← Chapters

အခန်း (၁၀၉-၁၁၀)

Vol. 11 Ch. 109-110

အခန်း (၁၀၉-၁၁၀)

Vol. 11 Ch. 109-110

အခန်း ၁၀၉ - ကြွက်ဒီရေလှိုင်းတပ်ဖွဲ့နှင့် မီးပုရွက်ဆိတ်တပ်ဖွဲ့တို့၏ ပထမဆုံး ရတနာရှာဖွေမှု။

ဒါဟာ သူ့ရဲ့ အကြံဉာဏ်ပါလို့ လုပေါင်က ထုတ်မပြောခဲ့ပေ။ယ။

‘ဘာပဲဖြစ်ဖြစ် ပြဿနာတစ်ခုခုရှိရင် ဒီကောင်လေးတွေပေါ်ပဲ ပုံချလိုက်ရုံပါပဲ။ ဘာလဲ... ဒီတိရစ္ဆာန်လေးတွေက ဥပဒေကို လိုက်နာလိမ့်မယ်လို့ ခင်ဗျားတို့ မျှော်လင့်နေတာလား။သူတို့ ဥပဒေချိုးဖောက်ရင်ကော ဘယ်သူက သူတို့ကို လာစီမံခန့်ခွဲမှာလဲ။’

“ကျိ...”

ကျောက်ခဲမင်းမှာ ကြောင်တောင်တောင် ဖြစ်သွား၏။

‘သခင်ပဲငါတို့ကို တူးခိုင်းတာ မဟုတ်ဘူးလား။’

ရှောင်ဟွေ့ လည်း အပြေးအလွှား ရောက်လာပြီး ဘာတွေဖြစ်နေလဲဆိုတာကို သိချင်စိတ်ဖြင့် ခြေထောက်နှစ်ဖက်ဖြင့် မတ်တပ်ရပ်ကာ လှမ်းကြည့်နေသည်။

အလောင်းကောင်တွင်းထဲတွင် အရိုးစုများက များပြားလွန်းလှသည်။လုပေါင်၏ တိုက်ရိုက်ထုတ်လွှင့်မှုမှာလည်း လူအများကို တုန်လှုပ်စေခဲ့၏။ ဒီလောက်များပြားတဲ့ အရိုးစုတွေ... ဒီထဲမှာ လူဘယ်လောက်တောင် သေဆုံးခဲ့မည်နည်း။

အရိုးစုများကို တစ်ခုပြီးတစ်ခု တူးထုတ်နေစဉ် ထူးဆန်းသော အလောင်းခြောက်များကိုလည်း ရံဖန်ရံခါ တွေ့ရတတ်သည်။မီးပုရွက်ဆိတ်အချို့မှာလည်း ငွေတုံးများ၊ ရွှေတုံးများ၊ ကြေးပြားများ၊ ကျိုးပဲ့နေသော လက်နက်များနှင့် အခြားအရာများကို သယ်ဆောင်နေကြသည်ကို မြင်တွေ့ရ၏။

သူတို့မှာ အလွန်ပင် အလုပ်များနေကြသည်။

ပရိသတ်များမှာ မှင်သက်ကုန်ကြ၏။

“ဘာတွေဖြစ်နေတာလဲ။”

“ဒါဆို သန်းချီတဲ့ ကြွက်အုပ်ကို ပိုင်ဆိုင်တဲ့ ဒီကြွက်ဘုရင်ကလည်း ရတနာနတ်ဘုရားရဲ့ လက်အောက်ခံ ဖြစ်သွားပြန်ပြီပေါ့။”

“ရတနာနတ်ဘုရားလို့ ဘာလို့ ခေါ်နေတာလဲ။သားရဲနတ်ဘုရားလို့ ခေါ်လိုက်စမ်းပါ။မြင်သမျှ အကောင်တိုင်းက သူ့ရဲ့လက်အောက်ခံ လုပ်နေတာပဲ။ခင်ဗျားက မိစ္ဆာလား။သူ့ရဲ့လက်အောက်ခံလုပ်တဲ့ အကောင်တွေကလည်း အကုန်လုံး ထူးဆန်းနေတာပဲ။နောက်တစ်ခါ လောက်ကောင်တစ်သိုက်ကို လက်အောက်ခံ လုပ်လိုက်ရင်တောင် ကျွန်တော် အံ့သြတော့မှာ မဟုတ်ဘူး။”

“ဒါက... သင်္ချိုင်းခိုးတူးတာလို့ သတ်မှတ်လို့ရမလား။ဒါကို တိုက်ရိုက်ထုတ်လွှင့်နေတာက နည်းတဲ့သတ္တိတော့မဟုတ်ဘူး။”

“သူက သူတို့ကို ရတနာ ရှာခိုင်းနေတာလား...။”

“ပစ္စည်းကောင်းတွေ အများကြီးပဲ ရတနာနတ်ဘုရား... ဒါ ဘယ်မင်းဆက်ကလဲဆိုတာ ပြောပြပါဦး။သမိုင်းမှာ ဒီလောက်ကြီးမားတဲ့ သေကျေမှုမျိုး သိပ်မရှိဘူးလို့ ကျွန်တော် မှတ်မိနေတယ်။ဒါက...အရှင်လတ်လတ် မြေမြှုပ်ခဲ့တဲ့ လူတွေတော့ မဟုတ်လောက်ပါဘူးနော်။မဟုတ်ဘူး... ချပ်ဝတ်တန်ဆာတွေက ကြည့်ရတာ အဲဒီခေတ်က မဟုတ်ဘူး။”

“အမလေး... ရှေးလူကြီးတွေ ဘယ်လောက်တောင် သနားဖို့ကောင်းလဲ...။”

“ရတနာနတ်ဘုရားရေ... တောက်ပြောင်နေတဲ့ ငွေလက်ထိပ်တွေက ခင်ဗျားကို စောင့်ကြိုနေတယ်နော်။”

“ပညာရှင်တွေ မြန်မြန်လာကြပါဦး။ခင်ဗျားတို့ အစွမ်းပြရမယ့် အချိန်ရောက်ပြီ။ အာဏာပိုင်တွေကို အကြောင်းကြားကြစို့။”

ဤမြင်ကွင်းကို မြင်လိုက်ရသူတိုင်း မှင်သက်ကုန်ကြသည်။ဒါဟာ မီးပုရွက်ဆိတ်တပ်ဖွဲ့နဲ့ ကြွက်ဒီရေလှိုင်းတပ်ဖွဲ့ကို သုံးပြီး ရတနာရှာတာလား။သင်္ချိုင်းခိုးတူးတာလား။မီးပုရွက်ဆိတ်အချို့က တန်ဖိုးကြီးပစ္စည်းတွေကို သယ်ယူနေတာကို သူတို့ အထင်အရှား မြင်နေရသည် မဟုတ်ပါလား။

ပြီးတော့ ကြွက်ဒီရေလှိုင်းကြီးက ဘာလို့ ထိန်းချုပ်ခံထားရတာလဲ။

အရင် တိုက်ရိုက်ထုတ်လွှင့်မှုတုန်းက ဒီကြောက်စရာကောင်းတဲ့ ကြွက်အုပ်ကြီးက သူတို့ကို ထိတ်လန့်စေခဲ့တာပါ။

ကြွက်ကြီး ဆယ်ကောင်ခန့်ပါသော အုပ်စုများက နေရာအနှံ့တွင် ကျင်းတူးနေကြသည်။ သန်းချီသော ကြွက်အုပ်ကြီးက ကျင်းတူးပြီး အရိုးစုများကို ရွှေ့ပြောင်းနေသည့် မြင်ကွင်းမှာ အလွန်ပင် တုန်လှုပ်စရာ ကောင်းလှသည်။ အရိုးစုများမှာ တစ်လွှာပြီးတစ်လွှာ ပေါ်ထွက်နေဆဲပင်။

အောက်ခြေရှိ အရိုးစုများမှာ အားလုံးနီးပါးမည်းနက်နေပြီ ဖြစ်သည်။လုပေါင်က တိုက်ရိုက်ထုတ်လွှင့်မှုတွင် ပြောလိုက်သည်။

“ပရိတ်သက်ရေ... ကျွန်တော်လည်း ဒီနေရာကို မတော်တဆ ရှာတွေ့ခဲ့တာပါ။ဒီက ချပ်ဝတ်တွေ လက်နက်တွေနဲ့ အရိုးစုတွေဟာ သမိုင်းသုတေသနအတွက် အလွန်တန်ဖိုးရှိသလို ကြေးပြားတွေလည်း အများကြီး ရှိပါတယ်။ဒီတန်ဖိုးရှိတဲ့ အရာတွေဟာ ကျွန်တော်တို့အတွက်တော့ ရှေးဟောင်းပစ္စည်းတွေ ဖြစ်ပေမဲ့ ကျွန်တော် ဒါတွေကို လက်ဖျားနဲ့တောင် မထိပါဘူး။ဒါတွေကို ဒီအတိုင်းပဲ ထားခဲ့မှာဖြစ်ပြီး အမျိုးသားပြတိုက်ကို လှူဒါန်းသွားမှာပါ။”

ကျိုးပဲ့နေသော ချပ်ဝတ်များ ခွဲခြားရခက်သော လက်နက်များ ကပ်နေသော ကြေးပြားများနှင့် အမျိုးမျိုးသော ဆွေးမြည့်နေသည့် ပစ္စည်းများမှာ လုပေါင်အတွက်တော့ တန်ဖိုး သိပ်မရှိလှပေ။အကြောင်းမှာ ထိုအရာများကို ပြန်လည်ရောင်းချရန် ခက်ခဲသောကြောင့် ဖြစ်သည်။

နိုင်ငံတော်အတွက်မူ ဤအရာများမှာ တစ်မျိုးတစ်ဖုံ အကျိုးဖြစ်ပေလိမ့်မည်။ထိုပစ္စည်းများကို မူလအတိုင်း ပြန်လည်ပြုပြင်ပေးနိုင်မည့် ပညာရှင်များ ရှိသည်။ဘာပဲဖြစ်ဖြစ် သူက ဒါတွေကို စွန့်ပစ်ဖို့ စီစဉ်ထားပြီးသားမို့လို့ ဒီအတိုင်း ထားခဲ့ပြီး နောက်မှ လိပ်စာကို နိုင်ငံတော်ကို လှူဒါန်းပေးလိုက်ရုံသာ ရှိသည်။

ငွေတုံးများမှာလည်း သိပ်တန်ဖိုးမရှိသဖြင့် ရာဂဏန်းခန့်ကို ချန်ထားပေးလိုက်မည်။ရွှေတုံးများအတွက်မူ ရွှေရွက်ကဲ့သို့သော အသေးစားလေးအချို့ကို ချန်ထားပေးခြင်းဖြင့် သူ စေးနှဲသည်ဟု မထင်ရတော့ပေ။

ကျိုးပဲ့နေသော ကျောက်စိမ်းဆွဲသီးများနှင့် အခြားအရာများကိုလည်း သူ ရက်ရက်ရောရောပင် မယူရန် ဆုံးဖြတ်လိုက်သည်။

အရွယ်အစား အမျိုးမျိုးရှိသော ရွှေတုံး ထောင်ဂဏန်းခန့်နှင့် ရွှေရွက်ပုံကြီးကို လှမ်းကြည့်ရင်း လုပေါင်သည် သူကိုယ်သူ စေးနှဲသည်ဟု မခံစားရပေ။အကယ်၍ သူသာ ဘာမှမပြောခဲ့လျှင် ဤအရာများကို မည်သူမျှ ရှာတွေ့လိမ့်မည် မဟုတ်ပေ။

ဤအလောင်းများကို ဤနေရာသို့ လာရောက်စွန့်ပစ်ခဲ့သူများမှာ အဘယ်ကြောင့် သူတို့၏ ပိုင်ဆိုင်မှုများကို မရှာဖွေခဲ့ကြသနည်းဆိုသည်ကို သူ မသိသော်လည် နောက်ဆုံးတွင်မူ ဤအရာများမှာ သူ့အတွက် အကျိုးအမြတ် ဖြစ်လာခဲ့သည်။

ဤပစ္စည်းများသာ မရှိခဲ့လျှင် လုပေါင်အနေဖြင့် ဤသူများကို ကောင်းမွန်စွာ သင်္ဂြိုဟ်ပေးရန် စဉ်းစားမိလိမ့်မည် မဟုတ်ပေ။

“ဒါကတော့ စစ်သူကြီးတစ်ယောက်ရဲ့ ပုံစံပဲ။ ဒီဓားရှည်ကြီးက သံချေးတက်ပြီး တစ်ဝက်ကျိုးနေပေမဲ့ ပြိုင်ဘက်ပေါင်းများစွာကို သတ်ဖြတ်ခဲ့ဖူးတယ်ဆိုတာ သိသာပါတယ်။ဓားသွားပေါ်မှာလည်း အစင်းရာတွေ အများကြီးပဲ။”

“အဲ...ဒီဖိနပ်တွေမှာ ကျောက်စိမ်းတွေတောင် စီထားတာပဲ။ကျောက်စိမ်းအရည်အသွေးက သိပ်မကောင်းပေမဲ့ အဲဒီခေတ်မှာတော့ ဒီဖိနပ်တစ်စုံက အတော်လေး တန်ဖိုးကြီးခဲ့မှာ သေချာတယ်။”

“ဒီဆံထိုးလေးကတော့ အတော်လေးလှသားပဲ။”

“ကြေးပြားတွေလည်း အများကြီးပဲ။ အာဏာပိုင်တွေကို အကြောင်းကြားချင်နေတဲ့ ပညာရှင်တို့ရေမစိုးရိမ်ကြပါနဲ့။နောက်ကျရင် ခင်ဗျားတို့တစ်ယောက်ချင်းစီကို ပေါင်ချိန်တစ်ရာစီ ပေးလိုက်ပါ့မယ်။ဘယ်သူ့ကိုမှလည်း ထုတ်မပြောပါဘူး။ကျွန်တော်တို့ တိတ်တိတ်လေး ချမ်းသာကြရအောင်လေ။”

“ဒီတစ်ခါ ဂုဏ်ပြုမှတ်တမ်းလွှာနဲ့ ဆုငွေအနည်းငယ်လောက် မရရင်တော့ ကျွန်တော် ရှုံးသွားပြီလို့ ခံစားရမှာပဲ။”

လုပေါင်သည် အဆက်မပြတ် မိတ်ဆက်ပေးနေခဲ့သည်။သမိုင်းသုတေသနတန်ဖိုးရှိသော အရာများစွာ အမှန်တကယ် ရှိနေသည်။ဤအရိုးစုများမှာ ထန် မင်းဆက်ခေတ်က ဖြစ်သည်။ထန်မင်းဆက် အထွတ်အထိပ်သို့ ရောက်ရှိနေချိန်တွင် ဤမျှကြီးမားသော သေကျေမှုမျိုး ရှိခဲ့သည်မှာ မြင်ယောင်ရန် ခက်ခဲလှသည်။

သူသည် တန်ဖိုးရှိသော အရာအားလုံးကို သိမ်းဆည်းလိုက်ပြီး တန်ဖိုးမရှိသော အရာများကိုမူ ချန်ထားရစ်ခဲ့သည်။သေချာသည်မှာ အများစုမှာ အလွန်တန်ဖိုးရှိသော်လည်း ရောင်းချရန် ခက်ခဲပြီး အရေအတွက်ကလည်း များပြားလွန်းလှသည်။

လုပေါင်သည် စစ်သူကြီးဝတ်စုံ နှစ်စုံ မပျက်မစီးရှိနေသော စစ်သည်ဝတ်စုံအချို့နှင့် လက်နက်အမျိုးမျိုးကို ဝှက်ထားလိုက်၏။ ဤအရာများကိုမူ သူ၏ ကိုယ်ပိုင်စုဆောင်းမှုအဖြစ် ထားရှိမည်ဖြစ်သည်။

ကြွက်တပ်ဖွဲ့က အလောင်းများကို သယ်ဆောင်ပြီး ကျင်းတူးနေကြစဉ်မီးပုရွက်ဆိတ်တပ်ဖွဲ့က အမျိုးမျိုးသော ရတနာများကို ရှာဖွေနေကြသည်။ထိုသို့ ပူးပေါင်းဆောင်ရွက်မှုအောက်တွင် နှစ်နာရီပင် မပြည့်မီမှာပင် အလောင်းကောင်တွင်း တစ်ခုလုံးမှာ သန့်ရှင်းသွားခဲ့သည်။

“အရိုးစု ငါးသောင်းတောင် မပြည့်ဘူးလား။”

သူက အနည်းဆုံး တစ်သိန်းလောက်တော့ ရှိမယ်လို့ ထင်ထားတာပါ။

လုပေါင်သည် ယခုမစ်ရှင်အတွက် သွားရမည့် အလောင်းကောင်ချိုင့်ဝှမ်းကို သတိရသွားသည်။အလောင်းကောင်ချိုင့်ဝှမ်းသည် ထူးခြားသော တည်နေရာရှိသည့် ရှေးဟောင်းစစ်မြေပြင်တစ်ခု ဖြစ်သည်ဟု ဆိုကြသည်။ ထိုနေရာတွင် တိုက်ပွဲကြီးများစွာ ဖြစ်ပွားခဲ့ပြီး မြှုပ်နှံထားသော စစ်သည်များမှာ မရေမတွက်နိုင်အောင် ရှိသည်ဟု ဆိုကြ၏။

အလုပ်များနေသော ကြွက်အုပ်နှင့် မီးပုရွက်ဆိတ်များထံသို့ ကောင်းကင်မျက်လုံး ကို ချိန်ရွယ်ထားရင်း လုပေါင်သည် ရရှိလာသော ရတနာများကို တွင်းနက်ထဲသို့ သယ်ယူရန် မီးပုရွက်ဆိတ်များကို စတင် ညွှန်ကြားလိုက်တော့သည်။

ရလဒ်မှာ ကြီးမားလှသည်။ရွှေ၊ ငွေ၊ ကျောက်စိမ်း၊ ကျောက်မျက်ရတနာများအပြင် စုဆောင်းမှုတန်ဖိုးမြင့်မားသော ရွှေတံဆိပ်တုံးများနှင့် အဆောင်အယောင်များ။ သူသည် တစ်ဝက်ခန့် ဆွေးမြည့်နေသော ဧကရာဇ်အမိန့်တော် တစ်စောင်ကိုပင် ရှာတွေ့ခဲ့သည်။၎င်းကို ပြန်လည်ပြုပြင်နိုင်ဦးမလားတော့ သူ မသိပေ။

စစ်သူကြီးဝတ်စုံ၊ စစ်သည်ဝတ်စုံ၊ လက်နက်အမျိုးမျိုး

“ဒီတစ်ခါလည်း ချမ်းသာသွားပြန်ပြီ။”

လုပေါင်၏ မျက်လုံးများမှာ တောက်ပနေ၏။သူသည် မစ်ရှင်ပြီးသည်နှင့် အမေရိကကို သွားပြီး သူတို့၏ ရွှေတွင်းအားလုံးကို တူးထုတ်ပစ်ရန် ပို၍ပင် စိတ်ပိုင်းဖြတ်လိုက်သည်။မီးပုရွက်ဆိတ်တပ်ဖွဲ့နှင့် သန်းချီသော ကြွက်ဒီရေလှိုင်းကြီး ရှိနေမှတော့ ဘယ်ရတနာကမှ လွတ်နိုင်မှာ မဟုတ်တော့ပေ။

ရွှေတုံးတွေ အများကြီးရှိတဲ့ ရတနာမြေတွေ၊ စိန်နဲ့ ကျောက်မျက်ရတနာတွေ ပေါတဲ့ ရတနာမြေတွေစဉ်းစားလေလေ သူ ပိုပြီး မနာလိုဖြစ်လေလေပင်။

‘ဒီရတနာတွေအားလုံးက ငါ့ဟာတွေ ဖြစ်လာမှာပဲ။’

ကြွက်အုပ်ကြီးကို ထပ်ပြီး တိုးချဲ့သင့်သလား။လုပေါင်သည်ယခုအခါ တွေဝေလာခဲ့ပြီ။ကြွက်တွေကို ဘယ်လောက်တောင် လူတွေ ကြောက်ကြသလဲဆိုတာ သူ မသိပေမဲ့ဒီအရာတွေက သူ့လက်ထဲမှာတော့ အဖိုးတန် ရတနာတွေပါပဲ။

‘နည်းနည်းလောက်ထပ်တိုးလိုက်ရင် ကောင်းမလား။’

‘တော်ပါပြီ သူတို့ဘာသာသူတို့ပဲ ပွားကြပါစေတော့။’

ကြွက်မျိုးနွယ်ရဲ့ မျိုးပွားနိုင်စွမ်းက အရမ်းကောင်းလွန်းလှပြီး သူ၏ တွင်းနက်ကြီးကလည်း အကန့်အသတ်မရှိ ကျယ်တာမှ မဟုတ်တာ။အကယ်၍ သူတို့တွေ အရမ်းများလာရင် စီမံရခက်သွားပေလိမ့်မည်။

ဤအရိုးစုများကို မြှုပ်နှံခြင်းမှာလည်း အချိန်အတော်ယူခဲ့ရသည်။အားလုံးပြီးသွားသည့်အခါ မိုးပင် ချုပ်နေပြီ ဖြစ်သည်။

နှုတ်ဆက်စကားပြောပြီးနောက် လုပေါင်သည် တိုက်ရိုက်ထုတ်လွှင့်မှုကို ပိတ်လိုက်ပြီး ဤနေရာ၏ လိပ်စာကို လုလင်းဟွာ ထံ ပေးပို့လိုက်ကာ နိုင်ငံတော်သို့ အစီရင်ခံရန် လွှဲအပ်လိုက်တော့သည်။

“ဒီညတော့ အသေအချာ ကျင့်ကြံကြပါ။ မနက်ဖြန်ကျရင် ငါတို့ အလောင်းကောင်ချိုင့်ဝှမ်းကို သွားကြမယ်။အဲဒီအချိန်ကျရင် မင်းတို့ ငါ့ကို ကူညီနိုင်လိမ့်မယ်လို့ မျှော်လင့်ပါတယ်။”

မိုးချုပ်နေပြီဖြစ်ရာဤကောင်လေးများကို ဆုချသည့်အနေဖြင့် လုပေါင်သည် တွင်းနက်ထဲတွင် ကျင့်ကြံရန် ရွေးချယ်လိုက်သည်။

တောင်စောင့်နတ် ပုံရိပ် အောက်တွင်၊ သန်းချီသော ကြွက်အုပ်ကြီးမှာ လျင်မြန်သော တိုးတက်မှုများကို ရရှိပေလိမ့်မည်။

ညဥ့်နက်ပိုင်း။

တွင်းနက်ဟင်းလင်းပြင် အတွင်းဝယ်တောင်စောင့်နတ် ပုံရိပ် ပေါ်ထွက်လာသည်နှင့်အမျှ တွင်းနက်တစ်ခုလုံးမှာ တိတ်ဆိတ်သွား၏။ သန်းချီသော ကြွက်အုပ်ဖြစ်စေ၊ မီးပုရွက်ဆိတ်တပ်ဖွဲ့ဖြစ်စေ အားလုံးမှာ ငြိမ်သက်နေကြသည်။

မြွေဟောက်နက်ကြီးမှာ နှစ်တစ်ထောင် မီးဝိညာဉ်သီးကို စားသုံးထားခဲ့ပြီး ယနေ့ညတွင် ၎င်း၏ ခန္ဓာကိုယ်၌ အပြောင်းအလဲအချို့ ပေါ်ပေါက်လာခဲ့သည်။

၎င်းသည် အရေခွံ စတင်လဲလှယ်နေပြီ ဖြစ်သည်။

အခန်း ၁၁၀ - ရှေးဟောင်းဂိုဏ်းတစ်ခုကို ခေတ်မီစစ်တပ်က ချေမှုန်းခြင်း။

နံနက်စောစောအချိန် တောင်တန်းများပေါ်တွင် တိမ်မြူများ ဝေ့ဝဲနေ၏။

စွမ်းအင်များ ပြည့်ဝနေသော အသွင်ပြောင်းကျားသည် လုပေါင်ကို တင်ဆောင်ကာ တောနက်အတွင်း ဖြတ်သန်းလာခဲ့သည်။သူတို့သည် ရှန်းရှီးနယ်ထဲသို့ ရောက်ရှိနေပြီ ဖြစ်သော်လည်း အလောင်းကောင်ချိုင့်ဝှမ်းသို့ ရောက်ရှိရန် တောင်ပတ်လမ်း မိုင်ရာချီ ကျန်ရှိနေသေးသည်။

မြွေနက်ကြီးမှာ အရေခွံလဲနေဆဲပင်။ ၎င်းသာ အောင်မြင်သွားပါက အင်အားမှာ သေချာပေါက် ထပ်မံတိုးတက်လာပေလိမ့်မည်။လုပေါင်သည် မိမိကိုယ်ကိုယ် ဂဏန်းတစ်ကောင်လို ကျင့်ကြံနိုင်သည်ဟု ခံစားနေရသည်။ဘယ်သူ့ကိုမှ ဂရုစိုက်နေစရာမလိုဘဲ ရပ်တည်နိုင်နေပြီ မဟုတ်ပါလား။

ရှေးဟောင်း အလောင်းကောင် မွေးမြူရေး ဂိုဏ်းမှာ တဖြည်းဖြည်းပျက်စီးလာခဲ့ရသည်။လွန်ခဲ့သော နှစ်ပေါင်းတစ်ရာခန့်က သူတို့သည် အမျိုးမျိုးသော သိုင်းပညာရှင်များ၏ ရုပ်အလောင်းများကို ခိုးယူခြင်း လိုက်လံသတ်ဖြတ်ခြင်းတို့ကြောင့် ဂုဏ်ထူးဆောင်ဆရာကြီး တစ်ဆယ်ကျော် စုပေါင်းပြီး သူတို့ကို တိုက်ခိုက်ခဲ့ကြသည်။

လွန်ခဲ့သော အနှစ်သုံးဆယ်ခန့်ကလည်း အလောင်းကောင် မွေးမြူရေးဂိုဏ်းမှ ပညာရှင်အချို့သည် သွေးအလောင်းကောင် များ ဖန်တီးရန်အတွက် လူဦးရေ တစ်ထောင်ရှိသော ကျေးရွာတစ်ရွာလုံးကို သွေးဖြင့် သန့်စင်သည့် ရက်စက်သော လုပ်ရပ်ကို လုပ်ဆောင်ခဲ့ကြသည်။ထိုစဉ်က နိုင်ငံတော်က ကြားဝင်စွက်ဖက်ခဲ့ပြီး အစွမ်းထက်သော လက်နက်ကြီးများဖြင့် အလောင်းကောင် မွေးမြူရေး ဂိုဏ်းကို မြေလှန်ပစ်ခဲ့သည်။ ရော့ကတ်ဒုံးကျည်များကို သူတို့၏ ကိုယ်ခန္ဓာဖြင့် တားဆီးရန် ကြိုးစားခဲ့သော လူမိုက်‌ဆရာနှစ်ဦးမှာလည်း အစအနမကျန်အောင် ပေါက်ကွဲသွားခဲ့ရသည်။

ထိုဘေးဒုက္ခမှ လွတ်မြောက်သွားသော အလောင်းကောင် မွေးမြူ ဂိုဏ်းသားအချို့မှာ စိတ်ပျက်အားငယ်စွာ ထွက်ခွာသွားကြပြီး အုပ်စုတစ်စုမှာမူ တားမြစ်နယ်မြေဖြစ်သော အလောင်းကောင်ချိုင့်ဝှမ်းအတွင်းသို့ ဝင်ရောက်သွားခဲ့ကြသည်။ထိုအချိန်မှစ၍ ဝံပုလွေ ညီအစ်ကိုနှစ်ဦးဖြစ်သော ဟူယန် တို့မှာ နာမည်ကျော်ကြားလာခဲ့ခြင်း ဖြစ်သည်။

“သတင်းတွေအရဆိုရင် အလောင်းကောင်ချိုင့်ဝှမ်းထဲမှာ ပြင်းထန်တဲ့ စစ်သည်အရိုးစုပေါင်း သန်းချီ ရှိနေတယ်တဲ့။”

လုပေါင်သည်အသွင်ပြောင်းကျားပေါ်မှနေ၍ အဝေးသို့ လှမ်းကြည့်လိုက်သည်။ထူထပ်လှသော ယင်စွမ်းအင်များကို မြင်နေရသဖြင့် ၎င်းမှာ အမှန်တကယ်ပင် ကြောက်စရာကောင်းသော နေရာတစ်ခု ဖြစ်ပေလိမ့်မည်။

“ဝုန်းးး”

အသံကြီးတစ်သံ မြည်ဟည်းသွားပြီး မီးလျှံများ ကောင်းကင်သို့ မြင့်တက်သွားသည်။

ချက်ချင်းဆိုသလိုပင် အဆက်မပြတ်သော ပစ်ခတ်အသံများနှင့်အတူ ပေါက်ကွဲသံများ ရောယှက်ထွက်ပေါ်လာ၏။

“ဒါက...”

လုပေါင်မှင်တက်သွားသည်။သူက မူလက ပညာရှင်အချင်းချင်း ထိပ်တိုက်တွေ့နေကြသည်ဟု ထင်မှတ်ထားခဲ့သော်လည်း ဒိုင်း ဒိုင်း ဒိုင်း ဟူသော အသံကို ကြားလိုက်ရသည့်အခါ ၎င်းမှာ သေနတ်သံများ ဖြစ်ကြောင်း နားလည်လိုက်သည်။

“ပုရွက်ဆိတ်တွေ... မင်းတို့တွေ လွန်လာပြီ။”

တစ်စုံတစ်ယောက်က အော်ဟစ်လိုက်သည်။

“ပစ်ကြစမ်းးး”

“ဒိုင်း ဒိုင်း ဒိုင်း...”

အမြောက်ကျည်များ ပစ်ခတ်သံနှင့်အတူ အဆက်မပြတ် ပစ်ခတ်သံများကို ကြားနေရသည်။လုပေါင်သည် ဤမြင်ကွင်းကို ကြည့်ရင်း အသွင်ပြောင်းကျားကို ပြောလိုက်သည်

“သွားကြည့်ရအောင် ဘာတွေဖြစ်နေလဲဆိုတာ။”

သူသည် အလောင်းကောင်ချိုင့်ဝှမ်းထဲသို့ ဝင်ရောက်ပြီး မစ်ရှင်အောင်မြင်ရန် လိုအပ်နေသေးသည် မဟုတ်ပါလား။

အသွင်ပြောင်းကျားသည် အရှိန်မြှင့်တင်လိုက်ပြီး တိုက်ပွဲဖြစ်ပွားရာနေရာသို့ ဦးတည်ပြေးထွက်သွားတော့သည်။

အလောင်းကောင် မွေးမြူရေး ဂိုဏ်းမှာ ဗုံးကြဲတိုက်ခိုက်ခံနေရခြင်း ဖြစ်သည်။လူအင်အား တစ်ထောင်ကျော်ရှိသော ခေတ်မီစစ်တပ်တစ်ခုက အဆက်မပြတ် ပစ်ခတ်တိုက်ခိုက်နေခြင်းပင်။ ချပ်ဝတ်အလောင်းကောင် များက ကျည်ဆန်များကို ဒိုင်းသဖွယ် ကာကွယ်နေကြသည်ကို လုပေါင် မြင်တွေ့လိုက်ရသည်။

“မင်းတို့ဆီမှာ ဆရာကောင်းတစ်ယောက်တောင် မရှိတော့ဘူး။ ဘာနဲ့ ရုန်းကန်ဖို့ စဉ်းစားနေတာလဲ။”

စစ်ဝတ်စုံဝတ်ထားသော ခေါင်းဆောင်တစ်ဦးသည် လက်ကို နောက်ပစ်လျက် မတ်တပ်ရပ်နေပြီး သူ၏ အသံမှာ အလောင်းကောင် မွေးမြူရေး ဂိုဏ်းတစ်ခုလုံးတွင် ဟိန်းထွက်နေ၏။ သူ၏ နောက်ကွယ်တွင်မူ ထိပ်တန်းစစ်သည်တော်နှစ်ဦးက အကြွင်းအကျန်များကို ရှင်းလင်းရန် ငြိမ်သက်စွာ စောင့်ဆိုင်းနေကြသည်။

“ယန်ဖေးရှန်း... မင်းလိုဆရာကြီးတစ်ယောက်က ဒီသာမန်လူအုပ်စုအတွက် ခွေးတစ်ကောင်လို အသုံးတော်ခံနေတာလား။ဒီမှာ လာပြီး စကားကြီးစကားကျယ် ပြောနေရအောင် မင်းက တော်တော် သတ္တိရှိတာပဲ။”

အင်အားနည်းနေသော အဖိုးကြီးတစ်ဦးက အကြိမ်ကြိမ် အော်ဟစ်နေသည်။သူ၏ ချပ်ဝတ်အလောင်းကောင်မှာ မြေကမ္ဘာ ချပ်ဝတ် အသက်သွင်းခြင်း အစိတ်အပိုင်းအချို့ကို လုပ်ဆောင်နိုင်စွမ်းရှိသဖြင့် သူသည် ငယ်စဉ်က ယခုထက် ပိုမိုသန်မာခဲ့မည်မှာ သေချာလှသည်။

သို့သော် ယခုအခါ သူသည် အလွန်အိုမင်းနေပြီဖြစ်ပြီး အင်အားများလည်း ဆုတ်ယုတ်နေခဲ့ပြီ ဖြစ်သည်။

စစ်တပ်အတွင်းမှ စစ်နတ်ဘုရား ယန်ဖေးရှန်းသည် စစ်တပ်၏ အသန်မာဆုံး တိုက်ခိုက်ရေးအင်အားစု ဖြစ်သည်။

“မင်းတို့ အညံ့ခံမှာလား မခံဘူးလား။”

ယန်ဖေးရှန်း၏ အကြည့်မှာ လျှပ်စီးကဲ့သို့ စူးရှလှပြီး သူ၏ အသံမှာ အလောင်းကောင် မွေးမြူရေး ဂိုဏ်းသားများ၏ နားထဲတွင် မိုးကြိုးပစ်လိုက်သလို ဟိန်းထွက်သွားသည်။ သူ၏ ခေါင်းဆောင်အရှိန်အဝါက လူအများကို ထိတ်လန့်စေခဲ့၏။

သူတို့ကို ပို၍ ထိတ်လန့်စေသည်မှာ ခေတ်မီ လက်နက်ကြီးများပင် ဖြစ်သည်။၎င်းတို့မှာ လုံးဝ ယုတ္တိမရှိလောက်အောင် အစွမ်းထက်လှသည်။ပထမတန်းစား ပညာရှင်တစ်ဦးမှာ ဧရာမ ကျည်ဆန်တစ်တောင်ဖြင့် ရင်ဘတ်ကို အဖောက်ခံလိုက်ရပြီး ဇလုံအရွယ်အစားခန့် အပေါက်ကြီး ဖြစ်သွားခဲ့ရသည်။

ဓားမတိုး လှံမတိုးနိုင်သော ကိုယ်ခန္ဓာပင်လျှင် အဆင့်မြင့် ပြုပြင်ထားသော စနိုက်ပါကို မခုခံနိုင်ပေ။

သာမန်လူသားများက ပထမတန်းစား ပညာရှင်များကို သေနတ်တစ်ချက်တည်းဖြင့် သတ်ဖြတ်နိုင်နေမှတော့ သူတို့ ဘယ်လို ပြန်တိုက်နိုင်ပါ့မလဲ။

“အညံ့ခံစရာလား ကွ။”

“ပုရွက်ဆိတ် တစ်သိုက်”

“သေခြင်းတရားပဲ စောင့်နေကြ။”

“သခင်ကြီး... ခင်ဗျားရဲ့ တပည့် ရောက်လာပါပြီ။”

လက်တွေ့ဘဝကို လက်မခံနိုင်ကြဘဲ ခေတ်မီ လက်နက်များဖြင့် တိုက်ခိုက်မှုကို တစ်ကြိမ် ကြုံတွေ့ဖူးထားကြသော အလောင်းကောင် မွေးမြူရေး ဂိုဏ်းသားများမှာ ရူးသွပ်စွာ အော်ဟစ်ကြတော့သည်။ကျန်ရှိနေသူများမှာ ဂိုဏ်းအပေါ် သစ္စာရှိသူများသာ ဖြစ်သဖြင့် သူတို့ မည်သို့ အညံ့ခံပါမည်နည်း။

“မင်းတို့ အညံ့ခံမှာ မဟုတ်ရင်လည်း ဒီမှာပဲ သေကြပေတော့။”

ယန်ဖေးရှန်းမှာအလွန်ပင် အေးစက်လှ၏။ သူသည် လှည့်မကြည့်ဘဲ မေးလိုက်သည်။

“လူတွေကို ရှာတွေ့ပြီလား။”

“မတွေ့သေးပါဘူး။ကျွန်တော်တို့ ဒရုန်း ၃၀၀ နဲ့ အသေးစား ထောက်လှမ်းရေး ရိုဘော့ တစ်ထောင်ကို အသုံးပြုထားပေမဲ့ အထဲက ကျီးကန်းတွေက အရမ်းထူးဆန်းနေတယ်။ဒရုန်း ဆယ်ဂဏန်းနဲ့ ထောက်လှမ်းရေး ရိုဘော့ ၂၀၀ ကျော် ဖျက်ဆီးခံလိုက်ရပါတယ်။”

အရာရှိတစ်ဦးက အပြေးအလွှား လာရောက် အစီရင်ခံသည်။

ယန်ဖေးရှန်းက မျက်မှောင်ကြုတ်လိုက်ပြီး တစ်စုံတစ်ခုကို စဉ်းစားနေပုံရကာ ဘာမှ ထပ်မပြောတော့ပေ။

“ကျွန်တော်တို့ဆီမှာသာ မီးပုရွက်ဆိတ်တွေ ရှိနေရင် သိပ်ကောင်းမှာပဲ။”

ချန်ချုန်းရှန်းလည်း ထိုနေရာတွင် ရှိနေသည်။ သူသည် လုပေါင်၏ မီးပုရွက်ဆိတ်တပ်ဖွဲ့ကို သတိရသွားသည်။အကယ်၍ ထိုပုရွက်ဆိတ်များကို အသုံးပြုနိုင်ပါက ဖမ်းဆီးခံထားရသော သာမန်လူများကို လျင်မြန်စွာ ရှာဖွေနိုင်ပေလိမ့်မည်။

“ပညာရှင်တစ်ယောက် ရှိနေတယ်။”

ယန်ဖေးရှန်းသည် ရုတ်တရက် အဝေးသို့ လှည့်ကြည့်လိုက်သည်။

“ပညာရှင်လား...”

အရာရှိမှာမှင်တက်သွား၏။ ယန်ဖေးရှန်းက ပညာရှင်ဟု ခေါ်ဆိုနိုင်သောသူမှာ အလွန်ရှားပါးပြီး အားလုံးနီးပါးမှာ ဂုဏ်ထူးဆောင်ဆရာကြီးများသာ ဖြစ်ကြသည်။သူ လိုက်ကြည့်လိုက်သည့်အခါ ရင်းနှီးသော ခံစားချက်တစ်ခုကို ချက်ချင်း ရရှိလိုက်သည်။

“အဲ...ချုန်းရှန်း... လာကြည့်ဦး။”

သူသည်ချန်ချုန်းရှန်းကို ချက်ချင်း ခေါ်လိုက်သည်။

“မစ္စတာလု။”

ချန်ချုန်းရှန်း အံ့သြသွားသည်။

‘ဒီလောက်တောင်တိုက်ဆိုင်ရသလား။’

“ဒါက မြို့တော်မှာ နာမည်ကြီးနေတဲ့ လူငယ်ဂုဏ်ထူးဆောင်တရာကြီးလား။သူက ဒီကို ဘာလို့ ရောက်နေတာလဲ။”

ယန်ဖေးရှန်းအံ့သြသွား၏။လုပေါင် မြို့တော်တွင် လုပ်ဆောင်ခဲ့သည့် အရာများမှာ ပျံ့နှံ့နေခဲ့ပြီ ဖြစ်သည်။လူငယ်ဂုဏ်ထူးဆောင်ဆရာကြီးဟူသော ဘွဲ့မှာ အလွန်ပင် အလေးအနက်ထားရမည့် အရာပင်။

သူ၏ ခြေလှမ်းတစ်ရာ နတ်ဘုရားလက်သီး’ မှာ ပြည့်စုံနေပြီး ချီလင်သားရဲကိုလည်း ပိုင်ဆိုင်ထားကာ နှစ်ထောင်ချီ မီးဝိညာဉ်သီးများကိုလည်း ပိုင်ဆိုင်ထားသည် မဟုတ်ပါလား။

“မစ္စတာလု။”

ချန်ချုန်းရှန်းက ချက်ချင်းပင် လှမ်းအော်ပြီး လက်ပြလိုက်သည်။

“ဗိုလ်မှူးချန်... ခင်ဗျားတို့ ဘာလုပ်နေကြတာလဲ။”

လုပေါင်သည်အသွင်ပြောင်းကျားကို စီးလျက် ရောက်လာခဲ့သည်။ခေတ်မီစစ်တပ်တစ်ခုက ရှေးဟောင်းသိုင်းဂိုဏ်းတစ်ခုကို အမြစ်ပြတ်ချေမှုန်းနေသည်ကို မြင်ရသည်မှာ အိပ်မက်တစ်ခုလိုပင်။ရုပ်ရှင်ဇာတ်လမ်းများပင် ဤကဲ့သို့ ရိုက်ကူးရန် ရဲလိမ့်မည် မဟုတ်ပေ။

သူသည် အလွန်သန်မာသော ခေါင်း‌ဆောင်တစ်ဦးဖြစ်သည့် ယန်ဖေးရှန်းကို ကြည့်လိုက်သည်။ ယန်ဖေးရှန်းကလည်း နှုတ်ဆက်သည့်အနေဖြင့် ခေါင်းညိတ်ပြ၏။

“မစ္စတာလု... ဝံပုလွေ ဟူယန်နဲ့ ဟူယန်ငယ်တို့ကို ဖမ်းဆီးပေးခဲ့တဲ့အတွက် ကျွန်တော်တို့ ခင်ဗျားကို ကျေးဇူးတင်ရမှာပါ။သူတို့ဆီကနေ ရရှိတဲ့ သတင်းအချက်အလက်တွေအရ အလောင်းကောင် မွေးမြူရေး ဂိုဏ်းက သူတို့ရဲ့ ကျင့်စဉ်တွေအတွက် သွေးအသစ်တွေ ရရှိဖို့ သာမန်လူ အမြောက်အမြားကို ဆယ်စုနှစ်တစ်ခုကျော်ကြာ ဖမ်းဆီးထားတယ်ဆိုတာ သိရပါတယ်။ဒီလို မိစ္ဆာဆန်တဲ့ လုပ်ရပ်တွေဟာ ကျွန်တော်တို့ရဲ့ မူလသဘောတူညီချက်ကို ချိုးဖောက်ရာရောက်လို့ ဒီနေ့မှာတော့ သူတို့ကို အမြစ်ပြတ်ချေမှုန်းပြီး အဲဒီလူတွေကို ကယ်တင်ဖို့ ရောက်လာတာပါ။”

ချန်ချုန်းရှန်းသည် အနားသို့ လမ်းလျှောက်လာရင်း အသွင်ပြောင်းကျားကို သတိကြီးစွာဖြင့် လှမ်းကြည့်လိုက်သည်။ယခုအခါ ထိုသားရဲကြီးမှာ ပို၍ပင် ကြောက်စရာကောင်းနေသည်ဟု သူ ခံစားလိုက်ရသည်။

“သာမန်လူတွေကို ဖမ်းဆီးထားတာလား။”

လုပေါင်ထိတ်လန့်သွားသည်။မိစ္ဆာဂိုဏ်း ဖြစ်သည့်အတိုင်း ဤကဲ့သို့သော လုပ်ရပ်များကို လုပ်ရဲကြသည်ပင်။သူက အမြန်မေးလိုက်သည်။

“လူတွေကို ကယ်တင်ပြီးပြီလား။”

“မတွေ့သေးပါဘူး။အကြောင်းတစ်ခုခုကြောင့် ကျွန်တော်တို့ရဲ့ ဒရုန်းတွေဟာ ဒီနယ်မြေထဲ ဝင်လိုက်တာနဲ့ ချက်ချင်း သတိထခံနေရလို့ တိုက်ခိုက်မှုပဲ စတင်နိုင်ပါသေးတယ်။”

ချန်ချုန်းရှန်းက ခေါင်းခါပြလိုက်သည်။လုပေါင်နှင့်အတူ မီးပုရွက်ဆိတ်များ ပါမလာသည်ကို မြင်ရသဖြင့် သူ အနည်းငယ် စိတ်ပျက်သွားမိသည်။သွားလာရလွယ်ကူစေရန်အတွက် လုပေါင်သည် သူ၏ ကျောပိုးအိတ်ကိုပင် တွင်းနက်ထဲသို့ ပစ်ထည့်ထားခဲ့သည် မဟုတ်ပါလား။

“ဒါက ကျီးကန်းတစ်ထောင် အလောင်းကောင်ပညာပဲ။အဲဒီမျက်လုံးနီ ကျီးကန်းတွေဟာ တကယ်တော့ ပညာရှင်တွေက အလောင်းကောင်သွေးတွေကို သုံးပြီး မွေးမြူထားတာ။သူတို့မှာ တိုက်ခိုက်နိုင်စွမ်း မရှိပေမဲ့ ထောက်လှမ်းရေး ကင်မရာတွေလိုပါပဲ။ ကျွန်တော်လည်း အခုမှပဲ ဒါကို သဘောပေါက်လိုက်တာ။”

ယန်ဖေးရှန်းကပြောလိုက်သည်။

“ဒီလို ထူးဆန်းတဲ့ ပညာရပ်မျိုးလည်း ရှိတာပဲလား။”

လုပေါင်၏ မျက်လုံးများ တောက်ပသွားသည်။ဤပညာရပ်မှာ ရတနာရှာဖွေရာတွင် အမှန်တကယ်ပင် အသုံးဝင်မည့် နတ်ဘုရားအဆင့် စွမ်းရည်တစ်ခုပင်။

အကယ်၍ သူသာ ဒါကို သင်ယူနိုင်ရင် စိတ်လှုပ်ရှားစရာ ကောင်းမှာ မဟုတ်ဘူးလား။

“စကားမစပ် အားလုံးနဲ့ မိတ်ဆက်ပေးပါရစေ။ဒါကတော့ မစ္စတာ လုပေါင်ပါ။ ဝံပုလွေ ညီအစ်ကိုနှစ်ဦးကို မစ္စတာလုက ဖမ်းဆီးပေးခဲ့တာပါ။သူဟာ လူငယ်ဂုဏ်ထူးဆောင်ဆရာတစ်ယောက်လည်း ဖြစ်ပါတယ်။မစ္စတာလု... ဒါကတော့ တရုတ်နိုင်ငံရဲ့ စစ်တပ်က စစ်နတ်ဘုရား ယန်ဖေးရှန်းပါ စစ်တပ်ထဲက တစ်ဦးတည်းသော ခေါင်း‌ဆောင်လည်း ဖြစ်ပါတယ်။ဒါကတော့ ထိပ်တန်းစစ်သည်တော် ဆွန်းယု ဒါကတော့ ထိပ်တန်းစစ်သည်တော် ဟွမ်ယန်လင်း နဲ့ ဒါကတော့ ကျွန်တော့်ရဲ့ ဆရာ ဆွန်းဟိုင်ပါ။”

ချန်ချုန်းရှန်းက သူတို့ကို အမြန် မိတ်ဆက်ပေးလိုက်သည်။

“ဪ... တွေ့ရတာ ဝမ်းသာပါတယ်။”

“ခင်ဗျားအကြောင်းတွေ ကြားဖူးပါတယ်။”

လုပေါင်က အပြန်အလှန် နှုတ်ဆက်စကား ပြောလိုက်သည်။အမှန်တကယ်တွင် သူသည် သူတို့ထဲက တစ်ယောက်ကိုမျှ မသိပေ။သူသည် သူတို့နှင့် တစ်ဖက်တည်းသားချည်းဖြစ်ကြောင်း ပြသသည့်အနေဖြင့် ယဉ်ကျေးပျူငှာစွာ စကားပြောဆိုနေခြင်းသာ ဖြစ်ပေသည်။

All Chapters