← Chapters

ကျီဖူတောင်ထိပ်မှခရမ်းရောင်အခိုးအငွေ့များ

Vol. 10 Ch. 999

ကျီဖူတောင်ထိပ်မှခရမ်းရောင်အခိုးအငွေ့များ

Vol. 10 Ch. 999

လီချင်းဆွေမှာ ဟန်ဆောင်လိမ်ညာတတ်သူမဟုတ်ကြောင်း ယွမ်ချင်း ရိပ်မိလိုက်သည်။

သို့သော်… အစကတော့ နာမည်မရှိပါဘဲ ယခုမှ အဘယ့်ကြောင့် ရုတ်တရက် နာမည်ရှိလာရပါသနည်းဟုတွေးမိပြီး သံသယအနည်းငယ်တော့ဝင်မိသည်။

အစက နာမည်မရှိဘူးဆိုလျှင် ယခု "လီချင်းဆွေ" ဆိုသည့်နာမည်က မည်သည့်နေရာက ရလာခဲ့ပါသနည်း။

ယွမ်ချင်းက လီချင်းဆွေ၏ အနာဂတ်ကို အကောင်းဆုံး မျှော်လင့်ထားသူ ဖြစ်လေသည်။ သို့သော်… သူမ၏ မူလဇာစ်မြစ်နှင့်ပတ်သက်ပြီး သံသယအနည်းငယ် ရှိနေခဲ့သည်။

ယွမ်ချင်းက အခြားတပည့်သစ်(၉)ယောက်ကို ချင်းရွှမ်ခန်းမဆောင်မှ ပြန်လွှတ်လိုက်လေသည်။ ချင်းရွှမ်ခန်းမဆောင်ထဲတွင် စန်းရှောင်ကျီနှင့် လီချင်းဆွေသာလျှင် ကျန်ရစ်ခဲ့ကြသည်။

ဆရာဘိုးဘိုးယွမ်ချင်းက လီချင်းဆွေကို အထူးအလေးပေးသည့် သတင်းသည် မကြာမီ တောင်ပေါ်မှ တပည့်များကြား ပျံ့နှံ့သွားမည်ဖြစ်သည်။

သို့သော်… ယွမ်ချင်းက လီချင်းဆွေကို အစကတည်းက အထူးအဆင့်အတန်းတစ်ခု ပေးချင်နေသူဖြစ်လေရာ ထိုအချက်ကို အရေးမစိုက်ပေ။

ချင်းရွှမ်ခန်းမဆောင်ထဲတွင် စန်းရှောင်ကျီနှင့် လီချင်းဆွေ (၂)ယောက်တည်းသာ ကျန်ခဲ့သည့်အချိန်ကျမှ ယွမ်ချင်းက လီချင်းဆွေကို မေးခွန်းထုတ်လိုက်သည်။

"မင်းရဲ့ နာမည်အသစ်က ဘယ်ကရတာလဲ ၊ မင်းကို တစ်ယောက်ယောက်ကများ ပေးထားတာလား…"

လီချင်းဆွေက မည်သည့်စကားမှ ပြန်လည်ပြောဆိုခြင်း မရှိပေ။

သူမစကားမပြောသည်မှာ အဖြစ်မှန်ကို မပြောလို၍ ဖြစ်ကြောင်း ယွမ်ချင်း ရိပ်မိလိုက်သည်။ လီချင်းဆွေ၏ အပြုအမူကြောင့် ယွမ်ချင်းက စိတ်ဆိုးဒေါသထွက်ခြင်းမရှိပေ။

ယွမ်ချင်းက…

"ဒီနှစ်တွေအတွင်း ချင်းရွှမ်နတ်တံခါးမှာ ဘယ်သူမှ မတွေ့မြင်နိုုင်တဲ့ ပုဂ္ဂိုလ်တစ်ယောက်ရှိနေတယ်ဆိုတာ ကျုပ် အမြဲတမ်းခံစားမိနေတယ် ၊ အခုတော့ ကျုပ် ပိုပြီးယုံကြည်သွားခဲ့ပြီ ၊ သက်သေမပြေနိုင်ပေမယ့် မင်းက အဲဒီပုဂ္ဂိုလ်နဲ့ ဆက်စပ်နေတယ်ဆိုတာ ကျုပ်သိတယ်…"

လီချင်းဆွေက…

"ဒါဖြင့် ကျွန်မကို တောင်ပေါ်က နှင်ထုတ်တော့မှာလား…"

ထိုသို့သော မေးခွန်းမျိုးမေးလိုက်သော်လည်း မိန်းကလေးငယ်၏ မျက်ဝန်းများထဲတွင် စိုးရိမ်ပူပန်ဟန် တစ်စက်လေးမှ မတွေ့ရပေ။

သူမပုံစံက မည်သည့်နေရာရောက်ရောက် အရေးမစိုက်ဟန် ဖြစ်သည်။ မေးခွန်းမေးလိုက်သည်က သူမ သိချင်စိတ်ဖြစ်မိသောကြောင့် ဖြစ်လေသည်။

ယွမ်ချင်းက…

"မောင်းမထုတ်ပါဘူး ၊ မင်း ဒီချင်းရွှမ်တောင်က တောင်ထွတ် (၅)ခုမှာ စိတ်တိုင်းကျ လွတ်လွတ်လပ်လပ်နေနိုင်ပါတယ် ၊ ကျုပ် ဂိုဏ်းထဲကလူတွေကို ဒီအကြောင်း ပြောပြပေးထားပါ့မယ်…"

ယွမ်ချင်းက လီချင်းဆွေကို အထူးအခွင့်အရေးပေးမည်ဆိုလျှင် အခြားတပည့်များက အဘယ့်ကြောင့် အထူးအခွင့်အရေး ပေးရသည်ကို သိချင်ကြပေလိမ့်မည်။

ထို့ကြောင့် တပည့်များကို အကြောင်းရင်း ပြောပြထားရန် ယွမ်ချင်းက ဆုံးဖြတ်ခြင်း ဖြစ်၏။

"ဟုတ်…"

လီချင်းဆွေက လက်ခံသည့်အနေဖြင့် ခေါင်းညိတ်လိုက်သည်။

လီချင်းဆွေကိုယ်တိုုင် အထူးအခွင့်အရေးရရှိခြင်းကို သံသယမရှိခဲ့ပေ။ သူမက ထိုအခွင့်အရေးရသင့်သည်ဟုပင် စဉ်းစားနေမိသေးသည်။

လီချင်းဆွေသည် ချင်းရွှမ်နတ်တံခါး၏ အနာဂတ်ဖြစ်လာလိမ့်မည်ဟု စန်းရှောင်ကျီလည်း ခံစားနေရလေသည်။

မိန်းကလေးငယ်လေးမှာ သူ၏တပည့်ဖြစ်မလာနိုင်တော့သည့်အတွက် အနည်းငယ် စိတ်မကောင်း ဖြစ်မိသော်လည်း ချင်းရွှမ်နတ်တံခါးအတွက် ဝမ်းမြောက်ပျော်ရွှင်မှုကို ပိုမိုခံစားရလေသည်။

ယွမ်ချင်းက…

"မင်း စာတတ်သလား…"

လီချင်းဆွေက…

"မသိဘူး…"

ယွမ်ချင်း အနည်းငယ် စိတ်ဝင်စားသွားသည်။

"စာတတ်သလား" ဟု မေးသည့်မေးခွန်းကို လီချင်းဆွေအနေဖြင့် "တတ်တယ်" နှင့် "မတတ်ဘူး" (၂)ခုသာလျှင် ဖြေစရာ အကြောင်းရှိသည်။

"မသိဘူး" ဟု ဖြေလိုက်သည့်အဖြေမှာ ယေဘူယျဖြစ်နိုင်ချေကို ကျော်လွန်နေသည်။ ထို့ပြင် အမှန်တရားနှင့်အနီးစပ်ဆုံး အဖြေတစ်ခုလည်း ဖြစ်နိုင်လေသည်။

ယွမ်ချင်း အကြံတစ်ခုရလိုက်ပြီး စုတ်တံတစ်ချောင်းယူကာ ကျောက်စိမ်းသင်ပုန်းတစ်ခုထက်တွင် တာအိုကျမ်းစာတစ်ပုဒ်ကို ရေးသားလိုက်သည်။

ထို့နောက် သူက ကျမ်းစာကို လက်ညှိုးညွှန်ပြလိုက်ပြီး…

"ဒီပေါ်မှာရေးထားတဲ့စာတွေကို နားလည်လား…"

လီချင်းဆွေက တာအိုကျမ်းစာကိုကြည့်လိုက်ပြီး ပါးစပ်မှ တစ်လုံးချင်း ရွတ်ဆိုပြလိုက်သည်။

လီချင်းဆွေ ရွတ်ဆိုပြသည့် စကားလုံးတိုင်းမှာ လုံးဝအမှားအယွင်းမရှိသည့်အတွက် ယွမ်ချင်း များစွာအံ့အားသင့်သွားရသည်။

ကျောက်စိမ်းသင်ပုန်းထက်တွင် ယွမ်ချင်း ရေးသားလိုက်သည့် တာအိုကျမ်းစာသည် လောကတွင် မည်သူမျှ မတွေ့မြင်ဖူးသေးသည့် ကျမ်းစာတစ်ခုဖြစ်လေသည်။

ယွမ်ချင်းက လီချင်းဆွေကို စမ်းသပ်ရန်အတွက် လက်တန်းရေးချလိုက်သည့် တာအိုကျမ်းစာဖြစ်သည်။

ယခုတော့ လီချင်းဆွေက ထိုကျမ်းစာကို အမှားမရှိ ရွတ်ဖတ်ပြနိုင်သည်ကို ကြည့်ခြင်းအားဖြင့် မည်သည့်စာလုံးကိုမှ ထပ်မံသင်ယူစရာမလိုတော့ကြောင်း သက်သေပြလျှက် ရှိသည်။

လီချင်းဆွေသည် အရာဝတ္ထုသွင်ပြင်များ၏ နောက်ကွယ်မှ အနှစ်သာရကို တိုက်ရိုက်သိမြင်နိုင်သည့် စွမ်းရည်ဖြင့် မွေးဖွားလာသူ ဖြစ်သည်။

ယွမ်ချင်းရေးသားခဲ့သည့် တာအိုကျမ်းစာကို ယခင်က မည်သူမှ တွေ့မြင်ခဲ့ဖူးခြင်း မရှိပေ။ သို့သော်… လီချင်းဆွေကတော့ စကားလုံးတစ်လုံးချင်း၏ အဓိပ္ပါယ်ကို နားလည်သဘောပေါက်လေသည်။

လီချင်းဆွေသာ သာမန်လူတစ်ယောက်ဆိုပါက ထိုကျမ်းစာကို နားလည်နိုင်မည် မဟုတ်ပေ။

လီချင်းဆွေက သူထင်သည့်အတိုင်း ဟုတ် မဟုတ် ထပ်မံအတည်ပြုရန် ယွမ်ချင်းက သူမကို မေးခွန်းထုတ်လိုက်သည်။

"ဒီစာတွေကို ဖတ်ပြီးနားလည်တာ မင်းကိုယ်တိုင်နားလည်တာလား…"

လီချင်းဆွေက ခေါင်းညိတ်ပြလိုက်လေသည်။

ယွမ်ချင်းသံသယမဝင်တော့သလို စိတ်ပူပန်ခြင်းလည်း မဖြစ်မိတော့ပေ။

ယခုမှ စတင်တွေ့ဆုံရသည့် ကလေးမလေးတစ်ယောက်ကို ယုံကြည်ရန်မှာ ခက်ခဲလှသည်။ သို့သော်… ယွမ်ချင်း နှစ်ပေါင်းများစွာ ကျင့်ကြံခဲ့သည့် တာအိုစိတ်အာရုံတွင် မိန်းကလေးငယ်လေးသည် စိတ်ရင်းမှန်သူဖြစ်ကြောင်း အလိုလို သိရှိနေခဲ့သည်။

ထို့ကြောင့်… မိန်းကလေးငယ်လေးနှင့်ပတ်သက်ပြီး သဘာဝအတိုင်း စိတ်အာရုံခံစားမှုကို ယုံကြည်ရန် ဆုံးဖြတ်လိုက်လေတော့သည်။

ယွမ်ချင်းက…

"ပွင့်ပွင့်လင်းလင်းပြောရရင် ကျုပ် မင်းကို သိပ်ပြီး သင်ပြပေးနိုင်မှာ မဟုတ်ဘူး ၊ ချင်းရွှမ်ရဲ့ တောင်ထွတ် (၅)ခုမှာ သွားရင်းလာရင်း ရလာတဲ့အတွေ့အကြုံတွေက မင်းကို အကောင်းဆုံး သင်ပြပေးပါလိမ့်မယ် ၊ သစ်ပင်တိုင်း ၊ ပန်းပွင့်တိုင်း ၊ သစ်ရွက်တိုင်းမှာ တာအိုတရားတွေကို တွေ့မြင်နိုင်တယ် ၊ တခြားသူတွေကတော့ အဲဒီအရာတွေကို လေ့လာပြီး တာအိုတရားကို သိမြင်နိုင်မှာ မဟုတ်ဘူး ၊ ဒါပေမဲ့ မင်းကတော့ သိမြင်နိုင်လိမ့်မယ်…"

ယွမ်ချင်း၏ စကားကို ကြားလိုက်သည်နှင့် ယွမ်ချင်းသည် သာမန်လူများတွင် ရှိရန်ခဲယဉ်းသည့် ထိုးထွင်းသိမြင်နိုင်စွမ်းရှိကြောင်း ဆန်းလျန် သိရှိလိုက်သည်။

ဆန်းလျန် ထိုက်ယီတောင်ထိပ်တွင် တရားဟောပြောစဉ်က ဟွမ်ချွမ်ကျီ၏ ကျင့်ကြံခြင်းအဆင့်က ယွမ်ချင်းထက် အနည်းငယ်သာသယောင်ရှိလေသည်။

သို့သော်… နှစ်ပေါင်းများစွာကြာလာပြီးသည့်နောက် ဟွမ်ချွမ်ကျီက တန်ခိုးစွမ်းအားအရာတွင် မြင့်မားသော်လည်း တာအိုတရားကိုနားလည်မှုတွင်တော့ ယွမ်ချင်းကို လုံး၀ မမီနိုင်ခဲ့ပေ။

လီချင်းဆွေက…

"ခုချိန်ထိတော့ ဆရာဘိုးဘိုးပြောတာတွေကို သိပ်ပြီး နားမလည်သေးဘူး ၊ ဒါပေမဲ့ ဒီချင်းရွှမ်တောင်ကို ကျွန်မ အရမ်းသဘောကျတယ် ၊ ဒီတော့ ဒီမှာ နေချင်စိတ်ဖြစ်မိပါတယ်…"

ယွမ်ချင်းက ပြုံးလိုက်ရင်း…

"ချင်းရွှမ်က မင်းကို စိတ်ပျက်စေမှာ မဟုတ်ပါဘူး…"

လီချင်းဆွေက…

"ဒါနဲ့ ညဘက်ဆို ကျွန်မ ဒီနေရာမှာ ညအိပ်လို့ရမလား…"

သူမအမေးကြောင့် ယွမ်ချင်း အံ့အားသင့်သွားလေသည်။

"ဘာလို့ ဒီနေရာမှာအိပ်ဖို့ တွေးရတာလဲ…"

လီချင်းဆွေက…

"အပြင်မှာ တောင်ပေါ်လေတွေတိုက်တော့ အရမ်းအေးတယ်လေ ၊ အဲဒါ နေရခက်တယ်…"

အမှန်တော့ သူမ စန်းရှောင်ကျီပေးသည့်ဆေးကိုစားပြီးနောက် နေမကောင်းဖျားနာခြင်း မဖြစ်နိုင်တော့ပေ။

သူမအနေဖြင့် တောင်ပေါ်လေ မည်မျှအေးပါစေ ခံနိုုင်ရည်ရှိနေမည် ဖြစ်သည်။

ယွမ်ချင်းက ပြုံးလိုက်ပြီး…

"မင်း ကျီဖူတောင်ထိပ်ကိုသွားနေတာ ပိုကောင်းလိမ့်မယ် ၊ အဲဒီမှာ ထိုက်ဝေ့ထိုင် ခန်းမဆောင် ရှိတယ် ၊ ဒါမှမဟုတ်လည်း မင်းကြိုက်တဲ့နေရာတစ်ခုရှာပြီး နေလို့ရပါတယ်…"

ထို့နောက် ယွမ်ချင်းက ကြွေပုလင်းလေးတစ်လုံးကို ထုတ်ယူလိုက်ပြီး…

"မင်း ဗိုက်ဆာရင် ဒီပုလင်းထဲက ဆေးလုံးတွေကို တစ်လုံးလောက်စားရင် အဆာပြေသွားလိမ့်မယ်…"

လီချင်းဆွေက မည်သည့်စကားမှ မပြောတော့ဘဲ ကြွေပုလင်းလေးကို လှမ်းယူလိုက်လေသည်။

အမှန်တော့ ဗိုက်ဆာသည်ဆိုသည့်အဓိပ္ပါယ်ကို သူမ နားမလည်ပေ။ အကြောင်းမှာ … သူမ တစ်ခါမှ မဆာလောင်ခဲ့ဖူးသောကြောင့် ဖြစ်လေ၏။

ယွမ်ချင်းက လီချင်းဆွေ၏ အပြုအမူများနှင့် အသားကျစပြုလာပြီ ဖြစ်လေရာ စကားအပိုမပြောတော့ဘဲ သူမကို ကျီဖူတောင်ထိပ်သို့ ခေါ်ဆောင်လာခဲ့လေသည်။

ကျီဖူတောင်ထိပ်သည် ထိုက်ယီတောင်ထိပ်ကဲ့သို့ပင် အသက်ဓာတ်စွမ်းအားများဖြင့် ပြည့်ဝသည့် နေရာတစ်ခု ဖြစ်သည်။ သို့သော်… ထိုက်ယီတောင်ထိပ်ထက်ပင် တာအိုအငွေ့အသက်များ ပိုမိုများပြားလေသည်။

ကျီဖူတောင်ထိပ်တွင် ခရမ်းရောင်အခိုးအငွေ့များဖြင့် ဖုံးလွှမ်းနေတတ်ပြီး ချင်းရွှမ်တောင်၏ ထောင်ထွတ် (၅)ခုတွင် မိုးမြေစွမ်းအားများကို စုပ်ယူပြီးကျင့်ကြံမှုပြုလုပ်ရန် အကောင်းဆုံး နေရာတစ်ခု ဖြစ်သည်။

သန့်စင်သည့် ခရမ်းရောင်အခိုးအငွေ့များက ကျင့်ကြံမှုပြုလုပ်ရာတွင် များစွာ အထောက်အကူ ပြုနိုင်သည်။

ယွမ်ချင်းက ထိုက်ဝေ့ထိုင်ခန်းမဆောင် သော့ထားရှိသည့်နေရာကို တန်ခိုးစွမ်းအားဖြင့် အရံအတား ပြုလုပ်ထားလေသည်။

ထိုသို့ပြုလုပ်မှသာ ထိုက်ဝေ့ထိုင်ခန်းမဆောင်တွင် မည်သည့်တပည့် လာရောက်လေ့လာသည်ကို လွယ်လွယ်ကူကူနှင့် သိရှိနိုင်မည် ဖြစ်သည်။

သို့သော်… ထိုက်ဝေ့ထိုင်ခန်းမဆောင်တွင် လာရောက်လေ့လာသည့်တပည့်က ခပ်ရှားရှား ဖြစ်လေသည်။

ယနေ့အချိန်ထိ ထိုက်ဝေ့ထိုင်ခန်းမဆောင်တွင် လာရောက်လေ့လာသည့် တပည့်များလည်း ရှားပါးသလို ကျီဖူတောင်ထိပ်မှ ခရမ်းရောင်အခိုးအငွေ့များကို အသုံးပြုကျင့်ကြံသူများလည်း မရှိသလောက်နည်းပါးလှ၏။

ယွမ်ချင်းကလည်း ကျီဖူတောင်ထိပ်တွင် လာရောက်ကျင့်ကြံကြရန် မည်သူ့ကိုမှ မတိုက်တွန်းခဲ့ပေ။ အကြောင်းမှာ ကျင့်ကြံရာတွင် လျှင်မြန်စွာတိုးတက်မှုကို ယွမ်ချင်းက ရှာဖွေသူ မဟုတ်ပေ။

တစ်ညတည်းဖြင့် တန်ခိုးစွမ်းအား တစ်ရှိန်ထိုးမြင့်မားလာအောင် ကျင့်ကြံခြင်းထက် ဝိညာဉ်စွမ်းအားကောင်းအောင် ဖြည်းဖြည်းမှန်မှန် ကျင့်ကြံခြင်ကို ယွမ်ချင်းက ပိုမိုသဘောကျသူ ဖြစ်သည်။

ထိုသို့ ကျင့်ကြံခြင်းက လက်တွေ့လည်း ကျလေသည်။ လောကတွင် တစ်ဟုန်ထိုးလျှင်မြန်သည့်နှုန်းဖြင့် ကျင့်ကြံနိုင်သူ အနည်းငယ်မျှသာ ရှိလေသည်။

အကြောင်းမှာ… ကျင့်ကြံသူအများစုက သာမန်လူသားများဘဝမှ စတင်ကျင့်ကြံရသူများဖြစ်သည် မဟုတ်ပါလား။

သို့သော်… ယွမ်ချင်းကတော့ လီချင်းဆွေအပေါ်တွင် အခြားသူများနှင့်မတူသည့် မျှော်လင့်ချက်ရှိလေသည်။

ထို့ကြောင့် သူက လီချင်းဆွေကို ချင်းရွှမ်နတ်တံခါးမှ အခြားသောတပည့်များအားလုံးထက် အခွင့်အရေးပိုမိုပေးအပ်ခဲ့ခြင်း ဖြစ်သည်။

……………

(၂)နှစ်ဆိုသောအချိန်သည် မျက်စိတစ်မှိတ်အတွင်း ကုန်ဆုံးသွားခဲ့လေသည်။

လီချင်းဆွေမှာ ကလေးမလေးမှ အနည်းငယ်အသက်ကြီးလာသည့် ကလေးမလေးအဖြစ်သို့ ပြောင်းလဲလာပြီ ဖြစ်သည်။

မပြောင်းလဲသည့်အချက်မှာ သူမသည် တောင်ပေါ်သို့ ရောက်စအချိန်ကအတိုင်း အေးစက်တည်ငြိမ်နေဆဲပင် ဖြစ်လေသည်။

သို့သော်… လီချင်းဆွေ၏ ကျင့်ကြံငြခ်း တိုးတက်လာမှုက ယွမ်ချင်းမျှော်လင့်ထားသည်ထက် ပိုမိုလေသည်။

အမှန်တော့ ထိုက်ဝေ့ထိုင်ခန်းမဆောင်သို့ ရောက်ရှိပြီး နောက်တစ်နေ့မှာပင် လီချင်းဆွေ၏ တန်ခိုးစွမ်းအားများ ချက်ချင်း မြင့်မားတိုးတက်လာခဲ့ခြင်း ဖြစ်သည်။

ထိုက်ဝေ့ထိုင်ခန်းမဆောင်မှ ကျမ်းစာများထဲတွင် သူမ ပထမဆုံး ကျင့်ကြံရန် ရွေးခြယ်လိုက်သည့် ကျမ်းစာမှာ "စန်းကျူကျင့်စဉ်ကျမ်း" ဖြစ်လေသည်။

ထိုကျမ်းစာမှာ တာအိုဆရာသခင်ထိုက်ယီ၏ တရားဟောပြောချက်များကို မှတ်သားပြီး ယွမ်ချင်းရေးသားပြုစုထားသည့် ကျမ်းတစ်စောင်ဖြစ်သည်။

စန်းကျူကျမ်းစာသည် အလွန်အဆင့်မြင့်သည့် ကျမ်းစာတစ်ခုတော့ မဟုတ်ပေ။ တန်ခိုးစွမ်းအားမပါဝင်ဘဲ သာမန် အတွင်းအားတိုးတက်ရန်သာ ကျင့်ကြံရသည့် ကျမ်းစာတစ်အုပ် ဖြစ်လေသည်။

သို့သော်… အရေးကြီးဆုံးအချက်မှာ စန်းကျူကျင့်စဉ်ကျမ်းသည် သာမန်လူသားများ စတင်ကျင့်ကြံသည့်အချိန်တွင် လေ့လာရန် အသင့်တော်ဆုံးဖြစ်ပြီး စိတ်ဝိညာဉ်တည်ငြိမ်ခြင်းနှင့် ရုပ်ခန္ဓာဖြောင့်မတ်ခြင်းတို့အတွက် အထောက်အကူ ပြုလေသည်။

လောကရှိ မည်သည့်ကျင့်စဉ်မဆို ထူးခြားသည့်ဂုဏ်သတ္တိကတော့ ရှိကြစမြဲပင် ဖြစ်သည်။

စန်းကျူကျင့်စဉ်ကျမ်းကတော့ သမာသမတ်ကျပြီး မည်သည့် တန်ခိုးစွမ်းအားဂုဏ်သတ္တိမှမရှိဘဲ ရိုးရှင်းသည့် ကျမ်းစာတစ်အုပ်ဖြစ်သည်။

ယွမ်ချင်းက စန်းကျူကျင့်စဉ်ကျမ်းကို တစ်ခါမှ မကျင့်ကြံခဲ့ဖူးသော်လည်း စန်းကျူကျင့်စဉ်ကျမ်း၏ ကောင်းကျိုးများကို အခြားသူများထက်ပို၍ နားလည်သူဖြစ်သည်။

ထို့ကြောင့် သူက လီချင်းဆေါ၏ ရွေးခြယ်မှုနှင့်ပတ်သက်ပြီး စိတ်ပျက်ခဲ့ခြင်း မရှိဘဲ အတော်လေး အကျိုးသင့်အကြောင်းသင့်ရှိသည်ဟု ခံစားခဲ့ရလေသည်။

သို့သော်… လီချင်းဆွေက သူ့ကို ထို့ထက်ပိုပြီး အံ့အားသင့်စရာအလုပ်များကို ပြုလုပ်ပြခဲ့လေတော့သည်။

***

All Chapters