အခန်း (၁၀၄၅-၁၀၄၆)
Vol. 88 Ch. 1045-1046
အခန်း ၁၀၄၅ –
ဆဋ္ဌမမြောက် နတ်သံကြိုးနိုးထခြင်း။
ကွေ့ယီအဆင့်၌ပင် စုရီ၏ခွန်အားသည် လောကသခင်ကွမ်ကျိုးကို ကျော်လွန်ပြီးဖြစ်၏။ ရှန့်မူထက်ပင် အဆပေါင်းများစွာ သာလွန်နေချေပြီ။
ယခုအခါတွင် တုံ့ယွီနှောင်းပိုင်းအဆင့်သို့ ရောက်ရှိနေပြီဖြစ်ရာ ဤလောကကြီးအတွင်းမှ နယ်ပယ်ဘုရင်များသည် သူ့ပြိုင်ဘက် မဟုတ်တော့ချေ။
နတ်ဝိညာဉ်အဆင့် ကျွမ်းကျင်သူများ အတွက်မူ အစွမ်းသတ္တိများသည် ကွဲပြားသဖြင့် နှိုင်းယှဉ်ကြည့်ရန် ခက်ခဲနေသည်။
မည်သို့ပင်ဆိုစေကာမူ ယနေ့ခေတ် နတ်ဝိညာဉ်အဆင့်သို့ တက်လှမ်းလာကြသော ကျင့်ကြံသူများမှာ အားနည်းကြသည်မှာ သဘာဝပေပင်။
ထိုသူများကို ရင်ဆိုင်ရန် တစ်ချိန်က ငရဲဘုံကိုးပါးဓားရောင်ဝါဖြင့်သာ ကြိုးစားနိုင် ချေပြီ။ ယခုမူ ကျင့်ကြံမှုသက်သက်ဖြင့် တစ်ချက်တည်း သတ်နိုင်ပြီ ဖြစ်သည်။
တစ်ဖက်တွင် ရှေးခေတ် သေလွန်ဝိညာဉ်များသည် လောကနိယာမ၏ ကန့်သတ်မှုကို ခံထားရသဖြင့် စစ်မှန်သော ခွန်အားများ မပြသနိုင်သေးချေ။ ထို့ကြောင့် အားနည်းနေခြင်းသာဖြစ်၏။
“ ဟမ့် ... ။ ”
သည်စဉ် ရုတ်တရက် တစ်စုံတစ်ရာကို သတိရလာကာ မျက်မှောင်ကြုတ်ပြီး အသိစိတ် ပင်လယ်အတွင်း ဝင်ရောက်လာခဲ့သည်။
အကန့်အသတ်မဲ့ အသိစိတ် ပင်လယ်အတွင်း၌ လွင့်မျောနေသော ငရဲဘုံ ကိုးပါးဓားထံ စိုက်ကြည့်လိုက်၏။
လွန်ခဲ့သောလဝက်ခန့်က ကျင့်ကြံမှု တည်ငြိမ်အောင်ပြုလုပ်နေစဉ် ဤဓားပေါ်ရှိ ဆဋ္ဌမမြောက်နတ်သံကြိုးမှ တုန်ခါမှုတစ်ခု ပြသကာ ငြိမ်သက်သွားခဲ့သည်။ ထို့ကြောင့် ၎င်းနတ်သံကြိုးထံ စိုက်ကြည့်ကာ၊
“ မင်းရဲ့ အသိစိတ်နိုးထနေပြီဆိုတာ ငါသိတယ် ထွက်လာပြီး စကားပြောပါ။ ”
-ဟု ဖိတ်ခေါ်လိုက်သည်။
“ ချွင် ... ချွင်... ။ ”
အသိစိတ်ပင်လယ်သည် ခဏမျှ တိတ်ဆိတ်သွားပြီးနောက် နတ်သံကြိုးသံများ မြည်ဟည်းလာတော့၏။
အဆုံးတွင် ကြောက်မက်ဖွယ် ရောင်ဝါအချို့ပွင့်ထွက်လာကာ ဆဋ္ဌမမြောက် နတ်သံကြိုးလှုပ်ခတ်လာခဲ့သည်။
စုရီ၏ဇာတိဓမ္မဝိညာဉ်သည်ပင် ပြင်းစွာသောနာကျင်မှုကို ခံစားလိုက်ရတော့၏။ ဤသည်မှာ သူ၏ ဆဋ္ဌမမြောက်ဘဝပေပင်။ ထိုစဉ်က များစွာအစွမ်းထက်ခဲ့ပုံရသည်။
“ အရမ်း အစွမ်းထက်တယ်။ ”
သည်မျှ ကြွင်းကျန်ရစ်သောဝိညာဉ် အပိုင်းအစလေးတစ်ခုသည် ကြောက်မက်ဖွယ် ဖိအားမျိုးပေးစွမ်းနိုင်နေ၏။
“ ဝူး ... ။ ”
“ ချွင် ချွင် ... ။ ”
ရုတ်တရက် ငရဲဘုံကိုးပါးဓားသည် နိုးကြားလာကာ အလင်းများထုတ်လွှတ်လျက် ထိုနတ်သံကြိုးကို ပြန်လည်ဖိနှိပ်လိုက်သည်။ သို့အခါမှသာလျှင် နတ်သံကြိုးအတွင်းမှ သက်ပြင်းချသံ ထွက်ပေါ်လာ၏။
“ အခု မင်းမြင်တဲ့အတိုင်းပဲ ... အချိန်မတန်သေးဘူး ဒီကျိန်စာသင့်ဓားက ငါ့ကို အပြင်ထွက်ခွင့်မပေးဘူး ဖြစ်နေတယ်။ ”
ထိုအသံသည် အလွန်အမင်း တည်ငြိမ်အေးစက်နေပြီး အာဏာရှင်ဆန်လှ၏။ ဓားတစ်လက်ကဲ့သို့ နှလုံးသားကို တိုက်ရိုက် ထိုးဖောက်နိုင်စွမ်းရှိနေသည်။
“ ငါ ထင်တဲ့အတိုင်းပဲ... မင်း တကယ် နိုးထနေတာပဲ။ ”
စုရီမှ ခေါင်းညိတ်လိုက်၏။
“ ဘာလဲ ... ငါ့ရဲ့တာအိုဝိညာဉ်ကို မင်းဝါးမြိုချင်လို့လား အမှန်အတိုင်းပြောရရင် မင်းလိုအားနည်းတဲ့ လူမျိုးနဲ့ငါ စကား မပြောဖြစ်တာကြာနေပြီ ...
... မင်းက ကောင်းကင်ဘုံကိုတောင် ခြေမချရသေးဘူး ... ပုရွက်ဆိတ်တစ်ကောင်နဲ့ ဘာများခြားလို့လဲ။ ”
ဆဋ္ဌမနတ်သံကြိုးမှ အသံတွင် လှောင်ပြောင်မှုများ ပါဝင်လာ၏။ စုရီမှ တုန့်ပြန် ရယ်မောလိုက်သည်။
“ ဟားဟားဟား မင်းက တာအိုအမှတ်အသားလေးတစ်ခုပါ ငါကတော့ ဒီဓားကိုထိန်းချုပ်နေတဲ့လူပဲ တစ်နေ့ကျရင် မင်းကိုငါ သေချာပေါက် ဝါးမြိုပစ်မှာပါ ...
... မင်းက ငါ့ရဲ့အတိတ်ဖြစ်ပြီး ... ငါကတော့မင်းရဲ့ပစ္စုပ္ပန်ပဲ ... အနာဂတ်မှာလည်း ငါပဲကျန်ရစ်ပြီး မင်းပျောက်ကွယ်သွားရမယ်။ ”
စုရီစကားကြောင့် ဆဋ္ဌမမြောက် နတ်သံကြိုးမှ နှာခေါင်းရှုံ့လိုက်လေသည်။
“ မင်း မှားနေပြီ ... ငါ ဒီမှာ တာအိုအမှတ်အသားထားခဲ့တာက တစ်နေ့မှာ ပြန်လည်ရှင်သန်ဖို့ပဲ ... ငါ့ရဲ့ဆန္ဒဝိညာဉ်က မင်းကိုအစားထိုးလိမ့်မယ်။ ”
ဤတစ်ကြိမ်တွင် စုရီသည် မျက်မှောင်ကြုတ်သွားရ၏။ မျှော်လင့်ထားသည့် အတိုင်းပေပင်။ အတိတ်ဘဝ အားလုံးသည် လောကသခင်ကွမ်ကျူးနှင့် ရှန်မူတို့ကဲ့သို့ သဘောမကောင်းကြချေ။
ဤဆဋ္ဌမမြောက် ဘဝသည် အလွန်မာနကြီးပြီး သူ့နေရာကို အစားထိုးရန် ဝန်မလေးသူ ဖြစ်နေ၏။
“ အဟား ... မင်း ကြောက်သွားပြီလား။ ”
ဆဋ္ဌမမြောက်နတ်သံကြိုးက လှောင်ရယ်ရယ်သည်။
“ မင်းဒီလောက် သတ္တိနည်းနေရင် ကောင်းကင်ကို ဘယ်လိုများ မင်းဓားနဲ့ညွှန်မလဲ နတ်ဘုရားတွေကိုကော ဘယ်လိုများ ကျော်ဖြတ်နိုင်မလဲ။ ”
ဤတစ်ကြိမ်တွင် စုရီသည် မျက်ခုံးပင့်လျက်၊
“ မင်း ... နယ်ပယ်ဘုရင်မှာတုန်းက ဘယ်လောက် အစွမ်းထက်ခဲ့လဲ။ ”
-ဟု မေးမြန်းလိုက်၏။ ဆဋ္ဌမမြောက် နတ်သံကြိုးက တုန့်ဆိုင်းခြင်းမရှိဘဲ၊
“ ငါဟာ နယ်ပယ်ဘုရင်အဆင့်မှာ ပြိုင်ဘက်ကင်းခဲ့တဲ့သူပဲ ငါ့ကိုပခုံးချင်းယှဉ်နိုင်သူ တစ်ယောက်မှ မရှိခဲ့ဘူး။ ”
-ဟု ဝင့်ကြွားစွာပြောကြားလိုက်၏။
“ ဟုတ်လား ငါကတော့ မင်းနဲ့မတူဘူး ထုံရှောက်အဆင့်မှာတင် ကွေ့ယွီအဆင့်ဆီက ကျင့်ကြံသူတွေကို သတ်နိုင်ပြီ ...
... အခုတုံ့ယွီ နောက်ဆုံးအဆင့်ကို ရောက်နေပြီဆိုတော့ ဘယ်လောက်သန်မာမလဲ ငါကိုယ်တိုင်တောင် မသိသေးဘူး ... မင်းရဲ့ အဲဒီတုန်းကခွန်အားနဲ့ ငါ့ခွန်အားကို နှိုင်းယှဉ် ကြည့်ပါဦး။ ”
ဤတစ်ကြိမ်တွင် ဆဋ္ဌမမြောက် နတ်သံကြိုးသည် တိတ်ဆိတ်သွားခဲ့တော့၏။ အချိန်အတော်ကြာသည်အထိ အသံမပြုချေ။ ယင်းသည် စုရီကို မယှဉ်နိုင်ကြောင်း ဝန်ခံရာရောက်ချေ၏။
“ မင်းတကယ် ပြောတာလား။ ”
နောက်ဆုံးတွင် ဆဋ္ဌမမြောက် နတ်သံကြိုးအသံက ပြန်လည်ထွက်ပေါ်လာ၏။ စုရီမှ ပြုံးသည်။
“ ငါက မင်းကိုဖိနှိမ်ဖို့အတွက်နဲ့ လိမ်ညာနေမယ့်သူ မဟုတ်ဘူး ရတနာတွေကို မသုံးဘဲ ကျင့်ကြံမှုသက်သက်နဲ့တင် နယ်ပယ် ဖြတ်ကျော်ပြီးသတ်နိုင်တယ် ... မင်းကော အဲဒီလိုလုပ်နိုင်ခဲ့လား။ ”
ဤတစ်ကြိမ်တွင်လည်း ဆဋ္ဌမမြောက် နတ်သံကြိုးသည် ထပ်မံတိတ်ဆိတ်သွားပြန်၏။ သူသည် စုရီ၏ အစွမ်းကိုလက်ခံလိုသော်လည်း အလျှော့မပေးလိုသေးချေ။
“ ကောင်းပြီ ... မင်း လိမ်မပြောဘူးဆိုရင်တော့ နယ်ပယ်ဘုရင်မှာ မင်းကို မမီခဲ့တာဝန်ခံတယ် ဒါပေမယ့် ...
... ကိစ္စမရှိဘူး ငါ့ရဲ့တာအိုအမှတ်အသား အပြည့်အဝနိုးထလာတဲ့နေ့မှာ မင်းကိုဝါးမျိုပြီး အစားထိုးပစ်နိုင်ပါတယ် အဲဒီအခါ မင်းရဲ့အခြေခံ အုတ်မြစ်နဲ့၊ ပါရမီတွေဟာ အားလုံးငါ့အပိုင် ဖြစ်လာလိမ့်မယ်။ ”
“ အိမ်မက်မက်မနေနဲ့ ... မင်းငါ့ကို ဘယ်တော့မှ အစားထိုးနိုင်တော့မှာ မဟုတ်ဘူး ငါ့မှာ မင်းတို့တွေတစ်ယောက်မှ မရရှိခဲ့တဲ့ ဝင်စားခြင်း ဥပဒေရှိတယ် ငါသာ သတ်သေ လိုက်ရင် ...
... နောက်ထပ် ဘဝတစ်ခုကို ကူးပြောင်းသွားရုံပဲ မင်းကတော့ အဲဒီဓားမှာ တာအိုအမှတ်အသား အဖြစ်နဲ့ပဲ ဆက်လက် ကျန်ရစ်နေမှာ ပြီးတော့ ...
... ငါဟာ အတိတ်ဘဝတွေရဲ့ တာအိုအမှတ်အသားတွေကို တစ်ခုပြီးတစ်ခု ပေါင်းစပ်ထားနိုင်တယ်၊ မင်းကော ... မင်း အသက်ရှင်စဉ်တုန်းက ဒီလိုပေါင်းစပ်ထား နိုင်ခဲ့လို့လား။ ”
“ ငါ အသက်ရှင်စဉ်တုန်းက ဒီဓားမှာနတ်သံကြိုး ငါးချောင်းပဲရှိသေးတယ် ငါ အကြိမ်ကြိမ်ပေါင်းစပ်ဖို့ ကြိုးစားခဲ့ပေမဲ့ မအောင်မြင်ခဲ့ဘူး ... ။ ”
ဆဋ္ဌမမြောက် နတ်သံကြိုးမှ ပြန်ဖြေသည်။ စုရီက ခေါင်းညိတ်တော့၏။
“ အဲဒါကြောင့်ပဲ ငါက မင်းတို့ထက် သာတယ်ဆိုတာကို မင်းလက်ခံသင့်တယ် ငါ့မှာ မင်းတို့ မပိုင်ဆိုင်ခဲ့တဲ့ ဥပဒေနိယာမတွေရှိတယ် ဒါဆိုမင်းဟာ ငါ့ကိုဘယ်လိုများတိုက်ခိုက်ပြီး အစားထိုးနိုင်မှာလဲ။ ”
စုရီမေးခွန်းသည် ဆဋ္ဌမမြောက် နတ်သံကြိုးကို ထိုးနှက်လိုက်သကဲ့သို့ ချက်ချင်း တိတ်ဆိတ်သွားစေ၏။
စုရီနှင့် စကားပြောစဉ်ကာလအတွင်း သူသည် အကြိမ်ပေါင်းမည်မျှတိတ်ဆိတ်သွားခဲ့ ရသည်ကို သူကိုယ်တိုင်ပင် မမှတ်မိတော့ချေ။ စုရီကို ပြန်လည်ချေပလိုသော်လည်း မတတ်နိုင် ဖြစ်လာခဲ့သည်။
“ မင်း ... အသက်ရှင်စဉ်တုန်းက ဘယ်လောက်ပဲ သန်မာခဲ့ပါစေ... အဲဒါတွေက အတိတ်ဖြစ်သွားပြီ အခုမင်းဟာ အမှတ်အသား တစ်ခုအတွင်းက ကြွင်းကျန်နေတဲ့ အသိစိတ်လေးတစ်ခုပဲ ...
... ငါကတော့ မင်းဖြတ်သန်းခဲ့တဲ့ နယ်ပယ်တိုင်းမှာ မင်းထက်သာလွန်နိုင်ခဲ့သလို၊ တစ်နေ့မှာ မင်းရဲ့ အထွတ်အထိပ် ကျင့်ကြံမှုကိုလည်း ကျော်ဖြတ်ပြမယ်။ ”
စကားဆုံးသည်နှင့် စုရီက အသိစိတ် ပင်လယ်အတွင်းမှ ပြန်လည်ထွက်ခွာသွားရန် ပြင်လိုက်တော့သည်။
“ ဟားဟားဟား ငါနားလည်ပြီ ... မင်းဒီလိုတွေပြောနေတာက အားနည်းနေလို့ပဲ မင်းငါ့ကိုကြောက်နေလို့ ငါ့ရဲ့စိတ်ဝိညာဉ်ကို အားပျော့သွားအောင် လုပ်နေတာပဲ။ ”
သို့သော်ဆဋ္ဌမမြောက် နတ်သံကြိုးက ရယ်မောလျက် ရုတ်တရက် ပြောကြားလာ၏။ စုရီတစ်ယောက် မျက်ခုံးများ မြင့်တက်သွားပြီး လှည့်မကြည့်ခဲ့ချေ။
“ အချိန်တန်လို့ မင်း ငါ့ရဲ့ တာအိုအမှတ်အသားနဲ့ ပေါင်းစပ်တဲ့အခါ ငါ ဘာမှခုခံမှာ မဟုတ်ဘူး ဒါပေမဲ့ ငါ့ရဲ့အသိစိတ်နဲ့ မင်းရဲ့ နှလုံးသားကို ငါ တိုက်ခိုက်မယ်။ ”
ဆဋ္ဌမမြောက် နတ်သံကြိုး ဆက်လက်အော်ဟစ်လာသည်။ စုရီမှ ခဏရပ်မျှ လိုက်တော့၏။ ယင်းကြောင့် တစ်ဖက်လူမှ စိတ်လှုပ်ရှားလာကာ၊
“ မင်းကို ငါဖြစ်လာအောင် အစားထိုးပစ်လိုက်မယ် အဲဒီအခါ ငါတို့ထဲက ဘယ်သူ ပိုသန်မာသလဲဆိုတာ သိရမယ်။ ”
-ဟု စကားကို အဆုံးသတ်လိုက်၏။
“ စိတ်ဝင်စားစရာပဲ ... ။ ”
စုရီက ပြန်လှည့်ကြည့်ကာ၊
“ ငါ ဘဝနှစ်ခုနဲ့ ပေါင်းစပ်ပြီးပြီ ... ၊ သူတို့တွေအားလုံး ငါ့ကိုဘာမှမလုပ်နိုင်ခဲ့ဘူး မင်းတတ်နိုင်မလားဆိုတာ ... ငါလည်း တကယ်သိချင်ပါတယ်။ ”
-ဟု ပြောကြားလျက် ထွက်ခွာလာခဲ့တော့၏။
***
အခန်း ၁၀၄၆ -
စိန်ခေါ်မှု ... ။
နှင်းဖြူရောင် ဝတ်ရုံဆင်မြန်းထားသော လူငယ်တစ်ယောက်သည် အင်မော်တယ် တားမြစ်ဇုန်တစ်နေရာ၌ အဝေးသို့ငေးကာ တိတ်ဆိတ်နေ၏။
သူ့အမည်မှာ ဟောင်ဖေးကွမ် ဖြစ်ပြီး ဟောင်မျိုးနွယ်၏ တိုက်ရိုက်မျိုးဆက်သခင်ငယ် ဖြစ်သည်။
ဓမ္မအဆုံးခေတ်တွင် ဒဏ္ဍာရီများစွာကို ရေးထိုးထားနိုင်ပြီး မျိုးဆက်သစ်များကြားတွင် ခေါင်းဆောင်တစ်ဦးလည်းဖြစ်၏။
“ ဝှစ် ... ။ ”
သန်းခေါင်ယံ အချိန်ရောက်ရှိ လာသောအခါတွင် ပိန်ပိန်ပါးပါး လူတစ်ယောက် သူ့ရှေ့ဆင်းသက်လာသည်။
ဤသည်မှာ မီးခိုးရောင်ဝတ်ရုံနှင့် အနက်ရောင်ဦးထုပ်အဝိုင်းကို ဆောင်းထားသော အဖိုးအိုတစ်ဦးပေပင်။
“ မင်းက အပ်ချုပ်သမားလား။ ”
ဟောင်ဖေးကွမ်က လက်နှစ်ဖက်နောက်ပို့ကာ မေးမြန်းလိုက်သည်။
“ ဟုတ်ပါတယ်။ ”
အပ်ချုပ်သမားက ပြန်ဖြေသည်။
“ အတိအကျ ပြောရရင် မင်းရှေ့မှာ မြင်နေရတာက ငါ့ရဲ့ကိုယ်ပွားတစ်ယောက်ပါပဲ။ ”
“ ကောင်းပြီ ... အချိန်မဖြုန်းဘဲ ကိစ္စကိုပဲ ပြောကြစို့။ ”
ဟောင်ဖေးကွမ်က စိတ်ဝင်စားခြင်းမရှိဘဲ တိုက်ရိုက်ပြောလိုက်သည်။ အပ်ချုပ်သမားခမျာ မျက်ခုံးပင့်လျက်၊
“ ယွင်မိသားစု တိုက်ပွဲအကြောင်း မင်းလည်းကြားမိမှာပါ မင်းတို့ဟောင်မိသားစုက ဒီကိစ္စကို စိတ်ဝင်စားမယ်ထင်တယ် ငါ မင်းကို ကူညီနိုင်ပါတယ်။ ”
-ဟု တိုက်ရိုက်ပြောကြားလိုက်သည်။ ထိုစကားကြောင့် ဟောင်ဖေးကွမ်မှမျက်လုံးများ တောက်ပလာ၏။
“ ဘယ်လိုနည်းနဲ့လဲ။ ”
“ ငါဟာ သူနဲ့ တစ်သက်လုံး တိုက်ခိုက်လာခဲ့တဲ့သူမို့ သူ့စရိုက်နဲ့ သဘော သဘာဝကို အသိဆုံးပဲ မင်းစိတ်ဝင်စားရင် ငါအကြံတစ်ခုပေးနိုင်တယ်။ ”
“ ဒါဆိုသူ့ကို ဒီတားမြစ်နယ်မြေထဲ ရောက်လာအောင် မင်း ဆွဲခေါ်ပေးနိုင်မလား။ ”
ဟောင်ဖေးကွမ်မှ မျက်ခုံးပင့်ကာ မေးလိုက်သည်။ အပ်ချုပ်သမားခမျာ ခဏမျှ စဉ်းစားပြီးနောက် ခေါင်းညိတ်လိုက်၏။
“ ဒါက လွယ်ပါတယ် ဒါပေမဲ့ သူ့ကို ဒီခေါ်လာပြီးရင် မင်းဘယ်လို ကိုင်တွယ်မလဲ ဆိုတာ သိပါရစေ။ ”
“ အသက်နဲ့ သေခြင်းကို တစ်ဦးချင်း တိုက်ပြီးဆုံးဖြတ်မယ်။ ”
ဟောင်ဖေးကွမ်က ပြတ်သားစွာ ဖြေကြားသည်။ အပ်ချုပ်သမားတစ်ယောက် မျက်မှောင်ကြုတ်သွား၏။
“ ဘာလို့ ဒီလောက် အန္တရာယ်များတဲ့ နည်းလမ်းကို ရွေးရတာလဲ။ ”
“ ဒီတားမြစ်နယ်မြေ အပြင်မှာဆိုရင် ကောင်းကင်စည်းမျဉ်းတွေကြောင့် ငါ့စွမ်းအားရဲ့ (၄၀)ရာခိုင်နှုန်းကိုပဲ ထုတ်သုံးနိုင်တယ် ဒါပေမဲ့ ဒီတားမြစ်နယ်မြေထဲမှာတော့ ငါ့ကို ...
... ဘယ်အရာကမှ ကန့်သတ်ထားလို့ မရနိုင်ဘူး ငါ စုရီရဲ့တိုက်ပွဲမှတ်တမ်းတွေအပေါ် လေ့လာထားပြီးပြီ သူ့ရဲ့ဝင်စားခြင်းနိယာမကို ကြယ်ပြာအင်မော်တယ်နဂါးက ယှဉ်နိုင်တယ် ...
... ပြီးတော့ သူဟာ တုံယွီနယ်ပယ် နောက်ဆုံးအဆင့်မှာပဲ ရှိသေးတယ် သာမန် သေလွန်ဝိညာဉ်တွေကို အနိုင်ယူနိုင်ပေမယ့် ငါ့ကိုတော့ မဟုတ်ဘူး။ ”
ဟောင်ဖေးကွမ်၏ မျက်နှာတွင် မထီမဲ့မြင်ပြုသည့်အရိပ်အယောင်များ ထွက်ပေါ် လာတော့၏။ အပ်ချုပ်သမားခမျာ တိတ်ဆိတ် သွားသည်။ အတန်ကြာမှ သက်ပြင်းချကာ၊
“ ပွင့်ပွင့်လင်းလင်း ပြောရရင် ... မင်းရဲ့ခွဲခြမ်းစိတ်ဖြာမှုက မှားတယ်လို့တော့ မဆိုနိုင်ပါဘူး ဒါပမေယ့် တစ်ဦးချင်း တိုက်ခိုက်ဖို့ ကြိုးစားတာက မိုက်မဲရာကျမနေဘူးလား ...
... စုရီဟာ မင်းထင်ထားတာထက် ပိုပြီး နားမလည်နိုင်အောင် ကြောက်ဖို့ကောင်းတဲ့လူပဲ ငါ့အမြင်အရတော့ ရန်သူကိုသတ်ဖို့ အစီအစဉ် ဆွဲထားတာက အလုံခြုံဆုံးပါ ဟောင်မိသားစုရဲ့ အင်အားနဲ့ဆိုရင် မင်း ... ။ ”
“ လုံလောက်ပြီ။ ”
ဤတစ်ကြိမ်တွင် ဟောင်ဖေးကွမ်က အပ်ချုပ်သမားကို စကားဆုံးအောင်ပြောခွင့် မပေးတော့ချေ။
“ ငါဟာ ဖြောင့်မတ်တဲ့လမ်းစဉ်ကို ရှာဖွေနေတာ အကြံအစည်နဲ့ လှည့်ကွက်တွေ သုံးပြီးရန်သူကို အနိုင်ယူတာမကြိုက်ဘူး ...
... မင်းက ဒီကြယ်လွင်ပြင်ကြီးမှာ နာမည်ကြီးတစ်ယောက် ဖြစ်နေပေမယ့် ဘာလို့ သူ့ကိုအနိုင်မရခဲ့တာလဲသိလား ဒီလိုမျိုး လှည့်ကွက်တွေကိုပဲ အားကိုးလွန်းနေလို့ပဲ ...
... ဒီနည်းလမ်းက သာမန်လူတွေကို အနိုင်ရနိုင်ပေမဲ့ သူ့လိုရန်သူနဲ့ရင်ဆိုင်ရတဲ့အခါ လုံးဝအသုံးမဝင်ဘူး။ ”
ဟောင်ဖေးကွမ်၏ စကားများသည် အပ်ချုပ်သမား၏ နှလုံးသားကိုဓားနှင့်ထိုးလိုက် သကဲ့သို့ ခံစားလိုက်ရစေသဖြင့် အေးစက် တောင့်တင်းသွားသည်။
အတိတ်တွင်သာဆိုသော် အပ်ချုပ်သမားသည် ထိုမှတ်ချက်ကိုလက်မခံ နိုင်ဘဲ လှောင်ပြောင်မိပေမည်။ ယခုမူ တုန့်ပြန်စရာ စကားမဲ့သွား၏။ ဟောင်ဖေးကွမ်က သူ့ကိုစိုက်ကြည့်ကာ၊
“ ငါ မေးချင်တာက ... မင်း ငါ့ကို ကူညီမှာလား ... မကူညီဘူးလား။ ”
-ဟူ၍ဖြစ်သည်။
အပ်ချုပ်သမားတစ်ယောက် ခဏမျှ တိတ်ဆိတ်သွားပြီးမှ၊
“ ကောင်းပြီ ... ငါကူညီမယ်။ ”
-ဟု အံကြိတ်၍ ပြန်ပြောလိုက်တော့၏။
***
သုံးရက်အကြာတွင် စုရီတစ်ယောက် တရားထိုင်နေရာမှ နိုးလာသည်။ ကျင့်ကြံမှုသည် တုံ့ယွီပြီးပြည့်စုံခြင်းအဆင့်သို့ရောက်ရန် ခြေတစ်လှမ်းမျှသာ လိုတော့၏။
လောကသခင်ဘဝ၌ ဤအဆင့်တွင် နယ်ပယ်ဘုရင်ထက်မြင့်မားသော လမ်းကြောင်း ရှိနေကြောင်းသိသော်လည်း ရှာမတွေ့ခဲ့ချေ။
ယခုမူ ဤလောကတွင် ထိုလမ်းမှာ ပြန်လည်ပေါ်ပေါက်လာပြီဖြစ်သည်။ သုံးရက် အတွင်း ကောင်းကင်ဆန္ဒမီးဖိုမှ နတ်ဆေးလုံး (၁၃)လုံးကို ထပ်မံရရှိခဲ့သည်။ ၎င်းတို့သည် ရှားပါးအဆင့် ရတနာများ ဖြစ်၏။
“ ဒီဆေးပြားတွေကို နတ်ဝိညာဉ် အဆင့်ရောက်မှ သုံးဖို့ သိမ်းထားရမယ်။ ”
အတွေးများဖြင့် အခန်းထဲရှိ ဆေးပုလင်းများကိုသိမ်းဆည်းကာ တံခါးဖွင့်ပြီး အပြင်သို့လှမ်းထွက်လာခဲ့သည်။
“ သခင်လေး နောက်ဆုံးတော့ မင်းထွက်လာပြီ ... ဟမ့် ... သခင်လေး မင်း အောင်မြင်မှုရခဲ့တာလား။ ”
စာရင်းကိုင်က ချက်ချင်း ရောက်ရှိလာပြီး ရောင်ဝါအနည်းငယ် လှုပ်ခတ်နေသော စုရီကို သတိထားမိသွားကာ မေးမြန်းသည်။ စုရီမှ ခေါင်းညိတ်ပြလိုက်၏။
“ သခင်လေး ... တောင်ဖြိုမိစ္ဆာဘုရင် ရောက်နေပါတယ် ... အရေးကြီးကိစ္စရှိတယ်လို့ ပြောပါတယ် သူ့ကိုစောင့်ခိုင်းထားပါတယ်။ ”
“ ကောင်းပြီ ... သွားရအောင်။ ”
စုရီမှခေါင်းညိတ်လျက် ပင်လယ်လေးပါးမျှော်စင် ဧည့်ခန်းသို့ ဦးတည် လာခဲ့သည်။ လီကျုံးက စုရီကိုမြင်ချိန်၌ ချက်ချင်းထရပ်ကာ၊
“ တာအိုစု ... ငါ သတင်းစကားတစ်ခု ပါးဖို့လာတာပါ။ ”
-ဟု အရေးတကြီးဆိုသည်။ စုရီမှ မျက်ခုံးပင့်သွား၏။
“ ပြောပါ ... ။ ”
“ ဟောင်မျိုးနွယ်စုရဲ့ သခင်လေး ဟောင်ဖေးကွမ်က အင်မော်တယ် တားမြစ် နယ်မြေက ‘လောင်ဝူတောင်’မှာ တာအိုစုကို လာရောက်ယှဉ်ပြိုင်ဖို့ စိန်ခေါ်လိုက်ပါတယ်။ ”
စုရီတစ်ယောက် မျက်မှောင်ကြုတ် သွားသည်။ တစ်ဖက်လူကို သူ မသိချေ။ သို့တိုင် လီကျုံးသည် ထိုသူအမည်ကိုခေါ်ဆိုရာ၌ အလွန် လေးစားကြောင်း သတိထားမိလိုက်၏။
“ သူက ငါ့ကိုစိန်ခေါ်ချင်တာ ဘာလို့မင်းကိုလွှတ်လိုက်တာလဲ။ ”
“ သခင်လေးဟောင်က တာအိုစု မလာမှာစိုးရိမ်နေတာပါ ဒါကြောင့် ဒီအဖိုးကြီးရဲ့ သခင်မလေးမိုကို အကူအညီတောင်းပြီး သူမရဲ့ အာမခံချက်နဲ့ဆိုရင် ...
... တာအိုစု လာလိမ့်မယ်လို့ တွက်ဆခဲ့ပုံရပါတယ် ... သခင်မလေးကလည်း ငြင်းရခက်နေတာကြောင့် ဒီသတင်းစကားကို လာပါးခိုင်းလိုက်တာပါ။ ”
လီကျုံးမှ အလျင်အမြန် ရှင်းပြလိုက်လေသည်။ စုရီမှ အံ့အားသင့်သွားပြီး ခဏမျှစဉ်းစားလျက် ရှုပ်ထွေးသောအသွင်ဖြင့် ထပ်မံမေးမြန်လိုက်၏။
“ ဟောင်ဖေးကွမ်က ဘာလို့ ... မိုချင်းချောင်တာဝန်ယူတာနဲ့ သူ့စိန်ခေါ်မှုကို ငါ လက်ခံမယ်လို့ ထင်နေတာလဲ။ ”
“ သခင်လေးဟောင်ရဲ့ အဆိုအရ သူဟာ အသက်နဲ့သေခြင်းကို ဆုံးဖြတ်ဖို့ တရားမျှတတဲ့ တိုက်ပွဲတစ်ခု ဆင်နွှဲချင်နေတာပါ တိုက်ပွဲအတွင်းမှာ တခြား ...
... နှောင့်ယှက်မှုတွေ မရှိစေဖို့နဲ့ တာအိုစုရဲ့ စိုးရိမ်မှုတွေကို ဖြေဖျောက်ပေးဖို့ နတ်သမီးမိုကို တာဝန်ခံအဖြစ်ထားရှိပေးတာ ဖြစ်ပါတယ်။ ”
လီကျုံးက ပြန်လည်ရှင်းပြသည်။
“ ပြီးတော့... တာအိုစုအနေနဲ့ ဒီပစ္စည်းကို မြင်လိုက်တာနဲ့ သူ့စိန်ခေါ်မှုကို လက်ခံလိမ့်မယ် လို့လည်း အသေအချာ ပြောခဲ့ပါတယ်။ ”
ထို့နောက် ကျောက်စိမ်းပြားတစ်ခုကို ထုတ်ပေးလိုက်သည်။ တဆက်တည်းမှာပင် လီကျုံးမှ စိုးရိမ်တကြီးသတိပေးခဲ့၏။
“ တာအိုစု ... ကျောက်စိမ်းပြားထဲမှာ ဘာတွေပဲ ပါနေပါစေ ဒီတိုက်ပွဲကိုမသွားသင့်ဘူး ထင်ပါတယ် ...
... အင်မော်တယ် တားမြစ်မြေဆိုတာ သေလွန်ဝိညာဉ်တွေစုဝေးရာ ဂူကြီးတစ်လုံးလိုပဲ ဓမ္မအဆုံးခေတ်အချိန်တုန်းက အသက်ရှင် ကျန်ခဲ့တဲ့ ရှေးခေတ်မျိုးနွယ်စု ထက်ဝက်ကျော် အဲဒီမှာ ရှိနေကြပါတယ် ...
... ဝင်စားခြင်းနိယာမကို ပိုင်ထားတဲ့ တာအိုစုအနေနဲ့ အဲဒီကိုသွားတာ ကျားတွင်းထဲ တိုးဝင်တဲ့ သိုးငယ်လို ဖြစ်နေပါလိမ့်မယ် ...
... အရေးအကြီးဆုံးက အဲဒီတားမြစ် နယ်မြေထဲမှာဆိုရင် သူတို့တွေရဲ့စွမ်းအားကို ကန့်သတ်ခံထားရတာမျိုး မရှိပါဘူး ...
... အပြင်လောကမှာ သူတို့က (၄၀)ရာခိုင်နှုန်းလောက်ပဲ ထုတ်သုံးနိုင်ပေမယ့် ဒီနယ်မြေထဲမှာတော့ ခွန်အားကို အပြည့်အဝ ပြသနိုင်ပါတယ် ...
... ပြီးတော့ နိုးကြားနေတဲ့ အင်မော်တယ်အဆင့် သေလွန်ဝိညာဉ်တောင် ရှိနေနိုင်ပါတယ်။ ”
လီကျုံး၏ ရှည်လျားလှသော ရှင်းပြစကားများကို စုရီမှ လျစ်လျူရှုလျက်ဖြင့် ကျောက်စိမ်းပြားထဲမှ အကြောင်းအရာကိုသာ ဖတ်ရှုကြည့်လိုက်သည်။
သည့်နောက် မျက်ဝန်းများမှေးစင်းလျက် တိတ်ဆိတ်သွား၏။ ဤကျောက်စိမ်းပြားထဲတွင် ရိုးရှင်းသော စာနှစ်ကြောင်းသာပါရှိသည်။
“ မင်းရဲ့တပည့်ချင်းတန်ကို အပ်ချုပ်သမားအဖိုးကြီးက ငါ့ဆီပို့ပေးထားတယ် ငါ့စိန်ခေါ်မှုကိုလက်ခံရင် အနိုင်ရသည်ဖြစ်စေ ရှုံးသည်ဖြစ်စေ သူမကိုအသက်ရှင်လျက် ပြန်လွှတ်ပေးမယ်။ ”
***