အခန်း (၁၀၄၉-၁၀၅၀)
Vol. 88 Ch. 1049-1050
အခန်း ၁၀၄၉ -
တိတ်ဆိတ်မှုသည် စကားလုံးများထက် ပို၍ ကျယ်လောင်သည်။
သုံးရက်အကြာတွင် ဟုန်ဖေးကွမ်နှင့် ယှဉ်ပြိုင်ရန် ငါးရက်သာ လိုတော့၏။ ထို့ကြောင့် လီကျုံးရောက်ရှိလာပြီး စုရီကို အင်မော်တယ် တားမြစ်နယ်မြေသို့ ခေါ်ဆောင်သွားသည်။
“ တာအိုစု ... မိုမိသားစုရဲ့ အင်မော်တယ်တစ်ပါးက ဒီတိုက်ပွဲမှာ ပြင်ပ အင်အားစုတွေ ဝင်မစွက်ဖက်ဖို့ သတိပေးထားခဲ့တယ်။ ”
လမ်းခရီးတွင် လီကျုံးက စကားစမြည် ပြောကြားလာသည်။ ဤစကားကြောင့် စုရီမှ မျက်ခုံးပင့်ကာ တိတ်ဆိတ်သွား၏။
သမိုင်းတစ်လျှောက် အင်မော်တယ် တားမြစ်မြေသည် ကြယ်လွင်ပြင်ရှိကြောက်စရာ အကောင်ဆုံးနေရာဖြစ်သည်။
လောကသခင် အတိတ်ဘဝ၌ ထိုနယ်မြေသို့ဝင်ရောက်ခဲ့ဖူး၏။ သို့သော်လည်း သေစေနိုင်သည့် တားမြစ်စွမ်းအားများကြောင့် လှည့်ပြန်ခဲ့ရသည်။
ယခုမူ အခြေအနေများ ပြောင်းလဲသွားပြီဖြစ်၏။ လွန်ခဲ့သော နှစ်ပေါင်း (၂၀)ခန့်က ရှေးခေတ်တာအိုကျင့်ကြံသူများ ပြန်လည်နိုးထလာပြီး ဓမ္မအဆုံးခေတ်က ကျန်ရစ်သော အမွေအနှစ်များလည်း ပြန်လည် ပေါ်ပေါက်လာခဲ့သည်။
ယင်းကြောင့် ယခုအခါတွင် ဤတားမြစ်နယ်မြေကြီးသည် လူများဝင်ထွက် သွားလာနိုင်ပြီး နဂါးတွင်းကဲ့သို့ အန္တရာယ်များ လာတော့၏။
နှစ်ယောက်သား တားမြစ်နယ်မြေသို့ ဝင်ရောက်လိုက်သောအခါ ရှေးဟောင်းရောင်ဝါ အငွေ့အသက်များ၊ ပြင်းထန်သော စည်းမျဉ်းနှင့် သိပ်သည်းသောဝိညာဉ်စွမ်းအင်များကို ခံစားလိုက်ရသည်။
ဤနေရာတွင် စုရီအတွက် နတ်ဝိညာဉ်အဆင့်သို့ တက်လှမ်းနိုင်သည့် အခွင့်အရေးများ ရှိနေချေပြီ။ လီကျုံးက စုရီကို မိုမျိုးနွယ်၏နယ်မြေဖြစ်သော မြစိမ်းတောင်သို့ ခေါ်ဆောင်သွားခဲ့သည်။
လမ်းခရီးတွင် လီကျုံးသည် ဤနယ်မြေအတွင်းရှိ နိုးထလာပြီဖြစ်သော အင်အားစုများအကြောင်း ရှင်းပြပေး၏။
ဂိုဏ်းပေါင်း ရာကျော်ရှိနေသော်လည်း ထိပ်တန်းအဆင့်မှာ ဆယ်ဂဏန်းမျှသာရှိသည်။ ထိုအင်အားစုများတွင် အင်မော်တယ်အဆင့် သေလွန်ဝိညာဉ်များပင် ရှိနေကြ၏။
သို့သော် ထိုသေလွန်ဝိညာဉ်များသည် တားမြစ်နယ်မြေအပြင်ဘက်သို့ ထွက်ခွာနိုင်ခြင်း မရှိကြသေးချေ။
“ စုရီ ဝင်လာပြီ ... ။ ”
“ မြန်မြန် သတင်းပို့ပါ။ ”
“ သူ့ကို လိုက်ကြည့်ထား။ ”
ကောင်းကင်နှင့် မြေကြီးအကြား ပျံသန်းနေကြသော သေလွန်ဝိညာဉ်များစွာက စုရီကို ချက်ချင်းမှတ်မိလာကြပြီး သတင်းများ ဖြန့်ဝေလိုက်တော့သည်။
“ မင်းတို့ သေချင်နေတာလား။ ”
လီကျုံးမှ အေးစက်သောအသွင်ဖြင့် ထိုသူများကိုခြိမ်းခြောက်ရန် စိုက်ကြည့်လိုက် လေသည်။ စုရီမှာမူ လူတိုင်းကို လျစ်လျူရှု ထားချေ၏။
မြစိမ်းနတ်တောင်သို့ ရောက်ရှိသောအခါ မိုချင်းချောင်သည် အရေးပါသော ပုဂ္ဂိုလ်များနှင့် အတူ တောင်တံခါးဝ၌ စောင့်ကြိုနေခဲ့သည်။
သို့မှသာ လိုက်ပါချောင်းမြောင်းနေသော သေလွန်ဝိညာဉ်များသည် ချက်ချင်း ပြန်လှည့် သတင်းပိုကြတော့၏။
မိုချင်းချောင်သည် အမျိုးသားကဲ့သို့ ဝတ်ဆင်ထားသော်လည်း ကြော့ရှင်းလွန်းသော ကောက်ကြောင်းကို ဖုံးကွယ်မရခဲ့ချေ။
“ တာအိုစု... နောက်ဆုံးတော့ မင်းရောက်လာပြီ။ ”
မိုချင်းချောင်က ရှေ့သို့ ချက်ချင်း လှမ်းတက်လာပြီး လှပစွာပြုံးပြနှုတ်ဆက်သည်။ စုရီမှ အနည်းငယ် ခေါင်းညိတ်ပြ၏။
“ စောင့်နေရတာ ကြာသွားပြီထင်တယ်။ ”
“ အဆင်ပြေပါတယ် ငါ့မိုမိသားစုဆီ သွားရအောင်။ ”
များမကြာမီ မိုချင်းချောင်သည် စုရီကိုမိုမိသားစု၏ ကျက်သရေဆောင်ခန်းမ၌ နေရာချပေးတော့၏။
ခန်းမအတွင်း စားသောက်ပွဲတစ်ခု ခင်းကျင်းထားကာ မိုချင်းချောင်သည် စုရီကို သူမမိသားစု၏ အကြီးအကဲများနှင့် မိတ်ဆက်ပေးသည်။
စုရီက စကားအများကြီး မဆိုတော့ဘဲ လူတိုင်းကို ခေါင်းညိတ်ကာ နှုတ်ဆက်လိုက်၏။ မြင်ယုံဖြင့် စုရီ၏သဘောထားမှာ အေးစက်စက် ဖြစ်နေပြီး မိုမိသားစုသာလျှင် အလွန်အမင်း ဖော်ရွေနေကြောင်း မြင်သာသည်။
မိုမိသားစုဟူသည် အင်မော်တယ်မြေမှ ဆင်းသက်လာသော အင်မော်တယ်မိသားစုကြီး ဖြစ်၏။
ပုံမှန်အားဖြင့်ဆိုသော် ဤအကြီးအကဲများသည် အလွန်မာနကြီးပြီး မောက်မာကြသည်ကို လီကျုံးအသိဆုံးပေပင်။ ယခုမူ စုရီရှေ့တွင် သိမ်မွေ့နေကြ၏။
“ ဒီနောက်ကွယ်မှာ အကြောင်းရင်း တစ်ခုခုတော့ရှိရမယ် တာအိုစုရဲ့ကျင့်ကြံမှုတစ်ခု တည်းနဲ့တော့ မိုမိသားစုက ဒီလောက်ထိ နှိမ့်ချမှာ မဟုတ်ဘူး။ ”
ယင်းက လီကျုံးကို အတွေးများစေ၏။ သို့သော် စုရီသည်ထိုအရာများကိုသတိမထားဘဲ မိုချင်းချောင်တည်ခင်းသော ကျောက်စိမ်း စမ်းရေဝိုင်ကို အရသာခံ သောက်သုံးနေခဲ့သည်။
“ ဟားဟားဟား ပြန်လည်ဝင်စားခြင်း စွမ်းအားကိုကိုင်ဆောင်ထားတဲ့ တာအိုစု၊ မင်း ... ငါတို့မိသားစုဆီ ရောက်နေတယ်ဆိုလို့ ... ဖိတ်ကြားမခံရပေမယ့် ငါလာခဲ့ပြီ။ ”
ရုတ်တရက် ခန်းမအပြင်ဘက်မှ ရယ်မောသံတစ်သံ ထွက်ပေါ်လာတော့သည်။ တစ်ဆက်တည်းမှာပင် ဝါဂွမ်းကဲ့သို့ ဖြူနေသော ဆံပင်များနှင့် မုတ်ဆိတ်မွှေးများ ပါရှိနေသည့် အဝါရောင်ဝတ်ရုံဖြင့် အမျိုးသားတစ်ဦး လျှောက်လှမ်းဝင်လာ၏။
“ ဦးလေး ... ။ ”
ခန်းမအတွင်းရှိ အကြီးအကဲများအားလုံး ချက်ချင်းထရပ်ကာ ဂါရဝပြုလိုက်တော့သည်။ မိုချင်းချောင်သာလျှင် မျက်မှောင်ကြုတ်လျက် ရှုပ်ထွေးသောအသွင်ဖြင့်၊
“ ဦးလေး ... မင်းဘာလို့ ဒီကိုရောက်လာတာလဲ။ ”
-ဟု မေးမြန်းလိုက်၏။ လီကျုံးက စုရီအနားသို့ တိုးတိုးလေးကပ်ပြောလာသည်။
“ တာအိုစု သူကမိုယွမ်ရှန်ပဲ မိုမိသားစုရဲ့ ရှေးဟောင်းအကြွင်းအကျန် ပုဂ္ဂိုလ်ကြီးတစ်ဦးပါ အင်မော်တယ်လမ်းကို တက်လှမ်းဖို့ ခြေလှမ်း တစ်လှမ်းပဲလိုတော့တယ် မိန်းကလေးမိုရဲ့ ဦးလေးလည်း ဖြစ်တယ်။ ”
မိုယွမ်ရှန်က မိုချင်းချောင်မေးခွန်းကို ပြန်မဖြေဘဲ စုရီထံစူးစိုက်ကြည့်လျက်၊
“ တကယ့်ကို အရည်အချင်းရှိတဲ့ လူငယ်လေးပဲ ... သူရဲကောင်းဆိုတာလူငယ်တွေ ထဲကနေ လာတယ်ဆိုတာကို ငါယုံပြီ။ ”
-ဟု ဆိုကာ ခွက်ထဲသို့ ဝိုင်များလောင်းငှဲ့ပြီး လေထဲမြှောက်ပြလျက် တစ်ကျိုက်တည်း မော့သောက်ပြလိုက်သည်။
စုရီသည်လည်း ငြင်းဆန်ခြင်းမရှိဘဲ သူ့အတိုင်းခွက်ကိုမြှောက်ကာ သောက်ပြခဲ့၏။ နှစ်ယောက်သား ဝိုင်သုံးခွက်ကို ဤနည်းအတိုင်း ဆင့်သောက်ပြပြီးနောက် မိုယွမ်ရှန်၏ လေသံသည် ပြောင်းလဲသွားတော့သည်။
“ တာအိုစု ... ငါက ပွင့်ပွင့်လင်းလင်း ပြောဆိုတတ်သူမို့ အပြစ်မတင်ပါနဲ့ မင်းငါတို့ မျိုးနွယ်စုရဲ့ကျိန်စာကို ဘယ်တော့ ဖယ်ရှား ပေးမှာလဲဆိုတာ သိပါရစေ။ ”
ခန်းမကြီးတစ်ခုလုံး ရုတ်ချည်း တိတ်ဆိတ်သွား၏။ စုရီမှ မိုချင်းချောင်ထံ လှမ်းကြည့်ကာ၊
“ မိန်းကလေးမိုရဲ့ နွေးထွေးတဲ့ ကြိုဆိုမှုအပေါ် ငါအသိအမှတ်ပြုနိုင်ပါတယ် ဒါကြောင့် ဟောင်ဖေးကွမ်နဲ့ တိုက်ပွဲအပြီးမှာ ဖယ်ရှားပေးမယ်။ ”
-ဟု ပြန်ဖြေသည်။
“ တိုက်ပွဲအပြီးမှလား၊ တာအိုစု ... မင်းက ငါတို့ရဲ့ ဧည့်ဝတ်ကျေပွန်မှုကို မကျေနပ်လို့လား။ ”
သို့သော် မိုယွမ်ရှန်မှ မကျေမနပ် ပြန်မေးသည်။ စုရီက မျက်မှောင်ကြုတ်သွား၏။ ရုတ်ချည်း လေထုမှာ တင်းမာသွားချေပြီ။
“ ဦးလေး ... ။ ”
မိုချင်းချောင်က ဝင်ဖျန်ဖြေရန် ကြိုးစားလိုက်သော်လည်း မိုယွမ်ရှန်မှသူမကို လက်ပြကာ တားဆီးလိုက်၏။
“ ဒီတိုက်ပွဲမှာ ငါတို့မိုမိသားစုက တာဝန်ခံအဖြစ် ဆောင်ရွက်ပေးမယ်မဟုတ်လား ဒီအတွက် မင်းမကျေနပ်ဘူးလား။ ”
ဤတစ်ကြိမ်တွင် စုရီတစ်ယောက် စိတ်ရှည်သည်းခံမှု ကုန်ဆုံးသွားပြီး၊
“ မင်းတို့မိသားစုကို တာဝန်ခံပေးဖို့ ငါတောင်းဆိုခဲ့တာမဟုတ်ဘူး ဟောင်ဖေးကွမ် တောင်းဆိုခဲ့တာပဲ မင်းဆန္ဒရှိရင် သူ့ဆီသွားပါ။ ”
-ဟု ချက်ချင်းတုန့်ပြန်လိုက်၏။ ထိုတုန့်ပြန်မှုသည် မိုယွမ်ရှန်ကို မျက်နှာ တစ်ပြင်လုံး နီရဲသွားစေသည်။
“ တကယ်လို့ ဟောင်ဖေးကွမ်လက်မှာ မင်းသေဆုံးသွားရင် ငါတို့မိသားစုကို ဘယ်သူ ကူညီမှာလဲ တိုက်ပွဲနေ့မှာ အခြေအနေက အရမ်းရှုပ်ထွေးနိုင်တယ် ...
... ငါတို့မိသားစုခွန်အားနဲ့တောင် မင်းကို ကာကွယ်ပေးနိုင်မယ်လို့ အာမခံချက်မပေးဘူး အဲဒီကျရင် မင်းဘာဆက်လုပ်မှာလဲ။ ”
စကားလုံးတိုင်းတွင် ခြိမ်းခြောက်မှုနှင့် ဖိအားများပါဝင်နေ၏။ ခန်းမအတွင်း မည်သူမျှ အသက်မရှူဝံ့ကြတော့ချေ။ စုရီမှ သူ့ဝိုင်ခွက် ပြန်ချလိုက်၏။
“ မင်း ပြောလို့ပြီးပြီလား။ ”
“ ဟမ့် ... စိတ်မဆိုးပါနဲ့ ငါကမျိုးနွယ်စုရဲ့ ကျိန်စာကို အမြန်ဆုံးဖယ်ရှားစေချင်ရုံပါ ဒါဟာ ဒီလူတိုင်းတွေအားလုံးရဲ့ ဆန္ဒလည်းဖြစ်မှာပါ။ ”
မိုယွမ်ရှန်က ခန်းမထဲရှိ လူအများထံ ဝေ့ကြည့်ကာပြောသည်။ လူတိုင်း ခေါင်းငုံ့ပြီး တိတ်ဆိတ်နေတော့၏။
စုရီက ထိုသူများကို လျစ်လျူရှုလျက် မိုချင်းချောင်ထံသို့ကြည့်ပြီး ‘မင်းလည်းအဲဒီလိုပဲ ထင်တာလား၊’ ဟု မေးမြန်းလေသည်။
မိုချင်းချောင်တစ်ယောက် မျက်နှာပျက်ယွင်းသွားကာ တစ်ခုခုပြောရန် ပြင်လိုက်စဉ် မိုယွမ်ရှန်မှဝင်ဟန့်ပြန်၏။
“ သူက ဂျူနီယာတစ်ယောက်ပဲ ငါ့မိုမိသားစုအပေါ် ဘယ်လိုလုပ် ကိုယ်စားပြု နိုင်မှာလဲ။ ”
ထို့ကြောင့် စုရီမှ မိုယွမ်ရှန်ထံ တည့်တည့်စိုက်ကြည့်ကာ၊
“ ကောင်းပြီ သေချာမှတ်ထား ... ငါမင်းတို့မိသားစုကို ဘာအကြွေးမှပေးစရာ မရှိဘူး ဒါကြောင့် ငါမလုပ်ပေးနိုင်ဘူး ...
... ပြီးတော့ ငါ့ကိုကာကွယ်ပေးဖို့လည်း မင်းတို့ဆီမှာ မတောင်းဆိုထားဘူး မင်းထပ်ပြီး စကားပြောဝံ့ရင် ... ငါ့ကိုမယဉ်ကျေးဖူးလို့ အပြစ်မတင်နဲ့။ ”
-ဟုဆိုလျက် ထထွက်သွားရန် ပြင်လိုက်တော့၏။ သို့သော် မိုယွမ်ရှန်မှ သူ့ကို အော်ဟစ်ဟန့်တားလာသည်။
“ ရပ်စမ်း ... ။ ”
စုရီမှ ကျောပေးလျက် အနေအထားဖြင့် မျက်ခုံးပင့်လိုက်၏။ အေးစက်သော ရောင်ဝါမှာ သူ့မျက်ခုံးကြားမှ တိုးထွက်လာချေပြီ။
ခန်းမအတွင်း လေထုသည် ပေါက်ကွဲလုနီးပါး တင်းမာသွားပြီဖြစ်သည်။ မိုချင်းချောင်က ရှေ့သို့ ချက်ချင်းလှမ်းတက်လိုက်ပြီး၊
“ ဦးလေး မလုံလောက်သေးဘူးလား ... ဒီနေ့ဦးလေးအရမ်းလွန်သွားပြီ ... တာအိုစုကို အခု ချက်ချင်းတောင်းပန်လိုက်ပါ။ ”
-ဟု အော်ငေါက်လိုက်၏။
ဤတစ်ကြိမ်တွင် မိုချင်းချောင်သည် လုံးဝအလျော့မပေးတော့ချေ။ မိုယွမ်ရှန်ခမျာ အံ့အားသင့်သွား၏။ လူတိုင်းမျက်ခုံးပင့်ပြီး ချက်ချင်း ခေါင်းငုံ့သွားလေသည်။
မိုချင်းချောင်သည် သူမ၏ဦးလေးကို ပြန်လည်အော်ငေါက်လျက် အပြစ်တင်ဝံ့သည် သာမက တောင်းပန်ခိုင်းနေ၏။
“ ဟမ့် ... မင်း ... မင်း ငါ့ကို တောင်းပန်ခိုင်းနေတာလား ဟားဟားဟား ... ဘယ်သူက မင်းကိုဒီလိုပြောရဲတဲ့သတ္တိမျိုး ပေးလိုက်တာလဲ၊ မို ချင်း ချောင် ... ။”
တစ်ဖက်တွင် မိုယွမ်ရှန်မှာ ဒေါသတကြီး အော်ဟစ်ရယ်မောလိုက်သည်။ လီကျုံးသည်ပင် ချွေးပျံသွားတော့၏။ သို့တိုင်မိုချင်းချောင်သည် အလျော့ပေးရန် ဆန္ဒမရှိခဲ့ချေ။ သူမက စကားပြောရန် ပြင်လိုက်စဉ်။
“ ငါပဲ ... ။ ”
ရုတ်တရက် ခန်းမတောင်အတွင်း ဂုဏ်သိက္ခာရှိပြီး တည်ငြိမ်လှသောအသံတစ်သံ ပဲ့တင်ထပ်လာတော့၏။
ထိုအသံသည် မိုးကြိုးပစ်သကဲ့သို့ အဝေးမှလာပြီး လူတိုင်း၏နှလုံးသားသို့ တုန်ခါ သွားစေသည်။ မိုယွမ်ရှန်တစ်ယောက် မျက်နှာ ချက်ချင်းဖြူဖျော့သွားကာ၊
“ သိုင်းဦးလေး ... ။ ”
-ဟု တိုးတိုးလေး ညည်းတွားလိုက်၏။ ဤသည်ကား မိုမိသားစု၏ ကြွင်းကျန်ရစ်သော ဘိုးဘေးကြီး မိုရှင်းလင်ပေပင်။
“ မင်းအခုထိ ဒူးမထောက်သေးဘူးလား ဟမ့်။ ”
အသံရှင်ထံမှ ဒုတိယအကြိမ် အော်ငေါက်သံထွက်ပေါ်လာ၏။ ဤတစ်ကြိမ်၌ အမှန်ပင် လွှမ်းမိုးနေချေပြီ။
မိုယွမ်ရှန်တစ်ယောက် တုန်လှုပ်စွာဖြင့် အဝေးသို့ပြန်ကြည့်လိုက်သည်။ မိုချင်းချောင်မှ တောင်းပန်ရုံသာဖြစ်ပြီး သိုင်းဦးလေးသည် ဒူးထောက်ခိုင်းနေ၏။
“ သိုင်းဦးလေး ... ဒါက ။ ”
“ မင်း ... မသေချင်ရင် အခုဒူးထောက်ပြီး ပါးစပ်ပိတ်ထား။ ”
ဤတစ်ကြိမ်၌ အသံရှင်သည် သတ်ဖြတ်လိုသော အငွေ့အသက်များသည်ပင် ပါရှိနေရာ မိုယွမ်ရှန်တစ်ယောက် မျက်ရည်များ ဝဲလျက်ဖြင့် ချက်ချင်း ဒူးထောက်လိုက်ရ၏။
ခန်းမတစ်ခုလုံး သေမင်းတမန်မျှ တိတ်ဆိတ်သွားချေပြီ။ စုရီကစကားတစ်ခွန်းမျှ မဆိုခဲ့ဘဲ အေးစက်စွာဖြင့် မိုယွမ်ရှန်းထံ စိုက်ကြည့်နေ၏။
ဤသို့သောတိတ်ဆိတ်မှုသည် မည်သည့် စကားလုံးများထက်မဆို ပိုမိုကျယ်လောင်လှပြီး ဖိအားပေးနိုင်ချေသည်။
***
အခန်း ၁၀၅၀ -
တိုက်ပွဲ (၁) ... ။
မိုယွမ်ရှန်တစ်ယောက် မျက်နှာ ဖြူဖျော့နေပြီး ရှက်ဒေါသများလွှမ်းမိုးလာသည်။ ထိုနေရာရှိ လူတိုင်းသည်လည်းတုန်လှုပ်နေပြီး အသက်အောင့်ထားကြ၏။ ဤသည်မှာ လုံးဝကို မမျှော်လင့်ထားသော အလှည့်အပြောင်းပေပင်။
မိုယွမ်ရှန်၏ အဆင့်အတန်းသည် မိသားစုအတွင်း အလွန်မြင့်မားလှပြီး ယနေ့ပွဲသို့ တက်ရောက်လာသူများသည်ပင် သူ့ထက် များစွာငယ်ရွယ်ကြ၏။
ထိုကဲ့သို့သော လူသည် ကြမ်းပြင်၌ ဒူးထောက်နေသည့်အပေါ် သူတို့မှာရပ်မကြည့် ဝံ့တော့သည်မှာ သဘာဝပေပင်။
ချက်ချင်း လူအုပ်ကြီးသည် မတ်တပ်ထရပ်လျက် ယောင်ပေပေဖြစ်ကုန်၏။ စုရီကဲ့သို့ အပြင်လူအတွက်နှင့် မိုယွမ်ရှန်ကို ရက်စက်စွာ ဒူးထောက်ခိုင်းလိမ့်မည်ဟု မည်သူမျှ မထင်မှတ်ထားခဲ့ကြချေ။
ထိုအမိန့်သည် ပြင်းထန်လွန်းလှ၏။ လီကျုံးမှာမူ ရင်ဘတ်ထဲ တဒိတ်ဒိတ်ခုန်နေပြီး အာခေါင်များ ခြောက်ကပ်လာသည်။
“ ဒီတာအိုစုမှာ ... ငါမသိနိုင်တဲ့ လျှို့ဝှက်ချက်တစ်ခုခုတော့ရှိရမယ် မဟုတ်ရင် အင်မော်တယ်တစ်ပါးက တာအိုစုအပေါ် ဘာလို့ ဒီလောက်အထိ မျက်နှာသာပေးနေရမှာလဲ။ ”
လီကျုံးတစ်ယောက် တစ်ကိုယ်တည်း ရေရွတ်နေလိုက်သည်။ မိုချင်းချောင်သာလျှင် စိတ်သက်သာရာရသွားတော့၏။
ဘိုးဘေးမိုရှင်းလင်း အဘယ်ကြောင့် ဤမျှ ဒေါသထွက်နေရသည်ကို သူမတစ်ဦးတည်းသာ သိရှိထားချေပြီ။
ဤစုရီသည် မိုမိသားစုအနေဖြင့် အမှန်တကယ် မစော်ကားဝံ့သော ပုဂ္ဂိုလ်ထူး ဖြစ်ချေ၏။
“ တာအိုစု ... ငါတို့မိုမျိုးနွယ်က အဖိုးကြီးအချို့က အသက်ကြီးပြီးမိုက်မဲပါတယ် မင်းဒါကိုခွင့်လွှတ်ပေးဖို့ မျှော်လင့်ပါတယ်။ ”
ရုတ်တရက် မိုရှင်းလင်း၏ အသံမှာ ထပ်မံထွက်ပေါ်လာသည်။ ဤတစ်ကြိမ်တွင် တောင်းပန်တိုးလျှိုးမှုများ ရောယှက်နေ၏။
စုရီမှ တုန်ပြန်ခြင်း မရှိချေ။ လူတိုင်း ချွေးစေးများကြမ်းပြင်ပေါ် ကျဆင်းကုန်သည်။ မိုယွမ်ရှန်မှာမူ ဆိုဖွယ်မရှိ ခေါင်းငိုက်စိုက် ချထားတော့၏။
“ လက်ရှိအချိန်မှာ ဒီအဖိုးကြီးက မိုမိသားစုဘိုးဘေးမြေကနေ ထွက်မရသေးပါဘူး မဟုတ်ရင် ငါကိုယ်တိုင် တာအိုစုရှေ့ကို လာရောက် တောင်းပန်မိမှာပါ။ ”
လူတိုင်း မျက်လုံးပြူးကုန်၏။ သိုင်းဘိုးဘေးသည်ပင် လူကိုယ်တိုင်ကိုယ်ကျ တောင်းပန်လိုသည်လော။ ဤစုရီသည် မည်သူနည်း။
ကြမ်းပြင်တွင် ဒူးထောက်နေသော မိုယွမ်ရှန်က တစ်ခုခုမှားနေကြောင်း ချက်ချင်း ခံစားလိုက်ရလေသည်။
သိုင်းဦးလေးမိုရှင်းလင်း၏ အဆင့်အတန်းအရ ဤမျှအထိလိုက်လျောရန် မလိုအပ်ဟု ယုံကြည်သည်။ ဆိုလိုသည်မှာ ဤလူငယ်သည် ထူးခြားနေ၏။
စုရီက မိုရှင်းလင်း စကားကြောင့် ခေတ္တမျှ စဉ်းစားလိုက်ပြီး၊
“ အသေးအဖွဲကိစ္စမို့ စိတ်ထဲမထားပါဘူး။ ”
-ဟု တုန့်ပြန်တော့၏။
“ ဟားဟားဟား ... ဒါဆိုရင်တော့ အကောင်းဆုံးပေါ့ ချင်းချောင် တာအိုစုအတွက် မင်းပဲတာဝန် ယူနေရာချပေးလိုက်ပါ။ ”
မိုရှင်းလင်က စိတ်သက်သာရာသွားပြီး ရွှင်မြူးစွာဖြင့်အမိန့်ပေးသည်။ မိုချင်းချောင်မှ ခေါင်းညိတ်လျက် ရှေ့သို့တိုးလာကာ၊
“ တာအိုစု ... မင်းအနားယူဖို့ နေရာစီစဉ်ပေးထားပါတယ် ... ဟုန်ဖေးကွမ်နဲ့ တိုက်ပွဲမစခင် အေးအေးဆေးဆေး ကျင့်ကြံနိုင်ပါတယ် ဘယ်သူမှ မနှောင့်ယှက် စေရဘူးလို့ အာမခံပါတယ်။ ”
-ဟု ဆိုလိုက်တော့သည်။
စုရီက ခေါင်းငြိမ့်ပြပြီးနောက် မိုချင်းချောင်နောက်ထံပါးသို့ လိုက်ပါသွားကာ ခန်းမထဲမှပျောက်ကွယ်သွား၏။ သူတို့နှစ်ဦး ပျောက်ကွယ်သွားမှသာ လူတိုင်းသက်ပြင်း ချနိုင်ကြတော့သည်။
သို့သော် လူတိုင်း၏ စိတ်ထဲတွင် သိုင်းဘိုးဘေးရှင်းလင်းသည် အဘယ်ကြောင့် ဤမျှလိုက်လျောနေရသည်ကို နားမလည် နိုင်အောင် ဖြစ်နေကြသေး၏။
“ ဒီနေ့ကိစ္စတွေကို ဘယ်သူမှ ပေါက်ကြားအောင် မလုပ်နဲ့ ... လူမိုက်ယွမ်ရှန် အခုငါ့ဆီလာတွေ့ပါ ။ ”
မိုရှင်းလင်းက လူတိုင်းထံသတိပေးလျက် မိုယွမ်ရှန်ကို ခေါ်ဆောင်သွားသည်။ ထိုအချိန်၌ စုရီသည် မြစိမ်းတောင်တစ်နေရာရှိ ရိုးရှင်းသော တဲအိမ်လေးတွင် နေရာချပေးမှုကို လက်ခံလိုက်ရသည်။
“ တာအိုစု ဒီနေရာကို သဘောကျရဲ့လား။ ”
မိုချင်းချောင်မှ ချိုသာစွာ မေးမြန်းလိုက်သည်။ စုရီမှဝိုင်တစ်ငုံသောက်ကာ ကုလားထိုင်ထုတ်ယူပြီး ထိုင်ချလိုက်၏။
“ ငါ နည်းနည်းတော့ နားမလည် ဖြစ်နေမိတယ် မင်းရဲ့မိုမိသားစုအုတ်မြစ်နဲ့ဆိုရင် ငါ့ကို ဒီလောက်အထိ ဆက်ဆံနေစရာမလိုဘူး အကြောင်းရင်းကို သိခွင့်ရှိမလား။ ”
ထိုမေးခွန်းကြောင့် မိုချင်းချောင်က ပြုံးလျက်ဖြင့် မည်သည့်အရာကိုမျှ ဖုံးကွယ် မထားဘဲ ပြန်ဖြေပေးလာသည်။
“ ဒါက သိုင်းဦးလေးရှင်းလင်းရဲ့ အမိန့်ပါ သူက မိန်းကလေးဟုန် နောက်ခံနဲ့ပတ်သက်တဲ့ အကြောင်းအရာအချို့ကို သိထားတယ်။ ”
“ စစ်မှန်တဲ့ လူသား ဟုန်ယွင်လား။ ”
စုရီမှ မျက်ခုံးပင့်ကာ မေးမြန်းလိုက်သည်။
“ မှန်ပါတယ် ... ။ ”
မိုချင်းချောင်က သက်ပြင်းတစ်ချက်ချလျက်၊
“ အရင်ကတော့ ငါလည်း မိန်းကလေးဟုန်ယွင်ဟာ ငါတို့လိုပဲ ကပ်ဘေး ရှောင်လာတဲ့ အင်မော်တယ်လို့ထင်ခဲ့တာ ...
... ဒါပေမဲ့ သိုင်းဦးလေးကြောင့် သူမရဲ့အဆင့်အတန်းဟာ ငါတို့လက်လှမ်း မမီနိုင်တဲ့အထိ မြင့်မားနေတယ်ဆိုတာ သိခွင့်ရလိုက်တယ် ...
... ငါတို့ရဲ့တည်ထောင်သူ ဘိုးဘေးကြီးတောင် သူမနဲ့နှိုင်းယှဉ်ဖို့ အများကြီး ခက်ခဲနေပါသေးတယ်။ ”
-ဟု ဝန်ခံလိုက်သည်။
ဗဟိုရုံးတော်၏ မက်မွန်သီးပွဲတော်သို့ ဖိတ်ကြားခံရသူများသည် သာမန်ပုဂ္ဂိုလ်ကြီးများ မဖြစ်နိုင်သည်မှာ သဘာဝပေပင်။
တစ်ဖက်တွင် စုရီသည်လည်း စစ်မှန်သောလူသားဟုန်ယွင်၏ နောက်ခံသည် သူ ထင်ထားသည်ထက် ပို၍နက်နဲကြောင်း သဘောပေါက်သွား၏။
“ ဒါနဲ့ ... တာအိုစုနဲ့ မိန်ကလေးဟုန်ယွင်တို့ကြား ပတ်သက်မှုက ဘယ်လိုမျိုးလဲ။ ”
မိုချင်းချောင်က စိတ်ဝင်တစား စူးစမ်းလာ၏။ စုရီမှ ပြုံးလိုက်သည်။
“ ငါတို့ နှစ်ကြိမ်ပဲ တွေ့ဖူးတာပါ။ ”
“ နှစ်ကြိမ်တည်းလား ... ။ ”
စုရီအဖြေကြောင့် မိုချင်းချောင်ခမျာ မျက်လုံးပြူးကျယ်သွားလေသည်။ မည်သူသည် ထိုမျှဖြင့် အင်မော်တယ်ဝိုင်ကိုကိုယ်တိုင်ပင် လာရောက်ပေးအပ်လာမည်နည်း။
သို့သော် စုရီစကားနောက်တွင် မပြောလိုသော လျှို့ဝှက်ချက်များရှိနေမည်ဟု တွက်ဆကာ ဆက်မမေးတော့ချေ။
ထိုညမှာပင် စုရီက အပ်ချုပ်သမား၏ တည်နေရာကို ကူညီရှာဖွေပေးရန် တောင်းဆို လိုက်သည်။ မိုချင်းချောင်မှ ချက်ချင်း သဘောတူခဲ့၏။
ထို့ညဉ့်မှာပင် စုရီရောက်ရှိနေသည့် သတင်းသည် အင်မော်တယ်တားမြစ်မြေအနှံ့သို့ တောမီးပမာပျံ့နှံ့သွားလေသည်။
အင်အားစု အသီးသီးသည် စုရီအပေါ် အမုန်းတရားများစွာရှိသဖြင့် လှုပ်လှုပ်ရှားရှား ဖြစ်ကုန်ကြ၏။
သို့သော် ဟုန်ဖေးကွမ်၏ ပြင်းထန်သော သတိပေးချက်ကြောင့် မည်သူမျှ ကြားဖြတ်ပြီး တိုက်ခိုက်ဝံ့ခြင်း မရှိချေ။
တစ်ဖက်တွင် အပြင်လောကကြီး၌ မုန်တိုင်းတစ်စင်း အစပျိုးနေသော်ငြားလည်း စုရီမှာမူ သူနှင့်မသက်ဆိုင်သကဲ့သို့ နှစ်ခြိုက်စွာ အိပ်မောကျနေတော့၏။
ဤလောကကြီးတွင် ကောင်းမွန်သော အရက်တစ်ခွက်ထက် ပို၍အရေးကြီးသည့်အရာ မရှိတော့သည့်အလားပေပင်။
***
ယနေ့သည် စုရီနှင့် ဟောင်ဖေးကွမ်တို့ ချိန်းဆိုထားသောနေ့ပေပင်။ စုရီသည် မိုမိသားစု ခြံရံလျက် ချိန်ဆိုထားသော နတ်တောင်သို့ ရောက်ရှိလာသည်။
မိုမျိုးနွယ်စု၏ အင်အားသည် အထင်သေး၍မရလောက်အောင် တောင့်တင်း လှပေရာ ၎င်းတို့ရောက်ရှိလာခြင်းဖြင့် လေထုကို လှုပ်ခတ်သွားစေတော့သည်။
ယနေ့တွင် မိုချင်းချောင်နှင့် မိုယွမ်ရှန်တို့အပြင်၊ တိမ်ပေါ်ပျံသန်းခြင်းအဆင့် လူအိုကြီးဆယ်ဂဏန်းကျော် လိုက်ပါလာ၏။
တစ်ဦးချင်းစီမှ ထွက်ပေါ်နေသော အရှိန်အဝါများသည် ကြောက်မက်ဖွယ်လေးလံ လွန်းချေပြီ။
ဤသည်မှာ အင်မော်တယ်မျိုးနွယ်စု တစ်ခု၏အုတ်မြစ်ကြီးပေပင်။ အင်မော်တယ် တားမြစ်နယ်မြေအတွင်း၌ပင် မိုမိသားစုသည် အသန်မာဆုံး စာရင်းဝင်ပေသည်။
ထိုသို့သောမျိုးနွယ်စုဝင်များက စုရီကို ဝန်းရံစောင့်ကြပ်လာနေသည်ကို မြင်သောအခါ ကြိုတင်ရောက်ရှိနေသူ အပေါင်းတို့သည် မျက်နှာများ အရောင်ပြောင်းသွား၏။
“ နတ်သမီးမို ... မင်းရဲ့ မိုမျိုးနွယ်က ဒီစုရီအပေါ်အကာအကွယ်ပေးဖို့ တကယ်ပဲ ရည်ရွယ်နေတာလား။ ”
ရုတ်တရက် အဝေးဆီမှ ကြည်လင်ပြတ်သားသော မေးမြန်းသံတစ်သံ ထွက်ပေါ်လာ၏။ စုရီက လှည့်ကြည့်သည်။ ဝတ်ရုံစတလှုပ်လှုပ်ဖြင့် ဖူတာ့လီဖြစ်၏။
ခန့်ညားထည်ဝါသော အသွင်အပြင်ဖြင့် အကြီးအကဲများခြံရံကာ လေထုအလယ်တွင် ရပ်နေသည်။ ထိုစဉ်က စစ်မှန်သော လူသား ဟုန်ယွင်ကြောင့် နောက်ဆုတ်သွားသူဖြစ်၏။
သူမေးခွန်းကြောင့် လေထုတစ်ခုလုံး တိတ်ဆိတ်သွားပြီး လူအပေါင်း၏အကြည့်များ မိုမျိုးနွယ်စုထံရောက်ရှိသွားသည်။
“ ဟားဟားဟား ငါ့မိုမျိုးနွယ်က တာအိုစုကို အကာအကွယ်ပေးဖို့ ဟုတ်လား ... ။ ”
မိုချင်းချောင်က ရယ်မောလိုက်ပြီး၊
“ မှားတယ် မဟုတ်ဘူး၊ ငါတို့က တာအိုစုကို လိုက်ပို့ပေးရုံ သက်သက်ပါပဲ။ ”
-ဟု ပြန်ဖြေ၏။
“ ဟမ့် ... ဒါဆိုရင် ဒီအဖိုးကြီးလည်း မေးပါရစေ အဲဒီလိုက်ပို့ပေးတယ်ဆိုတာ ဘာကို ဆိုလိုချင်တာလဲ။ ”
ရုတ်တရက် အင်မော်တယ်ဓားခန်းမ ဂိုဏ်းချုပ် ဟွားချင်းဟိုင်မှ ဝင်ရောက်မေးမြန်း လာတော့၏။ သူနောက်၌ တိမ်ပေါ်ပျံသန်းခြင်း အဆင့် အဖိုးအိုတစ်စုရှိနေသည်။
ဤတစ်ကြိမ်၌ မိုချင်းချောင်ကိုယ်စား မိုယွမ်ရှန်းသည် ရှေ့လှမ်းတက်ကာ အေးစက်စွာ ပြန်ဖြေလိုက်တော့၏။
“ ဆိုလိုတာက မင်းတို့ရဲ့ အင်မော်တယ် ဓားခန်းမက ဒီကိစ္စထဲ ဝင်ရှုပ်ဝံ့ရင် မိုမျိုးနွယ်ရဲ့ ရန်သူဖြစ်သွားမယ်ဆိုတဲ့ အဓိပ္ပါယ်ပဲ ... ။ ”
သူ့စကားကြောင့် ဟွားချင်းဟိုင်၏ မျက်နှာမှာ ချက်ချင်းဆိုသလို မည်းမှောင်သွား တော့၏။
“ ဟမ့် ... မိုမျိုးနွယ်စုက ဝင်စားခြင်း လျှို့ဝှက်ချက်ကို တစ်ဦးတည်း လက်ဝါးကြီး အုပ်ချင်နေကြတာလား။ ”
အင်မော်တယ်ဓားခန်းမဘက်မှ အခြားသောအဖိုးအိုတစ်ဦးက မျက်မှောင်ကြုတ် မေးမြန်းလာ၏။ တစ်ဆက်တည်းမှာပင်၊
“ ဒီလိုဆိုရင်တော့ ငါတို့ အင်မော်တယ်ဓားခန်းမက ဘယ်လိုနည်းနဲ့မှ သဘောမတူနိုင်ဘူး။ ”
-ဟုဆိုကာ သတ်ဖြတ်လိုသော အငွေ့အသက်များ ထုတ်ဖော်ပြသလာသည်။
သူ့အမည်မှာ ရှဲ့ဝင်လျိုဖြစ်ပြီး တိမ်ပေါ်ပျံသန်းခြင်း အလယ်အလတ်အဆင့်သို့ ရောက်ရှိနေသော ရုပ်ကြွင်းကြီးတစ်ပါးဖြစ်၏။
ရှေးခေတ်ကာလတည်းက သူ၏ ဂုဏ်သတင်းသည် တောင်ဖြိုမိစ္ဆာဘုရင် လီကျုံး ထက် လုံးဝမနိမ့်ချေ။ လေထုမှာ ချက်ချင်းပင် ဖိအားများဖြင့် လေးလံသွားလေသည်။
အဝေးမှ လာရောက်ကြည့်ရှုရန် ရောက်ရှိနေသူများသည်ပင် အသက်ရှူရ ခက်ခဲ လာကြတော့၏။
တိုက်ပွဲပင် မစရသေးသော်လည်း တင်းမာမှုသည် အထွတ်အထိပ်သို့ ရောက်နေပြီ ဖြစ်သည်။ အခြားသော ထိပ်တန်းအင်အားစုများ သည်လည်း တစ်ဖွဲ့ပြီးတစ်ဖွဲ့ ရှေ့သို့ လှမ်းတက် လိုက်ကာ မိုမိသားစုကို ဝိုင်းရံလာကုန်၏။
“ အဖိုးကြီးမို ... မင်းပတ်ဝန်းကျင်ကို တစ်ချက်ကြည့်လိုက်စမ်း ဒီမှာရှိတဲ့လူတွေထဲမှာ ကျိန်စာမိနေတဲ့ သေလွန်ဝိညာဉ်မဟုတ်တဲ့ သူ ဘယ်သူများရှိလို့လဲ ...
... မင်းရဲ့ မိုမျိုးနွယ်ကသာ ဝင်စားခြင်းဥပဒေကို တစ်ဦးတည်း သိမ်းပိုက်ဖို့ ကြိုးစားလာမယ်ဆိုရင် ...
... ငါတို့ လျှို့ဝှက် ကောင်းကင် အင်မော်တယ်ဂိုဏ်းကလည်း သဘောမတူသလို သူတို့လည်း လက်ခံမှာမဟုတ်ဘူး။ ”
ရုတ်တရက် လျှို့ဝှက်ကောင်းကင် အင်မော်တယ်ဂိုဏ်း၏ ဂိုဏ်းချုပ်လီနန်ယဲ့က အေးစက်စွာပြောကြားလာသည်။
“ မှန်တယ် ... မိုမျိုးနွယ်စုက ဒီတိုက်ပွဲကို တရားမျှတအောင် လုပ်ဆောင်ပေးမယ်ဆိုရင် လက်ခံမယ် ဒါပေမဲ့ ...
... ဝင်စားခြင်းဥပဒေကို မင်းတို့မိသားစုတစ်ခုတည်း လက်ဝါးကြီးအုပ် ချင်ရင်တော့ အိမ်မက်မက်မနေနဲ့။ ”
တောင်ပိုင်းမီးတောက် မြင့်မြတ်မြေမှ အဖိုးအိုတစ်ဦးမှ ဒေါသတကြီးဖြင့် ခြိမ်းခြောက် ပြောကြားလာပြန်၏။ သူတို့သည် စုရီကို လူသေ တစ်ယောက်ကဲ့သို့ မှတ်ယူထားချေပြီ။
မိုချင်းချောင်နှင့် မိုယွမ်ရှန်းတို့မှာ ကြီးမားသောဖိအားကို ခံစားလာရတော့၏။ အခြေအနေသည် သူတို့ ခန့်မှန်းထားသည်ထက် ပိုမိုပြင်းထန်နေပြီး အခြားသောအင်အားစုများ အားလုံးသည် ကြိုတင်ညှိနှိုင်းထားသကဲ့သို့ သူတို့ထံ ပစ်မှတ်ထားလာသည်။
စုရီမှာမူ အစမှအဆုံး ငြိမ်သက်စွာ စောင့်ကြည့်နေခဲ့၏။ မည်သူသည် ရန်သူဖြစ်ပြီး မည်သူသည် မိတ်ဆွေဖြစ်မည်ကို မှတ်သားနေပုံ ပေပင်။ သူ့မျက်နှာမှာ တည်ငြိမ်လွန်းပြီး အံ့သြတုန်လှုပ်ခြင်း အလျဉ်းပင်းနေ၏။
“ ပြောပါ ... မိုမျိုးနွယ်စုက ဘယ်လိုဆုံးဖြတ်မလဲ ... မြန်မြန်အဖြေပေးပါ။ ”
ဖူတာ့လီမှ အော်ဟစ်လိုက်၏။ ပတ်ဝန်းကျင်တစ်ခုလုံး တိတ်ဆိတ်သွားပြီး လူတိုင်း မိုမျိုးနွယ်စုထံ စိုက်ကြည့်လာခဲ့သည်။
***