လင်းယွင်တောင်တန်းသို့ ရောက်ရှိခြင်း
Vol. 65 Ch. 679
ဝူယွဲ့မြို့
အပြင်ဘက် အထူးတည်နေရာကူးပြောင်းခြင်း အစီအရင်
ယခုအခါ မွန်းတည့်ချိန်သို့ နီးကပ်လာပြီဖြစ်ရာ အစီအရင်ပေါ်တွင် လူများဖြင့် ပြည့်နှက်နေသည်။
၎င်းတို့အားလုံးမှာ လင်းယွင်တောင်တန်းသို့ သွားရောက်ကြမည့် မြင့်မြတ်နယ်မြေအသီးသီးမှ လူများဖြစ်ပြီး အနည်းဆုံး ဆယ်ဂဏန်းမှ အများဆုံး ရာဂဏန်းအထိ ရှိကြကာ အဖွဲ့ပေါင်း ဆယ်ဂဏန်းခန့် ခွဲ၍ ရပ်နေကြသည်။
ကောင်းကင်နှင့် မြေကြီးက အလွန်တရာ ကျယ်ပြောလှသဖြင့် မြင့်မြတ်နယ်မြေများအကြား ဆက်ဆံရေးမှာ အလွန်ရှားပါးလှသည်။ ဤကဲ့သို့သော အချိန်မျိုးတွင်သာ မြင့်မြတ်နယ်မြေ အများအပြား တစ်နေရာတည်းတွင် စုမိကြခြင်း ဖြစ်သည်။
စမ်းသပ်ပွဲတွင် ပါဝင်မည့် တပည့်များမှာလည်း နယ်မြေအသီးသီး၏ ထိပ်တန်းပါရမီရှင်များ ဖြစ်ကြသည်။ လူတိုင်းမှာ သူတို့ နယ်မြေတွင် တောက်ပနေသူများ ဖြစ်ကြသဖြင့် မည်သူကမျှ မည်သူ့ကိုမှ အထင်မကြီးကြပေ။
တစ်ယောက်ထက်တစ်ယောက် အရှိန်အဝါများ ပြိုင်ဆိုင် ထုတ်ဖော်နေကြသည်။
ထိုက်ယိမြင့်မြတ်နယ်မြေမှ လူစုသည်လည်း ကျွင်းယာတာအိုအရှင်၏ ဦးဆောင်မှုဖြင့် အစီအရင်ပေါ်သို့ ရောက်ရှိလာသည်။
ထိုက်ယိနယ်မြေ၏ ခွန်အားမှာ အလယ်အလတ်အဆင့်သာ ဖြစ်ပြီး ပုံမှန်အားဖြင့်လည်း အေးအေးဆေးဆေး နေတတ်ကြသဖြင့် ရန်သူ သို့မဟုတ် မိတ်ဆွေ အထူးတလည် မရှိဘဲ အားလုံးနှင့် အဆင်ပြေနေသည်။
ရန်ငြိုးအနည်းငယ် ရှိသည်ဟု ပြောနိုင်သည်မှာ ကွမ်းမင် မြင့်မြတ်နယ်မြေ သာ ရှိပေလိမ့်မည်။
သို့သော် နှစ်ဖက်စလုံးမှာ ကြီးမားသည့် ရန်ငြိုးမျိုး မဟုတ်ဘဲ အလှမ်းဝေးသည့် နေရာမှနေ၍ တစ်ယောက်ကိုတစ်ယောက် မျက်စောင်းထိုး ကြည့်နေကြရုံသာ ဖြစ်သည်။
ထျန်းလဲ့ခန်းမတွင် နာမည်ကြီးခဲ့သော ထန်ထျန်းမှာလည်း အကြည့်များစွာကို လက်ခံရရှိနေသည်။
စပ်စုသည့် အကြည့်များ ရှိသော်လည်း စိန်ခေါ်လိုသည့် အကြည့်များက ပိုများသည်။
ဤပါရမီရှင်များမှာ နာမည်ကျော်နေသည့် လူတစ်ယောက်ကို သူတို့၏ ခြေနင်း ကျောက် တုံးအဖြစ် အသုံးချရသည်ကို အနှစ်သက်ဆုံး ဖြစ်သည်။
သူတို့အတွက်မူ ဤသို့လုပ်ခြင်းမှာ ထမင်းစားရေသောက်သကဲ့သို့ ရိုးရှင်းသည့် ကိစ္စတစ်ခုပင်။
ကံမကောင်းစွာဖြင့် ထန်ထျန်းကတော့ သူတို့နှင့် ကလေးကစားသလို ကစားရန် စိတ်မပါပေ။ သူက ကွမ်းမင် မြင့်မြတ်နယ်မြေမှ လူများကို ဝေ့ကြည့်ရင်း မြောင်ယန်တာအိုအရှင် ရှိမရှိ ရှာဖွေနေမိသည်။
သူ့ခန့်မှန်းချက်အရ မြောင်ယန်က ဤအခွင့်အရေးကို သေချာပေါက် လက်လွှတ်မည် မဟုတ်ပေ။
သို့သော် ထူးဆန်းသည်မှာ သူက မြောင်ယန်၏ အရိပ်အယောင်ကို မတွေ့ရခြင်းပင်။
သူ့မျက်လုံးထဲတွင် ရုပ်ဖျက်ခြင်း အတတ်ပညာများမှာ အလုပ်မဖြစ်သဖြင့် မြောင်ယန်က ဤနေရာတွင် အမှန်တကယ် မရှိကြောင်း အတည်ပြုနိုင်သည်။
ကွမ်းမင် မြင့်မြတ်နယ်မြေဘက်တွင် တာအိုအရှင် အထွတ်အထိပ် အဆင့်ရှိသူ တစ်ဦးတည်းသာ ရှိပြီး ၎င်းမှာ ဟော်မြောင်တာအိုအရှင် အမည်ရှိသည့် အမျိုးသားတစ်ဦး ဖြစ်ကာ ထိုအဖွဲ့၏ ခေါင်းဆောင်လည်း ဖြစ်သည်။
ကျန်သည့် တာအိုအရှင်များမှာမူ ထိုက်ယိနယ်မြေဘက်မှ အင်အားနှင့် သိပ်မကွာခြားလှပေ။
ခဏမျှ ကြည့်ပြီးနောက် ထန်ထျန်းက အကြည့်ကို ပြန်လွှဲလိုက်သည်။
မြောင်ယန် တကယ်ပဲ မလာတာလည်း ဖြစ်နိုင်ပေသည်။
ဒါကလည်း အရေးမကြီးပေ ၊ သူက လင်းယွင်တောင်တန်း မရောက်ခင်မှာ သူ့ကိုယ်သူ ထုတ်မပြချင်ရုံသာ ဖြစ်သည်။
ထိုနေရာ ရောက်သွားလျှင်တော့ အရာအားလုံးက လွယ်ကူသွားပြီ ဖြစ်သည်။
သူတို့၏ မင်ယောင်ကျိကျွင်း ကိုယ်တိုင် လာရှာလျှင်တောင် ယခုအချိန်တွင် သူ့ကို မည်သည့် အနှောင့်အယှက်မှ ပေးနိုင်မည် မဟုတ်ပေ။
အချိန်များ တဖြည်းဖြည်း ကုန်ဆုံးသွားသည်။
နောက်ဆုံးတွင် အားလုံး မျှော်လင့်နေကြသည့်အတိုင်း မွန်းတည့်ချိန်သို့ ရောက်ရှိလာပြီ ဖြစ်သည်။
အချိန်စေ့သွားသည်နှင့် တစ်ပြိုင်နက် ထန်ထျန်း စိတ်ထဲမှ သိလိုက်ကာ အဝေးက ကောင်းကင်ယံကို လှမ်းကြည့်လိုက်မိသည်။
ဤအချိန်ကျမှသာ လုံကျိုကျိုး ပြောခဲ့သည့် စကားကို သူ နားလည်သွားတော့သည်။ ကျိကျွင်း အဆင့်သို့ ရောက်သွားလျှင် ဝူယွဲ့ ချောက် ကမ်းပါးကို ဖြတ်စရာမလိုဘဲ လင်းယွင်တောင်တန်း ပေါ်လာသည်နှင့် ၎င်း၏ တည်နေရာကို အလိုလို သိနိုင်သည်ဆိုသည့် အချက်ပင်။
အဘယ်ကြောင့်ဆိုသော် ကျိကျွင်းအဆင့် အထက်ရှိသူများအတွက်မူ ၎င်းက သိသာလွန်းနေသောကြောင့် ဖြစ်သည်။
ခုနကတင် ဝေးကွာလှသော ဟင်းလင်းပြင်ကြီးထဲတွင် အလွန်တရာ ကြီးမားလှသည့် သဘာဝ အငွေ့အသက်တစ်ခု ရုတ်တရက် ပေါက်ကွဲ ထွက်ပေါ်လာသည်။
၎င်းမှာ အနန္တကမ္ဘာနှင့် ရင်းမြစ်တစ်ခုတည်း ဖြစ်သော သဘာဝစွမ်းအား ဖြစ်ကာ ပေါ်ထွက်လာသည်နှင့် ကမ္ဘာကြီးနှင့် ပြင်းထန်သော ဆက်သွယ်မှုကို တည်ဆောက်လိုက်သည်။
ကျိကျွင်း အောက်ရှိ သဘာဝတရား၏ အကာအကွယ်အောက်တွင် ရှိနေဆဲ ဖြစ်သော သက်ရှိများမှာမူ ဤဆက်သွယ်မှုကို မခံစားနိုင်ကြပေ။
သို့သော် ကမ္ဘာကြီးကို ကျော်လွန်သွားပြီဖြစ်သော ကျိကျွင်းများအတွက်မူ အလွန်ပင် သိသာလှသည်။
၎င်းမှာ ဟင်းလင်းပြင်ထဲရှိ တောက်ပနေသော မီးပြတိုက်တစ်ခုကဲ့သို့ပင်။ သူတို့ လက်ရှိ ရှိနေသည့် တည်နေရာကို လူတိုင်း မြင်နိုင်အောင် ပြသနေသကဲ့သို့ ရှိသည်။
တစ်ချိန်တည်းမှာပင် လင်းယွင်တောင်တန်းနှင့် ဝူယွဲ့ကမ်းပါးအကြားတွင် အလွန် ထူးခြားသည့် လမ်းကြောင်းတစ်ခု ပေါ်လာသည်ကိုလည်း ထန်ထျန်း သတိထားမိလိုက်သည်။
လူတိုင်းက ခြေဖျားအောက်ရှိ အစီအရင်ကို အသုံးပြုပြီး ထိုလမ်းကြောင်းမှတစ်ဆင့် အလွန်ဝေးကွာလှသော လင်းယွင်တောင်တန်းဆီသို့ တည်နေရာ ကူးပြောင်းသွားနိုင်ကြမည် ဖြစ်သည်။
ဤလမ်းကြောင်းမှာ ယခင်က လနတ်သမီး ချန်ထားခဲ့ပုံ ရသည်။
"အားလုံး အသင့်ပြင်ထား၊ ငါတို့ အခု ထွက်တော့မယ်"
"ဒီတစ်ခါ တည်နေရာကူးပြောင်းမှုက ပေးမယ့် ဟင်းလင်းပြင် ဖိအားက လွန်ခဲ့တဲ့ လဝက်ကထက် ဆယ်ဆလောက် ပိုပြင်းလိမ့်မယ်။ စိတ်ကို တည်တည်ငြိမ်ငြိမ် ထားကြဖို့ မမေ့နဲ့၊ လမ်းခုလတ်မှာ သေမသွားစေနဲ့"
ကျွင်းယာတာအိုအရှင်က အော်ပြောလိုက်သည်။
ဤအခြေအနေကို သူမက ခုနကတင် သေသေချာချာ သတိပေးထားပြီးသား ဖြစ်သည်။
လူတိုင်းက ထိုစကားကို ကြားသည်နှင့် ချက်ချင်းပင် အာရုံငါးပါးကို ပိတ်ဆို့ကာ စိတ်ကို တည်ငြိမ်အောင် ထားလိုက်ကြသည်။
ထိုသို့ လုပ်ပြီးနောက် ငွေရောင်အလင်းအလွှာ တစ်ခုက အစီအရင်ပေါ်ရှိ လူအားလုံးကို လွှမ်းခြုံသွားတော့သည်။
ထန်ထျန်းက ရှေ့မှ အရာအားလုံးကို စိတ်ဝင်တစား ကြည့်နေမိသည်။
စိတ်ဝင်စားစရာ ကောင်းသည်မှာ လူများကို တည်နေရာကူးပြောင်းပေးသည့် စွမ်းအားမှာ ခြေဖျားအောက်ရှိ အစီအရင် မဟုတ်ဘဲ ဤငွေရောင် အလင်းတန်းသာ ဖြစ်နေခြင်းပင်။
ထိုငွေရောင်အလင်းတန်းမှာ ဝူယွဲ့ ချောက် ကမ်းပါး၏ အဓိက ဗဟိုချက်မှ ထွက်ပေါ်လာခြင်း ဖြစ်ကာ ဤနေရာမှာ ထိုစွမ်းအားကို ထုတ်လွှတ်ပေးသည့် သတ်မှတ်ထားသော နေရာတစ်ခုမျှသာ ဖြစ်သည်။
အခြေအနေအရ အစီအရင်ကို အဆင်ပြေစေရန်အတွက်သာ ဤနေရာတွင် တည်ဆောက်ထားခြင်း ဖြစ်ပုံရသည်။
စဉ်းစားကြည့်လျှင်လည်း ဤမျှ ဝေးကွာသည့် အကွာအဝေး၊ လင်းယွင်တောင်တန်း ပေါ်လာသည့် နေရာကလည်း မတည်ငြိမ်သဖြင့် မည်သူမျှ ပုံသေ အစီအရင်တစ်ခုကို မပြုလုပ်နိုင်ပေ။
ဒါကလည်း လနတ်သမီးရဲ့ လက်ရာပဲလား။
ထန်ထျန်းက မေးစေ့ကို ပွတ်လိုက်သည်။ ယခုအခါ သူက ဤငွေရောင်စွမ်းအားကို ရှင်းရှင်းလင်းလင်း မြင်နိုင်နေပြီ ဖြစ်သည်။
၎င်းမှာ လ ပေါ်တွင်သာ ရှိသည့် လစွမ်းအား ဖြစ်ကာ လနတ်သမီး၏ သီးသန့်စွမ်းအားလည်း ဖြစ်သည်။
ဤကဲ့သို့ အရာမျိုးကို ဖန်တီးထားပြီး သူမ ဘာလုပ်ချင်တာလဲ။
လင်းယွင်တောင်တန်း၏ ထူးခြားမှုကို အသုံးချပြီး ကျိကျွင်းတွေ ပိုများလာအောင် မွေးထုတ်ပေးပြီး သူမဘက်က အင်အားကို တိုးချဲ့ချင်တာလား။
ထန်ထျန်းက ခေါင်းခါလိုက်သည်။ ရှေးခေတ်ကတည်းက အသက်ရှင်နေသည့် ထိုကဲ့သို့သော လူများ လုပ်သည့် ကိစ္စများမှာ အမြဲတမ်း ထူးဆန်းနေတတ်သည်။
လင်းယွင်တောင်တန်း ကိစ္စပြီးလျှင်တော့ သူမဆီ တစ်ခေါက် သွားရဦးမည်။
သူတို့နှစ်ဦးကြားက ကတိကို သူ မမေ့သေးပေ။
ထိုအချိန်ကျလျှင် လနတ်သမီး ပြောခဲ့သည့် "ရှင်က ရှင်မဟုတ်ဘူး" ဆိုသည့် စကားက ဘာကို ဆိုလိုသလဲဆိုတာ သေသေချာချာ သိအောင် လုပ်ရမည်။
ခဏမျှ စောင့်ဆိုင်းပြီးနောက် ငွေရောင်လစွမ်းအားများက အလွန်တရာ သိပ်သည်း လာသည်။
အတိုင်းအတာ တစ်ခုသို့ ရောက်ရှိသွားသောအခါ လစွမ်းအားများ လွှမ်းခြုံခံထားရသည့် လူအားလုံးက အစီအရင်ပေါ်မှ ပျောက်ကွယ်သွားကြတော့သည်။
ထို့နောက်တွင် ကြောက်မက်ဖွယ်ကောင်းသော ဟင်းလင်းပြင်စွမ်းအားများက လူတိုင်း၏ ကိုယ်ပေါ်သို့ ဖိနှိပ်လာသည်။
အကယ်၍ အာရုံငါးပါးကို မပိတ်ဘဲ စိတ်ကို မတည်ငြိမ်စေပါက ကျွင်းယာတာအိုအရှင် အဆင့်ရှိသူပင်လျှင် စိတ်ဝိညာဉ် ရှုပ်ထွေးသွားပြီး ခန့်မှန်းရခက်သော အခြေအနေမျိုး ကြုံတွေ့ရနိုင်သည်။
အမှန်တကယ်လည်း ထိုသို့ပင် ဖြစ်လာသည်။
ထိုက်ယိနယ်မြေမှ လူများမှာ ကျွင်းယာတာအိုအရှင်၏ သတိပေးချက်ကို လိုက်နာကြသဖြင့် ကြီးမားသည့် ပြဿနာ မရှိပေ။
သို့သော် အခြား မြင့်မြတ်နယ်မြေ အချို့တွင်မူ မလိုလားအပ်သည့် ကိစ္စများ ဖြစ်ပွားခဲ့သည်။
ပါရမီရှင် အချို့မှာ စပ်စုချင်စိတ်ကို မထိန်းနိုင်ဘဲ ပတ်ဝန်းကျင် အခြေအနေကို ကြည့်ရန် အာရုံငါးပါးကို အနည်းငယ် ဖွင့်လိုက်ကြသည်။
သူတို့က သူတို့ကိုယ်သူတို့ တော်လှသည်ဟု ထင်ကာ အနည်းငယ်မျှသာ ဖွင့်ပြီး လိုအပ်လျှင် ချက်ချင်း ပြန်ပိတ်ရန် ကြံစည်ထားကြခြင်း ဖြစ်သည်။
သို့သော် သူတို့၏ အကြံမှာ အမှားကြီး မှားသွားခဲ့သည်။
ဤတည်နေရာကူးပြောင်းမှုမှ ပေးသည့် ဟင်းလင်းပြင် ဖိအားမှာ သူတို့ တားဆီးနိုင်သည့် အရာ မဟုတ်ပေ။
အနည်းငယ်မျှ ဝင်လာရုံဖြင့် သူတို့၏ စိတ်ဝိညာဉ်ထဲသို့ ချက်ချင်း ထိုးဖောက်ဝင်ရောက်ကာ လုံးဝ ဖျက်ဆီးပစ်လိုက်သည်။
သူတို့က ပတ်ဝန်းကျင်ကို မြင်လိုက်ရသည်မှာ မှန်သော်လည်း ၎င်းမှာ သူတို့ဘဝ၏ နောက်ဆုံးအမြင် ဖြစ်သွားခဲ့သည်။
ခရီးတစ်ခုတည်းနှင့်ပင် တောက်ပသော အနာဂတ်ရှိသည့် ပါရမီရှင် ဆယ်ဂဏန်းခန့်မှာ တည်နေရာကူးပြောင်းနေသည့် လမ်းခုလတ်မှာတင် တန်းခနဲ သေဆုံးသွားခဲ့ကြသည်။
ထန်ထျန်းက ခေါင်းခါရင်း ရှေ့ကိုသာ ကြည့်နေလိုက်သည်။
လစွမ်းအားက အလွန် အစွမ်းထက်လှပြီး တည်နေရာကူးပြောင်းသည့် အရှိန်မှာလည်း သာမန် အစီအရင်များထက် အဆတစ်ရာမက ပိုမြန်သည်။
အမွှေးတိုင် တစ်ဝက်ခန့် ကုန်ဆုံးသွားသော အခါ...
လင်းယွင်တောင်တန်းသို့ ရောက်ရှိသွားခဲ့ပြီ ဖြစ်သည်။