သူလျှိုများနှင့် ဆက်သွယ်ခြင်း
Vol. 32 Ch. 329
စစ်ရေးပြပွဲကျင်းပဖို့ ၃၅ ရက်သာ လိုတော့သောကြောင့် သေနတ်ကိုင်တပည့်များအားလုံး အဇူရာတိမ်ဂိုဏ်းဆီ ပြန်ရောက်လာခဲ့ကြသည်။
သူတို့ထဲတွင် လျန့်ယိအဖွဲ့က တစ်ဖွဲ့လုံး ပြန်ရောက်လာခဲ့ခြင်း ဖြစ်၏။ သို့သော် သူတို့၏တပည့်အရေအတွက်က နည်းပါးသောကြောင့် သေနတ်ကိုင်တပည့်များအားလုံးပေါင်းလျှင်တောင် ၂၀၀၀ ကျော်သာ ရှိနေခဲ့သည်။
ကျန်းချန်းရှန်နှင့်၀မ်ပေ့လဲ့တို့ကတော့ သူတို့လူ တစ်၀က်ကိုချန်ထားခဲ့ကာ တစ်၀က်ကိုသာ ပြန်ခေါ်လာခဲ့၏။
အားလုံးပေါင်းသော် လူ ၂၀၀၀၀ကျော်သည် စစ်ရေးပြကွင်းတွင် ရောက်ရှိနေခဲ့ကြသည်။
ကျန်းယန်သူတို့ကိုကြည့်လိုက်ပြီး ပြုံးလိုက်ကာ
“မင်းတို့မှာ ၃ရက်အချိန်ရမယ် ပြီးရင်တော့ စစ်ရေး ပြပွဲအတွက် လေ့ကျင့်ရေးဆင်းကြရမယ် ဒီ ၃ရက်အတွင်း အဇူရာတိမ်မြို့ထဲမှာ စိတ်ကြိုက်ပျော်ကြပေတော့”
“ဟုတ်ကဲ့ပါ စီနီယာအစ်ကိုကြီး”
လူအုပ်ကြီးက ပျော်ရွှင်စွာ ထွက်ခွာသွားခဲ့ကြ၏။
“အဖိုးကြီးကျန်း ဘယ်သွားနေတာလဲ” ဝမ်ပေ့လဲ့ ကျန်းချန်းရှန်ကို တားလိုက်သည်။
“ဘာလို့ အဇူရာတိမ်မြို့ကို ဒီလောက်အလောတကြီးသွားနေတာ မင်းမှာ မြို့ထဲ ရည်းစားရနေပြီလို့တော့မပြောနဲ့နော်”
ကျန်းချန်းရှန် သူ့ကိုတစ်ချက်ကြည့်လိုက်ကာ
“မင်းက ၀တ်စုံပြာအဖွဲ့ကို ဒီလောက်အနီးကပ်စောင့်ကြည့်နေတာာငါရည်းစားရရင် မင်းသိရမှာပေါ့”
“အဓိပ္ပာယ်မရှိတာ” ၀မ်ပေ့လဲ့ ပြန်ပက်လိုက်သည်။
“မင်းကသာ ငါတို့ကို အမြဲလိုက်ကြည့်နေတာ ဘာလို့ ငါတို့နဲ့ပြိုင်မယ့်အစား ဂျူနီယာညီမလေး လျန့်ယိနဲ့သွားမပြိုင်တာလဲ”
“တစ်ယောက်ယောက် ညီမလေးအကြောင်းပြောနေတာ ကြားလိုက်တယ်နော်” လျန့်ယိ ပြုံးကာ ၀င်လာခဲ့သည်။
“အစ်ကိုတို့နှစ်ယောက် ဘာတွေကြံစည်နေကြတာလဲ”
၀မ်ပေ့လဲ့ ချက်ချင်း ကျန်းချန်းရှန်ကိုလက်ညှိုးထိုးပြလိုက်ကာ
“သူက သံသယဖြစ်စရာကောင်းတယ်”
လျန့်ယိခေါင်းယမ်းကာ သူတို့နှစ်ယောက်ကို လျစ်လျူရှုထားလိုက်ပြီး ချောင်ယင်နှင့်အတူ အဇူရာတိမ်မြို့ဆီ ထွက်ခွာသွားခဲ့၏။
ကျန်းချန်းရှန်လည်း ၀မ်ပေ့လဲ့ကိုလျစ်လျူရှုထားလိုက်ပြီး မြို့၏ အုပ်ချုပ်ရေးရုံးသို့ ဦးတည်ထွက်ခွာသွားခဲ့လေသည်။
ထိုအရာက ၀မ်ပေ့လဲ့ကို ပိုအံ့အားသင့်သွားစေခဲ့၏။
“မင်းအဲ့မှာ ဘာလုပ်စရာရှ်ိလို့လဲ”
“ငါစာတစ်ပုဒ်ရေးထားတယ် အဲ့ဒီစာကို ထုတ်ဝေပေးစေချင်တယ်” ကျန်းကျစ်ချိုး လျူမင်ကို စာမူပေးလိုက်ပြီး ပြောလိုက်သည်။
“မင်းစီစဉ်ပေးနိုင်မလား”
လျူမင်စာအုပ်ကိုဖတ်ပြီး မျက်လုံးများ တောက်ပလာကာ
“စီနီယာအစ်ကိုကျန်းက အတော်ဆုံးပဲ”
သူသည် သတင်းစာကိုစီစဉ်ရသူဖြစ်သောကြောင့် အကြောင်းအရာများ ပြတ်လပ်သွားမှာကို အမြဲပူပန်နေခဲ့ရသည်။ ထိုသတင်းစာက ကျင့်ကြံခြင်းကမ္ဘာတစ်ခုလုံးကို ဖြန့်သော သတင်းစာဖြစ်သောကြောင့် သာမန်အကြောင်းအရာများလည်း ထည့်၍ မရပေ။
အခု ကျန်းချန်းရှန်၏စာကတော့ သူလိုချင်သည်နှင့် ကွက်တိကျသော စာမျိုးဖြစ်ဧ်။်။
“အစ်ကို့မှာ ထပ်ရှိသေးလား” လျူမင် မေးလိုက်သည်။
“ငါနှစ်ပုဒ်တော့ ရေးပြီးပြီ ကောင်းရင်တော့ မင်းနှစ်ပုဒ်လုံး ယူလို့ရတယ်” ကျန်းချန်းရှန် ပြောလိုက်ပြီး စာမူကို လက်လွှဲပေးလိုက်၏။
လျူမင် ပိုပြီးပင် စိတ်လှုပ်ရှားလာခဲ့သည်။
“ကျေးဇူးပြုပြီး ထိုင်ပါဦး အစ်ကိုဆက်ရေးဦးမှာလား”
“သေချာတာပေါ့” ကျန်းချန်းရှန် ခေါင်းညိတ်ပြလိုက်၏။
“ငါအချိန်ရတိုင်း ရေးမှာ စီနီယာအစ်ကိုကြီးရဲ့ လမ်းစဉ်ကိုလေ့လာတာက ကောင်းတဲ့အရာပဲ”
“ကောင်းတယ် ကောင်းတယ်” လျူမင် လေးလေးနက်နက်ပြောလိုက်သည်။
“အစ်ကိုဆက်ရေးရင် ကျွန်တော့်ကို စာမူတွေပေးဦးနော် ကျွန်တော်အစ်ကို့အတွက် စာအုပ်တစ်အုပ်သီးသန့် ထုတ်ဝေပေးမယ်
အခု ကျွန်တော်တို့ အဇူရာတိမ်ထုတ်ဝေရေးအဖွဲ့က အဇူရာတိမ်သတင်းစာကိုပဲ ထုတ်ဝေတာ မဟုတ်ဘူး ပန်းတစ်ရာကိုလည်း ထုတ်ဝေနေတာ ကျွန်တော်စာအုပ်ထုတ်ဝေတဲ့ အပိုင်းကိုလည်း စမ်းပြီးပြီ အလုပ်ဖြစ်တယ်
အစ်ကို့အရေးအသားကလည်းလုံး၀ ကွက်တိပဲ”
“စိတ်မပူပါနဲ့ ကျွန်တော်စာအုပ်ကရတဲ့ အကျိုးအမြတ်ကိုလည်း အစ်ကို့ကို ခွဲပေးမှာပါ” လျူမင် ပြောလိုက်၏။
ကျန်းချန်းရှန် ခဏရပ်လိုက်ပြီးနောက် ခေါင်းခါလိုက်ကာ
“မလိုပါဘူး ငါက ငါ့အရေးအသားကိုပဲ သုတေသနလုပ်ချင်တာ”
“မရဘူးလေ အစ်ကိုကျိန်းသေပေါက်လက်ခံရမယ်” လျူမင် လေးလေးနက်နက်ပြောလိုက်သည်။
“မဟုတ်ရင် အဇူရာတိမ်ထုတ်ဝေရေးအဖွဲ့ရဲ့ တိုးတက်ရေးကို ထိခိုက်လာစေနိုင်တယ် စီနီယာအစ်ကိုကြီးက ကျွန်တော့်ကို ဈေးကွက်စီးပွားရေးအကြောင်း ပြောထားတယ် ကျွန်တော်တို့ ထုတ်ဝေရေးအဖွဲ့ကလည်း ငွေရှာဖို့လိုပြီးတော့ ဈေးကွက်တစ်ခု တည်ဆောက်ဖို့လိုတယ်”
“အာ” ကျန်းကျစ်ချိုး ကြောင်အသွားခဲ့၏။ ထို့နောက် သူမှတ်စုစာအုပ်ကို အမြန်ထုတ်လိုက်ကာ
“အစ်ကိုကြီး ဘာပြောခဲ့တာလဲ ငါ့ကိုအမြန်ပြောပြ ငါမှတ်တမ်းတင်ထားဖို့ လိုတယ်”
ထို့နောက် ကျန်းကျစ်ချိုးတစ်ယောက် ကျန်းယန်ပြောခဲ့သော ဈေးကွက်စီးပွားရေးအကြောင်း မှတ်တမ်းတင်လေတော့သည်။
၀မ်ပေ့လဲ့ကတော့ သူတို့ကို တုန်လှုပ်စွာဖြင့် စိုက်ကြည့်နေခဲ့မိ၏။
မင်းက စာအုပ်တစ်အုပ်ခိုးရေးနေတာလား ပြီးတော့ ဈေးကွက်စီးပွားရေးဆိုတာကရော ဘာကြီးလဲ!
ငါနောက်ကျကျန်ခဲ့လို့ မဖြစ်ဘူး!
သူလည်းအလျင်အမြန်ထိုင်ကာ မှတ်စုထဲ ကူးရေးလေတော့သည်။
တခဏအကြာတွင် ကျန်းကျစ်ချိုးနှင့်လျူမင်တို့ ရုံးခန်းထဲမှ ထွက်သွားခဲ့ကြပြီး ၀မ်ပေ့လဲ့လည်း သူတို့နောက်မှ အူကြောင်ကြောင်ဖြင့် ပါလာခဲ့၏။
ဈေးကွက်စီးပွားရေးဆိုသော စကားလုံးကိုတော့ ၀မ်ပေ့လဲ့အခုထိ တစ်လုံးမှ နားမလည်လိုက်ပေ။
ကျန်းကျစ်ချိုး သူ့ကိုတစ်ချက်ကြည့်လိုက်ပြီး
“မင်းကလေးဘ၀တုန်းက ဘာမှ မလေ့လာခဲ့ဘူးလား”
“ငါက ဘာလို့လေ့လာရမှာလဲ” ဝမ်ပေ့လဲ့ တစ်ယောက်တည်းခပ်တိုးတိုးရေရွတ်လိုက်သည်။
“ငါကမိသားစုကြီးတစ်ခုကလေ ဘာလို့ လေ့လာရမှာလဲ”
ကျန်းချန်းရှန် သက်ပြင်းချလိုက်၏။
“စီနီယာအစ်ကိုကြီးရဲ့ သင်ကြားမှုတွေကို ပြန်သွားဖတ် များများပိုလေ့လာ အဲ့တာက မင်းကိုကူညီပေးလိမ့်မယ် ငါ့နောက်ကလိုက်မနေနဲ့တော့ ငါက မိုးပြာလကုန်သွယ်သမဂ္ဂဆီ လိုတာတွေ ၀ယ်သွားမလို့”
သူ့အတွက်စာရေးရန် မင်နှင့်စက္ကူများ လိုနေခဲ့သည်။
သူလမ်းလျှောက်နေရင်း ဘာဆက်ရေးရမလဲဆိုတာ စဉ်းစားနေခဲ့၏။
ရုတ်တရက်ဆိုသလို သူ့နားထဲ ခပ်တိုးတိုးအသံတစ်ခု ၀င်ရောက်လာခဲ့သည်။
“သခင်လေး သခင်လေးကိုရှာဖို့ ခက်ခဲလိုက်တာ”
ကျန်းကျစ်ချိုး ရပ်ကာ မျက်မှောင်ကြုံ့လိုက်ပြီး ဘေးဘီကိုလှည့်ကြည့်လိုက်၏။
“ကြည့်ဖို့ မလိုပါဘူး ဒါက အဇူရာတိမ်မြို့လေ ကျွန်တော်တို့ အများကြီး ပိုဂရုစိုက်ရမယ်” အသံက ဆက်ပြောနေခဲ့သည်။
“သခင်လေး ဒီနှစ်တွေထဲ အဆင်ပြေခဲ့ရဲ့လား”
ကျန်းချန်းရှန် အသံရှင်၏ တည်နေရာကို ရှာမတွေ့ခဲ့ပေ။သို့သော် သူထိုအသံရှင်ကိုတော့ သိ၏။ ထိုသူသည် ကျန်းမိသားစု၏ လေးစားခံပုဂ္ဂိုလ်တစ်ယောက်ဖြစ်သည်။
“ကျွန်တော် အဆင်ပြေပါတယ်” ကျန်းကျစ်ချိုး သာမန်အတိုင်း ပြန်ပြောလိုက်၏။
အသံက ဆက်ပြောနေခဲ့သည်။
“သခင်လေးရဲ့ အဇူရာတိမ်ဂိုဏ်းထဲက အဆင့်အတန်းက ဘယ်လိုရှ်ိလဲ သူတို့က သူတို့ရဲ့ မှော်လက်နက်တွေအကြောင်းသခင်လေးကို ပြောပြတယ်မလား သခင်လေးအဲ့တာတွေကို မြင်ဖူးမှာပဲ ဟူတ်တယ်မလား”
ကျန်းချန်းရှန်ပြုံးကာ ခေါင်းငြိမ့်ပြလိုက်၏။
“ကောင်းတယ် သခင်လေး လက်နက်တွေအကြောင်း ရှင်းပြပေးနိုင်မလား တကယ်လို့ ကျွန်တော်တို့ တစ်ခုလောက်ရရင် ပိုကောင်းတယ် အဲ့တာတွေက ကျန်းမိသားစုအတွက် အရမ်းအရေးကြီးတယ်”
ကျန်းချန်းရှန်၏အမူအရာအနည်းငယ်ပြောင်းလဲသွားကာ ဆက်ပြောလိုက်သည်။
“အဲ့တာတွေကို ရဖို့က ခက်တယ် သုံးပြီးတိုင်း ပြန်အပ်ရတာ ဒါပေမယ့် လူအများကြီးမှာ ရှိနေတာဆိုတော့ တစ်ခုလောက်ရဖို့က အရမ်းကြီးတော့ မခက်ဘူး ကျွန်တော်ဘာလုပ်နိုင်မလဲ တစ်ချက်ကြည့်ကြည့်မယ်”
“သခင်လေး ကျန်းမိသားစုမှာ သခင်လေးရှိနေတာ တကယ်ကံကောင်းတယ် သခင်လေး တစ်ခုရခဲ့ရင် မနက်ဖြန် အဇူရာတိမြို့ဆီလာခဲ့ပါ ကျွန်တော်သခင်လေးကို လာရှာမယ်”
ထို့နောက် အသံက အစအနမကျန်အောင် ပျောက်ကွယ်သွားခဲ့လေသည်။
ကျန်းချန်းရှန်လည်း ဘာမှမဖြစ်သလိုဖြင့် သာမန်အတိုင်းပင် မိုးပြာလကုန်သွယ်သမဂ္ဂထဲ ၀င်သွားခဲ့၏။