← Chapters

လင်စန်းတောင်ကိုရောက်မှတော့ နောက်ပြန်လှည့်စရာ အကြောင်းမရှိ

Vol. 10 Ch. 993

လင်စန်းတောင်ကိုရောက်မှတော့ နောက်ပြန်လှည့်စရာ အကြောင်းမရှိ

Vol. 10 Ch. 993

ဆန်းလျန်အတွက်တာ့ လင်စန်းတောင်ကို ရှာဖွေရန်မှာ မခက်ခဲပေ။

သို့သော် တောင်ပေါ်ကိုတက်ရန်မှာတော့ ထင်သလောက် မလွယ်ကူလှပေ။

လူတိုင်း လင်စန်းတောင်ကို တွေ့မြင်နိုင်လေသည်။ လင်စန်းတောင်သည် ဗုဒ္ဓ၏ ကိုယ်ပိုင်ဓမ္မဖြင့် ဖန်ဆင်းထားသည့် တောင်တစ်တောင် ဖြစ်သည်။

လင်စန်းတောင်ပေါ်မှ ပန်းတစ်ပွင့် ၊ သစ်ရွက်တစ်ရွက် ၊ သစ်ပင်တစ်ပင်သည်ပင်လျှင် အားလုံး ဗုဒ္ဓ၏ ဓမ္မဖြင့် ဖန်ဆင်းထားခြင်း ဖြစ်လေသည်။

လင်စန်းတောင်သည် အမြဲတမ်း ရွေ့လျားပြောင်းလဲနေသည့် သဘောရှိသော်လည်း ၎င်းသည် ဗုဒ္ဓ၏ အံ့သြဖွယ်ရာအမှန်တရားကို ထင်ရှားစေသည်။

ဆန်းလျန် လင်စန်းတောင်ခြေသို့ရောက်လာသည့်အခါ တောင်ပေါ်မှ ရေစီးဆင်းသံအလား ထွက်ပေါ်နေသည့် ဗုဒ္ဓ၏ တရားဟောသံကို ကြားလိုက်ရလေသည်။ ဗုဒ္ဓ၏တရားသံသည် တောင်ခြေတစ်ခုလုံးတွင် ပျံ့နှံ့နေပြီး ဆန်းလျန် ပတ်ပတ်လည်တွင် လွင့်ပျံလျှက် ရှိသည်။

ဆန်းလျန်ဘေးတွင်သာ တစ်စုံတစ်ယောက် ရှိမည်ဆိုလျှင် ဆန်းလျန်၏ ဦးခေါင်းထက်တွင် နတ်သား ၊ နတ်သမီးပေါင်းများစွာ လှည့်ပတ်ပျံသန်းနေသည့် မြင်ကွင်းကို တွေ့မြင်ကြရမည် ဖြစ်လေသည်။

တိမ်တိုက်များထက်မှ နတ်သား ၊ နတ်သမီးများသည် ပန်းများအပြည့်ထည့်ထားသည့် ပန်းခြင်းတောင်းများကို ကိုင်ဆောင်ပြီး မွှေးရနံ့များကို ကျဲပက်ကာ ဆန်းလျန်ကို အဆုံးမရှိ လှပသည့် နတ်ဘုံနတ်နန်းတစ်ခုသို့ ခေါ်ဆောင်သွားတော့မည့်အလား ထင်မှတ်ရသည်။

စိုးရိမ်ပူပန်မှုများအားလုံး ပျောက်ဆုံးသွားစေပြီး စကားဖြင့်ပင် ဖော်ပြ၍မရနိုင်သည့် ပျော်ရွှင်ခြင်းနှင့် စိတ်ချမ်းမြေ့ခြင်းများကို ခံစားရမည် ဖြစ်လေသည်။

ဆန်းလျန် အပြုံးပါးပါးလေးတစ်ချက် ပြုံးလိုက်လေသည်။

ဗုဒ္ဓ၏ဓမ္မက တာအိုဆရာသခင်ထိုက်ယီ၏ တာအိုတရားထက် ချိုးဖျက်ရခက်နေပြီ မဟုတ်ပါလား။

အမှန်တော့ ဗုဒ္ဓသည် တာအိုဆရာသခင်ထိုက်ယီထက် သာလွန်ခြင်းမရှိသလို တာအိုဆရာသခင်ထိုက်ယီသည်လည်း ဗုဒ္ဓထက် သာလွန်ခြင်း မရှိပေ။

တာအိုတရာသခင်ထိုက်ယီ၏ တန်ခိုးစွမ်အားက ကျယ်ပျံ့နက်ရှိုင်းသည့် စကြာဝဠာကြီးအလား ဖြစ်လေသည်။ ခိုင်ကြည်သည်။ နက်ရှိုင်းသည်။ တန်ခိုးစွမ်းအားမြင့်မားသည်။

သို့သော်… ဗုဒ္ဓ၏တန်ခိုးစွမ်းအားကတော့ စကြာဝဠာကို ဖြစ်တည်စေသည့် အမှုံငယ်လေးများနှင့် ဆင်တူလေသည်။ ဆန်စေ့ ၊ သဲမှုံ ၊ မြက်ပင် ၊ ဓားသွား ၊ သေးငယ်သည့် အရာအားလုံးထဲတွင် တန်ခိုးစွမ်းအားတစ်ခုချင်းစီ တည်ရှိနေလေသည်။

ဆန်းလျန်၏ စိတ်ကို မူးနောက်စေပြီး နှလုံးသားကို ပြောင်းဆန်အောင် လှည့်ပတ်ပစ်နိုင်စွမ်း ရှိလေသည်။

သူသာ လှည့်ဖြားခြင်းလောကသံသရာအတွင်းသို့ ကျရောက်သွားပါက ဂင်္ဂါသဲမြစ်ကမ်းမှ သဲမှုံများ၏အရေအတွက်အတိုင်း အချိန်နှင့်နေရာအတွင်း ပိတ်မိနေပြီး ပြန်လည်လွတ်မြောက်ရန်မှာ ခက်ခဲပေလိမ့်မည်။

လန်စန်းတောင်ထိပ်ရှိ ဗုဒ္ဓတရားဟောပြောရာ တာ့ရှုန်ရတနာခန်းမဆောင်ကြီးအတွင်းတွင်တော့ ဗုဒ္ဓက တရားဟောပြောခြင်းကို ရပ်လိုက်လေသည်။

ထို့နောက် ဗုဒ္ဓက ဘုန်းတော်ကြီးတစ်ပါးရှိရာသို့ လှည့်ကြည့်လိုက်ပြီး…

"ကျုပ်မှာ ရတနာပစ္စည်း (၂)ခုရှိတယ် ၊ တစ်ခုက နံနက်ခင်းမှာတီးခတ်တဲ့ နံနက်ခင်းခေါင်းလောင်းပဲ ၊ ဒုတိယတစ်ခုကတော့ ညနေပိုင်းမှာတီးခတ်တဲ့ ညနေခင်း 'တုံး' ပဲ… ၊ အဲဒီ ရတနာပစ္စည်းတွေကို တာ့လေယင်းကျောင်းတော်အဝင်တံခါးမှာ ချိတ်ဆွဲထားပြီး အဲဒီသူကို တားဆီးထားလိုက်ပါ…"

ချက်ချင်းပင် ဘုန်းတော်ကြီး၏လက်ထဲတွင် ရတနာပစ္စည်း (၂)မျိုးပေါ်လာလေသည်။ ထိုအရာများမှာ နံနက်ခင်းခေါင်းလောင်းနှင့် ညနေခင်း 'တုံး' ပင် ဖြစ်လေသည်။

"အရှင်ဘုရားပြောတဲ့အတိုင်း အမိန့်နာခံပါ့မယ်…"

ဘုန်းတော်ကြီးက ရတနာပစ္စည်းများကိုယူဆောင်ပြီး ထွက်ခွာသွားလေတော့သည်။

ဘုန်းတော်ကြီးထွက်ခွာသွားသည်နှင့် ကျန်ရှိသည့် ဘုန်းတော်ကြီးများက မေးခွန်းထုတ်လိုက်ကြသည်။

"အရှင်ဘုရား… ဒီလိုလုပ်ရတဲ့ အဓိပ္ပါယ်က ဘာများလဲ…"

ဗုဒ္ဓက…

"ကျုပ် လူ့လောကအလယ်က လူတစ်ယောက်ကို ကူညီခဲ့ဖူးတယ် ၊ အခု အဲဒီလူ ကျုပ်ကို လာရှာနေပြီ…"

ဘုန်းတော်ကြီးက…

"အရှင်ဘုရားပြောတော့ ဗုဒ္ဓရဲ့ဓမ္မက သက်ရှိသတ္တဝါတိုင်းကို ကူညီတဲ့တရားတွေ ဖြစ်တယ်ဆို…"

ဘုန်းတော်ကြီးမေးသည့်အဓိပ္ပါယ်က ဗုဒ္ဓ၏ ဓမ္မသည် သတ္တဝါအပေါင်းကို ကူညီနိုင်သည့် တရားများဖြစ်လေရာ လူတစ်ယောက်တည်းကို ဗုဒ္ဓက အဘယ့်ကြောင့် ကူညီရပါသနည်း ဆိုလိုခြင်း ဖြစ်သည်။

ဗုဒ္ဓက…

"လူသားအားလုံးကို ကူညီတယ်ဆိုတာ ယေဘူယျဖြစ်တယ် ၊ တစ်ယောက်တည်းကို ကူညီတယ်ဆိုတာကတော့ ရည်ရွယ်ချက်ဖြစ်တယ်…"

"သာဓု…"

အခြားဘုုန်းတော်ကြီးများကလည်း သာဓုခေါ်လိုက်ကြလေသည်။

ထို့နောက် ဗုဒ္ဓက ဆက်လက် တရားဟောပြောနေလေသည်။

ဗုဒ္ဓ၏ အသံတော်သည် ဘုန်းတော်ကြီးများအားလုံး၏ နားထဲသို့ ဝင်ရောက်လာပြီး မည်သူ့ကိုမှ ဘက်လိုက်ခြင်းမရှိဘဲ သင်ပြပေးလျှက် ရှိလေသည်။

သို့သော်… ဘုန်းတော်ကြီး တစ်ပါးစီတိုင်းအတွက် နားလည်နိုင်မှုကတော့ ကိုယ်တိုင်အပေါ်တွင်သာ မူတည်လေ၏။

ဗုဒ္ဓက တရားဟောပြောနေသော်လည်း သူ၏ မျက်လုံးများကတော့ တောင်ခြေမှ ဆန်းလျန်ရှိရာသို့ ကြည့်ရှုလျှက် ရှိလေသည်။

ထို့နောက် ဆန်းလျန် တောင်ခြေမှ ပျောက်ကွယ်သွားလေတော့သည်။

လင်စန်းတောင်ပေါ်သို့ တက်လာရန်မှာ ခက်ခဲလေသည်။ သို့သော်… ခက်ခဲသည်ဆိုခြင်းမှာ "မဖြစ်နိုင်ခြင်း" တော့ မဟုတ်ပေ။

မဖြစ်နိုင်ဘူးဆိုလျှင်တောင်မှ ဆန်းလျန်က ဖြစ်အောင်လုပ်မည့်သူ ဖြစ်သည်။

လောကတွင် မဖြစ်နိုင်ဆိုသည့်အရာများကိုပင် ဆန်းလျန်က သဘာဝကျကျဖြင့် ဖြစ်အောင်လုပ်နိုင်ခဲ့သည့် သာဓကများ ရှိခဲ့သည် မဟုတ်ပါလား။

တာအိုဆရာသခင်ကြီးများသည်လည်း မဖြစ်နိုင်သည်များကို ဖြစ်အောင် လုပ်ပြသူများဖြစ်ကြလေသည်။ ဤသည်မှာ လျှို့ဝှက်နက်နဲသည်ဟု ဆိုနိုင်သော်လည်း နားလည်ရန်ခက်ခဲသည့်အချက်တော့ မဟုတ်ခဲ့ပေ။

ဆန်းလျန်၏ အမြင်တွင်တော့ စကြာဝဠာကြီးသည် အွန်လိုင်းဂိမ်းတစ်ခုနှင့်ဆင်တူလေသည်။

တာအိုဆရာသခင်ကြီးများသည် ဂိမ်း၏ မူလကုဒ်နံပါတ်ဖြစ်ပြီး ဂိမ်းတစ်ခုလုံးကို နားလည်သဘောပေါက်ကာ လိုအပ်သလို စည်းမျဉ်းများ ပြောင်းလဲသတ်မှတ်နိုင်သူများ ဖြစ်ကြသည်။

သူ တာအိုဆရာသခင်ကြီးတစ်ပါး ဖြစ်လာရန် နီးကပ်လာလေ တာအိုဆရာသခင်ကြီးများ၏ အဘယ့်ကြောင့် စိတ်ခံစားချက်ကင်းမဲ့ရသည်ကို မိုမိုနားလည်လာလေလေ ဖြစ်လေသည်။

စိတ်ခံစားချက်ကင်းမဲ့ခြင်းက မိမိကိုယ်ကိုထိန်းချုပ်ပြီးသား ဖြစ်လေသည်။ ထို့ကြောင့်သာ တာအိုဆရာသခင်ကြီးများကြောင့် လောကတွင် ပျက်စီးမှုများစွာ မဖြစ်ခဲ့ကြခြင်း ဖြစ်သည်။

အသက်ရှင်သန်နေချိန်တွင် တောက်ပနေသည့်နေနှင့်လကို တွေ့မြင်နိုင်မည် ဖြစ်ပြီး သေဆုံးသွားသည့်အချိန်တွင်တော့ နေနှင့်လက မှောင်မိုက်သွားမည် ဖြစ်သည်။

ထို့ကြောင့် သေခြင်းနှင့်ရှင်ခြင်းကြားတွင် ကိုယ့်ကိုယ်ကိုယ်ထိန်းချုပ်နိုင်ပါက ပြဿနာနည်းမည်ပင် ဖြစ်၏။

ဆန်းလျန်သည် တာအိုဆရာသခင်ကြီးများကို အမြင်သစ်တစ်မျိုးဖြင့် နားလည်လာခဲ့ပြီ ဖြစ်သည်။

လင်စန်းတောင်သို့ ရောက်ရှိလာချိန်တွင် သူ၏ နားလည်မှုက ပိုမို နက်ရှိုင်းလာခဲ့ပြီ ဖြစ်လေသည်။

လင်စန်းတောင်သို့ တက်ရာလမ်းတစ်လျှောက် ဆန်းလျန်၏ ခြေထောက်အောက်ရှိ မြေမှုန့်တစ်မှုန်ချင်းစီအတွင်းထဲတွင် ဗုဒ္ဓ၏တန်ခိုးစွမ်းအား ယန္တရားများ တည်ရှိနေလေသည်။

တစ်ချိန်တည်းမှာပင် ဆန်းလျန်သည် ဗုဒ္ဓ၏ တန်ခိုးစွမ်းအားများထဲတွင် သတ္တဝါများအပေါ်တွင် ဖောက်ပြန်ခြင်း အလျဉ်းမရှိသည့် ဗုဒ္ဓ၏ ကရုဏာတရားကို ခံစားရလေသည်။

ဗုဒ္ဓသည် တာအိုဆရာသခင်ထိုက်ယီနှင့် နှစ်ပေါင်းအသင်္ချေယှဉ်ပြိုင်တိုက်ခိုက်နေခဲ့သော်လည်း သတ္တဝါများအပေါ် ထားရှိသည့် ဗုဒ္ဓ၏ကရုဏာတရားနှင့် မေတ္တာတရားကတော့ လှည့်စားခြင်းမဟုတ်သည့် အစစ်အမှန် ဖြစ်လေသည်။

ဆန်းလျန် ခြေတစ်လှမ်းလှမ်းလိုက်တိုင်း ဗုဒ္ဓ၏ ကရုဏာတရားကို ခံစားရလေသည်။

သတ္တဝါများသည် လူ့လောက ဒုက္ခပင်လယ်တွင် ကူးခတ်နေကြသူများဖြစ်သောကြောင့် ဗုဒ္ဓက သနားကရုဏာထားရှိခဲ့ခြင်း ဖြစ်လေသည်။

ဗုဒ္ဓ၏ ကရုဏာကို ခံစားရပြီးနောက် ဆန်းလျန်သည် လူ့လောက ဒုက္ခပင်လယ်ကို စတင်ခံစားရလေတော့သည်။

လင်စန်းတောင်ထက်သို့ တက်နေသည့် ဆန်းလျန်၏ ခြေလှမ်းများသည် လူ့လောကဒုက္ခပင်လယ်မှ ရှိသမျှ ဒုက္ခများကို သယ်ပိုးထားရသည့်အလား စတင် ခံစားလာရလေသည်။

ဆန်းလျန် ထိုဒုက္ခတရားများကို ဖယ်ရှားမပစ်နိုင်ခဲ့ပေ။ အကြောင်းမှာ သူက ဗုဒ္ဓနှင့် အကြောင်းအကျိုး ပတ်သက်ခဲ့သူ ဖြစ်ပြီး ဗုဒ္ဓကို အကြွေးတင်နေခဲ့သောကြောင့် ဖြစ်လေသည်။

ဆန်းလျန်၏ ခြေလှမ်းများ လေးလံလာလေ ပတ်ဝန်းကျင်မှ သစ်ပင်များ ၊ ဝါးပင်များ ၊ ကျောက်ဆောင်များသည်လည်း ယိမ်းထိုးလှုပ်ရှားလာလေ ဖြစ်လေသည်။

သူ၏မျက်လုံးများ မှိတ်လိုက်လျှင် နတ်သား ၊ နတ်သမီးများထံမှ မွှေးရနံ့များကလည်း ယခုတိုက်ရရှိနေဆဲ ဖြစ်လေသည်။

ထို့ပြင် သူ၏ စိတ်အာရုံတွင် မြက်ပင်များ ယိမ်းယိုင်နေသည်ကို တွေ့မြင်ရပြီး အသက်ဓာတ်စွမ်းအားအနည်းငယ်ကို ခံစားရလေသည်။

မွှေးရနံ့နှင့် အသက်ဓာတ်စွမ်းအားများက ဆန်းလျန်၏ ဝန်ထုပ်ဝန်ပိုးများကို အနည်းငယ် ဖြေလျှော့ပေးလေသည်။

ဗုဒ္ဓက ဆန်းလျန်ကို လူ့လောက၏ဆင်းရဲဒုက္ခများကို မြည်းစမ်းစေချင်သလို ချိုမြိန်မှုကိုလည်းသိရှိစေလိုဟန် ရှိလေ၏။

တာအိုဆရာသခင်ထိုက်ယီကိုသာ အရင်တွေ့ဆုံခဲ့ခြင်းမရှိဘဲ ဗုဒ္ဓကိုသာ အရင်ဆုံး လာရောက်တွေ့ဆုံခဲ့လျှင် ဆန်းလျန်၏ နှလုံးသား ဤမျှခိုင်မာမှုမရှိဘဲ တုန်လှုပ်မိမည် ဖြစ်လေသည်။

သို့သော် ယခုတော့ သူက တာအိုဆရာသခင်ထိုက်ယီ၏ ထိပ်တန်းတန်ခိုးစွမ်းအားကို ရင်ဆိုင်ပြီးဖြစ်သည့်အတွက် စိတ်တည်ငြိမ်လျှက် ရှိလေသည်။

သူက သမိုင်းကို ပြန်လည်ဖွင့်လှစ်ခဲ့ပြီး အရာအားလုံးကို လွှမ်းမိုးလိုခဲ့သည်။

လင်စန်းတောင်ထိပ်သို့ ရောက်လုလုအချိန်တွင် ဆန်းလျန်က သူ့လက်များထက်တွင် တံဆိပ်တော်တစ်ခုကို ဖန်ဆင်းလိုက်လေသည်။

ထိုစည်းတံဆိပ်သည် လှုပ်ရှားခြင်းအလျှဉ်းမရှိသည့် ရူပနတ်ဘုရားမင်းကြီးတံဆိပ်တော် ဖြစ်လေသည်။

ဆန်းလျန်လက်ထဲမှ တံဆိပ်တော်ကို ရူပနတ်ဘုရားမင်းကြီးပင်လျှင် ပျက်စီးသွားအောင် တိုက်ခိုက်နိုင်မည် မဟုတ်ပေ။ လင်စန်းတောင်၏ နက်နဲမှုကို သဘောပေါက်ခဲ့သည့်အတွက် ဆန်းလျန်က ထိုတံဆိပ်တော်ကို ထုတ်ဖော်အသုံးပြုလိုက်ခြင်း ဖြစ်လေသည်။

တံဆိပ်တော်ကို ထုတ်ဖော်လိုက်သည်နှင့် ဆန်းလျန် ပိုမိုတည်ငြိမ်လာလေသည်။ တံဆိပ်တော်၏ တန်ခိုးစွမ်းအားကို မှီခိုပြီး ဆန်းလျန် တာအိုတန်ခိုးစွမ်းအားတစ်ခုကို ထုတ်ဖော်လိုက်သည်။

ဆန်းလျန် ထုတ်ဖော်လိုက်သည့် တန်ခိုးစွမ်းအားက တည်ငြိမ်ပြီး ယင်နှင့်ယန်အပါအဝင် လောက၏ စည်းမျဉ်းများအားလုံးကို ချိုးဖျက်တော့မည့်အလား ခံစားရစေသည်။

သို့သော်… လောကရှိ စည်းမျဉ်းများအားလုံးက ရွှေ့လျားနေပြီး အတားအဆီးများကို ကျော်ဖြတ်ရန်မှာ ခက်ခဲလှလေသည်။

တာ့လေယင်းကျောင်းတော်…။

တာ့လေယင်းကျောင်းတော်သို့ ရောက်ရှိရန် ဆန်းလျန် မည်မျှ အချိန်ကြာခဲ့သည်လည်း မသိရှိနိုင်ပေ။

တာ့လေယင်းကျောင်းတော်ကို တွေ့မြင်ရသည့်အခါ ဒဏ္ဍာရီထဲရှိ စာပေများတွင်ရေးသားထားသည်ထက် ပိုမိုခမ်းနားသည်ကို တွေ့မြင်လိုက်ရလေသည်။

တာ့လေယင်းကျောင်းတော်တံခါးကို ဖြတ်ကျော်ပြီးလျှင် တာ့ရှုန်ရတနာခန်းမသို့ရောက်ရှိပြီး ဗုဒ္ဓကို တွေ့မြင်ခွင့်ရမည် ဖြစ်လေသည်။

သို့သော်… ဆန်းလျန် တာ့လေယင်းကျောင်းတော်အတွင်းသို့ မဝင်ခင် အဝင်တံခါးတွင် ရတနာပစ္စည်း (၂)ခုကို တွေ့မြင်လိုက်ရလေသည်။

တာ့လောယင်းကျောင်းတော်ဆိုသည့် ဆိုင်းဘုတ် ဘေးတစ်ဖက်တစ်ချက်စီတွင် ခေါင်းလောင်းတစ်ခုနှင့် 'တုံး' တစ်ခု ချိတ်ဆွဲထားသည်ကို တွေ့ရလေသည်။

နံနက်ခင်းခေါင်းလောင်းနှင့် ညနေခင်း 'တုံး'…။

ထိုရတနာပစ္စည်းများ၏ မူလဇာစ်မြစ်ကို ဆန်းလျန် သိရှိလေသည်။

နံနက်ခင်းခေါင်းလောင်းနှင့် ညနေခင်း 'တုံး' မှာ စည်းစိမ်ချမ်းသာကြွယ်ဝစေသည်ဟု လောကတစ်ခွင်တွင် ကျော်ကြားသည့် ရတနာပစ္စည်းများ ဖြစ်လေသည်။

ဆန်းလျန်သည် ဗုဒ္ဓကျမ်းဂန်များထဲတွင် ဖော်ပြထားသည့် လူ့လောကဒုက္ခပင်လယ်နှင့် ထူးဆန်းသည့်အိပ်မက်အကြောင်းကို ပြန်လည်စဉ်းစားနေမိသည်။

"မိုးကုတ်စက်ဝိုင်းသို့ လှမ်းမျှော်ကြည့်လိုက်လျှင် တစ်ဖက်ကမ်းကိုတွေ့မြင်နိုင်မည်…"

နံနက်ခင်းခေါင်းလောင်းနှင့် ညနေခင်း 'တုံး' ကို တွေ့မြင်လိုက်ရသည်နှင့် ဆန်းလျန်၏ နားထဲတွင် ထိုကျမ်းစာရွတ်ဆိုသံကို ကြားလိုက်ရလေသည်။

ထို့နောက် ဆန်းလျန်က ရှေ့သို့ ခြေတစ်လှမ်းတိုးကာ တာ့လေယင်းကျောင်းတော်အတွင်းသို့ဝင်ရန် ကျောက်တုံးလှေကားထစ်များအတိုင်း လှမ်းတက်လာခဲ့လေသည်။

သူ၏ ခြေလှမ်းများတွင် မည်သည့်တန်ခိုးစွမ်းအားမှ မပါရှိဘဲ ကျောက်တုံးလှေကားထစ်များကို ညင်ညင်သာသာပင် ဖြတ်သန်းသွားလေသည်။

"နောက်ပြန်လှည့်ရင် တစ်ဖက်ကမ်းကို တွေ့ရလိမ့်မယ် … ဆန်းလျန်…"

ဗုဒ္ဓ၏အသံက သူ့နားထဲသို့ ဝင်ရောက်လာလေသည်။

ထိုစကားသံထဲတွင် လုံး၀ ခံစားချက်ပါဝင်ခြင်း မရှိပေ။

သို့သော်… ဆန်းလျန်ကတော့ သူ့ရှေ့တွင် တစ်ခုတည်းသောလမ်း ရှိနေသည့်အလား ရှေ့ဆက်လျှောက်လာလေသည်။

ကျောက်တုံးလှေကားထစ်များကို ဖြတ်ကျော်နေရင်း ဆန်းလျန် ခေါင်းကိုငုံ့ကာ သူ့ခြေထောက်များကို ကြည့်လိုက်သည်။ ထိုအခါ သူ၏ ခြေထောက်များသည် အိပ်မက်ဆန်စွာ ေ၀ဝါးလျှက် ရှိသည်ကို တွေ့မြင်လိုက်ရလေသည်။

သူတက်ကြွစွာ လုပ်ဆောင်ခဲ့သည့်အရာအားလုံးသည် အိပ်မက်များလေလား…။ သို့မဟုတ် လျှပ်စီးထဲမှ နှင်းစက်ငယ်အလား ပျောက်ကွယ်သွားရတော့မည်လား။

အဆုံးသတ်တွင် အရာအရာသည် အိပ်မက်တစ်ခုဖြစ်နေမည်မှာ ကြောက်ရွံ့စရာ ကောင်းလှပေသည်။

သို့သော်… ဆန်းလျန်က ကြောက်ရွံ့ခြင်း အလျဉ်းမရှိပေ။

သူက တာ့လေယင်းကျောင်းတော်အတွင်းထဲသို့ စူးစိုက်ကြည့်လိုက်ပြီး…

"လင်စန်းတောင်ကိုရောက်မှတော့ နောက်ပြန်လှည့်စရာ အကြောင်းမရှိတော့ပါဘူး…"

နောက်ပြန်လှည့်လျှင် တစ်ဖက်ကမ်းကို တွေ့မြင်ရမည်ဆိုလျှင် ရှေ့ဆက်သွားလျှင်လည်း တစ်ဖက်ကမ်းကို တွေ့မြင်ရမည်ပဲ မဟုတ်ပါလား။

ဆန်းလျန် ရှေ့သို့ ဆက်လက်လျှောက်လှမ်းလာလေသည်။

ထိုအချိန်… နံနက်ခင်းခေါင်းလောင်းနှင့် ညနေခင်း 'တုံး' များမှ  ကျယ်လောင်သည့်အသံများ ထွက်ပေါ်လာလေသည်။

ခေါင်းလောင်းသံ ၊ တုံးခေါက်သံများသည် ဗုဒ္ဓကျမ်းစာရွတ်ဖတ်သံများကြားတွင် လှည့်ပတ်သွားပြီး မဆုံးမရှိသည့် သမုဒ္ဒရာကြီးတစ်ခုအလား ဆန်းလျန်ကို နစ်မြုပ်သွားစေခဲ့သည်။

ဗုဒ္ဓ၏ တန်ခိုးစွမ်းအားက အလွန်မှ စွမ်းအားကြီးမားလွန်းပါပေ၏။

ဆန်းလျန် သမုဒ္ဒရာထဲတွင် ပိတ်မိနေရင်း ဗုဒ္ဓ၏ဓမ္မစွမ်းအားသည် ကျော်လွှားဖက်ပြိုင်ရန် မည်မျှခက်ခဲကြောင်း သိရှိလိုက်ရသည်။

သို့သော်… ဆန်းလျန်က မဆုတမနစ်ဖြင့် သမုဒ္ဒရာထဲတွင် စိတ်ရှည်စွာ ကူးခတ်နေဆဲ ဖြစ်လေသည်။ သူ လွတ်မြောက်ချင်သည်ဆိုလျှင် သေသေချာချာ ဂရုစိုက်လုပ်ဆောင်ရန် လိုအပ်လေသည်။

ဆန်းလျန် လုံး၀ မဟန်နိုုင်တော့သည့်အချိန်တွင် စိတ်ကိုတည်ငြိမ်အောင်ထားလိုက်ပြီး မျက်လုံးများကို အသာမှိတ်လိုက်လေသည်။

ထိုအခါ တံခါးတစ်ချပ်ကို တွေ့မြင်ရလေ၏။

"အံ့ဖွယ်အမှုတံခါး…"

***

All Chapters