အခန်း (၁၀၄၇-၁၀၄၈)
Vol. 88 Ch. 1047-1048
အခန်း ၁၀၄၇ -
မိုမိသားစု၏ ရပ်တည်ချက်။
ချင်းတန်သည် ရွှမ်ကြွယ်လှိုဏ်ဂူ တိုက်ပွဲအပြီးတွင် ကြယ်လွင်ပြင်သို့ ထွက်ခွာ သွားခဲ့ခြင်းဖြစ်သည်။
စုရီက သူမသတင်းကို သိလို၍ ပင်လယ်လေးပါးမျှော်စင်ထံ ရှာဖွေခိုင်းထား၏။ ယခုမူ သူမသည် အပ်ချုပ်သမား၏ လက်ထဲသို့ ကျရောက်နေခဲ့ပြီး ဟောင်ဖေးကွမ်အတွက် ဓားစာခံဖြစ်သွားခဲ့ရသည်။
စုရီအမူအရာကြောင့် လီကျုံးမှ တစ်ခုခု မှားယွင်းနေသည်ဟုခံစားရကာ တစ်စုံတစ်ရာ ပြောကြားရန် ပြင်နေစဉ်မှာပင်၊
“ ဟောင်ဖေးကွမ်ကို ပြန်ပြောလိုက်ပါ ဒီစိန်ခေါ်မှုကို ငါလက်ခံမယ်။ ”
-ဟု တုန့်ပြန်လာခဲ့သည်။ လီကျုံးတစ်ယောက် အံ့အားသင့်သွားပြီး၊
“ တာအိုစု... ငါ့သခင်မလေးက အာမခံပေးတယ်ဆိုပေမယ့်လည်း အရာအားလုံး အေးချမ်းမယ်လို့တော့ အာမမခံနိုင်ဘူး တကယ်လို့ တစ်ခုခု လွဲချော်သွားရင် ... ။ ”
“ ငါ အဲဒါကိုပဲ မျှော်လင့်နေတာပါ။ ”
စုရီက သူ့စကားကို ဖြတ်ပြောလိုက်လေသည်။ လီကျုံးတစ်ယောက် ပြောစရာစကားလုံးများ ပျောက်ဆုံးသွားပြီး သက်ပြင်းချကာ ပြန်သွားခဲ့တော့၏။
“ မင်းက ပါးနပ်တဲ့ မြေခွေးအိုကြီးပဲ ... ဒီတစ်ခါ မင်းဘာတွေ ကြံစည်ဦးမလဲဆိုတာ ကြည့်ရအောင်။ ”
လီကျုံးထွက်သွားသည်နှင့် စုရီမှ ရေရွတ်လိုက်တော့သည်။ ဟောင်ဖေးကွမ်၏ စိန်ခေါ်မှုသည် သာမန်ဟု ထင်ရသော်လည်း နောက်ကွယ်တွင် အပ်ချုပ်သမားရှိနေ၏။
တစ်ဖက်လူ၏ အကျင့်စရိုက်အရ ဤအခွင့်အရေးကိုအသုံးချကာ တစ်စုံတစ်ရာ ကြံစည်လာတော့မည်မှာ သေချာချေပြီ။
“ စာရင်ကိုင် မင်းငါ့ကို တစ်ခုကူညီပါ။ ”
ရုတ်တရက် စုရီက တိတ်ဆိတ်စွာ ရပ်နေသော စာရင်းကိုင်ထံ လှည့်ကြည့်ကာ ပြောလိုက်၏။
“ ပြောပါ သခင်လေး။ ”
“ ဒီတံဆိပ်ပြားထဲမှာ အဖိုးကြီးဝေရှိတယ် သူ့ဒဏ်ရာတွေကပြင်းတာမို့ သတိလစ်နေတယ် သူ့ကိုခေါ်သွားပြီး ဂရုစိုက်ပေးပါဦး ပြီးတော့ ဝေလေးနဲ့ လီပေ့ရှန်းကို မင်းဆီလာဖို့ ငါဆက်သွယ်ထားတယ်။ ”
“ ဒီအတွက် စိတ်မပူပါနဲ့ သခင်လေး ... ဒါနဲ့ နောက်လဝက်ဆိုတဲ့အချိန်က နည်းနည်းတော့ တိုက်ဆိုင်နေတယ် မဟုတ်လား ...
... တွက်ချက်မှုအရဆိုရင် တိမ်ပေါ်ပျံသန်းခြင်းအဆင့်ဟာ တစ်လအတွင်း ဒီလောကမှာ ပြန်ပေါ်လာတော့မယ် ...
... ဒီဟောင်ဖေးကွမ်က သခင်လေးကို ကောင်းကင်ဘုံနယ်ပယ်အထိ ခြေမချနိုင်ခင်မှာ ရွေးလိုက်တာလို့ယူဆမိတယ်။ ”
စာရင်းကိုင်မှ စိုးရိမ်တကြီး ပြောကြားလာလေသည်။ စုရီက ကုလားထိုင် ထုတ်ယူကာ သက်သောင့်သက်သာ လှဲလျောင်းလျက်၊
“ စိတ်မပူနဲ့ ငါကိုယ်တိုင်လည်း အဲဒီတားမြစ်နယ်မြေကိုသွားဖို့ စိတ်ကူးရှိတယ် ပြီးတော့ အဲဒီရောက်ရင် ကောင်းကင်ဘုံကို တက်လှမ်းဖို့ အခွင့်အရေးမျိုးရှာရမယ်။ ”
-ဟု ပြန်ဖြေသည်။
“ မိုချင်းချောင်က သခင်လေးဘက်က ရပ်တည်ပေးရင်တော့ အဆင်ပြေနိုင်ပါတယ် ဒါပေမဲ့ အဲဒီနယ်မြေထဲမှာ သူမထက် သန်မာတဲ့ ပုဂ္ဂိုလ်တွေ အများကြီး ရှိနေတယ် ...
... ပြီးတော့ ဟောင်ဖေးကွမ်က ဖြောင့်မတ်ချင်ရင်တောင် သူ့နောက်က ဟောင် မျိုးနွယ်စုက သူ့စကားကို နားထောင်ဖို့ ခက်လိမ့်မယ်။ ”
“ ငါလည်း မျှော်လင့်နေပါတယ် ... ။ ”
ထို့နောက် စုရီက ဝိုင်အိုးကို ထုတ်ကာ မော့သောက်လျက် မျက်ဝန်းများမှိတ်ကာ အနား ယူလိုက်တော့သည်။ စာရင်းကိုင်တစ်ယောက် အလိုက်တသိဖြင့် ထွက်ခွာလာခဲ့၏။
နောက်ရက်များတွင် စုရီသည် တစ်ယောက်တည်း ဝိုင်သောက်အနားယူကာ တချိန်လုံးအိပ်နေတော့သည်။
သူ့အတွက် ကျင့်ကြံခြင်းသည် ပျင်းရိစရာကောင်းသော်လည်း တိုးတက်မှုမှာ ကျေနပ်စရာပေပင်။
ထိုအချိန်တွင် အင်မော်တယ်နယ်မြေ နတ်တောင်တစ်လုံးပေါ်တွင် မိုချင်းချောင်သည် အံ့အားသင့်လျက်ရှိနေ၏။
“ သူ ... တကယ်ပဲ ... သဘောတူလိုက်တာလား မင်းမတားဘူးလား လီကျုံး ... ။ ”
“ ဒီအဖိုးကြီးက တားပေမဲ့ မအောင်မြင်ခဲ့ပါဘူး။ ”
လီကျုံးက ခါးသီးစွာ ပြုံးလျက် တုန့်ပြန်လိုက်သည်။ မိုချင်းချောင်တစ်ယောက် စိတ်ရှုပ်ထွေးစွာဖြင့် သူမနားထင်ကို ပွတ်သပ်လိုက်တော့၏။
“ ကောင်းပြီ ... ဟောင်ဖေးကွမ်နဲ့ စုရီရဲ့တိုက်ပွဲမှာ ဘယ်သူမှ ဝင်မစွက်ဖက်အောင် အစွမ်းကုန်ကြိုးစားမယ် ဒါပေမဲ့ တိုက်ပွဲပြီးရင် ဘာတွေဆက်ဖြစ်မလဲဆိုတာတော့ ငါလည်း မသိနိုင်တော့ဘူး။ ”
ထို့နောက် လက်ဝှေ့ရမ်းပြကာ လီကျုံးကို ထွက်ခွာအချက်ပြလိုက်၏။ တစ်ယောက်တည်း ကျန်ခဲ့သည့်အချိန်၌ တုံ့ဆိုင်းသောအသွင်မျိုးဖြင့် ဘိုးဘေးမြေသို့ ထွက်ခွာလာခဲ့သည်။
ဘိုးဘေးနယ်မြေရှိ လှိုဏ်ဂူကြီး တစ်လုံးရှေ့သို့ ရောက်ရှိလာသောအခါ ဧရာမ ကျောက်စိမ်းတုံးကြီးထဲတွင် လူတစ်ယောက် တရားထိုင်နေသည်ကို မြင်လိုက်ရ၏။
မိုချင်းချောင်က ထိုကျောက်စိမ်းတုံးကို မြင်သည်နှင့် ဦးညွှတ်ကာ၊
“ ဘိုးဘေး ... ကူညီပေးပါ။ ”
-ဟုဆိုကာ စုရီနှင့် ဟောင်ဖေးကွမ်တို့ စိန်ခေါ်ပွဲအကြောင်း တင်ပြလိုက်သည်။
“ ဘိုးဘေး ... ဒီမြေးရဲ့ခွန်အားနဲ့ တားမြစ်နယ်မြေက အဲဒီအဖိုးကြီးတွေအပေါ် တားဆီးဖို့ မလုံလောက်မှာ စိုးရိမ်မိပါတယ်။ ”
သူမ စကားဆုံးသည်နှင့် ကျောက်စိမ်းတုံးထဲမှ ပုံရိပ်သည် မျက်လုံးများကို ရုတ်တရက် ဖွင့်လာခဲ့သည်။
“ ဝုန်း ... ။ ”
ချက်ချင်းပင် မျက်ဝန်းများအတွင်းမှ ကြောက်မက်ဖွယ်ကောင်းသော အင်မော်တယ် ချီများပျံ့နှံ့လာပြီး ကျောက်တုံးကြီးအတွင်းမှ အလင်းများဖြာထွက်လာတော့၏။
ဤကမ္ဘာကြီးတွင် စစ်မှန်သော အင်မော်တယ်တစ်ပါး ဧကန်စင်စစ်ရှိနေခဲ့ချေပြီ။ မိုရှင်းလင်သည် ဝါစဉ်အရ မိုချင်းချောင်၏ သိုင်းဦးလေးအဆင့်ပင် ဖြစ်သည်။
ဓမ္မအဆုံးသတ်ခေတ်၏ ကပ်ဘေးကြီးအတွင်း မိုရှင်းလင်သည် သူ၏ခန္ဓာ ပျက်စီးခဲ့ရပြီး မူလဝိညာဉ် ကွဲကြေခဲ့ရသည်။
ကာလရှည်ကြာ ထာဝရ တိတ်ဆိတ်ခြင်းထဲတွင် နစ်မြုပ်နေခဲ့ပြီး ယခုမှသာ အသိစိတ်အနည်းငယ် ပြန်လည် နိုးထလာခြင်း ဖြစ်၏။
သို့သော် သူသည် သေခြင်းတရားနှင့် နီးကပ်နေဆဲဖြစ်ကာ ဝိညာဉ်အကြွင်းအကျန် အဖြစ်သာ တည်ရှိနေနိုင်သေးသည်။
ကောင်းကင်ပြိုကျချိန်တွင် အမြင့်ဆုံးတွင်ရပ်တည်နေသော လူအများမှာ ဦးစွာဒုက္ခရောက်ရပေမည်။
ထိုနည်းလည်းကောင်း ပေပင်။ ဓမ္မအဆုံးခေတ်တွင် မိုရှင်းလင်ကဲ့သို့သော အင်မော်တယ်များသည်လည်း ကပ်ဘေးဒဏ်ကို ရှောင်လွှဲ၍မရခဲ့ချေ။
သို့သော် ဝိညာဉ်အဆင့်သာ ရှိတော့သည့်တိုင် အင်မော်တယ်ဟူသည် အင်မော်တယ်သာဖြစ်ချေသည်။
ကောင်းကင်ဘုံသို့ တက်လှမ်းရန် ကြိုးစားနေကြသည့် သာမန်လူသားများသည်မူ ထိုသူများနှင့် ယှဉ်၍မရနိုင်သေးချေ။
အင်မော်တယ် အလင်းတန်းများ ရေတံခွန်ကဲ့သို့ဖြာကျလာပြီး ပတ်ဝန်းကျင်ပေါ် ရောင်ဝါများ ဖုံးလွှမ်းလာခဲ့သည်။
“ ဟောင်မျိုးနွယ်စုနဲ့ ပူးပေါင်းပြီး ဒီကောင်လေးကို တစ်ခါတည်း ဘာလို့ ဖမ်းဖို့ မကြိုးရတာလဲ ဒါဆိုရင် ...
... ဝင်စားခြင်းလျှို့ဝှက်ချက်ကို ငါတို့ အလွယ်တကူရနိုင်ပြီး ငါတို့မျိုးနွယ်စုဝင်တွေ ရဲ့ ကျိန်စာကို ဖယ်ရှားနိုင်မယ် မဟုတ်လား။”
မိုရှင်းလင် အသံသည် မိုးကြိုးပမာ ကျောက်တုံးကြီးထဲမှ ဟိန်းထွက်လာချေသည်။ မိုချင်းချောင်သည် ဤမေးခွန်းအတွက် အဆင်သင့်ဖြစ်နေပြီးသားပေပင်။
ထို့ကြောင့် စုရီ၏အတိတ်က အောင်မြင်မှုများကို အသေးစိတ် ရှင်းပြလိုက် တော့သည်။ နိဂုံးချုပ်အနေဖြင့် သူမက၊
“ သေမျိုးကမ္ဘာမှာတင်မကဘူး အင်မော်တယ်နယ်မြေမှာတောင် ဒီစုရီနဲ့ ယှဉ်နိုင်တဲ့ မျိုးဆက်သစ်တစ်ယောက်မှ မတွေ့ဖူးသေးပါဘူး သိုင်းဦးလေး။”
-ဟု မှတ်ချက်ပြုလိုက်၏။ ထိုစကားများကြောင့် မိုရှင်းလင်သည် ခဏမျှ တိတ်ဆိတ်သွားကာ၊
“ မင်းပြောသလိုဆိုရင် ဒီလိုလူမျိုးက ကမ္ဘာပေါ်မှာ တကယ်ကို ပြိုင်ဘက်ကင်းပါပဲ ဒါပေမဲ့ သူ့လိုလူစားမျိုးက ဘယ်သူ့ကိုမှ လက်အောက်ခံမဟုတ်ဘူး ငါတို့မျိုးနွယ်ကို သူ လက်အောက်ခံပါ့မလား။ ”
-ဟု မေးမြန်းလာသည်။ မိုချင်းချောင်မှ ခေါင်းခါလျက်၊
“ သိုင်းဦးလေး ... အထင်လွဲနေပါပြီ သူ့ကိုမျိုးနွယ်စုထဲဆွဲသွင်းဖို့ အရင်ကစဉ်းစား ခဲ့ဖူးပေမယ့် နောက်တော့ လက်လျှော့လိုက်ပြီး ကောင်းမွန်တဲ့ ဆက်ဆံရေးမျိုးကို တည်ဆောက်ထားပါတယ်။ ”
-ဟု ပြန်လည်ပြောကြားလိုက်၏။ မိုရှင်းလင်ခမျာ အံ့အားသင့်စွာဖြင့် နားမလည်စွာ မေးမြန်းပြန်သည်သည်။
“ ဘာဖြစ်လို့လဲ ... ဒီကောင်လေးက အင်မော်တယ်တားမြစ်နယ်မြေထဲကို ဝင်လာပြီ ဆိုမှတော့ ငါတို့မျိုးနွယ်စုရဲ့အင်အားနဲ့တင် သူ့ကိုအနိုင်ယူဖို့ လုံလောက်နေတာပဲ မဟုတ်လား။ ”
ဤတစ်ကြိမ်တွင် မိုချင်းချောင်က ချက်ချင်းပြန်မဖြေဘဲ သက်ပြင်းချကာ၊
“ သိုင်းဦးလေး ... ဒီစုရီမှာလျှို့ဝှက်ချက်တွေ အများကြီးရှိနေတယ် ... အဲဒါတွေခဏထားပါဦး အခုသူ့နောက်မှာ ရပ်နေတဲ့သူက ဘယ်သူလဲ သိလား ... ငါတို့မိုမျိုးနွယ်က ပေါ့ပေါ့တန်တန် ဆက်ဆံဝံ့တဲ့သူ မဟုတ်ဘူး။ ”
-ဟု အသိပေးလိုက်၏။
“ ဟားဟားဟား ... စိတ်ဝင်စားစရာပဲ ငါစဉ်းစားကြည့်ရသလောက် ငါတို့မိုမိသားစုက မစော်ကားရဲလောက်အောင် သေမျိုးကမ္ဘာမှာ ဘယ်သူများရှိနေလို့လဲ။ ”
မိုရှင်းလင်းက မထီမဲ့မြင်ပြုသော လေသံမျိုးဖြင့် မေးမြန်းလာ၏။ မိုချင်းချောင်မှ ခေါင်းရမ်းလိုက်ပြီး၊
“ စစ်မှန်သောလူသား ဟုန်ယွင်။ ”
-ဟု ပြန်ဖြေလိုက်တော့သည်။
“ ဟုန်ယင် ... ။ ”
ထိုနာမည်ကို ကြားလိုက်ရသောအခါ လေထုသည် ရုတ်တရက် လေးလံသွားခဲ့ချေ၏။ မိုရှင်းလင် ရယ်သံသည်လည်း ရုတ်ခြည်း ရပ်တန့်သွားကာ တိတ်ဆိတ်သွားသည်။
အချိန်အတော်ကြာပြီးနောက် မိုရှင်းလင်က ချောင်းတစ်ချက်ဟန့်ကာ၊
“ ဟမ့် ... မိန်းကလေးဟုန်က ဒီစုရီအပေါ် တကယ်ပဲ နောက်ခံပြုထားတာလား။ ”
-ဟု မယုံနိုင်ဟန်မေးမြန်းလေသည်။ မိုချင်းချောင်မှ ခေါင်းညိတ်ကာ ခရမ်းရောင် တိမ်တောင်တိုက်ပွဲတွင် စစ်မှန်သောလူသား ဟုန်ယွင် ရောက်ရှိလာပုံကို အသေးစိတ် ပြန်လည်ပြောပြလိုက်သည်။
“ ချင်းလေး ... မင်းရဲ့တွေးခေါ်မှု မှန်ကန်တယ် တာအိုစုကို ဘယ်သူဆန့်ကျင် ဆန့်ကျင် ... ငါတို့မိုမိသားစု လုံးဝ မစော်ကားရဘူး။ ”
မိုရှင်းလင်၏ သဘောထားမှာ ရုတ်ခြည်းပြတ်သားသွားသောကြောင့် မိုချင်းချောင်ခမျာ မျက်ခုံးပင့်လိုက်သည်။ စုရီအရည်အချင်းများကို သူမ ပြောပြခဲ့သော်လည်း ဂရုမစိုက်ချေ။
မိန်းကလေးဟုန်ယွင် နာမည်ကို ကြားချိန်မှသာလျှင် သိုင်းဦးလေးတစ်ယောက် ကြောက်ရွံ့သွားခဲ့ခြင်းဖြစ်ချေပြီ။
ထိုစဉ်မိုရှင်းလင်းသည် သူမ၏ အတွေးများကိုလျစ်လျူရှုလျက် တည်ကြည် ပြတ်သားသည့် သူရဲကောင်းတစ်ဦးအလား ကြေငြာချက်ထုတ်လာတော့သည်။
“ ငါတို့က တာအိုစုအတွက် အာမခံရမယ့် သူတွေဆိုတော့ အရာအားလုံး အဆင်ပြေအောင် သေချာအောင်လုပ်ဆောင်ရမယ် ...
... ဟောင်မိသားစုရဲ့ အဲဒီကောင်လေးနဲ့ တိုက်ခိုက်နေတာကို ဝင်ရောက်စွက်ဖက်လာဝံ့ သူ ဘယ်သူမဆို ငါ့မိုမိသားစုကိုဆန့်ကျင်တာပဲ လုံးဝခွင့်မလွှတ်လိုက်နဲ့ ... ။ ”
***
အခန်း ၁၀၄၈-
မိန်းကလေးဟုန်ယွင်၏ နောက်ခံ။
မိုရှင်းလင်း၏လေသံသည် ယခင်ထက် များစွာလွှမ်းမိုးလာ၏။ ထို့ကြောင့် မိုချင်းချောင် တစ်ယောက် အနည်းငယ်ထူးဆန်းနေသည်ကို ခံစားလိုက်ရသည်။
အဘယ့်ကြောင့်ဆိုသော် သိုင်းဦးလေး နှုတ်ဖျားတွင် စုရီသည်တာအိုစုဖြစ်နေပြီးနောက် ဟောင်မိသားစုမှ ပါရမီရှင်ဟောင်ဖေးကွမ်မှာမူ ထိုကောင်လေး ဖြစ်သွားရချေပြီ။ ယင်းကြောင့် စပ်စုလိုစိတ်ဖြင့် မေးမြန်းလိုက်၏။
“ သိုင်းဦးလေး ... မိန်းကလေး ဟုန်ယွမ်ရဲ့ နောက်ခံက ဘာများလဲ။ ”
မိုရှင်းလင်က သက်ပြင်းရှည်ကြီး ချလိုက်ကာ၊
“ ဒီမေးခွန်းရဲ့ အဖြေကို ... မင်း သိချင်နေသလို ... ငါလည်းသိချင်နေပါတယ်။ ”
-ဟု ပြန်ဖြေ၏။
မိုချင်းချောင်မှ မှင်သပ်သွားသည်။ သိုင်းဦးလေးပင် တစ်ဖက်လူ၏နောက်ခံအပေါ် မမြင်နိုင်သည်လော။ မိုရှင်းလင်းက၊
“ အင်မော်တယ်နယ်မြေမှာတုန်းက ငါတို့မျိုးနွယ်စုရဲ့ တည်ထောင်သူဘိုးဘေးကြီးကို ဗဟိုအင်မော်တယ်ရုံးတော် မက်မွန်သီးပွဲတော် တက်ရောက်ဖို့ ဖိတ်ကြားခံခဲ့ရတယ် ...
... အဲဒီတုန်းက ငါ့တည်ထောင်သူ ဘိုးဘေးက မိန်းကလေးဟုန်ယွင်ကိုအဝေးကနေ မြင်ခဲ့ဖူးတယ်လို့ ပြောကြားဖူးတယ် ...
... ဒါပေမယ့် အဲဒီတုန်းက ငါတို့ရဲ့ တည်ထောင်သူဘိုးဘေးတောင်မှ ပင်မခန်းမထဲ ဝင်ဖို့ အရည်အချင်းမပြည့်မီခဲ့ဘူး...
... မိန်းကလေးဟုန်ယွင်ကတော့ ဂုဏ်သရေရှိ ဧည့်သည်တော်အဖြစ် ခန်းမထဲကို ဝင်သွားခဲ့တယ်လို့ပြောဖူးတယ်။ ”
-ဟု ရှင်းပြလိုက်သည်။
မိုချင်းချောင်တစ်ယောက် ခန္ဓာကိုယ် တစ်ခုလုံးတုန်ခါသွားတော့၏။ အင်မော်တယ် ရုံးတော်၏ မက်မွန်သီးပွဲတော်ဆိုသည်မှာ အထွတ်အထိပ် ပုဂ္ဂိုလ်များသာ တက်ရောက် နိုင်သည့် ပွဲတော်ကြီးတစ်ခုပေပင်။
“ သိုင်းဦးလေး ... ဒါ တကယ်ပဲလား။ ”
“ ဟမ့် ... ငါတို့တည်ထောင်သူဘိုးဘေး ကိုယ်တိုင်မြင်ခဲ့တာမို့ မှားစရာမရှိပါဘူး ဒါပေမဲ့ ဒါတွေက အတော်ကြာခဲ့ပါပြီ ဓမ္မအဆုံးခေတ်ရဲ့ ကပ်ဘေးမှာ ဗဟိုရုံးတော်လို အင်အားစုတောင် သမိုင်းထဲ ပျောက်ကွယ်သွားခဲ့ရတယ် ... ။ ”
မိုရှင်းလင်၏ အသံတွင် ဆုံးရှုံးမှုများဖြင့် ပြည့်နှက်နေတော့၏။ သို့သော် မိုချင်းချောင်မှ ရုတ်တရက် တစ်စုံတစ်ခုကို သတိရလာကာ၊
“ ဒါပေမဲ့ ... အဲဒီပွဲတော်ကို တက်ခဲ့တဲ့ မိန်းကလေးဟုန်ယွင်တော့ အခုချိန်ထိအသက် ရှင်နေတုန်းပဲ မဟုတ်လား။ ”
-ဟု တုန်လှုပ်စွာ ဆိုလိုက်တော့သည်။ သူမစကားကြောင့် မိုရှင်းလင်းမှ ခေါင်းညိတ်၏။
“ မှန်တယ် ... ဒါက တကယ့်ကို မယုံနိုင်စရာပါပဲ။ ”
***
တစ်ချိန်တည်းမှာပင် အင်မော်တယ် တားမြစ်နယ်မြေထဲရှိ အခြားသော ရှေးခေတ် အင်အားစုများမှ ပုဂ္ဂိုလ်များအားလုံးသည် ဤတိုက်ပွဲအပေါ် အာရုံစိုက်နေကြပြီဖြစ်၏။
ထိုသတင်းသည် မုန်တိုင်းတစ်စင်း အလား အဆုံးမဲ့ နတ်ဆိုးပင်လယ်အတွင်းသို့လည်း ပျံ့နှံ့ သွားတော့သည်။
“ သခင်မလေး ... အဲဒီစုမျိုးရိုးက ရူးသွားပြီထင်တယ် သူတကယ်ပဲ သေတွင်းထဲ လျှောက်လှမ်းနေတယ်။ ”
ခွေးဝါကြီးက ခြံစည်းရိုးအပြင်ဘက်တွင် အမြီးတနှံ့နှံ့ဖြင့် ဂနာမငြိမ်ဖြစ်နေခဲ့တော့သည်။ သူ့စကားကြောင့် ငရဲဘုရင်နှင့် မုချန်းယွမ်သည် စုရီအတွက် စိုးရိမ်ပူပန်သွားကြ၏။
သို့သော် မိန်းကလေးဟုန်ယွင်မှာမူ လျစ်လျူရှုလျက် တည်ငြိမ်စွာဟင်းရွက်များစွာ ခူးဆွတ်နေဆဲဖြစ်သဖြင့် သူတို့နှစ်ဦးမှာ အသံ မထွက်ဝံ့သေးချေ။
မိန်းကလေးဟုန်ယွင်အတွက် ယနေ့ည ဟော့ပေါ့စားရန်သည်သာ အရေးကြီးနေပုံရ၏။ ထိုမြင်ကွင်းကြောင့် ခွေးဝါကြီးက အသံမပြုဝံ့ဘဲ လုံးဝနှုတ်ဆိတ်သွားလေသည်။
မုချန်းယွမ်နှင့် ငရဲဘုရင်တို့သာလျှင် ဂနာမငြိမ်ဖြင့် စကားပြောကြားရန် အကြိမ်ကြိမ် ကြိုးစားခဲ့သော်လည်း လေထုသည် လေးလံ လွန်းနေပြီး အသံထွက်မလာခဲ့ချေ။
ထိုအမူအရာကို မြင်သောအခါ ခွေးဝါကြီးသည် သူတို့ထံ စာနာသနားဟန်ဖြင့် ပြန်ကြည့်လာပြီး နှစ်သိမ့်စကားဆိုသည်။
“ မင်းတို့ရဲ့ ကျင့်ကြံမှုကိုပဲ ပြန်ပြီး အာရုံစိုက်ထားပါ အဆင်ပြေတယ် အဲဒီလူမှာ ဝင်စားခြင်းဥပဒေ ပိုင်ဆိုင်ထားတာပဲ ...
... သူသေသွားခဲ့ရင်တောင် ဘာအရေးကြီးလို့လဲ နောက်တစ်ကြိမ် ပြန်ပြီး ဝင်စားလာနိုင်တယ် မဟုတ်လား။ ”
ဤသည်မှာ နှစ်သိမ့်စကားပင်လော။ ငရဲဘုရင်နှင့် မုချန်ယွမ်ခမျာ မျက်လုံးပြူးသွား တော့၏။ မုချန်းယွမ်က အနည်းငယ်မျှ စဉ်းစား လိုက်ပြီးနောက်၊
“ ငါ့အမြင်အရတော့ သခင်စုက ဒီတိုက်ပွဲကိုသဘောတူလိုက်တာ သေချာပေါက် အစီအစဉ်တစ်ခုခု ရှိလို့နေမှာပါ။ ”
-ဟု ညည်းတွားလိုက်၏။ ဤတစ်ကြိမ်တွင် ခွေးဝါကြီးသည် စိတ်မရှည်တော့ဘဲ၊
“ မင်းတို့ သိနေမှတော့ ဘာလို့ ဒီလူကိုစိုးရိမ်နေကြတာလဲ ... ပြီးခဲ့တဲ့အချိန်က ငါ့သခင်မလေးက စကြာဝဠာတံဆိပ်တစ်ခု သူ့ကိုပေးခဲ့တာ သတိရကြလား အဲဒီရတနာနဲ့ သူ အသက်ကို ကယ်တင်နိုင်ပါတယ်။ ”
-ဟု အော်ဟစ်လိုက်သည်။ ငရဲဘုရင်နှင့် မုချန်ယွမ်ခမျာ တိတ်ဆိတ်သွားတော့၏။ ထိုစဉ် မိန်းကလေးဟုန်ယွင်က အရွက်များခူးနေရာမှ၊
“ တာအိုစုရဲ့ အကျင့်စရိုက်နဲ့ဆိုရင် သူ့အသက်ကို ပြင်ပရတနာပေါ်မှာ ဘယ်တော့မှ ပုံအပ်ထားမှာ မဟုတ်ဘူး။ ”
-ဟု မှတ်ချက်ပေးလာသည်။
“ ပြီးတော့ အဲဒီတံဆိပ်ထဲမှာ ဘယ်လိုလျှို့ဝှက်ချက်တွေ ရှိနေလဲဆိုတာ သူ အခုထိ မသိသေးဘူး။ ”
ဤတစ်ကြိမ်တွင် ခွေးဝါကြီးမှာ အံ့အားသင့်သွားပြီး၊
“ ဒါဆို အဲဒီစုမျိုးရိုးမှာ နောက်ထပ် လျှို့ဝှက်ချက်တစ်ခု ရှိနေသေးတာပေါ့။ ”
-ဟု ရေရွတ်လိုက်၏။ သို့သော် မိန်းကလေးဟုန်ယွမ်က ထိုအကြောင်းအပေါ် ဆက်မပြောတော့ဘဲ၊
“ သိုးပေါက်လေး တစ်ကောင် သွားရှာလာခဲ့ ဒီညဟော့ပေါ့စားကြမယ်။ ”
-ဟု အမိန့်ပေးလိုက်လေသည်။
ဤသို့ဖြင့် တစ်ရက်ပြီးတစ်ရက် အချိန်များ ကုန်လွန်သွား၏။ စုရီနှင့် ဟောင်ဖေးကွမ်သည် လော့ဝူတောင်ထိပ်တွင် ယှဉ်ပြိုင်ကြမည့် သတင်းမှာ ကြယ်လွင်ပြင်အနှံ့ ပျံ့နှံ့သွားပြီဖြစ်သည်။
ဤအခြေအနေတွင် ဟောင်ဖေးကွမ်က စိန်ခေါ်ပွဲကိုဝင်စွက်ဖက်သူတိုင်း ဟောင်မျိုးနွယ် ရန်သူဖြစ်မည်ဟု ပြတ်ပြတ်သားသား ကြေညာလိုက်သည်။
များမကြာမီမှာပင် မိုမျိုးနွယ်စုမှ မိုချင်းချောင်သည်လည်း မိုရှင်းလင်နာမည်ကို အသုံးပြု၍ ဤတိုက်ပွဲအတွင်း တရားမျှတမှုများ ဆောင်ကျဉ်းပေးမည် ဖြစ်ကြောင်း အသိပေးလာသည်။
ထိုကြေညာချက်နှစ်ရပ်ကြောင့် အင်မော်တယ် တားမြစ်နယ်မြေကြီးအတွင်း၌ အုတ်အော်သောင်းနင်း ဖြစ်သွားကုန်၏။
ဟောင်မျိုးနွယ်စုနှင့် မိုမျိုးနွယ်စုသည် အင်မော်တယ်နယ်မြေမှ ဆင်းသက်လာသော မိသားစုများဖြစ်ကြသည်။ မည်သူမျှ လျစ်လျူရှု မနေဝံ့ချေ။ သို့သော် အလျှော့ မပေးလိုသည် မှာလည်း သဘာဝပေပင်။
“ ဟောင်မျိုးနွယ်စုက ဝင်စားခြင်းလျှို့ဝှက်ချက်ကို လက်ဝါးကြီး အုပ်ချင်နေတာလား မဖြစ်နိုင်ဘူး။ ”
သေလွန်ဝိညာဉ်များအတွက် ဝင်စားခြင်းစွမ်းအားကို မည်သူရရှိမည်သည်မှာ အသက်တမျှအရေးကြီးနေသည်။
ထို့ကြောင့် လူတိုင်းက စုရီသည် ဤတားမြစ်နယ်မြေထဲမှ အသက်ရှင်လျက်ဖြင့် ပြန်ထွက်မသွားနိုင်စေရန် နည်းလမ်းများ ရှာကြံလာကြတော့၏။
ခုနစ်ရက်အကြာတွင် စူးရှသော ဓားမြည်သံကြောင့် တရားထိုင်နေရာမှ စုရီ တစ်ယောက် နိုးထလာသည်။
သေမျိူးနယ်ပယ်ဓားသည် အံ့မခန်းတောက်ပသော ခရမ်းအလင်းတန်းများ စီးဆင်းနေပြီး၊ ဓားတစ်လက်လုံးသည် နေမင်းပမာ တောက်ပနေ၏။
ဤသည်မှာ ကောင်းကင်ဆန္ဒမီးဖို အကူအညီဖြင့် နတ်ဘုရားအဆင့် ပစ္စည်းများ အားလုံးကို အရည်ဖျော်စုပ်ယူပြီးနောက် အသစ်တစ်ဖန် မွေးဖွားလာခြင်းပေပင်။
စုရီက ဓားလက်ကိုင်ကို ဆုပ်ကိုင်လိုက်သောအခါတွင် တစ်သားတည်း ဖြစ်သွားသကဲ့သို့ ခံစားလိုက်ရသည်။
၎င်း၏စွမ်းအားမှာ တောင်တစ်လုံးကဲ့သို့ လေးလံပြီး ဟင်းလင်းပြင်ကိုပင် ဖြိုခွဲစေနိုင်စွမ်း ရှိနေတော့၏။
“ ဟမ့် ... ပေါက်ကွဲစွမ်းအားအရဆိုရင် ထိပ်တန်းနတ်ဝိညာဉ်ရတနာကို ယှဉ်နိုင်တယ် အခြေခံနဲ့ဝိညာဉ်အသိ ... အရဆိုရင်တော့ ဘယ်အရာကမှ ဒီဓားကို မယှဉ်နိုင်ဘူး။ ”
စုရီက ကျေနပ်စွာ မှတ်ချက်ပြု၏။ ထို့နောက်ဓားကိုချလိုက်ကာ သူ့ကျင့်ကြံမှုပေါ် ပြန်လည်စစ်ဆေးကြည့်လိုက်သည်။
ယခုအခါတွင် တုံ့ယွီအထွတ်အထိပ်သို့ ရောက်ရှိနေပြီဖြစ်၏။ နတ်ဝိညာဉ်အဆင့်ထံသို့ တက်လှမ်းရန် အသင့်ပေပင်။
နတ်ဝိညာဉ်အဆင့်သည် အင်မော်တယ် ဘဝ၏ ပထမဆုံးသော ခြေလှမ်းဖြစ်ကာ ဝိညာဉ် အပေါ် နတ်ဝိညာဉ်အဖြစ် ကူးပြောင်း သန့်စင်ခြင်းဖြစ်သည်။
“ မင်း ... အခုချိန်မှာ ... နတ်ဝိညာဉ် အဆင့်ကိုတက်လှမ်းဖို့ အလျင်မလိုနဲ့ဦးလို့ ငါ့မှာ အကြံပေးချင်တာ တစ်ခုရှိတယ်။ ”
ရုတ်တရက် ငရဲဘုံကိုးပါးဓားရှိ ဆဋ္ဌမမြောက်နတ်သံကြိုးက သတိပေးလာ၏။ စုရီက မျက်ခုံးပင့်လျက် အသိစိတ်ပင်လယ် အတွင်း ဝင်ရောက်လိုက်သည်။
အသိစိတ်ပင်လယ်အတွင်း၌ တံဆိပ်တစ်ခုလွင့်မျောလျက် ရောင်ဝါများ ဖြာကျနေသည်ကို မြင်လိုက်ရ၏။
“ မင်း အခုချက်ချင်း အဆင့်တက်ရင် အင်မတန်အစွမ်းထက်တဲ့ နတ်ဝိညာဉ်အဆင့်ကို ရနိုင်တာမှန်ပေမယ့် ဒါကသေမျိုးလောကမှာပဲ ဖြစ်နေလိမ့်မယ် ...
... အင်မော်တယ်နယ်မြေ သမိုင်းတစ်လျှောက်မှာတော့ အသန်မာဆုံး ဖြစ်လာမှာ မဟုတ်ဘူး ခြေလှမ်းတစ်လှမ်း မှားသွားတာနဲ့ ပိတ်မိသွားလိမ့်မယ်။ ”
ဆဋ္ဌမမြောက်တံဆိပ်မှ တည်ငြိမ်စွာ ပြောကြားလာသည်။ စုရီတစ်ယောက် ယင်းကို စိတ်ဝင်တစားသွားတော့၏။
“ ဒါဆို မင်းအမြင်အရ ငါဘာဆက်လုပ်ရမလဲ။ ”
ဆဋ္ဌမမြောက် နတ်သံကြိုးအသံမှာ ရုတ်တရက် ပျော့ပြောင်းသွားပြီး၊
“ ငါ့ကို ကောင်းကောင်းမွန်မွန် ဆက်ဆံပြီးမေးကြည့်ပါလား ... ငါပြောပြမယ်။ ”
-ဟု တုန့်ပြန်လာ၏။ ထိုစကားကြောင့် စုရီကလှောင်ပြုံးဖြင့် လှည့်ထွက်လာခဲ့သည်။
“ မင်း ... အိပ်မက် မက်နေတာပဲ။ ”
တစ်ဖက်လူသည် သူ့ထံ၌ ကျေးဇူးကြွေးတင်အောင် ပြုလုပ်ပြီးနောက် ဝိညာဉ်အပေါ် သိမ်းယူရန် ကြံစည်နေခြင်း ဖြစ်ချေပြီ။
“ ဟမ့် ... စုရီ ... မင်းနဲ့ငါက တစ်ယောက်တည်းပဲဆိုတာ မှတ်ထားပါ မင်းရဲ့ လမ်းကြောင်းမှာ ချို့ယွင်းချက်မရှိအောင် ငါကူညီပေးချင်ရုံပါ။ ”
ဆဋ္ဌမမြောက်နတ်သံကြိုးက ကျောခိုင်းသွားသောစုရီထံ လှမ်းကြည့်ကာ အော်ဟစ်လိုက်သည်။
“ ငါ့စကားကို နားထောင်ရင် မင်းကို လောကကြီးမှာမကြုံစဖူးတဲ့ အုတ်မြစ်မျိုးရပြီး အင်မော်တယ်တွေကို နှိမ်နင်းနိုင်တဲ့လမ်းကို ငါပေးနိုင်တယ်၊ မင်း ... မလိုချင်ဘူးလား။ ”
ယင်းသည် အလျင်လိုနေမှန်း မြင်သာနေချေပြီ။ ထို့ကြောင့် စုရီမှပြုံးလျက်ဖြင့် လှည့်မကြည့်တော့ဘဲ၊
“ မင်း ငါ့ကို တောင်းပန်မယ်ဆိုရင် ... ငါစဉ်းစားပေးမယ်။ ”
-ဟု ဆိုကာ အသိစိတ်ပင်လယ်အတွင်းက ထွက်ခွာလာခဲ့တော့၏။
***