စိတ်စွမ်းအားဖြင့် အခြေအနေများကို ဖန်တီးနိုင်
Vol. 10 Ch. 995
ဗုဒ္ဓသည် ဆန်းလျန်ကို သမိုင်းထဲတွင် ပိတ်ထားပြီးသည့်နောက် များစွာသောအချိန်ကာလများ ကုန်လွန်ခဲ့လေသည်။
ဗုဒ္ဓသည်လည်း သံသရာကို ကျော်လွန်သွားပြီး လင်စန်းတောင်သည်လည်း လောကမှ ပျောက်ကွယ်သွားခဲ့သည်။
သို့သော်… လင်စန်းတောင်တွင် ဗုဒ္ဓတရားများကို နားထောင်ခဲ့ကြသည့် ဘုန်းတော်ကြီးများကတော့ လောကတွင် ကျန်ရစ်ခဲ့ကြသည်။
သူတို့က ဗုဒ္ဒ၏ တရားဓမ္မကို နားထောင်ပြီး ကျင့်ကြံခဲ့ကြသူများဖြစ်သည့်အတွက် တန်ခိုးစွမ်းအားလည်း အတော်အတန်ရှိကြသည်။ ထို့ပြင် သူတို့အားလုံး၏ စိတ်နေစိတ်ထားများကလည်း မတူညီကွဲပြားကြလေသည်။
သို့သော်… ဗုဒ္ဓဟောပြောခဲ့သည့် တရားအနှစ်သာရများကို အပြည့်အဝနားလည်သူ တစ်ယောက်မှ မရှိခဲ့ကြပေ။
ထို့ကြောင့်ပင် နှစ်ပေါင်းအသင်္ချေမက ကြာမြင့်သည့်အခါ အယူအဆနှင့် စိတ်နေစိတ်ထား မတူညီကြသည့် ဘုန်းတော်ကြီးများကြောင့် ဗုဒ္ဓဘာသာသည် ကျောင်းတော်ကြီး (၈)ခုအဖြစ် ဂိုဏ်းကွဲသွားလေသည်။
ထိုကျောင်းတော်ကြီး (၈)ခုမှာ…
ဆန်းလွမ်ကျောင်းတော် (ဖာ့ရှင်းဂိုဏ်း) ၊ ယွိကျားကျောင်းတော် (ဖာ့ရှန်းဂိုဏ်း) ၊ ထျန်းထိုင်ကျောင်းတော် ၊ ရှန်းရှိုးကျောင်းတော် (ဟွာယန်ဂိုဏ်း) ၊ ချန်ကျောင်းတော် ၊ ကျင်းထူကျောင်းတော် ၊ လွိကျောင်းတော် ၊ မီကျောင်းတော်(ကျန်းယန်ကျောင်းတော်) တို့ဖြစ်လေ၏။
နှစ်ပေါင်းအသင်္ချေအတွင်း … ဤလောကတွင် နတ်ဘုရားများ ၊ နတ်မိစ္ဆာများလည်း တစ်ယောက်ပြီးတစ်ယောက် ထွက်ပေါ်လာခဲ့ကြလေသည်။
ထိုသူများထဲတွင် တန်ခိုးစွမ်းအားမြင့်မားသလောက် စိတ်ထားခက်ထန်ပြီး လောကကို ဖျက်စီးလိုသူများ ပါဝင်လေရာ တာအိုဆရာများ ၊ ဘုန်းတော်ကြီးများက ထိုသူများကို နှိမ်နင်းရလေ့ရှိကြသည်။
ထိုသို့ဖြင့် ဗုဒ္ဓဘာသာနှင့် တာအိုဝါဒသည် ကမ္ဘာပေါ်တွင် တဖြည်းဖြည်းကြီးစိုးလာသည့်အနေအထားသို့ ရောက်ရှိခဲ့သည်။
ယွမ်ကျိုးနယ်တွင်တော့ အလွန်ထင်ရှားသည့် တာအိုဝါဒ နတ်ဘုရားကျောင်းတော်ကြီး (၄)ခု ပေါ်ထွက်လာခဲ့လေ၏။
ထိုနတ်ဘုရားကျောင်းတော်ကြီး (၄)ခုတွင် လျှို့ဝှက်ဆန်းကျယ်ဆုံးသော ကျောင်းတော်မှာ ထိုက်စန့်နတ်ဘုရားဂိုဏ်း ဖြစ်လေသည်။
သို့သော်… တန်ခိုးစွမ်းအား အမြင့်မားဆုံးအဖြစ်သတ်မှတ်ခံရသည့် ကျောင်းတော်ကြီးကတော့ ချင်းရွှမ်နတ်တံခါး ဖြစ်လေ၏။
ကနဦးကာလ နှစ်ပေါင်း (၇၀၀) ကြာပြီးသည့်နောက် တာအိုဆရာယွမ်ချင်းက မရဏဓားတစ်လက်ဖြစ်သည့် ယွမ်တုဓားကို ကျင့်ကြံအောင်မြင်ခဲ့လေသည်။
ကျင့်ကြံသူလောကတွင် ယွမ်ချင်း၏ ဓားသိုင်းကို ယှဉ်နိုင်သူ တစ်ယောက်မှ မရှိခဲ့ပေ။
အဓိကနတ်ဘုရားကျောင်းတော်ကြီး (၄)ခုနှင့် ဗုဒ္ဓဘာသာကျောင်းတော်ကြီး (၈)ခုတွင် ယွမ်ချင်းကို အံတုယှဉ်ပြိုင်နိုင်သူ တစ်ယောက်မှ ပေါ်ထွက်လာခဲ့ခြင်း မရှိပေ။
ပြောရမည်ဆိုလျှင် ယွမ်ချင်းလောက်ကျော်ကြားသည့် နတ်ဘုရား ၊ နတ်မိစ္ဆာ ပေါ်ထွက်လာခြင်း မရှိသေးဟု ဆိုနိုင်လေ၏။
ထို့ကြောင့် အရှေ့ပင်လယ်ဒေသနှင့် ယွမ်ကျိုးနယ်တောင်ပိုင်းဒေသတစ်ခုလုံးတွင် ချင်းရွှမ်နတ်တံခါး၏ သြဇာအာဏာ ပျံ့နှံ့လွှမ်းမိုးထားခဲ့လေသည်။
ကံကောင်းသည်မှာ ယွမ်ချင်းက အာဏာကိုမက်မောသည့်လူစားမျိုး မဟုတ်ပေ။
ထို့ကြောင့် သူကလည်း မည်သူ့ကိုမှ သွားရောက်ရန်စ ထိပါးခြင်းမရှိသလို သူ့ကိုလည်း မည်သူမှ ရန်စရဲခြင်း မရှိကြပေ။ ထို့ကြောင့် ချင်းရွှမ်နတ်တံခါး၏ သြဇာလွှမ်းမိုးရာဒေသတွင် မည်သည့်ပြဿနာမှ ကြီးကြီးမားမား မဖြစ်ခဲ့ပေ။
ယွမ်ချင်း၏လက်ထက်တွင် ချင်းရွှမ်နတ်တံခါးသည် တစ်နေ့တခြား တိုးတက်လာပြီး ယခုဆိုလျှင် ချင်းရွှမ်တောင်၏ တောင်ထိပ် (၅)ခုတွင် ဆရာသခင် အယောက် (၅၀၀)နှင့် တပည့်ပေါင်းများစွာ ရှိနေပြီဖြစ်သည်။
သို့သော်… ချင်းရွှမ်တောင်က ကျယ်ပြန့်လွန်းလေရာ ထိုမျှ လူဦးရေသည်ပင် ကျဲပါးသည်ဟု ဆိုနိုင်သေး၏။
ချင်းရွှမ်တောင်၏ တောင်ထွတ် (၅)ခုတွင် ထိုက်ယီတောင်ထိပ်က ဝိညာဉ်စွမ်းအား အမြင့်မားဆုံး ဖြစ်လေသည်။
ယွမ်ချင်းသည် ချင်းရွှမ်နတ်တံခါးကို တည်ထောင်ခဲ့သူဖြစ်သည့်အတွက် အစဉ်အလာနှင့် အဆင့်အတန်းအရ ထိုက်ယီတောင်ထိပ်တွင် ယွမ်ချင်းတစ်ယောက်တည်းသာ နေထိုင်လေသည်။
ချင်းရွှမ်နတ်တံခါး၏ ဂိုဏ်းချုပ်မှာလည်း ယွမ်ချင်းပင်ဖြစ်သလို ဂိုဏ်းထဲတွင် တန်ခိုးစွမ်းအား အမြင့်မားဆုံးမှာလည်း ယွမ်ချင်းသာလျှင် ဖြစ်သည်။
တစ်ခါတရံ ယွမ်ချင်း ကျင့်ကြံခြင်းအဆင့်တက်ရောက်သည့်အခါ ကြီးမားသည့် တန်ခိုးစွမ်းအားပေါက်ကွဲမှုများ ဖြစ်ပေါ်လေ့ရှိသည်။
ထိုအခါ ထိုက်ယီတောင်ထိပ်တွင် အခြားသူများနေထိုင်ပါက မတော်တဆ ဒဏ်ရာရသွားနိုင်လေသည်။ ထို့ကြောင့်လည်း ယွမ်ချင်းက ထိုက်ယီတောင်ထိပ်တွင် တစ်ယောက်တည်း နေထိုင်ခြင်း ဖြစ်သည်။
လောကတွင် ကျင့်ကြံခြင်းအဆင့်တက်သွားသည့် ကျင့်ကြံသူတိုင်းက ကြီးမားသည့် တန်ခိုးစွမ်းအားပေါက်ကွဲမှုများ ဖြစ်ပေါ်တတ်လေသည်။ သို့သော်… ယွမ်ချင်းကတော့ ထိုသူများနှင့်မတူဘဲ တန်ခိုးစွမ်းအားပေါက်ကွဲမှု ပိုမိုပြင်းထန်တတ်လေ၏။
ယွမ်ချင်း၏ ကျင့်ကြံခြင်းအဆင့်ကလည်း နက်ရှိုင်းသည်ထက် နက်ရှိုင်းလာပြီး သူ၏ ကျင့်ကြံခြင်းသည် ယွမ်တုဓားအပေါ်တွင် အခြေခံလေသည်။
သူ၏ တာအိုနှလုံးသားအတွင်းမှ သတ်ဖြတ်လိုသည့်အငွေ့အသက်များနှင့် ယွမ်တုဓား၏ သတ်ဖြတ်လိုသည့်အငွေ့အသက်များ ပေါင်းစပ်ကျင့်ကြံရခြင်း ဖြစ်လေသည်။
ယွမ်တုဓားက ပိုမိုထက်မြက်လာလေလေ သူ၏နှလုံးသားထဲမှ သတ်ဖြတ်လိုသည့်အငွေ့အသက်များကလည်း ပိုမိုများပြားလာလေ ဖြစ်သည်။
ယွမ်ချင်းက မွေးရာပါ သတ်ဖြတ်လိုသည့်အငွေ့အသက်များကို ပိုင်ဆိုင်သူဖြစ်သည်။ ယခုတော့ သူက ယွမ်တုဓားဖြင့် နတ်မိစ္ဆာများ ၊ မကောင်းသည့် နတ်ဘုရားများကို သုတ်သင်ရှင်းလင်းပစ်တိုင်း သတ်ဖြတ်လိုသည့်အငွေ့အသက်များက ပိုမိုများပြားလာလေ့ရှိသည်။
သူ၏ တာအိုတန်ခိုးစွမ်းအားက တစ်ဆင့်မြင့်လာလေ မိစ္ဆာစွမ်းအားကလည်း တစ်ဆင့်မြင့်လာလေပင် ဖြစ်သည်။
ယွမ်ချင်း၏ တန်ခိုးစွမ်းအား မြင့်မားလာလေလေ သတ်ဖြတ်လိုသည့် မိစ္ဆာစွမ်းအားများကလည်း ပိုမိုမြင့်မားစွာ ပေါင်းစပ်လာလေ ဖြစ်လေသည်။
ဤသို့ဖြစ်နေသည်ကို လုံးလုံးလျားလျား ထိန်းချုပ်နိုင်ခြင်းသာ မရှိလျှင် တစ်ချိန်တွင် သူသည် လူသတ်မိစ္ဆာတစ်ယောက် ဖြစ်လာနိုင်ဖွယ် ရှိလေသည်။
ထိုသို့ တွေးမိလေတိုင်း လည်ပင်းထဲတွင် ငါးရိုးစူးနေသည့်အလား ယွမ်ချင်း မသက်မသာ ခံစားရစမြဲဖြစ်သည်။
ထိုသို့ဖြစ်လာရသည့်အကြောင်းရင်းမှာလည်း ယွမ်တုဓားကြောင့်သာ ဖြစ်သည်ဟု ဆိုနိုင်သည်။
သူက မွေးရာပါ သတ်ဖြတ်လိုသည့်အငွေ့အသက်များဖြင့် မွေးဖွားလာသူဖြစ်သော်လည်း သူ၏ကျင့်ကြံခြင်းတန်ခိုးစွမ်းအားဖြင့် ထိုသတ်ဖြတ်လိုသည့် အငွေ့အသက်များကို ဖိနှိပ်ထားနိုင်ခဲ့သည်။
သို့သော် ဆန်းလျန်က သူ့ကို ယွမ်တုဓားပေးအပ်ခဲ့ပြီးနောက်ပိုင်း သူ၏တန်ခိုးစွမ်းအားများကို ယွမ်တုဓားနှင့်ပေါင်းစပ်ကျင့်ကြံခဲ့သည်။
ဟွမ်ချွမ်ကျီကို ယွမ်တုဓားဖြင့် အနိုင်ယူတိုက်ထုတ်နိုင်ခဲ့သည် မဟုတ်ပါလား။
ထိုနေ့ညက သန်းခေါင်ယံတိုက်ပွဲ မတိုင်မီ ယွမ်တုဓားမှ ကြောက်မက်ဖွယ်ရာ ဓားဝိညာဉ်တစ်ခုထွက်ပေါ်လာခဲ့ပြီး ဟွမ်ချွမ်ကျီကို အနိုင်ယူနိုင်ခဲ့ခြင်း ဖြစ်လေသည်။
ထို့ကြောင့်ပင် ဟွမ်ချွမ်ကျီကို ချင်းရွှမ်တောင်တွင် ဘယ်တော့မှ ခြေပြန်မချနိုင်စေရန် ယွမ်ချင်းမောင်းထုတ်နိုင်ခဲ့ပြီး ယနေ့အချိန်ထိ အောင်မြင်မှုသရဖူဆောင်းထားနိုင်ခဲ့လေ၏။
သို့သော်… ယွမ်တုဓားနှင့် ကျင့်ကြံခဲ့ခြင်းက သူ ဖိနှိပ်ထားသည့် သတ်ဖြတ်လိုသည့် အငွေ့အသက်များကို ပြန်လည်ထွက်ပေါ်လာစေလေသည်။
သူ၏ ကျင့်ကြံခြင်းသည် သစ်ပင်ကြီးတစ်ပင်၏ အမြစ်များကဲ့သို့ ဖြစ်လေသည်။ သတ်ဖြတ်လိုသည့်အငွေ့အသက်များကို စုပ်ယူပြီး အဆက်မပြတ် တန်ခိုးစွမ်းအားကို ကြီးထွားနေစေခဲ့သည်။
လောကတွင် အောင်မြင်မှုရှိလျှင် ဆုံးရှုံးမှုလည်း ရှိစမြဲ ဖြစ်လေသည်။
ယွမ်ချင်း သူ့အရှေ့တွင် ပျံသန်းနေသည့် တိမ်ခိုးတိမ်ငွေ့များကို ငေးကြည့်ရင်း သက်ပြင်းတစ်ချက် ချလိုက်မိသည်။
သူ၏ လက်ရှိကျင့်ကြံခြင်းအဆင့်နှင့်ဆိုလျှင် သူ့အနေဖြင့် ဤလောကကိုကျော်လွန်ပြီး ပိုမိုကျယ်ပြန့်သည့် လောကတစ်ခုသို့ ထွက်ခွာနိုင်ပြီဖြစ်သည်။ သို့သော်… သူရင်ဆိုင်နေရသည့် ကျင့်စဉ်လမ်းအခက်အခဲများကို မဖြေရှင်းနိုင်သည့်အတွက် အခက်တွေ့နေရသည်။
ထိုအချက်ကြောင့်ပဲ သူက လောကကိုကျော်လွန်ရန် တွန့်ဆုတ်နေမိလေသည်။
ချင်းရွှမ်တောင်ပေါ်တွင်တော့ တာအိုဆရာသခင်ထိုက်ယီနှင့် တာအိုဆရာသခင်ချင်းရွှမ်တို့၏ တာအိုတရားများ ကျန်ရှိနေလေသည်။ ထိုတာအိုတရားများက သူ၏ခန္ဓာကိုယ်မှ ထွက်ပေါ်နေသည့် သတ်ဖြတ်လိုသည့်အငွေ့အသက်များကို ဖိနှိပ်ထားရာတွင် များစွာ အထောက်အကူပြုသည်။
သူသာ လောကကိုကျော်လွန်ပြီး အခြားနေရာသို့ ထွက်ခွာသွားမည်ဆိုပါက သူ့ခန္ဓာကိုယ်မှ သတ်ဖြတ်လိုသည့်အငွေ့အသက်များကို ဖိနှိပ်ထားနိုင်ခြင်းမရှိဘဲ အန္တရယ်နှင့် ရင်ဆိုင်ရနိုင်ဖွယ်ရှိသည်။
ရုတ်တရက်… ယွမ်ချင်း အနောက်သို့ လှည့်ကြည့်လိုက်မိလေသည်။
သူ၏ အင်္ကျီလက်များတစ်ချက်လှုပ်ရှားသွားပြီး သူ့မျက်နှာထက်သို့ လေငွေ့တစ်ခု ဖြတ်သန်းရိုက်ခတ်သွားသည်ကို ခံစားလိုက်ရသည်။ ထို့နောက် ဖြည်းဖြည်းချင်း ပျောက်ကွယ်သွားလေသည်။
ယွမ်ချင်းက ချက်ချင်းပင် နတ်ဘုရားစိတ်အာရုံထုတ်လွှတ်ပြီး ထိုက်ယီတောင်ထွတ်တစ်ခုလုံးသို့ ဖြန့်ကျက်ကြည့်ရှုလိုက်သော်လည်း မည်သည့်အရာကိုမှ တွေ့မြင်ရခြင်း မရှိပေ။
သူ့အနားတွင် တစ်စုံတစ်ယောက်ရှိနေသည်ဟု ယွမ်ချင်း ခံစားရသည်မှာ ပထမဆုံးအကြိမ် မဟုတ်ပေ။
သူ့ကို တစ်စုံတစ်ယောက်က ကြည့်နေသည်ဟု ခံစားရပြီး သူနှင့်လည်း အလွန်နီးကပ်လာသည်ဟု ခံစားရလေ့ရှလေသည်။ သို့သော်… ထိုတည်ရှိမှုကို လုံး၀ တွေ့မြင်ရခြင်း မရှိပေ။
ကျင့်ကြံသူလောကတွင် ယွမ်ချင်း၏ အဆင့်က ထိပ်တန်းအဆင့် ဖြစ်လေ၏။
သို့သော်… သူ့ကိုစောင့်ကြည့်နေသူ မည်သူဖြစ်သည်ကို ယွမ်ချင်း လုံး၀ မသိရှိနိင်သည့်အပြင် သဲလွန်စလေးတစ်ခုတလေပင် ရှာဖွေနိုင်ခြင်း မရှိပါပေ။
ယွမ်ချင်းက ထိုတည်ရှိမှုမှာ တာအိုဆရာသခင်ထိုက်ယီလား ၊ တာအိုဆရာသခင် ချင်းရွှမ်လားဟု တွေးလိုက်မိသည်။
သို့သော်… ထိုသူ (၂)ယောက်သည် သူ့ကို အဘယ်မှာ လာရောက်ကြည့်ရှုပါမည်နည်း။
သူ၏ ကျင့်ကြံခြင်းအဆင့် နက်ရှိုင်းလာလေ တာအိုဆရာသခင်ကြီးတစ်ပါးဖြစ်သည်အထိ ကျင့်ကြံရန်မှာ မည်သို့မှမလွယ်ကူသည်ကို သိရှိလာလေပဲ ဖြစ်လေသည်။
တာအိုဆရာသခင်ကြီးများဆိုသည်က မှန်ထဲတွင်တွေ့မြင်ရသည့်ပန်းတစ်ပွင့်ပမာ ၊ ရေပြင်ထက်မှတွေ့မြင်ရသည့် လရိပ်ပမာ အလွန်မှ အိပ်မက်ဆန်လွန်းလှသည် မဟုတ်ပါလား။
သို့သော်… သူ ခန့်မှန်းသည်က မှန်ကန်နေသည်ကို ယွမ်ချင်းကိုယ်တိုင် ရိပ်မိခြင်း မရှိပေ။ ယွမ်ချင်းအနားသို့ ရောက်လာပြီး ယွမ်ချင်းကို ကြည့်နေသူမှာ ဆန်းလျန် ဖြစ်နေသည် မဟုတ်ပါလား။
ဆန်းလျန်က ယွမ်ချင်းကို တမင်သက်သက် လာရောက်ကြည့်ရှုခြင်း မဟုတ်ပေ။ သူက စိတ်ဆန္ဒရှိသည့်အတိုင်း လှည့်လည်သွားလာနေရင်း ယွမ်ချင်းရှိရာသို့ ရောက်လာခြင်း ဖြစ်သည်။
ထို့ပြင် သူက အကောင်အထည်မရှိသည့် နတ်ဘုရားစွမ်းအားလေးတစ်ခုမျှသာဖြစ်လေရာ ယွမ်ချင်းအနေဖြင့်လည်း ဆန်းလျန် ဖြစ်ကြောင်း သိရှိနိုင်မည် မဟုတ်ပေ။
ဆန်းလျန်၏ လက်ရှိအခြေအနေကလည်း အစစ်အမှန်လောကကို ဝင်ရောက်စွက်ဖက်နိုင်ခြင်း မရှိသည့် အခြေအနေဖြစ်သည်။
သို့သော်… ဟာကွက်တစ်ခုကို ဆန်းလျန်သိရှိထားလေသည်။
ထိုဟာကွက်မှာ… အခြားသူများက သူ့ကို တွေ့မြင်ရခြင်းမရှိသော်လည်း သူ အခြားသူများအနားသို့ ရောက်လာသည့်အချိန်တွင် ထိုသူများ၏ စိတ်ထဲတွင် အနည်းငယ်ထူးဆန်းမှုကို ခံစားရခြင်း ဖြစ်သည်။
ထိုအရာက တန်ခိုးစွမ်းအား မဟုတ်ပေ။ ထိုအရာက စိတ်စွမ်းအားဖြစ်လေသည်။ စိတ်စွမ်းအား၏ အနက်ရှိုင်းဆုံးအရာမှာ မျှော်လင့်ချက်ဖြစ်သည်ဟု ဆိုနိုင်သည်။
"စိတ်စွမ်းအားဖြင့် အရာအားလုံးကို ပြောင်းလဲစေနိုင်သည် ၊ စိတ်စွမ်းအားဖြင့် အခြေအနေများကို ဖန်တီးနိုင်သည်"
ဟု ဗုဒ္ဓဟောပြောခဲ့သည်မှာ အမှန်ပင် ဖြစ်လေ၏။
ဗုဒ္ဓ၏တရားသည် အခြေခံကျပြီး လူတိုင်းကျင့်ကြံနိုင်သည်ကို တွေ့မြင်နိုင်သည်။ သက်ရှိသတ္တဝါများအားလုံးသာမက တာအိုကျင့်ကြံသူများပင်လျှင် ဗုဒ္ဓ၏ ဒဿနကို လေ့လာသင့်သည်။
ထိုသို့ဆိုလျှင် စိတ်စွမ်းအားနှင့် စိတ်စွမ်အား၏ အရေးပါပုံကို သိရှိနိုင်ကြပေလိမ့်မည်။
ထို့ပြင် စိတ်စွမ်းအားဆိုသည်မှာ သဘာဝတရားတစ်ခု ဖြစ်သည်။ သဘာဝတရားကို နားမလည်သည့်အတွက် လောကကြီးက ညစ်ညမ်းနေခြင်း ဖြစ်လေ၏။
လူတစ်ယောက်သည် အကြောင်းအကျိုးကိုနားလည်ပြီး သဘာဝတရားကို လက်ခံနိုင်လျှင် ဗုဒ္ဓ၏ဒဿနနှင့် အနီးစပ်ဆုံး ကျင့်ကြံနိုင်သူ ဖြစ်လာပေလိမ့်မည်။
သို့သော်… တကယ်တမ်း ကျင့်ကြံရန်မှာ အလွန်ခက်ခဲလေသည်။
ခေတ်အဆက်ဆက်တွင် ဆန်းလျန်တစ်ယောက်သာလျှင် အနီးစပ်ဆုံး ကျင့်ကြံနိုင်ခဲ့ပြီး အချိန်ရေစီးကြောင်းကို ဖြတ်သန်းကာ အတိတ်ကာလသို့ အချိန်ခရီးသွားနိုင်ခဲ့သည် မဟုတ်ပါလား။
မည်သို့ပင်ဖြစ်စေ… အတိတ်ကာလသို့ အချိန်ခရီးသွားနိုင်ခဲ့ပြီး တန်ခိုးစွမ်းအားမြင့်မားသူတစ်ယောက် ဖြစ်သည့်တိုင် ယခုတော့ သမိုင်းထဲတွင် ပိတ်မိနေခဲ့ပြီ ဖြစ်လေသည်။
ဆန်းလျန် တစ်ခါတရံ ဗုဒ္ဓကိုပင် သတိရမိပါသေး၏။
သို့သော်… သမိုင်းထဲတွင် ပိတ်မိနေခြင်းမှ လွတ်မြောက်အောင် မည်သို့ပြုလုပ်ရမည်ကို ဆန်းလျန် အဖြေရှာတွေ့ခဲ့ပြီ ဖြစ်၏။ ထို့အတူ ဗုဒ္ဓ၏ ဓမ္မအဓိပ္ပါယ်ကိုလည် းသဘောပေါက်သွားခဲ့ပြီ ဖြစ်လေသည်။
အဖြေကတော့ "စောင့်ဆိုုင်းခြင်း" ပင် ဖြစ်လေသည်။
ထို့ကြောင့် ဆန်းလျန် လောကတစ်ခွင် ပျင်းရိစွာ လှည့်လည်သွားလာရင်း အချိန်ကိုစောင့်နေခဲ့ခြင်း ဖြစ်သည်။
ယခု သူရောက်ရှိနေသည့် အချိန်သည် သမိုင်းကာလထဲတွင် ဖြစ်လေသည်။ သို့သော်… ဝင်ရောက်ပတ်သက်နိုင်ခြင်းမရှိဘဲ အရာအားလုံးကို ကြည့်ရှုနေရသည်။ ဤသည်မှာလည်း အလွန်မှ စိတ်ဝင်စားစရာ ကောင်းလှ၏။
ကြည့်ရသည်မှာ ယွမ်ချင်းသည် သိပ်မကြာမီ သတ်ဖြတ်လိုသည့်အငွေ့အသက်များကို ဖြတ်ထုတ်နိုင်သည့်နည်းလမ်းကို သိရှိသွားပြီး "သွေးဓားကျင့်စဉ်" ကို မွေးဖွားဖော်ထုတ်ပေးနိုင်တော့မည့်ဟန် ရှိလေသည်။
သူ့ကို တစ်စုံတစ်ယောက်က ကြည့်နေသည်ဟု ခံစားနေရသည့်ခံစားချက်ကို အကြိမ်ပေါင်းများစွာ ခံစားခဲ့ရသောကြောင့် ယွမ်ချင်းလည်း အထူးအဆန်း လုပ်မနေတော့ပေ။
သူ နေထိုင်ရန် တည်ဆောက်ထားသည့် ချင်းရွှမ်ခန်းမဆောင်အတွင်းသို့သာ ဝင်လာခဲ့လေတော့သည်။
ထို့နောက် သူက အင်းစာရွက်တစ်ခုကို ကြိုးကြာပုံသဏ္ဍန် ခေါက်လိုက်ပြီး ထျန်းယွမ်တောင်ထွတ်မှ နတ်ဘုရားတစ်ပါးဖြစ်သည့် စန်းရှောင်ကျီကို ဆင့်ခေါ်စာပို့လိုက်သည်။
စန်းရှောင်ကျီက အသက် (၃၇၀) ပြည့်ပြီ ဖြစ်သည်။
စန်းရှောင်ကျီ ကျင့်စဉ်လမ်းသို့ လိုက်ခဲ့သည်မှာ အသက်ရှည်ရန်နှင့် နတ်ဘုရားတစ်ပါး ဖြစ်လာရန် မဟုတ်ခဲ့ပေ။ သူက မိုးကြိုးတန်ခိုးစွမ်းအားနှင့် လျှပ်စီးတန်ခိုးစွမ်းအားကို အသေးစိတ် လေ့လာနေသူ ဖြစ်သည်။
သူက တန်ခိုးစွမ်းအားမြင့်မားပြီး ထျန်းယွမ်တောင်ထွတ်ကို အုပ်ချုပ်ရသူလည်း ဖြစ်လေ၏။
နတ်ကြိုးကြာရုပ်လေးမှ ဆင့်ခေါ်သည့် သတင်းစကားကိုရရချင်း စန်းရှောင်ကျီ ချင်းရွှမ်ခန်းမသို့ရောက်လာကာ ယွမ်ချင်းနှင့်ချက်ချင်းတွေ့ဆုံလေသည်။
ယွမ်ချင်းက စန်းရှောင်ကျီကိုတွေ့သည်နှင့် အလွန်ပျော်ရွှင်ကျေနပ်သွားလေသည်။ ယခုနှစ်များအတွင်း စန်းရှောင်ကျီ၏ တန်ခိုးစွမ်းအားများ အဆမတန် မြင့်မားလာသည် မဟုတ်ပါလား။
ချင်းရွှမ်နတ်တံခါးက တပည့်များရွေးခြယ်ရာတွင် အလွန်စည်းကမ်းတင်းကျပ်လေသည်။
ထို့ကြောင့်… နှစ်ထောင်ပေါင်းများစွာသောအချိန်အတွင်း အရည်အချင်းရှိသူ များစွာ ထွက်ပေါ်လာခဲ့သည်။ စန်းရှောင်ကျီသည်လည်း အလွန်အရည်အချင်းရှိသူတစ်ယောက် ဖြစ်သလို စိတ်နေစိတ်ထားလည်း တည်ကြည်သူ ဖြစ်သည်။
သူက မည်သည့်အရာကိုမှ အလွန်အကျွံမလုပ်တတ်သလို ထိန်းထိန်းသိမ်းသိမ်းနေထိုင်တတ်သူလည်း ဖြစ်သည်။
ယွမ်ချင်းက…
"သိပ်မကြာခင် နတ်တံခါးဖွင့်ပြီး တပည့်ရွေးခြယ်ပွဲ ပြုလုပ်ဖို့ ကျုပ် စီစဉ်ထားတယ် ၊ ဒီတစ်ခေါက် တပည့်ရွေးခြယ်ပွဲကို မင်းပဲဦးစီးပြီးလုပ်စေချင်တယ်…"
***