ဖွင့်လှစ်ခြင်း
Vol. 32 Ch. 327
ဟော်လင်းကျိ ဂရုတစိုက်နှင့် စက်ဝိုင်းပြား၏နောက်ဆုံးအပိုင်းကို ထည့်လိုက်ပြီး ကဗ္ဗည်းများနှင့် ချိတ်ဆက်လိုက်၏။
ချက်ချင်းဆိုသလို စက်ဝိုင်ပြားပေါ်ရှိ ကဗ္ဗည်းများပေါ်တွင် ကျောချမ်းဖွယ် အလင်းရောင်များ တောက်လာခဲ့သည်။
လူတိုင်းက ထိုစက်ဝိုင်းပြားကို စိုက်ကြည့်နေကြပြီး ပေါက်ကွဲမသွားစေဖို့ ကြိတ်ဆုတောင်းနေခဲ့ကြ၏။
တခဏအကြာတွင် ပြေးနေသော အလင်းရောင်များက နှေးကွေးသွားခဲ့သည်။
ဟော်လင်းကျိ သူ့နှဖူးပေါ်မှချွေးများကို သုတ်လိုက်ပြီး ပြုံးလိုက်ကာ
“အခုတော့ တည်ငြိမ်သွားပြီ ဒါပေမယ့် စိတ်မချရသေးဘူး အဲ့တာကို သွားမထိနဲ့နော် အချိန်မရွေးပေါက်ကွဲသွားနိုင်တယ် ပထမဆုံးအကြိမ်ဆိုတော့ ငါလည်းသိပ်မကျွမ်းသေးဘူး နောက်အကြိမ်တွေဆိုရင်တော့ ပိုကျွမ်းကျင်လာလိမ့်မယ်”
ဟွာလင်းကျိ မယုံနိုင်သေးဟန်ဖြင့် မေးလိုက်၏။
“အဲ့တာက တကယ်ကြီး တည်ငြိမ်သွားပြီလား”
“ဘယ်သူမှ သွားမထိသေးသ၍တော့ အဆင်ပြေပါတယ်” ဟော်လင်းကျိ ကျန်းယန်ကို လေးလေးနက်နက်ပြောလိုက်သည်။
“အထဲကဒြပ်စင်ငါးမျိုးက အရမ်း မတည်မငြိမ်ဖြစ်နေတုန်းပဲ”
“တကယ်လို့ ကျွန်တော်အဲ့တာကို ပေါက်ကွဲစေချင်ရင်ရော” ကျန်းယန် အမြန်မေးလိုက်၏။
ဟော်လင်းကျိ မျက်လုံးလှန်ကြည့်လိုက်ကာ
“မင်းပေါက်ကွဲစေချင်ရင် ထိကြည့်လိုက်လေ ရွှေအမြုတေအဆင့်စွမ်းအားလောက် ထည့်ပေးလိုက်ရင်ကို လုံလောက်နေပြီ ရလဒ်ကိုမင်းတွေ့ရမှာပါ့”
“ကောင်းတယ်” ကျန်းယန် စိတ်ကျေနပ်စွာ ခေါင်းညိတ်ပြလိုက်လေသည်။
“ဂိုဏ်းကိုပြန်ပြီး အောင်ပွဲခံကြစို့” ကျန်းယန် ပြောလိုက်၏။
“ပြီးရင် ဒီပေါ်က ကဗ္ဗည်းတွေကို မမြင်ရအောင်လုပ်ပေးပါဦး အဲ့တာကတော့ သိပ်မခက်လောက်ပါဘူး အချိန်နည်းနည်းပဲ ကြာမှာပါ”
ဟော်လင်းကျိ သက်ပြင်းချလိုက်သည်။
“အားလုံးပြီးသွားရင်တော့ ငါလည်းအဆင့်ချိုးဖြတ်ဖို့ တံခါးပိတ်ကျင့်ကြံရမယ်”
“အဆင့်ချိုးဖြတ်တာက စောင့်လို့ရပါသေးတယ် ကိုယ်ပျောက်ကဗ္ဗည်းတွေက ပိုအရေးကြီးတယ်” ကျန်းယန် ပြောလိုက်ကာ လိပ်ခွံတစ်ခုကိုထုတ်လိုက်ပြီး
“ဒီဟာက ကိုယ်ပျောက်ကဗ္ဗည်းဖန်တီးတဲ့နေရာမှာ အကူအညီပေးနိုင်လောက်တယ် ပြီးတော့ ကျွန်တော်နည်းစနစ်အချို့လည်း ပြင်ဆင်ထားသေးတယ်”
သူပြင်ထားသောနည်းစနစ်ဆိုသည်မှာ လိပ်နက်ပညာရပ်မှထုတ်နှုတ်ထားသောနည်းစနစ်များဖြစ်ပြီး အရှိန်အဝါကိုဖုံးကွယ်ထားနိုင်သော နည်းစနစ်မျိုး ဖြစ်၏။ ထိုအရာနှင့်လိပ်ခွံပေါင်းစပ်လိုက်လျှင် ကိုယ်ပျောက်ကဗ္ဗည်းမျိုး ဖန်တီးနိုင်လောက်သည်။
ဟော်လင်းကျိ အကူအညီမဲ့စွာ ပြုံးလိုက်ပြီး
“ကောင်းပြီလေ ငါ့ကိုပေး ချင်းရှု ဒါကိုရက်အနည်းငယ်အတွင်း အပြီးသတ်လိုက်ကြတာပေါ့ ပြီးရင်တော့ ငါတို့ အဆင့်ချိုးဖြတ်ကြမယ်”
တကယ်တော့ လိပ်ခွံပေါ်ကကဗ္ဗည်းများသည် သူတို့၏အစွမ်းသတ္တိကို သက်သေပြထားပြီးသား ဖြစ်၏။
အဇူရာတိမ်ဂိုဏ်းထိုအရာကို အရင်ဆုံးအသုံးပြုခဲ့သည်မှာ သူတို့ သေနတ်များပေါ်တွင် ဖြစ်သည်။ ထိုအကာအကွယ်ကဗ္ဗည်းများကို မဖယ်ရှားလျှင် ဘယ်သူမှသေနတ်ကို နားလည်နိုင်မည် မဟုတ်ပေ။
ကျန်းယန် ဟွာလင်းကျိဘက်လှည့်ကြည့်လိုက်ကာ
“ကျွန်တော်ပြောထားတဲ့ မှော်ပစ္စည်းကရော”
ဟွာလင်းကျိ ဒေါသတကြီးပြန်ပြောလိုက်သည်။
“ငါအခုဆွဲပေးလိုက်လို့ရတယ် ဒါပေမယ့် ငါကနတ်ဝိညာဉ်အဆင့်ပဲ ရှိသေးတာလေ အဲ့တော့ အခုဆွဲလိုက်ရင် အဲ့တာက ငါနဲ့အဆင့်တူတွေကိုပဲ ချုပ်ထားနိုင်လိမ့်မယ် ငါ့ကို ပိုကောင်းတဲ့ပစ္စည်းတွေပေး အဲ့တာဆို ငါပိုကောင်းအောင် လုပ်ပေးနိုင်တယ်”
“ကျွန်တော်အခုပဲ ယူပေးမယ်” ကျန်းယန် ဘဏ္ဍာတိုက်ဆီ ပြေးလေတော့၏။
ထိုရတနာများအားလုံးသည် စစ်ရေးပြပွဲတွင် ပြသရမည့် ပစ္စည်းများ ဖြစ်သည်။
ကျန်းယန် သူတို့လျှို့ဝှက်ချက်များကို ထုတ်ပြလိုက်ရမှာကို မကြောက်ပေ။ ထိုအရာများကို ဖော်ပြခြင်းက သူ့အနာဂတ်အစီအစဉ်များ၏တစ်စိတ်တစ်ပိုင်းသာ ဖြစ်၏။
အဇူရာတိမ်ဂိုဏ်းတစ်ခုလုံးသည် နောက်ရက်အနည်းငယ်အတွင်း ကျရောက်တော့မည့် စစ်ရေးပြပွဲအတွက် အလုပ်ရှုပ်နေခဲ့ကြသည်။
ထိုစဉ် ကမ္ဘာတစ်ဝှမ်းလုံးရှိ ဂိုဏ်းများကလည်း ဖိတ်စာများ လက်ခံရရှိခဲ့ကြ၏။
“ငါတို့ မသွားဘူး”
“ဘာပဲဖြစ်ဖြစ် လန်ကျားအထွတ်အမြတ်မြေက ဒီအကွက်ထဲ ထပ်ကျသွားလို့မဖြစ်ဘူး”
“သွားတဲ့လူ အရူးပဲ”
လန်ကျားအထွတ်အမြတ်မြေအတွင်း အငြင်းပွားမှုများ ဖြစ်ပွားနေခဲ့သည်။ သူတို့သည် နှစ်ကြိမ်တိုင်တိုင်လှည့်စားခံခဲ့ရသောကြောင့် သွားဖို့ ငြင်းဆန်နေခဲ့ကြသည်။
“ကောင်းပြီ ငါတို့မသွားဘူး” သူတော်စင်သခင် ဆုံးဖြတ်ချက်ချလိုက်သော်လည်း တစ်ခုခုကတော့ မှားနေသည်ဟု သူခံစားနေခဲ့ရ၏။
၀မ်လင်းဂိုဏ်းတွင် ကျိုးရွှမ်ရှန်း ဖိတ်စာကိုသေချာလေ့လာပြီးနောက် ကျန်းတောက်ဘက်လှည့်ကာ ပြောလိုက်သည်။
“ကျိုးလင်က ငါတို့ကိုကိုယ်စားပြုနိုင်မလား….မဟုတ်ဘူး မင်းကိုယ်တိုင်သွားလိုက် အဇူရာတိမ်ဂိုဏ်းဘာတွေစီစဉ်နေတာလဲဆိုတာ အဖြေရှာခဲ့ ပြီးတော့ သူတို့ကို စမ်းသပ်ခဲ့”
“ဟုတ်ကဲ့ပါ ဂိုဏ်းချုပ်” ကျန်းတောက် ပြန်ပြောလိုက်၏။
“ပွဲကျင်းပဖို့ ရက် ၄၀ လိုသေးတယ် ကျွန်တော် နောက်ဆယ်ရက်နေရင် သွားလိုက်ပါ့မယ်”
ရှို့ယိဘုရားကျောင်းတွင် တာအိုပညာရှင်များ လေးနက်နေခဲ့ကြသည်။ သူတို့သည် အဇူရာတိမ်ဂိုဏ်း၏ တိုးတက်မှုကို လက်မခံချင် ဖြစ်နေခဲ့ကြ၏။
ကျောင်းထိုင် နောက်ဆုံးတွင် အမိန့်ပေးလိုက်သည်။
“ယွင်စုန့် လူတွေခေါ်သွားပြီး ပွဲကို သွားလေ့လာခဲ့ တကယ်လို့ အဲ့တာက ထူးဆန်းနေခဲ့မယ်ဆိုရင် နည်းလမ်းရှာပြီး ချင်းရှုကိုပြန်ခေါ်လာခဲ့ အနည်းဆုံးတော့ ငါတို့ဝေစုကို ရသင့်တယ် ဘာပဲဖြစ်ဖြစ် အဲ့တာက ငါတို့လူပဲလေ”
“ဟုတ်ကဲ့ပါ ဆရာ” ယွင်စုန့်ပြောပြီးနောက် လူများကိုခေါ်ကာ အဇူရာတိမ်မြို့ဆီ ထွက်ခွာသွားခဲ့၏။
အခြားဂိုဏ်းများကလည်း ကိုယ်စားလှယ်များ ကိုယ်စီလွှတ်ခဲ့ကြသည်။ သူတို့လည်း အဇူရာတိမ်ဂိုဏ်း၏ အစီအစဉ်များကို စိတ်၀င်စားနေခဲ့ကြသည်သာ။
ဂိုဏ်းကြီး ၉ ဂိုဏ်းတင်မကဘဲ အခြား စွမ်းအားကြီးဂိုဏ်းများကလည်း အဇူရာတိမ်ဂိုဏ်းအကြောင်း စိတ်၀င်စားနေခဲ့သောကြောင့် ကိုယ်စားလှယ်များ လွှတ်ခဲ့ကြ၏။
ဤသို့ဖြင့် အဇူရာတိမ်မြို့သည် ကျင့်ကြံခြင်းကမ္ဘာကြီးတစ်ခုလုံး၏ ဆုံရပ်တစ်ခု ဖြစ်လာခဲ့လေသည်။