ဗုဒ္ဓနှင့်တွေ့ဆုံခြင်း
Vol. 10 Ch. 992
ဟွမ်ချွမ်ကျီ၏ ရန်ပြုတိုက်ခိုက်မှုကိုခံရသည့်အခါ ယွမ်ချင်းက တည်ငြိမ်စွာဖြင့် ရင်ဆိုင်လိုက်လေသည်။
သူက ဓားကျိုးကို အရေးလုပ်မနေတော့ဘဲ အေးဆေးသည့် လေသံဖြင့်ပြောလိုက်သည်။
"ဟွမ်ချွမ်ကျီ.... မင်းကဘာဖြစ်ချင်တာလဲ..."
ဟွမ်ချွမ်ကျီက....
"ချင်းရွှမ်တောင်က ကျယ်ပြန့်တာတော့ မှန်ပါတယ်.... ၊ ဒါပေမယ့် တာအိုဆရာသခင်ချင်းရွှမ်ရဲ့ ဆက်ခံသူအစစ်အမှန်ကတော့ ကျုပ်ပဲ ဖြစ်သင့်တယ်..."
ယွမ်ချင်းက....
"မင်းကဘာလို့ဖြစ်ရမှာလဲ...."
ဟွမ်ချွမ်ကျီက နှာခေါင်းတစ်ချက်ရှုံ့လိုက်ရင်း...
"မင်းနဲ့ကျုပ်က သဘာဝချင်းအတူတူပဲ ၊ ဒီအချက်ကို မင်းလက်ခံတယ် မဟုတ်လား…"
ယွမ်ချင်းက တစ်ခဏမျှငြိမ်သက်နေပြီးမှ သက်ပြင်းတစ်ချက်ချလိုက်ရင်း....
"လက်ခံပါတယ်…"
ဟု ပြောလိုက်လေသည်။
ယွမ်ချင်းက ထိုစကားကိုပြောလိုက်သည့်အခါ ယွမ်ချင်းကိုထောက်ခံကြသူများမှာ အံ့အားသင့်သွားကြလေသည်။ ဟွမ်ချွမ်ကျီကိုထောက်ခံကြသူများကတော့ ယွမ်ချင်းထိုသို့ပြောလိမ့်မည်ဟု ထင်မှတ်မထားကြပေ။
အကြောင်းမှာ ယွမ်ချင်းနှင့် ဟွမ်ချွမ်ကျီမှာ စိတ်နေစိတ်ထား လုံးဝမတူသည့် ဆန့်ကျင်ဘက်လူ (၂)ယောက်ဖြစ်ကြောင်း သူတို့အားလုံးက လက်ခံထားကြသောကြောင့် ဖြစ်သည်။
စိတ်နေစိတ်ထားမတူသလို အကျင့်စရိုက်လည်းမတူလေရာ အဘယ်မှာ သဘာဝအားဖြင့် တူညီနိုင်ပါမည်နည်း။
သို့သော်... ယွမ်ချင်းကအဘယ့်ကြောင့် ဝန်ခံရပါသနည်း။
ဟွမ်ချွမ်ကျီကတော့ အံ့အားသင့်ဟန် မရှိပေ။
"မင်းနဲ့ကျုပ် စတွေ့ကတည်းက ကျုပ်တို့စိတ်ထဲမှာ အလိုလိုနားလည်ခဲ့ကြပါတယ်...၊ အခု နှစ်ပေါင်းများစွာ ကျင့်ကြံပြီးတဲ့နောက် ကျုပ်ဆီကထွက်ပေါ်နေတဲ့ သတ်ဖြတ်လိုတဲ့အငွေ့အသက်တွေအကြောင်း မင်းလည်းသိမှာပါ... ၊ ဒီသတ်ဖြတ်လို့တဲ့အငွေ့အသက်တွေက အရင်က မင်းမှာလည်းရှိတာပဲလေ... ၊ ဒါပေမဲ့ တာအိုဆရာသခင်ထိုက်ယီရဲ့ သင်ပြပေးမှုကြောင့် မင်းက အဲဒီ သတ်ဖြတ်လိုတဲ့ အငွေ့အသက်တွေကို ဖိနှိပ်ထားနိုင်ခဲ့တာ ၊ ကျုပ်ပြောတာ ဟုတ်တယ်မလား…"
ယွမ်ချင်းက…
"မင်းနဲ့ ကျုပ် (၂)ယောက်စလုံးက မွေးရာပါ သတ်ဖြတ်လိုတဲ့ အငွေ့အသက်တွေ ပါရှိကြတဲ့သူတွေလေ ၊ ဒါပေမဲ့ ကျုပ်က ဒီ သတ်ဖြတ်လိုတဲ့အငွေ့အသက်တွေကို ဖိနှိပ်ထားတာက ကိလေသာမြူမှုံတွေကို ပယ်သတ်ချင်တာကြောင့်ရယ် မဟုတ်ပါဘူး ၊ ကျုပ်သာ ဒီလိုမလုပ်ရင် အနာဂတ်မှာ ကြီးလေးတဲ့ ပြစ်မှုတွေကျူးလွန်တဲ့ လူသတ်သမားတစ်ယောက် ဖြစ်လာမှာကို ကြောက်ရွံ့မိလို့ပဲ…"
ဟွမ်ချွမ်ကျီက…
"ဒါက မွေးရာပါ ဗီဇပဲ ၊ မင်းက အဲဒါကို အတင်းအကျပ် ပြောင်းပြန်လှန်ပစ်ဖို့ ကြိုးစားနေတာပဲ ၊ အဲဒါ စည်းကမ်းချိုးဖောက်တာပဲ မဟုတ်လား ၊ မင်းသာ သဘာဝတရားကို နားမလည်ဘူးဆိုရင် တာအိုဆရာသခင်ကြီးတစ်ပါးရဲ့ ဆက်ခံသူ ဖြစ်လာဖို့ အရည်အချင်းမရှိဘူး…"
ဟွမ်ချွမ်ကျီက ခဏနားပြီး စကားဆက်ပြောလိုက်သည်။
"လူသားက လူ့လောကလမ်းစဉ်ကိုလိုက်တယ် ၊ လူ့လောကလမ်းစဉ်က မိုးကောင်းကင်လမ်းစဉ်ကို လိုက်တယ် ၊ မိုးကောင်းကင်လမ်းစဉ်က တာအိုလမ်းစဉ်နောက်ကိုလိုက်တယ် ၊ တာအိုလမ်းစဉ်က သဘာဝနောက်ကိုလိုက်တယ်… ၊ မင်းက သဘာဝတရားကို ဖျက်စီးပစ်တာပဲ ၊ မင်းရဲ့ မူလဗီဇသဘာဝကို ဖျက်စီးပစ်မှတော့ မင်း ကျုပ်ကို ဘယ်လိုလုပ် ယှဉ်နိုင်မှာလဲ ၊ လောကမှာ တာအိုမဟာလမ်းစဉ်တွေ အများကြီးရှိတယ် ၊ ဒါပေမဲ့ မင်းသွားတဲ့လမ်းကတော့ အတော်လေး မကောင်းတဲ့လမ်းပဲ ၊ မင်းနဲ့ကျုပ် အားလုံးက လူသားတွေပါပဲ ၊ မင်းရော ကျုပ်ရော တာအိုဆရာသခင်ထိုက်ယီရဲ့ တရားတွေကို ကြားနာခဲ့ကြဖူးတာပဲ ၊ ဘယ်ဟာကအမှား ဘယ်ဟာကအမှန်ဆိုတာ မင်းနားလည်သင့်တယ်…"
ယွမ်ချင်းက ပေါ့ပါးသည့်လေသံဖြင့်…
"တာအိုဆရာသခင်ချင်းရွှမ်ဟောတဲ့တရားထဲမှာတော့ သဘာဝအတိုင်းပဲလို့ အပြစ်ပုံချပြီး မဆင်မခြင်ပြုမူတာတွေကို လက်မခံဘူးတဲ့ ၊ ဒီတော့ မင်းပြောတဲ့စကားနဲ့ မတူပြန်ဘူး…"
ဟွမ်ချွမ်ကျီက…
"အဲဒီနေ့က တာအိုဆရာသခင်ထိုက်ယီနဲ့ တာအိုဆရာသခင်ချင်းရွှမ် တိုက်ခိုက်ကြတဲ့ပွဲကို မင်းရော ကျုပ်ရော တွေ့မြင်ခဲ့ကြတာပဲ မဟုတ်လား ၊ တာအိုဆရာသခင်ချင်းရွှမ်က တာအိုဆရာသခင်ထိုက်ယီကို အသာစီးရအောင် မတိုက်ခိုက်နိုင်ခဲ့ပါဘူး ၊ ပြောရရင် သူက တာအိုဆရာသခင်ကြီးတစ်ပါး ဟုတ်မဟုတ်ဆိုတာတောင် မသေချာဘူး…"
ယွမ်ချင်းက ပြုံးလိုက်ပြီး…
"ဒီလိုသာဆိုရင် ကျုပ် တာအိုဆရာသခင်ချင်းရွှမ်ရဲ့ ဆက်ခံသူအဖြစ် နေရာယူတာကို မင်းက ကျုပ်နဲ့ ဘာလို့ တိုက်ခိုက်စရာ အကြောင်းရှိသေးလဲ ၊ မင်းက တာအိုဆရာသခင်ထိုက်ယီရဲ့ ဆက်ခံသူလုပ်မယ်ဆိုရင် ကျုပ် မင်းနဲ့ တိုက်ခိုက်စရာ အကြောင်းမရှိဘူး ၊ ဒါပေမဲ့ မင်းက တာအိုဆရာသခင်ချင်းရွှမ်အပေါ်မှာ ဒီလိုစကားမျိုးပြောရဲသလား…"
ဟွမ်ချွမ်ကျီ စကားမမပြောနိုင်တော့ပေ။
သူက အလွန် စိတ်ဆိုးဒေါသထွက်နေသည့်အတွက် စိတ်လိုက်မာန်ပါ ပြောလိုက်ခြင်း ဖြစ်လေသည်။
အမှန်တော့… တာအိုဆရာသခင်ချင်းရွှမ်က ယွမ်ချင်းကို သူ၏ဆက်ခံသူအဖြစ် သတ်မှတ်သွားခြင်းကို ဟွမ်ချွမ်ကျီ လုံး၀ လက်မခံနိုင်ဖြစ်နေခြင်း ဖြစ်လေသည်။
ဟွမ်ချွမ်ကျီက တာအိုတရားအရာတွင်ရော ၊ တန်ခိုးစွမ်းအားအရာတွင်ပါ ယွမ်ချင်းထက်သာသည်ဟု သူ့ကိုသူယူဆထားခဲ့သည်။
သို့သော် ဆန်းလျန်က အဘယ့်ကြောင့် သူ့ကို အသိအမှတ်မပြုဘဲ ယွမ်ချင်းကို အသိအမှတ်ပြုခဲ့ရပါသနည်း။
ထို့ကြောင့် ဟွမ်ချွမ်ကျီက အကြောင်းပြချက်မခိုင်လုံ ၊ ကျိုးကြောင်းမဆီလျော်ဘဲ ယွမ်ချင်းကို ပုတ်ခတ်တိုက်ခိုက်နေခြင်း ဖြစ်လေသည်။
ထို့ပြင် သူပြောနေသည့်စကားများကလည်း တာအိုဆရာသခင်ထိုက်ယီ၏ စကားများကို လိုရာဆွဲပြီး ချိုးဖျက်ပြောဆိုနေခြင်း ဖြစ်လေသည်။
သုံးလောကနှင့် လမ်းကြောင်း (၆)ခုတွင် တာအိုဆရာသခင်ကြီးများထံမှ ဖုံးကွယ်ထားနိုင်သည့်အရာ တစ်ခုမှ မရှိပေ။
တာအိုဆရာသခင်ကြီးများသာ အသေးအဖွဲကအစ ဂရုစိုက်တတ်ပြီး သဘောထားသေးသိမ်သူများ ဖြစ်ကြပါက ဟွမ်ချွမ်ကျီ၏ စကားများကြောင့် တာအိုဆရာသခင်ထိုက်ယီသည်လည်း အမျက်ထွက်မည်ဖြစ်ပြီး တာအိုဆရာသခင်ချင်းရွှမ်ကလည်း လက်ဖျောက်တစ်ချက်တီးလိုက်သည်နှင့် သေကိန်းစိုက်ရမည် ဖြစ်သည်။
ဟွမ်ချွမ်ကျီ မည်သို့ စကားဆက်ပြောရမှန်းမသိတော့ပေ။
သို့သော်… သူ့အနေဖြင့် ပြောစရာစကားမရှိလျှင် လုပ်စရာအလုပ်ကိုသာ လုပ်ရပေတော့မည်။
သူက သူလျှောက်ချင်သည့်လမ်းကို လျှောက်ရမည်ဖြစ်သည်။ သူကျင့်ကြံချင်သည့် ကျင့်စဉ်ကို ကျင့်ကြံမည်ဖြစ်သည်။ ထို့ကြောင့် ယနေ့အငြင်းပွားမှုတွင် သူ့အနေဖြင့် ယွမ်ချင်းကို မည်သည့်နည်းနှင့်မှ အလျှော့မပေးနိုင်ပေ။
ဟွမ်ချွမ်ကျီက ယွမ်ချင်းကို ထပ်မံတိုက်ခိုက်ရန် ဟန်ပြင်လိုက်စဉ်မှာပင် ယွမ်ချင်းက သူ့ကို စိတ်စွမ်းအားဖြင့်ဆက်သွယ်ပြီး စကားပြောလိုက်လေသည်။
"မင်းနဲ့ ကျုပ်ရဲ့ကြားက အငြင်းပွားမှုက ကိုယ်ရေးကိုယ်တာကိစ္စပဲလေ ၊ ဘာလို့ တခြားသူတွေကို ပွဲထိုင်ကြည့်ခိုင်းနေမှာလဲ ၊ ဒီနေ့ည သန်းခေါင်ယံအချိန်မှာ ကောင်းကင်လောက်မြင့်ပြီး သမုဒ္ဒရာလောက်ကျယ်ပြန့်တဲ့ နေရာတစ်ခုကိုရှာပြီး တိုက်ခိုက်ကြမယ်လေ ၊ ဘယ်လိုလဲ…"
ဟွမ်ချွမ်ကျီက ယွမ်ချင်းကို လူရှေ့သူရှေ့တွင်ပင် အနိုင်ယူလိုခြင်း ဖြစ်သည်။
သို့သော်… အခြားအတွေးတစ်ခု ခေါင်းထဲဝင်လာလေသည်။
ယွမ်ချင်းသည် သူနှင့်အတူတူ တောင်ပေါ်တွင် ကျင့်ကြံခဲ့သူဖြစ်ပြီး အမှန်တရားကိုသိရှိသူတစ်ယောက် ဖြစ်လေသည်။ထို့ကြောင့် သူတို့ (၂)ယောက်အနေဖြင့် လူပုံအလယ်တွင် တိုက်ခိုက်ရန်မှာ မလိုအပ်ကြောင်း လက်ခံလိုက်လေသည်။
ဟွမ်ချွမ်ကျီကလည်း စိတ်စွမ်းအားဖြင့်ပင် ပြန်လည်စကားပြောလိုက်သည်။
"ကောင်းပြီ ၊ မင်း ရှုံးရင် ချင်းရွှမ်တောင်ကနေ ထွက်သွားရမယ် ၊ ဘယ်တော့မှ ပြန်ပေါ်မလာနဲ့တော့…"
ထိုစကားကိုကြားသည့်အခါ ယွမ်ချင်းက ပြုံးလိုက်ပြီး ခေါင်းတစ်ချက် ညိတ်ပြလိုက်သည်။
ယွမ်ချင်းဆီမှ ကတိပေးသည်ကိုသိလိုက်ရသည့်အခါ ဟွမ်ချွမ်ကျီက ဆက်လက်မတိုက်ခိုက်တော့ရန် ဆုံးဖြတ်လိုက်သည်။
ယွမ်ချင်းကိုသာ ဤတောင်ပေါ်မှ နှင်ထုတ်နိုင်မည်ဆိုလျှင် သူ့အနေဖြင့် ချင်းရွှမ်တောင်ကို အပိုင်ရမည် ဖြစ်လေသည်။
ထိုအခါ သူက ချင်းရွှမ်တောင်ပေါ်တွင် နတ်ဘုရားကျောင်းတော်တစ်ခု တည်ဆောက်ပြီး တပည့်များလက်ခံကာ အောင်မြင်ကျော်ကြားအောင် လုပ်ဆောင်မည်ဖြစ်သည်။
ထိုအခါ လူတိုင်းသည် သူနှင့် ယွမ်ချင်း မည်သူသာသည်ကို သိရှိသွားကြပေလိမ့်မည်။
ထို့နောက် ဟွမ်ချွမ်ကျီက အသံထုတ်ဖော်စကားပြောလိုက်လေသည်။
"အခုတော့ ပြောစရာမရှိတော့ဘူး ၊ နောက်တစ်ပတ်လပြည့်ညကျမှ ချင်းရွှမ်တောင်ပေါ်မှာ ပြန်ဆုံကြတာပေါ့…"
ပြောပြီးသည်နှင့် ဟွမ်ချွမ်ကျီက သူ့နောက်လိုက်မည့်တစ်စုနှင့်အတူ ထွက်ခွာသွားလေတော့သည်။
အမှန်တော့ သူတို့ (၂)ယောက် တိုက်ပွဲမှာ နောက်တစ်ပတ် လပြည့်ညတွင်မဟုတ်ဘဲ ယခုည သန်းခေါင်ယုံအချိန်တွင်ဖြစ်သည်ကို ယွမ်ချင်း သိရှိထားလေသည်။
ဟွမ်ချွမ်ကျီက အခြားသူများ အချိန်နှင့်နေရာ မရိပ်မိစေရန် တမင်တကာ စကားလွှဲပြောလိုက်ခြင်း ဖြစ်လေသည်။
ယွမ်ချင်း သက်ပြင်းတစ်ချက်ချလိုက်ပြီး မြေပြင်ထက်မှ ဓားကျိုးကို ကောက်ယူလိုက်သည်။
သူက ဓားကျိုးကို သေသေချာချာကြည့်လိုက်ရာ ဓားသွားထက်တွင် ရေးထိုးထားသည့် ဓားနာမည်ကို တွေ့လိုက်ရလေသည်။
"ယွမ်တုဓား…"
ဓားနာမည်က သူ့နာမည်နှင့် ဆင်တူနေသည်ကို ယွမ်ချင်းသတိပြုလိုက်မိသည်။
သူက စိတ်ထဲမှ တွေးလိုက်မိသည်။
"တာအိုဆရာသခင်ကြီးက မင်းကို နတ်ဓားတစ်လက်ဖြစ်အောင် လေ့ကျင့်ပေးဖို့ မှာသွားခဲ့တာ ၊ ဒါပေမဲ့ မမျှော်လင့်ဘဲ ကျုပ်က မင်းကို ကျိုးအောင် လုပ်လိုက်မိပြီ…"
ယွမ်ချင်း သက်ပြင်းတစ်ချက်ချလိုက်မိလေသည်။
ထိုအချိန်မှာပင် သူ့လက်ထဲတွင် တစ်စုံတစ်ခု ထူးခြားလာသည်ကို သတိပြုလိုက်မိသည်။
ယွမ်ချင်းက လက်ထဲမှ ယွမ်တုဓားကို တစ်ချက်ကြည့်လိုက်ရာ ဓားမှာ မကျိုးတော့ဘဲ အကောင်းအတိုင်းပြန်ဖြစ်နေသည်ကို တွေ့မြင်လိုက်ရလေသည်။
ဓားပြန်ဆက်သွားသည်ကို တွေ့မြင်လိုက်သည်နှင့် သူက လူအများကို ပြောလိုက်သည်။
"တာအိုရောင်းရင်းတို့ ၊ ကျုပ်နေတဲ့ ဂူထဲကို အရင်ပြန်နှင့်တော့မယ်…"
လူအများက…
"အစ်ကိုယွမ်ချင်း ၊ အဲဒီ ဟွမ်ချွမ်ကျီက သိပ်ကို မောက်မာလွန်းတယ် ၊ ကျုပ်တို့ သူ့နောက်တော့ မလိုက်နိုင်ဘူး ၊ အစ်ကိုယွမ်ချင်း အကူအညီလိုတာရှိရင် ကျုပ်တို့ကို ပြောနော်…"
ယွမ်ချင်းက ပြုံးလိုက်ပြီး …
"ဒါ ကျုပ်တို့ (၂)ယောက်ရဲ့ ကိုယ်ရေးကိုယ်တာ ပြဿနာပါ ၊ မိတ်ဆွေတို့ကို ဒုက္ခမပေးချင်ပါဘူး ၊ ဒီကိစ္စကို ကျုပ်ကိုင်တွယ်နိုင်မယ်ဆိုတာ အာမခံပါတယ်…"
လူအများ တိတ်ဆိတ်သွားကြလေသည်။
ဟွမ်ချွမ်ကျီက မောက်မာသူဖြစ်သည့်အတွက် ဟွမ်ချွမ်ကျီ၏ အုပ်ချုပ်မှုအောက်တွင် သူတို့ မနေချင်ကြပေ။
သို့သော်… ယွမ်ချင်းကတော့ သဘောကောင်းသူ ဖြစ်လေရာ ယွမ်ချင်း ဟွမ်ချွမ်ကျီကို ရှုံးနိမ့်သွားမည်ကို သူတို့ စိတ်ပူပန်နေကြလေသည်။
ယွမ်ချင်းက ထိုသူများကို စိတ်မပူကြရန် ပြောမနေတော့ပေ။ သူက အားလုံးကို လက်နှစ်ဖက်ဆုပ်ဂါရဝပြုလိုက်ပြီး အဝေးသို့ ထွက်ခွာသွားလေတော့သည်။
ထိုက်ယီတောင်ထိပ်တွင် မြူနှင်းများကျဆင်းနေပြီး တောင်ပေါ်မှ သစ်ပင်များ ၊ မြက်ပင်များအားလုံး နှင်းများဖြင့် ဖုံးလွှမ်းနေကြလေသည်။
တာအိုကျင့်ကြံသူတစ်ယောက်က…
"နောက်တစ်ပတ် လပြည့်ညကျ အစ်ကိုယွမ်ချင်းနဲ့ ဟွမ်ချွမ်ကျီတိုက်ခိုက်မှာ ၊ တိုက်ပွဲက ပြင်းထန်လိမ့်မယ် ၊ ကျုပ် အခုရက်တွေ ကျင့်ကြံပြီး စောင့်နေမယ် ၊ ဒါမှ အစ်ကိုယွမ်ချင်း အကူအညီလိုရင် ကူပြီးတိုက်ခိုက်ပေးလို့ရမယ် မဟုတ်လား…"
အားလုံးက …
"ဟုတ်တယ် ဟုတ်တယ်…"
ဟု ထောက်ခံလိုက်ကြလေသည်။
နောက်ထပ်ကျင့်ကြံသူတစ်ယောက်က…
"စောစောကပဲ အစ်ကိုယွမ်ချင်းရဲ့ လက်ထဲက ဓားကျိုးက ချက်ချင်းပြန်ဆက်သွားတာတွေ့လိုက်တယ် ၊ ဒီဓားက တာအိုဆရာသခင်ကြီးက အစ်ကိုယွမ်ချင်းကိုပေးခဲ့တာဆိုတော့ ထူးဆန်းတဲ့ဓားတစ်လက်ဖြစ်မှာအမှန်ပဲ ၊ အဲဒီဓားက အစ်ကိုယွမ်ချင်းကို တိုက်ပွဲမှာ အနိုင်ရဖို့ ကူညီနိုင်မှာပါ ၊ ကျုပ်တို့ သိပ်ပြီး စိတ်ပူဖို့ မလိုပါဘူး…"
မည်သို့ပင်ဖြစ်စေ သူတို့အားလုံး စိတ်ပူပန်နေကြပြီး တောင်ထိပ်တွင် အတန်ကြာမျှ ဆွေးနွေးမှုများ ပြုလုပ်နေကြလေသည်။
သို့သော် ယွမ်ချင်းသာလျှင် တာအိုဆရာသခင်ချင်းရွှမ်၏ ဆက်ခံသူ စစ်မှန်လျှင် ယွမ်ချင်းကို မည်သူမှ မောင်းထုတ်နိုင်မည် မဟုတ်ပေ။
ထိုအချက်ကို တွေးတောမိသည့်အခါ သူတို့အားလုံး စိတ်သက်သာရာ ရသွားကြပြီး သူတို့နေထိုင်ရာ နေရာများဆီသို့ အသီးသီး ပြန်လည်ထွက်ခွာသွားကြလေတော့သည်။
ယွမ်ချင်းက သူနေထိုင်သည့် ကျောက်ဂူသို့ ပြန်ရောက်လာပြီး ယွမ်တုဓားကို ထပ်ပြီး ချိုးပစ်လိုက်လေသည်။
သို့သော်… သိပ်မကြာမီ ယွမ်တုဓားက အလိုလို ပြန်ဆက်သွားပြန်လေ၏။
ယွမ်ချင်းက စိတ်အာရုံစူးစိုက်လိုက်ပြီး ဓားတန်ခိုးစွမ်းအားကို ထုတ်ဖော်လိုက်လေသည်။ သူ၏ ဓားတန်ခိုးစွမ်းအားများက ယွမ်တုဓားအတွင်းသို့ စီးဆင်းဝင်ရောက်လာလေသည်။
သို့သော်… သူ၏ ဓားတန်ခိုးစွမ်းအားက တိုးတက်လာခြင်း မရှိပေ။
မကြာမီ တစ်ခုခုမှားယွင်းနေသည်ကို ယွမ်ချင်း သိရှိသွားလေသည်။
အကြောင်းမှာ သူ ယွမ်တုဓားအတွင်းသို့ ထည့်သွင်းလိုက်သည့် ဓားတန်ခိုးစွမ်းအားများက ချက်ချင်းပြန်ပြည့်လာလေသည်။ သို့သော်… သူ၏ တန်ခိုးစွမ်းအား (၃၀) ရာခိုင်နှုန်းခန့်ကတော့ လျော့နည်းသွားလေသည်။
ယွမ်တုဓား၏ တန်ခိုးစွမ်းအား စုပ်ယူနှုန်းကတော့ သိပ်မများဘဲ ဆီလျော်မှုရှိသည်ဟု ယွမ်ချင်းတွေးတောလိုက်သည်။
သို့သော်… ထူးခြားမှုမှာ ယွမ်တုဓားအတွင်းသို့ ထည့်သွင်းလိုက်သည့် ဓားတန်ခိုးစွမ်းအားများ ပြန်လည်ပြည့်ဝလာသည့်အခါ ယခင်ကထက်ပိုမိုသိပ်သည်းပြီး သန့်စင်နေသည်ကိုသိရှိလိုက်ရခြင်း ဖြစ်လေသည်။
ထို့ပြင်… ထိုဓားတန်ခိုးစွမ်းအားများသည် သူနှင့် ယွမ်တုဓားအကြားတွင် ကြိုးမျှင်များအလား ချတ်ဆက်မှု ဖြစ်ပေါ်လာလေသည်။
သူ ယွမ်တုဓားကို ကြည့်လိုက်သည့်အခါ ယခင်ကထက်ပိုမိုပြီး ကြည်လင်သည်ကို တွေ့ရလေသည်။
ယွမ်ချင်းမှာ ရယ်ရမလို ငိုရမလိုပင် ဖြစ်သွားလေသည်။
အကြောင်းမှာ ယွမ်တုဓားဖြင့် ကျင့်ကြံခြင်းအားဖြင့် သူ၏တန်ခိုးစွမ်းအားများ သန့်စင်လာသလို ယွမ်တုဓားသည်လည်း ပိုမိုအသက်ဝင်လာလေသည်။
နှစ်ပေါင်းများစွာသာ ယွမ်တုဓားနှင့်အတူ ကျင့်ကြံမည်ဆိုလျှင် အလွန်အကျိုးရှိပေလိမ့်မည်။
သို့သော်… သူနှင့် ဟွမ်ချွမ်ကျီ၏ တိုက်ပွဲက အလွန်နီးကပ်နေပြီ ဖြစ်လေသည်။ ယခုအတိုင်းသာ ကျင့်ကြံနေမည်ဆိုလျှင် တိုက်ပွဲအမီ ဓားတန်ခိုးစွမ်းအားများ ပိုမိုတိုးတက်လာပါမည်လား မသေချာလှပေ။
ဤနည်းဖြင့်ဆိုလျှင် သူ၏တန်ခိုးစွမ်းအားများ သန့်စင်လာသည့်တိုင် တိုက်ခိုက်ရာတွင်တော့ သိပ်ပြီး အထောက်အကူပြုမည်မထင်ပေ။
ယွမ်ချင်း ပျားတုပ်နေစဉ်တွင် ဆန်းလျန်ကတော့ လင်စန်းတောင်ခြေသို့ ရောက်ရှိနေလေသည်။
တာအိုဆရာသခင်ထိုက်ယီကို တွေ့ပြီးသည့်နောက် သူ့အနေဖြင့် ဗုဒ္ဓနှင့်တွေ့ဆုံရဦးမည် မဟုတ်ပါလား။
***