အခန်း (၁၀၅၃-၁၀၅၄)
Vol. 88 Ch. 1053-1054
အခန်း ၁၀၅၃ –
ငါတို့ အတူတူတိုက်ရအောင် ... ။
အင်မော်တယ်မျိုးရိုးမှ တိုက်ရိုက်ဆင်းသက်လာသော မျိုးဆက်သစ် ပါရမီရှင် ဟုန်ဖေးကွမ်သည် ဤနည်းဖြင့် သေဆုံးသွားရချေပြီ။
လောကတစ်ခုလုံး တိတ်ဆိတ်ခြောက်ကပ်သွား၏။ အပ်ကျသံပင် ကြားရလောက်အောင် အသက်မဲ့လွန်းသည်။
သို့သော် သူသည် တိုက်ပွဲတွင် သေဆုံးခဲ့ခြင်းမဟုတ်ဘဲ မိမိမျိုးနွယ်စုလက်ထဲ သေဆုံးသွားခဲ့ရခြင်းဖြစ်၏။ မျိုးနွယ်စုအတွက် သမိုင်းတလျှောက် ကြီးစွာသော နောင်တရ ပေတော့မည်။
ဤရလဒ်သည် လူတိုင်းအပေါ် မှင်သပ်သွားစေ၏။ ဟုန်ဖေးကွမ်းကဲ့သို့သော ပါရမီရှင်သည် ဂုဏ်သိက္ခာကို သူ့အသက်ထက် ပိုတန်ဖိုးထားခဲ့ချေပြီ။
“ နှမြောစရာပဲ ... ။ ”
မိုယွမ်ရှန်မှ သက်ပြင်းချလိုက်၏။ မိုချင်းချောင်သည်ပင် မျက်ဝန်းများ၌ ရှုပ်ထွေးမှုများ ဖြစ်ပေါ်သည်။
သူမ ထင်ထားခဲ့သည့်အတိုင်း ဟောင်ဖေးကွမ်သည် သူ့ဟောင်မိသားစုအပေါ် လွှမ်းမိုးနိုင်စွမ်းမရှိချေ။ သူ့ယုံကြည်ချက်ကို သေခြင်းဖြင့်သာ သက်သေပြသွားရ၏။
“ ဖေးကွမ် ... ။ ”
ဟောင်ကျိုးကျန့်တစ်ယောက် နာကျင်စွာ အော်ဟစ်လိုက်လေသည်။ သူ့ မျက်ဝန်းများ၌ ဒေါသကြောင့် သွေးရောင်လွှမ်းလာခဲ့၏။
ဤဟုန်ဖေးကွမ်သည် မျိုးနွယ်စု၏ အနာဂတ်ခေါင်းဆောင်အဖြစ် သတ်မှတ်ခြင်း ခံထားရသူပေပင်။ ယင်းသို့ သေဆုံးခြင်းအပေါ် လက်ခံနိုင်စရာ အကြောင်းမရှိချေ။
“ ဟမ့် ... ဖေးကွမ်းက မင်းကြောင့်သေခဲ့ရတာပဲ မင်းကို သူ့အတွက် ငါ လက်စားချေမယ် ... သူ့ကိုသတ်။ ”
ဟောင်ကျိုးကျိမှ အော်ဟစ်လိုက်သည်။ လေထုထဲတွင်ရပ်နေသည့် အင်မော်တယ်ဆန္ဒ ဝိညာဉ်က အေးစက်စွာဖြင့် လှုပ်ရှားလာ၏။
“ ဒီမျိုးမစစ်လေး အမှုန့်ချေပစ်ပါ။ ”
ဟောင်ကျိုးကျန့်ခမျာ လုံးဝ ရူးသွပ်သွားချေပြီ။ ဒေါသဖြင့်ဟိန်းဟောက်ကာ ဆန္ဒဝိညာဉ်နှင့်အတူ ခုန်ဝင်လာ၏။
“ ဟုန်ဖေးကွမ်နဲ့ နှိုင်းယှဉ်ရင် ... မင်းလိုအဖိုးကြီးက တကယ့် သေလိုက်သင့်ပြီ စိတ်ပျက်စရာပဲ။ ”
စုရီမှ လှောင်ပြုံးဖြင့် မှတ်ချက်ပေးသည်။ အင်မော်တယ်ဆန္ဒဝိညာဉ်မှ ဟင်းလင်းပြင်ကို နင်းလျှောက်ကာ သူ့ထံသို့ လက်သီးဖြင့် ထိုးနှက်လာပြီဖြစ်၏။
ထိုလက်သီးချက်တွင် နတ်ဝိညာဉ် အဆင့်ထက်ကျော်လွန်သော ပေါက်ကွဲစွမ်းအား ပါဝင်နေသဖြင့် ဟင်းလင်းပြင်တစ်ခုလုံး အစိတ်စိတ်အမြွှာမြွှာပြိုကျသွားသည်။
“ အသက်ဝင် ... ။ ”
စုရီက ချက်ချင်းပင် ကောင်းကင်ဆန္ဒ တေးမီးဖိုကိုထုတ်ယူလျက် ကာကွယ်လိုက်ရ၏။ ကြေးဝါမီးဖိုထံမှ ခရမ်းရောင် နတ်အလင်းများ ထွက်ပေါ်လာပြီး ထိုလက်သီးချက်ကို ချေမှုန်းပစ်လိုက်လေသည်။
“ ဝုန်း ... ။”
သို့သော် အကျိုးဆက်အနေဖြင့် ပြင်းထန်သောစွမ်းအားကြောင့် စုရီမှနောက်သို့ ခြေလှမ်းအနည်းငယ် ဆုတ်ခွာလိုက်ရ၏။
“ ဘယ်လို ရတနာကြီးလဲ။ ”
ပေ(၃၀)ခန့် ကြီးထွားလာသော သံချေးတက်နေသည့် သုံးချောင်းထောက်မီးဖိုထံ မော့ကြည့်လျက် လူတိုင်းမျက်ခုံးပင့်သွားသည်။
ဤသည်မှာ အင်မော်တယ် ဆန္ဒဝိညာဉ်တစ်ပါး၏ လက်သီးချက်ကိုပင် ခံယူနိုင်၏။ သေချာပေါက် ရတနာဖြစ်ရပေမည်။ လူအများ၏ မျက်ဝန်းများတွင် ရတနာအပေါ် လောဘဇောများ တောက်လောင်လာခဲ့၏။
“ ဟမ့် ... ဓမ္မအဆုံးခေတ်က နတ်ဘုရားရတနာလား ... ဒီလိုရတနာမျိုးက မင်းလက်ထဲမှာရှိနေတာ နှမြောစရာပဲ။ ”
အင်မော်တယ် ဆန္ဒဝိညာဉ်က လေထုအလယ်ရှိ ဆေးကြိုအိုးထံ စိုက်ကြည့်ကာ ထပ်မံတိုက်ခိုက်လာခဲ့သည်။ ဤတစ်ကြိမ်တွင် သူ့ လက်ဝါးကြီးသည် ကြေးဝါမီးဖိုလေးကို သိမ်းပိုက်ရန် ကြံရွယ်ထား၏။
“ ရွှီး ... ။”
သို့သော် ကြေးဝါမီးဖိုသည် လှောင်ပြောင်နေသည့်အလား စူးရှသော မြည်သံများပေးလျက် ရှောင်တိမ်းသွားသည်။
“ သူ့ကို သတ် ... ။ ”
“ မလွတ်စေနဲ့ ... ။ ”
တစ်ဖက်တွင် ဟောင်ကျိုးကျန့်နှင့် အခြားသောအဖိုးကြီး (၁၀)ဦးတို့သည် စုရီထံ ဝိုင်းရံတိုက်ခိုက်လာကြတော့၏။
သူတို့သည် စုရီ၏အစွမ်းကို သိရှိထားသောကြောင့် မည်သည့်ထိန်ချုပ်မှုမျှ မထားတော့ဘဲ အစွမ်းကုန် တိုက်ခိုက်လိုက်ခြင်း ဖြစ်ချေသည်။
“ ဘန်း ... ဘန်း ... ။ ”
ကြေးဝါဆေးမီးဖိုမှ ခရမ်းရောင်အလင်းများ တောက်ပလျက် အင်မော်တယ်ဆန္ဒဝိညာဉ်ထံမှ စုရီကိုကာကွယ်ပေးတော့၏။
“ ကလန် ... ကလန် ... ။ ”
ထို့ကြောင့် စုရီသည် ထိုအလင်းလွှာ အောက်တွင် ဓားဆွဲကာ ဟောင်ကျိုးကျန့်တို့ထံ ရင်ဆိုင်လိုက်ရသည်။
“ ဝုန်း ... ။ ”
သည့်နောက်တွင် ပြင်းထန်သော တိုက်ပွဲကြီးသည် လေထုအလယ်ဖြစ်ပွားလာ၏။ အဝေးမှရပ်ကြည့်နေသူများပင် ပြင်းထန် လွန်းလှသဖြင့် တုန်လှုပ်ကုန်သည်။
ဟောင်မျိုးနွယ်သည် အမှန်ပင် ရူးသွပ်သွားပြီဖြစ်၏။ တစ်ဖက်တွင် စုရီသည် အင်မော်တယ်ဆန္ဒဝိညာဉ်နှင့် သေလွန်ဝိညာည် (၁၀)ဦးကျော်လက်တွင် အချိန်မရွေး ပျက်သုဉ်းလုနီးပါးဖြစ်နေသည်။
“ ဟားဟားဟား ... မိုမျိုးနွယ်က ဒီကိစ္စထဲ ဝင်မပါရဲတော့ဘူး ထင်တယ် ... ။ ”
“ ဒါက သဘာဝပဲလေ မိုမိသားစုသာ တိုက်ပွဲထဲဝင်လိုက်ရင် အားလုံးရဲ့ ဘုံရန်သူ ဖြစ်လာနိုင်မယ် မဟုတ်လား။ ”
လူအချို့က ဝင်ရောက်စွက်ဖက်ခြင်း မပြုဝံ့သောမိုမျိုးရိုးအပေါ် လှောင်ပြောင်ဝေဖန် လာခဲ့ကြ၏။ မိုချင်းချောင်မှ အံကြိတ်လျက် တိုက်ပွဲထံ ဂရုတစိုက်ကြည့်နေသည်။
စုရီ၏ မှာကြားချက်သည်သာ မရှိသော် သူမတို့သည် တိုက်ပွဲအတွင်းသို့ ဝင်စွက်ဖက်ပြီး ဖြစ်နေပေမည်။ ဟောင်မျိုးရိုးသည် အမှန်ပင် အရှက်မဲ့လွန်းချေ၏။
“ ကလန်... ကလန် ... ။ ”
“ ဝုန်း ... ။ ”
“ ဝေါ့ ... ။ ”
ထိုစဉ် ကြေးဝါဆေးမီးဖိုကြီးသည် အင်မော်တယ်ဆန္ဒဝိညာဉ်၏ ပြင်းထန်လှသော လက်သီးကြောင့် တုန်ခါသွားပြီး စုရီသည်လည်း သွေးတစ်ချက် အန်သွားရ၏။
ဟောင်မိသားစုဝင် အဖိုးကြီးများမှာ ထိုအခွင့်အရေးကိုအရယူကာ စုရီထံချက်ချင်း ဝိုင်းရံလိုက်ကြတော့သည်။
“ သေကြစမ်း ... ။ ”
သို့သော် ထိုစဉ်မှာပင် စုရီသည် အေးစက်သောမျက်ဝန်းများဖြင့် ငရဲဘုံကိုးပါး ဓားရောင်ဝါကို ထုတ်ယူလျက် ခုတ်ပိုင်း ချလိုက်၏။
“ ဝုန်း ... ။ ”
ဝင်စားခြင်းဓားဒိုမိန်း ထွက်ပေါ်လာပြီး အဖိုးကြီးသုံးဦးအပေါ် ချက်ချင်း ပြိုကျသွား၏။ အဖိုးကြီး(၃)ဦးခမျာ ရှောင်တိမ်းချိန်မတော့ရဘဲ အစအနမကျန်အောင် ချေမှုန်းခံလိုက်ရသည်။
ဤသည်ကို အခွင့်ကောင်းယူကာ စုရီသည်လည်း ပိတ်ဆို့မှုများကြားမှ ချက်ချင်း လွတ်မြောက်သွားတော့၏။
မျက်စိတမှိတ်အတွင်း အဖိုးကြီး (၃)ယောက်ကိုသတ်ပစ်ကာ အင်မော်တယ်ဆန္ဒ ဝိညာဉ်လက်မှ ရှောင်တိမ်းသွားနိုင်ခဲ့ခြင်းသည် ယုံနိုင်စရာမရှိချေ။ လူတိုင်းအတွက် ပါးစပ် အဟောင်းသား ဖြစ်သွားစေ၏။
“ သူ့ကို မလွတ်စေနဲ့ ပိတ်ဆို့ထား ... ။ ”
ဟောင်ကျိုးကျန့်က ဒေါသတကြီး အော်ဟစ်လိုက်၏။ အင်မော်တယ်ဆန္ဒဝိညာဉ်မှ သူ့မျက်စိရှေ့တွင် လူ(၃)ယောက် သတ်ခြင်း ခံလိုက်ရသဖြင့် မျက်နှာနီရဲသွား၏။
“ မင်း သေလိုက်တော့ ... ။ ”
နတ်အလင်းဖြင့် ဖွဲ့စည်းထားသော ဓားနက်ကြီးတစ်လက်ဆင့်ခေါ်ကာ စုရီထံသို့ ချက်ချင်းခုတ်ပိုင်းချလိုက်သည်။
“ ဝုန်း ... ။ ”
ဤတစ်ကြိမ်တွင်လည်း ကြေးဝါမီးဖိုသည် ခရမ်းရောင်မြူများထွေးထုတ်လျက် ခံယူသွား ပြန်လေသည်။
“ အဟွတ် ... အဟွတ် ... ဝေါ့။ ”
သက်ရောက်မှုမှာ ပြင်းထန်သဖြင့် စုရီတစ်ယောက် သွေးထပ်မံအန်လိုက်ရကာ မျက်နှာဖြူလျော့သွား၏။
“ ဒဏ်ရာရသွားပြီ သတ် ... ။ ”
ထိုစဉ် ဟောင်ကျိုးကျန့်တို့သည် ရောက်ရှိလာကြပြီဖြစ်သည်။ သို့သော် စုရီမှ အေးစက်စွာပြုံးလျက်၊
“ ငါမင်းတို့ကို စောင့်နေတာ ... ။ ”
-ဟုဆိုကာ သူ့ဓားဖြင့် ပင့်ခုတ်ချ လိုက်တော့၏။
“ မြန်မြန် ရှောင် ... ။ ”
“ မကောင်းတော့ဘူး ... ။ ”
ရုတ်တရက် ဟောင်ကျိုးကျိခမျာ မရဏအငွေ့အသက်ရရှိလိုက်သဖြင့် ချက်ချင်း ဆုတ်ခွာလိုက်လေသည်။
“ မလုပ်နဲ့ ... ။ ”
“ ဘန်း ... ။ ”
“ အား ... ။ ”
တစ်ဖက်တွင် ဟောင်မိသားစုမှ အဖိုးကြီး(၂)ဦးသည် မျက်လုံးများပြူးလျက်ဖြင့် အသတ်ခံလိုက်ရ၏။
တစ်ဦးသည် ခန္ဓာကိုယ်နှစ်ခြမ်း ကွဲထွက်သွားကာ ကျန်တစ်ဦးသည် ဦးခေါင်း ပြတ်သွား၏။
ဤမြင်ကွင်းက ဟောင်မိသားစုဝင်များကို ရူးသွပ်သွားစေသလို ကြည့်ရှုနေသူများမှလည်း အံ့သြမှင်သပ်ကုန်သည်။
“ သတိထား ဒီကောင့်လက်ထဲမှာ ထူးဆန်းပြီး တားမြစ်ဆန်တဲ့ ဓားတစ်လက် ရှိနေတယ် အဲဒါက ငါတို့လိုသေလွန်ဝိညာဉ် တွေကို သေစေနိုင်တဲ့အထိ ပြင်းထန်တယ်။ ”
အင်မော်တယ် ဆန္ဒဝိညာဉ်က သတိပေးလိုက်သည်။ ထိုအချိန်တွင် တိုက်ပွဲ အပြင်ဘက်မှ စောင့်ကြည့်နေသော ဖူတာ့လီက အခွင့်ကောင်းကိုမြင်သွားပြီး၊
“ ငါတို့လည်း အတူတူဝင်တိုက်မယ်။ ”
-ဟု အမိန့်ပေးကာ သူ့မျိုးနွယ်စုကို ဦးတောင်လျက် လေထုအလယ် လှမ်းတက်လာ တော့သည်။
“ မှန်တယ် ... ဒီလူယုတ်မာကို အတူတူသတ်ရအောင်။ ”
“ သူ့ကို အရှင်မထားနဲ့။ ”
များမကြာခင် အင်အားစုအသီးသီးမှာ စုရီကိုသတ်ရန်အတွက် တစ်ပြိုင်နက်တည်းပင် လေထဲလှမ်းတက်လာတော့သည်။
***
အခန်း ၁၀၅၄ -
ဆဋ္ဌမနတ်သံကြိုးကို အနိုင်ယူခြင်း။
ဖူတာ့လီနှင့် ဖူမျိုးနွယ်မှ အကြီးအကဲများ တိုက်ပွဲမြေပြင်သို့ ဝင်ရောက်ပြီးသည်နှင့် စုရီထံ တစ်ပြိုင်နက်တည်း စတင်တိုက်ခိုက်တော့၏။
ဟောင်ကျိုးကျန့်အပါအဝင် ဟောင်မျိုးနွယ်စုမှ အကြီးအကဲများအားလုံးမှာ ထိုမြင်ကွင်းကြောင့် မျက်မှောင်ကြုတ်သွားပြီး မျက်နှာများ မည်းမှောင်သွားကြသည်။
“ မိတ်ဆွေတို့ ... ဒါ ဘာလုပ်တာလဲ။ သဘောတူညီချက်အရ မင်းတို့က အပြင်ကနေ ကြည့်နေရုံပဲ မဟုတ်လား။ ”
ဟောင်ကျိုးကျန့်မှ အော်ဟစ် မေးမြန်းလိုက်သည်။ ဖူမျိုးနွယ်သည် အလွန်ပင် အောက်တန်းကျလှ၏။ စုရီ ရှုံးနိမ့်တော့မည့် အခြေအနေကိုမြင်ပြီး ကြားဖြတ်လုယူရန် ကြံစည်နေခြင်းပေပင်။
“ စီနီယာဟောင် အထင်မလွဲပါနဲ့ ငါတို့အားလုံးကူညီဖို့ လာတာပါ အကျိုးအမြတ် လုယူဖို့ မဟုတ်ပါဘူး အခုချိန်မှာ ဒီစုရီကို သတ်ဖို့က အရေးအကြီးဆုံးပါပဲ။ ”
“ ဟမ့် ... ။ ”
ဖူတာ့လီစကားကြောင့် ဟောင်ကျိုးကျန့်တစ်ယောက် နှာခေါင်းရှုံ့လိုက် သော်လည်း ဆက်၍ စကားမဆိုတော့ချေ။
“ ငါတို့လည်း သွားကြမယ်။ ”
အင်မော်တယ် ဓားခန်းမမှ အကြီးအကဲရှဲ့ဝမ်လျိုက ဆုံးဖြတ်ချက်ချကာ တိုက်ပွဲအတွင်း ပြေးဝင်လိုက်သည်။
ဤနည်းဖြင့် အင်မော်တယ် ဓားခန်းမ၊ လျှို့ဝှက်အင်မော်တယ် ကောင်းကင်ဂိုဏ်း၊ တောင်ပိုင်းမီးလျှံ မြင့်မြတ်မြေတို့မှ သေလွန် ဝိညာဉ်အိုကြီးများသည်လည်း နောက်မကျစေရန် အပြေးအလွှား ဝင်ရောက်လာကြ၏။
သူတို့အားလုံးသည် ဤမတိုင်မီ ဟောင်မျိုးနွယ်နှင့် မဟာမိတ်ဖွဲ့ထားကြပြီး စုရီကိုသတ်ဖြတ်ပြီးပါက ဝင်စားခြင်းဥပဒေအား ဝေမျှကြရန် ကတိကဝတ် ပြုထားသည်။
သို့သော် ထိုကတိကဝတ်သည် အလွန်ပင် ပျော့ပျောင်းလှ၏။ ဟောင်ဖေးကွမ် သတ်မှတ် ထားသည့် စည်းကမ်းများပင် လွယ်လွယ်ကူကူ ပျက်ပြားသွားနိုင်မှတော့ ကတိဖျက်ရန် ဝန်လေးမည် မဟုတ်ကြောင်း ယုံကြည်သည်။
ထို့ကြောင့် သူတို့အင်အားစုများ အသီးသီးသည် အကူအညီပေးသည့်ပုံစံမျိုးဖြင့် စုရီကို သတ်ဖြတ်သည့်အချိန်တွင် အခွင့်အရေး လက်ဦးမှု ရယူလာခြင်းဖြစ်၏။
သို့မှသာလျှင် ဝင်စားခြင်းဥပဒေကို ဟောင်မျိုးနွယ်၏ လက်ဝါးကြီးအုပ်ခြင်းမှသည် ကာကွယ်နိုင်ပေမည်။ ခဏအတွင်းမှာပင် အခြေအနေများ ဝရုန်းသုံးကား ဖြစ်လာ၏။
အမျိုးမျိုးသော ဂိုဏ်းအသီးသီးမှ အကြီးအကဲများသည် ကောင်းကင်နတ်မင်းများ စစ်ချီလာသကဲ့သို့ ကြောက်မက်ဖွယ်ရောင်ဝါဖြင့် လောကကြီးတစ်ခုလုံးကို ကသောင်းကနင်း ဖြစ်သွားစေခဲ့သည်။
ထိုသို့သော အကြီးအကဲများ စုစုပေါင်း တစ်ရာကျော်ရှိပြီး တိမ်ပေါ်ပျံသန်းခြင်းအဆင့် ကျင့်ကြံမှုကို ပ်ုငါဆိုင်ထားကြ၏။
အင်မော်တယ်အဆင့် သေလွန်ဝိညာဉ်များ ထွက်ပေါ်လာခြင်းမရှိသေးသည့် အချိန်ကာလ၌ ထိုသူများသည် အမြင့်ဆုံးသော စွမ်းအားရှင်များ ဖြစ်ချေပြီ။
၎င်းတို့အတွင်းမှ မည်သူမဆို ကြယ်လွင်ပြင်တစ်ခုလုံးကို အလွယ်တကူပင် ချေမှုန်းနိုင်စွမ်းရှိကြသည်။
“ ဝုန်း ... ။ ”
မြေကမ္ဘာတုန်ခါသွားပြီး အရာခပ်သိမ်း ပျက်သုဉ်းကုန်သည်။ ကမ္ဘာပျက်ကပ်ဘေးကြီး ဆိုက်ရောက်လာသကဲ့သို့ အဖျက်စွမ်းအားများ ပြန့်ကားနေ၏။
နတ်အလင်းတန်းများ တောက်ပလျက် ကောင်းကင်တွင် အဖိုးတန် ရတနာများစွာသည် အရပ်မျက်နှာအနှံ့အပြားသို့ ဖိနှိမ်လာသည်။
အဝေးမှ စောင့်ကြည့်နေသူများမှာ ကြောက်လန့်တကြားဖြစ်နေကြပြီး လူတိုင်း၏ စိတ်ထဲတွင် အတွေးတစ်ခုသာ ကျန်ရှိတော့၏။ ယင်းသည် စုရီ၏ သေခြင်းပေပင်။
ယနေ့တွင် နတ်ဝိညာဉ်အဆင့်ရှိသူ မဟုတ်ပါက မည်သူမျှ ဤကဲ့သို့သော ဝိုင်းဝန်း တိုက်ခိုက်မှုကို အသက်ရှင်လျက် ကျော်ဖြတ်နိုင်မည် မဟုတ်ချေ။
အထူးသဖြင့် စုရီသည် တိုက်ပွဲအတွင်း ဒဏ်ရာများ ရရှိထားပြီးဖြစ်ရာ အခြေအနေသည် အလွန်စိုးရိမ်ရသော အနေအထားဖြစ်၏။
“ ဘာပဲဖြစ်ဖြစ် ... ဒီစုရီက ကမ္ဘာကြီးမှာ တကယ့်ကို ဒဏ္ဍာရီဆန်တဲ့ လူတစ်ယောက်ပါပဲ နှမြောဖို့ကောင်းတာကတော့ သူ့ သက်တမ်းက ဒီနေ့နောက်ဆုံးပဲ။ ”
တစ်စုံတစ်ယောက်က သက်ပြင်းချပြီး မှတ်ချက်ပေးသည်။ ဤနေရာရှိလူတိုင်းသည် ရှေးခေတ်ကာလတည်းက အသက်ရှင်ခဲ့သည့် သေလွန်ဝိညာဉ်များဖြစ်ကြ၏။
မည်သူမဆို ထိုစဉ်အချိန်က နာမည်ကျော်ကြားခဲ့သူများပေပင်။ သို့သော် သူတို့ဘဝတလျှောက် ဤမျှကောင်းကင်ဘုံကို အန်တုနိုင်သော လူငယ်မျိုး မမြင်ဖူးခဲ့ချေ။
ဝင်စားခြင်း ဥပဒေစွမ်းအားကို ပိုင်ဆိုင်ထားပြီး နယ်ပယ်ဘုရင်အဆင့်မျှဖြင့် တိမ်ပေါ်ပျံသန်းခြင်းအဆင့် သေလွန်ဝိညာဉ် အဖိုးကြီးများပေါ် အန်တုနေ၏။
သည့်ပြင် အင်မော်တယ် ဆန္ဒဝိညာဉ်ကိုလည်း တားဆီးထားနိုင်ခဲ့သည်။ ဤသည်မှာ ကမ္ဘာပေါ်တွင် အတုမရှိသော ပါရမီရှင်ဧကန်စင်စစ်ပေပင်။
နှမြောစရာကောင်းသည်မှာ ထိုကဲ့သို့သော ဒဏ္ဍာရီသည် ယခုအခါ လွတ်မြောက်ရန် လမ်းစ မရှိတော့ခြင်းဖြစ်သည်။ မည်မျှဘီလူးဆန်ပါစေ လူသေတစ်ယောက်သည် အသုံးမဝင်ချေ။
“ သူ့ရဲ့ ဒဏ္ဍာရီဆန်တဲ့ တိုက်ပွဲဝင်စွမ်းအားက ဝင်စားခြင်းဥပဒေကနေ လာပါတယ် ငါတို့သာ အဲဒီဝင်စားခြင်းစွမ်းအား ရနိုင်ရင်လည်း သူ့လိုအစွမ်းထက်နိုင်မယ်။ ”
“ မှန်တယ် ... ဒါကြောင့်လည်း အင်အားကြီးဂိုဏ်းတွေက ဒီလောက်အထိ ရူးသွပ်နေကြတာပေါ့။ ”
လူအချို့က စုရီ၏ ခွန်အားအပေါ် သုံးသပ်ချက်များပြုလာကြ၏။ တစ်ဖက်တွင် တိုက်ပွဲအတွင်း အဖိုးကြီးများ၏ရူးသွပ်နေသော အော်ဟစ်သံများမှာ ညံနေချေပြီ။
စုရီသည် ခုခံရန်ပင် ခက်ခဲလာနေပြီး ဒဏ်ရာများစွာ ခန္ဓာကိုယ်အနှံ့ ပြည့်နှက်နေခဲ့ပြီ ဖြစ်သည်။ မည်သည့် အရပ်သို့ ရှောင်တိမ်းပါစေ ကြောက်မက်ဖွယ် တိုက်ခိုက်မှုလှိုင်းများမှာ ရိုက်ခတ်လာမည်ဖြစ်၏။
ခဏအတွင်းမှာပင် သူ့ကျောက်စိမ်းရောင်ဝတ်စုံသည် သွေးချင်းချင်း နီသွားပြီး ဒဏ်ရာများစွာပေါ်လာသည်။
ကောင်းကင်ဆန္ဒဆေးကြိုအိုးသည်သာ အကာအကွယ်မပေးထားပါက အမှုန့်ဖြစ်သွား တော့မည်မှာ သေချာ၏။
“ သတ် ... ။ ”
“ သတ် ... ။ ”
ရန်သူများသည်လည်း သွေးနံ့ရသည့် ငါးမန်းများကဲ့သို့ ပို၍ပို၍ရူးသွပ်လာပြီး စုရီကို အမြန်ဆုံးနှိမ်နင်းနိုင်ရန် ကြိုးစားနေသည်။
“ ချင်းချောင် ... ငါတို့ဒီအတိုင်းပဲ ရပ်ကြည့်နေတော့မှာလား။ ”
မိုယွမ်ရှန်မှ စိုးရိမ်လာသည်။ မိုချင်းချောင်တစ်ယောက် ပြန်မဖြေနိုင်သေးဘဲ အံကြိတ်လျက် အဆုံး၌ လက်ဝှေ့ရမ်းပြ လိုက်တော့၏။
“ တိုက်ကြ ... ။ ”
စုရီသည် သူ့ကိုကူညီပေးခြင်းမပြုရန် တားမြစ်ထားခဲ့သော်လည်း မိုမျိုးနွယ်အနေဖြင့် ရပ်မကြည့်နိုင်တော့သည်မှာ သဘာဝပေပင်။
“ သတ် ... ဟားဟားဟား ... ဒီအဖိုးကြီး စောင့်နေရတာကြာပြီ။ ”
မိုချင်းချောင်ထံမှ အမိန့်ရသည်နှသ့် မိုယွမ်ရှန်က အော်ဟစ်ရယ်မောလျက် ဦးစွာပင် အပြေးအလွှားဝင်ရောက်သွား၏။
အခြားသော အကြီးအကဲများသည်လည်း နောက်ချန်ရစ်ခြင်းမရှိချေ။ တိုက်ပွဲအတွင်းသို့ အပြေးအလွှားဝင်ရောက်လာကြ၏။ ချက်ချင်း ရုတ်ရုတ်သဲသဲ ဖြစ်ကုန်သည်။
“ မင်းတို့မိုမျိုးနွယ်က ရူးကုန်ပြီလား ဒီလောကမှာရှိတဲ့ သေလွန်ဝိညာဉ်အိုကြီးတွေ အားလုံးနဲ့ တိုက်ချင်နေတာလား။ ”
အော်ဟစ်ဆဲဆိုသံများ ဆူညံသွားပြီး ဒေသတကြီးဖြင့် မိုမျိုးနွယ်စုအပေါ် လှည့်ကာ တုန့်ပြန်လာကြ၏။ များမကြာခင် မိုမျိုးနွယ်၏ ဝင်ရောက်စွက်ဖက်မှုသည် ရေထဲသဲသွန်လိုက် သကဲ့သို့ပေပင်။
စုရီအတွက် အကူအညီမဖြစ်ခဲ့ချေ။ သဘာဝအတိုင်း ဝိုင်းရံပိတ်ဆို့ခြင်း ခံနေရဆဲ ဖြစ်လေသည်။ သို့သော် ထိုသို့သောအပြုအမူက စုရီကို သက်ပြင်းချမိစေ၏။
ဤမျိုးနွယ်စုသည် လူတိုင်း၏ ဘုံပစ်မှတ်ဖြစ်လာမည်ကိုဂရုမစိုက်ဘဲ သူ့ထံ ကူညီပေးနေခြင်းဖြစ်သည်။
“ ငါမင်းကို မိပြီ။ ”
ထိုသို့ စိတ်ပျံ့လွင့်သွားသည့်အခိုက်တွင် အင်မော်တယ်ဆန္ဒဝိညာဉ်က ကောင်းကင်ဆန္ဒ ဆေးမီးဖိုကို ဖမ်းယူသွားနိုင်ခဲ့၏။
“ ဟားဟားဟား ... ရတနာကောင်းပဲ ဒီနေ့ကစပြီး ငါတို့ဟောင်မျိုးနွယ်ရဲ့ ရတနာ ဖြစ်သွားပြီ။ ”
အင်မော်တယ်ဆန္ဒဝိညာဉ်က ဤရတနာသည် သူ့တိုက်ခိုက်မှုကိုအချိန်များစွာ ဟန့်တားနိုင်သောကြောင့် မက်မောနေသည်မှာ ကြာပြီဖြစ်သည်။ ရွှင်မြူးသွား၏။
“ ဝေ့ါ ... ။ ”
ထိုအချိန်တွင် ဆက်သွယ်မှု ဖြတ်တောက်ခံလိုက်ရသဖြင့် စုရီတစ်ယောက် သွေးတစ်လုတ် အန်လိုက်ရသည်။
သူ့ခန္ဓာကိုယ်ကြီးသည်လည်း ပြိုကျလုနီးပါးဖြင့် သွေးများအဆက်မပြတ်ပင် စီးကျလာတော့၏။ ယင်းကြောင့် ရန်သူများမှာ ပို၍ရူးသွပ်ကုန်သည်။
“ သူ့ကို သတ် ... ။ ”
“ သူ ကြာကြာ မခံတော့ဘူး။ ”
သူတို့၏ မျက်ဝန်းထဲတွင် စုရီသည် သေအံ့ဆဲဆဲ သိုးသငယ်မျှသာ ဖြစ်နေတော့၏။ သို့သော် မည်သူမျှသတိမထားမိသည်မှာ စုရီက အလွန်အမင်းအန္တရာယ်ရှိသော အခြေအနေတွင် ရှိနေသော်လည်း တည်ငြိမ်နေဆဲကိုပင်။
ဤသို့သော သေရှင်တိုက်ပွဲမျိုးတွင် စိတ်ဝိညာဉ်၊ သွေးနှင့် ကျင့်ကြံမှုကို အပြည့်အဝ ပေါင်းစပ်ရန် အကောင်းဆုံးပေပင်။ သူ့ကျင့်ကြံမှု အုတ်မြစ်သည် တုံ့ယွီအထွတ်အထိပ်သို့ ရောက်ရှိနေပြီ ဖြစ်သည်။
နတ်ဝိညာဉ်အဆင့်သို့ တက်လှမ်းရန် လိုအပ်နေသည်မှာ စိတ်ဝိညာဉ်နှင့် ကျင့်ကြံမှုထံ ပြင်းထန်သောဖိအားဖြစ်၏။
“ ဒေါင် ... ။ ”
ကျယ်လောင်ပြင်းထန်သော ထိတွေ့မှုတစ်ခုတွင် သေမျိုးနယ်ပယ်ဓားသည် စုရီလက်မှ လွတ်ကျသွားချေပြီ။
“ ဟားဟားဟား ... ။ ”
ဖူတာ့လီမှ ပြုံးရယ်လျက် ချက်ချင်း ဖမ်းယူသွား၏။ စုရီတွင် ရတနာများမရှိတော့ဘဲ သေလုမြောပါး ဒဏ်ရာများဖြင့်သာ ကျန်ရစ်ချေတော့သည်။
“ တာအိုစု ... ။ ”
သူ့အမြင်တွင် သတ်ရန် စောင့်နေရသော သိုးတစ်ကောင်သာ ဖြစ်နေ၏။ မိုချင်းချောင်မှ ထိုမြင်ကွင်းကြောင့် တုန်လှုပ်လာသည်။
“ ငါ့လမ်းကဖယ် ... ။ ”
ချက်ချင်းပင် ရူးသွပ်သွားပြီး သွေးစွန်းသောလမ်းကြောင်း ဖောက်လုပ်ကာ စုရီကိုကာကွယ်ရန် ဦးတည်လိုက်၏။
သို့သော် ထိုအချိန်တွင် စုရီသည် ကောင်းကင်ပေါ်မော့ကြည့်လျက် ရပ်တန့်သွား တော့သည်။ သူ့အသိစိတ် ပင်လယ်ထဲရှိ ဆဋ္ဌမ နတ်သံကြိုးမှာ ပြင်းစွာတုန်ခါလာ၏။
“ လုံလောက်ပြီ ... မင်းအတွက် ဒီအမှိုက်တွေကိုငါရှင်းပေးမယ် ဒီလိုအချိန်မျိုးမှာ မင်းအဆင့်တက်လို့ မဖြစ်သေးဘူး။ ”
ထိုအသံသည် အလိုမကျမှုနှင့် အားကိုးရာမဲ့မှုများ ပြည့်နှက်နေ၏။ စုရီ၏ သေဆုံးခြင်းသည် သူ့သေဆုံးခြင်းပေပင်။ ရုတ်တရက် စုရီမှ ပြုံးကာ၊
“ နောက်ဆုံးတော့ မင်း ငါ့ကိုတောင်းပန်တော့မှာလား။ ”
-ဟု မေးမြန်းလိုက်သည်။
သူနှင့် ဤဆဋ္ဌမမြောက်ဘဝကြား၌ တိတ်တဆိတ်အားပြိုင်မှုရှိနေပြီး သူ အနိုင်ရခဲ့ပြီ ဖြစ်လေသည်။ ယနေ့ တိုက်ပွဲအတွင်း ကပ်ဘေး ခံယူရန်ကြံရွယ်ရသည်မှာ တစ်ဖက်လူကို အကျပ်ကိုင်ရန်ပင်ဖြစ်၏။
“ ဘရူး ... ။ ”
အသိစိတ်ပင်လယ်တစ်ခုလုံး ချက်ချင်းတုန်ခါသွားပြီး ဆဋ္ဌမမြောက်သံကြိုးမှာ ဆန်းပြားသောစွမ်းအားများကို သူ့ခန္ဓာကိုယ် အတွင်း ပေးပို့လာတော့သည်။
***