သမိုင်းထဲမှာ ကျန်ရစ်ခဲ့ပါပြီ
Vol. 10 Ch. 991
ယွမ်ချင်း၏ မနီးမဝေးတစ်နေရာသို့ အနက်ရောင်တိမ်တိုက်တစ်ခု ဆင်းသက်လာပြီး အနက်ရောင်ဝတ်ဆင်ထားသည့် တာအိုဆရာတစ်ယောက်အဖြစ် ပြောင်းလဲသွားလေသည်။
ထိုသူထံမှ သတ်ဖြတ်လိုသည့် အငွေ့အသက်များနှင့် ဓားဝိညာဉ်စွမ်းအားများ ထွက်ပေါ်လျှက် ရှိလေသည်။ ထိုသူက သူ၏ အငွေ့အသက်များကို ထိန်းချုပ်ထားခြင်းမရှိဘဲ ပေ (၁၀၀)ပတ်လည်မှ သစ်ပင်များကို ကြည့်ရှုနေလေသည်။
သူ့ကိုကြည့်ရသည်မှာ အကြောက်အလန့်လည်း ရှိဟန် မတူပေ။
ထိုအနက်ရောင်ဝတ်ဆင်ထားသည့် တာအိုဆရာမှာ ဟွမ်ချွမ်ကျီ ဖြစ်လေသည်။
သူက ကြီးမားသည့် ကျောက်တုံးကြီးဖြင့် ရိုက်မိပြီး ရွှံ့ထဲတွင် နစ်နေသည့် ဘုန်းကြီးငယ်ကျင်းချန်ကျီ၏ အလောင်းကို တစ်ချက်လှမ်းကြည့်လိုက်ပြီး…
"ကျုပ်က သူ့ကို သတ်တာ မဟုတ်ပါဘူး ၊ သူ့ဟာသူ ကံဆိုးသွားတာ…"
ယွမ်ချင်းက အေးဆေးသည့် လေသံဖြင့်…
"မင်းရဲ့ ဓားဝိညာဉ်ကို အသုံးပြုပြီး ဘာလို့ ကျောက်တုံးကြီးကို ဖြတ်ချလိုက်ရတာလဲ…"
ဟွမ်ချွမ်ကျီက…
"အဲဒီကျောက်တုံးကြီးကို ကြည့်ရတာ မျက်စိနောက်လို့…"
ယွမ်ချင်းက…
"ဒါဖြင့်လည်း မလုပ်ခင်မှာ ပတ်ဝန်းကျင်ကို အရင်လေ့လာမှပေါ့ ၊ မဟုတ်ရင် အပြစ်မဲ့သူတွေ ထိခိုက်ကုန်မှာပေါ့…"
ဟွမ်ချွမ်ကျီက…
"ထိခိုက်ကုန်တာကတော့ သူတို့ထိုက်နဲ့သူ့ကံပဲလေ ၊ ဘာလို့ မင်းက ဒီမှာ ကျုပ်နဲ့ စကားလာများနေရတာလဲ ၊ တောင်ပေါ်ကိုသွား တာအိုဆရာသခင်ချင်းရွှမ်ကိုသွားရှာပြီး ဒီလူကို အသက်ပြန်သွင်းခိုင်းလိုက်ပါလား…"
ဆန်းလျန် တာအိုဆရာသခင်ထိုက်ယီနှင့် ယှဉ်ပြိုင်ပြီးသည့်နောက် အားလုံးက ဆန်းလျန်ကို တာအိုဆရာသခင်ကြီးတစ်ပါးအဖြစ် သတ်မှတ်ထားလိုက်ကြလေသည်။
သို့သော် ဆန်းလျန်က ဤလောကတွင် သူ မည်သူဖြစ်သည်ကို ထုတ်ဖော်ပြောကြားခြင်း မရှိပေ။
ဆန်းလျန်က သူ့နာမည်မှာ "ချင်းရွှမ်" ဖြစ်သည်ဟု ပြောကြားထားသည့်အတွက် နောက်ကွယ်တွင် ဆန်းလျန်ကို သူတို့က "တာအိုဆရာသခင်ချင်းရွှမ်" ဟု ခေါ်ဆိုကြလေသည်။
ယွမ်ချင်းက ဒေါသငွေ့ငွေ့ဖြင့်…
"မင်း လူသတ်လိုက်မှတော့ ကျုပ်က တာအိုဆရာသခင်ကြီးကိုရှာပြီး ဘာလုပ်ရမှာလဲ…"
ဟွမ်ချွမ်ကျီက ယွမ်ချင်းကို မျက်လုံးတစ်ချက် စောင်းကြည့်လိုက်သည်။
သူက ဒေါသထွက်နေသော်လည်း ယွမ်ချင်းနှင့် ခိုက်ရန်ဖြစ်ပွားသည်အထိ မရူးမိုက်လိုပေ။
ထို့ကြောင့် လေသံခပ်အေးအေးဖြင့်…
"သူ့ကို ငါတမင်သေစေလိုတဲ့စိတ်နဲ့ လုပ်တာမဟုတ်ဘူးလို့ ပြောပြီးသွားပြီလေ ၊ မင်း သူ့အသက်ကို ကယ်ချင်ရင် အမြန်သွားသင့်ပြီ…"
ယွမ်ချင်းက ခေါင်းမာသူတစ်ယောက်ဖြစ်ပြီး ဟွမ်ချွမ်ကျီပေးသည့် ဆင်ခြေဆင်လက်များက ဆီလျော်မှုမရှိဟု ယူဆလိုက်သည်။
သူတို့ (၂)ယောက်သည် တာအိုဆရာသခင်ချင်းရွှမ်ထံတွင် အတူတူ တာအိုတရားနာကြားခဲ့သည်မှာ အချိန်အတန်ကြာခဲ့ပြီ ဖြစ်ပြီး သိကျွမ်းခဲ့ခြင်းသာမရှိလျှင် ယွမ်ချင်းအနေဖြင့် ဟွမ်ချွမ်ကျီကို ယခုလောက် စကားပြောနေမည် မဟုတ်ပေ။
သို့သော် ဟွမ်ချွမ်ကျီပြောသည်မှာ အမှန်ပင် ဖြစ်သည်။
သူသာ ကျင်းချန်ကျီကို ကယ်တင်ချင်သည်ဆိုလျှင် တောင်ပေါ်သို့ သွားရပေလိမ့်မည်။
ယွမ်ချင်းက ချက်ချင်းပင် ရွှံ့ထဲတွင်နစ်နေသည့် ကျန်းချန်ကျီ၏ အလောင်းကို သယ်ဆောင်သွားပြီး ဟာရီကိန်းမုန်တိုင်းကဲ့သို့ လျှင်မြန်သည့် အရှိန်အဟုန်ဖြင့် ဆန်းလျန်ရှေ့သို့ ရောက်ရှိလာလေသည်။
ယွမ်ချင်း စကားမပြောခင်မှာပင် ဆန်းလျန်က စကားစပြောလိုက်သည်။
"ဘာတွေဖြစ်လဲဆိုတာ သိပြီးပါပြီ ၊ လောကမှာ အရာအားလုံးက ကံတရားအတိုင်းပါပဲ ၊ ဒီနေ့ သူသေဆုံးသွားရပေမယ့် သူ့အတွက် အခြား ကံကြမ္မာကောင်းတစ်ခု ရှိပါတယ် ၊ မင်း စိတ်ပူစရာ မရှိပါဘူး…"
ဆန်းလျန်စကားကိုကြားသည့်အခါ ယွမ်ချင်းလည်း ထိုအတိုင်းသာ သဘောထားလိုက်လေသည်။
ထို့နောက် ဆန်းလျန်က…
"မင်းရောက်လာတာ အချိန်ကိုက်ပဲ ၊ ကျုပ် ချင်းရွှမ်တောင်ပေါ်က မကြာခင် ထွက်သွားတော့မယ် ၊ မင်းတို့ထဲက တစ်ယောက်ယောက်နဲ့ ကျုပ်ထွက်မသွားခင် တွေ့ချင်နေတာ ၊ ကျုပ်မသွားခင် ကျုပ်ရဲ့ ဆက်ခံသူအဖြစ် ဘယ်သူ့ကိုထားခဲ့ရမလဲ စဉ်းစားနေတာ ၊ အခုတော့ မင်း ဖြစ်နေခဲ့ပြီ…"
ယွမ်ချင်း၏ နှလုံးသား တစ်ချက်လှုပ်ရှားသွားလေသည်။
တာအိုဆရာသခင်ချင်းရွှမ် တောင်ပေါ်မှ ထိုမျှ မြန်မြန် ထွက်ခွာသွားမည်ဟု ယွမ်ချင်း ထင်မထားခဲ့မိပေ။ သူက အချိန်မီလေး ရောက်လာခြင်း ဖြစ်လေသည်။
သေသေချာချာ စဉ်းစားကြည့်မည်ဆိုလျှင် ဟွမ်ချွမ်ကျီသာ ဘုန်းတော်ကြီးငယ်လေးကို မသတ်ခဲ့လျှင် သူသည်လည်း တာအိုဆရာသခင်ချင်းရွှမ်ကို လာတွေ့မိမည် မဟုတ်ပေ။
အဖြစ်အပျက်များအားလုံးကို တာအိုဆရာသခင်ချင်းရွှမ် မသိဘူးဆိုသည်မှာ ဖြစ်နိုင်ပါမည်လား။
ထို့ပြင် ဟွမ်ချွမ်ကျီက သူ့အမှားသူ ဝန်ခံပြီး တာအိုဆရာချင်းရွှမ်ကို လာရောက်အကူအညီတောင်းမည်ဆိုလျှင် ယခုအချိန်တွင် တာအိုဆရာချင်းရွှမ်နှင့် တွေ့ဆုံရမည့်သူမှာ သူ မဟုတ်ဘဲ ဟွမ်ချွမ်ကျီ ဖြစ်ကောင်း ဖြစ်နေနိုင်သည်။
ယွမ်ချင်း သက်ပြင်းချလိုက်မိလေသည်။ ကံတရားဆိုသည်ကလည်း ဆန်းကျယ်လွန်းလေစွ။
ယွမ်ချင်းက…
"တာအိုဆရာသခင်ကြီးရဲ့ တာအိုတရားကို နှစ်ပေါင်းများစွာ နားထောင်ခဲ့တာတောင် ယွမ်ချင်း ဘယ်လိုပြန်ပေးဆပ်ရမလဲမသိပါဘူး ၊ ဒါကြောင့် တာအိုဆရာသခင်ကြီးရဲ့ စေတနာကို လက်မခံရဲပါဘူး…"
ဆန်းလျန်က…
"ကျုပ်က မင်းကို အမွေဆက်ခံစေချင်တယ်ဆိုရင် မင်း ငြင်းလို့ မရပါဘူး ၊ မင်း ကောင်းကောင်း ရယူလိုက်ပါ…"
ယွမ်ချင်းနှင့် အခြားသူများက သူ့ကို တာအိုဆရာသခင်ကြီးဟုခေါ်သည်ကို ဆန်းလျန်က မငြင်းဆန်ခဲ့ပေ။
အကြောင်းမှာ သူသည်လည်း တာအိုဆရာသခင်ကြီးတစ်ပါး မကြာခင် ဖြစ်တော့မည့် ပုဂ္ဂိုလ်တစ်ယောက် ဖြစ်လေသည်။ ထို့ပြင် ထိုသူများ ထိုသို့ ခေါ်ဆိုနေသည်ကိုလည်း အလုပ်ရှုတ်ခံပြီး ပြင်မပေးလိုတော့သောကြောင့် ဖြစ်သည်။
ထို့နောက် ဆန်းလျန်က အင်္ကျီလက်အတွင်းမှ ဓားတစ်လက်ကို ဆွဲထုတ်လိုက်လေသည်။
ဓားအလင်းရောင်က မှေးမှိန်နေပြီး ဓားဝိညာဉ်လည်း မရှိတော့ပေ။ ထိုဓားမှာ တာအိုဆရာယွိတင်၏ ဖန်ကူအလံနှင့်တိုက်ခိုက်ခဲ့ပြီးနောက် ပျက်စီးသွားခဲ့သည့် ဆန်းလျန်၏ ယွမ်တုဓားပင် ဖြစ်လေသည်။
ယွမ်ချင်းက ဆန်းလျန်လက်ထဲမှ ယွမ်တုဓားကို လှမ်းယူလိုက်လေသည်။ ချက်ချင်းပင် ထိုဓားည် သူနှင့်ရင်းနှီးနေသလို ခံစားလိုက်ရသည်။
ယွမ်ချင်းက နတ်ဘုရားစိတ်အာရုံကို အသုံးပြုပြီး ဓားကိုလေ့လာလိုက်သည့်အခါ ဓားမှာ ဝိညာဉ်စွမ်းအားကင်းမဲ့နေပြီး သာမန်သံချေင်းတစ်ချောင်းလောက်ပင် ခိုင်မာခြင်းမရှိသည်ကို တွေ့လိုက်ရသည်။
ထူးဆန်းလွန်းလှပေ၏။
ဆန်းလျန်က…
"ဒီဓားက ပျက်စီးနေတဲ့ သံစတစ်စလိုဖြစ်နေပေမယ့် အရင်ကတော့ လောကမှာ ထိပ်တန်းဓားတစ်လက်ပါ ၊ မင်းကတော့ ဒီဓားကို နတ်ဓားတစ်လက်ဖြစ်လာအောင် ပြန်လည်လေ့ကျင့်ပေးနိုင်လိမ့်မယ်…"
ယွမ်ချင်းက…
"ကျွန်တော် အကောင်းဆုံး ကြိုးစားပါ့မယ်…"
ဆန်းလျန်ကတော့ စိတ်ထဲမှ တွေးလိုက်မိသည်။
"တကယ်တော့ ဒီဓားက မင်းကိုယ်တိုင်ပါပဲ ၊ မင်းရဲ့ ကံကြမ္မာ ဘယ်လိုဖြစ်မယ်ဆိုတာ ကျုပ်သိထားခဲ့ပါတယ် ၊ မင်းသိနိုင်မလား မသိနိုင်ဘူးလားဆိုတာကတော့ မင်းအပေါ်ပဲ မူတည်ပါတယ်…"
ဆန်းလျန် ယွမ်ချင်းကို ထူးဆန်းသည့်အပြုံးတစ်ချက် ပြုံးပြလိုက်လေသည်။
ထို့နောက် အလင်းတန်းတစ်ခုအဖြစ်ပြောင်းလဲသွားပြီး ကောင်းကင်ထက်သို့ ပျံသန်းထွက်ခွာသွားလေတော့သည်။
ဆန်းလျန် ကောင်းကင်ထက်မှ တောင်တစ်ခွင်ကို ငုံ့ကြည့်လိုက်လေသည်။
ထို့နောက ်တိုးတိတ်သည့် လေသံဖြင့်…
"အခုချိန်ကစပြီး အဖြစ်အပျက်အားလုံးဟာ သမိုင်းထဲမှာ ကျန်ရစ်ခဲ့ပါပြီ…"
သက်ပြင်းချသံတစ်ချက်ကို တောင်တစ်ခွင်လုံးမှ သက်ရှိသတ္တဝါများအားလုံး ကြားလိုက်ကြရလေသည်။
သို့သော်… သက်ပြင်းချသံ၏ အကြောင်းရင်းကို မည်သူမှ မသိကြပေ။ သက်ပြင်းချသံကြောင့် အားလုံးက ဝမ်းနည်းသလို ခံစားလိုက်ကြရပြီး နောက်တော့ မေ့ပျောက်သွားကြလေသည်။
သစ်ရွက်စိမ်းများသည် ရော်ရွက်များအဖြစ် ကူးပြောင်းသွားပြီး မြေပြင်ထက်သို့ ကြွေလင့်သွားကြလေသည်။ နောက်နှစ်တွင်ပေါက်ရောက်မည့် သစ်ပင်များအတွက် မြေသြဇာအဖြစ် တဖြည်းဖြည်း ပြောင်းလဲသွားကြလေသည်။
ယွမ်ချင်း အတွေးထဲတွင် နစ်မျောနေခဲ့လေသည်။
သူယူလာသည့် ဘုန်းကြီးငယ်၏ အလောင်းမှာ ပျောက်ကွယ်သွားပြီးသည့်အတွက် ယွမ်ချင်း အံ့အားသင့်သွားလေသည်။ ထိုဘုန်းကြီးငယ်၏ ကံကြမ္မာ မည်သို့ဖြစ်မည်ကို ယွမ်ချင်းလည်း မသိရှိနိုင်ပေ။
ယွမ်ချင်း၏ ကျင့်ကြံခြင်းတန်ခိုးစွမ်းအားများမှာလည်း တဖြည်းဖြည်း နက်ရှိုင်းသည်ထက် နက်ရှိုင်းလာလေသည်။
လောကတွင် သွားရောက်ရန်နေရာ အတော်လေး နည်းပါးလေသည်။ လူပေါင်းများစွာကို ယွမ်ချင်း သိရှိခဲ့သော်လည်း တာအိုဆရာသခင်ချင်းရွှမ်မှတစ်ပါး အခြား ဒုတိယလူတစ်ယောက်အကြောင်းကို ယွမ်ချင်း မစဉ်းစားလိုခဲ့ပေ။
ဘုန်းကြီးငယ်ကို တာအိုဆရာသခင်ချင်းရွှမ်ကယ်တင်လိမ့်မည်ဟု သူ စိတ်ချလိုက်သည့်အခါ ယွမ်ချင်း စိတ်သ်သာရာရသွားပြီး သက်ပြင်းတစ်ချက်ချလိုက်လေသည်။
သူက ဘုန်းတော်ကြီးငယ်၏ ကံကြမ္မာ မည်သို့ဖြစ်မည်ကို မသိသော်လည်း သူ စိတ်ကူးနိုင်သည့်အနေအထားထက် ကျော်လွန်လေသည်။
တောင်ပေါ်တွင် ရုတ်တရက် ပြောင်းလဲမှုများ ဖြစ်ပေါ်လာသည်ကို သတိထားလိုက်မိသည့်အခါ ဟွမ်ချွမ်ကျီ စိတ်ဝင်စားသွားလေသည်။
သူတောင်ပေါ်သို့ တက်လာသည့်အခါ တစ်ယောက်တည်း မတ်တတ်ရပ်နေသည့် ယွမ်ချင်းကိုတွေ့မြင်လိုက်ရသည်။
နှစ်ပေါင်း (၃၀၀)ကျော် တောင်ပေါ်တွင် နေထိုင်ခဲ့သည့် တာအိုဆရာသခင်ချင်းရွှမ်ကို မတွေ့ရတော့ပေ။ တာအိုဆရာသခင်ကြီး မည်သည့်နေရာသို့ ရောက်ရှိသွားသည်လဲ ဟွမ်ချွမ်ကျီလည်း မသိရှိပေ။
ယွမ်ချင်းထံတွင် တစ်စုံတစ်ခုကို တွေ့မြင်ရသည့်အလား ဟွမ်ချွမ်ကျီက သူ့ကို နက်နက်ရှိုင်းရှိုင်း စိုက်ကြည့်နေခဲ့လေသည်။
သို့သော်… ယွမ်ချင်းက ယခင်ကအတိုင်း တည်တည်ငြိမ်ငြိမ်ပင် ရှိနေလေသည်။ သူ၏ အသက်ရှူသံများက အရင်ကထက်ပိုပြီး နက်ရှိုင်းနေသည်။
မကြာမီပင် ထိုက်ယီတောင်ထိပ်တွင် တရားကြားနာလေ့ရှိကြသည့် ကျင့်ကြံသူများ တဖြည်ဖြည်း စုရုံးရောက်ရှိလာကြလေသည်။
အားလုံးလူစုံတော့မှ ယွမ်ချင်းက ကြေငြာလိုက်သည်။
"တာအိုဆရာသခင်ကြီး ထွက်ခွာသွားပြီ ၊ သူက ကျုပ်ကို ဒီနေရာကို အမွေဆက်ခံဖို့ အမိန့်ရှိခဲ့တယ် ၊ ဒီတော့ ကျုပ်နောက်ကို မလိုက်ချင်တဲ့သူများရှိရင် တောင်ပေါ်က ဆင်းသွားလို့ ရပါတယ်…"
ပထမဆုံး ထွက်ခွာသွားရန် ဟန်ပြင်လိုက်သူမှာ ဟွမ်ချွမ်ကျီ ဖြစ်လေသည်။
ဟွမ်ချွမ်ချီက တသီးတသန့်နေတတ်ပြီး ယွမ်ချင်းလောက် လူချစ်လူခင်မများသော်လည်း သူ့ကို လေးစားသည့်သူများကလည်း တစ်ဒါဇင်မက ရှိလေသည်။ ထိုသူများကလည်း ဟွမ်ချွမ်ကျီနောက်သို့လိုက်ရန် အသင့်ပြင်လိုက်ကြသည်။
သို့သော်… တောင်ပေါ်တွင် ကျန်ရစ်ခဲ့သူများက (၉၀) ရာခိုင်နှုန်း ရှိလေသည်။
ယွမ်ချင်းက…
"ဒီ ချင်းရွှမ်တောင်မှာ တောင်ထိပ် (၅)ခု ရှိတယ် ၊ မင်း အနာဂတ်မှာ လမ်းသစ်တစ်ခု ထွင်ပြီး လျှောက်မယ်ဆိုရင် ဒီတောင်ထိပ် (၅)ခုထဲက မင်းနေချင်တဲ့ တစ်နေရာကို အေးအေးဆေးဆေး ရွေးခြယ်ပြီး နေနိုင်ပါတယ်…"
ဟွမ်ချွမ်ကျီက…
"ဒါနဲ့ တာအိုဆရာသခင်ကြီးက မင်းကို သူ့နေရာအမွေဆက်ခံဖို့ ပြောတဲ့အချိန်မှာ ဘေးမှ သက်သေအနေနဲ့ တစ်ယောက်ယောက်များ ရှိလား…"
ယွမ်ချင်းကခေါင်းခါရမ်းလိုက်ပြီး…
"မရှိဘူး…"
ဟွမ်ချွမ်ကျီက …
"ဒါဖြင့် သက်သေခံပစ္စည်းတစ်ခုခုရော ရှိလား…"
ယွမ်ချင်းက ဆန်းလျန်ပေးခဲ့သည့် ဓားရှည်ကို ထုတ်ယူပြီး ပြလိုက်လေသည်။
အားလုံးက ဓားရှည်ကိုကြည့်လိုက်ကြပြီး မည်သည့်ထူးခြားမှုကိုမှ မခံစားကြရပေ။
ဓားက မည်သည့်ထူးခြားချက်မှမရှိသည့်အပြင် သာမန်သံစတစ်စလောက်ပင် ခိုင်ခံ့ခြင်းမရှိဘဲ ပျက်စီးလျှက်ရှိလေသည်။
ဟွမ်ချန်ကျီက ထိုဓားမှာ တာအိုဆရာသခင်ကြီးတစ်ပါး၏ဓားဖြစ်သည့်အတွက် မည်သည့်တန်ခိုးစွမ်းအားကိုမှ သူ့အစွမ်းဖြင့် မြင်တွေ့နိုင်ခြင်းမရှိဟု ထင်မှတ်လိုက်မိသည်။
သို့သော်... သူလက်မခံနိုင်သည့်အချက်မှာ တာအိုဆရာသခင်ကြီးက သူ့ကိုတော့ အခွင့်အရေးမပေးခဲ့ဘဲ အဘယ့်ကြောင့် ယွမ်ချင်းကို အသိအမှတ်ပြုခဲ့ရပါသနည်း။
ဟွမ်ချွမ်ကျီ လက်ငါးချောင်းကို စွန်ကုပ်လက်သည်းပုံစံ မြှောက်လိုက်လေရာ အနက်ရောင်လက်သည်းများထွက်ပေါ်လာပြီး ယွမ်ချင်းကို စတင်တိုက်ခိုက်လိုက်လေသည်။
သူအသုံးပြုလိုက်သည့် ပညာမှာ ဟွမ်ချွမ်တစ္ဆေလက်ပညာ ဖြစ်လေ၏။
ထိုသိုင်းပညာက ပရိယာယ် သိပ်မရှိသော်လည်း ရန်သူနှင့်အပြင်းအထန် တိုက်ခိုက်သည့်အချိန်တွင် များစွာ အကျိုးသက်ရောက်မှု ရှိလေသည်။
ထို့ကြောင့် ဟွမ်ချွမ်ကျီ၏ တိုက်ခိုက်မှုကို ယွမ်ချင်း မပေါ့ဆရဲပေ။
ယွမ်ချင်းက နတ်ဘုရားအလင်းတန်းတစ်ခု ထုတ်လွှတ်ပြီး ဟွမ်ချွမ်ကျီကို ပြန်လည် တိုက်ခိုက်လိုက်လေသည်။
သို့သော်… မည်သို့ဖြစ်သည်မသိပေ။ ယွမ်ချင်းက နတ်ဘုရားအလင်းတန်း ထုတ်လွှတ်လိုက်သည်နှင့် ကောင်းကင်ထက်မှ ဓားဝိညာဉ်တစ်ခု ထွက်ပေါ်လာပြီး ယွမ်ချင်းကို ထိုးနှက်တိုက်ခိုက်လိုက်လေသည်။
ယွမ်ချင်းမှာ ရှောင်တိမ်းရန် အချိန်မရတော့ဘဲ ထိုဓားဝိညာဉ်ကို ခုခံရန်အတွက် ဆန်းလျန်ပေးခဲ့သည့် ဓားရှည်ကို အသုံးပြုလိုက်ရလေသည်။
အက်ကွဲသံတစ်သံထွက်ပေါ်လာပြီး ယွမ်ချင်းလက်ထဲမှ ဓားရှည်မှာ ထက်ပိုင်းကျိုးသွားလေတော့သည်။
ဟွမ်ချွမ်ကျီက နှာခေါင်းတစ်ချက် ရှုံ့လိုက်ပြီး…
"ဒါလား မင်းကို တာအိုဆရာသခင်ကြီးပေးတဲ့ သက်သေခံပစ္စည်းဆိုတာ..."
ယွမ်ချင်းက ဒေါသတကြီးဖြင့်....
"ကျုပ်က မင်းကိုလိမ်ပြောစရာလား..."
ဟွမ်ချွမ်ကျီက...
"မင်းပြောတာ အမှန်ဆိုရင်လည်း အခု သက်သေခံပစ္စည်းက ပျက်စီးသွားပြီ ၊ တာအိုဆရာသခင်ကြီးရဲ့ဆက်ခံသူဖြစ်ဖို့ မထိုက်တန်တော့ဘူး...."
***