စစ်ရေးပြပွဲ ဒုတိယအပိုင်း
Vol. 32 Ch. 335
အဇူရာတိမ်ဂိုဏ်းသားများသည် ပွဲကြည့်စင်မှ မီတာ ၅၀၀ ကွာသော အလင်းမျက်နှာပြင်ပေါ်တွင် စစ်ချီစစ်တက်လုပ်ပြနေခဲ့ကြခြင်း ဖြစ်သည်။
ထိုအကွာအဝေးမှ ဆိုလျှင် ထိုတပည့်များ၏ စည်းကမ်းသေ၀ပ်ပုံကို ကောင်းကောင်းကြီး မြင်နိုင်၏။
ကျန်းယန်၏ ရည်ရွယ်ချက်ကလည်း အောင်မြင်သွားခဲ့သည်။
ထိုစဉ် ဗုံသံများ ရပ်တန့်သွားခဲ့၏။
ကျန်းယန် တိတ်တဆိတ်ပြောလိုက်သည်။
“ဆရာ မြင်ကွင်းကို ကျွန်တော့်ဘက်ပြောင်းပေးဦး”
ထို့နောက် မျက်နှာပြင်ပေါ်တွင် ပြုံးနေသော သူ့ပုံပေါ်လာခဲ့လေသည်။
သူပြုံးနေရင်း ပြောလိုက်၏။
“ဧည့်သည်တော်တို့ အခုမြင်ခဲ့ရတာက စစ်ရေးပြပွဲပထမပိုင်းဖြစ်တဲ့ ၀င်္ကပါပြသခြင်း အပိုင်းပဲဖြစ်ပါတယ်
အခု ဒုတိယပိုင်းကိုဆက်လက်ပြသပါမယ်”
ပရိတ်သတ်များ တုန်လှုပ်နေရာမှ အသိ၀င်သွားခဲ့သည်။
လက်နက်အသစ်များအကြောင်းကြားမိသောအခါ လူတိုင်း၏ ကျောများ မတ်သွားခဲ့၏။
ထိုအရာက သူတို့လာခဲ့သောအကြောင်းရင်းမဟုတ်ပါလော။
တပည့်များသည် စည်းကမ်းသေ၀ပ်သော်လည်းအများစုက အခြေခံတည်ဆောက်ခြင်းအဆင့်များသာ ဖြစ်ကြသည်။အဆင့်မြင့် ကျင့်ကြံသူများက ထိုတပည့်များကို အလွယ်တကူ ချေမွပစ်နိုင်၏။
ထို့ကြောင့် သူတို့တကယ်စိတ်၀င်စားသည်က လက်နက်များသာ ဖြစ်နေခြင်း ဖြစ်သည်။
မျက်နှာပြင်ပေါ်တွင် သေနတ်တစ်လက်ကိုင်ထားသော ကျန်းယန် ပေါ်ပေါက်လာခဲ့၏။
“ဒါကတော့ ကျွန်တော်တို့ရဲ့ ပထမလက်နက် ယန်သေနတ် ပါပဲ
သူ့စွမ်းအားကိုတော့ တတိယပိုင်းမှာ အပြည့်အစုံ မြင်တွေ့ရပါလိမ့်မယ်”
သူသည် သေနတ်ကို အရပ်မျက်နှာပေါင်းစုံမှ လှည့်ပတ်ပြသနေခဲ့သည်။ အဓိကအစိတ်အပိုင်းများကို ဖုံးကွယ်ထားသောကြောင့် ကြည့်ရုံနှင့် သေနတ်၏လျှို့ဝှက်ချက်များကို မြင်နိုင်မည် မဟုတ်ပေ။
ထို့နောက် သူသေနတ်ကို ပြန်သိမ်းလိုက်ပြီး ပိုကြီးသော သေနတ်ကို ထုတ်ပြလိုက်၏။
“ဒီသေနတ်ကတော့ ပုံစံတူတယ်ထင်ရပေမယ့် ပိုစွမ်းအားကြီးပါတယ် ကျွန်တော်တို့က ဒါကို …ယန်အမြှောက်လို့ ခေါ်ပါတယ်”
ထိုလက်နက်များကို နာမည်ပေးခြင်းဖြင့် လက်နက်၏ဂုဏ်သတင်းကို တိုးမြှင့်ပေးနိုင်မှန်း သူသိပေသည်။
ထို့နောက် သူတစ်ကျန်းခန့်ရှည်လျားသော ကဗ္ဗည်းများဖြင့် ဖုံးအုပ်ထားသည့် သံချောင်းကြီးဆီ လျှောက်သွားခဲ့၏။
“ဒါကတော့ ကျွန်တော်တို့ရဲ့ ကောင်းကင်အခြေပြုလက်နက် ကြယ်ကြွေ ၁ ပါ” သူလေးလေးနက်နက်ပြောလိုက်သည်။
“သူ့စွမ်းအားကိုတော့ မကြာခင် မြင်တွေ့ရမှာပါ”
ထို့နောက် နောက်ဆုံးလက်နက်အလှည့်သို့ ရောက်ရှိလာခဲ့၏။
မျက်နှာပြင်ပေါ်တွင် ၂ကျန်းခန့် အချင်းရှိကာ ပေပေါင်းများစွာ ထူပြီး ကဗ္ဗည်းများ ဖြင့် ပြည့်နေသော စက်ဝိုင်းပြားကြီးတစ်ခု ထွက်ပေါ်လာခဲ့လေသည်။
လူတိုင်း တောင့်တင်းသွားခဲ့ကြ၏။
ထိုလက်နက်တွင် ဘယ်လိုစွမ်းအား ရှိနေနိုင်ပါမည်နည်း။
“နောက်ဆုံးလက်နက်ကိုတော့ ဖျက်ဆီးသူ ၁ လို့ခေါ်ပါတယ်” ကျန်းယန် လေးလေးနက်နက်ပြောလိုက်သည်။
“ဒီစစ်ရေးပြပွဲအတွက်တော့ ကျွန်တော်တို့ ဒီလက်နက် ၄မျိုးကိုပဲ ပြသပါမယ်”
ထိုစကားလုံးများကို သူတမင်သက်သက် ပြောလိုက်ခြင်း ဖြစ်၏။
အကယ်၍ နံပါတ် ၁ ရှိနေလျှင် နံပါတ် ၂လည်း ရှ်ိနေနိုင်ဦးမည် မဟုတ်ပါလော။
“လက်နက်တွေမှာ ပစ်မှတ်တွေလိုပါတယ်” ကျန်းယန် အဝေးရှိ တောင်တစ်လုံးကို ညွှန်ပြလိုက်လေသည်။
“တတိယပိုင်းမှာတော့ တိုက်ခိုက်ရေးစွမ်းအားကို ပြသပါတော့မယ်
ပစ်မှတ် ၁ အနေနဲ့တော့ ဂိုဏ်းတစ်ခုကို သတ်မှတ်ထားပါတယ် အဲ့ဒီဂိုဏ်းမှ နတ်ဝိညာဉ်အဆင့် ၇ယောက် ဒါဇင်နဲ့ချီတဲ့ ဝိညာဉ်အခြေတည်အဆင့်တွေနဲ့ ရွှေအမြုတေအဆင့်များစွာ ရှ်ိပါတယ်
ကျွန်တော်တို့က တကယ့်ဂိုဏ်းတစ်ခုကို တိုက်ခိုက်လို့ မဖြစ်ဘူးဆိုတော့ ဂိုဏ်းအစား မှော်လက်နက်တွေကို အစားထိုးအသုံးပြုပါမယ်” ကျန်းယန် ရှင်းပြလိုက်၏။
“ပစ်မှတ် ၁ အတွင်းမှာ ဝိညာဉ်လက်နက်တစ်ခုကို အမြုတေအဖြစ်အသုံးပြုထားပါတယ် အဆင့် ၅ မှော် လက်နက် ၆ ခု အဆင့်နိမ့်မှော်လက်နက် ၂၄ ခုကိုတော့ အရံအဖြစ် အသုံးပြုပြီး အကာအကွယ်၀င်္ကပါတစ်ခု ဖွဲ့တည်ထားပါတယ်
အဲ့ဒီအရာကို ဂိုဏ်းတစ်ဂိုဏ်းရဲ့ အုတ်မြစ်အဖြစ် အကြမ်းဖျင်းသတ်မှတ်နိုင်ပါတယ်”
ပွဲကြည့်စင်ပေါ်ရှိ ကျင့်ကြံသူအများအပြား အူကြောင်ကြောင် ပြုံးလိုက်မိကြသည်။
အချို့ ဒုတိယအဆင့်ဂိုဏ်းများ၏ အကာအကွယ်၀င်္ကပါများက ထိုမျှလောက်ပင် မသန်မာပေ။
ထို့နောက် ကျန်းယန် ၀င်္ကပါထဲတွင်သုံးထားသော လက်နက်များကိုပြသလိုက်ပြီး ဘယ်အရာကမှ အတုအယောင်မဟုတ်မှန်း သက်သေပြလိုက်၏။
ထို့နောက် သူပိုမြင့်သော တောင်ထိပ်တစ်လုံးပေါ်သို့ သွားလိုက်သည်။
“ဒါကတော့ ပစ်မှတ် ၂ ပါ
ဒီပစ်မှတ်ကတော့ တာအိုပေါင်းစည်းခြင်းအဆင့် ၂ယောက် နတ်ဝိညာဉ်အဆင့် ၁၀ယောက်နဲ့ အဆင့်နိမ့်ကျင့်ကြံသူများစွာကို ကိုယ်စားပြုပါတယ်
အဲ့ဒီအတွက်တော့ ဝိညာဉ်လက်နက် ၄ခု ကို အမြုတေအဖြစ်သုံးပြီး များစွာသော မှော်လက်နက်တွေနဲ့အတူ ၀င်္ကပါအဖြစ် ဖွဲ့တည်ထားပါတယ်
တတိယအပိုင်းမှာ ကျွန်တော်တို့က အဲ့ဒီပစ်မှတ်တွေကို ဖျက်ဆီးပြသွားမှာပါ”
လူအုပ်ကြီး၏ အမူအရာ တောင့်တင်းသွားခဲ့၏။
သူတို့အခုတော့ နားလည်သွားခဲ့ချေပြီ။
ပစ်မှတ် ၁သည် ဒုတိယအဆင့် ဂိုဏ်းတစ်ခုကိုရည်ညွှန်းခြင်းဖြစ်ပြီး ပစ်မှတ် ၂ ကတော့ ပထမအဆင့် ဂိုဏ်းတစ်ခုကို ရည်ညွှန်းနေခဲ့ခြင်း ဖြစ်သည်။
လူတိုင်းက အဇူရာတိမ်ဂိုဏ်း၏ ရည်ရွယ်ချက်အစစ်ကို နားလည်သွားခဲ့၏။
ခြိမ်းခြောက်ခြင်း!
အကယ်၍ ပစ်မှတ်နှစ်ခုသာ ဖျက်ဆီးခံလိုက်ရလျှင် ထိုအရာက အဇူရာတိမ်ကုန်းမြေတိုက်ကြီးအတွင်းရှိ ပထမအဆင့်နှင့် ဒုတိယအဆင့်ဂိုဏ်းများအားလုံးသည် အဇူရာတိမ်ဂိုဏ်း၏ ပစ်ကွင်းအတွင်းသာ ရှိနေသည်ဟု ဆိုလိုနေခြင်း ဖြစ်သွားပေလိမ့်မည်။
အဇူရာတိမ်ဂိုဏ်းသည် လူကိုယ်တိုင်ပင် လာစရာမလိုပေ။ လက်နက်များသက်သက်ဖြင့်ပင် ထိုဂိုဏ်းများကို ဖျက်ဆီးပစ်နိုင်ပေသည်။
လူတိုင်းက ခါးသက်စွာ တွေးလိုက်မိကြ၏။
ဆိုတော့ ဒီစစ်ရေးပြပွဲဆိုတာ တကယ်တော့ သတိပေးချက်တစ်ခုပဲကိုး!
သူတို့အမူအရာများ အေးစက်သွားခဲ့ကြသည်။
အခုတော့ သူတို့ထိုလက်နက်များ၏ တကယ့်စွမ်းအားကို မြင်ချင်သွားကြပြီး ဘယ်သူက ထိုလက်နက်များကို သုံးပြမလဲဆိုတာ သိချင်သွားခဲ့၏။
အကယ်၍ ထိုလက်နက်များကိုသုံးဖို့ ကပ်ဘေးဖြတ်ကျော်ခြင်းအဆင့်တစ်ယောက် လိုမည်ဆိုလျှင် ထိုအရာက သိပ်အဓိပ္ပာယ်ရှိနေမည် မဟုတ်ပေ။
“အားလုံးပဲ ရှင်းရှင်းလင်းလင်း မြင်ရပါရဲ့လား” ကျန်းယန် မေးလိုက်သည်။
လူတိုင်းခေါင်းညိတ်ပြလိုက်ကြပြီး အချို့ဆိုလျှင် စိတ်မရှည်လက်မရှည်ပင် ဖြစ်သွားခဲ့၏။
သူတို့ တတိယအပိုင်းကို စတင်စေချင်နေခဲ့ကြချေပြီ။
ကျန်းယန် အချိန်မဖြုန်းခဲ့ပေ။
သူတတိယအဆင့်ကို စတင်လိုက်သည်။
ထိုအခိုက်တွင် တပည့် ၂သောင်းက ပစ်မှတ် ၁ ကို ဝိုင်းရံထားခဲ့ကြ၏။
မျက်နှာပြင်ပေါ်တွင် ပစ်မှတ်ကိုသာ ပြသနေခဲ့သည်။
ထိုစဉ် ကျန်းယန်အသံက ဟိန်းထွက်လာခဲ့၏။
“လီအာ ၀င်ပေါက်မှာ အစောင့် ၂ယောက်ရှိနေတယ် သူတို့တွေ အချက်မပြနိုင်အောင် ရှင်းပစ်လိုက်”
“ဟုတ်ကဲ့”
လီအာ မြေပေါ်တွင် မှောက်လိုက်ကာ အဆင့် ၉ အကာအကွယ်ချပ်၀တ် နှစ်ခုကို ချိန်လိုက်သည်။
ချင်းယွင်ကျိ မျက်နှာပြင်ကိုကြည့်ကာ မျက်မှောင်ကြုံ့သွားခဲ့၏။
အကယ်၍ သူလီအာကိုမျက်နှာပြင်တွင် ပြလျှင် ပစ်မှတ်ကို ပြမရတော့ပေ။ ပစ်မှတ်ကိုပြလျှင်လည်း လီအာကိုပြ၍ ရတော့မည် မဟုတ်ပေ။
ထို့နောက် သူအကြံတစ်ခု ရသွားခဲ့သည်။
သူမျက်နှာပြင်ကို နှစ်ခုခွဲပစ်လိုက်၏။
ဝါသနာရှင် ဒါရိုက်တာလေးသည် နောက်ဆုံးတွင် မျက်နှာပြင်နှစ်ခုခွဲ၍ ပြသသော ပညာကိုတတ်မြောက်သွားခဲ့ချေပြီ။