← Chapters

အခန်း (၂၉-၃၀)

Vol. 3 Ch. 29-30

အခန်း (၂၉-၃၀)

Vol. 3 Ch. 29-30

အခန်း ၂၉ - နတ်ဘုရားအဆင့်သတ်မှတ်ချက် အဆင့် ၉၉၊ တာအိုပြည်နယ်သုံးထောင်လုံး တုန်လှုပ်ချောက်ချားခြင်း၊ နှစ်မွှာမျက်ဝန်း အစွမ်းပြခြင်း

ထိုအသံသည် ဟိုးလေးတကျော်ကျော် ထွက်ပေါ်လာပြီး တာအိုပြည်နယ်သုံးထောင်၏ ထောင့်တိုင်းသို့ ပဲ့တင်ထပ်သွား၏။

ခဏချင်းတွင်မှာပင် ရေတွက်မရနိုင်သော အစွမ်းထက်ပုဂ္ဂိုလ်များနှင့် ပါရမီရှင်များမှာ အလွန်အမင်း တုန်လှုပ်ခြောက်ခြားသွားကြသည်။

ဘာတွေဖြစ်နေတာလဲ။

နတ်ဘုရားမျှော်စင် ကျဆင်းလာခဲ့သည်မှာ ခေတ္တမျှသာ ရှိသေးသော်လည်း လင်းချန်က နတ်ဘုရားမျှော်စင်၏ ပင်မမျှော်စင် စောင့်ကြပ်သူကို အနိုင်ယူပြီးသွားပြီလော။ ထိုသူများသည် တာအိုပြည်နယ်သုံးထောင်၏ သမိုင်းတစ်လျှောက် အားအကောင်းဆုံး ပါရမီရှင် ၉၉ ဦး ဖြစ်ကြ၏။

ပထမထပ်၏ မျှော်စင်စောင့်ကြပ်သူပင်လျှင် သမိုင်းတစ်လျှောက် အဆင့် ၉၉ ရှိသော ပြိုင်ဘက်ကင်းပါရမီရှင်တစ်ဦး ဖြစ်သည်။ လင်းချန်က ပထမထပ်ကို ဤမျှမြန်မြန်ဆန်ဆန် ဖြတ်ကျော်နိုင်ခဲ့သည်လော။

နတ်ဘုရားမျှော်စင်ရှေ့တွင်...။

နတ်ဘုရားမျှော်စင်မှ ခုလေးတင် ထွက်ခွာလာရသည့် ထိပ်တန်း ပါရမီရှင်များစွာသည် သူတို့နားထဲတွင် ကြားလိုက်ရသော မြင့်မြတ်လှသည့် အသံကြီးကြောင့် မှင်တက်ကာ ရပ်တန့်သွားကြ၏။

နတ်ဘုရားမျှော်စင်၏ ပင်မမျှော်စင်မှာ အလွန်ခက်ခဲလွန်းလှသဖြင့် ယခုခေတ်ပြိုင် ပါရမီရှင်များ မည်သူမျှ မအောင်မြင်နိုင်ဟု သူတို့ တွေးနေကြရုံသာ ရှိသေးသည်။ သို့သော်လည်း အချိန်တိုအတွင်းမှာပင် ရှေးဟောင်းကန္တာရ လင်းမိသားစု၏ ပြိုင်ဘက်ကင်း နတ်ဘုရားသားတော် လင်းချန်က ပင်မမျှော်စင်၏ အလွှာတစ်ခုကို တိုက်ရိုက်အောင်မြင်သွားလိမ့်မည်ဟု မည်သူက ထင်ထားပါမည်နည်း။

အချိန်လက်ဖက်ရည်တစ်ဖန်ခွက်မှင်စာအတွင်းမှာပင် လင်းချန်သည် သူနှင့် နယ်ပယ်တူဖြစ်သော ဖခင်ဖြစ်သူ လင်းဟောက်ရန်ကို အနိုင်ယူခဲ့သည်။

လင်းကျိုး၊ လင်းယာချင်းနှင့် အခြားသော လင်းမိသားစုဝင် ပါရမီရှင်များသည်မူ ခဏတာ မှင်တက်သွားပြီးနောက် စိတ်လှုပ်ရှားမှုကို မထိန်းနိုင်ဘဲ အော်ဟစ်လိုက်ကြတော့လေသည်။

“နတ်ဘုရားသားတော်... အရှင်က မျှော်စင်ကို အောင်မြင်စွာ ဖြတ်ကျော်နိုင်ခဲ့ပြီ။ သူ နတ်ဘုရားအဆင့်စာရင်းထဲ ဝင်သွားပြီကွ။”

ဤသည်မှာ နတ်ဘုရားသားတော်၏ စွမ်းအားလော။

သူတို့ဆယ်ကွက်ပင် မခံနိုင်သော တည်ရှိမှုမျိုးကို နတ်ဘုရားသားတော်က ဤမျှတိုတောင်းသော အချိန်ကာလအတွင်း၌ အနိုင်ယူလိုက်ခြင်းပင်။

သူတို့အတွက်တော့ နတ်ဘုရားသားတော်သည် ထာဝရကိုးကွယ်ရာ နတ်ဘုရားပင် ဖြစ်သည်။

ဖူကွမ်းမြို့မှ မိုင်ပေါင်းသောင်းချီ အကွာအဝေးတွင်...

ယွမ်ချန်းချိုးသည် ခြေလှမ်းများ တန့်သွားပြီး အံ့အားသင့်သော အမူအရာများ ဖြစ်ပေါ်လာခဲ့သည်။

“လင်းချန်က တကယ်ပဲ ပထမထပ်ကိုအောင်မြင်သွားတာလား။”

သူသည် အစက ဖူကွမ်းမြို့တွင် ရှိမနေခဲ့ဘဲ နတ်ဘုရားမျှော်စင် ထိုနေရာတွင် ကျဆင်းလာကြောင်း သိလိုက်ရသဖြင့် ချက်ချင်း အပြေးအလွှား လာခဲ့ခြင်း ဖြစ်သည်။ ဖူကွမ်းမြို့သို့ မရောက်မီမှာပင် လင်းချန်က ပင်မမျှော်စင်၏ ပထမထပ်ကို အောင်မြင်ပြီးစီးသွားလိမ့်မည်ဟု သူ မမျှော်လင့်ထားခဲ့မိပေ။

ယွမ်ချန်းချိုးသည် ကောင်းကင်ယံတွင် အလွန်ထင်ရှားနေသော ရွှေအိုရောင် နတ်ဘုရားအဆင့်စာရင်းကို မော့ကြည့်လိုက်၏။ လင်းချန်သည် ပထမထပ်ကို အောင်မြင်သွားပြီဖြစ်သဖြင့် သူ၏အမည်မှာ အဆင့်စာရင်းတွင် ပေါ်လာရမည်ဖြစ်သည်။

အမှန်ပင်။ နတ်ဘုရားအဆင့်စာရင်း၏ နောက်ဆုံးနေရာတွင် ရင်းနှီးနေသော ထိုအမည်ကို ယွမ်ချန်းချိုး မြင်လိုက်ရ၏။

[နတ်ဘုရားအဆင့်စာရင်း အဆင့် ၉၉: လင်းချန်

အောင်မြင်မှု: ထာဝရရှားပါးသော ဖရိုဖရဲ နတ်ဆိုးနတ်ဘုရားခန္ဓာနှင့် မွေးရာပါ အနှိုင်းမဲ့ နှစ်မွှာမျက်ဝန်းကို ပိုင်ဆိုင်ထားသူ။ အသက် ၁၆ နှစ်အရွယ်တွင် ကျင့်ကြံအဆင့်မှာ ကပ်ဘေးကိုးခုနယ်ပယ်၏ တတိယအဆင့်သို့ ရောက်ရှိနေပြီဖြစ်ရာ ထာဝရပြိုင်ဘက်ကင်း ပါရမီရှင်တစ်ဦး ဖြစ်သည်။]

လင်းချန်၏ အောင်မြင်မှုဖော်ပြချက်ကို ကြည့်ရင်း ယွမ်ချန်းချိုး လက်သီးကို မသိမသာ ဆုပ်လိုက်မိ၏။

“ကပ်ဘေးကိုးခုနယ်ပယ်ရဲ့ တတိယအဆင့်ကို ရောက်နေပြီလား။ သူက ပါရမီစာရင်းမှာ နံပါတ် (၁) ဖြစ်ထိုက်တာပဲ။”

သူသည် အတိုင်းအဆမရှိသော ဖိအားကို ခံစားလိုက်ရ၏။ လင်းချန်သည် အသက် ၁၆ နှစ်သာ ရှိသေးပြီး သူကတော့ အသက် ၈၆ နှစ် ရှိနေပြီ ဖြစ်ကာ လင်းချန်ထက် အသက် ၇၀ တိတိ ကြီးပေသည်။

သို့သော်လည်း သူ၏ လက်ရှိကျင့်စဉ်မှာ သူ၏အခြေခံများနှင့် အရာအာလုံး၏အဝါရောင်မိခင်ချီတို့၏ အထောက်အပံ့ဖြင့်ပင် ကပ်ဘေးကိုးခြနယ်ပယ်၏ ဒုတိယအဆင့်သို့ မနည်းတိုးဝင်ထားရခြင်း ဖြစ်သည်။

သို့သော်လည်း ယွမ်ချန်းချိုးသည် လျင်မြန်စွာပင် စိတ်ကိုပြန်လည်စုစည်းလိုက်ပြီး နတ်ဘုရားမျှော်စင် တည်ရှိရာ ဖူကွမ်းမြို့ဆီသို့ ပြတ်သားသော အကြည့်များဖြင့် လှမ်းလျှောက်သွားခဲ့သည်။

လင်းချန်သည် ပါရမီရှင်တစ်ဦးဖြစ်ပြီး အလွန်အစွမ်းထက်သည်မှာ ငြင်းစရာမလိုသော်လည်း သူ ယွမ်ချန်းချိုးသည်လည်း မည်သူ့ထက်မှ နိမ့်ကျသူမဟုတ်ပေ။ သူသည် လင်းချန်ကို မှီအောင်လိုက်ပြီး ကျော်တက်သွားရပေလိမ့်မည်။

အခြားသော အရပ်မျက်နှာတစ်ခုတွင်မူ...

“ဝေါင်း...”

မိုင်ပေါင်းထောင်ချီ ရှည်လျားသော ရွှေရောင်လက်သည်းငါးခုနှင့် နဂါးကြီးတစ်ကောင်သည် ကောင်းကင်ယံ တိမ်တိုက်များကြားတွင် ပျံသန်းနေပြီး နတ်ဘုရားအဆင့်စာရင်းကို ကြည့်ကာ ခန့်ညားထည်ဝါသော အသံဖြင့် ပြောလိုက်သည်။

“ဒီလို ကောင်းကင်ကို ဆန့်ကျင်နိုင်တဲ့ ပါရမီရှင်မျိုး ရှိနေမှတော့ ဒီရွှေရောင်ခေတ်ကြီးက နောက်ဆုံးတော့ စိတ်ဝင်စားဖို့ ကောင်းလာပြီပဲ။”

ထိုသို့ပြောပြီးသည်နှင့် လက်သည်းချောင်းနှင့် နဂါးကြီးသည် ဖူကွမ်းမြို့ဆီသို့ ဦးတည်ကာ ပျံသန်းသွားတော့သည်။

သူ၏နောက်တွင် ထူးခြားဆန်းကြယ်သောကျားဖြူ၊ တောင်တစ်လုံးကဲ့သို့ ကြီးမားသော လိပ်နက်ကြီးနှင့် ကိုးထပ်သော ကောင်းကင်ယံသို့ ပျံတက်နေသည့် မီးတောက် ဖီးနစ်ငှက်တို့က ထပ်ချပ်မကွာ လိုက်ပါသွားကြ၏။

အစစ်အမှန်နဂါး ဧကရာဇ်သားတော်ပြောသည်မှာ မှန်ပေသည်။ ဤရွှေရောင်ခေတ်ကြီးတွင် ဤကဲ့သို့သော ပါရမီရှင်မျိုး ရှိနေမှသာ စိတ်လှုပ်ရှားစရာ ကောင်းပေလိမ့်မည်။

ဖူကွမ်းမြို့ ပြင်ပတွင်....။

ယန်လျိုရှားသည် အပြာရောင်ဖီးနစ်ငှက် ကိုးကောင်က ဆွဲလာသော ရွှေရောင်ရထားလုံးပေါ်တွင် ထိုင်နေပြီး အရပ်မျက်နှာအနှံ့ကို ဖိအားပေးနိုင်သော ကြောက်မက်ဖွယ် အရှိန်အဝါများကို ထုတ်လွှတ်နေခဲ့သည်။ ရှေ့ရှိ နတ်ဘုရားမျှော်စင်ကို ကြည့်ရင်း ယန်ပိလျို ပြုံးလိုက်မိသည်။

“လင်းချန်... နောက်ဆုံးတော့ နင်နဲ့ မျက်နှာချင်းဆိုင် တွေ့ရမယ့် အခွင့်အရေး ရလာခဲ့ပြီပေါ့။”

“ကပ်ဘေးကိုးခုနယ်ပယ်ရဲ့ တတိယအဆင့်တဲ့လား...။ သူက တခြားပါရမီရှင်တွေထက် အများကြီး ရှေ့ရောက်နေတာပဲ။”

“ငါက မဟာဧကရီတစ်ပါးရဲ့ ဝင်စားခြင်း ဖြစ်နေတာတောင် အနည်းငယ် ရုန်းကန်ရမယ့်ပုံပဲ။”

အမှန်စင်စစ် လျိုရှားသူတော်စင်နယ်မြေ၏ အဆင့်မြင့်အကြီးအကဲများမှလွဲ၍ ပြင်ပလောကမှ မည်သူမျှ သူမသည် တစ်ချိန်က ထိုနယ်မြေမှပင် ကောင်းကင်ဘုံသို့ တက်လှမ်းသွားခဲ့သော အမျိုးသမီးဧကရီတစ်ပါး၏ လူဝင်စား ဖြစ်သည်ကို မသိကြပေ။

ဤရွှေရောင်ခေတ်ကြီး ရောက်ရှိလာချိန်တွင် သူမ၏ မိမိကိုယ်ကိုယ်ချိတ်ပိတ်ထားရာမှ ပြန်လည်နိုးထလာပြီး အရာအားလုံးကို နှိမ်နင်းနိုင်လိမ့်မည်ဟု သူမ ထင်မှတ်ထားခဲ့သည်။ သို့သော် ဤမျိုးဆက်တွင် လင်းချန်နှင့် လင်းရှန်ဟဲတို့ ပေါ်ထွက်လာလိမ့်မည်ဟု သူမ မမျှော်လင့်ထားခဲ့ဘဲ သူမကိုယ်တိုင်ပင် ပါရမီစာရင်း၏ ထိပ်ဆုံးသုံးယောက်အတွင်းသို့ မနည်းတိုးဝင်ခဲ့ရသည်။

ဖူကွမ်းမြို့အတွင်းရှိ အစွမ်းထက်ပုဂ္ဂိုလ်များနှင့် ပါရမီရှင်များစွာသည် ရွှေရောင်ရထားလုံး ရောက်ရှိလာသည်ကို သတိပြုမိသွားပြီး မျှော်လင့်ချက်အပြည့်ဖြင့် ကြည့်လိုက်ကြ၏။ ဤသူမှာ လျိုရှားကောင်းကင်ပြည်နယ်ရှိ လျိုရှားသူတော်စင်နယ်မြေမှ ပါရမီရှင်စာရင်းဝင် ယန်ပိလျို မဟုတ်ပါလော။ သူမသည် ပြန်လည်နိုးထလာသည့် တစ်နှစ်၊ နှစ်နှစ်အတွင်းမှာပင် နယ်မြေအရပ်ရပ်ကို နှိမ်နင်းခဲ့ပြီး ထောင်ပေါင်းများစွာသော ပါရမီရှင်များကို အရှုံးပေးစေခဲ့သူဖြစ်ရာ အားအကောင်းဆုံးဟုပင် ခေါ်ဆိုနိုင်ပေသည်။

သူမသာ နတ်ဘုရားမျှော်စင်ကို စိန်ခေါ်ရာတွင် လင်းချန်ကဲ့သို့ အလွှာတစ်ခုကို အောင်မြင်နိုင်မလားဟု သူတို့ သိချင်နေကြသည်။ လောလောဆယ်တွင် ပထမထပ်ကို စောင့်ကြပ်နေသည်မှာ လင်းချန်၏ ပုံရိပ်ယောင်သာ ဖြစ်သည်။ အကယ်၍ သူမသာ ပထမထပ်ကို အောင်မြင်ခဲ့လျှင်... ၎င်းသည် ပါရမီစာရင်း၏ အဆင့် (၃) က အဆင့် (၁) ထက် ပိုမိုအစွမ်းထက်သည်ဟု အဓိပ္ပာယ်ရပေလိမ့်မည်။

ရှေးဟောင်းကန္တာရ လင်းမိသားစု၊ သူတော်စင်အပေါင်းတို့၏ ရင်ပြင်...။

လင်းဟောက်ရန်သည် လင်းမေရှန်းကို ကြည့်ပြီး အားကိုးရာမဲ့စွာ ပြုံးလိုက်သည်။

“ဒီလိုနဲ့ပဲ ငါ ရှုံးသွားပြီပေါ့။”

လင်းမေရှန်းလည်း ခါးသက်သက်အပြုံးဖြင့်သာ လိုက်ပြုံးနိုင်ခဲ့သည်။ ထိုကောင်လေး လင်းချန်ကတော့ တကယ်ကို ထူးခြားဆန်းကြယ် လွန်းလှ၏။

နတ်ဘုရားမျှော်စင်အတွင်း၊ ပထမထပ်၊ လွန်ခဲ့သော ခေတ္တခဏက...

လင်းချန်၏ မျက်လုံးအစုံတွင် စူးရှသော ရွှေရောင်အလင်းတန်းများ ပွင့်ထွက်လာပြီး အရာရာကို ဖောက်ထွင်းနိုင်သော အနှိုင်းမဲ့ ကပ်ဘေးအလင်းတန်း ကဲ့သို့ ဖြစ်ပေါ်လာသည်။ သံသရာခြောက်ပါး၏ စွမ်းအားဖြင့် ဖွဲ့စည်းထားသော ရောင်စုံအလင်းတန်း ခြောက်ခုစလုံးသည် ထိုအလင်းအောက်၌ ပျောက်ကွယ်သွားခဲ့ကြရသည်။

ပထမထပ် တစ်ခုလုံးသည် သံသရာခြောက်ပါး အလင်းတန်းများဖြင့် ဖုံးလွှမ်းနေသော်လည်း လင်းချန် ရပ်နေသော နေရာမှာမူ ကြည်လင်နေဆဲပင်။ မျက်လုံးများထဲတွင် ရွှေရောင်အလင်းများ တောက်ပနေရင်း လင်းချန်က ပတ်ဝန်းကျင်ကို ဝေ့ကြည့်ကာ ချီးကျူးလိုက်သည်။

“သံသရာခြောက်ပါးမျက်လုံးက တကယ်ကို အစွမ်းထက်တာပဲ။ ဒီထဲမှာ သံသရာလည်ခြင်းနဲ့ ပြန်လည်မွေးဖွားခြင်း စွမ်းအားတွေ ပါဝင်နေတယ်။ အထဲမှာ ပိတ်မိသွားရင် ခဏချင်းအတွင်းမှာ သံသရာအကြိမ်ပေါင်း ထောင်ချီကို တွေ့ကြုံရလိမ့်မယ်။”

“စိတ်ဓာတ်ပျော့ညံ့သူဆိုရင်တော့ အဲ့ဒီ သံသရာထောင်ချီထဲမှာတင် သတိလစ်ပြီး နစ်မွန်းသွားမှာပဲ။”

“ကံမကောင်းတာက မင်းမှာ သံသရာခြောက်ပါးမျက်လုံး ရှိပေမဲ့ ငါ့မှာတော့ အနှိုင်းမဲ့ နှစ်မွှာမျက်လုံး ရှိတယ်။”

“ပြီးတော့... အနှိုင်းမဲ့ နှစ်မွှာမျက်လုံးဆိုတာ ကမ္ဘာမှာ ပြိုင်ဘက်မရှိဘူး။”

သူ့အသံပင် မဆုံးသေးမီမှာပင် လင်းချန်၏ မျက်လုံးများထဲမှ အနှိုင်းမဲ့ရွှေရောင်ကပ်ဘေးအလင်းတန်းများသည် အရပ်မျက်နှာအနှံ့သို့ ပြင်းထန်စွာ တိုးဝင်ပျံ့နှံ့သွားတော့၏။

“အနှိုင်းမဲ့ ကပ်ဘေးအလင်းတန်း...”

ခဏချင်းတွင်ပင် ရောင်စုံအလင်းတန်း ခြောက်ခုသည် လျင်မြန်စွာ ဆုတ်ခွာသွားရပြီး ရွှေရောင်ကပ်ဘေးအလင်းများဖြင့် အစားထိုးခြင်း ခံလိုက်ရတော့သည်။ အသက်ရှူတစ်ချက်စာအတွင်းမှာပင် ကမ္ဘာကြီးမှာ ပြောင်းလဲသွားခဲ့၏။ ရောင်စုံအလင်းခြောက်ခု ပျောက်ကွယ်သွားပြီး အဆုံးအစမဲ့ ရွှေရောင်ကပ်ဘေးအလင်းများသာ ကျန်ရစ်တော့လေသည်။

အလင်းတန်းခြောက်ခု ပျောက်ကွယ်သွားပြီးနောက် လင်းဟောက်ရန်၏ ပုံရိပ်မှာ ပြန်လည်ပေါ်ထွက်လာခဲ့သည်။ ရွှေရောင်ကပ်ဘေးအလင်းများ ပွင့်ထွက်နေသော လင်းချန်၏ မျက်လုံးများကို ကြည့်ရင်း သူ၏အကြည့်များတွင် အံ့အားသင့်မှုများ ပြည့်နှက်သွားခဲ့၏။

“ဒါဟာ တကယ်ကို အနှိုင်းမဲ့ နှစ်မွှာမျက်လုံးပဲ။ ပြီးတော့ မင်းက ဒါကို တစ်သားတည်းဖြစ်အောင်အထိ ပြည့်ပြည့်ဝဝ သန့်စင်ပြီးပြီ။ တကယ်ကို ကြောက်စရာကောင်းလိုက်တာ။”

“မင်းသာ ဒီနှစ်မွှာမျက်လုံးကို အသုံးမပြုခဲ့ရင် မင်းမှာ ဒါရှိနေမှန်းတောင် ငါ သိမှာမဟုတ်ဘူး။”

“မင်းကို ရှုံးရတာဟာ ငါ့အတွက် မတရားဘူးလို့ မခံစားရပါဘူး။ ငါတို့ ရှေးဟောင်းကန္တာရ လင်းမိသားစုမှာ မင်းရှိနေတာဟာ တကယ့်ကို ကံကောင်းခြင်းပဲ။”

သူ ရှုံးနိမ့်သွားပြီဖြစ်ကြောင်း သူကိုယ်တိုင် သိလိုက်၏။ ခုနက အသုံးပြုခဲ့သော သံသရာခြောက်ပါးသည် သူ၏ အစွမ်းထက်ဆုံး အကွက်ပင် ဖြစ်သည်။ ပုံမှန်အားဖြင့် ကောင်းကင်ဘုံတက်လှမ်းခြင်းနယ်ပယ်မှ အစွမ်းထက်ပုဂ္ဂိုလ်တစ်ဦးပင်လျှင် ဤအကွက်ကို ရင်ဆိုင်ရပါက ချက်ချင်း ရှုံးနိမ့်သွားမည် ဖြစ်သည်။

သို့သော် လင်းချန်အပေါ်တွင်မူ အရာမထင်ဘဲ ယခုအခါ သူကိုယ်တိုင်ပင် ရွှေရောင်ကပ်ဘေးအလင်းများ၏ ဝန်းရံခြင်းကို ခံထားရချေပြီ။ ရွှေရောင်အလင်းများအောက်တွင် သူ၏ စွမ်းအားများသည်လည်း တစ်စစ ဆုတ်ယုတ်အားနည်းလာခဲ့သည်။

မျက်လုံးထဲ၌ ရွှေရောင်အလင်းများ တောက်ပလျက် လင်းချန်က ထိုစကားကို ကြားသောအခါ ခပ်ပါးပါး ပြုံးလိုက်သည်။

“ကျုပ်တို့ ရှေးဟောင်းကန္တာရ လင်းမိသားစုမှာ ဦးလေးရှိနေတာကလည်း ကံကောင်းခြင်းတစ်ခုပါပဲ။”

“ဦးလေးက မျက်လုံးဆိုင်ရာ နတ်ဘုရားစွမ်းရည်ကို သုံးခဲ့တာဆိုတော့ ကျုပ်ကလည်း အပြန်အလှန်အနေနဲ့ ဒီတိုက်ပွဲကို ကျုပ်ရဲ့ မျက်လုံးဆိုင်ရာ နတ်ဘုရားစွမ်းရည်နဲ့ပဲ အဆုံးသတ်ပေးပါ့မယ်။”

လင်းဟောက်ရန်သည် သူ၏တစ်ကိုယ်လုံးမှ စွမ်းအားများကို ထုတ်ဖော်ကာ ရွှေရောင်ကပ်ဘေးအလင်းများ၏ တိုက်စားမှုကို ခုခံရင်း အေးအေးလူလူပင် ပြုံးလိုက်သည်။

“အဲ့ဒါဆိုရင် အကောင်းဆုံးပေါ့။”

သူ့အသံပင် မဆုံးသေးမီမှာပင် လင်းချန်၏ နတ်ဘုရားစွမ်းရည်ကို ရင်ဆိုင်ရန် သူ၏ ခန္ဓာကိုယ်အတွင်းရှိ စွမ်းအားအားလုံးကို အရှိန်အဟုန်ဖြင့် ထုတ်လွှတ်လိုက်တော့သည်။ လင်းချန်၏ အပြုံးများ ပျောက်ကွယ်သွားပြီး အမူအရာမှာ တည်ကြည်သွားကာ နှုတ်ခမ်းများက ခပ်တိုးတိုး ရွတ်ဆိုလိုက်သည်။

“အသင်္ချေကမ္ဘာများ၏ အနိမ့်အမြင့်...။”

ရွှေရောင်ကပ်ဘေးအလင်းတန်းများ တောက်ပနေသော သူ၏ မျက်လုံးများထဲတွင် ရှေးဟောင်းကြယ်တာရာကြီးများစွာ ရုတ်တရက် ပေါ်ထွက်လာ၏။ ထို့နောက် ထိုကြယ်ကြီးများသည် ကမ္ဘာလောကပေါ်သို့ ပြင်းထန်စွာ ကျဆင်းလာပြီး ဟင်းလင်းပြင် တစ်ခုလုံးကို လွှမ်းခြုံသွားတော့သည်။

“ဝုန်း...”

ကြောက်မက်ဖွယ် အရှိန်အဝါများ ထုတ်လွှတ်နေသော ရေတွက်မရနိုင်သည့် ကြယ်ကြီးများ၏ ဝန်းရံခြင်းကို ခံလိုက်ရသောအခါ လင်းဟောက်ရန်မှာ အနည်းငယ် မှင်တက်သွားပြီးနောက် ပြုံးကာ ခေါင်းခါယမ်းလျက် ခုခံမှုအားလုံးကို စွန့်လွှတ်လိုက်တော့သည်။

“ဂုဏ်ယူပါတယ်။ မင်း စိန်ခေါ်မှုကို အောင်မြင်စွာ ဖြတ်ကျော်နိုင်ခဲ့ပြီ။”

“ဝုန်း...”

နောက်တစ်ခဏတွင် ကမ္ဘာပေါင်းများစွာ ပြိုကျလာသကဲ့သို့ ကြယ်ကြီးများသည် နိမ့်တုံမြင့်တုံဖြင့် ကျဆင်းလာကာ လင်းဟောက်ရန်၏ ပုံရိပ်ကို ထိုဟင်းလင်းပြင်မှ အပြီးတိုင် ဖျောက်ဖျက်ပစ်လိုက်လေတော့သည်။

ခဏအကြာတွင်...

လင်းချန်၏ မျက်လုံးများသည် ပုံမှန်အတိုင်း ပြန်ဖြစ်သွားပြီး ရွှေရောင်အလင်းများနှင့် ကြယ်တာရာများအားလုံး ပျောက်ကွယ်သွားခဲ့သည်။ ပျက်စီးနေသော ပတ်ဝန်းကျင်ကို ကြည့်ရင်း လင်းချန်က ခပ်ဖွဖွ ပြုံးလိုက်မိ၏။

“ဒီနှစ်မွှာမျက်လုံးရဲ့ နတ်ဘုရားစွမ်းရည်တွေကို ငါမသုံးခဲ့တာ ကြာပြီပဲ။ သူတို့ရဲ့ စွမ်းအားက ဒီလောက်အထိ တိုးလာလိမ့်မယ်လို့ မထင်ထားမိဘူး။”

ယခင်က သူ၏ တိုက်ခိုက်ရေးစွမ်းရည်ကို တွက်ချက်စဉ်က ဤနှစ်မွှာမျက်လုံးကို ထည့်မတွက်ခဲ့ပေ။ ယခုကြည့်ရသည်မှာ သူ၏ အထွတ်အထိပ် စွမ်းအားမှာ သူထင်ထားသည်ထက်ပင် ပိုမိုကြီးမားနေပြီဖြစ်သည်။

ထိုစဉ်မှာပင် မြင့်မြတ်လှသော အသံကြီးတစ်ခု သူ့နားထဲတွင် ပဲ့တင်ထပ်လာ၏..။

“စိန်ခေါ်သူ လင်းချန်၊ နတ်ဘုရားမျှော်စင်၏ ပင်မမျှော်စင် ပထမထပ်ကို အောင်မြင်စွာ ဖြတ်ကျော်နိုင်ခဲ့သည့်အတွက် ဂုဏ်ယူပါတယ။ သင်သည် မိုင်ပေါင်းသုံးရာစာ ကံကောင်းခြင်းနှင့် ကောင်းကင်တာအို၏ လက်ဆောင်တစ်ခုကို ရရှိပါသည်။”

နတ်ဘုရားမျှော်စင်မှ ထွက်ပြီးမှ အပြင်မှာ ဆုလာဘ်တွေကို လက်ခံရမှာလား။

ဒါက တကယ့်ဟာသပဲ။ သူ လင်းချန်ကိုယ်တိုင် နတ်ဘုရားမျှော်စင်ထဲကို ဝင်လာခဲ့ပြီးမှတော့ အလွှာတစ်ခုတည်း အောင်မြင်ရုံနဲ့ ဘယ်လိုလုပ် ရပ်တန့်သွားမှာလဲ။

နတ်ဘုရားအဆင့်စာရင်းရဲ့ အဆင့် (၃) နေရာမှာရှိတဲ့ အဲဒီ ‘လွမ်’ ဆိုတဲ့ကောင်... သူ့ကို အကောင်းဆုံး သင်ခန်းစာတောင် မပေးရသေးဘူးလေ။

“ကျုပ် မျှော်စင်ကို ဆက်ပြီး စိန်ခေါ်ဖို့ ရွေးချယ်တယ်။”

အခန်း ၃၀ - နတ်ဘုရားမျှော်စင်တွင် လက်မှတ်ထိုးဝင်ခြင်း၊ ခန္ဓာကိုယ်ကျင့်စဉ် တိုးမြှင့်ခြင်း၊ ရုပ်ခန္ဓာက ကောင်းကင်ဘုံတက်လှမ်းခြင်းနယ်ပယ်သို့ ချိုးဖျက်ဝင်ရောက်ခြင်း၊ မျှော်စင်ကို စိန်ခေါ်ရာ၌ ကျရှုံးခြင်း

“ဒုတိယအလွှာသို့ သွားနိုင်သော ဟင်းလင်းပြင်လမ်းကြောင်း ပွင့်သွားပါပြီ။ သင့်မှာ အနားယူဖို့ နာရီဝက် အချိန်ရပါမယ်။ ကျေးဇူးပြုပြီး နာရီဝက်အတွင်းမှာ စိန်ခေါ်မှုကို ဆက်လက်လုပ်ဆောင်ဖို့ နတ်ဘုရားမျှော်စင်ရဲ့ ဒုတိယအလွှာကို သွားပေးပါ။”

“အကယ်၍ နာရီဝက်ကျော်တဲ့အထိ ပထမအလွှာမှာပဲ ဆက်ရှိနေမယ်ဆိုရင် စိန်ခေါ်မှု ကျရှုံးတယ်လို့ သတ်မှတ်ပါမယ်။”

ထိုအသံ ဆုံးသွားသည်နှင့် တစ်ပြိုင်နက် ထည်ဝါခန့်ညားပြီး စိတ်ခံစားချက် ကင်းမဲ့သော အသံကြီးသည် ဟင်းလင်းပြင်တစ်ခုလုံး၌ တစ်ဖန် ပဲ့တင်ထပ်သွားခဲ့ပြန်သည်။

လင်းချန်သည် သူကိုယ်တိုင်ပင် သတိမထားမိခင်မှာပင် ယခင်ကရှိခဲ့သည့် အဖြူရောင် ဟင်းလင်းပြင်အလွတ်ထဲသို့ ပြန်ရောက်နေသည်ကို တွေ့လိုက်ရ၏။ အရင်ကနှင့် မတူသည်မှာ ယခု ဟင်းလင်းပြင်ထဲတွင် ထူထပ်သော ဟင်းလင်းပြင်အရှိန်အဝါများ ပြည့်နှက်နေသည့် အနက်ရောင် လမ်းကြောင်းတစ်ခု ရှိနေခြင်းပင်။

လင်းချန် ထိုအရာကို သိပ်ဂရုမစိုက်မိပေ။ ဤလမ်းကြောင်းသည် နတ်ဘုရားမျှော်စင်၏ ဒုတိယအလွှာသို့ သွားရမည့် လမ်းဖြစ်နိုင်ပေသည်။ လင်းချန် အသက်ကို ခပ်ပြင်းပြင်း ရှူလိုက်ပြီး စိတ်ကိုစုစည်းကာ စိတ်ထဲမှ တိုးတိုးလေး ရွတ်ဆိုလိုက်သည်။

“စနစ်... လက်မှတ်ထိုးဝင်မယ်။”

ယခုအချိန်သည် လက်မှတ်ထိုးရန် အကောင်းဆုံးအချိန်ပင် ဖြစ်သည်။ သို့သော် နတ်ဘုရားမျှော်စင်တွင် လက်မှတ်ထိုးဝင်ရောက်ခြင်းက ဘယ်လိုဆုလာဘ်မျိုး ရလာမလဲဆိုသည်ကိုမူ သူ သိချင်နေမိသည်။

“အိမ်ရှင်ရဲ့ တောင်းဆိုမှုကို လက်ခံရရှိပါပြီ၊ လက်မှတ်ထိုးဝင်နေပါတယ်...။”

“လက်မှတ်ထိုးဝင်ခြင်း အောင်မြင်ပါသည်။ ဂုဏ်ယူပါတယ် အိမ်ရှင် သင်ဟာ ခန္ဓာကိုယ်ကျင့်စဉ် တိုးမြှင့်ခြင်းဆုလာဘ်ကို ရရှိပါတယ်။”

ခန္ဓာကိုယ်ကျင့်စဉ် တိုးမြှင့်ခြင်းလား။

လင်းချန် အနည်းငယ် အံ့အားသင့်သွား၏။ ဤတစ်ခါ လက်မှတ်ထိုးဝင်ခြင်းက သူ့ကို ရုပ်ခန္ဓာကျင့်စဉ် အဆင့်ကို တိုက်ရိုက် ပေးအပ်လိုက်ခြင်းလော။ အရင်တစ်ခေါက်များကလို နတ်ဘုရားစွမ်းရည် သို့မဟုတ် မှော်ရတနာ တစ်ခုခု ရလာလိမ့်မည်ဟု သူ ထင်ထားခဲ့ခြင်းဖြစ်သည်။

လူတိုင်းသိကြသည့်အတိုင်း ကျင့်ကြံသူတစ်ဦး၏ ကျင့်စဉ်ကို သုံးမျိုး ခွဲခြားထားသည်။ ပထမတစ်ခုမှာ ဝိညာဉ်စွမ်းအင် ကျင့်စဉ်ဖြစ်ပြီး ၎င်းမှာ ကျင့်ကြံသူအားလုံး ကျင့်ကြံကြသည့် ကမ္ဘာပေါ်တွင် အသုံးအများဆုံး နည်းလမ်းဖြစ်သည်။ အစွမ်းထက် ပုဂ္ဂိုလ်များ၏ ကိုးဆယ်ကိုးရာခိုင်နှုန်းမှာ ဝိညာဉ်စွမ်းအင် ကျင့်ကြံသူများပင် ဖြစ်ကြသည်။

ဝိညာဉ်စွမ်းအင် ကျင့်စဉ်အပြင် ကျန်ရှိသော နှစ်မျိုးမှာ ရုပ်ခန္ဓာကျင့်စဉ်နှင့် နတ်ဘုရားစိတ်ဝိညာဉ်ကျင့်စဉ်တို့ ဖြစ်ကြသည်။ ဤနှစ်မျိုးအတွက် ကျင့်ကြံသူ အများစုမှာ သူတို့၏ ဝိညာဉ်စွမ်းအင် ကျင့်စဉ် အဆင့်တက်သွားသည့်အခါမှသာ သဘာဝအလျောက် တိုးတက်လာမှုကို ခံစားရခြင်းဖြစ်ပြီး ၎င်းတို့ကို သီးသန့် အားစိုက်၍ မကျင့်ကြံကြပေ။

ရုပ်ခန္ဓာ သို့မဟုတ် နတ်ဘုရားစိတ်ဝိညာဉ်ကျင့်စဉ်ကို အထူးပြုကျင့်ကြံသူ သို့မဟုတ် ပူးတွဲကျင့်ကြံသူမှာ ရာဂဏန်းတွင် တစ်ယောက်ပင် မရှိသလောက် ရှားပါးလှပေသည်။

နတ်ဘုရားစိတ်ဝိညာဉ်ကျင့်စဉ်မှာမူ အထူးခြားဆုံး ဖြစ်သည်။ နတ်ဘုရားရတနာ ငါးခုနယ်ပယ်သို့ ချိုးဖျက်ဝင်ရောက်နိုင်မှသာ အသိစိတ်ပင်လယ် ပွင့်လာပြီး နတ်ဘုရားဝိညာဉ် စတင်မွေးဖွားလာမည် ဖြစ်သည်။

ထာဝရရှားပါးသော ဖရိုဖရဲနတ်ဆိုးနတ်ဘုရားကို ပိုင်ဆိုင်ထားသူဖြစ်သည့်အတွက် လင်းချန်သည် ဝိညာဉ်စွမ်းအင် တစ်ခုတည်းကိုသာ ကျင့်ကြံသည့် သာမန်ကျင့်ကြံသူများကဲ့သို့ ဖြစ်နေမည်မဟုတ်သည်မှာ သေချာပေသည်။ သူသည် ရုပ်ခန္ဓာရော၊ စိတ်ဝိညာဉ်ကျင့်စဉ်ကိုပါ အထူးပြုကျင့်ကြံထားသူ ဖြစ်သည်။ သာမန်ကျင့်ကြံသူများကဲ့သို့ အရံလမ်းကြောင်းများမှာ ဝိညာဉ်စွမ်းအင်အဆင့်အောက် နောက်ကျနေခြင်းမျိုး မရှိပေ။

သူ၏ ရုပ်ခန္ဓာကျင့်စဉ်မှာ သူ၏ ဝိညာဉ်စွမ်းအင်ကျင့်စဉ်ထက်ပင် ပိုမိုအစွမ်းထက်နေပြီး လက်ရှိတွင် ကပ်ဘေးကိုးခုနယ်ပယ်၏ ပဉ္စမအဆင့်တွင် ရှိနေခြင်းပင်။ လင်းချန် အလွန်သိချင်နေမိပြီဖြစ်သည်။

လက်မှတ်ထိုးဝင်ခြင်းမှ ရရှိလာသော ဤခန္ဓာကိုယ်ကျင့်စဉ် တိုးမြှင့်မှုက သူ၏ ရုပ်ခန္ဓာကို မည်သည့်အဆင့်အထိ တွန်းပို့ပေးနိုင်မည်နည်း။

ကပ်ဘေးကိုးခုနယ်ပယ်၏ အထွတ်အထိပ်လား။ ဒါမှမဟုတ်... ကောင်းကင်ဘုံတက်လှမ်းခြင်းနယ်ပယ်ကို တိုက်ရိုက် ချိုးဖျက်ဝင်ရောက်သွားမှာလား။

ထိုစဉ်မှာပင် စနစ်၏ ကြည်လင်ပြတ်သားသော အသံက သူ့စိတ်ထဲတွင် ထွက်ပေါ်လာခဲ့သည်။

“အိမ်ရှင်အနေနဲ့ ခန္ဓာကိုယ်ကျင့်စဉ် တိုးမြှင့်ခြင်းကို အခု လုပ်ဆောင်လိုပါသလား။”

စိတ်ထဲတွင် စနစ်၏ မေးမြန်းသံကို ကြားလိုက်ရသောအခါ လင်းချန်က စိတ်ကို ငြိမ်သက်အောင် ထားလိုက်သည်။

“စနစ်... ဒီတိုးမြှင့်ခြင်း လုပ်ငန်းစဉ်က ဘယ်လောက် ကြာမလဲ။”

သူ့မှာ အခု နာရီဝက်သာ အချိန်ရှိတော့သည်။ အကယ်၍ အချိန်အများကြီး ကြာမြင့်မည်ဆိုပါက မျှော်စင်စိန်ခေါ်မှု ပြီးဆုံးသည်အထိ စောင့်ဆိုင်းရပေလိမ့်မည်။

“ခန္ဓာကိုယ်ကျင့်စဉ် တိုးမြှင့်ခြင်းဟာ ၁၅ မိနစ်ပဲ ကြာမြင့်မှာဖြစ်ပါတယ်။ တိုးတက်လာတဲ့ ကျင့်စဉ်ဟာ အနည်းငယ်မျှတောင် မတည်မငြိမ် ဖြစ်နေမှာ မဟုတ်ပါဘူး။ ကိုယ်တိုင် ချိုးဖျက်ဝင်ရောက်တာထက်တောင် ပိုပြီး ခိုင်မာနေပါလိမ့်မယ်။”

ထိုစကားကို ကြားလိုက်ရသောအခါ လင်းချန် သဘောပေါက်သွားခဲ့သည်။ သို့ဆိုလျှင် သူသည် ယခုပင် ခန္ဓာကိုယ်ကျင့်စဉ် တိုးမြှင့်ခြင်းကို အမှန်တကယ် လုပ်ဆောင်နိုင်ပေသည်။ သို့သော်လည်း နောက်ပိုင်းတွင် မျှော်စင်စိန်ခေါ်မှုကို သူ ဆက်လက်လုပ်ဆောင်သည့်အခါ မျှော်စင်စောင့်ကြပ်သူ၏ ရုပ်ခန္ဓာကျင့်စဉ်မှာလည်း လိုက်ပါမြင့်တက်လာနိုင်ပြီး ခက်ခဲမှုနှုန်း မြင့်မားသွားနိုင်သည်။

သို့သော်လည်း... ထိုကဲ့သို့သော အရာမျိုးကို သူ ဘာကြောင့် ကြောက်နေရမည်နည်း။

လင်းချန် ခပ်ပါးပါး ပြုံးလိုက်ပြီး ထိုနေရာတွင်ပင် တင်ပလ္လင်ခွေ ထိုင်လိုက်ကာ စိတ်ထဲမှ ရွတ်ဆိုလိုက်တော့သည်။

“စနစ်... ခန္ဓာကိုယ်ကျင့်စဉ် တိုးမြှင့်ခြင်းကို စတင်လိုက်တော့။”

သူ၏ ရုပ်ခန္ဓာကျင့်စဉ် ချိုးဖျက်ဝင်ရောက်မှုနှင့်အတူ သူ၏ တိုက်ခိုက်ရေးစွမ်းအားမှာ မျှော်စင်စောင့်ကြပ်သူများထက် အများကြီး ပိုမိုတိုးတက်လာလိမ့်မည်ဟု သူ ယုံကြည်ချက် ရှိနေ၏။

“အိမ်ရှင်ရဲ့ တောင်းဆိုမှုကို လက်ခံရရှိပါပြီ။ အိမ်ရှင်အတွက် ခန္ဓာကိုယ်ကျင့်စဉ် တိုးမြှင့်ခြင်းကို စတင်နေပါပြီ။”

စနစ်၏ အသံ မဆုံးသေးမီမှာပင် လင်းချန်သည် သူ၏ ခန္ဓာကိုယ်အတွင်း ဟင်းလင်းပြင်ထဲမှ ပေါ်ထွက်လာသကဲ့သို့ ခန့်ညားထည်ဝါသော ရုပ်ခန္ဓာအဆီအနှစ်လှိုင်းလုံးများကို ခံစားလိုက်ရ၏။ ထိုအဆီအနှစ်များ ဖြစ်ပေါ်လာပြီးနောက် ၎င်းတို့သည် သူ၏ ခန္ဓာကိုယ်အတွင်းအပြင်ကို အလိုအလျောက် စတင်နှိပ်နယ်ပေးကာ သူ၏ ရုပ်ခန္ဓာကျင့်စဉ်ကို မြှင့်တင်ပေးလေတော့သည်။

အချိန်မဖြုန်းတော့ဘဲ လင်းချန် မျက်လုံးမှိတ်လိုက်ကာ ဖရိုဖရဲနတ်ဆိုးနတ်ဘုရားခန္ဓာကို စတင်လည်ပတ်စေပြီး သူ၏ ရုပ်ခန္ဓာကျင့်စဉ်ကို မြှင့်တင်ရန်အတွက် ထိုအဆီအနှစ်များနှင့် တက်ကြွစွာ ပူးပေါင်းလိုက်တော့သည်။

ဝုန်း

ခန္ဓာကိုယ်ကျင့်စဉ် တိုးမြှင့်ခြင်း စတင်သည်နှင့်အမျှ လင်းချန်၏ ခန္ဓာကိုယ်မှ အစွမ်းထက်သော ကျင့်စဉ်ဖိအား လှိုင်းလုံးများ အဆက်မပြတ် ထွက်ပေါ်လာ၏။ အချိန်ကုန်လွန်လာသည်နှင့်အမျှ ထိုဖိအားမှာ ပိုမိုအားကောင်းလာပြီး နယ်ပယ်အသစ်တစ်ခုဆီသို့ ဦးတည်သွားတော့သည်။

အသက်ရှူချိန် အနည်းငယ်အတွင်းမှာပင် လင်းချန်၏ ခန္ဓာကိုယ်ပေါ်ရှိ ရုပ်ခန္ဓာဖိအားမှာ အရှိန်အဟုန်ဖြင့် ပေါက်ကွဲထွက်လာ၏။

ရုပ်ခန္ဓာကျင့်စဉ် ချိုးဖျက်ဝင်ရောက်မှု: ကပ်ဘေးကိုးခုနယ်ပယ်... ဆဋ္ဌမအဆင့်။

မကြာမီမှာပင် ထိုဖိအားမှာ ထပ်မံပေါက်ကွဲသွားပြီး အဆင့်အသစ်တစ်ခုသို့ ရောက်ရှိသွားပြန်သည်။

ရုပ်ခန္ဓာကျင့်စဉ် ချိုးဖျက်ဝင်ရောက်မှု: ကပ်ဘေးကိုးခုနယ်ပယ်... သတ္တမအဆင့်။

အချိန်များ ကုန်လွန်သွားပြီး မကြာမီမှာပင် ၁၅ မိနစ် ပြည့်သွားခဲ့၏။ လင်းချန်၏ ခန္ဓာကိုယ်အတွင်းမှ ပေါ်ထွက်နေသော ရုပ်ခန္ဓာအဆီအနှစ်များမှာ ရပ်တန့်သွားပြီး ကျန်ရှိနေသော အဆီအနှစ်များကိုသာ တဖြည်းဖြည်း သန့်စင်နေတော့သည်။

ဝုန်း

အားကောင်းသော ဖိအားတစ်ခု ရုတ်တရက် ပေါက်ကွဲထွက်လာပြီး ကပ်ဘေးကိုးခုနယ်ပယ်ကို ကျော်လွန်သွားသော ကြောက်မက်ဖွယ် အရှိန်အဝါတစ်ခု လင်းချန်၏ ခန္ဓာကိုယ်မှ ပွင့်ထွက်လာခဲ့သည်။

လင်းချန် မျက်လုံးကို ဖြည်းညှင်းစွာ ဖွင့်လိုက်ပြီး နှုတ်ခမ်းထောင့်တွင် အပြုံးတစ်ခု ပေါ်လာခဲ့သည်။

“ဒီခန္ဓာကိုယ်ကျင့်စဉ် တိုးမြှင့်ခြင်းက တကယ် စိတ်ဝင်စားဖို့ ကောင်းတာပဲ။ ငါ့ရဲ့ ရုပ်ခန္ဓာကျင့်စဉ်ကို ကောင်းကင်ဘုံတက်လှမ်းခြင်းနယ်ပယ်အထိ တကယ်ပဲ ချိုးဖျက်ဝင်ရောက်စေနိုင်ခဲ့တယ်။”

အကယ်၍ သူသာ ရုပ်ခန္ဓာကျင့်စဉ်ကို ကိုယ်တိုင်ကျင့်ကြံရမည်ဆိုပါက ကောင်းကင်ဘုံတက်လှမ်းခြင်းနယ်ပယ် အဆင့်သို့ ရောက်ရန် တစ်နှစ် သို့မဟုတ် နှစ်နှစ်ခန့် အချိန်ယူရပေလိမ့်မည်။ ဤတိုးမြှင့်ခြင်းက သူ့အတွက် တန်ဖိုးရှိလှသော တစ်နှစ်၊ နှစ်နှစ်စာ အချိန်ကို သက်သာစေခဲ့သည်။ နတ်ဘုရားမျှော်စင်တွင် လက်မှတ်ထိုးဝင်ရခြင်းမှာ အမှန်တကယ် တန်လှပေသည်။

ဟူး

နောက်ကျိသော လေများကို မှုတ်ထုတ်လိုက်ရင်း လင်းချန် ထရပ်လိုက်၏။ နတ်ဘုရားမျှော်စင်အတွင်းတွင်တော့ သူ၏ ရုပ်ခန္ဓာအတွက် ကောင်းကင်ဘုံကပ်ဘေး ကျရောက်လာသည်ကို သူ မခံစားရပေ။ နတ်ဘုရားမျှော်စင်အတွင်း၌ ကောင်းကင်ဘုံကပ်ဘေးကို ခေတ္တခဏ ကွယ်ကာထားနိုင်ပုံရသည်။

ဒါက အကောင်းဆုံးပင်။ သူသည် မည်သည့်စိုးရိမ်ပူပန်မှုမှမရှိဘဲ မျှော်စင်စိန်ခေါ်မှုကို ဆက်လက်လုပ်ဆောင်နိုင်ပြီးမှ အပြင်ရောက်မှ ကောင်းကင်ဘုံတက်လှမ်းခြင်းနယ်ပယ်သို့ ရုပ်ခန္ဓာချိုးဖျက်ဝင်ရောက်မှုအတွက် ကောင်းကင်ဘုံကပ်ဘေးကို ခံယူရမည်ဖြစ်သည်။

ရုပ်ခန္ဓာကျင့်စဉ်သည် ကောင်းကင်ဘုံတက်လှမ်းခြင်းနယ်ပယ် အဆင့်သို့ ရောက်ရှိသွားသောအခါ ၎င်းသည် သေမျိုးအဆင့်ကို ကျော်လွန်သွားပြီ ဖြစ်သည်။ ကောင်းကင်ဘုံကပ်ဘေး၏ ဆေးကြောခြင်းကို ခံယူပြီးမှသာ ထိုချိုးဖျက်ဝင်ရောက်မှုက အမှန်တကယ် အောင်မြင်မည်ဖြစ်သည်။

လင်းချန်သည် အနက်ရောင် ဟင်းလင်းပြင်လမ်းကြောင်းကို ကြည့်ကာ ခပ်ပါးပါး ပြုံးလိုက်၏။

“ကဲ... အခု မျှော်စင်စိန်ခေါ်မှုကို ဆက်လုပ်ဖို့ အချိန်တန်ပြီ။”

ပြောပြောဆိုဆိုဖြင့် လင်းချန်သည် ခြေလှမ်းကျဲကျဲဖြင့် ထိုလမ်းကြောင်းထဲသို့ လှမ်းဝင်လိုက်တော့သည်။

ဖူကွမ်းမြို့ကို အပြေးအလွှား လာနေကြသည့် ပါရမီစာရင်းဝင် ထိပ်တန်းပါရမီရှင်များပါ နတ်ဘုရားမျှော်စင်၏ ပင်မမျှော်စင်ကို စိန်ခေါ်ရန် ကြိုးစားကြမလားဆိုသည်ကို သူ သိချင်နေမိသည်။ အကယ်၍ သူတို့တွေသာ သူ့နောက်မှ စိန်ခေါ်ကြမယ်ဆိုရင် သူ၏ ပုံရိပ်ယောင်နှင့် တိုက်ခိုက်ကြရမှာ မဟုတ်ပါလော။ ထိုသို့ဆိုလျှင် သူတို့ တကယ်တမ်း မျက်နှာချင်းမဆိုင်ရသေးခင်မှာပင် မျှော်စင်စိန်ခေါ်မှုကတစ်ဆင့် တစ်ကြိမ် ပြိုင်ဆိုင်ပြီးသား ဖြစ်သွားပေလိမ့်မည်။

လင်းချန်၏ ပုံရိပ်သည် အနက်ရောင်လမ်းကြောင်းအတွင်းသို့ နစ်ဝင်ကာ ပျောက်ကွယ်သွားခဲ့သည်။

နတ်ဘုရားမျှော်စင် ပြင်ပတွင်...။

ယွမ်ချန်းချိုး၏ ပုံရိပ်သည် နတ်ဘုရားမျှော်စင်၏ တံခါးပေါက်မှ လွင့်စင်ထွက်လာပြီး ကောင်းကင်ယံတွင် ခြေလှမ်းအနည်းငယ် တုန်ယင်သွားပြီးမှ ကိုယ့်ကိုယ်ကိုယ် ပြန်လည်ထိန်းလိုက်နိုင်သည်။ သူ၏ မျက်နှာတွင် မပျက်ပြယ်သေးသော တုန်လှုပ်မှုများ ရှိနေဆဲပင်။

“အရမ်း သန်မာတယ်။”

ခုနလေးတင် သူသည် နတ်ဘုရားမျှော်စင်၏ ပင်မမျှော်စင်ထဲသို့ ဝင်ရောက်စိန်ခေါ်ခဲ့၏။ သူ မျှော်လင့်ထားသည့်အတိုင်းပင် ထိုနေရာရှိ မျှော်စင်စောင့်ကြပ်သူ၏ ပုံရိပ်ယောင်မှာ လင်းချန် ဖြစ်နေခဲ့ချေပြီ။ ပုံရိပ်ယောင်ထဲမှ လင်းချန်သည် သူနှင့် ကျင့်စဉ်အဆင့်တူဖြစ်သော ကပ်ဘေးကိုးခုနယ်ပယ်၏ ဒုတိယအဆင့်တွင် ရှိနေသည်။

သူ၏ ကျင့်ကြံခြင်းအခြေခံဖြင့်ဆိုလျှင် လင်းချန်ကို မယှဉ်နိုင်ရင်တောင် အနည်းဆုံးတော့ အချိန်အတော်ကြာအောင် တန်းတူရင်ဆိုင်နိုင်လိမ့်မည်ဟု သူ ထင်ထားခဲ့၏။ သို့သော် သူ လုံးဝ မမျှော်လင့်ထားသည်မှာ... အကွက်နှစ်ဆယ်...။

အကွက်နှစ်ဆယ်ပင် မပြည့်ခင်မှာ သူ ရှုံးနိမ့်သွားခဲ့ရ၏။ လုံးဝဥဿုံ ရှုံးနိမ့်သွားခြင်းပင်။

သူ၏ ဖျက်စီး၍မရနိုင်သော အဝါရောင်ခန္ဓာသည် ရုပ်ခန္ဓာကြံ့ခိုင်မှုတွင် နာမည်ကျော်ကြားသော်လည်း လင်းချန်၏ရှေ့တွင်မူ သူ၏ ရုပ်ခန္ဓာသည်ပင် မည်သည့်အသာစီးမှ မရခဲ့ပေ။ တိုက်ပွဲတစ်ခုလုံးတွင် လင်းချန်သည် မည်သည့်ခံစားချက်မှမရှိဘဲ တည်ငြိမ်နေခဲ့ပြီး အမူအရာမှာလည်း အနည်းငယ်မျှ ပြောင်းလဲခြင်း မရှိခဲ့ပေ။

နောက်ဆုံး သူ မျှော်စင်အတွင်းတွင် ကျရှုံးသွားချိန်၌ လင်းချန်၏ အေးစက်စက် စကားနှစ်လုံးကိုသာ ကြားလိုက်ရ၏။

“ပျင်းစရာကြီး။”

ပတ်ဝန်းကျင်ရှိ အခြားသော ရှုံးနိမ့်သွားသည့် ပါရမီရှင်များမှာလည်း ယွမ်ချန်းချိုး မျှော်စင်ထဲမှ လွင့်ထွက်လာသည်ကို မြင်သောအခါ နောင်တရသော အမူအရာများ ဖြစ်ပေါ်လာခဲ့ကြသည်။ ကပ်ဘေးကိုးခုနယ်ပယ်၏ ဒုတိယအဆင့်သို့ ရောက်ရှိနေသော ယွမ်ချန်းချိုးပင်လျှင် လင်းချန် စောင့်ကြပ်နေသည့် ပထမထပ်ကို မဖြတ်ကျော်နိုင်ခဲ့ပေ။

ရှေးဟောင်းကန္တာရ လင်းမိသားစုရဲ့ နတ်ဘုရားသားတော် လင်းချန်က တကယ်ကို ထူးခြားဆန်းကြယ်လွန်းတဲ့သူပဲ။

ဒါဆိုရင် သူက လင်းချန်စောင့်ကြပ်တဲ့ ပထမထပ်မှာ တိုက်ပွဲရှုံးသွားတဲ့ ပါရမီစာရင်းဝင် ထိပ်တန်းဆယ်ယောက်ထဲက တတိယမြောက်လူ ဖြစ်သွားပြီ မဟုတ်လား။

လင်းချန်ကော ဒုတိယအထပ်ကို ဆက်ပြီး အောင်မြင်နိုင်ဦးမလားဆိုသည်မှာ သိချင်စရာပင်။ သို့မဟုတ်ပါက အခြားသော ပါရမီရှင်များအနေဖြင့် ပင်မမျှော်စင်ကို အောင်မြင်စွာ ဖြတ်ကျော်နိုင်မည့် အခွင့်အရေး လုံးဝရှိတော့မည် မဟုတ်ပေ။

ထိုသို့တွေးမိသည်နှင့် ပါရမီရှင်အားလုံးသည် မျှော်လင့်ချက်အပြည့်ဖြင့် နတ်ဘုရားမျှော်စင်ဆီသို့ အကြည့်များ ပို့လွှတ်လိုက်ကြ၏။

နတ်ဘုရားမျှော်စင် ဒုတိယအထပ်၊ အဆုံးအစမဲ့သော လွင်ပြင်ကျယ်ကြီးပေါ်၌...။

လင်းချန်၏ ပုံရိပ်သည် ဟင်းလင်းပြင်ထဲမှ ပေါ်ထွက်လာခဲ့သည်။

“ဒါက နတ်ဘုရားမျှော်စင်ရဲ့ ဒုတိယထပ်လား။”

All Chapters