← Chapters

ကျင်းချန်ကျီ

Vol. 10 Ch. 990

ကျင်းချန်ကျီ

Vol. 10 Ch. 990

ယွမ်ချင်းနှင့် ဟွမ်ချွမ်ကျီတို့သည် စရိုက်လက္ခဏာ မတူညီကြပေ။

နှစ်ပေါင်း (၃၀၀)အတွင်း သူတို့သည်လည်း အချင်းချင်း စကားအပြောအဆို နည်းပါးသွားကြလေသည်။ တောင်ပေါ်တွင် တာအိုကျင့်ကြံသူဆို၍ သူတို့ (၂)ယောက်သာ ကျန်ရှိမည် ဆိုလျှင်တောင်မှ သူတို့ စကားပြောဖြစ်ကြမည် မဟုတ်ပေ။

အမှန်တော့ သူတို့က တာအိုတရား တစ်ခုတည်းကို အတူတူ ကြားနာခဲ့ကြသူများ ဖြစ်လေသည်။ သို့သော် … သူတို့၏ အသွင်အပြင်က လုံးဝဆန့်ကျင်ဘက် ဖြစ်လေသည်။ အဘယ့်ကြောင့် ထိုသို့ဖြစ်ရသည်ကို သူတို့ကိုယ်တိုင်ပင် နားမလည်နိုင်ကြပေ။

သို့သော်… ဟွမ်ချွမ်ကျီကလည်း သူနာကြားသည့် တာအိုတရားကို အမှန်ဟု ဆုပ်ကိုင်ထားပြီး ယွမ်ချင်းကလည်း သူနားလည်သည့်တာအိုတရားကို မှန်သည်ဟု ယူဆထားလေသည်။

မည်သို့ပင်ဖြစ်စေ… ယွမ်ချင်းက ဟွမ်ချွမ်ကျီထက်ပိုပြီး သဘောကောင်းလေရာ တာအိုဆရာများက ဟွမ်ချွမ်ကျီထက် ယွမ်ချင်းကို ပိုမိုခင်မင်ကြလေသည်။

ထို့ကြောင့် ချင်းရွှမ်တောင်တွင် အုပ်စု (၂)စု ကွဲလျှက် ရှိလေသည်။ သို့သော်… ဆန်းလျန်နှင့်ပတ်သက်သည်များကိုတော့ သူတို့ အငြင်းမပွားရဲကြပေ။

ဤလောက၏ အခြားဘက် ၊ အနောက်အရပ်စူးစူးတွင် လင်စန်းတောင် တည်ရှိလေသည်။

လင်စန်းတောင်သည် မိုးနှင့်မြေတွင် သဘာဝအတိုင်းတည်ရှိသည့် တောင်တစ်တောင်မဟုတ်ပေ။ ဗုဒ္ဓဖန်ဆင်းထားသည့် တောင်တစ်တောင် ဖြစ်လေသည်။

ဗုဒ္ဓ လောကသို့ ဆင်းကြွလာသည်နှင့်တစ်ပြိုင်နက် လင်စန်းတောင်ကို ဖန်ဆင်းခဲ့ခြင်း ဖြစ်လေသည်။

လင်စန်းတောင် ပေါ်ပေါက်လာသည့်အချိန်သည် တာအိုဆရာသခင်ထိုက်ယီ ပေါ်လာချိန်နှင့်တူညီသည်။

ယခု တာအိုဆရာသခင်ထိုက်ယီ ပျောက်ကွယ်သွားသည့်တိုင် လင်စန်းတောင်ကတော့ တည်ရှိနေဆဲ ဖြစ်လေသည်။ ဗုဒ္ဒသည်လည်း လင်စန်းတောင်ပေါ်တွင် ရှိနေလေ၏။

ဗုဒ္ဓသည် ကြည်လင်သည့်အသံဖြင့် ရိုးရှင်းစွာ တရားဟောပြောနေလေသည်။ လင်စန်းတောင်အောက်ဘက် မိုင်တစ်ထောင်ပတ်လည်မှပင် ဗုဒ္ဓဟောပြောသည့်တရားသံကို ကြားနိုင်လေသည်။

ဗုဒ္ဓက တရားဟောပြောနေရင်း တရားဟောရာ ခန်းမဆောင်အတွင်းသို့ ဝင်ရောက်ရာ ကြာပန်းစြင်္ကန်လမ်းရှိရာသို့ လက်ညှိုးဖြင့်ထိုးညွှန်လိုက်လေရာ အလင်းတန်းတစ်ခု ထွက်ပေါ်လာလေသည်။

အလင်းရောင်က စြင်္ကန်လမ်းထက်တွင် တဖြည်းဖြည်းကြီးထွားလာလေသည်။

ထိုအလင်းတန်းကို တွေ့မြင်ရသည်နှင့် ဓမ္မနှင့်မွေ့လျော်နေသည့် ဘုန်းတော်ကြီးများ၏ နှလုံးသားထဲတွင် ရုတ်တရက် လောကီမြူမှုံများကင်းစင်သွားပြီး နှလုံးသားများ သန့်စင်လာကြလေသည်။

ဘုန်းတော်ကြီးများအလယ်တွင် အဖြူရောင်ကိုယ်ရုံကိုရုံထားသည့် ဘုန်းကြီးငယ်တစ်ပါး ရှိလေသည်။ သူရုံထားသည့် အဖြူရောင်ကိုယ်ရုံမှာ အလွန်မှ ကြည်လင်သန့်စင်လွန်းလှသည်။

သူ၏ မျက်ဝန်းများက ကြယ်စင်များအလား တောက်ပနေလေသည်။ သူ၏ မျက်နှာက နူးညံ့ပြီး ချောမောခန့်ညားလေသည်။ မိန်းကလေးများထက်ပင် ချောမောသည်ဟု ဆိုနိုင်သည်။

သူက မွေးရာပါ နူးညံ့သိမ်မွေ့သူဖြစ်သလို လွတ်လပ်ပေါ့ပါးစွာနေရခြင်းကိုလည်း သဘောကျသူ ဖြစ်သည်။ သူက လင်စန်းတောင်ရှိ ဘုန်းတော်ကြီးများကြားတွင် ရေပန်းစားသူတစ်ယောက် ဖြစ်သည်။

ဗုဒ္ဓဖန်ဆင်းလိုက်သည့် စြင်္ကန်လမ်းထက်မှ အလင်းတန်းများကို တွေ့မြင်လိုက်သည်နှင့် ထိုဘုန်းကြီးငယ်က ကျယ်လောင်စွာ ရယ်မောလိုက်လေသည်။

ဗုဒ္ဓက တရားဟောပြောတိုင်း ဘုန်တော်ကြီးများအားလုံးက အာရုံစူးစိုက်နားထောင်လေ့ရှိကြသည်။ ထိုဘုန်းကြီးငယ်ကဲ့သို့ ရိုင်းစိုင်းသည့်အပြုအမူကို မည်သူမှ မပြုလုပ်ရဲကြပေ။

ယခု ဘုန်းကြီးငယ်၏ အပြုအမူကြောင့် အခြားသော ဘုန်းတော်ကြီးများ မျက်မှောင်ကြုတ်လိုက်မိကြလေသည်။

သို့သော်… ဘုန်းကြီးငယ်ကတော့ သူ့သဘာဝအတိုင်းပြုလုပ်လိုက်ခြင်းဖြစ်ပြီး ကြောက်ရွံ့ခြင်းလည်း မရှိပေ။

ဘုန်းကြီးငယ်က…

"အရှင်ဘုရား ၊ အရှင်ဘုရားဟောပြောတဲ့ တရားဓမ္မကို နားထောင်ရတာ သိပ်ကို ပျော်ရွှင်လွန်းလို့ ရယ်မောမိတာပါ ၊ ဒီလို ပျော်ရွှင်မိတာ ကောင်းတာလားဆိုးတာလားဆိုတာတော့ မသိပါဘူး…"

ဗုဒ္ဓက ….

"ပျော်ရွှင်ပြီဆိုရင်တော့ ပြဿနာဖြစ်တော့မယ် ၊ ပျော်ရွှင်မှု ၊ ဒေါသ ၊ ဝမ်းနည်းမှု ၊ ဝမ်းသာမှုဆိုတာတွေက အတွေးတစ်ခုမျှသာပါပဲ ၊ မင်းမှာ အတွေးရှိတာဟာ ကောင်းလား မကောင်းဘူးလား…"

ဘုန်းကြီးငယ်က…

"ပြောကြတာတော့ အတွေးမရှိတာ အကောင်းဆုံးပဲလို့ ပြောကြတယ်…"

ဗုဒ္ဓက…

"အတွေးမရှိဘဲ သတိနဲ့နေတာကောင်းတာပေါ့ ၊ အကောင်းဆုံးလို့ မပြောနိုင်ပေမယ့် အတွေးမများတော့ စိတ်ပူပန်မှုနဲ့ အန္တရယ်တွေကို ရှောင်ရှားနိုင်တာပေါ့…"

ငယ်ရွယ်သည့် ဘုန်းတော်ကြီးက…

"မေးတော့မမေးရဲပေမယ့် အတွေးမရှိအောင် ဘယ်လိုနေရမလဲ…"

ဗုဒ္ဓက ဘုန်းကြီးငယ်၏မေးခွန်းကို အဖြေမပေးဘဲ မေးခွန်းပြန်ထုတ်လိုက်သည်။

"ကျင်းချန်ကျီ ၊ မင်း တောင်ပေါ်ရောက်တာ ဘယ်လောက်ကြာပြီလဲ…"

ဘုန်းကြီးငယ်က…

"တောင်ပေါ်ရောက်လာပြီးတဲ့နောက် တောင်တံခါးအရှေ့ဘက်က ဗောဓိပင်က သစ်ရွက်တွေ ခုနစ်ကြိမ်ကြွေတာ သတိထားမိတယ် ၊ ဒီတော့ (၇)နှစ် ရှိပါပြီ…"

ဗုဒ္ဓက…

"နားထောင်ပါ ၊ ကျုပ်ရဲ့တရားကို (၇)နှစ်တောင် နားထောင်ခဲ့ပြီပဲ ၊ ဒါတောင် နားမလည်သေးဘူးဆိုရင်တော့ ကျုပ်ဟောတဲ့ တရားတွေက မင်းနဲ့ မသင့်တော်ဘူးထင်တယ် ၊ မင်း တောင်ပေါ်က ဆင်းသွားပေတော့…"

ဘုန်းကြီးငယ်မှာ အံ့အားသင့်သွားပြီး ရုတ်တရက် ဘာပြောရမှန်းမသိ ဖြစ်သွားလေသည်။

သူ၏ အမူအကျင့်များက အခြားဘုန်းတော်ကြီးများနှင့် မတူညီသော်လည်း ဗုဒ္ဓက သူ့ကို တစ်ကြိမ်တစ်ခါမှ အပြစ်တင်ခဲ့ခြင်း မရှိပေ။

ယနေ့ ဗုဒ္ဓက သူ့ကို တောင်ပေါ်မှ နှင်ချလိမ့်မည်ဟု လုံးဝထင်မထားခဲ့မိပေ။

ဘုန်းကြီးငယ်က…

"အရှင်ဘုရား ၊ တပည့်တော်က တရားဓမ္မကို သိမြင်တာ နှေးပါတယ် ၊ ဒါကြောင့် အရှင်ဘုရား ဒီတစ်ကြိမ် ခွင့်လွှတ်ပေးပါ ၊ အခုချိန်ကစပြီး ကိုယ့်ကိုယ်ကိုယ်ပြုပြင်ပါ့မယ် ၊ အပြစ်တွေ မကျူးလွန်တော့ပါဘူး…"

ဗုဒ္ဓက…

"တောင်ပေါ်မှာနေလို့ တရားမရဘူးဆိုရင် တောင်အောက်ကို ဆင်းသွားသင့်တယ် ၊ လူတိုင်းက ကျုပ်ရဲ့တရားဓမ္မကို ကြားသိနိုင်တယ် ၊ လူတိုင်းက တွေးတောကြံဆကြည့်နိုင်တယ် ၊ ဒီတော့ မင်း တောင်ပေါ်မှာ ဆက်မနေသင့်တော့ဘူး…"

ဘုန်းကြီးငယ်၏ နှလုံးသား တစ်ချက်လှုပ်ရှားသွားပြီး…

"ဒါဖြင့် အရှင်ဘုရား တပည့်တော်အတွက် တရားဓမ္မအကြံလေးဘာလေး နည်းနည်းလောက်ပြောပြပေးပါ…"

ဗုဒ္ဓ တိတ်ဆိတ်သွားသွားလေသည်။

အတန်ကြာသည့်အခါ ဗုဒ္ဓ၏ ဓမ္မခန္ဓာသည် ကြာပလ္လင်ထက်မှ ပျောက်ကွယ်သွားလေတော့သည်။

ဘုန်းတော်ကြီးများက ဗုဒ္ဓ ခေတ္တခဏ ပျောက်ကွယ်သွားခြင်းဖြစ်မည်ဟု ထင်မှတ်ခဲ့ကြသည်။

သို့သော်… နေ့ရက်ပေါင်းများစွာကြာသည့်တိုင် ယခင်ကကဲ့သို့ ဗုဒ္ဓ ပြန်ပေါ်လာခြင်း မရှိသည့်အခါ ဘုန်းတော်ကြီးများက ဘုန်းကြီးငယ်ကို ဝိုင်းဝန်းအပြစ်တင်ကြလေသည်။

ဘုန်းကြီးငယ် ဓမ္မကိုသိမြင်သည်မှာ နှေးကွေးသည့်အတွက် ဝိုင်းဝန်းအပြစ်တင်ကြခြင်း မဟုတ်ပေ။ ဘုန်းကြီးငယ်ကြောင့် ဗုဒ္ဓ အမျက်ထွက်သွားသည်ဟု ယူဆပြီး အပြစ်တင်ကြခြင်း ဖြစ်လေသည်။

သို့သော်… ဘုန်းတော်ကြီးငယ်ကတော့ သူ့ကို အပြစ်တင်နေကြသည့် ဘုန်းတော်ကြီးများကို အရေးမလုပ်ပေ။ ဗုဒ္ဓက သူ့လိုအညတရလေးတစ်ယောက်ကို အဘယ်မှာ အရေးလုပ်ပြီး အမျက်ဒေါသထါက်ပါမည်နည်း။ မဟုတ်ပါက ဗုဒ္ဓသည် အလွန် အမြင်ကျဉ်းမြောင်းသူ ဖြစ်သွားပေလိမ့်မည်။

မည်သို့ပင်ဖြစ်စေ အခြားဘုန်းတော်ကြီးများကတော့ သူ့ကို မျက်နှာသာ မပေးကြတော့ပေ။

နောက်ဆုံးတော့ ဘုန်းကြီးငယ်မှာ လင်စန်းတောင်တွင် ဆက်မနေဝံ့တော့ဘဲ ဒေါသတကြီးဖြင့် တောင်ပေါ်မှ ဆင်းသွားလေတော့သည်။

သို့သော် သူ လင်စန်းတောင်ပေါ်မှ ဆင်းသွားသည်နှင့် လင်စန်းတောင်ပေါ်တွင် ဗုဒ္ဓ၏တရားဟောသံ ပြန်လည် ထွက်ပေါ်လာခဲ့လေသည်။ တရားသံသည် လင်စန်းတောင်တစ်ခွင်လုံးသို့ ဖုံးလွှမ်းသွားလေတော့၏။

သူက ပညာတော်ခြင်းမရှိသည့်တိုင် ဗုဒ္ဓဘာသာကို (၇)နှစ်ကြာလေ့လာသင်ယူခဲ့သူ ဖြစ်သည်။

ထို့ကြောင့် ဗုဒ္ဓဘာသာတန်ခိုးစွမ်းအားများကို အသုံးပြုနိုင်စွမ်းရှိလေသည်။

သူက ကောင်းကင်ထက်ပျံသန်းထွက်ခွာသွားချိန်တွင် အောက်ဘက်ရှိ ကြာပန်းစြင်္ကန်လမ်းမှ အလင်းတန်းများ ရုတ်တရက် လင်းလက်သွားလေရာ ဘုန်းကြီးငယ်မှာ ထိတ်လန့်ပြီး ယောင်ယမ်းအော်ဟစ်လိုက်မိလေသည်။

ထိတ်လန့်မှုကြောင့် ကောင်းကင်ထက်မှ ပြုတ်ကျသွားခဲ့လေသည်။ ထိုသို့မဖြစ်ချင်သော်လည်း မည်သို့မှ မတတ်နိုင်ခဲ့ပေ။

ဘုန်းကြီးငယ်မှာ နာကျင်သွားသည့်အတွက် ဗုဒ္ဓကို စိတ်ဆိုးဒေါသထွက်သွားမိလေသည်။ ထိုအခါ သူ ကျင့်ကြံခဲ့သည့် တန်ခိုးစွမ်းအားများအားလုံး ပျောက်ကွယ်သွားပြီး သာမန်လူတစ်ယောက်အလား ဖြစ်သွားလေတော့သည်။

ထိုဘုန်းကြီးငယ် လင်စန်းတောင်ပေါ်မှ ဆင်းသွားပြီး လောကအလယ် လှည့်လည်သွားလာနေရင်းအရှေ့ဘက်ပင်လယ်ဒေသသို့ ရောက်ရှိလာလေသည်။

စားသောက်ဆိုင်တွင် စားသောက်နေရင်း ပင်လယ်တစ်ဖက်ကမ်းမှ နတ်ဘုရားတောင်အကြောင်းကို သတင်းကြားသိလိုက်ရသည်။

ထိုတောင်ပေါ်တွင် နတ်ဘုရားတစ်ပါးရှိပြီး ထိုနတ်ဘုရားသည် လောကတွင် စွမ်းအားအမြင့်မားဆုံး နတ်ဘုရားတစ်ပါး ဖြစ်သည်ဟု ဆိုကြသည်။

နတ်မိစ္ဆာဂိုဏ်း (၃)ဂိုဏ်းနှင့် နတ်ဘုရားဂိုဏ်းကြီး (၅)ဂိုဏ်းမှ နတ်ဘုရားများ ၊ နတ်မိစ္ဆာများ ခရီးထွက်သည့်အခါ ထို နတ်ဘုရားတောင်ကို ဖြတ်ကျော်ရလေတိုင်း တိမ်တိုက်ကိုနှိမ့် ၊ ခေါင်းကိုငုံ့ပြီး တန်ခိုးစွမ်းအား အနည်းငယ်မျှပင် ထုတ်လွှတ်ရဲခြင်း မရှိဘဲ ဖြတ်သန်းသွားလာကြသည်ဟု ဆိုကြလေသည်။

တစ်ခါတုန်းက ထို နတ်ဘုရား၏ တန်ခိုးစွမ်းအားမြင့်မားမှုကို မယုံကြည်သော နတ်မိစ္ဆာသူတော်စင်တစ်ပါးက မခန့်လေးစားပြုလုပ်ပြီး စိန်ခေါ်ခဲ့လေရာ ထိုနတ်ဘုရား လက်ဖျောက်တစ်ချက်တီးလိုက်ရုံဖြင့် အသက်ပျောက်သွားခဲ့သည်ဟု ဆိုစမှတ်ရှိကြသည်။

ထိုသတင်းစကားများကို ကြားသည့်အခါ ဘုန်းကြီးငယ်က အံ့အားသင့်သွားပြီး တွေးတောလိုက်သည်။

"မိုးနဲ့မြေမှာ ဗုဒ္ဓရဲ့ တရားဓမ္မတစ်ခုပဲ ရှိတာမဟုတ်ဘူး ၊ တာအိုဝါဒလည်းရှိသလို နတ်မိစ္ဆာဝါဒလည်းရှိတယ် ၊ အဲဒီ နတ်ဘုရားတောင်နဲ့ပတ်သက်တဲ့ ကောလဟလတွေသာ အမှန်ဆိုရင် ငါ့ကို ကူညီနိုင်မှာပဲ ၊ ငါ့စိတ်ထဲက သံသယတွေကိုလည်း ဖြေရှင်းပေးနိုင်မှာပဲ…"

ထိုသို့တွေးမိသည်နှင့် ဘုန်းငယ်သည် ထိုနတ်ဘုရားတောင်ရှိရာသို့ ရွက်လွှင့်ထွက်ခွာလာခဲ့လေတော့သည်။

ပင်လယ်ထဲသို့ ရွက်လွှင့်သည့်အခါ ဘုန်းကြီးငယ် အလွန် ကြောက်ရွံ့ထိတ်လန့်ခဲ့လေသည်။ ပင်လယ်ပြင်က နက်ရှိုင်းပြီး ခန့်မှန်းရခက်သည် မဟုတ်ပါလား။

ထို့ပြင် ဗုဒ္ဓဘာသာ ကျင့်ကြံခြင်းတန်ခိုးစွမ်းအားများလည်း သူ့တွင် မရှိတော့လေရာ သာမန်လူတစ်ယောက်အလား ဖြစ်နေပြီ ဖြစ်သည်။

ထို့ကြောင့် မတော်တဆ လှေမှောက်လျှင်ပင် အသက်ပျောက်သွားမည် ဖြစ်သည်။

သို့သော်… ဆုံးဖြတ်ချက်ချပြီးဖြစ်၍ နောက်ပြန်လှည့်ရန် ဆန္ဒမရှိတော့ပေ။ ဘုန်းကြီးငယ်သည် ဘုရား တရားသာ 'တ' ရင်း ပင်လယ်ပြင်ကိုဖြတ်ကျော်ကာ အန္တရယ်ကင်းကင်းဖြင့် နတ်ဘုရားတောင်သို့ ရောက်ရှိရန် မျှော်လင့်လျှက် ရှိလေတော့သည်။

ထိုသို့ဖြင့်… (၃)ရက်ခန့် ခရီးနှင်ပြီးနောက် ဘုန်းကြီးငယ်သည် လူအများပြောသည့် ကောလဟလများတွင် ကြားခဲ့ရသည့် နတ်ဘုရားတောင်ရှိရာသို့ ကံကောင်းထောက်မစွာ ရောက်ရှိလာခဲ့လေသည်။ လှေမှောက်ခြင်းလည်း မရှိခဲ့ပေ။

ကုန်းမြေထက်သို့ ခြေချလိုက်မိသည်နှင့် ဘဝသစ်တစ်ခု စတင်လိုက်ရသလို ခံစားလိုက်ရသည်။

ဒုက္ခရောက်ခဲ့ရသည်များအတွက် သူ့ကိုယ်သူ အပြစ်တင်မနေတော့ဘဲ သူက နတ်ဘုရားတောင်ရှိရာသို့ ဦးတည်သွားလိုက်လေသည်။

အမှန်တော့ သူ ဗိုက်လည်းဆာသလို ရေလည်းငတ်နေခဲ့ပြီ ဖြစ်သည်။

သို့သော်… နတ်ဘုရားတောင်ကို တွေ့သည့်အခါ စိတ်ဓာတ်များတက်ကြွလာပြီး ပင်ပန်းခြင်းကို မခံစားရတော့ပေ။

သူ ဇွဲနပဲဖြင့် မိုင်အနည်းငယ်ခန့် မနားမနေခရီးဆက်ခဲ့ပြီးသည့်နောက် နတ်ဘုရားတောင်သည် အလွန်အလှမ်းဝေးသေးကြောင်း တွေ့ရလေသည်။

ဘုန်းတော်ကြီးငယ်မည်သို့မှ မတတ်နိုင်တော့ပေ။

"တောင်ပေါ်ကိုမြင်းနဲ့တက်ရင်တောင် မြင်းအသက်ထွက်သွားနိုင်တယ်…"

ထို့နောက် အနားယူရန် နေရာတစ်နေရာရှာလိုက်ရှာရင်း ရေစီးဆင်းသံတစ်သံကို ကြားလိုက်ရလေသည်။

ထိုရေစီးဆင်းသံနောက်သို့ လိုက်သွားလေရာ စမ်းချောင်းတစ်ခုကို တွေ့လိုက်ရလေသည်။ ဘုန်းကြီးငယ်မှာ အလွန်ပျော်ရွှင်သွားပြီး စမ်းရေကို အငမ်းမရ သောက်လိုက်လေသည်။

ရေသောက်ပြီးသည့်အခါ သူက စမ်းရေဖြင့် မျက်နှာသစ်ရင်း ရေထဲတွင် ပေါ်နေသည့် မောပန်းနွမ်းနယ်နေသော သူ့မျက်နှာကိုကြည့်ပြီး သက်ပြင်းတစ်ချက်ချလိုက်မိသည်။

သက်ပြင်းချ၍ မဆုံးခင်မှာပင် သူ ပါးစပ်အဟောင်းသားဖြင့် အံ့သြတုန်လှုပ်သွားရလေသည်။

အကြောင်းမှာ ကြီးမားသည့် (၁၀)ပေပတ်လည် ကျောက်တုံးကြီးတစ်တုံး ကောင်းကင်ထက်မှ သူ့တည့်တည့်သို့ ကျလာသည်ကို တွေ့လိုက်ရသောကြောင့် ဖြစ်သည်။

သူ ကံမကောင်းနိုင်တော့ပေ။ အသားပြားဖြစ်အောင် ကျောက်တုံးပိခံရပေတော့မည်။

ထိုအချိန်… ဓားဝိညာဉ်တစ်ခု ပျံသန်းထွက်ပေါ်လာပြီး ကျောက်တုံးကြီးကို ရိုက်ခွဲပစ်လိုက်လေသည်။ သို့သော်… ဘုန်းကြီးငယ်ကတော့ အသက်သေဆုံးသွားပြီ ဖြစ်လေသည်။

ဓားဝိညာဉ်က တာအိုဆရာယွမ်ချင်းအဖြစ်ပြောင်းလဲသွားပြီး ဒေါသတကြီးဖြင့် ကောင်းကင်ထက်သို့ မော့ကြည့်လိုက်ရင်း…

"ဟွမ်ချွမ်ကျီ… မင်း ဘာလို့ လူသတ်ရတာလဲ…"

***

All Chapters