← Chapters

အခန်း (၂၅-၂၆)

Vol. 3 Ch. 25-26

အခန်း (၂၅-၂၆)

Vol. 3 Ch. 25-26

အခန်း ၂၅ - အင်အားစုအသီးသီးမှ နတ်ဘုရားမျှော်စင် ဆင်းသက်လာမည့်အချိန်ကို စောင့်ဆိုင်းကြခြင်း၊ လက်မှတ်ထိုးဝင်ခြင်း၊ မူလဖရိုဖရဲ ခုတ်ချက်ကိုးခု

လင်းချန်နှင့် အခြားသူများ၏ အရှိန်အဝါများ လုံးဝဥဿုံ ပျောက်ကွယ်သွားပြီးနောက်မှသာ မိုလီနှင့် ယောင်ကွမ်းသူတော်စင်နယ်မြေမှ အခြားပါရမီရှင်များသည် ကျင်းနက်ကြီးထဲသို့ ခုန်ဆင်းကာ အတွင်း၌ လဲလျောင်းနေသော ကုချန်ကို ထုတ်ယူရဲကြတော့လေသည်။

ကုချန်က ကိုယ်တိုင်မထွက်လာချင်၍ မဟုတ်ဘဲ သူသည် အတော်အတန် လှုပ်ရှားနိုင်စွမ်း မရှိတော့ခြင်းကြောင့် ဖြစ်သည်။

ကုချန်၏ ဒဏ်ရာများမှာ အလွန်ပြင်းထန်လှပြီး သူ၏ခန္ဓာကိုယ်အတွင်း၌ ထိတ်လန့်ဖွယ်ကောင်းသော စွမ်းအားတစ်ခုမှာ စီးဆင်းနေခဲ့သည်။ အကယ်၍ ၎င်းကို အမြန်ဆုံး မဖယ်ရှားနိုင်ပါက...

သူသည် မကြာမီ ရောက်ရှိလာတော့မည့် နတ်ဘုရားမျှော်စင် အခွင့်အရေးကို ခံစားနိုင်တော့မည် မဟုတ်ပေ။

နောက်ဆုံးတွင် ယောင်ကွမ်းသူတော်စင်နယ်မြေမှ ပါရမီရှင်မိစ္ဆာကောင်များသည် လှောင်ပြောင်သရော်သော အကြည့်များစွာအောက်တွင် စိတ်ပျက်လက်ပျက်ဖြင့် ထွက်ခွာသွားကြရတော့သည်။

သူတို့ ရောက်ရှိလာစဉ်ကမူ သူရဲကောင်းစိတ်ဓာတ်များ အပြည့်နှင့် စင်မြင့်တစ်ခု တည်ဆောက်ကာ တာအိုပြည်နယ် သုံးထောင်မှ ပါရမီရှင်များကို စိန်ခေါ်ခဲ့ပြီး ဖူကွမ်းမြင့်မြတ်ပြည်နယ်မှာ ဘာမှမထူးခြားဘူးဟုပင် ကြွေးကြော်ခဲ့ကြသေးသည်။

သို့သော် သူတို့ ပြန်လည်ထွက်ခွာချိန်တွင်မူ မရေမတွက်နိုင်သော ကျွမ်းကျင်သူများ၏ လှောင်ပြောင်သော မျက်လုံးများအောက်တွင် အရှက်တကွဲဖြင့် ဆုတ်ခွာသွားခဲ့ကြရပြီး အစကောင်းသော်လည်း အဆုံးမလှသော နိဂုံးတစ်ခု ဖြစ်ခဲ့ရလေသည်။

ဤတစ်ကြိမ်တွင် ယောင်ကွမ်းသူတော်စင်နယ်မြေသည် တာအိုပြည်နယ် သုံးထောင်အတွင်း အမှန်တကယ်ပင် နာမည်ကျော်သွားခဲ့သော်လည်း ကောင်းသောနာမည်မျိုးတော့ မဟုတ်ပေ။

သို့သော် ယောင်ကွမ်းပါရမီရှင်များသည် ဖူကွမ်းမြို့မှ ချက်ချင်းထွက်မသွားကြသေးဘဲ မြို့တော်ဝန်နန်းတော်သို့ အရင်သွားခဲ့ကြ၏။

ဖူကွမ်းမြို့ကို လျော်ကြေးပေးရန် လိုအပ်သေးသည်ကို သူတို့ မှတ်မိနေသေးသည်။ ဤကဲ့သို့သော ကိစ္စအသေးအမွှားလေးကြောင့် လင်းချန်က သူတို့အပေါ် ဆက်လက်ရန်လိုနေမည်ဆိုပါက မထိုက်တန်ပေ။

ထိုမိစ္ဆာကောင်နှင့် ပတ်သက်ရမည့်ကိစ္စမှန်သမျှကို သူတို့ တတ်နိုင်သမျှ ရှောင်ရှားရပေမည်။ သူက တကယ့်ကို မိစ္ဆာဆန်လွန်းလှ၏။

ဖူကွမ်းမြို့၊ မြို့တော်ဝန်နန်းတော်၏ အဓိကခန်းမဆောင်...

လင်းချန်သည် မြို့တော်ဝန်၏ ရာဇပလ္လင်ပေါ်တွင် ထိုင်နေပြီး အောက်တွင် ရပ်နေသော လူလတ်ပိုင်းအရွယ် အမျိုးသား၏ အစီရင်ခံစာကို တည်ငြိမ်စွာ နားထောင်နေခဲ့သည်။

“မင်းပြောတာက တစ်ရက်မပြည့်ခင်မှာတင် ထိပ်တန်းအင်အားစုတွေက ပါရမီရှင်တွေနဲ့ ကျွမ်းကျင်သူ ရာပေါင်းများစွာ ဖူကွမ်းမြို့ထဲကို စုပြုံရောက်ရှိလာတယ်ပေါ့ ဟုတ်လား။”

ထိုလူလတ်ပိုင်း အမျိုးသားသည် ထိန်းချုပ်ထားသော အရှိန်အဝါနှင့် ပြတ်သားသော အမူအရာ ရှိသော်လည်း သေချာစစ်ဆေးကြည့်ပါက သူသည် စစ်မှန်သော သူတော်စင်ဘုရင်နယ်ပယ် ကျွမ်းကျင်သူတစ်ဦး ဖြစ်ကြောင်း တွေ့ရမည်ဖြစ်သည်။

လင်းချန်၏ စကားကို ကြားရသောအခါ ပြတ်သားသော ထိုလူလတ်ပိုင်း အမျိုးသား၏ မျက်နှာတွင် လေးစားသောအမူအရာများ ပေါ်လွင်လာပြီး ပြန်လည်ဖြေကြားလိုက်၏။

“မှန်ပါတယ် နတ်ဘုရားသားတော် အရှင်။ ကျွန်တော်မျိုး စောစောက အရှင့်ကို လာရောက်မကြိုဆိုနိုင်ခဲ့တာက အဲ့ဒီအင်အားစုတွေရဲ့ ကိစ္စရပ်တွေကို ကိုင်တွယ်နေရလို့ပါ။”

“ကံကောင်းတာက သူတို့တွေက ယောင်ကွမ်းသူတော်စင်နယ်မြေကလူတွေလို မြို့ထဲမှာ ပြဿနာမရှာကြပါဘူး။”

“ဖူကွမ်းမြို့ကို ရောက်လာပြီးတာနဲ့ သူတို့က နေအိမ်တွေကိုယ်စီ ငှားရမ်းကြပြီး တံခါးပိတ်အနားယူနေကြပါတယ်။”

“ယောင်ကွမ်းသူတော်စင်နယ်မြေက ဖြစ်ပွားခဲ့တဲ့ ပြဿနာကလည်း ကျွန်တော်မျိုးရဲ့ ပေါ့ဆမှုကြောင့်ပါ။ အရှင် ကျွန်တော်မျိုးကို အပြစ်ပေးပါ။”

ပြောပြောဆိုဆိုနှင့်ပင် သူသည် ဒူးတစ်ဖက်ထောက်ကာ အပြစ်ပေးခံရန် အသင့်ပြင်လိုက်၏။ လင်းချန်က ထိုစကားကိုကြားသောအခါ ခေါင်းကို အသာအယာ ခါယမ်းလိုက်သည်။

“ဒါက မင်းရဲ့ ပြဿနာမဟုတ်ပါဘူး။ ဒါဟာ တာအိုပြည်နယ် သုံးထောင်တစ်ခုလုံးကို ရိုက်ခတ်နေတဲ့ နတ်ဘုရားမျှော်စင် ဆင်းသက်လာမှုကြောင့် ဖြစ်ပေါ်လာတဲ့ ရုတ်ရုတ်သဲသဲ အခြေအနေပဲ။”

ပြတ်သားသော ထိုလူလတ်ပိုင်း အမျိုးသားမှာ အခြားသူမဟုတ်ဘဲ ဖူကွမ်းမြို့၏ မြို့တော်ဝန် လင်းဟိုင်ပင် ဖြစ်သည်။ သူသည် သူတော်စင်ဘုရင်နယ်ပယ်အဆင့်ကိုး ကျွမ်းကျင်သူဖြစ်ပြီး ရှေးဟောင်းလင်းမိသားစု၏ မိသားစုခွဲမှ ဆင်းသက်လာသူတစ်ဦးလည်း ဖြစ်သည်။

လင်းဟိုင်၏ စကားအရ လင်းချန်သည် စောစောက ယောင်ကွမ်းသူတော်စင်နယ်မြေကို အပြစ်ပေးစဉ်က ထိုအင်အားစုများမှ ပါရမီရှင်များနှင့် ကျွမ်းကျင်သူများ သေချာပေါက် စောင့်ကြည့်နေခဲ့ကြမည်မှာ ထင်ရှားပေသည်။

ဒါလည်း ကောင်းပါသည်။ ထိုမြင်ကွင်းကို မြင်တွေ့ပြီးနောက်တွင်တော့ လာမည့်ရက်များအတွင်း မည်သည့်ပြဿနာမျှ ထပ်ရှိလာတော့မည်မဟုတ်ပေ။

ဖူကွမ်းမြို့မှ အဖြစ်အပျက်များသည် ဖူကွမ်းမြင့်မြတ်ပြည်နယ်တစ်ခုလုံးသို့ ပျံ့နှံ့သွားသည်နှင့် အခြားအင်အားစုများမှ ကျွမ်းကျင်သူများနှင့် ပါရမီရှင်များသည်လည်း လိမ္မာပါးနပ်စွာ နေထိုင်ကြလိမ့်မည်ဖြစ်သည်။

ခေတ္တမျှ စဉ်းစားပြီးနောက် လင်းချန်က ညွှန်ကြားလိုက်သည်။

“ဒါဆိုရင်တော့ လာမယ့်ရက်အနည်းငယ်အတွင်းမှာ ဖူကွမ်းမြို့ရဲ့ လုံခြုံရေးကို ကောင်းကောင်းစီမံခန့်ခွဲပေးဖို့ မြို့တော်ဝန် လင်းဟိုင်ကိုပဲ အားကိုးရပါဦးမယ်။”

ထိုစကားကို ကြားသောအခါ လင်းဟိုင်က လေးနက်စွာ လက်ယှက်၍ ဂါရဝပြုလိုက်သည်။

“အမိန့်အတိုင်းပါ အရှင်။”

ထိုသို့ပြောပြီးသည်နှင့် သူသည် ခန်းမဆောင်အတွင်းမှ နောက်ဆုတ်ကာ ထွက်ခွာသွားတော့သည်။

လင်းဟိုင် ထွက်ခွာသွားပြီးနောက် လင်းချန်သည် ဘေးတစ်ဖက်တစ်ချက်စီရှိ တရားထိုင်ဖျာများပေါ်တွင် တင်ပလ္လင်ခွေထိုင်နေကြသော လင်းရှန်ဟဲနှင့် အခြားပါရမီရှင်များကို ကြည့်ကာ ခပ်ဖွဖွ ပြုံးလိုက်၏။

“ကောင်းကင်တာအိုရဲ့ အဆိုအရ နတ်ဘုရားမျှော်စင်က နောက်သုံးရက်နေရင် ဖူကွမ်းမြင့်မြတ်ပြည်နယ်ကို ဆင်းသက်လာလိမ့်မယ်။ အခု အဲ့ဒီသုံးရက် သတ်မှတ်ချက်ပြည့်ဖို့ နှစ်ရက်ပဲ လိုတော့တယ်။”

“ကျန်ရှိနေတဲ့ ဒီနှစ်ရက်အတွင်းမှာ အားလုံး အနားယူထားကြပါ။ နတ်ဘုရားမျှော်စင်အတွက် အင်အားပြည့်ဝအောင် ပြင်ဆင်ထားကြ။”

သူ့အသံ ဆုံးသည်နှင့် လင်းရှန်ဟဲ၊ လင်းထင်ထောင်းနှင့် အခြားရှေးဟောင်းလင်းမိသားစု ပါရမီရှင်များအားလုံး မတ်တပ်ရပ်ကာ လက်ယှက်၍ ပြန်လည်ဖြေကြားလိုက်ကြ၏။

“အမိန့်အတိုင်းပါ အရှင်။”

အမှန်စင်စစ် သူတို့ ဤတစ်ကြိမ် ဖူကွမ်းမြို့သို့ လာရခြင်း၏ ရည်ရွယ်ချက်မှာ ယောင်ကွမ်းသူတော်စင်နယ်မြေကို ဝပ်ဆင်းသွားအောင်လုပ်ရန်နှင့် ဖူကွမ်းမြို့ကို စောင့်ရှောက်ရန်ဖြစ်သည်။ ယခုအခါ ထိုတာဝန်များ ပြီးမြောက်သွားပြီဖြစ်ရာ နတ်ဘုရားမျှော်စင် ဆင်းသက်လာမည့်အချိန်ကို စောင့်ဆိုင်းပြီး စူးစမ်းလေ့လာရန်သာ ကျန်ရှိတော့သည်။

လင်းချန် မတ်တပ်ရပ်လိုက်ပြီး လက်ကို အသာဝေ့ယမ်းလိုက်၏။

“မင်းတို့အားလုံး မြို့တော်ဝန်နန်းတော်ထဲမှာ အနားယူဖို့ နေရာကိုယ်စီ ရွေးချယ်လိုက်ကြပါ။ ငါ့မှာ ကိုယ်ရေးကိုယ်တာကိစ္စလေးတွေ ရှိသေးလို့ အရင်သွားနှင့်မယ်။”

ထိုသို့ပြောပြီးသည်နှင့် လင်းချန်သည် ခြေတစ်လှမ်း လှမ်းလိုက်ပြီး ခန်းမဆောင်အတွင်းမှ ပျောက်ကွယ်သွားတော့သည်။

ထိုအရာကို မြင်သောအခါ လင်းထင်ထောင်းသည် နောက်မှ လိုက်သွားချင်သော်လည်း လင်းရှန်ဟဲက အချိန်မီ တားဆီးလိုက်၏။

“အရှင်က မင်းကို လိုက်ခဲ့ဖို့ မပြောဘူးဆိုတော့ သူ့မှာ သူကိုယ်တိုင် ကိုင်တွယ်ရမယ့် ကိစ္စတွေ ရှိနေလို့ ဖြစ်လိမ့်မယ်။”

“ငါတို့ နောက်ထပ်လုပ်ရမှာက ကိုယ့်ရဲ့ အခြေအနေကို အကောင်းဆုံးဖြစ်အောင် ပြင်ဆင်ပြီး နတ်ဘုရားမျှော်စင် ဆင်းသက်လာမယ့်အချိန်ကို စောင့်ဖို့ပဲ။”

“ဒီတစ်ကြိမ်မှာလည်း ငါတို့ ရှေးဟောင်းလင်းမိသားစုရဲ့ ဂုဏ်သတင်းကို တစ်ဖန် ပြန်လည် ထွန်းပြောင်စေရမယ်။”

ထိုစကားကြောင့် အခြားပါရမီရှင်များအားလုံး လေးနက်စွာ ခေါင်းညိတ်လိုက်ကြသည်။ အမှန်ပင်။ ယခင် ပါရမီရှင်စာရင်း ထွက်ပေါ်လာစဉ်က သူတို့၏ ရှေးဟောင်းလင်းမိသားစုမှာ တောက်ပခဲ့ပြီးဖြစ်သည်။ ယခု ဒုတိယမြောက် အခွင့်အရေး ရောက်ရှိလာချိန်၌လည်း သူတို့ လက်လွှတ်မခံနိုင်ပေ။

လင်းထင်ထောင်းသည် လင်းချန် ထွက်ခွာသွားသော အရပ်မျက်နှာသို့ ကြည့်ကာ တိတ်ဆိတ်စွာ ခေါင်းညိတ်လိုက်၏။

စိတ်မပူပါနဲ့ အရှင်။ ကျွန်တော်မျိုး သေချာပေါက် ကြိုးစားကျင့်ကြံပြီး အရှင့်အတွက် ဝန်ထုပ်ဝန်ပိုး မဟုတ်ဘဲ အားကိုးရတဲ့ လက်ရုံးတစ်ဆူ ဖြစ်လာစေရပါ့မယ်။

မြို့တော်ဝန်နန်းတော်အတွင်းရှိ လွတ်လပ်သော ခန်းမဆောင်တစ်ခုအတွင်း...

လင်းချန်သည် သူ၏ နတ်ဘုရားဝိညာဉ်စွမ်းအားကို ထုတ်လွှတ်ကာ ပတ်ဝန်းကျင်ကို စစ်ဆေးလိုက်၏။ အခြားသူ မရှိကြောင်း အတည်ပြုပြီးနောက် သူ၏ စိတ်ထဲမှ ရေရွတ်လိုက်တော့သည်။

“စနစ်... လက်မှတ်ထိုးဝင်မယ်။”

ဖူကွမ်းမြို့သို့ ရောက်ရှိပြီးနောက် သူ၏စနစ်က လက်မှတ်ထိုးဝင်ရန် အခွင့်အရေးတစ်ခု ပွင့်သွားပြီဖြစ်ကြောင်း သတိပေးခဲ့၏။ ထိုစဉ်က လင်းချန်သည် ဖူကွမ်းမြို့တွင် လက်မှတ်ထိုးဝင်ရန် အခွင့်အရေး ရနိုင်ခဲ့သည်ကို အတော်လေး အံ့အားသင့်ခဲ့ရသည်။

စနစ်၏အမြင်တွင် ဤရှေးဟောင်းမြို့တော်သည်လည်း ထူးခြားဆန်းပြားသော နေရာတစ်ခု ဖြစ်ပုံရသည်။ သို့သော်လည်း နောက်ပိုင်းတွင် သူသည် လက်မှတ်ထိုးဝင်ရန် အခွင့်အသာ မရခဲ့ပေ။ ယခု အရာအားလုံး အခြေကျသွားပြီဖြစ်ရာ ဖူကွမ်းမြို့အတွက် လက်မှတ်ထိုးဝင်ရန် အချိန်တန်ပြီဖြစ်သည်။

“အိမ်ရှင်၏ တောင်းဆိုချက်ကို လက်ခံရရှိပါပြီ။ လက်မှတ်ထိုး ဝင်နေပါသည်...။”

“လက်မှတ်ထိုးဝင်ခြင်း အောင်မြင်ပါသည်။ ဂုဏ်ယူပါသည် အိမ်ရှင်။ သင်သည် ဓားတာအို ပင်ကိုယ်ပါရမီ နတ်ဘုရားစွမ်းရည် ‘မူလဖရိုထရဲ ခုတ်ချက်ကိုးခုကို ရရှိခဲ့ပါပြီ။”

ဓားတာအို ပင်ကိုယ်ပါရမီ နတ်ဘုရားစွမ်းရည်...။

လင်းချန် အနည်းငယ် အံ့အားသင့်သွား၏။ ပင်ကိုယ်ပါရမီ နတ်ဘုရားစွမ်းရည် ဖြစ်နေလိမ့်မည်ဟု သူ မထင်ထားခဲ့ပေ။

ပုံမှန်အားဖြင့် သွေးမျိုးရိုးဆက်ခံမှုမှတစ်ဆင့်သာ ရရှိနိုင်သော ဤကဲ့သို့သော နတ်ဘုရားစွမ်းရည်မျိုးကို သူက လက်မှတ်ထိုးဝင်ရုံဖြင့် ရနိုင်ခဲ့သည်လော။

ယေဘုယျအားဖြင့် ပင်ကိုယ်ပါရမီ နတ်ဘုရားစွမ်းရည်များကို သွေးမျိုးဆက်ပေါ်တွင် အခြေခံသော နတ်ဆိုးမျိုးနွယ်စုများသာ နိုးထနိုင်လေ့ရှိပြီး သွေးသားစစ်မှန်သူများသာ ရရှိနိုင်ခြေ ရှိသည်။ လူသားကျင့်ကြံသူများထဲတွင် ဤစွမ်းရည်မျိုး ပိုင်ဆိုင်သူမှာ အလွန်ပင် ရှားပါးလှပေသည်။ မဟာဧကရာဇ်များ၏ တိုက်ရိုက်မျိုးဆက်များမှလွဲ၍... အားကောင်းသော အထူးရုပ်ခန္ဓာ ပိုင်ဆိုင်သည့် ပါရမီရှင်အချို့သာလျှင် မတော်တဆ တိုက်ဆိုင်မှုဖြင့် ပင်ကိုယ်ပါရမီ နတ်ဘုရားစွမ်းရည် တစ်ခုကို နိုးထစေနိုင်ခြင်း ဖြစ်သည်။

ပင်ကိုယ်ပါရမီ နတ်ဘုရားစွမ်းရည်ဟူသည် အမည်နှင့်အညီ ပိုင်ရှင်၏ ကျင့်ကြံဆင့် မြင့်မားလာသည်နှင့်အမျှ ၎င်း၏ အစွမ်းသတ္တိမှာလည်း လိုက်ပါတိုးမြင့်လာနိုင်သည့် အားကောင်းသော နတ်ဘုရားစွမ်းရည်မျိုး ဖြစ်သည်။

လင်းချန် အံ့အားသင့်နေစဉ်မှာပင် နက်ရှိုင်း၍ ကျယ်ပြောလှသော သတင်းအချက်အလက် လှိုင်းလုံးကြီးများသည် သူ၏ စိတ်အာရုံထဲ၌ အဆက်မပြတ် ပေါ်ပေါက်လာတော့၏။

လင်းချန်သည် အချိန်ဆွဲမနေဝံ့ဘဲ အသက်ကိုအောင့်၊ စိတ်ကိုစုစည်းကာ ထိုနေရာတွင်ပင် တင်ပလ္လင်ခွေ ထိုင်လိုက်ပြီး သတင်းအချက်အလက်များကို တက်ကြွစွာ လက်ခံရယူကာ နားလည်သဘောပေါက်ရန် ကြိုးစားလိုက်တော့သည်။

မူလဖရိုဖရဲ ခုတ်ချက်ကိုးခုသည် အမည်နှင့်အညီ ပုံစံကိုးမျိုး ခွဲခြားထားပြီး တစ်ခုထက်တစ်ခု ပိုမိုအားကောင်းလေသည်။

လင်းချန်သည်လည်း ၎င်း၏ စွမ်းအားကို အလွန်ပင် ကျေနပ်မိပေသည်။ စစ်မှန်သော တိုက်ခိုက်ရေးစွမ်းရည် ရှုထောင့်မှကြည့်လျှင် ဤနတ်ဘုရားစွမ်းရည်သည် သူ၏ ကမ္ဘာဦးလက်သီးနှင့် နှိုင်းယှဉ်ပါက များစွာနိမ့်ကျခြင်းမရှိဟု ဆိုလျှင်လည်း မမှားပေ။

သူ၏ ပြီးပြည့်စုံမှုအဆင့်ရှိ ဓားအနှစ်သာရနှင့် ပေါင်းစပ်လိုက်ပါက မူလဖရိုဖရဲ ခုတ်ချက်ကိုးခု၏ စွမ်းအားသည် သူ၏လက်ထဲတွင် အမြင့်မားဆုံးအထိ ရောက်ရှိသွားပေလိမ့်မည်။

ခဏအကြာတွင်...

လင်းချန်သည် သူ၏မျက်လုံးများကို ဖြည်းညင်းစွာ ဖွင့်လိုက်ပြီး သူ၏နှုတ်ခမ်းထောင့်၌ အပြုံးတစ်ခု ပေါ်လွင်လာခဲ့သည်။

“ငါ့ရဲ့ လက်ရှိကျင့်ကြံအဆင့်နဲ့ဆိုရင် မူလဖရိုဖရဲ ခုတ်ချက်ကိုးခုရဲ့ တတိယမြောက်ပုံစံအထိ ထုတ်ဖော်နိုင်လိမ့်မယ်။”

“ဒီပင်ကိုယ်ပါရမီ နတ်ဘုရားစွမ်းရည်နဲ့ဆိုရင် နောင်တိုက်ပွဲတွေမှာ ဓားကို လက်နက်တစ်ခုအနေနဲ့ သုံးနိုင်ပြီ။”

ယခုအခါ သူသည် ဓားအမျိုးအစား မွေးရာပါ ဧကရာဇ်လက်နက်ဖြစ်သော ကောင်းကင်သတ်ဓားနှင့် ပြီးပြည့်စုံခြင်းအဆင့် ဓားအနှစ်သာရတို့ကို ပိုင်ဆိုင်ထားပြီးဖြစ်သည်။

ယခုအခါ ဓားတာအို ပင်ကိုယ်ပါရမီ နတ်ဘုရားစွမ်းရည်တစ်ခု ထပ်တိုးလာခြင်းကြောင့် ဤနိုးထမှုသည် သူ၏ တိုက်ခိုက်ရေးနည်းလမ်းများကို သိသိသာသာ တိုးပွားစေခဲ့သည်။ အတိတ်ကာလက သူသည် လက်သီးဖြင့်သာ အမြဲတိုက်ခိုက်ခဲ့ပြီး ဓားကို အသုံးပြုရန် ဘယ်သောအခါမှ မကြိုးစားခဲ့ဖူးချေ။

လင်းချန်သည် မတ်တပ်ရပ်လိုက်ပြီး သူ၏အကြည့်မှာ ခန်းမဆောင်ကို ဖြတ်သန်းကာ အပြင်ဘက် ကောင်းကင်ယံသို့ စိုက်ကြည့်လိုက်၏။

“နတ်ဘုရားမျှော်စင်... မင်းက ဖူကွမ်းမြင့်မြတ်ပြည်နယ်ရဲ့ ဘယ်နေရာမှာ ပေါ်လာမှာလဲ။”

“တက်ရမယ့် မျှော်စင်တစ်ခုဖြစ်တဲ့အတွက် နတ်ဘုရားမျှော်စင်မှာ အမြင့်ဆုံးထပ် ဆိုတာ ရှိရမယ်။ ရည်မှန်းချက်အသေးစားလေး တစ်ခုလောက် ချမှတ်ထားလိုက်တာပေါ့...။ ဒါက နတ်ဘုရားမျှော်စင်ရဲ့ အလွှာအားလုံးကို အောင်နိုင်သူအဖြစ် ဖြတ်ကျော်ဖို့ပဲ။”

အခန်း (၂၆) - သုံးရက်မြောက်နေ့ ရောက်ရှိလာခြင်း၊ နတ်ဘုရားမျှော်စင် တည်ဆောက်ခြင်း၊ ငရဲအဆင့် နတ်ဘုရားမျှော်စင်

နေဝင်သွားပြီးနောက် တောက်ပသော လမင်းကြီး ထွက်ပေါ်လာခဲ့သည်။ ထို့နောက် မျက်စိတစ်မှိတ်အတွင်းမှာပင် လမင်းကြီးသည် မိုးကုတ်စက်ဝိုင်းအစွန်းမှ ပျောက်ကွယ်သွားပြီး အရှေ့ဘက်မှ ဖြူစင်သော အလင်းတန်းတစ်ခု ပေါ်ထွက်လာခဲ့သည်။

အချိန်များ ကုန်ဆုံးသွားပြီးနောက် ကောင်းကင်တာအိုက ဟောကိန်းထုတ်ထားသည့် နတ်ဘုရားမျှော်စင် ဆင်းသက်မည့်နေ့မှာ မကြာမီ ဆိုက်ရောက်လာခဲ့တော့သည်။

ဤရက်အနည်းငယ်အတွင်း ရေတွက်၍မရနိုင်သော ကျွမ်းကျင်သူများနှင့် ပါရမီရှင်များသည် ဖူကွမ်းမြင့်မြတ်ပြည်နယ်၏ နေရာအနှံ့အပြားသို့ စုပြုံတိုးဝင်လာကြ၏။ ခေတ်ပြိုင်ပါရမီရှင်များနှင့် ရှေးဟောင်းမျိုးနွယ်စုများမှ ထူးချွန်သူများသည် တာအိုပြည်နယ်သုံးထောင်အနှံ့မှ တစ်ယောက်ပြီးတစ်ယောက် ဤနေရာသို့ စုရုံးရောက်ရှိလာကြခြင်းဖြစ်သည်။

သူတို့နှင့်အတူ နောက်ကွယ်မှ အင်အားကြီးအဖွဲ့အစည်းများမှ ကျွမ်းကျင်သူများကလည်း တာအိုစောင့်ရှောက်သူများအဖြစ် လိုက်ပါလာကြ၏။ ဖူကွမ်းပြည်နယ်၏ မြို့တစ်မြို့တွင် ကျောက်ခဲတစ်လုံး ကောက်ပေါက်လိုက်လျှင်ပင် ဂိုဏ်းတစ်ခုခုမှ ပါရမီရှင် နှစ်ဦး၊ သုံးဦးကို ထိမှန်နိုင်သည်ဟု ပြောလျှင်ပင် ပိုမည်မထင်ပေ။ ကံကောင်းပါက ရှေးဟောင်းဂိုဏ်းကြီးတစ်ခု၏ သူတော်စင် သို့မဟုတ် သူတော်စင်မကိုပင် ထိမှန်သွားနိုင်ပေသည်။

အံ့သြစရာကောင်းသည်မှာ ထိပ်တန်းပါရမီရှင်များနှင့် ကျွမ်းကျင်သူများစွာ စုဝေးနေသော်လည်း ဖူကွမ်းပြည်နယ်သည် ထူးခြားစွာ ငြိမ်သက်နေပြီး မည်သည့်ပဋိပက္ခမျှ ဖြစ်ပွားခြင်းမရှိပေ။ ပုံမှန်ထက်ပင် ပိုမိုအေးချမ်းနေပြီး ယခင်က စစ်ဖြစ်နေသော ဂိုဏ်းအချို့သည်ပင် ဤအခြေအနေကြောင့် စစ်ရပ်စဲကြောင်း ကြေညာခဲ့ကြသည်။

ပြည်နယ်အသီးသီးမှ ပါရမီရှင်များသည် တွေ့ဆုံသည့်အခါတွင်လည်း အချင်းချင်း ထိန်းထိန်းသိမ်းသိမ်းဖြင့် ပညာစမ်းခြင်း သို့မဟုတ် တာအိုတရားများ ဆွေးနွေးခြင်းတို့ကိုသာ ပြုလုပ်ကြပြီး အစစ်အမှန် တိုက်ခိုက်မှုများ မရှိခဲ့ကြပေ။ သူတို့၏ အချိန်အများစုကို နတ်ဘုရားမျှော်စင် မည်သည့်နေရာတွင် ဆင်းသက်မည်နည်းဟူသော အရိပ်အမြွက်များကို ရှာဖွေရင်းသာ ကုန်ဆုံးစေခဲ့ကြသည်။

အမှန်စင်စစ် ဤကဲ့သို့ ငြိမ်းချမ်းနေခြင်း၏ အဓိကအကြောင်းရင်းမှာ ယောင်ကွမ်းသူတော်စင်နယ်မြေမှ ပါရမီရှင်များ၏ သင်ခန်းစာကြောင့်ပင် ဖြစ်သည်။

ဖူကွမ်းမြို့တွင် ယောင်ကွမ်းပါရမီရှင်များ ဘာဖြစ်ခဲ့သလဲဆိုသည်မှာ ရက်အနည်းငယ်အတွင်း ဖူကွမ်းပြည်နယ်တစ်ခုလုံးတွင် လူတိုင်းသိသည့် အကြောင်းအရာတစ်ခု ဖြစ်သွားခဲ့သည်။ ထို့ကြောင့် ယောင်ကွမ်းသူတော်စင်နယ်မြေသည် တာအိုပြည်နယ်သုံးထောင်မှ ပါရမီရှင်များရှေ့တွင် ခမ်းနားစွာ ပေါ်ထွက်လာလိုသည့် သူတို့၏ ကနဦးဆန္ဒကို ပြည့်ဝသွားစေခဲ့သည်။ ၎င်းတို့ မျှော်လင့်ထားသည့် ကျော်ကြားမှုမျိုး မဟုတ်သော်လည်းပေါ့။

ယောင်ကွမ်းသူတော်စင်နယ်မြေသည် ယောင်ကွမ်းဝိညာဉ်ပြည်နယ်တွင် တည်ရှိပြီး ဖူကွမ်းပြည်နယ်နှင့် အလွန်နီးကပ်ကာ အိမ်နီးချင်းလည်း ဖြစ်သည်။ ထို့ကြောင့် ယောင်ကွမ်းမှ ပါရမီရှင်များသည် ဖူကွမ်းသို့ အစောကြီး ရောက်ရှိလာခဲ့ခြင်းဖြစ်သည်။

စောစီးစွာ ရောက်ရှိလာခြင်းက ပြဿနာမဟုတ်သော်လည်း ဖူကွမ်းသို့ ရောက်သည့် ပထမဆုံးနေ့မှာပင် ပါရမီရှင်အဆင့်သတ်မှတ်ချက်စာရင်းတွင် ပါဝင်သည့် ပါရမီရှင်တစ်ဦး ကျဆုံးသွားခဲ့ရ၏။

အကြောင်းမှာ သူတို့သည် ဖူကွမ်းမြို့တွင် စိန်ခေါ်ပွဲစင်မြင့်တစ်ခုကို တည်ဆောက်ခဲ့ပြီး ဖူကွမ်းပြည်နယ်သည် ယောင်ကွမ်းဝိညာဉ်ပြည်နယ်နှင့် ယှဉ်ပြိုင်ရန် မထိုက်တန်ကြောင်း ဝါကြွားခဲ့သောကြောင့ပင်။ ထိုသို့ ဝါကြွားခဲ့သော ပါရမီရှင်သည်ပင် အသက်ပျောက်သွားခဲ့ရသည်။

သူသည် ရှေးဟောင်းကန္တာက လင်းမိသားစု၏ နတ်ဘုရားသားတော် လင်းချန် ၏ လက်သီးတစ်ချက်တည်းဖြင့် အသေသတ်ခြင်းကို ခံလိုက်ရပြီး ခုခံနိုင်စွမ်းပင် မရှိခဲ့ဘဲ အလောင်းပင် ရှာမရအောင် ဖြစ်သွားခဲ့ရ၏။

ဤသတင်းကြောင့်ပင် အခြားပြည်နယ်များမှ ပါရမီရှင်များသည် သတိထားလာခဲ့ကြပြီး နောက်ထပ် ပြဿနာမရှာရဲကြတော့ခြင်း ဖြစ်သည်။ ပွင့်ပွင့်လင်းလင်း ပြောရလျှင် သူတို့သည် နတ်ဘုရားမျှော်စင်အတွက် ဖူကွမ်းသို့ လာခဲ့ကြခြင်းဖြစ်ပြီး အကယ်၍ သူတို့ကိုယ်သူတို့ ကြွားဝါချင်ပါက မျှော်စင်အတွင်း ရောက်မှသာ ယှဉ်ပြိုင်ကြမည်ဖြစ်သည်။ ရှေးဟောင်းကန္တာရ လင်းမိသားစု၏ နယ်မြေအတွင်း ခဏတာ ဂုဏ်ယူဝံ့ကြွားမှုအတွက် ပြဿနာရှာခြင်းမှာ အရှုံးနှင့်မထိုက်တန်ပေ။ ပါရမီရှင်စာရင်း၏ နံပါတ်တစ် နတ်ဘုရားသားတော် လင်းချန်သည် အရာသွင်းရလွယ်သူ မဟုတ်ပေ။

ဖူကွမ်းမြို့၊ မြို့တော်ဝန်အိမ်တော်၏ ခန်းမဆောင်ကြီးအတွင်း...။

လင်းချန်သည် အဓိကထိုင်ခုံပေါ်တွင် ထိုင်နေ၏။ ဘေးတစ်ဖက်တစ်ချက်စီရှိ ဆုတောင်းဖျာများပေါ်တွင် လင်းရှန်ဟဲ၊ လင်းထင်ထောင်းနှင့် လင်းမိသားစုမှ အခြားပါရမီရှင်များ တင်ပျဉ်ခွေထိုင်နေကြသည်။ လူတိုင်း၏ မျက်နှာထက်တွင်လည်း ပြင်းပြသော မျှော်လင့်ချက်များ ရှိနေကြ၏။

ယနေ့သည် နတ်ဘုရားမျှော်စင် ဆင်းသက်မည့်နေ့ဖြစ်ပြီး သူတို့သည် ရက်အနည်းငယ်ကတည်းက ပြင်ဆင်နေခဲ့ကြခြင်းဖြစ်သည်။ ယခုအခါတွင် သူတို့သည် ကျင့်ကြံဆင့်များ တိုးတက်လာပြီးနောက် စွမ်းအားများကို ထိန်းချုပ်ရာတွင် ပိုမိုကျွမ်းကျင်လာကြပြီး ရရှိထားသည့် နတ်ဘုရားလက်နက်များသည်လည်း သူတို့၏ လက်ခြေများကဲ့သို့ပင် အသုံးပြုရ လွယ်ကူနေပြီဖြစ်သည်။ သူတို့၏ တိုက်ခိုက်ရေးစွမ်းရည်မှာ လွန်ခဲ့သော ရက်အနည်းငယ်ကထက် သိသိသာသာ ပြောင်းလဲတိုးတက်လာခဲ့သည်။

လင်းချန်သည် အသက်ပြင်းပြင်းတစ်ချက်ရှူကာ မတ်တတ်ရပ်လိုက်ပြီး လေးနက်သောအသံဖြင့် ပြောလိုက်သည်။

“အားလုံးပဲ ဒီနေ့မှာ နတ်ဘုရားမျော်စင် ဆင်းသက်လာတော့မယ်။ မင်းတို့အားလုံး ကိုယ့်အတွက် အခွင့်အလမ်းနဲ့ ကံတရားတွေကို အရယူနိုင်ဖို့ အစွမ်းကုန် ကြိုးစားကြပါ။”

“ဒါပေမဲ့ အရေးကြီးဆုံးက ကိုယ့်အရည်အချင်းနဲ့ကိုယ် လုပ်ဆောင်ဖို့ပဲ။ ကိုယ့်ကိုယ်ကိုယ် အန္တရာယ်ထဲ မတွန်းပို့ကြနဲ့။ ဘယ်လောက်ပဲ ကြီးမားတဲ့ အခွင့်အလမ်းဖြစ်ပါစေ မင်းတို့ရဲ့ အသက်နဲ့တော့ မလဲနိုင်ဘူး။”

လင်းချန်၏ အသံထွက်ပေါ်လာသည်နှင့်တစ်ပြိုင်နက် ပါရမီရှင်အားလုံးသည် အတူတကွ မတ်တတ်ရပ်ကာ ပြန်လည်ဖြေကြားလိုက်ကြသည်။

“ကျွန်တော်မျိုးတို့ နားလည်ပါပြီ နတ်ဘုရားသားတော်။”

လင်းချန်သည် ခေါင်းငြိမ့်ပြပြီးနောက် လက်ဝှေ့ယမ်းကာ ပြောလိုက်သည်။

“ဒါဆိုရင် အပြင်ထွက်ပြီး နတ်ဘုရားမျှော်စင် ဆင်းသက်လာမှာကို စောင့်ကြစို့။”

ထိုသို့ပြောပြီးနောက် သူသည် ရှေ့ဆုံးမှ ဦးဆောင်ကာ ခန်းမဆောင်ထဲမှ လှမ်းထွက်သွားခဲ့သည်။ ၎င်းကိုမြင်သောအခါ လင်းရှန်ဟဲ၊ လင်းထင်ထောင်းနှင့် ရှေးဟောင်းကန္တာရ လင်းမိသားစုမှ အခြားပါရမီရှင်များသည်လည်း မဆိုင်းမတွဘဲ လင်းချန်၏နောက်မှ ထပ်ကြပ်မကွာ လိုက်ပါသွားကြသည်။

နတ်ဘုရားမျှော်စင်သည် အမှန်တကယ်တွင် မည်သို့ပုံစံရှိမည်နည်း။

စိန်ခေါ်မှုစည်းမျဉ်းများနှင့် ဆုလာဘ်များကကော ဘာတွေဖြစ်မလဲ။

မျှော်လင့်ချက်နှင့် စူးစမ်းလိုစိတ်များဖြင့် လင်းချန်နှင့် အခြားသူများသည် ခန်းမအပြင်ဘက်ရှိ ရင်ပြင်သို့ ရောက်ရှိလာပြီး တိတ်ဆိတ်စွာ စောင့်ဆိုင်းနေကြ၏။ ဤအချိန်၌ လင်းချန်တို့အဖွဲ့သာမက ဖူကွမ်းပြည်နယ်တစ်ခုလုံးရှိ မြို့ပြအသီးသီးမှ ရေတွက်၍မရနိုင်သော ထိပ်တန်းပါရမီရှင် များသည်လည်း ထိုသို့ပင် ပြုလုပ်နေခဲ့ကြသည်။

သူတို့သည် ကွင်းပြင်များသို့သွားကာ ကောင်းကင်ယံကို မျှော်လင့်ချက်အပြည့်ရှိသော မျက်နှာထားများဖြင့် ကြည့်ရှုနေကြ၏။ သူတို့အားလုံးသည် တာအိုပြည်နယ်သုံးထောင်မှ ခေတ်ပြိုင်ပါရမီရှင်များနှင့် ရှေးဟောင်းမျိုးနွယ်စုများမှ ထူးချွန်သူများ ဖြစ်ကြသည်။ သူတို့သည် နတ်ဘုရားမျှော်စင် ဆင်းသက်လာမည့်အချိန်ကို ရက်အနည်းငယ်ကြာအောင် စောင့်မျှော်နေခဲ့ကြခြင်းဖြစ်သည်။

သူတို့ရှိနေသည့် နေရာတွင်သာ နတ်ဘုရားမျှော်စင် ဆင်းသက်လာပါစေဟုလည်း တစ်ယောက်ချင်းစီတိုင်းက ဆုတောင်းနေခဲ့ကြသည်။

နာရီဝက်ခန့် ကုန်ဆုံးသွားပြီးနောက် လူတိုင်း၏ စောင့်ကြည့်နေသော မျက်လုံးများအောက်တွင် ဖူကွမ်းပြည်နယ်အထက်ရှိ ကောင်းကင်ယံမှာ စတင်ပြောင်းလဲလာ၏။

ရုတ်တရက် လေနှင့်တိမ်တိုက်များ တရွေ့ရွေ့ ပြောင်းလဲသွားပြီး ထူထပ်သော တိမ်တိုက်လွှာများ ကွာကျသွားကာ အတွင်းဘက်တွင် နတ်ဘုရားဆန်သော အရှိန်အဝါများ ပြည့်နှက်နေသည့် ရွှေရောင်မျက်ဝန်းတစ်စုံ ပေါ်ထွက်လာခဲ့သည်။

ထိုရွှေရောင်မျက်ဝန်းများ၌ ကောင်းကင်ဘုံ၏ မဟာဘုန်းတန်ခိုးများ ကိန်းအောင်းနေသကဲ့သို့ပင်။ ၎င်းသည် ခံစားချက်ကင်းမဲ့ပြီး မျှတကာ ခန့်ညားထည်ဝါ၍ ကျူးကျော်စော်ကား၍မရနိုင်သော အရှိန်အဝါရှိ၏။ ၎င်းတို့ရှေ့မှောက်တွင် မူလက တောက်ပနေသော ရွှေရောင်ပါရမီရှင်အဆင့်သတ်မှတ်ချက်စာရင်းပင်လျှင် အရောင်မှိန်သွားပြီး ဆန်စေ့တစ်စေ့မှ ထွက်ပေါ်သော အလင်းရောင်ကဲ့သို့ ဖြစ်သွားခဲ့သည်။

ကောင်းကင်ယံ၏ အနက်ရှိုင်းဆုံးနေရာမှ ထွက်ပေါ်လာသော ထိုရွှေရောင်မျက်ဝန်းတစ်စုံကို မြင်လိုက်ရသောအခါ ပါရမီရှင်အားလုံး၏ မျက်နှာရိပ်မျက်နှာကဲများ တောင့်တင်းသွားကြသည်။

“ဒါက... ကောင်းကင်တာအိုရဲ့ ကိုယ်ပွားပဲ။”

နတ်ဘုရားမျှော်စင် ဆင်းသက်လာတော့မည်။

ထိုရွှေရောင်မျက်ဝန်းများသည် ဖူကွမ်းမြင့်မြတ်ပြည်နယ်ကို တစ်ချက်ဝေ့ကြည့်လိုက်သည်ဟု ထင်ရပြီးနောက် အမြင့်မြတ်ဆုံးသော ဘုန်းတန်ခိုးများ ပြည့်နှက်နေသည့် ရင်းနှီးသော အသံတစ်ခုသည် တာအိုပြည်နယ်သုံးထောင်လုံးသို့ ဟိန်းထွက်သွားခဲ့သည်။

“သုံးရက်မြောက်နေ့ကို ရောက်ရှိလာခဲ့ပြီ။ နတ်ဘုရားမျှော်စင်... ပေါ်ထွန်းစေ။”

ထိုအသံဆုံးသည်နှင့်တစ်ပြိုင်နက် ကောင်းကင်ယံ၏ အနက်ရှိုင်းဆုံးနေရာမှ ဧရာမ ရွှေနက်ရောင်မျှော်စင်ကြီးတစ်ခု ထွက်ပေါ်လာပြီး ဖူကွမ်းပြည်နယ်ရှိရာသို့ ဖြည်းညှင်းစွာ ဆင်းသက်လာတော့သည်။

ထိုဧရာမ ရွှေနက်ရောင်မျှော်စင်ကြီးမှာ အလွန်ပင် ခန့်ညားထည်ဝါလှ၏။ ပေတစ်သောင်းဆိုသည်မှာ ၎င်း၏ ကြီးမားမှုကို ဖော်ပြရန်ပင် မလုံလောက်ပေ။ မျက်နှာပြင်ပေါ်ရှိ ထူထပ်စွာ ရေးထိုးထားသော ရွှေရောင်စာသားများသည် အစဉ်မပြတ် တဖျတ်ဖျတ် တောက်ပလိုက်၊ ပျောက်ကွယ်သွားလိုက် ဖြစ်နေကာ လျှို့ဝှက်ဆန်းကြယ်မှုကို ပိုမိုတိုးပွားနေစေသည်။

ရွှေနက်ရောင်မျှော်စင် တစ်ခုလုံးသည် ကောင်းကင်ဘုံ၏ကိုယ်ပွားကဲ့သို့ပင် မဟာဆန်ပြီး အံ့ဖွယ်အရှိန်အဝါများဖြင့် ပြည့်နှက်နေကာ မည်သူမျှ မဆန့်ကျင်ဝံ့စရာပင်။

“ဝုန်းးးးး”

ရွှေနက်ရောင်မျှော်စင်ကြီး ဆင်းသက်လာစဉ်တွင် ကျယ်လောင်သော မြည်ဟီးသံများ ဆက်တိုက် ထွက်ပေါ်လာ၏။

ရေတွက်၍မရနိုင်သော ပါရမီရှင်များ၏ အကြည့်များသည် မျှော်စင်ကြီး ဆင်းသက်ရာနောက်သို့ လိုက်ပါသွားကြသည်။

“အဲ့ဒီဦးတည်ချက်က... ဖူကွမ်းမြို့ပဲ။”

နတ်ဘုရားမျှော်စင်ဖြစ်သော ရွှေနက်ရောင်မျှော်စင်ကြီး ဆင်းသက်နေသည့် နေရာမှာ ဖူကွမ်းမြို့ ဖြစ်နေ၏။

နတ်ဘုရားမျှော်စင်၏ နောက်ဆုံးဆင်းသက်မည့်နေရာကို အတည်ပြုပြီးနောက် ဖူကွမ်းမြို့တွင် ရှိမနေကြသော ပါရမီရှင်များနှင့် ထိပ်တန်းပါရမီရှင် အမြောက်အမြားသည် တစ်ယောက်ပြီးတစ်ယောက် ထွက်ခွာလာကြပြီး မြို့ဆီသို့ အပြေးအလွှား လာနေကြသည်။

ရင်ပြင်ပေါ်တွင်....။

လင်းချန်သည် မိမိအပေါ်သို့ တည့်တည့်ဆင်းသက်လာနေသော နတ်ဘုရားမျှော်စင်ကို ကြည့်ရင်း မျက်လုံးများကို အနည်းငယ် မှေးစဥ်းလိုက်မိ၏။

“ဘာလို့ ဒီနတ်ဘုရားမျှော်စင်က ငါ့ဆီကို တည့်တည့်ကျလာနေသလို ခံစားနေရတာလဲ။”

လင်းချန်၏ စကားကို ကြားသောအခါ လင်းရှန်ဟဲ၊ လင်းထင်ထောင်းနှင့် အခြားလင်းမိသားစု ပါရမီရှင်များသည်လည်း အလွန်ပင် သဘောတူသည့်အလား ခေါင်းငြိမ့်လိုက်ကြလေသည်။

အမှန်စင်စစ် သူတို့အားလုံးမှာလည်း ထိုသို့သော ခံစားချက်မျိုး ရှိနေကြသည်။

မူလက နတ်ဘုရားမျှော်စင် စတင်ပေါ်ထွက်လာသော နေရာမှာ ဤနေရာမဟုတ်သော်လည်း မျှော်စင်ကြီး ဆင်းသက်လာသည်နှင့်အမျှ သူတို့ရှိရာသို့ ပိုမိုတိကျစွာ ဦးတည်ကျဆင်းလာခဲ့၏။

နတ်ဘုရားမျှော်စင် ဆင်းသက်မည့်နေရာမှာ ပါရမီရှင်စာရင်း၏ နံပါတ်တစ် ပါရမီရှင် ရှိနေသည့်နေရာ ဖြစ်နေ၍များလော။

ထိုသို့တွေးမိသောအခါ ရှေးဟောင်းကန္တာရ လင်းမိသားစုမှ ပါရမီရှင်များစွာသည် တစ်ဦးကိုတစ်ဦး မကြည့်ဘဲမနေနိုင် ဖြစ်သွားခဲ့ကြ၏။ သူတို့အနေဖြင့် နတ်ဘုရားမျှော်စင်ကို ရက်အတော်ကြာ လိုက်လံရှာဖွေနေစရာပင် မလိုဘဲ နတ်ဘုရားသားတော်နောက်သို့သာ လိုက်လာခဲ့လျှင် ရနေသည် မဟုတ်ပါလော။

“ဝုန်းးးး”

နောက်ဆုံးတွင် နတ်ဘုရားမျှော်စင်သည် ဖူကွမ်းမြို့၊ မြို့တော်ဝန်အိမ်တော်၏ အထက် မီတာတစ်ထောင်ခန့်အကွာတွင် ရပ်တန့်သွားခဲ့သည်။ သို့သော်ငြားလည်း ဧရာမမျှော်စင်ကြီး၏ အောက်ခြေအကျယ်အဝန်းမှာ ဖူကွမ်းမြို့၏ တစ်ဝက်နီးပါးကို မှောင်အတိကျသွားစေပြီး ညဉ့်နက်သွားသကဲ့သို့ပင် ဖြစ်သွားစေခဲ့သည်။

ထိုအချိန်တွင် ကောင်းကင်ယံ၏ အနက်ရှိုင်းဆုံးနေရာမှ ကောင်းကင်ဘုံတာအို၏ အမြင့်မြတ်ဆုံးနှင့် ခန့်ညားထည်ဝါသော အသံမှာ ထပ်မံထွက်ပေါ်လာပြန်သည်။

“နတ်ဘုရားမှော်စင်တွင် အထပ်ပေါင်း (၉၉) ထပ် ရှိတယ်။ အဲ့ဒီအထပ်တိုင်းမှာ တာအိုပြည်နယ်သုံးထောင်ရဲ့ သမိုင်းတစ်လျှောက်လုံး အထူးခြားဆုံးဖြစ်ခဲ့တဲ့ ပါရမီရှင် (၉၉) ဦး ရှိနေလိမ့်မယ်။”

“မျှော်စင်ကို စောင့်ကြပ်နေတဲ့ ပါရမီရှင်ကို အနိုင်ယူနိုင်သူ မည်သူမဆို သူ့ရဲ့ ပါရမီနှင့် ခွန်အားက တာအိုပြည်နယ်သုံးထောင်ရဲ့ အဆုံးမဲ့သမိုင်းတစ်လျှောက်မှာ ထိပ်တန်း (၉၉) ဦးစာရင်းဝင်အဖြစ် အသိအမှတ်ပြုခံရမယ်။”

“မျှော်စင်စောင့် ပါရမီရှင်တစ်ဦးကို အောင်မြင်စွာ စိန်ခေါ်နိုင်တိုင်း သက်ရှိအားလုံးရဲ့ အလေးအမြတ်ပြုခြင်းကို ခံရမယ့် နတ်ဘုရားအဆင့်သတ်မှတ်ချက်စာရင်းထဲကို ဝင်ရောက်နိုင်မှာဖြစ်ပြီး ကံတရား မြှင့်တင်ပေးမှုနဲ့ ကောင်းကင်ဘုံတာအို၏ လက်ဆောင်ကို တစ်ကြိမ်စီ ရရှိလိမ့်မယ်။”

ခန့်ညားထည်ဝါသော ထိုအသံသည် ဖူကွမ်းမြင့်မြတ်ပြည်နယ်တစ်ခုလုံးတွင် ဟိန်းထွက်သွားပြီး သက်ရှိပေါင်းများစွာ၏ နားထဲသို့ ရောက်ရှိသွားခဲ့သည်။

ထိုအသံကို ကြားလိုက်ရသောအခါ ဖူကွမ်းမြို့သို့ အပြေးအလွှား လာနေကြသော ထိပ်တန်းပါရမီရှင်များအားလုံးမှာ အလိုအလျောက် ရပ်တန့်သွားကြ၏။ သူတို့၏ မျက်နှာများတွင် အလွန်အမင်း တုန်လှုပ်ချောက်ချားမှုများဖြင့် ပြည့်နှက်သွားခဲ့သည်။

ဤနတ်ဘုရားမျှော်စင်က... တကယ်ပဲ အဲ့လောက်တောင် ခက်ခဲတာလား။

သမိုင်းတစ်လျှောက်လုံးမှာ အင်အားအကြီးဆုံးဖြစ်ခဲ့တဲ့ ပါရမီရှင် (၉၉) ယောက်က မျှော်စင်ကို စောင့်ကြပ်နေတာဆိုရင် အခု ပါရမီရှင်စာရင်းမှာ ပါတဲ့သူတွေတောင် ဒီစိန်ခေါ်မှုကို အောင်မြင်ဖို့ မသေချာဘူး မဟုတ်လား။

ဒီနတ်ဘုရားမျှော်စင် အခွင့်အရေးက သူတို့နဲ့ ဘာမှမဆိုင်တော့ဘူးလား။

ပါရမီရှင်စာရင်း၏ ထိပ်ဆုံးတွင် ရှိနေသူအချို့ပင်လျှင် လေးနက်တည်ကြည်သော မျက်နှာထားများကို မဖုံးဖိနိုင်ဘဲ ဖြစ်သွားခဲ့ကြသည်။ ဒုတိယမြောက် အခွင့်အရေးဖြစ်သော ဤနတ်ဘုရားမျှော်စင်သည် ပါရမီရှင် အများစုကို ကြိုတင်ဖယ်ထုတ်ပစ်ရန် ရည်ရွယ်ထားခြင်းများလော။

ရင်ပြင်ပေါ်တွင်...။

လင်းချန်၊ လင်းထင်ထောင်း၊ လင်းရှန်ဟဲနှင့် အခြားသူများအားလုံး၏ မျက်နှာပေါ်တွင်လည်း အံ့သြမှုနှင့် လေးနက်မှု အရိပ်အယောင်များ ပေါ်လာခဲ့ကြသည်။

ဒါတွေက နတ်ဘုရားမျှော်စင်ကို စိန်ခေါ်ရမယ့် စည်းမျဉ်းတွေပေါ့။ သမိုင်းတစ်လျှောက်လုံးမှာ အင်အားအကြီးဆုံး ပါရမီရှင်တွေနဲ့ ယှဉ်ပြိုင်ခိုင်းတာက တကယ်ကို ထူးခြားတာပဲ။ ဒါပေမဲ့ ဒီခက်ခဲမှုက အတော်လေး ကြောက်စရာကောင်းလွန်းတယ်။

အံ့သြမှုများအပြီးတွင် လင်းချန်၏ မျက်လုံးများထဲ၌ စိတ်လှုပ်ရှားမှုများ ဖျတ်ခနဲ ပေါ်လာခဲ့သည်။ ဤနတ်ဘုရားမျှော်စင်က သူ့ကို အလဟဿ စောင့်ခိုင်းခဲ့ခြင်း မဟုတ်ပေ။ ၎င်းက သူမျှော်လင့်ထားသည်ထက်ပင် ပို၍ စိတ်ဝင်စားဖို့ ကောင်းနေသေးသည်။

သမိုင်းတစ်လျှောက်လုံးမှာ အတောက်ပြောင်ဆုံး ပါရမီရှင်တွေနဲ့ ယှဉ်ပြိုင်ရမှာလား။ သူတော့... အတော်လေး စိတ်မရှည်ဖြစ်နေပြီ။

ထိုစဉ်မှာပင် ခေတ္တတိတ်ဆိတ်သွားသော ကောင်းကင်ဘုံတာအို၏ အသံက ထပ်မံထွက်ပေါ်လာပြန်သည်။

“ဒါပေမယ့် စိန်ခေါ်မှုရဲ့ အလွန်အမင်း ခက်ခဲမှုကို ထည့်သွင်းစဉ်းစားသောအားဖြင့် နတ်ဘုရားမျှော်စင်ကို မျှော်စင်ခွဲနဲ့ ပင်မမျှော်စင်ဆိုပြီး ခွဲခြားထားတယ်။ ပင်မမျှော်စင်ဟာ သမိုင်းတစ်လျှောက်လုံးမှာ မိမိနဲ့ ကျင့်ကြံဆင့်တူညီတဲ့ အင်အားအကြီးဆုံး ပါရမီရှင် (၉၉) ဦးကို စိန်ခေါ်ဖို့ လိုအပ်တယ်။”

“မျှော်စင်ခွဲမှာတော့ မလိုအပ်ဘူး။ မျှော်စင်ခွဲမှာ စိန်ခေါ်မှုအသစ်တွေ သတ်မှတ်ထားပြီး အဲ့ဒီစိန်ခေါ်မှုများကို ကျော်ဖြတ်နိုင်မယ်ဆိုရင် အလွှာအထပ်အဆင့်နဲ့ ကိုက်ညီတဲ့ ဆုလာဘ်တွေကို ရရှိလိမ့်မယ်။”

“ပင်မမျှော်စင်ကဲ့သို့ပင် မျှော်စင်ခွဲမှာလည်း အထပ်ပေါင်း (၉၉) ထပ် ရှိပြီး သီးသန့်မျှော်စင်ခွဲ နတ်ဘုရားအဆင့်သတ်မှတ်ချက်စာရင်း တစ်ခုကိုလည်း တည်ထောင်ပေးထားတယ်။”

“နတ်ဘုရားမျှော်စင်က သုံးရက်တိုင်တိုင် တည်ရှိနေမှာဖြစ်ပြီး ဒီကာလအတွင်း မည်သူမဆို ပင်မမျှော်စင်နဲ့ မျှော်သင်ခွဲကို မိမိစိတ်ကြိုက် ရွေးချယ်စိန်ခေါ်နိုင်တယ်။”

“စည်းမျဉ်းများကို ပြောကြားပြီးပြီ။ ဆိုတော့... နတ်ဘုရားတာဝါကို ဖွင့်လှစ်စေ...။ နတ်ဘုရားအဆင့်သတ်မှတ်ချက်စာရင်း... ပေါ်ထွန်းစေ။”

ခန့်ညားထည်ဝါသော ကောင်းကင်ဘုံတာအို၏ အသံ မဆုံးသေးမီမှာပင် ဖူကွမ်းမြို့အထက်တွင် တိတ်ဆိတ်စွာ ရပ်တန့်နေသော ရွှေနက်ရောင် နတ်ဘုရားမျှော်စင်ကြီးမှာ ရုတ်တရက် ပြင်းထန်စွာ တုန်ခါလာ၏။

“ဝုန်းး ဝုန်းး ဝုန်း”

ထိုတုန်ခါသံမှာ မဟာတာအို၏ နှလုံးခုန်သံကဲ့သို့ပင် လူကို ဖမ်းစားနိုင်စွမ်းရှိပြီး မသိစိတ်မှ ထိုအသံထဲတွင် နစ်မျောသွားစေခဲ့လေသည်။ မျှော်စင်ကြီး တုန်ခါသွားသည်နှင့်အမျှ တင်းကျပ်စွာ စေ့ပိတ်ထားသော တံခါးချပ်ကြီးများမှာ ဖြည်းညှင်းစွာ ပွင့်ဟလာပြီး အတွင်းဘက်မှ လျှို့ဝှက်ဆန်းကြယ်၍ နတ်ဘုရားဆန်သော အရှိန်အဝါများ အစဉ်မပြတ် စီးထွက်လာခဲ့သည်။

ထိုအရှိန်အဝါကြောင့်ပင် ဖူကွမ်းမြို့တစ်ခုလုံးရှိ ကောင်းကင်နှင့် မြေကြီး၏ ဝိညာဉ်စွမ်းအင်များမှာ ပိုမိုသိပ်သည်းလာသကဲ့သို့ပင် ခံစားရစေခဲ့လေသည်။

တစ်ချိန်တည်းမှာပင် ကောင်းကင်ယံရှိ ရွှေရောင်ပါရမီရှင်အဆင့်သတ်မှတ်ချက်စာရင်း၏ ဘေးတွင် စရင်းသစ်နှစ်ခု ထပ်မံပေါ်ထွက်လာခဲ့သည်။ တစ်ခုမှာ ရွှေနက်ရောင်စာရင်းဖြစ်ပြီး အခြားတစ်ခုမှာ ရွှေဖျော့ရောင်စာရင်းဖြစ်သည်။

ရွှေနက်ရောင်စာရင်းပေါ်တွင် စာသားများ ပြည့်နှက်နေပြီး တာအိုပြည်နယ်သုံးထောင်၏ သမိုင်းတစ်လျှောက် ကျော်ကြားခဲ့သော အမည်နာမများ...ရှေးဟောင်းဂိုဏ်းကြီးများကို တည်ထောင်ခဲ့သူများ သို့မဟုတ် ကောင်းကင်ဘုံသို့ ပျံတက်သွားနိုင်ခဲ့သည့် အမြင့်မြတ်ဆုံး ပုဂ္ဂိုလ်ကြီးများ၏ အမည်များကို မှတ်တမ်းတင်ထား၏။

ရွှေရောင်ဖျော့ဖျော့စာရင်းမှာမူ အလှဆင်စာလုံး အနည်းငယ်သာ ရှိပြီး ကျန်အပိုင်းတစ်ခုလုံးမှာ လုံးဝ ဗလာဖြစ်နေခဲ့သည်။ ၎င်းမှာ မျှော်စင်ခွဲ၏နတ်ဘုရားအဆင့်သတ်မှတ်ချက်စာရင်းပင် ဖြစ်လေသည်။

ဤအချိန်တွင် ကောင်းကင်ဘုံတာအို၏ စကားများကို နားလည်သဘောပေါက်သွားကြသော ဖူကွမ်းမြို့ရှိ ထိပ်တန်းပါရမီရှင်များသည် ခေတ္တမျှ တိတ်ဆိတ်သွားပြီးနောက် အလင်းတန်းများအသွင် ပြောင်းလဲကာ ကောင်းကင်ယံရှိ နတ်ဘုရားမျှော်စင်ဆီသို့ အပြေးအလွှား ဦးတည်သွားကြတော့လေသည်။

သုံးရက်တိုင်တိုင် လွတ်လပ်စွာ စိန်ခေါ်ခွင့်ရှိပြီး မျှော်စင်ခွဲ သို့မဟုတ် ပင်မမျှော်စသ်ကို စိတ်ကြိုက် ရွေးချယ်နိုင်၏။

တစ်နည်းအားဖြင့် ပြောရလျှင် သူတို့အနေဖြင့် ပင်မမျှော်စင်ကို မကျော်ဖြတ်နိုင်လျှင်ပင် မျှော်စင်ခွဲရှိ အထပ်များကို ရှင်းလင်းခြင်းဖြင့် ကောင်းကင်ဘုံတာအို၏ ဆုလာဘ်များကို ရရှိနိုင်ပြီး ကောင်းကင်သို့ တစ်ဟုန်ထိုး ပျံတက်နိုင်မည့် အခွင့်အရေးရှိနေသေးသည်။

ဖူကွမ်းမြင့်မြတ်ပြည်နယ်တစ်ခုလုံးတွင် နတ်ဘုရားမျှော်စင်က ခက်ခဲလွန်းသည်ဟုဆိုကာ ရပ်တန့်နေခဲ့ကြသော ပါရမီရှင်များအားလုံးသည်လည်း ဖူကွမ်းမြို့ဆီသို့ တစ်ဖန်ပြန်၍ ခရီးဆက်လာကြပြန်၏။ မျှော်စင်ခွဲရှိနေသရွေ့ သူတို့၏ ဖူကွမ်းပြည်နယ်ခရီးစဉ်မှာ အလကားဖြစ်သွားတော့မည်မဟုတ်ပေ။

ထို့အပြင် သူတို့သည် ပင်မမျှော်စင်တွင်လည်း မိမိတို့ကိုယ်ကိုယ် စမ်းသပ်ကြည့်ချင်ကြသည်။ သမိုင်းတစ်လျှောက် အင်အားအကြီးဆုံး ပါရမီရှင်များနှင့် မိမိတို့အကြား မည်မျှအကွာအဝေးရှိသည်ကို သိလိုကြသလို သူတို့ကိုယ်တိုင်ကလည်း ထိုပါရမီရှင်များကဲ့သို့ပင် အင်အားကြီးမားနေနိုင်သည်ဟု မျှော်လင့်နေကြ၏။

မြို့တော်ဝန်အိမ်တော်ရှေ့ရှိ ရင်ပြင်ပေါ်တွင်...။

လင်းချန်သည် ကောင်းကင်ယံမှ သူ၏အကြည့်ကို ရုပ်သိမ်းလိုက်ပြီး အသက်ပြင်းပြင်းတစ်ချက်ရှူကာ ပါရမီရှင်များကို ကြည့်ကာ ပြုံးလိုက်သည်။

“အားလုံးပဲ ငါတို့ရဲ့ ကျင့်စဉ်နဲ့ တိုက်ခိုက်ရေးစွမ်းအားကို စမ်းသပ်ရမယ့်အချိန် ရောက်ပြီ။”

ထိုသို့ပြောပြီးနောက် သူသည် ခြေဖျားဖြင့် မြေပြင်ကို အသာကန်ကာ ကောင်းကင်ယံသို့ တည့်တည့် ပျံတက်သွားခဲ့၏။ သူသည် သမိုင်းတစ်လျှောက် အင်အားအကြီးဆုံး ပါရမီရှင်များနှင့် တိုက်ခိုက်ရန် စိတ်မရှည်ဖြစ်နေပြီဖြစ်သည်။ မျှော်စင်ခွဲဆိုသည်မှာမူ သူ၏ ထည့်သွင်းစဉ်းစားမှုထဲတွင် လုံးဝမရှိပေ။

လင်းချန်၏စကားကို ကြားလိုက်ရသောအခါ လင်းထင်ထောင်းနှင့် အခြားပါရမီရှင်များသည်လည်း စိတ်ကို တည်ငြိမ်အောင်ထားပြီး အချင်းချင်း ခေါင်းငြိမ့်ပြလိုက်ကြကာ ဝိညာဉ်စွမ်းအင်များကို နှိုးဆွလျက် ကောင်းကင်သို့ ပျံတက်သွားကြတော့သည်။

နတ်ဘုရားမျှော်စင်၏ ပင်မမျှော်စင်တွင် အထပ်တစ်ထပ်ကိုပင် သူတို့ ကျော်ဖြတ်နိုင်ပါ့မလား၊ တာအိုပြည်နယ်သုံးထောင်၏ သမိုင်းတွင် အင်အားအကြီးဆုံး ပါရမီရှင် (၉၉) ဦးစာရင်းထဲ ဝင်နိုင်ပါ့မလားဆိုသည်ကို သူတို့ သိချင်နေကြသည်။ ၎င်းသည် လက်လှမ်းမမီနိုင်သော အရာဟု ထင်ရသော်လည်း သူတို့ အစွမ်းကုန် ကြိုးစားကြည့်ချင်ကြပေသည်။

All Chapters