← Chapters

အခန်း (၂၁-၂၂)

Vol. 3 Ch. 21-22

အခန်း (၂၁-၂၂)

Vol. 3 Ch. 21-22

အခန်း ၂၁ - ငါ့စကားက ဘယ်တော့မှ ဟာသမဟုတ်ဘူး၊ ပါရမီရှင်စာရင်းဝင် ပါရမီရှင်တစ်ယောက်ကို လက်သီးတစ်ချက်တည်းနဲ့ အမှုန့်ကြိတ်ခြင်း

ဗဟိုနယ်မြေအတွင်းရှိ သက်ရှိအားလုံးသည် နားထဲတွင် ပဲ့တင်ထပ်သွားသော ထိုအေးစက်တည်ငြိမ်သည့် အသံကြောင့် ချမ်းစိမ့်သွားကြ၏။

မောက်မာလိုက်လေခြင်း။

တကယ့်ကို ရဲတင်းလွန်းသော စကားများပင်။

အကယ်၍ စောစောက ပြောလိုက်သော ပြင်းထန်သည့်စကားများသည် ယောင်ကွမ်းသူတော်စင်နယ်မြေ၏ ဆန္ဒကို ကိုယ်စားပြုသည်ဆိုပါက ထိုယောင်ကွမ်းမြင့်မြတ်နယ်မြေသည် မကြာမီ ရောက်ရှိတော့မည့် နတ်ဘုရားမျှော်စင် အခွင့်အရေးကို ဝင်ရောက်ခွင့် ရတော့မည်မဟုတ်ဟူ ဆိုလိုက်သလော။

ဘယ်သူက ဒီစကားတွေကို ပြောလိုက်တာလဲ။ ဒီလောက်အထိ ယုံကြည်မှုအပြည့် ရှိနေရအောင် သူက ဘယ်သူမို့လို့လဲ။

ထိုနေရာသည် ယောင်ကွမ်းဝိညာဉ်ပြည်နယ်၏ အင်အားအကြီးဆုံး အဖွဲ့အစည်းဖြစ်ပြီး သူတို့ဖူကွမ်းမြင်မြတ်ပြည်နယ်ရှိ ရှေးဟောင်းလင်းမိသားစုနှင့် အဆင့်အတန်းချင်း တူညီလုနီးပါး ရှိပေသည်။

ပဲ့တင်ထပ်နေဆဲဖြစ်သော ထိုအေးစက်သောအသံကြောင့် စောစောကမှ ပြုံးပျော်နေကြသည့် ယောင်ကွမ်းသူတော်စင်နယ်မြေမှ ပါရမီရှင်များ၏ မျက်နှာထက်တွင် ချက်ချင်းပင် အုံ့မှိုင်းသွားကြ၏။

သူတို့ရဲ့ ယောင်ကွမ်းသူတော်စင်နယ်မြေကို နတ်ဘုရားမျှော်စင်ထဲ ပေးမဝင်ဘူး ဟုတ်လား။ ဘယ်လောက်တောင် သတ္တိရှိလိုက်သလဲ။

ယောင်ကွမ်းသူတော်စင်နယ်မြေမှ ပါရမီရှင် အများအပြားကို နတ်ဘုရားမျှော်စင်ထဲ မဝင်နိုင်အောင် ဘယ်သူက တားဆီးနိုင်မလဲဆိုတာ သူတို့ သိချင်မိသား။

တိုက်ပွဲကွင်း စင်မြင့်ပေါ်တွင်...

မောက်မာသော အပြုံးနှင့် လူငယ်သည် မျက်မှောင်ကြုတ်သွားပြီး ရှက်ရွံ့ခြင်းနှင့် ဒေါသတို့ကြောင့် မျက်နှာပျက်သွားကာ ပတ်ဝန်းကျင်ကို ဝေ့ကြည့်ရင်း ဟိန်းဟောက်လိုက်၏။

“ဘယ်သူပြောနေတာလဲ။ ထွက်ခဲ့စမ်း။ ဘယ်လိုကောင်မို့လို့ ပုန်းနေတာလဲကွ။”

“မင်းက ဘယ်သူမို့လို့ ငါတို့ ယောင်ကွမ်းသူတော်စင်နယ်မြေအပေါ် ဒီလို စီရင်ချက်ချရဲရတာလဲ။”

သူစကားပြောလိုက်သည်နှင့်အမျှ ကပ်ဘေးကိုးခုနယ်ပယ်သို့ ရောက်ခါနီးဖြစ်သော အားကောင်းသည့် ဖိအားများ ပေါက်ကွဲထွက်လာပြီး ကွင်းတစ်ခုလုံးကို လွှမ်းခြုံသွားတော့သည်။

ထိုအသံကြောင့် ဖူကွမ်းမြင့်မြတ်ပြည်နယ်မှ ပါရမီရှင်များနှင့် အခြားပြည်နယ်များမှ ရောက်ရှိလာကြသော ပါရမီရှင်များမှာ သတိပြန်ဝင်လာကြပြီး စူးစမ်းလိုစိတ်ဖြင့် ပတ်ဝန်းကျင်ကို လှည့်ပတ်ကြည့်ရှုကြ၏။

သူတို့လည်း အလွန်သိချင်နေကြသည်။ ထိုစကားကို ပြောလိုက်သူမှာ အမှန်တကယ် မည်သူနည်း။

ထိုစကားများ၏ အဓိပ္ပာယ်အရ သူတို့ပြည်နယ်ကို ကာကွယ်ပေးနေသည့် ဖူကွမ်းမြင့်မြတ်ပြည်နယ်မှ တစ်စုံတစ်ယောက် ဖြစ်ပုံရသည်။

ထိုအချိန်တွင် ဖူကွမ်းမြို့ကို စောင့်ကြပ်ရန် ရောက်ရှိနေကြသော ရှေးဟောင်းလင်းမိသားစုဝင် ပါရမီရှင်များသည် တစ်စုံတစ်ခုကို တွေးမိသွားပြီး သူတို့၏ မျက်နှာများမှာ ဝမ်းသာအားရ ဖြစ်သွားကြ၏။

သူတို့ ရှေးဟောင်းလင်းမိသားစုမှ တကယ့်ပါရမီရှင်အစစ်အမှန်များက သတင်းရရှိပြီး ဤရှုပ်ထွေးမှုများကို ဖြေရှင်းရန် အပြေးအလွှား ရောက်လာခြင်း ဖြစ်နိုင်မလား။

နေပါဦး... စောစောက အသံက တကယ်ကို ရင်းနှီးနေသလိုပဲ။ နည်းနည်း... နတ်ဘုရားသားတော်ရဲ့ အသံနဲ့ ဆင်နေသလိုပဲ။ နတ်ဘုရားသားတော်ကိုယ်တိုင် ကြွရောက်လာတာများလား။

ထိုအရာကို တွေးမိလိုက်သည်နှင့် ဒဏ်ရာရထားသော လင်းမိသားစုပါရမီရှင်များသည် တစ်ဦးကိုတစ်ဦး ကြည့်လိုက်ကြပြီး စိတ်လှုပ်ရှားမှုများဖြင့် ပြည့်နှက်သွားကြသည်။

ဒီယောင်ကွမ်းသူတော်စင်နယ်မြေက ကောင်တွေတော့ သွားပြီပဲ။

နတ်ဘုရားသားတော် ရောက်လာပြီဆိုရင် ရန်သူအားလုံးကို သူက နင်းချေပစ်တော့မှာပဲ။

မောက်မာသော လူငယ်၏ ဒေါသတကြီး ဟိန်းဟောက်သံ မဆုံးမီမှာပင် အေးစက်တည်ငြိမ်သော အသံသည် အရပ်မျက်နှာ အနှံ့အပြားမှ ထပ်မံထွက်ပေါ်လာပြန်သည်။

“ငါက ဘယ်သူလဲ ဟုတ်လား။ မင်းတို့ ယောင်ကွမ်းသူတော်စင်နယ်မြေရဲ့ အရှင်သခင် ဟွားဝူယန် ကိုယ်တိုင် ဒီမှာရှိနေရင်တောင် အဲ့ဒီစကားမျိုးကို သူ ပြောရဲမှာမဟုတ်ဘူး။”

“မင်း... ဒူးထောက်စမ်း။”

အသံမှာ အေးစက်မြဲ အေးစက်နေသော်လည်း ယခင်ကထက် ပို၍ ငြင်းဆန်ရန်မရသော အမိန့်သံ ပါဝင်နေခဲ့သည်။

တိုက်ပွဲကွင်း စင်မြင့်ပေါ်တွင်...

ထိုအေးစက်သော စကားများကို ကြားလိုက်ရသော်လည်း မောက်မာသော လူငယ်၏ မျက်နှာတွင် မထီမဲ့မြင်ပြုသော အရိပ်အယောင်များဖြင့် ပြည့်နေခဲ့လေသည်။

မင်းက ငါ့ကို ဒူးထောက်ခိုင်းတိုင်း ငါက ဒူးထောက်ရမှာလား။

ငါက ပါရမီရှင်စာရင်းမှာ အဆင့် (၈၃) ရထားတဲ့ ပါရမီရှင်တစ်ယောက်ကွ။ ငါ့ကို ဘယ်သူက ဒူးထောက်ခိုင်းနိုင်မှာလဲ။

သို့သော်...

“ဘုန်း”

ထိုအေးစက်သောအသံ မဆုံးမီမှာပင် အလွန်အစွမ်းထက်သော ဖိအားတစ်ခု စင်မြင့်ပေါ်သို့ သက်ဆင်းလာ၏။ ထိုဖိအားအောက်တွင် မောက်မာလှသော လူငယ်သည် စင်မြင့်ပေါ်၌ ရုတ်တရက် ဝုန်းခနဲ ဒူးထောက်ကျသွားပြီး သူ၏ မျက်နှာမှာလည်း ကြောင်အံ့မှင်သက်မှုများဖြင့် ပြည့်နှက်သွားလေတော့သည်။

“ငါ... ငါ ဘယ်လိုဖြစ်ပြီး ဒူးထောက်ကျသွားတာလဲ။”

စင်မြင့်အောက်ရှိ ပါရမီရှင်များသည် ဤရုတ်တရက်ဖြစ်ရပ်ကြောင့် တုန်လှုပ်သွားကြသော်လည်း သူတို့၏မျက်နှာထက်တွင် ကျေနပ်အားရသည့် အရိပ်အယောင်များ ပေါ်လွင်လာခဲ့သည်။

မည်သူက လက်ဦးမှုယူလိုက်သည်ကို သူတို့မသိသော်လည်း ယခုအချိန်တွင် အလွန်ပင် စိတ်လက်ပေါ့ပါးသွားကြ၏။

မင်း စောစောက အရမ်းမောက်မာနေတာမဟုတ်ဘူးလား။ မင်းကို ဘယ်သူမှ မယှဉ်နိုင်ဘူးလို့ ပြောခဲ့တာမဟုတ်ဘူးလား။ မျက်စိတစ်မှိတ်အတွင်းမှာ ဘာလို့ ဒူးထောက်နေရတာလဲ။

“ဝုန်း... ဝုန်း... ဝုန်း”

မောက်မာသောလူငယ်သည် ပြန်လည်မတ်တပ်ရပ်ရန် သူ၏စွမ်းအားများကို အတင်းအဓမ္မ ထုတ်ဖော်လိုက်၏။ သို့သော် သူ မည်မျှပင် ကြိုးစားအားထုတ်ပါစေ ဝိညာဉ်စွမ်းအင်များကို မည်သို့ပင် လှည့်ပတ်ပါစေ အရာအားလုံးမှာ အချည်းနှီးသာ ဖြစ်နေခဲ့လေသည်။

သူ၏ခန္ဓာကိုယ်ပေါ်သို့ ထာဝရတည်မြဲသော နတ်ဘုရားတောင်ကြီးတစ်လုံး ဖိချထားသကဲ့သို့ ခံစားနေရပြီး ရုန်းထွက်ရန်မှာ လုံးဝမဖြစ်နိုင်ပေ။

မဖြစ်နိုင်ရုံတင်မကဘဲ လက်မအနည်းငယ် ရွေ့လျားရန်ပင် အလွန်ခက်ခဲနေလေသည်။

တဖြည်းဖြည်းနှင့် ထိုလူငယ်၏ မောက်မာမှုများ ပျောက်ကွယ်သွားကာ ကြောက်ရွံ့တုန်လှုပ်မှုများက အစားထိုးဝင်ရောက်လာခဲ့သည်။

ဒီစွမ်းအား... ဒီစွမ်းအားက... ဒါက အစစ်အမှန် ကပ်ဘေးကိုးခုနယ်ပယ် ကျွမ်းကျင်သူပဲ။

တကယ့် ပါရမီရှင်မိစ္ဆာကြီးတစ်ကောင် ရောက်လာပြီ။

ကွင်း၏အခြားတစ်ဖက်တွင် ရှိနေသော ယောင်ကွမ်းသူတော်စင်နယ်မြေမှ ပါရမီရှင် (၁၀) ယောက်ကျော်မှာလည်း သူတို့၏ အမူအရာများကို ပြုပြင်လိုက်ကြပြီး တည်ကြည်လေးနက်သွားကြသည်။

ပါရမီရှင်စာရင်းတွင် အဆင့် (၈၃) ရှိသော ပါရမီရှင်တစ်ဦးကို စကားတစ်ခွန်းတည်းဖြင့် မည်သူက နင်းချေနိုင်သနည်း။

ရှေးဟောင်းလင်းမိသားစုရဲ့ ထိပ်တန်းပါရမီရှင်တွေများလား။

သူတို့ ကစားတာ နည်းနည်း လက်လွန်သွားပုံရသည်။

“ခရက်....”

ထိုအခိုင်တွင် ဖူကွမ်းမြို့ပေါ်ရှိ ကောင်းကင်ယံ၌ နက်မှောင်သော ဟင်းလင်းပြင်အက်ကွဲကြောင်းကြီးတစ်ခု ပေါ်ထွက်လာခဲ့သည်။

အတွင်းမှနေ၍ လင်းချန်၊ လင်းရှန်ဟဲနှင့် ရှေးဟောင်းလင်းမိသားစုမှ ပါရမီရှင်တစ်စု အပြင်သို့ လှမ်းထွက်လာခဲ့ကြသည်။

လင်းချန်သည် အောက်သို့ ဆင်းသက်လာစဉ် ခေါင်းကို အနည်းငယ်ငုံ့ကာ စင်ပေါ်တွင် ဒူးထောက်နေသော ယောင်ကွမ်းသူတော်စင်နယ်မြေမှ လူငယ်ကို အေးစက်စွာ ကြည့်ရင်း ပြောလိုက်သည်။

“ပြောစမ်း... မင်း စောစောက ပြောလိုက်တဲ့စကားက ယောင်ကွမ်းသူတော်စင်နယ်မြေ တစ်ခုလုံးကို ကိုယ်စားပြုတာလား။ ဒါမှမဟုတ် မင်းရဲ့ ကိုယ်ပိုင်သဘောထားလား။”

“ငါ့ရဲ့ ဖူကွမ်းမြင့်မြတ်ပြည်နယ်က ပါရမီရှင်တွေဟာ အရည်အချင်းမရှိလို့ မင်းတို့ရဲ့ ယောင်ကွမ်းဝိညာဉ်ပြည်နယ်နဲ့ ယှဉ်ဖို့ မထိုက်တန်ဘူးဆိုတာလေ။”

သူ၏ခန္ဓာကိုယ်မှ အစွမ်းထက်သော ဖိအားများ အထိန်းအကွပ်မရှိ ထွက်ပေါ်လာပြီး ကွင်းတစ်ခုလုံးကို ဖိနှိပ်ထားခဲ့သည်။

ဟင်းလင်းပြင်အက်ကွဲကြောင်းအတွင်းမှ ထွက်ပေါ်လာသော လင်းချန်နှင့် အခြားသူများကို မြင်လိုက်ရသောအခါ အောက်တွင် မျှော်လင့်တကြီး စောင့်ဆိုင်းနေကြသည့် ရှေးဟောင်းလင်းမိသားစု ပါရမီရှင်များ ရုတ်တရက် ဝမ်းသာအားရ ဖြစ်သွားကြတော့သည်။

သူတို့သည် နောက်တွန့်မနေဘဲ ဒူးတစ်ဖက်ထောက်ကာ ဆင်းသက်လာသော လင်းချန်နှင့် အခြားသူများကို လေးလေးစားစား လက်ယှက်၍ နှုတ်ဆက်လိုက်ကြတော့သည်။

“နတ်ဘုရားသားတော်နဲ့ ပါရမီရှင်အားလုံးကို ဂါရဝပြုပါတယ်။”

နတ်ဘုရားသားတော်ကိုယ်တိုင် တကယ်ရောက်လာခဲ့ချေပြီ။

ထိုမျှမကဘဲ သူသည် ပထမတန်းစားပါရမီရှင်များ၊ မြင့်မြတ်သောသူတော်စင်များနှင့် သူတော်စင်မများ၊ ရှေးဟောင်းလူထူးဆန်းများ အားလုံးကိုပါ ခေါ်ဆောင်လာခဲ့ခြင်း ဖြစ်သည်။

ထိုဟိန်းသံကြောင့် လင်းချန်၏ ရောက်ရှိလာမှုကို ကြောင်အကာ ကြည့်နေကြသော အခြားပါရမီရှင်များမှာလည်း သတိပြန်ဝင်လာခဲ့ကြသည်။

အားလုံးက သူတို့၏အကြည့်များကို လင်းချန်နှင့် သူ၏အဖွဲ့ထံသို့ ပို့လိုက်ကြပြီး မျက်နှာများတွင်လည်း အံ့အားသင့်မှုများဖြင့် ပြည့်နှက်နေတော့သည်။

နတ်ဘုရားသားတော်...။

ရောက်လာတဲ့သူက ရှေးဟောင်းလင်းမိသားစုရဲ့ နတ်ဘုရားသားတော် လင်းချန်တဲ့လား။

လင်းချန်ကို မြင်မြင်ချင်း သူတို့ ပထမဆုံး သတိထားမိသည်မှာ သူသည် ငယ်ရွယ်လွန်းလှသည်။ အလွန်အမင်း ငယ်ရွယ်လွန်းနေ၏။

လွန်ခဲ့သော နှစ်ပေါင်းသုံးထောင်က မျိုးဆက်တစ်ခုလုံး၏ ပါရမီရှင်များကို နင်းချေခဲ့ပြီး သမိုင်းတစ်လျှောက် အစွမ်းထက်ဆုံး ပါရမီရှင်အဖြစ် လူသိများသည့် ရှေးဟောင်းလင်းမိသားစု၏ နတ်ဘုရားသားတော် လင်းချန်ဆိုတာ ဒါလား။

ပြီးတော့ သူ့နောက်မှာရှိနေတဲ့ လူငယ်တွေက ရှေးဟောင်းလင်းမိသားစုရဲ့ လက်ရှိခေတ် ပါရမီရှင်တွေနဲ့ ရှေးဟောင်းလူထူးဆန်းတွေ ဖြစ်ပုံရတယ်။

ရှေးဟောင်းလင်းမိသားစုက... သူတို့ရဲ့ ပါရမီရှင်အားလုံးကို စေလွှတ်လိုက်တာပဲ။

ထိုအရာကို သိရှိသွားပြီးနောက် အခြားပြည်နယ်များမှ လာရောက်ကြသော ပါရမီရှင်များသည် စင်ပေါ်တွင် ဒူးထောက်နေသော လူငယ်နှင့် အခြားယောင်ကွမ်းသူတော်စင်နယ်မြေ ပါရမီရှင်များအား ကဲ့ရဲ့သော အကြည့်များဖြင့် ကြည့်လိုက်ကြလေသည်။

ဒီယောင်ကွမ်းသူတော်စင်နယ်မြေက ကောင်တွေတော့ ဒုက္ခရောက်ပြီပဲ။

ပါရမီရှင်စာရင်း၏ အဆင့် (၁) ကို ဆုပ်ကိုင်ထားသော ရှေးဟောင်းလင်းမိသားစု၏ နတ်ဘုရားသားတော်သည် လင်းမိသားစု၏ ပါရမီရှင်စာရင်းဝင် အားလုံးနှင့်အတူ ရောက်ရှိလာခဲ့ပြီဖြစ်သည်။

ယောင်ကွမ်းဝိညာဉ်ပြည်နယ်ရှိ ယောင်ကွမ်းသူတော်စင်နယ်မြေ၏ အဆင့်အတန်းသည် ဖူကွမ်းမြင့်မြတ်ပြည်နယ်ရှိ ရှေးဟောင်းလင်းမိသားစုနှင့် တူညီသော်လည်း ယခုလက်ရှိ မျိုးဆက်သစ်လူငယ်များ၏ အင်အားအရဆိုလျှင် ရှေးဟောင်းလင်းမိသားစုသည် ယောင်ကွမ်းသူတော်စင်နယ်မြေကို အလွယ်တကူ အမှုန့်ကြိတ်ပစ်နိုင်ပေသည်။

လင်းချန်၏ ပုံရိပ်မှာ နောက်ဆုံးတွင် တိုက်ပွဲစင်မြင့်နှင့် တန်းတူအမြင့်တွင် ရပ်တန့်သွားခဲ့သည်။

သူ၏ အေးစက်သောအကြည့်များမှာ မြေပြင်ပေါ်တွင် ဒူးထောက်ကာ အဆက်မပြတ် ရုန်းကန်နေဆဲဖြစ်သော လူငယ်ထံတွင် ရှိနေဆဲပင်။

“ငါပြောတာကို မင်းမကြားဘူးလား။ ငါမေးနေတယ်။ စောစောကစကားဟာ မင်းရဲ့ ကိုယ်ပိုင်သဘောထားလား။ ဒါမှမဟုတ် ယောင်ကွမ်းသူတော်စင်နယ်မြေ တစ်ခုလုံးရဲ့ သဘောထားလား။”

လင်းချန်၏ မေးခွန်းထုတ်သံကို ထပ်မံကြားလိုက်ရသောအခါ ထိုလူငယ်သည် သူ၏ ရုန်းကန်မှုအားလုံးကို ချက်ချင်း ရပ်တန့်လိုက်၏။ သူသည် တံတွေးတစ်ချက် မျိုချလိုက်ပြီး တုန်တုန်ရီရီဖြင့် ပြောလိုက်သည်။

“စောစောက... ကျုပ် စကားပြောတာ နည်းနည်း လက်လွန်သွားပါတယ်...။ ကျေးဇူးပြုပြီး... ကျုပ်ကို ခွင့်လွှတ်ပေးပါ...။”

သူပြောနေစဉ်အတွင်း သူ၏မျက်နှာထက်၌ တောင်းပန်တိုးလျှိုးသော အရိပ်အယောင်များ ပေါ်ပေါက်လာခဲ့သည်။

သူသည် လင်းချန်နှင့်ပတ်သက်သော ဒဏ္ဍာရီများကို အမြဲကြားဖူးခဲ့သော်လည်း သူတို့၏ ပထမဆုံး တရားဝင်တွေ့ဆုံမှုမှာ ဤကဲ့သို့သော ပုံစံမျိုးဖြစ်လိမ့်မည်ဟု သူ လုံးဝမမျှော်လင့်ထားခဲ့ပေ။

ထိုလူငယ် စောစောက ပြသခဲ့သော မောက်မာမှုများမှာ အဘယ်မှာနည်း။

ယခု ကျန်ရှိနေသည်မှာ အသက်ဘေးမှ လွတ်မြောက်ရန် ကြိုးစားနေသည့် အားနည်းသူတစ်ဦး၏ တောင်းပန်တိုးလျှိုးနေသော အမူအရာသာ ဖြစ်သည်။

ထိုစကားကို ကြားလိုက်ရသောအခါ လင်းချန်၏ အမူအရာမှာ တစ်စုံတစ်ခုကို နားလည်သွားသည့်ပုံစံ ဖြစ်သွား၏။

“ဒါဆိုရင် အဲ့ဒီစကားတွေက မင်းရဲ့ ကိုယ်ပိုင်သဘောထားပေါ့။ ဒါဆိုရင်တော့ ကိစ္စက ရှင်းသွားပြီ။”

“မင်းရဲ့ ကျင့်စဉ်ကို မင်းကိုယ်တိုင် ဖျက်ဆီးပစ်လိုက်စမ်း။ ငါ့လက်နဲ့ ကိုယ်တိုင် မလုပ်ရစေနဲ့။ မဟုတ်ရင် အကျိုးဆက်က အရမ်းပြင်းထန်သွားလိမ့်မယ်။”

ထိုသို့ပြောပြီးနောက် လင်းချန်သည် ထိုလူငယ်ကို ကြင်နာသော အပြုံးတစ်ခု ပြုံးပြလိုက်သည်။

သူ့ကျင့်စဉ်ကို သူကိုယ်တိုင် ဖျက်ဆီးခိုင်းတာလား။

ထိုလူငယ်မှာ ပြင်းထန်စွာ တုန်လှုပ်သွား၏။ လင်းချန်၏ ကြင်နာသော အပြုံးမှာ သူ၏မျက်လုံးထဲတွင် မိစ္ဆာနတ်ဘုရားတစ်ပါးကဲ့သို့ ထိတ်လန့်ဖွယ် ကောင်းနေခဲ့လေသည်။

သူသည် ပါရမီရှင်စာရင်းတွင် အဆင့် (၈၃) ရှိသော လက်ရှိခေတ်၏ ပါရမီရှင်တစ်ဦးဖြစ်ပြီး တောက်ပသောအနာဂတ် ရှိနေသူလည်းဖြစ်သည်။ သူ၏ကျင့်စဉ်များကို သူကိုယ်တိုင် မဖျက်ဆီးလိုပေ။

သူသည် စင်အောက်ရှိ ယောင်ကွမ်းသူတော်စင်နယ်မြေမှ ပါရမီရှင်များရှိရာဘက်သို့ ခက်ခက်ခဲခဲ လှည့်ကြည့်လိုက်၏။

တိတိကျကျပြောရလျှင် ယောင်ကွမ်းပါရမီရှင်များ၏ အရှေ့ဆုံးတွင် ရပ်နေသော ပြတ်သားသည့်အသွင်ရှိသည့် လူငယ်ကို ကြည့်လိုက်ခြင်းဖြစ်သည်။

“ဘိုးဘေး... ကျုပ်ကို ကယ်ပါဦး...”

လင်းချန်၏ စကားဆုံးသည်နှင့် ဖူကွမ်းမြို့မှ ကျွမ်းကျင်သူများနှင့် ပတ်ဝန်းကျင်ရှိ ပါရမီရှင်အားလုံး တုန်လှုပ်သွားကြသည်။

ပါရမီရှင်စာရင်း အဆင့် (၈၃) ရှိသူကို စစချင်းမှာပင် ကျင့်စဉ်ဖျက်ဆီးခိုင်းသည်လော။

ဒါဟာ အနှိုင်းမဲ့ မောက်မာလှပါတယ်ဆိုတဲ့၊ သမိုင်းတစ်လျှောက် အစွမ်းထက်ဆုံးလို့ ဆိုကြတဲ့ ရှေးဟောင်းလင်းမိသားစုရဲ့ နတ်ဘုရားသားတော်လား။

တကယ့်ကို သူ၏ လွှမ်းမိုးနိုင်စွမ်းမှာ အနှိုင်းမဲ့ပင်။

တိုက်ပွဲ စင်မြင့်အောက်တွင်...

ယောင်ကွမ်းသူတော်စင်နယ်မြေ ပါရမီရှင်များ၏ အရှေ့ဆုံးတွင် ရပ်နေသော ပြတ်သားသောအသွင်ရှိသည့် လူငယ်သည် စင်ပေါ်မှ လူငယ်၏ အကူအညီတောင်းသံကို ကြားသောအခါ သွားကို ကြိတ်လိုက်ပြီး လင်းချန်ကို လက်ယှက်ကာ ပြောလိုက်သည်။

“တာအိုမိတ်ဆွေ လင်းချန်... မင်းလုပ်နေတာက နည်းနည်း လွန်နေတယ်လို့ မထင်ဘူးလား။”

“သူတော်စင်သားတော်က စောစောက နောက်ပြောင်လိုက်တာပါ။ ဒါကို အတည်ယူစရာ မလိုပါဘူး။ ငါတို့ ယောင်ကွမ်းသူတော်စင်နယ်မြေက ဒီအတွက် တောင်းပန်ဖို့ အဆင်သင့်ပါပဲ။”

ထိုအသံ ထွက်ပေါ်လာသည်နှင့် ဒဏ်ရာရထားသော ရှေးဟောင်းလင်းမိသားစု ပါရမီရှင်များအားလုံးမှာ လှောင်ပြုံး ပြုံးလိုက်ကြသည်။

နတ်ဘုရားသားတော်တို့ မရောက်ခင်တုန်းကတော့ မင်းတို့ ဒီလိုမပြောခဲ့ပါဘူး။

အခု နတ်ဘုရားသားတော် ရောက်လာတော့မှ ကြောက်ချေးပါပြီး နောက်ပြောင်တာပါလို့ ပြောနေတာလား။

လင်းချန်သည် ထိုလူငယ်ကို စဉ်းစားဟန်ဖြင့် တစ်ချက်ကြည့်လိုက်သည်။

“မင်းက ယောင်ကွမ်းသူတော်စင်နယ်မြေက ရှေးဟောင်းလူထူးဆန်း၊ ပါရမီရှင်စာရင်းမှာ အဆင့် (၁၈) ရှိတဲ့... အော် ဟုတ်သားပဲ၊ ကုချန် ဟုတ်တယ် မဟုတ်လား။”

လင်းချန်က သူ၏အမည်အား ခေါ်လိုက်သည်ကို ကြားရသောအခါ ကုချန်မှာ စိတ်ထဲမှ သက်ပြင်းတစ်ချက် ခိုးချလိုက်မိသည်။

လင်းချန်က သူ့ကို မျက်နှာသာပေးဦးမည့်ပုံ ပေါ်နေသဖြင့် ဤကိစ္စကို ကိုင်တွယ်ရ ပိုလွယ်ကူသွားနိုင်သည်။

“တာအိုမိတ်ဆွေ လင်းချန် ပြောတာ မှန်ပါတယ်။ ငါက ကုချန် ပါ။ ဒီကိစ္စက...”

သူ စကားမဆုံးမီမှာပင် လင်းချန်၏ လေသံမှာ ရုတ်တရက် ပြောင်းလဲသွားပြီး အေးစက်သွားခဲ့သည်။

“သူပြောတာက နောက်ပြောင်တာလို့ မင်းပြောတယ်။ ဒါပေမဲ့ ကံမကောင်းတာက ငါ့စကားကတော့ နောက်ပြောင်တာ မဟုတ်ဘူး။”

“အကယ်၍ သူက သူ့ကျင့်စဉ်ကို သူကိုယ်တိုင် မဖျက်ဆီးဘူးဆိုရင် ငါကိုယ်တိုင် လက်ဦးမှုယူပြီး သူ့ကို တိုက်ရိုက် သုတ်သင်ပစ်မယ်။”

ပြောပြောဆိုဆိုနှင့် လင်းချန်သည် လက်ကို လက်သီးဆုပ်ကာ ပြိုင်ပွဲကွင်း အောက်ဘက်သို့ ဝေ့ယမ်းလိုက်၏။

တစ်ချိန်တည်းမှာပင် လင်းချန်က လင်းထင်ထောင်းကို ကြည့်ကာ ညွှန်ကြားလိုက်သည်။

“သေချာကြည့်ထား၊ ကမ္ဘာဦးလက်သီးရဲ့ စစ်မှန်တဲ့ အဓိပ္ပာယ်က ဘာလဲဆိုတာ ငါတစ်ခါပဲ ပြမယ်။”

ထိုသို့ပြောပြီးနောက် သူ၏လက်သီးတွင် ငွေရောင်သန်းသော မီးခိုးရောင် ဝိညာဉ်စွမ်းအင်များ ရစ်ပတ်သွားပြီး ပြိုင်ပွဲကွင်းဘက်သို့ အသာအယာ ထိုးနှက်လိုက်လေတော့သည်။

“ဝုန်း”

သာမန်ကာလျှံကာနှင့် အားသိပ်မပါလှဟု ထင်ရသော လက်သီးတစ်ချက်သည် ပတ်ဝန်းကျင်ရှိ ဟင်းလင်းပြင်တစ်ခုလုံးကို ချက်ချင်းပင် အက်ကွဲကြေမွသွားစေခဲ့၏။

ထူထပ်လှသော ဟင်းလင်းပြင်စွမ်းအင်များဖြင့် ဝန်းရံထားသည့် ပြိုင်ကွင်းစင်မြင့်ပင်လျှင် ခဏချင်းအတွင်း ဖုန်မှုန့်ဘဝသို့ ပြောင်းလဲသွားတော့သည်။

ထိုလက်သီးဖြတ်သန်းသွားရာ လမ်းတစ်လျှောက်ရှိ မည်သည့်အတားအဆီးမဆို ဘာမှမရှိသော ဗလာနတ္ထိအဖြစ်သို့ ပြောင်းလဲကာ ပျောက်ကွယ်သွားရသည်။

နောက်ဆုံးတွင် ငွေရောင်သန်းသော မီးခိုးရောင် လက်သီးရိပ်သည် ထိတ်လန့်တုန်လှုပ်ခြင်းနှင့် မျှော်လင့်ချက်ကင်းမဲ့ခြင်းတို့ဖြင့် ပြည့်နှက်နေသော သူတော်စင်သားတော် လူငယ်ထံသို့ ကျရောက်သွားတော့သည်။

ထို့နောက် လက်သီးရိပ်၏ စွမ်းပကားများ ပေါက်ကွဲထွက်လာပြီး ထိုလူငယ်၏ ခန္ဓာကိုယ်သည် ပတ်ဝန်းကျင်ရှိ ဟင်းလင်းပြင်အပိုင်းအစများနှင့်အတူ ဘာမှမရှိသော ဟင်းလင်းပြင်အဖြစ်သို့ ချေမှုန်းသုတ်သင်ခြင်း ခံလိုက်ရလေတော့သည်။

၎င်းသည် မည်သည့်အပိုစာသားမျှမပါဘဲ ရိုးရှင်းလှသော်လည်း အရာအားလုံးကို အမှုန့်ကြိတ်ချေနိုင်ကာ ထောင်သောင်းမကသော အရာဝတ္ထုများကို မိမိ၏စွမ်းအားသက်သက်ဖြင့်ပင် နောက်ဆုတ်သွားစေခဲ့တော့သည်။

အခန်း ၂၂ - ငါ့ကို စိန်ခေါ်ဖို့ မင်းမှာ အရည်အချင်း မရှိသေးဘူး၊ ထွက်ပြေးမလို့လား၊ မင်း ဘယ်ကို သွားနိုင်မယ် ထင်နေတာလဲ

ငွေရောင်သန်းသော မီးခိုးရောင် လက်သီးပုံရိပ်၏ စွမ်းပကားမှာ အနှိုင်းမဲ့ ထိတ်လန့်ဖွယ်ကောင်းလှသည်။ ကံကောင်းထောက်မစွာဖြင့် သူတော်စင်သားတော် ဝမ်ကျန့်ကို ချေမှုန်းသုတ်သင်ပြီးနောက် ထိုစွမ်းအားများသည် ဘာမှမရှိသော ဗလာနတ္ထိအဖြစ်သို့ အလိုအလျောက် ပျောက်ကွယ်သွား၏။

ပြန်လည်ဖိပိတ်ခြင်း မရှိသေးသည့် ဟင်းလင်းပြင်အက်ကြောင်းများမှတစ်ဆင့် မြင်တွေ့နေရသော ကတ္တရာစေးကဲ့သို့ နက်မှောင်သည့် အာကာသဟင်းလင်းပြင်များကသာ စောစောက ဤနေရာတွင် မည်သည့်အရာများ ဖြစ်ပျက်ခဲ့သလဲဆိုသည်ကို သက်သေပြနေခဲ့သည်။

လင်းထင်ထောင်းသည် ပျောက်ကွယ်သွားသော ငွေရောင်သန်းနေသည့် လက်သီးပုံရိပ်ကို ကြည့်ရင်း ရုတ်တရက် ဉာဏ်အလင်းပွင့်သွားသည့် အမူအရာများ ဖြစ်ပေါ်လာခဲ့သည်။

“ဪ... ဒီလိုကိုး... ဒါမျိုးကိုး။ ဒါက ကမ္ဘာဦးလက်သီးရဲ့ စစ်မှန်တဲ့ အနှစ်သာရပဲ။”

“အရင်တုန်းက ငါက တိုက်ကွက်ရဲ့ ပုံသဏ္ဌာန်ပေါ်မှာပဲ အာရုံစိုက်လွန်းခဲ့တယ်။ ကမ္ဘာဦးလက်သီးရဲ့ စစ်မှန်တဲ့ အနှစ်သာရမှာ မူသေတစ်ခုပဲ ရှိတယ်ဆိုတာ မသိခဲ့ဘူး...။ အဲ့ဒါက အရာရာကို အင်အားအပြည့်နဲ့ ကြိတ်ချေဖျက်ဆီးပစ်ဖို့ပဲ။”

စောစောက လက်သီးတစ်ချက်ကို မျက်ဝါးထင်ထင် မြင်တွေ့လိုက်ရပြီးနောက် သူသည် နောက်ထပ် အနည်းငယ်မျှ ထပ်မံဆင်ခြင်သုံးသပ်နိုင်ပါက ကမ္ဘာဦးလက်သီး၏ အနှစ်သာရအချို့ကို အမှန်တကယ် ဆုပ်ကိုင်နိုင်တော့မည်ဟု ခံစားလိုက်ရသည်။

လင်းရှန်ဟဲနှင့် ရှေးဟောင်းလင်းမိသားစုမှ အခြားပါရမီရှင်မိစ္ဆာများသည်လည်း လုံးဝဥဿုံ ပျောက်ကွယ်မသွားသေးသော ကမ္ဘာဦးလက်သီး၏ ကျန်ရှိနေသည့် အရှိန်အဝါကို ခံစားမိကြပြီး အံ့အားသင့်သော မျက်နှာပေးများ ဖြစ်သွားခဲ့ကြသည်။

နတ်ဘုရားသားတော် သာမန်ကာလျှံကာ ထုတ်ဖော်လိုက်တဲ့ တိုက်ကွက်တစ်ခုတည်းနဲ့တင် ဒီလောက်အထိ အစွမ်းထက်နေပြီလား။

တိတ်ဆိတ်ခြင်း...လုံးဝဥဿုံ တိတ်ဆိတ်ခြင်း။

ယခုအခါ ဖူကွမ်းမြို့၏ ဗဟိုနယ်မြေတစ်ခုလုံးမှာ သချိုင်းကဲ့သို့ တိတ်ဆိတ်ခြောက်ကပ်နေခဲ့သည်။

ဉာဏ်အလင်းပွင့်သွားသော လင်းထင်ထောင်း၏ အသံတစ်ခုတည်းသာ ပဲ့တင်ထပ်လျက် ရှိတော့သည်။

ဖူကွမ်းမြို့မှ မူလအင်အားကြီးသူများဖြစ်စေ၊ ဖူကွမ်းမြင့်မြတ်ပြည်နယ်မှ ဒေသခံပါရမီရှင်များဖြစ်စေ၊ သို့မဟုတ် အခြားတိုက်ကြီးများမှ အပြေးအလွှား ရောက်ရှိလာကြသော ပါရမီရှင်များဖြစ်စေ...ယခုအခါ အားလုံး၏ အမူအရာများမှာ တူညီစွာပင် တုန်လှုပ်ခြောက်ခြားခြင်းနှင့် မယုံကြည်နိုင်ခြင်းတို့ဖြင့်သာ ပြည့်နှက်နေခဲ့သည်။

လက်သီးတစ်ချက်တည်း...။

လက်သီးတစ်ချက်တည်းနှင့် ပါရမီရှင်စာရင်းတွင် အဆင့် (၈၃) ရှိသော ယောင်ကွမ်းသူတော်စင်နယ်မြေ၏ ပါရမီရှင်မိစ္ဆာကောင်ကို ချေမှုန်းလိုက်ခြင်းပင်။

ထိုချေမှုန်းမှုမှာ မည်သည့်ခုခံမှုမျှ မရှိဘဲ တစ်ဖက်သတ် ဖြစ်ခဲ့သည်။ အစမှအဆုံးတိုင်အောင် အဆင့် (၈၃) ရှိသော ဝမ်ကျန့်သည် ထိရောက်သော တန်ပြန်တိုက်စစ် တစ်ချက်ကလေးမျှ မပြုလုပ်နိုင်ခဲ့ပေ။

ဤသည်မှာ လုံးဝဥဿုံ အမှုန့်ကြိတ်ခံလိုက်ရခြင်းဖြစ်ပြီး စစ်မှန်သော ကွာခြားချက်ပင် ဖြစ်သည်။

ဒါက... ရှေးဟောင်းလင်းမိသားစုရဲ့ ပြိုင်ဘက်ကင်း နတ်ဘုရားသားတော် လင်းချန်ရဲ့ စွမ်းအားလား။

ကုချန်သည် ကြေမွပျက်စီးသွားသော ပတ်ဝန်းကျင်ကို ကြည့်ရင်း ဘာလုပ်ရမှန်းမသိ ကြောင်အအ ဖြစ်နေ၏။

ဝမ်ကျန့်... သေသွားပြီလား။

ငါတို့ ယောင်ကွမ်းသူတော်စင်နယ်မြေရဲ့ ပါရမီရှင်စာရင်းဝင် ပါရမီရှင်မိစ္ဆာကောင် ငါးယောက်ထဲက တစ်ယောက် ကျဆုံးသွားပြီလား။

ပြီးတော့... ဒါက ရွှေရောင်ခေတ်ကြီးရဲ့ အစပဲ ရှိသေးတာလေ။

သတိပြန်ဝင်လာပြီးနောက် ကုချန်သည် ဝမ်းနည်းပူဆွေးစွာဖြင့် ကျယ်လောင်စွာ အော်ဟစ်လိုက်မိ၏။

“မဖြစ်ဘူး...။”

သူနှင့် ဝမ်ကျန့်၏ ဆက်ဆံရေးမှာ ဂိုဏ်းတူတပည့် ဆက်ဆံရေးထက် ပိုမိုနက်ရှိုင်းပေသည်။ ထိုအလွှာထက် ပို၍ဆိုရလျှင် သူသည် ဝမ်ကျန့်၏ ဘိုးဘေးကြီးဖြစ်ပြီး ဝမ်ကျန့်မှာ သူ၏ သွေးသားရင်းမြစ်ပင် ဖြစ်သည်။

မျိုးဆက်များစွာ ကြာမြင့်လာသဖြင့် မျိုးရိုးအမည် ပြောင်းလဲသွားသော်လည်း သွေးသားတော်စပ်မှုမှာ ရှိနေဆဲပင်။ ယခုမူ သူ၏ မျက်စိရှေ့မှောက်တွင်ပင် တစ်စုံတစ်ယောက်က သူ၏ တစ်ဦးတည်းသော အမျိုးအနွယ်ကို လက်သီးတစ်ချက်တည်းနှင့် သတ်ဖြတ်သွားချေပြီ။

သူ၏ အော်ဟစ်သံ မဆုံးမီမှာပင် ကုချန်၏ ဒေါသတကြီး အကြည့်များသည် လင်းချန်ထံသို့ ကျရောက်သွား၏။

“လင်းချန်...မင်းက ရှေးဟောင်းလင်းမိသားစုရဲ့ နတ်ဘုရားသားတော် ဖြစ်နေရုံနဲ့ မင်းကို ငါမတိုက်ရဲဘူးလို့ မထင်နဲ့။”

“မင်းက ပါရမီရှင်စာရင်းမှာ အဆင့် (၁) ဆိုတော့ရော ဘာဖြစ်လဲ။ အဆင့် (၁၈) ဖြစ်တဲ့ ငါကလည်း မင်းနောက်မှာ သိပ်အဝေးကြီး မကျန်ခဲ့ဘူးကွ။”

“လင်းချန်... မင်း ငါနဲ့ တိုက်ရဲလား။”

သူသည် ဝမ်ကျန့်အတွက်၊ သူ၏ တစ်ဦးတည်းသော အမျိုးအနွယ်အတွက် အလောင်းအစား လုပ်ရပေတော့မည်။

သူစကားပြောလိုက်သည်နှင့်အမျှ ကပ်ဘေးကိုးခုနယ်ပယ် ပထမအဆင့်၏ ကျင့်စဉ်အရှိန်အဝါမှာ ဒေါသတကြီး ပေါက်ကွဲထွက်ပေါ်လာလေတော့သည်။

ဤကျင့်စဉ်အရှိန်အဝါသည် ကပ်ဘေးကိုးခုနယ်ပယ်၏ ပထမအဆင့်တွင်သာ ရှိသေးသော်လည်း ဆဋ္ဌမ သို့မဟုတ် သတ္တမအဆင့်ရှိသော သာမန်ကျွမ်းကျင်သူအများစုထက်ပင် ပိုမိုထိတ်လန့်ဖွယ်ကောင်းလှသည်။

ဖိနှိပ်မှုလှိုင်းလုံးကြီးများသည် လင်းချန်ရပ်နေသော နေရာတစ်ခုလုံးကို လွှမ်းခြုံသွား၏။

သူ့နောက်တွင်ရှိသော ယောင်ကွမ်းသူတော်စင်နယ်မြေမှ အခြားပါရမီရှင်မိစ္ဆာကောင်များသည်လည်း ဒေါသတကြီး အမူအရာများ ဖြစ်နေကြသည်။ လင်းချန် ဤမျှအထိ ရက်စက်လိမ့်မည်ဟု သူတို့ မမျှော်လင့်ထားခဲ့ကြပေ။

သူတော်စင်သားတော် ဝမ်ကျန့်သည် မပြောသင့်သောစကားကို ပြောမိရုံ၊ နှုတ်စောင့်စည်းမှု အားနည်းမိရုံသာ ရှိသေး၏။ သို့သော် လင်းချန်က ထိုအချက်ကြောင့်ပင် ပါရမီရှင်စာရင်း အဆင့် (၈၃) ရှိသော သူတို့၏ သူတော်စင်သားတော်ကို လက်သီးတစ်ချက်တည်းနှင့် တိုက်ရိုက်သတ်ဖြတ်ခဲ့လေသည်။

ကုချန်၏ အစွမ်းထက်သော ဖိအားများကို ခံစားမိရုံနှင့် ပတ်ဝန်းကျင်ရှိ ပါရမီရှင်မိစ္ဆာကောင်များနှင့် ကျွမ်းကျင်သူများ အတန်ငယ် နောက်ဆုတ်သွားကြရသည်။

ဧကန်မလွဲ ဤကူချန်မှာ သန်မာလှ၏။ အလွန်အမင်း သန်မာလှပေသည်။ သူသည် ကပ်ဘေးကိုးခုနယ်ပယ်၏ တကယ့်ကျွမ်းကျင်သူအစစ်အမှန်ပင်။

ဤကဲ့သို့သော အင်အားမျိုးသည် ပါရမီရှင်စာရင်း၏ အဆင့် (၁၈) တွင်ရှိသော ပါရမီရှင်မိစ္ဆာကောင်တစ်ဦးဖြစ်ကြောင်း အမှန်တကယ် သက်သေပြနေခဲ့လေသည်။ သို့သော် အဆင့် (၁) နေရာကို ဆုပ်ကိုင်ထားသော လင်းချန်ကို စိန်ခေါ်ခြင်းဖြင့် သူ အနိုင်ရနိုင်ခြေ ရှိပါမည်လော။

အားလုံး၏အကြည့်များသည် အလိုအလျောက်ပင် လင်းချန်ထံသို့ စုပြုံရောက်ရှိသွားကြ၏။ လင်းချန်အနေဖြင့် ဤအခြေအနေကို မည်သို့တုံ့ပြန်မည်နည်းဆိုသည်ကို သူတို့ သိချင်နေကြသည်။

သူသည် စိန်ခေါ်မှုကို လက်ခံမလား သို့မဟုတ်... အခြားတစ်မျိုးမျိုးလုပ်မည်လား။

ထိုစိန်ခေါ်မှုကို ကြားလိုက်ရသောအခါ လင်းချန်၏ တည်ငြိမ်သောအကြည့်များသည် ကုချန်ထံသို့ ရောက်ရှိသွားပြီး ခေါင်းကို အသာအယာ ခါယမ်းလိုက်သည်။

“မင်းက ငါ့ရဲ့ ပြိုင်ဘက်ဖြစ်ဖို့ အရည်အချင်း မပြည့်မီသေးဘူး။ လင်းထင်ထောင်း... မင်း အခုလေးတင် ဉာဏ်အလင်းအချို့ ပွင့်ခဲ့တယ်မဟုတ်လား။ ဒီကောင်က မင်းအတွက် လေ့ကျင့်ဖော်လုပ်ပေးလိမ့်မယ်။”

“မှတ်ထား။ ကောင်းကင်ပေါ်မှာပဲ တိုက်ကြ။ ငါတို့ရဲ့ ဖူကွမ်းမြို့ကို မပျက်စီးစေနဲ့။”

ထိုသို့ပြောပြီးသည်နှင့် လင်းချန်သည် လက်နှစ်ဖက်ကို နောက်ပစ်လိုက်ကာ အိပ်ငိုက်နေသကဲ့သို့ မျက်လုံးများကို မှိတ်ထားလိုက်သည်။

လင်းချန်က သူ့ကို ဤမျှအထိ လျစ်လျူရှုထားသည်ကို မြင်သောအခါ ကုချန်သည် အလွန်အမင်း ဒေါသထွက်ကာ ရယ်မောလိုက်တော့သည်။

“ကောင်းပြီ...ကောင်းပြီ။ ဒါက ခေတ်အဆက်ဆက် အစွမ်းထက်ဆုံးလို့ ဆိုကြတဲ့ ပါရမီရှင်မိစ္ဆာကောင်လား။”

“တကယ့်ကို မောက်မာပြီး ထောင်လွှားလှပါလား။ မင်း ငါနဲ့ မတိုက်ဘူးဆိုရင်လည်း တိုက်လာအောင် ငါ အတင်းအကျပ် လုပ်ယူရတာပေါ့။”

“ချွမ်း....။”

ပြောပြောဆိုဆိုနှင့်ပင် နတ်ဘုရားလက်နက်တစ်ခု၏ အရှိန်အဝါများ ထွက်ပေါ်နေသော ဓားရှည်တစ်လက် သူ၏လက်ဖဝါးထဲတွင် ပေါ်ပေါက်လာခဲ့သည်။ ဤသည်မှာ သူရရှိထားသော ကောင်းကင်ဘုံ၏ လက်ဆောင်ဖြစ်ပြီး အဆင့်မြင့် နတ်ဘုရားလက်နက်အဆင့်ရှိသော ဓားရှည်ဖြစ်သည်။

လင်းချန်၏ အဖြေကို မစောင့်တော့ဘဲ ကုချန်သည် ခြေလှမ်းကျဲကျဲဖြင့် ဓားကိုဝေ့ယမ်းကာ လင်းချန်ထံသို့ တိုက်ရိုက် ပိုင်းချလိုက်တော့သည်။

“ရွှစ် ရွှစ် ရွှစ်”

ခဏချင်းအတွင်းမှာပင် ထိတ်လန့်ဖွယ်ကောင်းသော ဓားအရှိန်အဝါများ ပေါက်ကွဲထွက်လာပြီး စောစောကမှ ပြန်လည်စေ့ပိတ်သွားသော ဟင်းလင်းပြင်ကို တစ်ဖန် ပြန်လည်အက်ကွဲသွားစေခဲ့သည်။ ထိုဓားချက်၏ စွမ်းအားမှာ ကပ်ဘေးကိုးခုနယ်ပယ် ဆဋ္ဌမ သို့မဟုတ် သတ္တမအဆင့်ရှိသော ကျွမ်းကျင်သူများပင် သတိထား ရင်ဆိုင်ရမည့်အရာမျိုး ဖြစ်သည်။

ထိုဓားချက်နှင့် ရင်ဆိုင်ရသော်လည်း လင်းချန်သည် တုတ်တုတ်မျှ မလှုပ်ဘဲ ဘာကိုမျှ သတိမထားမိသကဲ့သို့ အမူအရာမှာလည်း ပြောင်းလဲခြင်း မရှိပေ။

သူ၏ဘေးတွင်ရှိသော လင်းထင်ထောင်းကမူ လေးစားစွာ လက်ယှက်ရင်း ပြန်လည်ဖြေကြားလိုက်သည်။

“အမိန့်အတိုင်းပါ နတ်ဘုရားသားတော်။”

ထိုသို့ပြောပြီးသည်နှင့် လင်းထင်ထောင်းသည် သူ၏အကြည့်ကို ကုချန်ထံသို့ ပို့လိုက်၏။ သူ၏မျက်နှာပေါ်ရှိ လေးစားသောအမူအရာများမှာ ပျောက်ကွယ်သွားပြီး အတိုင်းအဆမရှိသော အေးစက်တည်ငြိမ်မှုများက အစားထိုးဝင်ရောက်လာခဲ့သည်။

သူ၏မျက်ဝန်းထဲမှ အနှိုင်းမဲ့ ထက်ရှလှသော ဓားအနှစ်သာရ အရှိန်အဝါများ ပွင့်ထွက်လာတော့သည်။

“ဓား... လာစမ်း။”

“ဟွမ်း...။”

သူ၏အသံ ထွက်ပေါ်လာသည်နှင့်အတူ ဖြူစင်တောက်ပသော စစ်သုံးဓားကြီး တစ်လက်သည် လင်းထင်ထောင်း၏ လက်ဖဝါးထဲတွင် ပေါ်ပေါက်လာ၏။ ထိုဓားမှ ထွက်ပေါ်နေသော အရှိန်အဝါများမှာလည်း နတ်ဘုရားလက်နက်တစ်ခု ဖြစ်ပြီး ထိပ်တန်းအဆင့် နတ်ဘုရားလက်နက် အဆင့်တွင် ရှိပေသည်။

ဤသည်မှာ လင်းထင်ထောင်း ပါရမီရှင်စာရင်းတွင် အဆင့် (၁၀) ချိတ်ခဲ့သဖြင့် ကောင်းကင်ဘုံမှ ရရှိခဲ့သော အထိပ်တန်းအဆင့် နတ်ဘုရားလက်နက် သန့်ရှင်းသော ရောင်ခြည်ပင် ဖြစ်လေသည်။

ကုချန်ကို စိုက်ကြည့်ရင်း လင်းထင်ထောင်း၏ ခန္ဓာကိုယ်မှလည်း ကပ်ဘေးကိုးခုနယ်ပယ် ပထမအဆင့်၏ ကျင့်စဉ်အရှိန်အဝါများ ပေါက်ကွဲထွက်ပေါ်လာ၏။

၎င်းနှင့်အတူ ဓားအနှစ်သာရ၏ ထူးခြားလှသော ထက်ရှသည့် အရှိန်အဝါ လှိုင်းလုံးများလည်း ရောယှက်ပါဝင်နေခဲ့သည်။

“မင်း... နတ်ဘုရားသားတော်ကို ဓားနဲ့ မရွယ်ခဲ့သင့်ဘူး...။”

လင်းထင်ထောင်းသည် နှုတ်ခမ်းကို အသာအယာ လှုပ်ရှားရင်း သူ၏လက်ထဲမှ စစ်သုံးဓားကြီးကို ဝေ့ယမ်းကာ ပတ်ဝန်းကျင်ရှိ ဟင်းလင်းပြင်၌ အမှတ်အသားများ ရေးဆွဲလိုက်သည်။

“နတ်ဘုရားစွမ်းရည်...ဓားနယ်မြေအကျဉ်းထောင်”

အစွမ်းထက်လှသော ဓားတာအိုအရှိန်အဝါများ ပေါက်ကွဲထွက်လာပြီး ကျူးကျော်လာသော ဓားအလင်းတန်းများကို မည်သည့်ခုခံမှုမျှ မလုပ်နိုင်တော့သည်အထိ တိုက်ရိုက် အမှုန့်ချေပစ်လိုက်သည်။

ထိုမျှမကသေးဘဲ လင်းထင်ထောင်းသည် သူ၏ဓားကို ဝေ့ယမ်းလိုက်သည်နှင့်အမျှ ဟင်းလင်းပြင်မှာ သီးခြားခွဲထုတ်ခြင်းခံလိုက်ရပြီး သီးသန့်နယ်မြေတစ်ခု ဖြစ်သွားတော့လေသည်။

၎င်းမှာ... ဓားတာအို အရှိန်အဝါများ စိမ့်ဝင်နေသော အကျဉ်းထောင်တစ်ခုပင်။

ခဏချင်းအတွင်းမှာပင် လင်းထင်ထောင်းနှင့် ကုချန်တို့ ရပ်နေသော ဟင်းလင်းပြင်မှာ တိုက်ရိုက် သီးခြားခွဲထုတ်ခြင်း ခံလိုက်ရပြီး သီးသန့် ဓားနယ်မြေတစ်ခု ဖြစ်ပေါ်လာခဲ့သည်။

သူ၏ဓားကို ကိုင်ဆွဲရင်း လင်းထင်ထောင်းက တည်ငြိမ်စွာ ပြောလိုက်သည်။

“မင်းနဲ့ငါ ကောင်းကင်ပေါ်မှာပဲ တိုက်ခိုက်သင့်တယ်။ နတ်ဘုရားသားတော်က မြို့ကို မဖျက်ဆီးစေနဲ့လို့ အမိန့်ရှိထားတယ်။”

“အကယ်၍ မင်းကြောင့် မြို့ပျက်စီးသွားရင် နတ်ဘုရားသားတော် စိတ်အနှောင့်အယှက် ဖြစ်လိမ့်မယ်။”

စကားမဆုံးမီမှာပင် သူသည် ကောင်းကင်ယံသို့ တည့်တည့်မတ်မတ် ပျံတက်သွားပြီး သီးခြားနယ်မြေအတွင်း ပိတ်မိနေသော ကုချန်ကိုပါ တစ်ပါတည်း ခေါ်ဆောင်သွားလိုက်သည်။

ထိုဖြစ်စဉ်တစ်ခုလုံးတွင် ကုချန်သည် သူ၏ အဆင့်မြင့်နတ်ဘုရားဓားရှည်ကို အဆက်မပြတ် ဝေ့ယမ်းကာ ဓားနယ်မြေအကျဉ်းထောင်ကို ဖောက်ထွက်ရန် ကြိုးစားနေသော်လည်း...။

သူ မည်မျှပင် ဓားဖြင့် ပိုင်းပါစေ၊ ဓားနယ်မြေအကျဉ်းထောင်ကို အမှန်တကယ် မဖောက်ထွက်နိုင်ခဲ့ပေ။ နောက်ဆုံးတွင် သူသည် လင်းထင်ထောင်း၏ ခေါ်ဆောင်ရာနောက် ကောင်းကင်ယံဆီသို့ ကူကယ်ရာမဲ့စွာ ပါသွားရုံသာ တတ်နိုင်တော့သည်။

ထိုမြင်ကွင်းကို ကြည့်နေကြသော ဖူကွမ်းမြို့မှ ကျွမ်းကျင်သူများနှင့် ပါရမီရှင်မိစ္ဆာကောင်များ၏ မျက်ဝန်းများမှာ စုကျုံ့သွားကြတော့လေသည်။

ဓားအနှစ်သာရ....။

လင်းထင်ထောင်းသည် အမှန်တကယ်ပင် ဓားအနှစ်သာရကို နားလည်သဘောပေါက်နေပြီလော။

ရှေးဟောင်းလင်းမိသားစုဝင်အားလုံးက ဒီလောက်တောင် မိစ္ဆာဆန်နေကြတာလား။

ဒီအခြေအနေအရဆိုရင် ကုချန်တော့ အန္တရာယ်ရှိနေပြီ။

ယောင်ကွမ်းသူတော်စင်နယ်မြေမှ ကျန်ရှိနေသော ပါရမီရှင်မိစ္ဆာများသည်လည်း သူတို့ထဲတွင် အင်အားအကြီးဆုံးဖြစ်သော ကုချန်ပင်လျှင် ပါရမီရှင်စာရင်း အဆင့် (၁၀) ရှိသည့် လင်းထင်ထောင်းကို မည်သို့မျှ မခုခံနိုင်ဘဲ ပါသွားသည်ကို မြင်လိုက်ရသောအခါ တံတွေးကို အနိုင်နိုင် မျိုချနေကြရလေသည်။

သူတို့ ယောင်ကွမ်းသန့်စင်နယ်မြေ၏ အင်အားအကြီးဆုံး ကုချန်ပင် လင်းထင်ထောင်းကို မယှဉ်နိုင်ပါက...

လင်းထင်ထောင်း၏ အထက်တွင် အဆင့် (၂) ရှိသော လင်းရှန်ဟဲနှင့် အဆင့် (၁) ရှိသော လင်းချန်တို့ ရှိနေသေးသည်။

ဒါကို သူတို့က ဘယ်လိုသွားပြိုင်ရတော့မှာလဲ။

ဒါမှမဟုတ်... ငါတို့ ထွက်ပြေးသင့်လား။

သူတို့ တိတ်တဆိတ် ခြေရာဖျောက်ရန် ပြင်လိုက်စဉ်မှာပင် လင်းဟွမ်ရှန်းနှင့် လင်းထျန်းရှင်း ကဲ့သို့သော ပါရမီရှင်မိစ္ဆာကောင်များက သူတို့၏ လမ်းကို ပိတ်ဆို့လိုက်ကြသည်။

“ဟမ့်... မင်းတို့က ဘယ်ကို သွားနိုင်မယ် ထင်နေတာလဲ။”

All Chapters