အခန်း (၁၀၁-၁၀၂)
Vol. 11 Ch. 101-102
အခန်း ၁၀၁ - ရွှေရောင်အကြေးခွံများနှင့် ရွှေနွားဦးခေါင်း
"... ဆုကြေးတွေကတော့ ဘာမှမရှိပါဘူး..."
'ခင်ဗျားက အရမ်းသန်မာတဲ့ ဂုဏ်ထူးဆောင်ဆရာကြီး တစ်ယောက်လေ ဒုတိယတန်းစား ပညာရှင်တွေနဲ့ ထူးချွန်တဲ့ ပထမတန်းစား လူငယ်တွေ ယှဉ်ပြိုင်တဲ့ ပြိုင်ပွဲမှာ တကယ်ကြီး ဝင်နွှဲချင်နေတာလား။'
'ပြီးတော့ ဘယ်သူကများ ခင်ဗျားကို ယှဉ်တိုက်ရဲမှာလဲ။'
ချီလင်သားရဲကိုပဲ ထုတ်သုံးသုံး သားရဲဆင့်ခေါ်ခြင်း နဲ့ပဲ တိုက်တိုက်သူ၏ ခြေလှမ်းတစ်ရာ နတ်မင်းလက်သီး ကလည်း ကျွမ်းကျင်လွန်းလှရာ ဤနေရာရှိ ဂုဏ်ထူးဆောင်ဆရာကြီးများပင် လုပေါင်နှင့် လက်ရည်တပြိုင်တည်း မယှဉ်ချင်ကြချေ။
"ဆုကြေးမရှိရင်တော့ မတိုက်တော့ဘူး။မနက်စာ သွားစားတာကမှ ပိုကောင်းဦးမယ်။"
လုပေါင်သည်ဆုကြေးမရှိကြောင်း ကြားသည်နှင့် စိတ်ကုန်သွားကာ ချီလင်လေးကို ပွေ့လျက် မနက်စာ သွားစားလေတော့သည်။
ပညာရှင်အတော်များများမှာ စောစောနိုးနေကြပြီဖြစ်၏။လုပေါင်မှာ တိုက်ပွဲတစ်ခုတည်းဖြင့် နာမည်ကြီးသွားခဲ့ရာ သူနှင့် ချီလင်လေး မနက်စာ စားနေသည်ဟု ကြားသည်နှင့် ပညာရှင်အများအပြားမှာ သုံးယောက်တစ်စု ငါးယောက်တစ်စုဖြင့် ချီလင်သားရဲမှာ မည်သို့ရှိသည်ကို လာရောက်အကဲခတ်ကြသည်။
"တွေ့တယ်မလား တပည့်တွေကို ဒီလူနဲ့ တတ်နိုင်သမျှ ဝေးဝေးမှာနေကြ။ ဘယ်သူမဆို သူ့ကို ပြစ်မှားမိရင် ဂိုဏ်းကနေ ချက်ချင်း ထုတ်ပစ်မယ်။"
"တပည့်... ဂရုထဲမှာ ဓာတ်ပုံတွေရှိတယ်မလား။ငါတို့ရဲ့ ဂိုဏ်းထဲကအင်အားစုတွေဆီ ပို့ထားလိုက်။ဒီလူနဲ့တွေ့ရင် အလေးအမြတ်ထားပြီး ဆက်ဆံဖို့ လုံးဝ မစော်ကားမိစေဖို့ သေချာမှာလိုက်။ တစ်ယောက်ယောက်ကများ စော်ကားမိရင်တော့... ဟွန်းဟွန်း"
"ဂုဏ်ထူးဆောင်ဆရာကြီး လုပေါင်က အရမ်းငယ်တယ်လို့ ကြားတယ်။ငါတို့ဆီမှာ လေ့ကျင့်ပေးထားတဲ့ ဆရာမချောချောလေးတွေရှိတယ်မလား သူနဲ့ တွေ့လို့ရေအောင်ကြံစည်ကြ။"
"ဒါ... ဒါက ချီလင်သားရဲလား။ဒါက လုံးဝမတရားတာပဲ။"
"ဂုဏ်ထဆောင်ဆရာကြီးတွေတောင် ထွက်ပြေးရတဲ့ ချီလင်သားရဲက ဒါလေးလား။"
ယခုခေတ်တွင် တရုတ်ကိုယ်ခံပညာရှင်များ ဖြစ်စေ ရှေးဟောင်းကိုယ်ခံပညာ ဂိုဏ်းများကဖြစ်စေ ကျင့်ကြံခြင်းမှာ အရင်းအမြစ် အမြောက်အမြား လိုအပ်သောကြောင့် သာမန်လူသားများနှင့် ပေါင်းစည်းရန် လိုအပ်သည်။
ပိုက်ဆံရှိပါက အရာရာ အဆင်ပြေနိုင်သည် မဟုတ်ပါလား။
နဂါးကျားတောင် နတ်ဆရာကြီးပင်လျှင် နဂါးကျားတောင်ကို ကြော်ငြာရန် အကြီးစား စီးပွားရေးပွဲများတွင် မကြာခဏ ပေါ်လာတတ်၏။နဂါးကျားတောင်မှာ လည်ပတ်စရာ နေရာတစ်ခုဖြစ်ရာ လူများက အလှူငွေ ထည့်ဝင်ကြပါက နဂါးကျားတောင် တပည့်များကလည်း သူတို့ကို လေးလေးစားစားကူညီပေးကြသည်။
ဝိဇ္ဇာကျောင်းတော်မှာလည်း အလှူငွေများဖြင့်ပင် သန်မာလာခြင်းဖြစ်၏။
အရှေ့မြောက်ပိုင်းရှိ ဝိညာဉ်စောင့်ရှောက်သူ မိသားစုများမှာလည်း ဝိညာဉ်များနှင့် ပူးပေါင်းကာ ဒေသကို ကာကွယ်ပေးခြင်းဖြင့် သာမန်လူများ၏ ချစ်ခင်မှုကို ရရှိထားကြသည်။
ခေတ်သစ်လူ့အဖွဲ့အစည်းနှင့် မပေါင်းစည်းနိုင်သော ထူးထူးဆန်းဆန်း ဂိုဏ်းများဖြစ်သည့် အလောင်းကောင်မွေးမြူရေးဂိုဏ်းမြောင်ကျန်း အဆိပ်ဂိုဏ်း စသည်တို့မှာမူ တဖြည်းဖြည်း မှေးမှိန်ပျောက်ကွယ်နေကြပြီဖြစ်၏။
ဤလောကအကြောင်းကို မသိပါက သင်တွေ့ကြုံရမည့် ဆိုးသွမ်းသော သူဌေးသား လူငယ်လေးမှာ တရုတ်ကိုယ်ခံပညာရှင်တစ်ဦး ဖြစ်နိုင်သလို အေးအေးဆေးဆေး နေတတ်သော ဘီလီယံနာ စီးပွားရေးလုပ်ငန်းရှင်ကြီးမှာ နဂါးကျားတောင်၏ ပြင်ပတပည့်တစ်ဦး ဖြစ်နိုင်သည်ကို သိရှိမည်မဟုတ်ချေ။
လုပေါင်၏ ဓာတ်ပုံများမှာ လျင်မြန်စွာ ပျံ့နှံ့သွားခဲ့၏။
ဤလူငယ် ဂုဏ်ထူးဆောင်ဆရာကြီးမှာ အမှန်တကယ်တွင် တိုက်ရိုက်ထုတ်လွှင့်သူ တစ်ဦးဖြစ်ကြောင်း သူတို့ ချက်ချင်း သိလိုက်ရသည်။ဝံပုလွေများနှင့် အတူအိပ်ခြင်း၊ ကျားဂူထဲတွင် ပလွေမှုတ်ခြင်း၊ မျောက်ဖြူဂူထဲတွင် မျောက်ဘုရင်ကြီးကို ရိုက်နှက်ခြင်း၊ ပင်လယ်ကြမ်းပြင်တွင် ရတနာရှာခြင်း၊ မီးတောင်ထဲတွင် ရတနာရှာခြင်း... ကျင့်ကြံခြင်း အရင်းအမြစ်လေး ရရှိရန် ဤမျှ ကြိုးစားအားထုတ်နေသော ဂုဏ်ထူးဆောင်ဆရာကြီးမှာ အမှန်တကယ်ပင် စံနမူနာယူထိုက်သူဖြစ်သည်ဟု ဆိုရမည်။
ပေါင်ရှင်းကျီက ကျင့်ကြံရန် ထွက်သွားခဲ့ပြီဖြစ်သည်။ဖြူကြီး၊ ချင်ပိုင်လျဲ့နှင့် အခြားသူများမှာ လုပေါင်က ဖြူကြီးအား နှစ်ထောင်ချီ မီးဝိညာဉ်သီး နှစ်လုံး ပေးခဲ့သည်ကို သိထားကြသဖြင့် သူတို့အားလုံးလည်း မျောက်တစ်ကောင်လောက် ရှာပြီး မွေးမြူချင်စိတ်များ ပေါက်နေကြတော့၏။
နောင်တစ်ချိန်တွင် ထိုမျောက်က သူတို့ကို နှစ်ထောင်ချီ မီးဝိညာဉ်သီး ပြန်ပေးနိုင်မလား ဘယ်သူသိနိုင်မည်နည်း။
ရွှေတွေ ရောက်လာပြီဖြစ်၏။
ပထမဆုံး ရောက်လာသူမှာ ဗိုလ်ကြီးချန်ချုံးရှန်းဖြစ်ပြီး သေတ္တာအပြည့်ဖြင့် ဘဏ်မှ ရွှေတုံးများကို လုပေါင်ဆီသို့ယူဆောင်လာခဲ့၏။
"ပတ္တမြားတွေကို ရောင်းနေပါပြီ ဒါကတော့ပတ္တမြားအချို့ရောင်းပြီးဝယ်ထားတဲ့ရွှေအချို့ပါ။"
ချန်ချုံးရှန်းကကားတံခါးကို ဖွင့်ပြလိုက်ရာ ရွှေများဖြင့် ပြည့်နေသော သေတ္တာများကို မြင်လိုက်ရ၏။
"ဒီလောက်တောင် အများကြီးလား ဒါက ဈေးကွက်ကို ထိခိုက်မသွားနိုင်ဘူးလား။"
လုပေါင်အံ့သြသွား၏။ကမ္ဘာ့ရွှေလက်ကျန်မှာ အကန့်အသတ်ရှိရာ ရွှေတွေ အများကြီး ပျောက်ကွယ်သွားပါက ရွှေဈေးမှာ ထိုးတက်သွားနိုင်သည် မဟုတ်ပါလား။
ချန်ချုံးရှန်းက လုပေါင်၏ ဆိုလိုရင်းကို နားလည်သဖြင့် တိုးတိုးလေး ပြောလိုက်၏။
"အမှန်တော့ ရွှေပမာဏက ကောလာဟလတွေလို မနည်းပါဘူး။ကျွန်တော်တို့ တိုင်းပြည်မှာ တစ်နှစ်ကို အထွက်နှုန်း အလွန်များတဲ့ ရွှေတွင်းကြီးတွေ အများကြီး ရှိပါတယ်။ ဈေးကွက်ထဲက ပျောက်သွားသမျှကို ပြန်ဖြည့်လို့ ရပါတယ်။"
ရွှေဆိုသည်မှာ တန်ဖိုးမြဲသော ငွေကြေးဖြစ်သဖြင့် အကန့်အသတ်ရှိသည်တော့ မဟုတ်ချေ။
"ဒါဆိုရင်တော့ ကောင်းတာပေါ့။"
လုပေါင် ခေါင်းညိတ်လိုက်ပြီး
"ဒါဆိုရင်တော့ ကျွန်တော် လက်ခံလိုက်မယ်။ ကျွန်တော့်ဘက်က စမ်းသပ်မှုတွေ ပြီးတာနဲ့ ခင်ဗျားကို တိုက်ရိုက် ဆက်သွယ်လိုက်ပါ့မယ်။"
သူ ဆိုလိုသည်မှာ အကန့်အသတ် စစ်သည်တော်ခေါင်းဆောင် များကို ကူညီပေးမည့် သားရဲဆိုးလေးများ ဖန်တီးပေးရန်ပင် ဖြစ်၏။
ချန်ချုံးရှန်းက ထပ်ခါတလဲလဲ ကျေးဇူးတင်စကား ဆိုလိုက်၏။ရွှေနှင့် ဝိညာဉ်သီးများထက် စစ်သည်တော်ဘုရင်များကို ကူညီပေးနိုင်မည့် နားထောင်တတ်သော သားရဲဆိုးလေးများ ရှိလာရန်က ပို၍ အရေးကြီးသည် မဟုတ်ပါလား။
မွန်းတည့်ချိန်တွင် ဝိဇ္ဇာကျောင်းတော် ဆရာကြီးထံမှ ရွှေများလည်း ရောက်လာ၏ ၎င်းမှာ ရွှေကိုယ်ထည် တစ်ပိုင်း ဆင်းတုတော်ကြီးဖြစ်ပြီး အလေးချိန်မှာ သဘောတူထားသည်ထက် ပိုသည်မှာ သေချာသည်။
"အရည်အသွေးကတော့ တကယ်ကို ရင်နင့်စရာပဲ..."
လုပေါင်စစ်ဆေးကြည့်လိုက်ရာ ဤရွှေ၏ အရည်အသွေးမှာ ရွှေအစစ်လောက် မကောင်းသော်လည်းအဆင်ပြေသေးသည်ဟု ဆိုရမည်။
ဘုန်းကြီးအိုကြီးက ပြုံးကာ
"ဒါက အဆင်ပြေရဲ့လား။"
"ရပါတယ်။"
လုပေါင် မငြင်းလိုက်ချေ။ရွှေမျိုမည့် နွားဦးခေါင်း နှစ်ကောင်မှာ အစာစောင့်နေကြပြီဖြစ်၏။ယခုတစ်ကြိမ်တွင် သူတို့သည် ရွှေချပ်ဝတ်ကို အသက်သွင်းပြီး စစ်မှန်သော ရွှေချပ်ဝတ် နွားဦးခေါင်း အလောင်းကောင်ဘုရင်များ ဖြစ်လာလိမ့်မည်ဟု သူ မျှော်လင့်နေသည်။
ယခင်က အလောင်းကောင်များမှာမူ ချီလင်လေး၏ အသက်ရှူသံကြောင့် အရည်ပျော်သွားခဲ့ပြီဖြစ်၏။
တွင်းနက်ကြီးအတွင်း အနက်ရောင် မီးတောက်များ လောင်ကျွမ်းနေ၏။ရွှေရည်များမှာ နွားဦးခေါင်း အလောင်းကောင်ဘုရင် နှစ်ကောင်၏ မျိုချခြင်းကို ခံလိုက်ရပြီး သူတို့၏ ကိုယ်ပေါ်ရှိ ရွှေရောင်အလင်းများမှာ ပို၍ တောက်ပလာခဲ့၏။
ယခုတစ်ကြိမ် ရွှေပမာဏမှာ အလွန်များပြားသော်လည်း သူတို့ကမူ ဆာလောင်မွတ်သိပ်နေသော ပြိတ္တာများကဲ့သို့ပင်ဖြစ်နေ၏။
လုပေါင် တွေးမိသည်မှာ ဟူယန် ညီအစ်ကိုတို့သည် သူတို့ခိုးယူထားသော ရွှေများမှာ လုံလောက်ပြီဟု ထင်ခဲ့ကြပေလိမ့်မည်။ သို့သော် အမှန်တကယ်တွင်မူ ၎င်းမှာ ထင်သလောက် အထောက်အကူ မဖြစ်ခဲ့ခြင်းဖြစ်နိုင်၏။
ထိုကံဆိုးသူ နှစ်ယောက်မှာ တကယ်ကို သနားစရာကောင်းလှသည်ဟု ဆိုရမည်။
"ကပ် ကပ် ကပ်"
ထိုစဉ် လုပေါင်သည် တစ်ခုခု ကျိုးအက်သံကို ကြားလိုက်ရ၏။သူ သေချာကြည့်လိုက်ပြီးနောက် ဝမ်းသာအားရ ရယ်မောလိုက်တော့သည်။
"ဟားဟား... ကောင်းတယ် အရမ်းကောင်းတယ်။"
ရွှေချပ်ဝတ် အသက်သွင်းသည်ဆိုသည်မှာ ချပ်ဝတ်တန်ဆာ တစ်စုံ ဝတ်ဆင်လိုက်ခြင်းဟု သူ ထင်ခဲ့သော်လည်း အမှန်တကယ်တွင်မူ ထိုသို့ မဟုတ်ချေ။
နွားဦးခေါင်း အလောင်းကောင်ဘုရင် တစ်ကောင်၏ ကိုယ်ပေါ်တွင် လက်သည်းခွံခန့်ရှိသော လှပသည့် ရွှေရောင်အကြေးခွံများမှာ တစ်ခုပြီးတစ်ခု တောက်လျှောက် ပေါ်ထွက်လာခြင်းဖြစ်၏။
မကြာမီမှာပင် အခြားတစ်ကောင်တွင်လည်း ထိုသို့ ဖြစ်ပေါ်လာခဲ့သည်။
၎င်းမှာ ရွှေရောင်အကြေးခွံများ ဖြစ်နေခြင်းပင်။
ရွှေများမှာ ထက်ဝက်ကျော် ကျန်နေသေးသည်ကို မြင်သည့်အခါ လုပေါင်က လက်ဝှေ့ယမ်းကာ
"မျို... ဆက်မျို အကုန်မျိုပစ်လိုက်။"
အလောင်းကောင်မွေးမြူရေးဂိုဏ်း ဘာကြောင့် ဤမျှ ဆင်းရဲရသနည်းဆိုသည်ကို သူ နားလည်သွားပြီဖြစ်၏။အလောင်းကောင်ဘုရင်၏ ချပ်ဝတ်ကို ကျင့်ကြံရန် ဤမျှ ကုန်ကျစရိတ်ကြီးသည်ကို မည်သူ တတ်နိုင်ပါ့မည်နည်း။
သူတို့ ဆင်းရဲမနေလျှင်မှ ထူးဆန်းဦးမည်ဟု ဆိုရမည်။
"ဟင်..."
လုပေါင်ထိုအကြေးခွံများကို ကြည့်ရင်း တစ်ခုခု ထူးဆန်းနေသည်ကို ခံစားလိုက်ရ၏။အကြေးခွံပေါ်တွင် ချီလင်သားရဲ၏ ပုံစံမျိုး ဘာလို့ ပေါ်နေရတာလဲ။ချီလင်သားရဲ၏ ပုံစံမှာ အလွန်ပင် ထူးခြားသည် မဟုတ်ပါလား။
သူ ချီလင်လေးကို လှည့်ကြည့်လိုက်ရာ ချီလင်လေးမှာလည်း မျက်လုံးအဝိုင်းသားဖြင့် အံ့သြစွာ ကြည့်နေခဲ့သည်။
ရွှေများမှာ ဆက်လက် ပျောက်ကွယ်နေ၏။
ရွှေရောင်အကြေးခွံများမှာ အလောင်းကောင်ဘုရင် နှစ်ကောင်၏ တစ်ကိုယ်လုံးကို ဖုံးလွှမ်းသွားခဲ့ပြီး ကိုယ်ပေါ်ရှိ အစိမ်းရောင် အလောင်းကောင်အမွှေးအမျှင်များမှာလည်း ကျွတ်ကျသွားကုန်သည်။သုံးမီတာကျော် မြင့်မားသော ဧရာမ ပုံရိပ်ကြီး နှစ်ခုမှာ သူတို့၏ နောက်ဆုံး အသွင်ပြောင်းလဲမှုကို လုပ်ဆောင်နေကြပြီဖြစ်၏။
"ဒါကို ဘယ်သူက ယှဉ်နိုင်မှာတဲ့လဲ။"
လုပေါင်သည် တစ်မီတာခန့် ရှည်လျားပြီး ကွေးညွှတ်ကာ ထက်မြက်လှသော ရွှေနွားချိုများပေါ်တွင်လည်း အကြေးခွံလေးများ ပေါ်လာသည်ကို မြင်လိုက်ရ၏။၎င်းမှာ သူတို့၏ အဓိက လက်နက် ဖြစ်ပုံရသည်။
မမျှော်လင့်ဘဲ သူတို့၏ နောက်တွင် ရှည်လျားသော အမြီးများ ပေါက်လာပြီး ထိုအမြီးများတွင်လည်း ပို၍ သေးငယ်သော ရွှေရောင်အကြေးခွံများ ဖုံးလွှမ်းနေသည်ကို လုပေါင် မြင်လိုက်ရ၏။
နာရီဝက်ခန့် ကြာပြီးနောက် ရွှေများ အားလုံး ကုန်သွားခဲ့ပြီး လုပေါင်၏ ရှေ့တွင်မူ ချမ်းသာကြွယ်ဝမှု အရောင်များဖြင့် တောက်ပနေသော ရွှေရောင် နွားဦးခေါင်း အလောင်းကောင်ဘုရင် နှစ်ကောင် ရပ်နေလေတော့သည်။
အခန်း ၁၀၂ - တောရိုင်းကြွက်ဘုရင်
စီတန်းနေသော တောင်တန်းကြီးများကြားတွင် အဖြူရောင်ပုံရိပ်တစ်ခုမှာ မြေပြင်ပေါ်တွင် လျင်မြန်စွာ ပြေးလွှားနေ၏။
လုပေါင်သည် ရှေးဟောင်းပညာရှင်တစ်ဦး၏ ဂူသင်္ချိုင်းကို လေ့လာရန် ဂုဏ်ထူးဆောင်ဆရာကြီးများအုပ်စုနောက်သို့ မလိုက်သွားခဲ့ချေ။ သူ စိတ်မဝင်စားပါ။ ယခုအချိန်တွင် သူ၏စိတ်ထဲ၌ ရှိနေသည်မှာ ရှန်းရှီး ရှိ အလောင်းကောင်ချိုင့်ဝှမ်းဖြစ်ပြီး ယခုတစ်ကြိမ်တွင် မည်သည့်ဆုလာဘ်များ ရရှိမည်နည်းဟု တွေးတောနေခြင်းသာ ဖြစ်သည်။
“အဝူး...”
ချီလင်လေးသည် တစ်ကိုယ်လုံးကို ဆန့်ထုတ်လိုက်ပြီးနောက် သူ၏ရင်ခွင်ထဲရှိ မီးခိုးရောင် ကြွက်ဘုရင်လေးကို အသည်းအသန် လေ့လာနေသော လုပေါင်ကို ခွာလေးဖြင့် တစ်ချက် တို့လိုက်၏။
“ဘာဖြစ်လို့လဲ။ဗိုက်ဆာလို့လား။းရပ်လိုက်တော့။”
လုပေါင်သည် အသွင်ပြောင်းကျားကြီးကို ပုတ်ကာ အချက်ပြလိုက်၏။သူသည် ချီလင်လေးကို ကောင်းကောင်း ပြုစုရဦးမည်ဖြစ်၏။ မဟုတ်ပါက ၎င်းက အမှတ်မထင် မီးမှုတ်လိုက်၍ ဒေသခံ သစ်တောများကို လောင်ကျွမ်းသွားစေလျှင် ဒုက္ခလှလှတွေ့ပေလိမ့်မည်။
အသွင်ပြောင်းကျားသည် ရပ်တန့်သွားပြီး လုပေါင်ကို လှည့်ကြည့်လိုက်၏။
နှစ်နာရီဆက်တိုက် အရှိန်ပြင်းပြင်း ပြေးလာခဲ့သော်လည်း ၎င်းမှာ လုံးဝ မမောပန်းသေးချေ။ထို့ကြောင့် ဘာလို့ ရပ်ခိုင်းရသလဲဆိုသည်ကို ဇဝေဇဝါ ဖြစ်နေသည့်ပုံပင်။
လုပေါင်သည် အသွင်ပြောင်းကျားပေါ်မှ ခုန်ဆင်းလိုက်ပြီး ကြွက်ဘုရင်ကို မြေပြင်ပေါ်တွင် ချထားလိုက်ကာ ချီလင်လေးကို ဥက္ကာခဲအစအနတစ်ခု ကျွေးလိုက်၏။
မြေပြင်ပေါ်တွင် ရိုသေစွာ ဝပ်နေသော ကြွက်ဘုရင်ကို ကြည့်ရင်း လုပေါင်၏ ခေါင်းထဲတွင် အကြံတစ်ခု ရုတ်တရက် ပေါ်လာခဲ့သည်။
“မီးခိုးလေး ... မင်း တခြားကြွက်တွေကို ဆင့်ခေါ်လို့ ရမလား။”
လုပေါင်သည် ကြွက်ဘုရင်၏ ခေါင်းလေးကို ပွတ်သပ်ပေးလိုက်၏။ပုံမှန်အားဖြင့် ကြွက်ဘုရင်များမှာ သာမန်ကြွက်များကို ခေါ်ယူနိုင်စွမ်း ရှိကြသည်။အကယ်၍ ၎င်းက ကြွက်အုပ်ကြီးကို ခေါ်ပေးနိုင်လျှင် သူသည် ထိုအကောင်အားလုံးကို တွင်းနက်ကြီး ထဲသို့ ခေါ်သွား၍ ရသည်မဟုတ်ပါလား။
“ကျိကျိ...”
ကြွက်ဘုရင်သည် လုပေါင်ကို ကြည့်ကာ ခဏမျှ စဉ်းစားပြီးနောက် အလေးအနက် ခေါင်းညိတ်ပြလိုက်၏။
လုပေါင်၏ အကြည့်အောက်တွင် မီးခိုးလေးသည် နောက်ခြေနှစ်ဖက်ဖြင့် ဖြည်းဖြည်းချင်း မတ်တပ်ရပ်လိုက်ပြီး သူ၏ခေါင်းကို အပေါ်သို့ မော့လိုက်၏။
“ကျိ...............”
စူးရှသော အသံတစ်ခု ကြွက်ဘုရင်၏ ပါးစပ်မှ ထွက်ပေါ်လာ၏။တစ်ချိန်တည်းမှာပင် ထိုအသံမှာ ကြွက်ဘုရင်ကို ဗဟိုပြု၍ လှိုင်းလုံးများကဲ့သို့ အရပ်မျက်နှာအနှံ့သို့ ပျံ့နှံ့သွားလေတော့သည်။
ဆင့်ခေါ်ခြင်းပင်ဖြစ်သည်။
လုပေါင်သည် မျှော်လင့်ချက်အပြည့်ဖြင့် ဘေးဘီကို အမြန်ကြည့်လိုက်၏။
ကြွက်ဘုရင်၏ ခေါ်သံ။
တောရိုင်းတောင်ကြွက်တစ်ကောင်မှာ အိပ်ပျော်နေစဉ် ထိုအသံကြောင့် လန့်နိုးသွား၏။၎င်းသည် သူ၏တွင်းထဲမှ အသည်းအသန် ပြေးထွက်လာပြီး ဘေးဘီကိုပင် မကြည့်တော့ဘဲ ကြွက်ဘုရင်ရှိရာ အရပ်သို့ ဦးတည်ပြေးလာတော့သည်။
တောရိုင်းတောင်ကြွက်များမှာ တစ်ကောင်ပြီးတစ်ကောင် ပေါ်လာတော့၏။တောင်ကြွက်လေးများပင် ပါဝင်သည်။အကြီးရော အငယ်ပါ ရူးသွပ်နေကြသကဲ့သို့ အဆက်မပြတ် ပြေးဝင်လာကြသည်။
လုပေါင် အလွန်ဝမ်းသာသွား၏။
‘တကယ်ကြီးအလုပ်ဖြစ်တာပဲ။’
“တွင်းနက်ထဲကို ဝင်ခိုင်းလိုက်။”
လုပေါင်သည် ကြွက်ဘုရင်ကို အော်ပြောလိုက်ပြီး တွင်းနက်ကို တိုက်ရိုက် ဖွင့်လိုက်၏။သူသည် အစွမ်းထက်သော ကြွက်စစ်တပ်ကြီးကို ကျင့်ကြံမွေးမြူနိုင်တော့မည်။၎င်းမှာ မီးပုရွက်ဆိတ်နီတပ်သားများထက်ပင် ပို၍ ရက်စက်ကြမ်းကြုတ်ပေလိမ့်မည်။
ကြွက်ဘုရင်သည် အမိန့်အသစ်တစ်ခု ထုတ်ပြန်လိုက်ပြီး တွင်းနက်ဝင်ပေါက်ရှေ့တွင် မလှုပ်မယှက် ရပ်နေ၏။တောင်ကြွက်ကြီးတစ်ကောင်မှာ ပထမဆုံး ရောက်လာပြီး မည်သို့မျှ တွန့်ဆုတ်ခြင်းမရှိဘဲ စိတ်လှုပ်ရှားစွာဖြင့် တွင်းနက်ထဲသို့ ခုန်ဝင်သွား၏။
တစ်ချိန်တည်းမှာပင် ကြွက်မျိုးနွယ်များမှာ ပို၍ ပို၍ ပေါ်လာတော့၏။တောရိုင်းတောင်ကြွက်များ၊ ဝါးကြွက် များမှာ အကြီးရော အငယ်ပါ အုပ်စုလိုက် ပြေးတက်လာကြပြီး သတ္တိအပြည့်ဖြင့် ရှေ့သို့ အသည်းအသန် ပြေးဝင်သွားကြတော့သည်။
ကြွက်ဘုရင်၏ တည်ရှိမှုမှာ ထူးခြားလှ၏။ မီးခိုးလေး၏ တစ်ချက်တည်းသော ဆင့်ခေါ်မှုမှာ ကြွက်ဒီရေလှိုင်းအငယ်စားလေးတစ်ခုကို ဖြစ်ပေါ်စေခဲ့သည်။အနည်းဆုံး တောင်ကြွက်နှင့် ဝါးကြွက်ပေါင်း တစ်သောင်းခန့်မှာ အပြေးအလွှား ရောက်ရှိလာကြပြီး တွင်းနက်ထဲသို့ အဆက်မပြတ် ပျောက်ကွယ်သွားကြတော့သည်။
“ဒါက သိပ်လွယ်လွန်းတာပဲ။”
လုပေါင်သည် အလွန်အမင်း အံ့သြစွာဖြင့် ကြည့်နေမိ၏။ဤသို့ဆိုလျှင် သူသည် အစွမ်းထက်သော ကြွက်စစ်တပ်ကြီးကို ပိုင်ဆိုင်နိုင်တော့မည် မဟုတ်ပါလား။
အရေအတွက် လုံလောက်လျှင် သူသည် ကြွက်ဒီရေလှိုင်းကြီးကို တိုက်ရိုက် စတင်နိုင်လိမ့်မည်။
ထို့အပြင် တွင်းနက်ဟင်းလင်းပြင်အတွင်း၌ တောင်ကြွက်များဖြစ်စေ ဝါးကြွက်များဖြစ်စေ မျိုးဗီဇပြောင်းလဲခြင်း သို့မဟုတ် ဆင့်ကဲပြောင်းလဲခြင်းများ ဖြစ်ပေါ်လာလိမ့်မည်။ တွင်းနက်၏ သဘာဝမှာ ထူးခြားလှသည် မဟုတ်ပါလား။
အကယ်၍ သူ၏လက်ထဲတွင် သားရဲဆိုးကြွက်တစ်သိန်းလောက် ရှိလာရင်ရော။
တစ်သန်းဆိုရင်ကော။
တစ်ကုဋေဆိုရင်တောင်...
လုပေါင်မှာစမ်းကြည့်ချင်စိတ်များ တဖွားဖွား ပေါ်လာတော့သည်။အစွမ်းထက် ကြွက်စစ်တပ်ကြီးကို ထိန်းချုပ်နိုင်ရခြင်းမှာ မီးပုရွက်ဆိတ်နီများကို ထိန်းချုပ်ရသည်ထက် ပို၍ စိတ်လှုပ်ရှားစရာ ကောင်းပေလိမ့်မည်။
“ကျိကျိ ကျိကျိ”
“ကျိ...”
“ကျိ...”
ကြွက်များ၏အော်သံများမှာ ဆူညံနေပြီး သူတို့သည် တစ်ကောင်ပြီးတစ်ကောင် တွင်းနက်ထဲသို့ ပြေးဝင်သွားကြ၏။ကြွက်ဘုရင်၏ ခေါ်သံအောက်တွင် သူတို့သည် ခဏမျှပင် မတွန့်ဆုတ်ကြချေ။ကြွက်မျိုးနွယ်များမှာ အမှန်တကယ်တွင် အမိန့်အနာခံဆုံးသော မျိုးစိတ်များ ဖြစ်သည်ဟု ဆိုရမည်။
နောက်ဆုံး ကြွက်လေးအနည်းငယ် တွင်းနက်ထဲသို့ ဝင်သွားသည့်အခါ လုပေါင်သည်လည်း လှည့်၍တွင်းနက် ထဲသို့ ဝင်လိုက်၏။
ယခုအချိန်တွင် တွင်းနက်ထဲ၌ ဝါးကြွက်များနှင့် တောင်ကြွက်အုပ်ကြီးမှာ သေဆုံးနေသော မီးပုရွက်ဆိတ် အသေကောင်များကို မျိုချနေကြ၏။ကိုက်စားသံများမှာ နေရာအနှံ့ ကြားနေရသည်။သေဆုံးနေသော မီးပုရွက်ဆိတ်များမှာ အလွန်ပင် များပြားလှရာ ၎င်းတို့သည် ကြွက်များအတွက် မလွန်ဆန်နိုင်သော ဆွဲဆောင်မှုတစ်ခု ဖြစ်နေခြင်းပင်။
နီနီလေး မှာ ထိုမြင်ကွင်းကို ကြည့်နေရင်းမှ လုပေါင် ဝင်လာသည်ကို မြင်သည့်အခါ အမြန် ပြေးလာခဲ့၏။
“သားကြီး... မင်း စိတ်မဆိုးဘူးမလား။”
လုပေါင်သည် နီနီလေးကို မချီကာ ပွတ်သပ်ပေးလိုက်၏။ဘာပဲဖြစ်ဖြစ် သေဆုံးသွားသော မီးပုရွက်ဆိတ် အလောင်းတွေကို ကြွက်တွေကို ကျွေးလိုက်တာက နီနီလေးအတွက် စိတ်မသက်မသာ ဖြစ်စရာ တစ်ခုခု ဖြစ်နေမလားဟု သူ တွေးမိသောကြောင့်ပင်။
သူ အပိုတွေ တွေးနေခြင်းသာ ဖြစ်၏။နီနီလေးက လုံးဝ ဂရုမစိုက်ပါ။ပုရွက်ဆိတ်မျိုးနွယ်များ၏ ရှင်သန်မှုစနစ်မှာ အလွန်တင်းကျပ်လှ၏။
“မလုံလောက်သေးဘူး။”
လုပေါင် အပြင်သို့ ပြန်ထွက်လာခဲ့၏။ သူ၏ ရည်မှန်းချက်မှာ သားရဲဆိုးကြွက် တစ်သိန်းရှိသော စစ်တပ်ကြီးကို ပိုင်ဆိုင်နိုင်ရန်ဖြစ်၏။
အကယ်၍ ဤသားရဲဆိုးကြွက်လေးများသည် ရဲခွေးများ၏ နေရာတွင် အစားထိုးကာ ရဲတပ်ဖွဲ့နှင့် စစ်သားများကို တာဝန်ထမ်းဆောင်ရာတွင် ကူညီပေးနိုင်လျှင် မည်မျှတောင် တုန်လှုပ်စရာ ကောင်းလိုက်မလဲ။သူတို့အတွက် အခက်အခဲတွေကို ဘယ်လောက်တောင် လျှော့ချပေးနိုင်မလဲ။ဘယ်လို ထူးခြားတဲ့ ရလဒ်တွေ ထွက်လာမလဲ။
သားရဲဆိုး အဆင့်ရှိသော အကောင်လေးများမှာ အလွန်ပင် ရက်စက်ကြမ်းကြုတ်လှသည် မဟုတ်ပါလား။
လက်ရှိတွင် မီးပုရွက်ဆိတ်နီများမှာ မျိုးမပွားတော့ဘဲ နေ့စဉ်နှင့်အမျှ အမြောက်အမြား သေဆုံးနေကြသည်။လောလောဆယ်တွင် ထိုအရာမှာ များပြားလှသော မီးပုရွက်ဆိတ်နီ အရေအတွက် အတွက် အရေးမကြီးလှသော်လည်း တွင်းနက်၏ ကြမ်းပြင်ပေါ်တွင် ပုရွက်ဆိတ် အသေကောင်များ အထပ်လိုက် ဖြစ်စေခဲ့သည်။
ယခုအခါ ကြွက်အုပ်များက ၎င်းတို့ကို စားသုံးခြင်းကို နှစ်သက်ကြရာ တွင်းနက်ကို သန့်ရှင်းပေးရာ ရောက်ရုံတင်မကဘဲ မယှဉ်နိုင်သော ကြွက်ဒီရေလှိုင်း စစ်တပ်ကြီးကို ဖန်တီးရန်အတွက်လည်း အသုံးဝင်နေသည်။ လုပေါင် မည်သို့ မနှစ်သက်ဘဲ နေနိုင်မည်နည်း။
နေရာပြောင်းပြီး ဆက်လက် ဆင့်ခေါ်ရမည်။
“အဝူး...”
ချီလင်လေးမှာ ပြန်အိပ်ချင်နေပြီဖြစ်ရာ လုပေါင်က ၎င်းကို တွင်းနက်ထဲသို့ ပြန်ပို့လိုက်၏။ဤအကောင်လေးမှာ မကြာခဏ အိပ်တတ်၏။နိုးလာခါစတွင် အနည်းငယ် စိတ်တိုတတ်သော်လည်း ယခုအခါ လုပေါင်က ကောင်းကောင်း ကိုင်တွယ်ထားသဖြင့် စိတ်တိုတတ်သည့် အကျင့်မှာ မရှိသလောက်ပင် ဖြစ်သွားပြီ ဖြစ်သည်။
မြွေဟောက်နက်ကြီး ၏ ခန္ဓာကိုယ်မှာ ကြယ်ပြည့်နေသော ကောင်းကင်ယံကဲ့သို့ တောက်ပနေ၏။နှစ်ထောင်ချီ မီးဝိညာဉ်သီးသည် ဤရှေးဟောင်းသတ္တဝါကြီးအပေါ် အသွင်ကူးပြောင်းမှု အသစ်တစ်ခုကို ဆောင်ကြဉ်းပေးနေခြင်းပင်။
လမ်းတစ်လျှောက် ကြွက်အုပ်များကို စုဆောင်းရခြင်းကြောင့် ကြွက်ဘုရင် ရှောင်ဟွေ့ မှာ အလုပ်များနေ၏။ သို့သော် ၎င်းသည် သိသိသာသာ ပျော်ရွှင်နေပြီး လုပေါင်၏ ခြေထောက်ကိုပင် ဆွဲကပ်ကာ ပျော်ရွှင်စွာ အော်မြည်နေခဲ့သည်။
“ထူးဆန်းတယ်... ဘာလို့ ဒီမှာ ကြွက်တွေ ဒီလောက်နည်းနေရတာလဲ။”
တစ်နာရီခန့် ကြာပြီးနောက် တောင်တန်းတစ်ခုအတွင်း၌ ကြွက်ဘုရင်မှာ ယခုတစ်ကြိမ်တွင် တောင်ကြွက် အနည်းငယ်ကိုသာ ဆင့်ခေါ်နိုင်သည်ကို တွေ့လိုက်ရသဖြင့် လုပေါင် အံ့သြသွား၏။ဒါက မဖြစ်နိုင်တာပဲ။ လမ်းတစ်လျှောက်မှာ အနည်းဆုံး တစ်ထောင်လောက်တော့ ရှိသင့်သည် မဟုတ်ပါလား။
သူတို့ ပိုမို နက်ရှိုင်းစွာ ဝင်သွားသည့်အခါ ကြွက်ဘုရင်၏ နောက်ထပ် ဆင့်ခေါ်မှုမှာ ပိန်လှီနေသော တောင်ကြွက်လေး တစ်ကောင်တည်းကိုသာ ခေါ်ယူနိုင်တော့သည်။၎င်းမှာ ဖျားနာနေသည့်ပုံစံဖြင့် တွင်းနက်ထဲသို့ အသည်းအသန် တွားသွားနေခဲ့၏။
“ကောင်လေး... မင်းရဲ့ ကံကြမ္မာကို ပြောင်းလဲဖို့ အခွင့်အရေး ရောက်လာပြီ။ ကံကောင်းပါစေ။”
လုပေါင်သည်ထိုသနားစရာကောင်းသော တောင်ကြွက်လေးကို ကြည့်ကာ နှစ်သိမ့်ပေးလိုက်၏။အကယ်၍ ၎င်းသာ ရောက်မလာခဲ့လျှင် ရက်အနည်းငယ်ထက် ပို၍ အသက်ရှင်နိုင်မည် မဟုတ်ချေ။
သူ ကြွက်ဘုရင်ကို ကြည့်လိုက်သည့်အခါ ကြွက်ဘုရင်၏ အမွှေးအမျှင်များမှာ ထောင်မတ်နေသည်ကို လုပေါင် ရုတ်တရက် သတိပြုမိလိုက်၏။၎င်း၏ အကြည့်မှာ စူးရှနေပြီး နားရွက်များမှာလည်း တစ်စုံတစ်ရာသော အချက်ပြမှုကို ပေးပို့နေသကဲ့သို့ တုန်ခါနေခဲ့သည်။
တစ်ခုခုကို ရှာတွေ့လိုက်တာလား။
လုပေါင် ထိတ်လန့်သွားပြီး အကြံတစ်ခု ချက်ချင်း ပေါ်လာခဲ့၏။
‘ဒါက... တောရိုင်းကြွက်ဘုရင်တစ်ကောင်ကိုရှာတွေ့တာလား။’
ဤနေရာတွင် သားရဲဆိုး အဆင့်ရှိသော ကြွက်ဘုရင်တစ်ကောင် ရှိနေပေလိမ့်မည်။ ထို့ကြောင့်လည်း အနီးနားရှိ ကြွက်များမှာ ရှောင်ဟွေ့၏ ဆင့်ခေါ်မှုကို နားမထောင်ကြခြင်းဖြစ်၏။ဤတောင်တန်းများတွင် ကြွက်မရှိရန်မှာ မဖြစ်နိုင်သည် မဟုတ်ပါလား။
ရှောင်ဟွေ့၏ အမူအရာမှာ အနည်းငယ် ရက်စက်ကြမ်းကြုတ်လာသည်ကို မြင်သည့်အခါ ကြွက်ဘုရင်များကြား တိုက်ပွဲတစ်ခု စတင်တော့မည်ဖြစ်ကြောင်း လုပေါင် နားလည်လိုက်၏။
သူသည် ရှောင်ဟွေ့၏ အကြည့်နောက်သို့ လိုက်၍ အဝေးသို့ လှမ်းကြည့်လိုက်၏။ မျောက်သိုင်းပညာကို ကျင့်ကြံထားသဖြင့် သူ၏ အမြင်အာရုံမှာ အလွန်ပင် စူးရှလှသည်။သူတွေ့လိုက်ပါသည်။တောင်ထိပ်တစ်ခုပေါ်တွင် မီးခိုးရောင်နှင့် အနက်ရောင် အရိပ်အုပ်ကြီးတစ်ခုကို သူ ဝေဝေဝါးဝါး မြင်လိုက်ရ၏။
‘ဒါက တောရိုင်းကြွက်ဘုရင် ထိန်းချုပ်ထားတဲ့ ကြွက်အုပ်ကြီးပဲ။သူတို့ကို စည်းရုံးရမယ်။’
“ရှောင်ဟွေ့... ငါ မင်းကို ကူညီမယ်။”
လုပေါင်၏ မျက်လုံးများမှာ စိတ်လှုပ်ရှားမှုကြောင့် တတ်ကြွလာ၏။
‘ဒါကကံကောင်းတာပဲ။’
တောရိုင်းသားရဲဆိုးအဆင့်ရှိ ကြွက်ဘုရင်တစ်ကောင်မှာ တကယ့် ရတနာတစ်ပါးဖြစ်ပြီး ၎င်းထိန်းချုပ်ထားသော မရေမတွက်နိုင်သော ကြွက်များမှာလည်း အပိုဆုပင်ဖြစ်သည်။