← Chapters

အရပ် (၁၀)မျက်နှာ အရိပ်မဲ့

Vol. 10 Ch. 989

အရပ် (၁၀)မျက်နှာ အရိပ်မဲ့

Vol. 10 Ch. 989

ဆန်းလျန် အင်္ကျီလက်ကို ဝှေ့ရမ်းလိုက်သည်နှင့် ဆန်းလျန်၏ ခန္ဓာကိုယ်တစ်ခုလုံးမှာ အရည်ပျော်သွားပြီး နောက်ဆုံး အမှုံငယ်လေးများအဖြစ်သို့ ပြောင်းလဲသွားလေသည်။

ထိုမျှနှင့် ရပ်မသွားသေးပေ။ အမှုံငယ်လေးများ ထပ်မံပြိုကွဲသွားပြီး ပိုမိုသေးငယ်သည့် အမှုံငယ်လေးများအဖြစ် ပြောင်းလဲသွားပြန်သည်။ မူလစကြာဝဠာစတင်ဖြစ်တည်စဉ်က အမှုံငယ်လေးများအလား ဖြစ်လေသည်။

စကြာဝဠာစတင်ဖြစ်တည်စဉ်က အမှုံငယ်လေးများ အတူတကွ စုဝေးသွားပြီး တဖြည်းဖြည်း အစိုင်အခဲများ ဖြစ်တည်လာသည်။ နေ ၊ လ နှင့် နက္ခတ်တာရာများသည် အမှုံငယ်လေးများ ်ပေါင်းစပ်စုစည်းပြီး ဖြစ်ပေါ်လာခြင်း ဖြစ်လေသည်။

သို့သော်… ဆန်းလျန်ကတော့ ဆန့်ကျင်ဘက်ဖြစ်လေသည်။ သူ၏ ခန္ဓာကိုယ်မှ အမှုံငယ်လေးများကတော့ အဆက်မပြတ် ပြိုကွဲနေပြီး သေးငယ်သည်ထက်သေးငယ်သည့် အမှုံလေးများအဖြစ် ပြိုကွဲသွားလေသည်။

ဆန်းလျန် အမှုံလေးများအဖြစ် ပြိုကွဲသွားသည့်အတွက် ဆန်းလျန်ကို လောင်ကျွမ်းနေသည့် အဖြူရောင်မီးတောက်သည်လည်း ပြိုကွဲသွားရလေသည်။

အဆုံးသတ်တွင် မီးတောက်သည်လည်း သေးငယ်သည့်အမှုံလေးများအဖြစ် မရေမတွက်နိုင်အောင် ပြိုကွဲသွားပြီး ဆန်းလျန်၏ခန္ဓာကိုယ်အမှုံလေးများဖြင့် ပေါင်းစပ်သွားလေသည်။

အမှုံအဖြစ်ပြောင်းလဲသွားသည့်အခါ ဆန်းလျန်နှင့်မီးတောက်သည် အခြေခံအားဖြင့် ကွဲပြားမှုမရှိကြတော့ပေ။

ထိုအချိန်တွင် ဆန်းလျန်၏ ပုံသဏ္ဍန် ပြန်လည်ဖြစ်တည်လာသင့်လေသည်။ သို့သော်… ပြန်လည်ဖြစ်တည်လာခဲ့ခြင်း မရှိပေ။

စကြာဝဠာကို ဖြတ်ကျော်လာသည့် ထူးဆန်းသည့်အသံတစ်သံ ထွက်ပေါ်လာလေသည်။

"အရပ် (၁၀)မျက်နှာမှာ ဘာအရိပ်မှ မရှိဘူး…"

ထို ထူးဆန်းသည့်အသံသည် စကြာဝဠာအရင်းအမြစ်နေရာမှ နက်ရှိုင်းစွာ ထွက်ပေါ်လာခြင်း ဖြစ်သည်။

လူတစ်ယောက်သည် တာ့လော်အဆင့်သို့ ရောက်ရှိသွားပြီး တာအို၏ မူလအစနှင့် ဆက်သွယ်မိလျှင် အရပ် (၁၀)မျက်နှာတွင် မည်သည့်အရိပ်ကိုမှ တွေ့မြင်ရမည် မဟုတ်ပေ။

ထိုအသံမှာ ဆန်းလျန် ဖန်တီးလိုက်သည့် သဘာဝလွန်တန်ခိုးစွမ်းအားဖြစ်ပြီး ယခုတော့ သဘာဝတရားအဖြစ် ပြောင်းလဲသွားခဲ့ပြီ ဖြစ်သည်။

အရပ် (၁၀)မျက်နှာတွင် မည်သည့်အရိပ်ကိုမှ တွေ့မြင်ရမည် မဟုတ်ဆိုသည်မှာ ဘာကိုဆိုလိုပါသနည်း။

အရပ် (၁၀)မျက်နှာဆိုသည်မှာ မိုး ၊ မြေ ၊ အရှေ့ ၊ အနောက် ၊ တောင် ၊ မြောက် ၊ ရှင်သန်ခြင်း ၊ သေဆုံးခြင်း ၊ အတိတ် ၊ အနာဂတ် ကို ဆိုလိုလေသည်။

ဆန်းလျန် ဤတန်ခိုးစွမ်းအားကို အသုံးပြုလိုက်သည့်အခါ ထိုအရပ် (၁၀)မျက်နှာတွင် သဲလွန်စတစ်ခုမှ မကျန်ခဲ့သလို အရိပ်လည်း ကျန်ရစ်ခဲ့ခြင်း မရှိပေ။

သို့သော်… တာအိုဆရာသခင် ထိုက်ယီကတော့ ဆန်းလျန်ကို တွေ့မြင်နေရလေသည်။ ထို့အတူ ဆန်းလျန်သည်လည်း တာအိုဆရာသခင်ထိုက်ယီကို တွေ့မြင်နေရလေသည်။

အကြောင်းမှာ တာအိုဆရာသခင်ထိုက်ယီသည် ယခုလက်ရှိခေတ်ကာလတွင် ထင်ရှားရှိခဲ့သော်လည်း ဆန်းလျန်တွေ့မြင်ခဲ့သည်မှာ တာအိုဆရာသခင်ထိုက်ယီ၏ အရာအားလုံး မဟုတ်သေးပေ။

တောင်တစ်တောင်အလား ဖြစ်လေသည်။

သဘာဝအားဖြင့် တောင်၏ မျက်နှာပြင်အစစ်အမှန်ကို တွေ့မြင်နိုင်မည် မဟုတ်ပေ။ သို့သော်… တောင်ကိုတော့ တွေ့မြင်နေရမည် ဖြစ်သည်။

တာအိုဆရာသခင်ထိုက်ယီမှာလည်း ထိုကဲ့သို့ပင် ဖြစ်လေသည်။

"အရပ်(၁၀)မျက်နှာ အရိပ်မဲ့" တန်ခိုးစွမ်းအားကို ဆန်းလျန်အသုံးပြုလိုက်သည့်အခါ ဆန်းလျန်၏ ရှုမြင်ပုံက မြင့်တက်သွားပြီး တာအိုဆရာသခင်ထိုက်ယီ၏ သရုပ်သကန်ကို ဖယ်ရှားပစ်ခဲ့သည်။

အမှုံငယ်လေးများထဲတွင် အံ့သြစရာလောကငယ်များကို ဆန်းလျန် တွေ့မြင်ရသည်။ လောကငယ်လေးများအားလုံးအထဲတွင် တာအိုဆရာသခင်ထိုက်ယီရှိနေပြီး ထိုအရာက အစစ်အမှန် ဖြစ်လေသည်။

ဗုဒ္ဓကျမ်းစာများထဲတွင် "နေရာတိုင်းတွင် ဗုဒ္ဓရှိနေသည်" ဟု ရေးသားထားသည့် အတိုင်းပင် ဖြစ်လေသည်။

"ဆန်းလျန် ၊ မင်းကတော့ ကျုပ်ကို အံ့အားသင့်စရာတွေ ထပ်လုပ်ပြနေပြန်ပြီ ၊ ကျုပ် မင်းကို ထပ်ပြီးတိုက်ခိုက်မယ်ဆိုရင် မင်း ဒီနေရာကနေ ဘယ်တော့မှ လွတ်မြောက်မှာ မဟုတ်တော့ဘူး… ၊ ဒါပေမဲ့ သိပ်စောလွန်းသေးတယ်…"

တာအိုဆရာသခင်ထိုက်ယီ၏ အသံထွက်ပေါ်လာလေသည်။

ဆန်းလျန်သည် အရပ် (၁၀)မျက်နှာတွင် လုံး၀ ရှိမနေတော့သည်မှာ ထင်ရှားသည်။ သို့သော်… တာအိုဆရာသခင်ထိုက်ယီကတော့ ဆန်းလျန်ကို တွေ့မြင်နေရဆဲ ဖြစ်လေသည်။

ဆန်းလျန်ကတော့ အံ့သြခြင်း မရှိပေ။

သူ တာအိုဆရာသခင်ထိုက်ယီကို တွေ့မြင်နေရသရွေ့ တာအိုဆရာသခင်ထိုက်ယီသည်လည်း သူ့ကို တွေ့မြင်နေရမည် ဖြစ်လေသည်။

တာအိုဆရာသခင်ထိုက်ယီက လက် (၂)ချောင်းကို ထိုးညွှန်လိုက်လေရာ ငွေရောင်အလင်းတန်း တစ်ခု ထွက်ပေါ်လာပြီး အရပ် (၁၀)မျက်နှာလုံးကို ဖုံးလွှမ်းသွားသည်။

ဆန်းလျန် ကြီးမားသည့် ဖိအားတစ်ခုကို ခံစားလိုက်ရပြီး အရပ် (၁၀)မျက်နှာတွင် ဆန်းလျန်၏ပုံရိပ် ပြန်လည် ထွက်ပေါ်လာလေသည်။

တစ်လောကလုံးကို ငွေရောင်အလွှာပါးတစ်ခုက ဖုံးလွှမ်းထားပြီး ထိုငွေရောင်အလွှာပါးမှာ တာအိုဆရာသခင်ထိုက်ယီ၏ တာအိုတန်ခိုးစွမ်းအားပင် ဖြစ်လေသည်။

စကြာဝဠာ၏ အခြေခံနိယာမတရားများကို တာအိုဆရာသခင်ထိုက်ယီက သူ၏ တာအိုတန်ခိုးစွမ်းအားဖြင့် ယာယီအစားထိုးလိုက်ခြင်း ဖြစ်သည်။

စကြာဝဠာတစ်ခုလုံးကို တာအိုဆရာသခင်ထိုက်ယီ ခေတ္တထိန်းချုပ်လိုက်သည်ဟု ဆိုနိုင်သည်။ တာအိုဆရာသခင်ကြီးတစ်ပါး၏ မယုံကြည်နိုင်စရာ တန်ခိုးပြခြင်းဟု မှတ်ယူနိုင်မည် ဖြစ်သည်။

တာအိုဆရာသခင်ထိုက်ယီက စကြာဝဠာကို ထိန်းချုပ်လိုက်သည့်အတွက် ဆန်းလျန်မှာတော့ အကြီးအကျယ် ဂွချသွားရသည်။

စကြာဝဠာ၏ အခြေခံစည်းမျဉ်းများပြောင်းလဲသွားသည့်အတွက် တာအို၏ မူလဖြစ်သည့် "အရပ် (၁၀)မျက်နှာအရိပ်မဲ့" တန်ခိုးစွမ်းအားများ ပျက်စီးသွားရသောကြောင့် ဖြစ်လေသည်။

ထို့ကြောင့် ဆန်းလျန်က "အရပ် (၁၀)မျက်နှာ အရိပ်မဲ့" တန်ခိုးစွမ်းအားကို ပြန်လည်ထုတ်ဖော်ပြီး စကြာဝဠာထဲတွင် သူ့တန်ခိုးစွမ်းအားကို ပြန်လည်တည်ဆောက်ရန် ကြိုးစားလိုက်သည်။

စကြာဝဠာသည် ဝင်္ကပါကြီးတစ်ခုအလားဖြစ်နေပြီး ဆန်းလျန် က အပြင်သို့ ထွက်ပေါက်ကို ရှာနေသည့်အလား ဖြစ်သည်။

သို့သော်… တာအိုဆရာသခင်ထိုက်ယီက စကြာဝဠာကို အသစ်သောဝင်္ကပါအဖြစ် ပြန်လည်ပြုလုပ်လိုက်သည့်အခါ ဆန်းလျန်မှာ ဝင်္ကပါထဲတွင် ပြန်လည်ပိတ်မိနေတော့သည်။

ဆန်းလျန်အနေဖြင့် ဝင်္ကပါထဲပတ်နေခြင်းကို ရပ်တန့်လိုက်ပြီး အသစ်တစ်ခု ဖန်တီးမှ ဖြစ်တော့မည်ဟု တွေးလိုက်၏။

ဆန်းလျန် တစ်ကြိမ်အောင်မြင်သွားသည်နှင့် နောက်တစ်ကြိမ်အောင်မြင်မှုရရန်မှာ လွယ်ကူသွားပြီ ဖြစ်သည်။ သို့သော်… အချိန်တော့ ယူရပေလိမ့်မည်။

တာအိုဆရာသခင်ထိုက်ယီ သူ့ကို နှစ်ပေါင်းများစွာ ပိတ်လှောင်ထားမည်ကိုတော့ ဆန်းလျန် အဖြစ်မခံနိုင်လေရာ ရသမျှနည်းလမ်းဖြင့် ထိုးဖောက်ထွက်ရမည် ဖြစ်လေသည်။

ဆန်းလျန် စိတ်ပျက်အားလျော့သွားခြင်း မရှိပေ။

သူ ယခုချိန်ထိ တာအိုဆရာသခင်ထိုက်ယီကို အနိုင်မရသေးသည်မှာ တာအိုဆရာသခင်ထိုက်ယီက အစကတည်းက သူ့ထက်သာသူတစ်ယောက်ဖြစ်နေသောကြောင့် ဖြစ်သည်။

သို့သော်… တာအိုဆရာသခင်ထိုက်ယီ၏ တန်ခိုးစွမ်းအားကို မကျော်လွှားနိုင်လောက်အောင် သူတို့ (၂)ယောက်၏ တန်ခိုးစွမ်းအားအဆင့်က ကွာဟခြင်း မရှိပေ။

ထို့ကြောင့် အစမှ အဆုံးထိ တာအိုဆရာသခင်ထိုက်ယီ တိုက်ခိုက်မည်ဆိုလျှင် သူ့အနေဖြင့် တိုက်ခိုက်မှုကို လက်ခံပြီး မည်သို့ ခုခံရမည်ကို စဉ်းစားရမည်ဖြစ်သည်။

တာအိုဆရာသခင်ထိုက်ယီ ပြုလုပု်ထားသည့် ပြဿနာအားလုံးကို ဆန်းလျန် ဖြေရှင်းနိုင်လျှင်တောင်မှ ဤပွဲတွင် ဆန်းလျန်ဘက်မှ ခံစစ်သာကစားခဲ့ရသည်ကိုတော့ ငြင်းဆန်ရန် မဖြစ်နိုင်ပေ။

"ဟာသလုပ်နေတာ တော်ဖို့ကောင်းပြီ…"

တာအိုဆရာသခင်ထိုက်ယီ ထိန်းချုပ်ထားသည့် စကြာဝဠာထဲတွင် လေထဲမှ အခြားအသံတစ်ခု ထွက်ပေါ်လာခြင်း ဖြစ်လေသည်။

ယွမ်ချင်းနှင့် အခြားသူများလည်း ထိုအသံကို ကြားလိုက်ရလေသည်။

ထို့နောက်သူတို့သည် ကံကောင်းခြင်းတရားကို တိတ်ဆိတ်စွာ ကိုးကွယ်ဆည်းကပ်နေသည့်အလား သူတို့မျက်ဝန်းအိမ်များတွင် သတိလက်လွတ်မျက်ရည်များ စီးဆင်းကျလာကြလေသည်။

လေထုထဲတွင် မရေမတွက်နိုင်သည့် အက်ကြောင်းများထင်သွားပြီး အက်ကြောင်းများ၏ နောက်ကွယ်တွင် စကြာဝဠာတစ်ခုကို တွေ့မြင်နိုင်သည်။

သို့သော် ထိုစကြာဝဠာက မူကွဲစကြာဝဠာတစ်ခု ဖြစ်လေသည်။

ထိုစကြာဝဠာမှာ အခြားသောရေများနှင့် ဆက်သွယ်မှုမရှိဘဲ အလုံပိတ်ထားသည့် ရေကန်ကြီးတစ်ခုအလား ဖြစ်လေသည်။

ရုတ်တရက် ရေကန်ထဲမှ ရေများသည် လေထုထဲမှ အက်ကွဲကြောင်းများဆီသို့ စီးဆင်းဝင်ရောက်လာပြီး ရေသွားလမ်းကြောင်းများ ဖြစ်ပေါ်လာလေသည်။

ထို့နောက် စကြာဝဠာအတွင်းမှ အခြားသော ရေများနှင့် ဆက်သွယ်သွားပြီး တာအိုဆရာသခင်ထိုက်ယီ ထိန်းချုပ်ထားသည့် စကြာဝဠာအတွင်းသို့ ဖြည်းဖြည်းချင်း ဝင်ရောက်လာလေတော့သည်။

တာအိုဆရာသခင်ထိုက်ယီက ပြုံးလိုက်ရင်း…

"မိုးမရွာခင်က ပန်းတွေကြားမှာ သစ်ရွက်ဆိုတာ မရှိဘူး ၊ မိုးရွာပြီးတဲ့အခါ သစ်ရွက်တွေကြားမှာ ပန်းပွင့်ဆိုတာ မရှိတော့ဘူး ၊ နွေဦးရောက်တော့မှာကို မသိဘဲ လိပ်ပြာကတော့ တစ်နေရာကို ပျံသန်းထွက်ခွာသွားတော့တယ်…"

ထို့နောက်တွင်တော့ စကြာဝဠာတစ်ခုလုံးကို ဖုံးအုပ်ထားသည့် ငွေရောင်အလင်းတန်းများ ပျောက်ကွယ်သွားလေတော့သည်။

ဆန်းလျန် နောက်သို့ ခြေတစ်လှမ်းခန့် ဆုတ်လိုက်လေသည်။

တာအိုဆရာသခင်ထိုက်ယီကိုတော့ တွေ့ရှိရခြင်း မရှိတော့ပေ။

သူတို့ ပြိုင်ပွဲတွင် အနိုင်လည်း မရှိသလို အရှုံးလည်း မရှိခဲ့ပေ။ အနိုင်အရှုံးမရှိသည်ကပင် ကောင်းမွန်သည့် အဆုံးသတ်ဟု ဆိုနိုင်သည်။

သို့သော်… ဆန်းလျန် အကျိုးမရှိဘဲ အကျိုးယုတ်သလိုပင် ဖြစ်သွားရသည်။

ကာစီနိုလောင်းကစားဝိုင်းသို့သွားပြီး လောင်းကစားမနိုင်ပါက ပြန်လာရမည်ပင် ဖြစ်လေသည်။ မနိုင်ဘဲ ထပ်ပြီး လောင်းကစားမည်ဆိုလျှင်တော့ ဆုံးရှုံးသည်ထက် ဆုံးရှုံးမည်ပင် ဖြစ်သည်။ သို့သော် လောင်းကစားဆိုသည်ကလည်း ရှုံးလေ ဆက်ကစားချင်လေပဲ ဖြစ်သည် မဟုတ်ပါလား။

သူက စိတ်ကိုတည်ငြိမ်အောင် ကြိုးစားလိုက်ပြီး တာအိုဆရာသခင် ထိုက်ယီထွက်ခွာသွားသည့် လမ်းကြောင်းကို လှမ်းကြည့်လိုက်လေသည်။

"ခြေလှမ်း(၁၀၀)က လူတစ်ယောက်ကို မရွေ့လျားစေနိုင်ဘူး ၊ ရွေ့လျားစေတယ်ဆိုရင်လည်း အစစ်အမှန် မဟုတ်ဘူး ၊ ကြိုးစားအားထုတ်မှုတိုင်းမှာတော့ တိုးတက်မှုတွေရှိတယ် ၊ လောကရဲ့ အရပ် (၁၀)မျက်နှာဆိုတာ စနစ်တကျတည်ဆောက်ထားတဲ့ ဖြစ်တည်မှုပါပဲ…"

ယခင်က ဆန်းလျန် "အရပ် (၁၀)မျက်နှာ အရိပ်မဲ့" တန်ခိုးစွမ်းအားကို နားလည်ခဲ့သည်။

သို့သော်… ယခုတော့ တာအိုဆရာသခင်ထိုက်ယီထံမှ အရပ် (၁၀)မျက်နှာကို ထိန်းချုပ်ရန် နည်းလမ်းကို တွေ့မြင်ခဲ့ရသည်။

ထိုအရာမှာ အိမ်တစ်အိမ်ထဲတွင် ပိတ်မိနေခြင်းနှင့်ဆင်တူသည်။ အကောင်းဆုံးကြိုးစားလျှင် လွတ်မြောက်မည်ပင် ဖြစ်လေသည်။

သို့သော်… ယခု ဖြစ်ရပ်က အခြားသူတစ်ယောက်က အိမ်သို့ ရောက်လာပြီး ပိုင်ဆိုင်မှုကို လွှဲပြောင်းယူလိုက်ကာ အိမ်ပိုင်ရှင်အသစ်ဖြစ်လာသကဲ့သို့ ဖြစ်လေသည်။

ဤအကြောင်းအရာများအားလုံးသည် ယခင်က ဆန်းလျန် လေ့လာခဲ့သမျှ အရာအားလုံး၏ အနှစ်ချုပ် ဖြစ်လေသည်။

ထိုအချက်များကို သိရှိနားလည်သွားသည့်အခါ ဆန်းလျန်၏ စိတ်နှလုံးက ပိုမိုပေါ့ပါးလာလေသည်။

ဆန်းလျန်က တာအိုဆရာသခင်ထိုက်ယီ တရားဟောကြားလေ့ရှိသည့် ထိုက်ယီတောင်ထိပ်သို့ ဆင်းသက်လာလေသည်။

မြေပြင်ထက်တွင် မိုးကောင်းကင်နတ်ပန်းနတ်နွယ်များနှင့် ရွှေရောင်ကြာပန်းများ ပွင့်လန်းနေခြင်း မရှိပေ။ အရာအားလုံးသည် ပုံမှန်သာ ဖြစ်လေသည်။

သူက စကားတစ်ခွန်းမှ မဆိုဘဲ တာအိုကျင့်ကြံသူများကို တစ်ချက် ဝေ့ကြည့်လိုက်လေသည်။ ဆန်းလျန် မည်သူဖြစ်သည်ကို ရှင်းပြစရာမလိုဘဲ သူ၏တန်ခိုးစွမ်းအားက သက်သေပြနေပြီ ဖြစ်လေသည်။

ထို့နောက်တွင်တော့ ဆန်းလျန်က တာအိုဝါဒ ၊ ဗုဒ္ဓဘာသာနှင့် ကွန်ဖြူးရှပ်ဝါဒတို့၏ ထူးခြားဆန်းကျယ်မှုများအကြောင်းကို ကျင့်ကြံသူများကို ဟောပြောသင်ပြပေးလေသည်။

သူက ဝါဒ (၃)ခု ၊ စီးဆင်းမှု (၉)ခု၏ အခြေခံအရင်းအမြစ်ကို အားလုံးနားလည်အောင် ဟောပြောရှင်းလင်းပြခဲ့သည်။

ဆန်းလျန်၏ ဟောပြောသင်ပြပေးမှုများသည် တာအိုဆရာသခင်ထိုက်ယီ ဟောပြောသင်ပြပေးမှုများနှင့်မခြား လူအများကို အသိဉာဏ်ပွင့်လင်းစေလေသည်။

သို့သော်…တာအိုဆရာသခင်ထိုက်ယီ ဟောပြောသည်ဖြစ်စေ ၊ ဆန်းလျန် ဟောပြောသည်ဖြစ်စေ တာအိုတရား၏ လျှို့ဝှက်နက်နဲမှုကို မသိရှိသူများကလည်း ရှိကြသည်ပင် ဖြစ်သည်။

သို့ရာတွင် ဆန်းလျန်၏ တရားဟောပြောချက်များကို နားထောင်ကြသော ကျင့်ကြံသူများအားလံးသည် ကျင့်ကြံခြင်းနှင့်ပတ်သက်ပြီး သူတို့စိတ်ထဲတွင် ရှိနေသည့် သံသယများအားလုံး ဖြေရှင်းပြီးသား ဖြစ်သွားကြလေသည်။

ကျင့်ကြံသူများက သူတို့လိုချင်သည့်အရာအနည်းငယ်ကိုသိရှိသွားလျှင် နေချင်သလိုနေတတ်ကြပြီး အတင်းအဖျင်းအနည်းငယ်ပင် ပြောဆိုကြသေးသည်။

လက်ရှိပြဿနာ ဖြေရှင်းပြီးသွားလျှင် တာအိုမဟာလမ်းစဉ်သည် သူတို့အတွက် အရေးမကြီးလှသည့်အလား တွေးတောထားကြဟန်ရှိသည်။

ထိုသို့ဖြင့် ဆန်းလျန်သည် နှစ်ပေါင်း (၃၀၀)တိုင်တိုင် တောင်ပေါ်တွင် တရားဟောပြောသည့်အလုပ် ပြုလုပ်ခဲ့လေသည်။

နှစ်ပေါင်း (၃၀၀) ပြည့်သွားသည့်နေ့တွင်တော့ ဆန်းလျန် တာအိုတရား ဆက်လက်ဟောကြားခြင်း မရှိတော့ပေ။

တောင်ပေါ်တွင်လည်း တက်သူတက်လာ ၊ ဆင်းသူက ဆင်းသွားနှင့် နှစ်ပေါင်း (၃၀၀)အတွင်း ပြောင်းလဲမှု များစွာ ဖြစ်ပေါ်ခဲ့လေသည်။

အချို့ကျင့်ကြံသူများကလည်း တရားအလင်းရပြီး ကျင့်စဉ်လမ်း အဆင့်တက်ရောက်နိုင်ကြသည့်အခါ တောင်ပေါ်မှ ထွက်ခွာသွားကြလေသည်။

အချို့ကျင့်ကြံသူများမှာလည်း တရားဘယ်လောက်နာနာ တရားမရကြလေရာ တောင်အောက်သို့ ဆင်းပြီး အခြားအခွင့်အရေးရှာဖွေရန် ထွက်ခွာသွားကြလေသည်။

မပြောင်းမလဲ တောင်ပေါ်တွင်ပင် ကျန်ရှိနေသူ (၂)ယောက်ကတော့ ဟွမ်ချွမ်ကျီနှင့် ယွမ်ချင်းသာ လျှင် ဖြစ်ပေ၏။

ဟွမ်ချွမ်ကျီနှင့် ယွမ်ချင်းတို့ကတော့ ကျင့်ကြံခြင်းအဆင့် ပို၍ပို၍ မြင့်မားလာပြီး သူတို့ကြားတွင် ကြီးမားသည့် ခြားနားမှုလည်းတဖြည်းဖြည်း ဖြစ်ပေါ်လာလေသည်။

ယွမ်ချင်းကတော့ တာအိုတရားကိုနားလည်ပြီး စိတ်ငြိမ်းချမ်းခြင်းတရားဖြင့် ကိလေသာကင်းစင်သည်ထက်ကင်းစင်အောင် ကျင့်ကြံနိုင်ခဲ့သည်။

သူလုပ်သည့်လုပ်ရပ်တိုင်းသည် အပြစ်ဆိုစရာတစ်စက်မရှိအောင် သန့်စင်လျှက် ရှိလေသည်။ သူသည် လွတ်လပ်ပြီး အမှီအခိုကင်းသည့် နတ်ဘုရားတစ်ပါးအလား တောင်ပေါ်တွင် နာမည်ကျော်ကြားသူတစ်ယောက်အဖြစ် ရပ်တည်နိုင်ခဲ့လေသည်။

ဟွမ်ချွမ်ကျီကတော့ ယွမ်ချင်းနှင့် ဆန့်ကျင်ဘက် ဖြစ်လေသည်။

ဟွမ်ချွမ်ကျီထံမှ သတ်ဖြတ်လိုသည့် အငွေ့အသက်များက တဖြည်းဖြည်း ကျစ်လျစ်လာပြီး တန်ခိုးစွမ်းအားများကလည်း ပိုမိုသိပ်သည်းလာလေသည်။

သူသည် မပျက်စီးနိုင်သည့် ခိုင်ကြည်သော တောင်တစ်တေယာင်အလား ၊ ထက်ရှသည့် ဓားဝိညာဉ်တစ်ခုအလား ဖြစ်လေသည်။

သူ့ကိုတွေ့မြင်ရသည်နှင့် လူအများသည် ကြောက်မက်ဖွယ်ရာ အေးစိမ့်မှုကို ခံစားကြရလေသည်။

***

All Chapters