အခန်း (၂၃-၂၄)
Vol. 3 Ch. 23-24
အခန်း ၂၃ - ဒါက ယောင်ကွမ်းဝိညာဉ်ပြည်နယ်လား...ဘာမှလည်း မထူးခြားပါဘူး
သူတို့၏ ခန္ဓာကိုယ်များမှ အစွမ်းထက်သော ကျင့်စဉ်အရှိန်အဝါ ဖိအားများ အထိန်းအကွပ်မရှိ ပေါက်ကွဲထွက်ပေါ်လာ၏။
ပထမတန်းစားပါရမီရှင် (၇) ဦး၊ သူတော်စင်နှင့် သူတော်စင်မ (၂) ဦး နှင့် ရှေးဟောင်းလူထူးဆန်း (၅) ဦးတို့ဖြစ်ပြီး အနိမ့်ဆုံးကျင့်စဉ်အရှိန်အဝါရှိသူပင်လျှင် နတ်ဘုရားရတနာနယ်ပယ် ပဉ္စမအဆင့်၏ အထွတ်အထိပ်သို့ ရောက်ရှိနေပြီဖြစ်သည်။
သူတို့ထဲမှ ရှေးဟောင်းလူထူးဆန်း (၅) ဦး၏ ကျင့်စဉ်အရှိန်အဝါမှာမူ ထိတ်လန့်ဖွယ်ကောင်းသော ကပ်ဘေးကိုးခုနယ်ပယ်သို့ပင် ရောက်ရှိနေပြီ ဖြစ်သည်။
ထိုအခိုက်တွင် လင်းရှန်ဟဲနှင့် အခြားပါရမီရှင်မိစ္ဆာကောင်များ၏ မျက်နှာထက်တွင် နောက်ပြောင်ကျီစယ်လိုသော အပြုံးများ ဖြစ်ပေါ်လာကြသည်။
သူတို့သည် ဤကောင်များကို စောစောကတည်းက စောင့်ကြည့်နေခဲ့ခြင်းဖြစ်ပြီး အခြေအနေမဟန်ပါက တိတ်တဆိတ် ခြေရာဖျောက်သွားမည်ကို စိုးရိမ်နေခဲ့ကြသည်။
အမှန်တကယ်ပင် ကုချန် အရေးနိမ့်မည့် လက္ခဏာပြလာသည်နှင့် ယောင်ကွမ်းသူတော်စင်နယ်မြေမှ ပါရမီရှင်မိစ္ဆာကောင်ဟု ဆိုကြသူများသည် သူတို့၏အသင်းဖော်ကို စွန့်ပစ်ပြီး ထွက်ပြေးရန် ကြံစည်ခဲ့ကြ၏။
ဤကဲ့သို့သော အပြုအမူမှာ ယောင်ကွမ်းသူတော်စင်နယ်မြေအတွက် တကယ့်ကို အရှက်ရစရာပင်။
သို့သော်လည်း သူတို့၏ စိတ်နှလုံးထဲတွင် အံ့အားသင့်မှုအချို့လည်း ရောယှက်နေခဲ့သည်။
လင်းထင်ထောင်းသည် အမှန်တကယ်ပင် သူတို့အားလုံးထက် ခြေတစ်လှမ်းဦးကာ ဓားအနှစ်သာရကို နားလည်သဘောပေါက်သွားခဲ့ပြီလော။
ဤတိုးတက်မှုအဆင့်မှာ သူတို့အားလုံးကို ကျော်လွန်သွားခဲ့ပြီဖြစ်သည်။ သူတို့ထဲမှ အသန်မာဆုံးသူပင်လျှင် ဓားသဘောတရား၏ ပြီးပြည့်စုံခြင်းအဆင့်ကို နားလည်ထားနိုင်ရုံသာ ရှိသေးသည်။
နတ်ဘုရားသားတော် လင်းချန်က လင်းထင်ထောင်းကို သူ၏နောက်လိုက်အဖြစ် ဘာကြောင့် ရွေးချယ်ခဲ့သည်ဆိုသည်မှာ မထူးဆန်းတော့ပေ။ အချို့သော ကဏ္ဍများတွင် လင်းထင်ထောင်းသည် သူတို့အားလုံးထက် ပိုမိုသန်မာနေသည်မှာ အမှန်ပင်။
လင်းဟွမ်ရှန်းနှင့် အခြားရှေးဟောင်းလင်းမိသားစု ပါရမီရှင်များ၏ အစွမ်းထက်သော အရှိန်အဝါများကို ခံစားမိလိုက်သောအခါ တိတ်တဆိတ် လစ်ထွက်ရန် ပြင်နေကြသော ယောင်ကွမ်းသူတော်စင်နယ်မြေ ပါရမီရှင်များ၏ ခြေလှမ်းများ တန့်သွားကြ၏။
ဤတစ်ကြိမ်တွင်မူ သူတို့အနေဖြင့် ကိစ္စရပ်များတွင် ပါဝင်ပတ်သက်ခြင်းမရှိဘဲ ရှောင်ထွက်သွားရန် မဖြစ်နိုင်တော့ပုံပင်။
ရှေးဟောင်းလင်းမိသားစု ပါရမီရှင်များ၏ စုစုပေါင်းအင်အားမှာ သူတို့ထက် များစွာသာလွန်နေသဖြင့် တိုက်ရိုက်ရင်ဆိုင်ခြင်းသည် မိမိကိုယ်ကိုယ် အရှက်ကွဲအောင် လုပ်သကဲ့သို့သာ ဖြစ်ပေလိမ့်မည်။
ကပ်ဘေးကိုးခုနယ်ပယ်၏ ပထမအဆင့်သို့ ရောက်ရှိထားသော ယောင်ကွမ်းသူတော်စင်နယ်မြေမှ ပါရမီရှင်တစ်ဦးသည် အသက်ကို ပြင်းပြင်းရှူလိုက်ပြီး အတင်းအကျပ် ပြုံးလိုက်ကာ လက်ယှက်ကာ ပြောလိုက်သည်။
“ရှေးဟောင်းလင်းမိသားစုက တာအိုမိတ်ဆွေတို့... ဒါက ကျုပ်တို့ဘက်က မစဉ်းစားမခြင်ဘဲ လုပ်မိတဲ့ အမှားဆိုတာ ဝန်ခံပါတယ်။ ဒီအတွက် တောင်းပန်မှုနဲ့ လျော်ကြေး ပေးဖို့ အဆင်သင့်ပါပဲ။”
“တာအိုမိတ်ဆွေတို့ လိုချင်တဲ့ အချက်အလက်တွေကို ပွင့်ပွင့်လင်းလင်း ပြောနိုင်ပါတယ်။ အကယ်လို့ တစ်ယောက်ယောက်က ငြင်းဆန်မယ်ဆိုရင် ကျုပ် မိုလီကိုယ်တိုင် တာအိုမိတ်ဆွေတို့ လက်ဖျားနဲ့တောင် ထိစရာမလိုအောင် သူတို့ကို အပြစ်ပေးပါ့မယ်။”
သူပြောနေစဉ်အတွင်း နောက်သို့လှည့်ကာ သူ့နောက်ရှိ အခြားယောင်ကွမ်းသူတော်စင်နယ်မြေ ပါရမီရှင်များကို စိုက်ကြည့်လိုက်၏။
ထိုအခါကို မြင်သောအခါ ယောင်ကွမ်းသူတော်စင်နယ်မြေ ပါရမီရှင်များသည် ခေါင်းများကို အလျင်အမြန်ငုံ့လိုက်ကြပြီး တိတ်ဆိတ်သွားခဲ့ကြလေသည်။
လင်းချန်သည် စောစောကမှ သူတော်စင်သားတော်ကို ပြတ်ပြတ်သားသား သတ်ဖြတ်ပစ်ခဲ့ခြင်းဖြစ်ရာ သူတို့မှာ ထိုထိတ်လန့်မှုမှ မရုန်းထွက်နိုင်သေးပေ။
ရှေးဟောင်းလင်းမိသားစုမှာ တကယ့်ကို ထိတ်လန့်စရာ ကောင်းလွန်းလှပေသည်။
ထိုစကားကို ကြားလိုက်ရသောအခါ လင်းရှန်ဟဲ၏ မျက်ခုံးများ လှုပ်ရှားသွား၏။
“ပါရမီရှင်စာရင်းမှာ အဆင့် (၃၇) ရှိတဲ့ မိုလီလား။”
သူ နိုးထလာပြီးနောက်ပိုင်း နှစ်အနည်းငယ်အတွင်း ဤလူ၏အမည်ကို မကြားဖူးခဲ့သော်လည်း ကောင်းကင်ဘုံက မိုလီအား ပါရမီရှင်စာရင်း၏ အဆင့် (၃၇) အဖြစ် စောစောပိုင်းက ကြေညာခဲ့သည်မှာ အမှန်ပင်။
ဤလူသည် ယောင်ကွမ်းသူတော်စင်နယ်မြေက ဝှက်ထားသော ရှေးဟောင်းလူထူးဆန်းတစ်ဦး ဖြစ်နိုင်ပြီး သူတို့ပါရမီရှင်များထဲတွင် ဒုတိယအာဏာအရှိဆုံးသူ ဖြစ်ပုံရသည်။
မည်သို့ပင်ဖြစ်စေ... ပါရမီရှင်စာရင်းတွင် အဆင့် (၃၇) မျှသာ ရှိသူမို့ လင်းရှန်ဟဲက သူ့ကို အရေးတယူ မလုပ်ပေ။
လင်းရှန်ဟဲ၏ စကားကို ကြားသောအခါ မိုလီက အလျင်အမြန်ခေါင်းညိတ်ပြလိုက်သည်။
“ဟုတ်ပါတယ်... တာအိုမိတ်ဆွေ လင်းရှန်ဟဲက ကျုပ်အကြောင်း သိနေလိမ့်မယ်လို့ မထင်မိထားဘူး။”
သူသည် ဤလူ့အပေါ် မပေါ့ဆရဲပေ။ ဤသူမှာ ပါရမီရှင်စာရင်း၏ အဆင့် (၂) နေရာကို ဆုပ်ကိုင်ထားသူ မဟုတ်ပါလော။
အဆင့် (၁၀) ရှိသော လင်းထင်ထောင်းပင်လျှင် ကုချန် ပြန်မတိုက်နိုင်လောက်အောင် သန်မာနေပါက အဆင့် (၂) ရှိသူမှာ မည်မျှအထိ ကြောက်မက်ဖွယ်ကောင်းနေမည်နည်း။
ပါရမီရှိရုံဖြင့် ခွန်အားကို အပြည့်အဝ ကိုယ်စားမပြုနိုင်သော်လည်း ခွန်အားသည် ပါရမီနှင့် တိုက်ရိုက်ဆက်နွယ်နေသည်မှာ အမှန်ပင်။
မိုလီ၏ အပြုအမူကို မြင်သောအခါ လင်းဟွမ်ရှန်း၊ လင်းထျန်းရှင်းနှင့် အခြားပါရမီရှင်များ ခေါင်းညိတ်မိလိုက်ကြသည်။
မိုလီ၏ ပါရမီအတွက်တော့ နှမြောစရာပင်။ သူ့ထံတွင် အနှိုင်းမဲ့ နှလုံးသား၏ အရိပ်အယောင်မျှပင် မရှိတော့ပေ။ ယခုအခါ လင်းရှန်ဟဲကို ရင်ဆိုင်နေရချိန်တွင် သူ၏မျက်နှာမှာ ဖော်လံဖား အပြုံးမျိုး ပေါက်လုနီးပါးပင် ဖြစ်နေခဲ့လေသည်။
လင်းရှန်ဟဲသည် မိုလီ၏နောက်တွင် ခေါင်းငုံ့ကာ တိတ်ဆိတ်နေကြသော ယောင်ကွမ်းသူတော်စင်နယ်မြေ၏ ပါရမီရှင်များကို တစ်ချက်ကြည့်လိုက်ပြီး စိတ်ပျက်သွားမိ၏။
သူတို့၏ ရှေးဟောင်းလင်းမိသားစု အခြေစိုက်ရာ ဖူကွမ်းမြင့်မြတ်ပြည်နယ်နှင့်အတူ အင်အားအကြီးဆုံး ပြည်နယ်ဆယ်ခုတွင် တစ်ခုအပါအဝင်ဖြစ်သော ယောင်ကွမ်းဝိညာဉ်ပြည်နယ်သည် ဤအဆင့်မျှသာ ရှိသလော။
သူသည် မူလက ဤယောင်ကွမ်းသူတော်စင်နယ်မြေမှ ကောင်များကို တားဆီးခြင်းဖြင့် သူ၏လက်ရည်ကို ထုတ်ဖော်ပြသခွင့်ရမည်ဟု ထင်မှတ်ခဲ့ခြင်းဖြစ်သည်။ ဤကောင်များက ဤမျှအထိ သူရဲဘောကြောင်ကာ ချက်ချင်းပင် ခေါင်းလျှိုသွားကြလိမ့်မည်ဟု သူ မမျှော်လင့်ထားခဲ့ပေ။
လင်းရှန်ဟဲသည် မိုလီကို ဘာမှပြန်မဖြေဘဲ ကိုယ်ကိုအသာလှည့်ကာ လင်းချန်ကို အကဲခတ်သည့် အကြည့်ဖြင့် ကြည့်လိုက်၏။
ထားလိုက်ပါတော့...။ ဤနှောင့်ယှက်နေသော ကောင်များကို မည်သို့စီရင်မည်နည်းဆိုသည်ကို နတ်ဘုရားသားတော်၏ အစီအစဉ်အတိုင်းသာ ကြည့်လုပ်လိုက်တော့မည်။ သူသည် ယခုအခါ ဤကောင်များအပေါ် စိတ်ဝင်စားမှု အနည်းငယ်မျှပင် မရှိတော့ပေ။
သူတို့၏ ဖူကွမ်းမြင့်မြတ်ပြည်နယ်သို့ နောက်ထပ်ရောက်ရှိလာမည့် ပါရမီရှင်များသည် ဤထက်ပို၍ အရည်အသွေးရှိသူများ ဖြစ်ပါစေဟုသာ သူ မျှော်လင့်မိတော့သည်။
လင်းရှန်ဟဲ၏ အမူအရာကို သတိထားမိလိုက်သဖြင့် မိုလီနှင့် အခြားယောင်ကွမ်းသူတော်စင်နယ်မြေ ပါရမီရှင်အားလုံးသည်လည်း လင်းချန်ထံသို့ အကြည့်များ ပို့လိုက်ကြ၏။ အကယ်၍ လင်းချန်က သူတို့ကို လွှတ်မပေးရန် ရည်ရွယ်ထားပါက သူတို့အနေဖြင့် သူတို့၏ လူကြီးမိဘများကို အကူအညီတောင်းရုံသာ ရှိတော့သည်။
ဤသို့လုပ်ဆောင်ခြင်းမှာ အတန်ငယ် အရှက်ရစရာ ကောင်းသော်လည်း သူတို့တွင် အခြားရွေးချယ်စရာ မရှိပေ။ သူတို့သည် သူတော်စင်သားတော်ကဲ့သို့ မသေလိုကြချေ။
ရှေးဟောင်းလင်းမိသားစုမှ ဤကောင်များသည် စည်းမျဉ်းစည်းကမ်းအတိုင်း ကစားသူများ မဟုတ်ကြချေ။
တစ်ချိန်တည်းမှာပင် ကောင်းကင်ယံထက်၌လည်း ပြင်းထန်သော ဟိန်းဟောက်သံများ အဆက်မပြတ် ပဲ့တင်ထပ်နေဆဲ ပသ်။
ဝုန်း
ချွမ်း
ဝုန်း
...
ဟိန်းဟောက်သံများကြားတွင် အလင်းတန်းနှစ်ခုသည် ကောင်းကင်ယံ၌ အဆက်မပြတ် ရိုက်ခတ်နေသည်ကို မြင်တွေ့နိုင်မည်ဖြစ်သည်။ ၎င်းတို့မှ ထွက်ပေါ်နေသော ဓားအရှိန်အဝါနှင့် လေးလံသော အရှိန်အဝါများအရ မည်သည့်အလင်းတန်းမှာ ကုချန်ဖြစ်ပြီး မည်သည့်အလင်းတန်းမှာ လင်းထင်ထောင်းဖြစ်သည်ကို ခွဲခြားနိုင်ပေသည်။
ဓားအရှိန်အဝါနှင့် အလင်းတန်းမှာ လေးလံသော အရှိန်အဝါရှိသည့် အလင်းတန်း၏ အဆက်မပြတ် လိုက်လံတိုက်ခိုက်ခြင်းကို ခံနေရပြီး တန်ပြန်တိုက်စစ်ဆင်ရန်ပင် အင်အားမရှိတော့သည်မှာ ထင်ရှားလှပေသည်။
လင်းချန်သည် ကောင်းကင်ယံရှိ အလင်းတန်းနှစ်ခုကို ကြည့်ရင်း ကျေနပ်စွာ ခေါင်းညိတ်လိုက်၏။
“သူ့ရဲ့ နားလည်သဘောပေါက်နိုင်စွမ်းက တကယ် ကောင်းမွန်တယ်။ တစ်ခါမြင်ရရုံနဲ့ ဒီအဆင့်အထိ နားလည်နိုင်တာပဲ။”
“ကမ္ဘာဦးလက်သီးရဲ့ စစ်မှန်တဲ့ လျှို့ဝှက်ချက်တွေကို သူ နားလည်ဖို့ အချိန်သိပ်မကြာလောက်တော့ဘူး။”
ကမ္ဘာဦးလက်သီးမှာ လင်းချန်၏ အမှတ်အသားဖြစ်သော နတ်ဘုရားစွမ်းရည်များထဲမှ တစ်ခုဖြစ်ပြီး သူသည် ၎င်းနှင့် လိုက်ဖက်ညီစေရန် လက်သီးအနှစ်သာရကို သီးသန့် နားလည်သဘောပေါက်ထားခြင်း ဖြစ်သည်။
ယခုအခါ လင်းထင်ထောင်းတွင် လိုအပ်နေသည်မှာ “လက်သီးသဘောတရား” ၏ အားဖြည့်မှုသာ ဖြစ်ပြီး ကမ္ဘာဦးလက်သီး၏ အနှစ်သာရကိုမူ သုံးပုံတစ်ပုံခန့် တတ်မြောက်နေပြီဖြစ်သည်။
လင်းထင်ထောင်း သိသိသာသာ အသာစီးရနေသည်ကို အတည်ပြုပြီးနောက် လင်းချန်သည် သူ၏အကြည့်ကို ရုပ်သိမ်းကာ လင်းရှန်ဟဲတို့ရှိရာဘက်သို့ လှည့်ကြည့်လိုက်၏။
ထို့နောက် တည်ငြိမ်အေးဆေးသော အမူအရာဖြင့် လင်းချန်က ခပ်တိုးတိုး ပြောလိုက်သည်။
“သူတို့ကို ဒီမှာပဲနေခိုင်းပြီး ကုချန်နဲ့ လင်းထင်ထောင်းတို့ရဲ့ တိုက်ပွဲကိုပဲ စောင့်ကြည့်ခိုင်းလိုက်ပါ။”
“အဲ့ဒီနောက်မှ သူတို့ ဘယ်ကိုသွားချင်သွားချင်၊ သူတို့ကို တားဆီးစရာ မလိုတော့ဘူး။”
“မောက်မာတဲ့စကားကို ပြောခဲ့တဲ့ သူတော်စင်သားတော်က သေသွားပြီ။ ငါ လင်းချန်ဆိုတဲ့လူက အပြစ်မရှိတဲ့သူတွေကိုပါ ရောပြီး အပြစ်ပေးရတာကို နှစ်သက်တဲ့သူ မဟုတ်ဘူး။”
သူသည် ဤတစ်ကြိမ်တွင် လာရောက်ရခြင်းမှာ ပထမဦးစွာ မျောက်ကို ခြောက်ရန် ကြက်ကိုသတ်ပြခြင်း ဖြစ်ပြီး ဒုတိယအချက်မှာ ယောင်ကွမ်းသူတော်စင်နယ်မြေ၏ မာန်မာနကို ချိုးနှိမ်ရန်အတွက်ပင် ဖြစ်လေသည်။
သူတော်စင်သားတော်သည် အသတ်ခံလိုက်ရသည့် ကြက်ဖြစ်ပြီး မျောက်များမှာမူ ပုန်းအောင်းကြည့်ရှုနေကြသည့် သို့မဟုတ် ဖူကွမ်းမြင့်မြတ်ပြည်နယ်သို့ မရောက်ရှိသေးသည့် အခြားပြည်နယ်များမှ ပါရမီရှင်များပင် ဖြစ်သည်။
သူတော်စင်သားတော်၏ အဖြစ်အပျက်ကို သိရှိသွားပြီးနောက် ထိုသူစိမ်းများသည် လာမည့်ရက်များတွင် သေချာပေါက် ငြိမ်ကုပ်သွားကြလိမ့်မည်ဟု ယူဆရပေသည်။
ယောင်ကွမ်းသူတော်စင်နယ်မြေအတွက်မူ ဤသည်မှာ သူတို့၏ ပထမဆုံးအကြိမ် ကျူးလွန်မှုဖြစ်သောကြောင့် သူတို့၏ သူတော်စင်သားတော် တစ်ယောက်ကိုသာ သတ်ဖြတ်ခဲ့ခြင်းဖြစ်သည်။ အကယ်၍ သူတို့ နောက်တစ်ကြိမ် ထပ်မံပြုလုပ်ဦးမည်ဆိုပါက သူသည် ဤမျှလောက် ယဉ်ကျေးနေတော့မည်မဟုတ်ပေ။
သူတို့၏ ဖူကွမ်းမြင့်မြတ်ပြည်နယ်သို့ ရောက်လာသမျှ ယောင်ကွမ်းသူတော်စင်နယ်မြေမှ ပါရမီရှင်တစ်ယောက်မှ ပြန်လှည့်သွားခွင့် ရတော့မည်မဟုတ်ချေ။
စကားဆုံးသည်နှင့် လင်းရှန်ဟဲ၏ မျက်နှာတွင် နားလည်သဘောပေါက်သည့် အမူအရာတစ်ခု ဖြစ်ပေါ်လာ၏။ သူသည် မိုလီကို တစ်ချက်ကြည့်ကာ အေးစက်စွာ ပြောလိုက်သည်။
“နတ်ဘုရားသားတော် ပြောတာ ကြားတယ်မလား။ မင်းတို့ တောင်းပန်စရာလည်း မလိုသလို လျော်ကြေးပေးစရာလည်း မလိုဘူး။ ငါတို့ ရှေးဟောင်းလင်းမိသားစုမှာ အဲ့ဒီအရာတွေ မပြတ်လပ်ဘူး။”
“အခု ကောင်းကင်ပေါ်က တိုက်ပွဲပြီးတဲ့အထိ ဒီမှာပဲ လိမ္မာပါးနပ်စွာ စောင့်နေလိုက်။ အဲ့ဒီနောက်မှ မင်းတို့ ဘေးကင်းကင်းနဲ့ ထွက်သွားနိုင်လိမ့်မယ်။”
ထိုစကားကို ကြားလိုက်ရသောအခါ မိုလီနှင့် အခြားယောင်ကွမ်းသူတော်စင်နယ်မြေ၏ ပါရမီရှင်အားလုံးသည် သက်ပြင်းအရှည်ကြီး ချလိုက်ကြပြီး သူတို့၏မျက်နှာထက်တွင် ဘေးအန္တရာယ်မှ လွတ်မြောက်သွားသည့် အပြုံးများ ဖြစ်ပေါ်လာခဲ့ကြသည်။
လွတ်ပြီ...ငါတို့ လွတ်ပြီကွ...။
သူတို့ စောစောက အမှန်တကယ် ထိတ်လန့်နေခဲ့ကြခြင်းဖြစ်သည်။ အတိတ်တုန်းကဆိုလျှင် ဤကဲ့သို့သော အခြေအနေမျိုးတွင် ပြဿနာရှာသူကိုသာ အပြစ်ပေးလေ့ရှိပြီး တောင်းပန်မှုနှင့် လျော်ကြေးပေးခြင်းတို့ဖြင့် ပြီးဆုံးသွားတတ်သည်။
ဤတစ်ကြိမ်တွင်မူ လင်းချန် ရောက်လာသည်နှင့် တစ်ပြိုင်နက်... ဘုရားရေ... သူက လူကို လက်ဝါးနဲ့ ရိုက်သတ်လိုက်သလို ချက်ချင်း သတ်ပစ်လိုက်တာပဲ။
အကယ်၍ လင်းချန်က သူတို့ကို ကြည့်ရ အဆင်မပြေဖြစ်သွားလျှင် သူတို့ကိုပါ ရိုက်သတ်လိုက်မည်ကို သူတို့ စိုးရိမ်နေခဲ့ကြသည်။
လင်းချန်ကဲ့သို့သော မိစ္ဆာတစ်ကောင်အတွက် ဤကဲ့သို့ လုပ်ဆောင်နိုင်ခြင်း ရှိ၊ မရှိကိုမူ သူတို့ လုံးဝ သံသယမရှိကြပေ။
ထိုသူမှာ စစ်မှန်သော မိစ္ဆာကြီးတစ်ကောင် မဟုတ်ပါလော။
မိုလီသည် သူ၏စိတ်ကို ပြန်လည်ထိန်းချုပ်လိုက်ပြီး ကျေးဇူးတင်သည့် အမူအရာဖြင့် လင်းရှန်ဟဲကို လက်ယှက်ကာ ပြောလိုက်သည်။
“ကျေးဇူးတင်ပါတယ် တယအိုမိတ်ဆွေတို့တို့။ အငြိုးအတေးမထားဘဲ ခွင့်လွှတ်ပေးတဲ့အတွက် တကယ်ကို ကျေးဇူးတင်ပါတယ်။”
မိုလီ ဤကဲ့သို့ ပြုလုပ်သည်ကို မြင်သောအခါ အခြားယောင်ကွမ်းသူတော်စင်နယ်မြေ ပါရမီရှင်များသည်လည်း အလျင်အမြန် လက်ယှက်ကာ လိုက်လုပ်ကြသည်။
“ကျေး... ကျေးဇူးတင်ပါတယ် တာအိုမိတ်ဆွေတို့။ ခွင့်လွှတ်ပေးတဲ့အတွက် ကျေးဇူးတင်ပါတယ်။”
သူတို့၏ စိတ်ထဲတွင် တစ်မျိုးကြီး ခံစားနေရသော်လည်း သူတို့၏ အပြုအမူများတွင်မူ မည်သည့် ကန့်ကွက်လိုစိတ်မျှ မရှိကြပေ။
သူတော်စင်သားတော်၏ ကိစ္စမှာ သူတို့နှင့် မပတ်သက်တော့သဖြင့် သူတို့ အလွန်ပင် ကံကောင်းနေပြီဟု ခံစားနေကြရလေသည်။
အဝေးသို့ ဆုတ်ခွာသွားကြသော အခြားပြည်နယ်မှ ပါရမီရှင်များနှင့် ဖူကွမ်းမြို့မှ ဒေသခံ ကျွမ်းကျင်သူများသည် ထိုမြင်ကွင်းကို မြင်သောအခါ ထူးဆန်းသော အမူအရာများ ဖြစ်သွားခဲ့ကြ၏။
ဒါက စောစောက မောက်မာနေတဲ့ ယောင်ကွမ်းသူတော်စင်နယ်မြေက လူတွေပဲလား။
မိမိတို့၏ ပါရမီရှင်မှာ တစ်ဖက်လူ၏ သတ်ဖြတ်ခြင်းကို ခံလိုက်ရသော်လည်း သူတို့က ပြန်လည်ကျေးဇူးတင်နေရပြီး ခွင့်လွှတ်ပေးသည့်အတွက် ဝမ်းသာနေကြရသည်။
ရုတ်တရက်ဆိုသလို သူတို့သည် သေဆုံးသွားပြီဖြစ်သော သူတော်စင်သားတော် ပြောခဲ့သည့် ကြီးကျယ်ခန်းနားသော စကားများကို ပြန်လည်သတိရသွားကြ၏။
“ဒါက ငါတို့ရဲ့ ယောင်ကွမ်းဝိညာဉ်ပြည်နယ်နဲ့အတူ အင်အားအကြီးဆုံး ပြည်နယ်ဆယ်ခုထဲက တစ်ခုလို့ လူသိများတဲ့ ဖူကွမ်းမြင့်မြတ်ပြည်နယ်လား။ ဘာမှလည်း မထူးခြားပါဘူး။”
ယခုအချိန်တွင် ထိုစကားစုထဲမှ နာမည်များကို ပြောင်းပြန်လှန်လိုက်ပါက အလွန်ပင် ဆီလျော်သွားမည်ဟု သူတို့ ခံစားလိုက်ရသည်။
“ဒါက ငါတို့ရဲ့ ဖူကွမ်းမြင့်မြတ်ပြည်နယ်နဲ့အတူ အင်အားအကြီးဆုံး ပြည်နယ်ဆယ်ခုထဲက တစ်ခုလို့ လူသိများတဲ့ ယောင်ကွမ်းဝိညာဉ်ပြည်နယ်လား။ ဘာမှလည်း မထူးခြားပါဘူး။”
အခန်း ၂၄ - လူငယ်တွေကို ရိုက်ရုံတင်မကဘဲ လူကြီးတွေကိုပါ ရိုက်နှက်ခြင်း၊ အရိုက်ခံရရုံတင်မကဘူး လျော်ကြေးပါ ပေးရဦးမှာလား
ဖူကွမ်းမြို့အတွင်းရှိ ရှာဖွေတွေ့ရှိရန် ခက်ခဲသော တိမ်မြုပ်နေသည့် လေဟာနယ်နယ်မြေတစ်ခုအတွင်း....။
ယောင်ကွမ်းမြင့်မြတ်နယ်မြေ၏ အကြီးအကဲဝတ်စုံများ ဝတ်ဆင်ထားသော ကျွမ်းကျင်သူ (၁၀) ဦးကျော်သည် သူတို့ကို ဝန်းရံထားသည့် အင်အားကြီးပုဂ္ဂိုလ်များစွာကို ဒေါသတကြီး စိုက်ကြည့်နေကြ၏။
“မင်းတို့ ရှေးဟောင်းလင်းမိသားစုက အရမ်းလွန်လာပြီ။ လူအင်အားနဲ့ အနိုင်ကျင့်နေတာပဲ။ မင်းတို့မှာ သိုင်းလောကကျင့်ဝတ်ဆိုတာရော မရှိတော့ဘူးလား။”
“ငါတို့ ယောင်ကွမ်းမြင့်မြတ်နယ်မြေရဲ့ တတိယမြောက် နတ်ဘုရားသားတော်က မင်းတို့ ရှေးဟောင်းလင်းမိသားစုရဲ့ သတ်ဖြတ်ခြင်းကို ခံလိုက်ရပြီ။ ဒီအတွက် ငါတို့ကို ရှင်းပြချက်ပေးရမယ်။”
ဒါဟာ တကယ့်ကို အနိုင်ကျင့်လွန်းခြင်းပင်။
သူတို့က ဖူကွမ်းမြို့မှာ စိန်ခေါ်ပွဲစင်မြင့်တစ်ခု လုပ်ပြီး ဖူကွမ်းမြင့်မုတ်ပြည်နယ်မှာ ပါရမီရှင်အစစ်အမှန် မရှိဘူးလို့ လှောင်ပြောင်ရုံသာ ရှိသေး၏။
ထိုရှေးဟောင်းလင်းမိသားစု၏ နတ်ဘုရားသားတော်က တိုက်ရိုက်တိုက်ခိုက်ပြီး သူတို့ရဲ့ တတိယမြောက် သူတော်စင်သားတော်ကို လက်သီးတစ်ချက်တည်းနဲ့ သတ်ပစ်လိုက်လေသည်။
အဆိုးဆုံးကတော့ အရိုးပင် မကျန်ဘဲ ပျောက်ကွယ်သွားရခြင်းပင်။ အလောင်းတစ်ခုလုံးတောင် မကျန်ရစ်ခဲ့ပေ။
လင်းကျင်းသည် ရှေးဟောင်းလင်းမိသားစု အကြီးအကဲတစ်စုကို ဦးဆောင်ကာ ယောင်ကွမ်းမြင့်မြတ်နယ်မြေ အကြီးအကဲများကို မည်သည့်ထွက်ပေါက်မျှ မရှိစေရန် အပြည့်အဝ ဝန်းရံထားခဲ့သည်။
သူတို့၏ ဒေါသတကြီး ဟိန်းဟောက်သံများကို ကြားလိုက်ရသောအခါ လင်းကျင်းက လက်ပိုက်လိုက်ပြီး ပြုံးကာ ပြောလိုက်သည်။
“ဒါဆို မင်းတို့က အတော်လေး မကျေမနပ်ဖြစ်နေပြီး ငါတို့နဲ့ တိုက်ခိုက်ချင်နေတာပေါ့ ဟုတ်လား။”
“လာလေ... လာကြစမ်းပါ။ တစ်ယောက်ချင်း တိုက်မလား၊ အုပ်စုလိုက် တိုက်မလား။ တစ်ယောက်ချင်းဆိုတာက မင်းတို့ဘက်က တစ်ယောက်ထွက်ခဲ့၊ ငါတို့အားလုံးနဲ့ တိုက်ရမယ်။”
“အုပ်စုလိုက် တိုက်မယ်ဆိုရင်တော့ ပိုတောင်လွယ်သေးတယ်။ မင်းတို့ ဆယ်ယောက်ကျော်လုံး အတူတူလာခဲ့။ ငါတို့ဘက်မှာလည်း မင်းတို့နဲ့ တိုက်ဖို့ အသင့်စောင့်နေတဲ့လူ လေးငါးဆယ် ရှိနေတာပဲ။”
သူ၏အသံ ထွက်ပေါ်လာသည်နှင့်အမျှ ရှေးဟောင်းလင်းမိသားစု အကြီးအကဲများစွာမှာ ပြုံးရွှင်သွားကြ၏။
ဒီလိုမျိုး စိတ်လက်ပေါ့ပါးလန်းဆန်းမှုကို မခံစားရတာ ကြာခဲ့ချေပြီ။
နတ်ဘုရားသားတော်သည် မိမိကိုယ်ကိုယ် နတ်ဘုရားအရင်းအမြစ်ထဲတွင် ချိပ်ပိတ်ခဲ့ကတည်းက ရှေးဟောင်းလင်းမိသားစုဟာ အေးအေးဆေးဆေးသာ နေထိုင်ခဲ့ပြီး တခြားအင်အားစုများကို ဘယ်တုန်းကမှ အရင်ရန်သွားမစခဲ့ချေ။
တခြားအဖွဲ့အစည်းများက လာ၍ပြဿနာရှာလျှင်ပင် လူမသေစေဘဲ အနည်းငယ် အပြစ်ပေးရုံလောက်သာ လုပ်ခဲ့ကြပေသည်။
ဒီလိုး အခြေအနေမျိုးကို မကြုံတွေ့ရသည်မှာ နှစ်ပေါင်းထောင်ချီ ကြာမြင့်ခဲ့ချေပြီ။
ဘာပဲဖြစ်ဖြစ်... ဤတစ်ကြိမ်တွင်မူ “ပြဿနာတက်မှာကို မကြောက်နဲ့။ လုပ်သာလုပ်လိုက်။” ဟု မိသားစုခေါင်းဆောင်ကိုယ်တိုင် ပြောထားပြီးသားဖြစ်၏။
အကယ်၍ သူတို့ အနိုင်မယူနိုင်လျှင် မိသားစုအကြီးအကဲတွေ ရှိသေးသည်။ အကြီးအကဲများ မနိုင်လျှင် မိသားစုခေါင်းဆောင် ရှိသည်။ မိသားစုခေါင်းဆောင်တောင် မနိုင်ရင်တော့ ရှေးဘိုးဘေးများက အင်အားအပြည့်နှင့် ထွက်လာကြမည်ဖြစ်၏။
ယောင်ကွမ်းသူတော်စင်နယ်မြေမှ အကြီးအကဲများစွာထဲတွင် ကျင့်ကြံအဆင့် နတ်ဘုရားနယ်ပယ်သို့ ရောက်ရှိနေသည့် အစွမ်းထက်သော ပုဂ္ဂိုလ်တစ်ဦးမှာ ထိုစကားကို ကြားလိုက်ရသောအခါ ပို၍ပင် ဒေါသထွက်သွားခဲ့လေသည်။
“ဒီလိုလုပ်နေတာက ငါတို့ ယောင်ကွမ်းသူတော်စင်နယ်မြေနဲ့ မင်းတို့ ရှေးဟောင်းလင်းမိသားစုကြား စစ်ပွဲဖြစ်မှာကို မကြောက်ဘူးလား။”
သူ ထိုသို့ပြောလိုက်သည်နှင့် နတ်ဘုရားနယ်ပယ်နှင့် ထိုက်တန်သော ဖိအားများသည် ပေါက်ကွဲထွက်လာပြီး ပတ်ဝန်းကျင်ကို ဖိနှိပ်လိုက်၏။
သူတို့၏ ဤတစ်ကြိမ် အစီအစဉ်က ရိုးရှင်းပါသည်။ ဖူကွမ်းမြင့်မြတ်ပြည်နယ်ကို လာပြီး သူတို့၏ အစွမ်းအစကို ပြသဖို့ပင်။ အခြားအင်အားစုများက ပါရမီရှင်များကို ယောင်ကွမ်းသူတော်စင်နယ်မြေ၏ စွမ်းအားကို သိရှိစေဖို့ပင်။
သို့သော် မမျှော်လင့်ဘဲ သူတို့၏ စွမ်းအားကို မပြနိုင်ခဲ့တဲ့အပြင် ရှေးဟောင်းလင်းမိသားစု၏ ရိုက်နှက်တာကို ခံလိုက်ရပြီး သူတို့၏ ပါရမီရှင်များအားလုံးလည်း နောက်ဆုတ်သွားလိုက်ကြရချေပြီ။
ဤတစ်ကြိမ်တွင် ယောင်ကွမ်းသူတော်စင်နယ်မြေသည် မျက်နှာပျက်ရုံတင်မကဘဲ ပါရမီရှင်စာရင်းဝင် ပါရမီရှင်တစ်ယောက်ကိုလည်း အလကား သေဆုံးသွားစေခဲ့ရသည်။
စစ်ဖြစ်မည့်အကြောင်း ကြားလိုက်ရသောအခါ လင်းကျင်း၏ မျက်လုံးတွေက တောက်ပသွားပြီး ချက်ချင်းပင် လက်ခုပ်တီးလိုက်၏။
“ဖြောင်း...ဖြောင်း...ဖြောင်း”
“စစ်ဖြစ်တာ ကောင်းတာပေါ့။ မင်းတို့ ယောင်ကွမ်းသူတော်စင်နယ်မြေက ငါတို့ ရှေးဟောင်းလင်းမိသားစုကို စစ်ကြေညာဖို့ ဆုံးဖြတ်လိုက်ပြီလား။”
“အတော်ပဲ။ အခု ငါတို့ကလည်း မင်းတို့ကို ဝန်းရံထားပြီးသားဆိုတော့... အခွင့်သာတုန်း မင်းတို့ကို အရင်ဆုံး ရှင်းပစ်လိုက်ရမလား။”
သူစကားပြောလိုက်သည်နှင့်အမျှ ထိုဟင်းလင်းပြင်ငယ်အတွင်း၌ ယခင် နတ်ဘုရားနယ်ပယ် အရှိန်အဝါကို ဖိနှိပ်ပစ်နိုင်သည့် အခြားသော နတ်ဘုရားနယ်ပယ် အရှိန်အဝါတစ်ခု ထပ်မံပေါက်ကွဲထွက်ပေါ်လာခဲ့သည်။
ထိုစကားကို ကြားလိုက်ရသောအခါ အခြားရှေးဟောင်းလင်းမိသားစု အကြီးအကဲများ၏ မျက်လုံးများမှာလည်း တောက်ပသွားပြီး အားလုံး ပြုံးဖြဲဖြဲ ဖြစ်သွားကြ၏။
နောက်အခိုက်တွင် အနည်းဆုံး သူတော်စင်ဘုရင်နယ်ပယ် အဆင့်ရှိသော ဖိအားလှိုင်းများ အသီးသီး ပေါက်ကွဲထွက်လာပြီး ဝန်းရံခံထားရသော ယောင်ကွမ်းသူတော်စင်နယ်မြေ၏ အကြီးအကဲများအပေါ်သို့ ဖိနှိပ်ချလိုက်တော့လေသည်။
ထိုဖိအားများကို ခံစားလိုက်ရသောအခါ ယောင်ကွမ်းသူတော်စင်နယ်မြေ အကြီးအကဲ (၁၀) ဦးကျော်လုံး မျက်နှာများ ပျက်ယွင်းသွားကြပြီး ခုခံရန်အတွက် သူတို့၏ ကိုယ်ပိုင်အရှိန်အဝါများကို အလျင်အမြန် ထုတ်ဖော်လိုက်ကြရ၏။
သို့သော် သူတို့မှာ လူအင်အားချင်းလည်း အဆမတန် ကွာခြားနေသလို ကျင့်ကြံဆင့်မှာလည်း နိမ့်ပါးနေသဖြင့် အရှိန်အဝါများ ထုတ်ဖော်ထားခြင်းက သူတို့ကို မလဲကျဘဲ မတ်တပ်ရပ်နိုင်ရုံမျှသာ အနိုင်နိုင် ကူညီပေးနိုင်ခဲ့သည်။
အခြားကိစ္စများအတွက်မူ သူတို့တွင် မည်သည့်အစွမ်းအစမျှ မရှိတော့ချေ။
အကယ်၍ စစ်ပွဲအစစ်အမှန်သာ ဖြစ်ပွားခဲ့ပါက သူတို့အတွက် အသတ်ခံရရုံမှတစ်ပါး အခြားဖြစ်နိုင်ခြေ မရှိပေ။
စောစောက စကားပြောခဲ့သော ယောင်ကွမ်းသူတော်စင်နယ်မြေမှ နတ်ဘုရားနယ်ပယ် ကျွမ်းကျင်သူသည် အံကို တင်းတင်းကြိတ်ထားပြီး သူ၏မျက်နှာမှာလည်း အလွန်အမင်း အုံ့မှိုင်းနေခဲ့သည်။
ရှေးဟောင်းလင်းမိသားစုက ဤကိစ္စကို ဤမျှအထိ ပြင်းပြင်းထန်ထန် ကိုင်တွယ်လိမ့်မည်ဟု သူ မမျှော်လင့်ထားခဲ့ပေ။
လွန်ခဲ့သော နှစ်ပေါင်းထောင်ချီအတွင်း ရှေးဟောင်းလင်းမိသားစု၏ အခြားအင်အားစုများအပေါ် ထားရှိသော သဘောထားမှာ အလွန်ပင် နူးညံ့သိမ်မွေ့ခဲ့သည်မဟုတ်ပါလော။ မဟုတ်လျှင် သူတို့သည် ယခုကဲ့သို့ အချိန်မျိုးတွင် စိန်ခေါ်ပွဲစင်မြင့်ကို တည်ဆောက်ပြီး ဖူကွမ်းမြင့်မြတ်ပြည်နယ်ကို စော်ကားသော စကားများကို ပြောရဲပါမည်လော။
ရှေးဟောင်းလင်းမိသားစု၏ ပဉ္စမမြောက်ဘိုးဘေးက မဟာဆင့်ကဲပြောင်းလဲခြင်း သူတော်စင်နယ်မြေမှ ကွာစီဧကရာဇ် ကျွမ်းကျင်သူတစ်ဦးကို သတ်ဖြတ်ရန် ကြားဝင်ခဲ့စဉ်ကပင် ရှေးဟောင်းလင်းမိသားစုက နူးညံ့နေသေးသည်ဟု သူ ထင်ခဲ့မိသည်။
အဆုံးတွင်တော့ ထိုဖြစ်ရပ်မှာ အကြောင်းပြချက် ခိုင်လုံလှပြီး ရှေးဟောင်းလင်းမိသားစုအနေဖြင့် ဒေါသထွက်သည်မှာ သဘာဝကျလှပေသည်။
သို့သော် ယခုကြည့်ရသည်မှာ...
နူးညံ့တာ ဘာညာဆိုတာ အပိုတွေပဲ။
သူတို့က လွန်ခဲ့တဲ့ နှစ်ပေါင်းသုံးထောင်ကျော်က အခြေအနေအတိုင်း ပြန်ဖြစ်သွားကြပြီ။
နေပါဦး... နှစ်ပေါင်းသုံးထောင်လား။
ယောင်ကွမ်းသူတော်စင်နယ်မြေမှ နတ်ဘုရားနယ်ပယ် ကျွမ်းကျင်သူသည် တစ်စုံတစ်ခုကို သဘောပေါက်သွားပုံရ၏။ သူ၏အကြည့်မှာ ဟင်းလင်းပြင်အလွှာလွှာကို ဖြတ်သန်းပြီး လင်းချန်ရှိရာဘက်သို့ စိုက်ကြည့်လိုက်သည်။
ရှေးဟောင်းလင်းမိသားစု၏ သဘောထား ပြောင်းလဲသွားရခြင်း အကြောင်းရင်းမှာ ဤရှေးဟောင်းလင်းမိသားစု၏ နတ်ဘုရားသားတော်ကြောင့်များလား။
လွန်ခဲ့သော နှစ်ပေါင်းသုံးထောင်အတွင်း ဤနတ်ဘုရားသားတော်မှာ ချိပ်ပိတ်ထားခဲ့ပြီး လောကကြီးထဲသို့ ထွက်မလာခဲ့ပေ။
ယခု ရွှေရောင်ခေတ်ကြီး ရောက်ရှိလာချိန်တွင် နတ်ဘုရားသားတော် လင်းချန်သည်လည်း ချိပ်ပိတ်ခြင်းမှ နိုးထလာခဲ့ပြီး ၎င်းနောက်တွင် ရှေးဟောင်းလင်းမိသားစု၏ သဘောထားမှာ ချက်ချင်းပင် ပြောင်းလဲသွားခဲ့သည်။
လင်းချန်ကို စိုက်ကြည့်ရင်း ထိုနတ်ဘုရားနယ်ပယ် ကျွမ်းကျင်သူသည် ပို၍ စဉ်းစားလေလေ ဤအချက်မှာ အမှန်တရားဖြစ်ကြောင်း ပို၍ ခံစားရလေလေဖြစ်ပြီး သူ၏မျက်နှာထက်တွင် နောင်တရသော အရိပ်အယောင်များ မဖုံးနိုင် မဖိနိုင် ပေါ်လာတော့လေသည်။
ဒါကို သူ ဘာလို့ စောစောစီးစီး မတွေးမိခဲ့ရတာလဲ။
အကယ်၍ သူသာ စောစောတွေးမိခဲ့လျှင် သူတို့၏ သူတော်စင်သားတော်လည်း သေဆုံးခဲ့ရမည်မဟုတ်ပေ။
ယောင်ကွမ်းသူတော်စင်နယ်မြေမှ ကောင်များမှာ အချိန်အတော်ကြာသည်အထိ ပြန်လည်မတုံ့ပြန်သည်ကို မြင်သောအခါ လင်းကျင်းတစ်ယောက် စိတ်ပျက်သွားသည့် အမူအရာ ပြလိုက်သည်။
“ပျင်းစရာကြီး...။ နတ်ဘုရားသားတော် ရှိနေတုန်းလေး ငါ့ရဲ့ လက်ရည်ခြေရည်တွေကို ထုတ်ပြနိုင်မယ်လို့ အောက်မေ့နေတာ။”
“အလကား အားထုတ်မှု ဖြစ်သွားပြန်ပြီ။ နှမြောစရာပဲ။”
ထိုစကားကို ကြားလိုက်ရသောအခါ အခြားရှေးဟောင်းလင်းမိသားစု၏ အကြီးအကဲများမှာလည်း သဘောတူသည့်အနေဖြင့် ခေါင်းညိတ်လိုက်ကြသည်။
အမှန်ပင်... သူတို့သည် ဤတစ်ကြိမ်တွင် သူတို့၏ အရိုးအိုကြီးများကို လှုပ်ရှားခွင့်ရမည်ဟု ထင်ခဲ့သော်လည်း ဤယောင်ကွမ်းသူတော်စင်နယ်မြေမှ ကောင်များမှာ ကျောရိုးမရှိသလို ဖြစ်နေလိမ့်မည်ဟု မမျှော်လင့်ထားခဲ့ကြပေ။
အကယ်၍ သူတို့ ရှေးဟောင်းလင်းမိသားစုမှ သူတော်စင်တစ်ဦးသာ အသတ်ခံရပါက သူတို့သည် အင်အားချင်း မမျှတလျှင်တောင်မှ အဆုံးအထိ တိုက်ပွဲဝင်ကြမည်သာ ဖြစ်သည်။
သူတို့ ရှေးဟောင်းလင်းမိသားစုသည် ပြဿနာကို အရင်သွားမရှာသော်လည်း ပြဿနာလာရှာလျှင်လည်း ကြောက်ရွံ့တတ်သူများ မဟုတ်ပေ။
ထိုစကားများကို ကြားလိုက်ရသောအခါ ဖိအားများကို အနိုင်နိုင် ခုခံနေကြရသည့် ယောင်ကွမ်းသူတော်စင်နယ်မြေ အကြီးအကဲများ၏ နှုတ်ခမ်းများမှာ တဆတ်ဆတ် တုန်လှုပ်သွားကြလေတော့သည်။
ဒါဆို မင်းတို့က တကယ်ပဲ အခုလေးတင် ငါတို့ကို အကုန်သုတ်သင်ဖို့ ကြံစည်နေတာပေါ့ ဟုတ်လား။
သူတို့ ဘယ်သူ့ကို သွားတိုင်ရမလဲတောင် မသိတော့ဘူး။
လူငယ်တွေက အနိုင်ကျင့်ခံရပြီး နေရာမှာတင် သေဆုံးသွားရတယ်။ အခု လူကြီးတွေဖြစ်တဲ့ သူတို့လည်း ထပ်ပြီး အနိုင်ကျင့် စော်ကားခံနေရပြန်ပြီ။
ဖူကွမ်းမြို့၊ ဗဟိုနယ်မြေ...
ဘုန်း
ဝုန်းးး
...
ကောင်းကင်ယံတွင် တိမ်တိုက်များ ကြေမွပျက်စီးနေပြီး လေးလံသော အရှိန်အဝါများနှင့် ထက်ရှသော ဓားလမ်းစဉ်အရှိန်အဝါများ ရောယှက်နေကာ ဟင်းလင်းပြင်ကြီးမှာလည်း စုတ်ပြဲနေခဲ့သည်။
လင်းထင်ထောင်းနှင့် ကုချန်တို့၏ တိုက်ပွဲမှာ အထွတ်အထိပ်သို့ ရောက်ရှိနေပြီဖြစ်ပြီး အဆုံးသတ်ရန် နီးကပ်နေပြီဖြစ်သည်။
အောက်ဘက်တွင်မူ လင်းချန်သည် လက်နှစ်ဖက်ကို နောက်ပစ်ကာ ကောင်းကင်ယံမှ တိုက်ပွဲ အဆုံးသတ်ခါနီးနေသည်ကို ကြည့်ရင်း မျက်မှောင်အနည်းငယ် ကြုတ်လိုက်မိသည်။
၎င်းမှာ လင်းထင်ထောင်း အရေးနိမ့်နေ၍ မဟုတ်ပေ။ ဆန့်ကျင်ဘက်အနေဖြင့် ယခုအချိန်တွင် လင်းထင်ထောင်းသည် အပြတ်အသတ် အောင်ပွဲရရန် လက်တစ်ကမ်းအလိုသို့ ရောက်နေပြီဖြစ်သည်။
ကူချန် ရှုံးနိမ့်ဖို့ကတော့ သေချာသလောက် ရှိနေချေပြီ။
သူမျက်မှောင်ကြုတ်ရသည့် အကြောင်းရင်းမှာ တစ်စုံတစ်ယောက်က သူ့ကို အမှောင်ထဲမှနေ၍ ချောင်းမြောင်းကြည့်ရှုနေသည်ကို အာရုံခံမိလိုက်သောကြောင့် ဖြစ်သည်။
မည်သူက ချောင်းကြည့်နေသည်ကို သူ အတိအကျ မသိရသော်လည်း ခပ်ရေးရေးတော့ အာရုံခံမိနေ၏။ သူ၏ နှစ်မွှယမျက်ဝန်းကလည်း အချို့သော သဲလွန်စများကို ရှာဖွေတွေ့ရှိထားပြီးဖြစ်သည်။
ထိုလူသည် မြို့အတွင်းရှိ ဟင်းလင်းပြင်နယ်မြေတစ်ခုထဲတွင် ပုန်းအောင်းနေပုံရပြီး မျက်နှာကို ရှင်းရှင်းလင်းလင်း မမြင်ရသော်လည်း ထိုသူမှာ အလွန်သန်မာသည်ကိုတော့ သူ သေချာပေါက် သိနေ၏။
အနည်းဆုံးတော့... နတ်ဘုရားနယ်ပယ် ကျွမ်းကျင်သူတစ်ဦးပဲ။
လင်းချန်သည် အသက်ကို ပြင်းပြင်းရှူလိုက်ပြီး မျက်မှောင်ကြုတ်ထားသည်ကို ပြေလျော့လိုက်ကာ အေးစက်စွာ ပြောလိုက်သည်။
“ယောင်ကွမ်းသူတော်စင်နယ်မြေက အဖိုးကြီးတစ်ယောက်ယောက်လား။ ငါ သူတို့ရဲ့ သူတော်စင်သားတော်ကို သတ်လိုက်လို့ နည်းနည်း မကျေမနပ် ဖြစ်နေပုံပဲ။”
ထိုသို့ပြောလိုက်သော်လည်း လင်းချန်သည် သူတော်စင်သားတော်ကို သတ်လိုက်သည့်ကိစ္စကို စိတ်ထဲတွင် အစွဲအလမ်း လုံးဝမရှိပေ။
သူ့အတွက်တော့ သူတော်စင်သားတော်ဆိုသည်မှာ သူ၏ကျင့်ကြံခြင်းလမ်းခရီးတွင် ဖြတ်သန်းသွားသော လမ်းသွားလမ်းလာ တစ်ယောက်မျှသာ ဖြစ်သည်။
သူ အတိတ်က သတ်ဖြတ်ခဲ့ဖူးသည့် ပါရမီရှင်ဆိုသူများနှင့် ဘာမှမထူးခြားပေ။
အကယ်၍ ထိုအင်အားစုများက သူတို့၏ ဝါစဉ်ဖြင့် အငယ်ကို အနိုင်ကျင့်လိုပါကလည်း သူတို့၏ ရှေးဟောင်းလင်းမိသားစုမှာ အလွယ်တကူ အနိုင်ကျင့်ခံမည့်သူများ မဟုတ်ပေ။
ကွာစီဧကရာဇ် ကျွမ်းကျင်သူကိုပင် နှိမ်နင်းသတ်ဖြတ်နိုင်ခဲ့သည်ဆိုလျှင် သာမန် နတ်ဘုရားနယ်ပယ်လောက်ကိုတော့ ပြောနေစရာပင် မလိုတော့ချေ။
ထိုအခိုက်တွင် မကျေမနပ် ဖြစ်နေသော ဒေါသတကြီး ဟိန်းဟောက်သံတစ်ခု ကောင်းကင်ယံမှ ထွက်ပေါ်လာပြီး မြေကမ္ဘာအနှံ့ ပဲ့တင်ထပ်သွားတော့သည်။
“မဖြစ်နိုင်ဘူး။ ဒါက ဘယ်လိုလုပ် ဖြစ်နိုင်မှာလဲ။”
ဘုန်း
ထိုအသံမဆုံးမီမှာပင် စုတ်ပြတ်သတ်နေသော ပုံရိပ်တစ်ခုသည် ကောင်းကင်ယံ တိမ်တိုက်များပေါ်မှ လွင့်စဉ်ကျလာပြီး မြေပြင်ပေါ်သို့ ဝုန်းခနဲ ကျရောက်သွားတော့သည်။
ဝုန်း
ဧရာမ မြည်ဟိန်းသံကြီးနှင့်အတူ ဖူကွမ်းမြို့၏ ဗဟိုနယ်မြေမှာ ထိုစုတ်ပြတ်သတ်နေသော ပုံရိပ်ကြောင့် ချက်ချင်းပင် ကြီးမားသော ကျင်းကြီးတစ်ခု ဖြစ်သွားတော့လေသည်။
နောက်အခိုက်တွင် အရပ်မျက်နှာအသီးသီးမှ နတ်ဘုရားအာရုံလှိုင်းများ စုပြုံရောက်ရှိလာပြီး ကျင်းထဲတွင် မည်သူရှိနေသည်ကို စူးစမ်းကြတော့၏
ကျင်းထဲတွင် လဲလျောင်းနေသူမှာ မည်သူဖြစ်ကြောင်း သိလိုက်သည်နှင့် မည်သူနိုင်၊ မည်သူရှုံးဆိုသည်ကို သူတို့ သိကြပေလိမ့်မည်။
ကျင်းထဲမှ လူကို ရှင်းရှင်းလင်းလင်း မြင်လိုက်ရသောအခါ ထိုနတ်ဘုရားအာရုံလှိုင်းများ အားလုံး ပြင်းထန်စွာ တုန်လှုပ်သွားကြ၏။
ကုချန်
ယောင်ကွမ်းသူတော်စင်နယ်မြေ၏ ရှေးဟောင်းလူထူးဆန်း၊ ပါရမီရှင်စာရင်း အဆင့် (၁၈) ရှိသူ ကုချန် ဖြစ်နေခဲ့လေသည်။
ကုချန်နှင့် လင်းထင်ထောင်းတို့၏ တိုက်ပွဲတွင် ကုချန် အမှန်တကယ် ရှုံးနိမ့်သွားခဲ့ချေပြီ။
ကုချန်က ရှေးဟောင်းလင်းမိသားစု၏ နတ်ဘုရားသားတော် လင်းချန်ကို စိန်ခေါ်ချင်နေခဲ့သည်ကို သူတို့ ပြန်လည်သတိရမိလိုက်ကြသည်။
ယခုမူ သူသည် ပါရမီရှင်စာရင်း အဆင့် (၁၀) ရှိသော လင်းမိသားစုပါရမီရှင် လင်းထင်ထောင်းကိုပင် အနိုင်မယူနိုင်ပါက မည်သို့လုပ်မည်နည်း။
ဤအချိန်တွင် အမှောင်ထဲ၌ ပုန်းကွယ်နေကြသော သို့မဟုတ် အပြင်၌ ရှိနေကြသော အခြားတိုက်ကြီးများမှ ပါရမီရှင်များနှင့် ကျွမ်းကျင်သူများအားလုံး၏ မျက်နှာထက်တွင် ထူးဆန်းသော အမူအရာများ ပေါ်ပေါက်လာလေတော့သည်။
ဒီကုချန်က တကယ့်လူပြက်တစ်ယောက်ပဲ။
ရွှပ်...
လေထိုကို ထိုးခွဲလိုက်သည့်သံနှင့်အတူ လင်းထင်ထောင်း၏ ပုံရိပ်သည် ကောင်းကင်ယံမှ ဝှေ့ယမ်းဆင်းသက်လာပြီး လင်းချန်၏ ရှေ့မှောက်တွင် ရပ်တန့်လိုက်၏။
အရင်နှင့် နှိုင်းယှဉ်ပါက လင်းတင်ထောင်း၏ ဝတ်စုံတွင် အရေးအကြောင်း အနည်းငယ်ရှိနေပြီး သူ၏ အရှိန်အဝါမှာမူ အနည်းငယ် မတည်မငြိမ်ဖြစ်နေရုံသာ ရှိသည်။ ၎င်းမှလွဲ၍ သူ၏ ခန္ဓာကိုယ်ပေါ်တွင် မည်သည့်ဒဏ်ရာမျှ မတွေ့ရပေ။
ထိုမြင်ကွင်းကို ကြည့်နေကြသော ပတ်ဝန်းကျင်မှ ပါရမီရှင်များနှင့် ကျွမ်းကျင်သူများအားလုံး တိတ်ဆိတ်သွားကြ၏။ လင်းထင်ထောင်း၏ အောင်ပွဲမှာ အတော်လေးကို လွယ်ကူလွန်းနေပုံရသည်။
ဒါက ပါရမီရှင်စာရင်း အဆင့် (၁၀) နဲ့ အဆင့် (၁၈) ကြားက ကွာဟချက်လား။
ပတ်ဝန်းကျင်မှ အကြည့်များကို လျစ်လျူရှုကာ လင်းထင်ထောင်းသည် လင်းချန်ကို လေးစားစွာ လက်ယှက်၍ ဂါရဝပြုလိုက်၏။
“နတ်ဘုရားသားတော်... ကျုပ် တာဝန်ကျေပွန်ခဲ့ပါပြီ။ ကုချန်ကို အနိုင်ယူခဲ့ပါပြီ။”
ထိုစကားကို ကြားလိုက်ရသောအခါ လင်းချန်က ခပ်ဖွဖွ ပြုံးလိုက်သည်။
“မင်းရဲ့ အကြီးမားဆုံး တိုးတက်မှုက ကုချန်ကို အနိုင်ယူလိုက်တာ မဟုတ်ဘူး။ ကမ္ဘာဦးလက်သီးအပေါ် ပိုပြီး နက်နက်ရှိုင်းရှိုင်း နားလည်သွားတာပဲ။”
“တခြားသူတွေဆိုတာ မင်းလိုက်မှီဖို့ ကြိုးစားရမယ့် ပစ်မှတ်တွေ မဟုတ်ဘူး။ မင်းရဲ့ စစ်မှန်တဲ့ ရန်သူက မင်းကိုယ်တိုင်ပဲ။”
“ကိုယ့်ကိုယ်ကိုယ် ကျော်ဖြတ်နိုင်တာက ဘာထက်မဆို ပိုအရေးကြီးတယ်။”
ထိုစကားများကို ကြားလိုက်ရသောအခါ လင်းထင်ထောင်း၏ မျက်နှာတွင် ဉာဏ်အလင်းပွင့်သွားသည့် အမူအရာတစ်ခု ဖြစ်ပေါ်လာခဲ့သည်။
“လမ်းညွှန်ပေးတဲ့အတွက် ကျေးဇူးတင်ပါတယ် နတ်ဘုရားသားတော်။”
အမှန်ပင်။ မိမိကိုယ်ကိုယ် ကျော်ဖြတ်နိုင်ခြင်းကသာ အရေးအကြီးဆုံး ဖြစ်ပေသည်။
လင်းချန်သည် လင်းထင်ထောင်း၏ ပုခုံးကို ပုတ်ပေးလိုက်ပြီး ကျင်းကြီး၏ ဘေးတွင်ရပ်ကာ အနိုင်နိုင် ထရန်ကြိုးစားနေသည့် ကုချန်ကို ငုံ့ကြည့်ရင်း အေးစက်စွာ ပြောလိုက်၏။
“ကုချန်... မင်းက ဖူကွမ်းမြို့ရဲ့ အခြေခံအဆောက်အဦးတွေကို ပျက်စီးစေခဲ့တဲ့အတွက် မြို့ရဲ့ ဆုံးရှုံးမှုတွေကို လျော်ကြေးပေးရမယ်။”
“နောက်ကျရင် မင်းရဲ့ ယောင်ကွမ်းသူတော်စင်နယ်မြေက လူတွေကို ခေါ်ပြီး မြို့တော်ဝန်နန်းတော်ကို သွားလိုက်ပါ။ လျော်ကြေးပေးရမယ့် အသေးစိတ် အချက်အလက်တွေကို အဲ့ဒီမှာပဲ ကိုယ်တိုင် မေးမြန်းစုံစမ်းလိုက်။”
ကျင်းကြီးအတွင်း၌...
ကုချန်သည် မြေပြင်ပေါ်တွင် ပက်လက်လန်ကာ လဲလျောင်းနေ၏။ သူ၏ ခန္ဓာကိုယ်ပေါ်တွင် ကြောက်မက်ဖွယ်ကောင်းသော လက်သီးရာ အချိုင့်အခွက်များက သူ၏ ရုပ်ခန္ဓာတစ်ခုလုံးနီးပါးကို ဖုံးလွှမ်းနေခဲ့သည်။
သူဝတ်ဆင်ထားသော မှော်ရတနာ ဝတ်စုံမှာလည်း စုတ်ပြတ်သတ်နေသည့် အဝတ်စုတ်များ ဖြစ်သွားပြီး သူ၏ အရှိန်အဝါမှာလည်း အားအင်ချည့်နဲ့နေခဲ့သည်။
လင်းချန်၏ စကားကို ကြားလိုက်ရသောအခါ သူသည် သွေးအဟောင်းများကိုပင် အန်ထုတ်မိတော့မလို ဖြစ်သွားခဲ့၏။
ဒါက ဘာအဓိပ္ပာယ်လဲ။
ငါ့ရဲ့ မျိုးဆက်ကိုလည်း မင်းသတ်တယ်။ ငါလည်း လင်းထင်ထောင်းရဲ့ ရိုက်နှက်တာကို ခံရတယ်။ အခုတော့ ဖူကွမ်းမြို့ကိုပါ လျော်ကြေး ပေးရဦးမှာလား။
အလွန်အမင်း မကျေမနပ် ဖြစ်နေသော်လည်း ကုချန်သည် သူသာ ဆက်ပြီး မောက်မာနေပါက သူ၏ အဆုံးသတ်မှာ သူတော်စင်သားတော်ထက် ပိုကောင်းမည်မဟုတ်ကြောင်း သိနေခဲ့လေသည်။
ယခုအချိန်တွင် သူ အောင့်အည်းသည်းခံရုံသာ ရှိတော့သည်။ နောက်မှ ကလဲ့စားချေရန် အခွင့်အရေးကို စောင့်ရပေလိမ့်မည်။
ဒေါသကို မျိုသိပ်ကာ ကုချန်တစ်ယောက် ခက်ခက်ခဲခဲ ပြန်လည်ဖြေကြားလိုက်၏။
“ဟုတ်ကဲ့... ကျုပ်ရဲ့ ယောင်ကွမ်းသူတော်စင်နယ်မြေက ဖူကွမ်းမြို့ရဲ့ ဆုံးရှုံးမှုတွေအတွက် လျော်ကြေးပေးပါ့မယ်။”
ဤစကားများကို သူသည် အံကို တင်းတင်းကြိတ်ကာ တစ်လုံးချင်း ပြောလိုက်ခြင်း ဖြစ်သည်။
လင်းချန်သည် သူ၏ လေသံကို ဂရုမစိုက်ဘဲ ခေါင်းကို အသာအယာ ညိတ်လိုက်၏။
“ဒါဆိုရင်တော့ အကောင်းဆုံးပေါ့။”
အကယ်၍ ကုချန်သည် နောင်တမရဘဲ ဆက်လက် မှားယွင်းနေဦးမည်ဆိုပါက သူကိုယ်တိုင် တိုက်ရိုက် ချေမှုန်းသတ်ဖြတ်ရန် ဝန်လေးနေမည်မဟုတ်ပေ။ ဤကောင်မှာ ယောင်ကွမ်းသူတော်စင်နယ်မြေမှ ပါရမီရှင်များထဲတွင် ကျောရိုးရှိသော တစ်ဦးတည်းသောသူဟု သတ်မှတ်နိုင်ပေသည်။
ဤအချိန်တွင် လင်းရှန်ဟဲနှင့် အခြား ရှေးဟောင်းလင်းမိသားစုမှ ပါရမီရှင်များသည်လည်း လင်းချန်၏ နောက်တွင် လာရပ်လိုက်ကြ၏။
တိုက်ပွဲက အဆုံးအဖြတ် ဖြစ်သွားပြီဖြစ်ရာ ယောင်ကွမ်းသူတော်စင်နယ်မြေမှ ပျင်းစရာကောင်းသော ကောင်များကို စောင့်ကြည့်နေစရာ မလိုတော့ပေ။
လင်းချန်သည် ကျင်းကြီးထဲမှ အကြည့်ကို ရုပ်သိမ်းကာ ပါရမီရှင် အုပ်စုကို ကြည့်ရင်း ခပ်ဖွဖွ ပြုံးလိုက်သည်။
“သွားကြစို့။ ဒီပြဇာတ်က ပြီးသွားပြီ။ ငါတို့လည်း မြို့တော်ဝန်နန်းတော်ကို သွားပြီး ကိစ္စရပ်တွေကို ဦးစီးကျင်းပရင်း နတ်ဘုရားမျှော်စင် ဆင်းသက်လာမယ့်အချိန်ကို စောင့်ကြတာပေါ့။”
ပြောပြောဆိုဆိုနှင့်ပင် သူသည် လက်ကို ဝှေ့ယမ်းလိုက်ပြီး သူ့ဘေးရှိ ဟင်းလင်းပြင်ကို ဆွဲဖြဲလိုက်တော့သည်။
နောက်အခိုက်တွင် ပတ်ဝန်းကျင်ရှိ ကျွမ်းကျင်သူများနှင့် ပါရမီရှင်များစွာ၏ စိုက်ကြည့်နေမှုအောက်တွင် လင်းချန်၊ လင်းရှန်ဟဲနှင့် အခြားပါရမီရှင်များ၏ ပုံရိပ်များသည် ဟင်းလင်းပြင်အက်ကြောင်းအတွင်းသို့ ဝင်ရောက်ပျောက်ကွယ်သွားကြတော့လေသည်။
ထိုအရာကို မြင်တွေ့လိုက်ရသောအခါ အဖြစ်အပျက်အားလုံးကို မျက်ဝါးထင်ထင် တွေ့မြင်ခဲ့ကြသည့် ပါရမီရှင်များနှင့် ကျွမ်းကျင်သူများစွာမှာ စိတ်လှုပ်ရှားစွာဖြင့် သက်ပြင်းချလိုက်ကြမိတော့သည်။
နတ်ဘုရားမျှော်စင် ဆင်းသက်လာမည့် အချိန်အတောအတွင်းတွင် အခြားတိုက်ကြီးများမှ ရောက်ရှိလာကြသော ပါရမီရှင်များနှင့် ကျွမ်းကျင်သူများသည် နောက်နောင်တွင် ပြဿနာရှာရန် ဝံ့ရဲကြတော့မည်မဟုတ်ပေ။
အကယ်၍ တစ်စုံတစ်ယောက်ကသာ ပြဿနာရှာဦးမည်ဆိုပါက ယောင်ကွမ်းသူတော်စင်နယ်မြေ၏ အဖြစ်အပျက်မှာ သူတို့အတွက် အကောင်းဆုံး သာဓကတစ်ခု ဖြစ်ပေလိမ့်မည်။