ကောင်းကင်ထက်မှကျလာသည့်လက်ဖဝါး
Vol. 10 Ch. 994
ဟွင့်ယွမ်တာအိုသစ်သီးကို လီချင်းဆွေ ဆန်းလျန်ကို ပြောပြပြီးသည့်နောက် သူတို့ (၂)ယောက် အံ့ဖွယ်အမှုတံခါး ထူးခြားဆန်းကျယ်မှုများကို အတူတူ နားလည်သိရှိခဲ့ကြသည်။
ယခု ဆန်းလျန်က အံ့ဖွယ်အမှုတံခါး၏ တန်ခိုးစွမ်းအားများကို ယူငင်အသုံးပြုလိုက်လေသည်။
ထို့နောက်… အံ့ဖွယ်အမှုတံခါး ရုတ်တရက် ပွင့်သွားလေ၏။
အဆုံးမရှိသည့် အလင်းတန်းများ တံခါးအတွင်းမှ ထွက်ပေါ်လာပြီး ဆန်းလျန်၏ ခန္ဓာကိုယ်တစ်ခုလုံးမှ အလင်းတန်းများ ထွက်ပေါ်လာလေသည်။
ဆန်းလျန်နှင့် အဆုံးမရှိသည့် စကြာဝဠာသည် အံ့ဖွယ်အမှုတံခါးမှတစ်ဆင့် ပေါင်းစည်းသွားလေသည်။
ဆန်းလျန်၏ ပတ်ပတ်လည်မှ လှိုင်းလေပြင်းထန်နေသည့် သမုဒ္ဒရာကြီးက တဖြည်းဖြည်းလှိုင်းများ ငြိမ်သက်သွားလေသည်။
ဆန်းလျန်က အံ့ဖွယ်အမှုတံခါး၏ တန်ခိုးစွမ်းအားကို မှီတည်ပြီး အဆုံးမရှိ စကြာဝဠာနှင့် အနက်ရှိုင်းဆံး ချိတ်ဆက်ကာ တာအိုဆရာသခင်ကြီးတစ်ပါးအလား စကြာဝဠာ၏ မူလအစကို ထိန်းချုပ်ရန် ကြိုးစားနေလေသည်။
အံ့ဖွယ်အမှုတံခါးသည် သက်ရှိသတ္တဝါများကို ရှုမြင်သည့် အခြားသော အမြင်တစ်ခု ဖြစ်လေသည်။
ရွှမ်တုတောက်ကျွင်းနှင့် အခြားသောနတ်ဘုရားများသာဆိုလျှင် ဤသို့သော တာအိုတန်ခိုးစွမ်းအားမျိုးကို အသုံးပြုနိုင်စွမ်း ရှိမည်မဟုတ်ပေ။
သူတို့သည်လည်း ဆန်းလျန်ကဲ့သို့ တာအိုဆရာသခင်ကြီးတစ်ပါး ဖြစ်လုနီးပါး အခြေအနေသို့ ရောက်ရှိနေမည်ဆိုဦးတော့ ဤသို့သောအလုပ်မျိုးကို ပြုလုပ်နိုင်စွမ်းရှိမည် မဟုတ်ပေ။
သို့သော်… ဆန်းလျန်က ကိုယ်ပိုင်လွတ်လပ်မှုကို ထိန်းသိမ်းနိုင်သူဖြစ်ပြီး အရာဝတ္ထုများနှင့် 'ငါ' ဆိုသည့်အတ္တကြားမှ ခြားနားချက်ကို ရှင်းရှင်းလင်းလင်း သိရှိသူ ဖြစ်လေသည်။
ဘဝသည် အိပ်မက်ပမာဆိုလျှင်တောင်မှ ဆန်းလျန်ကတော့ အိပ်မက်နှင့်လက်တွေ့ကို ခွဲခြားနားလည်သူဖြစ်သေည်။
နံနက်ခင်းခေါင်းလောင်းသံ ၊ ညနေခင်းတုံးခေါက်သံနှင့် တရားစာရွတ်ဖတ်သံများသည် ဆန်းလျန်၏ နားထဲတွင် ပဲ့တင်ထပ်လျှက်ရှိလေသည်။
သို့သော်… ဆန်းလျန်ကို နှောက်ယှက်နိုင်ခြင်း မရှိတော့ပေ။
ဆန်းလျန်၏ ပတ်ပတ်လည်မှ သမုဒ္ဒရာကြီး၏ လေများ ၊ လှိုင်းများ တစ်ဆင့်ချင်းရပ်တန့်သွားပြီး နောက်ဆုံးငြိမ်သက်သွားလေသည်။
ဆန်းလျန် မတ်တတ်ရပ်လိုက်ပြီး ရှေ့သို့ ဆက်လျှောက်သွားလိုက်သည်။ သူ ခြေလှမ်းရာနေရာတိုင်းတွင် ရေများစီးဆင်းသွားပြီး ပျောက်ကွယ်သွားကြသည်။
တာ့လေယင်းကျောင်းတော် အဝင်တံခါးတွင် ချိတ်ဆွဲထားသည့် နံနက်ခင်းခေါင်းလောင်းနှင့် ညနေခင်း 'တုံး' တို့မှာ အက်ကွဲသွားပြီး လိပ်ပြာလေးများ ပျံသန်းသွားသည့်အလား တစ်စစီလွင့်ပျံပြီး လေထဲသို့ ပျောက်ကွယ်သွားလေသည်။
ဆန်းလျန်၏ ပတ်ဝန်းကျင်မှ သမုဒ္ဒရာကြီးသည်လည်း သဲမှုံများအဖြစ် လွင့်ပြယ်သွားပြီး လေထဲသို့လွင့်မျောပျောက်ကွယ်သွားလေတော့၏။
ဆန်းလျန် တာ့လေယင်းကျောင်းတော်အတွင်းသို့ ဝင်ရောက်လာလေသည်။
ဆန်းလျန်၏ လှုပ်ရှားမှုကြောင့် တာ့ရှုန်ရတနာခန်းမဆောင်မှ ဘုန်းတော်ကြီးများအားလုံး လှုပ်လှုပ်ရှားရှားဖြစ်ကာ အံ့အားသင့်သွားကြလေသည်။
သူတို့ တစ်ယောက်မျက်နှာတစ်ယောက် ကြည့်လိုက်ကြပြီးနောက် တာ့လေယင်းကျောင်းတော်တံခါးဝသို့ လှမ်းကြည့်လိုက်ကြသည်။
ထိုအခါ… ကျောင်းတော်အတွင်းသို့ လှမ်းဝင်လာသည့် တာအိုဆရာလူငယ်ကို တွေ့မြင်လိုက်ကြရလေသည်။
ထိုလူငယ်မှာ ဗုဒ္ဓက ကူညီပေးခဲ့သည့် လူငယ်ဖြစ်ဟန်တူ၏။ သို့သော်… အပြုအမူကတော့ ရိုင်းစိုင်းလှသည်ဟု ခံစားလိုက်ကြရပြီး သူတို့အားလုံး၏ စိတ်ထဲတွင် ပဟေဠိဖြစ်လျှက် ရှိကြသည်။
ဘုန်းတော်ကြီးများက ဗုဒ္ဓကို လှမ်းကြည့်လိုက်ကြသည့်အခါတွင်တော့ ဗုဒ္ဓက နေရာမှ ပျောက်ကွယ်သွားပြီ ဖြစ်လေသည်။
ဆန်းလျန်က ခန်းမဆောင်အပြင်ဘက်ရှိ လေးထောင့်ပုံသဏ္ဍန်ကျောက်သားပြင်ကွက်လပ်ကို ဖြတ်ကျော်လာပြီးနောက် ကြာလ္လင်ထက်မှ ဗုဒ္ဓ ပျောက်ကွယ်သွားသည်ကို တွေ့မြင်လိုက်ရသည်။
ဆန်းလျန် ကောင်းကင်ထက်သို့ မော့ကြည့်လိုက်ရာ အဆုံးမရှိသည့်တိမ်တိုက်များကြားထဲတွင် ဗုဒ္ဓကို တွေ့မြင်လိုက်ရလေသည်။
တစ်ချိန်တည်းမှာပင် ကြီးမားသည့်လက်ဖဝါးကြီးတစ်ဖက် ကောင်းကင်ထက်မှ ဆန်းလျန်ရှိရာသို့ တိတ်ဆိတ်စွာဖြင့် ကျရောက်လာလေ၏။
ထိုလက်ဖဝါးကြီးကို လောကတွင် မည်သူမှ ရှောင်တိမ်းနိုင်ကြမည် မဟုတ်ပေ။ ဆန်းလျန်သည်လည်း မည်သည့်နေရာ ပြေးပုန်းရမည် မသိပေ။
ဆန်းလျန်က ချက်ချင်းပင် တံခါး (၂)ချပ်ကို အသုံးပြုကာ လက်ဖဝါးကြီးကို တားဆီးထားလိုက်လေသည်။
ထိုတံခါး (၂)ချပ်မှာ အံ့ဖွယ်အမှုတံခါးနှင့် ရွှမ်မင်တံခါး ဖြစ်လေ၏။
ထူးဆန်းသည့် တံခါး (၂)ချပ်မှာ ကောင်းကင်ထက်မှ ကြီးမားသည့် လက်ဖဝါးကြီးနှင့် ရိုက်ခတ်မိသွားလေသည်။
လောကကို တုန်လှုပ်စေသည့် ပေါက်ကွဲမှုများလည်း ထွက်ပေါ်လာခြင်း မရှိသလို ပြင်းထန်သည့် အရှိန်အဟုန်များလည်း ထွက်ပေါ်လာခြင်း မရှိပေ။
အံ့ဖွယ်အမှုတံခါးနှင့် ရွှမ်မင်တံခါးတို့မှာ လောကတစ်ခုလုံးရှိ နတ်ဘုရားနှင့် နတ်မိစ္ဆာများအားလုံးကို ထိတ်လန့်တုန်လှုပ်စေနိုင်သည့် တန်ခိုးစွမ်းအားမြင့်မားသည့် တံခါးများ ဖြစ်ကြလေသည်။
သို့သော်… ကောင်းကင်ထက်မှကျလာသည့် ကြီးမားသည့် လက်ဖဝါးကြီးနှင့် ရင်ဆိုင်လိုက်ရသည့်အခါ တံခါး (၂)ချပ်လုံးမှာ သဲမှုံများအလား တစ်စစီ ပျက်စီးသွားရလေတော့၏။
နောက်ဆုံးတော့ ဆန်းလျန်၏ လက်ဖဝါးနှင့် ဗုဒ္ဓ၏ လက်ဖဝါး ရိုက်ခတ်မိသွားလေသည်။
လေးထောင်ပုံသဏ္ဍန်ကျောက်သားကွက်လပ်ထက်တွင် လက်ဖဝါးရာကြီးတစ်ခု ဖြစ်ပေါ်လာပြီး ဆန်းလျန်ကတော့ ထိုနေရာတွင် ရှိမနေတော့ပေ။
ဗုဒ္ဓ၏လက်ဖဝါးဖြင့် ရိုက်မိပြီး အမှုန့်ဖြစ်သွားပြီလား ၊ သို့မဟုတ် ထွက်ပြေးလွတ်မြောက်သွားပြီလား မသိရပေ။ သို့သော် ထွက်ပြေးလွတ်မြောက်ရန်တော့ ဖြစ်နိုင်ချေ နည်းပါးလွန်းလှသည်။
ကောင်းကင်မှကျလာရောက်လာသည့် ဗုဒ္ဓလက်ဖဝါးမှ လွတ်မြောက်ရန်မှာ မည်သည့်နည်းနှင့်မှ မဖြစ်နိုင်သည့် ကိစ္စပင် မဟုတ်ပါလား။
ထို့နောက် တာ့ရှုန်ရတနာခန်းမအတွင်းရှိ ကြာပလ္လင်ထက်တွင် ဗုဒ္ဓက ပြန်ပေါ်လာလေသည်။
"သုံးလောကမှာ ဒုက္ခတွေချည်းပဲရှိတယ်ဆိုတာ ကျုပ် သိမြင်ခဲ့တယ် ၊ အဆုံးသတ်မှာတော့ သတ္တဝါတိုင်းဟာ သေခြင်းတရားကို မလွန်ဆန်နိုင်ကြပါဘူး ၊ အဆုံးသတ်မှာ ဘာမှ မရှိတော့ပါဘူး ၊ ဘဝတစ်ခုအစကနေ ဘဝတစ်ခုအဆုံးထိ သေခြင်းရှင်ခြင်းစည်းမျဉ်းဆိုတာ ဒါပါပဲ… ၊ ဒါပေမဲ့ ဗလာနယ်နဲ့ ဆင်တူတဲ့ မရှိမှုတရားကို သိရှိသွားမယ်ဆိုရင်တော့ လွတ်မြောက်ခွင့်ရနိုင်လိမ့်မယ်…"
ဗုဒ္ဓ၏ တရားစကားမှာ နိဗ္ဗာနကျမ်းစာအကြောင်းဖြစ်ပြီး ယခင်ကလည်း ဟောကြားဖူးသည့်တရား ဖြစ်လေသည်။
ထိုတရားက လောက (၃)ပါးနှင့် လူပြန်ဝင်စားခြင်းလမ်းကြောင်း (၆)သွယ်ကို ရည်ညွှန်းပြီး သေခြင်းရှင်ခြင်းကင်းမဲ့သည့် နိဗ္ဗာန်ကို ရှင်းလင်းပြောပြခြင်း ဖြစ်သည်။
ဗုဒ္ဓက "ဗလာနယ်နှင့်ဆင်တူသည့်မရှိမှုတရား" ဟု ပြောလိုက်ချိန်တွင် ဆန်းလျန်၏ အခြေအနေက မည်သို့ ရှိနေပါသနည်း။
ဆန်းလျန်သည် အနာဂတ်အချိန်ကာလမှ သမိုင်းကြောင်းတည်ရှိရာ အတိတ်သို့ ရောက်ရှိလာသူ ဖြစ်လေသည်။
ထို့ကြောင့်… ဆန်းလျန်သည် "မရှိမှုတရား" အလား ဖြစ်လေသည်။ ယွမ်ချင်းသည်ပင် ဆန်းလျန်၏ အသက်ရှူသံနှင့် တည်ရှိမှုအား အာရုံခံ၍ မရခဲ့ပေ။
သို့သော်… ဆန်းလျန်တွင် ဆန်းလျန်ဆိုသည့် ပညတ်ချက်ရှိနေသည့်အတွက် သေခြင်းရှင်ခြင်းကို ရင်ဆိုင်ရမည်ဖြစ်သည်။ ထိုအကြောင်းကြောင့်ပင် ဆန်းလျန် ဗုဒ္ဓကို အရှုံးပေးလိုက်ရခြင်း ဖြစ်၏။
ဗုဒ္ဓက တရားဟောနေသော်လည်း ဘုန်းတော်ကြီးများကတော့ စောစောက တာအိုဆရာလူငယ် မည်သူဖြစ်သည်ကို သိရှိချင်နေကြသည်။
နောက်ဆုံးတွင်တော့ သိချင်စိတ်ကို အောင့်မထားနိုင်တော့ဘဲ ဘုန်းတော်ကြီးတစ်ပါးက စတင် မေးခွန်းထုတ်လေတော့၏။
"အရှင်ဘုရား… စောစောက တာအိုဆရာလူငယ်က ဘယ်သူများလဲ…"
ဗုဒ္ဓက…
"သူက ချင်းရွှမ်တောင်က တန်ခိုးစွမ်းအားမြင့်မားတဲ့ နတ်ဘုရားပဲ ၊ သူက ကျုပ်နဲ့ အကြောင်းအကျိုး ပတ်သက်ခဲ့တာရှိလို့ ဒီကို ရောက်လာခဲ့တာ…"
ဘုန်းတော်ကြီးက…
"အရှင်ဘုရားက သူ့ကို ကူညီခဲ့တာပဲ ၊ ဘယ်လိုမျိုး အကြောင်းအကျိုးရှိသေးတာလဲ…"
"သံသရာလည်နေသရွေ့ အကြောင်းအကျိုးဆိုတာ ရင်ဆိုင်နေရဦးမှာပဲ ၊ လောကီကိုစွန့်ခွာပြီး သံသရာကို ကျော်လွန်နိုင်မှသာ အကြောင်းအကျိုးတွေကို ဖြတ်တောက်နိုင်မယ် ၊ ဒါပေမဲ့ အဲဒီလူငယ် လင်စန်းတောင်ကို ရောက်လာပြီးတဲ့နောက် သူနဲ့ကျုပ်ကြားမှာ ဘာ အကြောင်းအကျိုးမှ မရှိတော့ပါဘူး ၊ ဒီနေ့ အရာအားလုံး အဆုံးသတ်သွားပါပြီ…"
ဗုဒ္ဓက ပြောလိုက်လေသည်။
ဘုန်းတော်ကြီးများက…
"ဗုဒ္ဓက ကြီးမြတ်ပါပေတယ်…"
ဟု တစ်ပြိုင်တည်း ပြောလိုက်ကြလေ၏။
ဗုဒ္ဓက တစ်ချက်ပြုံးလိုက်ပြီး တရားဆက်လက်ဟောကြားလေ၏။
ဆန်းလျန်ကတော့ ဗုဒ္ဓလက်ဖဝါးဖြင့် ရိုက်နှက်ခံလိုက်ရပြီး ရုပ်ခန္ဓာရော စိတ်ဝိညာဉ်ပါ ပျောက်ဆုံးသွားပြီ ဖြစ်လေသည်။
ဗုဒ္ဓပြောသည့်အတိုင်းပင်ဖြစ်၏။ သူ့တွင် ရုပ်ခန္ဓာရှိနေလျှင် သေခြင်းတရားကို ရင်ဆိုင်ရဦးမည် ဖြစ်သည်။
ဆန်းလျန် ဗုဒ္ဓကို ရှုံးနိမ့်သွားခဲ့ပြီးနောက် သူ၏ ရုပ်ခန္ဓာနှင့် စိတ်ဝိညာဉ် ပျက်စီးသွားခဲ့ပြီ ဖြစ်သည်။
သူ့တွင် ဘာမှမရှိတော့ပေ။ သူသည် မရှိမှုတရားတစ်ခုအလား ဖြစ်သွားခဲ့ပြီ ဖြစ်သည်။ တာအိုဆရာသခင်ကြီးတစ်ပါးပင်လျှင် သူ့ကို ကယ်နိုင်တော့မည် မဟုတ်ပေ။
သို့သော်… ဆန်းလျန် လုံး၀ ပျက်စီးပျောက်ကွယ်သွားသည်ဟုတော့ ဆို၍မရပေ။ ဆန်းလျန်၏ တည်ရှိမှုဖြစ်သည့် နတ်ဘုရားစွမ်းအား သဲလွန်စလေးတစ်ခုက လောကအလယ်တွင် ကျန်ရှိနေသေးသည်။
ထို နတ်ဘုရားစွမ်းအားသဲလွန်စလေးသည် ဗုဒ္ဓတန်ခိုးစွမ်းအားများဖြင့် အလွှာလိုက်ဖုံးလွှမ်းခံထားရပြီး သူ့အနေဖြင့် ရုပ်ခန္ဓာ ပြန်လည်ဖြစ်တည်လာနိုင်ခြင်း မရှိတော့ပေ။
ထို့ကြောင့် လောကတွင် ဆန်းလျန် နောက်တစ်ဖန် ပြန်လည်ထွက်ပေါ်လာနိုင်မည် မဟုတ်တော့ပေ။ သို့သော်… လုံးလုံးလျားလျား ပျောက်ကွယ်သွားခြင်းလည်းမဟုတ်ပြန်ပေ။
ဆန်းလျန်သည် မရှိမှုထဲတွင် တည်ရှိနေသည့် ဝိညာဉ်အပိုင်းအစလေးတစ်ခုအလား သိစိတ်က ကပ်ငြိလျှက်ရှိနေဆဲ ဖြစ်သည်။
ဆန်းလျန် စိတ်မကောင်းမဖြစ်မိပေ။ သို့သော်… ဗုဒ္ဓကို လေးစားမိလေ၏။ ထို့ပြင်… ဗုဒ္ဓကို မည်သို့ရင်ဆိုင်ရမည်ဆိုသည့် နည်းလမ်းကိုလည်း ဆန်းလျန် ရှာဖွေနိုင်ခဲ့ပြီ ဖြစ်လေ၏။
ဆန်းလျန်၏ လက်ရှိအခြေအနေကို စာကြောင်းတစ်ကြောင်းဖြင့် ဖော်ပြပါဆိုလျှင် …
"ဒီဘက်ကမ်းလည်းမရောက် ဟိုဘက်ကမ်းလည်းမရောက်"
ဟု ပြောနိုင်လေသည်။
ဒီဘက်ကမ်းဆိုသည်က သတ္တဝါများကျက်စားရာ လူ့လောကကို ဆိုလိုခြင်းဖြစ်ပြီး ဟိုဘက်ကမ်းဆိုသည်က လောကီလူ့ဘောင် ဒုက္ခပင်လယ်မှကင်းလွတ်ရာ သံသရာတစ်ဖက်ကမ်းကို ဆိုလိုခြင်းဖြစ်၏။
ယခု ဆန်းလျန်မှာတော့ ဟိုမရောက် ဒီမရောက် လူ့လောကနှင့် သံသရာတစ်ဖက်ကမ်းကြားတွင် မျောလွင့်နေပြီ ဖြစ်လေ၏။
ဆန်းလျန်ကိုယ်တိုင်က အစစ်အမှန်ဖြစ်တည်မှုတစ်ခု မဟုတ်တော့သည့်အတွက် လူ့လောကကိစ္စများကို ဝင်ရောက်စွက်ဖက်ရန်လည်း မဖြစ်နိုင်တော့ပေ။
အခြားဘက်ကမ်းသို့ မရောက်သေးသည့်အတွက် သံသရာကိုလည်း ကျော်လွန်နိုင်ခြင်း မရှိသေးပေ။
ဆန်းလျန်အနေဖြင့် မိုးနှင့်မြေ ၊ လောကတစ်ခွင် မည်သည့်နေရာမဆို စိတ်အာရုံတစ်ချက်ညွှတ်လိုက်သည်နှင့် ရောက်ရှိသွားနိုင်သည်။ သူသွားလိုရာသို့ လွတ်လပ်စွာ သွားလာနိုင်လေသည်။
သို့သော်… မည်သည့်အရာကိုမှ ဝင်ရောက်စွက်ဖက် ပြုလုပ်နိုင်ခြင်းမရှိဘဲ အပြင်လူတစ်ယောက်အဖြစ်သာ ကြည့်နေနိုင်လေသည်။
ဗုဒ္ဓက ဆန်းလျန်ကို သမိုင်းထဲတွင် ပိတ်ထားလိုက်ပြီ ဖြစ်လေသည်။
အမှန်တော့… အခြားတာအိုဆရာသခင်ကြီးများကလည်း ဆန်းလျန်ကို ထိုသို့ဖြစ်စေချင်ကြလေသည်။ ဆန်းလျန် သမိုင်းကြောင်းကို တစ်စုံတစ်ခု ပြောင်းလဲပစ်မည်ကို မည်သည့်တာအိုဆရာသခင်ကြီးကမှ အလိုမရှိကြပေ။
ထို့အတူ ဆန်းလျန်ကလည်း လက်ရှိအခြေအနေတွင် ထာဝရပိတ်မိနေမည်ကို ကြောက်ရွံ့ခြင်း မရှိပေ။
အကြောင်းမှာ သူ့ကိုအလွှာလိုက်ဖိနှိပ်ထားသည့် ဗုဒ္ဓ၏တန်ခိုးစွမ်းအားများကို ဖျက်စီးပစ်ရန် အချိန်ကာလတစ်ခုသာ လိုသောကြောင့် ဖြစ်သည်။
အချိန်အပေါ်တွင်သာ မူတည်လေသည်။
လက်ရှိအခြေအနေတွင် ဆန်းလျန်က အရာအားလုံးကို အရှိကိုအရှိတိုင်း သိမြင်နေသည်။ လောက၏ မည်သည့်လျှို့ဝှက်ချက်ကိုမဆို သူသိရှိနေလေသည်။
အရာအားလုံးကို အရှိအတိုင်းသိမြင်နေသော်လည်း အရာအားလုံးကို ဝင်ရောက်စွက်ဖက်နိုင်ခြင်းငှာလည်း မစွမ်းသာ ဖြစ်နေရသည်။
ဤအခြေအနေက စိတ်ကူးယဉ်ဆန်ပြီး စိတ်ဝင်စားစရာလည်းကောင်းလေသည်။
ဆန်းလျန် တာ့ရှုန်ရတနာခန်းမဆောင်အတွင်းသို့ တစ်ချက်ပင်မတုန့်ဆိုင်းဘဲ ဝင်ရောက်သွားလေ၏။
ဗုဒ္ဓဟောကြားနေသည့် တရားသံကို ဆန်းလျန် ကြားနေရသည်။ ဗုဒ္ဓက နိဗ္ဗန်နှင့်ပတ်သက်သည့်တရားအကြောင်းကို ဟောပြောနေခြင်း ဖြစ်သည်။
ခန်းမထဲတွင် မည်သူမှ ဆန်းလျန်ကို မတွေ့ရှိနိုင်ကြပေ။ သို့သော်… ဗုဒ္ဓကတော့ သူ့ကို တွေ့မြင်နိုင်ကြောင်း ဆန်းလျန် နားလည်ထား၏။
မျက်ခုံးမွှေးရှည်ရှည်များပိုင်ဆိုင်ထားသည့် ဘုန်းတော်ကြီးတစ်ပါး၏မျက်ခုံးထက်သို့ ဆန်းလျန် လမ်းလျှောက်တက်သွားပြီး မျက်ခုံးမွှေးရှည်များကို ဆွဲကြည့်ရန် ကြိုးစားလိုက်သည်။
သို့သော် အလုပ်မဖြစ်ပေ။
မျက်ခုံးမွှေးရှည်ဘုန်းတော်ကြီးက မျက်တောင်တစ်ချက်ခတ်လိုက်ပြီး သူ့စိတ်ထဲတွင် ထူးဆန်းသည့် ခံစားချက်တစ်ခုကို ခံစားလိုက်ရလေသည်။
သို့သော်… တကယ်တမ်းတွင် ဘာမှမဟုတ်သည်ကို သိလိုက်ရပြန်၏။
ဆန်းလျန်က ဗုဒ္ဓရှိရာသို့ ရောက်လာပြီး ဗုဒ္ဓ၏ ပခုံးထက်သို့ ခုန်တက်လိုက်ပြန်သည်။
ဘုန်းတော်ကြီးများသာ သတိပြုမိမည်ဆိုလျှင် ဗုဒ္ဓ၏ ပခုံးထက်မှ ရောင်ခြည်မှာ အနည်းငယ်ပိုမိုတောက်ပသွားသည်ကို သတိထားမိကြမည် ဖြစ်သည်။
ဗုဒ္ဓ သူ့ကိုလှည့်ကြည့်လိုက်သည်ကို ဆန်းလျန် တွေ့မြင်လိုက်သည်။ ထို့ကြောင့် သူက သိပ်မလှုပ်ရှားဘဲ ငြိမ်နေလိုက်လေသည်။
ဆန်းလျန်မှာ ရုပ်ခန္ဓာရော စိတ်ဝိညာဉ်ပါ ဆုံးရှုံးသွားပြီး ပြန်မလာနိုင်တော့သည်ကို ဗုဒ္ဓ ကောင်းစွာ သိလေ၏။ ထို့ကြောင့် ဆန်းလျန်ကို ဗုဒ္ဓက ဒီအတိုင်းလွှတ်ထားလိုက်လေသည်။
သို့သော်… ဆန်းလျန်သာ လုံးလုံးလျားလျား ပျောက်ကွယ်သွားပါက ယခင်က သူ ဆန်းလျန်ကို ကူညီပေးခဲ့သမျှ အလကားဖြစ်သွားပေလိမ့်မည်။ ထို့ကြောင့် ဆန်းလျန်ကို လုံးလုံးလျားလျား ဖျက်စီးပစ်ခြင်း မရှိဘဲ တန်ခိုးစွမ်းအား အပိုင်းအစလေးအဖြစ် ချန်ထားခဲ့ခြင်း ဖြစ်လေသည်။
ထို့ကြောင့်လည်း ဆန်းလျန်သည် အဆုံးမရှိသည့် လောကနှင့် လောကီလူ့ဘောင်၏ မပြီးပြတ်နိုင်သည့် ကိစ္စရပ်များနှင့် နတ်ဘုရားများ ၊ ကျင့်ကြံသူများ၏ အတောမသတ်နိုင်သည့် ကျင့်ကြံခြင်းလမ်းစဉ်များစွာ အကြောင်းကို နားလည်ခဲ့ရလေသည်။
လောကတွင် ပြီးပြည့်စုံသူဆို၍ တစ်ဦးတစ်ယောက်မှ မရှိပေ။ ထို့ကြောင့်လည်း သံသရာရှည်ကြရခြင်း ဖြစ်လေ၏။
တာအိုဆရာသခင်ကြီးများကတော့ သဘာဝကျစွာဖြင့် လောကမှ ထွက်ခွာပြီး သံသရာကို ကျော်လွန်နိုင်ခဲ့ကြလေသည်။
ထို့နောက် လောကတွင် ဗုဒ္ဓ ပေါ်ထွန်းခဲ့၏။ ဗုဒ္ဓပေါ်ထွန်းခဲ့သည့်တိုင် သူ့သဘောသူဆောင်နေသည့် လောကကြီးသည် ပြီးပြည့်စုံလာခဲ့ခြင်း မရှိပေ။
ဆန်းလျန်သည် တာ့လေယင်းကျောင်းတော်တွင် ဟိုဟိုဒီဒီ သွားလာနေပြီးနောက် ဗုဒ္ဓက သူ့ကို လက်မခံချင်တော့သည်ကို ရိပ်မိလိုက်သည့်အခါ ထွက်ခွာသွားရန် ဟန်ပြင်ရလေတော့သည်။
***