နာမည်
Vol. 10 Ch. 998
ဆန်းလျန်က အနည်းငယ် စဉ်းစားကြည့်လိုက်သည်။
ထို့နောက် သူက မည်သို့ဖြစ်သည်ကို သဘောပေါက်လိုက်သည်။ ကြည့်ရသည်မှာ ပျက်စီးပြီး ဝိညာဉ်စွမ်းအားကုန်ခမ်းနေသည့် ယွမ်တုဓားကို ဆန်းလျန်က ယွမ်ချင်းအား ပေးလိုက်သည့်အတွက် ယွမ်ချင်း၏ ကံတရားသည်လည်း ပြောင်းလဲသွားခြင်း ဖြစ်ဟန်တူသည်။
ဆန်းလျန်ကဲ့သို့သောပုဂ္ဂိုလ်က အမှန်တကယ်ပင် သမိုင်းကို ပြောင်းလဲနိုင်စွမ်းရှိလေသည်။ သို့သော်… သမိုင်းသည်လည်း ရွေ့လျားပြောင်းလဲနေလေရာ သမိုင်းထဲမှ အဖြစ်အပျက်အနည်းငယ်ကို အလှည့်အပြောင်း ပြုလုပ်လိုက်ခြင်းပင်ဖြစ်သည်။
လူသားများအနေဖြင့် တူးမြောင်းများဖောက်လုပ်ပြီး မြစ်တစ်စင်း၏ စီးဆင်းမှုကို ပြောင်းလဲပစ်နိုင်သည်။ သို့သော်… အရှေ့ပင်လယ်မှ ခွဲဖြာစီးဆင်းလာသည့် မြစ်တစ်စင်း၏ ဦးတည်ရာကို ပြောင်းလဲပစ်နိုင်ဖို့က ခက်ခဲလေသည်။
ထို့ပြင်… မြစ်တစ်စင်း၏ ဦးတည်ရာကို ပြောင်းလဲပစ်လိုက်မည်ဆိုလျှင် ပတ်ဝန်းကျင်တစ်ခုလုံး၏ အကျိုးသက်ရောက်မှုအားလုံး ပြောင်းလဲသွားမည်ဖြစ်သည်။
ပြောင်းလဲမှုတိုင်းသည် ပိုမိုကောင်းမွန်လာစေရန် ဖြစ်ချင်မှ ဖြစ်ပေလိမ့်မည်။ သို့သော်… အကောင်းနှင့် အဆိုးကတော့ ဒွန်တွဲလျှက် ရှိစမြဲပင် ဖြစ်၏။
သို့သော်… ယွမ်ချင်း သေခြင်းတရားကိုကျော်လွန်ပြီး ဆက်လက်ရှင်သန်နိုင်ပါမည်လား ဆိုသည်ကိုတော့ ဆန်းလျန် မဆုံးဖြတ်နိုင်ပေ။
လောလောဆယ်တွင် ဆန်းလျန်က သမိုင်းကာလသို့ရောက်ရှိနေခြင်း ဖြစ်သော်လည်း လက်ရှိကာလသည် ပစ္စုပ္ပန်ဟု ခေါ်ဆိုနိုင်ပြီး အနာဂတ်သည်လည်း အနာဂတ်ပင် ဖြစ်လာပေလိမ့်မည်။
အတိတ် ၊ အနာဂတ် ၊ ပစ္စုပ္ပန်အချိန်ခရီးကို ပြောင်းလဲလိုလျှင် ညီညွတ်မှုရှိရန်လည်း လိုအပ်လေသည်။
အရေးအကြီးဆုံးအချက်မှာ ဆန်းလျန်သည်လည်း အခြားတာအိုဆရာသခင်ကြီးများနည်းတူ သမိုင်းကို ပြောင်းလဲနိုင်သည့်စွမ်းရည် ရှိနေသည့်အချက်ပင် ဖြစ်သည်။
ဆန်းလျန်က ယွမ်ချင်း၏ နောက်ဆုံးကံကြမ္မာကိုတော့ နှိုက်နှိုက်ချွတ်ချွတ် အလုံးစုံ သိရှိနိုင်မည် မဟုတ်ပေ။ သို့သော်… ဆန်းလျန်က ယွမ်ချင်း၏ အနီးဆုံးအနာဂတ်နှင့်ပတ်သက်သည့် ဖြစ်နိုင်ချေများကိုတော့ သိမြင်နိုင်စွမ်း ရှိလေသည်။
မတူညီသည့်ရှုထောင့်ဖြင့်ကြည့်မည်ဆိုလျှင် တာအိုဆရာသခင်ကြီးများ၏ အတိတ် ၊ အနာဂတ် ၊ ပစ္စုပ္ပန်နှင့်ပတ်သက်သည့် နားလည်သိရှိခြင်းများကို ဆန်းလျန်က အဓိပ္ပါယ်အသစ် ဖွင့်ဆိုလိုက်သည်ဟု ဆိုနိုင်သည်။
ဤအချက်ကို ကျွမ်ကျိုးက သူ့ထက်ပင် စောစီးစွာ နားလည်ခဲ့သည် မဟုတ်ပါလား။
ဘဝက အကန့်အသတ်ရှိသော်လည်း အသိပညာက အကန့်အသတ်မရှိပေ။ ဘဝသည် အဆုံးသတ်ရှိသော်လည်း အသိပညာသည် အဆုံးသတ်မရှိပေ။
ထိုသို့ပင် ဘဝက အကန့်အသတ်ရှိပြီး သတင်းအချက်အလက်များက အကန့်အသတ်မရှိပေ။
အကန့်အသတ်ရှိသည့်ဘဝတစ်ခုသည် အကန့်အသတ်မရှိသည့် သတင်းအချက်အလက်များအားလုံးကို သိရှိရန်မှာ မဖြစ်နိုင်သည့်ကိစ္စဖြစ်သည်။
တာအိုဆရာသခင်ကြီးများကတော့ အကန့်အသတ်မရှိ အသက်ရှည်သူများဖြစ်ကြပြီး အကန့်အသတ်မရှိသည့် အသိဉာဏ်ပညာနှင့် သတင်းအချက်အလက်များကို အဆုံးမရှိ လိုက်လံရှာဖွေနေသူများ ဖြစ်ကြလေသည်။
ထို့ကြောင့် တာအိုဆရာသခင်ကြီးများ၏ နားလည်မှုသည် အတိတ် ၊ ပစ္စုပ္ပန် ၊ အနာဂတ်သာမက ပြောင်းလဲနေသည့် အသိဉာဏ်ပညာများနှင့် သတင်းအချက်အလက်များအားလုံးကို သိရှိနိုင်စွမ်း ရှိလေသည်။
သတင်းအချက်အလက်များနှင့် အသိဉာဏ်ပညာများကတော့ စဉ်ဆက်မပြတ် ဖြစ်ပေါ်ပြောင်းလဲနေဦးမည် ဖြစ်လေသည်။
အတိတ်သည် အတိအကျ သတ်မှတ်ထားပြီးသား ဆိုလျှင်တောင်မှ ဆန်းလျန်ကဲ့သို့လူမျိုး ထွက်ပေါ်လာမည်ဆိုလျှင် အတိအကျသတ်မှတ်ထားသည့်အတိတ်သည်ပင် မေးခွန်းထုတ်စရာ ဖြစ်လာပေလိမ့်မည်။
ထို့ကြောင့် အတိတ်နှင့်ပတ်သက်သည့် သမိုင်းအချက်အလက်များအားလုံးမှာ ပြီးပြည့်စုံသည်ဟု မဆိုသာပေ။ သမိုင်းထဲမှာပင် ကိုယ်မသိသေးသည့် အပြောင်းအလဲများ များစွာ ရှိနေနိုင်လေ၏။
သို့သော်လည်း… သမိုင်းထဲတွင်ပြောင်းလဲသွားသည့် အတိတ်အကြောင်းအရာများကိုတော့ တာအိုဆရာသခင်ကြီးများက သိရှိလေသည်။
ထို့ကြောင့်လည်း အနန္တတန်ခိုးရှင် တာအိုဆရာသခင်ကြိးများသည် အရာအားလုံးကို သိရှိထားသည့်တိုင် ပျင်းရိညည်းငွေ့ခြင်း မရှိကြဘဲ လောက၏ ပြောင်းလဲမှုများအားလုံးကို သိရှိနေကြခြင်း ဖြစ်သည်။
သတင်းအချက်များစွာကို သိမြင်လေ အသိပညာများလေဟု ဆိုနိုင်သည် မဟုတ်ပါလား။
ဆန်းလျန် အတွေးထဲတွင် နစ်မျောနေမိသည့်အချိန်က တိုတောင်းလွန်းလှသည်။
ခန်းမဆောင်ထဲတွင်တော့ အခြေအနေက တစ်မျိုးတစ်မည် ပြောင်းလဲလျှက် ရှိလေသည်။
စန်းရှောင်ကျီက ယွမ်ချင်းကို အဖြစ်အပျက်များကို ရှင်းပြနေပြီး မိန်းကလေးငယ်လေးကို တပည့်အဖြစ် လက်ခံခွင့်ရရှိရန် ကြိုးစားနေလေ၏။
ယွမ်ချင်းကလည်း မိန်းကလေးငယ်လေးကို အာရုံစိုက်မိလေသည်။
ယွမ်ချင်းက စန်းရှောင်ကျီထက် အမြင်စူးရှသူ ဖြစ်သည်။ သို့သော်… မိန်းကလေးငယ်လေးနှင့်ပတ်သက်ပြီး စန်းရှောင်ကျီသိမြင်သည်ထက် ပိုမိုသိမြင်နိုင်ခဲ့ခြင်း မရှိပေ။
မိန်းကလေးငယ်လေးက အလွန်တည်ငြိမ်အေးဆေးပြီး သူမအသက်အရွယ်နှင့်မလိုက်ဖက်သည့် ရင့်ကျက်မှုမျိုးကို ပိုင်ဆိုင်ထားကြောင်း ယွမ်ချင်း သတိပြုလိုက်မိသည်။
ကျင့်ကြံသူများသည် ခိုင်ကြည်သောစိတ်ထားနှင့် ဖြူစင်သောစိတ်နှလုံးရှိရန် လိုအပ်သည်။ ဖြူစင်သောစိတ်နှလုံးဟု ဆိုရာတွင် ကလေးတစ်ယောက်၏ စိတ်နှလုံးကဲ့သို့ ဖြူစင်ခြင်းဟု ပြောလေ့ရှိကြသည်။
ထို့ပြင်… လောကကြီးအကြောင်းကိုနားမလည်သေးဘဲ အဖြူထည်သက်သက် ကလေးငယ်တစ်ယောက်၏စိတ်ထားသည် တာအိုစိတ်ထားဖြင့်ပြည့်လျှက်ရှိသည်ဟုလည်း ဆိုလေ့ရှိကြလေသည်။
သို့သော်… နောက်ပိုင်း လောကကြီး၏ ရှုတ်ထွေးပွေလီမှုများဖြင့် အရောင်ဆိုးခံလိုက်ရသည့်အခါ ထိုတာအိုစိတ်ထားက သိသာထင်ရှားမှု သိပ်မရှိကြတော့ပေ။
ယခုခေတ်အချိန်အခါသည် သမိုင်းထဲမှ ရှေးကျသည့်အချိန်အခါဖြစ်သည့်အတွက် ကနဦးကျင့်ကြံသူများက လူ့လောကနှင့် ကင်းကွာစွာနေတတ်ကြသည့်အတွက် စိတ်ထားလည်းဖြူစင်သလို တန်ခိုးစွမ်းအားလည်း ပိုမို မြင့်မားကြလေသည်။
စိတ်ထားအပေါ်တွင်လိုက်ပြီး တာအိုတရားကို နားလည်သိရှိနိုင်ခြင်းအဆင့် ကွာခြားသွားတတ်သည်။
သို့သော်… တန်ခိုးစွမ်းအားမြင့်မားခြင်းက တာအိုတရားကို နားလည်သိရှိခြင်းနှင့် သက်ဆိုင်ခြင်းမရှိပေ။ ရလဒ်အားလုံးက အခြေအနေပေါ်တွင် မူတည်လေ၏။
လူသားများအနေဖြင့် အသက်ကြီးပြင်းလာသည်နှင့်အမျှ စိတ်နှလုံးက ညစ်နွမ်းလာကြလေရာ ကျင့်ကြံသူများနှင့် မတူညီကြတော့ပေ။
ထို့ကြောင့် တာအိုကျင့်ကြံသူများ၏ နှလုံးသားကတော့ ကလေးငယ်များ၏ နှလုံးသားအလား အပြစ်ကင်းစင်သင့်လေသည်။
နှလုံးသားက အပြစ်ကင်းစင်မျာ စိတ်ဆန္ဒက အပြစ်ကင်းစင်မည်ဖြစ်ပြီး စိတ်ဆန္ဒက အပြစ်ကင်းစင်မှ လုပ်ရပ်များကလည်း အပြစ်ကင်းစင်ကြမည် ဖြစ်သည်။
လူမှုရေးကိစ္စများ ၊ အတွေးများ ၊ စိတ်အာရုံပျံ့လွင့်မှုများကြောင့် ကျင့်ကြံသူများက သူတို့၏ ဆုံးဖြတ်ချက် ပျက်စီးသွားခြင်း မရှိကြပေ။
ယွမ်ချင်းက ကလေးမလေးကို တစ်ချက်ကြည့်လိုက်သည်နှင့် စန်းရှောင်ကျီနှင့်တူညီသည့် သဘောထားမှတ်ချက်ကို ချလိုက်မိသည်။
သူမသည် တာအိုကျင့်ကြံသူတစ်ယောက်ဖြစ်လာရန် မွေးဖွားလာသူ ဖြစ်သည်။
သူမ၏ စိတ်ဓာတ်တည်ငြိမ်မှုတစ်ခုတည်းဖြင့်ပင် နတ်ဘုရားတစ်ပါးဖြစ်သည်အထိ ကျင့်ကြံနိုင်မည့်သူ ဖြစ်ကြောင်း အကဲခတ်နိုင်သည်။
မိန်းကလေးငယ်သည် ငယ်စဉ်မှာပင် နတ်ဘုရားတစ်ပါးဖြစ်လာရန်အတွက် သတ်မှတ်ချက်ပါရမီရှိဟန် တူသည်။
ဖန်ဆင်းရှင်က တရားမျှတမှု မရှိဟုပင် ဆိုရလောက်အောင် မိန်းကလေးငယ်က ပါရမီပြည့်ဝသူ ဖြစ်သည်။ သို့သော်… ယွမ်ချင်းက သတ္တဝါအားလုံး တန်းတူဖြစ်ရမည်ဆိုသည့် သဘောတရားနောက်သို့ လိုက်ခဲ့သူ မဟုတ်ပေ။
တုန့်ရွှမ်ကျီနှင့် စကားပြောခဲ့ပြီးသည့်နောက် မကျော်လွှားနိုင်သောအခက်အခဲများကို ရင်ဆိုင်ရပြီး ကျော်ဖြတ်နိုင်ရန်ပင် မရေရာသည့် ခံစားချက်ကို ယွမ်ချင်း ခံစားနေခဲ့ရသည်။
လက်ရှိအချိန်တွင် ချင်းရွှမ်နတ်တံခါး၏ အောင်မြင်မှုနှင့်သြဇာအာဏာသည် သူ့တစ်ယောက်တည်းအပေါ်တွင်သာ ချည်နှောင်ထားလေသည်။ ဤသည်မှာ ကောင်းမွန်သည့်အချက် မဟုတ်ပေ။
ယွမ်ချင်းက ချင်းရွှမ်နတ်တံခါးကို ဦးဆောင်တည်ထောင်ခဲ့သူဖြစ်ပြီး သူမရှိသည့်နောက် ချင်းရွှမ်နတ်တံခါး ပျက်စီးရမည်ကို မလိုလားပေ။
ယခု မိန်းကလေးငယ်လေးရောက်လာခြင်းက သူ့အတွက် မျှော်လင့်ချက်ရောင်ခြည် တောက်ပလာစေသည်။ သူပြီးလျှင် ချင်းရွှမ်နတ်တံခါးတွင် နောက်ထပ် သူရဲကောင်းတစ်ယောက် ထွက်ပေါ်လာနိုင်ပြီး လောကကို ဆက်လက်လွှမ်းမိုးနိုင်မည် ဖြစ်လေသည်။
ယွမ်ချင်းအချိန်အကြာကြီး စဉ်းစားနေခဲ့လေသည်။
ထို့နောက် သူက စန်းရှောင်ကျီကို ပြောလိုက်လေသည်။
"ဒီကလေးက မင်းရဲ့တပည့်တော့ ဖြစ်လာမယ်မထင်ဘူး…"
ယွမ်ချင်း၏စကားကြောင့် စန်းရှောင်ကျီ အနည်းငယ် စိတ်ပျက်သွားလေသည်။
သူက ကလေးမလေးကို ပညာသင်ပေးရန် အစီအစဉ်များပင် ဆွဲပြီးပြီ ဖြစ်လေသည်။ သို့သော်… ယခုတော့ ယွမ်ချင်း၏ စကားတစ်ခွန်းဖြင့် အရာအားလုံး သဲထဲရေသွန် ဖြစ်သွားခဲ့ရပြီ ဖြစ်သည်။
စန်းရှောင်ကျီက မချိပြုံးတစ်ချက်ပြုံးရင်း…
"ဂိုဏ်းချုပ်က ဒီကလေးမလေးကို တပည့်အဖြစ် လက်ခံမလို့လား…"
ယွမ်ချင်းက ပြုံးလိုက်ပြီး…
"ဒီကလေးမလေးက တကယ့်ကျောက်စိမ်း အရိုင်းတုံးလေးလိုပဲ ၊ ကျုပ်တို့ သူ့ကို ကောင်းကောင်းပြုစုပျိုးထောင်ပေးဖို့ လိုအပ်တယ် ၊ စန်းရှောင်ကျီ… မင်းမှားနေတဲ့အချက်တစ်ချက်ကို ကျုပ်ထောက်ပြပေးမယ် ၊ မင်းရဲ့ မိုးကြိုးတန်ခိုးစွမ်းအားကို ကြည့်မယ်ဆိုရင် သိပ်ကို တန်ခိုးစွမ်းအားကြီးမားလွန်းပါတယ် ၊ ဒါပေမဲ့ အရေးကြီးတဲ့လိုအပ်ချက်တွေ အများကြီးရှိနေသေးတယ်…"
ယွမ်ချင်း၏ စကားလမ်းကြောင်းမှာ မိန်းကလေးငယ်လေးထံမှ သူ့ထံသို့ လှည့်လာလိမ့်မည်ဟု စန်းရှောင်ကျီထင်မထားခဲ့မိပေ။
စန်းရှောင်ကျီက…
"ဆရာဘိုးဘိုးယွမ်ချင်း လမ်းညွှန်ပေးဖို့ မျှော်လင့်ပါတယ်…"
ယွမ်ချင်းက…
"မင်းလည်းတောင်ပေါ်ရောက်တာ ကြာလှပြီပဲ ၊ မုန်တိုင်းတိုက်ခတ်ပြီးသွားရင် တောင်တစ်ခုလုံး လန်းဆန်းသွားတယ်လေ ၊ မြက်ပင်တွေ သစ်ပင်တွေအားလုံး စိမ်းလန်းသွားကြတယ် ၊ ပိုပြီးလတ်ဆတ်လာကြတယ် ၊ ဒါပေမဲ့ မင်းကျင့်ကြံနေတဲ့ မိုးကြိုးတန်ခိုးစွမ်းအားကတော့ အားလုံးကို မျိုးသုဉ်းသွားစေတဲ့ တန်ခိုးစွမ်းအားမျိုး ဖြစ်နေတယ်… ၊ သေခြင်းတရားကိုပဲ ဦးတည်နေပြီး ရှင်သန်ခြင်းကို မင်းမှာ နားလည်နိုင်စွမ်းမရှိဘူး ဖြစ်နေတယ်…"
ယွမ်ချင်း၏စကားကြောင့် စန်းရှောင်ကျီ တစ်ကိုယ်လုံးတုန်တုန်ယင်ယင် ဖြစ်သွားလေသည်။
ကြည့်ရသည်မှာ သူ့အယူအဆများ တစ်ချိန်လုံးမှားယွင်းနေခဲ့ဟန်တူသည်။
စန်းရှောင်ကျီကိုကြည့်ပြီး ယွမ်ချင်း သက်ပြင်းတစ်ချက် ချလိုက်မိလေသည်။
"တကယ်တော့ ဒီလိုကိစ္စမျိုးတွေက မင်းကိုယ်တိုင်နားလည်နေသင့်တဲ့ ကိစ္စတွေပဲ ၊ ဒါပေမဲ့ ကျုပ်မှာ အချိန်သိပ်မရှိတော့ဘူး ၊ မင်း နတ်ဘုရားတစ်ပါးဖြစ်သွားတာကို ကျုပ်ကိုယ်တိုင် တွေ့မြင်နိုင်မှာ မဟုတ်တော့ဘူး ၊ ဒါကြောင့် မင်းကို ဒီလို သင်ပြပေးရတာပဲ ၊ မင်း ကျုပ်ကို စိတ်ဆိုးမယ်ဆိုလည်း ကိစ္စမရှိပါဘူး ၊ ဒါပေမဲ့ ကျုပ်လည်း နည်းနည်းတော့ တကိုယ်ကောင်းဆန်ချင်မိတယ် ၊ မင်း မကြာခင် အမှားကိုနားလည်ပြီး ကျင့်ကြံခြင်းအဆင့် တက်ရောက်နိုင်ဖို့ ကျုပ်မျှော်လင့်မိတယ် ၊ ဒါဆိုရင် ချင်းရွှမ်နတ်တံခါးအတွက် အတော်လေး အထောက်အကူ ဖြစ်လိမ့်မယ်…"
စန်းရှောင်ကျီက မချိပြုံးတစ်ချက်ပြုံးလိုက်ရင်း…
"ဒါက အမှန်တရားပါပဲ ၊ ဆရာဘိုးဘိုးက နားလည်သင့်တဲ့အရာတွေကို သင်ပြပေးတာပါ ၊ ဒီတပည့်က တကယ့်ကို တုံးလွန်းပါတယ် ၊ ကျုပ် တောင်ပေါ်ပြန်ပြီး တံခါးပိတ်ကျင့်ကြံပါ့မယ် ၊ ကျင့်ကြံခြင်းအဆင့် မတက်ရောက်နိုင်ဘဲ ဆရာဘိုးဘိုးကိုလာပြီး မတွေ့ဆုံဝံ့တော့ပါဘူး ၊ ဒါပေမဲ့ အမှားကိုထောက်ပြတဲ့အတွက် ဆရာဘိုးဘိုးကို ဘယ်တော့မှ အပြစ်မြင်မှာ မဟုတ်ပါဘူး ၊ ဘာလို့လဲဆိုတော့ ဆရာဘိုးဘိုးသင်ပြပေးလို့ မျိုးစေ့ကောင်းကောင်းနဲ့ ကျင့်ကြံအောင်မြင်ခဲ့ရင် မိုးကောင်းကင်အစစ်ဆေးခံရမှုတွေကိုလည်း ကြံ့ကြံ့ခံနိုင်မှာ ဖြစ်ပါတယ်…"
စကားပြောပြီးနောက် စန်းရှောင်ကျီက မိန်းကလေးငယ်လေးကို ပြောစရာစကား မရှိတော့ဟန်ဖြင့် လှမ်းကြည့်လိုက်သည်။
အခြား တပည့် (၉)ယောက်မှာ ယွမ်ချင်းနှင့် စန်းရှောင်ကျီပြောနေကြသည့်စကားများကို နားမလည်ကြပေ။ သူတို့က ယခုမှ ချင်းရွှမ်နတ်တံခါးသို့ ဝင်ရောက်လာကြသူများဖြစ်သည့်အတွက် မည်သည့်အရာကိုမှ ရဲရဲတင်းတင်းပြုလုပ်ရဲခြင်းလည်း မရှိကြသေးပေ။
သူတို့က မျက်စိသူငယ် နားသူငယ်ဖြင့်သာ ပြောနေကြသည့်စကားများကို နားထောင်နေကြလေသည်။
သို့သော်… မိန်းကလေးငယ်လေးကတော့ ထိုသို့မဟုတ်ပေ။
သူမက စန်းရှောင်ကျီကို ကြည့်လိုက်ပြီး…
"ဦးလေးကြီး… ကျွန်မကို ပြောစရာတစ်ခုခုများ ရှိလို့လား…"
မိန်းကလေးငယ်၏ အမေးစကားကိုကြားသည့်အခါ စန်းရှောင်ကျီ၏စိတ်ထဲတွင် တစ်ချက်လှုပ်ရှားသွားလေသည်။
စန်းရှောင်ကျီက…
"ကြည့်ရတာ မင်းနဲ့ကျုပ်တော့ ရေစက်မပါတော့ဘူးထင်တယ် ၊ ဒါပေမဲ့ မင်းရဲ့ဇာစ်မြစ်ကို ကျုပ် မသိရသေးဘူး ၊ မင်းက မင်းကိုယ်မင်း ဘယ်ကလာမှန်းမသိဘူးလို့ ပြောတယ်လေ ၊ မင်းရဲ့နာမည်မေးတော့လည်း မင်းက မသိဘူးလို့ဖြေတယ် ၊ ဒီတော့ မင်းကို ကျုပ် နာမည်တစ်ခု ပေးမယ်ဆိုရင်ရော… ဘယ်လိုလဲ…"
သူက မိန်းကလေးငယ်ကို တပည့်အဖြစ်လက်မခံရသည့်တိုင် တစ်စုံတစ်ခု အမှတ်တရ ပြုလုပ်ပေးချင်မိသည်။
မိန်းကလေးငယ်လေးက…
"ကျွန်မမှာ နာမည်ရှိပြီးသားပါ…"
စန်းရှောင်ကျီ အံ့အားသင့်သွားပြီး…
"မင်း အရင်ကတော့ မပြောခဲ့ပါလား…"
မိန်းကလေးငယ်လေးက…
"အရင်က အရင်ကလေ ၊ အခုက အခုပေါ့ ၊ ကျွန်မနာမည်က လီချင်းဆွေလို့ခေါ်တယ် ၊ နောက်ကျ ဆုံဖြစ်ကျရင် အဲဒီနာမည်ခေါ်လို့ရပါတယ် ၊ ကျွန်မက ရေတွေကိုသဘောကျတယ်လေ ၊ ဒါကြောင့် ဒီနာမည်နဲ့ အဆင်ပြေပါတယ်…"
(ချင်းဆွေ = ကြည်လင်သည့်ရေဟု အဓိပ္ပါယ်ရ - ဘာသာပြန်သူ)
စန်းရှောင်ကျီက…
"နာမည်ကောင်းလေးပဲ ၊ မင်းနဲ့လည်းလိုက်ဖက်ပါတယ်…"
မိန်းကလေးငယ်ကတာ့ ဆန်းလျန်ကို စိတ်ထဲမှ စကားလှမ်းပြောလိုက်သည်။
"မင်းပေးတဲ့နာမည်ကို ကျွန်မ တကယ်သဘောကျတယ်…"
ဆန်းလျန် မည်သည့်စကားမှ မပြောဘဲ ပြုံးနေလိုက်လေသည်။
တကယ်တမ်းတော့ ထိုနာမည်က သူမ၏ နာမည်အရင်းပင် မဟုတ်ပါလား။
***