ဆန်းလျန်ကိုတွေ့မြင်နိုင်သည့်မိန်းကလေးငယ်လေး
Vol. 10 Ch. 996
ဟွမ်ချွမ်ကျီနှင့် ပြဿနာတက်ခဲ့ပြီးနောက်ပိုင်း ယွမ်ချင်းက တပည့်ရွေးခြယ်ရာတွင် အလွန်အလေးအနက်ထားလေသည်။
တောင်ပေါ်တက်သည့် လမ်းတစ်လျှောက်တွင် လူတိုင်း၏ နှလုံးသားကို စစ်ဆေးနိုင်သည့် ဝမ့်ရှင်းလမ်းကို တာအိုတန်ခိုးစွမ်းအားအသုံးပြုကာ ပြုလုပ်ထားသည်။
ထိုလမ်းကိုဖြတ်သန်းလာပြီး စစ်ဆေးမှုများ အောင်မြင်မှသာလျှင် ချင်းရွှမ်နတ်တံခါးသို့ ဝင်ခွင့်ရမည် ဖြစ်လေသည်။
လူတစ်ယောက်၏ စိတ်ကို ထင်ယောင်ထင်မှားပုံရိပ်ယောင်များဖြင့် စစ်ဆေးခြင်းက မူလစိတ်နှလုံးအတွင်းမှ စစ်မှန်သည့်သဘောတရားကို ထင်ဟပ်စေသည်။
ဝမ့်ရှင်းလမ်းသို့ ရောက်လာသူများအနေဖြင့် စိတ်ဓာတ်မခိုင်မာလျှင် ရူးသွပ်သွားနိုင်လေသည်။ စိတ်ဓာတ်မခိုင်မာပါက ကျင့်စဉ်လမ်းသို့ လိုက်လျှောက်ပြီး အောင်မြင်မှုရရန် ခက်ခဲပေလိမ့်မည်။
ထို့ပြင် ယွမ်ချင်း ချင်းရွှမ်နတ်တံခါးကို တည်ထောင်ခဲ့သည့် အဓိကအကြောင်းရင်းမှာ တာအိုဝါဒကို လက်ဆင့်ကမ်းသင်ပြပေးရန်ဖြစ်ပြီး အချင်းချင်း တိုက်ခိုက်သတ်ဖြတ်ရန် မဟုတ်ပေ။
သူက လူလူချင်း ခိုက်ရန်ဖြစ်ပွားပြီး ထိခိုက်နာကျင်ခြင်းကို လိုလားသူ မဟုတ်ပေ။
ထို့ကြောင့် ဝမ့်ရှင်းလမ်းကို ဖြတ်ကျော်လာနိုင်ခြင်းမရှိပါက တာအိုကျင့်ကြံသူဖြစ်ရန် မထိုက်တန်ဟု ယွမ်ချင်းက ယူဆထားသည်။
ဝမ့်ရှင်းလမ်းကို ဖြတ်ကျော်လာနိုင်သည့် ပထမဆုံး လူ (၁၀)ယောက်ကို တပည့်အဖြစ်လက်ခံမည်ဟု ယွမ်ချင်းက စည်းကမ်းသတ်မှတ်ထားသည်။ (၁၀)ယောက်ဆိုသည်က များလည်းမများ ၊ နည်းလည်းမနည်းသည့်အနေအထားဟု ဆိုနိုင်သည်။
စန်းရှောင်ကျီသည် ချင်းရွှမ်နတ်တံခါး၏ အဓိကအလုပ်ကြီးတစ်ခုကို ပထမဆုံးအကြိမ် ဦးဆောင်လုပ်ကိုင်ရခြင်း ဖြစ်သော်လည်း အကောင်းဆုံး လုပ်ဆောင်နိုင်ခဲ့လေသည်။
သူ၏ တာအိုနှလုံးသား တစ်ချက်လှုပ်ရှားသွားပြီး တစ်စုံတစ်ခု မှားယွင်းနေပြီကို သိရှိသည်နှင့် ထိုသူကို ချက်ချင်းပင် တောင်အောက်သို့ ပြန်ပို့လိုက်လေသည်။
ချင်းရွှမ်နတ်တံခါးအတွင်းသို့ ရောက်လာပြီးမှ စည်းကမ်းဖောက်ဖျက်သည့်အတွက် နာကျင်ရခြင်းထက် အစကတည်းက စည်းကမ်းနှင့်မညီသူ ဂိုဏ်းထဲသို့ ရောက်မလာသည်က ပို၍ကောင်းသည် မဟုတ်ပါလား။
သို့သော်… ယခုတစ်ကြိမ် နတ်တံခါးဖွင့်ပြီး လူရွေးခြယ်ပွဲ ပြုလုပ်သည့်အခါ အနည်းငယ် စိတ်ပျက်စရာ ကောင်းလေသည်။
လဝက်ခန့်ကြာသွားခဲ့သည့်တိုင် ဝမ့်ရှင်းလမ်းကို ဖြတ်ကျော်လာနိုင်သူ တစ်ယောက်မှ မရှိခဲ့ကြပေ။
စန်းရှောင်ကျီက သူ၏ ကိုယ်ပိုင်လမ်းစဉ်ဖြစ်သော စန်းရှောင်ကျင့်စဉ်ဟု အမည်ပေးထားသည့် မိုးကြိုးတန်ခိုးစွမ်းအားကျင့်စဉ်တစ်ခု တီထွင်ထားလေသည်။
သို့သော်… သူတီထွင်ထားသည့် ကျင့်စဉ်သည် ဆက်ခံသူမရှိလျှင် ပျောက်ပျက်သွားနိုင်လေ၏။
ထို့ကြောင့် သူက သူတီထွင်ထားသည့် စန်းရှောင်ကျင့်စဉ်ကို လက်ဆင့်ကမ်းပေးရန် တပည့်တစ်ယောက်မွေးလိုခဲ့သည်။
ထိုအခါမှ သူ၏ မိုးကြိုးတန်ခိုးစွမ်းအားသည် တပည့်များမှတစ်ဆင့် အချင်းချင်း လက်ဆင့်ကမ်းသွားနိုင်မည် ဖြစ်ပြီးသူ့ဘတွင် ပထမဆုံးအောင်မြင်ခဲ့သော အောင်မြင်မှု အချည်းအနှီး ဖြစ်တော့မည် မဟုတ်ပေ။
ညအချိန်ဖြစ်လေသည်။
လေပြေအေးက ကြည်လင်အေးမြလျှက်ရှိလေသည်။
အထူးသဖြင့် ချင်းရွှမ်တောင်ပေါ်တွင် ရာသီဥတုပူလောင်ခြင်းလုံးဝမရှိပေ။ ထို့ကြောင့် ယခုလိုအချိန်တွင် လရောင်အောက်တွင် လမ်းလျှောက်ရသည်မှာ အလွန်မှပင် စိတ်ကို ကြည်လင်လန်းဆန်းစေသည်။
လှပသည့်ရှုမျှော်ခင်းကိုကြည့်ရင်း စန်းရှောင်ကျီ၏စိတ်များ ကြည်လင်ငြိမ်းချမ်းနေလေသည်။
သူက ဖြည်းဖြည်းချင်းလမ်းလျှောက်နေပြီး သူ၏ နတ်ဘုရားစိတ်အာရုံများကို မသိမသာထုတ်လွှတ်လိုက်ပြီး ဝမ့်ရှင်းလမ်းကို စစ်ဆေးကြည့်လိုက်သည်။
သူက ဒီအတိုင်း တမင်သက်သက် ကြည့်ရှုလိုက်ခြင်း ဖြစ်သော်လည်း ထူးဆန်းအံ့သြဖွယ်ရာတစ်ခုကို တွေ့မြင်လိုက်ရပြီး အံ့အားသင့်သွားရသည်။
ညဘက်အချိန်ဖြစ်လင့်ကစား ဝမ့်ရှင်းလမ်းပေါ်သို့ လူသစ်တစ်ယောက် တက်လာလေသည်။
သို့သော်… စန်းရှောင်ကျီ အံ့သြသွားရသည့်အချက်မှာ ဝမ့်ရှင်းလမ်းအတိုင်းတက်လာသူမှာ အသက် (၅)နှစ် ၊ (၆)နှစ်မျှသာရှိသေးသည့် မိန်းကလေးငယ်လေးတစ်ယောက် ဖြစ်နေသောကြောင့် ဖြစ်သည်။
ချင်းရွှမ်တောင် ပတ်ဝန်းကျင်ဒေသများမှ ကလေးတစ်ယောက်ယောက်များ ဖြစ်မည်လားဟု စိတ်ပူသည့်အတွက် ကလေးငယ်ကို အဝေးသို့ ပြန်ပို့လိုက်ရန် စန်းရှောင်ကျီ စိတ်ကူးလိုက်မိသည်။
သို့သော် ဆရာဘိုးဘိုးယွမ်ချင်းပြောလေ့ရှိသည့် စကားတစ်ခွန်းကို သွားပြီးသတိရမိသည်။
"လောကမှာ အရာအားလုံးက ကံတရားအတိုင်းပဲ…"
ဤမိန်းကလေးငယ်လေး တောင်ပေါ်သို့တက်လာမှတော့ ဝမ့်ရှင်းလမ်းကို ဖြတ်ကျော်လာနိုင်မည်လား စောင့်ကြည့်ရမည် ဖြစ်လေသည်။
ထို့ကြောင့် စန်းရှောင်ကျီသည် မိန်းကလေးငယ်ကို ဆက်ပြီး လေ့လာစောင့်ကြည့်နေလိုက်သည်။ ကလေးမလေး အန္တရယ်တစ်စုံတစ်ခု ရင်ဆိုင်ရပါကလည်း ကူညီရန် အသင့်ပြင်ထားလိုက်သည်။
ရုတ်တရက် ကလေးမလေးက ဝမ့်ရှင်းလမ်းထက်တွင် ရှေ့ဆက်မသွားဘဲ ရပ်တန့်လိုက်သည်။
သူမ၏ နုနယ်သည့်မျက်နှာလေးက သွေးရောင်လွှမ်းနေပြီး အနည်းငယ်မောဟိုက်နေဟန်ရှိသည်။
ကြည့်ရသည်မှာ စိတ်နှလုံးကိုစစ်ဆေးသည့် ထင်ယောင်ထင်မှန်းပုံရိပ်ယောင်များကြောင့်မဟုတ်ဘဲ သူမက မောပန်းသောကြောင့် ခဏနားဟန်တူသည်။
သူမ၏ မျက်ဝန်းလေးများက ကြည်လင်နေပြီး လေပြေတိုက်ခတ်လိုက်တိုင်း မျက်တောင်ရှည်ရှည်လေးများ လှုပ်ရှားသွားသည်မှာ ယန်လျိုရေကန်မှနံဘေးမှ မိုးမခရွက်များ လှုပ်ခတ်သွားသည့်အလား ထင်မှတ်ရသည်။
အသက်ငယ်ငယ်လေးဖြင့် ဤမျှလောက်စိတ်ဓာတ်ခိုင်မာလျှင် အသက်ကြီးလာသည့်အခါ သေချာပေါက် ထူးခြားသူတစ်ယောက် ဖြစ်လာပေလိမ့်မည်။
မိန်းကလေးက ရှေ့တည့်တည့်သို့ စိုက်ကြည့်လိုက်ရင်း…
"ဘာလဲ… မင်းကျတော့ မမောဘူးလား…"
ဟု မေးလိုက်လေသည်။
စန်းရှောင်ကျီသာ မိန်းကလေးငယ်၏ ဘေးနားတွင် ရှိနေမည်ဆိုလျှင် မိန်းကလေး၏ မျက်ဝန်းများထဲတွင် လေထဲသို့ လွင့်မျောနေသည့် တာအိုဆရာတစ်ယောက်ရှိနေသည်ကို တွေ့မြင်ရမည် ဖြစ်လေသည်။
တာအိုဆရာက မိန်းကလေးကို ကျော်ပြီး ဆက်သွားခြင်းမပြုပေ။ ထိုတာအိုဆရာကို မိန်းကလေးငယ်၏ မျက်ဝန်းများမှလွဲပြီး အခြားသူများလည်း တွေ့မြင်နိုင်မည် မဟုတ်ပေ။
ထိုတာအိုဆရာသည်ကား ဆန်းလျန်ပင် ဖြစ်ပေ၏။
မိန်းကလေးငယ်လေးကိုတွေ့တွေ့ချင်း ဆန်းလျန်က ထိုမိန်းကလေးငယ်သည်လည်း အခြားသူများကဲ့သို့ သူ့ကိုတွေ့မြင်နိုင်မည်မဟုတ်ဟု ထင်မှတ်ထားခဲ့သည်။
သို့သော်… ထိုမိန်းကလေးငယ်၏ မူလဇာစ်မြစ်ကိုသိလိုက်သည့်အခါ ထိုသို့ မတွေးမိတော့ပေ။
ဆန်းလျန်က ကလေးမလေးခေါင်းကိုတစ်ချက်ပုတ်လိုက်ပြီး စိတ်ထဲက တွေးလိုက်သည်။
"ခုလိုပုံမျိုးလေးကျတော့ အတော်လေး ချစ်စရာကောင်းတာပဲ…"
ထို့နောက် ဆန်းလျန်က ပြုံးလိုက်ရင်း…
"ကျုပ်က ရုပ်ခန္ဓာမရှိဘူးလေ ၊ ဒီတော့ ဘယ်မောမလဲ…"
ဆန်းလျန် သူမခေါင်းကို ပုတ်လိုက်သည့်အတွက် မိန်းကလေးငယ်လေးက စိတ်အနှောက်အယှက်ဖြစ်ဟန် မရှိပေ။
သူမက နှုတ်ခမ်းလေးများကို တစ်ချက်ကိုက်လိုက်ရင်း…
"ရုပ်ခန္ဓာမရှိဘူးဆိုတာ ဘာကိုပြောတာလဲ…"
ဆန်းလျန်က ခေါင်းတစ်ချက်ခါရမ်းလိုက်ရင်း…
"မင်းကအခု သိပ်ငယ်သေးတယ် ၊ မင်းနားမလည်တာတွေ လောကမှာ အများကြီးရှိတာပေါ့…"
ဆန်းလျန်က တန်ခိုးစွမ်းအားအသုံးပြုပြီး မိန်းကလေးငယ်လေးကို သတင်းအချက်အလက်များ ပေးပို့ရန် ကြိုးစားလိုက်သည်။
သို့သော်… မိန်းကလေးငယ်လေးအပေါ်တွင် သက်ရောက်မှုမရှိပေ။
မိန်းကလေးငယ်လေးက ဆန်းလျန်ကို တွေ့မြင်ရပြီး စကားပြောနိုင်သည်မှာပင် သာမန်ထက် ကျော်လွန်နေပြီ ဖြစ်လေသည်။
ဆန်းလျန်အနေဖြင့် တန်ခိုးစွမ်းအားလည်း အသုံးပြုနိုင်ခြင်း မရှိသေးသလို လူ့လောကမှ ကိစ္စရပ်များကိုလည်း ဝင်ရောက်စွက်ဖက်နိုင်ခြင်း မရှိသေးပေ။
ထိုမိန်းကလေးငယ်လေးသည် "သူမ" ဖြစ်နေသည့်တိုင် ဆန်းလျန် ထိုသို့ ပြုလုပ်နိုင်စွမ်း မရှိခဲ့ပေ။
သို့သော်… မိန်းကလေးငယ်လေးနှင့် စကားပြောရခြင်းသည်ပင် ဆန်းလျန်အတော်လေး ပျော်ရွှင်နေပြီ ဖြစ်လေသည်။ အနည်းဆုံးတော့ သူနှင့်ဆက်သွယ်နိုင်သည့် လူတစ်ယောက်ကို တွေ့ရှိခဲ့ပြီ မဟုတ်ပါလား။
လက်ရှိအချိန်တွင် ဆန်းလျန်သည်လည်း အတော်လေး အထီးကျန်နေခဲ့လေသည်။
မိန်းကလေးငယ်လေးက…
"စကားမပြောနဲ့တော့ ၊ ကျွန်မ တောင်ပေါ်ဆက်တက်လိုက်ဦးမယ်…"
ကလေးမလေးက ထိုသို့သာပြောလိုက်သော်လည်း ကိုယ်လေးကို အနည်းငယ်ကိုင်းကာ ချောင်းတဟွတ်ဟွတ် ဆိုးနေလေသည်။
ကြည့်ရသည်မှာ တောင်ပေါ်တွင်တိုက်ခိုက်သည့်လေအေးဒဏ်ကို သူမ ခံနိုင်ရည်ရှိဟန် မတူပေ။
သနားစရာကလေးမလေးကို ကြည့်နေရင်း ဆန်းလျန် တွေးလိုက်မိသည်။
"ကြည့်ပါဦး… တာအိုဆရာလီချင်းဆွေက တောင်ပေါ်လေအေးဒဏ်ကို မခံနိုင်ဘဲ ချောင်းဆိုးနေမယ်လို့ ဘယ်သူက ထင်မှာလဲ ၊ ဒီကလေးမလေးက တာအိုဆရာလီချင်းဆွေ လူပြန်ဝင်စားတာဆိုပေမယ့် အတူတူပါပဲလေ…"
ပုံမှန်အားဖြင့်ဆိုလျှင် ထိုမျှ အသေးအဖွဲကိစ္စလေးကို ဆန်းလျန် ဖြေရှင်းနိုင်လေသည်။
သို့သော်… လက်ရှိအချိန်တွင် ဆန်းလျန်မှာ မြင်သာမြင်တွေ့နေရပြီး ကူညီနိုင်စွမ်း မရှိပေ။ ဆန်းလျန် သူမကို အတွင်းအားလေ့ကျင့်နည်းသင်ပေးနိုင်သော်လည်း သူမ နားလည်ပါမည်လား မသေချာပေ။
ထို့ပြင် သူမကို လောလောဆယ် အတွင်းအားလေ့ကျင့်နည်းပညာ သင်ပေးလိုက်ပြန်လျှင်လည်း သူမ တောင်ပေါ်သို့တက်ရန် အခက်အခဲဖြစ်သွားနိုင်သည်။
သို့သော်… မိန်းကလေးငယ်သည်ကား "လီချင်းဆွေ" ဖြစ်လေ၏။
သူမ၏ ကိုယ်ရေကိုယ်သွေးနှင့် စိတ်နေစိတ်ထားက ဆန်းလျန်ပင် သြချရလောက်သူ ဖြစ်လေရာ သူမ မည်မျှပင် မသက်မသာ ခံစားနေရပါစေ တောင်ပေါ်သို့ ခြေတစ်လှမ်းချင်းလှမ်းကာ ဆက်တက်သွားလေတော့သည်။
နံနက်အရုဏ်တက်ချိန်တွင် သူမ ဝမ့်ရှင်းလမ်းကို ဖြတ်ကျော်ပြီး တောင်ပေါ်သို့ ရောက်ရှိသွားလေ၏။
သူမ တောင်ပေါ်သို့ရောက်ရန် အချိန်ကြာနေသည်မှာ ဝမ်းရှင်းလမ်းမှ ပုံရိပ်ယောင်များကြောင့်မဟုတ်ဘဲ တောင်ပေါ်လမ်း ကြမ်းတမ်းခြင်းနှင့် အေးစိမ့်သည့်ရာသီဥတုကြောင့်သာ ဖြစ်လေသည်။
ကလေးမလေးတစ်ယောက် ဝမ့်ရှင်းလမ်းကို ဖြတ်ကျော်ပြီး ချင်းရွှမ်တောင်ပေါ်သို့ အရောက်တက်လာနိုင်ခြင်းမှာ ပြောရမည်ဆိုလျှင် ယုံနိုင်စရာပင် မရှိပေ။
စန်းရှောင်ကျီမှာလည်း အံ့သြမှင်တက်လျှက် ရှိလေတော့သည်။
ငယ်ရွယ်ပြီး ချစ်စရာကောင်းသည့် မိန်းကလေးတစ်ယောက်သည် ဝမ့်ရှင်းလမ်းမှ ပုံရိပ်ယောင်များ၏ သက်ရောက်မှုကို လုံးဝမခံရဘဲ တောင်ပေါ်သို့ ရောက်လာခဲ့ပြီ ဖြစ်လေသည်။
သူမ၏ အရိုးများမှထွက်ပေါ်နေသည့် မွေးရာပါတန်ခိုးစွမ်းအားများကို စန်းရှောင်ကျီ တွေ့မြင်ရခြင်း မရှိပေ။
ဤမိန်းကလေးသည် နတ်ဘုရားတစ်ပါးပါး လူပြန်ဝင်စားသူများဖြစ်လေမည်လားဟု စန်းရှောင်ကျီ တွေးလိုက်မိလေသည်။
သူခန့်မှန်းသည်မှာ အမှန်ပင်ဖြစ်လေ၏။
ဤမိန်းကလေးငယ်သည် တာအိုဆရာလီချင်းဆွေ လူပြန်ဝင်စားသူ မဟုတ်ပါလား။
သို့သော်… သူမသည် ကံကြမ္မာအရ လူပြန်ဝင်စားခြင်း ဖြစ်သည့်အတွက် သူမ၏ ခန္ဓာကိုယ်သည် အခြားသော လူသားများနှင့် ခြားနားခြင်း မရှိပေ။
လူပြန်ဝင်စားခြင်း အမျိုးမျိုး ရှိနိုင်လေသည်။
မိုးကောင်းကင်မှ နတ်သက်ကြွေပြီး လူ့လောကသို့ ဆင်းသက်လာသည့် လူပြန်ဝင်စားခြင်းလည်း ရှိလေသည်။
ထိုသို့လူပြန်ဝင်စားခြင်းက သာမန်လူပြန်ဝင်စားခြင်းမျိုးမဟုတ်ပေ။ လူ့လောကသို့ဆင်းလာပြီး သူတို့သိကျွမ်းသည့် တာအိုတရားများကို ပြန်လည်မျှဝေရန် ဖြစ်လေသည်။
ထို့ကြောင့် လူပြန်ဝင်စားသည့်နတ်ဘုရားသည် လုံး၀ လူ့လောကသို့ ဆင်းသက်လာခြင်းဖြစ်ပြီး ခန္ဓာကိုယ်ခွဲဖြင့် လူ့လောကတွင်ကိုယ်ခွဲတစ်ခုရှိနေပြီး မရှိမှုကျေးရွာတွင် မူလနတ်ဘုရား ကျန်ရစ်ခဲ့ခြင်း မရှိပေ။
သို့သော်… အထူးအကြောင်းပြချက်ဖြင့် ဉာဏ်စဉ်စေလွှတ်ပြီး လူပြန်ဝင်စားခြင်းဖြစ်ပါက မရှိမှုကျေးရွာတွင် မူလနတ်ဘုရားက ကျန်ရှိနေပြီး လူ့လောကသို့ ဉာဏ်စဉ်တစ်ခုက ကိုယ်ခွဲတစ်ခုအဖြစ် လူပြန်ဝင်စား ဆင်းသက်လာခြင်းမျိုးလည်း ရှိတတ်လေသည်။
ထိုသို့သော လူပြန်ဝင်စားခြင်းဆိုလျှင်လည်း မရှိမှုကျေးရွာမှ နတ်ဘုရားက လူပြန်ဝင်စားသည့် ဉာဏ်စဉ် ပြုလုပ်သမျှ အကြောင်းအရာများအားလုံးကို သိရှိနေတတ်ပြီး မူလနတ်ဘုရားနှင့် လူပြန်ဝင်စားသည့် ဉာဏ်စဉ်ကြားတွင်ကွဲပြားခြားနားမှု မရှိပေ။
ထို့ပြင်… မူလနတ်ဘုရားသည် လူပြန်ဝင်စားသည့် ခန္ဓာတွင် ဖြစ်ပေါ်နေသည့်အရာအားလုံးကို သိမြင်နိုင်စွမ်း ရှိလေသည်။
လီချင်းဆွေသည် လူ့လောကသို့ လုံးလုံးလျားလျား ဆင်းသက်လာခြင်းလား ၊ သို့မဟုတ် ဉာဏ်စဉ်စေလွှတ်ကာ လူပြန်ဝင်စားစေခြင်းလား။ မည်သည့်နည်းဖြင့် လူပြန်ဝင်စားလာသည်လဲ ဆန်းလျန်လည်း သိရှိခြင်း မရှိပေ။
မရှိမှုကျေးရွာတွင်သာ လီချင်းဆွေက မူလနတ်ဘုရားအဖြစ် ကျန်ရှိနေပြီး သူမ၏ ဉာဏ်စဉ်ကို လူပြန်ဝင်စားစေပြီး ချင်းရွှမ်နတ်တံခါးသို့ စေလွှတ်လိုက်သည်ဆိုပါက ဆန်းလျန် သူမခေါင်းကို ပုတ်လိုက်သည်ကို ကျိန်းသေ သိရှိပေလိမ့်မည်။
ထိုသို့သာဆိုပါက လီချင်းဆွေ စိတ်ဆိုးဒေါသထွက်သွားနိုင်လေသည်။
သို့သော်… လီချင်းဆွေ စိတ်ဆိုးသွားမည်ကို ဆန်းလျန် ကြောက်ရွံ့ခြင်း မရှိပေ။ လီချင်းဆွေ ဒေါသထွက်ပြီး လူ့လောကသို့ ကိုယ်တိုင်ဆင်းလာပါစေကြောင်း ဆန်းလျန်က တောင်းဆုပြုလိုက်မိသေးသည်။
ချင်းဆွေသာ သူ့ကို ကူညီနိုင်မည်ဆိုလျှင် သူ့ကို ယခုရင်ဆိုင်နေရသည့် "ဟိုဘက်ကမ်းလည်းမရောက် ဒီဘက်ကမ်းလည်းမရောက်" အခြေအနေကြီးမှ လွတ်မြောက်အောင် ကူညီစေချင်မိသည်။
သို့သော်… ယခု မိန်းကလေးငယ်လေးကတော့ လူပြန်ဝင်စားသူ ဖြစ်လေရာ ဆန်းလျန်၏ အခြေအနေကို နားလည်ပေးနိုင်လိမ့်မည် မဟုတ်ပေ။
ကလေးမလေးက ဆန်းလျန်ကို ထူးဆန်းသူတစ်ယောက်ဟု ခံစားမိသော်လည်း တည်တည်ငြိမ်ငြိမ်ပင် ရှိနေလေသည်။ သူမဘေးနားတွင် ဆန်းလျန်ရှိနေသည်ကို စန်းရှောင်ကျီကတော့ သိရှိခြင်း မရှိပေ။
စန်းရှောင်ကျီက ပြုံးရွှင်စွာဖြင့်…
"မင်း ဘယ်က ရောက်လာတာလဲ ကောင်မလေး…"
မိန်းကလေးငယ်လေးက…
"မသိဘူး…"
စန်းရှောင်ကျီက…
"ဒါဖြင့် မင်း ဘာလို့ တောင်ပေါ်ကို တက်လာတာလဲ…"
မိန်းကလေးငယ်လေးက…
"ကျွန်မ…"
အမှန်တော့ သူမက တောင်ခြေတွင် ရုတ်တရက် အလိုလိုပေါ်လာခြင်း ဖြစ်လေသည်။
သူမကို ဝမ့်ရှင်းလမ်းအတိုင်း တက်လာရန် လမ်းပြခေါ်ဆောင်လာသူမှာ ဆန်းလျန် ဖြစ်လေ၏။
ထိုအဖြစ်အပျက်များကို သူမက စန်းရှောင်ကျီကို အမှန်အတိုင်းပြောရန် ကြံရွယ်လိုက်သော်လည်း ဆန်းလျန်က သူမကို ကြည့်ပြီး "ရှူး တိုးတိုး" ဆိုသည့် ပုံစံလုပ်ပြသည့်အတွက် သူမ စကားဆက်မပြောတော့ဘဲ ရပ်တန့်လိုက်ခြင်း ဖြစ်လေသည်။
မိန်းကလေးငယ်လေး ပြောရခက်နေသည်ကို စန်းရှောင်ကျီ ရိပ်မိလိုက်သည်။ သူမခေါင်းထဲတွင် ပြောရခက်သည့်အကြောင်းကိစ္စတစ်ခု ရှိပေလိမ့်မည်ဟု စန်းရှောင်ကျီ ထင်မှတ်လိုက်မိသည်။
သူမတွင် ပြဿနာရှိနေသည့်တိုင် စန်းရှောင်ကျီ သူမကို တောင်အောက်သို့ ပြန်မလွှတ်ချင်ခဲ့ပေ။
အကြောင်းမှာ ကလေးမလေး၏ မျက်ဝန်းများကို ကြည့်လိုက်သည်နှင့် ကျောက်သားအလားခိုင်မာသည့်စိတ်ထားကို ပိုင်ဆိုင်သူဖြစ်ကြောင်း စန်းရှောင်ကျီ အကဲခတ်မိသောကြောင့် ဖြစ်လေသည်။
အနာဂတ်တွင် မိန်းကလေးငယ်လေးသည် သူ့ထက်ပင်သာသွားနိုင်သည်ဟု မိန်းကလေးငယ်လေး၏ မျက်ဝန်းများကိုကြည့်ရင်း စန်းရှောင်ကျီ တွေးလိုက်မိလေတော့သည်။
***