အခန်း (၄၃၃)
Vol. 43 Ch. 433
အခန်း။ ၄၃၃
“နုံအလိုက်တဲ့ မိန်းကလေး... မင်းက ငါ့ကို ခြိမ်းခြောက်နေတာလား”
မဟာအကြီးအကဲသည် တိဟုန်မြို့တော်အတွင်း၌ အလွန်အမင်း ရိုသေလေးစားခြင်း ခံရသူဖြစ်ပြီး မြို့စားမင်းကိုယ်တိုင်ပင်လျှင် သူ့ကို ဤကဲ့သို့သော လေသံမျိုးဖြင့် စကားပြောရန် ဝံ့မည်မဟုတ်ပေ။ သို့ပါလျက်နှင့် ယနေ့တွင် မိန်းကလေးငယ်တစ်ဦး၏ လှောင်ပြောင်မှုကို ခံနေရသဖြင့် သူ၏စိတ်ထဲ၌ ဒေါသအဟုန်များ တလိပ်လိပ် တက်လာရတော့သည်။
“ခြိမ်းခြောက်တာလား... မဟာအကြီးအကဲ ရှင် နားလည်မှု လွဲနေပုံပဲ။ ကျွန်မက တိဟုန်မြို့တော်တစ်ခုလုံးကို ခြိမ်းခြောက်နေတာပါ။ လောကပြင်ပမှာ အေးချမ်းစွာ တည်ရှိနေတဲ့ မြို့တစ်မြို့အနေနဲ့ တိဟုန်မြို့တော်က နှစ်ပေါင်းများစွာတိုင်အောင် ဂုဏ်သတင်း ကျကျော်ခဲ့တာပါ။ ဒါပေမဲ့ အခုတော့ ဘာအကြောင်းပြချက်မှ မရှိဘဲ သွေးစွန်းနေသောလက်နဲ့ ပတ်သက်နေတာကို ဘယ်သူက ထင်ထားမှာလဲ။ လွန်ခဲ့တဲ့ ဆယ်စုနှစ်တွေအတွင်းမှာ သွေးစွန်းနေသောလက်နဲ့ ပတ်သက်တဲ့ လူသတ်မှုတွေ ဘယ်လောက်တောင် များခဲ့သလဲဆိုတာ ကျွန်မ ရေတွက်ကြည့်ပါရစေဦး။ အဲ့ဒီထဲက ဘယ်နှစ်မှုက နာမည်ကျော် မုဆိုးစစ်သည်တော်တွေ ဒါမှမဟုတ် အင်အားကြီး ငါးနိုင်ငံက မှူးမတ်တွေနဲ့ ဆက်စပ်နေသလဲဆိုတာရောပေါ့။ အကယ်၍သာ တိဟုန်မြို့တော်ရဲ့ နောက်ကွယ်မှာ သွေးစွန်းနေသောလက် ရှိနေတယ်ဆိုတာကို လူတွေ သိသွားကြရင် ဘယ်လိုမြင်ကွင်းမျိုး ဖြစ်လာမလဲနော်”
ယွင်ရှန်း၏ မျက်ဝန်းများမှာ ထိုမြင်ကွင်းကို အမှန်တကယ် မြင်ယောင်နေသည့်အလား တောက်ပနေ၏။
အကယ်၍ တိဟုန်မြို့တော်နှင့် သွေးစွန်းနေသောလက်တို့၏ ဆက်စပ်မှုကိုသာ လူသိရှင်ကြား ထုတ်ဖော်လိုက်ပါက သေဆုံးသူများ၏ မိသားစုဝင်များနှင့် နိုင်ငံအသီးသီးမှ အရေးပါသော ပုဂ္ဂိုလ်များမှာ တိဟုန်မြို့တော်သို့ ဝိုင်းအုံလာကြပေလိမ့်မည်။ တိဟုန်မြို့တော်သည် အမှန်တကယ်ပင် အင်အားကြီးမားလှသော်လည်း တိုက်ကြီးတစ်ခုလုံးရှိ မုဆိုးစစ်သည်တော်များနှင့် မှူးမတ်များအားလုံးကို ရင်ဆိုင်ရမည်ဆိုလျှင် ထိုသို့သော အခြေအနေကို မဟာအကြီးအကဲပင်လျှင် မတွေးဝံ့တော့ပေ။
ရွှမ်ဝူကျီမှာမူ ထိတ်လန့်လွန်းသဖြင့် မျက်နှာတွင် သွေးစ မရှိတော့ဘဲ မဟာအကြီးအကဲထံမှ အကူအညီကိုသာ မျှော်လင့်တကြီး ကြည့်နေမိသည်။ သို့သော်လည်း မဟာအကြီးအကဲမှာမူ မျက်နှာထား ညိုမှောင်လျက် တိတ်ဆိတ်နေတော့သည်။
“ကျွန်မသာ တိဟုန်မြို့တော်ရဲ့ မြို့စားမင်းဆိုရင်တော့... အင်း... တရားမျှတမှုအတွက် ကိုယ့်ဆွေမျိုးသားချင်းကိုတောင် စတေးပစ်မိမှာပဲ။ ဒီလို အသုံးမကျတဲ့ သားမိုက်ကို လက်ဝါးတစ်
ချက်နဲ့ပဲ ရိုက်သတ်ပစ်လိုက်ပြီးမှ ဒါတွေအားလုံးက ဒီကာမဂုဏ်လိုက်စားတဲ့ လူဖျင်းလူအရဲ့ လက်ချက်ပါလို့ ကမ္ဘာကို ကြေညာလိုက်မယ်။ နောက်ဆုံးတော့ ဘယ်သူမှ သေပြီးသားလူဆီကနေ အကြွေးလာတောင်းမှာ မဟုတ်ဘူးလေ”
ယွင်ရှန်းက သူမ၏ မျက်လုံးများကို ပုတ်ခတ်ပုတ်ခတ် လုပ်ရင်း ပြောလိုက်သည်။
မဟာအကြီးအကဲ၏ လက်ထဲရှိ ရွှမ်ဝူကျီ၏ လက်ကို ဆုပ်ကိုင်ထားမှုမှာ မသိစိတ်ဖြင့် ပိုမိုတင်းကြပ်လာခဲ့၏။ ရွှမ်ဝူကျီမှာမူ သူ၏ ကျောရိုးတစ်လျှောက် အေးစိမ့်သော ခံစားချက်တစ်ခု တက်လာသည်ကို ခံစားလိုက်ရသည်။
“ဟားဟား... မိန်းကလေး ငါတော့ မင်းရဲ့ ထောင်ချောက်ထဲကို ကျလုနီးပါး ဖြစ်သွားတာပဲ”
မဟာအကြီးအကဲသည် ရုတ်တရက် ကျယ်လောင်စွာ ရယ်မောလိုက်တော့သည်။
သူ၏ ရယ်မောသံမှာ မိစ္ဆာသားရဲ ထောင်ပေါင်းများစွာ သူတို့ထံသို့ ပြေးဝင်လာသကဲ့သို့ပင် မြည်ဟည်းနေပြီး ထိုသို့ ရယ်မောနေစဉ်အတွင်း သူ၏ တိုက်ပွဲဝင်စိတ်ဝိညာဉ် အရှိန်အဝါများကိုလည်း အပြည့်အဝ ထုတ်ဖော်လိုက်၏။ ယွင်ရှန်းသည် သူမ၏ ရင်ဘတ်မှာ တင်းကြပ်စွာ ဖိကပ်ခံထားရသကဲ့သို့ ခံစားလိုက်ရပြီး အသက်ရှူရသည်မှာ မွန်းကျပ်လာခဲ့သည်။
ကျုံးရန်နှင့် ယန်ချန်းလန်တို့သည်လည်း ချက်ချင်းပင် သတိကြီးစွာထားလျက် ယွင်ရှန်း၏ ဝဲယာတစ်ဖက်တစ်ချက်စီတွင် ရပ်တန့်ကာ အသင့်ပြင်လိုက်ကြသည်။ မဟာအကြီးအကဲ၏ အကြည့်တို့မှာ ညိုမှောင်သွားပြီး သတိနှင့် စောင့်ကြည့်နေသော ထိုသုံးဦးကို ကြည့်ကာ ခေါင်းခါယမ်းလိုက်ရင်း
“မိန်းကလေး... မင်းက မဆိုးဘူးပဲ ရဲရင့်တဲ့နှလုံးသားနဲ့ ပါးနပ်တဲ့ ဉာဏ်ပညာရှိတယ်။ ဒါပေမဲ့ ဝမ်းနည်းစရာကောင်းတာက ခုနက မင်းပြောတာ တစ်ခုမှားသွားတာပဲ။ မင်းပြောတာ မှန်ပါတယ် သေသွားတဲ့လူဆီကနေ ဘယ်သူမှ အကြွေးလာမတောင်းပါဘူး။ မင်းမှာ အထောက်အထားရှိရင် ငါက အလောင်းရော အထောက်အထားပါ ဖျက်ဆီးပစ်နိုင်တယ်။ မင်းတို့ သုံးယောက်လုံးကို သတ်ပစ်လိုက်ရင် အဲ့ဒီစာတွေက အသုံးမဝင်တော့ဘူးပေါ့”
မဟာအကြီးအကဲ၏ စကားကြောင့် ယွင်ရှန်း၏ မျက်နှာမှာ ပျက်ယွင်းသွားသော်လည်း သူမသည် လျင်မြန်စွာပင် ပြန်လည်တည်ငြိမ်သွားခဲ့သည်။
“မဟာအကြီးအကဲ... ရှင်က သိုင်းသူတော်စင်တစ်ဦးဆိုတာ မှန်ပါတယ်။ ဒါပေမဲ့ ရှင့်ရဲ့ စွမ်းအားတစ်ခုတည်းနဲ့ ကျွန်မတို့ သုံးယောက်လုံးကို သတ်နိုင်မယ်လို့ ရှင် တကယ်ပဲ ယုံကြည်နေတာလား”
သိုင်းသူတော်စင်တစ်ဦးအဖို့ သန့်စင်သောသားရဲဆင့်ခေါ်သူတစ်ဦး၊ မှော်ဆရာကြီးတစ်ဦးနှင့် သိုင်းပညာရှင်အဖွဲ့ချုပ်အဆင့်ရှိသူတစ်ဦးတို့ကို တစ်ပြိုင်နက်တည်း သတ်ဖြတ်ရန်မှာ အမှန်တကယ်ပင် မလွယ်ကူလှပေ။
ထိုသို့ပြောပြီးနောက် မဟာအကြီးအကဲသည် သူ၏လက်ကို ရုတ်တရက် မြှောက်လိုက်ရာ သူ၏ လက်ဖဝါးအတွင်း၌ ကျောက်စိမ်းဆွဲပြားတစ်ခု ရှိနေသည်ကို မြင်လိုက်ရသည်။ ထိုကျောက်စိမ်းဆွဲပြားကို မြင်လိုက်ရသည်နှင့်တစ်ပြိုင်နက် ယွင်ရှန်းသည် သူမ၏ ညာဘက်လက်မောင်းမှာ ရုတ်တရက် ပူနွေးလာသည်ကို ခံစားလိုက်ရ၏။
ထိုခံစားချက်မှာ သူမ၏ ရှန်းနုန်ဆေးဘက်ဆိုင်ရာ လက်ပတ်ကြီး အသက်ဝင်လာသကဲ့သို့ပင် ရှိပြီး ထိုကျောက်စိမ်းဆွဲပြား၏ ပစ္စည်းအမျိုးအစားမှာ သူမ၏ လက်ပတ်နှင့် ထပ်တူထပ်မျှပင် ဖြစ်နေသည်။
၎င်းမှာ အမှန်စင်စစ်အားဖြင့် ရှန်းနုန်ယန်မျိုးနွယ်စု၏ ဒဏ္ဍာရီလာ ဘိုးဘွားပိုင်ရတနာဖြစ်သော ရွှမ်ယွမ် နဂါးကိုးကောင် ကျောက်စိမ်းပင်။ ယွင်ရှန်းပင် အလွန်တရာ ထိတ်လန့်တုန်လှုပ်သွားရသည်။
ရွှမ်ဝူကျီမှာမူ တစ်ဖက်တွင် အလွန်တရာ ဝမ်းသာအားရဖြစ်သွားပြီး ကျယ်လောင်စွာ အော်ပြောလိုက်တော့သည်။
“ဒါ... နိမိတ်ပုံ တော်ဝင်ကျောက်စိမ်းပဲ ဟားဟား... ယွင်ရှန်း ဒီတစ်ခါတော့ နင်တို့အားလုံး သေဖို့သာ ပြင်ထားတော့”
ယန်ချန်းလန်သည် ထိုကျောက်စိမ်း၏ ဇာစ်မြစ်ကို မသိရှိသော်လည်း မဟာအကြီးအကဲ ထုတ်ယူလိုက်သည့် အရာမှန်သမျှသည် သာမန်မဟုတ်နိုင်ကြောင်း ကောင်းစွာ နားလည်ထားသည်။
“ဆရာကြီး... ခဏနေရင် ဘာပဲဖြစ်လာဖြစ်လာ အခွင့်အရေးရတာနဲ့ ယန်လေးကို ခေါ်ပြီး ချက်ချင်း ထွက်သွားပါ”
ယန်ချန်းလန်သည် စိတ်ထဲမှ နောင်တရနေမိ၏။ အကယ်၍ သူသာ စောစောက ဝေခွဲမရဖြစ်မနေခဲ့ပါက ယွင်ရှန်းမှာ ယခုကဲ့သို့ အခြေအနေမျိုး ကြုံတွေ့ရမည် မဟုတ်ပေ။
မဟာအကြီးအကဲသည် နိမိတ်ပုံတော်ဝင်ကျောက်စိမ်းကို လေထဲသို့ မြှောက်တင်လိုက်ရာ ထိုနီရဲသော ကျောက်စိမ်းမှာ ထက်မြက်လှသော မြားတစ်စင်းအလား တဝီဝီမြည်ဟည်းလျက် ကောင်းကင်ယံထက်သို့ ပျံတက်သွားတော့သည်။
နီရဲသော ကျောက်စိမ်းအတွင်းမှ ထူးဆန်းသော အလင်းတန်းများ ဖြာထွက်လာပြီး ကျောက်စိမ်းကိုယ်ထည်မှာ မီးတောက်များကဲ့သို့ တောက်လောင်လာကာ လေထုအလယ်တွင် လှပဆန်းကြယ်လှသော မီးလျှံပန်းကြီးတစ်ပွင့်အလား ပွင့်လန်းလာခဲ့သည်။
ထိုမီးလျှံများကြားမှ ဇာမဏီငှက်ကဲ့သို့ လှပကျော့ရှင်းကာ ရှည်လျားသော လည်ပင်းရှိသည့် ငှက်ကြီးတစ်ကောင်မှာ ရုတ်တရက် ပေါ်ထွက်လာခဲ့၏။ သာမန်ငှက်များနှင့် မတူသည်မှာ ထိုငှက်တွင် နူးညံ့ပျော့ပျောင်းပြီး ဝေဆာလှသော တောင်ပံမွှေးများ ရှိနေခြင်းပင်။ ၎င်း၏ ကျောပြင်နှင့် ဝမ်းဗိုက်ထက်တွင်လည်း မီးလျှံပုံသဏ္ဌာန် အဆင်တန်ဆာများ ရှိနေကြသည်။ ၎င်းသည် ခြောက်ပေမှ ဆယ်ပေခန့်အထိ အလွန်တရာ မြင့်မားလှပြီး ကိုးထပ်သော ကောင်းကင်ဘုံမှ ဆင်းသက်လာသည့်အလား ရှိသော ၎င်း၏ အော်ဟစ်သံမှာ ကြားရသူတိုင်းကို မသိစိတ်ဖြင့် ထိတ်လန့်တုန်လှုပ်သွားစေသည်။ ၎င်း၏ အသွင်မှာ မာနကြီးလှပြီး ခန့်ညားထည်ဝါလှသည်။
ထိုငှက်မင်း ပေါ်ထွက်လာသည်နှင့်တစ်ပြိုင်နက် ပတ်ဝန်းကျင်ရှိ ရှုခင်းအားလုံးမှာ ၎င်းနှင့်နှိုင်းယှဉ်ပါက အရောင်အဝါ မှိန်ဖျော့သွားရတော့သည်။ ၎င်းမှာ ယွင်ရှန်း မြင်ဖူးသမျှထဲတွင် အလှပဆုံးသော ငှက်တစ်ကောင်ဖြစ်ပြီး တစ်ကိုယ်လုံးတွင် မီးတောင်ပံများ ဖုံးလွှမ်းလျက် ရှိကာ ၎င်း၏နောက်တွင်လည်း မီးတောက်အစုအဝေးများအလား မီးလျှံမြီးများ တန်းစီလျက် ပါရှိနေ၏။ ရှည်လျားလှသော တောင်ပံများကို ခတ်လိုက်တိုင်း ၎င်းပျံသန်းရာ လမ်းကြောင်းတစ်လျှောက်တွင် အရာအားလုံးမှာ မီးလောင်ကျွမ်းသွားမတတ် အလွန်တရာ ပူပြင်းလှသည်။
ဤမျှ လှပသော ငှက်ကြီးဖြစ်သော်လည်း ၎င်းသည် တစ်ခါမျှ မကြုံဖူးသေးသော ကြောက်မက်ဖွယ် ခံစားချက်ကိုလည်း ယူဆောင်လာခဲ့သည်။ ၎င်းထံမှ ထွက်ပေါ်လာသော ဝိညာဉ်ရေးရာ ဖိအားကြောင့် လူတိုင်း၏ အရေပြားမှာ တင်းကြပ်လာခဲ့ရပြီး အကယ်၍ ခဏမျှ သတိလက်လွတ်ဖြစ်သွားပါက ထိုငှက်မင်း၏ ပြင်းထန်လှသော အပူရှိန်ကြောင့် သူတို့၏ ဝိညာဉ်များမှာ ပြာအဖြစ်သို့ ပြောင်းလဲသွားတော့မည့်အလား ခံစားနေရသည်။
ယွင်ရှန်းသည်လည်း ဤကြီးမားလှသော ဖိအားကို ခံစားနေရသဖြင့် သူမ၏ မျက်ခုံးတန်းများမှာ တဆက်ဆက် တုန်ခါနေတော့သည်။ သူမ၏ နဖူးထက်ရှိ နတ်သူငယ် ကံကြမ္မာမီးလျှံတံဆိပ်မှာလည်း ပြင်းထန်စွာ နာကျင်လာခဲ့၏။
ထိုမီးရောင်လွှမ်းသော ငှက်မင်း ပေါ်ထွက်လာသည်နှင့်တစ်ပြိုင်နက် ကျုံးရန်၏ ဘေးတွင်ရှိနေသော နဂါးလက်သည်း လင်းနို့ဘုရင်မှာ ထိတ်လန့်တုန်လှုပ်စွာဖြင့် စူးရှသော အော်ဟစ်သံကို ထုတ်ဖော်လိုက်သည်။ တပ်မှူးအဆင့်ရှိသော မိစ္ဆာသားရဲတစ်ကောင်ကပင် ဤမျှအထိ အော်ဟစ်နေရသည်ဆိုလျှင် ဤမီးလျှံငှက်မင်းမှာ အမှန်စင်စစ်အားဖြင့် ဒဏ္ဍာရီလာ နတ်ဘုရားအဆင့် သားရဲတစ်ကောင် ဖြစ်နေသည်။
သို့သော်လည်း ဤငှက်မင်းမှာ အစစ်အမှန် နတ်ဘုရားသားရဲ မဟုတ်ကြောင်း ယွင်ရှန်း လျင်မြန်စွာပင် သတိပြုမိလိုက်သည်။ ၎င်းသည် ဆွမ်းနီနှင့် မတူသည်မှာ လူသားစကားကို မပြောဆိုနိုင်ဘဲ လူသားကဲ့သို့သော ဉာဏ်ရည်ဉာဏ်သွေးလည်း ရှိပုံမရဘဲ ကောင်းကင်ယံထက်တွင်သာ ဝဲပျံနေခြင်းပင်။ ၎င်းမှာ နတ်ဘုရားသားရဲ နိမိတ်ပုံမျှသာ ဖြစ်ပြီး အစစ်အမှန် မဟုတ်ပေ။ ၎င်းသည် နတ်ဘုရားသားရဲ၏ စွမ်းအားအချို့ကို ပိုင်ဆိုင်ထားသော်လည်း အစစ်အမှန်သားရဲကဲ့သို့ ပြင်ပလောကတွင် အချိန်ကြာမြင့်စွာ တည်ရှိနေနိုင်စွမ်း မရှိပေ။
အမှန်စင်စစ်အားဖြင့် ဤတစ်ကြိမ်တွင် မဟာအကြီးအကဲ အပြင်သို့ ထွက်ခွာလာချိန်၌ မြို့စားမင်းသည် ရွှမ်ဝူကျီတစ်ယောက် ကြီးမားသော ပြဿနာများကို ဖန်တီးခဲ့မည်ကို စိုးရိမ်ခဲ့ခြင်းပင်။ အကယ်၍ မုဆိုးစစ်သည်တော်အဖွဲ့ချုပ်သာ တကယ်တမ်း ပါဝင်ပတ်သက်လာပါက မဟာအကြီးအကဲ တစ်ဦးတည်းနှင့် ယှဉ်နိုင်မည်မဟုတ်ဟု ယူဆခဲ့သည်။ ထို့ကြောင့် အသေအချာ စဉ်းစားပြီးနောက် မဟာအကြီးအကဲအား တော်ဝင်ကျောက်စိမ်းတစ်ခုကို ထည့်ပေးလိုက်ခြင်းပင်။
ထိုတော်ဝင်ကျောက်စိမ်းမှာ တိဟုန်မြို့တော်၏ ပထမဆုံး မြို့စားမင်းဖြစ်သူ ဆင့်ခေါ်ခြင်းဧကရာဇ်အဆင့်ရှိ ပညာရှင်ကြီး ချန်ထားရစ်ခဲ့သော အလွန်တရာ အဖိုးထိုက်တန်လှသည့် မှော်လက်နက် ဖြစ်သည်။ တော်ဝင်ကျောက်စိမ်း လေးခုရှိရာ တစ်ခုချင်းစီတွင် နတ်ဘုရားသားရဲ တစ်ကောင်စီ၏ ပုံရိပ်များ ကိန်းဝပ်လျက် ရှိကြသည်။ ထိုကျောက်စိမ်းတစ်ခုကို တစ်ကြိမ်သာ အသုံးပြုခွင့်ရှိပြီး တိဟုန်မြို့တော် အမှန်တကယ် အန္တရာယ်ကြုံတွေ့ရချိန်တွင်သာ အသုံးပြုရန် ရည်ရွယ်ထားခြင်းပင်။
ယနေ့တွင် မဟာအကြီးအကဲ အသုံးပြုလိုက်သော ကျောက်စိမ်းမှာ အနီရောင် ကျောက်စိမ်းဖြစ်ပြီး ၎င်းအတွင်း၌ ရှေးဟောင်း နတ်ဘုရားသားရဲများအနက် တစ်ပါးအပါအဝင်ဖြစ်သော အနီရောင် ငှက်မင်း၏ ပုံရိပ်ယောင် ကိန်းဝပ်နေခြင်းပင်။ ထိုငှက်မင်း ပေါ်ထွက်လာသည်နှင့်တစ်ပြိုင်နက် နတ်ဘုရားသားရဲ၏ စွမ်းအားမှာ သိသိသာသာပင် ထင်ရှားလာခဲ့သည်။
ကျုံးရန်သည်လည်း စိတ်ပျက်လက်ပျက်ဖြင့် ရေရွတ်လိုက်မိ၏။ သူသည် ဘေးရှိ နဂါးလက်သည်း လင်းနို့ဘုရင်ကို မည်သို့ပင် တိုက်တွန်းစေခိုင်းစေကာမူ အရာမထင်တော့ပေ။ မိစ္ဆာသားရဲများအကြား အဆင့်အတန်း ခွဲခြားမှုမှာ အလွန်ပင် ရှင်းလင်းလှပေရာ တပ်မှူးအဆင့်သို့ တက်လှမ်းခါစ ဖြစ်သော လင်းနို့ဘုရင်မှာ နတ်ဘုရားသားရဲတစ်ပါး၏ ရှေ့မှောက်တွင် တုန်လှုပ်ချောက်ချားနေရသည်မှာ မဆန်းပေ။
၎င်းသာမကဘဲ ထိုနေရာရှိ လူသုံးဦးစလုံးသည်လည်း နတ်ဘုရားသားရဲ၏ ဖိအားကြောင့် ရွှံ့နွံအတွင်း ပိတ်မိနေသကဲ့သို့ ခံစားလိုက်ရပြီး သူတို့၏ အာရုံငါးပါးနှင့် အသိစိတ်ခြောက်ပါးသာမက တုံ့ပြန်မှုများမှာပင် သိသိသာသာ နှေးကွေးသွားခဲ့သည်။