← Chapters

အခန်း (၁၀၅-၁၀၆)

Vol. 11 Ch. 105-106

အခန်း (၁၀၅-၁၀၆)

Vol. 11 Ch. 105-106

အခန်း ၁၀၅ - ကြွက်ဘုရင်အိုကြီး စောင့်ရှောက်ခဲ့သော အိမ်ဂေဟာ။

ချိုင့်ဝှမ်းအတွင်း ကြွက်ဘုရင်အိုကြီး၏ အရှိန်မှာ တဖြည်းဖြည်း နှေးကွေးသွား၏။၎င်းမှာ အလွန်ပင် အားနည်းနေပြီ ဖြစ်သည်။အဝေးမှ ကြွက်ငယ်လေးအချို့သည် သူတို့၏ဘုရင် ဘာဖြစ်နေသနည်းဆိုသည်ကို နားမလည်နိုင်ဘဲ စူးစမ်းစွာ လှမ်းကြည့်နေကြသည်။

လုပေါင် ရောက်ရှိသွားသည့်အခါ ပထမဆုံး မြင်လိုက်ရသည်မှာ ဟောင်းနွမ်းပျက်စီးနေသော ရှေးဟောင်း ဝင်းခြံတစ်ခုပင်ဖြစ်၏။

အိမ်နှင့် ဝင်းခြံတစ်ခုလုံးမှာ ဝါးများဖြင့်သာ ပြုလုပ်ထားခြင်း ဖြစ်သည်။လူသူနေထိုင်သည့် အရိပ်အယောင် မရှိသော်လည်း အလွန်ပင် သန့်ရှင်းနေ၏။ကြွက်ဘုရင်အိုကြီးသည် ဝင်းခြံရှေ့သို့ ရောက်သည့်အခါ လူတစ်ယောက်ကဲ့သို့ ခက်ခဲစွာ မတ်တပ်ရပ်၍ ဝါးခြံစည်းရိုးတံခါးကို တွန်းဖွင့်ကာ ဝင်သွားပြီးနောက် ပြန်ပိတ်လိုက်သည်။ထို့နောက်တွင်မူ လုပေါင်သည် ခပ်တိုးတိုး ငိုရှိုက်သံကို ကြားလိုက်ရ၏။

ဤငိုသံမှာ ကြွက်ဘုရင်အိုကြီးထံမှ ထွက်ပေါ်လာခြင်း ဖြစ်သည်။

လုပေါင်သည် ၎င်းနောက်သို့ တိတ်တဆိတ် လိုက်ဝင်သွား၏။အပြင်းအထန် ဒဏ်ရာရထားသော ကြွက်ဘုရင်အိုကြီးမှာ လုပေါင်ကို လုံးဝ သတိမပြုမိတော့ပေ။ကြွက်ဘုရင်အိုကြီးကို မြင်လိုက်ရသည့်အခါ လုပေါင်မှာ နောက်တစ်ကြိမ် မှင်သက်သွားရပြန်သည်။

အိမ်မှာ ပျက်စီးယိုယွင်းနေ၏။အက်ကြောင်းများကြားမှတစ်ဆင့် ကြွက်ဘုရင်အိုကြီးသည် ခုတင်တစ်ခုရှေ့တွင် ဝပ်စင်းကာ ငိုကြွေးနေသည်ကို ဝေဝေဝါးဝါး မြင်နေရသည်။အရာအားလုံးမှာ ဆွေးမြည့်နေပြီ ဖြစ်၏။ ခုတင်ပေါ်တွင်မူ အရိုးဖြူနှစ်စုံ ရှိနေသည်။တစ်စုံမှာ အကြီးဖြစ်ပြီး အခြားတစ်စုံမှာ အငယ်လေး ဖြစ်သည်။

“ကျိ... ကျိ... ကျိ...”

ကြွက်ဘုရင်အိုကြီးသည် ရှိုက်ကြီးတငင် ငိုနေပုံရပြီး ခုတင်ရှေ့တွင် အဆက်မပြတ် အော်မြည်နေ၏။ခုတင်ရှေ့တွင်မူ ပူဇော်သက္ကာများအလား လတ်ဆတ်သော သစ်သီးများနှင့် ဆေးဖက်ဝင်အပင်အချို့ကို ချထားသည်မှာ ခုလေးတင် ခူးဆွတ်လာပုံရသည်။

လုပေါင်သည် ဖြူကြီးကို ချက်ချင်း သတိရသွား၏။ဤအရိုးစုနှစ်စုံမှာ ကြွက်ဘုရင်အိုကြီး၏ သခင်များ ဖြစ်ပေလိမ့်မည်ဟု သူ နားလည်လိုက်သည်။

ကြွက်ဘုရင်အိုကြီးမှာ ပို၍ ပို၍ အားနည်းလာခဲ့ပြီ။၎င်းမှာ သေတော့မည်ဟု ခံစားနေရ၏။ ၎င်းသည် ခုတင်ပေါ်သို့ ခက်ခဲစွာ တွားတက်လိုက်သည်။ကြွက်ဘုရင် ဖြစ်လာကတည်းက ၎င်းသည် ထိုခုတင်ပေါ်သို့ တစ်ခါမှ မတက်ခဲ့ဖူးချေ။

ခုတင်ပေါ်တွင် လဲလျောင်းနေရင်း ၎င်းသည် အတိတ်က ပျော်ရွှင်စရာ အချိန်များကို မြင်ယောင်နေပုံရသည်။။

“အမေ... ကြည့်ပါဦး ဖေဖေနဲ့သား ကြွက်လေးတစ်ကောင် မိလာတယ် သား အဲဒါလေးကို မွေးလို့ရမလား။”

အပြစ်ကင်းစင်သောကောင်လေးတစ်ယောက်သည် တုန်တုန်ယင်ယင် ဖြစ်နေသော ကြွက်လေးတစ်ကောင်ကို လက်ထဲတွင် ဆုပ်ကိုင်ထားပြီး သူ၏ တောက်ပသော မျက်ဝန်းများမှာ မျှော်လင့်ချက်များဖြင့် ပြည့်နှက်နေ၏။

“ရတာပေါ့... ဒါပေမဲ့ အဲဒါက ထွက်ပြေးသွားနိုင်တယ်နော်။”

အမျိုးသမီးတစ်ဦးက ပြုံးလျက် လျှောက်လာပြီး ကြွက်လေးကို ငုံ့ကြည့်လိုက်သည်။

“သူက အရမ်းလိမ္မာတယ် သားဖမ်းလာတုန်းက ငြိမ်နေတာပဲ။”

“ဒါဆိုရင်တော့ အတူတူ မွေးကြတာပေါ့။”

မျက်စိတစ်မှိတ်အတွင်းမှာပင် နောက်ထပ် မြင်ကွင်းတစ်ခု ပေါ်လာပြန်သည်။

“အမေ... ကျောက်ခဲလေးက တောကြက်တစ်ကောင်ကို ကိုက်သတ်လိုက်ပြီ။”

“အမေ... ကျောက်ခဲလေး နေမကောင်းဖြစ်နေပုံရတယ် အစာလည်းမစားဘူး။ ဘယ်လိုလုပ်ရမလဲ။”

“အမေ... သားတို့စားစရာတွေကို သူတို့ကို ဘာလို့ ပေးရတာလဲ။အဲဒီကြက်က အမေ့ကျန်းမာရေးအတွက်လေ။ဘာလို့ သူတို့ကို ပေးတာလဲ။”

“ကျောက်ခဲလေး... ကြည့်စမ်း မင်းစားချင်တာလေး ငါ ရှာလာတယ်။”

“အီးဟီး... ကျောက်ခဲလေး... အဖေ... အဖေက ဓားပြတွေ ရိုက်သတ်တာ ခံလိုက်ရပြီ... အီးး...”

“အမေ နေမကောင်းဘူး...ကျောက်ခဲလေး”

“ကျောက်ခဲလေး... တောင်ပေါ်ကိုသွားတော့နော်... အသက်ရှင်အောင်နေ... ငါ... ငါ မင်းကို ပြန်လာရှာမယ်...”

ထိုနေ့က ၎င်းသည် တောကြက်တစ်ကောင်ကို ပါးစပ်ဖြင့် ကိုက်ချီကာ တောင်ပေါ်မှ ပြန်လာသည့်အခါ ၎င်း၏သခင်နှင့် သခင်လေးမှာ အသက်မရှိတော့သည်ကို တွေ့လိုက်ရခြင်းဖြစ်သည်။

မြင်ကွင်းတစ်ခုပြီးတစ်ခု ပေါ်လာပြီးနောက် ကြွက်ဘုရင်အိုကြီးမှာ တဖြည်းဖြည်း ငြိမ်သက်သွား၏။၎င်း၏သခင်နှစ်ဦးက သခင်လေးကို ခေါ်ကာ ၎င်းကို လာကြိုနေသည်ကို မြင်နေရပုံရသည်။နှစ်ပေါင်းနှစ်ရာကျော် ကြာပြီးနောက် ၎င်းသည် နောက်ဆုံးတွင် လုံလောက်အောင် စောင့်ဆိုင်းခဲ့ရပြီဖြစ်ရာ။

“ကျောက်ခဲလေး...”

“ကျိ...”

“တောင် - ကျပန်းမစ်ရှင် စတင်ပြီ - ကြွက်ဘုရင်ကို ကယ်တင်ပါ။”

စနစ်၏ အသံ ထွက်ပေါ်လာသည်။

‘စနစ်လား။’

‘လုပေါင် ထိတ်လန့်သွား၏။ စနစ်ကမစ်ရှင်တစ်ခု တကယ်ကြီး စတင်လိုက်တာလား။’

သူသည် နှုတ်ပင်မဆက်နိုင်ဘဲ တိုက်ရိုက်ထုတ်လွှင့်မှုကို ချက်ချင်း ပိတ်လိုက်တော့သည်။

ခုတင်နားသို့ လျှောက်သွားကာ အသက်ရှူသံ အလွန်အားနည်းနေသော ကြွက်ဘုရင်ကို လုပေါင် ကြည့်လိုက်သည်။၎င်းကို မချီလိုက်ပြီး တွင်းနက်ကြီးထဲသို့ ချက်ချင်း ဝင်လိုက်တော့သည်။

‘ကယ်ရမယ်။’

တွင်းနက်ထဲတွင် လုပေါင်သည် နှစ်တစ်ရာ မီးဝိညာဉ်သီးတစ်လုံးကို ထုတ်ယူကာ ကြိတ်ခြေပြီး ကြွက်ဘုရင်၏ ပါးစပ်ထဲသို့ အရည်ဖျော်၍ လောင်းထည့်လိုက်သည်။နှစ်တစ်ရာ မီးဝိညာဉ်သီးတွင် သက်စောင့်အားအချို့ ရှိသော်လည်း ၎င်းမှာ ကြွက်ဘုရင်အတွက် သိသိသာသာ ထူးခြားမှု မရှိပေ။

“အလုပ်မဖြစ်ဘူးလား။ဘယ်လိုကယ်ရမလဲ။”

လုပေါင်သည် စနစ်မစ်ရှင်တစ်ခု စတင်လိမ့်မည်ဟု မထင်ထားခဲ့သလို ကြွက်ဘုရင်မှာ သေလုမြောပါး ဖြစ်နေသည်ကိုလည်း သူ ခံစားနေရသည်။

သူသည် နည်းလမ်းကို အသည်းအသန် စဉ်းစားသော်လည်း ဘယ်ကစရမှန်း မသိဖြစ်နေ၏။

“မြွေကြီး သားလေး... မင်း သူ့ကို ကယ်နိုင်မလား။”

လုပေါင်သည် ရွှေရောင်ကြွက်ဘုရင်ကို ပိုက်လျက် မြွေနက်ကြီးထံသို့ သနားစရာ အမူအရာဖြင့် ပြေးသွားလိုက်သည်။

“ရှူး...”

မြွေနက်ကြီးက မျက်လုံးဖွင့်ကြည့်လိုက်ပြီး ခဏမျှ စဉ်းစားဟန်ပြုကာ ဆန့်ကျင်ဘက်တွင် နှစ်ခြိုက်စွာ အိပ်ပျော်နေသော ချီလင်လေးထံသို့ သူ၏မျက်လုံးကြီးများဖြင့် ညွှန်ပြလိုက်သည်။ထို့နောက် ခေါင်းကို ပြန်ရုပ်သိမ်းလိုက်ပြီး သူ နိုးမလာသကဲ့သို့ ဟန်ဆောင်နေတော့သည်။

သူ့ကို မော့ကြည့်နေသော အသွင်ပြောင်းကျားမှာလည်း တစ်ခုခုကို နားလည်သွားပုံရ၏။ ၎င်းသည် မြွေဟောက်နက်ကြီးနောက်သို့ တိတ်တဆိတ် ရွှေ့သွားပြီး ဝပ်အိပ်လိုက်တော့သည်။

နီနီလေးပင်လျှင် တစ်ခုခု မှားနေသည်ဟု ခံစားမိကာ အမြန် ပြေးထွက်သွား၏။

လုပေါင် နားလည်လိုက်ပါပြီ။

“ချီလင်သွေး။”

နှစ်ခြိုက်စွာအိပ်ပျော်နေသောချီလင်လေးကို ကြည့်ရင်း လုပေါင် အမြန် လျှောက်သွားလိုက်သည်။

“ကလေးလေး... တောင်းပန်ပါတယ် ပါးပါး သူ့ကို ကယ်မှဖြစ်မှာမို့လို့ပါ။”

လုပေါင်သည်ရွှေအပ်တစ်ချောင်းကို ထုတ်ယူကာ ချီလင်လေး၏ ခွာအောက်ရှိ အသားပျော့လေးကို အသာအယာ ထိုးလိုက်၏။

ပြင်းထန်သော အတွင်းအား ၏ အကူအညီဖြင့် အကောင်လေး၏ ခွာအသားတွင် အပေါက်ငယ်လေးတစ်ခု ဖြစ်သွားလေသည်။

ချီလင်သွေး တစ်စက်လေး ကျလာခဲ့၏။လုပေါင်သည် ထိုသွေးစက်ကို ကြွက်ဘုရင်၏ ပါးစပ်ထဲသို့ ချက်ချင်း ထည့်ပေးလိုက်တော့သည်။တစ်ခဏအတွင်းမှာပင် ထိုအပေါက်လေးမှာ ချက်ချင်း ပြန်ပိတ်သွားခဲ့သည်။

ကြွက်ဘုရင်၏ ကိုယ်ပေါ်တွင် မီးတောက်အလင်းနှင့် အနီရောင်အလင်းများ တစ်ပြိုင်နက် ပေါ်ထွက်လာသည်။လုပေါင်သည် ကြွက်ဘုရင်ကို မြွေဟောက်နက်ကြီးနောက်တွင် အမြန် ဝှက်ထားလိုက်၏။

ချီလင်လေးမှာ နာကျင်မှုကို ခံစားလိုက်ရပုံရသည်။၎င်းသည် ဝေဝေဝါးဝါးဖြင့် မျက်လုံးကြီးများကို ဖွင့်လိုက်ပြီး ပထမဆုံး သူ၏ခွာကို စစ်ဆေးသည်။ထို့နောက် အပြေးအလွှား ရောက်လာသော လုပေါင်ကို ကြည့်လိုက်သည်။

‘ဘယ်သူငါ့ကို လာရိုက်တာလဲ။’

“ကလေးလေး... နိုးပြီလား။ အိမ်မက်ဆိုး မက်လို့လား။အိမ်မက်ဆိုး မက်ရင် ကိုယ့်ခြေထောက်ကိုယ် မကိုက်ရဘူးလေ ဟုတ်ပြီလား ပါးပါးကို ပြစမ်း ပွန်းသွားလားလို့။”

လုပေါင်သည် ချီလင်လေး၏ ခြေထောက်ကို မကြည့်ကာ နာကျင်ခံစားရဟန်ဖြင့် ပြောလိုက်၏။

“ကတိပေးနော်နောက်ခါ ကိုယ့်ကိုယ်ကိုယ် ပြန်မကိုက်နဲ့ မဟုတ်ရင် ပါးပါး ရင်ကျိုးရလိမ့်မယ် ဟုတ်ပြီလား ကဲ... ပြန်အိပ်တော့။”

ချီလင်လေးမှာ ဇဝေဇဝါ ဖြစ်သွားသော်လည်း မကြာမီမှာပင် အလေးအနက် ခေါင်းညိတ်ပြလိုက်သည်။

‘ဪ... ဒါက အိမ်မက်ပဲကိုး။’

ချီလင်လေးသည် တစ်ကိုယ်လုံးကို သက်တောင့်သက်သာ ဆန့်ထုတ်လိုက်ပြီး ဆက်လက် အိပ်စက်နေတော့သည်။လုပေါင်ကို တွေးမိရင်း ၎င်းသည် ခေါင်းပြန်မော့ကာ သူ၏အမြီးလေးဖြင့် ဘေးနားရှိ နေရာလွတ်ကို ပုတ်ပြလိုက်၏။.

‘လာ.. ဒီမှာ အတူတူ လာအိပ်။’

“လိမ္မာတယ် ကလေးလေးပဲ အိပ်တော့။”

‘တကယ့်ကို လိမ္မာလွန်းတာပဲ။

‘တကယ်ကြီး အလုပ်ဖြစ်သွားတာလား။’

မြွေဟောက်နက်ကြီး၏ မျက်လုံးကြီးများ ပြူးသွား၏။၎င်းသည် လုပေါင်ကို ကြည့်လိုက် ချီလင်လေးကို ကြည့်လိုက်ဖြင့် ၎င်းကိုယ်တိုင်လည်း ချီလင်သွေး နှစ်စက်လောက် ရရင်ကောင်းမှာပဲဟု စဉ်းစားနေဟန်ဖြင့် ခေါင်းကို စောင်းနေလေသည်။ချီလင်သွေး၏ အာနိသင်မှာ အမှန်တကယ်ပင် မှင်သက်စရာ ကောင်းလှသည် မဟုတ်ပါလား။

လုပေါင် ရရှိထားသည်မှာ ချီလင်သွေးအဆီအနှစ်ဖြစ်ပြီး ကြွက်ဘုရင် ရရှိသွားသည်မှာ သာမန် ချီလင်သွေး သာ ဖြစ်သည်။ထိုနှစ်ခုကြားတွင် ကွာခြားချက်မှာ အလွန်ပင် ကြီးမားလှ၏။

အသွင်ပြောင်းကျားပင်လျှင် ခေါင်းမော့ကာ အတွေးနက်နေ၏။

‘ဘေးအန္တရာယ်ကြားမှာ ရတနာရှိတယ်တဲ့ ငါလည်း... တော်ပါပြီ ဒီလို အန္တရာယ်မျိုးကို ဒီကိုယ်ကျိုးကြည့်တဲ့ သခင်ပဲ ရင်ဆိုင်ပါစေတော့။’

ကြွက်ဘုရင်အိုကြီး၏ ဒဏ်ရာများမှာ လျင်မြန်စွာ ပြန်လည်သက်သာလာပြီး ၎င်း၏ သက်စောင့်အားမှာလည်း အလွန်ပင် တိုးတက်လာခဲ့သည်။၎င်း မျက်လုံးဖွင့်လိုက်သည့်အခါ လုပေါင်၏ ပြုံးရွှင်နေသော မျက်နှာကို မြင်လိုက်ရ၏။

“သားကြီး... နိုးလာပြီလား။”

“ကျိ...”

“တောင် - ကြွက်ဘုရင် ကယ်တင်ခြင်း မစ်ရှင် ပြီးမြောက်ပါပြီ။”

“ဆုလာဘ် - Telepathy”

ဒါဟာ လုပေါင် မစ်ရှင်တစ်ခုကို အမြန်ဆုံး အောင်မြင်ခဲ့ခြင်း ဖြစ်သည်။စစချင်းမှ အဆုံးအထိ တစ်မိနစ်ပင် မကြာလိုက်ချေ စနစ်က သူ့ကို အလကား ပေးလိုက်သလိုပင်။

ချီလင်အရှိန်အဝါနှင့် သွေးများ ဖုံးလွှမ်းနေသော ကြွက်ဘုရင်ကို ကြည့်ရင်း လုပေါင်သည် စိတ်ချင်းဆက်သွယ်ခြင်းကို စမ်းသပ်ကြည့်လိုက်၏။

ချက်ချင်းဆိုသလိုပင် သူသည် ကြွက်ဘုရင်၏ စိတ်ထဲသို့ အမှန်တကယ် ရောက်ရှိသွားသည်။

မှတ်ဉာဏ် အပိုင်းအစများမှာ အဆက်မပြတ် ပေါ်ထွက်လာ၏။လုပေါင်သည် မှင်သက်စွာ ကြည့်နေမိသည်။မည်မျှကြာသွားသည်မသိသူ့ကို မျက်လုံးအဝိုင်းသားဖြင့် စောင်းကြည့်နေသော အသွင်ပြောင်းကျားက တွန်းလိုက်သည့်အခါမှ သူ နိုးလာခဲ့သည်။

လုပေါင် သူ၏မျက်နှာကို ထိကြည့်လိုက်ရာ မျက်ရည်များဖြင့် စိုရွှဲနေခဲ့ပြီ။

“ဝေါင်း...”

အသွင်ပြောင်းကျားက ၎င်း၏ခေါင်းဖြင့် လုပေါင်ကို အသာအယာ ပွတ်သပ်ပေးလိုက်၏။

“ဒီသောက်ပေါသခင်က ဘာလို့ ငိုနေတာလဲ။”

ထိုအတွေးသည် အသွင်ပြောင်းကျားထံမှ ထွက်ပေါ်လာခြင်းပင်။လုပေါင်၏ မျက်လုံးများ ပြူးသွား၏။အသွင်ပြောင်းကျားက အသံတိုးတိုးဖြင့် ဟိန်းလိုက်သည်ကို သူ သေချာပေါက် သိသော်လည်း။မည်သို့လျှင် အလိုအလျောက် ဘာသာပြန်သွားရသနည်း။

၎င်းက သူ့ကို သောက်ပေါ လို့ တကယ်ကြီး ခေါ်လိုက်တာလား။

‘ဒါက Telepathyလား။’

“ဟင်းဟင်း... သားကြီး မင်းက ငါ့ကို သောက်ပေါလို့ ခေါ်တယ်ပေါ့လေ။”

လုပေါင်သည်လက်နှစ်ဖက်ကို ပွတ်ကာ လူယုတ်မာ အပြုံးဖြင့် ပြုံးလိုက်၏။

အသွင်ပြောင်းကျားမှာ ခဏမျှ တောင့်သွားပြီး နောက်သို့ တစ်လှမ်း ဆုတ်လိုက်၏။

‘ဒီသခင်ကသူတို့ဘာသာစကားကိုဘယ်လိုဖြစ်ပြီး ချက်ချင်း သိသွားရတာလဲ။’

မြွေနက်ကြီးပင်လျှင် ခေါင်းမော့ကြည့်လိုက်၏။

‘သူကဘာလို့ မြွေစကား ပြောနေရတာလဲ။’

အကယ်၍ ဟေးမီ နှင့်ဒါပေါင် တို့သာ ဒီမှာရှိရင် သူတို့တွေ ရူးသလို အော်နေကြပေလိမ့်မည်။

“လာကြည့်ကြဦး သခင်လေးက ခွေးဖြစ်သွားပြီ။ သူခွေးစကားတွေနားလည်နေတယ်။”

အခန်း ၁၀၆ - သန်းချီသော ကြွက်ဒီရေလှိုင်း ရတနာရှာဖွေရေးအဖွဲ့။

တိရစ္ဆာန်များ အုပ်စုလိုက် စုဝေးမိကြသည်မှာ ကြောက်စရာကောင်းလှသည်။ ကြွက်ဘုရင်အိုကြီး၏ မှတ်ဉာဏ်များမှတစ်ဆင့် လုပေါင်သည် အမှတ်တရများစွာကို မြင်တွေ့ခဲ့ရသည်။ဥပမာ ကျိုင်းကောင်များ။ ကျိုင်းကောင်ဘုရင်တစ်ကောင်ရှိသော ကျိုင်းကောင်အုပ်ကြီးသည် အတိုင်းအတာတစ်ခုအထိ ရောက်ရှိသွားပါက အလွန်ပင် ထိတ်လန့်စရာကောင်းလှ၏။

သူတို့၏ အစာစားချင်စိတ်မှာ အဆမတန် တိုးလာခြင်း၊ အဆိပ်အတောက်များ ရှိလာခြင်း၊ ပျံသန်းနိုင်စွမ်း ပိုကောင်းလာခြင်းနှင့် ခန္ဓာကိုယ် အရွယ်အစား ကြီးမားလာခြင်း... ဤအရာအားလုံးမှာ ကျိုင်းကောင်ဘုရင်၏ အဖွဲ့လိုက် အရှိန်အဝါစွမ်းရည်များပင် ဖြစ်သည်။

“သားလေး... ပြောစမ်း မင်း ဘာစွမ်းရည်ရှိလဲ။”

လုပေါင်သည်နီနီလေးကို လက်နှစ်ဖက်ဖြင့် မြှောက်ကိုင်ကာ မျှော်လင့်ချက်ရှိသော မျက်လုံးများဖြင့် ကြည့်ရင်း မေးလိုက်သည်။

“မင်းမှာလည်း အဖွဲ့လိုက် အရှိန်အဝါ စွမ်းရည်တွေ ရှိတယ် မဟုတ်လား။”

မီးပုရွက်ဆိတ်များ၏ အဖွဲ့လိုက်စွမ်းရည်ကို သူ မမြင်ဖူးသေးပေ။

“ကျိ ကျိ”

‘အင်းအင်း’

အနည်းငယ် စူးရှသော်လည်း ကြည်လင်နေသော မိန်းကလေးအသံတစ်ခု ထွက်ပေါ်လာသည်။နီနီလေးက ခေါင်းကို အလေးအနက် ညွှိတ်ပြလိုက်ပြီး ၎င်း၏ အာရုံခံအစိတ်အပိုင်းလေးများဖြင့် လုပေါင်ကို ထပ်တလဲလဲ ညွှန်ပြနေ၏။၎င်းသည် လုပေါင်၏ လက်ထဲတွင် ဤကဲ့သို့ အကိုင်ခံရခြင်းကို နှစ်သက်ပြီး အလွန်ပင် သက်တောင့်သက်သာ ရှိသည်ဟု ခံစားရသည်။

“ဒီကောင်မလေးရဲ့ အသံက သာယာလှချည်လား။မင်းတို့လို ချစ်စရာကောင်းတဲ့ နီနီလေးတွေ တိုက်ပွဲထဲမှာ တက်နင်းခံရပြီး သေကုန်မှာကို ငါ စိတ်လိုက်တာ။”

လုပေါင်စကားမပြောနိုင်လောက်အောင်ဖြစ်သွား၏။ရုပ်ရှင်တွေထဲမှာ လူသားစား ပုရွက်ဆိတ်အုပ်တွေနဲ့ ပီရန်ညာငါးအုပ်တွေ ဘာလို့ ဒီလောက် ကြောက်စရာကောင်းသလဲဆိုတာ သူ အခုမှ နားလည်သွားတော့သည်။ သူသည် မီးပုရွက်ဆိတ်အုပ်စု၏ စွမ်းအားကို လျှော့တွက်ခဲ့မိခြင်းပင်။ကြွက်ဒီရေလှိုင်း တိုက်ပွဲသာ မရှိခဲ့လျှင် ဤကဲ့သို့သော စွမ်းရည်မျိုး ရှိလိမ့်မည်ဟု သူ ဘယ်သောအခါမှ စိတ်ကူးယဉ်နိုင်မည် မဟုတ်ပေ။

ကြွက်ဘုရင်တစ်ကောင်တွင် အဘယ်ကြောင့် ဤမျှ ကြီးမားသော ဆွဲဆောင်မှု ရှိနေသနည်းဆိုသည်ကိုလည်း သူ အပြည့်အဝ သဘောပေါက်သွားပြီ ဖြစ်သည်။အကြောင်းမှာ ကြွက်ဘုရင်တစ်ကောင် ရှိနေခြင်းက မျိုးနွယ်စုတစ်ခုလုံးကို ပြည့်စုံစေသောကြောင့်ပင်ဖြစ်၏။

ကြွက်ဘုရင်အိုကြီးသည် ဘေးပတ်ဝန်းကျင်ကို လေ့လာနေ၏။ယခုအချိန်တွင် ၎င်း၏ ခန္ဓာကိုယ်သည် အားအင်များ ပြည့်ဝနေပြီး စွမ်းအင်များမှာလည်း စီးဆင်းနေသည်။ အလွန်အားနည်းနေပြီဖြစ်သော ၎င်း၏ ကိုယ်ခန္ဓာမှာလည်း ပြန်လည် ပြည့်ဖြိုးလာကာ အမွှေးအမျှင်များမှာလည်း တောက်ပနေ၏။

၎င်းမှာ ငယ်ရွယ်နုပျိုသော ခံစားချက်များဖြင့် ပြည့်နှက်နေသည်။

“ဒီနေ့ကစပြီး မင်းကို ကျောက်ခဲမင်း လို့ ခေါ်မယ်။မင်းက ရှောင်ဟွေ့... အဲ မီးခိုးမင်း နဲ့အတူ ကြွက်အုပ်စုကို အတူတူ အုပ်ချုပ်ရမယ်။ဒါက မင်းရဲ့ အိမ်သစ်ပဲ။ လာ... မင်းရဲ့ သူငယ်ချင်းအသစ်တွေနဲ့ မိတ်ဆက်ပေးမယ်။ဒီအဖြူရောင်ကောင်က ဖြူကြီး အနီရောင်ကောင်က နီနီလေး အနက်ရောင်ကောင်က မြွေကြီးပြီးတော့ အင်္ကျီဝတ်ထားတဲ့ကောင်ကချီလင်လေး။ အယ်...ဖြူကြီး... မင်း မျက်နှာက ဘာဖြစ်တာလဲ။”

လုပေါင် မိတ်ဆက်ပေး၍ မပြီးသေးမီမှာပင် ဖြူကြီးက မျက်လုံးလှန်ပြနေသည်ကို သူ သတိထားမိလိုက်သည်။မြွေဟောက်နက်ကြီးပင်လျှင် ခေါင်းကို အခြားတစ်ဖက်သို့ လွှဲလိုက်ပြီး နီနီလေးတစ်ကောင်သာလျှင် ၎င်း၏ အမည်သစ်ကို ဂရုမစိုက်ဟန် တူသည်။

‘ဒီကျားမဟုတ်ဘာမဟုတ်အကောင်ကတော့... သူ့ကို မိန်းမ ရှာမပေးတော့ဘူး။’

ကျောက်ခဲမင်းသည် ဘေးပတ်ဝန်းကျင်ကို ကြည့်လိုက်သည့်အခါ ဤနေရာရှိ မည်သူ့ကိုမျှ ၎င်း မယှဉ်နိုင်ကြောင်း နားလည်လိုက်သည်။အထူးသဖြင့် အိပ်ပျော်နေသော ချီလင်သားရဲနှင့် မြွေဟောက်နက်ကြီးတို့မှာ ၎င်းကို အလိုအလျောက် ထိတ်လန့်တုန်လှုပ်စေ၏။ဤသည်မှာမွေးရာပါ သွေးမျိုးဆက် ဖိနှိပ်မှုပင် ဖြစ်သည်။

ချီလင်သွေးဖြင့် အသွင်ပြောင်းလဲမှုသာ မရှိခဲ့လျှင် ၎င်းသည် ဤနေရာ၌ ခေါင်းပင် မော့နိုင်မည် မဟုတ်ပေ။ကြွက်ဘုရင်တစ်ကောင်သည် ကြွက်ဒီရေလှိုင်းကို ထိန်းချုပ်၍ တိုက်ခိုက်ရခြင်းဖြစ်ပြီး တစ်ကောင်ချင်းစီ၏ ခွန်အားမှာ အနည်းငယ် အားနည်းတတ်သည်။အကယ်၍ ကြွက်ဒီရေလှိုင်းကသာ လုံလောက်အောင် ကြီးမားပါက ကျားတစ်ကောင်ပင်လျှင် ၎င်းတို့ကို မယှဉ်နိုင်ပေ။

သေချာသည်မှာ တစ်ဦးချင်း တိုက်ခိုက်ပွဲတွင်တော့ မဖြစ်နိုင်ပေ။

ကျောက်ခဲမင်းမှာ သေးငယ်လှသည် မဟုတ်ချေ။မြေပြင်ပေါ်တွင် ထိုင်နေသည့်အခါ ဧရာမ ရွှေနီရောင် မြေခွေးတစ်ကောင်နှင့် တူနေ၏။ကြွက်တစ်ကောင်မှာ ဤမျှ ကြည့်ကောင်းလိမ့်မည်ဟု မြင်ယောင်ရန် ခက်ခဲလှသည်။

“ကဲ... ရှောင်ဟွေ့ကို သွားတွေ့ရအောင်။”

လုပေါင်က၎င်း၏ ခေါင်းကို ပုတ်ပေးလိုက်သည်။

“ကျိ”

ရှောင်ဟွေ့သည် ကျောက်ခဲမင်း၏ ကွဲကွာနေသော ကြွက်တပ်သားများကို ပြန်လည် စုစည်းနေခြင်း ဖြစ်သည်။ဘာပဲဖြစ်ဖြစ် ထိုအထဲတွင် အစွမ်းထက်သော ကြွက်ဘုရင်ငယ်ပေါင်း တစ်ရာကျော် ပါဝင်နေသည် မဟုတ်ပါလား။တွင်းနက်ဟင်းလင်းပြင်၊ နှစ်တစ်ရာ မီးဝိညာဉ်သီး သို့မဟုတ် တောင်စောင့်နတ် ပုံရိပ်များ မရှိဘဲ ကြွက်ဘုရင်ငယ်တစ်ကောင် ဖြစ်လာရန်မှာ အလွန်ပင် ခက်ခဲလှသော အရာဖြစ်သည်။

ရှောင်ဟွေ့က သန်းချီရှိသော ကြွက်အုပ်ကြီးကို ပြန်လည် စုစည်းနေစဉ် ကြွက်အော်သံများမှာ ဆူညံနေ၏။

တွင်းနက်ထဲမှ ထွက်လာပြီးနောက် လုပေါင်နှင့် ကျောက်ခဲမင်း နှစ်ဦးစလုံးသည် ခုတင်ပေါ်ရှိ အရိုးစုများကို ကြည့်လိုက်ကြသည်။

“ခဏနေရင် ပြန်လာခဲ့ကြတာပေါ့။”

ကျောက်ခဲမင်း၏ တစ်သက်တာ အစွဲအလမ်း။

သူတို့ထွက်ခွာသွားသည့်အခါ ထိုအရိုးစုများကို ငြိမ်းချမ်းစွာ အနားယူနိုင်ရန် မြေမြှုပ်သင်္ဂြိုဟ်ပေးရပေမည်။

“ကျိ ကျိ”

(ကျေးဇူးတင်ပါတယ် သခင်)

အနည်းငယ် အိုမင်းနေသော အသံတစ်ခု ထွက်ပေါ်လာသည်။ ယကျောက်ခဲမင်းသည် လူတစ်ယောက်ကဲ့သို့ အရိုးစုများရှေ့တွင် ဒူးထောက်ကာ ဦးညွှတ် အလေးပြုလိုက်ပြီးနောက် ရှိုက်ကြီးတငင် ငိုကြွေးကာ လုပေါင်နောက်မှ လိုက်၍ တံခါးအပြင်သို့ ထွက်လာခဲ့တော့သည်။

အပြင်သို့ ရောက်သည့်အခါ ထိုရွှေရောင် ကြွက်ကြီးမှာ လွန်စွာမှပင် နှမြောတသဟန်ဖြင့် နောက်သို့ နှစ်ကြိမ်တိုင်တိုင် ပြန်လှည့်ကြည့်နေခဲ့၏။

၎င်းတွင် သခင်အသစ် ရှိလာပြီဖြစ်ရာ အတိတ်က အရာအားလုံးမှာလည်း အဆုံးသတ်သွားသင့်ပြီ ဖြစ်သည်။

လုပေါင် ပြန်ရောက်သည့်အခါ ရှောင်ဟွေ့မှာ သန်းချီရှိသော ကြွက်ဒီရေလှိုင်းကြီး၏ ဝန်းရံခြင်းကို ခံထားရသည်ကို တွေ့လိုက်ရ၏။ အားလုံးမှာ ငြိမ်သက်နေကြသည်။ဤသည်မှာ ဘုရင်အသစ်ကို တင်မြှောက်သော အခမ်းအနားဖြစ်ပြီး၊ ဤသန်းချီရှိသော ကြွက်အုပ်ကြီးမှာ ယခုအခါ ရှောင်ဟွေ့၏ ပိုင်ဆိုင်မှု ဖြစ်သွားပြီဟု ဆိုလိုခြင်း ဖြစ်သည်။

ရွှေရောင် ကြွက်ဘုရင် ရောက်ရှိလာသည့်အခါ ရှောင်ဟွေ့သည် ၎င်း၏ ခေါင်းလေးကို စောင်းကာ ဇဝေဇဝါ ဖြစ်နေသော မျက်လုံးလေးများဖြင့် ကြည့်နေ၏။

“ကျိ ကျိ...”

(သခင်... သူ ဘာလို့ ရောက်လာတာလဲ။)

ကလေးငယ်တစ်ဦး၏ အသံမျိုး ထွက်ပေါ်လာသည်။မအံ့သြပါနှင့် ရှောင်ဟွေ့မှာ အမှန်တကယ်တွင် ကြွက်ပေါက်လေးသာ ရှိပါသေးသည်။၎င်း၏ အသံမှာ အသက် သုံးလေးနှစ်အရွယ် ကလေးငယ်တစ်ဦး၏ အသံနှင့် တူနေ၏။၎င်းသည် လုပေါင်ထံသို့ အပြေးအလွှား ရောက်လာပြီး လုပေါင်ကို မော့ကြည့်ကာ ရွှေရောင် ကြွက်ဘုရင်ကြီးကိုလည်း လှမ်းကြည့်နေသည်။

လုပေါင်က ရှောင်ဟွေ့ကို မချီလိုက်ပြီး

“မင်းက ကလေးပဲ ရှိသေးတာ စိတ်မကောင်း မဖြစ်ပါနဲ့။ အရင်ဆုံး ဒဏ်ရာရနေတဲ့သူတွေကို တွင်းနက်ထဲ ပို့လိုက်ကြရအောင်။လမ်းမလျှောက်နိုင်လောက်အောင် ဒဏ်ရာပြင်းထန်တဲ့သူတွေကို ချီပြီး ခေါ်သွားလိုက်။”

တွင်းနက်ဟင်းလင်းပြင်ကို ချဲ့ထွင်လိုက်၏။

တွင်းနက်ထဲသို့ ဝင်ရောက်ခြင်းဖြင့် ဒဏ်ရာရထားသော ကြွက်တပ်သားများမှာလည်း ပြန်လည် နာလန်ထူရန် မြန်ဆန်လာပေလိမ့်မည်။

“ကျိ ကျိ”

ရှောင်ဟွေ့က ပျော်ရွှင်စွာ ခေါင်းညိတ်ပြလိုက်သည်။

ဒဏ်ရာရနေသော ကြွက်အုပ်ကြီးမှာ တစ်ကောင်ပြီးတစ်ကောင် တွင်းနက်ထဲသို့ ဝင်သွားကြတော့သည်။မလှုပ်ရှားနိုင်တော့သူများကိုလည်း ကိုက်ချီ၍ ခေါ်ဆောင်သွားကြ၏။ တွင်းနက်ကြီးတွင် နေထိုင်သူအသစ်များ ထပ်မံ တိုးပွားလာခဲ့ပြီဖြစ်၏။

များပြားလှသော မီးပုရွက်ဆိတ် အလောင်းများမှာလည်း မကြာမီတွင် ရှင်းလင်းသွားပေလိမ့်မည်။

အလုပ်များနေသော ကြွက်အုပ်ကြီးကို ကြည့်ရင်း လုပေါင်သည် ရှောင်ဟွေ့ကို မချီကာ ကြည့်လိုက်သည်။ဤကောင်လေးသည် အနာဂတ်တွင် အဖွဲ့လိုက် ကုသခြင်းစွမ်းရည်များ ရလာနိုင်မည်လား။ဘာပဲဖြစ်ဖြစ် ကြွက်ဘုရင်ဆိုသည်မှာ ဂိမ်းထဲက ကုသပေးသူ တစ်ယောက်နှင့် တူသည် မဟုတ်ပါလား။

ကြွက်ဒီရေလှိုင်းကြီး တစ်ခုလုံးမှာ အုပ်စုလိုက် နေရာရွှေ့ပြောင်းကြတော့သည်။ရှောင်ဟွေ့နှင့် ကျောက်ခဲမင်းမှာ မျိုးနွယ်တူများ ဖြစ်ကြသည့်အတိုင်း မကြာမီမှာပင် သင့်သင့်မြတ်မြတ်ဖြစ်သွားကြသည်။

ကျင်းတူးခြင်း၊ အရိုးစုများကို မြှုပ်နှံခြင်းနှင့် အုတ်ဂူစိုက်ထူခြင်းများ ပြုလုပ်လိုက်၏။

ရွှေရောင် ကြွက်ဘုရင်သည် ၎င်း၏ အိမ်ဂေဟာကို နှမြောတသဟန်ဖြင့် ကြည့်နေ၏။ ၎င်း၏ သခင်ဟောင်းမှာ ပြန်မလာနိုင်တော့ကြောင်း ၎င်း နားလည်ထားသည်မှာ ကြာပြီဖြစ်သော်လည်း မစွန့်လွှတ်နိုင်ခဲ့ခြင်း ဖြစ်သည်။ယခုတော့ အားလုံးကို အဆုံးသတ်ရမည့် အချိန်တန်ပြီဖြစ်၏။

“ကျောက်ခဲမင်း... သွားကြစို့။”

အမေနှင့်သား၏ အရိုးစုများကို အတူတူ မြှုပ်နှံပေးပြီးနောက် လုပေါင်သည် သူ၏ ကျောပိုးအိတ်ထဲမှ စားစရာအချို့ကို အုတ်ဂူရှေ့တွင် ချပေးလိုက်ကာ ကျောက်ခဲမင်း၏ ခေါင်းကို ပုတ်ပေးရင်း ထရပ်လိုက်၏။

“ကျိ...”

ရွှေရောင် ကြွက်ဘုရင်ကြီးသည် မျက်ရည်များ ဝိုင်းနေသော မျက်လုံးလေးများဖြင့် အုတ်ဂူကို ကြည့်ကာ ခြေလှမ်းအနည်းငယ် လှမ်းလိုက်တိုင်း နောက်သို့ ပြန်လှည့်ကြည့်ရင်း ထွက်ခွာလာခဲ့တော့သည်။

“ဂါးးးးး”

လုပေါင်သည် ကြွက်တောင်ကုန်းမှ ထွက်ခွာခါနီးတွင် ကျီးကန်းတစ်ကောင်၏ အော်သံမှာ ခေါင်းပေါ်မှ ထွက်ပေါ်လာသည်။မည်းနက်နေသော ကျီးကန်းတစ်ကောင်သည် ကောင်းကင်ယံတွင် ပျံသန်းနေ၏။

ရွှေရောင် ကြွက်ဘုရင်သည် ပျံသန်းနေသော ကျီးကန်းကို လှမ်းကြည့်ကာ လုပေါင်ကို အော်ဟစ် အချက်ပြလိုက်သည်။

“ကျိ ကျိ ကျိ”

“ရတနာ ရှိနေတာလား။”

လုပေါင် အံ့သြသွား၏။သူသည် အမြန် ထိုင်ချလိုက်ပြီး ရွှေရောင် ကြွက်ဘုရင်ကို ကြည့်ကာ မေးလိုက်သည်။

“ဒီတောင်တွေထဲမှာ ရတနာ ရှိနေတယ်လို့ မင်း ပြောတာလား။ဘယ်နားမှာလဲ။”

ဤကျယ်ပြောလှသော တောင်တန်းကြီးအတွင်းတွင် ရတနာများ ဝှက်ထားသည်လား။သူ၏ ကံဇာတာမှာ ဤမျှတောင် ကောင်းနေသလား။

“ကျိ”

(အစောင့်အရှောက် သားရဲတစ်ကောင် ရှိတယ်။)

“သားရဲလား မကြောက်ပါနဲ့။ ငါတို့ မနိုင်ရင်တောင် ချီလင်လေးနဲ့ မြွေဟောက်နက်ကြီး ရှိသေးတာပဲ။ဘယ်သားရဲကများ သူတို့ကို ယှဉ်နိုင်မှာလဲ။လမ်းပြစမ်း လမ်းပြစမ်း။ ငါတို့ ရတနာ သွားလုကြမယ်။”

လုပေါင်သည် ချီလင်လေး စောင့်ရှောက်ထားသော နှစ်ထောင်ချီ မီးဝိညာဉ်သီးကို ချက်ချင်း သတိရသွား၏။ဤတောင်တန်းများတွင်လည်း ထိုကဲ့သို့သော ရတနာ ရှိနေလိမ့်မည်ဟု သူမထင်ထားခဲ့ပေ။

မျှော်လင့်ထားသည့်အတိုင်းပင် ကြွက်များမှာ ရတနာရှာဖွေရေး တပ်သားများ ဖြစ်ကြပေသည်။

“ဒါနဲ့... ဒီတောင်တွေထဲမှာ ဒီလိုမျိုးတွေရော မြင်ဖူးလား။”

လုပေါင်သည်ရွှေတုံး တစ်တုံးကို ထုတ်ပြလိုက်သည်။ ကြွက်များမှာ ကြီးမားသော သင်္ချိုင်းဂူများစွာကို အလွယ်တကူ ရှာဖွေတွေ့ရှိနိုင်ပြီး ဝင်ရောက်နိုင်သည်ကို သိထားသင့်သည်။

“ကျိ...”

ကျောက်ခဲမင်းသည် သေချာကြည့်လိုက်ပြီးနောက် အလေးအနက် ခေါင်းညိတ်ပြလိုက်သည်။အချို့တော့ ရှိသည်။သို့သော် အများကြီးတော့ မဟုတ်ပေ။

၎င်းမှာ ဤအရာကို အမှန်တကယ် မြင်ဖူးခြင်းပင်။

“သွားစို့ သွားစို့ ငါ့ရဲ့ ရတနာရှာဖွေရေး တပ်ဖွဲ့ကြီး... ချီတက်ကြစို့။”

လုပေါင် စိတ်လှုပ်ရှားနေ၏။အကယ်၍ အများကြီး မရှိလျှင်ပင် သူ လွှတ်ပေးလိုက်မည် မဟုတ်ချေ။ပို၍ သင့်တော်သော နေရာတစ်ခုကို သူ တွေးမိသွားသည်။

သန်းချီရှိသော ကြွက်ဒီရေလှိုင်း ရတနာရှာဖွေရေး တပ်ဖွဲ့ ဘယ်ရတနာကများ သူတို့မျက်စိထဲက လွတ်နိုင်မှာလဲ။

‘မဟုတ်သေးဘူး အလောင်းကောင်ချိုင့်ဝှမ်းမှာ မစ်ရှင်ပြီးတာနဲ့ ရွှေတူးဖော်ရေး နယ်မြေတွေကို သွားပြီး ရွှေတွေ ရှာရမယ်။’

အလောင်းကောင်ဘုရင် နှစ်ကောင်အတွက် ရွှေတွေ လိုအပ်နေသေးသည်။သူ၏ လက်ကျန် ရွှေတုံးအနည်းငယ်မှလွဲ၍ အခြားသော ရွှေများမှာ ကုန်ဆုံးနေပြီဖြစ်သည်။

‘အရင်ဆုံး အမေရိကကို သွားရမယ်။အဲဒီမှာ ရွှေတွေ အများကြီး ရှိတဲ့ မြေတွေ ရှိတယ် မဟုတ်လား။အားလုံးကို သွားပြီး သိမ်းယူရမယ်။ သဘာဝအတိုင်း ရှိနေတဲ့ အရာတွေကို ယူတာကို ခိုးတယ်လို့ ခေါ်လို့ရမလား။’

လုပေါင် တိုက်ရိုက်ထုတ်လွှင့်မှု ပြန်စမှာကို ပရိသတ်တွေ ဘယ်လောက်တောင် စောင့်မျှော်နေကြမလဲဆိုတာ ဘယ်သူမှ မသိနိုင်ပေ။ရုတ်တရက် ပိတ်သွားခြင်းကြောင့် လုလင်းဟွာပင် ထိတ်လန့်သွားခဲ့သည်။သူ လုပေါင်ကို ဆက်သွယ်သော်လည်း မရရှိခဲ့သဖြင့် အချက်ပြလိုင်း ပြဿနာကြောင့် လုပေါင်မှာ တိုက်ရိုက်ထုတ်လွှင့်မှု ခေတ္တ ရပ်နားထားရကြောင်းသာ ကြေညာချက် ထုတ်ပြန်လိုက်ရသည်။

ဤအကြောင်းပြချက်မှာ လုံလောက်သော အကြောင်းပြချက် ဖြစ်ပေသည်။

လူအများမှာ ရွှေရောင် ကြွက်ဘုရင်ကြီးကြောင့် အံ့သြတုန်လှုပ်နေကြသည်။ သေလုမြောပါး ဖြစ်နေသော ကြွက်ဘုရင် သွားကြည့်သည့်အရာမှာ လူသားအရိုးစု နှစ်စုံ ဖြစ်နေခြင်းပင်။၎င်း မြေပြင်ပေါ်တွင် ဒူးထောက်ကာ ငိုကြွေးနေပုံမှာ လူအများကို ကြွက်များအပေါ် ယခင်ကထက် ကြောက်ရွံ့မှု လျော့နည်းသွားစေခဲ့သည်။

သူတို့မှာလည်း ထူးခြားသော ခံစားချက်များ ရှိကြသည် မဟုတ်ပါလား။

All Chapters