ရောက်သည့်နေရာတွင် အလျှော့မပေး
Vol. 10 Ch. 1000
လီချင်းဆွေသည် သေချာပေါက် အောင်မြင်မှုရမည်ဟု ယွမ်ချင်းက နိမိတ်ဖတ်ပြီး ကတိကဝတ်ပြုခံထားရသူ ဖြစ်လေသည်။
ထို့ပြင် သူမသည် ကျင့်ကြံခြင်းတွင်လည်း အံ့သြဖွယ်ရာ တိုးတက်လာခဲ့သည်။
ယွမ်ချင်းကတော့ ထိုသို့ဖြစ်လာမည်ဟု အစကတည်းက မျှော်လင့်ထားသည့်အတွက် အရမ်းကာရော အံ့အားသင့်ခြင်း မဖြစ်မိပေ။
သို့သော် ယခု လီချင်းဆွေ၏လုပ်ရပ်က ယွမ်ချင်း လက်မခံနိုင်လောက်အောင် အံ့အားသင့်စေခဲ့သည်။
လွန်ခဲ့သည့် (၃)ရက်ခန့်က ဖြစ်လေ၏။
ယွမ်ချင်း၏ ပခုံးလောက်ပင် မမြင့်သေးသည့် အရပ်လေးဖြင့် လီချင်းဆွေသည် ယွမ်ချင်းရှေ့တွင် ရပ်နေလေသည်။
သူမက ယွမ်ချင်းကို တသမတ်တည်းသောလေသံဖြင့် စကားတစ်ခွန်းဆိုလိုက်သည်။
"ကျွန်မ တောင်အောက်ကို ဆင်းချင်တယ်…"
လီချင်းဆွေက မည်မျှပင် အရည်အချင်းရှိသူဖြစ်ပါစေ သူမကျင့်ကြံသည်မှာ အချိန် (၂)နှစ်မျှသာ ရှိသေးသည်။ သို့သော်… အမှန်အတိုင်းဝန်ခံရလျှင် ကျင့်ကြံသူလောကတွင် သူမထက်သာလွန်သူ သိပ်မရှိပေ။
သို့သော်… သူမအသက်အရွယ်ဖြင့် ချင်းရွှမ်နတ်တံခါးမှ ထွက်ခွာသွားပါက ပြဿနာတစ်စုံတစ်ခုတက်လျှင် မတော်တဆ အန္တရယ်ကျရောက်နိုင်လေသည်။
"ခွင့်မပြုနိုင်ဘူး…"
ယွမ်ချင်းက သူမ၏ တောင်းဆိုမှုကို ငြင်းဆန်လိုက်လေသည်။
လီချင်းဆွေက မျက်ခုံးတစ်ချက်ပင့်ကာ ယွမ်ချင်းကို ကြည့်လိုက်ပြီး အေးဆေးတည်ငြိမ်သည့် လေသံဖြင့်…
"ကျွန်မ တောင်အောက်ကိုဆင်းသွားရင် အန္တရယ်နဲ့ရင်ဆိုင်ရမှာ စိတ်ပူလို့မဟုတ်လား…"
ဟု မေးလိုက်လေသည်။
ယွမ်ချင်းက ခေါင်းညိတ်လိုက်ရင်း…
"နောက် (၁၀)နှစ် ၊ မင်း အရွယ်ရောက်လာတဲ့အချိန်ထိ စောင့်ပါဦးလား… ၊ အဲဒီအချိန်ကျ မင်း အတွေ့အကြုံယူဖို့ တောင်အောက်ကို ဆင်းခွင့်ပြုမယ်လေ ၊ အခုတော့ မဆင်းနဲ့ဦး…"
လီချင်းဆွေက…
"ကျွန်မက အခြားသူတွေထက်ထူးခြားတယ်လို့ ဆရာဘိုးဘိုးထင်တယ် မဟုတ်လား ၊ ဒီတော့ ကျွန်မသွားချင်တာကို ခွင့်ပြုပေးသင့်တာပေါ့…"
ယွမ်ချင်း မချိပြုံးတစ်ချက် ပြုံးလိုက်မိသည်။
သူက လီချင်းဆွေကို အခြားသူများနှင့်မတူသည့် ပါရမီရှင်ဟု အမြဲတမ်း ပြောခဲ့ဖူးသည်။ ယခုတော့ ကိုယ့်စကားနှင့်ကိုယ် ပြန်ခံရကိန်းရှိနေပြီ ဖြစ်လေသည်။
သို့သော်… သူမကို အတင်းအကျပ်ချုပ်နှောင်ထားချင်စိတ်လည်း မရှိသည့်အတွက် အကြောင်းရင်းကို မေးကြည့်ရန် ယွမ်ချင်းဆုံးဖြတ်လိုက်သည်။
ယွမ်ချင်းက…
"မင်း တောင်အောက်ကို ဘာလို့သွားချင်တာလဲ ၊ တောင်ပေါ်မှာလည်း လေ့လာသင်ယူစရာတွေ အများကြီး ရှိသေးတာပဲ မဟုတ်လား…"
လီချင်းဆွေက…
"ကျွန်မမှာလည်း ကိုယ့်အကြောင်းနဲ့ကိုယ် ရှိပါတယ် ၊ ပြောရမယ်ဆိုရင် ဆရာဘိုးဘိုးဆီကနေ ဖုံးကွယ်မထားချင်ပါဘူး ၊ ဒါပေမဲ့ ဆရာဘိုးဘိုး ကျွန်မကို ယုံပါလို့ပဲ ပြောချင်ပါတယ်…"
ယွမ်ချင်းက…
"ပွင့်ပွင့်လင်းလင်းပြောရရင် မင်းမှာ ထူးခြားတဲ့ စွမ်းရည်တွေရှိတယ် ၊ မင်းဒီလိုစိတ်ထင်ရာတွေ တောင်းဆိုတာအတွက် ကျုပ်ဒေါသထွက်သင့်တယ် ၊ ဒါပေမဲ့ ဒေါသထွက်ဖို့လည်း ခပ်ခက်ခက်ပဲ ၊ မင်းတောင်းဆိုတာကို အလေးအနက်ထားပြီး ပြန်စဉ်းစားပါ ၊ မင်းမှာလည်း မင်းအကြောင်းပြချက်နဲ့မင်းရှိသလို ကျုပ်မှာလည်း ကျုပ်အကြောင်းပြချက်နဲ့ကျုပ် ရှိတယ် ၊ ဒီတော့ ခုချိန်ကစပြီး မင်း ကျီဖူတောင်ထိပ်က တစ်ဖဝါးမှခွာဖို့ မစဉ်းစားနဲ့တော့…"
ပြောပြီးသည်နှင့် ယွမ်ချင်းသည် ကောင်းကင်ထက်သို့ ပျံသန်းထွက်ခွာသွားလေသည်။
ထို့နောက် လက်တစ်ဖက်ဝှေ့ရမ်းလိုက်လေရာ အရံအတားမြူခိုးတိမ်တိုက်များသည် ကျီဖူတောင်တစ်ခုလုံးကို ဖုံးလွှမ်းသွားလေတော့သည်။
မိန်းကလေးငယ်လေးလီချင်းဆွေကို နှုတ်ဖြင့်တားမရသည်ကို ယွမ်ချင်းကောင်းကောင်း သိလေသည်။ ထို့ကြောင့် သူက စကားဖြင့်ပြောမနေတော့ဘဲ ကျီဖူတောင်ထိပ်ကို တန်ခိုးစွမ်းအားဖြင့် ပိတ်ဆို့တားဆီးလိုက်ခြင်း ဖြစ်လေ၏။
အချိန်ကြာသွားသည်နှင့်အမျှ သူမ၏ လက်တွေ့မကျသည့်အတွေးများကို ဖယ်ရှားပစ်နိုင်မည်ဟု ယွမ်ချင်း မျှော်လင့်ခဲ့သည်။
(၃)ရက်ကြာပြီးနောက် ယွမ်ချင်း ကျီဖူတောင်ထိပ်သို့ ရောက်လာခဲ့လေသည်။
သို့သော်… လီချင်းဆွေကတော့ လှပသည့် လက်ရေးလေးဖြင့် စာတစ်စောင်ရေးခဲ့ပြီး တောင်ပေါ်မှ ထွက်ခွာသွားပြီ ဖြစ်လေသည်။
"(၃)လပိုင်းကုန်ရင် ပြန်လာပါ့မယ် ၊ ကျွန်မကို လိုက်မရှာပါနဲ့…"
လီချင်းဆွေမှာ အေးဆေးတည်ငြိမ်သလောက် အဆင်အခြင်မရှိသောစိတ်ထားကို ပိုင်ဆိုင်ကြောင်း ယွမ်ချင်း နားလည်သွားခဲ့သည်။
သို့သော်… သူမသည် အသက် (၁၀)နှစ်ပင် မပြည့်သေးသည့် ကလေးမလေးတစ်ယောက်ဖြစ်လေရာ လောကပြင်ပရှိ အန္တရယ်များကို မိန်းကလေးငယ်သည် သိမြင်နိုင်မည် မဟုတ်ပေ။
ထို့ပြင်… သူ ပြုလုပ်ထားသည့် အရံအတားကို ပယ်ဖျက်ရန်အတွက် မည်သည့်နည်းလမ်းကို အသုံးပြုသွားသည်ကိုလည်း ယွမ်ချင်း သိရှိခြင်း မရှိသေးပေ။
သို့မဟုတ်… တစ်စံတစ်ယောက်က ချင်းဆွေကို ချင်းရွှမ်နတ်တံခါးမှ တိတ်တဆိတ် ခေါ်ထုတ်သွားလေသလားဟု ယွမ်ချင်းတွေးလိုက်မိသည်။
သို့သော် မဖြစ်နိုင်ကြောင်း ပြန်စဉ်းစားလိုက်မိသည်။
တစ်စုံတစ်ယောက်ကသာ လီချင်းဆွေကို ခေါ်ထုတ်သွားသည်ဆိုလျှင် အဘယ့်ကြောင့် မှတ်စုတိုလေးကို ရည်ရွယ်ချက်ရှိရှိဖြင့် ချန်ထားခဲ့ပါသနည်း။
လီချင်းဆွေက မည်မျှပင် ထူးဆန်းသူဖြစ်ပါစေ ယွမ်ချင်း သူမကို လိုက်ရှာရန် ဆုံးဖြတ်လိုက်လေသည်။ သူမက ချင်းရွှမ်နတ်တံခါး၏ တပည့်တစ်ယောက် ဖြစ်သည် မဟုတ်ပါလား။
ထိုသို့ဖြင့် နှစ်ပေါင်းများစွာ တောင်ပေါ်မှ မဆင်းဘဲနေခဲ့သည့် ယွမ်ချင်းသည် လီချင်းဆွေကို ရှာဖွေရန် တောင်ပေါ်မှ တိတ်တဆိတ်ဆင်းသွားလေတော့သည်။
လီချင်းဆွေသည် အရည်အချင်းမြင့်မားသည်မှန်သော်လည်း တကယ်တမ်း အန္တရယ်နှင့် ရင်ဆိုင်ရသည့်အခါ တိုက်ခိုက်နိုင်စွမ်းရှိလိမ့်မည် မဟုတ်ပေ။
…………….
ထိုအချိန်တွင်…
အကန့်အသတ်မဲ့ ပင်လယ်ရေပြင်ထဲရှိ ဝါးဖောင်တစ်ခုထက်တွင် အစိမ်းနုရောင်ဝတ်ဆင်ထားသည့် မိန်းကလေးငယ်တစ်ယောက် ထိုက်လျှက်ရှိနေလေသည်။
သူမသည် လီချင်းဆွေပင် ဖြစ်လေတော့၏။
အခြားသူများက တွေ့မြင်နိုင်ခြင်းမရှိဘဲ လီချင်းဆွေတစ်ယောက်သာ တွေ့မြင်နိုင်သည့် ဆန်းလျန်ကတော့ သူမဘေးတွင် ထိုင်နေလေသည်။
ဆန်းလျန်က ပင်လယ်ရေစီးကြောင်း အပြောင်းအလဲများကို ကြည့်ရင်း ခပ်အေးအေးပင် စကားပြောလိုက်သည်။
"ပင်လယ်ထဲခရီးထွက်တဲ့အခါ ဘာမှ ကြိုးစားအားထုတ်နေစရာမလိုဘူး ၊ ပင်လယ်ရေစီးအကြောင်းအတိုင်း အေးအေးဆေးဆေး လိုက်သွားရုံပဲ ၊ ကျင့်ကြံတဲ့နေရာမှာလည်း အဲဒီလိုပဲ… ၊ မင်း သဘာဝတရားကိုနားလည်တယ်ဆိုရင် လူ့ဘဝတစ်လျှောက် အေးအေးဆေးဆေး ခရီးနှင်သွားလို့ရတယ် ၊ ဘာတန်ခိုးစွမ်းအားမှတောင် မလိုဘူး…"
လီချင်းဆွေက…
"ကျွန်မတို့ ခရီးထွက်လာတာ (၃)ရက်တောင်ရှိပြီ ၊ ကမ်းခြေလည်းမတွေ့ရသေးဘူး ၊ ဒီလို ကြီးကြီးကျယ်ကျယ်တွေ လျှောက်ပြောနေမယ့်အစား ဝါးဖောင်ကို နည်းနည်းလောက်မြန်အောင် လုပ်ပေးပါလား…"
ဆန်းလျန်က…
"ဒါ အမြန်ဆုံးပဲ ၊ ကျုပ် ပင်လယ်ရေစီးကြောင်း အပြောင်းအလဲတွေကို တွက်ချက်ပြီးပြီ ၊ ဒီဝါးဖောင်က ပင်လယ်ရေစီးကြောင်းအတိုင်း အမြန်ဆုံးနည်းနဲ့ သွားနေတာပဲ ၊ ရွှက်လွှင့်နေတဲ့ သင်္ဘောကြီးတွေထက်တောင် မြန်နေသေးတယ် ၊ နောက်ထပ် နာရီဝက်လောက်ပဲစောင့်လိုက် ၊ ကမ်းခြေကို ကျုပ်တို့ ရောက်လိမ့်မယ်…"
လီချင်းဆွေက…
"ထားပါတော့ ၊ မင်းက ကျွန်မ သွားချင်တဲ့နေရာသွားနိုင်အောင် လုပ်ပေးထားတာပဲ…"
ဆန်းလျန်က မကျေမနပ်ဖြစ်ဟန်ဖြင့်…
"မင်းသိရမယ်လေ ၊ ဟိုကောင်လေးယွမ်ချင်းက ကျီဖူတောင်ထိပ်က အရံအတားကို ဘယ်လိုဖျက်ရမလဲဆိုတာ မင်းကိုသင်ပေးတဲ့သူက ကျုပ်ဆိုတာသာသိသွားရင် ဘယ်လိုလုပ်မလဲ ၊ ဒီတော့ဝါးဖောင်နဲ့ရေစီးအတိုင်းသွားတာက အန္တရယ်ကင်းတယ်လေ ၊ ကမ်းခြေကို အမြန်နှုန်းနဲ့ ရောက်မှာပဲဟာကို ၊ ကျုပ်ကို လေးစားဖို့တော့ ကောင်းပါတယ်…"
ဆန်းလျန်စကားကြားသည့်အခါ လီချင်းဆွေ မကျေမနပ် ဖြစ်သွားသည်။
ဆန်းလျန်က တမင်သက်သက် ကြွားလုံးထုတ်နေသည်ဟု သူမက ယူဆသည်။
သို့သော်… ဆန်းလျန်ကတော့ ကလေးဆန်ပြီး အပြစ်ကင်းစင်သည့် လီချင်းဆွေက စိတ်ဝင်စားစရာကောင်းသည်ဟု တွေးနေမိသည်။
ထို့ပြင်… ဆန်းလျန်က သူလုပ်နေသည့်အလုပ်ကိုလည်း နားလည်သိရှိသူ ဖြစ်သည်။
ချင်းဆွေထျန်းကောင်းကင်ဘုံမှ ချောမောလှပသည့် နတ်ဘုရား လီချင်းဆွေထံတွင် တစ်ခါတလေ ဤကလေးမလေးကဲ့သို့ ကလေးဆန်မှုမျိုးကို တွေ့မြင်ရသည်ဟု ဆန်းလျန် ထင်မိသည်။
ဤနေ့ရက်များတွင် ကလေးမလေးနှင့် စကားစမြည်ပြောဆိုဖြစ်ကြသည့်နောက် လီချင်းဆွေက သူမ၏ ချင်းဆွေထျန်းကောင်းကင်ဘုံတွင် ဆန်းလျန် မီးမွှေးပြီး ငါးကင်သည်ကို အဘယ့်ကြောင့် သည်းခံရသည်ဆိုသည့် အကြောင်းရင်းကို ရှာတွေ့သွားသလို ခံစားရသည်။
သို့သော်… ဆန်းလျန်ထင်သည်မှာ မှန်ချင်မှ မှန်ပေလိမ့်မည်။ သူက သူ့ရင်ထဲမှ ဆန္ဒအတိုင်း အကြောင်းပြချက်တစ်ခုပမာ လိုရာဆွဲတွေးနေခြင်းလည်း ဖြစ်နိုင်လေသည်။
လီချင်းဆွေကတော့ ဆန်းလျန်ကို သိပ်ပြီးအထင်ကြီးခြင်း မရှိပေ။
သို့သော်… သူမက သာမန်လူများနှင့်မတူသူတစ်ယောက်ဖြစ်ရာ သူ့အနားတွင် ဆန်းလျန်ကဲ့သို့ ထူးဆန်းသည့်လူတစ်ယောက် ရှိနေခြင်းက သူ့အတွက် ကောင်းမွန်သည်ဟု မှတ်ယူထားသည်။
ထို့ပြင်… သူမတွင် သာမန်လူသားများကဲ့သို့ စိတ်လှုပ်ရှားခြင်းမျိုးလည်း လုံးဝမရှိပေ။
အတိုချုပ်ပြောရလျှင် သူမသည် ထူးဆန်းသည့်အရာများကို တည်တည်ငြိမ်ငြိမ်ရင်ဆိုင်နိုင်စွမ်း ရှိသူ ဖြစ်လေသည်။ ထို့ကြောင့် ဆန်းလျန်ပြောပြသည့် ရှုတ်ထွေးသည့်အကြောင်းအရာများနှင့် လမ်းညွှန်မှုကို သူမက လက်ခံနိုင်စွမ်း ရှိသည်။
သို့သော်… ဆန်းလျန် မပါရှိလျှင်လည်း သူမက ချင်းရွှမ်နတ်တံခါးမှ ထွက်လာပြီးနောက်ပိုင်း ကိစ္စများကို ကောင်းကောင်းက ကိုင်တွယ်နိုင်မည်သာ ဖြစ်လေသည်။
သို့သော်… ဆန်းလျန်ပြောသည့်စကားများထဲတွင် အလွန်စိတ်ဝင်စားစရာကောင်းသည့် တစ်ချက်ရှိလေသည်။
ဆန်းလျန်က သာမန်လူတစ်ယောက်မဟုတ်ဟု သူမကို ပြောပြသည်။ ထို့ပြင် ဆန်းလျန်ကို တွေ့မြင်နိုင်သည့်အတွက် သူမသည်လည်း သာမန်လူတစ်ယောက်မဟုတ်ဟု ဆိုလေ၏။
ဆန်းလျန်သည် လောက၏ စည်းမျဉ်းများကို လိုက်နာသူ မဟုတ်ပေ။ ထို့အတူ လီချင်းဆွေသည်လည်း စည်းမျဉ်းစည်းကမ်းများကို မလိုက်နာသည့် လူတစ်ယောက် ဖြစ်လေသည်။
သူတို့ (၂)ယောက်သည် အမှန်ကတယ်ပင် လွတ်လပ်လွန်းသူများ ဖြစ်လေသည်။
ဆန်းလျန်၏ စကားများက သူမကို စိတ်လှုပ်ရှားစေလျှင်အမှန်တကယ်ပင် စိတ်လှုပ်ရှားဖွယ်ရာ ကောင်းသောကြောင့် ဖြစ်လေသည်။
သူမသည် မိန်းကလေးငယ်လေးမျှသာဖြစ်ပြီး လောကတွင် ရင်ဆိုင်ရမည့်အခက်အခဲများနှင့် အကျိုးဆက်များကိုလည်း သူမ စဉ်းစားခဲ့ဖူးခြင်း မရှိပေ။
ဆန်းလျန်က လီချင်းဆွေနှင့်အတူ လိုက်ပါလာသည့်အတွက် သူမ အနည်းငယ်လည်း ပျင်းရိငြီးငွေ့ခြင်း မဖြစ်မိတော့ပေ။
ဆန်းလျန်ကတော့ လီချင်းဆွေကို ကြားခံအဖြစ် အသုံးပြုကာ လွတ်မြောက်ရန် နည်းလမ်းရှာနေခဲ့သည်။
ဗုဒ္ဓက ဆန်းလျန်ကို သမိုင်းထဲတွင် ပိတ်လှောင်ထားခဲ့ခြင်းအားဖြင့် အတိတ်ကို ဆန်းလျန် ပြောင်းလဲမပစ်နိုင်ဟု ယူဆခဲ့သည်။ သို့သော်… ဗုဒ္ဓ၏ တွက်ချက်မှု လွဲမှားသွားခဲ့လေသည်။
ဗုဒ္ဓက မှန်ကန်ခဲ့သည်ဆိုသည့်တိုင် ဆန်းလျန်ကတော့ ဖောက်ထွက်နိုင်ရန် နည်းလမ်းကို အမြဲတမ်း ရှာဖွေနေမည့် သူဖြစ်လေသည်။
သမိုင်းထဲတွင် ပိတ်မိနေခြင်းကို ဖောက်မထွက်နိုင်သေးလျှင်တောင်မှ ဆန်းလျန်က လီချင်းဆွေမှ တစ်ဆင့် သမိုင်းကြောင်းကို တက်ကြွစွာ ပြောင်းလဲပစ်နိုင်ပြီး စိတ်ဝင်စားစရာကောင်းသော သမိုင်းကြောင်းအသစ်များကို ပြုလုပ်နိုုင်မည် ဖြစ်သည်။
…………..
ယွမ်ချင်းသည် ချက်ချင်းပင် အရှေ့ဘက်ကမ်းရိုးတမ်းသို့ လေပြေတစ်ခုအဖြစ်ဖန်ဆင်းပြီး ရောက်ရှိလာလေသည်။
သူက ဖြတ်သွားဖြတ်လာ မြို့ငယ်လေးတစ်မြို့တွင် တစ်ညတာတည်းခိုရန် ဆုံးဖြတ်လိုက်သည်။ သူက တည်းခိုခန်းတစ်ခုတွင် အခန်းငှားပြီး တစ်ညတာ ကျင့်ကြံမှုကို ပြုလုပနေခဲ့သည်။
နောက်တစ်နေ့ နံနက်စောစောတွင်တော့… သူ့အခန်းတံခါးရှေ့သို့ စားပွဲထိုးလေးတစ်ယောက် ရောက်ရှိလာလေသည်။
စားပွဲထိုးလေးက…
"ဧည့်သည် ၊ လူတစ်ယောက်က လူကြီးမင်းကို အမှာစကားပါးလိုက်ပါတယ်…"
***