိုင်အမြင်သက်သက်ပဲလား။”
“တကယ်လို့ ဒါက ယောင်ကွမ်းသူတော်စင်မြေ တစ်ခုလုံးကို ကိုယ်စားပြုတာဆိုရင်တော့... နောက်လာမယ့် နတ်ဘုရားမျှော်စင်ထဲကို မင်းတို့ ဝင်စရာ မလိုတော့ဘူး။”