← Chapters

အခန်း (၄၃၂)

Vol. 43 Ch. 432

အခန်း (၄၃၂)

Vol. 43 Ch. 432

အခန်း။ ၄၃၂

ယန်ချန်းလန်သည် ယွမ်ရှားဟူ၏ နှလုံးသားတစ်ခုလုံး ပုံအပ်ထားရသူ ဖြစ်၏။ ထိုစဉ်က တိဟုန်ယွမ်မျိုးနွယ်စု၏ အထူးချွန်ဆုံးသော ပါရမီရှင်ဖြစ်သူ ရှားဟူသည် မဟာအကြီးအကဲ၏ အချစ်ဆုံး မြေးနွယ်တစ်ဦးလည်း ဖြစ်ခဲ့သည်။

ထိုစဉ်က ယွမ်ရှားဟူနှင့် ပတ်သက်သည့် ကိစ္စရပ်များမှာ တိဟုန်မြို့တော်အတွင်း ဟိုးဟိုးကျော်အောင် ဂယက်ရိုက်ခဲ့ဖူးသည်။ လိမ္မာယဉ်ကျေးလှသော ရှားဟူကဲ့သို့ ကလေးငယ်တစ်ဦးကို ဤကဲ့သို့သော အခြေအနေမျိုး ရောက်အောင် ဘယ်သူကများ စွမ်းဆောင်နိုင်ခဲ့တာလဲဟု အကြီးအကဲများက အလွန်ပင် သိလိုခဲ့ကြ၏။

နောက်ပိုင်းတွင် ယန်ချန်းလန်မှာ မြို့စားလေး၏ လက်ချက်ဖြင့် ဒုက္ခိတဖြစ်သွားခဲ့ရပြီး သူ၏ တိုက်ပွဲဝင်စိတ်ဝိညာဉ်စွမ်းအားများလည်း ပိတ်ဆို့ခြင်း ခံလိုက်ရသည်ဟု ကြားသိရသောအခါ အားလုံးက နှမြောတသ ဖြစ်ခဲ့ကြရသည်။ ပါရမီရှင် လူငယ်တစ်ဦးမှာ ဤမျှနှင့်ပင် လမ်းဆုံးသွားချေပြီဟု သူတို့ ထင်မှတ်ခဲ့ကြခြင်းပင်။

ယွမ်ရှားဟူမှာလည်း တိဟုန်မြို့တော်မှ နှင်ထုတ်ခြင်း ခံလိုက်ရရာ မဟာအကြီးအကဲအဖို့ အလွန်ပင် စိတ်မကောင်း ဖြစ်ခဲ့ရသည်။ သို့သော် နှစ်ပေါင်းများစွာ ကြာပြီးနောက်တွင် ယန်ချန်းလန် ပြန်လည်နိုးထလာပြီဟူသော ကောလာဟလများကို သူ မမျှော်လင့်ဘဲ ကြားသိခဲ့ရသည်။

ယနေ့တွင် ယန်ချန်းလန်ကို ကိုယ်တိုင်မြင်တွေ့လိုက်ရသောအခါ မဟာအကြီးအကဲမှာ ခဏမျှ အကဲခတ်ရုံဖြင့်ပင် စိတ်ထဲမှ တိတ်တဆိတ် ချီးကျူးမိသွားတော့သည်။ ရှားဟူတစ်ယောက် ယန်ချန်းလန်အပေါ် အဘယ်ကြောင့် ဤမျှ သံယောဇဉ်ကြီးမားခဲ့သည်ကို သူ နားလည်သွားခဲ့သည်။

ဤအမျိုးသားမှာ ဓားကဲ့သို့ စူးရှသော မျက်မှောင်အစုံနှင့် ကြယ်တာရာပမာ တောက်ပသော မျက်ဝန်းများကို ပိုင်ဆိုင်ထားပြီး ပွင့်လင်းရိုးသားကာ ခန့်ညားထည်ဝါသော အရှိန်အဝါ ရှိသည်။ သူ၏ တိုက်ပွဲဝင်စွမ်းအင် ကျင့်စဉ်မှာလည်း သိုင်းပညာရှင်အဖွဲ့ချုပ်၏ အထွတ်အထိပ်သို့ ရောက်ရှိနေသည်။ ဤကဲ့သို့သော ထူးချွန်သည့် လူငယ်တစ်ဦးမှာ မိဘအရိပ်ကို ခိုလှုံနေသော ရွှမ်ဝူကျီကဲ့သို့သော လူစားမျိုးနှင့် နှိုင်းယှဉ်ပါက အဆပေါင်းများစွာ သာလွန်နေသည်မှာ အမှန်ပင်။

နှမြောစရာကောင်းသည်မှာ ဤကဲ့သို့သော ပါရမီရှင်တစ်ဦးမှာ တိဟုန်မြို့တော်မှ လူတစ်ယောက် မဟုတ်နေခြင်းပင်။

မဟာအကြီးအကဲမှာ စိတ်လှုပ်ရှားမှုကို ထိန်းချုပ်လိုက်ပြီး သူ၏ အကြည့်တို့ကို ယွင်ရှန်းနှင့် ကျုံးရန်တို့ဆီသို့ လွှဲပြောင်းလိုက်သည်။ ထိုသို့ ကြည့်လိုက်မိသည်နှင့် တစ်ပြိုင်နက် မဟာအကြီးအကဲ၏ ဖြူဖွေးသော မုတ်ဆိတ်နှင့် မျက်ခုံးရှည်ကြီးများမှာ မသိမသာပင် တုန်ခါသွားရတော့သည်။

ဒါကတော့ တကယ့်ကို မယုံနိုင်စရာပဲ။

ယန်ချန်းလန် တစ်ယောက်တည်းနှင့်ပင် လုံလောက်အောင် အထင်ကြီးစရာ ကောင်းနေခဲ့ပြီ ဖြစ်သော်လည်း မဟာကျိုးမှ ရောက်ရှိလာသော ကျန်ရှိသည့် လူငယ်နှစ်ဦးမှာမူ မဟာအကြီးအကဲအား တော်တော်လေး အံ့အားသင့်သွားစေခဲ့သည်။

တိဟုန်မြို့တော်၏ မဟာအကြီးအကဲဖြစ်သူ လျိုချန်းဖုန်းသည် ရောက်ရှိလာသော လူငယ်နှစ်ဦးကို အကဲခတ်ရင်း စိတ်တွင်း၌ ပိုမိုတုန်လှုပ်လာရသည်။

ပထမဆုံးအနေဖြင့် ထိုလူငယ်သည် အသက်နှစ်ဆယ်ကျော်၊ သုံးဆယ်မပြည့်သေးသည့် ပုံစံရှိသော်လည်း သူ၏ဘေးတွင် ရပ်နေသော ကြောက်မက်ဖွယ် မိစ္ဆာသားရဲမှာ တပ်မှူးအဆင့်ဖြစ်နေသည်။ ဤသူကား ဆင့်ခေါ်သူတစ်ဦးဖြစ်ပြီး သူ၏စွမ်းအားမှာ သန့်စင်သောသားရဲဆင့်ခေါသူထက် မနိမ့်ကျသည်မှာ အသေအချာပင်။

နောက်တစ်ဦးမှာမူ သူ၏ဘေးတွင် ရပ်နေသော မှော်ဆရာမလေး ဖြစ်၏။ ဤမိန်းကလေးမှာ အလွန်ပင် ငယ်ရွယ်ပုံရပြီး ရှမ်မိန်မိန်းထက်ပင် နှစ်အနည်းငယ် ပိုငယ်ဦးမည်။ သို့သော် သူမ၏ မှော်အဆင့်မှာ အနည်းဆုံး မှော်ဆရာကြီးအဆင့်တွင် ရှိနေသည်။ အကြောက်စရာအကောင်းဆုံးမှာ သူမ၏ မှော်တောင်ဝှေးပေါ်ရှိ ဝိညာဉ်ကျောက်မျက်များပင်။ ရှေ့ဆုံးမှ နှစ်လုံးအနက် ပထမတစ်ခုမှာ နှစ်ပေါင်းရာချီ သက်တမ်းရှိသော သွေဖည်ဝိညာဉ်ကျောက်မျက်ဖြစ်ပြီး ဒုတိယတစ်ခုမှာ နတ်သူငယ်မျိုးနွယ်စု၏ ညှို့ဓာတ်ပြင်း ဝိညာဉ်ကျောက်မျက်ဖြစ်နေသည်။

နောက်ထပ် ဝိညာဉ်ကျောက်မျက် တစ်လုံးမှာမူ သိုင်းသူတော်စင်အဆင့်ရှိသော သူပင်လျှင် တစ်ချက်ကြည့်ရုံဖြင့် အဆင့်ကို ခွဲခြားနိုင်ခြင်း မရှိပေ။

သိုင်းသူတော်စင်တစ်ယောက်တောင် ထိုးဖောက်မမြင်နိုင်တဲ့ ဝိညာဉ်ကျောက်မျက်မျိုးဆိုရင် ဒါက ဘယ်လောက်တောင် အဆင့်မြင့်တဲ့အရာ ဖြစ်နေလို့လဲ။

မဟာအကြီးအကဲမှာ စိတ်ထဲ၌ မတည်မငြိမ် ဖြစ်လာရတော့သည်။

လူအများက မဟာကျိုးပြည်ထောင်၏ အင်အားမှာ တစ်နေ့ထက်တစ်နေ့ မှေးမှိန်လာနေပြီဟု ပြောဆိုကြသော်လည်း ယခုမြင်တွေ့နေရသည်မှာ မှေးမှိန်နေခြင်း မဟုတ်ဘဲ မျိုးဆက်သစ်လူငယ်များ၏ စွမ်းအားမှာ တုန်လှုပ်ချောက်ချားဖွယ်ကောင်းလောက်အောင်ပင် ထက်မြက်နေခြင်းပင်။

“ဒါ တိဟုန်မြို့တော်ရဲ့ မဟာအကြီးအကဲလား”

ထိုအဘိုးအိုထံမှ စင်ကြယ်ပြီး ပြိုင်ဘက်ကင်းလှသော တိုက်ပွဲဝင်စိတ်ဝိညာဉ် အရှိန်အဝါများ ထွက်ပေါ်လာသည်ကို မြင်သောအခါ ယန်ချန်းလန်သည် ရောက်ရှိလာသူမှာ သာမန်မဟုတ်ကြောင်း သိလိုက်ပြီး ရွှမ်ဝူကျီကို သတ်ဖြတ်ရန် အကောင်းဆုံးအခွင့်အရေး လက်လွတ်သွားပြီဖြစ်ကြောင်း နားလည်လိုက်သည်။

ယွင်ရှန်းကမူ ဘေးမှနေ၍ စောင့်ကြည့်နေမိသည်။ သူမ၏ ဦးလေးမှာ ယွမ်ရှားဟူကို ယခုတိုင် စွန့်လွှတ်နိုင်ခြင်း မရှိသေးပေ။ သို့မဟုတ်ပါက သူမ၏အမည်ကို ကြားလိုက်ရရုံဖြင့် စိတ်ဓာတ်တုန်လှုပ်သွားပြီး ရွှမ်ဝူကျီကို သတ်ဖြတ်မည့်အခွင့်အရေးကို လက်လွတ်ခံမည်မဟုတ်ပေ။ ယွင်ရှန်း၏ မျက်ဝန်းများမှာ လျိုအကြီးအကဲနှင့် ရွှမ်ဝူကျီတို့အကြား ကူးချည်သန်းချည်ဖြင့် လှုပ်ရှားနေပြီး စိတ်ထဲမှနေ၍ အကြံအစည်တစ်ခုကို တိတ်တဆိတ် ကြံစည်နေတော့သည်။

“ဗိုလ်ချုပ်လေးယန်... မြို့စားလေးက တစ်စုံတစ်ရာ ပြစ်မှားမိခဲ့ရင် ကျေးဇူးပြုပြီး သဘောထားကြီးပေးပါဦး။ မြို့စားမင်းကလည်း သူ မကြာခင်က လုပ်ဆောင်ခဲ့တဲ့ လုပ်ရပ်တွေကို သိရှိထားပြီးသားပါ။ တစ်နေ့မှာ တိဟုန်မြို့တော်ကနေ တရားဝင် တောင်းပန်မှုတွေ ပေးပို့ပါလိမ့်မယ်။ ယန်စံအိမ်တော်နဲ့ ဗိုလ်ချုပ်လေးတို့ဘက်က ခွင့်လွှတ်ပေးဖို့ ကျွန်တော် တောင်းဆိုချင်ပါတယ်”

လျိုအကြီးအကဲသည်လည်း ဤတစ်ကြိမ်တွင် တိဟုန်မြို့တော်ဘက်က မှားယွင်းနေကြောင်း သိရှိထားသဖြင့် အမြဲတမ်း မာနကြီးလှသော သူပင်လျှင် နှိမ့်ချသော အမူအရာကို ဖော်ပြနေရခြင်းပင်။

“မဟာအကြီးအကဲ... ကျွန်တော်နဲ့ ရွှမ်ဝူကျီကြားက ရန်ငြိုးကို တောင်းပန်ရုံနဲ့တင် ဖြေရှင်းလို့မရဘူး။ တကယ်လို့ တောင်းပန်ရုံနဲ့ အရာရာပြီးသွားမယ်ဆိုရင် ကျွန်တော့်နောက်က ဂူဗိမာန်တွေထဲမှာ လဲလျောင်းနေရတဲ့သူတွေက အလကား သေဆုံးသွားခဲ့တာလား။ တောင်းပန်ရုံနဲ့ ဖြစ်မယ်ဆိုရင် ယွီကျင်းမြို့တော်ထဲမှာ ရက်ရက်စက်စက် အသတ်ခံခဲ့ရတဲ့ ရှန်းယွီဆိုတဲ့ မိန်းကလေးနဲ့ လုပ်ကြံခံရလုနီးပါး ဖြစ်ခဲ့တဲ့ ကျွန်တော့်အဖေတို့ကရော ဘေးကင်းလုံခြုံသွားမှာတဲ့လား”

ယန်ချန်းလန်က ပြတ်သားစွာ ပြောလိုက်သည်။ သူ၏ အေးစိမ့်လှသော အကြည့်တို့မှာ ရွှမ်ဝူကျီ၏ လည်ပင်းကို အချိန်မရွေး ချိုးပစ်တော့မည့်အလားပင်။

ရွှမ်ဝူကျီမှာ ယန်ချန်းလန်၏ စိုက်ကြည့်မှုကို ခံရသဖြင့် စိတ်ထဲတွင် စိမ့်တက်သွားရသော်လည်း မဟာအကြီးအကဲ ရှိနေခြင်းကြောင့် အားတက်လာကာ

“မဟာအကြီးအကဲ... ဒီကောင်က ကျွန်တော့်ကို သတ်ချင်နေတာ။ သူ့ကို အမြန်ဆုံး သတ်ပစ်လိုက်ပါတော့” ဟု ရန်တိုက်ပေးလိုက်သည်။

“ဗိုလ်ချုပ်လေးယန်... စိတ်မကောင်းပါဘူး။ ဒါပေမဲ့ ဒီနေ့မှာတော့ မြို့စားလေးကို ကျွန်တော်နဲ့အတူ ခေါ်သွားရပါလိမ့်မယ်။ တကယ်လို့ မင်းကသာ တားဆီးမယ်ဆိုရင်တော့ တိဟုန်မြို့တော် တစ်ခုလုံးနဲ့ ရန်သူဖြစ်ရပါလိမ့်မယ်”

မဟာအကြီးအကဲသည် ရွှမ်ဝူကျီ၏ အသုံးမကျမှုကို သိရှိသော်လည်း မြို့စားမင်းတွင် ဤသားတစ်ဦးတည်းသာ ရှိသဖြင့် သူ မရှိလျှင် အရိုက်အရာ ဆက်ခံမည့်သူ မရှိတော့မည်ကို စိုးရိမ်နေရခြင်းပင်။

“ရှင် သူ့ကို ခေါ်သွားလို့ရပါတယ်။ ဒါပေမဲ့ ရှင် ခေါ်သွားနိုင်မှာက အလောင်းတစ်ကောင်ပဲ ဖြစ်လိမ့်မယ်”

ထိုစဉ် ဘေးမှ တိတ်ဆိတ်စွာ စောင့်ကြည့်နေသော မှော်ဆရာမလေးမှာ ရှေ့သို့ လှမ်းထွက်လာခဲ့၏။ သူမ၏ အသံမှာ ကြည်လင်ပြတ်သားလှသည်။

လွင်ပြင်ကျယ်ကြီးထဲတွင် သာယာသော တေးသံတစ်ခုအလား သူမ၏ အသံမှာ နားထောင်ကောင်းလှသော်လည်း ပြောလိုက်သော စကားလုံးများမှာမူ မဟာအကြီးအကဲ၏ နှလုံးသားကို စိမ့်တက်သွားစေခဲ့သည်။ ဤမှော်ဆရာမလေးမှာ သူတို့အထဲတွင် အငယ်ဆုံးဖြစ်သော်လည်း သူမ စကားပြောဆိုချိန်တွင် ယန်ချန်းလန်နှင့် ဘေးရှိ သန့်စင်သောသားရဲဆင့်ခေါ်သူတို့မှာပါ တိတ်ဆိတ်စွာ နားထောင်နေကြသည်ကို မြင်တွေ့ရသဖြင့် ဤမိန်းကလေးမှာ အမှန်စင်စစ် ဘယ်သူဖြစ်မလဲဟု မဟာအကြီးအကဲ မတွေးဘဲ မနေနိုင်တော့ပေ။

“မိန်းကလေး... စကားကို ရမ်းမပြောပါနဲ့။ ဒါမှမဟုတ် ငါ့လက်ထဲကနေ သူ့ကို လုယူနိုင်မယ်လို့ မင်း ကိုယ့်ကိုယ်ကိုယ် ယုံကြည်မှု ရှိနေတာလား”

မဟာအကြီးအကဲ၏ ဖြူဖွေးသော မျက်ခုံးတန်းကြီးများ လှုပ်ခတ်လျက် မေးလိုက်သည်။

ထိုမိန်းကလေးမှာ နုနယ်ပျိုမြစ်ပြီး ချစ်စဖွယ်ကောင်းသော်လည်း သူမ၏ စကားပြောဆိုပုံမှာမူ အလွန်ပင် ပြတ်သားလွန်းသည်။

“မဟာအကြီးအကဲ... ရှင့်လက်ထဲကနေ သူ့ကို လုယူနိုင်မလားဆိုတာ ကျွန်မ မသေချာပါဘူး။ ဒါပေမဲ့ ရှင်တစ်ယောက်တည်းနဲ့ ဒီတိုက်ကြီးတစ်ခုလုံးမှာရှိတဲ့ အဖွဲ့ချုပ်တွေနဲ့ အစိုးရတွေကို ရင်ဆိုင်နိုင်လိမ့်မယ်လို့တော့ ကျွန်မ မယုံကြည်ဘူး။ ရှင် အဖန်တလဲလဲ ပြောနေတဲ့ ဒီမြို့စားလေးက တိုက်ကြီးတစ်ခုလုံးမှာ နာမည်အဆိုးဆုံး လူသတ်သမားအဖွဲ့အစည်းဖြစ်တဲ့ သွေးစွန်းနေသောလက်ရဲ့ ခေါင်းဆောင်ဆိုတဲ့ အချက်ကိုရော ရှင် သိရဲ့လား”

ယွင်ရှန်းက ပြောပြောဆိုဆိုဖြင့် စာအချို့ကို ထုတ်ယူလိုက်သည်။ သူမသည် ယနေ့အတွက် ကြိုတင်ပြင်ဆင်လာခဲ့ခြင်းဖြစ်ရာ ထိုစာအားလုံးကို မဟာအကြီးအကဲထံသို့ ကမ်းပေးလိုက်၏။ မဟာအကြီးအကဲသည် စာများကို ဖွင့်ဖတ်ကြည့်လိုက်သည်နှင့် သူ၏ မျက်နှာထားမှာ တစ်စထက်တစ်စ ပိုမိုခက်ထန်လာတော့သည်။

ရွှမ်ဝူကျီမှာမူ ခိုးကြည့်လိုက်မိရာမှ မျက်နှာမှာ ပြာနှမ်းသွားရ၏။ ထိုစာများမှာ ယခင်က သူနှင့် ဝတ်ရုံနီဝတ်ဆင်ထားသူတို့အကြား အပြန်အလှန် ပေးပို့ခဲ့သော လျှို့ဝှက်စာများ ဖြစ်နေသောကြောင့်ပင်။ စာများ၏ အကြောင်းအရာမှာ နှစ်ပေါင်းများစွာအတွင်း သွေးစွန်းနေသောလက်က လုပ်ဆောင်ခဲ့သော လူသတ်မှုများနှင့် မိသားစုအလိုက် အမြစ်ပြတ်ချေမှုန်းခဲ့သော ကိစ္စရပ်များအကြောင်းပင်။ ဤစာများသာ လူသိရှင်ကြား ဖြစ်သွားပါက ရွှမ်ဝူကျီအတွက် သေခြင်းတရားမှလွဲ၍ အခြားလမ်းမရှိကြောင်း မဟာအကြီးအကဲ ကောင်းစွာ သဘောပေါက်လိုက်သည်။

မဟာအကြီးအကဲ၏ လက်ထဲရှိ စာများမှာ ရုတ်တရက်ပင် အမှုန့်ဖြစ်သွားတော့၏။ သို့သော် ယွင်ရှန်းမှာမူ တုန်လှုပ်ခြင်းမရှိဘဲ အေးဆေးတည်ငြိမ်စွာဖြင့် နောက်ထပ်စာနှစ်စောင်ကို ထပ်မံထုတ်ယူလိုက်ပြန်သည်။

“မဟာအကြီးအကဲ... အထောက်အထားတွေကို ဖျက်ဆီးဖို့ အလောတကြီး လုပ်နေစရာ မလိုပါဘူး။ ဒီလိုစာမျိုးတွေကို ကျွန်မ သွေးစွန်းနေသောလက်ရဲ့ ဌာနချုပ်မှာ သေတ္တာကြီး အလုံးလိုက် ရှာတွေ့ခဲ့တာပါ။ အဲ့ဒီထဲမှာ လူသတ်ပြီး ရလာတဲ့ ရွှေဒင်္ဂါးတွေအကြောင်းလည်း ပါပါတယ်။ ဒီရွှေင်္ဒဂါးတွေက နှစ်စဉ်နှစ်တိုင်း မြို့စားလေး ရွှမ်ဝူကျီရဲ့ အမည်နဲ့ဖွင့်ထားတဲ့ ဝူကျီရွှေကတ်ထဲကို စီးဝင်နေတာပါ။ ရှင် မယုံဘူးဆိုရင် ဒီတိုက်ကြီးပေါ်မှာရှိတဲ့ ဘယ်ဘဏ်နဲ့ ကုန်သွယ်ရေးတိုက်မှာမဆို စစ်ဆေးကြည့်နိုင်ပါတယ်”

ယွင်ရှန်းက စိတ်ထဲမှ ကျေနပ်စွာ တွေးလိုက်မိ၏။

အို... မဟာအကြီးအကဲ ရှင်က ကျွန်မ အရေးအကြီးဆုံး အထောက်အထားတွေကို ရှင့်လက်ထဲ အလွယ်တကူ ထည့်ပေးမယ်လို့ ထင်နေတာလား။ မြို့စားလေး ရွှမ်ဝူကျီက ပိုအရေးကြီးသလား ဒါမှမဟုတ် တိဟုန်မြို့တော်ရဲ့ ဂုဏ်သိက္ခာက ပိုအရေးကြီးသလားဆိုတာ ကျွန်မ ကြည့်ချင်သေးတယ်။

ယွင်ရှန်း တင်ပြလိုက်သော သတင်းအချက်အလက်အားလုံးမှာ သူမ အကူအညီတောင်းထားသော ကျိုးချင်းချွမ်းစုဆောင်းပေးထားခြင်းပင်။ သူမသည် ရွှမ်ဝူကျီကို ပစ်မှတ်ထားကတည်းက ကြိုတင်ပြင်ဆင်မှုမရှိဘဲ လာရောက်ခဲ့ခြင်း မဟုတ်ပေ။

ထိုစကားများကို ကြားလိုက်ရသောအခါ မဟာအကြီးအကဲမှာ ဒေါသကြောင့် မုတ်ဆိတ်မွှေးများ တထောင်ထောင် ဖြစ်သွားရပြီး သူ၏ မျက်နှာမှာလည်း နီမြန်းလျက် ဒေါသထွက်နေတော့သည်။

All Chapters