← Chapters

အခန်း (၁၀၃-၁၀၄)

Vol. 11 Ch. 103-104

အခန်း (၁၀၃-၁၀၄)

Vol. 11 Ch. 103-104

အခန်း ၁၀၃ - ကြွက်ဒီရေလှိုင်းနှင့် ကြွက်ဘုရင်များ၏ တိုက်ပွဲ။

ရှောင်ဟွေ့သည် လုပေါင်ကို နောက်လှည့်ကြည့်ကာ ခေါင်းခါပြလိုက်ပြီးနောက် တောရိုင်းကြွက်ဘုရင်ရှိရာဘက်သို့ ပြန်လှည့်သွား၏။

လုပေါင် နားလည်လိုက်ပါပြီ။ဒါဟာ ကြွက်ဘုရင်တွေကြားက တိုက်ပွဲဖြစ်ပြီး ရှောင်ဟွေ့ရဲ့ မာနက သူ့ကို ဝင်ရောက်စွက်ဖက်ခွင့် ပေးမှာမဟုတ်ပေ။

“ဒါဆိုရင်လည်း ရှောင်ဟွေ့... မနက်ဖြန်မနက်ကျမှ တိုက်ကြတာပေါ့။မင်းကိုယ်တိုင် ကြွက်တပ်သားတွေကို ဦးဆောင်ပြီး တိုက်ပွဲဝင်ရမှာနော် ဟုတ်ပြီလား။”

လုပေါင်သည်ရှောင်ဟွေ့ ရှုံးနိမ့်သွားမှာကို စိုးရိမ်နေမိသည်။ဘာပဲဖြစ်ဖြစ် တစ်ဖက်ရန်သူက နှစ်ပေါင်းမည်မျှရှိနေပြီမှန်းမသိရသော ဝါရင့်ကြွက်ဘုရင်ကြီး မဟုတ်ပါလား။

အခြားတစ်ဖက်မှာတော့ ရှောင်ဟွေ့က ကြွက်ဘုရင်ဖြစ်လာတာ မကြာသေးပါဘူး။

သူ့ရဲ့ စစ်တပ်ကလည်း ခုလေးတင် စုစည်းထားကာစပဲ ရှိသေးတာပါ။အခုချက်ချင်း တိုက်မယ်ဆိုရင် ရှုံးဖို့အခွင့်အရေးက အတော်လေး များနေပါတယ်။

“ဝူး...ဝူး...”

အဝေးဆီမှ တုန်ခါသံတစ်ခု ပျံ့လွင့်လာသည်။

တောရိုင်းကြွက်ဘုရင်က တိုက်ခိုက်ဖို့ အမိန့်ပေးလိုက်ပြီဖြစ်သည်။

တစ်ချိန်တည်းမှာပင် လုပေါင်သည် ကြောက်မက်ဖွယ်ကောင်းသော မြင်ကွင်းတစ်ခုကို မြင်လိုက်ရသည်။၎င်းမှာ ကြွက်ဒီရေလှိုင်းကြီးပင်။တကယ့်ကို စစ်မှန်တဲ့ ကြွက်ဒီရေလှိုင်းကြီးဖြစ်၏။

ကြွက်ဒီရေလှိုင်းကြီးသည် အဝေးမှနေ၍ မြေပြင်နှင့် ကောင်းကင်တစ်ခုလုံးကို ဖုံးလွှမ်းမတတ် လိမ့်တက်လာနေသည်။

ဤအချိန်တွင် တောရိုင်းကြွက်ဘုရင်သည် ကျူးကျော်သူ ရန်သူများကို အမြစ်ပြတ်ချေမှုန်းရန် သူ၏စစ်တပ်ကို အမိန့်ပေးလိုက်ပြီဖြစ်ရာ ၎င်း၏လက်အောက်ရှိ ကြွက်အရေအတွက်မှာ မှင်သက်စရာပင်ဖြစ်သည်။

“ငါ့စကားကို နားထောင်ကြစမ်း မနက်ဖြန်မနက်ကျမှ နောက်ဆုံး ဆုံးဖြတ်ချက်ချဖို့ တိုက်ပွဲဝင်ကြမယ်။”

လုပေါင်သည်တိုက်ချင်ဇော ပြင်းပြနေသော ရှောင်ဟွေ့ကို ပွေ့ချီကာ အသာအယာ ချော့မော့လိုက်ပြီးနောက် ထိုနေရာမှ လျင်မြန်စွာ ခုန်ထွက်ခွာသွားတော့သည်။

ထိုခဏတာအတွင်းမှာပင် လုပေါင် အသေအချာ သိလိုက်ရသည်မှာ တစ်ဖက်ရန်သူတွင် အနည်းဆုံး ကြွက်အရေအတွက် တစ်သန်းခန့်ရှိသော ဒီရေလှိုင်းကြီး ရှိနေနိုင်သည်ဟူ၍ ဖြစ်သည်။

အခြားတစ်ဖက်တွင်မူ ရှောင်ဟွေ့သည် လမ်းတစ်လျှောက် အင်အားစုဆောင်းခဲ့သော်လည်း ကြွက်အရေအတွက် သုံးသောင်းခန့်သာ ရှိသေးသည်။ထို့အပြင် ၎င်းတို့မှာ အသစ်စုဆောင်းထားသူများဖြစ်ပြီး အများစုမှာ ကြွက်ပေါက်လေးများသာ ဖြစ်ကြရာ အမှန်တကယ် တိုက်ပွဲဝင်နိုင်သော အထူးတပ်သားမှာ နှစ်သောင်းခန့်သာ ရှိပေလိမ့်မည်။

‘သူတို့ တိုက်နိုင်ပါ့မလား။’

‘ဪ...တိုက်နိုင်တာပေါ့။’

တွင်းနက်ကြီးထဲတွင် လုပေါင်သည် နှစ်တစ်ရာ မီးဝိညာဉ်သီး နှစ်လုံးကို ထုတ်ယူကာ ကြိတ်ခြေပြီး ရှောင်ဟွေ့၏ ကိုယ်ရံတော်ကြွက် ၃၂ ကောင်ကို ကျွေးလိုက်သည်။ လုပေါင်သည် ထိုကြွက် ၃၂ ကောင်ကို ကောင်းကင်စစ်သည် ၃၂ ပါးဟုပင် အမည်ပေးထား၏။

အကြောင်းမှာ ၃၂ ကောင် ရှိနေသောကြောင့်ပင်။

‘အရင်းအမြစ်တွေနဲ့ ပုံအောပြီး မြှင့်တင်ပေးလိုက်မယ်။’

“၁၂ နာရီပဲ အချိန်ရမယ်။မနက်ဖြန်ကျရင် မင်းတို့ နိုင်ရမယ်နော်။”

လုပေါင်ပြောပြီးသည်နှင့် ကြွက်အုပ်ကြီးကြားတွင် တင်ပလ္လင်ခွေ ထိုင်လိုက်၏။

“ကျိ...”

ကြွက်ဘုရင် ရှောင်ဟွေ့သည်လည်း ချက်ချင်းပင် အော်မြည်ကာ တုံ့ပြန်လိုက်သည်။

ရွှေရောင်အလင်းများ တောက်ပလာပြီး တောင်စောင့်နတ် ယပုံရိပ်ပေါ်ထွက်လာသည်။ ရွှေရောင်အရှိန်အဝါများသည် ကြွက်အားလုံးကို တဖြည်းဖြည်း လွှမ်းခြုံသွားရာ ကြွက်များမှာ တောင်စောင့်နတ် ပုံရိပ်ကို ငေးကြည့်ရင်း ငြိမ်သက်ကြတော့သည်။

အချိန်တွေ တဖြည်းဖြည်း ကုန်ဆုံးသွားသည်။ တစ်နာရီ၊ နှစ်နာရီ၊ သုံးနာရီ... ကြယ်စင်တွေ ရွေ့လျားပြီး အရုဏ်တက်လာခဲ့ပြီဖြစ်သည်။

လုပေါင် မျက်လုံးဖွင့်လိုက်သည့်အခါ ရှောင်ဟွေ့၏ စစ်တပ်မှာ အကြီးအကျယ် ပြောင်းလဲသွားသည်ကို ခံစားလိုက်ရသည်။ခန္ဓာကိုယ် အရွယ်အစားဖြစ်စေ အရောင်အသွေးဖြစ်စေ တောင်ကြွက်များနှင့် ဝါးကြွက်အများအပြားမှာ တစ်ညအတွင်းမှာပင် အသွင်ပြောင်းလဲသွားကြသည်။

မီးပုရွက်ဆိတ် အလောင်းများ တွင်းနက်ဟင်းလင်းပြင်၏ ပတ်ဝန်းကျင်နှင့် တောင်စောင့်နတ် ပုံရိပ်၏ အာနိသင်... ဤအချက်များစွာ ပေါင်းစပ်မှုအောက်တွင် သူတို့အားလုံး ဆင့်ကဲပြောင်းလဲသွားကြပြီ ဖြစ်သည်။

“တိုက်ပွဲကြီး လာတော့မယ်။ကလေးတို့ရေ... ပါးပါး တိုက်ရိုက်ထုတ်လွှင့်မှုစတဲ့အထိ စောင့်ကြဦး အခု မတိုက်ကြနဲ့ဦး။”

လုပေါင် တွင်းနက်ကြီးကို ဖွင့်လိုက်သည်။ ရှောင်ဟွေ့၏ အမိန့်အောက်တွင် အကြီးရော အငယ်ပါရှိသော ကြွက်စစ်တပ်ကြီးသည် တွင်းနက်ထဲမှ အဆက်မပြတ် ထွက်လာကြသည်။တိုက်ပွဲကြီးမှာ စတင်ရန် အဆင်သင့် ဖြစ်နေပြီဖြစ်၏။

ဤကဲ့သို့ ထူးခြားဆန်းပြားသော တိုက်ပွဲအတွက် လုပေါင်သည် ကြာမြင့်စွာ နားထားသော တိုက်ရိုက်ထုတ်လွှင့်မှုကို စတင်လိုက်တော့သည်။

သူ့ကိုယ်သူ ပိုမို ခန့်ညားထည်ဝါသော သူရဲကောင်းတစ်ဦးအသွင် ပေါက်စေရန် လုပေါင်သည် လက်တစ်ဖက်စီတွင် အလောင်းကောင်ဓား တစ်ချောင်းစီ ကိုင်ထား၏။ဓားနှစ်ချောင်းစလုံးမှာ ရွှေရောင်ဖျော့ဖျော့ အလင်းတန်းများ ထွက်ပေါ်နေပြီး သူ၏ အရှိန်အဝါမှာ အထွတ်အထိပ်သို့ ရောက်နေတော့သည်။

ရှောင်ဟွေ့သည် ရှေ့ဆုံးမှ ရပ်နေပြီး ၎င်း၏နောက်တွင် ကောင်းကင်စစ်သည် ၃၂ ပါးက တန်းစီရပ်နေကြသည်။ကျန်ရှိသော သုံးသောင်းသော ကြွက်တပ်သားများမှာလည်း စနစ်တကျ အုပ်စုလိုက် ခွဲရပ်နေကြပြီး ကြွက်ပေါက်လေးများကိုမူ အလယ်ပိုင်းနှင့် နောက်ပိုင်းတွင် ကာကွယ်ပေးထားသည်။

တိုက်ရိုက်ထုတ်လွှင့်မှု စတင်ပြီ။

လုပေါင်သည် လုလင်းဟွာကိုပင် အကြောင်းမကြားဘဲ တိုက်ရိုက်လွှင့်လိုက်ခြင်းဖြစ်သည်။

“…”

“ခုလေးတင် ဝင်ကြည့်လိုက်မင်း လွှင့်နေပြီလား။”

“ဘုရားရေ...သူ တကယ်ကြီး လွှင့်နေတာပဲ။”

“ကြွက်ဘုရင် တိုက်ပွဲ ကြွက်အရေအတွက် တစ်သန်း ဒီရေလှိုင်း ဒါ ဘယ်လို တိုက်ရိုက်ထုတ်လွှင့်မှုကြီးလဲ ဟာ... ရတနာနတ်ဘုရားက အရမ်းခန့်တာပဲ အဲဒီ ဓားတွေကို ဘယ်က ရလာတာလဲ။”

“သူ လွှင့်နေပြီ။”

“ဘာသံမှမပေးဘဲ စလိုက်တာလား။ကြွက်ဘုရင် တိုက်ပွဲဆိုတာ ဘာလဲ။”

“ဘုရားရေ ကြွက်တွေ အများကြီးပဲ။”

“အားးးးကြွက်ကြီးတွေက အကြီးကြီးတွေပဲရှေ့ဆုံးက ကြွက်တွေက ဘာလို့ အဲဒီလောက် ကြီးနေရတာလဲ။ငါ့ခွေးတောင် အဲဒီလောက် မကြီးဘူး”

လုလင်းဟွာသည် မသင့်လျော်သော တိုက်ရိုက်ထုတ်လွှင့်မှုများအကြောင်း အစည်းအဝေး လုပ်နေခြင်းဖြစ်သည်။ သတင်းရသည်နှင့် သူ ချက်ချင်း ထရပ်လိုက်ပြီး အစည်းအဝေး အဆုံးသတ်ကြောင်း ကြေညာကာ စီစဉ်မှုများ ပြုလုပ်ရန် အမြန် ထွက်လာခဲ့တော့သည်။

လုပေါင် လွှင့်နေသည်ကို မြင်လိုက်ရသည့်အခါ သူလည်း မှင်သက်သွားမိ၏။

“ဒါကဘာကြီးလဲ။”

ကြည့်ရှုသူ အရေအတွက်မှာ ခဏချင်းအတွင်းမှာပင် တစ်သန်းသို့ ရောက်ရှိသွားပြီး ဆက်လက် တိုးလာနေခဲ့သည်။

လုပေါင်သည် ခုနစ်မီတာ၊ ရှစ်မီတာခန့် မြင့်သော သစ်ကိုင်းတစ်ခုပေါ်တွင် ရပ်နေပြီး လက်တစ်ဖက်စီတွင် ဓားတစ်ချောင်းစီ ကိုင်ထား၏။သူ တိုက်ရိုက်ထုတ်လွှင့်မှုကို တစ်ချက်ကြည့်လိုက်သည်။

“ရှောင်ဟွေ့... စစ်ကြေညာလိုက်တော့။”

လုပေါင်သည် အောက်သို့ ခုန်ဆင်းလိုက်ပြီး ကြွက်ဘုရင် ရှောင်ဟွေ့၏ ရှေ့တွင် ရပ်လိုက်သည်။သူသည် လက်ယာဘက်ရှိ ဓားဖြင့် တောရိုင်းကြွက်ဘုရင် ရှိရာ တောင်နက်ထဲသို့ ညွှန်ပြလိုက်၏။

“ကျိ.....”

ရှောင်ဟွေ့သည် ချက်ချင်းပင် နောက်ခြေများဖြင့် မတ်တပ်ရပ်လိုက်ပြီး ၎င်း၏ အမူအရာမှာ ရက်စက်ကြမ်းကြုတ်လာသည်။၎င်းသည် ပါးစပ်ကို ဟကာ စူးရှလှသော အော်သံတစ်ခုကို ထုတ်လိုက်၏။ကိုယ်ပေါ်ရှိ အမွှေးအမျှင်များမှာ အပ်များကဲ့သို့ ထောင်မတ်နေပြီး နားရွက်များမှာလည်း တုန်ခါနေသည်။ထိုမြင်ကွင်းက ကြည့်ရသူတိုင်းကို ကြက်သီးထစေသည်။

စစ်ကြေညာခြင်းပင်။

တစ်ချိန်တည်းမှာပင် တောင်တန်းများထဲမှ ဒေါသထွက်နေ၍ စူးရှလှသော အော်သံတစ်ခု ပြန်လည် ထွက်ပေါ်လာသည်။တောရိုင်းကြွက်ဘုရင်သည် ၎င်း၏ ဂုဏ်သိက္ခာကို စော်ကားခံရသည်ဟု ခံစားရသဖြင့် အလွန်အမင်း ဒေါသထွက်နေခဲ့ပြီဖြစ်သည်။

“ကျိကျိကျိ”

“ကျိကျိ”

“ကျိကျိကျိ”

အရပ်မျက်နှာအနှံ့မှ ကြွက်အော်သံများမှာ ပို၍ ဆူညံလာတော့သည်။စက္ကန့် ၃၀ မပြည့်မီမှာပင် ရွှေရောင်ဖျော့ဖျော့ ကြွက်ဘုရင်ကြီး တစ်ကောင် ပေါ်လာခဲ့သည်။၎င်း၏ ခန္ဓာကိုယ်မှာ အိမ်မွေးခွေးတစ်ကောင်၏ အရွယ်အစားခန့် ရှိပြီး ရှောင်ဟွေ့ထက် အဆပေါင်းများစွာ ကြီးမားနေ၏။

၎င်းသည် ရှောင်ဟွေ့ကို မြင်သည့်အခါ ဒေါသတကြီး အော်ဟစ်လိုက်တော့သည်။ တစ်ပြိုင်နက်တည်းမှာပင် မရေမတွက်နိုင်သော ကြွက်ဒီရေလှိုင်းကြီးမှာ ရှေ့သို့ တိုးဝင်လာခဲ့ပြီ။

သစ်တောထဲတွင်၊ ကျောက်တုံးတောထဲတွင်၊ ဂူများထဲတွင်၊ သစ်ပင်ပေါ်နှင့် မြေပြင်ပေါ်တွင်တောရိုင်းကြွက်ဘုရင်၏ စစ်တပ်မှာ နေရာအနှံ့ ရှိနေခဲ့သည်။လုပေါင်သည် တောင်ထိပ်ပေါ်တွင် နေရာယူထားခြင်း ဖြစ်သဖြင့် ယခုအခါ မြင်ကွင်းတစ်ခုလုံးမှာ မည်းမှောင်နေသော တိမ်တိုက်ကြီးများ လိမ့်တက်လာသကဲ့သို့ ကြွက်အုပ်ကြီးများဖြင့် ပြည့်နှက်နေတော့သည်။

“ဝူးးးးး”

ထိုစဉ် ရှောင်ဟွေ့သည် မတ်တပ်ရပ်လိုက်ပြီး ခြင်္သေ့တစ်ကောင်ကဲ့သို့ ကျယ်လောင်လှသောဟိန်းသံကို ထုတ်ဖော်လိုက်သည်။ယခင်က စူးရှသော အသံမျိုး မဟုတ်ဘဲ ခန့်ညားထည်ဝါသော အရှိန်အဝါများ ပြည့်နှက်နေသည့် အသံမျိုးပင်ဖြစ်သည်။

တိုးဝင်လာသော ကြွက်ဒီရေလှိုင်းကြီးမှာ တုန့်ခနဲ ဖြစ်သွားပြီး တဖြည်းဖြည်း နှေးကွေးသွား၏။

တောရိုင်းကြွက်ဘုရင်သည် ဒေါသတကြီးဖြင့် ဟိန်းဟောက်လိုက်ပြန်သည်။တစ်ချိန်တည်းမှာပင် ကြွက်အုပ်ကြီးထဲမှ စူးရှသော အော်သံများ တစ်ခုပြီးတစ်ခု ထွက်ပေါ်လာပြန်ရာ ကြွက်ဒီရေလှိုင်းကြီးမှာ ပြန်လည် တိုးဝင်လာလေတော့သည်။

“တကယ်ကြီး ကြွက်ဘုရင်ငယ်တစ်ရာကျော် ရှိနေတာပဲ။”

လုပေါင် တစ်ချက် ကြည့်လိုက်ပြီးနောက် ရှောင်ဟွေ့ဘက်သို့ လှည့်ကာ ပြောလိုက်၏။

“သုံးသောင်းနဲ့ တစ်သန်းကို ရင်ဆိုင်ရမှာနော်... မင်း တကယ် သေချာရဲ့လား။”

“ကျိ...”

ရှောင်ဟွေ့သည် မတွန့်ဆုတ်ဘဲ အော်မြည်ကာ ကျောကို ကုန်းလိုက်ပြီး ရွှေရောင် တောရိုင်းကြွက်ဘုရင်ကြီးကို စိုက်ကြည့်နေတော့သည်။

တိုက်ရိုက်ထုတ်လွှင့်မှုကို ကြည့်နေသူတိုင်းမှာ မှင်သက်ကုန်ကြပြီဖြစ်၏။

ဘုရင်စစ်ပွဲတဲ့လား။

“ရတနာနတ်ဘုရားက ကြွက်ဒီရေလှိုင်းတွေကို ထိန်းချုပ်ပြီး တိုက်ခိုက်ခိုင်းနေတာလား။”

“ဘာလို့ ကြွက်တွေက ဒီလောက်တောင် များနေရတာလဲ။”

ထို့အပြင် ရှောင်ဟွေ့ဖြစ်စေ၊ ရွှေရောင် တောရိုင်းကြွက်ဘုရင်ဖြစ်စေ ထိုမြင်ကွင်းမှာ ကြည့်ရသူတိုင်းကို မယုံနိုင်လောက်အောင် ဖြစ်စေခဲ့သည်။ကြွက်ဒီရေလှိုင်းဆိုသည်မှာရှေးဟောင်းခေတ်တွေမှာပဲ ရှိခဲ့တာ မဟုတ်ပါလား။

“ဒီဘက်ခေတ်မှာ တကယ်ကြီး ကြွက်ဒီရေလှိုင်း ရှိနေတာလား။ကြွက်ဘုရင်ကြီးရောပဲလား။”

တိုက်ရိုက်ထုတ်လွှင့်မှု မှတ်ချက်တွေမှာ မေးခွန်းသင်္ကေတတွေနဲ့ ပြည့်နှက်နေ၏။

“ငါ တောင်တွေ မြစ်တွေ အများကြီးကို ရောက်ဖူးတယ်၊ အကြီးစား ကြွက်တစ်ကောင်တောင် မမြင်ဖူးဘူး။ ငါတို့ တူညီတဲ့ ကမ္ဘာမှာ နေနေကြတာ ဟုတ်ရဲ့လား။”

“ရှေးလူကြီးတွေ ပြောတာ ယုံတမ်းပုံပြင်တွေမဟုတ်ဘူးပဲ ကြွက်ဒီရေလှိုင်းက တကယ်ရှိတာပဲ။”

“ကြွက်အရေအတွက် တစ်သန်းက အဲဒီလောက်တောင် ကြောက်စရာ ကောင်းတာလား။အားလုံးက တောင်ကြွက်တွေနဲ့ ဝါးကြွက်တွေချည်းပဲ။အကင်ဆိုင်ပိုင်ရှင်သာ ဒါကို မြင်ရင် ပျော်လွန်းလို့ ရူးသွားမလားပဲ။”

“တရုတ် အစားအသောက်ချစ်သူများ ပြိုင်ပွဲမှာ ပါဝင်ဖို့ တောင်းဆိုပါတယ်။”

“ဘာလို့ မြင်မြင်ချင်း စားဖို့ပဲ ပြေးမြင်နေရတာလဲ။”

ကြွက်ဒီရေလှိုင်းဆိုသည်မှာ ရုပ်မြင်သံကြားထဲမှာသာ မြင်ဖူးကြသော အရာဖြစ်သည်ဟု ဆိုရမည်။

ယခုအခါ လုပေါင်သည် ကြွက်ဒီရေလှိုင်းကြီးကို တိုက်ရိုက်လွှင့်ပြနေခြင်းဖြစ်ပြီး ၎င်းမှာ ကြွက်ဘုရင် အာဏာလုပွဲကြီးပင် ဖြစ်တော့သည်။

“ကျိ...”

ကြွက်ဒီရေလှိုင်းကြီး ရောက်ရှိလာပြီး ကြွက်ဘုရင်၏ အော်သံမှာ ဟိန်းထွက်လာခဲ့ပြီး မကြုံစဖူး ကြွက်ဒီရေလှိုင်း တိုက်ပွဲကြီး စတင်ပါပြီ။

အခန်း ၁၀၄ - ကြွက်ဘုရင်၏ အဖွဲ့လိုက်စွမ်းရည်များ။

ရှောင်ဟွေ့သည် ကြွက်ဘုရင်ဖြစ်လာသည်မှာ မကြာသေးသော်လည်း အကောင်း‌‌ဆုံးအခြေအနေများအောက်တွင် မှန်ကန်သည့်နည်းလမ်းဖြင့် ဆင့်ကဲပြောင်းလဲလာခဲ့သူဖြစ်ရာ နှစ်ပေါင်းမည်မျှ ကျင့်ကြံထားသည်မှန်းမသိရသော ရွှေရောင်ကြွက်ဘုရင်အိုကြီးကို ရင်ဆိုင်ရာတွင် အကြောက်အလန့်မရှိပေ။

“ကျိဟူး....”

တောရိုင်းကြွက်ဘုရင်အိုကြီးသည် ခေါင်းကိုမော့ကာ ရှည်လျားစွာ အော်ဟစ်လိုက်သည်။ တစ်ချိန်တည်းမှာပင် တစ်သန်းခန့်ရှိသော ကြွက်ဒီရေလှိုင်းကြီးရှိ ကြွက်တပ်သားအားလုံး၏ နားရွက်များမှာ တုန်ခါသွားပြီး မျက်လုံးများ နီမြန်းလာကာ ရူးသွပ်စွာ စတင်တိုက်ခိုက်ကြတော့သည်။

ရူးသွပ်မှု။

ကြွက်အရေအတွက် တစ်သန်း နှင့် သုံးသောင်း တိုက်ပွဲ။

ပုံမှန်အားဖြင့်ဆိုလျှင် သုံးသောင်းသော ကြွက်အုပ်သည် တစ်သန်းသော အုပ်စု၏ တစ်ချက်တည်းသော တိုးဝင်မှုအောက်တွင် ပျောက်ကွယ်သွားရမည်ဖြစ်သော်လည်း ဤသုံးသောင်းသော ကြွက်အုပ်မှာ မတူညီပေ။ သူတို့အားလုံးမှာ မနေ့ညကမှ မျိုးဗီဇပြောင်းလဲမှုများ ဖြစ်ပေါ်ထားသူများဖြစ်သည်။

ဤသည်မှာ ခက်ခဲသော တိုက်ပွဲဖြစ်သော်လည်း

“ကျိ...”

ရှောင်ဟွေ့၏ မျက်လုံးများလည်း နီမြန်းလာကာ သူ၏ကြွက်ဟိန်းသံမှာလည်း ထွက်ပေါ်လာသည်။

တစ်ပြိုင်နက်တည်းမှာပင် သုံးသောင်းသော ကြွက်အုပ်ထံမှ နီဖျော့ဖျော့ အလင်းတန်းများ ထွက်ပေါ်လာသည်။၎င်းမှာ အဖွဲ့လိုက် သွေးဆာမှု ပင် ဖြစ်သည်။ သို့သော် ရှောင်ဟွေ့က ထိုမျှနှင့် မရပ်ဘဲ ဆက်လက် ဟိန်းဟောက်နေဆဲပင်။

မီးခိုးရောင် အလွှာပါးလေးများက သုံးသောင်းသော ကြွက်အုပ်ကို ဖုံးလွှမ်းသွားသည်။ကြွက်တပ်သားအားလုံး၏ အမွှေးအမျှင်များမှာ ချက်ချင်းပင် ကျောက်တုံးများကဲ့သို့ မာကျောသွားတော့သည်။

အဖွဲ့လိုက်ကျောက်သားအရေခွံ။

သူတို့အားလုံးသည် ကျောက်သားချပ်ဝတ်များကို ချက်ချင်း ဝတ်ဆင်လိုက်သကဲ့သို့ပင်ဖြစ်၏။

တောရိုင်းကြွက်ဘုရင်သည် ရှောင်ဟွေ့ကို အေးစက်စွာ စိုက်ကြည့်နေသည်။ကြွက်ဘုရင်တစ်ကောင်၏ တည်ရှိမှုမှာ ထူးခြားလှ၏။ ၎င်းရှိနေခြင်းက ကြွက်အုပ်ကို ပိုမိုသန်မာစေပြီး စည်းလုံးစေကာ အဖွဲ့လိုက်စွမ်းရည်များမှာ သူတို့၏ အခြေခံအုတ်မြစ်ပင် ဖြစ်သည်။

၎င်း ပိုင်ဆိုင်ထားသည်မှာ အဖွဲ့လိုက် သွေးဆာမှု ဖြစ်သည်။

သို့သော် ဤကြွက်ဘုရင်ငယ်မှာမူ အဖွဲ့လိုက်စွမ်းရည် နှစ်ခုကို ပိုင်ဆိုင်ထားသည်။သွေးဆာမှုနှင့် ကျောက်သားအရေခွံ။ဤအချက်က ကြွက်ဘုရင်အိုကြီးကို ဤကြွက်ငယ်အား သတ်ပစ်ချင်စိတ် ပိုမိုပြင်းပြစေသည်။

“ကြွက်ဒီရေလှိုင်းကို ဦးဆောင်တဲ့ ကြွက်ဘုရင်မှာ ဒီလိုအဖွဲ့လိုက်စွမ်းရည်တွေ ရှိတာလား။သာမန်ကြွက်တွေကို ဒီလောက် ရူးသွပ်အောင် လုပ်နိုင်တာ မဆန်းတော့ဘူးပဲ...”

လုပေါင်အံ့သြတုန်လှုပ်စွာ ကြည့်နေမိသည်။

သူသည် ကြွက်တွေကို ထိန်းချုပ်နိုင်ရုံသာ ထင်ခဲ့သော်လည်း ကြွက်ဘုရင်ရဲ့ အဖွဲ့လိုက်စွမ်းရည်တွေက အဓိကကျလိမ့်မယ်လို့ မမျှော်လင့်ထားခဲ့ပေ။

အကျိုးသက်ရောက်မှုမှာ သိသာလွန်းလှသဖြင့် တိုက်ရိုက်ထုတ်လွှင့်မှုကို ကြည့်နေသော ပရိသတ်များပင် ဆွံအတွေ့လိုက်ရသည်။

“ကြွက်ဒီရေလှိုင်းကဘာလို့ ကြောက်စရာကောင်းသလဲဆိုတာ မဆန်းတော့ပါဘူး... သူတို့မှာ အဖွဲ့လိုက်စွမ်းရည် တွေတောင် ရှိတာကိုး။”

သတ်ဖြတ်ပွဲကြီး စတင်ခါနီးတွင် ရှောင်ဟွေ့သည် ခေါင်းကို ထပ်မံမော့ကာ ကျယ်လောင်လှသော ကြွက်ဟိန်းသံကို ထုတ်လိုက်ပြန်သည်။ဤအချိန်တွင် တစ်သန်းသော ကြွက်အုပ်ကြီးပင် တုန့်ခနဲ ဖြစ်သွားပြန်၏။သူတို့သည် သွေးဆာမှု အခြေအနေအောက်တွင် ရူးသွပ်နေကြသော်လည်း ဤဟိန်းသံကြောင့် ထိုအာနိသင်မှာ လျော့ပါးသွားခဲ့သည်။

တစ်ချိန်တည်းမှာပင် သုံးသောင်းသော ကြွက်အုပ်ထံ၌ ကြောက်မက်ဖွယ် ပြောင်းလဲမှုတစ်ခု ဖြစ်ပေါ်လာသည်။

ရှောင်ဟွေ့၏ တတိယမြောက် အဖွဲ့လိုက်စွမ်းရည် ပေါ်ထွက်လာပြီဖြစ်ပြီး ၎င်းမှာ အလွန်ပင် ရှားပါးလှသော အဖွဲ့လိုက် ရူးသွပ်ခြင်းပင် ဖြစ်သည်။

ကြွက်တပ်သားတိုင်း၏ ခန္ဓာကိုယ်မှာ ဖောင်းကြွလာသည်။သူတို့၏ သွားများနှင့် လက်သည်းများမှာ ပိုမို ရှည်လျားလာပြီး အချို့သော ကြွက်ကြီးများ၏ ကျောပေါ်တွင် အရိုးဆူးများပင် ပေါက်ထွက်လာခဲ့သည်။

ရူးသွပ်ခြင်း။

တောရိုင်းကြွက်ဘုရင်သည်လည်း ရူးသွပ်စွာ စတင်ဟိန်းဟောက်တော့သည်။၎င်းသည် အန္တရာယ်ကို ခံစားလိုက်ရပြီဖြစ်သည်။ အကယ်၍ ၎င်းရှုံးနိမ့်သွားပါက ၎င်း၏ ကြွက်အုပ်ကြီးမှာ ဤကြွက်ငယ်၏ အုပ်ချုပ်မှုအောက်သို့ ရောက်ရှိသွားမည်ဖြစ်ပြီး ၎င်း၏ နယ်မြေနှင့် ၎င်း၏သခင်နှင့်အတူ နေထိုင်သော အိမ်လေးမှာလည်း ပျောက်ကွယ်သွားတော့မည်ဖြစ်သည်။

“ကျိ...”

အဖွဲ့လိုက် သွေးဆာမှု။

တောရိုင်းကြွက်ဘုရင်က ထပ်မံဟိန်းဟောက်လိုက်သည်။၎င်းသည် တောင်တန်းကြီးကို နောက်လှည့်ကြည့်လိုက်ပြီးနောက် တုန်လှုပ်နေသော စိတ်အစဉ်မှာ တဖြည်းဖြည်း ပြန်လည်တည်ငြိမ်သွားသည်။

တိုက်ပွဲကြီး ပေါက်ကွဲထွက်လာပြီ။

ဧရာမ ကောင်းကင်စစ်သည် ကြွက် ၃၂ ကောင်မှာ တင့်ကားများကဲ့သို့ပင် တားဆီး၍မရအောင် တိုးဝင်နေသည်။ကြွက်တစ်ကောင်က သူတို့ကို လာရောက်တိုက်ခိုက်လျှင်ပင် သူတို့၏ အမြီးဖြင့် တစ်ချက်ရိုက်ထုတ်လိုက်ရုံနှင့် အဝေးသို့ လွင့်စင်သွားကာ ပြန်ထရန်ပင် အတော်ကြာအောင် ရုန်းကန်နေရသည်။

တားဆီး၍မရသော အင်အား။

တစ်သန်းသော ကြွက်အုပ်ကြီးမှာ ခဏမျှသာ ခံနိုင်ရည်ရှိပြီး အကြီးအကျယ် ပြိုလဲသွားတော့သည်။သုံးသောင်းသော ကြွက်အုပ်မှာ တစ်သန်းသော အုပ်စု၏ ရိုက်ခတ်မှုကို တိုက်ရိုက် ဖောက်ထွက်သွားခဲ့သည်။

၎င်းမှာ ရှောင်ဟွေ့၏ အဖွဲ့လိုက်စွမ်းရည်ကြောင့်သာ မဟုတ်ဘဲ ထိုသုံးသောင်းသော ကြွက်များထဲမှ အခြားသော ၁၀ ကောင်ကျော်သည်လည်း ထိုကဲ့သို့သော စွမ်းရည်များကို ပိုင်ဆိုင်ထားကြသောကြောင့်ပင်။ ရှောင်ဟွေ့၏ အုပ်ချုပ်မှုအောက်တွင် ရှိနေသောကြောင့်သာ သူတို့က အနီးနားရှိ ကြွက်များကို ထပ်ဆင့်စွမ်းရည်များ ပေးအပ်နေကြခြင်းဖြစ်သည်။

“ကျောက်သားအရေခွံ.သွေးဆာမှု...ဘုရားရေ။”

လုပေါင်ပင် မှင်သက်နေမိသည်။သူက ဒါကို သာမန် တိုက်ခိုက်ပွဲလို့ပဲ ထင်ခဲ့တာဖြစ်ပြီး ဒီလို မြင်ကွင်းမျိုး မြင်ရလိမ့်မယ်လို့ မမျှော်လင့်ထားခဲ့ပေ။သူတင်မကဘဲ ကြည့်ရှုနေသူ အားလုံးလည်း တုန်လှုပ်နေကြသည်။

ရုပ်ရှင်တွေမှာတောင် ဒီလို အထူးပြုလုပ်ချက်မျိုး မရှိဘူး။

ဂိမ်းတွေမှာတောင် ဒီလောက်ကြီးမားတဲ့ မြင်ကွင်းမျိုးကို မဖန်တီးရဲဘူး။

“ဟားဟား မျှော်လင့်ထားတဲ့အတိုင်းပဲ ဒါကမှ ငါတို့ရဲ့ရတနာနတ်ဘုရားပဲ။”

လုလင်းဟွာစိတ်လှုပ်ရှားစွာဖြင့် လက်ဖဝါးချင်း ပွတ်နေမိသည်။ရက်အတော်ကြာအောင် မလွှင့်ဘဲနေပြီးမှ တစ်ခါလွှင့်လိုက်တာနဲ့ တစ်နိုင်ငံလုံးတင်မက တစ်ကမ္ဘာလုံးကို တုန်လှုပ်သွားစေတာ ဘယ်သူနဲ့များ ယှဉ်လို့ရနိုင်မည်နည်း။

Ocean Live Stream ကတော့ တားဆီးလို့ ရမှာမဟုတ်တော့ဘူး။

“ဒီနေ့ည ငါဒကာခံမယ် အားလုံး အတူတူ အောင်ပွဲခံကြစို့။”

“ဟုတ်ကဲ့... ကျေးဇူးတင်ပါတယ် သူဌေး။”

တစ်သန်းသော ကြွက်ဒီရေလှိုင်းကြီး ရှုံးနိမ့်သွားပြီဖြစ်၏။

ရှောင်ဟွေ့ဟူသော ဤကြွက်ဘုရင်ငယ်၏ ပေါ်ထွက်လာမှုကြောင့် တစ်သန်းသော ကြွက်အုပ်ကြီးမှာ တဖြည်းဖြည်း တိုက်ပွဲဝင်လိုစိတ် ကုန်ဆုံးသွားခဲ့သည်။သွေးမျိုးဆက် ဖိနှိပ်မှုမှာ အလွန်ပြင်းထန်လှရာ အထူးသဖြင့် ကြွက်မျိုးနွယ်များကြားတွင် ပို၍ သိသာသည်။

တောရိုင်းကြွက်ဘုရင်အိုကြီးသည်ပင် တစ်သန်းသော အုပ်စုကြီး ပြိုလဲသွားမှုကို မတားဆီးနိုင်တော့ပေ။

“ကျိဟူးးး”

နောက်ဆုံးသော အခွင့်အရေးမှာ ဤကြွက်ငယ်ကို သတ်ပစ်ရန်သာ ရှိတော့သည်။

တောရိုင်းကြွက်ဘုရင်သည် ၎င်းကို ကာကွယ်ပေးထားသော သန်မာသည့် ကြွက်ဘုရင်ငယ် ၁၀ ကောင်ကျော်ကို ဘေးသို့ တွန်းဖယ်ကာ မျက်လုံးများ နီမြန်းလျက် ရှောင်ဟွေ့ထံသို့ ပြေးဝင်သွားသည်။၎င်းသည် အချိန်အတော်ကြာ အသက်ရှင်ခဲ့သူ ဖြစ်သော်လည်း ၎င်းတွေ့ဖူးသမျှထဲတွင် ပထမဆုံးသော ကြွက်ဘုရင်သစ်မှာ ဤမျှ အစွမ်းထက်နေလိမ့်မည်ဟု မထင်ထားခဲ့ပေ။

ရူးသွပ်နေသော ဧရာမ ကြွက်တပ်သားတစ်ကောင်က ရှောင်ဟွေ့၏ရှေ့တွင် ပိတ်ဆို့ထားသော်လည်း ရှောင်ဟွေ့၏ အမြီးက သံမဏိလှံတံ တစ်ခုကဲ့သို့ ဘေးသို့ ရိုက်ထုတ်လိုက်သည်။သူ၏ခန္ဓာကိုယ်မှ နီဖျော့ဖျော့ အလင်းများ ထွက်ပေါ်လာရင်း တောရိုင်းကြွက်ဘုရင်အိုကြီးကို ရင်ဆိုင်လိုက်သည်။

တစ်ဖက်က အိုမင်းနေသော ကြွက်ဘုရင်အခြားတစ်ဖက်က အားအင်အပြည့်ရှိသော ကြွက်ဘုရင်ငယ်။

ကြွက်ဘုရင်နှစ်ကောင် တိုက်ပွဲဝင်နေစဉ်တွင် ကြွက်ဒီရေလှိုင်းများမှာလည်း တိုက်ခိုက်မှုကို ရပ်တန့်ကာ အသီးသီး ပြန်လည် စုစည်းနေကြသည်။

မြေပြင်မှာတော့ ကြွက်အလောင်းတွေ သွေးစက်တွေနဲ့ ပြတ်တောက်နေတဲ့ အင်္ဂါအစိတ်အပိုင်းတွေနဲ့ ပြည့်နှက်နေ၏။

တစ်မိနစ်အတွင်းမှာပင် အနည်းဆုံး တစ်သောင်းခန့် သေဆုံးခဲ့ပြီး အနည်းဆုံး တစ်သိန်းကျော် ဒဏ်ရာရရှိခဲ့သည်။ကြွက်ဘုရင်နှစ်ကောင်မှာ သာမန်ကြွက်တွေလိုပဲ အချင်းချင်း ကိုက်ခဲဆွဲဖြဲနေကြသော်လည်း သူတို့ရဲ့ အရှိန်က မြန်လွန်းလှသည်။သူတို့ရဲ့ အမြီးတွေ၊ လက်သည်းတွေနဲ့ ကိုယ်ပေါ်က အမွှေးတွေကအစ သံမဏိအပ်တွေလို ပစ်လွှတ်နိုင်စွမ်း ရှိကြသည်။

ရှောင်ဟွေ့၏ ဒဏ်ရာရနေသော ခန္ဓာကိုယ်မှ အဖြူရောင် အလင်းများ ထွက်ပေါ်နေသည်။ ဒဏ်ရာရတိုင်း သူက နာကျင်စွာ အော်ဟစ်နေသော်လည်း ဒဏ်ရာများမှာမူ လျင်မြန်စွာ ပြန်လည် ကုသနေသည်။

အရှိန်အဟုန်ပြင်းပြန်လည်ရှင်သန်ခြင်း ။

အခြားတစ်ဖက်တွင်မူ တောရိုင်းကြွက်ဘုရင်အိုကြီးမှာ ဒဏ်ရာများ အဆက်မပြတ် ရရှိနေသည်။ရှေ့လက်သည်းတစ်ဖက်ကို ရှောင်ဟွေ့က ကိုက်ဖြတ်လိုက်သည့်အခါ ၎င်းသည် ဤကြွက်ငယ်ကို မယှဉ်နိုင်ကြောင်း သိရှိသွားသော်လည်း ရပ်တန့်ခြင်းမရှိခဲ့ပေ။

ပြင်းထန်သော တိုက်ပွဲမှာ သုံးမိနစ်ခန့် ကြာမြင့်ခဲ့သည်။ကြွက်ဘုရင်အိုကြီးမှာ သေလုမြောပါး ဖြစ်နေသော အဖိုးအိုတစ်ဦးကဲ့သို့ ကိုယ်လုံးတုန်ယင်နေခဲ့ပြီ။ရှောင်ဟွေ့သည်လည်း မြေပြင်ပေါ်တွင် လူးလိမ့်နေရ၏။သူ၏ ဗိုက်မှာ ပွင့်ထွက်နေသော်လည်း လျင်မြန်စွာ ပြန်လည် ကုသနေဆဲပင်။

“ကျိ...”

ကြွက်ဘုရင်အိုကြီးသည် ကြွက်အုပ်ကြီးကို တစ်ချက်ကြည့်လိုက်သည် ထို့နောက် ရှောင်ဟွေ့ကို ကြည့်လိုက်သည်။နောက်ဆုံးတွင် ၎င်းသည် တောင်တန်းကြီးဘက်သို့ ခေါင်းကို ဖြည်းဖြည်းချင်း လှည့်ကာ တုန်တုန်ချိချိဖြင့် တောင်ပေါ်သို့ ပြန်တက်သွားတော့သည်။

ခန့်ညားထည်ဝါသော်လည်း ဝမ်းနည်းစရာကောင်းလှ၏။ထို့အပြင် ဤအချိန်တွင် လုပေါင်သည် ၎င်း၏ နှလုံးသားကို ထပ်တူခံစားလိုက်ရသည်။တောင်တန်းကြီးထဲတွင် ၎င်းစောင့်ရှောက်ထားသော အရာတစ်ခု ရှိနေခြင်းပင်။အပြင်းအထန် ဒဏ်ရာရပြီး သေလုဆဲဆဲ ဖြစ်နေသော်လည်း ၎င်းသည် နောက်ဆုံးတစ်ခေါက် သွားကြည့်ချင်နေသေးသည်။

ရှောင်ဟွေ့ ပြန်လည် သက်သာလာပြီး အမောတကော အသက်ရှူနေရသည်။သူ၏ မျက်လုံးများကိုပင် မနည်း ဖွင့်ထားရ၏။အရှိန်အဟုန်ပြင်း ပြန်လည်ရှင်သန်ခြင်း စွမ်းရည်မှာ သူ၏ အနှစ်သာရနှင့် စိတ်ဝိညာဉ်ကို အမြောက်အမြား ဝါးမြိုသွားခဲ့သောကြောင့်ပင်။

သူ နိုင်သွားပြီဖြစ်သည်။

ဤအချိန်တွင် တစ်သန်းသော ကြွက်အုပ်ကြီးမှာ ငြိမ်သက်စွာ ဦးညွှတ်လိုက်ကြပြီး သူတို့၏ ကြွက်ဘုရင်အသစ်ကို ကြိုဆိုလိုက်ကြတော့သည်။

“ကျိ...”

ရှောင်ဟွေ့သည် ကြွက်ဘုရင်အိုကြီး၏ သနားစရာကောင်းသော နောက်ကျောကို ကြည့်ကာ ခပ်တိုးတိုး အော်လိုက်သည်။ထို့နောက် လုပေါင်ကို လှည့်ကြည့်လိုက်၏ သူသည်လည်း နောက်ဆုံးအချိန်တွင် ကြွက်ဘုရင်အိုကြီး၏ ဝမ်းနည်းဖွယ် နှလုံးသားကို ခံစားလိုက်ရသောကြောင့်ပင်။

“သူ ရှုံးသွားပြီ သူ့ကို ခနလွှတ်ပေးထားလိုက်ရအောင်။ဒီမှာ ခဏစောင့်နေဦး ငါ သွားကြည့်လိုက်ဦးမယ်။”

လုပေါင်သည်သေလုဆဲဆဲ အချိန်မှာတောင် ကြွက်ဘုရင်အိုကြီး အစွဲအလမ်းကြီးစွာ သွားကြည့်ချင်နေသော အရာမှာ ဘာလဲဆိုသည်ကို သိချင်နေခဲ့သည်။

ရှောင်ဟွေ့ ခေါင်းညိတ်ပြပြီး ကျန်ရစ်ခဲ့၏။ ၎င်းသည် လုပေါင်၏ အမိန့်ကို နားထောင်ကာ လိုက်မတိုက်တော့ပေ။

လုပေါင်သည် ကြွက်ဘုရင်အိုကြီး နောက်သို့ လိုက်သွားခဲ့သည်။၎င်းမှာ အပြင်းအထန် ဒဏ်ရာရထားသဖြင့် သွားရာလမ်းတစ်လျှောက် သွေးစက်များ ကျန်ရစ်နေခဲ့သော်လည်း နောက်လှည့်မကြည့်ဘဲ တောင်ပေါ်သို့ တုန်ချိစွာ တက်သွားခဲ့သည်။

ဖန်သားပြင်မှတစ်ဆင့် ကြည့်နေသူ အားလုံးသည်ပင် ထိုအရာ၏ သစ္စာရှိမှု ကို ခံစားနေရတော့သည်။

All Chapters