မော့ချိုးဖန်
Vol. 65 Ch. 684
ဟော်မြောင်တာအိုအရှင် ရောက်လာသည့် အရှိန်မှာ အလွန်မြန်လှသည်။ ထန်ထျန်း လှုပ်ရှားပြီးသည်နှင့် သူကလည်း ချက်ချင်းပင် စတင်လှုပ်ရှားလာခြင်း ဖြစ်သည်။
အကယ်၍ ထန်ထျန်း၏ စိတ်ဝိညာဉ်မှာ ယခုလောက်အထိ မသန်မာပါက ဤအချက်ကို သတိထားမိရန် ခဲယဉ်းပေလိမ့်မည်။
ထိုအချက်မှာ အလွန်ပင် ပါးနပ်လှသည်။ ကြိုတင်စီစဉ်ထားသကဲ့သို့ပင်။
ထို့အတူပင် ခုနက ဟော်မြောင်တာအိုအရှင်၏ တိုက်ခိုက်မှုနှင့် ထူးဆန်းသော အမျိုးသမီး ပေါ်လာပြီး ထိုတိုက်ခိုက်မှုကို ခုခံလိုက်ပုံမှာလည်း ကြိုတင် ဇာတ်ညွှန်း ရေးထားသကဲ့သို့ ဖြစ်နေသည်။
ဒါဆို သူတို့တွေက ဘာဖြစ်လို့ ဒီလို ကစားကွက်မျိုး ခင်းနေကြတာလဲ။
ထန်ထျန်းကတော့ ဇွတ်အတင်း ဝင်မပါသေးဘဲ သူတို့ ဘယ်လို ပြဇာတ်မျိုး ကပြဦးမလဲဆိုတာကို အရင်ကြည့်ရန် ဆုံးဖြတ်လိုက်သည်။
ထူးဆန်းသော အမျိုးသမီးက ဟော်မြောင်တာအိုအရှင်၏ တိုက်ခိုက်မှုကို တားဆီးလိုက်ပြီးနောက် အေးစက်လှသော အသံတစ်ခုက လူတိုင်း၏ နောက်ကွယ်မှ ထွက်ပေါ်လာသည်။
"ချန်ဟော်မြောင်... နင့်ရဲ့ အရည်အချင်းက ဒီလောက်ပဲလား"
"မျိုးဆက်သစ် လူငယ်လေးတွေကိုတောင် လက်ဖျားနဲ့ ထိချင်နေတာလား"
စကားသံနှင့်အတူ နက်ပြာရောင် ပိုးသားဝတ်စုံကို ဝတ်ဆင်ထားသော အမျိုးသမီးတစ်ဦးက လူတိုင်း၏ ခေါင်းပေါ်ရှိ ကောင်းကင်ယံ၌ ပေါ်လာသည်။
သူမ၏ မျက်နှာမှာ အေးစက်စက်နှင့် လှပပြီး အော်ရာမှာလည်း ထက်မြက်လှသည်။
ပြင်းထန်လှသော ဖိအားမှာ တောင်ကြီးတစ်လုံးကဲ့သို့ လူတိုင်းအပေါ်သို့ ကျရောက်နေသည်။ သူမသည်လည်း အထွတ်အထိပ်အဆင့် ဝူကျိတာအိုအရှင် တစ်ဦးပင် ဖြစ်သည်။
သို့သော် သူမမှာ အစွမ်းထက်သော ကိုယ်ပွားတစ်ခုသာ ဖြစ်ပြီး သူမ၏ မျက်နှာမှာလည်း အတုဖြစ်ကြောင်း ထန်ထျန်း သိနေသည်။
ဟော်မြောင်တာအိုအရှင်သည်လည်း လူတိုင်း၏ ရှေ့မှောက်သို့ ရောက်ရှိလာသည်။
သူက သက်လတ်ပိုင်းအရွယ် တာအိုအရှင်တစ်ဦးဖြစ်ပြီး မျက်နှာမှာ မူလကပင် ရန်ငြိုးရန်စ များလှသည့် ပုံစံမျိုး ရှိသည်။ ယခု ဒေါသတကြီး ရောက်လာပြီးနောက် မြေပြင်ပေါ်တွင် လဲလျောင်းနေသော ကွမ်းမင်နယ်မြေမှ တာအိုအရှင် နှစ်ဦးကို မြင်လိုက်ရသောအခါ သူ၏ မျက်နှာမှာ အစိုးမရအောင် ပျက်ယွင်းသွားတော့သည်။
သို့သော် ထန်ထျန်း မမျှော်လင့်ထားသည့် အချက်မှာ ထိုသူက ဤအမျိုးသမီးကို ချက်ချင်းပင် မှတ်မိသွားခြင်း ဖြစ်သည်။
"မော့ချိုးဖန်"
"ဒါက ငါနဲ့ ထိုက်ယိနယ်မြေကြားက ကိစ္စပဲ၊ မင်းက ငါ့ကို တားချင်တာလား"
ချန်ဟော်မြောင်က ဒေါသတကြီး အော်ဟစ်လိုက်သည်။
ကောင်းကင်ယံမှ မော့ချိုးဖန်ကတော့ အေးစက်စက် ပုံစံကိုသာ ဆက်လက် ထိန်းသိမ်းထားသည်။
"ဒါဆို နင်မသိသေးဘူးပေါ့... ငါတို့ ယောင်ရန်မြင့်မြတ်နယ်မြေ နဲ့ ထိုက်ယိနယ်မြေကြားမှာ ပတ်သက်မှု ရှိနေတယ်ဆိုတာကိုလေ"
"အရှင်ကျိုကျိုးနဲ့ ငါတို့ အရှင်ရှို့ကျွင်းတို့က မိတ်ဆွေဟောင်းတွေလေ"
မော့ချိုးဖန်က အေးဆေးစွာ ပြောလိုက်သည်။
ချန်ဟော်မြောင်က နှာခေါင်းရှုံ့လိုက်ပြီး လှောင်ပြောင်ပြောသည်။ "မင်းလို အေးစက်စက် နှလုံးသားရှိတဲ့ မော့ချိုးဖန်က ဒီလို ပတ်သက်မှုမျိုးကို ဂရုစိုက်တယ် ဟုတ်လား"
"မင်းက အကျိုးအမြတ်မရှိရင် ဘယ်တော့မှ မလှုပ်ရှားတဲ့သူပဲ၊ ဒီကိစ္စက မင်းနဲ့ ဘာဆိုင်လို့လဲ"
မော့ချိုးဖန်က ပြော၏။ "တကယ်တော့ ငါနဲ့ ဘာမှမဆိုင်ပါဘူး"
"တကယ်လို့ ငါနဲ့ မတွေ့ဘူးဆိုရင်လည်း ငါ ဝင်ပါမှာ မဟုတ်ဘူး"
"ဒါပေမဲ့ အခု ငါနဲ့ တွေ့နေပြီဆိုတော့ ဝင်မပါဘဲ နေရင် ဒီသတင်း အပြင်ရောက်သွားတဲ့အခါ နယ်မြေထဲက အဘိုးကြီးတွေက ထပ်ပြီး ပွစိပွစိ ပြောကြဦးမယ်"
"ဒါကြောင့် နင် မြန်မြန် ထွက်သွားလိုက်တာ အကောင်းဆုံးပဲ"
ချန်ဟော်မြောင်၏ မျက်နှာမှာ လုံးဝ အေးစက်သွားတော့သည်။
"မင်းက ငါ့ကို တကယ်ပဲ တိုက်ခိုက် မှာလား"
"သူတို့က ငါတို့ ကွမ်းမင်နယ်မြေက တာအိုအရှင်တွေကို သတ်ပစ်ခဲ့တာ။ ဒါကို ငါ ဒီအတိုင်း လွှတ်ပေးမှာ မဟုတ်ဘူး"
ဤသည်ကို ကြားသောအခါ မော့ချိုးဖန်က ခေါင်းခါလိုက်ပြီး သူမ၏ လက်ထဲတွင် ရှည်လျားသော လခြမ်းပုံ ဓားကောက် ကြီးတစ်လက် ပေါ်လာသည်။
"စကားတွေ အများကြီး ပြောနေလည်း နောက်ဆုံးတော့ တိုက်ရမှာပဲလေ"
" လာလိုက်တော့၊ ငါလည်း လက်နည်းနည်း ယားနေတာနဲ့ အတော်ပဲ"
သူမက ရှေ့မှ ချန်ဟော်မြောင်ကို စိုက်ကြည့်လိုက်ရာ သူမကိုယ်ပေါ်မှ သတ်ဖြတ်လိုစိတ်များမှာ အထင်းသား ပေါ်လွင်နေသည်။
ဤမိန်းကလေးမှာ အလွန် ရက်စက်ကြမ်းကြုတ်သည့်သူ တစ်ဦး ဖြစ်ပုံရသည်။
ချန်ဟော်မြောင်သည်ပင် သူမ၏ အရှိန်အဝါကြောင့် အနည်းငယ် တန့်သွားပြီး ပြောသည်။ "ငါတို့တွေ ထပ်ပြီး ဆွေးနွေးလို့ ရပါသေးတယ်"
"ဒီမှာ လာပြီး ရူးမနေနဲ့"
မော့ချိုးဖန်က အေးစက်စွာ ကြည့်ရင်း "စကားတွေ အရမ်းများတယ်" ဟု ဆိုကာ ဓားကောက်ကို ကိုင်ပြီး သတ်ရန် ပြေးဝင်သွားတော့သည်။
ခဏချင်းမှာပင် အထွတ်အထိပ် တာအိုအရှင် နှစ်ဦးက ကောင်းကင်ယံ၌ ပြင်းထန်လှသော တိုက်ပွဲကြီးကို စတင်လိုက်ကြသည်။
သူတို့နှစ်ဦးမှာ တကယ့် လက်နက် အစစ်အမှန်များဖြင့် အသေအလဲ တိုက်ခိုက်နေကြသည်ကို မြင်ရသောအခါ ထန်ထျန်းက မေးစေ့ကို ပွတ်လိုက်မိသည်။ သူတို့ ဒီလို လုပ်ရခြင်းရဲ့ အဓိပ္ပာယ်ကို သူ အခုထိ နားမလည်သေးပေ။
ဒါပေမဲ့ ဘယ်လိုပဲဖြစ်ဖြစ် မော့ချိုးဖန်ရဲ့ ဒီလို စိတ်နေစိတ်ထားကတော့ သူ့အကြိုက်ပင်။
အကြီးအကဲ ဝူတို့ကို လှည့်ကြည့်လိုက်ရာ သူတို့၏ မျက်နှာများမှာ အလွန် စိတ်လှုပ်ရှားနေသည်ကို ထန်ထျန်း တွေ့လိုက်ရသည်။
"မင်းတို့လည်း သူမကို သိတာလား"
ထန်ထျန်းက မေးလိုက်သည်။
အကြီးအကဲ ဝူက ခေါင်းငြိမ့်ပြလိုက်သော်လည်း ချက်ချင်းပင် ခေါင်းပြန်ခါကာ ပြောသည်။ "ကျွန်တော်က ဒီ စီနီယာ မော့ချိုးဖန် ကို မသိပါဘူး၊ ဒါပေမဲ့ ယောင်ရန်နယ်မြေကတော့ ကျွန်တော်တို့နဲ့ ရင်းနှီးတဲ့ အင်အားစု အနည်းငယ်ထဲက တစ်ခုပါ"
"ယောင်ရန်နယ်မြေက ကျွန်တော်တို့နဲ့ သိပ်မဝေးဘူး၊ နှစ်အနည်းငယ် ကြာတိုင်းလည်း ဖလှယ် ပွဲတွေ လုပ်လေ့ရှိတယ်။ ကျွန်တော်လည်း သွားဖူးတယ်၊ အဲဒီက မိတ်ဆွေတွေက အရမ်း သဘောကောင်းကြတယ်"
"လူတိုင်းက ပြောကြတာတော့ သူတို့ရဲ့ အရှင်ရှို့ကျွင်းက ကျွန်တော်တို့ နတ်ဘုရားအရှင်နဲ့ ဆက်ဆံရေး အရမ်းကောင်းတယ်တဲ့"
"အခု စီနီယာမော့ ရှိနေမှတော့ ကျွန်တော်တို့တွေ ဘေးကင်းသွားပြီ"
သူက စိတ်လှုပ်ရှားစွာ ပြောလိုက်သည်။
ထန်ထျန်းက "ဪ" ဟုသာ တုံ့ပြန်လိုက်သည်။
ဒါဆို ယောင်ရန်နယ်မြေက တကယ်ရှိတာပေါ့၊ ဒါပေမဲ့... မော့ချိုးဖန် ဆိုတဲ့ လူကကော တကယ် ရှိမရှိ သူ မသိသေးပေ။
ထန်ထျန်းက နှုတ်ခမ်းကို အနည်းငယ် ပင့်လိုက်ပြီး လက်နှစ်ဖက်ကို ရင်ဘတ်ပေါ် ယှက်တင်ကာ ရှေ့မှ ပြဇာတ်ကြီးကို ဆက် ကြည့်နေလိုက်သည်။
ပြောရလျှင် အထွတ်အထိပ် တာအိုအရှင် နှစ်ဦး၏ တိုက်ပွဲမှာ အလွန်ပင် ကြည့်ကောင်းလှသည်။
သူတို့၏ လှုပ်ရှားမှု တိုင်းတွင် ကောင်းကင်နှင့်မြေကြီး ကို ဖျက်ဆီးနိုင်သော စွမ်းအားများ ပါဝင်နေသည်။
ကံကောင်းထောက်မစွာဖြင့် ဤနေရာမှာ လင်းယွင်တောင်တန်း ဖြစ်နေ၍သာဖြစ်ပြီး ဟင်းလင်းပြင်က ထူးခြားနေ၍ ဖြစ်သည်။ အကယ်၍ အပြင်က ကမ္ဘာကြီးထဲမှာသာ ဆိုလျှင် မိုင်ပေါင်း သောင်းချီသော ပတ်ဝန်းကျင်မှာ သက်ရှိများ ပြာကျကာ မြက်ပင်တစ်ပင်တောင် ကျန်ရစ်မည် မဟုတ်ပေ။
ဘာပဲဖြစ်ဖြစ် ၎င်းမှာ သက်ရှိတို့ ပုံမှန်အားဖြင့် ရောက်ရှိနိုင်သော အမြင့်ဆုံး အခြေအနေပင် မဟုတ်ပါလား။
နှစ်ဦးစလုံး၏ ကျင့်ကြံခြင်းအဆင့်မှာ အတူတူပင်ဖြစ်ရာ ခွန်အားမှာလည်း သိပ်မကွာလှပေ။
သို့သော် မော့ချိုးဖန်နှင့် ယှဉ်လျှင် ချန်ဟော်မြောင်၏ တိုက်ခိုက်မှုများမှာ ထက်မြမှု မရှိဘဲ အလွန်ပင် အကာအကွယ်ဘက်သို့ ရောက်နေသည်။
ထို့ကြောင့် သူတို့ စတင် တိုက်ခိုက်ကတည်းက သူသည် ခုခံကာကွယ်သည့် ပုံစံမျိုးသာ ဖြစ်နေပြီး တိုက်စစ်အောက်တွင် ဖိနှိပ်ခံထားရကာ တစ်ခါတစ်ရံ၌ လက်တွန့်နေပုံပင် ရသည်။
မော့ချိုးဖန်ကမူ မည်သည့်အရာကိုမျှ ဂရုမစိုက်ဘဲ သတ်ကွက်များစွာကို တစ်ခုပြီးတစ်ခု ထုတ်သုံးကာ ချန်ဟော်မြောင်ကို နောက်သို့ ဆုတ်သွားအောင် ဖိအားပေးနေသည်။
သူမကတော့ တကယ်ပဲ လူသတ်ဖို့ ကြိုးစားနေတာ ဖြစ်သည်။
နောက်ဆုံးတွင် ပြင်းထန်လှသော ထိပ်တိုက်တွေ့မှု တစ်ခုအပြီး၌ ချန်ဟော်မြောင်က မီတာ ရာပေါင်းများစွာ ဝေးရာသို့ လွင့်ထွက်သွားသည်။
ထို့နောက် မော့ချိုးဖန်က ဆက်လက် လိုက်လံ သတ်ဖြတ်ရန် ပြင်နေစဉ်မှာပင် သူက ထိုအခွင့်အရေးကို အသုံးချကာ တိုက်ရိုက် ထွက်ပြေးသွားတော့သည်။
ဤသည်ကို မြင်သောအခါ မော့ချိုးဖန်က အေးစက်စွာ နှာခေါင်းရှုံ့လိုက်ပြီး ပြောလိုက်သည်။ "ကြောက်တတ်လိုက်တာ"
ပြောပြီးသည်နှင့် သူမက ဓားကောက်ကို ပြန်သိမ်းကာ ထန်ထျန်းတို့ ရှိရာသို့ ပျံသန်းလာခဲ့သည်။
ကောင်းကင်ယံ၌ ရပ်တန့်ကာ ထိုက်ယိနယ်မြေမှ လူများကို အထက်စီးမှ ကြည့်လိုက်ပြီးနောက် သူမ၏ အကြည့်မှာ အပြင်ပန်းတွင် ခွန်အားအရှိဆုံးဖြစ်သော အကြီးအကဲ ဝူပေါ်သို့ ကျရောက်သွားသည်။
"နင်တို့တွေက ခုနက လေပြင်းကြောင့် ဒီကို ရောက်လာတာလား"
မော့ချိုးဖန်က မေးလိုက်သည်။
အကြီးအကဲ ဝူက အမြန်ဆုံး ရှေ့သို့ တိုးလာပြီး ရိုသေစွာ လက်သီးဆုပ် ကာ ပြန်ဖြေသည်။ "ဟုတ်ပါတယ် စီနီယာမော့"
"အဲဒီ မုန်တိုင်းက အရမ်းမြန်ပြီး အရမ်းလည်း အားကောင်းတာမို့ ကျွန်တော်တို့ကို ချက်ချင်း လူကွဲသွားစေခဲ့ပါတယ်"
"အဲဒီနောက်မှာ တခြားလူတချို့ကို ခက်ခက်ခဲခဲ ရှာတွေ့ခဲ့ပေမဲ့ ကွမ်းမင်နယ်မြေက လူတွေနဲ့ ထပ်တွေ့ခဲ့ရပါတယ်"
"စီနီယာမော့ ကယ်ပေးလို့ ကျေးဇူးတင်ပါတယ်၊ မဟုတ်ရင် ကျွန်တော်တို့တွေ ဒီမှာတင် အသက်ပျောက်ကြမှာပါ"
မော့ချိုးဖန်၏ မျက်နှာမှာ မည်သည့် ခံစားချက်မျှ မရှိဘဲ အေးစက်စွာ ပြောသည်။ "ငါက လူတွေ ကဲ့ရဲ့မှာကို မလိုချင်လို့ပဲ"
"နင်တို့ရဲ့ ခေါင်းဆောင်က ဘယ်သူလဲ"
"ဒီတစ်ခေါက် နင်တို့ကို ဘယ်သူ ခေါ်လာတာလဲ"
အကြီးအကဲ ဝူက ပြန်ဖြေသည်။ "ကျွင်းယာတာအိုအရှင်ပါ"
ထိုအမည်ကို ကြားလိုက်ရသောအခါ မော့ချိုးဖန်၏ မျက်လုံးထဲတွင် ထူးဆန်းသော အရိပ်အယောင်တစ်ခု ဖြတ်ပြေးသွားသော်လည်း ချက်ချင်းပင် ပြန်ဖုံးကွယ်လိုက်သည်။
"သူ့ကိုး"
"မိတ်ဆွေဟောင်းကြီးပဲ"
ထို့နောက် သူမက ဆက်ပြောသည်။ "ဒါဆို နင်တို့ မြန်မြန်ပဲ နင်တို့ရဲ့ အကြီးအကဲကျွင်းယာနဲ့ သွားပေါင်းလိုက်ကြတာ အကောင်းဆုံးပဲ"
"ငါ့ရဲ့ ခန့်မှန်း ချက်အရ အဲဒီ မုန်တိုင်းက မကြာခင် ပြန်လာဦးမယ်"
"တကယ်လို့ ထပ်ပြီး လူကွဲသွားလို့ ချန်ဟော်မြောင်နဲ့ ထပ်တွေ့ရင်တော့ ငါလည်း ဘာမှ ကူညီနိုင်မှာ မဟုတ်ဘူး"
ပြောပြီးသည်နှင့် သူမက တိုက်ရိုက် လှည့်ထွက်သွားရန် ပြင်လိုက်သည်။
ထန်ထျန်းကတော့ အနည်းငယ် ကြောင်သွားသည်။
ဒီလောက်နဲ့ပဲ ပြီးသွားပြီလား။
သို့သော် ထိုအချိန်မှာပင် သူ၏ "အသင်းဖော်ကောင်း" အကြီးအကဲ ဝူက အလောတကြီး လှမ်းအော်လိုက်သည်။
"စီနီယာမော့"
"ခဏလောက် စောင့်ပေးပါဦး"